Show contents

(က)

စုံထောက်ဝေဖြိုးရဲ့ ဖြေရှင်းချက်

နေရထိုင်ရတာ အဆင်ပြေလား။ ကျွန်တော် ဒီကို မလာခင် ဆရာဝန်နဲ့ ဝင်တွေ့ခဲ့သေးတယ်။ ခွဲစိတ်ကုသတာကို ခံယူဖို့ သဘောတူကြောင်း ကြားရတာ ဝမ်းသာပါတယ်။ ခင်ဗျားအနေနဲ့ အကောင်းဆုံးအဖြေကို မျှော်လင့်ထားသင့်တယ်။ ဆရာဝန်ကြီးကလည်း အောင်မြင်နိုင်ဖို့ အခွင့်အလမ်း များတယ်တဲ့။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။

ခင်ဗျားကို မေးမလို့ဟာပဲ။ ခင်ဗျား ဘယ်တုန်းက စပြီး ကိုယ့်ရောဂါ အခြေအနေကို သတိထားမိခဲ့တာလဲ။ ဒီနှစ် ဆောင်းရာသီလောက်က … ဒီနှစ်မှ သိတာလား။ ဟုတ်ပါ့မလား။ ကျွန်တော့်အထင်တော့ နောက်အကျဆုံး ပြီးခဲ့နှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက ရောဂါ ပြန်ထနေပြီဆိုတာ သတိထားမိမှာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြာကြာ မနေရတော့ဘူးလို့လည်း တွက်ထားမိမှာပဲ။ ဒါကြောင့်လည်း ဆေးရုံကို လုံးဝ မသွားတော့တာ မဟုတ်ဘူးလား။

ကျွန်တော် အဲဒီလို တွေးရတဲ့ အကြောင်းအရင်းက တစ်ခုပဲ ရှိတယ်။ နောက်အကျဆုံး အဲဒီအချိန်လောက်က စပြီး အခုကိစ္စအတွက် စီမံကိန်း စချခဲ့တာ မဟုတ်လား။ အခုကိစ္စဆိုတာလား … ဦးသူရိန် အသတ်ခံရမှုကို ဆိုလိုတာပေါ့။

အံ့ဩသွားသလား။ ကျွန်တော် အခုလို ပြောလိုက်တာ ရမ်းသန်း ပြောတယ် မထင်လိုက်ပါနဲ့။ ကျွန်တော်မှာ သက်သေအထောက်အထားတွေ ရှိတယ်။ ခဏနေ ကျွန်တော် တစ်ခုချင်း ရှင်းပြပါ့မယ်။ တော်တော်ကြာကြာတော့ ပြောယူရမှာပဲ။ ကျွန်တော် ဆရာဝန်ကြီးဆီကလည်း ခွင့်တောင်းထားပြီးပါပြီ။

အရင်ဆုံး ခင်ဗျား ဒီဟာကို တစ်ချက် ကြည့်ကြည့်ပါလား။ ဟုတ်တယ်၊ ဓာတ်ပုံတစ်ပုံပါ။ ဘာတွေလဲ ဆိုတာ ခင်ဗျား မှတ်မိလား။ ဦးသူရိန်အိမ်ကို ခိုးဝင်တုန်းက ရိုက်ထားတဲ့ ပုံလေ။ ဦးသူရိန်က ပန်းခြံထဲမှာ ဗီဒီယိုကင်မရာတစ်လုံး ဖွက်ပြီး လူမသိသူမသိ ရိုက်ယူထားခဲ့တယ်။ အဲဒါ ခင်ဗျား ပြောခဲ့တဲ့ စကားပဲ။ အဲဒီအခွေထဲက မြင်ကွင်းတစ်ခုကို ကျွန်တော်က ဓာတ်ပုံအဖြစ် ကူးယူထားတာ။ အဲဒီအခွေကို ခင်ဗျား ပြန်ကြည့်ချင်တယ် ဆိုရင်လည်း ကျွန်တော် စီစဉ်ပေးလို့ ရပါတယ်။ ဒါပေမယ့် လိုအပ်လိမ့်မယ် မထင်ဘူး။ ဒီဓာတ်ပုံတစ်ပုံနဲ့တင် လုံလောက်ပြီ။ ပြီးတော့ ခင်ဗျားအနေနဲ့လည်း အဲဒီမြင်ကွင်းတွေကို ကြည့်ရတာ ရိုးအီနေရောပေါ့။ ဟုတ်တယ်မလား။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ရိုက်ကွင်းနဲ့ ဗီဒီယိုအခွေကို ခင်ဗျားကိုယ်တိုင် ဖန်တီးထားတာကြောင့်လေ။ မဟုတ်ဘူးလား။ ကိုယ်တိုင် သရုပ်ဆောင်ပြီး ကိုယ်တိုင် ရိုက်ကူးခဲ့တာဆိုတော့ ကြည့်ရမှာ ရိုးအီနေတာ မဆန်းပါဘူး။

ဟုတ်ပါ့၊ အဲဒီ ဗီဒီယိုအခွေဟာ ခင်ဗျား အင်ထုထားတာလို့ ပြောချင်တာ။ အားလုံးက အတုတွေချည်းပဲ။

မလောပါနဲ့။ ကျွန်တော် အဲဒီအဆိုကို ဒီဓာတ်ပုံတစ်ပုံနဲ့ သက်သေပြမလို့ပဲ။ တကယ်တော့ သက်သေပြရတာလည်း သိပ် ခက်ခဲလှတာတော့ မဟုတ်ဘူး။ ဒီဓာတ်ပုံထဲမှာ ကျွန်တော် အထူးပြုပြီး ပြောချင်တာက တစ်ချက်ပဲ ရှိတယ်။ ဒီဗီဒီယိုခွေဟာ သူ့ရဲ့ ညာဘက်အောက်ထောင့်မှာ ပါတဲ့ ရက်စွဲအတိုင်း လွန်ခဲ့တဲ့ ၇ နှစ်က ရိုက်ထားခဲ့တာ လုံးဝ မဟုတ်ဘူး။

ကျွန်တော် ဘာကြောင့် အဲဒီလို အခိုင်အမာ ပြောနိုင်တာလဲ ဆိုတာ ရှင်းပြမယ်။ လွယ်လွယ်လေးပါ။ ဓာတ်ပုံကို ကြည့်ကြည့်။ အထဲမှာ ဦးသူရိန်ရဲ့ ပန်းခြံရယ်၊ သစ်ပင်ပန်းမာလ်တချို့ရယ် ပါတယ်။ ဒီဓာတ်ပုံထဲမှာ ထူးထူးခြားခြား ဘာအပင်မှ မတွေ့ရဘူး။ ဦးသူရိန်အိမ်က အများအာရုံစိုက် ခံရတဲ့ ပိတောက်ပင်လည်း ပုံထဲမှာ မတွေ့ရဘူး။ မြက်ခင်းပြင်တွေ ခြောက်ကပ်နေတာကို ကြည့်ခြင်းအားဖြင့် ဆောင်းရာသီမှာ ရိုက်ထားတယ်ဆိုတာ ပြောလို့ရတယ်။ ဒါပေမယ့် ဘယ်နှစ်က ဆောင်ရာသီလဲ၊ ဒါတော့ မသိနိုင်ဘူး။ နောက်ပြီး ညသန်းခေါင် ရိုက်ထားတာဆိုတော့ အားလုံးဟာ မှောင်မဲနေတယ်။ မြင်ကွင်းဟာ မရှင်းလင်းဘူး။ ဒါကြောင့်လည်း ဒီဗီဒီယိုအခွေနဲ့ ကျွန်တော်တို့ကို လှိမ့်လို့ရလိမ့်မယ်လို့ ခင်ဗျားက ယုံကြည်ထားခဲ့တာ နေမှာ။

ခင်ဗျား လုံးဝ မှားသွားပြီ ဦးပေါ်လွင်။

ကျွန်တော် သက်သက် ခြောက်နေတယ် မထင်ပါနဲ့။ ခင်ဗျား အမှားအကြီးကြီး တစ်ခု လုပ်ထားခဲ့တယ်။

ဟာကွက်ကို ကျွန်တော် ပြောပြမယ်။ ဒီမှာကြည့်၊ အရိပ်ကိုတွေ့လား။ ပိတောက်ပင်ရဲ့ အရိပ်က မြက်ခင်းပေါ်မှာ ထင်နေတာလေ။ အဲဒါက ခင်ဗျားကိုယ်ခင်ဗျား ခွင့်မလွှတ်သင့်တဲ့ အမှားပဲ။

ခဏ၊ ခင်ဗျား ဘာပြောချင်နေသလဲဆိုတာ ကျွန်တော် သိတယ်။ ဗီဒီယိုအခွေရဲ့ အရည်အသွေးနဲ့ အလင်းဖြာကျနေတဲ့ အန်ဂယ် (angle) ကြောင့် အဲဒီ ပိတောက်ပင်ဟာ လွန်ခဲ့တဲ့ ၇ နှစ်က အပင်လား၊ လတ်တလော ရှိနေတဲ့ အပင်လားဆိုတာ ခွဲခြားဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်တာ မဟုတ်လား။ အဲဒါတော့ အမှန်ပဲဗျ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက အဲဒါ မဟုတ်ဘူး။ အခု ပြဿနာက အရိပ်ရဲ့ အရွယ်အစား မဟုတ်ဘူး။ ပိတောက်ပင်ရဲ့ အရိပ်က တစ်ရိပ်တည်း ဖြစ်နေတယ်။

ကြည့်ရတာ ခင်ဗျား နားလည်ပုံ မရသေးဘူး။ ဒါဆို ကျွန်တော် ရှင်းပြရတော့မှာပေါ့။ တကယ်လို့သာ ဒီဗီဒီယိုအခွေဟာ လွန်ခဲ့တဲ့ ၇ နှစ်က ဦးသူရိန်ရဲ့ ပန်းခြံထဲမှာ ရိုက်ထားခဲ့တာ အမှန်ပဲဆိုရင် အဲဒီ မြက်ခင်းပြင်ပေါ်မှာ ပိတောက်ပင်အရိပ် နှစ်ရိပ် ထင်နေရမယ်။ ဘာကြောင့်လဲ သိလား။ လွန်ခဲ့တဲ့ ၇ နှစ်က အဲဒီ ပန်းခြံထဲမှာ ပိတောက်နှစ်ပင် ကပ်လျက် ပေါက်နေခဲ့တယ်။ စုံတွဲလေးပေါ့ဗျာ။

ဘာပြောစရာ ရှိလဲ။ ဒီတိတ်ခွေဟာ ဟိုးအရင်က ရိုက်ထားတာ မဟုတ်ဘဲ မကြာသေးခင်ကမှ ခင်ဗျားကိုယ်တိုင် ရိုက်ထားတာပဲ ဖြစ်မယ်။ မေးစရာ ရှိတာက အဲဒီလို သွားရိုက်ဖို့ ခင်ဗျားမှာ အခွင့်အရေး ရနိုင်ပါ့မလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဒေါ်သန္တာနဲ့ ဆွေးနွေးကြည့်ပြီးပြီ။ မခက်ခဲလောက်ဘူးလို့ သူက ပြန်ဖြေတယ်။ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းက ဦးသူရိန်ဟာ တစ်ကိုယ်တည်းသမားပဲ ရှိသေးတယ်။ ညမှာ စာအုပ်တိုက်က လူတွေနဲ့ မကြာမကြာ အရက် ထွက်သောက်တတ်တယ်။ အဲဒီအချိန်မျိုးမှာသာ သွားရိုက်မယ်ဆိုရင် အေးအေးဆေးဆေး အချိန်ယူပြီး စိတ်ကြိုက် ရိုက်နိုင်ခဲ့မှာပဲ။

အဲဒီလို လုပ်နိုင်ဖို့ ဆိုတာကလည်း ဦးသူရိန်ရဲ့ ခြံဝင်းတံခါးသော့ ရှိဖို့တော့ လိုအပ်တာပေါ့။ နောက်ပြီး ပန်းခြံထဲကနေ ဦးသူရိန်ရဲ့ အလုပ်ခန်းထဲ ခိုးဝင်တာကို ရိုက်ဖို့ဆိုရင် အလုပ်ခန်း ပြတင်းပေါက်ကိုလည်း ကြိုပြီး ဖွင့်နှင့်ထားရဦးမယ်။

ဒေါ်သန္တာရဲ့ ပြောစကားအရဆိုရင် သော့ရဖို့ရာလည်း ပြဿနာ မဟုတ်ဘူး။ ဘယ်လို ပြောရမလဲ။ ဦးသူရိန်က အရက်သောက်ဖို့ အိမ်ကထွက်တိုင်း သော့ကို သူနဲ့တစ်ပါးတည်း ယူသွားလေ့ မရှိဘူး။ ခြံဝင်းအပြင်ဘက်က ပန်းအိုးအနောက်မှာ သော့ကို ဖွက်ထားလေ့ရှိတယ်။ အရင်က အပြင်ထွက်ရင်း သော့ကို နှစ်ခါ သုံးခါလောက် ကျပျောက်ပြီးကတည်းက သော့ကို သယ်မသွားတော့တာပဲ။ ခင်ဗျားလည်း သိနေမှာပဲလို့ ဒေါ်သန္တာက ပြောတယ်။

အဲဒီတိတ်ခွေက လုပ်ကြံဖန်တီးထားတာပါလို့ ကျွန်တော် သိရတဲ့ အကြောင်းအရင်းက ပိတောက်ပင်ရဲ့ အရိပ်ကြောင့်တော့ မဟုတ်ဘူး။ တကယ်တမ်းက အဲဒီ ဗီဒီယိုတိတ်ခွေကို အင်ထုထားတာပါလို့ ကျွန်တော်က ယူဆမိလို့သာ အဲဒီ တိတ်ခွေကို ထပ်ခါထပ်ခါ ပြန်ကြည့်ပြီး ဟာကွက်ကို ရှာနေခဲ့မိတာ။ ဦးသူရိန်ဆီမှာ ရှိတဲ့ ဓာတ်ပုံအဟောင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး တိတ်ခွေကို အပြစ်ရှာနေခဲ့တာ။ အဲဒီလို လုပ်ခဲ့လို့သာ သစ်ပင်ရိပ်ကို သတိထားမိလာခဲ့တာ။ ကျွန်တော် ဘာကြောင့် တိတ်ခွေကို အင်ထုထားတယ်လို့ ယူဆမိတာလဲ သိလား။ ခင်ဗျား ပြခဲ့တဲ့ တခြားအထောက်အထားတွေကို ကျွန်တော် သံသယ ရှိခဲ့လို့ပဲ။ ကျွန်တော် ဘယ်အထောက်အထားတွေကို ပြောတာလဲ ဆိုတာ ခင်ဗျား သိနေလောက်ပြီ ထင်တယ်။ ဟုတ်တယ်၊ အဲဒီစာမူအထပ်လိုက်ပဲ။ အဲဒီ တောင်လိုပုံနေတဲ့ စာမူတွေဟာ ဦးသူရိန်ကို သတ်ရတဲ့ အကြောင်းအရင်းနဲ့ ဆက်စပ်နေရမယ်လို့ ကျွန်တော် နဂိုကတည်းက ယုံကြည်နေမိခဲ့တယ်။

ခင်ဗျားကို ဖမ်းဆီးပြီး ဝန်ခံစာ ဖတ်ပြီးတဲ့နောက်အထိ ကျွန်တော် နားမလည်နိုင်သေးတဲ့ အချက်တွေ တော်တော်များများ ကျန်နေသေးတာ တွေ့ရတယ်။ သံသယတွေကို တစ်ခုပြီးတစ်ခု ပြေလည်သွားအောင် ရှင်းပြနိုင်ခဲ့တယ် ဆိုပေမယ့် ဖြေရှင်းနိုင်တာနဲ့ ၁၀၀% ယုံကြည်နိုင်တာက တစ်ကဏ္ဍစီပဲ။ ခင်ဗျားရဲ့ ဝန်ခံစာထဲမှာ တစ်ခုခုတော့ လွဲနေတယ်လို့ ကျွန်တော် အာရုံရနေတယ်။ အဲဒီ ခံစားချက်ကြောင့်ပဲ ခင်ဗျားရဲ့ ဝန်ခံစာကို ကျွန်တော် ဘယ်လိုမှ လက်ခံလို့ မရခဲ့ဘူး။

တစ်ကြိမ်မှာတော့ အင်မတန် အရေးပါတဲ့ သဲလွန်စ တစ်ခုကို မထင်မှတ်ဘဲ တွေ့ခဲ့ရတယ်။ အခင်းဖြစ်ပြီးတဲ့နောက်မှာ ခင်ဗျားနဲ့ ကျွန်တော် မရေမတွက်နိုင်အောင် ဆုံဖြစ်ခဲ့ကြတယ်။ အဲဒီအခါတွေတုန်းက ကျွန်တော် လုံးဝ သတိမထားမိခဲ့ဘူး။ ဒီလောက် နီးကပ်နေတဲ့ အကွာအဝေးအတွင်းမှာ သိသာထင်ရှားတဲ့ သဲလွန်စတစ်ခု ရှိနေတာ လုံးဝ မယုံနိုင်စရာပဲ။

ခင်ဗျားရဲ့ ညာဘက်လက်ကို ခဏ ထုတ်ပြပါလား။ လက်တစ်ဘက်လုံး အဆင်မပြေရင်လည်း လက်ခလယ်ပဲ ပြပါဗျာ။ ခင်ဗျားရဲ့ လက်ခလယ် အပေါ်ဆုံး အဆစ်မှာ အသားမာကြီးတစ်ခု ရှိတယ်နော်။ တော်တော် ကြီးတာပဲ။

အဲဒါ မထူးဆန်းဘူးလားဗျ။ ကျွန်တော် မှတ်မိသလောက် ခင်ဗျားက အမြဲတမ်း လက်နှိပ်စက်နဲ့ပဲ စာရိုက်တာလေ။ ဝတ္ထုရေးတော့လည်း လက်နှိပ်စက်ပဲ သုံးတာပဲ။ ကျွန်တော် စုံစမ်းထားရသလောက် စာသင်နေတုန်းကလည်း သင်ခန်းစာတွေကို လက်နှိပ်စက်နဲ့ပဲ စာရိုက်ခဲ့တယ်။ အဲဒီလိုဆိုရင် လက်ခလယ်မှာ ဘာဖြစ်လို့ ဒီလိုအသားမာကြီး ရှိနေရတာလဲ။

ဟုတ်လို့လား။ ဒီအသားမာကြီးက စာရေးရလွန်းလို့ တက်လာတဲ့ အသားမာ မဟုတ်ဘူးလား။ မသိဘူး … မမှတ်မိတော့ဘူး … ဟုတ်လား။ ဘယ်လိုပဲ ကြည့်ကြည့်၊ စာဖိရေးရလို့ ထွက်လာတဲ့ အသားမာနဲ့ပဲ တူနေတယ်။ ဘာကြောင့် ဒီအသားမာ ထွက်လာရသလဲ ဆိုတာ စဉ်းစားလို့ မရဘူးပေါ့။

တအား စိတ်မပူပါနဲ့။ အရေးကြီးဆုံးက ကျွန်တော့်အမြင်မှာတော့ အဲဒါ စာဖိရေးပါများလို့ ရတဲ့ အသားမာပဲ။ ကျွန်တော် တွေးကြည့်တယ်။ လက်နှိပ်စက်သုံးပြီး အမြဲ စာရိုက်နေတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲဒီလို အသားမာမျိုး ရှိနေရတာလဲ။ ဘာကြောင့် စာကို လက်ရေးနဲ့ ခဏခဏ ရေးဖို့ လိုအပ်ရတာလဲ။

နောက်တော့ မှတ်စုစာအုပ် အဟောင်းတွေနဲ့ စာရွက်တွေပေါ်က လက်ရေးနဲ့ ရေးထားတဲ့ စာမူတွေကို သွားသတိရမိတယ်။ အဲဒီအချိန်မှာ အသစ်ဖြစ်ပေါ်လာတဲ့ “အဲဒီလိုသာဆိုရင်” ဆိုတဲ့ ယူဆချက်အသစ်ကြောင့် ကျွန်တော် ကြက်သီးဖြန်းဖြန်း ထခဲ့ရတယ်။ တကယ်လို့သာ အဲဒီယူဆချက်ဟာ အတည်ဖြစ်လာခဲ့ရင် အမှုကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်ရတော့မှာပဲ။

ခပ်တိုတိုပဲ ပြောကြစို့။ အဲဒီစာမူ အထပ်လိုက်ကလည်း ဟိုးအရင်က ရေးထားခဲ့တာ မဟုတ်ဘဲ လတ်တလော အမြန် ရေးထားတဲ့ စာတွေပဲ။

ကျွန်တော် ကြက်သီးထခဲ့ရတာ အကြောင်းမဲ့ မဟုတ်ဘူးလေ။ ဒီလိုသာ အမှန်ဆိုရင် “ဒီစာမူတွေထဲကနေ ဦးသူရိန်က ခိုးကူးခဲ့တယ်” ဆိုတာကလည်း လိမ်ဆင်ပဲ ဖြစ်ရတော့မှာပေါ့။

ဒါတွေကို တကယ်ပဲ အတုအစစ် ခွဲလို့ မရတာလား။ ကျွန်တော် ဘက်ပေါင်းစုံကနေ စုံစမ်းထောက်လှမ်းမှုအရ နောက်ဆုံးတော့ ခွဲခြားဆုံးဖြတ်နိုင်တဲ့ သက်သေတစ်ခု တွေ့လာခဲ့တယ်။

ဦးပေါ်လွင်၊ ခင်ဗျား ဦးလှဆွေကို မှတ်မိသေးလား။ မမှတ်မိဘူး … အဲဒီလိုလား။ ထင်တဲ့အတိုင်းပါပဲ။ ခင်ဗျားရဲ့ ဝန်ခံစာအရ ခင်ဗျားနဲ့ ဦးသူရိန်ဟာ ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ ရှိတဲ့ မီးပုံးပျံလုပ်တဲ့ ဆရာကြီးဆီကို မကြာမကြာ သွားကြည့်ကြတယ်လို့ သိရတယ်။ အဲဒီ မှတ်ဉာဏ်ထဲက အဖြစ်အပျက်ကို အခြေခံပြီး <ရောင်စုံမီးအိမ်> ဆိုတဲ့ ဝတ္ထုကို ရေးခဲ့တယ်လို့ ဆိုတယ်။ ပြီးတော့ အဲဒီ <ရောင်စုံမီးအိမ်> စာမူကို အခြေခံပြီး <စက္ကူမီးအိမ်> ဝတ္ထုကို ဦးသူရိန်က ထုတ်ဝေခဲ့တယ်။

ဦးလှဆွေဆိုတာ အဲဒီဇာတ်လမ်းတွေထဲက မီးပုံးပျံဆရာကြီးပဲ။

အင်း … ကျွန်တော် သဘောပေါက်တယ်။ နာမည်ကို မှတ်မိတာ မမှတ်မိတာက အရေးမဟုတ်ဘူး။ တကယ်လို့ ဦးသူရိန်ကို နာမည်မေးကြည့်ရင်လည်း သူ မှတ်မိချင်မှ မှတ်မိတော့မှာ။

ဦးလှဆွေက အဲဒါတွေကို မှတ်မိနေသေးတာ ကံကောင်းတယ်လို့ ပြောရမယ်။ သူမှတ်မိတာက နာမည်ကို မဟုတ်ဘူး။ ရုပ်ပဲ။ တစ်ချိန်က သူ့ဆီ လာပြီး ကစားနေတတ်တဲ့ ကလေးငယ်ရဲ့ ရုပ်ပဲ။ ဦးလှဆွေက ပြောတယ်။ သူ့ဆီ အမြဲလာပြီး ကစားတတ်တဲ့ ကလေးက တစ်ယောက်တည်းတဲ့။

သူ အခုထိ အသက်ရှိနေတုန်းပဲ။ အခုဆို ၉၀ ကျော်နေပြီ။ ဝှီးချဲသုံးပြီး သွားလာနေရတယ် ဆိုပေမယ့် မှတ်ဉာဏ်တွေကတော့ အတော် ကောင်းနေတုန်းပဲ။ ခင်ဗျားတို့ရဲ့ အလယ်တန်းကျောင်းသားဘဝက အော်တိုစာအုပ်ကို ကျွန်တော် ပြကြည့်တယ်။ အထဲက ဓာတ်ပုံတွေကို ကြည့်ပြီး သူ့ဆီ လာဆော့တတ်တဲ့ ကလေးကို ချက်ချင်း ရွေးပြနိုင်ခဲ့တယ်။

သူ လက်ညိုးထိုးပြခဲ့တာက ဦးသူရိန်ရဲ့ ဓာတ်ပုံ။

ခင်ဗျားပုံကို ပြကြည့်တော့ သူက မသိဘူးလို့ပဲ ဖြေတယ်။

ဦးလှဆွေရဲ့ ထွက်ဆိုချက်ကြောင့် ကျွန်တော် အခိုင်အမာ ယုံကြည်လာတယ်။ ခင်ဗျားရဲ့စာမူကို ဦးသူရိန်က ခိုးချခဲ့တယ်ဆိုတဲ့ အဆိုဟာ ယုံနိုင်စရာ တစ်စက်မှ မရှိတော့ဘူး။ ခင်ဗျားရဲ့ မှတ်စုစာအုပ်နဲ့ စာရွက်ဖိုင်တွဲထဲက စာမူတွေဟာ ဦးသူရိန်ရဲ့ စာအုပ်ထဲက ကူးယူထားတာပဲ ဖြစ်ရမယ်။ တကယ်လို့ ခိုးကူးတာ မရှိခဲ့ဘူးဆိုရင် အကျပ်ကိုင်တယ် ဆိုတာကရော ဘယ်လို နားလည်ရမလဲ။ အကျပ်ကိုင်တာ မရှိခဲ့ဘူးဆိုရင် သတ်ဖို့ကြိုးစားခဲ့တယ်ဆိုတာလည်း ရှိစရာ မလိုတော့ဘူး။

ခင်ဗျားနဲ့ မဇင်မာအောင်တို့ရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းကြောင့် ဦးသူရိန်ကို သတ်ဖို့ ကြံရွယ်ခဲ့ရပါတယ်လို့ ခင်ဗျားကိုယ်တိုင် ဝန်ခံထားတယ်။ အခုရော အဲဒီကိစ္စကို ဘယ်လို နားလည်ရမလဲ။ ခင်ဗျားပြောခဲ့တဲ့ အဲဒီ အချစ်ဇာတ်လမ်းက တကယ်ပဲ ရှိခဲ့တာလား။

ကျွန်တော်တို့ သိထားသမျှ အထောက်အထားတွေကို ပြန်ပြီး လေ့လာကြည့်ကြရအောင်။ ဘယ်အရာတွေက ခင်ဗျားတို့ရဲ့ ဇာတ်လမ်းကို သက်သေတည်နိုင်မလဲ။

ပထမဆုံး ကျွန်တော်တို့ ခင်ဗျားအိမ်ထဲကနေ ခါးစည်းအဝတ်ရယ်၊ ရွှေဆွဲကြိုးရယ်၊ လေယာဉ်လက်မှတ်ရယ် တွေ့ခဲ့ရတယ်။ နောက်တော့ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့မှာ ရိုက်ထားတဲ့ မဇင်မာအောင်ရဲ့ ဓာတ်ပုံကို တွေ့ခဲ့တယ်။ ပြီးတော့ အဲဒီစားသောက်ဆိုင်ထဲမှာပဲ ရိုက်တဲ့ တခြားရှုခင်းပုံတွေ။ အဲဒီလောက်ပဲ။ ဒါတွေကိုပဲ ကြည့်ရင် ဘယ်အရာကမှ အဲဒီဇာတ်လမ်းအတွက် သက်သေမဖြစ်နိုင်ဘူး။

လေယာဉ်လက်မှတ်ပေါ်မှာက ဦးပေါ်လွင် + ၁ လို့ပဲ ပါတယ်။ ဟော်တယ်ဘွတ်ကင်ကတော့ ကိုယ်ကြိုက်သလို နာမည်ပေးလို့ ရတာပဲ။ ဒါတွေက ခိုင်မာတဲ့ အထောက်အထား မဟုတ်ဘူး။ ရွှေဆွဲကြိုးကို ကြည့်ဦး။ မဇင်မာအောင်ကို ပေးဖို့ ရည်ရွယ်ထားတာလို့ ခင်ဗျားက ပြောခဲ့တယ်။ ဒါလည်း တစ်ဘက်သတ် စကားပဲ။ ဒီတော့ ခါးစည်းအဝတ်ကရော။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီပစ္စည်းကတော့ မဇင်မာအောင်ရဲ့ အဝတ်ဆိုတာ သေချာတယ်။ ကျွန်တော် ခင်ဗျားကို တစ်ခေါက်က ပြခဲ့ဖူးတယ်။ မဇင်မာအောင်က အဲဒီ ခါးစည်းအဝတ်နဲ့ ဓာတ်ပုံတွေ ရိုက်ထားခဲ့ဖူးတယ်။

တကယ်လို့ မဇင်မာအောင်ရဲ့ ခါးစည်းအဝတ်ကို ဦးသူရိန်အိမ်ကနေ ယူချင်တယ်ဆိုရင် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဦးသူရိန်နဲ့ ဒေါ်သန္တာတို့ မင်္ဂလာမဆောင်ခင် ရက်ပိုင်းကမှ မဇင်မာအောင်ရဲ့ ပစ္စည်းတွေကို သူ့မိဘတွေဆီ ပြန်ပို့ပစ်ခဲ့တာ။ အဲဒီအချိန်က ခင်ဗျား သွားပြီး ကူညီခဲ့မှာပဲ။ အားလုံး သတိမထားမိတဲ့ အချိန်မှာ ခါးစည်းတစ်ထည် ခိုးယူထားလိုက်မယ်။ လွယ်လွယ်နဲ့ ရလောက်တယ်။

အဲဒီလို သွားကူညီတဲ့ နေ့မှာပဲ တခြားပစ္စည်းတစ်ခုလည်း ခိုးယူခဲ့ဦးမှာပဲ။ ဟုတ်တယ်၊ မဇင်မာအောင်ရဲ့ ဓာတ်ပုံ။ ခိုးယူမယ့် ဓာတ်ပုံက ဒီအချက်တွေနဲ့ ကိုက်ညီနေမှ ဖြစ်မယ်။ ပထမဆုံး အဲဒီဓာတ်ပုံဟာ မဇင်မာအောင်ရဲ့ တစ်ယောက်တည်းပုံ ဖြစ်ရမယ်။ နောက်ပြီး အဲဒီဓာတ်ပုံထဲက နေရာဟာ ဦးသူရိန်အနေနဲ့ ဓာတ်ပုံ မရိုက်ဖူးတဲ့နေရာ ဖြစ်ရမယ်။ နောက်ဆုံးအချက်အနေနဲ့ အဲဒီနေရာမှာပဲ ရိုက်ထားတဲ့ တခြားရှုခင်းပုံတွေ ရှိနေရမယ်။ အဲဒီအချက်အားလုံးနဲ့ ကိုက်ညီတဲ့ ပုံက ရွှေပြည်တော်ဝင် စားသောက်ဆိုင်မှာ ရိုက်ထားတဲ့ ပုံပဲ။ ခင်ဗျားက မဇင်မာအောင်ရဲ့ အဲဒီ တစ်ယောက်တည်းပုံနဲ့ ရှုခင်းပုံကို မသိမသာ ခိုးယူလာခဲ့တယ်။

အင်း … ဟုတ်တာပေါ့။ ခိုးပါတယ်ဆိုတဲ့ အထောက်အထား ကျွန်တော့်ဆီမှာ မရှိဘူး။ ဒါပေမယ့် ခိုးလာနိုင်ခြေ ရှိတယ်။ အဲဒီလို ဖြစ်နိုင်ခြေ ရှိတဲ့အတွက် ခင်ဗျားနဲ့ မဇင်မာအောင်ရဲ့ ဇာတ်လမ်းကိုလည်း ယုံဖို့ မဖြစ်နိုင်တော့ဘူး။

တကယ်လို့ လူသတ်ဖို့ ကြိုးစားတာ၊ ဦးသူရိန်က အကျပ်ကိုင်တာ၊ စာမူတွေ ခိုးချတာ၊ ဒါတွေက ဘာတစ်ခုမှ မရှိခဲ့ဖူးဘူးဆိုရင် အဲဒီ နောက်မီးလင်းတဲ့ ဇာတ်လမ်းကလည်း ရှိနေဖို့ မလိုအပ်တော့ဘူး။ ဒီလို တွက်ဆတာ မလွန်ဘူး မဟုတ်လား။

ဒီလိုသာ ဆက်တွေးလိုက်ရင် မဇင်မာအောင်ရဲ့ ယာဉ်တိုက်မှုအတွက်လည်း ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေစရာ မလိုတော့ဘူး။ အဲဒါ သွေးရိုးသားရိုး ယာဉ်မတော်တဆမှုပဲ ဖြစ်ရတော့မယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာမျိုး မဖြစ်နိုင်ဘူး။ လုပ်နိုင်စရာ အကြောင်းအရင်း မရှိမှတော့ သူ့ကိုယ်သူ သတ်သေပါတယ်လို့ ဘာအတွက် သံသယ ဖြစ်နေစရာ လိုဦးမလဲ။

သေချာပြန်ပြီး နေရာချကြည့်ရအောင်။ ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းကစပြီး ခင်ဗျား ဘာတွေ လုပ်ခဲ့သလဲ။ အချိန်ဇယားအတိုင်း ကျွန်တော်တို့ ပြန်ပြီး သုံးသပ်ကြည့်ရအောင်လား။

ပထမဆုံး ခင်ဗျားလိုအပ်မှာက လုံးဝ မသုံးရသေးတဲ့ မှတ်စုစာအုပ် အဟောင်းတွေ။ တကယ်လို့ ခင်ဗျား ကျောင်းဂိုဒေါင်ထဲမှာ သွားရှာလိုက်ရင် အဲဒီလို ပစ္စည်းတွေက လွယ်လွယ်နဲ့ ရနိုင်တာပဲ။ ပြီးတော့ အစောပိုင်းက ဦးသူရိန်ထုတ်ဝေထားပြီးတဲ့ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ကူးရေးမယ်။ လုံးဝ ထပ်တူ ကူးချလို့တော့ မဖြစ်ဘူး။ စကားလုံး အသုံးအနှုန်းနဲ့ ဇာတ်ကောင်နာမည်တွေ ပြောင်းပေးရမယ်။ ဇာတ်လမ်းကိုလည်း အနည်းအကျဉ်း ပြင်ပေးရမယ်။ ကူးထားတဲ့ စာတွေကို ဝတ္ထုတွေရဲ့ စာမူကြမ်းနဲ့ တူအောင် တတ်နိုင်သလောက် ပြင်ဆင်ပေးရမယ်။ ဝတ္ထုစာအုပ်တစ်အုပ်ကို လက်ရေးနဲ့ ကူးရေးရတာ၊ ပြီးတော့ တိုက်ရိုက် ကူးယူရတာ မဟုတ်ဘဲ ပြင်ဆင်နေရသေးတာဆိုတော့ စာအုပ်တစ်အုပ်အတွက် မကြာဘူးဆိုရင်တောင် အနည်းဆုံး တစ်လတော့ အချိန်ပေးရမှာပဲ။ အတော်ကို ပင်ပန်းခက်ခဲတဲ့ အလုပ်ကြီးပဲလို့ ကျွန်တော် နားလည်ပေးလို့ရတယ်။ ဒီနှစ်ထဲမှာ ထုတ်ခဲ့တဲ့ စာအုပ်တွေကိုတော့ လက်နှိပ်စက်နဲ့ ပြောင်းရိုက်ခဲ့တယ်။ စာရွက်ဖိုင်တွဲထဲမှာ ရှိတဲ့ စာမူတွေကမှ ခင်ဗျားရဲ့ လက်ရာအစစ်တွေပဲ။ ဦးသူရိန်ရဲ့ ဝတ္ထုတွေထဲမှာ အဲဒါတွေနဲ့ ဆင်တူတဲ့ ဝတ္ထုတွေ ရှာမတွေ့ခဲ့ဘူး။

ပြီးတော့ <ရေခဲမုခ်ဦး> ဝတ္ထုနဲ့ ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ဇာတ်သိမ်းပိုင်းကို ကြိုပြီး စီစဉ်ထားမှ ဖြစ်မယ်။ ခင်ဗျားရဲ့ စီမံကိန်းအရ ရဲတွေဟာ ဒီဝတ္ထုစာမူတွေအပေါ် စိတ်ဝင်စားလာဖို့ အင်မတန် လိုအပ်တယ်။ ဒါကြောင့် အဲဒီလို စိတ်ဝင်စားမှု ရလာအောင် သဲလွန်စတစ်ခု ချပေးတဲ့အနေနဲ့ <ရေခဲမုခ်ဦး> စာမူကို အသုံးချခဲ့တယ်။ နောက်ပြီး ခင်ဗျားရဲ့ အလီဘိုင်သက်သေ အတွက်လည်း <ရေခဲမုခ်ဦး> စာမူက အရေးပါနေပြန်တယ်။ ပြောရရင် ခင်ဗျားက ကျုပ်တို့ကို <ရေခဲမုခ်ဦး> စာမူနဲ့ ငါးစာလုပ်ပြီး ခင်ဗျားချထားတဲ့ လမ်းကြောင်းအပေါ် မျှားခေါ်ခဲ့တာပဲ။

တိတ်ခွေ ဖန်တီးတဲ့အကြောင်းကတော့ ခုနကလည်း ပြောခဲ့ပြီးပြီ။ အဲဒီ တိတ်ခွေဟာ မနှစ် ဆောင်းရာသီလောက်ကတည်းက ရိုက်ထားခဲ့ပြီးသား ဖြစ်လိမ့်မယ်။

ပြီးတော့ ဒီနှစ်ထဲမှာမှ မဇင်မာအောင်ရဲ့ ခါးစည်းအဝတ်နဲ့ ဓာတ်ပုံတွေကို ခိုးယူခဲ့မယ်။ အဲဒီအပြင် လေယာဉ်လက်မှတ်တို့၊ ဟော်တယ်ဘွတ်ကင်တို့နဲ့ ရွှေဆွဲကြိုး စတာတွေကို ကြိုတင်ပြင်ဆင် ထားပြီးလောက်ပြီ။ လေယာဉ်လက်မှတ်က အဟောင်းပါလို့ ပြောချင်တာလား။ အခုခေတ်မှာ လေယာဉ်လက်မှတ်ကို ရိုးရိုးစက္ကူနဲ့ ပရင့်ထုတ်ယူနေကြတာ။ စက္ကူအဟောင်းတစ်ရွက် ရှာနိုင်ရင်ပဲ လက်မှတ်အဟောင်းတစ်စောင် ထုတ်လို့ ရနေပြီလေ။ ပြီးတော့ မဇင်မာအောင် လက်ဆောင်ပေးထားတယ်ဆိုတဲ့ နက်တိုင်တို့၊ အတူတူ ဝယ်ခဲ့တယ်ဆိုတဲ့ ကော်ဖီခွက်တို့ ဆိုတာလည်း ကြိုဝယ်ပြီး စုဆောင်းထားရုံပဲ။

အရေးအကြီးဆုံး အချက်တစ်ချက် ရှိသေးတယ်။ ဦးသူရိန်တို့ လင်မယားက ကနေဒါကို ပစ္စည်းတွေ ပို့ဖို့ဆိုပြီး ထုပ်ပိုးနေရတာ တစ်ပတ်လောက် ကြာတယ်လို့ သိရတယ်။ အဲဒီလို ထုပ်ပိုးနေတုန်းမှာလည်း ခင်ဗျား တစ်ခေါက် ရောက်သွားသေးတယ်လို့ သိရတယ်။ အဲဒီအချိန်က ခင်ဗျား သူတို့အိမ်ကို သွားရတဲ့ ရည်ရွယ်ချက်က ပစ္စည်းနှစ်ခုကို အထုပ်အပိုးထဲ ထည့်ဖို့ သွားတာပဲ ဖြစ်ရမယ်။ ဓားနဲ့ တိတ်ခွေ။ ခင်ဗျားက ဒုက္ခခံပြီး စာအုပ်ကို ထွင်းခဲ့သေးတာ။ ဒါမှလည်း ဦးသူရိန်က တမင်တကာ ဖွက်ထားပါတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နိုင်မှာကိုး။

အထက်မှာ ပြောခဲ့တာတွေ အားလုံး ပြင်ဆင်ပြီးပြီ ဆိုရင်တော့ ဧပြီလ ၁၆ ရက်နေ့ ရောက်ဖို့ စောင့်ရုံပဲ ကျန်တော့တယ်။ ဟုတ်တယ်၊ အခင်းဖြစ်တဲ့နေ့ပဲ။

ဒီအမှုဟာ စိတ်မထိန်းနိုင်လို့ ရုတ်တရက် ဖြစ်ပေါ်လာရတဲ့ လူသတ်မှုမျိုး မဟုတ်ဘူးဆိုတာ သိသာပါတယ်။ နှစ်နဲ့ချီပြီး အစီအစဉ်ချ စီမံကိန်းဆွဲထားတဲ့ ကြိုတင်ကြံစည်မှုတစ်ခုပဲ။ အစီအစဉ်ချပြီး သတ်တဲ့ လူသတ်မှု အများစုမှာ တရားခံရဲ့ ရည်မှန်းချက်က အဖမ်းမခံရအောင် ဘယ်လို လုပ်ရမလဲ။ ဘယ်လိုမျိုး လုပ်မှ လူမသိမှာလဲ။ သိသွားပြီဆိုရင် အပြစ်လွတ်အောင် ဘယ်လို ရှောင်ထွက်မလဲ။ တရားခံအနေနဲ့ အဲဒီအချက်တွေအတွက် အကောင်းဆုံး အဖြေရအောင် အမှုကို အကွက်ဆင် လုပ်ဆောင်လေ့ရှိတယ်။

အခု ခင်ဗျား စီမံကိန်းရဲ့ ရည်ရွယ်ချက်က သူများနဲ့ တစ်မူ ထူးခြားနေတယ်။ ခင်ဗျားအနေနဲ့ အဖမ်းခံထိမှာ နည်းနည်းလေးမှ စိတ်မပူဘူး။ အင်း … အတိအကျ ပြောရရင်တော့ ခင်ဗျားရဲ့ စီမံကိန်းက အဖမ်းခံရပြီးမှ စတင် အသက်ဝင်လာတာပဲ။

ခင်ဗျားအနေနဲ့ အချိန်တွေ အများကြီး၊ ခွန်းအားတွေ အများကြီး စိုက်ထုတ်ပြီး ဒီလောက် အပင်ပန်းခံလုပ်နေတာ ဘာအတွက်လဲ။ အကြောင်းအရင်းကို ဖန်တီးနေခဲ့တာ။ အတိအကျ ပြောရရင် ဦးသူရိန်ကို သတ်ရတဲ့ အများလက်ခံနိုင်မယ့် အကြောင်းအရင်းပဲ။

အတော်ကို ကြောက်စရာကောင်းတဲ့ အတွေးပဲ။ လူတစ်ယောက်ကို မသတ်ခင်မှာ သတ်ရတဲ့ အကြောင်းအရင်းကို အရင် ကြိုစဉ်းစားထားတယ် ဆိုတာမျိုးက ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အခုမှ အဲဒီလို ကျွန်တော် ပြောရဲတာ။ ကိုယ်ယူဆထားတဲ့ ယူဆချက်ကို ကိုယ့်ကိုယ်ကိုယ် ပြန်ယုံကြည်နိုင်အောင် ကျွန်တော့်မှာ အချိန် အတော် ယူခဲ့ရတယ်။ “ဘယ်သူက အဲဒီလို လုပ်မှာလဲ” ဆိုတဲ့ အတွေးနဲ့ ဦးနှောက်ခြောက်ခဲ့ရတာ။

တကယ်လို့ ခင်ဗျားဆီက ရတဲ့ (အတိအကျ ပြောရရင် ရဲလက်ထဲ ရောက်အောင် အကွက်ချ စီစဉ်ထားတဲ့) အထောက်အထားတွေကို ခပ်စောစောကတည်းက သံသယ ရှိခဲ့မယ်ဆိုရင် အင်ထုထားတာ ဖြစ်ကြောင်း အစောကြီးကတည်းက ခွဲခြားနိုင်ခဲ့လိမ့်မယ်။ ရဲမှုခင်းအဖွဲ့ တစ်ဖွဲ့လုံး သံသယ မဝင်မိခဲ့ကြဘူး။ ဒါလည်း သဘာဝ ကျပါတယ်။ ဗီဒီယို တိတ်ခွေဟာ လူသတ်ရတဲ့ အကြောင်းအရင်းကို သက်သေခံနိုင်ဖို့အတွက် အရေးကြီးတဲ့ အထောက်အထားတစ်ခုပဲ။ အဲဒီ အထောက်အထားကြီးကို တရားခံကိုယ်တိုင်က ဖန်တီးထားပါတယ်လို့ ဘယ်သူကရော တွေးမိမှာလဲ။

မှတ်စုစာအုပ်ဟောင်းနဲ့ စက္ကူဖိုင်တွဲထဲက စာမူတွေကလည်း အဲဒီအတိုင်းပဲ။ ခင်ဗျားနဲ့ မဇင်မာအောင်တို့ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ပစ္စည်းတွေလည်း ဒီအတိုင်းပဲ။ တကယ်လို့သာ အဲဒီပစ္စည်းတွေက ခင်ဗျားကို အပြစ်မရှိကြောင်း သက်သေခံနေမယ်ဆိုရင် ရဲမှုခင်းအဖွဲ့အနေနဲ့ အဲဒီပစ္စည်းတွေကို အသေအချာ စစ်ဆေးကြမှာပဲ။ အဲဒီ ပစ္စည်းတစ်ခုချင်းစီကို စေ့စေ့စပ်စပ် လေ့လာကြမှာ အမှန်ပဲ။ ဒါပေမယ့် အဲဒီ ပစ္စည်းတွေက ခင်ဗျားမှာ အပြစ်ရှိကြောင်း သက်သေခံနေတာဆိုတော့ အထောက်အထားတွေရဲ့ အတုအစစ်ကို ဘယ်သူကမှ ဂရုမစိုက်မိတော့ဘူး။ ဒီခေတ် ရဲတွေက တရားခံအတွက် အကျိုးဖြစ်ထွန်းမယ့် အထောက်အထားတွေကို ကိုင်တွယ်တဲ့အခါမှာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တတ်ကြတယ်။ ဝမ်းနည်းစရာ ကောင်းတာက တရားခံကို အကျိုးယုတ်စေမယ့် အထောက်အထားကျတော့ ပေါ့ပေါ့လျော့လျော့ပဲ ကိုင်တွယ်လေ့ရှိတယ်။ ခင်ဗျားဟာ အတော် တော်တဲ့လူပဲ။ ရဲတွေရဲ့ အဲဒီ အားနည်းချက်ကို မြင်နိုင်ခဲ့တယ်။

ဒီထက်ပိုပြီး အထင်ကြီးစရာ ကောင်းတဲ့ အချက်က ခင်ဗျားဟာ လူသတ်ရတဲ့ လံကြုပ် အကြောင်းအရင်းကို ကိုယ်တိုင် ဖွင့်ဟပြီး ပြောမပြခဲ့တာပဲ။ ဟိုရှာဒီရှာ လုပ်ပြီးမှ တွေ့ရအောင် ခင်ဗျား ဖန်တီးထားခဲ့တယ်။ တကယ်လို့သာ စစချင်းကတည်းက အဲဒီ လံကြုပ် အကြောင်းအရင်းကို ဖွင့်ပြောခဲ့မယ်ဆိုရင် အင်မတန် အ,တဲ့ ရဲတောင်မှ တစ်ခုခု လွဲနေကြောင်း တန်းပြီး ရိပ်စားမိမှာပဲ။

စနစ်တကျ အကွက်ချထားတဲ့ ခင်ဗျားရဲ့ ထောင်ချောက်တွေနဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းထောက်လှမ်းမှုတွေကို လမ်းကြောင်းလွှဲပစ်နိုင်ခဲ့တယ်။ ပထမဆုံး ထောင်ချောက်က ခင်ဗျား ပြင်ဆင်ထားတဲ့ မှတ်စုစာအုပ်ဟောင်းတွေ။ ဒုတိယထောင်ချောက်က ခါးစည်းအဝတ်၊ ဆွဲကြိုးနဲ့ မဇင်မာအောင်ရဲ့ ဓာတ်ပုံတွေပဲ။ “အဲဒီဓာတ်ပုံကို ဘာကြောင့် အခုထိ မတွေ့ကြသေးတာလဲ” ဆိုပြီး ခင်ဗျား စိတ်ပူနေခဲ့မယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့်လည်း “စာအုပ်တွေ လျှောက်မမွှေနဲ့” ဆိုပြီး ကျွန်တော်တို့ကို ဓာတ်ပုံအတွက် သဲလွန်စပေးခဲ့တာ ဖြစ်မယ်။ ခင်ဗျားရဲ့ ငါးမျှားချိတ်ကို ကျွန်တော်တို့ ဟပ်မိသွားတော့ ခင်ဗျား အတော် ပျော်သွားမှာပဲ။

တတိယထောင်ချောက်ထဲ တိုးဝင်ဖို့ရာလည်း ခင်ဗျားရဲ့ လမ်းညွှန်မှု လိုအပ်ခဲ့တာပဲ။ လူသတ်မှုဖြစ်ပြီးတဲ့နောက် “ဦးသူရိန်ရဲ့ တိတ်ခွေ ဘယ်မှာ ထားသလဲ” လို့ ဒေါ်သန္တာကို ခင်ဗျား မေးခဲ့တယ်။ ကနေဒါကို ပို့ထားပြီး ဖြစ်ကြောင်း သူက ပြန်ဖြေခဲ့တယ်။ အဲဒီ ကနေဒါက ပစ္စည်းတွေ ပြန်ရောက်လာတာနဲ့ ခင်ဗျားကို ချက်ချင်း အကြောင်းကြားပေးပါလို့ ခင်ဗျား သူ့ကို ပြောခဲ့တယ် မဟုတ်လား။ အဲဒီ စကားကြောင့်ပဲ ဦးသူရိန်ရဲ့ တိတ်ခွေထဲမှာ ဘာတွေများ ပါပါလိမ့်မလဲလို့ ကျွန်တော်တို့ စိတ်ဝင်စားလာခဲ့ရတာ။ အဲဒါကြောင့်ပဲ ဦးသူရိန့်အိမ်ကို ခိုးဝင်တဲ့ ဗီဒီယိုတိတ်ခွေကို တွေ့ခဲ့ရတာ။ ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီခွေကို ဦးသူရိန်ရေးတဲ့ <ပိုးစုန်းကြူး> စာအုပ်ထဲမှာ တွေ့ခဲ့ရတာပဲ။ အဲဒီ <ပိုးစုန်းကြူး> ဝတ္ထုကို ကျွန်တော် အာရုံစိုက်မိလာအောင်လည်း ခင်ဗျားဘက်က ကြိုတင် ကြံစည်ခဲ့တာကို ခင်ဗျား မှတ်မိသေးလား။ ကျွန်တော်တို့ ပြန်ဆုံကြတဲ့ ပထမဆုံး ညမှာ ခင်ဗျား ကျွန်တော့်ကို ဖတ်ဖို့ အကြံပြုခဲ့တဲ့ ဦးသူရိန်ရဲ့ စာအုပ်က အဲဒီ <ပိုးစုန်းကြူး> ဝတ္ထုပဲ။ ဒီလောက် စေ့စေ့စပ်စပ် အကွက်ချနိုင်တာကို ကျွန်တော် ချီးမကျူးဘဲ မနေနိုင်ဘူး။

ကျွန်တော်တို့ အချိန်တွေကို အမြန်ရစ်ပြီး အခင်းဖြစ်တဲ့နေ့ကို သွားကြည့်ရအောင်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *