Show contents

(ခ)

လူနာခန်းကနေ ထွက်လာတော့ သူနဲ့ ပြောခဲ့သမျှ စကားတွေကို အဖန်ဖန် အထပ်ထပ် ပြန်ပြီး သုံးသပ် စဉ်းစားကြည့်မိတယ်။ သူ့ရဲ့ အကြောင်းပြချက်တွေမှာ အကျိုးအကြောင်း ရှေ့နောက် မညီညွတ်တာတွေ ရှိနေတယ်လို့ ခံစားရတယ်။ ပြီးတော့ သူပြောသလိုပါပဲ။ ကျွန်တော်ရဲ့ ယူဆချက်ကလည်း စင်းလုံးချောတော့ မဟုတ်ဘူး။

တကယ်လို့ သူဟာ ဦးသူရိန်ရဲ့ နောက်ကွယ်ကနေ ရေးပေးနေတဲ့ စာရေးဆရာအမှန် ဖြစ်မယ်ဆိုရင် ဒီလို ရှဲဒိုးစာရေးဆရာ မဖြစ်ဖြစ်အောင် တွန်းပို့ပေးနေတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ။

ဦးသူရိန်က လူကြိုက်များတဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက် ဖြစ်လို့ လူသစ်တစ်ယောက်အနေနဲ့ သူ့နာမည်သုံးပြီး စာအုပ်ထုတ်ရင် ရောင်းအား ပိုကောင်းလာမှာမို့လား။ သဘောအရ ဦးသူရိန် နာမည်မကြီးခင်ကတည်းက ဦးပေါ်လွင်ဟာ သူ့ကိုယ်စား ဝတ္ထုတွေ ရေးပေးနေခဲ့တယ် ဆိုရင် အခု လူကြိုက်များနေတဲ့ ဦးသူရိန်ရဲ့ နာမည်ကြီး ဝတ္ထုတွေကလည်း ဦးပေါ်လွင်ရဲ့ လက်ရာတွေလို့ ယူဆရမှာပဲ။ ဒီမှာ နားမလည်နိုင်တာက ဦးပေါ်လွင်ဟာ ကိုယ့်နာမည်နဲ့ကိုယ် ဝတ္ထုကောင်းတွေကို ထုတ်လို့ရပါလျက်နဲ့ ဘာကြောင့် ဦးသူရိန်ရဲ့ နာမည်ကိုပဲ ဆက်သုံးနေရတာလဲ။

ဦးသူရိန် နာမည်ကိုပဲ သုံးနေရတဲ့ အကြောင်းက သူဟာ ကျောင်းဆရာတစ်ယောက် ဖြစ်နေသေးလို့လား။ ဒါလည်း ယုတ္တိမရှိဘူး။ ကျောင်းဆရာတစ်ယောက်ဟာ အပြင်မှာ စာရေးဆရာလုပ်နေလို့ အလုပ်ထုတ်ခံရတယ် ဆိုတာမျိုးကလည်း ဘယ်ကမ္ဘာမှာမှ မရှိခဲ့ဘူး။ တကယ်လို့ ကျောင်းဆရာအလုပ်နဲ့ စာရေးဆရာအလုပ်၊ နှစ်ခုထဲက တစ်ခုကို မဖြစ်မနေ ရွေးရမယ်ဆိုရင် ဦးပေါ်လွင်အနေနဲ့ တွေဝေမနေဘဲ စာရေးဆရာအလုပ်ကိုပဲ ရွေးလိမ့်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ တကယ်လို့သာ သူဟာ ဦးသူရိန်ရဲ့ ရှဲဒိုးစာရေးဆရာတစ်ယောက် ဖြစ်နေခဲ့ရင် အကျဉ်းစံလူတစ်ယောက်အနေနဲ့ ဘာလုပ်ဖို့ ဖုံးကွယ်နေရဦးမှာလဲ။ ဒါ သူကိုယ်တိုင် ပြောခဲ့တာ။ သူ့အနေနဲ့ ပြောရရင် ဦးသူရိန်ရဲ့ ရှဲဒိုးစာရေးဆရာတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူစရာတစ်ခုပဲလေ။

ဦးပေါ်လွင်ဟာ တကယ်ပဲ ရှဲဒိုးစာရေးဆရာတစ်ယောက် မဟုတ်ဘူးလား။ သူ့အိမ်ထဲမှာ ရှာတွေ့ခဲ့တဲ့ မှတ်စုစာအုပ်တွေ၊ စီဒီတွေက သူပြောသလိုပဲ၊ တကယ်ကို တခြား အဓိပ္ပာယ် မဆောင်ဘူးလား။

လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်တော် ပြောရဲတယ်။

ဦးပေါ်လွင်ရဲ့ အကျင့်စရိုက်ကို အနည်းအများတော့ ကျွန်တော် နားလည်ထားပြီးသား။ ကျွန်တော် သိသလောက် ပြောရရင် ဦးပေါ်လွင်ဟာ မာနသိပ်ကြီးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု အပြည့်ရှိတဲ့ သူမျိုး။ စာရေးဆရာတစ်ယောက် ဖြစ်ချင်လို့ သူများစာတွေကို ကူးပြီး လေ့ကျင့်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

ရုံးကို ပြန်ရောက်တော့ ဦးပေါ်လွင်နဲ့ ပြောခဲ့သမျှ စကားတွေကို အစီရင်ခံစာ ရေးပြီး အရာရှိကို တင်ပြရတယ်။ အရာရှိက မအီမသာ မျက်နှာပေးနဲ့ ကျွန်တော်ရဲ့ အစီရင်ခံချက်ကို နားထောင်နေတယ်။

“ဦးပေါ်လွင်က လူသတ်ရတဲ့ အကြောင်းအရင်းကို ဘာဖြစ်လို့ ဖုံးကွယ်ချင်နေရတာလဲ” အစီရင်ခံစာကို နားထောင်အပြီးမှာ သူ ကျွန်တော့်ကို မေးတယ်။

“ကျွန်တော် မသိဘူး။ အခင်းဖြစ်ပွားမှု အခြေအနေ အားလုံးကို ဝန်ခံခဲ့ပါလျက်နဲ့ သတ်ရတဲ့ အကြောင်းအရင်းကျတော့ အခုထိ မပြောဘူး။ ကျွန်တော့်အထင်တော့ ဒီအထဲမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေရလိမ့်ဦးမယ်”

“ဦးသူရိန်ရဲ့ ဝတ္ထုနဲ့ ပတ်သက်နေတယ်လို့ မင်း ယူဆတယ်ပေါ့”

“ဟုတ်ကဲ့”

“မင်းက ဦးပေါ်လွင်ကို မူရင်းစာရေးဆရာလို့ ပြောနေပေမယ့် သူကိုယ်တိုင်က ဝန်မခံဘူးလေ”

မှုခင်းဌာနအနေနဲ့ ဒီအမှုအပေါ်မှာ ထပ်ပြီး အချိန်ဖြုန်း မနေချင်တော့ဘူးဆိုတာ ထင်ရှားနေတယ်။ သတင်းထောက်တွေကလည်း ဘယ်ကနေ ဘယ်လို အနံ့ခံရသွားလဲ မသိပါဘူး။ ရှဲဒိုးစာရေးဆရာ ဖြစ်နိုင်ခြေရှိတာကို သိသွားပြီး အဲဒီကိစ္စကို သတင်းရေးနိုင်ဖို့အတွက် လုံးပန်းနေကြလေရဲ့။ ရဲဌာန အနေနဲ့ကတော့ သက်သေသက္ကာယ အပြည့်အစုံ မရခင်မှာ ဘာကိုမှ အတည်ပြု ဖြေကြားပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်အကျဆုံး မနက်ဖြန်မနက်ဆိုရင် ဒီသတင်းက မီဒီယာတွေမှာ ဟိုးလေးတကျော် ဖြစ်လာဦးမှာ။ ဒီလိုသာဆိုရင် မနက်ဖြန်တော့ ရုံးခန်းထဲမှာ ဖုန်းတဂွမ်ဂွမ် မြည်နေတော့မှာပဲ။

“သူတို့နှစ်ယောက်က ရန်ဖြစ်ကြရင်း စိတ်မထိန်းနိုင်ဘဲ လူသတ်မှု ဖြစ်ခဲ့တယ်လို့ ပြောတယ်။ တကယ်လို့ ရန်ဖြစ်ရတဲ့ အကြောင်းအရင်းတောင် မစုံစမ်းနိုင်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး အမှုတည်ဆောက်နိုင်ပါတော့မလဲ။ ငါ ဒီလောက်အထိကို စဉ်းစားမိတယ်။ သူ့အနေနဲ့ အကြောင်းအရင်းကို ဝန်မခံချင်လည်း နေပါစေတော့။ သူက စာရေးဆရာတစ်ယောက်ပဲ။ ယုတ္တိရှိတဲ့ အကြောင်းအရင်းတစ်ခု သူ့ကို ရေးခိုင်းပြီး အမှုတည်ဆောက်ကြရရင် မကောင်းဘူးလားလို့တောင် တွေးမိတယ်။ ဒါပေမယ့် တရားရုံးရောက်ကာမှ တရားသူကြီးက ဟာကွက်ကို တွေ့သွားရင်လည်း တစ်ဒုက္ခ”

“ရန်ဖြစ်ရင်း ဒေါသအလျောက် လူသတ်မိတယ်ဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော် မယုံဘူး။ ဦးပေါ်လွင်ဟာ ဦးသူရိန်ရဲ့ အိမ်ကနေ ထွက်လာပြီးကာမှ ပန်းခြံထဲကနေဖြတ်ပြီး အလုပ်ခန်းထဲ ခိုးဝင်ခဲ့တာ။ ပထမအကြိမ် သူတို့နှစ်ယောက် တွေ့ကြတုန်းက ဘာတွေများ အဆင်မပြေ ဖြစ်ခဲ့ကြလို့ သတ်ပစ်ချင်စိတ်တွေ ပေါ်လာခဲ့ရတာလဲ မပြောတတ်ဘူး”

“သူတို့ တွေ့တုန်းက ဘာအကြောင်း ပြောခဲ့ကြတာလဲ”

“ဦးပေါ်လွင်ရဲ့ မှတ်တမ်းအရတော့ ဘာမှ အရေးမပါလှတဲ့ စကားတွေပဲ ပြောခဲ့ကြတာ။ ဒါပေမယ့် ကျွန်တော့်အထင်ကတော့ သူတို့စာပေကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပြောဖြစ်လိမ့်မယ်လို့ ယူဆတယ်”

ဦးသူရိန်ဟာ မကြာခင် ကနေဒါကို ပြောင်းသွားတော့မယ်။ တကယ်လို့ ဦးပေါ်လွင်ဟာ ဦးသူရိန်ရဲ့ ရှဲဒိုးဖြစ်ခဲ့ရင် နောက်နောင် ဘယ်လိုဆက်ပြီး နှစ်ပါးသွား က,ကြမလဲဆိုတာ ဆွေးနွေးကြရမှာပဲ။ အဲဒီလို ဆွေးနွေးနေကြတုန်း အပေးအယူ မတည့်ခဲ့ကြလို့လား။

“သူတို့ ဆွေးနွေးကြတာက နောက်ကွယ်မှာ စာဆက်ရေးပေးဖို့ အပေးအယူကိစ္စလား”

“ဖြစ်လောက်တယ်”

ကျွန်တော်တို့ ဦးပေါ်လွင်ရဲ့ ဘဏ်စာရင်းကိုလည်း အသေးစိတ် လေ့လာပြီးပြီ။ ဒါပေမယ့် ဦးသူရိန် ငွေလွှဲခဲ့တဲ့ အထောက်အထားတွေလည်း မတွေ့ခဲ့ရဘူး။ ငွေရေးကြေးရေးကြောင့် ရှဲဒိုးလုပ်ရတာပါ ဆိုရင်တော့ အင်မတန် ရိုးရှင်းနေလိမ့်မယ်။

“ကြည့်ရတာ ဦးသူရိန်နဲ့ ဦးပေါ်လွင်တို့ရဲ့ နောက်ခံသမိုင်းကိုလည်း ဒီထက်ပိုပြီး လေ့လာဖို့ လိုလိမ့်ဦးမယ်” ရဲအရာရှိက ကောက်ချက်ချလိုက်တယ်။ ဒါကို ကျွန်တော်လည်း သဘောတူတယ်။

****

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *