စုံထောက်ဝေဖြိုး၏ ကိုယ်ရေးမှတ်စု
ဒီလူသတ်မှု တစ်ခုလုံးမှာ ကျွန်တော် အထူးသတိထားမိတာ တစ်နေရာရှိတယ်။ လူသတ်လက်နက်ဟာ ဦးသူရိန်အိမ်ထဲမှာ နဂိုကတည်းက ရှိနှင့်နေတဲ့ စက္ကူဖိတုံး ဖြစ်နေခြင်းပဲ။ အဲဒီကနေ ကျွန်တော်တို့ ဘာကောက်ချက် ဆွဲနိုင်သလဲဆိုတော့ လူသတ်သမားဟာ ဦးသူရိန်အိမ်ကို ဝင်စဉ်တုန်းက သူ့ကို သတ်ဖို့ ကြိုတင်ရည်ရွယ်ထားပုံ မရဘူး။ တကယ်လို့ အစောကြီးကတည်းက သတ်ဖို့ ရည်ရွယ်ချက်နဲ့ အိမ်ထဲကို ဝင်လာခဲ့ရင် ဒီလိုလက်နက်မျိုး သုံးမှာမဟုတ်ဘူး။ အဲ … နဂိုကတည်းက ကြိုတင်ပြီး လူသတ်လက်နက် စီစဉ်ထားပေမယ့် ထင်မထားတဲ့ အခြေအနေတချို့ကြောင့် ဒီလိုပစ္စည်းမျိုး ပြောင်းသုံးလိုက်ရတယ်ဆိုတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်သေးတာပဲ။ ကိုယ့်မှာ လက်နက်ပါပါလျက်နဲ့ စက္ကူဖိတုံးကိုမှ ရွေးသုံးရမယ်ဆိုတဲ့ ဖြစ်နိုင်ခြေကတော့ အင်မတန်နည်းတယ်။ ဒါကြောင့် ပိုပြီး သဘာဝကျတာက လူသတ်သမားဟာ သတ်ဖို့ ကြိုတင် ကြံစည်ထားတာမျိုး မရှိဘူး။ မထင်မှတ်ဘဲ စိတ်ပြောင်းသွားလို့ အနီးအနားမှာရှိတဲ့ ပစ္စည်းတစ်ခုခုနဲ့ လူသတ်မှုကို ကျူးလွန်လိုက်တာပဲ ဖြစ်မယ်။
တံခါးမကြီးရဲ့သော့က ပိတ်လျက်သား ရှိနေတာကိုလည်း ထည့်တွက်ရမယ်။ ပထမဆုံး မျက်မြင်သက်သေတွေရဲ့ အဆိုအရ ခြံဝင်းတံခါးရော၊ အိမ်တံခါးမကြီးပါ သော့ခတ်ထားကြတယ်။
ဒေါ်သန္တာရဲ့ သက်သေ ထွက်ဆိုချက်အရ ဆိုရင် – “ငါးနာရီနောက်ပိုင်း ကျွန်မ အိမ်ကထွက်တော့ တံခါးမကြီးကို သော့ခတ်ခဲ့တယ်။ ကျွန်မ အမျိုးသားက သူ့အလုပ်ခန်းထဲမှာ အလုပ်လုပ်နေတာဆိုတော့ တစ်ယောက်ယောက် အိမ်ထဲ ဝင်လာခဲ့ရင် သူသတိထားမိမှာ မဟုတ်ဘူး။ ဒါကြောင့် သူစိမ်းဝင်လာလို့ မရအောင် သော့ခတ်ထားခဲ့တာ။ ဒီလောက်ကြီး ဖြစ်သွားလိမ့်မယ်လို့ …..”
တံခါးမ သော့ဘုသီးမှာလည်း ဒေါ်သန္တာရဲ့ လက်ဗွေရာကိုပဲ တွေ့ရတယ်။ လက်အိတ်ရာ၊ ဒါမှမဟုတ်ဘဲ တစ်ခုခုနဲ့ သုတ်ပြီး ဖျက်ထားတဲ့ လက်ရာအစအနလည်း မရှိဘူး။ ဒါကြောင့် တံခါးမကြီးက ဒေါ်သန္တာထွက်သွားကတည်းက ဒီအတိုင်းပဲ ပိတ်လျက် ရှိနေမယ်လို့ ယူဆရတယ်။
အလုပ်ခန်း တံခါးကိုတော့ လူသတ်သမားက အတွင်းကနေ ပြန်ပြီး ပိတ်ထားမယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြင်အိမ်တံခါးမနဲ့ မတူဘဲ အလုပ်ခန်းတံခါးရဲ့ သော့ဘုသီးမှာ လက်ဗွေကို ဖျက်ထားတဲ့ သုတ်ရာ၊ ပွတ်ရာတွေ တွေ့ရတယ်။
အထက်က အကြောင်းအရာတွေကို အခြေခံပြီး တွက်ချက်ကြည့်ရင် လူသတ်သမားဟာ အခန်းထဲကို ပြတင်းပေါက်ကနေ ကျော်ဝင်တာပဲ ဖြစ်မယ်။ ဒီယူဆချက်မှာလည်း ဝိရောဓိတစ်ခု ရှိနေတယ်။ နဂိုကမှ သတ်ဖို့ ရည်ရွယ်မထားတဲ့ လူတစ်ယောက်ဟာ ဘာကြောင့် ပြတင်းပေါက်ကနေ ကျော်ဝင်ရတာလဲ။ တစ်ခုခု ဝင်ခိုးချင်လို့ ဆိုတဲ့ ဖြစ်နိုင်ခြေကလည်း မရှိသလောက်ပဲ။ ဦးသူရိန်အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ လူစိမ်းတစ်ယောက်ဆိုရင်တောင် ဘာပစ္စည်းမှ မယ်မယ်ရရ မရှိတော့ဘူးဆိုတာ တစ်ခဏချင်းပဲ သတိထားမိမှာ။
ဒီဝိရောဓိကို ပြေလည်စေမယ့် ယူဆချက်က တစ်ခုပဲရှိတယ်။ အဲဒီနေ့က လူသတ်သမားဟာ ဦးသူရိန်အိမ်ကို နှစ်ကြိမ် သွားခဲ့တယ်။ ပထမတစ်ကြိမ်က တွေ့စရာအကြောင်း တစ်ခုခု ရှိလို့ ဦးသူရိန်နဲ့ သွားတွေ့တယ်။ အဲဒီလူက ဦးသူရိန်အိမ်ကနေ ပြန်လာပြီးတော့ (အတိအကျ ပြောရရင် ပြန်ချင်ယောင်ဆောင်ပြီးတော့) အိမ်ထဲကို ထပ်ဝင်တာပဲ ဖြစ်မယ်။ ဒုတိယအကြိမ် အိမ်ထဲပြန်ဝင်တော့ အဲဒီလူမှာ ရည်ရွယ်ချက်တစ်ခု ရှိနှင့်နေပြီ။ ဒါကြောင့် ပြတင်းပေါက်ကနေ ကျော်ဝင်တာ ဖြစ်မယ်။ ဘာရည်ရွယ်ချက်လဲဆိုတာ ပြောဖို့တောင် မလိုဘူး။ လူသတ်ဖို့ပဲ။ ပထမအကြိမ် ဦးသူရိန်နဲ့ တွေ့ဆုံနေစဉ်မှာပဲ လူသတ်ချင်တဲ့ ဆန္ဒတွေ တဖွားဖွား ပေါ်လာတာ ဖြစ်ရမယ်။
အခင်းဖြစ်တဲ့နေ့က ဦးသူရိန်အိမ်ကို ဘယ်သူတွေ လာခဲ့ကြသလဲ။ အဖြေက ရှင်းပါတယ်။ နှစ်ယောက်တည်း။ မလင်းလင်းမော်နဲ့ ဦးပေါ်လွင်။
သူတို့နှစ်ယောက်စလုံးကို အသေးစိတ် လေ့လာစုံစမ်းလိုက်တဲ့အခါမှာ ထင်သလို ဖြစ်မလာခဲ့ဘူး။ သူတို့နှစ်ယောက်စလုံး အလီဘိုင်ပြနိုင်ကြတယ်။ အခင်းဖြစ်ပွားချိန် ကြားကာလမှာ သူတို့ တခြားတစ်နေရာမှာ ရှိနေပါတယ်ဆိုတဲ့ အထောက်အထားပဲ။
အခင်းဖြစ်တဲ့နေ့က မလင်းလင်းမော်ဟာ ည ၆ နာရီမှာ သူ့အိမ်ကို ပြန်ရောက်ခဲ့တယ်။ သူနဲ့ စေ့စပ်ထားတဲ့ ကိုလွင်စိုးရယ်၊ ကိုလွင်စိုးရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ ဦးဇော်ဟုတ်ရယ်၊ သူရယ်က အဲဒီအချိန် သူ့အိမ်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပဖို့ကိစ္စ တိုင်ပင်နေခဲ့ကြတာ။ ဦးဇော်ဟုတ်က တကယ်တော့ ကိုလွင်စိုးရဲ့ အလုပ်ရှင်ပါ။ ဦးဇော်ဟုတ်အနေနဲ့ မလင်းလင်းမော်နဲ့ တိုက်ရိုက်ပတ်သက်မှု လုံးဝမရှိတော့ မလင်းလင်းမော်အတွက် လိမ်ညာပြီး သက်သေခံပေးနေစရာ အကြောင်းမရှိဘူး။ ဒေါ်သန္တာရဲ့ ထွက်ဆိုချက်အရ မလင်းလင်းမော်ဟာ ဦးသူရိန်အိမ်ကနေ ထွက်တော့ ငါးနာရီကျော်နေပြီ။ အိမ်ပြန်ခရီး အကွာအဝေးနဲ့ ကားကြပ်မှု အခြေအနေကို ထည့်တွက်ရင် ၆ နာရီလောက် သူ့အိမ် ပြန်ရောက်တယ်ဆိုတာ သဘာဝကျတယ်။
မလင်းလင်းမော်ရဲ့ အလီဘိုင် သက်သေပြချက်မှာ ဘာလစ်ဟာကွက်မှ မတွေ့ရဘူး။
ဦးပေါ်လွင်ကတော့ တစ်မျိုး။
ဒီလူကို ထောက်လှမ်းတဲ့အခါမှာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ သံယောဇဉ်တွေ အတိုင်းအတာတစ်ခုထိ ပါနေတယ်ဆိုတာ ဝန်ခံရလိမ့်မယ်။ တစ်ချိန်က အလုပ်ခွင်မှာ ကျွန်တော့်ရဲ့ စီနီယာဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ ‘အောင့်သက်သက်’ အတိတ်ကာလတွေကို အတွင်းသိ အဆင်းသိ သိနေတဲ့သူ။
ဒါပေမယ့် ကိုယ်ရေးကိုယ်တာ ခံစားမှုကို ရှေ့တန်းတင်ပြီး အမှုစစ်နေတာထက် ဒီအမှုကို လက်ရှောင်လိုက်တာကမှ ပိုကောင်းဦးမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့် ဘက်မလိုက်တဲ့ အမြင်နဲ့ ဓမ္မဓိဋ္ဌာန်ကျကျ အမှုစစ်ဆေးနိုင်အောင် ကြိုးစားမယ်လို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော်တို့ရဲ့ အတိတ်သမိုင်းတွေကို မေ့ပစ်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အတိတ်ဆိုတာ ပိုကောင်းမယ့် အနာဂတ်အတွက် တွန်းအားတစ်ခုပဲလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
ဦးပေါ်လွင်ရဲ့ ထွက်ဆိုချက်အရ သူ့ရဲ့ အလီဘိုင် သက်သေပြချက်က ဒီလို။
အခင်းဖြစ်တဲ့နေ့ ညနေ ၄ နာရီခွဲ ပတ်ဝန်းကျင်လောက်မှာ မလင်းလင်းမော် ရောက်လာတာနဲ့ ဦးသူရိန်အိမ်ကနေ သူ ထွက်လာခဲ့တယ်။ ပြီးတော့ သူ့အိမ်ကို တန်းပြန်သွားပြီး ၆ နာရီအထိ အိမ်မှာ အလုပ်လုပ်နေခဲ့တယ်။ ၆ နာရီထိုးတော့ ရင်သွေးစာအုပ်တိုက်က ကိုဦးရောက်လာတယ်။ သူတို့ စာမူကိစ္စ ဆွေးနွေးကြတယ်။ အဲဒီလို တွေ့ဆုံနေကြတုန်းမှာ ဦးသူရိန်က ဖုန်းဆက်လာပြီး ဆွေးနွေးစရာရှိလို့ ၈ နာရီအရောက် သူ့အိမ်ကို လာခဲ့ဖို့ ပြောသတဲ့။
ဦးပေါ်လွင်နဲ့ ကိုဦးက အိမ်နားမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်မှာ ညစာအတူ စားကြတယ်။ အဲဒီနောက်မှ ဦးသူရိန်အိမ်ကို သွားတယ်။ ရောက်တဲ့အချိန်က ၈ နာရီ တိတိပဲ။ ဘဲလ်တီးတာ ဘယ်သူမှ မထူးတာကြောင့် ထူးဆန်းတာနဲ့ ဒေါ်သန္တာဆီကို ဖုန်းဆက်ပြီး မေးတယ်။ ဒေါ်သန္တာ ရောက်မလာခင် အဲဒီနားက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း ထိုင်စောင့်ခဲ့တယ်။ ၈ နာရီ ၄၀ လောက်ရောက်မှ သူ ဦးသူရိန်အိမ်ဘက် ပြန်သွားပြီး အဲဒီမှာ ဒေါ်သန္တာနဲ့ ဆုံကြတယ်။ သူတို့နှစ်ယောက် အိမ်ထဲ အတူဝင်ကြတော့ အလောင်းကို တွေ့တာပဲ။
သူ့ရဲ့ ထွက်ဆိုချက်ကို သေချာလေ့လာကြည့်တော့ ဦးပေါ်လွင်ရဲ့ အလီဘိုင်သက်သေကလည်း သိပ်စေ့စပ်တယ်။ ရင်သွေးစာအုပ်တိုက်က ကိုဦးနဲ့ ကော်ဖီဆိုင်က ဆိုင်ရှင်တို့ရဲ့ ထွက်ဆိုချက်အရလည်း အလိမ်အညာ မတွေ့ရဘူး။
ဒါပေမယ့် လုံးဝ ဟာကွက်မရှိတာမျိုးတော့ မဟုတ်ဘူး။ သူ့ရဲ့ ထွက်ဆိုချက်အရဆိုရင် သတ်ခွင့်ရမယ့် တစ်ခုတည်းသော အခွင့်အရေးက ဒေါ်သန္တာဆီကို ဖုန်းဆက် အကြောင်းမကြားခင် အချိန်မှာပဲ။ ကိုဦးနဲ့သူ လမ်းခွဲပြီးတော့ ဦးသူရိန်အိမ် ရောက်တာနဲ့ ဦးသူရိန်ကို သတ်မယ်။ ပြီးတော့ အခင်းဖြစ်ပွားတဲ့နေရာကို ရှင်းလင်းပြီးမှ ဘာမှ မဖြစ်သလိုနဲ့ ဒေါ်သန္တာဆီကို ဖုန်းဆက်လိုက်မယ်။
ဒါပေမယ့် မှုခင်းဆရာဝန်က ဒီအဆိုကို သဘောတူနိုင်မှာ မဟုတ်ဘူး။ အခင်းဖြစ်တဲ့နေ့ ညနေက ဦးသူရိန်တို့ ဇနီးမောင်နှံ ဈေးဝယ်ထွက်ရင်း ဦးသူရိန်က ဟမ်ဘာဂါတစ်လုံး ဝယ်စားခဲ့တယ်။ အစာအိမ်ထဲမှာ အစာချေဖျက်ထားမှု အနေအထားအရ သေဆုံးချိန်ဟာ ညနေ ၅ နာရီနဲ့ ၆ နာရီကြား ဖြစ်ရမယ်လို့ ခန့်မှန်းတယ်။ နောက်အကျဆုံး တွက်ရင်တောင် ၇ နာရီထက် မပိုဘူး။
ဒီတော့ ဦးပေါ်လွင်ရဲ့ အလီဘိုင် သက်သေက စင်းလုံးချောလို့ပဲ သတ်မှတ်ရတော့မလား။
ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်ရဲ့ ထိုးထွင်းသိအရ လူသတ်တရားခံက သူပဲလို့ ယူဆထားတာ။ အဲဒီလို သတ်မှတ်ရတာကလည်း အခင်းဖြစ်တဲ့နေ့က သူသတိလက်လွတ် ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်ပဲ။ အဲဒီစကားကို ကြားလိုက်ရတဲ့ တစ်ခဏမှာပဲ ဒီအမှုရဲ့ အဓိက လူသတ်တရားခံဟာ သူ ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော် ယူဆလိုက်မိတယ်။ ကိုယ့်ရဲ့ ထင်တစ်လုံးနဲ့ အမှုစစ်ရတာ အတော်လေး လက်တွေ့မကျဘူး ဆိုပေမယ့် ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ထိုးထွင်းသိကို နေရာပေးပြီး အမှုကို တည်ဆောက်နေခဲ့တယ်။
ဦးပေါ်လွင်က ဒီမှုခင်းနဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံကို ချရေးထားကြောင်း ကျွန်တော် ကြားရတော့ အတော်လေး အံ့ဩသွားတယ်။ ကျွန်တော် တွေးကြည့်မိတယ်။ တကယ်လို့သာ ဦးပေါ်လွင်က လူသတ်သမားသာဆိုရင် သက်သေသက္ကာရ အပြည့်အစုံနဲ့ သူ့မှတ်တမ်းကို ရဲလက် အပ်ရအောင် သူဒီလောက်ပဲ အ,ပါ့မလား။ ဒါပေမယ့် ကျွန်တော် အဲဒီမှတ်တမ်းကို ဖတ်လိုက်ရချိန်မှာတော့ ကျွန်တော်ရဲ့ အထင်တွေက တက်တက်စင်အောင် ပြောင်းလဲသွားတော့တယ်။
အဲဒီမှတ်တမ်းဟာ သိပ်ပြည့်စုံပြီး သိပ်ကို သိမ်းသွင်းနိုင်စွမ်း အပြည့်ရှိတယ်လို့ ကျွန်တော် ဝန်ခံရမှာပဲ။ သူရေးထားတဲ့ အကြောင်းအချက်တိုင်းဟာ ၁၀၀% အမှန်အတိုင်း ဟုတ်ချင်မှဟုတ်မယ် ဆိုတဲ့ သဘောတရားကို သူ့မှတ်တမ်း ဖတ်နေတုန်း ကျွန်တော် မေ့နေခဲ့တယ်။ အဲဒီလို ဖြစ်အောင်ပဲ ဦးပေါ်လွင်က ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလား။ စုံထောက်တွေက သူ့အပေါ် သံသယ ကင်းသွားအောင် သူ့အနေနဲ့ ဘာလုပ်နိုင်သလဲလို့ ကျွန်တော် စဉ်းစားကြည့်တယ်။ အချိန်ကန့်သတ်ချက်အရ သူသာလျှင် သံသယ အရှိထိုက်ဆုံး ပုဂ္ဂိုလ်ပဲ ဆိုတာကို သူ ကြိုတွက်ထားပြီးသား ဖြစ်လိမ့်မယ်။
သူနဲ့ တစ်ချိန်က အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျောင်းပြေး ဆရာတစ်ယောက်က အခု အမှုစစ်ဖြစ်နေတော့ အဲဒီလူရဲ့ ရင်းနှီးခင်မင်မှုကို အသုံးချပြီး သူ့လက်ထဲကို ကိုယ့်စိတ်ကြိုက် ဇာတ်လမ်းတစ်ပုဒ် ထိုးပေးနိုင်ခဲ့တယ်။ ဆရာအဖြစ်နဲ့ ဇာတ်သိမ်းမလှခဲ့တဲ့ ‘ဝေဖြိုး’ ဆိုတဲ့ကောင်ကို မလှိမ့်တပတ်နဲ့ အယုံသွင်းပြီး အရူးလုပ်နိုင်မယ်လို့ သူ ထင်ခဲ့ပုံရတယ်။
ကျွန်တော်ပဲ အတွေးလွန်နေမိတာလား။ အမှုစစ်တဲ့အခါမှာ ရင်းနှီးခဲ့ဖူးတဲ့သူနဲ့ ကြုံရလို့ ကိုယ့်ကိုယ်ရေးကိုယ်တာကို အလုပ်နဲ့ မပတ်သက်မိအောင် ဖုံးဖိဖို့ ကြိုးစားရင်း ခံစားချက်တွေ တွန်းကန်ဖောက်ထွက်နေတာမျိုးလား။ ဘာပဲဖြစ်ဖြစ်ပေါ့။ သူ့ရဲ့ မှတ်တမ်းထဲမှာ စနစ်တကျ မြှုပ်နှံထားတဲ့ ထောင်ချောက်အတော်များများကို ကျွန်တော် ဖော်ထုတ်နိုင်ခဲ့တယ်။ ပြီးတော့ လူသတ်သမားဟာ သူမှ သူပဲလို့ အတိအကျ ထောက်ပြနိုင်တဲ့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေ သူ့စာထဲမှာ တွေ့ခဲ့ရတယ်။
ကျွန်တော် တွေ့ရှိထားတဲ့ သက်သေအထောက်အထားတွေကို စနစ်တကျ ပြန်လည် သုံးသပ်ပြီး ကျွန်တော့်ရဲ့ အထက်လူကြီးဆီကို အစီရင်ခံစာ တင်လိုက်တယ်။ အထက်လူကြီးက သိပ်ကို စည်းစနစ်ကြီးပြီး စေ့စပ်သေချာတဲ့သူ။ သူကလည်း ကျွန်တော့်ရဲ့ ယူဆချက်ကို သဘောတူတယ်။ သူ့ရဲ့ အတွေ့အကြုံအရ သူကလည်း ဦးပေါ်လွင်ကိုပဲ သံသယဝင်နေတာ။ ဦးပေါ်လွင်ရဲ့ မှတ်တမ်းထဲမှာ ထည့်ရေးထားတာ မပါပေမယ့် အဲဒီ အခင်းဖြစ်တဲ့ညက ဦးပေါ်လွင်ဟာ စိတ်လှုပ်ရှားနေပြီး ထူးထူးခြားခြား စကား သိပ်များလွန်းနေတယ်။ ဒါဟာ အပြစ်ရှိသူတစ်ယောက်အတွက် မသိစိတ်ရဲ့ အလိုအလျောက် တုန့်ပြန်မှုပဲဆိုတာ ကျွန်တော်ရော အထက်လူကြီးပါ သဘောပေါက်ပြီးသား။
“အခု သက်သေခံပစ္စည်းပဲ လိုတော့တယ်” အထက်အရာရှိက ပြောတယ်။
ကျွန်တော်လည်း သဘောတူတယ်။ ကိုယ့်ဘာသာကိုယ် ဘယ်လောက်ပဲ ယုံကြည်မှု ပြည့်ဝပါတယ်ပဲ ပြောပြော၊ အခု လက်ဆုပ်လက်ကိုင် ပြနိုင်ပါတယ် ဆိုတဲ့ အထောက်အထားတွေ အားလုံးက ကိုယ်သိထားတဲ့ သတင်းအချက်အလက်တွေကနေ အခြေခံပြီး တွက်ဆယူထားတဲ့ ယူဆချက်တွေပဲ ရှိသေးတာ။
နောက်ထပ် ဖြေရှင်းလို့ မရသေးတဲ့ မေးခွန်းတစ်ခု ကျန်သေးတယ်။ ဦးသူရိန်ကို ဘာကြောင့် သတ်ရတာလဲ။ ဦးသူရိန်ကို မဆိုထားနဲ့၊ ဦးပေါ်လွင်နဲ့ ပတ်သက်သမျှကိုလည်း ရသလောက် လေ့လာစုံစမ်းထားပြီးပြီ။ ဒါပေမယ့် လူသတ်ချင်လောက်တဲ့ အကြောင်းအရင်းကို ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး။ လက်ရှိ စာရေးဆရာ အလုပ်နဲ့ ပြောမယ်ဆိုရင် ဦးသူရိန်က ဦးပေါ်လွင်ရဲ့ ကျေးဇူးရှင်လို့ကို ပြောလို့ရတယ်။
အတိတ်က ခင်မင်ခဲ့တဲ့ ဦးပေါ်လွင်အကြောင်းကို ပြန်မြင်ယောင်ကြည့်တယ်။ အလယ်တန်းကျောင်းတစ်ကျောင်းမှာ အတူတူ အလုပ်လုပ်ခဲ့တုန်းက သူဟာ အမြဲ တည်ငြိမ်အေးဆေးပြီး တာဝန်ဝတ္တရားအရရော၊ လူမှုရေးပိုင်းမှာပါ အမှားလုပ်ခဲ့တာ မတွေ့ဖူးဘူး။ ကျောင်းသားတွေ ပြဿနာဖြစ်ရင်လည်း သူက သူ့ကို အမှုမပတ်အောင် သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အရင်ဖြစ်ဖူးခဲ့တဲ့ ဖြစ်ရပ်တွေကို နမူနာယူပြီး ဖြေရှင်းလေ့ရှိတယ်။ ကိုယ့်ဘာသာ ဆုံးဖြတ်ချက် ချရတာမျိုးကို ရှောင်လွှဲပြီး စာအုပ်ထဲကအတိုင်း တစ်သဝေမတိမ်း လိုက်လုပ်တတ်တဲ့ လူစားမျိုး။ ဒါနဲ့ ပတ်သက်ပြီး အင်္ဂလိပ်စာဆရာမက မှတ်ချက်ပေးဖူးတယ်။
“ရှင်သိလား၊ ဦးပေါ်လွင်က ကျောင်းဆရာ ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ သူဒီလောက် အေးတိအေးစက် လုပ်နေတာက သူ့တပည့်တွေနဲ့ ပတ်သက်ပြီး အချိန်မဖြုန်းချင်လို့ပဲ။ ပြီးတော့ ပြဿနာ နည်းနိုင်သမျှ နည်းအောင် သူ့ဘာသာ ဘယ်တော့မှ မဆုံးဖြတ်ဘူးလေ။ အကုန်လုံး စာအုပ်ကြီးအတိုင်း လုပ်နေတော့တာပဲ”
ဆရာမရဲ့ ပြောစကားအရဆိုရင် ဦးပေါ်လွင်က တတ်နိုင်သမျှ မြန်မြန် အလုပ်ထွက်ပြီး စာရေးဆရာတစ်ယောက် ဖြစ်ချင်နေခဲ့တာ။ ဒါကြောင့် ကျောင်းဆရာ မိတ်ဆုံစားပွဲလို ပွဲမျိုးတွေကို တက်လေ့မရှိဘဲ အိမ်မှာပဲ ကျိတ်ပြီး စာရေးနေပုံရတယ်။
ဆရာမပြောသလိုပါပဲ၊ အခုဆို ဦးပေါ်လွင်က စာရေးဆရာတစ်ယောက် ဖြစ်နေပြီ။ ကျောင်းဆရာတစ်ယောက်အနေနဲ့ ဘယ်လို ခံစားခဲ့ရသလဲဆိုတာတော့ သူပဲ သိလိမ့်မယ်။ သူတစ်ချိန်က ကျွန်တော့်ကို ပြောခဲ့ဖူးတာ ရှိတယ်။ “ဆရာနဲ့ကျောင်းသား ဆက်ဆံရေးဆိုတာက လွဲမှားတဲ့နားလည်မှု တစ်ခုပေါ်မှာ တည်ဆောက်ထားတာပဲ။ ဆရာက ကျောင်းသားကို တစ်ခုခု သင်ပေးနိုင်လိမ့်မယ်လို့ ထင်နေပြီး၊ ကျောင်းသားကလည်း ဆရာ့ဆီက တစ်ခုခု သင်ယူနိုင်လိမ့်မယ်လို့ အထင်မှားနေကြတာ။ ပြောရရင် ဒီလို နားလည်မှု လွဲမှားနေတာကိုက စိတ်ချမ်းသာစရာတစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားကို သိသွားကြရင် ဘယ်သူ့အတွက်မှ မကောင်းဘူး မဟုတ်လား။ တကယ်တော့ ငါတို့ အားလုံးက စာသင်တမ်း ကစားနေကြတာကွ”
ဘယ်လို အတွေ့အကြုံမျိုးက သူ့ကို ဒီလို ခံယူချက်မျိုး ရလာအောင် ဖန်တီးပေးလိုက်တာပါလိမ့်။ ကျွန်တော် နားမလည်ခဲ့ဘူး။