Show contents

(ခ)

မေလ ၁၆ ရက်နေ့ – ရတနာမြေ အကျိုးဆောင် ကုမ္ပဏီရဲ့ ကမ္ဘာအေးဘုရားလမ်း ရုံးခွဲကို နေ့ခင်း တစ်နာရီလောက်မှာ ကျွန်တော် ရောက်ခဲ့တယ်။ ကောင်တာအနောက်မှာ ထိုင်ခုံနှစ်လုံးပဲ ရှိတဲ့ ရုံးခန်း အသေးစားလေး။ ရုံးခန်းထဲဝင်တော့ အထဲမှာ မလင်းလင်းမော်တစ်ယောက်တည်း အလုပ်လုပ်နေတာ တွေ့ရတယ်။ တခြားဝန်ထမ်းတွေက အလုပ်ကိစ္စနဲ့ မြို့ထဲသွားကြကြောင်း သူ ရှင်းပြတယ်။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက် ကောင်တာအနောက်က ထိုင်ခုံမှာ ကိုယ်စီထိုင်ရင်း စကားပြောခဲ့ကြတယ်။ ရုံးတွင်းရော ရုံးပြင်မှာပါ လူရှင်းနေတော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ကောင်းတာပေါ့။

ကျွန်တော် လိုရင်းကိုပဲ တဲ့တိုးမေးလိုက်တယ်။ “ဦးပေါ်လွင်ရဲ့ ဝန်ခံစာအကြောင်း ဘယ်လောက် သိထားလဲ”

သူက အနည်းငယ် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြတယ်။ “သတင်းစာထဲမှာ ဖတ်ခဲ့ရတယ်”

“ဘယ်လိုနေလဲ”

“ဘယ်လိုနေလဲ … အတော် အံ့ဩသွားတာပေါ့။ အဲဒီ <ဘေးမဲ့မြေ> စာအုပ်ကို သူရေးထားတယ်လို့ ဘယ်သူက ထင်မှာလဲ”

“ဦးပေါ်လွင်ရဲ့ ဝန်ခံစာထဲမှာ ဒီလို ရေးထားတယ်။ ‘မလင်းလင်းမော်က ပြင်ပေးဖို့ တောင်းဆိုနေတဲ့ <ဘေးမဲ့မြေ> ဝတ္ထုကို ဦးပေါ်လွင်က ရေးခဲ့တာကြောင့် ဦးသူရိန်အနေနဲ့ တစ်ပုဒ်လုံးကို ပြင်ပစ်ဖို့ရာ အခက်တွေ့နေတာ ဖြစ်မယ်’ တဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မလင်းလင်းမော်အနေနဲ့ ဘယ်လို မြင်သလဲ။ ဘာပြောစရာ ရှိသလဲ”

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မလည်း မပြောတတ်ဘူး။ ဦးသူရိန်နဲ့ ဆွေးနွေးကြတိုင်း အမြဲတမ်း အူလည်လည်နဲ့ချည်း ပြီးသွားရတာ။ ဘာမှ ပြတ်ပြတ်သားသား မသိရဘူး”

“ညီမနဲ့ ဦးသူရိန်တို့ ဆွေးနွေးကြတုန်း သူ့ဆီက ထူးထူးဆန်းဆန်း စကားတွေ မကြားခဲ့မိဘူးလား။ <ဘေးမဲ့မြေ> စာအုပ်ကို ရေးတဲ့ လူတစ်ယောက်အနေနဲ့ ဒီလို စကားမျိုး မပြောသင့်ဘူးလို့ ထင်ရတဲ့အခါမျိုး ရှိဖူးလား”

“မရှိဘူးလို့ ထင်တာပဲ။ ကျွန်မလည်း မသေချာဘူး။ ဦးသူရိန်က မူရင်းစာရေးဆရာ မဟုတ်လောက်ဘူးလို့ အရင်က တွေးခဲ့ဖူးတာမှ မဟုတ်တာ”

“ဦးပေါ်လွင်က <ဘေးမဲ့မြေ> ဝတ္ထုရဲ့ စာရေးဆရာအစစ်လို့ မလင်းလင်းမော်အနေနဲ့ အခု သိထားပြီ။ အဲဒီ ကောလာဟလကိုရော ယုတ္တိရှိတယ် မရှိဘူးဆိုတာ စဉ်းစားကြည့်ဖူးလား။ ဘယ်သူကတော့ မလင်းလင်းမော်ရဲ့ အစ်ကို့အကြောင်းကို ဒီလောက် ရေးနိုင်မှာ မဟုတ်ဘူးလို့ တွေးကြည့်ဖူးလား”

“ဒါမျိုးက ပြောရခက်တယ်လေ။ ဦးပေါ်လွင်ကလည်း ကျွန်မအစ်ကိုနဲ့ ကျောင်းနေဖက်တွေပဲ။ ဒါကြောင့် အဲဒီဝတ္ထုကို ဦးပေါ်လွင်က ရေးတယ်ဆိုရင်လည်း ဖြစ်နိုင်တာပဲ။ ကျွန်မက သူတို့ နှစ်ယောက်စလုံးနဲ့ ရင်းနှီးတာ မဟုတ်ဘူး”

“ဒါလည်း ဟုတ်တာပဲ”

ကြည့်ရတာ မလင်းလင်းမော်ဆီက ဒီထက် ဘာမှ ပိုပြီး သိလာနိုင်စရာ မရှိတော့ဘူး။ ကျွန်တော် အဲဒီလို စဉ်းစားနေတုန်းမှာပဲ သူ့ဆီက အာမေဍိတ်သံတစ်ချက် ကြားလိုက်ရတယ်။ သူက ပြောတယ်။ “တကယ်လို့ အဲဒီ စာအုပ်က ဦးသူရိန် ရေးတာ မဟုတ်ဘူးဆိုရင် နောက်တစ်ခေါက် ပြန်ဖတ်ဖို့ လိုလိမ့်မယ် ထင်တယ်။ ဘယ်လို ပြောရမလဲ။ ဦးသူရိန်က အဲဒီဝတ္ထုထဲမှာ သူ့ကိုယ်သူ ဇာတ်ကောင်တစ်ယောက်အနေနဲ့ ထည့်ရေးထားတယ်လို့ ကျွန်မက ယူဆတာပဲ။ တကယ်လို့ စာရေးသူက ဦးသူရိန် မဟုတ်ဘူးဆိုရင် အဲဒီဇာတ်ကောင်ကလည်း သူ မဟုတ်တော့ဘူးပေါ့”

“ဘာအဓိပ္ပာယ်လဲ။ အသေးစိတ် ရှင်းပြပါဦး”

“ဆရာ အဲဒီ <ဘေးမဲ့မြေ> ဝတ္ထုကို ဖတ်ဖူးလား”

“မဖတ်ဖူးဘူး။ ဒါပေမယ့် ဇာတ်လမ်းအကျဉ်းကိုတော့ သိထားတယ်။ အဲဒီဝတ္ထုကို ဖတ်ရတဲ့ ရဲဘော်ရဲ့ အကျဉ်းချုပ် အစီရင်ခံစာကို ဖတ်ထားတာ”

“အဓိက ဇာတ်ကောင်ရဲ့ အလယ်တန်း ကျောင်းသားဘဝကို ဝတ္ထုထဲမှာ ဖော်ပြထားတယ်။ အဲဒီ ဇာတ်လိုက်က တခြားကျောင်းသားတွေကို အနိုင်ကျင့်တတ်တယ်။ သူ့မျက်စိထဲမှာ ထောင့်မကျိုးဘူးထင်ရင် ဘယ်သူ့ကိုမဆို မညှာမတာ နှိပ်ကွပ်တော့တာပဲ။ ဒီခေတ်စကားနဲ့ ပြောရရင် ကျောင်းတွင်းအကြမ်းဖက်မှုပေါ့။ သူ အနိုင်ကျင့်တာကို အခံရဆုံးကလေးက ‘အောင်မြင့်’ ဆိုတဲ့ ကလေးပဲ။ သူတို့နဲ့က တစ်တန်းတည်းသားတွေ။ အဲဒီ ‘အောင်မြင့်’ ဟာ ဦးသူရိန်ပဲ ဖြစ်ရမယ်လို့ ကျွန်မ ထင်တယ်”

အစီရင်ခံစာထဲမှာ တင်ပြထားတာက ကျောင်းတွင်းအကြမ်းဖက်မှု အကြောင်း အသေးစိတ် ရေးသားထားတယ် ဆိုတာလောက်ပဲ ပါတယ်။ လူနာမည်တွေနဲ့ အတိအကျ တင်ပြမထားခဲ့ဘူး။

“ဘာဖြစ်လို့ အဲဒီကျောင်းသားကို ဦးသူရိန်လို့ ယူဆရတာလဲ”

“ဘာဖြစ်လို့လဲဆိုတော့ ‘အောင်မြင့်’ က သူ့အကြောင်းကို ပြန်ပြောပြသလို ပုံစံမျိုးနဲ့ ဇာတ်အိမ်ကြီးတစ်ခုကို တည်ဆောက်ထားတာ။ ဒီတော့ စိတ်ကူးယဉ် ဝတ္ထုဆိုတာထက် အတ္ထုပ္ပတ္တိတစ်အုပ်လို ဖြစ်နေတာပေါ့။ ဒါကြောင့် ဇာတ်ကြောင်းကို ပြန်ပြောပြနေတဲ့ ဇာတ်ကောင်ဟာ စာရေးဆရာပဲ ဖြစ်ရလိမ့်မယ်လို့ ယူဆတယ်”

“ဪ … ကျွန်တော် နားလည်ပြီ”

“ပြီးတော့ ….” မလင်းလင်းမော်က တစ်ချက် တွန့်ဆုတ်သွားပြီး ဆက်ပြောတယ်။ “ဦးသူရိန် ကိုယ်တိုင်က ‘အောင်မြင့်’ လို ဘဝမျိုး ကြုံတွေ့ခဲ့ဖူးလို့သာ ဒီလို ဝတ္ထုမျိုး ရေးနိုင်တာပဲ ဖြစ်ရမယ်”

ကျွန်တော် သူ့မျက်နှာကို စိုက်ကြည့်ပြီး “ဘာအဓိပ္ပာယ်လဲ”

“အဲဒီလို အနိုင်ကျင့်တတ်တဲ့ လူကို အောင်မြင့်က တူးတူးခါးခါး မုန်းတီးကြောင်း ဝတ္ထုထဲမှာ သရုပ်ဖော်ထားတယ်။ အဲဒီ မုန်းတီးမှုတွေက စကားလုံးတွေတိုင်းမှာ ပျံ့နှံ့စီးဆင်းနေတယ်လို့ ကျွန်မ ခံစားလို့ရတယ်။ ဝတ္ထုထဲမှာ ထည့်မရေးထားပေမယ့် အောင်မြင့်ဟာ သူ့ကို နှိပ်စက်ခဲ့တဲ့သူကို မြန်မြန် သေပါစေလို့ မျှော်လင့်နေမှာပဲ။ တကယ်လို့ ကျောင်းသားလေး အောင်မြင့်ဟာ စာရေးဆရာသာ ဆိုရင် ဦးသူရိန်က ကျွန်မအစ်ကိုကို ဒီဝတ္ထုနဲ့ လက်စားချေလိုက်တာပဲ။ ကျွန်မကတော့ အဲဒီလိုပဲ နားလည်တယ်”

ကျွန်တော် မျက်တောင်တစ်ချက် မခတ်ဘဲ မလင်းလင်းမော်ကို ကြည့်နေခဲ့တယ်။ လက်စားချေဖို့အတွက် ဝတ္ထုရေးတယ်ဆိုတာကို ကျွန်တော် စဉ်းတောင် မစဉ်းစားဖူးဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ရဲ့ ရဲမှုခင်းအဖွဲ့က အဲဒီ <ဘေးမဲ့မြေ> စာအုပ်ကို အစကတည်းက အာရုံကို မစိုက်ခဲ့ဖူးတာ။

“မလင်းလင်းမော် ပြောတဲ့အတိုင်းဆိုရင် ဦးပေါ်လွင်ရဲ့ ဝန်ခံစာနဲ့က အံမဝင်တော့ဘူး”

“ဟုတ်တယ်။ ဒါပေမယ့် တကယ်တမ်းက ဒီဝတ္ထုကို ဘယ်သူရေးရေး ကိစ္စမရှိဘူး။ အဲဒီကျောင်းသားလေးဟာ စာရေးဆရာ ကိုယ်တိုင် ဖြစ်နေသရွေ့ ဘယ်သူဖြစ်ဖြစ် မထူးဘူး။ တစ်ခုပဲ ရှိတယ်။ ကျွန်မအနေနဲ့ ဝတ္ထုကို စဖတ်ကတည်းက အောင်မြင့်ကို ဦးသူရိန်အဖြစ်နဲ့ပဲ တစ်လျှောက်လုံး မြင်နေခဲ့တော့ အဲဒီနေရာမှာ တခြားလူတစ်ယောက်ကို အစားထိုးရတာ တော်တော် ခက်တယ်။ ဘာနဲ့ တူသလဲဆိုတော့ ကိုယ်သိပ်ကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်လိုက်တဲ့အခါ သရုပ်ဆောင်က ဝတ္ထုမှာပါတဲ့ ဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ခံစားရသလိုမျိုးပဲ”

“ဒီတော့ မလင်းလင်းမော်ရဲ့ စိတ်ထဲမှာ ဦးသူရိန်က အောင်မြင့်ရဲ့ စရိုက်သဘာဝနဲ့ ကိုက်ညီတယ်လို့ ယူဆတယ်ပေါ့”

“ကျွန်မတော့ အဲဒီလိုပဲ ထင်တယ်။ …… ဒါပေမယ့် စဖတ်ကတည်းက အောင်မြင့်ဟာ သူပဲ ဖြစ်ရမယ်လို့ ကျွန်မ ယူဆထားတာကြောင့်လည်း ဖြစ်နိုင်တာပဲ”

“အခု <ဘေးမဲ့မြေ> ရဲ့ စာရေးဆရာဟာ ဦးပေါ်လွင် ဖြစ်သွားပြီဆိုတော့ ဘာဆက်လုပ်ဖို့ စိတ်ကူးရှိသလဲ” လို့ သူ့ကို မေးလိုက်တယ်။

သူက တစ်ခဏ စဉ်းစားလိုက်ပြီး အေးစက်စက်အသံနဲ့ ပြန်ဖြေတယ်။ “ဦးပေါ်လွင်ရဲ့ အမှုကို အမိန့်ကျတဲ့အထိ စောင့်ဦးမယ်လို့ စိတ်ကူးတယ်။ အဲဒီနောက်မှ ဘာလုပ်သင့်သလဲ ဆိုတာကို ကျွန်မ ဆုံးဖြတ်တော့မယ်”

****

ဦးသူရိန်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျွန်တော် အခုချိန်ထိ အမှုလိုက်နေသေးတာကို အထက်အရာရှိက ဘဝင်မကျချင်တော့ဘူး။ လူသတ်တရားခံကလည်း အမှုကျူးလွန်ခဲ့ကြောင်း ကိုယ်တိုင် ဝန်ခံပြီးနေပြီ။ ဝန်ခံစာတောင် ကိုယ်တိုင် ရေးတင်ထားတာ။ ရှိပြီးသား အထောက်အထားတွေအရ သူ့ ဝန်ခံချက်တွေက လက်တွေ့နဲ့ ကိုက်ညီမှုလည်း ရှိတယ်။ ဒါကိုပဲ ဘာအတွက်နဲ့ ဆက်ပြီး စုံစမ်းနေရသေးတာလဲ။ အထက်လူကြီးက အဲဒီလို စဉ်းစားမယ်ဆိုလည်း စဉ်းစားချင်စရာပဲ။

“ဘာပြဿနာ ရှိသေးလို့လဲ။ အားလုံးက အကျိုးအကြောင်း ဆက်စပ်နေတာပဲ မဟုတ်လား” အထက်အရာရှိက စိတ်မရှည်စွာ မေးခွန်းထုတ်ခဲ့တယ်။

ဒီအမှုကို စစ်ဆေးလို့ မပြီးသေးကြောင်း ငြင်းဆိုရအောင်ကလည်း ကျွန်တော်မှာ အထောက်အထား မရှိ။ တခြား မပြောနဲ့။ အမှုဖော်ရာမှာ အဓိက အရေးပါတဲ့ သဲလွန်စတွေ အားလုံးကိုလည်း ကျွန်တော်ကိုယ်တိုင်ပဲ ဖော်ထုတ်ပေးခဲ့တာ။ အခုဆိုရင် ဦးသူရိန်အသတ်ခံမှုအတွက် အမှုတည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ အားလုံး ပြည့်စုံနေပြီ။

ဦးပေါ်လွင် လုပ်ကြံဖန်တီးထားတဲ့ အလီဘိုင်သက်သေကိုလည်း အလိမ်ဖော်ခဲ့ပြီးပြီ။ သူနဲ့ ဦးသူရိန် နှစ်ယောက်ကြားက အရှုပ်အရှင်းတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီ။ ကိုယ့်ရဲ့ အောင်မြင်မှုတွေကိုတောင် ဂုဏ်ယူနေမိခဲ့တာ။

ဒါပေမယ့် ကျွန်တော်မှာ သံသယစိတ်ကလေး တစ်ခု ရှိနေသေးတယ်။ ဆေးရုံမှာ ဦးပေါ်လွင်နဲ့ စကားပြောနေတုန်း ခေါင်းထဲကနေ အတွေးတစ်ခု ခုန်ထွက်လာခဲ့တယ်။ အဲဒီတုန်းကတော့ အဲဒီအတွေးကို ဂရုမပြုခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအတွေးက သိပ်ထူးဆန်းလွန်းနေတယ်။ ပြီးတော့ လက်တွေ့လည်း မဆန်ဘူး။

ဒါပေမယ့် အဲဒီအတွေးကို တစ်ခဏတာ မေ့ပျောက်ပစ်လို့ ရပေမယ့် လုံးဝ ဖျောက်ဖျက်မပစ်နိုင်ခဲ့ဘူး။ အဲဒီ ထူးဆန်းဖွယ် အတွေးက ကျွန်တော့်ခေါင်းထဲမှာ တရစ်ဝဲဝဲ လုပ်နေခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် ဦးပေါ်လွင်ကို ဖမ်းဆီးပြီးတဲ့ အချိန်ကစပြီး စိုးရိမ်စိတ်တစ်ခုက ကျွန်တော်အပေါ် အမြဲ လွှမ်းမိုးနေခဲ့တယ်။ ကျွန်တော့်ရဲ့ ကောက်ယူချက်ကို တရားခံက သဘောတူတဲ့ အခါတိုင်းမှာ “သူချမှတ်ထားတဲ့ လမ်းအမှားကြီးပေါ် ငါ လျှောက်မိနေတာများလား” ဆိုတဲ့ စိုးရိမ်စိတ်က အမြဲနှိပ်စက်နေခဲ့တယ်။ အားလုံးဟာ အဆင်ချောနေတယ်လို့ မြင်ရလေလေ အဲဒီခံစားချက်ကြီးက ပိုလို့ နှိပ်စက်လာလေလေပဲ။

ပိုပြီး စိတ်ချရအောင်ဆိုပြီး ဦးပေါ်လွင်ရဲ့ ဝန်ခံစာကို စေ့စေ့စပ်စပ် ပြန်ဖတ်ကြည့်ခဲ့တယ်။ ဒီတော့မှ အရင်အခေါက်တွေ ဖတ်တုန်းက မမြင်ခဲ့တဲ့ ဟာကွက်တချို့ကို တွေ့လာရတယ်။

၁။ ဦးပေါ်လွင်ရဲ့ မအောင်မြင်ခဲ့တဲ့ လူသတ်မှုနဲ့ အကျပ်ကိုင်ပြီး သူ့ကို ရှဲဒိုးစာရေးဆရာဖြစ်အောင် ဇာတ်သွင်းခဲ့တယ်လို့ သူ ရေးထားတယ်။ တကယ်လို့ ဦးပေါ်လွင်ဟာ ဘာကိုမှ ဂရုစိုက်မနေတော့ဘဲ ရဲစခန်းသွားပြီး အပြစ်ကို ဝန်ခံလိုက်ရင် ဦးသူရိန်အတွက်လည်း အကြီးအကျယ် ထိခိုက်နစ်နာနိုင်စရာ ရှိတယ်။ နောက်ဆုံး ဦးသူရိန်ဟာ နာမည်ပျက်ပြီး သူ့ရဲ့ စာရေးဆရာဘဝပါ ပျက်စီးသွားနိုင်တယ်။ ဒါကို ဦးသူရိန်က နည်းနည်းမှ ထည့်မတွက်ခဲ့ဘူးလား။ ဒါကို မစိုးရိမ်ခဲ့ဘူးလား။ မဇင်မာအောင်ကို ထိခိုက်နစ်နာမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဦးပေါ်လွင်က ရဲစခန်းသွားပြီး အဖမ်းမခံခဲ့တာ ဆိုပေမယ့် ဦးသူရိန်အနေနဲ့ အဲဒီအကြောင်းအရင်းကို ကြိုတွက်ဆထားနိုင်ပါ့မလား။

၂။ မဇင်မာအောင် သေဆုံးသွားပြီးတဲ့နောက်မှာ ဦးသူရိန်ရဲ့ အကျပ်ကိုင်မှုကို ဘာကြောင့် ရုန်းထွက်ဖို့ မကြိုးစားခဲ့ရတာလဲ။ ဦးသူရိန်နဲ့ ဆက်ပြီး တုပြိုင်နေဖို့ စိတ်မပါတော့လို့ဆိုတဲ့ အကြောင်းပြချက်ကို သူ ပေးခဲ့တယ်။ အဲဒီလို စိတ်ခံစားမှုမျိုး ရှိနေခဲ့တာ အမှန်သာဆိုရင် ဘာကိုမှ ဂရုစိုက်မနေတော့ဘဲ ရဲစခန်းသွားပြီး အပြစ်ဝန်ခံလိုက်သင့်တာပေါ့။

၃။ စေ့စေ့ပေါက်ပေါက် ပြောကြကြေးဆိုရင် ခိုးရိုက်ထားတဲ့ ဗီဒီယိုတိတ်ခွေနဲ့ ဓားက လုံလောက်တဲ့ သက်သေ အထောက်အထား တစ်ခုအဖြစ် သုံးဖို့ ဖြစ်နိုင်ပါ့မလား။ ပြတင်းပေါက်ကနေ ကျော်ပြီး ဝင်နေတဲ့ ဦးပေါ်လွင်ရဲ့ ပုံရိပ်နဲ့ သွေးမစွန်းတဲ့ ဓားက ဘာကို သက်သေတည်နိုင်မှာတဲ့လဲ။ ပြီးတော့ ဖြစ်စဉ်တစ်ခုလုံးမှာ တရားခံနဲ့ တရားလိုကလွဲလို့ ကြံရာပါ မဇင်မာအောင် တစ်ယောက်ပဲ မျက်မြင်သက်သေအနေနဲ့ ရှိတယ်။ ဒါကြောင့် မဇင်မာအောင်သာ ဦးပေါ်လွင်ဘက်လိုက်ပြီး ထွက်ဆိုခဲ့မယ်ဆိုရင် ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်သွားမှာပဲ။

၄။ “စစ်မှန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီ” ဆိုပြီး ဦးပေါ်လွင်က ရေးခဲ့တယ်။ အဲဒီလို အခြေအနေမျိုးမှာ သူနဲ့ ဦးသူရိန်က “စစ်မှန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ” ဖြစ်နိုင်ပါ့မလား။

အထက်မှာ ဖော်ပြထားတဲ့ အချက် ၄ ချက်နဲ့ ပတ်သက်ပြီး ဦးပေါ်လွင်ကို မေးကြည့်တော့ ဘယ်နှကြိမ်ပဲမေးမေး၊ အဖြေက တစ်မျိုးတည်းပဲ။ “မင်းအနေနဲ့ ထူးဆန်းချင် ထူးဆန်းနေလိမ့်မယ်။ ဒါပေမယ့် အဲဒါ အမှန်တရားပဲ။ မင်းမယုံလည်း မတတ်နိုင်ဘူး။ အခုမှ မင်းက ငါ့ကိုလာပြီး ‘ဘာဖြစ်လို့ အဲဒီလို လုပ်တာလဲ’ ၊ ‘ဘာဖြစ်လို့ အဲဒီလို မလုပ်တာလဲ’ လို့ မေးနေတယ်။ ငါ့ကိုယ်ငါတောင် မသိဘူးလို့ ဖြေရမှာပဲ။ သေချာတာကတော့ အဲဒီအချိန်က ငါ့ရဲ့ စိတ်အခြေအနေဟာ ပုံမှန် ဖြစ်မနေတာပဲ။ ဒါကြောင့် ပုံမှန်လူတစ်ယောက် တွေးဆပုံနဲ့ နှိုင်းယှဉ်ပြီး ဒီကိစ္စကို မဝေဖန်သင့်ဘူး”

ဦးပေါ်လွင်က အဲဒီလို ဖြေတော့လည်း ကျွန်တော် ဘာမှ မတတ်နိုင်ဘူး။ တကယ်လို့သာ ရုပ်ဝတ္ထုအထောက်အထား ဖြစ်နေခဲ့ရင် တိုက်ဆိုင်စစ်ဆေးဖို့ရာ လွယ်ကူနေဦးမယ်။ အခုဟာက လေးချက်စလုံး စိတ်ပိုင်းဆိုင်ရာ ယူဆချက်တွေဆိုတော့ သက်သေပြဖို့ရာ မလွယ်ဘူး။

အဲဒါအပြင် ကျွန်တော့်အနေနဲ့ တစ်ချိန်လုံး သံသယဝင်နေမိတဲ့ အကြောင်းအရာတစ်ခု ရှိနေသေးတယ်။ တစ်လုံးတည်းနဲ့ ပြောရရင် “စရိုက်” ပဲ။ ရဲဌာနမှာ ရှိတဲ့ တခြားလူတွေနဲ့ ယှဉ်ရင် ကျွန်တော်ဟာ ဦးပေါ်လွင်နဲ့ အရင်းနှီးဆုံးပဲ။ ကျွန်တော် သူ့အပေါ် နားလည်ထားသလောက်ဆိုရင် ဝန်ခံစာမှာ သရုပ်ဖော်ထားတဲ့ သူ့ရဲ့ စရိုက်သဘာဝနဲ့ ကျွန်တော် နားလည်ထားတာနဲ့က ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတယ်။

ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဒုတိယ ယူဆချက်ကို စွန့်လွတ်ပစ်ဖို့ ဝေးသထက် ဝေးလာတော့တယ်။ သံသယတွေကနေ ပေါက်ဖွားလာတဲ့ ဒုတိယယူဆချက်ပဲ ဆိုပါတော့။ တကယ်လို့ အဲဒီ ယူဆချက်သာ အမှန်ဆိုရင် သံသယအားလုံးကို ဖြေရှင်းပေးနိုင်မှာပဲ။

ကျွန်တော့်မှာ ပြတ်သားတဲ့ ရည်ရွယ်ချက်တစ်ခု ရှိခဲ့လို့သာ ဒေါ်သန္တာကို သွားတွေ့ခဲ့တာ။ ကျွန်တော့်ရဲ့ အယူအဆ (အတိအကျ ပြောရရင် လက်ရှိအချိန်မှာ စိတ်ကူးသက်သက်ပဲ ရှိသေးတယ်) သာ အမှန်ဆိုရင် ကိုယ်ရေးမှတ်တမ်း ရေးရတဲ့ ဦးပေါ်လွင်ရဲ့ ရည်ရွယ်ချက်ဟာ နောက်တစ်ခု ရှိရဦးမယ်။ ဒါပေမယ့် ဝမ်းနည်းစွာနဲ့ပဲ ဒေါ်သန္တာဆီက ဘာမှ စုံစမ်းလို့ မရခဲ့ဘူး။ ရှန်ပိန်တစ်ပုလင်းအကြောင်း သိခဲ့ရတာက လွဲလို့ပေါ့။ ရေးဖို့ မေ့ကျန်ခဲ့တာလား၊ တခြား ထူးခြားတဲ့ အကြောင်းအရင်းများ ရှိနေလို့လား။ ပုံမှန်အားဖြင့် အရက်ပုလင်းကို လက်ဆောင်အဖြစ် မပေးတတ်တဲ့ ဦးပေါ်လွင်ဟာ အဲဒီနေ့မှာမှ ရှန်ပိန်တစ်ပုလင်း ယူသွားတယ်ဆိုတော့ ဒါ သွေးရိုးသားရိုးတော့ မဟုတ်တန်ရာဘူး။ ရည်ရွယ်ချက် တစ်ခုခု ရှိတယ်ဆိုရင်ရော အဲဒါက ဘာဖြစ်မလဲ။ ကျွန်တော် ဘာမှ စဉ်းစားလို့ မရခဲ့ဘူး။ ဒါပေမယ့် ရှန်ပိန်ကိစ္စကိုတော့ ဘာသာလဝါ ပစ်မထားဘဲ ဦးနှောက်ထဲ တေးမှတ်ထားခဲ့တယ်။

ကျွန်တော့်အထင် ဦးပေါ်လွင်နဲ့ ဦးသူရိန်တို့ရဲ့ ဆက်ဆံရေးကို အသေးစိတ် ပြန်လေ့လာဖို့ လိုအပ်တယ်လို့ ယူဆတယ်။ တကယ်လို့ ကျွန်တော်တို့ အစကတည်းက အယူအဆ လမ်းကြောင်းလွဲခဲ့ပြီဆိုရင် စမှတ်ကနေ ပြန်ထွက်မှ ဖြစ်တော့မယ်။

ကျွန်တော်တို့ လမ်းကြောင်းတွေ လွဲနေနိုင်တယ်ဆိုတာ မလင်းလင်းမော်နဲ့ ဆုံလိုက်ရမှ ကျွန်တော် အသေအချာ သဘောပေါက်တော့တယ်။ ဦးပေါ်လွင်နဲ့ ဦးသူရိန်တို့ရဲ့ ဆက်ဆံရေးကို အတိအကျ နားလည်ချင်တယ်ဆိုရင် သူတို့ရဲ့ အလယ်တန်း ကျောင်းသားဘဝကို မလေ့လာလို့ မဖြစ်တော့ဘူး။ အဲဒီကျောင်းသားဘဝကို သရုပ်ဖော်ထားတဲ့ <ဘေးမဲ့မြေ> ဝတ္ထုဟာ သူတို့ရဲ့ငယ်ဘဝကို လေ့လာနိုင်တဲ့ အရင်းအမြစ် တစ်ခုပဲ။

မလင်းလင်းမော်နဲ့ တွေ့ပြီးတဲ့နောက် ကျွန်တော် စာအုပ်ဆိုင်ကို သွားပြီး <ဘေးမဲ့မြေ> စာအုပ်ကို ဝယ်ခဲ့တယ်။ အပြန်လမ်းပေါ်မှာပဲ စဖတ်လိုက်တာ သိပ်မကြာခင်မှာပဲ ဖတ်လို့ ပြီးသွားတယ်။ ကျွန်တော့်ရဲ့ စာပေဝေဖန်နိုင်မှု စွမ်းရည်က ညံ့ဖျင်းတော့ ထုံးစံအတိုင်း ဝတ္ထုက ကျွန်တော်အတွက် ဘာမှ မထူးသလိုပဲ။

မလင်းလင်းမော် ပြောခဲ့သလိုပဲ။ ဒီဝတ္ထုက အောင်မြင့်ရဲ့ ရှုထောင့်အမြင်ကနေ တည်ပြီး ရေးထားတာ။ ဝတ္ထုက အခုလို စ ထားတယ်။ ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ အောင်မြင့်က နံနက်ခင်းသတင်းစာထဲမှာ ပန်းချီဆရာတစ်ယောက် အသတ်ခံရကြောင်း တွေ့လိုက်ရတယ်။ အဲဒီ ပန်းချီဆရာ နိုင်လင်းဟာ အလယ်တန်းကျောင်းသားဘဝက သူ့ကို အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသားဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း အမှတ်ရမိတယ်။ ပြီးတာနဲ့ သူ့ကို အနိုင်ကျင့်ခဲ့ပုံတွေ တစ်ခုပြီး တစ်ခု ဝတ္ထုထဲမှာ တင်ပြသွားတယ်။

၈ တန်းကျောင်းသားဘဝမှာ အနိုင်ကျင့်မှုတွေဟာ အထွတ်အထိပ်ကို ရောက်လာတယ်။ အဲဒီအချိန်က သူ အကြိမ်ကြိမ် အထိုးနှက်ခံခဲ့ရတယ်။ တစ်ခါက သူ့ရဲ့ တစ်ကိုယ်လုံးကို ပလတ်စတစ်တိတ်နဲ့ ပတ်ပြီး အိမ်သာတစ်လုံးထဲမှာ အပိတ်ခံရဖူးတယ်။ နောက်တစ်ခါက သင်္ဘောဆေးတွေ သူ့ခေါင်းပေါ် အလောင်းချခံခဲ့ရတာ။ ပုံမှန် အနိုင်ကျင့်ခံရတဲ့ နည်းလမ်းကတော့ အရိုက်ခံရတာပဲ။ အဆဲခံရတာ၊ မှိုချိုးမျှစ်ချိုး အပြောခံရတာမျိုးကတော့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်နေခဲ့ပြီ။ အနိုင်ကျင့်ခံရပုံတွေကို သရုပ်ဖော်ထားတာ အသက်ပါလွန်း၊ ပြည့်စုံလွန်းတော့ စိတ်ကူးယဉ်ဝတ္ထုထက် အတ္ထုပ္ပတ္တိဆန်တယ် ဆိုတဲ့ မလင်းလင်းမော်ရဲ့ ထင်မြင်ချက်ဟာ ယုတ္တိရှိလွန်းနေတယ်။

ဒါပေမယ့် အောင်မြင့်ဟာ ဘာဖြစ်လို့ အဲဒီလောက် အနိုင်ကျင့်ခံနေရသလဲ ဆိုတာကိုတော့ ဖော်ပြမထားဘူး။ “တစ်နေ့မှာ စုန်းမကြီးရဲ့ အပြုစားကို ခံလိုက်ရလို့ ဖားကလေး ဖြစ်သွားတယ်” ဆိုတဲ့ ပုံပြင်ထဲကလို “တစ်နေ့မှာတော့ ……” ဆိုပြီး သူ့ဘဝအကြောင်းကို ပြောပြသွားတာပဲ။ ဒီဝတ္ထုထဲမှာ ရေးပြထားတဲ့ အနိုင်ကျင့်မှုတွေနဲ့ ပုံစံတူ လုပ်ရပ်တွေကို ကျွန်တော် ကျောင်းဆရာဘဝက ကျောင်းမှာ ကြားသိခဲ့ရဖူးတယ်။ အနှိပ်စက်ခံ ကျောင်းသားဟာ သူ့ခေါင်းကို မတ်မတ်ထားပြီး အားလုံးကို အံတုဖို့ အစပိုင်းတော့ ကြိုးစားခဲ့ကြတာပဲ။ ဒါပေမယ့် အချိန်ကြာလာတော့လည်း ကြောက်စိတ်နဲ့ စိတ်ဓာတ်ကျမှုတွေ ကြားမှာ ပြိုလဲသွားခဲ့ကြတယ်။

“တကယ်တမ်း ကြောက်စရာအကောင်းဆုံးက အကြမ်းဖက်မှု မဟုတ်ဘူး။ အကြမ်းဖက်ခံရတဲ့ လူတွေဆီက တုံ့ပြန်ထွက်ပေါ်လာတဲ့ အဖျက်စွမ်းအားတွေကသာ ကြောက်စရာ အကောင်းဆုံး။ အဲဒီလို ပြင်းထန်တဲ့ ရန်ငြိုးတွေ လောကမှာ ရှိတယ်ဆိုတာကို သူတို့ လုံးဝ မသိကြဘူး”

<ဘေးမဲ့မြေ> ဝတ္ထုထဲက အဲဒီ စာကြောင်းဟာ အနှိပ်စက်ခံ ကလေးရဲ့ ရင်တွင်းခံစားချက် အစစ်ကို ပုံဖော်ထားတယ်။ ကျွန်တော် ကျောင်းဆရာဘဝတုန်းကလည်း အဲဒီလို အဖြစ်အပျက်မျိုးတွေကို ဖြေရှင်းပေးခဲ့ရဖူးတယ်။ ဘက်ပေါင်းစုံက အနိုင်ကျင့်မှုတွေကြားမှာ ငုံ့ခံရုံက လွဲလို့ ဘာမှ မတတ်နိုင်ဘူး။

အဲဒီလို အနိုင်ကျင့်တတ်တဲ့ ဂိုဏ်းခေါင်းဆောင် နိုင်လင်းဟာ ရုတ်တရက် ကျောင်းပြောင်းသွားမှ အနိုင်ကျင့်မှုတွေ ရပ်တန့်သွားခဲ့တယ်။ သူ ဘယ်ကို ပြောင်းသွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ကောလာဟလအနေနဲ့ ကြားရတာက မိန်းကလေးတစ်ယောက်ကို မတော်တရော် ကြံစည်လို့ အဝေးကို အပို့ခံရတယ်တဲ့။

အဲဒီနောက်တော့ ဝတ္ထုဇာတ်လမ်းမှာ အောင်မြင့်ရဲ့ ကျောင်းသားဘဝအကြောင်းတွေ မပါတော့ဘူး။ ဇာတ်လမ်း သဘောအရ အကွေ့အကောက်၊ အလှည့်အပတ်တွေ (အမှုနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ယူဆရ) ဖြစ်ပြီးနောက်မှာ အောင်မြင့်ဟာ နိုင်လင်းရဲ့ အကြောင်းတွေကို စပြီး စုံစမ်းတော့တယ်။

လက်ကျန်ဇာတ်လမ်းကို အပိုင်းနှစ်ပိုင်း ခွဲလို့ရတယ်။ တစ်ပိုင်းက အောင်မြင့်ရဲ့ နောက်ကြောင်းပြန်ခြင်းနဲ့ နောက်တစ်ပိုင်းက စုံစမ်းထောက်လှမ်းမှုရဲ့ ရလဒ်။ ပထမဆုံးအနေနဲ့ စာဖတ်သူတွေ သိလိုက်ရတာက ကျောင်းကနေ နိုင်လင်း ထွက်ခွာသွားရတဲ့ အကြောင်းအရင်းပဲ။ သူတို့ရဲ့ ကျောင်းနဲ့ မလှမ်းမကမ်းမှာ မိန်းကလေးကျောင်းတစ်ကျောင်း ရှိတယ်။ အဲဒီကျောင်းက ကောင်မလေးတစ်ယောက်ကို မဖွယ်မရာ လုပ်ခဲ့လို့ ကျောင်းထုတ်ခံခဲ့ရတာ။ နိုင်လင်းရဲ့ ဘော်ဒါတစ်ယောက်က ကောင်မလေးကို ဖမ်းချုပ်ပေးထားပြီး နိုင်လင်းက အဲဒီ ကောင်မလေးကို မုဒိန်းကျင့်ခဲ့တယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယို ရိုက်ထားပြီး အဲဒီခွေကို တစ်နေရာမှာ ပြန်ရောင်းစားဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမယ့် ကောင်မလေးရဲ့ မိဘတွေက ငွေနဲ့ပေါက်ပြီး ပြန်ဝယ်ခဲ့တာကြောင့် အခွေဟာ အပြင်ကိုတော့ မပေါက်ကြားခဲ့ဘူး။ ဖြစ်ရပ်အားလုံးကိုလည်း လူသိရှင်ကြား မဖြစ်အောင် ဖုံးဖိနိုင်ခဲ့တယ်။

နိုင်လင်းရဲ့ ဆိုးသွမ်းယုတ်မာမှုတွေဟာ စာအုပ်ရဲ့ ပထမပိုင်းမှာတင် အဆုံးသတ်သွားတယ်။ ဒုတိယပိုင်းမှာတော့ သူ့ရဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပုံကို သရုပ်ဖော်ထားတယ်။ သူ ပန်းချီပညာကို စိတ်ဝင်စားလာခဲ့ပြီး ပန်းချီဆရာတစ်ယောက် ဖြစ်လာတဲ့အကြောင်းကို ဖော်ပြထားတယ်။ ဝတ္ထုဇာတ်လမ်းကို သူ့ရဲ့ ပန်းချီပြပွဲ မတိုင်ခင် တစ်ရက်အလိုမှာ အဆုံးသတ်ထားတယ်။ အဲဒီနေ့ည လမ်းမပေါ်မှာ ပြည့်တန်ဆာမတစ်ယောက်က သူ့အနား ချဉ်းကပ်လာပြီး သူ့ကို ဓားနဲ့ ထိုးသတ်ခဲ့တယ်။ အဲဒီအပိုင်းကလည်း တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရေးထားခဲ့တာ။

အောင်မြင့်ဟာ စာရေးသူရဲ့ ကိုယ်စားပြုဇာတ်ကောင် ဖြစ်တယ်ဆိုတဲ့ မလင်းလင်းမော်ရဲ့ အယူအဆကို ကျွန်တော် မငြင်းနိုင်ဘူး။ တကယ့် ဖြစ်ရပ်မှန်အများစုကို အခြေခံပြီး ရေးထားတဲ့ ဒီလို ဝတ္ထုမျိုးကို စိတ်ကူးယဉ်ဝတ္ထုလို့ ပြောနေရင် အတော် သဘာဝ မကျတော့ဘူး။ စာရေးဆရာကိုယ်တိုင် ကြုံတွေ့ခံစားဖူးတဲ့ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိပဲ ဖြစ်ရမယ်ဆိုတဲ့ ယူဆချက်က ပိုပြီး ယုတ္တိတန်တယ်။

နောက်ပြီး စာရေးသူဟာ သူ မကျေနပ်တဲ့သူကို လက်စားချေချင်လို့ ဒီဝတ္ထုကို ရေးပါတယ်လို့ မလင်းလင်းမော်က ယူဆထားတယ်။ ဒါလည်း ဖြစ်နိုင်တာပဲ။ ဝတ္ထုထဲမှာ နိုင်လင်းအကြောင်းတွေ ရေးထားတာကို သေချာလေ့လာကြည့်ရင် အနုပညာရှင်တစ်ယောက်အကြောင်းကို ပြောနေတာထက် ဂိုဏ်းစတားတစ်ယောက် အကြောင်းကို ပြောပြနေသလိုပဲ။ ဝတ္ထု အစကနေ အဆုံးထိ အဲဒီလူရဲ့ ဆိုးပုံမိုက်ပုံကိုပဲ ပယ်ပယ်နယ်နယ် သရုပ်ဖော်ထားတာ ကြည့်ခြင်းအားဖြင့် သူ့အပေါ်ထားတဲ့ အောင်မြင့် (စာရေးသူ) ရဲ့ ရန်ငြိုးကို မှန်းဆနိုင်တယ်။

တကယ်လို့ အောင်မြင့်ဟာ ဦးပေါ်လွင်ရဲ့ ကိုယ်စားလှယ် ဖြစ်မယ်ဆိုရင် မေးစရာတစ်ခု ရှိလာတယ်။ ဇာတ်လမ်းထဲမှာ ဦးသူရိန်က ဘယ်ရောက်နေလဲ။ (အပြန်အလှန်အားဖြင့် ဦးသူရိန်ဟာ စာရေးဆရာဆိုရင် ဦးပေါ်လွင်က ဇာတ်လမ်းထဲမှာ ဘယ်ရောက်နေလဲ)

တကယ်လို့ ဒီဝတ္ထုထဲမှာ ရေးထားသလို ကျောင်းသားဘဝက ဦးပေါ်လွင်ဟာ အနိုင်ကျင့်ခံခဲ့ရတယ်ဆိုရင် အဲဒီအချိန်မှာ ဦးသူရိန်က ဘာလုပ်နေမလဲ။ ဒါက စိတ်ဝင်စားစရာ မေးခွန်းပဲ။ လက်ပိုက်ပြီး ဘေးကနေ ရပ်ကြည့်နေခဲ့တာလား။

အဲဒီအချက်ကို ဘာကြောင့် တကူးတက စဉ်းစားနေရသလဲဆိုတာ ကျွန်တော့်မှာ အကြောင်းရှိတယ်။ ဦးသူရိန်ဟာ သူ့ရဲ့ အင်မတန် ချစ်ခင်ရတဲ့ ငယ်သူငယ်ချင်းပါ ဆိုတာကို ထင်ရှားအောင် ဦးပေါ်လွင်က တောက်လျှောက် ပုံဖော်လာခဲ့တာ။ ကျောင်းတွင်းအကြမ်းဖက်မှုတွေ ဖြစ်လာပြီဆိုရင် မိဘနဲ့ ဆရာသမားတွေက ဘာမှ ထိထိရောက်ရောက် အကူအညီ ပေးနိုင်ကြတာ မဟုတ်ဘူး။ ရင်းနှီးတဲ့ သူငယ်ချင်းကောင်းတွေကသာ အများဆုံး ကူညီပေးနိုင်တာ။ ဒီတော့ ကျောင်းထဲမှာ အောင်မြင့်တစ်ယောက် အနိုင်ကျင့်ခံနေရတဲ့ အချိန်မှာ သူ့ရဲ့ ‘သူငယ်ချင်းကောင်း’ ဆိုတဲ့သူတွေက ဘာဖြစ်လို့ လက်ပိုက် ကြည့်နေနိုင်ကြရတာလဲ။ ကျွန်တော် ပြောရဲတယ်။ အဲဒီလို လူမျိုးကို သူငယ်ချင်းလို့ မခေါ်နိုင်ဘူး။

အဲဒီလို ဆင်တူတဲ့ ဝိရောဓိတစ်ခုကို ဦးပေါ်လွင်ရဲ့ ဝန်ခံစာထဲမှာ တွေ့ရတယ်။ သူငယ်ချင်းမှန်ရင် သူ့ဇနီးနဲ့ ကြာခိုမှာ မဟုတ်ဘူး။ သူ့ဇနီးနဲ့ ပေါင်းပြီး ‘သူငယ်ချင်း’ ဆိုတဲ့သူကို သတ်ဖို့ ကြိုးစားမှာလည်း မဟုတ်ဘူး။ ပြီးတော့ ကိုယ့်သူငယ်ချင်းကို ရှဲဒိုးစာရေးဆရာ ဖြစ်အောင် အကျပ်ကိုင်မှာလည်း မဟုတ်ဘူး။ ဒီတော့ ဦးပေါ်လွင်က ဘာဖြစ်လို့ ဦးသူရိန်ကို သူ့ရဲ့ ‘သူငယ်ချင်းကောင်း’ အဖြစ် ပုံဖော်ထားရတာလဲ။

ကျွန်တော့်ရဲ့ အတွေးကမ္ဘာထဲမှာ ပုံဖော်ကြည့်ထားတဲ့ ယူဆချက်နဲ့သာဆိုရင် ဒါတွေအားလုံးကို ဖြေရှင်းပြနိုင်မှာပဲ။ ဦးပေါ်လွင်ရဲ့ လက်ခလယ် အပေါ်ဆုံး အဆစ်မှာ ရှိတဲ့ အသားမာကို မြင်လိုက်ရတဲ့ အချိန်ကစပြီး အဲဒီ ယူဆချက်ဟာ ကျွန်တော့်ခေါင်းထဲကို ဝင်ရောက်လာခဲ့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *