မာတိကာကြည့်ရန်

(ဂ)

မှုခင်းရဲဌာနက စုံထောက်တွေ သူရိန်ရဲ့အခန်း အတွင်း ထောက်လှမ်းစစ်ဆေးနေချိန်မှာ ကျွန်တော်နဲ့သန္တာက ဧည့်ခန်းထဲ ထိုင်ပြီး စောင့်နေကြရတယ်။ ဧည့်ခန်းလို့ ဆိုရပေမယ့် စားပွဲ ထိုင်ခုံတွေလည်း မရှိတော့ပါဘူး။ ကျွန်တော်က သတင်းစာတချို့ ကြမ်းပြင်မှာ ခင်းပေးပြီး သန္တာကို ထိုင်ခိုင်းထားရင်း ကျွန်တော်ကတော့ ဧည့်ခန်းအတွင်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတယ်။ အခင်းဖြစ်ပွားတဲ့ အခန်းတွင်းက သက်သေအထောက်အထားတွေကို လေ့လာစုစည်းနေတဲ့ စုံထောက်တွေကလည်း ထွက်မလာကြသေးဘူး။ သန္တာက တစ်ချိန်လုံး ငိုနေတယ်။ ကျွန်တော် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ည (၁၀) နာရီခွဲ ရှိပြီ။

တံခါးခေါက်သံ တစ်ချက်ကြားရပြီး ဧည့်ခန်းတံခါး ပွင့်လာတယ်။ ရဲအရာရှိတစ်ယောက် အထဲဝင်လာတယ်။ အသက် (၅၀) ပတ်ဝန်းကျင်၊ တည်ငြိမ်အေးဆေးတဲ့ ပုံပန်းသဏ္ဌာန်နဲ့။ ကျွန်တော်တို့ကို ဧည့်ခန်းထဲမှာ ထိုင်စောင့်နေဖို့ ပြောခဲ့တာလည်း သူပဲ။ ကြည့်ရတာ ဒီအမှုကို ဦးဆောင်ပြီး စစ်ဆေးရမယ့် ရဲအရာရှိထင်တယ်။

“ကျွန်တော် ခင်ဗျားကို မေးစရာ နည်းနည်း ရှိတယ်။ ရမလား” အရာရှိက သန္တာကို မျက်စိတစ်ချက် ဝေ့ကြည့်ရင်း ကျွန်တော့်ကို လှမ်းပြောတယ်။

“ကိစ္စမရှိပါဘူး …..”

“ကျွန်မလည်း ရပါတယ်” သန္တာက လက်ကိုင်ပဝါနဲ့ သူ့မျက်စိထောင့်ကို တစ်ချက် တို့ရင်း ပြောတယ်။ သူ့အသံက အနည်းငယ် တုန်ယင်နေပေမယ့် တိကျပြတ်သားမှု အပြည့်နဲ့။ ရုတ်တရက်ဆိုသလို သူရိန် နေ့ခင်းက ပြောခဲ့တာကို သတိရမိတယ်။ သန္တာက သိပ် စိတ်ဓာတ်ခိုင်မာတယ် ဆိုတဲ့အကြောင်းပေါ့။

“ဒါဆို ကောင်းပြီလေ”

ဒါနဲ့ အရာရှိလည်း မတ်တတ်ရပ်ရင်းနဲ့ပဲ ရုပ်အလောင်းကို ဘယ်လိုဘယ်လို စတွေ့ခဲ့ကြသလဲဆိုတဲ့ ဖြစ်စဉ်အစအဆုံးကို မေးမြန်းနေတော့တယ်။ ပြောရင်းပြောရင်း ကျွန်တော့်အနေနဲ့ မလင်းလင်းမော်အကြောင်း ထည့်မပြောလို့ မဖြစ်တော့ဘူး။

“ဦးပေါ်လွင်ဆီ ဦးသူရိန် ဘယ်အချိန်လောက်က ဖုန်းခေါ်တာလဲ”

“ကျွန်တော်ထင်တယ်။ ၆ နာရီနောက်ပိုင်း ဖြစ်မယ်”

“ဖုန်းထဲမှာ မလင်းလင်းမော်အကြောင်းကို ဦးသူရိန်ဆီက ဘာများ ကြားခဲ့ရသေးလဲ”

“ဟင့်အင်း၊ ကျွန်တော်နဲ့ ဆွေးနွေးစရာ ရှိတယ်လို့ပဲ ပြောတာ”

“ဒါဆို တခြားအကြောင်းလည်း ဖြစ်နိုင်တာပေါ့”

“ဖြစ်နိုင်တာပေါ့”

“အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများ စဉ်းစားမိသလဲ”

“မရှိပါဘူး”

အရာရှိက ခေါင်းတစ်ချက်ညိတ်ရင်း သန္တာဘက် မျက်နှာလှည့်ပြီး “မလင်းလင်းမော်က ဘယ်အချိန်လောက် ပြန်သွားတာလဲ”

“၅ နာရီနောက်ပိုင်း ဖြစ်မယ်”

“သူပြန်သွားတော့ ဒေါ်သန္တာရဲ့ အမျိုးသားနဲ့ စကားပြောဖြစ်သေးလား”

“ကျွန်မတို့ တစ်ခဏတော့ ပြောဖြစ်ကြတယ်”

“ဒေါ်သန္တာရဲ့ အမျိုးသားကို ကြည့်ရတာ ဘယ်လိုနေသလဲ”

“မလင်းလင်းမော်နဲ့ ညှိနှိုင်းကြတာ အဆင်မပြေတော့ ကျွန်မအမျိုးသားက စိတ်ပျက်နေတာ သိသာပါတယ်။ ဒါပေမယ့် သူက ကျွန်မကို စိတ်မပူဖို့ ပြောတယ်”

“အဲဒီနောက် ဒေါ်သန္တာ အိမ်ကထွက်ပြီး ဟော်တယ်ကို ပြန်ခဲ့တယ်။ အဲဒီလိုလား”

“ဟုတ်ပါတယ်”

“ခင်ဗျားတို့က ဒီနေ့နဲ့ မနက်ဖြန်၊ နှစ်ရက်စာအတွက် တော်ဝင်ဟော်တယ်မှာ အခန်းယူထားပြီး သန်ဘက်ခါမှ ကနေဒါကို ခရီးထွက်မယ်။ ဒါပေမယ့် ခင်ဗျား အမျိုးသားက အလုပ်တွေ မပြီးပြတ်သေးတာကြောင့် တစ်ယောက်တည်း အိမ်မှာ နေခဲ့တယ် ….” အရာရှိက သူ့မှတ်စုစာအုပ်ကို ကြည့်ရင်း ပြောနေတယ်။ နောက် ခေါင်းထောင်လာပြီး “ဒီကိစ္စကို သိတဲ့သူ ဘယ်နှယောက်လောက် ရှိသလဲ”

“ကျွန်မရယ်၊ ပြီးတော့ …..” သန္တာက ကျွန်တော့်ကို လှမ်းကြည့်တယ်။

“ကျွန်တော်လည်း သိတာပေါ့။ အဲဒီအပြင် သော်တာမဂ္ဂဇင်းတိုက်ကလူ” သူရိန် မပြီးပြတ်သေးတဲ့ အလုပ်ဆိုတာ သော်တာမဂ္ဂဇင်းတိုက်အတွက် စာမူပေးဖို့ဖြစ်ကြောင်း ရဲအရာရှိကို ရှင်းပြလိုက်တယ်။ “ဒါပေမယ့် ဒီအချက်ကလေးတစ်ခုတည်းနဲ့ တရားခံအဖြစ် သတ်မှတ်ဖို့ဆိုတာ ……”

“အင်း၊ ကျွန်တော်သိပါတယ်။ ဒါက အမှုသွားအမှုလာ နားလည်ဖို့ ပုံစံချကြည့်ရုံပါ” အရာရှိရဲ့ မျက်နှာက တင်းမာမှု အနည်းအကျဉ်း လျော့နည်းသွားသလိုပဲ။

နောက်တော့ သူက သန္တာကို မေးတယ်။ ခြံပတ်ဝန်းကျင်မှာ မသင်္ကာစရာ လူတွေများ မြင်ဖူးကြုံဖူးလေမလားပေါ့။ သန္တာကတော့ သတိမထားမိကြောင်း ဖြေတယ်။ နေ့ခင်းက ပိတောက်ပင်အောက်မှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးအကြောင်းကို ပြောသင့် မပြောသင့် ချီတုံချတုံ ဖြစ်နေပြီးမှ မပြောတော့ပါဘူးလေလို့ ဆုံးဖြတ်လိုက်တယ်။ ကြောင်တစ်ကောင် အသတ်ခံရလို့ လူသတ်မှု ဖြစ်တယ်ဆိုတာမျိုးကလည်း သဘာဝမကျဘူး မဟုတ်လား။

စစ်ဆေးမေးမြန်းလို့ အားရသွားတဲ့အခါမှာ ရဲအရာရှိက သူ့လက်အောက် ရဲတစ်ယောက်ကို ကျွန်တော့်အိမ် လိုက်ပို့ပေးဖို့ ခိုင်းထားကြောင်း ပြောပြတယ်။ ကျွန်တော်က သန္တာနဲ့အတူ အဖော်လုပ်ပေးလိုတဲ့ ဆန္ဒ ရှိပေမယ့် သန္တာရဲ့ မိဘတွေဆီ ဖုန်းဆက်ထားပြီးလို့ မကြာခင် သူ့မိဘတွေက သန္တာ့ကို လာခေါ်ကြမယ့်အကြောင်း ရဲအရာရှိက ရှင်းပြတယ်။

သူရိန်ရဲ့ ရုပ်အလောင်း တွေ့ခါစက ဖြစ်ပေါ်ခဲ့တဲ့ တုန်လှုပ်ခြောက်ခြားမှုတွေ တဖြည်းဖြည်း လျော့နည်းသွားတော့မှ လူက ပင်ပန်းရကောင်းမှန်း သတိထားမိတယ်။ ဒီလို ခံစားမှု၊ ဒီလိုအချိန်မျိုးမှာ တစ်ယောက်တည်း ဘတ်စ်ကားစီးပြီး ပြန်ရမယ်ဆိုတာ တွေးကြောက်မိတော့ အိမ်လိုက်ပို့မယ့် အရာရှိရဲ့ အစီအစဉ်ကို လက်ခံပြီးလျက်သား ဖြစ်သွားတယ်။

အခန်းပြင် ထွက်လာလိုက်တော့ အိမ်အတွင်း နေရာအနှံ့မှာပဲ မှုခင်းစစ် ရဲတွေ ဟိုသွားဒီသွားနဲ့ အလုပ်များနေတာ တွေ့ရတယ်။ အလုပ်ခန်း တံခါးပေါက်က ဖွင့်လျက်။ အထဲကိုတော့ လှမ်းမမြင်ရဘူး။ ရုပ်အလောင်းလည်း အခုလောက်ဆို သယ်သွားလောက်ရောပေါ့။

ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ရဲသားငယ်တစ်ယောက်က ကျွန်တော့်ကို လာနှုတ်ဆက်ပြီး အိမ်ရှေ့မှာ ရပ်ထားတဲ့ ရဲကားဆီ ကျွန်တော့်ကို ခေါ်သွားတယ်။ တစ်သက်နဲ့တစ်ကိုယ် ရဲကားကို တစ်ခါမှတောင် မစီးဖူးသေးပါလား လို့တောင် တွေးနေမိတယ်။

ရဲကားရဲ့ ဘေးနားမှာ အရပ်မြင့်မြင့်နဲ့ လူတစ်ယောက် ရပ်နေတယ်။ ခပ်မှောင်မှောင်ဆိုတော့ ဘယ်သူဘယ်ဝါ သဲသဲကွဲကွဲ မမြင်ရဘူး။ သူက ကျွန်တော့်ကို လှမ်းပြောတယ်။ “ဆရာပေါ်လွင်၊ မတွေ့တာကြာပြီနော်”

“ဟမ် ….” တစ်ဘက်လူရဲ့ မျက်နှာကို အသေအချာ မြင်ချင်လို့ ကျွန်တော့်ခြေလှမ်းတွေ ရပ်ပစ်လိုက်တယ်။

အဲဒီလူကလည်း အရှေ့ကို တိုးလာပြီး သူ့မျက်နှာကလည်း အလင်းထဲ ရောက်လာတယ်။ မျက်လုံးနဲ့ မျက်ခုံးက ကပ်နေပြီး ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေတဲ့ရုပ်မျိုး။

ဒီမျက်နှာပေါက်မျိုး ကျွန်တော် အရင်က မြင်ဖူးတယ်။ မှတ်ဉာဏ်ထဲ တဖြည်းဖြည်း လင်းလက်လာပြီး “ဪ … မင်းကိုး”

“မှတ်မိပြီပေါ့ …”

“မှတ်မိပြီ။ မင်းက …” စိတ်ထဲက သူ့နာမည်ကို သေချာအောင် ရေရွတ်ကြည့်ပြီးမှ “ဝေဖြိုး …. ဟုတ်တယ်မလား”

“ဟုတ်ကဲ့၊ ကျွန်တော် ဝေဖြိုးပါ” သူက ကျွန်တော်အနားကပ်လာပြီး တရိုတသေနဲ့ လက်ဆွဲနှုတ်ဆက်ရင်း “ဆရာ့ ကျေးဇူးတွေ မမေ့ပါဘူး”

“မလိုပါဘူးကွာ” လို့ပြန်ပြောရင်း အတိတ်ဆီ ပြန်တွေးနေမိတယ်။ ဆယ်နှစ်လောက် ရှိရောပေါ့။ မဟုတ်ဘူး အဲလောက်ဘယ်ကမလဲ။ သူ့ကိုကြည့်ရတာ အရင်ကထက် ပိုပြီး ထက်မြက်နေသလို၊ စိတ်ဓာတ် တက်ကြွနေသလို။ “မင်းအလုပ်ထွက်ပြီး ရဲထဲဝင်သွားတယ်လို့ ကြားလိုက်တယ်။ အခုလို ပြန်တွေ့ရမယ်လို့ ထင်တောင် ထင်မထားဘူး”

“ကျွန်တော်လည်း အံ့ဩနေတာ။ ရုပ်အလောင်း စတွေ့တဲ့သူရဲ့ နာမည်စာရင်းကို ကျွန်တော်ဖတ်မိတော့ နာမည်ချင်းဆင်တူတဲ့ တခြားသူပဲ နေမှာလို့ တွေးနေမိတာ။ လူချင်းတွေ့မှပဲ သေချာတော့တယ်”

“ဟုတ်ပါ့ နာမည်တူမရှား လူတူမရှား မဟုတ်လား။ ဒါပေမယ့် …” ကျွန်တော် ခေါင်းတစ်ခါခါလုပ်ရင်း “တိုက်လည်းတိုက်ဆိုင်လွန်းပါတယ်ကွာ”

“ကျွန်တော်တို့ ကားပေါ်ရောက်မှ ဆက်ပြောရအောင်လား။ ကျွန်တော် လိုက်ပို့ပေးမှာ” ပြောပြီး ကျွန်တော့်အတွက် ကားတံခါး ဖွင့်ပေးတယ်။ စောစောက ရဲဝတ်စုံနဲ့ ရဲသားကလည်း ကားမောင်းဖို့ ကားထဲ ဝင်ထိုင်တယ်။

ဆရာဝေဖြိုးက ကျွန်တော်အရင် ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ကျောင်းမှာပဲ လူမှုရေးဘာသာရပ်သင်တဲ့ ဆရာလုပ်ဖူးတယ်။ တက္ကသိုလ်ပြီးပြီးချင်း အတွေ့အကြုံမရှိလို့ ကျောင်းဆရာ ဝင်လုပ်ကြတဲ့ လူငယ်တွေလိုပေါ့။ ဆရာသစ်တွေရဲ့ သဘောသဘာဝအတိုင်းပဲ သူက သူ့အလုပ်အပေါ် သိပ်တန်ဖိုးထားတယ်။ ဓားသိုင်းကို ကောင်းကောင်းဆော့တတ်ပြီး ကျောင်းမှာ သူဓားသိုင်းဆော့တာ မြင်ရလို့ ကျိတ်ကြွေနေကြတဲ့သူတွေက အများကြီး။ ပြောရရင် ကျောင်းမှာ သူက လူချစ်လူခင်ပေါပြီး မျက်နှာပန်းပွင့်တဲ့ အစားထဲကပေါ့။

နှစ်နှစ်လောက် ဆရာလုပ်ပြီး အလုပ်ထွက်သွားတာ သူ့မှာ အကြောင်းရင်းတချို့တော့ ရှိမှာပေါ့။ ကျွန်တော် နားလည်သလောက်တော့ သူ့အပြစ်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ ဆရာကောင်း ဖြစ်လာနိုင်ပါ့မလား ဆိုတာကိုတော့ ကျွန်တော် သံသယရှိခဲ့တာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ သင်ကြားရေး လောကထဲကနေ သူ ထွက်သွားတာက သူ့အတွက် ရှေ့မှာ တက်လမ်းတွေ အများကြီးနဲ့ ပိုပြီး လုပ်နိုင်ကိုင်နိုင်မယ်လို့ ယုံကြည်မိတယ်။

“အခု ဆရာ ဘယ်ကျောင်းမှာ စာသင်နေလဲ” ကားစမောင်းထွက်ပြီး မကြာခင်မှာပဲ ဆရာဝေဖြိုးက ကျွန်တော့်အကြောင်း စမေးတယ်။ အခုချိန်ထိ ဆရာဝေဖြိုးလို့ ခေါ်နေရင် သဘာဝမကျတော့ဘူး။ အခုတော့ ရဲဘော်ဝေဖြိုးလို့ သုံးမှကောင်းမယ်။

ကျွန်တော် ခေါင်းရမ်းလိုက်ပြီး “ငါ နောက်ဆုံး ဆရာလုပ်ခဲ့တဲ့ ကျောင်းကတော့ အ.လ.က (၃) မှာ။ ပြီးခဲ့တဲ့ မတ်လကပဲ အလုပ်ထွက်လိုက်ပြီလေ”

ရဲဘော်ဝေဖြိုးက အံ့အားသင့်သွားတဲ့ပုံ။ “ဗျာ၊ ဒါဆို အခုဘာလုပ်နေလဲ”

“အင်း ပြောရမှာတော့ ရှက်စရာပါဗျာ။ အခုတော့ ကလေးတွေဖတ်ဖို့ စာတိုပေတိုလေးတွေ ရေးနေတယ်”

“ဪ ဒါကြောင့်ကိုး” သူက ခေါင်းတညိတ်ညိတ်နဲ့။ “ဒါကြောင့်လည်း ဦးသူရိန်နဲ့ ရင်းနှီးနေတာ ထင်တယ်”

“ဟင့်အင်း အဲဒီလိုမျိုးလည်း မဟုတ်ဘူး”

ကျွန်တော်နဲ့ သူရိန်က ငယ်သူငယ်ချင်းတွေ ဖြစ်ကြောင်း သူ့ကို ရှင်းပြလိုက်တယ်။ သူရိန်ကြောင့်ပဲ အခုအလုပ်သစ်ကို ရထားတဲ့ အကြောင်းရောပေါ့။ ရဲဘော်ဝေဖြိုးက သဘောပေါက်သွားတဲ့ ပုံမျိုးနဲ့ ခေါင်းညိတ်ရင်း နားထောင်နေတယ်။ စောစောက ရဲအရာရှိက သူ့ကို ဒီအကြောင်း ဘာမှ ပြောမထားဘဲကိုး။ ဒီကိစ္စတွေကို ကျွန်တော် အဲဒီအရာရှိဆီ ပြောထားပြီးသားလေ။

“ဒါဆို ဒီနှစ်ပိုင်းမှာ ကျောင်းစာသင်ရင်း စာရေးရင်း ဆိုပါတော့”

“အဲဒီလို ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်က တစ်နှစ်လုံးမှ စာမျက်နှာ သုံးဆယ်လောက် ရေးဖြစ်တာ။ တစ်နေ့နေ့တော့ တကယ့် စာရေးဆရာတစ်ယောက် ဖြစ်လာရမယ်လို့ ရည်မှန်းထားတာပဲ။ ဒါနဲ့ပဲ စာသင်တဲ့အလုပ်က ထွက်ပစ်လိုက်တာ”

“အဲ့လိုလား။ နည်းတဲ့သတ္တိလားဗျာ” ရဲဘော်ဝေဖြိုးက အထင်ကြီးနေပုံပဲ။ သူအရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ နှိုင်းယှဉ်ပြီး ကြည့်နေခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ အသက် (၂၀) ကျော် လူငယ်တစ်ယောက်က အလုပ်ပြောင်းဖို့ ဆုံးဖြတ်ရတာထက် အိုကြီးအိုမ အသက် (၄၀) အရွယ် လူကြီးတစ်ယောက်က ဆုံးဖြတ်ရတယ်ဆိုတာ ဘယ်လောက် ခက်ခဲလိုက်မလဲ။ ဒါကို သူ ကိုယ်ချင်းစာမိပုံရတယ်။

“ဦးသူရိန်က ဘယ်လို စာမျိုးတွေ ရေးတာလဲ”

ကျွန်တော် သူ့မျက်နှာကို သေချာကြည့်ရင်း “မင်း သူရိန်ကို မသိဘူးလား”

“ဆောရီးဗျာ … နာမည်တော့ ကြားဖူးနေတာပဲ။ သူ့စာတော့ မဖတ်ဖူးဘူး။ ပြောရရင် အခုတလော စာလည်း မဖတ်ဖြစ်ဘူး”

“မအားလို့နေမှာပါ”

“မဟုတ်ဘူးဗျ။ ကျွန်တော်ကိုက အပျင်းကြီးနေတာ။ တစ်လကို အနည်းဆုံး စာအုပ် နှစ်အုပ် သုံးအုပ်တော့ ဖတ်သင့်တယ် ထင်တယ်”

သူ ခေါင်းတယမ်းယမ်းနဲ့။ တစ်လကို အနည်းဆုံး စာအုပ် နှစ်အုပ် သုံးအုပ် ဖတ်သင့်တယ် ဆိုတာ ကျွန်တော် ကျောင်းဆရာဘဝက ပြောနေကျ လက်သုံးစကားလေ။ ကျွန်တော့်ပြောစကားကို သူက အမှတ်ရပြီး တမင်သက်သက် စကားထဲ ထည့်ပြောလေသလားတော့ မသိဘူး။

ကျွန်တော် သူရိန်ရဲ့ အကြောင်းကို ခပ်ပါးပါးကလေး ရှင်းပြလိုက်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ စာပေလောကထဲ ဝင်လာပြီး ဘယ်လိုဘယ်လို စာပေဆုတွေ ရခဲ့တဲ့အကြောင်း။ လက်ရှိအချိန် ဒီနိုင်ငံမှာ ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ယောက် ဖြစ်ကြောင်း။ သူရေးတဲ့ စာအုပ်အမျိုးအစားက ကဏ္ဍစုံပြီး ပညာရပ်ပိုင်းဆိုင်ရာ စာပေတွေကနေ အပျော်ဖတ်တွေအထိ အစုံရှိကြောင်း။

“ကျွန်တော်ဖတ်လို့ရမယ့် စာအုပ်မျိုး ရှိလား။ ဥပမာ စုံထောက်ဝတ္ထုလိုမျိုးပေါ့”

“အဲဒီလို စာအုပ်မျိုးက နည်းနည်း ရှားတယ်။ ရှိတော့ ရှိတယ်” ကျွန်တော် ပြန်ဖြေလိုက်တယ်။

“စာအုပ်နာမည် ပြောလို့ရမလား”

ဒါနဲ့ ကျွန်တော်လည်း <ပိုးစုန်းကြူး> ဆိုတဲ့ ဝတ္ထုစာအုပ်နာမည်ကို ပြောပြလိုက်တယ်။ အဲဒီစာအုပ် ဖတ်ဖူးတာ အတော်ကြာခဲ့ပြီ။ ဇာတ်လမ်းဇာတ်ကွက်ကို မမှတ်မိတော့ဘူး။ ဒါပေမယ့် ဝတ္ထုထဲမှာ လူသတ်မှုတစ်ခုအကြောင်း ရေးထားတာ ပါတယ်ဆိုတာတော့ လွဲစရာမရှိဘူး။

“ဦးသူရိန်က ဘာဖြစ်လို့ ကနေဒါကို ပြောင်းသွားချင်ရတာလဲ”

“အကြောင်းအရင်း အများကြီး ရှိမှာပါပဲ။ ကြည့်ရတာ ပင်ပန်းလာပြီ ထင်ပါတယ်။ ဟိုးအရင်က သူပြောဖူးတယ်။ နိုင်ငံခြားမှာ အချိန်ကြာကြာ အေးအေးဆေးဆေး သွားအနားယူမယ် ဆိုတာ။ ဗန်ကူးဗား နေဖို့ ရွေးတာကတော့ သန္တာ”

“ဆရာပြောတဲ့ သန္တာဆိုတာက သူ့ဇနီး ထင်တယ်။ တော်တော် ငယ်သေးတာပဲ”

“ပြီးခဲ့တဲ့ လကမှ လက်ထပ်ထားကြတာ။ ဒါက ဒုတိယအိမ်ထောင်ပေါ့”

“ဪ … ကွာရှင်းထားတာလား”

“မဟုတ်ဘူး။ ပထမဇနီးက ကားတိုက်ပြီး ဆုံးသွားတာ။ ငါးနှစ်ရှိပြီ”

အခုလေးတင် သေသွားတဲ့ လူတစ်ယောက်အကြောင်းကို ပြောနေတာပါလားလို့ သတိဝင်လာတော့ ကျွန်တော့်စိတ်ထဲ နောက်ကျိကျိ ဖြစ်သွားတယ်။ သူ ကျွန်တော့်ကို ဘာကြောင့်များ တွေ့ချင်တာပါလိမ့်။ အရေးမပါတဲ့ စကားဝိုင်းကို မြန်မြန်ဖြတ်ပြီး သူနဲ့ ခပ်စောစော သွားတွေ့လိုက်ရရင် သူ သေချင်မှသေမှာ။ ဒီလိုတွေ လျှောက်တွေးနေလို့ရော လက်တွေ့မှာ ဘာထူးလာမှာလဲ ဆိုတာ သိပေမယ့် ဝမ်းနည်းမှုကို မျိုသိပ်ထားဖို့ မလွယ်လှဘူး။

“ဝတ္ထုထဲမှာ လူတစ်ယောက်အကြောင်း ထည့်ရေးထားလို့ဆိုပြီး အမျိုးသမီးတစ်ယောက်က ပြဿနာ လာရှာတယ်လို့ ကြားမိတယ်” ရဲဘော်ဝေဖြိုးက ပြောတယ်။ “အဲဒါအပြင်ရော ဦးသူရိန်ဆီမှာ တခြားတခြား ပြဿနာတက်နေတာမျိုး မရှိဘူးလား။ ဝတ္ထုနဲ့ ဆိုင်တာမျိုးတင် မကဘဲ ကိုယ်ရေးကိုယ်တာပိုင်းရောပေါ့”

“လတ်တလော စဉ်းစားရသလောက်တော့ ဘာမှ မရှိဘူး” စုံထောက်တစ်ယောက်ရဲ့ အစစ်အမေးကို ခံနေရပါလားလို့ ပထမဆုံးအကြိမ် ကျွန်တော် ခံစားမိတယ်။ ကားမောင်းနေတဲ့ ရဲသားရဲ့ တိတ်ဆိတ်နေမှုဟာ ရုတ်တရက်ဆိုသလို ကျွန်တော့်ကို အောင့်သက်သက် ဖြစ်စေခဲ့တယ်။

“ဒါနဲ့ …” ရဲဘော်ဝေဖြိုးက သူ့မှတ်စုစာအုပ်ကို ဖွင့်လိုက်ပြီး “ဆရာ ပွင့်ဦးမေ ဆိုတဲ့ နာမည်ကို သိလား”

“အန်”

“ပြီးတော့ လွင်ထွန်းကို နဲ့ ဇော်သစ်”

“ဪ ….” ကျွန်တော် သဘောပေါက်သွားတယ်။ “အဲဒါ <ရေခဲမုခ်ဦး> ထဲက ဇာတ်ကောင်တွေလေ။ အခု မဂ္ဂဇင်းထဲမှာ လစဉ်ပါနေတဲ့ သူရိန်ရဲ့ ဝတ္ထုပဲ” ကျွန်တော်သူ့ကို ပြောနေရင်း စဉ်းစားနေမိတယ်။ နောက်ကျန်နေသေးတဲ့ အပိုင်းတွေအတွက် ဘယ်လိုများ လုပ်ကြပါလိမ့်မလဲ။

“သူ မဆုံးခင်အထိကိုပဲ အဲဒီ ဝတ္ထုကို ဦးသူရိန်က အပြီးသတ်နေပုံရတယ်”

“အခုလို ပြောလိုက်မှ စဉ်းစားမိတယ်။ ကွန်ပျူတာက မီးဖွင့်လျက်သားကြီး”

“ကွန်ပျူတာစခရင်မှာလည်း အဲဒီဝတ္ထုထဲက အခန်းတစ်ခန်း ပေါ်နေတယ်”

“ဒီလိုလား” ကျွန်တော် ရုတ်တရက် သတိရသွားပြီး ဝေဖြိုးကို မေးလိုက်တယ်။ “သူ ဘယ်လောက် ရေးထားတာလဲ”

“ဘာဆိုလိုတာလဲ”

“ဘယ်နှမျက်နှာ ရေးပြီးပြီလဲ မေးတာပါ”

သူရိန်က သူဒီည စာမျက်နှာသုံးဆယ် အပြီးရေးရမှာလို့ ပြောဖူးတဲ့အကြောင်း ဝေဖြိုးကို ပြောလိုက်တယ်။

“ကွန်ပျူတာမှာ မြင်ရတာနဲ့ စာရွက်အနေအထားနဲ့က မတူတော့ ဘယ်နှမျက်နှာပြီးပြီလဲ ဆိုတာ ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမယ့် တစ်မျက်နှာ နှစ်မျက်နှာတော့ မကဘူး”

“သူ ဘယ်နှမျက်နှာ ရေးပြီးသွားပြီလဲ ဆိုတဲ့အပေါ် မူတည်ပြီး သူ ဘယ်အချိန်လောက်က အသတ်ခံရသလဲဆိုတာ တွက်ယူလို့ ရတယ်လေ။ မဟုတ်ဘူးလား။ ကျွန်တော် သူ့အိမ်က ထွက်လာတော့ သူ လုံးဝကို မစရသေးဘူး”

“ဒါကို ကျွန်တော်တို့လည်း စဉ်းစားမိပါတယ်။ ဒါပေမယ့် စာရေးတယ်ဆိုတာမျိုးကလည်း ဘယ်လောက်မြန်မြန် ပြီးမလဲဆိုတာ တရားသေ သတ်မှတ်ဖို့ မဖြစ်နိုင်ဘူး မဟုတ်လား”

“မှားတော့ မမှားဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ မြန်မြန်ပြီးတယ် ပြောပြော၊ အကန့်အသတ်တော့ ရှိတာပဲလေ”

“ဒါဆို ဦးသူရိန်က အများဆုံး ဘယ်လောက် ရေးနိုင်သလဲ”

“ဒါလား …. သူပြောဖူးတာကတော့ တစ်နာရီကို လေးမျက်နှာလို့ မှတ်မိတာပဲ”

“ဒီလိုဆိုရင် အလောတကြီး ရေးတယ်ဆိုရင်တောင်မှ တစ်နာရီကို အလွန်ဆုံး ခြောက်မျက်နှာပေါ့”

“ဖြစ်နိုင်တယ်”

ကျွန်တော် ပြောတာကို ကြားရတော့ ဝေဖြိုး အတန်ငယ် ငြိမ်ကျသွားတယ်။ တစ်ခုခုကို တွက်ချက်နေသလိုမျိုး။

“ဘာလွဲနေလို့လဲ” ကျွန်တော် မေးလိုက်တယ်။

“အင်း … မပြောတတ်သေးဘူး” ဝေဖြိုးက ခေါင်းခါရင်း “အခု ကွန်ပျူတာ စခရင်မှာ မြင်နေရတဲ့ အပိုင်းက အခုမှ အသစ်ရေးထားတဲ့ အပိုင်း ဟုတ်မဟုတ်ဆိုတာ ကျွန်တော်လည်း အတည်မပြုနိုင်သေးဘူး”

“ဒါလည်း ဟုတ်တာပဲ။ သူအရင် ရေးထားတဲ့အပိုင်းကို ခဏ ဖွင့်ကြည့်တာမျိုးလည်း ဖြစ်နိုင်တာပဲ”

“ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မနက်ဖြန် မဂ္ဂဇင်းတိုက်နဲ့ သွားဆွေးနွေးဖို့ ရှိတယ်”

ကျွန်တော် ခပ်သွက်သွက်ကလေး တွက်ချက်ကြည့်လိုက်တယ်။ သန္တာ ပြောတဲ့အတိုင်းဆိုရင် မလင်းလင်းမော်က ညနေ ၅ နာရီ ပတ်ဝန်းကျင်မှာ ပြန်ထွက်သွားတယ်။ ပြီးတော့ သူရိန်ရဲ့ ဖုန်းကို ကျွန်တော်လက်ခံရတာက ည ၆ နာရီကျော်။ တကယ်လို့ အဲဒီကြားထဲမှာ သူစာရေးဖြစ်ခဲ့ရင် ၅ မျက်နှာ၊ ၆ မျက်နှာလောက် ပြီးနိုင်တယ်။ မေးစရာ ရှိတာက သူ ဘယ်နှမျက်နှာလောက် ပိုရေးပြီးထားသလဲ။

“မှုခင်းတစ်ခုရဲ့ လျှို့ဝှက်ချက်ကို မေးမိသလိုများ ဖြစ်နေမလားတော့ မသိဘူး” ကျွန်တော် ဝေဖြိုးကို အရဲစွန့်ပြီး မေးလိုက်တယ်။ “ရဲဘက်က အခင်းဖြစ်ပွားတဲ့အချိန်၊ လူသေတဲ့အချိန်ကို ခန့်မှန်းထားတာ ရှိမယ်ထင်တယ်။ ဘယ်လို ယူဆထားကြသလဲ”

“ဒါကတော့ တကယ့် လျှို့ဝှက်ထားရမယ့် ကိစ္စပဲဗျ” ဝေဖြိုးက ပြုံးရင်း ပြောတယ်။ “ဒါပေမယ့် …. အချိန်အတိအကျကတော့ ရင်ခွဲရုံက တင်ပြတဲ့ အစီရင်ခံစာရမှ သိမယ်။ ကျွန်တော်တို့ ခန့်မှန်းထားတာကတော့ (၅) နာရီနဲ့ (၇) နာရီအကြား ဖြစ်လိမ့်မယ်ထင်တယ်။ ရလဒ်ကတော့ အများကြီး လွဲစရာ မရှိလောက်ဘူး”

“သူ့ဆီက ဖုန်းဝင်လာတာ ၆ နာရီကျော်ကျော်ဆိုတော့ ….”

“အင်း၊ ဒါဆိုလည်း ၆ နာရီနဲ့ ၇ နာရီအကြားပေါ့”

အဲလိုပဲ ဖြစ်ရမှာပဲ။

သူရိန်နှင့်ကျွန်တော် ဖုန်းပြောပြီးပြီးချင်းပဲ ချက်ချင်း အသတ်ခံလိုက်ရတာလား။

“သူရိန် ဘယ်လိုများ အသတ်ခံရတာပါလိမ့်” ကျွန်တော် တစ်ယောက်တည်း ကိုယ့်ဘာသာ ပြောနေမိတဲ့ စကားကို ကြားရတော့ ဝေဖြိုးက အံ့ဩသွားသလိုပဲ။ အလောင်းကို ပထမဆုံး တွေ့ရတဲ့ သူတစ်ယောက်အနေနဲ့ ဒါလေးတောင် မသိဘူးလားလို့ တွေးထင်နေပုံရတယ်။ ဒါပေမယ့် သူရိန်ဘာကြောင့် သေသွားရသလဲဆိုတာကို ဘယ်လိုမှ မခန့်မှန်းတတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီတုန်းက အတော်လေး ထိတ်လန့်နေလို့ အသေအချာတောင် စိုက်မကြည့်ရဲခဲ့ဘူး။

ကျွန်တော် ဒီအကြောင်းရှင်းပြလိုက်တော့ ဝေဖြိုးကလည်း သဘောပေါက်သွားပုံပဲ။

“ဒါလည်း ရင်ခွဲရုံအစီရင်ခံစာ ထွက်လာမှ အတိအကျ သိနိုင်မှာ။ လွယ်လွယ်ပြောရရင်တော့ အညှစ်သတ်ခံရတာ”

“အညှစ်သတ်ခံရတယ်ဆိုတာ လည်ပင်းအညှစ်ခံရတာကို ပြောတာလား။ ကြိုးနဲ့လား၊ ဒါမှမဟုတ် …”

“သူ့လည်ပင်းမှာ ဖုန်းကြိုးက ပတ်လျက်သား”

“ဘယ်လိုလုပ်ပြီး ……”

“နောက်ပြီး ဒဏ်ရာလည်း ရှိတယ်။ သူ့နောက်စေ့ကို အပြင်းအထန် ရိုက်ခံထားရတယ်။ အခင်းဖြစ်တဲ့နေရာမှာ သုံးတဲ့ အဲဒီလက်နက်ကို တွေ့ထားပြီ။ စက္ကူဖိဖို့ လုပ်ထားတဲ့ ကြေးရုပ်ကလေး”

“သဘောက အနောက်ကနေ မေ့သွားအောင် ရိုက်လိုက်ပြီးမှ ညှစ်သတ်တယ် ဆိုပါတော့”

“လတ်တလော သိထားသလောက်တော့ အဲဒီလိုပဲ ဖြစ်လိမ့်မယ်” ဝေဖြိုးက သူ့အသံကို နှိမ့်ချလိုက်ပြီး “ခုနက ပြောခဲ့သမျှကို ကျွန်တော်တို့ မကြာခင်မှာ တရားဝင် ထုတ်ပြန်ပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ ဘယ်သူ့ကိုမှ မပြောပါနဲ့နော်”

“ဒါပေါ့ ဒါပေါ့”

ရဲကားလည်း ကျွန်တော်ရဲ့ တိုက်ခန်းအရှေ့ကို ရောက်ခဲ့ပြီ။

“အိမ်လိုက်ပို့တာ ကျေးဇူးအများကြီး တင်ပါတယ်”

“ကျွန်တော်က ကျေးဇူးတင်ရမှာပါ။ အမှုအတွက် အသုံးကျမယ့် အချက်တွေ အများကြီး ရလိုက်တယ်လေ”

ကျွန်တော်ကားပေါ်က ဆင်းပြီး တိုက်တန်းဘက်ကို လှမ်းအသွားမှာ “အား …. ခဏလေး” နောက်ကျောဘက်က ဝေဖြိုးရဲ့ အသံကို ကြားလိုက်ရတယ်။ “အခန်းဆက် ရေးနေတာ ဘယ်မဂ္ဂဇင်းလဲ”

ကျွန်တော်က သော်တာမဂ္ဂဇင်းလို့ ပြောလိုက်တော့ သူက ခေါင်းရမ်းပြီး “ကျွန်တော်ပြောတာက ဆရာ ရေးနေတဲ့ မဂ္ဂဇင်းကို ပြောတာ”

ကျွန်တော် မရွံ့မရဲနဲ့ မဂ္ဂဇင်းတိုက်နာမည်ကို တိုးတိုးလေး ပြောလိုက်မိတယ်။ သူကတော့ သူ့မှတ်စုစာအုပ်ပေါ်မှာ ရေးမှတ်လို့။

အခန်းပြန်ရောက်တော့ ဆိုဖာပေါ်ထိုင်ရင်း ငိုင်နေမိတာ အကြာကြီး။ ဒီနေ့တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှဟာ အိပ်မက်ထဲကလိုလို။ ကျွန်တော်ဘဝတစ်လျှောက်မှာ ဒီနေ့လို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်မျိုး မကြုံဖူးခဲ့ဘူး။ ဒီလိုနေ့မျိုးကို အိပ်စက်ခြင်းနဲ့ အဆုံးသတ်ပစ်ရမှာ ရှက်သလိုလိုတောင် ခံစားနေရတယ်။ အင်း …. တကယ်လို့ အိပ်ပစ်မယ် ဆိုရင်တောင် ဒီလိုညမျိုးမှာ ဘယ်လိုလုပ်ပြီး အိပ်ပျော်နိုင်ပါတော့မလဲ။

ဒါနဲ့ အကြံတစ်ခု လင်းလက်လာပြီး ဒီအတွေ့အကြုံကို ချရေးထားချင်စိတ် ပေါ်လာတယ်။ ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက် ဘယ်လို အသတ်ခံရသလဲဆိုတာ မှတ်တမ်းတင်ထားရမယ်။

အခုရေးခဲ့တာတွေက ဒီနေ့ ဖြစ်ပျက်ခဲ့သမျှပဲ။ လူသတ်တရားခံ မသိရမချင်း၊ အမှန်တရား မပေါ်မချင်း ကျွန်တော် ဆက်ရေးနေဦးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

****

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *