မာတိကာကြည့်ရန်

အခန်း (၃) ဖြေရှင်းချက်

ဦးပေါ်လွင်၏ ကိုယ်ရေးမှတ်စု

အခုဆက်ရေးမယ့်အပိုင်းက စုံထောက်ကိုဝေဖြိုးရဲ့ ခွင့်ပြုချက်အရ ရေးတာပါ။ ကျွန်တော် အိမ်ကနေ ဆင်းမလာရခင် ဒီမှတ်တမ်းကို ဆက်ရေးခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။ သူကလည်း သဘောတူခဲ့တယ်။ ဒီလို ဘဝမျိုး ရောက်နေပါလျက်နဲ့ ဘာကြောင့် ဆက်ရေးချင်နေသေးတာလဲဆိုတာ သူကတော့ နားလည်နိုင်မယ် မထင်ဘူး။ မှတ်တမ်းထဲမှာ မမှန်ကန်တဲ့ အချက်အလက်တွေ ပါတယ်ပဲထား။ စမိပြီဆိုတာနဲ့ အဆုံးသတ်ထိ ရေးသွားရမယ့် တာဝန်ရှိနေတယ်။ ဒါက စာရေးဆရာတစ်ယောက်ရဲ့ ဉာဉ်ပဲလို့ ပြောရင်တော့ သူ နားလည်နိုင်လောက်ပါတယ်။

ကျွန်တော်ရဲ့ တစ်ကိုယ်ရည် ဆန္ဒအရ ပြောရရင် ကိုယ့်ရဲ့ အတွေ့အကြုံကို မှတ်တမ်းတင်ခွင့်ရတာ ကျေနပ်စရာပါ။ ဒီမှတ်တမ်းက မြွေပွေးကို ခါးပိုက်ဆောင်ထားသလို ဖြစ်နေတယ် ဆိုရင်တောင်မှ နက်ရှိုင်းတဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားချင်တာ စာရေးဆရာတိုင်းရဲ့ ဗီဇပဲ မဟုတ်လား။

ဒီနေ့ ဝေဖြိုး ကျွန်တော့်အိမ်ကို ရောက်လာတယ်။ ဧပြီလ ၂၁ ရက်၊ နံနက် ၁၀ နာရီတိတိ။ တံခါးခေါက်သံ ကြားရတဲ့ အချိန် တစ်ခဏအတွင်း စိတ်ထဲမှာ အတွေးပေါင်းစုံနဲ့၊ ကောင်းတာရော မကောင်းတာရော။ တံခါးရဲ့ ဟိုဘက်တစ်ခြမ်းမှာ ရှိနေတာ သူပဲလို့ သိလိုက်ရတော့ ကျွန်တော် စိတ်ထင့်နေတဲ့ ကိစ္စက တကယ်ဖြစ်လာတော့မှာပဲလို့ သဘောပေါက်လိုက်တယ်။ ဒါပေမယ့် ကျွန်တော် စိတ်ကို အတည်ငြိမ်ဆုံး ထားပြီး အိမ်ထဲခေါ်ယူ ဧည့်ခံခဲ့တယ်။

“အခုလို လာနှောင့်ယှက်မိတာ အားနာပါတယ်။ ကိစ္စလေးတစ်ခု ဆွေးနွေးချင်လို့ပါ” သူက အရင်အတိုင်းပဲ ဧည့်ထောက်စကားနဲ့ ယဉ်ကျေးစွာ ပြောနေတယ်။

“ဘာကိစ္စများလဲ။ အဲ … ထားပါ။ အထဲ အရင်ဝင်ပါဦး”

ကျွန်တော် သူ့ကို ဆိုဖာမှာ ထိုင်ဖို့ပြောပြီး ရေနွေးကြမ်း ငှဲ့လိုက်တယ်။

“နေပါစေတော့”

“ဘာကိစ္စရှိလို့လဲ” ကျွန်တော်က ရေနွေးကြမ်းခွက်ကို သူ့ရှေ့ ချပေးလိုက်ပြီး မေးလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်လက်တွေ တုန်နေတယ်ဆိုတာ သတိထားမိတယ်။ ခေါင်းမော့ကြည့်လိုက်တော့ ဝေဖြိုးကလည်း ကျွန်တော့်လက်တွေကို စိုက်ကြည့်လျက်။

သူက ခွက်ကို လှမ်းမယူသေးဘဲ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေပြီး “ပွင့်ပွင့်လင်းလင်း ပြောရရင် ….”

“ဘာများလဲ …. “ ကျွန်တော် စိတ်မရှည်သလိုနဲ့ အမြန် ဖြတ်မေးလိုက်မိတယ်။ ရင်ထဲမှာလည်း တဒိန်းဒိန်းနဲ့။

“ကျွန်တော်တို့ကို ဆရာ့အခန်း ရှာဖွေခွင့်ပြုပါ …. ။ ဒီအခန်းကို” ဝေဖြိုးက မျက်နှာပျက်စွာ။

ကျွန်တော်က မျက်လုံးပြူး ပါးစပ်ဟလျက် အံ့အားသင့်သလို လုပ်ပြပြီး မချိပြုံး ပြုံးပြလိုက်တယ်။ ကျွန်တော်ရဲ့ သရုပ်ဆောင်မှုက ပီပြင်မပြင်တော့ မသိဘူး။ နှုတ်ခမ်းတွန့်သွားတာကိုပဲ ဝေဖြိုးက မြင်ချင်မြင်မှာ။

“ဘယ်လို … ငါ့အခန်းကို ရှာလို့ ဘာတွေ့မှာလဲ”

“အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ပစ္စည်းတစ်ခုခုတော့ တွေ့လာနိုင်တယ်”

“ခဏလေးနေပါဦး။ မင်းတို့က ငါ့ကို … ငါ့ကို လူသတ်တရားခံအဖြစ် သံသယ ရှိနေတာလား။ ငါ့ဆီက သက်သေခံပစ္စည်း တစ်ခုခု ရှာတွေ့လိမ့်မယ်လို့ ယူဆတယ်ပေါ့”

ဝေဖြိုးက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်ပြီး “ဟုတ်ကဲ့”

“အတော် အံ့ဩစရာပဲကွာ” ကျွန်တော် ခေါင်းခါလိုက်ပြီး သက်ပြင်းမှုတ်ချလိုက်တယ်။ “ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ ဘာပြန်ဖြေရမှန်းတောင် မသိတော့ဘူးကွာ။ ငါ့ကို နောက်နေတာဆိုရင်လည်း ထားပါတော့။ မင်းကြည့်ရတာ နောက်နေတဲ့ပုံမျိုးလည်း မဟုတ်ဘူး”

“တောင်းပန်ပါတယ် ဆရာ။ ကျွန်တော် အတည်ပြောနေတာပါ။ ဟိုးအရင်က ဆရာ့ရဲ့ စောင့်ရှောက်ခဲ့မှုတွေကို ကျွန်တော် မမေ့ပါဘူး။ အခု ဒီလိုစကားမျိုး ဆရာ့ကို ပြောရတာ ကျွန်တော့်အနေနဲ့ အတော် စိတ်မကောင်းပါဘူး။ ဒါပေမယ့် အမှန်တရား ပေါ်ပေါက်ဖို့ဆိုတာ ကျွန်တော်တို့ ရဲတွေရဲ့ တာဝန်ဝတ္တရားပဲ မဟုတ်လား”

“မင်းရဲ့ အနေအထားကို ငါ နားလည်ပေးလို့ ရပါတယ်။ တာဝန်အရ လုပ်ကြရတာပဲ။ အမှန်အတိုင်း ပြောရရင် အခုဟာက ရုတ်တရက်ကြီးဆိုတော့ …”

“ကျွန်တော် ရှာဖွေခွင့်ဝရမ်း ယူလာပါတယ်”

“ဝရမ်း … ဒါပေါ့ ဒါပေါ့။ ဒါပေမယ့် မင်းအဲဒီစာရွက်ကို ထုတ်မပြခင် ဘာကြောင့်လဲဆိုတာ ငါ့ကို ပြောမပြနိုင်ဘူးလား။ ဘာကြောင့် ….”

“ဆရာ့ကို ဘာကြောင့် သံသယ ဝင်နေရသလဲ ဆိုတာလား”

“ဟုတ်တယ်။ ဒါမှမဟုတ် ဘာမှ ပြောမနေဘဲ ရှိသမျှအကုန် လှန်လှောမွှေနှောက်နေတော့မှာလား”

“တစ်ခါတလေတော့လည်း အဲဒီလို လုပ်ရတာပေါ့။ ဒါပေမယ့်” သူက မျက်လွှာချရင်း ရေနွေးကြမ်းခွက်ကို တစ်ကျိုက်မော့လိုက်ပြီး ကျွန်တော့်ကို စိုက်ကြည့်တယ်။ “ကျွန်တော်တို့ အဲဒီအကြောင်း အရင်ပြောရအောင်”

“မင်းက ရှင်းပြနိုင်ရင်တော့ ငါက ကျေးဇူးတင်မိမှာပဲ။ ဒါပေမယ့် မင်းဘာပြောပြော သဘောတူ ကျေနပ်နေမယ်လို့တော့ မထင်စေချင်ဘူး”

ဝေဖြိုးက ဘာမှ ပြန်မဖြေသေးဘဲ သူ့အင်္ကျီအိတ်ထဲက မှတ်စုစာအုပ်ကို ဆွဲထုတ်လိုက်တယ်။ “အရေးအကြီးဆုံး အချက်က သေတဲ့အချိန်ပဲ။ ဦးသူရိန်ဟာ ညနေ ၅ နာရီ ကနေ ၇ နာရီကြား အသတ်ခံရတယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းလို့ ရပေမယ့် မှုခင်းဆရာဝန်ရဲ့ သဘောအရက ၆ နာရီနောက်ပိုင်း သေတယ်ဆိုတဲ့ ဖြစ်နိုင်ခြေက အတော်လေး နည်းတယ်။ အစာချေဖျက်ထားမှု အခြေအနေအပေါ် မူတည်ပြီး သေချိန် ခန့်မှန်းတဲ့ နည်းလမ်းက လွဲခဲပါတယ်။ ဒါပေမယ့် ညနေ ၆ နာရီနောက်ပိုင်းအထိ ဦးသူရိန် အသက်ရှင်လျက် ရှိနေသေးကြောင်း သက်သေခံတဲ့သူက ရှိနေတယ်”

“ငါ့ကို ပြောတာမဟုတ်လား။ မင်းတို့က သံသယရှိတယ် ဆိုရင်တောင်မှ ငါက ဒီလိုပဲ ပြောရမှာပဲ။ ဆေးစစ်ချက်က မှားခဲတယ် ဆိုပေမယ့်လည်း ဒါတွေက ဓာတ်ပြောင်းလဲမှုတွေဆိုတော့ မိနစ် ၂၀-၃၀ ကွာဟတာက အထူးအဆန်း မဟုတ်ပါဘူး”

“ဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့ အာရုံစိုက်တာက ဆရာ့မှတ်တမ်းထဲက ဖုန်းကော။ အဲဒီအချိန်က ဦးသူရိန်ကိုယ်တိုင် ဖုန်းဆက်ခဲ့ပါတယ်လို့ ကျွန်တော်တို့ ဘယ်လိုမှ အတည်မပြုနိုင်ဘူး”

“အဲဒါ သူရိန်အသံပါ၊ လွဲစရာမရှိဘူး”

“အဲဒီအချိန်က ဖုန်းလက်ခံစကားပြောတာ ဆရာတစ်ယောက်တည်းဆိုတော့ ကျွန်တော်တို့ အတည်ယူလို့ မရဘူး”

“ဖုန်းပြောတယ်ဆိုမှတော့ ဒီလိုပဲ ရှိမှာပေါ့။ မယုံဘူးဆိုလည်း ဘယ်တတ်နိုင်မလဲ”

“ကျွန်တော်တို့ ယုံချင်ပါတယ်။ တရားရုံးမှာက သက်သေရှိမှ အတည်ဖြစ်တာ”

“ငါက တစ်ယောက်တည်း ဖုန်းပြောနေတာ ဆိုပေမယ့် ဘေးနားမှာ တခြားလူတစ်ယောက် ရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦးလေ။ ရင်သွေးစာအုပ်တိုက်က ကိုဦးကို ဒီအကြောင်း မေးပြီးပြီ မဟုတ်ဘူးလား”

“အင်း။ ကိုဦးကလည်း သူနဲ့ စကားပြောနေကြတုန်း ဖုန်းဝင်လာတာ အမှန်ပဲတဲ့”

“အဲဒီတုန်းက ငါတို့ အပြန်အလှန် ပြောနေတဲ့ စကားကို သူက မကြားဘူးတဲ့လား”

“ဟင့်အင်း၊ သူကြားတယ်။ ဦးပေါ်လွင်က လူတစ်ယောက်နဲ့ တွေ့ဖို့ ဖုန်းထဲမှာ အချိန်းအချက်လုပ်နေတာ ကြားတယ်တဲ့။ အဲဒီဖုန်းဆက်တဲ့သူက ဦးသူရိန်ဖြစ်ကြောင်း သူ နောက်မှ သိရတာပါတဲ့”

“ငါ နားလည်ပြီ။ ဒီလောက်နဲ့တော့ သက်သေပြလို့မရဘူး။ တခြားလူတစ်ယောက်က ဖုန်းဆက်လာပြီး ဦးသူရိန်ဆက်ပါတယ်လို့ အထင်ရောက်အောင် ငါက တမင် ညာပြောခဲ့တယ်။ မင်း အဲဒီလို ဆိုလိုချင်တာလား”

ဝေဖြိုးက ချက်ချင်း ပြန်မဖြေသေးဘဲ အောက်နှုတ်ခမ်းကို တစ်ခဏ ကိုက်နေတယ်။ “ဖြစ်နိုင်ခြေ ရှိရင်တော့ ထည့်စဉ်းစားရမှာပဲ”

“အဲဒီ ဖြစ်နိုင်ခြေကို ဖယ်ထုတ်လိုက်တာ ကောင်းမယ်။ ….. ငါ့အနေနဲ့ ဒီလို တောင်းဆိုပိုင်ခွင့်လည်း ရှိမယ် မထင်ဘူး” ကျွန်တော်က စိတ်မကောင်းဟန် ဆောင်ပြီး “ငါ နားလည်လို့ မရဘူး။ သေချိန်ကို တွက်ဆတယ်ဆိုတာက အနည်းအများတော့ မှားနိုင်တာပဲလေ။ မင်းတို့ ကြည့်ရတာ ငါ့ကို လူညာပဲလို့ အစကတည်းက သတ်မှတ်ထားပုံပဲ။ ဒီထက် ပိုခိုင်မာတဲ့ သက်သေရော ရှိလို့လား”

ဝေဖြိုးက ကျွန်တော်မျက်လုံးတွေကို စူးစူးစိုက်စိုက် ကြည့်ရင်း “ရှိတယ်”

“နားဆင်ပါရစေဦး”

“ဆေးလိပ်” သူက ပြောတယ်။

“ဆေးလိပ် …”

“ဆရာကိုယ်တိုင် ပြောခဲ့တာလေ၊ ဦးသူရိန်က ဆေးလိပ်ဂျိုးပါလို့။ သူ အလုပ်လုပ်တဲ့အချိန်မှာ တစ်ခန်းလုံး မီးခိုးတွေ မွှန်ထူနေတာ။ ခြင်နိုင်ဆေးဖျန်းထားတဲ့ အတိုင်းပဲတဲ့”

“ငါ ပြောဖူးတယ်။ အဲ့တော့ ….. ”

“ဆေးလိပ်ပြာခွက်ထဲမှာ အစီခံ တစ်ခုပဲ တွေ့တယ်”

“ဒီတော့ …. ”

“ဦးသူရိန်ရဲ့ အလုပ်ခန်းထဲက ဆေးလိပ်ပြာခွက်ထဲမှာ ထိုးချေထားတဲ့ ဆေးလိပ်အစီခံ တစ်ခုပဲ ရှိတယ်။ မလင်းလင်းမော်က ၅ နာရီ အိမ်ပြန်သွားတယ်။ တကယ်လို့ သူ အဲဒီအချိန်က စပြီး အလုပ်လုပ်ရင် အစီခံတွေ အများကြီး ရှိနေမှ သဘာဝကျမှာ။ နောက်ပြီး ပြာခွက်ထဲက တစ်ခုတည်းသော အစီခံကလည်း အလုပ်လုပ်နေတုန်း သောက်ထားတာ မဟုတ်ဘူး။ ဆရာနဲ့ စကားပြောနေတုန်းက သောက်ခဲ့တာ။ ဒီကိစ္စကို ဆရာရဲ့ မှတ်တမ်းဖတ်ပြီးမှ ကျွန်တော် သိရတာ”

ကျွန်တော် ဘာပြောရမှန်း မသိတာနဲ့ ဆိတ်ဆိတ်ပဲ နေလိုက်တယ်။ သူရိန် ဆေးလိပ်ဘယ်နှလိပ် သောက်ခဲ့သလဲလို့ ဝေဖြိုး မေးခဲ့ဖူးတာကို ပြန်သတိရမိတယ်။ အဲဒီတုန်းကတည်းက ကျွန်တော့်ကို သံသယ ရှိနေခဲ့တာလား။

“ဒီလိုဆိုရင်” သူက ဆက်ပြောတယ်။ “ဦးသူရိန် တစ်ယောက်တည်း ရှိနေတဲ့အချိန်က စပြီး အသတ်ခံရတဲ့ အချိန်အထိ ဆေးလိပ်တစ်လိပ်မှ မသောက်ခဲ့ဘူးလို့ ယူဆရမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ဇနီးကို မေးကြည့်ဖူးတယ်။ သူပြန်ဖြေတာက တကယ်လို့ နာရီဝက်ပဲ အလုပ်လုပ်ရတယ်ဆိုရင်တောင် ၂ လိပ်၊ ၃ လိပ်တော့ အနည်းဆုံး သောက်တာပဲတဲ့။ အလုပ်ထဲ အာရုံဝင်စားလေလေ ဆေးလိပ်သောက်တာ ပိုကြမ်းလေလေပဲလို့ ပြောတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ ဆေးလိပ်တစ်လိပ်မှ မသောက်ခဲ့ဘူး။ ဒါကို ဘယ်လို နားလည်ရမလဲ”

ကျွန်တော် ကိုယ့်ဘာသာကိုယ် ကျိန်ဆဲမိတယ်။ ကိုယ်တိုင်က ဆေးလိပ်မသောက်လို့ ထင်တယ်။ ဒီလောက် စေ့စေ့စပ်စပ် မတွေးခဲ့မိဘူး။

“ဆေးလိပ် ကုန်သွားလို့များလား” ကျွန်တော် ရုန်းထွက်ဖို့ ကြိုးစားကြည့်တယ်။ “ဒါမှမဟုတ် လက်ကျန် နည်းနေတယ်ဆိုပြီး လျှော့သောက်တာ မဖြစ်နိုင်ဘူးလား”

“နေ့ခင်း အပြင်ထွက်တုန်းက ဆေးလိပ် ၄ ဗူး ဝယ်ခဲ့တယ်။ စားပွဲပေါ်မှာ တစ်ဗူးက ဖွင့်လျက်သား။ အထဲမှာ ၁၄ လိပ် ကျန်နေသေးတယ်။ ကျန်တဲ့ အသစ်စက်စက် ၃ ဗူးက စားပွဲအံဆွဲထဲမှာ”

သူရဲ့ လေသံက တည်ငြိမ်အေးဆေးပေမယ့် စကားလုံးတိုင်းက အရှိုက်ကို ထိုးနေတဲ့ ဓားချက်တွေလို မညှာမတာ တိကျပြတ်သားလွန်းနေတယ်။ ဪ … သူက တကယ်တော်တဲ့ ဓားသိုင်းသမားပါလားလို့ တွေးမိပြီး ကျောချမ်းသွားတယ်။

“ဪ ဒီလိုလား။ အစီခံ တစ်ခုပဲ ရှိနေတာ အတော်ထူးဆန်းတယ်။ ဘာကြောင့် မသောက်တာလဲဆိုတာတော့ သူရိန်ပဲ သိမယ်ထင်တယ်။ လည်ချောင်းနာနေလို့များလား”

“အဲဒီလိုဆိုရင် ဆရာအရှေ့မှာလည်း သူ မသောက်သင့်ဘူး။ ကျွန်တော်တို့ အနေနဲ့က ယုတ္တိအရှိဆုံး ကောက်ချက်မျိုး ချနိုင်ဖို့ အရေးကြီးတယ်”

“သူအသတ်ခံရတဲ့ အချိန်က ခပ်စောစော ဖြစ်လိမ့်မယ်လို့ မင်း ဆိုလိုချင်တာမလား”

“တော်တော်လေး စောလိမ့်မယ်။ သူ့ဇနီး ဟော်တယ်ကို ပြန်သွားပြီးနောက် သူ့အလုပ်ခန်းကို ပြန်ရောက်ရောက်ချင်း အသတ်ခံရတာပဲ”

“သိပ် သေချာနေပါလား”

“ဆေးလိပ်ကိစ္စ ပြန်ကြည့်ရအောင်။ မလင်းလင်းမော်နဲ့ ဦးသူရိန် တွေ့စဉ်တုန်းက ဆေးလိပ်မသောက်တာ အကြောင်းရှိတယ်။ မလင်းလင်းမော်ဟာ ဆေးလိပ်နံ့ မခံနိုင်ဘူး။ ဆွေးနွေးနေတုန်း စိတ်အနှောင့်အယှက် မဖြစ်အောင် ဆိုပြီး မလင်းလင်းမော် မကြိုက်မှန်းသိလို့ ဦးသူရိန်က ဆေးလိပ်မသောက်ခဲ့ဘူး။ ဒီဆွေးနွေးပွဲက ဦးသူရိန်ကို ဖိအား တော်တော် ပေးလောက်တယ်။ ကျွန်တော်သာ ဦးသူရိန်ဆိုရင် မလင်းလင်းမော် ထွက်သွားတာနဲ့ ရေသိပ်ငတ်နေတဲ့ လူတစ်ယောက်လို ဆေးလိပ်တစ်လိပ်ကို အရင် လှမ်းယူမိမှာပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ တစ်လိပ်မှ သောက်ထားတာ မတွေ့ရဘူး။ မသောက်ချင်လို့လား။ မသောက်နိုင်လို့လား။ ကျွန်တော့်အနေနဲ့က မသောက်နိုင်တော့တာလို့ပဲ ထင်တယ်”

“သူ အသတ်ခံလိုက်ရပြီ ဆိုတဲ့ သဘောလား”

သူ ခေါင်းညိတ်ပြတယ်။

“ငါ အဲဒီ မတိုင်ခင်ကတည်းက သူရိန့်အိမ်ကနေ ထွက်သွားခဲ့ပြီ”

“ဟုတ်၊ ကျွန်တော် သိတယ်။ ဆရာက အိမ်တံခါးမကြီးကနေ ထွက်သွားတာ။ အဲဒီနောက် ခြံဘက်ကနေ လှည့်ဝင်လာပြီး ဦးသူရိန်ရဲ့ ရုံးခန်းဘက်ဆီ မသွားဘူးလို့ မပြောနိုင်ဘူး”

“မင်းဟာက ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ထားတဲ့ အတိုင်းပဲနော်”

“ဒီလို ဖြစ်နိုင်ခြေမျိုး ဆရာကိုယ်တိုင်လည်း တွက်ဆခဲ့ဖူးတယ်လေ။ အဲဒီတုန်းက မလင်းလင်းမော်သာ တရားခံ ဖြစ်ခဲ့ရင်ဆိုပြီး တွက်ကြည့်ခဲ့ကြတာ မဟုတ်လား။ မလင်းလင်းမော်ဟာ ဦးသူရိန်အိမ်ကနေ ထွက်ချင်ယောင်ဆောင်ပြီး အလုပ်ခန်းဘက် လှည့်ဝင်သွားနိုင်တယ်လို့ ဆရာ ပြောခဲ့တယ်လေ။ ဆရာက ကိုယ့်လုပ်ရပ်ကို အသေးစိတ် ပြန်ပြောပြနေတာများ ဖြစ်နေမလား”

ကျွန်တော် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “အတော်ဟုတ်တဲ့ကောင်ပဲ။ မင်း ငါပြောခဲ့တဲ့ စကားတွေကို ဒီလိုပုံစံမျိုးနဲ့ အဓိပ္ပာယ် ကောက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ငါက မင်းကို အကူအညီ ပေးနိုင်ဖို့ ကြိုးစားခဲ့တာလေ”

ဝေဖြိုးက သူ့မှတ်စုစာအုပ်ကို စိုက်ကြည့်လိုက်ပြီး “ဆရာရဲ့ မှတ်တမ်းမှာ ဦးသူရိန်အိမ်က ထွက်ခွာတဲ့အကြောင်း ပါတယ်။ ‘သူက ပြန်နှုတ်ဆက်ပြီး ကျွန်တော် လမ်းထဲ ချိုးကွေ့သွားတဲ့အထိ သူ ကြည့်နေခဲ့တယ်’ လို့ အဲဒီမှာ ရေးထားတယ်။ အဲဒီမှာ ရေးထားတဲ့ ‘သူ’ ဆိုတာက ဒေါ်သန္တာ မဟုတ်လား”

“ဘာမှားနေပြန်လို့လဲ”

“စာရဲ့ သဘောသွားအရဆိုရင် ခြံပေါက်ဝအထိ ဒေါ်သန္တာက ဆရာနဲ့အတူ လိုက်လာပြီး ပို့ဆောင်နှုတ်ဆက်တဲ့ သဘောပဲ။ ဒေါ်သန္တာနဲ့ အဲဒီကိစ္စ အတည်ပြုကြည့်တဲ့ အခါကျတော့ သူက အိမ်တံခါးဝအထိပဲ လိုက်ပို့ကြောင်း ပြောတယ်။ ဘာဖြစ်လို့ ဒီလောက် ကွာဟနေရတာလဲ”

“အသေးအဖွဲလေးကို မင်းက ရေးကြီးခွင်ကျယ် လုပ်နေသလိုပဲ။ တစ်ယောက်ယောက်က အမှတ်မှားလို့ပဲပေါ့”

“ဟုတ်ပါ့မလား။ ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။ ခြံအပြင်ထွက်သွားကြောင်း သိစေချင်လို့ ဆရာက တမင်သက်သက် အဲဒီလို ရေးတယ်လို့ ယူဆတယ်။ တကယ်တော့ ဆရာက ခြံဝင်းဝထိတောင် ရောက်ခဲ့တာ မဟုတ်ဘူး။ အဲဒီလိုရေးမှ ခြံထဲကနေ အလုပ်ခန်းဘက် လှည့်ဝင်သွားကြောင်းကို ဖုံးကွယ်နိုင်မှာလေ”

ကျွန်တော် တမင် အသံထွက်အောင် ရယ်ချလိုက်တယ်။ “သိပ်ရယ်ရတာပဲ။ မင်းတို့ဟာက လူတစ်ယောက်ကို တရားခံအဖြစ် ဘိုင်သေ သတ်မှတ်ပြီး အဲဒီအဆိုနဲ့ ကိုက်ညီမယ့် ကောက်ချက်တွေကို အစီစဉ်တကျ ဆွဲနေသလိုပဲ။ တရားခံတစ်ယောက် ပုံသေထားပြီး အမှုတည်ဆောက်နေတာ ဘယ်လိုလုပ်ပြီး တရားမှာလဲ”

“ကျွန်တော်အနေနဲ့” သူက ပြောတယ်။ “ကြိုးစားပြီး ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ပိုင်းခြားနေတာပါ”

သူ့ရဲ့ စူးရှတဲ့ အကြည့်က ကျွန်တော့်ကို တုန်လှုပ်သွားစေပေမယ့် ဦးနှောက်ထဲမှာတော့ မဆီမဆိုင် အကြောင်းအရာတစ်ခုကို တွေးနေမိတယ်။ ဒီလူက စကားပြောရင် “ကျွန်တော်အနေနဲ့” ဆိုတဲ့ စကားလုံးကို သိပ်သုံးတာပဲ။

“ငါသဘောပေါက်ပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ မင်းကြိုက်သလို ယူဆလို့ရတာပဲ။ ဒါပေမယ့် မင်းဆွဲထားတဲ့ ကောက်ချက်က အဖြစ်အပျက်ကြီး တစ်ခုလုံးကို ခြုံငုံပြီး ယုတ္တိယုတ္တာရှိတဲ့ အယူအဆမျိုးတော့ ဖြစ်သင့်တာပဲ မဟုတ်လား။ ဒီတော့ ဘာဆက်ဖြစ်သလဲ။ ပြတင်းပေါက်နားမှာ ပုန်းနေတဲ့ငါက နောက်ဘာဆက်လုပ်သလဲ။ ပြတင်းပေါက်ကနေ ကျော်ဝင်ပြီးတာနဲ့ တပြိုက်နက်တည်း သူရိန်ကို မေ့သွားအောင် ရိုက်ချလိုက်ရောလား”

“အဲဒီလို လုပ်လို့လား” ဝေဖြိုးက ကျွန်တော်ကို တည့်တည့် စိုက်ကြည့်နေတယ်။

“ငါက မင်းကို မေးနေတာလေ”

သူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါပြတယ်။ “လူသတ်တဲ့အပိုင်းကိုတော့ တရားခံကိုယ်တိုင်က ပြောရင် ပိုကောင်းမယ်”

“မင်းက ငါ့ကို တရားခံပါလို့ ဝန်ခံခိုင်းနေတာလား။ ငါသာ လူသတ်သမားဆိုရင် မင်းကို အသေးစိတ် မခြွင်းမချန် ပြောပြနိုင်မှာပေါ့။ ဒါပေမယ့် ငါလုပ်တာမှ မဟုတ်ဘဲ။ ငါတို့ ဖုန်းခေါ်တဲ့အကြောင်း ပြန်ပြောကြရအောင်လား။ ငါ့ဆီကို သူရိန် တကယ့်ကို ဖုန်းဆက်လာခဲ့တာ။ သူမှမဟုတ်ရင် ဘယ်သူ ဖြစ်ဦးမှာလဲ။ သတင်းထောက်တွေကိုလည်း ဒီကိစ္စ ပွင့်ပွင့်လင်းလင်း ပြောပြထားပြီးသားလေ။ တကယ်လို့ အဲဒီနေ့က ဖုန်းခေါ်တဲ့သူဟာ တခြားသူ တစ်ယောက်ယောက်သာဆိုရင် အခုချိန်မှာ သူလည်း သတင်းဖတ်ရပြီး ရဲဌာနဆီ ဆက်သွယ်လာမှာ မုချပဲ” အကြံတစ်ခုခု ရုတ်တရက် ရသွားသလို ဟန်ထုတ်ပြီး ပြောလိုက်တယ်။ “ငါ့မှာ ကြံရာပါ ရှိသေးတယ်လို့ ယူဆထားတာလား။ အဲဒီ ကြံရာပါက ငါ့ဆီ ဖုန်းဆက်ခဲ့တယ် ဆိုပါတော့”

သူကတော့ ဘာမှ မထူးဆန်းသလို အမူအရာမျိုးနဲ့ အခန်းတွင်းကို မျက်စိဝေ့ပြီး ကြည့်နေတယ်။ ထမင်းစားစားပွဲပေါ်က ကြိုးမဲ့ဖုန်းကို မြင်သွားတော့ ဖုန်းကို ထယူပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။

“ကြံရာပါ ရှိစရာ မလိုပါဘူး။ ဒီဖုန်းကို မြည်အောင် လုပ်နိုင်ရင် ရပြီပဲဟာ”

“ဘယ်သူကမှ ဆက်မလာရင် ဖုန်းက ဘယ်လိုလုပ်ပြီး မြည်မှာလဲ”

ကျွန်တော့်လက်ဝါးနှစ်ဘက်ကို တင်းတင်းဆုတ်လိုက်ပြီး “နေဦး၊ မင်း ဆိုလိုချင်တာကို ငါသိပြီ။ ငါ့ရဲ့ အိတ်ကပ်ထဲမှာ တခြား လက်ကိုင်ဖုန်း တစ်လုံး ရှိနေမယ်။ ကိုဦး သတိမထားမိတဲ့အချိန်မှာ အဲဒီလက်ကိုင်ဖုန်းနဲ့ ငါ့အိမ်က ကြိုးမဲ့ဖုန်းဆီ လှမ်းဆက်လိုက်မယ်။ အဲဒီလိုလား”

“ဒီလိုလည်း ဖြစ်နိုင်တာပဲ”

“ဟင့်အင်း၊ မဖြစ်နိုင်ဘူးလေ။ ငါ့မှာ လက်ကိုင်ဖုန်းမှ မရှိဘဲ။ နောက်ပြီး ငှားလို့ရမယ့် အသိမိတ်ဆွေလည်း ငါ့မှာ မရှိဘူး။ အဲဒါထက် မင်းတို့က ဖုန်းခေါ်မှတ်တမ်းတွေကို မစစ်ကြဘူးလား။ ဖုန်းကုမ္ပဏီတွေအနေနဲ့ အဲဒီမှတ်တမ်းတွေကို သိမ်းထားကြမှာပဲ။ ငါ့အိမ်ကို ဘယ်သူခေါ်ခဲ့သလဲဆိုတာ စစ်လိုက်ရင် ပြီးနေတာပဲ မဟုတ်ဘူးလား”

“တကယ်တမ်းကျတော့ လူတစ်ယောက်ဆီ ဘယ်သူတွေ ဖုန်းခေါ်ခဲ့သလဲဆိုတာ စစ်ဆေးဖို့က မလွယ်လှဘူး”

“ဟုတ်လား”

“ဒါပေမယ့် ဖုန်းတစ်လုံးက ဘယ်တွေကို ခေါ်ထားသလဲ ဆိုတာတော့ စစ်ဆေးဖို့ မခက်ဘူး။ ဒါကြောင့်လည်း ဦးသူရိန်အနေနဲ့ အဲဒီနေ့က ဘယ်သူတွေဆီ ဖုန်းခေါ်ထားသလဲဆိုတာ ကျွန်တော်တို့ စုံစမ်းထားပြီးပြီ”

“အဲဒီတော့ …. ဘာတွေ့လဲ”

“မှတ်တမ်းအရ ည ၆ နာရီခွဲတုန်းက ဒီဖုန်းကို ခေါ်ထားတယ်” ဝေဖြိုးက သူ့လက်ထဲက ကြိုးမဲ့ဖုန်းကို မြှောက်ပြပြီး ပြောတယ်။

“အင်း၊ အဲဒါ အမှန်ပဲလေ” ကျွန်တော် ပါးစပ်ကသာ အဲဒီလို ပြောလိုက်တာ။ လူကတော့ ကြောက်စိတ်တွေ ဝင်နေပြီ။ ဝေဖြိုးက ဖုန်းမှတ်တမ်းကို စစ်ဆေးပြီး ဖြစ်ပါလျက်နဲ့ ကျွန်တော့်ကို လူသတ်တရားခံပါလို့ ဘာကြောင့် ဒီလောက် အခိုင်အမာ ယုံကြည်နေရသေးတာလဲ။ ကျွန်တော် အကွက်ဆင်ထားတာကို သူ ကောင်းကောင်း ရိပ်စားမိနေလို့များလား။

“ဦးသူရိန်ဟာ သူ့ရဲ့ စာမူကို ရေးလို့ပြီးပြီ ဆိုတာနဲ့ တပြိုင်နက် စာအုပ်တိုက်ဆီကို ချက်ချင်း Fax ပို့လိုက်မှာပဲ။ ဒါပေမယ့် သူ့အလုပ်ခန်းထဲမှာ Fax ကို မတွေ့ရဘူး။ ဘာဖြစ်လို့လဲ။ အဲဒါ ဆရာသိမယ်ထင်တယ်”

အစကတော့ မသိဘူးလို့ ဖြေမလို့ပါပဲ။ ဒါပေမယ့် ဘာမှ မပြောဖြစ်ခဲ့ဘူး။

“ကွန်ပျူတာကနေ တိုက်ရိုက် ပို့လိုက်လို့ ရတယ်လေ။ အဲဒါ ဆရာ သိတယ်မလား”

“ကြားဖူးတယ်” ကျွန်တော် ခပ်ပြတ်ပြတ်ပဲ ဖြေလိုက်တယ်။

“သိပ်အဆင်ပြေတာ။ စက္ကူတောင် သုံးစရာ မလိုတော့ဘူး။ ကနေဒါရောက်တာနဲ့ email ပဲ သုံးတော့မယ်လို့ ဦးသူရိန်က ရည်ရွယ်ထားကြောင်း စာအုပ်တိုက်တွေကို အသိပေးထားသတဲ့။ ဒီလိုသာဆိုရင် ဖုန်းပြောခလည်း အတော် သက်သာသွားမှာ”

“ရှုပ်ထွေးတဲ့ ဒီလို ခေတ်မီနည်းပညာတွေအကြောင်း ငါက နားလည်တာ မဟုတ်ဘူး။ ပရင့်ထုတ်စရာ မလိုဘဲ ကွန်ပျူတာကနေ တိုက်ရိုက် ပို့လို့ရတယ်ဆိုတာလည်း သူရိန် ပြောပြလို့ ကြားဖူးနေတာ”

“ကွန်ပျူတာက ဘာမှ ရှုပ်တာမဟုတ်ပါဘူး။ ဘယ်သူမဆို လွယ်လွယ်နဲ့ သုံးတတ်မှာပါ။ နောက်ပြီး ကွန်ပျူတာနဲ့က အများကြီး ပိုအဆင်ပြေတယ်လေ။ ဥပမာ တပြိုင်နက်တည်း လူအများကြီးဆီ စာပို့လို့ရတယ်။ လိပ်စာတွေကို နောက်ပြန်သုံးလို့ရအောင်လည်း သိမ်းထားလို့ ရသေးတယ်။ ပြီးတော့ ……” သူ ခဏရပ်လိုက်တယ်။ ကျွန်တော့်ကို အသေအချာ ကြည့်ပြီးမှ ဆက်ပြောတယ်။ “ပို့ရမယ့်အချိန်ကို သတ်မှတ်ထားပြီး အဲဒီအချိန်ရောက်မှ ကွန်ပျူတာက သူ့အလိုလို ပို့ပေးနိုင်သေးတယ်”

“ငါ အဲဒီလို လုပ်တယ်လို့ မင်းက ဆိုလိုချင်တာလား”

ကျွန်တော်မေးတဲ့ မေးခွန်းကို သူက ပြန်မဖြေဘူး။ ဖြေစရာ မလိုဘူးလို့ ယူဆတာလည်း ဖြစ်မှာပေါ့။

“မီးရောင်နဲ့ ပတ်သက်ပြီး ကျွန်တော် အတော်လေး အလေးအနက်ထားတယ်” သူက ပြောတယ်။ “ဦးသူရိန်အိမ်ကို ရောက်တုန်းက တစ်အိမ်လုံး မှောင်မဲနေတယ်လို့ ဆရာပြောခဲ့တယ်။ အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလို့ အထင်ရောက်အောင် လုပ်ပါတယ်ဆိုပြီး ဘာဖြစ်လို့ ကွန်ပျူတာစခရင်ကို မပိတ်ခဲ့ရတာလဲ။ အဲဒါကို နားမလည်နိုင်ဘူးလို့ ကျွန်တော် ပြောခဲ့ဖူးတယ်နော်။ နောက်မှ ကျွန်တော် သဘောပေါက်သွားတယ်။ ကွန်ပျူတာက ဆရာ့ အကြံအစည်ကို အကောင်အထည် ဖော်ပေးတဲ့ ကိရိယာတစ်ခုပဲ။ ဒါကြောင့် ဖွင့်ထားဖို့ လိုအပ်တာ။ ဦးသူရိန်ကို သတ်ပြီးတာနဲ့ အလီဘိုင် ပြနိုင်ဖို့ သက်သေတွေ ဖန်တီးတယ်။ အသေးစိတ် ပြောရမယ်ဆိုရင် ကွန်ပျူတာကို သုံးပြီး ဆရာ့အိမ်ကို ည ၆ နာရီခွဲမှာ Fax တစ်စောင်ပို့ဖို့ အချိန်သတ်မှတ်ခဲ့တယ်။ ပြီးတော့ ဆရာရဲ့ လံကြုပ်ဇာတ်လမ်းအတွက် အခန်းထဲမှာ ရှိသမျှ မီးတွေအကုန်လုံး ပိတ်ပစ်လိုက်တယ်။ ဒါမှ ည ၈ နာရီ ဒီအိမ် ပြန်လာတဲ့အချိန်မှာ မီးတွေမှိတ်ထားလို့ လူမရှိပါဘူးဆိုပြီး ဒေါ်သန္တာဆီ ဖုန်းဆက်မယ်။ သူ့ကို လှမ်းခေါ်ပြီး အိမ်ထဲကို အတူတူ ဝင်ကြမယ်။ အိမ်ထဲက အလောင်းကို မြင်တဲ့အချိန်မှာ အနားမှာ သက်သေတစ်ယောက်အနေနဲ့ ဒေါ်သန္တာ ရှိဖို့ လိုအပ်နေတယ် မဟုတ်လား”

ဝေဖြိုးက တစ်ဆက်တည်း ပြောချလိုက်ပြီး ခဏရပ်နေတယ်။ ကျွန်တော် ဘာစောဒက တက်ဦးမလဲလို့ စောင့်နေတာ ထင်တယ်။ ကျွန်တော်ကတော့ ဆိတ်ဆိတ်နေမြဲ။

“ကွန်ပျူတာစခရင် လင်းနေတဲ့ကိစ္စကိုလည်း ဆရာ့အနေနဲ့ သတိမထားမိဘဲ မနေလောက်ဘူး” သူက ဆက်ပြောတယ်။ “စခရင်က ထွက်တဲ့ အလင်းရောင်က အတော်လေး လင်းနေသေးတယ်။ ကွန်ပျူတာကလည်း ပိတ်လို့ မဖြစ်ဘူး။ မော်နီတာကိုပဲ ပိတ်လိုက်ရင် ရတယ်ဆိုပေမယ့် အဲဒီလို လုပ်လိုက်ရင် ပိုပြီး အန္တရာယ်ကြီးနိုင်တယ်။ မော်နီတာက ပိတ်နေပြီး ကွန်ပျူတာပဲ ပွင့်နေတာ သိသွားရင် ချက်ချင်း သံသယဝင်သွားနိုင်တယ်။ ဒီသံသယကနေ မူတည်ပြီး စဉ်းစားရင် ဆရာရဲ့ လံကြုပ်ဇာတ်လမ်းက လွယ်လွယ်နဲ့ ပေါ်သွားမှာပဲ”

ကျွန်တော် တံတွေးမျိုချဖို့ ကြိုးစားကြည့်ပေမယ့် ခံတွင်းတစ်ခုလုံး ခြောက်ကပ်နေတယ်။ ဝေဖြိုးနဲ့ မျက်လုံးချင်း ဆုံပြီး မကြည့်ရဲအောင် ဖြစ်နေတာ သတိထားမိတယ်။ သူhရဲ့ မျက်လုံးအစုံက ကျွန်တော့်ကို အူမချေးခါးမကျန် ဖောက်ထွင်းပြီး မြင်နေရသလိုပဲ။ အခင်းဖြစ်ပွားချိန်က ကျွန်တော် ဘယ်လိုတွေးခဲ့သလဲဆိုတာကို ဒုတ်ဒုတ်ထိ မြင်နိုင်တာ အံ့ဩစရာပဲ။

“ကျွန်တော့်အထင် ည ၅ နာရီခွဲ ပတ်ဝန်းကျင်မှာ ဦးသူရိန်အိမ်ကနေ ဆရာ ထွက်လာခဲ့တယ်မလား။ ပြီးတော့ ရင်သွေးစာအုပ်တိုက်က ကိုဦးဆီ ဖုန်းဆက်ပြီး စာမူကို အခုချက်ချင်း လာယူဖို့ ပြောတယ်။ မူလအစီအစဉ်အရ ကိုဦးဆီကို Fax နဲ့ စာမူပို့မယ့်အကြောင်း ကိုဦးဆီက သိခဲ့ရတယ်။ နောက်မှ အရေးတကြီး တိုင်ပင်စရာရှိလို့ လူချင်းတွေ့ဖို့ သူ့ကို လှမ်းခေါ်သတဲ့။ ရင်သွေးစာအုပ်တိုက်က ဒီကနေ အဝေးကြီး မဟုတ်တော့ မိနစ် (၃၀) အတွင်း ရောက်နိုင်တယ်” သူ့စကားကို ဆက်ပြောတယ်။ “ဒီကိစ္စကို မှတ်တမ်းမှာ ထည့်ရေးထားတာ မတွေ့ရဘူး။ ရေးထားတဲ့ပုံက နဂိုကတည်းကပဲ လူချင်းတွေ့ကြဖို့ ကြိုတင်ပြီး စီစဉ်ထားခဲ့သလိုလို”

ဒီကိစ္စမျိုးကို ထည့်ရေးဖို့ ဘယ်ဖြစ်နိုင်မှာလဲ။ ကျွန်တော်ကတော့ သက်ပြင်းတစ်ချက်နဲ့ပဲ အဖြေပေးလိုက်တယ်။

“ဘာဖြစ်လို့ ကိုဦးကို လာခိုင်းရတာလဲ။ အဖြေက ရှင်းပါတယ်။ အလီဘိုင် ပြပေးနိုင်အောင်ပေါ့။ ချိန်ကိုက်ထားတဲ့အတိုင်း ည ၆ နာရီခွဲမှာ ဦးသူရိန်ရဲ့ ကွန်ပslတာက ဒီကို ဖုန်းလှမ်းခေါ်တယ်။ အဲဒီအချိန်မှာ Fax က ချိတ်ဆက်မထားတော့ ကြိုးမဲ့ဖုန်းမှာပဲ လာမြည်တယ်။ တစ်ဘက်က လူသံမထွက်ဘဲ ကွန်ပျူတာကနေ စက်သံ ‘ဂွီဂွီဂွမ်ဂွမ်’ မြည်နေပေမယ့် ခင်ဗျားဘက်က လူတစ်ယောက်ယောက်နဲ့ စကားပြောနေသလို ဟန်ပါပါ သရုပ်ဆောင်ပြခဲ့တယ်။ ဘေးနားမှာ ထိုင်နေတဲ့ ကိုဦးတောင် ယုံသွားတာဆိုတော့ ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်က အတော်ကောင်းပုံပဲ။ ခင်ဗျားအနေနဲ့ ပြောချင်တာ ပြောပြီး ဖုန်းချလိုက်တာနဲ့ တစ်ဘက်ကွန်ပျူတာရဲ့ အလုပ်တာဝန်ကလည်း အလိုလို ပြီးဆုံးသွားတာပဲ။ ဒီ့နောက်ပိုင်းတော့ အတော်လွယ်သွားပြီ။ နဂိုချထားတဲ့ အစီအစဉ်အတိုင်း ဒေါ်သန္တာနဲ့အတူ ရုပ်အလောင်းကို တွေ့တဲ့ပုံစံ ဖန်တီးပြလိုက်ရုံပဲ။ ရဲတွေအလာကို စောင့်နေရင်း ဒေါ်သန္တာ သတိမထားမိတဲ့ အချိန်မှာ ကွန်ပျူတာထဲက ဖုန်းခေါ်မှတ်တမ်းကို ဖျက်ပစ်လိုက်တယ်”

ဝေဖြိုးက ကျွန်တော့်ကို ’ဆရာ’ လို့ မသုံးနှုန်းတော့ဘဲ ’ခင်ဗျား၊ ခင်ဗျား’ နဲ့ ဘယ်အချိန်ကစပြီး ခေါ်နေခဲ့တာလဲ ဆိုတာကိုတောင် ကျွန်တော် သတိမထားမိတော့ဘူး။ လူသတ်တရားခံတောင် ဖြစ်နေပြီဆိုမှတော့ အဲဒီလို ခေါ်တော့ရော ဘာအရေးလဲ။

“ခင်ဗျားရဲ့ ကြိုတင်အကွက်ချထားမှုက သိပ်ကို ပြီးပြည့်စုံလွန်းတယ်။ အချိန်တိုတိုအတွင်း ရုတ်တရက် ပေါ်လာတဲ့ အကြံမျိုးနဲ့ မတူဘူး။ ဒါပေမယ့် ဟာကွက်တစ်ခု ရှိနေတယ်”

“ဟာကွက် … ဘာလဲ”

“ဦးသူရိန်အိမ်က တယ်လီဖုန်း။ တကယ်လို့ ဦးသူရိန်က အမှန်အကန် ဖုန်းခေါ်ခဲ့တာ ဆိုရင်တော့ ပြန်ခေါ်ခလုတ် Redial ကို နှိပ်လိုက်ရင် နောက်ဆုံး ဆက်ထားတဲ့ ဖုန်းကို ပြန်ခေါ်ပေးမှာပဲ”

အား! ကျွန်တော် စိတ်ထဲမှာ အော်လိုက်မိတယ်။

“ဒါပေမယ့် ပြန်ခေါ်တဲ့ ဖုန်းက ဒီအိမ်ကို မဟုတ်ဘဲ ဗန်ကူးဗားကို ဖြစ်နေတယ်။ သူ့ဇနီးရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်တဲ့နေ့ နံနက် ၆ နာရီလောက်မှာ အဲဒီဖုန်းနံပါတ်ဆီကိုပဲ ဦးသူရိန်က ဖုန်းခေါ်ခဲ့တယ်။ ဦးသူရိန်က ဒီကို ဖုန်းဆက်ပြီးကာမှ ကနေဒါကို နောက်တစ်ခါ ထပ်ခေါ်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ဒီနဲ့ ကနေဒါရဲ့ အချိန်ကွာဟချက်အရ အဲဒီအချိန်ဟာ ကနေဒါမှာ ညကြီးသန်းခေါင် ဖြစ်နေမှာမို့ အဲဒီ ဖြစ်နိုင်ခြေက အတော်နည်းတယ်။ ဒါက ကျွန်တော့် အမြင်ပေါ့လေ”

နောက်ဆုံး ဝေဖြိုးက “ကျွန်တော် ပြောလို့ပြီးပြီ” ဆိုပြီး သူ့စကားကို အဆုံးသတ်လိုက်တယ်။

တစ်ဆက်တည်း တိတ်ဆိတ်မှုတွေ လွှမ်းမိုးသွားတယ်။ ဝေဖြိုးအနေနဲ့ ကျွန်တော်ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပုံရတယ်။ ကျွန်တော်ရဲ့ ခေါင်းထဲမှာတော့ ဟာလာဟင်းလင်း ဖြစ်နေပြီး ပြောစရာစကား တစ်လုံးမှ မရှိတော့သလိုမျိုး။

“ဘာမှ စောဒကတက်စရာ မရှိတော့ဘူးလား” သူက အံ့အားသင့်တဲ့ ပုံစံနဲ့ ပြောတယ်။

ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ သူနဲ့ အကြည့်ချင်း လာဆုံတယ်။ သူ့ရဲ့ အကြည့်တွေက စူးရှနေပေမယ့် ရန်လိုတဲ့ သဘောမျိုး မတွေ့ရဘူး။ ရဲတစ်ယောက်က တရားခံကို ကြည့်တဲ့ အကြည့်မျိုးနဲ့ မတူတော့ စိတ်ထဲမှာ အနည်းငယ် ပေါ့ပါးသွားတယ်။

“အခု ပြောခဲ့သမျှထဲမှာ စာမူအကြောင်း လုံးဝ မပါဘူးနော်။ သူရိန်ရဲ့ ကွန်ပျူတာထဲက အခန်းဆက်ဝတ္ထု <ရေခဲမုခ်ဦး> လေ။ တကယ်လို့ မင်းရဲ့ ယူဆချက်က အကုန်လုံး အမှန်တွေချည်းပဲ ဆိုရင် သူ ဘယ်အချိန်က အဲဒီစာမူတွေကို ရေးခဲ့တာလဲ”

ဝေဖြိုးက နှုတ်ခမ်းတင်းတင်းစေ့ရင်း မျက်နှာကျက်ကို မော့ကြည့်နေတယ်။ သူ့မှာ ဖြေစရာ စကားမရှိလို့လား။ ဒါမှမဟုတ် ဘယ်လိုဖြေရရင် ပိုကောင်းမလဲဆိုတာ စဉ်းစားနေတာလား။

သူ့နှုတ်ခမ်း လှုပ်လာတယ်။ “ကျွန်တော်အမြင်က နှစ်ခု ရှိတယ်။ တစ်ခုက – ဒီစာမူတွေကို နဂိုကတည်းက သူ ရေးထားပြီးသား။ ဒီအကြောင်းကို ခင်ဗျားက သိနှင့်ပြီးသားမို့ အဲဒီစာမူကို အသုံးချပြီး အလီဘိုင်ပြနိုင်အောင် သက်သေတည်ဆောက်ထားခဲ့တယ်”

“နောက်တစ်ခုကရော”

“နောက်တစ်ခုက” သူ ကျွန်တော့်ကို စိုက်ကြည့်ပြီး “အဲဒီစာမူတွေက ခင်ဗျားရေးတာပဲ ဖြစ်မယ်။ အဲဒီနေ့က စာမူပါတဲ့ ဖိုင်ကို ခင်ဗျားကိုယ်နဲ့မကွာ ယူသွားပြီး အလီဘိုင်ပြနိုင်ဖို့ ဦးသူရိန်ရဲ့ ကွန်ပျူတာထဲကို နောက်မှ ကူးထည့်ထားခဲ့တယ်”

“အတော်ရဲတင်းတဲ့ ယူဆချက်ပဲ” ကျွန်တော် ကြိုးစားပြီး ပြုံးလိုက်ပေမယ့် ကျွန်တော့်မျက်နှာပြင်တစ်ခုလုံး တင်းမာနေတာကို သတိထားမိတယ်။

“အဲဒီစာမူကို ယူပြီး ကျွန်တော် သော်တာမဂ္ဂဇင်းတိုက်ရဲ့ အယ်ဒီတာချုပ်ကို ပြကြည့်တယ်။ တခြားလူတစ်ယောက် ရေးထားတာဖြစ်မယ်လို့ သူက ယူဆသတဲ့။ သုံးနှုန်းထားတဲ့ စကားလုံးနဲ့ ဝါကျတည်ဆောက်ပုံတွေက မတူဘူး။ ပုဒ်ဖြတ်ပုဒ်ရပ်နဲ့ စာပိုဒ်ပုံစံ ချပုံတွေမှာ ကွဲလွဲတာတွေ အများကြီး တွေ့ရတယ်”

“မင်းဆိုလိုတာက …. ” ကျွန်တော့်အသံတွေ တိမ်ဝင်သွားလို့ ချောင်းတစ်ချက် ဟတ်လိုက်ပြီး “ငါက အစောကြီးကတည်းက သူ့ကို သတ်ဖို့ ရည်ရွယ်ထားလို့ စာမူကို အသင့်ပြင်ထားတယ် ဆိုပါတော့”

“ကျွန်တော်တော့ အဲဒီလို မထင်ဘူး။ နဂိုကတည်းက ကြိုတင်ကြံစည်ခဲ့မယ်ဆိုရင် စာမူကိုလည်း အတုအစစ် ခွဲမရအောင် ကြိုတင် ပြင်ဆင်ထားမှာပဲ။ ဒါက သိပ်ခက်တဲ့ကိစ္စမှ မဟုတ်တာ။ ပြီးတော့ လူသတ်လက်နက်က စက္ကူဖိတုံး ဖြစ်နေတာရယ်၊ ကိုဦးကို ရုတ်တရက် ဖုန်းဆက်ခေါ်ရတာရယ်ကို ထောက်ရင် ရုတ်တရက် ကြံစည်ရတယ်လို့ပဲ တွက်ရမယ်”

“ဒါဆို စာမူကို ကြိုတင်ရေးထားပါတယ် ဆိုတာကရော ဘယ်လိုဖြေရှင်းမလဲ”

“စဉ်းစားစရာက အဲဒါပဲ။ ခင်ဗျားဆီမှာ ဘာဖြစ်လို့ <ရေခဲမုခ်ဦး> ဝတ္ထုရဲ့ စာမူ ရှိနေရတာလဲ။ မဟုတ်သေးဘူး။ တကယ်တမ်း မေးရမှာက ခင်ဗျား ဘာဖြစ်လို့ အစောကြီးကတည်းက ဒီစာမူကို ရေးနေရတာလဲ။ ကျွန်တော်အနေနဲ့ အဲဒီကိစ္စကို အတော်လေး စိတ်ဝင်စားတယ်။ ဒါက ဦးသူရိန်ကို သတ်ဖြတ်ရတဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်မယ် ထင်တယ်”

စိတ်လှုပ်ရှားနေတာကို မမြင်ရအောင် ကျွန်တော် မျက်စိမှိတ်လိုက်တယ်။ “မင်းအခု ပြောခဲ့သမျှ အကုန်လုံးက မင်းရဲ့ ယူဆချက် သက်သက်ပဲ မဟုတ်လား။ မင်းမှာ ဘာသက်သေမှ မရှိဘူး”

“ဟုတ်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီအခန်းကို ရှာဖွေချင်တာပေါ့။ ဒီလောက် ပြောထားပြီးပြီဆိုတော့ ကျွန်တော်တို့ ဘာရှာချင်တာလဲဆိုတာ ခန့်မှန်းလို့ ရလောက်ရောပေါ့”

ကျွန်တော် ဘာမှ ပြန်မပြောမှန်းသိတော့ သူက ဆက်ပြီး “ခုနက ပြောခဲ့တဲ့ စာမူ။ တကယ်လို့သာ အလီဘိုင်ပြဖို့ သက်သက်အတွက် ဒီစာမူကို ရေးခဲ့တာ ဆိုရင်တော့ အခုလောက်ဆိုရင် အဲဒီစာမူကို ဖျောက်ဖျက်ပြီးနေလောက်ပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။ အိမ်ခန်းထဲက တစ်နေရာရာမှာ ရှိကို ရှိနေရဦးမယ်”

ကျွန်တော် ခေါင်းမော့လိုက်တော့ သူ့ရဲ့ အကြည့်နဲ့ ဆုံမိကြပြန်တယ်။ ဒီတစ်ခါတော့ ဘာကြောင့်မှန်းမသိဘူး။ သူ့အကြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်နိုင်ခဲ့တယ်။ ကျွန်တော့်စိတ်တွေကို တည်ငြိမ်သွားအောင် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်တယ်။

“ရှာမယ့်ဟာ တွေ့ခဲ့ရင် ငါ့ကို ဖမ်းကြမယ်ပေါ့”

“အဲဒီလိုပဲ လုပ်ရမှာပေါ့။ ဝမ်းနည်းပါတယ်”

“အခုချိန် ဝန်ခံမယ် ဆိုရင်ရော”

ဝေဖြိုးက ခေါင်းကို ခါယမ်းလိုက်ပြီး “စိတ်မကောင်းပါဘူး။ ဒီအခြေအနေ ရောက်မှ ဖြောင့်ချက်ပေးမယ်ဆိုလည်း ဘာမှ မထူးတော့ဘူး။ နောက်ပြီး အခုချိန်မှာ ခုခံနေမယ်ဆိုရင်လည်း အကျိုးမဲ့တွေ ဖြစ်ကုန်ပါလိမ့်မယ်”

“ဟုတ်လား” ကျွန်တော့် အကြောအချဉ်တွေ ပျော့ခွေသွားသလို ခံစားလိုက်ရတယ်။ စိတ်ပျက်အားငယ်တဲ့ ခံစားမှုနဲ့အတူ စိတ်လက်ပေါ့ပါးသွားတဲ့ ခံစားမှုကိုလည်း ရလိုက်တယ်။ ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူးလေ။ “မင်း ငါ့ကို ဘယ်အချိန်က စပြီး သံသယ ဝင်ခဲ့တာလဲ”

“အခင်းဖြစ်တဲ့ ညက” သူပြန်ဖြေတယ်။

“အဲဒီညက … ငါ ဘာထပ်မှားခဲ့ပြန်တာလဲ”

“အင်း” သူ ခေါင်းညိတ်ပြတယ်။ “ရဲဘက်က တွက်ဆထားတဲ့ အသတ်ခံရချိန်ကို ခင်ဗျား မေးခဲ့တယ်လေ”

“အဲဒါ ဘာမှားလို့လဲ”

“လုံးဝမှားတာပေါ့။ ၆ နာရီကျော် အချိန်က ခင်‌ဗျား သူနဲ့ ဖုန်းပြောခဲ့တယ်။ နောက်ပြီး ည ၈ နာရီမှာ လူသတ်မှုက ဖြစ်ပြီးနေပြီ။ ဒါတွေအားလုံး ခင်ဗျားအနေနဲ့ သိနှင့်နေပြီးသား။ ဒါကြောင့် သေတဲ့အချိန်က ဘယ်လိုတွက်တွက် အဲဒီအချိန်နှစ်ခု ကြားမှာပဲ ရှိနေမှာကို သိပါလျက်နဲ့ တမင်သက်သက် ရဲတွေဆီ အချိန်မေးနေခဲ့တယ်”

“အို”

“ဒုတိယရက်ရောက်တော့လည်း စားသောက်ဆိုင်မှာထိုင်ရင်း ဒီမေးခွန်းကိုပဲ ထပ်မေးပြန်တယ်။ အဲဒီအချိန်ကတည်းက ကျွန်တော် သဘောပေါက်လိုက်ပြီ။ ခင်ဗျား သိချင်နေတာက သေမှုသေခင်း တကယ် ဖြစ်တဲ့အချိန် မဟုတ်ဘဲ မှုခင်းရဲအနေနဲ့ လူသေချိန်ကို ဘယ်အချိန် သတ်မှတ်မလဲ ဆိုတာကိုပဲ”

သူထင်တဲ့ အတိုင်းပါပဲ။ ကိုယ်စီစဉ်ထားသလို ဖြစ်ရောဖြစ်ပါ့မလားလို့ ကျွန်တော် အစိုးရိမ်လွန်သွားခဲ့တယ်။ “မင်းဟာ အင်မတန်တော်တဲ့ စုံထောက်ကောင်းတစ်ယောက်ဆိုတာ ငါ ဝန်ခံရလိမ့်မယ်”

“ကျေးဇူးပါပဲ” သူတစ်ချက် ဦးညွတ်လိုက်ရင်း ဆက်ပြောတယ်။ “ဒါဆို ကျွန်တော်တို့ ထွက်ခွာလို့ ရပြီလား။ စိတ်မကောင်းပါဘူး။ ကျွန်တော်အနေနဲ့ ခင်ဗျားကို မျက်စိရှေ့က အပျောက်ခံလို့ မဖြစ်ဘူး။ အရင်အတွေ့အကြုံအရ တရားခံတွေကို ဖမ်းဆီးတဲ့အခါမှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်လို့ပါ”

သူ ဘာဆိုလိုသလဲဆိုတာ ကျွန်တော် သဘောပေါက်တယ်။ “မပူပါနဲ့၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှာ မဟုတ်ပါဘူး” ကျွန်တော် ပြုံးပြီး ပြောလိုက်တယ်။ တကယ့်ကို ရင်ထဲက ထွက်ပေါ်လာတဲ့ အပြုံးမျိုး။

“မလုပ်ဘူးလို့ပဲ မျှော်လင့်မိပါတယ်” ဝေဖြိုးကလည်း ပြုံးလျက်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *