Show contents

(စ)

ဒုတိယနေ့မှာ ကျွန်တော်တို့ ဓာတ်ပုံတစ်ပုံ ရှာနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဦးပေါ်လွင်ရဲ့ တိုက်ခန်းဆီ နောက်တစ်ခေါက်သွားပြီး ထပ်မံ ရှာဖွေခဲ့ပြန်တယ်။

ပြောစရာ မလိုလောက်ဘူး ထင်တယ်။ ကျွန်တော်တို့ ဒီတစ်ခေါက် သွားရှာရတဲ့ ရည်ရွယ်ချက်က ဦးပေါ်လွင်နဲ့ ဘာလိုလို ညာလိုလို ထင်ရတဲ့ အမျိုးသမီးရဲ့ နာမည်ကို သိလိုသိငြား သွားခဲ့ကြတာ။ ခါးစည်းအဝတ်၊ ဆွဲကြိုး၊ လေယာဉ်လက်မှတ် – ဒီသဲလွန်စ ၃ ခုကို ကျွန်တော်တို့ တွေ့ထားပြီးပြီဆိုတော့ ဒီထက်ပိုပြီး အသုံးတည့်တဲ့ အထောက်အထားတွေ ရှိရဦးမယ်လို့ ယုံကြည်တယ်။ အဲဒီ အမျိုးသမီးရဲ့ ဓာတ်ပုံလည်း သိမ်းထားနိုင်တာပေါ့လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့တယ်။ သူနဲ့ သက်ဆိုင်တဲ့ အမှတ်တရ ပစ္စည်းတွေတောင် သိမ်းထားမှတော့ သူ့ရဲ့ ဓာတ်ပုံလည်း သိမ်းမထားဘဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် ကျွန်တော်တို့ တော်တော်နဲ့ ရှာမတွေ့ခဲ့ဘူး။ ဦးပေါ်လွင်ရဲ့ ဓာတ်ပုံအယ်ဘမ် စာအုပ်အထူကြီးကို လှန်လှောပြီး ရှာကြည့်တာတောင် သံသယရှိနိုင်လောက်တဲ့ ဓာတ်ပုံတစ်ပုံတောင် မတွေ့ခဲ့ရဘူး။ ဒါ သဘာဝမကျဘူးလေ။

“ဘာဖြစ်လို့ ဦးပေါ်လွင်ဆီမှာ သူ့ရည်းစားဓာတ်ပုံ မရှိရတာလဲ” ကျွန်တော် ရှာနေတာ ရပ်ပြီး တခြား ရဲဘော်တွေရဲ့ အမြင်ကို မေးကြည့်တယ်။

“သူ့မှာ မရှိလို့ နေမှာပေါ့။ သူတို့ ခရီး အတူထွက်ဖြစ်မှ ဓာတ်ပုံရိုက်နိုင်မယ် ထင်တယ်။ အဲဒီလိုမှ မဟုတ်ရင် အဲဒီ အမျိုးသမီးရဲ့ ဓာတ်ပုံကို ရဖို့ မလွယ်လောက်ဘူး”

“လေယာဉ်လက်မှတ် အဟောင်းကိုတောင် မပျောက်မပျက် သိမ်းထားတဲ့ ယောက်ျားတစ်ယောက်ဆီမှာ သူ့ရည်းစားရဲ့ ဓာတ်ပုံ တစ်ပုံတလေတောင် မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား”

မီးဖိုချောင်သုံး ခါးစည်းအဝတ်တောင် ရှိနေမှတော့ သဘောအရ အဲဒီအမျိုးသမီးဟာ ဒီအိမ်ကို မကြာမကြာ လာခဲ့ဖူးရမယ်။ အဲဒီအချိန်မှာ ဓာတ်ပုံ ရိုက်ယူထားလို့ ရတာပဲ မဟုတ်လား။ ရိုက်လိုက်တာနဲ့ ချက်ချင်း ဓာတ်ပုံကတ်ပြား ထွက်လာတဲ့ ‘ခုရိုက်ခုထွက်’ ကင်မရာမျိုး ဦးပေါ်လွင်ဆီမှာ ရှိတယ်။

“တစ်နေရာရာမှာ ဖွက်ထားတဲ့ ဓာတ်ပုံ တစ်ပုံပုံတော့ ရှိရမယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်။ ဒါပေမယ့် သူက ဘာဖြစ်လို့ ဖွက်ထားရတာလဲ။ သူ့အခန်းကို ရဲတွေ လာပြီး ရှာဖွေလိမ့်မယ်လို့ သူ အဖမ်းမခံရခင်ကတည်းက ကြိုပြီး တွက်ဆထားလိမ့်မယ် မထင်ဘူး”

“ဒါတော့ ငါလည်း မပြောတတ်ဘူး”

ကျွန်တော် အခန်းထဲကို ဝေ့ကြည့်နေရင်း ဦးနှောက်ထဲ တစ်ချက် လင်းလက်သွားတယ်။ ဟိုတစ်နေ့က ဦးပေါ်လွင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရသွားတယ်။ “ငါ့အိမ်ကို မွှေနှောက်နေတာတွေ ရပ်တန်းက ရပ်ရင် ကောင်းမယ်။ အဲဒီမှာ သူများလာအပ်ထားတဲ့ စာအုပ်စာတမ်းတွေလည်း ရှိသေးတယ်” တဲ့။

ကျွန်တော် စာအုပ်စင်အရှေ့မှာ မတ်တတ်ရပ်လိုက်ပြီး ဟိုးအပေါ်ဆုံး အထပ်ကနေ စရှာခဲ့တယ်။ ကျွန်တော့်အထင် ဒီအထဲမှာ ဦးပေါ်လွင်ပြောသလို လူတွေ့မခံနိုင်တဲ့ စာအုပ် တစ်အုပ်အုပ်တော့ ရှိရမယ်။ ကျွန်တော်တို့ အဖွဲ့ခွဲပြီး စာအုပ်တစ်အုပ်ချင်းစီကို လှမ်းလှောပြီး ရှာဖွေခဲ့ကြတယ်။ စာအုပ်ကြားတွေမှာ ဓာတ်ပုံ သို့မဟုတ် စာတစ်စောင် သို့မဟုတ် တခြား စိတ်ဝင်စားစရာ စာရွက်အပိုင်းလေးများ တွေ့လိုတွေ့ငြား စိတ်ရှည်လက်ရှည် ရှာခဲ့ကြတယ်။ စာရေးဆရာလို့ မပြောရဘူး။ စုဆောင်းထားတဲ့ စာအုပ်တွေက တစ်ပုံတစ်ပင်ဆိုတော့ ၂ နာရီကျော် အချိန်ပေးလိုက်ရတယ်။

ကျွန်တော်တို့ပဲ အတွေးချော်နေတာလား။ ဓာတ်ပုံတို့ ပေးစာတို့ကို သိမ်းထားမယ် (သို့မဟုတ် ဖွက်ထားမယ်) ဆိုရင် ကိုယ့်ဘာသာကိုယ်တောင် ပြန်ရှာဖို့မလွယ်တဲ့ ဒီလို စာအုပ်ပုံထဲမှာ သိမ်းထားပါ့မလား။ အလွယ်တကူ ထုတ်ကြည့်ပြီး အလွယ်တကူ ပြန်ထားလို့ ရတဲ့ နေရာမျိုးဆိုရင် ပိုပြီး သဘာဝကျလိမ့်မယ်။

ကျွန်တော့်ရဲ့ အတွေးကို ပြောပြလိုက်တော့ ရဲဘော်တစ်ယောက်က ဦးပေါ်လွင်ရဲ့ အလုပ်စားပွဲနားက ထိုင်ခုံမှာ ထိုင်ရင်း ဦးပေါ်လွင်ရဲ့ အလုပ်လုပ်ပုံ အနေအထားကို ပြန်မြင်ယောင်ကြည့်ပြီး

“အလုပ်လုပ်နေရင်း သူ့ရည်းစားဟောင်းကို လွမ်းဆွတ်သတိရသွားမယ်။ ကျွန်တော်သာဆိုရင် သူ့ဓာတ်ပုံကို အချိန်မရွေး ကြည့်လို့ရအောင် ဒီမှာ ထောင်ထားမှာပဲ” စားပွဲထောင့်က နေရာလွတ်ကလေးကို လက်ညိုးထိုးရင်း သူ ပြောလိုက်တယ်။

“လူမြင်ကွင်းလည်း မဟုတ်ဘူး။ အချိန်မရွေးလည်း လှမ်းယူကြည့်လို့ရမယ်” ကျွန်တော်လည်း သူ့နောက်က ဖော်လိုလိုက်ပြီး ဆက်စပ်တွေးကြည့်မိတယ်။ ဒါနဲ့ ကျွန်တော်တို့ရဲ့ မျက်လုံးအစုံဟာ စားပွဲပေါ်မှာ တင်ထားတဲ့ အဘိဓာန်စာအုပ်ကြီးဆီ အလိုအလျောက် ရောက်သွားကြတယ်။ ကျွန်တော်တို့ သတိထားမိသွားရတဲ့ အကြောင်းအရင်းက အဲဒီအဘိဓာန်ထဲမှာ စာညှပ်ကတ် ၅ ခုလောက် ထိုးထားတယ်။ ဒါလည်း အထူးအဆန်းတော့ မဟုတ်ဘူး။ အဘိဓာန် လှန်တဲ့အခါမှာ စိတ်ဝင်စားစရာ စာလုံးတချို့ကို နောင် သတိထားမိအောင် အမှတ်အသား ပြုတဲ့အနေနဲ့ ဘယ်သူမဆို တစ်ခုခုနဲ့ ညှပ်ပြီး မှတ်ထားတတ်ကြတာပဲ မဟုတ်လား။ ထူးခြားတာက အဲဒီ စာညှပ်ကတ် ၅ ခုမှာ တစ်ခုက ဓာတ်ပုံတစ်ပုံ ဖြစ်နေတယ်။ အမျိုးသမီးငယ် တစ်ယောက်ရဲ့ ဓာတ်ပုံ။ မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီလေးနဲ့။

သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ ကြာကြာ မစုံစမ်းလိုက်ရပါဘူး။ ဦးသူရိန်နဲ့ ဇနီး ဒေါ်သန္တာဟာ ဓာတ်ပုံထဲက အမျိုးသမီးကို သိနေတယ်။ ဓာတ်ပုံထဲက အမျိုးသမီးရဲ့ နာမည်က မဇင်မာအောင်။ ဦးသူရိန်ရဲ့ ဇနီးဟောင်း။

“သူနဲ့ ကျွန်မအမျိုးသား လွန်ခဲ့တဲ့ ၁၂ နှစ်က အိမ်ထောင်ပြုခဲ့ကြတာလို့ ကြားဖူးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်ကပဲ ကားတိုက်လို့ ဆုံးရှာတယ်။ ကျွန်မကတော့ သူ့ကို အပြင်မှာ မမြင်ဖူးဘူး။ ကျွန်မ ကိုသူရိန်ရဲ့ အယ်ဒီတာ အဖြစ်နဲ့ လုပ်တဲ့အချိန်မှာ သူ မရှိရှာတော့ဘူး။ အိမ်မှာရှိတဲ့ ဓာတ်ပုံအယ်ဘမ်တွေကို ကြည့်ဖူးလို့ ကျွန်မ သူ့ကို မှတ်မိနေတာ။ ဟုတ်ပါတယ်၊ ဒါက မဇင်မာအောင် အစစ်ပဲ”

ကျွန်တော်တို့ အဲဒီဓာတ်ပုံအယ်ဘမ်တွေကို ကြည့်လို့ရမလားလို့ ခွင့်တောင်းတော့ သူက ခေါင်းခါပြတယ်။ “အိမ်မှာ သူနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ များများစားစား ရှိတော့မယ် မထင်ဘူး။ ကျွန်မတို့ အိမ်ထောင်ကျပြီးတဲ့နောက် ဓာတ်ပုံ အတော်များများကို မဇင်မာအောင်ရဲ့ မိဘတွေဆီ ပို့လိုက်ကြတယ်။ ကနေဒါကို ပို့ထားတဲ့ အထုပ်အပိုးတွေထဲမှာ ကျွန်မ ရှာကြည့်ပေးမယ်။ သိပ်တော့ မသေချာဘူး”

“ဦးသူရိန်က သူ့ဇနီးဟောင်းရဲ့ ဓာတ်ပုံတွေကို မမြင်ချင်တော့လို့များ သူ့မိဘတွေဆီ ပို့ပစ်လိုက်တာလား”

ဒေါ်သန္တာက ကြက်သေသေသွားပြီး “သူ ကျွန်မကို အားနာလို့ ဖြစ်ပါလိမ့်မယ်။ သူ့ဓာတ်ပုံတွေ သိမ်းထားခြင်း၊ မသိမ်းထားခြင်းက ကျွန်မအတွက်တော့ သိပ် မထူးခြားပါဘူး။ ဒါတွေက ဖြစ်ခဲ့ပြီးသား တကယ့် အတိတ်တွေပဲလေ။ ဒါပေမယ့် ကျွန်မအနေနဲ့ မဇင်မာအောင်အကြောင်း သူ့ကို မေးခဲပါတယ်။ ဒါကလည်း မနာလိုစိတ်ကြောင့် မဟုတ်ပါဘူး။ ကိုသူရိန်ကို စိတ်မကောင်း ထပ်မဖြစ်စေချင်လို့ပါ”

ဒီစကားတွေကို ပြောနေတဲ့အချိန်မှာ ဒေါ်သန္တာဟာ စိတ်ခံစားချက်တချို့ကို ကြိုးစားပြီး ဖုံးဖိနေရသလိုပဲ။ သူ့စကား အကုန်လုံးကို ကျွန်တော် လက်ခံလို့ မရဘူး။ တချို့တစ်ဝက်က သူ့ရင်တွင်းစကား ဟုတ်ချင်မှ ဟုတ်မှာ။

မဇင်မာအောင်ရဲ့ ဓာတ်ပုံကို ကျွန်တော်တို့ လက်ထဲမှာ တွေ့ရတော့ သူ တအံ့တဩ ဖြစ်နေတယ်။ အမှုနဲ့ သက်ဆိုင်လို့လား ဆိုတာလည်း သူ သိချင်နေတယ်။

“အခုထိတော့ ပြောလို့ မရသေးဘူး။ ဒီဓာတ်ပုံကို အင်မတန် ထူးခြားတဲ့ နေရာတစ်နေရာက တွေ့ခဲ့ကြတာ။ ဒါကြောင့် ကျွန်တော်တို့ စုံစမ်းကြည့်နေတာပါ”

ဒီအဖြေလောက်နဲ့ သူ့ရဲ့ သိချင်စိတ်ကို ဖြေဖျောက်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောက်ပေါက်တယ်။ “ရှင်တို့ပြောတဲ့ ထူးခြားတဲ့နေရာ ဆိုတာက ဘယ်နေရာကို ပြောတာလဲ”

ဦးပေါ်လွင်အိမ်မှာ တွေ့ခဲ့တာပါလို့ ကျွန်တော်တို့ အမှန်အတိုင်း ဖြေလို့ မဖြစ်သေးဘူး။ “ဝမ်းနည်းပါတယ်။ ကျွန်တော်တို့ ပြောလို့ မဖြစ်သေးဘူး”

မိန်းမတွေရဲ့ ထူးခြားတဲ့ ထိုးထွင်းသိနဲ့ သုံးသပ်ကြည့်လိုက်ပုံရတယ်။ ချက်ချင်း စိတ်ရှုပ်သွားတဲ့ မျက်နှာပေးနဲ့ “ကိုသူရိန်ရဲ့ နာရေးအခမ်းအနားပြီးတော့ ဦးပေါ်က ပြန်ခါနီးမှာ ကျွန်မကို ထူးဆန်းတဲ့ မေးခွန်းတစ်ခု မေးခဲ့သေးတယ်”

“ဘာများလဲ”

“ဗီဒီယိုတိတ်ခွေ ဘယ်မှာ ထားသလဲ တဲ့”

“ဗီဒီယိုတိတ်ခွေ …”

“အစကတော့ ကျွန်မက ကိုသူရိန်သိမ်းထားတဲ့ ရုပ်ရှင်ဗီဒီယိုတွေကို ပြောတယ် ထင်နေတာ။ နောက်မှ ပြန်စဉ်းစားမိတယ်။ ဝတ္ထုရေးဖို့အတွက် အင်တာဗျူးတုန်းက ရိုက်ထားတဲ့ ဗီဒီယိုခွေတွေကို ပြောတာ ဖြစ်လိမ့်မယ် ထင်တယ်”

“ဦးသူရိန်က အင်တာဗျူးရင် ဗီဒီယို ရိုက်ထားတတ်တာလား”

“အင်း၊ အထူးသဖြင့် ဖြစ်စဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် အတိအကျကို သိချင်တဲ့အခါမျိုးမှာ ဗီဒီယို ရိုက်ယူထားတတ်တယ်”

“ဦးပေါ်လွင်ကို ဘယ်လို ပြန်ဖြေလိုက်လဲ”

“အဲဒီ ဗီဒီယိုခွေတွေက ကနေဒါကို ပို့ထားပြီးလောက်ပြီလို့ ပြောလိုက်တယ်။ ကျွန်မတို့ ပစ္စည်းတွေ သိမ်းဆည်းကြတော့ သူ့အလုပ်နဲ့ ပတ်သက်သမျှ ပစ္စည်းတွေက သူ့ဘာသာပဲ ထုပ်ပိုးတာ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မလည်း မသေချာဘူး”

“အဲဒီတော့ ဦးပေါ်လွင်က ဘာပြန်ပြောသလဲ”

“ကနေဒါကနေ ပြန်ပို့လို့ ပစ္စည်းတွေ ရောက်လာရင် သူ့ကို အကြောင်းကြားပေးဖို့ ပြောတယ်။ သူ့အလုပ်နဲ့ ဆိုင်တဲ့ အခွေတစ်ခွေကို ကိုသူရိန်ဆီ ပေးထားလို့ အဲဒီအခွေကို ပြန်လိုချင်ကြောင်း သူက ပြောတယ်”

“ခွေထဲမှာ ဘာအကြောင်း ရိုက်ထားသလဲ ဆိုတာကိုရော သူ မပြောဘူးလား”

“ဟင့်အင်း” ဒေါ်သန္တာက ကျွန်တော့်ကို စိုက်ကြည့်ပြီး “တစ်ယောက်ယောက်အကြောင်း နေမယ်”

တစ်ယောက်ယောက်အကြောင်း … မဇင်မာအောင် များလား။ ကျွန်တော် ဒီကိစ္စကို အသေးစိတ် ဆက်မေးမနေတော့ဘဲ ကနေဒါက ပစ္စည်းရောက်ရင် ကျွန်တော့်ကို အကြောင်းကြားပေးဖို့ ပြောလိုက်တယ်။

“ဦးပေါ်လွင်က ဒေါ်သန္တာကို ထူးထူးခြားခြား ဘာတွေများ ပြောခဲ့သေးသလဲ” ဒီမေးခွန်းကို မေးလိုက်တုန်းက ကျွန်တော် ဘာကိုမှ ထွေထွေထူးထူး မျှော်လင့်မထားဘူး။ အကျင့်ပါနေလို့ ဖြစ်မယ်။ သူ အာရုံစိုက် စဉ်းစားလိုက်ပြီး “လွန်ခဲ့တဲ့ တစ်လလောက်က သူ ကျွန်မကို မဇင်မာအောင်အကြောင်း ပြောဖူးတယ်”

ကျွန်တော် အံ့အားသင့်သွားတယ်။ “ဘာအကြောင်းလဲ”

“မထင်မှတ်ဘဲ ရုတ်တရက် ကွယ်လွန်သွားတဲ့အကြောင်း”

“သူက ဘယ်လိုပြောတာလဲ”

ဒေါ်သန္တာက တွေဝေသွားပြီးခါမှ ဆုံးဖြတ်ချက် တစ်ခုခုကို ချလိုက်သလို ပုံစံမျိုးနဲ့ “မဇင်မာအောင်ဟာ သွေးရိုးသားရိုး သေတာ မဖြစ်နိုင်ဘူးတဲ့။ ဦးပေါ်က အဲဒီလို ပြောတယ်”

ဒီစကားက ကျွန်တော့်ကို စိတ်ဝင်စားသွားစေတာ အမှန်ပဲ။ ဒါကြောင့် အသေးစိတ် ပြောပြဖို့ ဒေါ်သန္တာကို တောင်းဆိုလိုက်တယ်။

“ဒီထက်လည်း အသေးစိတ်လို့ မရတော့ဘူး။ သူပြောတာ အဲဒီလောက်ပဲ။ ကျွန်မအနားကနေ ကိုသူရိန် ခဏထသွားတုန်း သူ ပြောတာပဲ။ ကျွန်မနဲ့ ဦးပေါ် နှစ်ယောက်တည်း အတူရှိဖို့ အခွင့်အရေးက အတော်လေး နည်းတယ်လေ။ ဘယ်လိုလုပ်ပြီး အဲဒီ အကြောင်းအရာ ရောက်သွားသလဲ ဆိုတာ ကျွန်မ မမှတ်မိတော့ဘူး။ အဲဒီ စကားတစ်ခွန်းကိုပဲ ကျွန်မ မေ့လို့မရခဲ့ဘူး”

ဒီလို စကားမျိုးကလည်း ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ မေ့ပျောက်လို့ရမှာလဲ။

“သွေးရိုးသားရိုး မဟုတ်ဘူးဆိုတော့ ဘာဖြစ်နိုင်ဦးမှာလဲ။ အဲဒီတုန်းက သူ ဘာပြောသေးလဲ”

“အင်း … ကျွန်မလည်း သူ့ကို မေးလိုက်တယ်လေ။ သူ့စကားက ဘာအဓိပ္ပာယ်လဲပေါ့။ သူ့ကြည့်ရတာ အဲဒီစကား ပြောမိတာကိုပဲ နောင်တရသွားသလို။ ကျွန်မကို မေ့ပစ်လိုက်ဖို့ ပြောပြီး ကိုသူရိန်ကို ဒီအကြောင်း ပြန်မပြောဖို့ တောင်းပန်နေခဲ့တယ်”

“နောက်တော့ရော ဦးသူရိန်ကို ပြောလိုက်သေးလား”

“ဟင့်အင်း၊ မပြောဖြစ်ဘူး။ စောစောက ကျွန်မ ပြောသလိုပဲ။ ကျွန်မတို့က တတ်နိုင်သလောက် မဇင်မာအောင် အကြောင်းကို ပြောလေ့မရှိဘူး။ ပြီးတော့ ဒီလို မေးခွန်းမျိုးကလည်း မေးလို့ ကောင်းတာမှ မဟုတ်တာ”

ဒါတော့ ကျွန်တော်လည်း သဘောတူတယ်။

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *