မာတိကာကြည့်ရန်

(ဃ)

ဦးသူရိန်နဲ့ ဦးပေါ်လွင်တို့ နှစ်ယောက်ရဲ့ အတိတ်ဇာတ်ကြောင်းကို နည်းနည်း လေ့လာကြည့်ကြဦးစို့။

ဦးသူရိန်ဟာ ပုဂ္ဂလိက အထက်တန်းကျောင်း တစ်ကျောင်းကနေ တက္ကသိုလ် ရောက်ခဲ့ပြီး စာပေနဲ့ ဒဿနိကဗေဒကို အထူးပြု လေ့လာခဲ့တယ်။ ဘွဲ့ရရချင်း ကြော်ငြာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး နောက်တော့ စာအုပ်တိုက်ကို ပြောင်းတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဝတ္ထုတိုတစ်ပုဒ်နဲ့ ကလောင်သစ်ဆုကို ရပြီး စာရေးဆရာ လောကထဲ စဝင်ခဲ့တာပဲ။ စစချင်း ၃ နှစ်အတွင်းမှာ လူကြိုက်မများခဲ့ဘူး။ စတုတ္ထနှစ်မှာတော့ <စက္ကူမီးအိမ်> ဝတ္ထုကြောင့် အမျိုးသားစာပေဆု ရခဲ့ပြီး လူကြိုက်များတဲ့ Best Seller တစ်ယောက် ဖြစ်လာခဲ့တယ်။

ဦးပေါ်လွင်က အစိုးရအထက်တန်းကျောင်းမှာ စာသင်ခဲ့ပြီး ပညာရေးတက္ကသိုလ်ကို ဆက်တက်ခဲ့တယ်။ ဘွဲ့ရတော့ အလယ်တန်းကျောင်း တစ်ကျောင်းမှာ ဆရာဝင်လုပ်တယ်။ စာရေးဆရာလုပ်ဖို့ အလုပ်မထွက်ခင်အထိ စုစုပေါင်း ကျောင်း ၃ ကျောင်းမှာ ဆရာလုပ်ခဲ့တယ်။ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်အဖြစ် ဆုံခဲ့ကြတာက ဒုတိယမြောက် အလယ်တန်းကျောင်း။ လွန်ခဲ့တဲ့ သုံးနှစ်က ကလေးမဂ္ဂဇင်းတစ်စောင်မှာ သူ့ဝတ္ထုတိုကို ပုံနှိပ်ဖော်ပြ ခံရတာကနေ စပြီး သူ စာပေလောကထဲ ဝင်ရောက်လာခဲ့တယ်။ ဒီနေ့အထိတော့ စာအုပ်တစ်အုပ်မှ ထုတ်ဝေထားတာ မရှိသေးဘူး။

သူတို့နှစ်ယောက်ဟာ အလုပ်အကိုင်တွေ မတူကြပေမယ့် ဦးပေါ်လွင်ရဲ့ အပြောအရ လွန်ခဲ့တဲ့ ၇ နှစ်က ပြန်ဆုံခဲ့ကြတယ်။ ဦးသူရိန်ရဲ့ နာမည်ကို သတင်းစာထဲမှာ ဖတ်လိုက်ရလို့ သူ့သူငယ်ချင်းဟောင်းကို ပြန်ဆက်သွယ် ဖြစ်ခဲ့ကြောင်း ဦးပေါ်လွင်ပြောလို့ သိရတယ်။

သူပြောတာ အမှန်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပြန်ဆုံကြပြီး တစ်နှစ်ခွဲလောက်အကြာမှာ ဦးသူရိန်ဟာ <စက္ကူမီးအိမ်> ဝတ္ထုကြောင့် အမျိုးသားစာပေဆု ရရှိခဲ့တယ်။ <စက္ကူမီးအိမ်> ဝတ္ထုဟာ သူတို့နှစ်ဦးရဲ့ ဆင်တူနေတဲ့ ဝတ္ထုတွေထဲမှာ အစောဆုံး ဝတ္ထုပဲ။ ဦးပေါ်လွင်နဲ့ ပြန်လည် ဆုံစည်းခြင်းဟာ ဦးသူရိန်အတွက် ကံကောင်းခြင်းလက်ဆောင်ပဲလို့ ယူဆရင် မလွန်လောက်ဘူး ထင်တယ်။

<စက္ကူမီးအိမ်> စာအုပ်ကို ထုတ်ဝေခဲ့တဲ့ စာအုပ်တိုက်ဆီ ကျွန်တော် ရောက်သွားခဲ့တယ်။ အဲဒီစာအုပ်ရဲ့ တာဝန်ခံအယ်ဒီတာက လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး အခုတော့ တိုက်ထွက် ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာချုပ် ဖြစ်နေပြီ။ ကျွန်တော် သိချင်တာကို တိုက်ရိုက်ပဲ မေးလိုက်တယ်။ “ဦးသူရိန်ရဲ့ အဲဒီ <စက္ကူမီးအိမ်> ဝတ္ထုဟာ အရင်က သူ့လက်ရာတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုနေလဲ” သူက ကျွန်တော့်မေးခွန်းကို မဖြေခင် ကျွန်တော့်ကို ပြန်မေးတယ်။ “အခု ကောလာဟလ ဖြစ်နေတဲ့ ရှဲဒိုးစာရေးဆရာကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းနေတာလား” သူ့လေသံက ကောလာဟလကို မယုံမှန်း သိသာတယ်။ စာအုပ်တိုက်အနေနဲ့ကလည်း တိုက်ထွက်စာအုပ်တစ်အုပ်ရဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက်ကို ဂုဏ်သိက္ခာကျအောင် လုပ်ချင်မှာ မဟုတ်ဘူး။

“ကောလာဟလ ဆိုမှတော့ဗျာ၊ သက်သေမရှိလို့ပေါ့။ မဟုတ်ဘူးလား။ ကျွန်တော်က ပိုပြီး နားလည်ထားချင်လို့ပါ”

“သက်သေမရှိဘူးဆိုပြီး ဒီလိုမျိုး ထူးဆန်းတဲ့ မေးခွန်းမေးတာတော့ ကျွန်တော် နားမလည်နိုင်ဘူး” ပြီးတော့ သူက ကျွန်တော့် အမေးကို ဖြေတယ်။ “အနှစ်ချုပ် ပြောရရင် အဲဒီစာအုပ်က ဦးသူရိန်ရဲ့ ဘဝ အလှည့်အပြောင်းပဲ။ သူ့ရဲ့ ကြောက်ခမန်းလိလိ တိုးတက်မှုတွေကို အဲဒီဝတ္ထုထဲမှာ တွေ့ရတယ်။ တချို့ကတော့ နေ့ချင်းညချင်း ပြောင်းလဲသွားတယ်လို့ ပြောကြတာပဲ”

“သူ အရင်က ရေးခဲ့ဖူးတာတွေထက် အများကြီး ပိုကောင်းတယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်။ ကျွန်တော့် အမြင်ပါ။ ဒါမျိုးကလည်း ဖြစ်နိုင်ခြေ ရှိတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူက အတော်ကြိုးစားပြီး ပင်ကိုအရည်အချင်း ရှိတဲ့သူပါ။ တစ်ခုပဲ။ အရင်ဝတ္ထုတွေရဲ့ အရေးအသားက ဆန္ဒသိပ်စောလွန်းတယ်။ စာဖတ်သူက သူ့ရဲ့ ဆိုလိုရင်း အာဘော်ကို လွယ်လွယ်နဲ့ မရိပ်စားမိကြဘူး။ တစ်ခါတစ်ခါမှာ ရည်ရွယ်ချက်တွေ ဝေဝါးနေတော့ စာဖတ်သူအနေနဲ့ စာအုပ်သာ ဖတ်လို့ပြီးသွားတယ်။ ဘာမှ မရလိုက်သလိုပဲ။ ပြောရရင် <စက္ကူမီးအိမ်> စာအုပ်ထဲမှာတော့ အဲဒီအားနည်းချက် အတော်များများကို ပြင်နိုင်ခဲ့တယ်။ ခင်ဗျား ဖတ်ကြည့်ပြီးပြီလား”

“ပြီးပြီ။ အတော် စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုပဲ”

“ဟုတ်တယ်မလား။ အဲဒီစာအုပ်က သူ့ရဲ့ အကောင်းဆုံး စာအုပ်ပဲလို့ ကျွန်တော် ယူဆထားတယ်”

အဲဒီ ဝတ္ထုဟာ လခစား အောက်ခြေ ဝန်ထမ်းတစ်ယောက်အကြောင်း ရေးထားတာ။ တောင်ကြီးကို အလုပ်ခရီး ထွက်ကြတဲ့အခါ အလှပြမီးပုံးပျံတွေကို မြင်ရာကနေ စိတ်ဝင်စားသွားတယ်။ နောက်တော့ မီးပုံးပျံလုပ်တဲ့ ပညာကို ကြိုးစားသင်ယူပြီး သူကိုယ်တိုင် အလှပြ မီးပုံးပျံတွေ လုပ်တဲ့ ဆရာတစ်ဆူ ဖြစ်လာခဲ့တယ်။ အထူး စိတ်ဝင်စားစရာ ကောင်းတာက မီးပုံးပျံလုပ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အနုစိတ် ရေးသားထားတာပဲ။

“အဲဒီ ဝတ္ထုက အခန်းဆက် ဖော်ပြပြီးမှ စာအုပ်ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်ခါတည်း စာအုပ်တန်းထုတ်တာလား”

“ဝတ္ထုက စာအုပ်အနေနဲ့ တန်းထွက်တာ”

“ဒီဝတ္ထု ရေးနေစဉ်အတွင်းမှာရော ခင်ဗျားနဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးဖြစ်ခဲ့တာမျိုး ရှိလား”

“ဒါပေါ့။ စာရေးဆရာတိုင်းနဲ့ အဲဒီလို ကြိုတင် ဆွေးနွေးဖြစ်တယ်”

“အဲဒီတုန်းက ဦးသူရိန်နဲ့ ဘာတွေ ပြောခဲ့ကြသလဲ။ မှတ်မိဦးမလား”

“ဇာတ်လမ်းတို့၊ စာအုပ်နာမည်တို့၊ ဇာတ်ကွက် အလှည့်အပြောင်းတို့၊ နောက်ပြီး အထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်တွေရောပေါ့”

“ဒါဆို နှစ်ယောက်ပေါင်းပြီး စဉ်းစားခဲ့ကြတာပေါ့”

“အဲလိုမဟုတ်ဘူး။ ဦးသူရိန်က ကြိုစဉ်းစားထားပြီးမှ ရောက်လာတာ။ သူက စာရေးဆရာလေဗျာ။ ကျွန်တော်တို့က သူပြောသမျှကို နားထောင်ပြီး ဟိုလိုကောင်းမယ်၊ ဒီလိုကောင်းမယ်နဲ့ အကြံပေးကြရုံ သက်သက်ပါ”

“အဲဒီ မီးပုံးပျံဆရာကို အဓိကဇာတ်ကောင်အနေနဲ့ ထားဖို့ စီစဉ်တာကလည်း ဦးသူရိန်ရဲ့ အကြံပဲလား”

“ဒါပေါ့”

“အဲဒါကို ကြားရတော့ ခင်ဗျား ဘယ်လို ခံစားရသလဲ”

“ခံစားရတာ … ဘာကိုဆိုလိုတာလဲ”

“သူ့ခေါင်းထဲက ထွက်တဲ့အကြံဟုတ်မဟုတ်၊ ဘယ်လိုမြင်သလဲ မေးတာပါ”

“ကျွန်တော် အဲဒါတွေ မစဉ်းစားမိပါဘူး။ ဒါပေမယ့် ထူးလည်း ထူးဆန်းမနေဘူး။ ဘာဖြစ်လို့ဆို အလှပြ မီးပုံးပျံအကြောင်း ရေးတဲ့သူက သူတစ်ယောက်တည်းမှ မဟုတ်တာ”

“ခင်ဗျားရဲ့ ဆန္ဒကြောင့်မို့လို့ ပြင်ပေးရတဲ့ အပိုင်းတွေ ရှိလား”

“အများကြီး မရှိဘူး။ ဝတ္ထုတစ်ပုဒ်လုံးကို ဖတ်ပြီးပြီဆိုမှ ဘဝင်မကျတဲ့ အပိုင်းတွေ သူ့ကို ထောက်ပြကြတယ်။ ပြင်ရေးတာကတော့ သူတို့ စာရေးဆရာတွေရဲ့ အလုပ်ပဲလေ”

“နောက်ဆုံး မေးခွန်းတစ်ခု မေးပါရစေ။ တကယ်လို့ ဦးသူရိန်က တခြားလူတစ်ယောက်ရဲ့ စာမူကို သူ့ကိုယ်ပိုင် မူဟန်နဲ့ ပြင်ရေးပြီး အဲဒီ ပြင်ထားတဲ့စာကို ခင်ဗျားဆီ ယူလာမယ် ဆိုပါစို့။ အဲဒီစာကို ခင်ဗျား ဖတ်ကြည့်ပြီး တခြားသူရဲ့ လက်ရာပါလို့ သုံးသပ်နိုင်ပါ့မလား”

သူ အသေအချာ စဉ်းစားလိုက်ပြီး ပြန်ဖြေတယ်။ “အမှန်အတိုင်း ပြောရရင် ကျွန်တော် မလုပ်နိုင်ဘူး။ စာရေးဆရာတစ်ယောက်ရဲ့ မူပိုင်လက်ရာ ဟုတ်မဟုတ်ဆိုတာ အသုံးပြုထားတဲ့ စကားလုံး ဝေါဟာရနဲ့ ဇာတ်လမ်း တင်ဆက်ပုံကို ကြည့်ပြီး ပိုင်းခြားရတာပါ”

သူက ရှေ့ဆက်ပြီး “ဒါပေမယ့် <စက္ကူမီးအိမ်> က ဦးသူရိန်ရဲ့ လက်ရာဆိုတာ သေချာပါတယ်ဗျာ။ သူ အဲဒီဝတ္ထုကို ရေးနေတုန်းက ကျွန်တော်တို့ ခဏခဏ ဆုံဖြစ်ကြတယ်။ တချို့အပိုင်းတွေမှာ ရေးရင်း အခက်အခဲတွေ ကြုံရလို့ စိတ်ဆင်းရဲနေခဲ့တာ ကျွန်တော့်မျက်မြင်ပဲ။ တကယ်လို့ တခြားလူတစ်ယောက်ရဲ့ စာမူကို ခိုးချတာပါဆိုရင် ဒီလောက် ပင်ပန်းနေစရာ အကြောင်းမရှိဘူး”

အဲဒီအမြင်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးချင်တာနဲ့ ကျေးဇူးတင်စကားပြောပြီး ကျွန်တော် ပြန်လာခဲ့တယ်။ ကျွန်တော်အတွေးထဲမှာတော့ သူ့အမြင်နဲ့က ဆန့်ကျင်ဘက်ပဲ။ စိတ်ဒုက္ခရောက်နေတဲ့သူဟာ ပျော်ရွင်ချင်ယောင် ဆောင်ဖို့ ခက်ချင်ခက်မယ်။ ဒါပေမယ့် ပျော်ရွင်နေတဲ့ လူတစ်ယောက်အတွက် စိတ်ဆင်းရဲချင်ယောင် ဆောင်ဖို့ ဘာမှ မခက်ဘူးလေ။ သူပြောခဲ့သမျှဟာ ကျွန်တော်ရဲ့ ရှဲဒိုးစာရေးဆရာ အယူအဆကို မလှုပ်ခါနိုင်ခဲ့ဘူး။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *