မာတိကာကြည့်ရန်

(ဃ)

သူရိန် အသတ်ခံရတဲ့သတင်းက သတင်းစာထဲမှာတောင် ပါလာပြီ။ မနေ့ညက တီဗီမကြည့်ဖြစ်တော့ သတင်းပါမပါ မပြောတတ်ဘူး။ အခုလို နာမည်ကြီးလူတစ်ယောက်ရဲ့ သတင်းမျိုးကို အနံ့ခံပြီး မီဒီယာတွေက အလုအယက် ပြောချင်ကြမှာတော့ အသေအချာပဲ။ စုံနိုင်သမျှစုံအောင် သိနိုင်သမျှ သိအောင် လေ့လာပြီး ဓာတ်ပုံတွေနဲ့တကွ မီဒီယာတွေမှာ အပြိုင်အဆိုင် သတင်းတွေ လုတင်နေကြတာ။

သတင်းအားလုံးရဲ့ အနှစ်သာရကတော့ ဖြစ်ရပ်မှန်နဲ့ အတော်လေး နီးစပ်ပါတယ်။ ဒါပေမယ့် အလောင်း စတွေ့တဲ့ အပိုင်းကို ရေးထားကြတာက “အိမ်တွင်းမှာ မှောင်မဲနေတဲ့အကြောင်း မိတ်ဆွေတစ်ယောက်က အကြောင်းကြားလို့ ဇနီးဖြစ်သူ ဒေါ်သန္တာက အိမ်ပြန်လာကြည့်မှ အလုပ်ခန်းထဲမှာ လဲကျသေဆုံးနေတဲ့ ဦးသူရိန်ရဲ့ အလောင်းကို တွေ့ရှိရခြင်း ဖြစ်ကြောင်း” တဲ့။ ကျွန်တော်ရဲ့ နာမည်ကို ဘယ်သတင်းမှာမှ မတွေ့ရဘူး။ သတင်းစာ ဖတ်တဲ့သူအနေနဲ့ သန္တာတစ်ယောက်တည်းကပဲ အလောင်းကို တွေ့ခဲ့တယ်လို့ ထင်သွားနိုင်စရာပဲ။

သတင်းအရဆိုရင် မှုခင်းထောက်လှမ်းရေးအဖွဲ့က ဖြစ်နိုင်ခြေနှစ်မျိုးကို အခြေခံပြီး အမှုလိုက်နေကြတယ်။ တစ်မျိုးက ကြိုတင်စီမံပြီး အကွက်ချ သတ်ဖြတ်မှုလား။ နောက်တစ်မျိုးက ရုတ်တရက် သတ်ဖြတ်ခံရခြင်းလား။ အရှေ့တံခါးက သော့ခတ်ထားတာဆိုတော့ သတင်းထောက်တွေ ယူဆတာက လူသတ်သမားဟာ ပြတင်းပေါက်ကို ကျော်ဝင်ခဲ့တယ်တဲ့။

ကျွန်တော် သတင်းစာကို ပိတ်လိုက်ပြီး နံနက်စာအတွက် ပြင်ဆင်မလို့ လုပ်တုန်း တံခါးခေါက်သံ ကြားရတယ်။ ကျွန်တော် နာရီကို လှမ်းကြည့်လိုက်တော့ ၈ နာရီထိုးပြီးကာစ။ ပုံမှန်အနေနဲ့ ဧည့်သည်တွေ လာဖို့ စောလွန်းနေသေးတယ်။ ကျွန်တော် တံခါးနားဆီ ကပ်သွားပြီး လှမ်းမေးလိုက်တယ်။

“ဘယ်သူလဲ”

“ဦးပေါ်လွင်လားရှင့်” အမျိုးသမီးတစ်ယောက်ရဲ့ အသံ။ အသက်ရှူသံပြင်းပြင်းနဲ့ အခုပဲ အပြေးလေ့ကျင့်ထားသလို။

“ဟုတ်ပါတယ်။ ဘယ်သူလဲ မသိဘူး”

“နံနက်စောစောစီးစီး နှောင့်ယှက်မိတာ တောင်းပန်ပါတယ်ရှင်။ ကျွန်မက ချယ်နယ်ဝမ်း သတင်းဌာနကပါ။ မနေ့ညက ဖြစ်ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး လူကြီးမင်းနဲ့ စကားနည်းနည်း ပြောခွင့်ရချင်ပါတယ်ရှင့်”

အံ့ဩသွားမိတာ အမှန်ပဲ။ ကျွန်တော့်နာမည်ကို ဘယ်သတင်းစာမှာမှ မဖော်ပြပါဘဲနဲ့ အလောင်းကို တွေ့တုန်းက ကျွန်တော်ပါ ပါတယ်လို့ သူတို့ ဘယ်လိုများ အနံ့ခံရသွားတာပါလိမ့်။

“….” ကျွန်တော်ရဲ့ စကားတွေကို သတိထားရမယ်လေ။ ကိုယ့်ကို ပြန် အမှုပတ်နိုင်မယ့် အခြေအနေမျိုးမှာ စကားကို ပေါ့ပေါ့လေး ပြောလို့ မဖြစ်ဘူး။ “ဘာအကြောင်းများပါလိမ့်”

“မနေ့ညက စာရေးဆရာ ဦးသူရိန် သူ့အိမ်မှာ အသတ်ခံခဲ့ရပါတယ်။ ကျွန်မတို့ သိထားတာက အဲဒီရုပ်အလောင်းကို တွေ့တဲ့အချိန်မှာ သူ့ရဲ့ ဇနီးနဲ့အတူ လူကြီးမင်းလည်း အနားမှာ ရှိနေတယ် ဆိုတာပါပဲ။ အဲဒါ ဟုတ်လားမသိဘူးနော်”

သတင်းဌာနက မှုခင်းဆွေးနွေးခန်းအတွက် လွှတ်လိုက်တဲ့ သတင်းထောက်မလေးများလား။ နာမည်အတိအကျနဲ့ အိမ်ကို အရောက်လိုက်လာတာဆိုတော့ စိတ်ထဲမှာ ခပ်လန့်လန့်ရယ်။ ဘာပဲဖြစ်ဖြစ် ဟုတ်ရင် ဟုတ်တဲ့အတိုင်းတော့ ပြောရမှာပဲလေ။

“အင်း ဟုတ်ပါတယ်” ကျွန်တော် ပြန်ဖြေလိုက်တယ်။

တံခါးတစ်ဘက်မှာရှိတဲ့ အမျိုးသမီးက ကျွန်တော့်အဖြေကြားတော့ ပျော်သွားမလား မသိဘူး။

“ဒါနဲ့ အဲဒီညက ဘာအတွက်ကြောင့် ဦးသူရိန်အိမ်ကို သွားလည်ရတာပါလဲရှင့်”

“ဆောရီးဗျာ။ ကျွန်တော် ပြောသင့်သမျှကို မှုခင်းရဲတွေဆီ အကုန်ပြောထားပြီးပါပြီ”

“အိမ်နဲ့ပတ်သက်ပြီး ထူးခြားနေတာကို မြင်လို့ လူကြီးမင်းက သူ့ဇနီးဆီ ဖုန်းဆက်အကြောင်းကြားတယ်လို့ သိထားရပါတယ်ရှင်။ ဘာများ ထူးခြားနေလို့လဲဆိုတာ ပြောပြပေးနိုင်မလားရှင့်”

“မှုခင်းရဲတွေကိုပဲ မေးကြည့်ပါဗျာ”

ဒီလို သတင်းထောက်တွေဟာ တစ်ခါတလေမှာ အင်မတန်မှ ရိုင်းပျတတ်တယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလို အမေးအမြန်းခံရတာ ပထမဆုံး အကြိမ်ပဲလေ။ ကိုယ့်သူငယ်ချင်းတစ်ယောက် သေသွားတာကို မြင်ထားတဲ့လူတစ်ယောက်က ဒီရက်ပိုင်းမှာ အဲဒီအကြောင်း လုံးဝ ထည့်မပြောချင်ဘူးဆိုတဲ့ စိတ်ခံစားမှုမျိုးကို သူတို့ ဘာကြောင့်များ နားမလည်နိုင်ကြတာပါလိမ့်။

သတင်းလိုက်နေတဲ့ တခြားသတင်းထောက်တွေနဲ့ ထပ်မတိုးရလေအောင် ကျွန်တော် အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သန္တာဆီကို တစ်ခေါက်လောက် သွားပြီး အားပေးစကား ပြောသင့်တယ်လို့ နားလည်ပေမယ့် ဒီနေ့ သူ့အိမ်နားကပ်ဖို့လည်း လုံးဝ မလွယ်လောက်ဘူး။

ကျွန်တော် နွားနို့တစ်ခွက်ကို မီးဖိုပေါ်တင်ပြီး နွှေးနေတုန်း တံခါးခေါက်သံ ကြားရပြန်တယ်။

“မင်္ဂလာပါ။ စကိုင်းတီဗီကပါ။ လူကြီးမင်းနဲ့ စကားအနည်းငယ် ပြောပါရစေ” ဒီတစ်ခါက ယောက်ျားလေးအသံ။ “ဦးပေါ်လွင်ခင်ဗျ။ ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့အကြောင်း အသေးစိတ်ကို တစ်နိုင်ငံလုံးမှာ ရှိတဲ့လူတွေက ကြားရဖို့ မျှော်လင့်နေကြတာပါ”

ဒီလို စကားလုံးကြီးကြီးနဲ့ ပစ်သွင်းလိုက်တော့ ပိုပြီးတောင် ခေါင်းနပန်း ကြီးသွားတယ်။

“ဒီမယ်၊ ကျွန်တော်က သူ့အလောင်းကို စတွေ့ခဲ့ရုံ သက်သက်ပါပဲ။ တခြား ဘာမှ ကျွန်တော် မသိဘူး”

“ဒါပေမယ့် လူကြီးမင်းက ဦးသူရိန်နဲ့ သူငယ်ချင်း မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီညက ဖြစ်ပျက်ခဲ့သမျှကို ကျွန်တော် ပြောပြဖို့ မဖြစ်နိုင်ပါဘူး”

“လူကြီးမင်း အပြင်ထွက်လာပြီး ဦးသူရိန်နဲ့ ပတ်သက်တာ တစ်ခုခုလောက် ပြောပြပေးရင် သိပ်ကောင်းမှာပဲ” အဲဒီလူက ခေါင်းမာစွာ တောင်းဆိုနေတယ်။

ကျွန်တော် သက်ပြင်းချလိုက်တယ်။ ဒီလို တစ်နေကုန်လုံး သတင်းဌာနတွေ တရုန်းရုန်း ဖြစ်နေရင် အိမ်နီးချင်းတွေကို အားနာစရာကြီး ဖြစ်တော့မှာ။ ကျွန်တော် တံခါးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်တာနဲ့ ကျွန်တော့်မျက်နှာအရှေ့မှာ မိုက်ခရိုဖုန်းတွေ အပြုံလိုက် တန်းစီပြီး တိုးဝင်လာပါရော။

အင်တာဗျူးတွေ ဖြေနေတာနဲ့ တစ်မနက်လုံး ကုန်တာပါပဲ။ နံနက်စာတောင် မစားလိုက်ရဘူး။ ကျွန်တော်ရဲ့ မျက်နှာ အနီးကပ်ရိုက်ချက်တွေ ပေါ်နေတဲ့ တီဗီမျက်နှာပြင်ကို ကြည့်ရင်း နေ့လည်စာအဖြစ်နဲ့ အသင့်စားခေါက်ဆွဲပြုတ်ကို စားနေခဲ့တယ်။ စောစောက နာရီပိုင်းလေးအတွင်း ရိုက်သွားတဲ့ အင်တာဗျူးကိုတောင် အခု တီဗီမှာ သတင်းအနေနဲ့ မြင်နေရတာတော့ အံ့မခန်းပဲ။

“လူကြီးမင်းတို့က မူလတန်းကတည်းက သူငယ်ချင်းတွေဆို၊ ဟုတ်ပါသလား။ ဦးသူရိန်ကို ဘယ်လို လူစားမျိုးလဲလို့ မှတ်ချက်ပြုချင်ပါသလဲရှင့်” အသံစူးစူးနဲ့ သတင်းထောက်မက မေးတယ်။

စခရင်ပေါ်မှာ ကျွန်တော်ဟာ မေးခွန်းအမေးခံရလို့ လေးလေးနက်နက်ကြီး စဉ်းစားနေတဲ့ပုံ ပေါက်နေတယ်။ မေးခွန်းကို ပြန်မဖြေခင် ငြိမ်ကျသွားတဲ့ ငြိမ်သက်မှုမျိုးက သည်းမခံနိုင်လောက်အောင် ကြာတယ်ဆိုတာ ကျွန်တော် သတိထားမိတယ်။ တည်းဖြတ်သူတွေကလည်း အချိန်မရလို့ ထင်ပါရဲ့။ အဲဒီအပိုင်းကို ဖြတ်မထုတ်ပစ်ကြဘူး။ ကျွန်တော့်ဘေးနားမှာ ရှိနေတဲ့ သတင်းထောက်တွေရဲ့ မျက်နှာက စိတ်မရှည်တဲ့ အမူအရာတွေ ပေါ်လွင်နေခဲ့တယ်။

“သူက စိတ်ဓာတ်ပြင်းထန်တဲ့ လူတစ်ယောက်ပါ” နောက်ဆုံးတော့ ကျွန်တော် ပါးစပ်က အဖြေထွက်လာတယ်။ “တကယ့် လူသားစစ်စစ်တစ်ယောက်လို့ ပြောရမှာပဲ။ တစ်ခါတလေမှာ သူဟာ သိပ်အံ့ဩချီးကျူးစရာ ကောင်းတဲ့လူတစ်ယောက်ပဲ။ တစ်ခါတလေကျတော့ အံ့ဩစရာကောင်းလောက်အောင် သွေးအေးလွန်းတယ်။ ဒါက ဘယ်သူ့ဆီမှာမဆို ရှိတတ်တဲ့ လူသားတစ်ယောက်ရဲ့ အသွင်လက္ခဏာပဲ မဟုတ်လား”

“သွေးအေးလွန်းတယ်ဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ။ ဥပမာလေးနဲ့ ပြောပြနိုင်မလား”

“ဥပမာ …..” ကျွန်တော် ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်တယ်။ “လတ်တလော ခေါင်းထဲ ပေါ်မလာဘူး။ ပြီးတော့ ဒါက ကာလံဒေသံအရ ပြောသင့်ပြောထိုက်တဲ့ စကားမျိုးလည်း မဟုတ်ဘူးလေ”

တကယ်တော့ ကျွန်တော်ခေါင်းထဲမှာ သူရိန် ကြောင်သတ်ခဲ့တဲ့အကြောင်းက အစီအရီ ပေါ်နေပြီးသားပါ။ ဒါပေမယ့် တစ်နိုင်ငံလုံးသိအောင် လူသိရှင်ကြား ကြေညာသင့်တဲ့ ကိစ္စမျိုး မဟုတ်ဘူး ထင်တယ်။

ဒီလိုနဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ မေးခွန်းတွေ များသထက် များလာပြီးနောက် သတင်းထောက်မက နောက်ဆုံးပိတ် မေးနေကျ အဖြည့်မေးခွန်း မေးလိုက်တယ်။ “လူသတ်သမားကို လူကြီးမင်းအနေနဲ့ ဘာများ ပြောချင်ပါသလဲ”

“ဘာမှ မရှိပါဘူး” ဒီအဖြေကို ကြားရတော့ အနားပတ်လည်က သတင်းထောက်အကုန်လုံး စိတ်ပျက်သွားကြသလိုပဲ။

အဲဒီနောက်တော့ သတင်းကြေညာသူက သူရိန်ရဲ့ စာပေဆိုင်ရာ လှုပ်ရှားမှုတွေအကြောင်း မိတ်ဆက်ပေးတယ်။ လူနေမှုဘဝ အဖုံဖုံကို သရုပ်ဖော်ရတဲ့ စာရေးသူတစ်ယောက်အနေနဲ့ လူတန်းစားပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတော့ စာရေးဆရာရဲ့ ဘဝကိုယ်နှိုက်ကလည်း ရသစုံတဲ့ ဟင်းတစ်ခွက်လိုပဲ ရှုပ်ထွေးပွေလီနေမှာ။ ဒီတော့ စာရေးဆရာတစ်ယောက် အသတ်ခံရတယ် ဆိုတာက စာပေကြောင့် ရလာတဲ့ အပေါင်းအသင်းနဲ့ ကိုယ်ရေးကိုယ်တာ အပေါင်းအသင်းတွေထဲက ပဋိပက္ခတစ်ခုခုရဲ့ အကျိုးသက်ရောက်မှုပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။

<ဘေးမဲ့မြေ> ဝတ္ထုကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကိုလည်း သတင်းမှာ ဖော်ပြကြတယ်။ အဲဒီစာအုပ်ရဲ့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဖော်ခံထားရတဲ့ လူတစ်ယောက်ရဲ့ မိသားစုဝင်တွေက ဘယ်ပုံဘယ်မျိုး ကန့်ကွက်ကြသလဲ ဆိုတာပေါ့။ ကြည့်ရတာ သူရိန်ဆုံးတဲ့နေ့က မလင်းလင်းမော် သူ့အိမ်အထိ လာတွေ့တယ် ဆိုတဲ့အကြောင်း မီဒီယာတွေ သိကြသေးပုံ မရဘူး။

ဖုန်းမြည်လာတယ်။ ဘယ်နှကြိမ်မြောက်လဲ ဆိုတာကိုတောင် မရေနိုင်တော့ဘူး။ ဒါပေမယ့် အလုပ်ကိစ္စနဲ့ ပတ်သက်လေမလား ဆိုပြီးတော့ ကျွန်တော့်မှာ ဖုန်းကိုင်လိုက်ရတာပဲ။

“ဟုတ်ကဲ့ ကျွန်တော် ပေါ်လွင်ပါ” ကျွန်တော် ခပ်လောလောကလေး ပြောလိုက်တယ်။

“ဟယ်လို၊ ကျွန်မပါ” ကြည်ကြည်လင်လင်နဲ့ အသံကြားရတော့ ချက်ချင်းသိလိုက်ပြီ။ သန္တာပဲ။

“အိုး … မနေ့ညက အဆင်ပြေရဲ့လား” ဒါက အင်မတန်မှ အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းတစ်ခုပဲ။ ဒါပေမယ့် ဒါကလွဲလို့ ဘာမေးရမှန်းလည်း ကျွန်တော် မသိတော့ဘူး။

“ကျွန်မ မိဘအိမ်ကို ရောက်နေပါတယ်။ တချို့တချို့ လူတွေဆီ လှမ်းပြီး အကြောင်းကြား သင့်တယ်လို့ နားလည်ပေမယ့် ကျွန်မမှာ ဘာခွန်အားမှ မရှိတော့သလိုပဲ”

“ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။ သန္တာ အခုဘယ်မှာလဲ”

“အိမ်မှာ။ ဒီမနက် ရဲဌာနက အခင်းဖြစ်တဲ့နေရာမှာ နောက်တစ်ခေါက် မေးမြန်းစရာ ရှိလို့ ခဏလာခဲ့ဖို့ ဖုန်းဆက်ခေါ်တယ်လေ”

“ကိစ္စ ပြီးပြီလား”

“ပြီးပြီ။ ရဲတချို့တော့ အခန်းတွင်း လျှောက်ကြည့်နေတုန်းပဲ”

“မီဒီယာတွေက စိတ်ပျက်စရာပဲနော်”

“ဟုတ်တယ်။ ဒါပေမယ့် စာအုပ်တိုက်က လူတွေရော၊ ကိုသူရိန်နဲ့ ခင်တဲ့ မိတ်ဆွေတချို့ရော ရောက်လာတာနဲ့ သူတို့နဲ့ပဲ ထိပ်တိုက် တွေ့ပေးထားလိုက်တယ်။ နည်းနည်းတော့ ပေါ့ပါးသွားတာပေါ့”

“ဒီလိုလား” ကျွန်တော်မူလက “သိပ်နိပ်တာပဲ” လို့ ပြောမလို့ဟာ။ မနေ့ကမှ လင်သေလို့ ပူဆွေးနေတဲ့ အမျိုးသမီးတစ်ယောက်အတွက် ဒီအသုံးအနှုန်းက မသင့်လျော်ပါဘူးလေ ဆိုပြီး မျိုချလိုက်ရတယ်။

“ဦးပေါ်ဆီကို သတင်းဌာနကလူတွေ အပြုံလိုက် ဝိုင်းအုံနေတာ အတော် စိတ်အနှောင့်အယှက် ဖြစ်မှာပဲနော်။ ကျွန်မက တီဗွီမကြည့်ဖြစ်ဘူး။ စာအုပ်တိုက်ကလူတွေ ပြောပြလို့ သိရတာ။ အတော်လေး အားနာမိလို့ ဦးပေါ်ဆီ ဖုန်းဆက်လိုက်တာ”

“ရပါတယ်ဗျာ။ စိတ်မပူပါနဲ့။ အင်တာဗျူးကြတာလည်း ကုန်သလောက်ရှိပြီ ထင်ပါတယ်”

“တောင်းပန်ပါတယ်ရှင်”

အမှန်အကန်ကို စိတ်ထဲမှာ အားတောင့်အားနာ ဖြစ်နေတဲ့ လေသံမျိုး။ အခုချိန် သူသာလျှင် ဒီလောကမှာ အကြေကွဲရဆုံး လူသားတစ်ယောက် ဖြစ်နေပါလျက်နဲ့ သူများအတွက် ထည့်ပြီး စဉ်းစားပေးနိုင်သေးတာဟာ အင်မတန်မှ ချီးကျူးစရာ ကောင်းတာပဲ။ သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို ကျွန်တော် နောက်တစ်ကြိမ် ထပ်ပြီး ခံစားလိုက်ရတယ်။

“တကယ်လို့ ကျွန်တော် ကူညီပေးနိုင်တာမျိုး ရှိရင် အားမနာပါနဲ့ဗျာ။ ကျွန်တော့်ကို ပြောပါ”

“ကျေးဇူးပါရှင်။ ကိုသူရိန်ဘက်က အမျိုးတွေရော ကျွန်မအမေရော အနားမှာ ရှိနေကြတယ်။ ကျွန်မ အဆင်ပြေပါတယ်”

သူရိန်ထက် အသက်နှစ်နှစ်ကြီးတဲ့ အစ်ကိုတစ်ယောက် ရှိသေးတယ်ဆိုတာ ကျွန်တော် အမှတ်ရသွားတယ်။ အသက်ကြီးပြီဖြစ်တဲ့ မိခင်က သူတို့လင်မယားနဲ့ အတူနေကြတယ်။

“ကျွန်တော်လုပ်ပေးနိုင်တာ ရှိရင် လုံးဝ အားမနာပါနဲ့နော်”

“ကျေးဇူးပါရှင်၊ ဒါဆို ကျွန်မဖုန်းချလိုက်တော့မယ်”

“တကူးတက ဖုန်းခေါ်လာတဲ့အတွက် ကျေးဇူးပါပဲဗျာ”

ဖုန်းချသွားပြီးတဲ့နောက် ကျွန်တော် သန္တာ့အကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ဘယ်လိုများ ဆက်လက်နေထိုင်ဖို့ စီစဉ်ထားပါလိမ့်။ သူက ငယ်ရွယ်ပါသေးတယ်။ ကြားဖူးတာတော့ သူ့မိဘတွေမှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှိတယ်။ ငွေရေးကြေးရေး အဆင်ပြေကြတယ်။ သူ့ကို တင်ကျွေးထားဖို့ရာက ဘာမှ မခက်ခဲဘူး။ ဒါပေမယ့် စိတ်ဓာတ်ရေးရာအရ ပြန်လည် တည်ငြိမ်ကျန်းမာလာဖို့ကတော့ အချိန်ယူရလိမ့်မယ်။ သူတို့ လက်ထပ်ပြီးကြတာမှ တစ်လပဲ ရှိသေးတာလေ။

နဂိုက သန္တာဟာ သူရိန်ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပဲ။ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူရိန်နဲ့ ရင်းနှီးသွားကြတယ်။ အဲဒီနောက်တော့ သမီးရည်းစားတွေပေါ့။ ပြောရရင် မနေ့ညက သူ့အနေနဲ့ တန်ဖိုးကြီးတဲ့ အရာနှစ်ခုကို တပြိုင်နက် ဆုံးရှုံးလိုက်ရသလိုပဲ။ တစ်ခုက လင်ယောက်ျား၊ နောက်တစ်ခုက သူသိပ်တန်ဖိုးထား လေးစားတဲ့ စာရေးဆရာ။

အဲဒီလို တွေးတောနေတုန်းမှာပဲ ဖုန်းက မြည်လာပြန်တယ်။ တီဗီအစီအစဉ်တစ်ခုမှာ စကားလာပြောပေးဖို့ ဖိတ်ကြားတာ။ ကျွန်တော် ချက်ချင်းပဲ ငြင်းပယ်လိုက်တယ်။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *