Show contents

(င)

ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကို သတ်တဲ့အခါမှာ မိန်းမတစ်ယောက် ပါဝင်ပတ်သက်နေတတ်တယ်။ ဒါပေမယ့် ဒီအမှုကို စစ်ဆေးတဲ့အခါမှာ အမျိုးသမီးတွေအပေါ် ထားတဲ့ ဦးပေါ်လွင်ရဲ့ သဘောထားနဲ့ ဆက်ဆံရေးကို ထောက်လှမ်းရေးအဖွဲ့ဝင်တွေက နှိုက်နှိုက်ချွတ်ချွတ် မလေ့လာခဲ့ဘူး။ ဘာကြောင့်ရယ် မသိဘူး။ မှုခင်းရဲဌာနတစ်ခုလုံးကလည်း ဒီအမှုကို မိန်းမကိစ္စနဲ့ ပတ်သက်တဲ့ အမှုမျိုးမဟုတ်ဘူးဆိုပြီး တညီတညွတ်တည်း လက်ခံထားကြတယ်။ ဒါကလည်း ဦးပေါ်လွင်ရဲ့ အသွင်သဏ္ဌာန်ကြောင့် ဖြစ်မယ်ထင်တယ်။ သူ့ကို ဆွဲဆောင်မှု မရှိဘူးလို့ ပြောလို့မရပေမယ့် မိန်းမတွေ ကြိုက်တတ်တဲ့ အစားထဲကတော့ မဟုတ်ဘူး။

ဒါပေမယ့် ကျွန်တော်တို့ ထင်တာတွေ လွဲခဲ့တယ်။ အနည်းဆုံး မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်မှု ရှိခဲ့လိမ့်မယ်။ သူ့တိုက်ခန်းကို အသေးစိတ် ရှာဖွေတဲ့အခါမှာ အဲဒီအဆိုကို မှန်ကန်ကြောင်း သက်သေပြနိုင်ဖို့အတွက် သဲလွန်စ ၃ ခု ရခဲ့တယ်။

ပထမဆုံးတစ်ခုက အမျိုးသမီးဝတ် မီးဖိုချောင်သုံး ခါးစည်းအဝတ်။ ခါးစည်းက ပန်းပွင့်တွေနဲ့ ဒီဇိုင်းဖော်ထားတာကြောင့် အမျိုးသမီးဝတ်ဖြစ်ကြောင်း သိပ်သိသာတယ်။ အသစ်ကျပ်ချွတ် မဟုတ်ဘဲ သေချာလျှော်ဖွတ်ပြီး မီးပူတိုက်ထားတာမှန်း ကြည့်ရုံနဲ့ သိတယ်။ အဲဒီ ခါးစည်းကို ဦးပေါ်လွင်ရဲ့ အဝတ်ဗီဒိုထဲက ရှာတွေ့ခဲ့တယ်။

ဒုတိယတစ်ခုက ရွှေဆွဲကြိုး။ ရတနာထည့်တဲ့ ဗူးနဲ့ အသေအချာ ထည့်ထားပြီး ဗူးကို အလှစက္ကူနဲ့ ထုပ်ပိုးထားတယ်။ နိုင်ငံကျော် ရတနာဆိုင်က ပစ္စည်းဖြစ်ပြီး ကြည့်တာနဲ့ တစ်ဦးတစ်ယောက်ကို အမြတ်တနိုး လက်ဆောင်ပေးဖို့ စီစဉ်ထားမှန်း သိသာတယ်။

တတိယတစ်ခုက လေယာဉ်လက်မှတ်နဲ့ ဟော်တယ်ဘွတ်ကင် ဖြတ်ပိုင်း။ ခေါက်ထားပြီး ခုနက ရတနာဗူးနဲ့ အတူ သိမ်းထားတယ်။ ခရီးသွားကုမ္ပဏီတစ်ခုကနေ ဝယ်ထားတာဖြစ်ပြီး ထူးခြားတာက ခရီးစဉ်အစအဆုံးအတွက် နှစ်ယောက်စာ စီစဉ်ထားတာပဲ။ ဘောက်ချာဖြတ်ထားတဲ့ နေ့က လွန်ခဲ့တဲ့ ၇ နှစ်ရဲ့ ၅ လပိုင်း ၁၀ ရက်နေ့။ ခရီးထွက်ဖို့ စီစဉ်ထားတဲ့နေ့က ၇ လပိုင်း ၃၀ ရက်နေ့။ သူနဲ့အတူ လိုက်ပါမယ့် သူရဲ့ နာမည်က မဇင်မာအေး။

ကျွန်တော်တို့ အဲဒီ အမျိုးသမီးရဲ့ နာမည်နဲ့ ခြေရာခံပြီး နီးစပ်သမျှကို စုံစမ်းကြည့်ကြတယ်။ အဲဒီ လူက အပြင်မှာ တကယ်မရှိဘူး။ အတိအကျ ပြောရရင် ဦးပေါ်လွင်ရဲ့ ဆွေမျိုးသားချင်း၊ နီးစပ်ရာ အပေါင်းအသင်းထဲမှာ အဲဒီလူ မရှိဘူး။ သူက အမျိုးသမီး တစ်ယောက်ယောက်နဲ့ လင်မယားအဖြစ် ဟန်ဆောင်ပြီး ငပလီကို အပန်းဖြေခရီး ထွက်ဖို့ စီစဉ်ထားတယ်လို့ ယူဆနိုင်တယ်။

ဒီသဲလွန်စ ၃ ခုကို အခြေခံပြီး လွန်ခဲ့တဲ့ ၇ နှစ်က ဦးပေါ်လွင်မှာ ချစ်ရသူတစ်ယောက် ရှိခဲ့ဖူးတယ်လို့ ယူဆနိုင်တယ်။ အဲဒီ အမျိုးသမီးနဲ့ ဆက်ဆံရေးဟာ အခုချိန်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ။ သူ အခုထိ အဲဒီ အမျိုးသမီးကို မမေ့နိုင်သေးဘူး။ အဲဒီလိုမှ မဟုတ်ရင် သူတို့နှစ်ယောက်ရဲ့ အမှတ်တရ ပစ္စည်းတွေကို တခုတ်တရ သိမ်းထားစရာ အကြောင်းမရှိဘူး။

အဲဒီ အမျိုးသမီးနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းထောက်လှမ်းခွင့်ပြုဖို့ အထက်အရာရှိဆီ ခွင့်ပြုမိန့် တောင်းခံခဲ့တယ်။ အဲဒီအမျိုးသမီးဟာ ဒီအမှုနဲ့ ပတ်သက်နိုင်သလားဆိုတာ ကျွန်တော် မဆုံးဖြတ်နိုင်သေးဘူး။ ဒါပေမယ့် သူတို့ ခရီးထွက်ကြမယ့် အချိန် – လွန်ခဲ့တဲ့ ၇ နှစ်ဆိုတာ <စက္ကူမီးအိမ်> ဝတ္ထုကို ဦးသူရိန် မထုတ်ဝေခင် ရှေ့တစ်နှစ်ပဲ။ တကယ်လို့သာ အဲဒီ အမျိုးသမီးနဲ့ ကျွန်တော် တွေ့ဆုံခွင့် ရမယ်ဆိုရင် အဲဒီတုန်းက အခြေအနေတွေကို ကျွန်တော်တို့ ပြန်ပြီး လေ့လာနိုင်မှာပဲ။

ကျွန်တော် ဦးပေါ်လွင်ကို အရင်ဆုံး မေးဖြစ်ခဲ့တယ်။ ဆေးရုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတဲ့ ဦးပေါ်လွင်ကို သဲလွန်စ ၃ ခုအကြောင်း ပြောခဲ့တယ်။ အဲဒီ ခါးစည်းက ဘယ်သူ့ဟာလဲ။ ရွှေဆွဲကြိုးက ဘယ်သူ့ကို ပေးဖို့ ရည်ရွယ်ထားတာလဲ။ ပြီးတော့ ငပလီကို ဘယ်သူနဲ့ ခရီးထွက်ဖို့ စီစဉ်ထားတာလဲ ဆိုတဲ့ မေးခွန်းတွေ သူ့ကို မေးလိုက်တယ်။

ဦးပေါ်လွင်ဟာ အရင်မေးခွန်းတွေကို တုံ့ပြန်ပုံနဲ့ မတူဘဲ အခုဟာက သိသိသာသာကြီးကို စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ပုံ ပေါ်နေတယ်။ “နေပါဦး၊ အဲဒါတွေက အမှုနဲ့ ဘာဆိုင်လို့လဲ။ ငါက လူသတ်သမား။ အဲဒီအတွက် တရားဥပဒေနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူရမယ်ဆိုတာ သဘောပေါက်ထားပြီးသားပါ။ ဒါပေမယ့် တရားခံတစ်ယောက် ဖြစ်လို့ဆိုပြီး အမှုနဲ့ မဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ အများသိအောင် ပြောပြနေဖို့ မလိုဘူးလို့ ငါ နားလည်ထားတယ်”

“အများသိအောင် လုပ်မယ်လို့ ကျွန်တော်တို့ မရည်ရွယ်ပါဘူး။ ကျွန်တော့် တစ်ယောက်တည်းကိုပဲ ပြောပြရင် လုံလောက်ပါပြီ။ စုံစမ်းစစ်ဆေးကြည့်လို့ အမှုနဲ့ တကယ်ပဲ မပတ်သက်ဘူးဆိုရင် ကျွန်တော် လုံးဝ ထပ်မမေးတော့ပါဘူး။ မီဒီယာတွေဆီလည်း လုံးဝ မပေါက်ကြားစေရဘူး။ နောက်ပြီး အဲဒီ အမျိုးသမီးကိုလည်း စိတ်အနှောင့်အယှက် လုံးဝ မဖြစ်စေရဘူးလို့ ကျွန်တော် အာမခံပါတယ်”

“အဲဒါ အမှုနဲ့ လုံးဝ မဆိုင်ဘူးကွ” သူ ခပ်ပြတ်ပြတ် ပြောလာတယ်။

“တကယ်သာ အဲဒီလိုဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော့်ကို ပြောပြပါ။ ဆရာဆက်ပြီး ငြင်းဆိုနေမယ်ဆိုရင် ကျွန်တော်တို့ကို ပိုပြီး သံသယဝင်အောင် လုပ်နေသလိုပဲ။ ကျွန်တော်တို့ဘာသာ အသေးစိတ် ဆက်ပြီး စေ့စေ့ပေါက်ပေါက် စုံစမ်းရမယ်ဆိုရင် မလိုအပ်ဘဲ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ပိုပြီး ခံရလိမ့်မယ်။ အဲဒီလို ဖြစ်လာမှာကို ဆရာလည်း မလိုလားဘူးလို့ ကျွန်တော် ထင်တယ်”

ဘယ်လိုပဲ ပြောပြော ဦးပေါ်လွင်ဟာ အဲဒီအမျိုးသမီးရဲ့ နာမည်ကို ဆက်ပြီး ဖုံးကွယ်ထားတုန်းပဲ။ သူက သူ့အိမ်ထဲ ရှာဖွေမွှေနှောက်နေတာကို မကြိုက်တဲ့လေသံနဲ့ “ငါ့အိမ်ကို မွှေနှောက်နေတာတွေ ရပ်တန်းက ရပ်ရင် ကောင်းမယ်။ အဲဒီမှာ သူများလာအပ်ထားတဲ့ စာအုပ်စာတမ်းတွေလည်း ရှိသေးတယ်”

ဧည့်တွေ့ချိန် စေ့လို့ ကျွန်တော် ဆေးရုံက ပြန်ခဲ့တယ်။ ဒီနေ့တစ်နေ့တာအတွက် ရသင့်ရထိုက်တာကို ရလိုက်ပြီလို့ ခံစားရတယ်။ ကျွန်တော်ကိုယ် ကျွန်တော် ယုံတယ်။ တကယ်လို့ အဲဒီ လျှို့ဝှက်အမျိုးသမီးကိုသာ ရှာတွေ့ခဲ့ရင် ဒီအမှုအတွက် အကျိုးရှိကို ရှိရမှာပဲ။

ဒါပေမယ့် ဘယ်က စ ရှာရမလဲ။ ဦးပေါ်လွင်ရဲ့ အိမ်နီးနားချင်းတွေဆီ စုံစမ်းကြည့်တဲ့အခါ ဘာမှ မသိခဲ့ရဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်က ပြောင်းလာတယ်ဆိုတဲ့ အိမ်နီးနားချင်းကို မေးကြည့်ပြန်တော့လည်း မယ်မယ်ရရ ဘာမှ မသိရဘူး။ “အချိန်တွေက ကြာခဲ့ပြီလေ။ ဘယ်မှတ်မိနိုင်တော့မလဲ” ဆိုတဲ့ အဖြေမျိုးပဲ ရတယ်။

လွန်ခဲ့တဲ့ ၃ လကမှ အလုပ်ထွက်ခဲ့တဲ့ အလယ်တန်း ကျောင်းကိုလည်း သွားပြီး စုံစမ်းခဲ့သေးတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သိတဲ့သူက မရှိသလောက်ပဲ။

မတတ်နိုင်တဲ့အဆုံး လွန်ခဲ့တဲ့ ၇ နှစ်က ဦးပေါ်လွင် အလုပ်လုပ်ခဲ့တဲ့ အလယ်တန်းကျောင်းကို ကျွန်တော် သွားစုံစမ်းရတော့တယ်။ အမှန်အတိုင်း ပြောရရင် အဲဒီကို ကျွန်တော် မသွားချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ အတိတ်တွေလည်း အဲဒီမှာ ရှိနေခဲ့တာလေ။ ကျွန်တော် ကျောင်းဆင်းချိန်ကို မှန်းပြီး ကျောင်းဘက်ကို လျှောက်သွားခဲ့တယ်။ မှတ်ဉာဏ်ထဲက အဆောင်သုံးလုံးမှာ နှစ်လုံးက မရှိတော့ဘူး။ အသစ်တွေ ဖြစ်ကုန်ပြီ။ ဘောလုံးကွင်းထဲမှာတော့ ကလေးတွေ ကစားနေကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က မြင်ကွင်းနဲ့ တထေရာတည်းပဲ။

ကျွန်တော် ကျောင်းထဲကို ဝင်သွားဖို့ သတ္တိမရှိတာနဲ့ ကျောင်းအပြင်ဘက်မှာပဲ ရပ်နေမိတယ်။ ကျောင်းဆင်းချိန်မို့ ကျောင်းသားတွေ ကျောင်းထဲကနေ တဖွဲဖွဲ ထွက်ခွာနေကြတယ်။ ရုတ်တရက် ကျောင်းအပြင်က လူအုပ်ထဲမှာ ရင်းနှီးခဲ့ဖူးတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်တယ်။ သူက အင်္ဂလိပ်စာပြ ဆရာမ။ ကျွန်တော် သူ့ဆီ ချဉ်းကပ်သွားပြီး နှုတ်ဆက်လိုက်တယ်။ သူက ကျွန်တော့်ကို ချက်ချင်း မှတ်မိသွားပြီး ပြန်ပြုံးပြတယ်။

“ဘာလုပ်နေသလဲ၊ အဆင်ပြေလား” စတဲ့ သူ့အကြောင်း၊ ကိုယ့်အကြောင်း အပြန်အလှန် မေးမြန်းပြောဆိုကြပြီး ဆရာဦးပေါ်လွင်ဘက် မြှားဦးလှည့်လိုက်တယ်။ နာမည်ကြီး စာရေးဆရာတစ်ယောက် အသတ်ခံရတဲ့ သတင်းဟာ အခုချိန်မှာ ဟော့နေတာဆိုတော့ ဆရာမကလည်း ချက်ချင်းဆိုသလို ဆက်စပ်မိသွားတယ်။ ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ ကော်ဖီဆိုင်ကိုသွားပြီး စကားဆက်ကြတယ်။

“ကျွန်မတို့ အဲဒီ သတင်းကြားတော့ အရမ်း အံ့ဩမိတာပဲ။ ဆရာပေါ်က လူသတ်တရားခံ ဖြစ်နေတာ ယုံတောင် မယုံနိုင်ဘူး” စိတ်လှုပ်ရှားစွာ သူ ဆက်ပြောတယ်။ “ပြီးတော့ ဆရာက ဒီအမှုကို ကိုင်ရတဲ့ စုံထောက်ဆိုတော့ မတိုက်ဆိုင်လွန်းဘူးလား ရှင်”

အဲဒီ တိုက်ဆိုင်မှုက ကျွန်တော့်ကို လုပ်ရကိုင်ရ ပိုကျပ်စေကြောင်း သူ့ကို ရှင်းပြရတယ်။ နောက်တော့ ကျွန်တော်တို့ လိုရင်းကို ဆက်ဆွေးနွေးတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး မေးခွန်းက ဦးပေါ်လွင်ရဲ့ ဘဝထဲမှာ မိန်းမတစ်ယောက် ရှိခဲ့ဖူးသလား ဆိုတာပဲ။

သူ့အနေနဲ့လည်း ဖြေရခက်သတဲ့။ “ကျွန်မ အတိအကျတော့ မသိဘူး။ ဒါပေမယ့် ကျွန်မရဲ့ ခံစားမှုအရ ပြောရရင်တော့ မရှိခဲ့ဘူးလို့ ပြောရမှာပဲ”

“ဆရာမက ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ”

“ဆဋ္ဌမအာရုံပေါ့ရှင်” သူက ရယ်ပြီး ပြောတယ်။ “မိန်းမတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံလေ။ ဒါပေမယ့် အာရုံခံစားမှုထက် အချက်အလက်နဲ့ ပြောရမယ်ဆိုရင်တော့ ……. ဆရာပေါ်က ဟိုးအရင်တုန်းက အကြိမ်အတော်များများ မိန်းကလေးတွေနဲ့ ဒိတ်လုပ်ခဲ့ဖူးတယ်ဆိုတာ ဆရာသိလား”

“ဟင့်အင်း၊ မသိဘူး”

“သူ့ကြည့်ရတာ သိပ်မပျော်သလိုပဲ။ အများစုကို ကျောင်းအုပ်ကြီးက မိတ်ဆက်ပေးတာ။ သူ့ကိုယ်ပိုင်ဆန္ဒလည်း မပါဘူး ထင်တယ်။ တစ်ယောက်ပြီးတစ်ယောက် ဒိတ်နေပုံထောက်တော့ တစ်ယောက်မှ သဘောမကျလို့ နေမှာပေါ့။ ဒါကြောင့်လည်း ကျွန်မက သူ့ဆီမှာ ရည်းစားမရှိဘူးလို့ ပြောရဲတာ”

“အဲဒါ ဘယ်တုန်းလောက်ကလဲ”

“ဆရာပေါ် ဒီကျောင်းက မပြောင်းခင်လေးပေါ့။ လွန်ခဲ့တဲ့ ၅ နှစ် – ၆ နှစ်က”

“အဲဒီ မတိုင်ခင်ကရော။ အဲဒီလို အားအားရှိ ဒိတ်နေတာပဲလား”

“ဒါတော့ ကျွန်မလည်း မမှတ်မိတော့ဘူး။ တခြားဆရာတွေကို မေးကြည့်လိုက်မယ်လေ။ အဲဒီတုန်းက ဆရာအတော်များများ အခုထိ ရှိနေကြသေးတယ်”

ကျွန်တော် ဒုတိယမေးခွန်းကို ဆက်မေးလိုက်တယ်။ ဦးပေါ်လွင်နဲ့ ဦးသူရိန်တို့ရဲ့ ဆက်ဆံရေးအကြောင်း သိထားတာ ရှိမရှိ။

“ဟုတ်တာပေါ့။ အဲဒီတုန်းက ရှင် ကျောင်းမှာ မရှိတော့ဘူး”

“အဲဒီတုန်းက ဆိုတာ ဘယ်အချိန်ကို ပြောတာလဲ”

“ဦးသူရိန် ကလောင်သစ်ဆုကို ရတဲ့ အချိန်လေ”

“နောက်တော့ ဘာဖြစ်လဲ။ ကျွန်တော်က အဲဒါထက် ပိုအရာရောက်တဲ့ အမျိုးသားစာပေဆုကိုတောင် စိတ်ဝင်စားခဲ့တာ မဟုတ်ဘူး”

“ကျွန်မလည်း အတူတူပါပဲ။ အဲဒီတုန်းက ‘ကလောင်သစ်ဆု’ လို ဟာမျိုး ရှိမှန်းတောင် သိခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေက ထူးခြားတော့ ကျွန်မက မှတ်မိနေတာ။ ဆုရတဲ့ ဝတ္ထုတိုပါတဲ့ မဂ္ဂဇင်းကို ဆရာပေါ်က ကျောင်းယူလာပြီး လူတိုင်းကို အတင်း ဖတ်ခိုင်းတော့တာပဲ။ ပြီးတော့ ကြွားလိုက်သေးတယ်။ ဆုရတဲ့သူက သူ့ငယ်သူငယ်ချင်းတဲ့။ တအားကို ဝမ်းသာနေတာ”

ဒီကိစ္စကို ကျွန်တော် ပြန်စဉ်းစားလို့ မရဘူး။ ကျွန်တော် အလုပ်ထွက်သွားပြီးမှ ဖြစ်တာ နေမှာ။

“အဲဒီတုန်းကတည်းက ဆရာဦးပေါ်လွင်နဲ့ ဦးသူရိန်တို့ အဆက်အသွယ် ရှိကြမယ် ထင်တယ်”

“ကျွန်မ မမှတ်မိဘူး။ ဒါပေမယ့် အဲဒီအချိန်က သူတို့ အဆက်အသွယ် မရှိလောက်ဘူး။ နောက် နည်းနည်းကြာတော့မှ ပြန်ဆုံကြတာ ဖြစ်နိုင်တယ်”

လွန်ခဲ့တဲ့ ၇ နှစ်က ဦးသူရိန်ကို သွားတွေ့ခဲ့တယ်လို့ ဦးပေါ်လွင် ကိုယ်တိုင် ပြောထားတာ အမှတ်ရသွားတယ်။ “ဆရာမပြောတဲ့ ‘နည်းနည်းကြာတော့မှ’ ဆိုတာက ၂ နှစ် – ၃ နှစ်ကြာမှ ပြောတာလား”

“ဟုတ်ဖို့များတယ်”

“ဆရာဦးပေါ်လွင်က ဦးသူရိန်အကြောင်း ပြောပြတာမျိုး ရှိသလား”

“ဘယ်လို အကြောင်းမျိုးလဲ”

“ဘာဖြစ်ဖြစ်ပေါ့။ ဥပမာ သူ့သူငယ်ချင်းက ဘယ်လို လူစားမျိုးလဲ ဆိုတာ၊ ဒါမှမဟုတ် သူ့သူငယ်ချင်းရဲ့ ဝတ္ထုတွေ အကြောင်းပေါ့”

“ဦးသူရိန်အကြောင်း ဘာပြောခဲ့သလဲဆိုတာတော့ ကျွန်မ မမှတ်မိဘူး။ ဒါပေမယ့် သူ့အရေးအသားကို လုံးဝ မကြိုက်တဲ့အကြောင်းတော့ တစ်ခါတစ်ခါ ပြောတတ်တယ်”

“သူ့ရဲ့ ဝတ္ထုတွေကို ကောင်းတယ်လို့ သူ မထင်ဘူးပေါ့။ အသေးစိတ် မမှတ်မိဘူးလား”

“သူက အမြဲလိုလို ဒီအကြောင်းချည်း ပြောနေတာပဲ။ ဦးသူရိန်က စာပေအကြောင်း နားမလည်ဘူး၊ ဒါမှမဟုတ် သူက လူတွေအကြောင်း မဖွဲ့နွဲ့တတ်ဘူး၊ ဒါမှမဟုတ် သူ့စာအုပ်က အဆင့်မရှိဘူး၊ ဆိုတာမျိုးတွေပေါ့”

ဦးသူရိန်ရဲ့ စာမူတွေကို နမူနာယူပြီး လေ့ကျင့်ခဲ့ရတဲ့ အကြောင်းက သူ့စာကို သဘောကျလွန်းလို့ပါဆိုတဲ့ ဦးပေါ်လွင်ရဲ့ အကြောင်းပြချက်နဲ့ တက်တက်စင်အောင် လွဲနေခဲ့ပြီ။

“ဦးသူရိန်ရဲ့ ဝတ္ထုတွေကို မကြိုက်ဘူးလည်းဆိုသေး၊ ဆက်ဖတ်နေသေးတာပဲလား။ ပြီးတော့ သူ့ကို သွားတွေ့ခဲ့တယ်ပေါ့”

“အင်း၊ ဝေဖန်တယ်ဆိုတာကလည်း စာပေဝါသနာရှင် တစ်ယောက်ရဲ့ ရောဂါပဲ နေမှာပေါ့”

“ဘာကို ဆိုလိုချင်တာလဲ”

“ဆရာပေါ်ကလည်း စာရေးဆရာတစ်ယောက် ဖြစ်ချင်နေခဲ့တာလေ။ သူ့ငယ်သူငယ်ချင်းက သူ့ကို ကျော်ပြီး စာရေးဆရာ ဖြစ်နေပြီဆိုတော့ စိတ်ထဲမှာ မကျေမချမ်းတော့ ဖြစ်နေမှာပဲ။ ဒါပေမယ့် မဖတ်ဘဲလည်း မနေနိုင်ဘူး။ ဒီလို ဖတ်ထားမှလည်း သူများကို ဝေဖန်လို့ ရမှာမဟုတ်လား။ ငါရေးရင် ဒီထက် ပိုကောင်းမှာပဲ ဆိုတဲ့ စိတ်အခံတော့ ရှိကြမှာပဲ”

ဒါလည်း ဖြစ်နိုင်တာပဲ။

“<စက္ကူမီးအိမ်> ဝတ္ထုကြောင့် ဦးသူရိန် အမျိုးသားစာပေဆုရတုန်းက ဆရာဦးပေါ်လွင်ရဲ့ အမူအရာက ဘယ်လိုပုံမျိုးလဲ”

“မနာလိုစိတ်နဲ့ ပေါက်ကွဲလုမတတ် ခံစားရမှာပဲလို့ ဆရာ ထင်မှာပဲနော်။ ပြောင်းပြန်ပဲ။ သူက လူတကာကို လိုက်ကြွားနေတာလေ”

ဒီစကားက အဓိပ္ပာယ် အမျိုးမျိုး ကောက်ယူလို့ ရနေတယ်။ ဦးပေါ်လွင်ရဲ့ ရည်းစားက ဘယ်သူလဲဆိုတာ စုံစမ်းလို့ မရပေမယ့် ဆရာမနဲ့ ပြောခဲ့တဲ့ စကားတွေဟာ အမှုအတွက် အတော်လေး အသုံးဝင်တယ်။

အမှုကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ကုန်သွားတော့ ဆရာမက ကျွန်တော့်ရဲ့ လက်ရှိ အလုပ်အကြောင်းတွေ မေးနေပြန်တယ်။ ဒီကျောင်းက အလုပ်ထွက်ရတဲ့ အကြောင်းအရင်းက လွဲရင် ကျန်တာတွေ ပြောပြဖို့ ကျွန်တော့်အနေနဲ့ ဝန်မလေးပါဘူး။ ဒါကိုလည်း ဆရာမက သဘောပေါက်ပုံရတယ်။ ဒါကြောင့်လည်း အတင်းအကျပ် မေးတာမျိုး မရှိဘူး။ ဒါပေမယ့် သူပြောတဲ့ နောက်ဆုံးစကားတစ်ခွန်းက “ကျောင်းတွင်း အနိုင်ကျင့်မှုတွေက အခုထိ ရှိနေတုန်းပဲ” တဲ့။

“ရှိနေဦးမှာပေါ့လေ” ကျောင်းတွင်း အနိုင်ကျင့်မှုတွေအကြောင်း ကြားရတိုင်း စိတ်ထဲမှာ ကသိကအောက်နဲ့ ခံစားနေရတုန်းပဲ။ ကိုယ့်ရဲ့ အတိတ်က ဆုံးရှုံးမှုကို အခုထိ မေ့ပျောက်လို့ မရသေးဘူး။

ကျွန်တော် ဆရာမကို နှုတ်ဆက်ပြီး ကော်ဖီဆိုင်ထဲက ထွက်လာခဲ့တယ်။

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *