မာတိကာကြည့်ရန်

(ဆ)

ကျွန်တော် တိုက်ခန်းပြန်ရောက်တော့ တံခါးရွက်မှာ စာရွက်ပိုင်းလေးတစ်စောင် ကပ်ထားတယ်။ “အရင်တစ်ခေါက်က သွားခဲ့တဲ့ ထမင်းဆိုင်မှာ ကျွန်တော် ရှိနေမယ်။ ဖုန်းဆက်ပေးပါ။ ဝေဖြိုး” အောက်မှာ ဖုန်းနံပါတ်တစ်ခုလည်း ထည့်ရေးထားတယ်။ ထမင်းဆိုင်ရဲ့ ဖုန်းနံပါတ်ပဲ ဖြစ်လိမ့်မယ် ထင်တယ်။

ကျွန်တော် အခန်းထဲဝင်ပြီး အဝတ်အစား လဲတယ်။ ဖုန်းဆက်မနေတော့ဘဲ ထမင်းဆိုင်ဆီ တန်းသွားလိုက်တယ်။ ဝေဖြိုးက ပြတင်းပေါက်နား ကပ်နေတဲ့ ထိုင်ခုံမှာ ထိုင်ပြီး စာအုပ်တစ်အုပ် ဖတ်‌နေတယ်။ စာအုပ်က အဖုံးဖုံးထားတော့ စာအုပ် မျက်နှာဖုံးကို မမြင်ရဘူး။ ကျွန်တော် ဝင်လာတာမြင်တော့ မတ်တတ်ရပ်ပြီး လက်ကမ်းပေးတယ်။ “ရပါတယ်။ ထိုင်ပါ ထိုင်ပါ”

“ဒီလောက် ပင်ပန်းနေတာတောင် ဒီကို လာခိုင်းရတာ အားနာစရာပါပဲဆရာ” သူက ခေါင်းကို ငုံ့လျက် ပြောတယ်။ ဒီနေ့ သူရိန်ရဲ့ အသုဘ အခမ်းအနားရှိတာ သိထားပြီးပုံပဲ။

ကျွန်တော်က စားပွဲထိုးဆီ နွားနို့တစ်ခွက် မှာပြီး ထိုင်လိုက်တယ်။

“မင်းရဲ့ ရည်ရွယ်ချက်ကို ငါသိတယ်။ ဒါအတွက် လာတာမလား” ကျွန်တော် အင်္ကျီအိတ်ထဲက စာရွက်တစ်ထပ် ဆွဲထုတ်ပြီး သူ့အရှေ့မှာ ချထားလိုက်တယ်။ ဒါ မနေ့က ရေးထားတဲ့ဟာတွေ၊ အပြင်မထွက်ခင်ကတည်းက မိတ္တူဆွဲထားတာ။

“ကျေးဇူးပါပဲဗျာ” သူက စာရွက်တွေကို လှမ်းယူလိုက်ပြီး အခုပဲ ဖတ်တော့မယ့်ပုံမျိုး။

“တောင်းပန်ပါတယ်ကွာ၊ ဒီမှာတော့ မဖတ်ပါနဲ့။ မနေ့ကအပိုင်းကို ဖတ်ပြီးသွားပြီဆိုရင် မင်းအကြောင်းတွေ ထည့်ရေးထားတယ်ဆိုတာ မင်းလည်း သိမှာပဲ။ ငါ မျက်နှာပူလို့ပါကွာ”

သူက တစ်ချက် ပြုံးလိုက်ပြီး “ဒါဆို ကျွန်တော် နောက်မှ ဖတ်တော့မယ်” သူက စက္ကူထပ်ကို သေချာခေါက်ပြီး သူ့အင်္ကျီအိတ်ထဲ သိမ်းလိုက်တယ်။

“ဒါနဲ့ …” ကျွန်တော် ရေတစ်ငုံသောက်ပြီး “ငါ့မှတ်တမ်းက အမှုအတွက် အသုံးဝင်ရဲ့လား”

“ဝင်တာပေါ့” ဝေဖြိုးက ချက်ချင်းပြန်ဖြေတယ်။ “အခင်းဖြစ်တဲ့ မြင်ကွင်းကို ရေးထားတဲ့အပိုင်းဆိုရင် တချို့ကိစ္စတွေက ပြောလို့ နားထောင်ရတာထက် သူတို့ကိုယ်တွေ့ ရေးထားတဲ့စာကို ဖတ်ရတာက ပိုပြီး တိကျပြည့်စုံနေတတ်တယ်။ ဖြစ်နိုင်ရင်ဗျာ …၊ အမှုတိုင်းမှာ မျက်မြင်သက်သေတွေက အခုလို ရေးပေးနိုင်ရင် တော်တော် အလုပ်ရှုပ် သက်သာသွားမှာပဲ”

“အသုံးဝင်တာ ကြားရတော့ ဝမ်းသာပါတယ်”

အဲဒီအချိန် စားပွဲထိုးက ကျွန်တော်မှာထားတဲ့ နွားနို့ လာချပေးတယ်။

“ကြောင်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရလဲ” ကျွန်တော်က မေးလိုက်တယ်။

“လန့်သွားတာပေါ့” သူက ပြောတယ်။ “ကြောင်တွေ သောင်းကျန်းတာမျိုးကတော့ ကျွန်တော်လည်း ကြားဖူးနေတာပဲ။ ဒါပေမယ့် ဒီလို ကိစ္စလေးအတွက် အဲဒီလောက် လုပ်ပစ်တာတော့ ပထမဆုံး ကြားဖူးခြင်းပဲ”

“ကြောင်ပိုင်ရှင် အမျိုးသမီးကိုရော ထောက်လှမ်းဦးမှာလား”

“ကျွန်တော် အထက်ကို တင်ပြလိုက်တော့ သူတို့ လူလွှတ်ပြီး ချက်ချင်း စုံစမ်းခိုင်းထားပြီ”

“ဪ” ကိုယ့်ကြောင့် အစစ်အဆေး ခံရတာဆိုတော့ စိတ်ထဲက မကောင်းဘူး။ “ကျန်တဲ့အပိုင်းကတော့ ငါတို့ ဆွေးနွေးထားကြတာနဲ့ အတူတူပဲ မဟုတ်လား”

သူက ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ရေးထားတဲ့ အသေးစိတ် ဖြစ်စဉ်တွေက အတော်လေး အသုံးတည့်တယ်”

“ဘယ်လိုမျိုးလဲ”

“ဆရာနဲ့ ဦးသူရိန် အခန်းထဲမှာ စကားစမြည် ပြောကြတဲ့အပိုင်းပေါ့။ ဦးသူရိန်က ဆေးလိပ်တစ်လိပ် သောက်ကြောင်း ရေးထားတာ တွေ့တယ်။ တကယ်လို့သာ ဆရာရဲ့ မှတ်တမ်းကို မဖတ်ရရင် အဲဒီအကြောင်း ဘယ်လိုလုပ် သိနိုင်ပါ့မလဲ”

“တကယ်တမ်း သူသောက်တာ တစ်လိပ်လား၊ နှစ်လိပ်လားဆိုတာ အသေအချာကြီးတော့ မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါမှတ်မိတာကတော့ သူအဲဒီအချိန်က ဆေးလိပ်ထုတ်သောက်တယ်။ ဒါကြောင့် ချရေးဖြစ်တာပဲ”

“မဟုတ်ဘူး။ သူသောက်တာ တစ်လိပ်တည်းပဲ” သူက ယုံကြည်မှုအပြည့်နဲ့ ပြောတယ်။ “မှားစရာ မရှိဘူး”

ဒီကိစ္စက သူတို့ အမှုလိုက်တာနဲ့ ဘယ်ပုံဘယ်နည်း ပတ်သက်နေသလဲဆိုတာ ကျွန်တော်တော့ နားမလည်နိုင်ဘူး။ စုံထောက်တွေအနေနဲ့ ရုပ်ဝတ္ထုတွေအပေါ် အထူးစိတ်ဝင်စားတတ်တဲ့ ဉာဉ်တစ်မျိုးပဲ ဖြစ်မယ်ထင်တယ်။

အသုဘအခမ်းအနားပြီးတော့ မလင်းလင်းမော်နဲ့ စကားပြောဖြစ်တဲ့အကြောင်း ဝေဖြိုးကို ပြောပြလိုက်တယ်။ သူက အတော်စိတ်ဝင်စားနေတဲ့ပုံ။

“သူ့ဆီက ဘာမှ မေးလို့ မရခဲ့ဘူး” ကျွန်တော်က ပြောလိုက်တယ်။ “အခင်းဖြစ်တဲ့အချိန်က သူ အဲဒီနေရာမှာ မရှိပါဘူးလို့ သက်သေပြနိုင်ရဲ့လား”

“တခြားရဲဘော်တစ်ယောက်က သူ့ကိစ္စကို စစ်ဆေးရတာပါ။ အလီဘိုင် ပြနိုင်တယ်လို့ ကြားတယ်”

“ဒီလိုလား။ ဒါဆို သူ့ကို ထည့်စဉ်းစားစရာ မလိုတော့ဘူးပေါ့”

“ဆရာက သူ့အပေါ် သံသယရှိလို့လား”

“သံသယ ရယ်လို့လည်း မဟုတ်ပါဘူး။ သူရိန်ကို သေစေလိုတဲ့ စေတနာ သူ့မှာ ရှိနိုင်တာပေါ့”

“ဆရာပြောတဲ့ ‘သေစေလိုတဲ့ စေတနာ’ ဆိုတာက သူ့အစ်ကိုကိစ္စကို ပြောတာလား။ ဒါပေမယ့် ဦးသူရိန်ကို သတ်ပစ်လိုက်တော့ရော ပြဿနာက ပြေလည်သွားမှာမှ မဟုတ်ဘဲ။ မဟုတ်ဘူးလား”

“ငါစဉ်းစားနေတာ။ ပြဿနာကို ဖြေရှင်းပေးလိုတဲ့ သဘောထား ဆန္ဒ မတွေ့ရလို့ ဒေါသဖြစ်ပြီး ‘သေရင်အေးတာပဲ’ လို့များ ကြံစည်ခဲ့ရော့သလား”

“သူ ဦးသူရိန်ရဲ့ အိမ်ကနေ ထွက်တော့ ဟိုက မသေသေးဘူးလေ”

“ဒါမှမဟုတ် ထွက်သွားပြီးခါမှ နောက်တစ်ခေါက် လှည့်ပြန်လာရင်ရော”

“လူသတ်ဖို့လား”

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

“ဒါပေမယ့် အဲဒီတုန်းက သူ့ဇနီး အိမ်မှာ ရှိသေးတယ်”

“ဒါမှမဟုတ် အိမ်ထဲက တစ်နေရာရာမှာ ပုန်းနေပြီးတော့ သူ့ဇနီး အပြင်ထွက်သွားမှ စလှုပ်ရှားရင်ရော”

“မလင်းလင်းမော်က ဒေါ်သန္တာ အပြင်သွားလိမ့်မယ်လို့ ကြိုသိပါ့မလား”

“ဒါက နည်းနည်း အစ်အောက်ကြည့်ရင် သိနိုင်တာပဲ”

ဝေဖြိုးက သူ့လက်နှစ်ဘက်လုံး စားပွဲပေါ်တင်ရင်း လက်ဖဝါးနှစ်ဘက်ကို ယှက်လျက်ထားပြီး လက်မနှစ်ချောင်းကို ပူးချီခွာချီနဲ့ စဉ်းစားခန်း ဝင်နေတယ်။ ခဏကြာတော့ သူက “သူ တံခါးမကြီးကနေ ဝင်မယ်ပေါ့၊ အဲဒီလိုလား”

“ဟင့်အင်း၊ ပြတင်းပေါက်ကနေ ဖြစ်မယ်။ တံခါးမကြီးက သော့ခတ်ထားတယ်”

“စကပ်တို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ပြတင်းပေါက်ကနေ ကျော်ဝင်မယ် …” သူက ရယ်ချင်နေသလိုလို။ “အဲဒါကို ဦးသူရိန်က မိန့်မိန့်ကြီး ထိုင်ကြည့်နေမယ်ပေါ့”

“သူရိန် အိမ်သာသွားတက်တဲ့အချိန် ခိုးဝင်ပြီး သူ့ပြန်မရောက်ခင် တံခါးအနောက်မှာ ပုန်းပြီး စောင့်နေမယ်”

“စက္ကူဖိ ကြေးရုပ်ကို ကိုင်ပြီးတော့လား” ဝေဖြိုးက ပစ္စည်းတစ်ခုခု ကိုင်မြှောက်ထားဟန် လက်တစ်ဘက်ကို မြှောက်ပြတယ်။

“အဲဒီလို ဖြစ်လောက်တယ်။ သူရိန် အခန်းထဲ ဝင်လာပြီ ဆိုတာနဲ့” ကျွန်တော်က လက်နဲ့ ခေါင်းကို ရိုက်ချတဲ့ပုံစံ လုပ်ပြပြီး “သူ့နောက်စေ့တည့်တည့်ကို တွယ်ထည့်လိုက်မှာပဲ”

“အင်း ….၊ နောက်တော့ရော”

ဝေဖြိုး ရှေ့ရက်က ပြောထားတာကို ပြန်စဉ်းစားပြီး “ကြိုးနဲ့ လည်ပင်းကို ဆွဲညှစ်မယ်။ …… အဲ၊ ဖုန်းကြိုးနဲ့ ဟုတ်တယ်မလား။ ပြီးတော့ ထွက်ပြေးတာပေါ့”

“ဘယ်ကနေ ထွက်မလဲ”

“ပြတင်းပေါက်ကပဲပေါ့။ တံခါးမကြီးကနေဆိုရင် ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ တံခါးက လော့ခ်ပွင့်နေရမှာလေ”

သူ ကော်ဖီခွက်ကို လှမ်းကိုင်လိုက်တဲ့အချိန်မှ ခွက်ထဲမှာ ကော်ဖီမကျန်တော့မှန်း သတိထားမိပြီး ခွက်ကို စားပွဲပေါ် ပြန်ချလိုက်တယ်။ “ဘာဖြစ်လို့ သူက တံခါးမကြီးကနေ ထွက်မသွားနိုင်ရတာလဲ”

“ဒါတော့ ငါလည်း စဉ်းစားလို့ မရဘူး။ လူမြင်သွားမှာ စိုးလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ တရားခံတစ်ယောက်ရဲ့ သိမ်ငယ်မှုတစ်မျိုးပဲလေ။ လက်တွေ့မှာ သူက အလီဘိုင်ပြနိုင်မှတော့ စောစောက ပြောသမျှဟာ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်တော့မှာပေါ့”

“အင်း ဟုတ်တာပဲ” သူက ပြောတယ်။ “သူက အလီဘိုင် ပြနိုင်တော့ စောစောက ဆရာပြောခဲ့သမျှကို ကျွန်တော်ကလည်း စိတ်ကူးနဲ့ ပုံမှန်းကြည့်ရုံ သက်သက်ပါပဲ”

ကျွန်တော်ရဲ့ စကားကို သူက ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်ပြောလိုက်တာ ကြားရတော့ စိတ်ထဲ တစ်မျိုးကြီးရယ်။ “မေ့ပစ်လိုက်ပါကွာ”

“အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ မှန်းဆချက် တစ်ခုပါ။ ထားပါတော့။ ဆရာ ကျွန်တော်ကို နောက်တစ်ခုလောက် ကူစဉ်းစားပေးလို့ ရမလား”

“ငါက ဒါမျိုးကိစ္စမှာ ကျွမ်းကျင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဘာများလဲ၊ ပြောကြည့်ပါဦး”

“လူသတ်သမားက အိမ်က မထွက်ခင် ဘာကြောင့် မီးပိတ်သွားရတာလဲ”

“အဲဒါက …..” ကျွန်တော် စဉ်းစားလိုက်ပြီး “အိမ်မှာ ဘယ်သူမှ မရှိဘူးလို့ ထင်စေချင်လို့ နေမှာပေါ့။ တကယ်လို့ တစ်ယောက်ယောက် အလည်လာခဲ့ရင် လူမရှိဘူးဆိုပြီး လှည့်ပြန်သွားမှာလေ။ ဒါမှ အလောင်းကို နောက်ကျပြီး တွေ့မှာ။ အိမ်ခန်းတွင်း မှောင်မဲနေတာကို ငါ မြင်တုန်းကလည်း တကယ်ပဲ လူမရှိဘူးလို့ ထင်ခဲ့တာ”

“လူသတ်သမားက အလောင်းကို နောက်ကျမှ မြင်စေချင်တယ်လို့ ဆရာ ဆိုလိုတာလား”

“ပြစ်မှုကျူးလွန်သူရဲ့ စိတ်သဘောထားလို့ ပြောရမယ် ထင်တယ်”

“ဒါဆို” သူက ပြောတယ်။ “ကွန်ပျူတာက ဘာလို့ ပွင့်နေတာလဲ”

“ကွန်ပျူတာ …”

“ဟုတ်တယ်။ ဆရာရဲ့ မှတ်တမ်းထဲမှာလည်း မှတ်ထားတာ တွေ့တယ်။ အခန်းထဲ ဝင်တုန်းက ကွန်ပျူတာစခရင်ရဲ့ အလင်းရောင်ကို မြင်ရတယ်လို့ ရေးထားတယ်”

“အဲဒါ အမှန်ပဲ။ ကြည့်ရတာ ကွန်ပျူတာကို ဖွင့်လျက်ထားလည်း ဘာအရေးလဲလို့ လူသတ်သမားက ယူဆပုံရတယ်”

“မနေ့က ကျွန်တော် အိမ်ပြန်ရောက်တော့ တစ်ခု လက်တွေ့စမ်းကြည့်တယ်။ အခန်းထဲက ရှိသမျှမီးတွေ အကုန်လုံး ပိတ်ပစ်လိုက်ပြီးတော့ ကွန်ပျူတာစခရင်တစ်ခုပဲ ဖွင့်ထားတယ်။ အတော်ကို လင်းနေသေးတာပဲလို့ သတိထားမိတယ်။ ပြတင်းပေါက် အပြင်ဘက်ကနေ လှမ်းကြည့်ရင်လည်း လိုက်ကာကတဆင့် အလင်းတွေ ဖောက်ထွက်နေသေးကြောင်း တွေ့ရတယ်။ တကယ်လို့ လူမရှိဘူးလို့ သိစေချင်တာ မှန်ရင်တော့ ကွန်ပျူတာ စခရင်ပါ ပိတ်ပစ်မှ သဘာဝကျလိမ့်မယ်”

“ကွန်ပျူတာကို ဘယ်လို ပိတ်ရမလဲဆိုတာ မသိလို့ပဲလား။ ကွန်ပျူတာနဲ့ မရင်နှီးတဲ့သူက ဘယ်လိုပိတ်ရမှန်း မသိဘူးဆိုတာ ထူးတော့ မထူးဆန်းဘူး”

“မော်နီတာကို ပိတ်ချင်ရင် ခက်တာမှ မဟုတ်ဘဲ။ အဖွင့်အပိတ်ခလုတ်ကို နှိပ်လိုက်ရုံပဲလေ။ ဒါမှ မသိဘူးဆိုရင်လည်း ဓာတ်ကြိုးကို ဆွဲဖြုတ်လိုက်ရုံပေါ့”

“အဲဒါကို သတိမထားမိတာ နေမှာ”

ဝေဖြိုးက ကျွန်တော့်ကို သေချာ စိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ “ဟုတ်မှာပါ၊ အာရုံမစိုက်မိတာ ဖြစ်မယ်”

နောက်တော့ ကျွန်တော်လည်း ဘာဆက်ပြောရမှန်း မသိတာနဲ့ ဆိတ်ဆိတ်ပဲ ငြိမ်နေလိုက်တယ်။

“အခုလို အချိန်ပေးတာ ကျေးဇူးတင်ပါတယ်ဆရာ” ပြောပြီး ဝေဖြိုး မတ်တတ်ထရပ်လိုက်တယ်။ “ဒီနေ့တစ်နေ့တာအတွက်လည်း ချရေးထားမှာပဲ မဟုတ်လား”

“စိတ်ကူးထားပါတယ်”

“ကျွန်တော့်ကို ပေးဖတ်ဦးမယ်မလား”

“အင်း ရပါတယ်”

သူ ကောင်တာဘက် လျှောက်သွားပြီး လမ်းခုလပ်မှာ ရပ်ရင်း “ကျွန်တော်က တကယ်ပဲ ကျောင်းဆရာအလုပ်နဲ့ မသင့်လျော်တာလား”

ကျွန်တော်ရဲ့ မှတ်တမ်းမှာ အဲဒီသဘောသွားမျိုး ရေးမိတယ် ထင်တယ်။

“အဲဒါကလည်း ငါရဲ့ တစ်ဘက်သတ် အမြင်ပါကွာ”

သူ ခေါင်းငုံ့ရင်း လေကို ခပ်ဖြည်းဖြည်း မှုတ်ထုတ်လိုက်ပြီး ထွက်သွားတော့တယ်။ ဝေဖြိုး အခုချိန် ဘာအကြောင်းများ တွေးနေလိမ့်မလဲ။ အမှုနဲ့ ပတ်သက်ပြီး သူသိထားတာ တစ်ခုခုများ ရှိနေပြီလား။ သူ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ရင် သိပ်ကောင်းမှာပဲ။

 

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *