မာတိကာကြည့်ရန်

(ဂ)

တစ်ရက်မှာ ကျွန်တော်နဲ့ တခြားရဲဘော်တစ်ယောက် ဒေါ်သန္တာကို သွားတွေ့ကြတယ်။ အခု သူက သူ့အမေအိမ်မှာ ပြောင်းနေနေတာ။ ဦးပေါ်လွင်ကို ဖမ်းပြီးတဲ့နေ့က စတွက်ရင် ဒါ သူ့ကို ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းပဲ။ အထက်အရာရှိက သူ့ဆီ ဖုန်းဆက်ပြီး ဦးပေါ်လွင်ကို ဖမ်းဆီးခဲ့ရတဲ့ အကြောင်းတွေ ရှင်းပြခဲ့ပြီးသားပါ။ ရှဲဒိုးစာရေးဆရာကိစ္စကိုတော့ သူ သိပုံမရသေးဘူး။ တကယ်လို့ သတင်းထောက်တွေက သူ့ဆီ ဖုန်းဆက်ပြီး အဲဒီကိစ္စ အတင်းမေးနေရင်တော့ သူ ဇောချွေးတွေ ပျံနေလောက်တယ်။ သူကိုယ်တိုင်လည်း ကျွန်တော်တို့ကို မေးစရာတွေ တစ်ပုံကြီး ရှိနေလိမ့်မယ်လို့ ကျွန်တော် တွက်ဆမိတယ်။

ဖြစ်ပျက်ပြီးခဲ့သမျှကို အစအဆုံး တစ်ခေါက်ပြန်ပြီး သူ့ကို ရှင်းပြခဲ့တယ်။ ဦးပေါ်လွင်အိမ်က တွေ့ခဲ့တဲ့ စာမူတွေအကြောင်းပြောတော့ သူ အတော်ကို အံ့ဩတုန်လှုပ်သွားခဲ့တယ်။

ကျွန်တော် သူ့ကို မေးကြည့်တယ်။ ဦးပေါ်လွင်ဆီက စာမူတွေနဲ့ ဦးသူရိန်ရဲ့ ဝတ္ထုတွေ၊ အတော်လေး ဆင်တူနေတာနဲ့ ပတ်သက်ပြီး ဘယ်လို မြင်သလဲပေါ့။

“ကျွန်မ အမျိုးသားက သူများရဲ့ စာမူကို ကူးချတာတို့၊ သူများဆီက အတုယူတယ် ဆိုတာမျိုးက လုံးဝ မဖြစ်နိုင်ဘူး။ သူ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် အတော်ကို အပင်ပန်းခံပြီး၊ ဦးနှောက်အခြောက်ခံပြီး ဇာတ်အိမ်ဇာတ်ကွက်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာ စုဆောင်းလေ့ရှိတယ်။ သူများကို ရှဲဒိုးရေးခိုင်းတယ်ဆိုတာ ထည့်ပြောစရာကို မလိုဘူး။ အဲဒီကိစ္စကို ကျွန်မကတော့ ဘယ်လိုနည်းနဲ့မှ ယုံကြည်လို့ မရဘူး”

ဒေါ်သန္တာရဲ့ လေသံက တည်ငြိမ် အေးဆေးနေပေမယ့် သူ့မျက်လုံးမှာတော့ ဒေါသကြောင့်ဖြစ်တဲ့ မျက်ရည်ဥတွေ ကွန်းခိုနေတယ်။ သူ့ရဲ့ စကားကိုလည်း ကျွန်တော် ရာနှုန်းပြည့် လက်ခံလို့ မရဘူး။ သူတို့နှစ်ယောက် အိမ်ထောင်ပြုခဲ့ကြတာမှ တစ်လပဲ ရှိသေးတယ်။ ဦးသူရိန်နဲ့ ပတ်သက်သမျှကို အကုန်လုံး နားလည်သဘောပေါက်နိုင်ပါ့မလား။

ကျွန်တော်ရဲ့ အတွေးကို ရိပ်စားမိသွားလို့ ထင်ပါတယ်။ ဒေါ်သန္တာက ဆက်ပြောတယ်။ “ကျွန်မတို့ရဲ့ အိမ်ထောင်သက်က တိုနေလို့ ကျွန်မအမျိုးသားအပေါ် ကျွန်မ သိပ်နားလည်မှာ မဟုတ်ဘူးလို့ ရှင် ထင်နေရင် မှားသွားလိမ့်မယ်။ ကျွန်မ ဟိုးအရင်က ကိုသူရိန်ရဲ့ တာဝန်ခံ အယ်ဒီတာတစ်ယောက်ပါ”

ဒီကိစ္စကိုလည်း ကျွန်တော်တို့ အတည်ပြုခဲ့ပြီးပြီ။ သူ တစ်ချိန်က စာအုပ်တိုက်တစ်တိုက်မှာ အလုပ်လုပ်ခဲ့တယ်။ သူ ဦးသူရိန်နဲ့ စပြီး ရင်းနှီးလာခဲ့တာလည်း အဲဒါကြောင့်ပဲ ထင်တယ်။

“အရင်က ကျွန်မတို့နှစ်ယောက် ဝတ္ထုဇာတ်ကြောင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့ဖူးကြတယ်။ ကျွန်မ တရားဝင် တာဝန်ယူပြီး တည်းဖြတ်ပေးခဲ့ရတာက ဝတ္ထုတစ်အုပ်တည်း ဆိုပေမယ့် ကျွန်မတို့ရဲ့ အသေးစိတ် ဆွေးနွေးတိုင်ပင်မှုတွေသာ မရှိခဲ့ရင် နောက်နောက် ဝတ္ထုတွေ ရေးနိုင်ခဲ့မယ်လို့ မထင်ဘူး။ ဒါကြောင့် အဲဒီဝတ္ထုတွေမှာ ဦးပေါ်က ဘယ်ပုံ ဘယ်နည်း ပါဝင်ပတ်သက်နေသလဲဆိုတာ ကျွန်မဖြင့် နားမလည်နိုင်အောင်ပဲ”

“အဲဒီ ဝတ္ထုနာမည်က ဘာလဲ”

“<ပိုးစုန်းကြူး> ပါ။ မနှစ်က ထုတ်ဝေခဲ့တာ”

ကျွန်တော် အဲဒီစာအုပ်ကို မဖတ်ဖူးဘူး။ ဒါနဲ့ အတူပါတဲ့ ရဲဘော်ကို မေးကြည့်တယ်။ ကျွန်တော်တို့ ရဲဌာနက လူအတော်များများ ဦးသူရိန်ရဲ့ ဝတ္ထုတွေကို တာဝန်အရ ခွဲတန်းနဲ့ ဖတ်ခဲ့ကြရတာကိုး။ သူ့ရဲ့ အဖြေက စိတ်ဝင်စားစရာ။ ဦးပေါ်လွင်ရဲ့ မှတ်စုစာအုပ်နဲ့ စီဒီတွေထဲမှာ <ပိုးစုန်းကြူး> ဝတ္ထုနဲ့ ဆင်ဆင်တူတဲ့ စာမူကို လုံးဝ မတွေ့ရဘူးတဲ့။

အဲဒီလို ဆင်ဆင်တူတာမျိုး မတွေ့ရတဲ့ ဝတ္ထုတွေကလည်း အများသား။ သူတို့ရဲ့ ဘုံထူးခြားချက်က ဘာလဲဆိုတော့ အဲဒီဝတ္ထုတွေက ဦးသူရိန် စာရေးဆရာ စဖြစ်ပြီး ၃ နှစ်အတွင်းမှာ ထုတ်ထားတဲ့ ဝတ္ထုတွေပဲ။ အဲဒီနောက်ပိုင်း ထုတ်တဲ့ ဝတ္ထုတွေကျတော့ တစ်ဝက်နီးပါးလောက်ကို ဦးပေါ်လွင်ရဲ့ အခန်းထဲက စာမူဖိုင်တွေထဲမှာ ဆင်တူတာ ရှာမတွေ့ခဲ့ဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဦးသူရိန်အနေနဲ့ ဦးပေါ်လွင်ကို ရှဲဒိုးအဖြစ် ရေးခိုင်းနေစဉ်မှာပဲ သူ ကိုယ်တိုင်ကလည်း သူ့ဘာသာ ဝတ္ထုတွေ ရေးနေခဲ့တယ်။

ဒါကြောင့် ဒေါ်သန္တာ ပြောခဲ့သလို “ကျွန်မတို့ရဲ့ ဆွေးနွေးမှု မရှိခဲ့ရင် ရေးနိုင်မှာ မဟုတ်ဘူး” ဆိုတဲ့ စကားကလည်း မှားတော့ မမှားနိုင်ဘူး။

ကျွန်တော် ခေါင်းစဉ်ပြောင်းလိုက်ပြီး ဦးပေါ်လွင်အနေနဲ့ ဦးသူရိန်ကို သတ်ချင်ရတဲ့ အကြောင်းအရင်းကို မှန်းဆနိုင်မလားလို့ မေးကြည့်တယ်။

“ကျွန်မလည်း အဲဒါပဲ တစ်ချိန်လုံး စဉ်းစားနေတာ။ နည်းနည်းလေးမှ စဉ်းစားလို့ မရဘူး။ ဦးပေါ်က ဘာဖြစ်လို့ ကိုသူရိန်ကို ………. ။ ရိုးရိုးသားသား ပြောရရင် အခုချိန်ထိ သူ့ကို လူသတ်သမားအစစ်ပါလို့ ကျွန်မ မယုံနိုင်သေးဘူး။ သူက ကျွန်မတို့နဲ့ အတော်ကို ရင်းနှီးခဲ့တာ။ သူတို့နှစ်ယောက် ရန်ဖြစ်တာ၊ စကားများတာကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ တစ်ခုခုတော့ လွဲနေတာပဲ ဖြစ်မယ်လို့ အခုချိန်ထိ ထင်နေတုန်းပဲ”

သူ့အမူအရာက ဟန်ဆောင်နေတာမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ပြန်ဖို့ စကား စတော့ သူ ကျွန်တော့်ကို စာအုပ်တစ်အုပ် လက်ဆောင်ပေးလိုက်တယ်။ မီးခိုရောင် မျက်နှာဖုံးမှာ ရွှေရောင်စာလုံးနဲ့ <ပိုးစုန်းကြူး> ဝတ္ထု။ သူ့အမျိုးသားရဲ့ အရည်အချင်းကို သံသယ မရှိစေချင်လို့ ကျွန်တော် ဖတ်ကြည့်ရအောင် လက်ဆောင်ပေးလိုက်တာ ဖြစ်မယ်။

အဲဒီနေ့ညမှာပဲ ကျွန်တော် အဲဒီစာအုပ် စဖတ်တယ်။ ‘ဦးသူရိန်ရေးတဲ့ စာအုပ်တွေထဲမှာ စုံထောက်ဝတ္ထုလို စာအုပ်မျိုး မရှိဘူးလား’ လို့ ဦးပေါ်လွင်ကို မေးခဲ့တုန်းက သူကလည်း ဒီ <ပိုးစုန်းကြူး> ဝတ္ထုကိုပဲ ညွှန်းခဲ့တာ။ ဘယ်လို ထူးခြားတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို သူ ညွှန်းခဲ့တာလဲ ဆိုတာ ကျွန်တော် မသိဘူး။ အခုချိန် နောက်တစ်ခေါက် ပြန်ဝေဖန်ကြည့်ရင်တော့ သူနဲ့ လုံးဝ မပတ်သက်တဲ့ စာအုပ်မို့ ညွှန်းခဲ့လေသလားလို့ သံသယရှိမိတယ်။

<ပိုးစုန်းကြူး> ဝတ္ထုက သက်ကြားအို အမျိုးသားတစ်ယောက်နဲ့ ငယ်ရွယ်နုပျိုတဲ့ မိန်းမပျိုလေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်း။ အမျိုးသားက ပန်းချီဆရာ။ ဇနီးသည်က သူ့ရဲ့ ပန်းချီမော်ဒယ်ဟောင်း။ ဇနီးသည် ဖောက်ပြန်နေပါတယ်လို့ ပန်းချီဆရာက အမြဲ သံသယရှိနေတာ။ ဒီအတိုင်းကြည့်ရင် သာမန် အိမ်ထောင်ရေးဇာတ်လမ်းလိုပဲ။ ဒါပေမယ့် ထူးခြားတာက သူ့ဇနီးသည်မှာ စိတ်နှစ်ခွရောဂါ ရှိနေတယ်။ အဲဒီ အမျိုးသမီးရဲ့ ဇာတ်ရုပ်တစ်ခုမှာက လူငယ်တစ်ယောက်နဲ့ သမီးရည်းစား ဖြစ်နေပြီး အိမ်က အဘိုးကြီးကို သတ်ဖို့ ကြံစည်နေတယ်။ အမျိုးသမီးရဲ့ နောက်ထပ် စိတ်တစ်ဘက်ခြမ်းက ဇာတ်ရုပ်မှာတော့ ပန်းချီဆရာအပေါ် သိပ်အနွံတာခံပြီး မယားကျင့်ဝတ်နဲ့ ပြည့်စုံတဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်နေတယ်။ ပန်းချီဆရာအနေနဲ့ သူ့ဇနီးကို စိတ်ရောဂါကုဆေးရုံတင်ပြီး ကုသင့်မသင့် စဉ်းစားနေရပြီ။ အဲဒီအချိန် သူ့စားပွဲပေါ်မှာ စာရွက်အပိုင်းလေးတစ်ပိုင်း တွေ့ရတယ်။ “စိတ်ကုဆရာဝန် သတ်ပစ်တာကို ခံရမယ့်သူက ‘သူ’ လား၊ ‘ငါ’ လား”

ကုသပြီးလို့ ပျောက်ကင်းသွားရင် အရင်လို စိတ်နှစ်ခွ ဖြစ်တော့မှာ မဟုတ်ဘူးလေ။ ဒါပေမယ့် နောက်ဆုံး ကျန်ခဲ့မယ့်လူက ပန်းချီဆရာကို ချစ်တဲ့ ဇနီးပါလို့ ဘယ်သူမှ အာမ,မခံနိုင်ဘူး။ ခုနက စက္ကူပိုင်းလေး တင်ထားတဲ့သူက ‘အရိုင်းမလေး’ ဆိုတာ ပြောစရာတောင် မလိုဘူး။

ပန်းချီဆရာဟာ ချီတုံချတုံနဲ့ စိတ်တွေ ဇဝေဇဝါဖြစ်ပြီး ညစဉ် အိပ်မက်ဆိုးတွေ မက်လာတယ်။ အိမ်မက်ထဲမှာ သူ့ကို ချစ်မြတ်နိုးတဲ့ ဇနီးသည်ဟာ ချိုမြတဲ့ အပြုံးနဲ့ သူ့ကို ပြုံးပြပြီး အိပ်ခန်း ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ အဲဒီအချိန်မှာ သူစိမ်းယောက်ျားတစ်ယောက်ဟာ ပြတင်းပေါက်ကနေ ကျော်ဝင်လာပြီး သူ့ကို ဓားတစ်ချောင်းနဲ့ သတ်ဖြတ်ဖို့ ကြိုးစားတော့တာပဲ။ ဓားနဲ့ ထိုးဖို့ ချိန်ရွယ်နေတုန်းမှာပဲ အဲဒီယောကျ်ားဟာ သူ့ဇနီးအဖြစ် အသွင်ပြောင်းသွားပြီး အိပ်မက်ကနေလည်း ချွေးသီးချွေးပေါက်တွေနဲ့ လန့်နိုးလာတယ်။

နောက်ဆုံးတော့ ပန်းချီဆရာဟာ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့ဇနီးကို ဓားနဲ့ ထိုးသတ်ပစ်လိုက်တယ်။ သူ့ဇနီးဟာ သူ့ရင်ခွင်ထဲမှာပဲ သေသွားပြီး မသေခင်မှာ သူ့ကို မေတ္တာဓာတ် အပြည့်အဝနဲ့ ပြုံးပြသွားတာ မြင်လိုက်ရတော့ သူ့ကိုယ်သူ ပြန်မေးလိုက်မိတယ်။ “ငါသတ်လိုက်တာ ‘နတ်မိမယ်’ လား၊ ‘စုန်းမ’ လား” ဘယ်သူကရော ပြောပြနိုင်မှာလဲ။

ဒါက ကျွန်တော် နားလည်သလို အတိုချုပ်ထားတဲ့ ဝတ္ထုဇာတ်ကြောင်းပဲ။ စာဖတ်အားကောင်းတဲ့ လူတစ်ယောက်အနေနဲ့ ဆိုရင် ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ အနှစ်ချုပ်မျိုး ရေးနိုင်လိမ့်မယ် ထင်တယ်။ ဥပမာ သက်ကြားအိုတစ်ယောက်ရဲ့ ရမ္မက်လောဘနဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စိတ်ရိုင်းမျိုးတွေက ထဲထဲဝင်ဝင် နားလည်မှ ကိုယ်ချင်းစာလို့ ရနိုင်တာ။ ကျွန်တော့်အနေနဲ့ စာပေဝေဖန်ရေး ဘာသာရပ်မှာ အမြဲညံ့ခဲ့တော့ ဝတ္ထုတစ်ပုဒ်ကို ဘာတွေကောင်းနေသလဲဆိုတာ ဝေဖန်ဖို့ အဆင့်မရှိပါဘူး။ ပြောရမှာ အားနာပေမယ့် ဒေါ်သန္တာ မေးလာခဲ့ရင် “စိတ်ဝင်စားစရာ မကောင်းဘူး” လို့ပဲ ဖြေရလိမ့်မယ်။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *