မဇင်မာအောင်ရဲ့ မိဘအိမ်ကို သွားစုံစမ်းပြီး နောက်နှစ်ရက်အကြာမှာ ကျွန်တော်တို့ ဦးပေါ်လွင် ရှိတဲ့ ဆေးရုံကို ရောက်ခဲ့ကြပြန်တယ်။ ထုံးစံအတိုင်း တာဝန်ခံ ဆရာဝန်ဆီ အရင်ဝင်တွေ့ခဲ့ကြတယ်။
ခွဲစိတ်ကုသဖို့ အားလုံး စီစဉ်ပြီးခါမှ လူနာဖြစ်တဲ့ ဦးပေါ်လွင်က ဆန္ဒမရှိဘူးဆိုလို့ ဆရာဝန်ခမျာ အတော် ဦးနှောက်စားနေတယ်။ သူ့ရောဂါက ခွဲစိတ်ကုသလည်း သိပ်ထူးမှာ မဟုတ်မှန်း သူသိတယ်တဲ့။ ဒီတော့ သဗ္ဗေ သတ္တာ ကမ္မဿကာ ဆိုပြီး ပစ်ထားလိုက်ပါတော့လို့ သူက ပြောနေသတဲ့။
“တကယ်လို့ ခွဲစိတ်လိုက်ရင် သူ့အသက် ပိုတိုသွားစေနိုင်တယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်နိုင်သလား ဆရာ” ကျွန်တော်က ဆရာဝန်ကို မေးကြည့်တယ်။ ဆရာဝန်က “လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ဒါပေမယ့် သူ့အမြင်က ခွဲစိတ်ကုသလိုက်ရင် ပိုကောင်းလာနိုင်တဲ့ မျှော်လင့်ချက် ရှိတယ်တဲ့။
ကျွန်တော်တို့ သူ့အခန်းထဲ ဝင်သွားတော့ သူက နံရံကျောမှီရင်း ခြေဆင်းထိုင်နေပြီး စာအုပ်တစ်အုပ် ဖတ်နေတယ်။ သူ အတော်လေး ပိန်သွားတယ်။ မျက်နှာကတော့ သွေးရောင်လွှမ်းပြီး စိုပြေနေတုန်းပဲ။
“မတွေ့ရတာ အတော်ကြာပြီဆိုတော့ ဘာတွေများ ဖြစ်နေပြီလဲလို့” သူ့လေသံကတော့ အရင်အတိုင်းပဲ။ နည်းနည်းတော့ အားပြတ်နေသေးပုံပဲ။
“ကျွန်တော် မေးခွန်းနည်းနည်း မေးလို့ ရမလား”
ဦးပေါ်လွင်ဟာ အနည်းငယ် စိတ်ပျက်သွားတဲ့ မျက်နှာထားနဲ့ “လာပြန်ပြီ။ မင်းဟာ တော်တော် ခေါင်းမာတဲ့ လူတစ်ယောက်ပဲ။ ဒါမှမဟုတ် စုံထောက် ဖြစ်သွားတဲ့သူတွေ အကုန်လုံးက အဲဒီလိုပဲ ခေါင်းမာကုန်ကြတာလား”
သူ့ ထိုးနှက်ချက်ကို ကျွန်တော် ဂရုမစိုက်ဘဲ ကျွန်တော်ယူလာခဲ့တဲ့ ဓာတ်ပုံကို သူ့အရှေ့ ချပြလိုက်တယ်။ အဘိဓာန်စာအုပ်ထဲမှာ ညှပ်ထားတဲ့ မဇင်မာအောင်ရဲ့ ဓာတ်ပုံ။
“ဒီဓာတ်ပုံကို ဆရာ့အခန်းထဲက ရှာတွေ့ခဲ့တာ”
ဦးပေါ်လွင်ရဲ့ ခန္ဓာဟာ တောင့်တင်းသွားပြီး နှုတ်ခမ်းက အနည်းငယ် မဲ့သွားတယ်။ အသက်ရှူသံလည်း မြန်လာပြီး သူ့အနား ရပ်နေတဲ့ ကျွန်တော်တောင် သူ့အသက်ရှူသံတွေကို အတိုင်းသား ကြားနေရတယ်။
“အဲဒီတော့ ……” သူက မေးတယ်။ ဒီစကားလေး ပြောဖို့အတွက်ကိုပဲ ရှိသမျှ ခွန်အားတွေ အကုန်လုံး ထုတ်သုံးလိုက်ရသလို။
“ကျွန်တော့်ကို တစိတ် ရှင်းပြနိုင်မလား။ ဆရာ့ဆီမှာ ဘာဖြစ်လို့ ဦးသူရိန် ဇနီးဟောင်း – မဇင်မာအောင်ရဲ့ ဓာတ်ပုံ ရှိနေရတာလဲ။ ပြီးတော့ တယုတယ သိမ်းထားသေးတယ်”
ဦးပေါ်လွင်က ကျွန်တော့်ဆီ မျက်နှာမမူဘဲ ပြတင်းပေါက်ဘက်ကို ကြည့်နေတယ်။ ကျွန်တော် သူ့မျက်နှာထားကို အသေအချာ လေ့လာ အကဲခတ်နေမိတယ်။
“ငါ့မှာ ဇင်မာရဲ့ ဓာတ်ပုံ ရှိတော့ရော ဘာဖြစ်သေးလဲ။ ဒါက အမှုနဲ့ ဘာမှ မပတ်သက်ဘူးလေ။ မဟုတ်ဘူးလား” ပြတင်းပေါက်ကို ငေးစိုက်ကြည့်နေရင်း ပြောလာတယ်။
“ဆိုင်မဆိုင် ဆိုတာက ကျွန်တော်တို့ ဆုံးဖြတ်ရမှာပါ”
“ဘာမှ မဟုတ်ပါဘူးကွာ။ အရင်က ရိုက်ထားတဲ့ပုံပါ။ ငါ သူရိန်ကို ပေးဖို့ မေ့နေပြီး အဘိဓာန်ထဲမှာ ညှပ်ထားခဲ့မိတာ ဖြစ်မယ်”
“ဘယ်အချိန်က ရိုက်ထားတာလဲ။ ကြည့်ရတာက စားသောက်ဆိုင်ကြီး တစ်ဆိုင်ဆိုင်ပဲ”
“ငါမေ့ပြီ။ တစ်ခါတလေတော့လည်း သူတို့ လင်မယားနဲ့အတူ စားသောက်ဆိုင်တွေ ဘာတွေ သွားတတ်တယ်။ အဲဒီတုန်းက ရိုက်ထားတာ ဖြစ်မယ်”
“ဘာဖြစ်လို့ အမျိုးသမီးကိုပဲ ရိုက်ပေးရတာလဲ။ သူတို့က စုံတွဲလာကြတာ မဟုတ်ဘူးလား”
“အမြဲတမ်းတော့ တစ်တွဲတွဲ ဘယ်ရှိနေနိုင်ပါ့မလဲ။ အဲဒီအချိန် သူရိန်က အိမ်သာတို့ ဘာတို့ သွားတာ ဖြစ်ချင်ဖြစ်မှာပေါ့”
“ဒါဆို အဲဒီတုန်းက ရိုက်ခဲ့တဲ့ တခြား ဓာတ်ပုံတွေကရော”
“ဒီဓာတ်ပုံတောင် ဘယ်တုန်းက ရိုက်ခဲ့မှန်း မေ့နေတဲ့ ဥစ္စာကွာ။ မင်းအမေးကို ဘယ်နှယ့် ဖြေရပါ့မလဲ။ ဓာတ်ပုံအယ်ဘမ်ထဲမှာ ရှိချင် ရှိမှာပေါ့။ ဒါမှမဟုတ် အစောကြီးကတည်းက လွှင့်ပစ်လိုက်ရောပေါ့။ သေချာတာကတော့ ငါ ဘာမှ မမှတ်မိတော့ဘူး” ဦးပေါ်လွင်ရဲ့ သောကတွေဟာ ပိုထင်ရှားလာတယ်။
ကျွန်တော် နောက်ထပ် ဓာတ်ပုံနှစ်ပုံကို ဆွဲထုတ်ပြီး သူ့ရှေ့မှာ ချပြလိုက်တယ်။ ဓာတ်ပုံနှစ်ပုံစလုံးက ရှုခင်းဓာတ်ပုံတွေ ဖြစ်ပြီး နှစ်ပုံစလုံးမှာ အမြင့် ၁၀ ပေမက ရှိတဲ့ သစ်သား ပန်းပုရုပ်ကြီးတွေ ပါတယ်။
“ဒီဓာတ်ပုံတွေကိုရော မမှတ်မိဘူးလား” ဓာတ်ပုံနှစ်ပုံကို သူစိုက်ကြည့်တုန်းမှာ သူ တံတွေးမျိုချလိုက်တာကို သတိထားမိတယ်။
“ဘယ်တုန်းက ရိုက်ထားတာပါလိမ့် …….”
“ဒီနှစ်ပုံစလုံးက တစ်နေရာတည်းမှာပဲ ရိုက်ထားတာ။ ဘယ်နေရာလဲဆိုတာ စဉ်းစားလို့ မရဘူးလား”
“မရဘူး”
“ပဲခူးဆယ်မိုင်ကုန်းလေ။ အတိအကျ ပြောရရင် ရန်ကုန်-ပြည်လမ်းပေါ်က ရွှေပြည်တော်ဝင် စားသောက်ဆိုင်မှာ။ စောနက ကျွန်တော်ပြတဲ့ မဇင်မာအောင်ရဲ့ ဓာတ်ပုံကလည်း အဲဒီမှာပဲ ရိုက်ထားတာ ဖြစ်မယ်။ သူ့ဓာတ်ပုံရဲ့ နောက်ခံ ရှုခင်းက ကျွန်တော်တို့ကို ပြောပြနေတယ်” ဦးပေါ်လွင်ကတော့ နှုတ်ဆိတ်လျက်။
လုပ်ဖော်ကိုင်ဖက် အားလုံးနီးပါးက မဇင်မာအောင်ရဲ့ ဓာတ်ပုံကို မြင်တာနဲ့ ရွှေပြည်တော်ဝင် စားသောက်ဆိုင်မှာ ရိုက်ထားတာ ဖြစ်ကြောင်း တန်းသိကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ဦးပေါ်လွင်ရဲ့ ဓာတ်ပုံအယ်ဘမ်ကို နောက်ထပ်တစ်ခေါက် ပြန်လှန်ပြီး စစ်ကြည့်တဲ့အခါမှာ စောနက ဓာတ်ပုံနှစ်ပုံကို တွေ့လာခဲ့ရတယ်။ အင်းတကော် ရဲစခန်းရဲ့ အကူအညီအရ အဲဒီ ဓာတ်ပုံ ၃ ပုံစလုံးဟာ ရွှေပြည်တော်ဝင်မှာ ရိုက်ထားတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။
“တကယ်လို့ မဇင်မာအောင်ရဲ့ ဓာတ်ပုံကို ဘယ်တုန်းက ရိုက်ထားတာမှန်း စဉ်းစားလို့ မရဘူးဆိုရင်လည်း ထားပါတော့။ ဆရာ့ဆီက ရတဲ့ ဟောဒီ နှစ်ပုံကရော ဘယ်တုန်းက ရိုက်ထားတာလဲ။ ဒါတော့ စဉ်းစားလို့ ရမယ် ထင်တယ်”
“ဝမ်းနည်းပါတယ်ကွာ။ အဲဒါလည်း မေ့နေပြီ။ ငါ့ အယ်ဘမ်ထဲမှာ အဲဒီလိုပုံ ရှိမှန်းတောင် ငါလည်း အခုမှ သိတာ”
ကြည့်ရတာ ဘာမေးမေး ဘူးခံတော့မယ့်ပုံပဲ။
“ဟုတ်လား။ ဒါဆိုလည်း ကျွန်တော် နောက်ဆုံးတစ်ပုံ ထပ်ပြရတော့မှာပေါ့”
ကျွန်တော် အင်္ကျီအိတ်ထဲကနေ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်ပြီး သူ့ကို ချပြလိုက်တယ်။ မဇင်မာအောင်ရဲ့ အမေ့ဆီက ခဏငှားလာတဲ့ အမျိုးသမီး သုံးယောက်တွဲ ဓာတ်ပုံ။
“ဒီဓာတ်ပုံထဲမှာ ဆရာ အင်မတန် ရင်းနှီးတဲ့ ပစ္စည်းတစ်ခု ပါနေတယ်။ ဆရာ သတိထားမိတယ်မလား”
ဓာတ်ပုံ စိုက်ကြည့်နေတဲ့ သူ့အမူအရာကို ကျွန်တော် မျက်တောင်မခတ် အာရုံစိုက်နေတုန်း သူ့မျက်လုံးတွေ အနည်းငယ် ပြူးကျယ်သွားတာကို သတိထားမိလိုက်တယ်။
“ဘယ်လိုလဲ ဆရာ”
“မင်း ဘာပြောနေတာလဲ ဆိုတာ ငါနားမလည်ဘူး” သူ့အသံ ခြောက်ကပ်ကပ် ဖြစ်လာတယ်။
“ဟုတ်လား။ ဒီ အမျိုးသမီးသုံးယောက်ထဲမှာ ဘယ်သူက မဇင်မာအောင်လည်း ဆိုတာတော့ သိမှာပေါ့”
ဒီမေးခွန်းကို သူက တိုက်ရိုက် အဖြေမပေးပေမယ့် ဆိတ်ဆိတ်နေပြီး ဝန်ခံနေသလိုပဲ။
“ဒါဆို ဓာတ်ပုံထဲက မဇင်မာအောင် ဝတ်ထားတဲ့ ခါးစည်းအဝတ်ကို မမှတ်မိဘူးလား။ အဲဒီ ချယ်ရီပန်းခက် အဆင်လေးကို ရင်းရင်းနှီးနှီး မြင်ဖူးတယ်လို့ မထင်ဘူးလား။ ဆရာ့အိမ်မှာ ရှာတွေ့ခဲ့တဲ့ ခါးစည်းနဲ့က တထေရာတည်းပဲလေ”
“အဲ့တော့ ဘာဖြစ်လဲ”
“မဇင်မာအောင်ရဲ့ ဓာတ်ပုံကို သိမ်းထားတာနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လိုပဲ အကြောင်းပြပြ ထားပါတော့လေ။ ဒါပေမယ့် သူ့ရဲ့ ခါးစည်းအဝတ်ကို သိမ်းထားတာနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းပြဖို့ ကြံရွယ်ထားသလဲ ဆိုတာကိုတော့ ကျွန်တော်တို့ အတော်လေး စိတ်ဝင်စားတယ်။ ဆရာနဲ့ သူနဲ့က ဘယ်လို ပတ်သက်နေတာလဲ။ သာမန် ရင်းနှီးမှုထက် ပိုနေတာတော့ လုံးဝ သေချာတယ်”
ဦးပေါ်လွင်က အသံမထွက်ဘဲ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး ပြန်ငြိမ်ကျသွားတယ်။
“အကြောင်းမှန်ကို ရှင်းမပြနိုင်ဘူးလား ဆရာ။ ဒီလိုသာ ဆက်ပြီး နှုတ်ပိတ်နေရင် ကျွန်တော်တို့ကလည်း ဒီထက် ပိုသိရအောင် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းရတော့မှာပဲ။ မီဒီယာတွေကလည်း အနှေးနဲ့အမြန် ဆိုသလို ဒီကိစ္စကို အနံ့ခံလို့ ရသွားကြမှာ။ သူတို့တွေက ထင်ရာမြင်ရာ လျှောက်ဖွလိုက်ရင် ပိုဆိုးကုန်မယ်။ ဆရာလည်း ဒီလိုအဖြစ်မျိုး မရောက်ချင်ဘူးလို့ ကျွန်တော် သဘောပေါက်တယ်။ ဆရာ့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့မယ်ဆိုရင် ကျွန်တော်တို့က မီဒီယာတွေဆီ မရောက်သင့်တာ မရောက်အောင် ကာကွယ်ပေးနိုင်လိမ့်မယ်”
အခုလို သူ့ကို ချော့မော့ပြီး ပြောနေရတာ ဘယ်လောက် အရာရောက်မလဲဆိုတာ မသေချာပေမယ့် သူ့ဘက်ကတော့ အနည်းငယ် စိတ်ပြောင်းလာပုံ ရတယ်။
“မင်းကို အသိပေးချင်တာက ငါနဲ့ ဇင်မာ့အကြားမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့။ ဒီအမှုနဲ့ လုံးဝ မပတ်သက်ဘူးဆိုတာတော့ မင်း လက်ခံစေချင်တယ်”
ဒီစကားကြားရတော့ ကျွန်တော့်ရင်ထဲ ပေါ့ပါးသွားတယ်။ နောက်တစ်ဆင့်တော့ နီးစပ်ခဲ့ပြီပေါ့။
“ဆရာတို့ နှစ်ယောက်ကြားမှာ ရှိခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းကို ဝန်ခံတဲ့ သဘောလား”
“အချစ်ဇာတ်လမ်းလို့လည်း ခေါ်လို့ မရပါဘူးကွာ။ တစ်ခဏ စိတ်လှုပ်ရှားခဲ့တယ်လို့ ပြောရင် ပိုမှန်မယ်။ နှစ်ယောက်စလုံး မကြာခင် ပြန်ပြီး အနယ်ထိုင်သွားတာပါပဲ”
“ဘယ်တုန်းက စတာလဲ”
“အတိအကျတော့ မမှတ်မိဘူး။ သူရိန်ကို ပထမဆုံး သွားတွေ့ပြီး ၄ – ၅ လလောက်က စတယ် ထင်တာပဲ။ ငါ အအေးပတ်ပြီး ခုတင်ပေါ် ဗုန်းဗုန်းလဲနေတုန်း သူ ငါ့ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အဲဒီက စတာပဲ”
“ဘယ်လောက်ကြာခဲ့သလဲ”
“နှစ်လ၊ သုံးလပေါ့။ စောစောက ပြောခဲ့တဲ့ အတိုင်း ဖွဲမီးတွေလိုပဲပေါ့။ ဦးနှောက်ထဲ ပိုးဝင်ပြီး စိတ်ရူး ပေါက်သွားခဲ့တာနေမှာ”
“ဒါပေမယ့် အဲဒီနောက်လည်း ဦးသူရိန်အိမ်ကို မကြာခဏ ဝင်ထွက်နေတုန်းပဲနော်။ ပုံမှန်အားဖြင့် ဒါမျိုးကိစ္စ ဖြစ်ပြီးရင် တတ်နိုင်သလောက် မျက်နှာချင်း မဆုံမိအောင် ပုန်းရှောင်နေကြတာ များတယ်”
“ငါတို့က စိတ်ဆိုးမာန်ဆိုးနဲ့ ပြဿနာတက်ပြီး လမ်းခွဲခဲ့ကြတာမှ မဟုတ်တာ။ ဒီလို ဆက်ဆံရေးမျိုး ဆက်မရှိသင့်ဘူးလို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတာလေ။ လမ်းခွဲဖို့ ဆုံးဖြတ်ကတည်းက အရင်ကလိုပဲ အခင်မင်မပျက် ဆက်နေကြဖို့ တိုင်ပင်ထားကြတာ။ အဲဒီလို ဝန်ခံထားကြပေမယ့်လည်း သူရိန့်အိမ်မှာ ဇင်မာကို တွေ့ရင် ဘာမှ မဖြစ်ခဲ့သလို မနေနိုင်ခဲ့ပါဘူး။ ကံကောင်းတာက သူရိန့်ဆီရောက်ရင် ဇင်မာက အိမ်မှာ မရှိတာပဲ များတယ်။ သူ တမင် ပုန်းရှောင်နေတာ ဖြစ်မယ်။ တကယ်လို့သာ ဇင်မာ စောစောစီးစီး မဆုံးပါးခဲ့ရင် သူတို့လင်မယားနဲ့ အနှေးနဲ့အမြန် အဆက်အသွယ် ဖြတ်ပစ်ရမှာပဲ” ခုနက ပျာယာခတ်နေတဲ့ သူ့အပြုအမူတွေ ပျောက်သွားပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကျွန်တော့်ကို ပြောနေတယ်။
သူ အခုပြောနေတဲ့ စကားတွေကို ဘယ်လောက် အတိုင်းအတာအထိ ယုံလို့ရမလဲဆိုတာ သိရဖို့ သူ့အမူအရာတွေကို အသေးစိတ် အကဲခတ်နေခဲ့တယ်။ ကြည့်ရတာတော့ ညာနေတာနဲ့ မတူဘူး။ ဒါပေမယ့် တည်ငြိမ်လွန်းအားကြီးနေတော့ သိပ် သဘာဝ မကျသလိုပဲ။
“ခါးစည်းအပြင် ဆွဲကြိုးနဲ့ လေယာဉ်လက်မှတ်တွေကိုလည်း ကျွန်တော်တို့ တွေ့ထားတယ်။ အဲဒီ ပစ္စည်းနှစ်ခုကရော မဇင်မာအောင်နဲ့ ပတ်သက်တာပဲလား”
သူ ခေါင်းညိတ်လိုက်တယ်။ “ငါတို့ ခရီးအတူထွက်ဖို့ စိတ်ကူးခဲ့တာ အမှန်ပဲ။ အားလုံး စီစဉ်ထားပြီးကာမှ မထွက်ဖြစ်ခဲ့ဘူး”
“ဘာလို့ မထွက်ဖြစ်တာလဲ”
“ငါတို့ လမ်းခွဲလိုက်ကြပြီလေ။ အသိသာကြီးကို”
“ဆွဲကြိုးကရော”
“မင်း တွက်ထားသလိုပါပဲ။ ငါ သူ့ကို ပေးဖို့ ရည်ရွယ်ခဲ့တာ။ ပြီးပြီဆိုတော့လည်း ပြီးပြီပေါ့”
“တခြားရော သူနဲ့ပတ်သက်တာ ဘာသိမ်းထားသေးလဲ”
ဦးပေါ်လွင်က တစ်ခဏ စဉ်းစားပြီး “အဝတ်ဗီဒိုထဲမှာ နက်ပြာရောင် ဖဲနက်တိုင်တစ်ခု ရှိတယ်။ အဲဒါ သူ ပေးထားတာ။ ပြီးတော့ ပန်းကန်စင်ပေါ်မှာ တင်ထားတဲ့ မိုက်ဆန် (Meissen) ကော်ဖီခွက်က သူသုံးနေကျ ခွက်ပဲ။ ငါတို့နှစ်ယောက် ဆိုင်မှာ အတူတူ ရွေးဝယ်ခဲ့တာ”
“အဲဒီ ဆိုင်နာမည်က …”
“ပြင်သစ်နာမည်နဲ့ပဲကွာ။ ငါ ကောင်းကောင်း မမှတ်မိတော့ဘူး”
ရဲဘော်တစ်ယောက် မှတ်တမ်းလိုက်မှတ်နေတာတွေ ပြီးအောင် ခဏစောင့်ပြီး ကျွန်တော် ဆက်မေးလိုက်တယ်။ “ဆရာ့ကြည့်ရတာ အခုချိန်ထိ မဇင်မာအောင်ကို မေ့မရသေးဘူး မဟုတ်လား”
“ဘယ်ကလာ။ အားလုံးက ပြီးခဲ့ပြီပဲ”
“ဒါဆို ဘာဖြစ်လို့ သူ့ပစ္စည်းတွေကို တယုတယ သိမ်းထားရတာလဲ”
“တယုတယ .. အဲဒါ မင်းအမြင်ပါကွာ။ ငါ့အနေနဲ့ကတော့ ရှင်းထုတ်ပစ်ဖို့ မေ့နေပြီး အရင် ထားခဲ့တဲ့ နေရာအတိုင်း ရှိနေတယ်လို့ပဲ မြင်တယ်”
“ဓာတ်ပုံလည်း အဲဒီလိုပဲလား။ အဘိဓာန်ကြားမှာ ညှပ်ထားတဲ့ ဓာတ်ပုံကလည်း ရှင်းပစ်ဖို့ သတိမရလို့ အဲ့အတိုင်း နှစ်ပေါင်းများစွာ ဆက်ထားထားတယ် ဆိုပါတော့”
ဦးပေါ်လွင် ဆွံ့အ,သွားပြန်တယ်။ နောက် သူဆက်ပြောတဲ့ စကားကတော့ အားလုံးရဲ့ အဖြေပဲ။ “မင်း တွေးချင်သလိုတွေး၊ ထင်ချင်သလိုထင်။ ဘာဖြစ်ဖြစ်၊ အဲဒါ ဒီအမှုနဲ့ မဆိုင်ဘူး”
“ဆရာက ကျွန်တော့်ကို စကားများတယ်လို့ ထင်ချင် ထင်မှာပဲ။ ကျွန်တော် နောက်တစ်ခေါက် ထပ်ပြောပါရစေ။ ဆိုင်သလား၊ မဆိုင်ဘူးလားဆိုတာက ကျွန်တော်တို့ ရဲဘက်က ဆုံးဖြတ်ရတာပါ”
နောက်ပြီး ကျွန်တော် အတည်ပြုချင်တဲ့ နောက်တစ်ချက် ရှိနေသေးတယ်။ “မဇင်မာအောင် မတော်တဆ ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်သလဲ”
“ဖြေရခက်တယ်။ အင်မတန် ဝမ်းနည်းပြီး၊ တုန်လှုပ်ခြောက်ခြားမိတယ်လို့ပဲ ပြောနိုင်တယ်”
“ဒီလိုသာဆိုရင် ဆရာက အောင်လင်းကို တော်တော် မုန်းမှာပေါ့”
“အောင်လင်း … ဘယ်ကအောင်လင်းလဲ”
“ဆရာ မသိဘူးလား။ နာမည်တော့ ကြားဖူးမှာပါ”
“ဟင့်အင်း၊ မကြားဖူးဘူး”
သူက အတည်ကြီး ငြင်းနေတော့ ကျွန်တော် ပြောပြလိုက်တယ်။ “သူက ကုန်ကားမောင်းတဲ့သူလေ။ မဇင်မာအောင်ကို တိုက်ခဲ့တာ သူပေါ့”
ဦးပေါ်လွင်က မလုံမလဲ မျက်နှာပေးနဲ့ “ဪ … သူလား”
“ဆရာက သူ့နာမည်တောင် မသိဘူးဆိုတော့ သူ့ကို မမုန်းဘူးလို့ ယူဆရမှာလား”
“သူ့နာမည်ကို မမှတ်မိတာပဲကွာ။ မုန်းတာ မမုန်းတာ မရှိပါဘူး။ ဘယ်လောက်ပဲ မုန်းနေမုန်းနေ ဇင်မာကရော ပြန်ရှင်လာဦးမှာမို့လား”
ဒေါ်သန္တာဆီက ကြားလာခဲ့တဲ့ စကားကို ပြန်ပြောလိုက်တယ်။ “သူ့ဘာသာ သေကြောင်းကြံပါတယ်လို့ ဆရာက ယူဆထားမှတော့ ကားဆရာကို ဘာအပြစ်တင်စရာ လိုဦးမလဲ။ မဟုတ်ဘူးလား”
တကယ်တမ်း သူက ‘သွေးရိုးသားရိုး မဟုတ်ဘူး’ လို့ပဲ ပြောခဲ့တာပါ။ ဒါကို ကျွန်တော်က ‘သူ့ဘာသာ သေကြောင်းကြံပါတယ်’ လို့ တမင်သက်သက် သုံးလိုက်တာ။
ဦးပေါ်လွင်က မျက်လုံးပြူးပြီး “မင်း ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ”
“ဆရာက တစ်ယောက်ယောက်ကို အဲဒီလို ပြောဖူးတယ်လို့ သတင်းရလို့ပါ”
အဲဒီလူ ဘယ်သူလဲဆိုတာကို သူ သိသွားပုံရတယ်။ “ငါ့စိတ်ထဲ ပေါ်လာလို့ စိတ်မြန်လက်မြန် မဆင်မခြင် ပြောမိတဲ့ စကားတစ်ခွန်းပဲကွာ။ ငါပြောခဲ့သမျှကို အကုန်လိုက်ပြီး အခုလို ပုံကြီးချဲ့နေရင်တော့ ဒုက္ခပါပဲကွာ”
“အလျင်စလို ပြောမိတယ်ပဲထား။ စိတ်ထဲ ဘာပေါ်လာလို့ ပြောတာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ စိတ်ဝင်စားတယ်”
“ငါ မေ့ပြီ။ မင်း အတိတ်က ပြောခဲ့သမျှ စကားအခွန်းတိုင်းကို အခုချိန်မှာ လူတစ်ယောက်က အဓိပ္ပာယ် ဖွင့်ဆိုခိုင်းနေမယ်ဆိုရင် မင်းလည်း ငါ့လို အကျပ်တွေ့နေမှာပဲ”
“ထားပါတော့။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်မှ ထပ်ဆွေးနွေးကြတာပေါ့”
ကျွန်တော်တို့ လူနာခန်းကနေ ထွက်လာခဲ့တယ်။ ကျွန်တော် အခိုင်အမာ ပြောရဲတယ်။ မဇင်မာအောင်ဟာ ကိုယ့်ဘာသာကိုယ် သတ်သေပါတယ်လို့ ဦးပေါ်လွင်က ယုံကြည်နေတယ်။
****