Show contents

(က)

ဦးပေါ်လွင်၏ ကိုယ်ရေးမှတ်စု

ပြဿနာ တက်တဲ့နေ့က ဧပြီလ ၁၆ ရက် အင်္ဂါနေ့။

အဲဒီနေ့ ညနေ ၃ နာရီခွဲမှာ သူရိန်တို့နေအိမ်ကို သွားဖို့ ကျွန်တော် အိမ်ကနေ ထွက်ခဲ့တယ်။ သူရိန်ရဲ့အိမ်က ကျွန်တော့်အိမ်နဲ့ သိပ်ဝေးလှတာ မဟုတ်ဘူး။ ဘတ်စ်ကား ခဏစီးပြီး လမ်းနည်းနည်း လျှောက်လိုက်ရင် ရောက်တာဆိုတော့ စုစုပေါင်း မိနစ် (၂၀) လောက်ပဲ ကြာမယ်။

ပုံမှန်ဆိုရင် ထွေထွေထူးထူး ဘာအကြောင်းကိစ္စမှ မရှိဘဲလည်း မကြာမကြာ သူ့အိမ်ကို သွားလည်တတ်တယ်။ အဲဒီနေ့ကတော့ ထူးထူးခြားခြား လုပ်စရာ ရှိလို့ပါ။ ဒီလိုလေ၊ ဒီနေ့မှ မတွေ့ရင်လည်း နောက်ဘယ်တော့မှ သူနဲ့ တွေ့နိုင်စရာ မရှိတော့ဘူး။

သူနေတဲ့ ရပ်ကွက်က လုံးချင်းအိမ်တွေ စုနေတဲ့ ရပ်ကွက်ဆိုတော့ လူချမ်းသာတွေ နေတဲ့ ဝင်ဒါမီယာရပ်ကွက်လို ခမ်းနား တဲ့တိုက်အိမ်တွေပဲ များတယ်။ နဂိုက ဒီနေရာမှာ သစ်ပင်တွေ အများကြီးနဲ့ တောအုပ်အုပ်ကလေးပဲ ရှိခဲ့တာ။ အခုတော့ အဆင့်မြင့် လုံးချင်းအိမ်ရာ ဖြစ်လာပေမယ့် သစ်ပင်အကုန်လုံး ခုတ်ရှင်းပစ်တာမျိုး မဟုတ်ဘဲ ခြံထဲ ဝင်းထဲမှာ သစ်ပင်အမြင့်တွေ ချန်သင့်သလောက် ချန်ပြီး လုံးချင်းအိမ်ကြီးတွေ ဆောက်ထားတာဆိုတော့ လမ်းဘေးဝဲယာရော၊ ခြံတွင်း ခြံပြင်ပါ အုပ်ဆိုင်းပြီး သိပ်ကို နေချင့်စဖွယ် တောရိပ်ရတဲ့ ရိပ်သာအိမ်ရာလေးပေါ့။ အိမ်ရာလမ်းကြားတွေကလည်း တကယ်တမ်းပြောရရင် ကျဉ်းတယ်လို့ မဆိုသာပေမယ့် အကုန်လုံးကို တစ်လမ်းသွားအနေနဲ့ သတ်မှတ်ထားတာ။ လမ်းသွားလမ်းလာတွေ အန္တရာယ်ကင်းကင်း သွားရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း လူချမ်းသာရပ်ကွက်ရဲ့ အဆင်တန်ဆာပဲ မဟုတ်လား။

ဟိုးအရင်နှစ်က သူရိန် ဒီပတ်ဝန်းကျင်မှာ ခြံတစ်ခြံ ဝယ်လိုက်တယ်လို့ သတင်းကြားတော့ “ငါထင်တဲ့အတိုင်းပဲ” လို့ စိတ်ထဲ တွေးလိုက်မိသေးတယ်။ ဒီဒေသမှာ မွေးဖွားကြီးပြင်းတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်မွေးရပ်မြေမှာ အိမ်နဲ့ခြံနဲ့ အတည်တကျ နေဖို့ဆိုတာ လူတိုင်း လိုလားတောင့်တတဲ့ စိတ်ကူးယဉ် အိပ်မက်ပဲ မဟုတ်လား။

သူရိန်ရဲ့ အိမ်က ခံ့ညားထည်ဝါတဲ့ အိမ်ကြီးအိမ်ကောင်းလို့ ပြောလို့ မရပေမယ့် သူတို့လင်မယားနှစ်ယောက်အတွက်တော့ ကျယ်လွန်းနေပါသေးတယ်။ အိမ်မကြီးရဲ့ အခန်းဖွဲ့စည်းပုံ၊ ဘေးပြတင်းတံခါး၊ မျက်နှာကျက် စတာတွေက အနောက်တိုင်းပုံစံနဲ့ ခမ်းခမ်းနားနား။ ကြည့်ရတာ လင်မယားနှစ်ယောက် ပူးပေါင်းပြီး ဒီဇိုင်းထုတ်ထားသလားပဲ။ မဟုတ်သေးဘူး … ဘေးတိုက်နံရံ အပြင်အဆင်ကို ကြည့်ရင် ဒါ ဇနီးဖြစ်သူရဲ့ သဘောဆန္ဒက အလေးသာပုံရတယ်။ သူက ဥရောပစတိုင် ရှေးဟောင်း တိုက်အိမ်ပုံစံမျိုးနဲ့ နေချင်တယ်လို့ ပြောခဲ့ဖူးတာကိုး။

‘ဇနီးဟောင်း’ လို့ပြောမှ ပိုမှန်မယ်။

အိမ်အပြင် ဝင်းအုတ်နံရံကို ပတ်ပြီး တံခါးမကြီးဆီ ရောက်တော့ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်တယ်။ တော်တော်ကြာတဲ့အထိ ဘယ်သူမှ ထူးသံ မကြားရဘူး။ ဒါနဲ့ သူ့ရဲ့ BMW ကား ရှိ မရှိ လှမ်းကြည့်လိုက်တော့ ကားကို မတွေ့ရဘူး။ ကြည့်ရတာ အပြင်ထွက်သွားတယ် ထင်တယ်။

အချိန် ဘယ်လိုဖြုန်းရပါ့မလဲ။ ရုတ်တရက်ဆိုသလို ပိတောက်ပန်းကို သတိရသွားတယ်။ သူရိန်တို့ရဲ့ ခြံထဲမှာ ပိတောက်ပင်တစ်ပင် စိုက်ထားတယ်။ ပြီးခဲ့တဲ့တစ်ခေါက် လာတုန်းက ပိတောက်ပန်း နည်းနည်း စပြီး ပွင့်နေပြီ။ တွက်ကြည့်ရင် ဆယ်ရက်လောက်တော့ ရှိရောပေါ့။ အခုဆို ဘယ်လောက်တောင် ပွင့်နေပြီလဲ မသိဘူး။

ကိုယ်က ဧည့်သည်ဆိုပေမယ့်လည်း အိမ်ရှင်နဲ့က ငယ်သူငယ်ချင်းတွေဆိုတော့ အိမ်ရှင်အလာ စောင့်မနေတော့ဘူး။ တံခါးမကြီးက ပိတ်ထားပေမယ့် လူဝင်ပေါက်တံခါးက သော့ခတ်မထားတော့ ကိုယ့်ဘာသာပဲ ဖွင့်ဝင်လာခဲ့တယ်။ ပြီးတော့ လူသွားလမ်းလေးအတိုင်း ပန်းခြံထဲ ဝင်သွားလိုက်တယ်။

ပိတောက်ပန်းတွေက တစ်ပင်လုံးနီးနီး ကြွေကျထားတာ မြေပြင်တစ်ခုလုံး ဝါနေရောပဲ။ အပင်ပေါ်မှာ ကြိုကြားကြိုကြား နည်းနည်းပဲ ကျန်တော့တာ။ ဒါပေမယ့် အခုချိန်မှာ အပင်ပေါ်က ပန်းတွေကို မော့ကြည့်ပြီး အရသာ ခံမနေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျက်နှာစိမ်းနဲ့ အမျိုးသမီးတစ်ယောက်ကို အဲဒီအပင်နားမှာ မြင်နေရလို့ပဲ။

အဲဒီအမျိုးသမီးက ခါးကိုကိုင်းပြီး မြေကြီးပေါ်က တစ်စုံတစ်ခုကို စူးစူးစိုက်စိုက် ကြည့်နေသလိုမျိုး။ ဂျင်းဘောင်းဘီနဲ့ တီရှပ်၊ ရိုးရိုးလေးဝတ်ထားပြီး လက်ထဲမှာတော့ အဖြူရောင် ပစ္စည်းတစ်ခု ကိုင်ထားတယ်။

“ဒီမယ် …” လို့ ကျွန်တော် လှမ်းခေါ်လိုက်တယ်။

အမျိုးသမီးက အထိတ်တလန့် ဖြစ်သွားပြီး ကျွန်တော့်ဘက် လှည့်လာတယ်။

“အို၊ တောင်းပန်ပါတယ်” လို့ သူက ပြောလာတယ်။ “ကျွန်မရဲ့ ပစ္စည်း လေတိုက်လို့ ဒီခြံထဲ ပြုတ်ကျသွားတယ်။ ဒီက အိမ်ရှင်တွေ မရှိဘူးထင်တယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ဘာသာ ဝင်လာလိုက်တာ” သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းကို ကျွန်တော်မြင်သာအောင် ထိုးပြတယ်။ ကြည့်လိုက်တော့ အဖြူရောင် ဦးထုပ်တစ်လုံး။

သူ့အသက်က ကြည့်ရတာ ၃၅ နဲ့ ၄၀ ကြားပဲ။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပေါက်လည်း ကျဉ်းကျဉ်းလေး။ ရုပ်ရည်ကတော့ ပုံမှန်ပဲ။ မျက်နှာကြည့်ရတာတော့ မသာမယာနဲ့။

စောစောက လေတိုက်တာ ဒီလောက်ပဲ ပြင်းလို့လား။ ဦးထုပ်တစ်လုံးကို ခြံထဲရောက်အောင် တိုက်နိုင်ပါ့မလား။ ကျွန်တော့်ဘာသာ တွေးနေမိတယ်။

“ခင်ဗျားကြည့်ရတာ မြေပြင်ကို စေ့စေ့စပ်စပ် လေ့လာနေသလိုမျိုးပဲ”

“ဪ … ဒီမြက်ခင်းပြင်က သိပ်လှတာပဲ။ ဘယ်လိုများ ပြုစုထားပါလိမ့်လို့ တွေးနေတာ”

“ဒါတော့ ကျွန်တော်လည်း မသိဘူးဗျာ။ ဒါက ကျွန်တော့်သူငယ်ချင်းအိမ်ပါ”

သူက ခေါင်းတစ်ညိတ်ညိတ်နဲ့။ ကြည့်ရတာ ကျွန်တော် အိမ်ရှင်မဟုတ်မှန်း သိပုံရတယ်။

“အနှောင့်အယှက်ပေးမိတာ စိတ်မကောင်းပါဘူး” ခေါင်းတစ်ချက်ညိတ်ပြပြီး ကျွန်တော့်ဘေးက ပုခုံးချင်း တိုက်လုမတတ် ကပ်လျှောက်သွားပြီး ခြံပြင်ထွက်သွားတယ်။

နောက်ငါးမိနစ်လောက်ကြာတော့ ကားပါကင်ဘက်က ကားစက်သံ ကြားလိုက်ရတယ်။ သူရိန် ပြန်ရောက်လာပြီ ထင်တယ်။

အိမ်မကြီးဘက် လျှောက်သွားတော့ နက်ပြာရောင်ကားက ကားပါကင်မှာ ထိုးဖို့လုပ်နေပြီ။ ကားမောင်းနေတဲ့ သူရိန်က ကျွန်တော်ရောက်နေတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပြုံးပြီး ခေါင်းတစ်ချက်ညိတ်ပြတယ်။

ဘေးမှာထိုင်နေတဲ့ သန္တာက ပြုံးပြရင်း တောင်းပန်နေရှာတယ်။ “တောင်းပန်ပါတယ်ရှင်။ လိုတဲ့ပစ္စည်းလေးတွေ ထွက်ဝယ်တာလေ။ လမ်းမှာ ကားကြပ်နေတာနဲ့ ကြာနေတာ။ သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ”

ကားပေါ်က ဆင်းဆင်းချင်း သူရိန်ကလည်း တောင်းပန်တဲ့အနေနဲ့ လက်တစ်ဘက်မြှောက်ပြတယ်။ “စောင့်နေတာ ကြာပြီလားကွ”

“သိပ်မကြာသေးပါဘူးကွာ။ မင်းခြံထဲက ပိတောက်ပန်းတွေကို ကြည့်နေတာ”

“ကြွေကုန်ပြီ ထင်တယ်”

“အင်း၊ ကြွေနေပေမယ့်လည်း လှတာပဲကွာ”

“ပန်းတွေ ပွင့်နေတုန်းကတော့ အဟုတ်ပဲ။ အဲနောက်တော့ ဒုက္ခပေးတာပဲကွာ။ ငါ့ရဲ့ အလုပ်ခန်းပြတင်းပေါက်နဲ့က သိပ်နီးတယ် မဟုတ်လား။ ပိုးကောင်လေးတွေက အဲဒီကနေ အပြုံလိုက် ဝင်လာတာပဲ”

“အာ … ဒုက္ခပါပဲ။ ဒါပေမယ့် အခု မင်းအဲဒီမှာ အလုပ်လုပ်စရာမှ မလိုတော့တာ။ မဟုတ်ဘူးလား”

“အင်း၊ အဲဒီ ပိုးကောင်တွေကြားမှာ အလုပ်မလုပ်ရတော့ဘူးလို့ တွေးမိရင်ကိုပဲ ဝမ်းသာလို့ မဆုံးဘူး။ လာ လာ အထဲအရင်ဝင်ကြရအောင်။ ငါတို့ ပန်းကန်ခွက်ယောက်တွေ နည်းနည်းတော့ ချန်ထားသေးတယ်။ မင်းကို ကော်ဖီဖျော်တိုက်ဦးမယ်”

ကျွန်တော်တို့ အိမ်ထဲ ဝင်လိုက်ကြတယ်။ အိမ်ထဲမှာ ပစ္စည်းပစ္စယတွေ အားလုံးနီးပါး သိမ်းဆည်းပြီးကုန်ပြီ။ နံရံပေါ်က ပန်းချီကားတွေတောင် မရှိတော့ဘူး။

“အထုပ်အပိုးတွေ ပြင်ပြီးပြီပေါ့” သူရိန်ကို မေးလိုက်တယ်။

“အလုပ်ခန်းထဲကလွဲလို့ အားလုံးနီးပါး ထုပ်ပိုးပြီးပြီ”

“ဒီည ဘယ်မှာအိပ်ဖို့ စိတ်ကူးထားလဲ”

“ဟော်တယ်မှာ အခန်းယူထားပြီးပြီလေ။ ဒါပေမယ့် ငါတော့ ဒီမှာပဲ ညအိပ်ရလိမ့်မယ် ထင်တယ်”

ကျွန်တော်နဲ့ သူရိန်တို့ သူ့အလုပ်ခန်းထဲ ဝင်လိုက်ကြတယ်။ အတော်ကျယ်တဲ့ အနောက်တိုင်း ရုံးခန်းပုံစံမျိုး။ အခန်းထဲမှာတော့ ကွန်ပျူတာ၊ စာရေးစားပွဲနဲ့ စာအုပ်စင်တစ်စင်ပဲ ကျန်တော့တယ်။ ကျန်တာတွေအားလုံး ထုပ်ပိုးထားပြီးပြီဆိုတော့ ဟာလာဟင်းလင်း ဖြစ်နေတယ်။

“ဒါဆို မနက်ဖြန် စာမူအပ်စရာ ရှိနေသေးလို့လား”

သူရိန်က မျက်ခုံးတစ်ချက်ပင့်ပြီး ခေါင်းညိတ်ပြတယ်။

“ဆောင်းပါးက အကုန် မပေးရသေးဘူးလေ။ ဒီည မဂ္ဂဇင်းတိုက်ကို ပို့ပေးမယ် ပြောထားတာ။ ဒါကြောင့် တယ်လီဖုန်းတောင် မဖြုတ်ရသေးဘူး”

“သော်တာမဂ္ဂဇင်းအတွက်လား”

“ဟုတ်တယ်”

“ရေးဖို့ ဘယ်နှမျက်နှာ ကျန်သေးတာလဲ”

“၃၀။ အင်း … ပြီးနိုင်မှာပါလေ”

အခန်းထဲမှာ ထိုင်ခုံနှစ်လုံး ရှိတယ်။ ကျွန်တော်တို့နှစ်ယောက် စားပွဲရဲ့ တစ်ဘက်စီမှာ နေရာယူလိုက်ကြတယ်။ ခဏကြာတော့ ကော်ဖီခွက်တွေ ကိုင်ပြီး သန္တာ အခန်းထဲ ဝင်လာတယ်။

“ဗန်ကူးဗားရဲ့ ရာသီဥတုက ဘယ်လိုလဲ။ ဒီနေရာထက်တော့ အများကြီး ပိုအေးမယ်ထင်တယ်” ကျွန်တော်က နှစ်ယောက်စလုံးကို မေးလိုက်တယ်။

“ဒီနဲ့က ဘာမှ မဆိုင်ဘူး။ ဟိုမှာက ရာသီဥတု ပိုအေးတယ်”

“နွေရာသီမှာ အေးအေးလူလူ နေရတာလည်း ကောင်းတာပဲ။ တစ်နေကုန် အဲယားကွန်းခန်းထဲ နေရတာ ကျန်းမာရေးအတွက် မကောင်းဘူးလေ”

“အေးအေးလူလူနဲ့ အလုပ်လုပ်ရရင်တော့ သိပ်ကောင်းမှာပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူး ထင်တယ်” သူရိန်က ပြောရင်း ရယ်နေတယ်။

“ဦးပေါ်လွင်၊ နောက်ကျရင် လာလည်ရမယ်နော်။ အဲဒီအခါ ကျွန်မက ဧည့်လမ်းညွှန် လုပ်ပေးမယ်လေ” လို့ သန္တာက ပြောတယ်။

“ကျေးဇူးပါဗျာ၊ လာမှာပေါ့”

“ရှင်တို့ အေးဆေးစကားပြောကြဦး” ဆိုပြီး သန္တာ အခန်းထဲက ထွက်သွားတယ်။

သူရိန်က ကော်ဖီခွက်ကို ကိုင်ရင်း ရပ်လိုက်ပြီး ပြတင်းပေါက်ကနေ ပန်းခြံဘက်ကို လှမ်းကြည့်နေတယ်။

“ပိတောက်ပန်းတွေ အစီအရီ ပွင့်နေတာကို ကြည့်ခွင့်ရတာ သိပ်စိတ်ချမ်းသာတာပဲ” လို့ သူက ပြောတယ်။

“နောက်နှစ်က စပြီး ပိတောက်ပန်းတွေ ပင်လုံးကျွတ်ပွင့်တိုင်း ဓာတ်ပုံရိုက်ပြီး မင်းဆီ ပို့ပေးမှာပေါ့။ ဒါနဲ့ ကနေဒါဘက်မှာရော ပိတောက်ပန်းရှိလား”

“မသိဘူး။ ငါတို့ပြောင်းနေတဲ့ အနီးပတ်ဝန်းကျင်တော့ မရှိဘူးပဲ” သူ ကော်ဖီတစ်ငုံ ငုံရင်း ပြောလိုက်တယ်။

“ပြောရင်းမှပဲ သတိရတယ်။ စောနက မင်းခြံထဲမှာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ်” နဂိုကတော့ ပြောသင့်မပြောသင့် ဇဝေဇဝါနဲ့။ နောက်တော့ အသိပေးထားတာ ကောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

“ထူးဆန်းတဲ့ အမျိုးသမီး …” သူရိန် မျက်မှောင်ကြုတ်သွားတယ်။

ကျွန်တော် ပိတောက်ပင်အောက်မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အစအဆုံး ပြောပြလိုက်တော့ အစပိုင်းက အံ့ဩနေတဲ့ သူ့မျက်နှာပေးကနေ အကြောင်းအရာတစ်ခုခုကို သဘောပေါက်သွားသလိုမျိုး ပြောင်းလဲသွားတယ်။

“မင်း စောစောက ပြောတဲ့ အမျိုးသမီးရဲ့ ပုံစံက ရုပ်သေးရုပ်လိုမျိုး မဟုတ်လား”

“ဟုတ်တယ်၊ ဟုတ်တယ်။ နှိုင်းပဲ နှိုင်းတတ်ပလေ့ကွာ၊ အဲဒီပုံပဲ” သူရိန်ရဲ့ ဥပမာပေးပုံက သိပ်ထိမိတာပဲ။ ကျွန်တော် ရယ်လိုက်မိတယ်။

“သူက ဒီအနီးအနားမှာ နေတာ။ သူက ရုပ်နုတယ် ပြောရမယ်။ တကယ်ဆို သူ့အသက်က ၄၀ ကျော်လောက်ပြီ။ အလယ်တန်းကျောင်း တက်နေတဲ့ သားတစ်ယောက်ရှိတယ်။ လူပေလူတေလေးကွ။ သူ့ယောက်ျားကတော့ အိမ်မှာ မရှိတာ များတယ်။ တခြားမြို့တစ်မြို့မှာ အလုပ်လုပ်နေပုံပဲ။ အဲဒါ သန္တာရဲ့ အထင်ပေါ့လေ”

“သိထားတာ အတော်များတာပဲ။ အတော်ခင်တဲ့ မိတ်ဆွေတွေလား”

“အဲဒီမိန်းမနဲ့လား … ဘယ်ကလာကွာ” သူ ပြတင်းပေါက် မှန်တံခါးကို ဖွင့်လိုက်တော့ အပြင်က လေပြည်လေညင်းနဲ့အတူ ပိတောက်ပန်းနံ့တွေ အခန်းထဲ တိုးဝင်လာတယ်။ “ပြောင်းပြန်ပဲ ငါ့လူ” သူက ဆက်ပြောတယ်။ “ငါ့ကို မုန်းနေတဲ့လူလို့ ပြောမှ ပိုမှန်မယ်”

“မုန်းနေတာ … သူ့ကြည့်ရတာတော့ ပုံမှန်ပါပဲ။ ဘာဖြစ်လို့လဲ”

“ကြောင် ကြောင့်ပေါ့ကွာ”

“ကြောင် … ကြောင်နဲ့ ဘယ်လို ပတ်သက်လို့လဲ”

“မကြာခင်ကပဲ သူမွေးထားတဲ့ ကြောင်လေး သေသွားတယ်။ လမ်းဘေးမှာ ရုတ်တရက် လဲသွားတယ်လို့ ကြားမိတာပဲ။ တိကုဆရာဝန်နဲ့ သွားပြတော့ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ သိရတယ်”

“အဲဒါကရော မင်းနဲ့ ဘာဆိုင်လို့လဲ”

“ငါက အဆိပ်ခတ်ပြီး သူ့ကြောင်ကို သတ်ပစ်လိုက်တယ်လို့ သူက သံသယရှိနေတာလေ”

“မင်းက … သူက ဘာလို့ အဲဒီလို ထင်ရတာလဲ”

“ဒီအပိုဒ် …” သူရိန်က စာအုပ်စင်ပေါ်က မဂ္ဂဇင်းတစ်အုပ်ကို ယူပြီး ကျွန်တော်အရှေ့မှာ လှန်ပြတယ်။ “မင်း ဒါ ဖတ်ကြည့်ကြည့်”

စာမျက်နှာ တစ်ဝက်လောက်ပဲ ရှိတဲ့ ကြားညှပ် အက်ဆေးအတိုစားလေး။ ခေါင်းစဉ်က “သည်းခံနိုင်တဲ့ အကန့်အသတ်” တဲ့။ အထက်နားမှာ သူရိန်ရဲ့ ဓာတ်ပုံပါ ထည့်ထားတယ်။ စာပိုဒ်ရဲ့ ဆိုလိုရင်းက အိမ်တကာ လည်နေတဲ့ ကြောင်တစ်ကောင်က သူ့ကို စိတ်ကသိကအောက် ဖြစ်အောင် လုပ်နေတဲ့အကြောင်း။ “နံနက်ဆိုရင် ပန်းခြံထဲမှာ အမြဲလိုလို တွေ့နေရတာက ကြောင်ချီးပဲ။ ကားကို ကားပါကင်မှာ ရပ်ထားရင်လည်း ကားမိုးကာပေါ်မှာ ကြောင်ခြေရာတွေက အများကြီးပဲ အထင်းသား။ ပန်းအိုးထဲက ပန်းပင်တွေဆိုလည်း ကိုက်ဖြတ်ခံထားရလို့ မြေပြင်မှာ သစ်ရွက်တွေ ဗရပွနဲ့။ ဒါတွေအားလုံးရဲ့ အဓိက တရားခံဟာ အနက်ရောင်အမွေးပွနဲ့ ကြောင်တစ်ကောင်ပဲဆိုတာ သိပါလျက်နဲ့ ဘာမှ မလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတယ်။ လုပ်သင့်တဲ့ အကာအကွယ် အတားအဆီးတွေ လုပ်ထားပေမယ့်လည်း ဘာမှ ထူးမလာဘူး။ ကိုယ့်ရဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို နေ့တိုင်းနေ့တိုင်း စိန်ခေါ်ခံနေရသလို ………”

“သေသွားတဲ့ ကြောင်က အနက်ရောင် အမွေးပွလား”

“ဟုတ်မယ် ထင်တာပဲ”

“အေးပေါ့လေ” ကျွန်တော် မချိပြုံး ပြုံးရင်း ခေါင်းညိတ်လိုက်ပြီး “သူ မင်းကို သံသယရှိနေတာက လုံးဝ အဓိပ္ပာယ်မရှိတာမှ မဟုတ်ဘဲ”

“ပြီးခဲ့အပတ်က သူ ဒေါသတကြီးနဲ့ အိမ်ရှေ့ရောက်လာပြီး ဆဲလားဆိုလား လုပ်တယ်။ ငါက အဆိပ်ခတ်ပါတယ်လို့ နာမည်တပ်ပြီး ဆဲနေတာ မဟုတ်ပေမယ့် အဲဒီ သဘောပဲပေါ့ကွာ။ သန္တာကလည်း စိတ်ဆိုးဆိုးနဲ့ ‘ငါတို့ အဲဒီလို အောက်တန်းကျတဲ့ အလုပ်မျိုး မလုပ်ဘူး’ ဆိုပြီး ပြန်ဟောက်လွှတ်တော့ မကျေမချမ်းနဲ့ ပြန်သွားတယ်။ ဒါပေမယ့် ငါတို့ ပန်းခြံနား မယောင်မလည်နဲ့ အမြဲ လာလာပြီး ချောင်းနေပုံထောက်တော့ ငါတို့အပေါ် သံသယက ရှိနေတုန်းပဲ။ ကြည့်ရတာ ခတ်ခဲ့တဲ့အဆိပ် ဆေးလုံး အကြွင်းအကျန်များ ရှိလေမလားလို့ သက်သေအထောက်အထား လာရှာနေပုံ ရတယ်”

“တယ်လည်း ဇွဲကြီးပါလား”

“အဲလို မိန်းမမျိုးက အဲဒီလိုပဲ”

“မင်းတို့ ကနေဒါကို ပြောင်းသွားတော့မယ်ဆိုတာ သူ မသိလို့လား”

“သန္တာ သူ့ကို ပြောထားပြီးသားလေ။ ငါတို့ နောက်တစ်ပတ်ထဲ ဗန်ကူးဗားကို ပြောင်းတော့မယ်ဆိုတာ ပြောထားတယ်။ သူ့အိမ်ကကြောင် ခြံထဲလာပြီး ဘယ်လောက်ပဲ သောင်းကျန်းသောင်းကျန်း ငါတို့ သည်းခံရလည်း အလွန်ဆုံး တစ်ပတ်ပေါ့။ ကြည့်ရတာ သန္တာလည်း အတော် တင်းနေပုံပဲ” သူရိန်က သဘောကျပြီး ရယ်နေတယ်။

“သန္တာပြောတာ အဓိပ္ပာယ် ရှိတာပဲ။ မင်းတို့အနေနဲ့ သူ့ကြောင်ကို အမြန် သတ်ပစ်ရလောက်အောင် အကြောင်းမှ မရှိတာ”

ဘာကြောင့်လဲတော့ မသိဘူး။ သူရိန်က ကျွန်တော့်စကားကို ဘာမှ ပြန်မပြောဘဲ ပြုံးပြုံးကြီးနဲ့ ပြတင်းအပြင်ဘက်ကို ကြည့်နေတယ်။ ကော်ဖီသောက်လို့လည်း ကုန်သွားရော သူက ခပ်အေးအေးပဲ ပြောလာတယ်။ “ငါ လုပ်လိုက်တာ”

“အမ်” ကျွန်တော် နားမလည်နိုင်တာနဲ့ ထပ်မေးလိုက်တယ်။ “ဘာဆိုလိုတာလဲ”

သူက ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဆေးလိပ်ဗူးနဲ့ မီးခြစ်ကို လှမ်းယူလိုက်တယ်။

“ငါ သတ်လိုက်တာလေ။ ပန်းခြံထဲမှာ အဆိပ်လုံးတွေ ငါချထားခဲ့တာ။ ဒီလောက် လွယ်လွယ်နဲ့ ကိစ္စပြီးသွားလိမ့်မယ်လို့တော့ ငါ ထင်မထားခဲ့ဘူး”

ဒီလိုစကားမျိုးတွေ သူ့ပါးစပ်က ထွက်လာတော့ ကျွန်တော့်ကို နောက်နေတယ်လို့ပဲ ထင်နေတာ။ ကျေနပ်စွာ ပြုံးနေတဲ့ သူ့မျက်နှာကို မြင်ရတော့မှ ဒါ နောက်နေတာ လုံးဝ မဖြစ်နိုင်တော့ဘူး။

“မင်းက အဆိပ်ကို ဘယ်လို လုပ်တာလဲ”

“ဘယ်လို လုပ်ရမှာလဲ။ ကြောင်စာထဲ ဓာတ်မြေဩဇာထည့်ပြီး ခြံထဲ ချထားလိုက်ရုံပေါ့။ အထိန်းအကွပ်မရှိတဲ့ ကြောင်က တကယ်ကို ဘာမဆို စားတာပဲဟ”

သူရိန်က ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ခပ်ပြင်းပြင်း ရှိုက်ဖွာလိုက်တယ်။ သူ့ဆီက ထွက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေဟာ အခန်းတွင်း ဖြတ်ဝင်လာတဲ့ လေနဲ့အတူ မြူခိုးပမာ လေထဲစီးမျောလို့။

“မင်း ဘာလို့ အဲဒီလို လုပ်ရတာလဲ” ကျွန်တော် မေးလိုက်တယ်။ စိတ်ထဲမှာ နေမထိထိုင်မသာနဲ့။

“ငါမင်းကို ပြောဖူးတယ်လေ။ ဒီခြံက အခုထိ ငှားနေမယ့်သူ မရှိသေးဘူးလို့” သူက မျက်နှာကို တည်ထားလိုက်ပြီး ပြောတယ်။

“အင်း”

သူရိန်တို့ လင်မယားက သူတို့ ကနေဒါမှာ သွားနေနေတဲ့ အချိန်ကာလအတွင်း ဒီခြံကို အငှားချထားမယ်လို့ ဆုံးဖြတ်ထားကြတယ်။

“လာပြီး စုံစမ်းတဲ့သူကတော့ မပြတ်ဘူး။ ဒါပေမယ့် သူတို့ မကြိုက်တာတစ်ချက် ရှိတယ်လို့ ပြောကြတယ်”

“ဘာတဲ့လဲ”

“ကြောင်တွေ အနားမကပ်ရဲအောင် ကြောင်ပြေးအောင်ဆိုပြီး နေရာတကာမှာ ဖန်ပုလင်းတွေ အများကြီး ချထားတာကို သူတို့က သတိထားမိကြတယ်။ ဒီခြံထဲမှာ ကြောင်တွေ တော်တော် အနှောင့်အယှက် ပေးနေပါလားလို့ သူတို့ကလည်း ယူဆပြီး မငှားချင်ကြတော့ဘူး။”

“ဘာခက်သလဲကွာ။ အဲဒီ ပုလင်းတွေ အကုန်ဖယ်ပစ်လိုက်ပေါ့”

“ဒါက ပြဿနာကို တကယ် ပြေလည်သွားစေတာမှ မဟုတ်ဘဲ။ သူတို့ ခြံထဲ အသေအချာ လိုက်ကြည့်လို့ ကြောင်‌ချေးတွေ မြင်သွားရင် ဘယ်နှယ့်လုပ်မလဲ။ ငါတို့ ရှိနေတုန်းတော့ နေ့တိုင်း တံမြက်စည်း လှည်းနေလို့ ရသေးရဲ့။ မနက်ဖြန် ငါတို့ ပြောင်းသွားပြီ ဆိုရင်တော့ ဒီခြံထဲ နံစော်နေတော့မှာပဲ”

“ဒါနဲ့ပဲ မင်းက သတ်ပစ်လိုက်တယ်ပေါ့”

“ဒါက ကြောင်ရှင်မှာ တာဝန်ရှိတာလေ။ အဲဒီ အမျိုးသမီးက ဒါကို သဘောပေါက်ပုံ မရဘူး” သူရိန်က ကုန်ခါနီး ဆေးလိပ်တိုကို ဆေးလိပ်ပြာခွက်ထဲ ထိုးချေပြီး မီးသတ်လိုက်တယ်။

“သန္တာရော ဒီကိစ္စကို သိလား”

သူရိန်က ရယ်ရင်း ခေါင်းခါတယ်။ “ဘယ်သိလို့ ဖြစ်မလဲကွာ။ မိန်းမဆိုတာမျိုးက ၁၀၀ မှာ ၈၀ က ကြောင်ချစ်ကြတာချည်းပဲ။ ငါသာ သူ့ကို အမှန်အတိုင်း ဖွင့်ပြောလိုက်ရင် ငါ့ကို မကောင်းဆိုးဝါးအလား ကြည့်နေတော့မှာ”

ကျွန်တော်လည်း ဘာဆက်ပြောရမှန်း မသိတာနဲ့ ခပ်မဆိတ်ပဲ ငြိမ်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ ဖုန်းခေါ်သံ မြည်လာလို့ သူရိန်က ဖုန်းကောက်ကိုင်လိုက်တယ်။

“ဟယ်လို၊ ဪ အခုပဲ ခင်ဗျားကို သတိရနေတာဗျာ ….. အင်း၊ နဂို အစီအစဉ်အတိုင်းပါပဲ ….. ဟ၊ ခင်ဗျား အကြားအမြင် ရနေသလိုပဲ။ ဟုတ်တယ်ဗျ၊ ကျွန်တော်အခုမှ စရေးမလို့ ….. ဟုတ်တယ်၊ ဒီည အားလုံး ပြီးပြတ်အောင် လုပ်နိုင်မှာပါ …….. ကောင်းပြီလေ၊ ကျွန်တော် ပြီးတာနဲ့ ချက်ချင်း ပို့ပေးမယ် ……. မဖြစ်ဘူးဗျ၊ ဒီတယ်လီဖုန်းက မနက်ဖြန် နေ့လယ်အထိပဲ သုံးလို့ရမှာ။ ဒါကြောင့် ကျွန်တော်ပဲ ဖုန်းလှမ်းဆက်လိုက်ပါမယ် …….. အင်း၊ ကျွန်တော် ဟော်တယ်ကနေ လှမ်းဆက်မယ်။ ကောင်းပြီလေ၊ ဒါပဲနော်”

ဖုန်းချလိုက်ပြီး သူ သက်ပြင်းကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်တယ်။

“အယ်ဒီတာလား” ကျွန်တော် မေးလိုက်တယ်။

“မဂ္ဂဇင်းတိုက်က ဂျာကြီးလေ။ အချိန်ဆွဲတတ်တဲ့ ငါ့အကျင့်ကို သိနေတော့ ငါ့ကို သိပ်စိတ်ချပုံမရဘူး။ ငါက နောက်နေ့ ဒီမှာ မရှိတော့ဘူးဆိုတော့ စာမူမပေးဘဲ ထွက်ပြေးသွားမှာ စိုးရိမ်ပုံပဲ”

“ဒါဆို ငါလည်း မနှောင့်ယှက်တော့ပါဘူးကွာ၊ ပြန်တော့မယ်” ကျွန်တော် ထိုင်ရာက ထရပ်လိုက်တယ်။

အဲဒီအချိန် ခပ်လှမ်းလှမ်းက စကားပြောသံတချို့ ကြားလိုက်ရတယ်။ ခဏနေတော့ ဧည့်ခန်းကနေ ဖြတ်လျှောက်လာတဲ့ သန္တာရဲ့ ခြေသံကို ကြားရပြီး နောက်တော့ တံခါးခေါက်သံ ထွက်လာတယ်။

“ဘာကိစ္စလဲ” သူရိန်က လှမ်းမေးတယ်။

တံခါးပွင့်လာပြီး မျက်နှာမကြည်မသာနဲ့ သန္တာရဲ့ ခေါင်းဝင်လာတယ်။ “မလင်းလင်းမော် လာတယ်” အသံက လေးလေးပင်ပင်နဲ့။

သူရိန်ရဲ့ မျက်နှာက မိုးရွာတော့မယ့် ကောင်းကင်လို ချက်ချင်း မဲမှောင်သွားတယ်။

“မလင်းလင်းမော် …”

“အင်း၊ သူက ပြောတယ်။ ဒီနေ့တော့ မဖြစ်မနေကို ဆွေးနွေးမှ ဖြစ်မယ်တဲ့”

“ဒုက္ခပါပဲ” သူရိန်က နှုတ်ခမ်းကို ကိုက်ပြီး “ငါတို့ ကနေဒါကို ပြောင်းတော့မယ်ဆိုတာ သူ သတင်းရသွားပုံပဲ”

“ကို အလုပ်များနေလို့ မအားဘူးဆိုပြီး ပြန်ခိုင်းလိုက်ရမလား”

“အဲ ……” သူ ခဏစဉ်းစားလိုက်ပြီး “နေပါစေ၊ တွေ့လိုက်ပါ့မယ်။ ဒီမှာတင်ပဲ ကိစ္စကို ပြေလည်အောင် ဖြေရှင်းလိုက်တာ ပိုကောင်းမယ်။ သူ့ကို ဒီခေါ်ခဲ့ပါလား”

“ဟုတ်၊ အဲ …..” သန္တာက စိုးရိမ်စိတ်နဲ့ ကျွန်တော့်ဘက် လှမ်းကြည့်တယ်။

“အား .. ကျွန်တော်အခုပဲ ပြန်တော့မလို့” ကျွန်တော် ပြောလိုက်တယ်။

“ဆောရီးပဲနော်” သန္တာပြောပြီးတာနဲ့ အခန်းဝကနေ ပျောက်သွားတယ်။

“အတော်ခေါင်းစားတာ” သူရိန် သက်ပြင်းချရင်း ပြောတယ်။

“မင်းတို့ စောနကပြောတဲ့ မလင်းလင်းမော်ဆိုတာ ထွန်းမောင်ရဲ့ …..”

“နှမလေ” သူက သူ့ခေါင်းကို ကုတ်လိုက်ပြီး “သူတို့က ပိုက်ဆံလိုချင်လို့ပါဆိုလည်း အကောင်းသား။ တကယ်လို့ စာအုပ်တွေ အကုန်ပြန်သိမ်းပြီး ဇာတ်လမ်းကို ပြန်ပြင် ရေးပေးရမယ်ဆိုရင်တော့ မဖြစ်နိုင်တာပဲ”

ခြေသံတွေက နီးသထက်နီးလာတော့ သူရိန် သူ့ပါးစပ်ကို အမြန် ပိတ်လိုက်တယ်။ တံခါးပေါက်အပြင်ဘက်က သန္တာရဲ့ အသံထွက်လာတယ်။ “နည်းနည်း မှောင်တယ်နော် သတိထား” ပြီးတော့ တံခါးခေါက်သံကြားရပြီး သူရိန်က ဝင်ခွင့်ပေးလိုက်တယ်။

သန္တာရဲ့ အနောက်မှာ ရပ်နေတာက အသက် ၂၆၊ ၂၇ လောက်ရှိမယ့် ဆံပင်ရှည်ရှည် အမျိုးသမီးတစ်ယောက်။ အလုပ်အင်တာဗျူး ဖြေဖို့ သွားတဲ့ လူတစ်ယောက်လို ဝတ်စားထားပြီး မဖိတ်ဘဲ လာရလို့ ယဉ်ကျေးတဲ့ အမူအရာကို ထင်ရှားအောင် ပြထားသလိုမျိုး။

“ဒါဆို ငါသွားတော့မယ်” ကျွန်တော် သူရိန်ကို နှုတ်ဆက်လိုက်တယ်။ နဂိုက သူ့ကို ပြောမလို့ပဲ။ အဆင်ပြေရင် နောက်နေ့ လေယာဉ်ကွင်းကို လိုက်ပို့မယ်လို့။ ဒါပေမယ့် မပြောဖြစ်ခဲ့ဘူး။ ကိုယ့်စကားတစ်ခွန်းက ဧည့်သည် မလင်းလင်းမော်အတွက် အနှောင့်အယှက် ဖြစ်သွားရင် မကောင်းဘူးလေ။

သူရိန်ကတော့ ခပ်တည်တည်နဲ့ ခေါင်းတစ်ချက် ညိတ်ပြတယ်။

သန္တာနဲ့အတူ အိမ်ထဲက ထွက်လာခဲ့တယ်။

“သေသေချာချာ ဧည့်မခံနိုင်တာ အားနာစရာပဲ ရှင်” သန္တာက သူ့လက်ဖဝါးနှစ်ဖက်ကို ရှိခိုးသလို အုပ်ကိုင်ထားပြီး တောင်းပန်နေရှာတယ်။ ခန္ဓာကိုယ် သေးသေးသွယ်သွယ်နဲ့ ကလေးမလေး တစ်ယောက်လို အမူအရာမျိုးကို မြင်ရတဲ့သူက သူ့ကို အသက် (၃၀) ကျော်ပါလို့ ဘယ်သူက ထင်ရက်မှာလဲ။

“သန်ဘက်ခါ ကျွန်တော်လည်း လေယာဉ်ကွင်း လာခဲ့မယ်”

“ရှင် မအားဘူး မဟုတ်လား”

“ကိစ္စမရှိဘူး။ ဘိုင့်ဘိုင်”

သူက ပြန်နှုတ်ဆက်ပြီး ကျွန်တော် လမ်းထဲ ချိုးကွေ့သွားတဲ့အထိ သူ ကြည့်နေခဲ့တယ်။

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *