စုံထောက်ဝေဖြိုး၏ မှတ်စု
ဦးပေါ်လွင်ကို ဖမ်းဆီးနိုင်ခဲ့တာ ၄ ရက် ရှိပြီ။ အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး အားလုံးကို သူ ဝန်ခံခဲ့ပေမယ့် အကြောင်းအရာတစ်ခုကိုတော့ သူ နှုတ်ဆိတ်နေခဲ့တယ်။ လူသတ်ရတဲ့ အကြောင်းအရင်း။ သူ ဘာကြောင့် ဦးသူရိန်ကို သတ်ချင်ရတာလဲ။ သူတို့တွေက မူလတန်းကတည်းက ခင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေ။ နောက်ပြီး အလုပ်ခွင်မှာဆိုလည်း ဦးသူရိန်က သူ့ရဲ့ ကျေးဇူးရှင်လို့ ပြောနိုင်တယ်။ ကျွန်တော့်အထက်အရာရှိကလည်း ပြောနေပြီ။ တကယ်လို့ ယုတ္တိတန်တဲ့ အကြောင်းအရင်း ထုတ်မပြနိုင်ဘူးဆိုရင် ဒီအမှုကို တရားရုံးမှာ ဆွဲဆိုဖို့ မဖြစ်နိုင်သေးဘူးတဲ့။
ဦးပေါ်လွင်ကို အကြိမ်ကြိမ် အထပ်ထပ် ဘယ်လောက်ပဲမေးမေး၊ သူ့အဖြေက တစ်မျိုးတည်းပဲ။ “ဒေါသထွက်ပြီး ရုတ်တရက် စိတ်မထိန်းနိုင်လို့ သူ့ကို သတ်ပစ်လိုက်တယ်။ ဒါပဲ”
ဒါက လူသတ်ဖို့ လုံလောက်တဲ့ အကြောင်းအရင်းတော့ မဟုတ်ဘူး။ သူ ဘာမှ မပြောပေမယ့် ကျွန်တော် အနည်းအကျဉ်း ရိပ်စားမိတယ်။ အကြောင်းအရင်းဟာ တစ်နည်းမဟုတ်တစ်နည်း <ရေခဲမုခ်ဦး> စာမူနဲ့ ပတ်သက်နေရလိမ့်မယ်။ အဲဒီစာမူကို သူ့အိမ်မှာ ကျွန်တော် ရှာတွေ့ခဲ့တယ်။ ကျွန်တော် ထင်တဲ့အတိုင်း သူ သိမ်းထားတုန်းပဲ။
ဒီလူသတ်မှုကို ကြိုတင်ကြံစည်ပြီး လုပ်တယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ ကျွန်တော်တင် မကပါဘူး၊ ကျွန်တော်တို့ အမှုလိုက် အဖွဲ့တစ်ဖွဲ့လုံးက မထင်ခဲ့တာ။ ကြိုတင်ကြံစည်ထားတာ မဟုတ်ဘူးဆိုရင် စဉ်းစားစရာက – ဦးပေါ်လွင်ဟာ ဘာဖြစ်လို့ အဲဒီနေ့က <ရေခဲမုခ်ဦး> စာမူကို သူနဲ့အတူ သယ်သွားရတာလဲ။ ဒီလို မေးမှ ပိုမှန်လိမ့်တယ်။ ဦးသူရိန်ရဲ့ အလုပ်တာဝန်လို့ ဆိုရမယ့် အဲဒီစာမူကို ဦးပေါ်လွင်က ဘာဖြစ်လို့ ကြိုရေးထားရတာလဲ။
ကျွန်တော် ဦးပေါ်လွင်ကို မဖမ်းခင်ကတည်းက အယူအဆတစ်ခု ပုံဖော်ကြည့်ခဲ့တယ်။ အဲဒီ ယူဆချက်အတိုင်း ခြေရာခံ လိုက်သွားရင် လူသတ်မှုရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ဖော်ထုတ်နိုင်မှာ သေချာတယ်။ ကျန်တာ ဦးပေါ်လွင်ဘက်က လိုက်လျောညီထွေ ပူးပေါင်းပါဝင်ပေးဖို့ပဲ။ ဒါပေမယ့် သူ ဘာမှ မပြောခဲ့ဘူး။ ဘာဖြစ်လို့ <ရေခဲမုခ်ဦး> စာမူက သူ့ဆီမှာ ရှိနေရတာလဲလို့ မေးတော့ သူ့ရဲ့ အဖြေက ဒီလို။ “ငါက အပျော်သဘောနဲ့ ရေးခဲ့တာ။ သူ့ကို စ, ချင်တာနဲ့ ယူသွားတာလေ။ ‘တကယ်လို့ မင်း အချိန်မမီဘူးဆိုရင် ငါ့ဟာ ယူသုံးလိုက်ပေါ့ကွာ’ လို့ ငါ သူ့ကို ပြောခဲ့သေးတယ်။ ပျော်စေပြက်စေပါပဲ”
ဒီအကြောင်းပြချက်က ဘယ်လိုမှ ဘောင်မဝင်ဘူးဆိုတာ ကျွန်တော် ပြောနေဖို့ လိုမယ် မထင်ဘူး။ သူကတော့ ယုံချင်ယုံ၊ မယုံချင်နေဆိုတဲ့ အမူအရာမျိုးနဲ့။ အဲဒီတော့ ကျွန်တော်တို့ သူ့အိမ်ကို နောက်ထပ်တစ်ခေါက် ရှာဖွေရတော့တာပေါ့။ အရင်တစ်ခေါက်တုန်းက သူ့ရဲ့ အလုပ်စားပွဲ ပတ်ဝန်းကျင်ကိုပဲ ရှာခဲ့ကြတာ။
ဒုတိယအကြိမ် ရှာလိုက်တဲ့အခါမှာ အရေးပါတဲ့ သက်သေခံပစ္စည်း ၁၈ ခုကို ကျွန်တော်တို့ ရခဲ့တယ်။ အဲဒီအထဲမှာ မှတ်စုအထူကြီး ၈ အုပ်၊ စီဒီ ၈ ချပ်နဲ့ A4 စက္ကူတွေ အထပ်လိုက်ကို တွဲချုပ်ထားတဲ့ လက်ရေးမူဖိုင်တွဲ ၂ တွဲ ပါတယ်။ အဲဒါတွေထဲမှာ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး စတဲ့ စာမူကြမ်းတွေ အပုံလိုက်ကြီး ပါနေတယ်။ အဲဒီ လက်ရေးမူစာအုပ်တွေ၊ ဖိုင်တွဲတွေဟာ ဦးပေါ်လွင်ရဲ့ ပိုင်ဆိုင်ပစ္စည်းဖြစ်ကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့တယ်။
ပထမဆုံး ကျွန်တော်တို့ စီဒီတစ်ချပ်ထဲကနေ လူအများ ယုံကြည်ဖို့ ခဲယဉ်းတဲ့ အရာတွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်မျှော်လင့်ထားတဲ့ အတိုင်းပဲလို့ ပြောရမှာပဲ။ စီဒီထဲမှာ <ရေခဲမုခ်ဦး> ဝတ္ထုရဲ့ လက်ရေးစာမူတွေကို သိမ်းထားတယ်။ အသစ်တော့ မဟုတ်ဘူး။ မဂ္ဂဇင်းမှာ ပုံနှိပ်ထားခဲ့ပြီးသမျှပေါ့။
သော်တာမဂ္ဂဇင်းတိုက်က အယ်ဒီတာချုပ်ကို အဲဒီစာမူတွေ ပြကြည့်တော့ သူ့ရဲ့ အမြင်က ဒီလို။ “ဒါတွေက မဂ္ဂဇင်းမှာ လစဉ်အခန်းဆက် ပုံနှိပ်ဖော်ပြခဲ့တဲ့ <ရေခဲမုခ်ဦး> ဝတ္ထုထဲက အစိတ်အပိုင်းတွေပဲ။ ဇာတ်အိမ်ဇာတ်ကွက်တွေ တူတယ်ဆိုပေမယ့် ဒီထဲက တချို့အပိုင်းတွေ ကျွန်တော်တို့ဆီမှာ မရှိဘူး။ ကျွန်တော်တို့ဆီမှာပဲ ရှိပြီး ဒီထဲမှာ မပါတဲ့ အပိုင်းတချို့လည်း ရှိသေးတယ်။ အချုပ်ပြောရရင် ဒီမူနှစ်မူက ဝေါဟာရအသုံးပြုပုံနဲ့ ဝါကျတည်ဆောက်ပုံတွေမှာ အနည်းအကျဉ်းပဲ ကွဲပြားခြားနားတယ်”
တစ်နည်းပြောရမယ်ဆိုရင် စီဒီထဲမှာ တွေ့ထားတဲ့ ဝတ္ထုစာမူ အစိတ်အပိုင်းတွေနဲ့ ပုံနှိပ်ဖော်ပြပြီး အစိတ်အပိုင်းတွေရဲ့ ခြားနားပုံက အလီဘိုင် သက်သေပြဖို့ အသုံးချခဲ့တဲ့ နောက်ဆုံးစာမူရဲ့ ခြားနားပုံနဲ့ ဆင်တူနေတယ်။
ဒါနဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းရေးအဖွဲ့က ဦးသူရိန်ရဲ့ ထွက်ထားပြီးသမျှ စာအုပ်တွေကို အကုန် ရှာဖွေစုစည်းပြီး တစ်အုပ်စီ ခွဲဝေ ဖတ်ကြရတယ်။ အဖွဲ့ဝင် အတော်များများက စာအုပ်တစ်အုပ်ကို အခုလို သဲကြီးမဲကြီး မဖတ်ဖြစ်တာ နှစ်အတော်ကြာခဲ့ပြီလို့ မချိသွားဖြဲ မှတ်ချက်ပြုနေကြလေရဲ့။
ဒီလို ဇွဲနပဲနဲ့ စာအုပ်တွေ အကုန်ဖတ်လိုက်ခြင်းကြောင့် ရရှိခဲ့တဲ့ ရလဒ်ကတော့ တုန်လှုပ်ဖွယ် အမှန်တရားတစ်ခုပဲ။ ဦးပေါ်လွင်ရဲ့ အိမ်ကနေ သိမ်းဆည်းရမိခဲ့တဲ့ မှတ်စုစာအုပ် အထူ ၈ အုပ်ထဲမှာ ဝတ္ထုရှည် ၅ ပုဒ် ရေးမှတ်ထားတယ်။ အဲဒီ ၅ ပုဒ်စလုံးက ဦးသူရိန်ရဲ့ စာအုပ်တွေနဲ့ တထေရာတည်းပဲ။ ဝတ္ထုနာမည်၊ ဇာတ်ကောင်နာမည်နဲ့ တင်ပြပုံတွေ အပြောင်းအလဲ ရှိပေမယ့် ဇာတ်အိမ်ဇာတ်ကွက်ကတော့ ခွဲမရအောင် တူနေတယ်။
တခြား စီဒီထဲမှာ ဝတ္ထုရှည် ၃ ပုဒ်၊ ဝတ္ထုတို အပုဒ် ၂၀ ပါတယ်။ ဝတ္ထုရှည် အကုန်လုံးနဲ့ ဝတ္ထုတို ၁၇ ပုဒ်က ဦးသူရိန်ရဲ့ ပုံနှိပ်ပြီး စာမူတွေနဲ့ အတူတူပဲ။ ကျန်တဲ့ ဝတ္ထုတို ၃ ပုဒ်ကတော့ ဦးပေါ်လွင်ရဲ့ နာမည်နဲ့ ကလေးစာပေအဖြစ် ပုံနှိပ်ထားတာ တွေ့ရတယ်။
A4 စက္ကူပေါ် ရေးခြစ်ထားတဲ့ ဝတ္ထုတို နှစ်ပုဒ်ကိုတော့ ဦးသူရိန်ရဲ့ စာမူတွေထဲမှာ ဆင်တူတာ မတွေ့ရဘူး။ အဲဒီစက္ကူတွေရဲ့ ဟောင်းနွမ်းနေတဲ့ အနေအထားအရ ဒီစာမူတွေဟာ ရေးထားတာ အတော်ကြာပြီလို့ ယူဆနိုင်တယ်။ အသေးစိတ် ဆက်ပြီး လေ့လာမယ်ဆိုရင်တော့ တစ်ခုခု တွေ့လာနိုင်သေးတာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးဆရာတစ်ယောက်ရဲ့ မူရင်းစာမူတွေကို မသက်ဆိုင်တဲ့ တခြား လူတစ်ယောက်ဆီမှာ အစုလိုက် အပြုံလိုက် တွေ့ရတယ်ဆိုတာ တော်တော် သဘာဝ မကျဘူး။ ပြီးတော့ ထုတ်ဝေပြီးသား စာမူတွေနဲ့ တထေရာတည်း တူနေတာ မဟုတ်ဘဲ ကွဲပြားခြားနားမှုတွေ အတန်အသင့် ရှိနေသေးတယ်။ မှတ်စုစာအုပ်တွေပေါ် ရေးထားတဲ့ ဝတ္ထုတွေမှာက ပြင်ရာခြစ်ရာတွေ၊ မှတ်ချက်တွေနဲ့ ဆိုတော့ အချောမသတ်ရသေးတဲ့ စာမူကြမ်းတွေ ဖြစ်လိမ့်မယ်။
ကျွန်တော်ရဲ့ အယူအဆကတော့ ဦးပေါ်လွင်ဟာ ဦးသူရိန်ရဲ့ ရှဲဒိုးစာရေးဆရာပဲ ဖြစ်ရမယ်။ အဲဒီလို ပတ်သက်မှုတွေကနေ အခြေခံပြီး လူသတ်မှုဖြစ်တဲ့အထိ ဆင့်ပွား ပေါ်ပေါက်လာတယ်လို့ ယူဆနိုင်တယ်။
ဦးပေါ်လွင်ကို ခေါ်ယူစစ်ဆေးတုန်း ကျွန်တော်ရဲ့ အဲဒီ အယူအဆကို ပြောပြတော့ သူက မျက်နှာတစ်ချက် မပျက်ဘဲ ခပ်ပြတ်ပြတ်ပဲ ငြင်းဆိုခဲ့တယ်။ ဒါဆို အဲဒီ မှတ်စုစာအုပ်တွေ၊ စီဒီတွေထဲမှာ တွေ့ရတဲ့ စာမူတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းချက် ပေးမလဲလို့ မေးတော့လည်း တစ်ခွန်းမှ မဖြေဘဲ နှုတ်ဆိတ်နေပြန်တယ်။ ဘယ်လိုပဲ အကျပ်ကိုင်ပြီး မေးမေး ဘာမှ ထူးခြားမလာဘူး။
ဒါပေမယ့် ဒီနေ့ အမှုစစ်ဆေးတုန်းမှာ မျှော်လင့်မထားတဲ့ အခြေအနေတစ်ခုနဲ့ ကြုံခဲ့ရတယ်။ ဦးပေါ်လွင်ဟာ အင်မတန် နာကျင်နေတဲ့ ပုံစံမျိုးနဲ့ ဗိုက်ကို နှိပ်နေတယ်။ သူဖြစ်နေတဲ့ ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး သေကြောင်းကြံဖို့ အဆိပ်များ သောက်ထားခဲ့လေသလားလို့ တွေးလိုက်မိသေးတယ်။ ဒါနဲ့ ချက်ချင်းပဲ ဆေးရုံကို ပို့ပြီး ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ အထက်အရာရှိက ကျွန်တော့်ကို ခေါ်ပြီး မထင်မှတ်ထားတဲ့ သတင်းတစ်ခု ပြောလာတယ်။ ဦးပေါ်လွင်မှာ ကင်ဆာရောဂါရှိတယ်တဲ့။
စစ်ဆေးရေးအခန်းမှာ သူ မြော့သွားပြီးတဲ့ နောက်တစ်နေ့မှာပဲ ကျွန်တော် သူ့ကို ဆေးရုံမှာ သွားတွေ့ခဲ့တယ်။ သူ့ကို ဝင်မတွေ့ခင် တာဝန်ကျ ဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးကြည့်တယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ကင်ဆာက အတွင်းကလီစာနားအထိ ပျံ့နှံ့နေပြီ။ အန္တရာယ်ရှိတဲ့ အခြေအနေမို့ ဆက်ပြီး အသက်ရှင်ချင်သေးတယ်ဆိုရင် ခွဲစိတ်ကုသမှု အမြန်ဆုံး ခံယူမှ ရမယ်တဲ့။
ကင်ဆာက အခုမှ စဖြစ်တာလား၊ ဒါမှမဟုတ် အရင်က ရောဂါဟောင်း ပြန်ထတာမျိုးလားလို့ မေးကြည့်တော့ ဆရာဝန်က ဟိုးအရင်ကတည်းက ရှိခဲ့ကြောင်း ပြောတယ်။ ကျွန်တော် အဲဒီလို မေးရတာ အကြောင်းရှိတယ်။ သူ့နောက်ကြောင်းကို ပြန်ပြီး စစ်ဆေးကြည့်တော့ လွန်ခဲ့တဲ့ နှစ်နှစ်က ဒီလို ရောဂါမျိုးနဲ့ သူ ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု ခံခဲ့ရဖူးတယ်။ ကျန်းမာရေးကြောင့် ကျောင်းကနေ လရှည်ခွင့်ယူခဲ့တယ်။ ဒါပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ ဘာရောဂါကြောင့် ခွင့်ယူရသလဲဆိုတာ မသိကြဘူး။ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ပဲ ဂဃနဏ သိတယ်။
ထူးဆန်းတာက အခုနောက်ဆုံး ဖမ်းခံရတဲ့ အချိန်အထိ ဆေးရုံကို သူ တစ်ခါမှ မသွားခဲ့ဖူးဘူး။ ဆရာဝန်ရဲ့ အမြင်အရတော့ ‘ကိုယ့်ဘာသာ နေထိုင်မကောင်းတာတော့ သူ သိရမှာပေါ့’ တဲ့။ ခွဲစိတ်ကုသရင်ရော အောင်မြင်နိုင်ပါ့မလား။ ကျွန်တော် ဆရာဝန်ကို ဆက်မေးကြည့်တော့ ဆရာဝန်က တွေးတွေးဆဆနဲ့ ပြန်ဖြေတယ်။ “Fifty-Fifty (၅၀%)” ဆရာဝန်နဲ့ ဆွေးနွေးကြည့်တော့မှ ကျွန်တော် နဂို ထင်ထားတာထက် ပိုဆိုးနေမှန်း ရိပ်စားမိလိုက်တယ်။
နောက်တော့ ကျွန်တော် ဦးပေါ်လွင်နဲ့ တွေ့ဖို့ လူနာဆောင်ဆီ ထွက်လာခဲ့တယ်။ သူ့ကို သီးသန့်တစ်ယောက်ခန်း ပေးထားတယ်။ “အဖမ်းခံထားရတဲ့ လူတစ်ယောက်က အချုပ်ခန်းထဲမှာ မနေရဘဲ အခုလို စပယ်ရှယ် သီးသန့်ခန်းနဲ့ ဇိမ်ကျကျ နေနေရတော့ အားနာသလိုလိုတောင် ဖြစ်မိတယ်ကွာ” အနည်းငယ် ချောင်ကျသွားတဲ့ မျက်နှာနဲ့ ဦးပေါ်လွင်က ကျွန်တော့်ကို လှမ်းနှုတ်ဆက်တယ်။ ဒီလူရဲ့ မျက်နှာဟာ ဟိုးအရင် စခင်ခါစကထက် အများကြီး အိုစာသွားခဲ့ပြီ။ ဇရာရဲ့ တိုက်စားမှု သက်သက်ပဲလား။
“ဘယ်လိုနေသေးလဲ ဆရာ”
“သိပ် အကောင်းကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် လူနာတစ်ယောက်အတွက်ကတော့ ဒီလောက်ဆိုရင်ကို မဆိုးတော့ပါဘူးကွာ”
‘ငါ့ရောဂါအခြေအနေ ငါသိပါတယ်ကွာ’ ဆိုတဲ့ သဘော။ အခု ကင်ဆာက ပြန်ဖြစ်တာပါဆိုမှတော့ သူမသိဘဲ ဘယ်နေပါ့မလဲ။
ကျွန်တော်က နှုတ်ဆိတ်နေမိတော့ သူကပဲ စကား စတယ်။ “ဒါနဲ့ ငါ့ကို ဘယ်အချိန် ရုံးတင်စစ်ဆေးကြမှာလဲ။ မင်းတို့ လုပ်ပုံကိုင်ပုံ သိပ်နှေးနေရင် အမှုစီရင်ချက်ချတာ မမီဘဲ နေဦးမယ်။ ငါအရင် ဂိသွားရင် ဘယ်နှယ့်လုပ်မလဲ”
သူ နောက်နေတာလား၊ အတည် ပြောနေတာလား ဆိုတာကို ကျွန်တော် ခွဲခြားလို့ မရဘူး။ ဒါပေမယ့် သူက သေမင်းနဲ့ ရင်ဆိုင်ဖို့အတွက် အတိုင်းအတာတစ်ခုထိ ပြင်ဆင်ထားပြီးပုံ ရလို့ ဒီလိုစကားမျိုး ပြောထွက်တာပဲ ဖြစ်မှာပေါ့။
“ရုံးတင် တရားဆွဲဖို့ မဖြစ်နိုင်သေးဘူး။ လိုအပ်တဲ့ သက်သေအထောက်အထားတွေ စုစည်းနေကြတုန်းပဲ”
“ဘာဖြစ်လို့လဲ။ ငါ အပြစ်ရှိကြောင်း ဝန်ခံပြီးပြီပဲ။ တရားဆွဲဆိုရင် အပြစ်ရှိကြောင်း အမိန့်ချမှာပဲ။ အဲဒီလို မကောင်းဘူးလား။ မပူပါနဲ့။ တရားရုံးမှာ အမှုရင်ဆိုင်နေတုန်း အရင် ဝန်ခံခဲ့ဖူးသမျှကို ငါ ငြင်းကွယ်မှာ မဟုတ်ပါဘူး”
“အဲဒီလိုလည်း မဟုတ်ပါဘူး။ လူသတ်ရတဲ့ အကြောင်းအရင်းကို အခုထိ ကျွန်တော်တို့ မစုံစမ်းနိုင်သေးဘူး”
“လာပြန်ပြီ”
“ဆရာ ဒီအကြောင်းကို မပြောမချင်း ကျွန်တော်တို့က ဆက်မေးနေရဦးမှာပဲ”
“ဘာမှ မယ်မယ်ရရ မရှိပါဘူးကွာ။ မင်းတို့ကို ပြောပြီးပြီပဲ။ ဒေါသကြောင့် စိတ်မထိန်းနိုင်ဘဲ လူသတ်မိပါတယ်လို့။ ဒီတော့ မင်းတို့က အတင်း ရှင်းပြခိုင်းနေလည်း ငါ ဒီထက် ပိုပြီး မပြောပြတတ်ဘူး”
“အဲဒီလို အကြောင်းပြလို့ ကျွန်တော်တို့ လက်ခံနိုင်မယ် ထင်သလား”
“ကြိုက်ကြိုက် မကြိုက်ကြိုက်၊ လက်ခံရမှာပဲ”
ကျွန်တော် ပါးစပ်ပိတ်ပြီး သူ့ကိုပဲ စိုက်ကြည့်နေမိတယ်။ သူကလည်း ယုံကြည်ချက် အပြည့်နဲ့ ကျွန်တော်ရဲ့ အကြည့်ကို မရှောင်ဖယ်ဘဲ ပြန်စိုက်ကြည့်နေတယ်။
“ဆရာ့အိမ်မှာ ရှာတွေ့ခဲ့တဲ့ မှတ်စုစာအုပ်၊ စီဒီတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ထပ်မေးခွင့်ပြုပါ”
ကျွန်တော် လမ်းကြောင်းလွှဲလိုက်တော့ သူက စိတ်မရှည်တဲ့ မျက်နှာပေးနဲ့ “အဲဒါတွေက အမှုနဲ့ ဘာမှ မပတ်သက်ပါဘူးကွာ။ အတွေး မလွန်စမ်းပါနဲ့”
“အဲဒီလို ဆိုရင်လည်း ဆရာ့အနေနဲ့ အဲဒါ ဘာတွေလဲဆိုတာ အသေးစိတ် ရှင်းပြနိုင်မလား”
“ဘာမှကို မဟုတ်တာ။ စာအုပ်တွေနဲ့ စီဒီတွေလေကွာ၊ ရိုးရိုးလေးပဲကို”
“ဒါပေမယ့် အထဲမှာက ဦးသူရိန်ရဲ့ ဝတ္ထုတွေလေ။ မဟုတ်သေးဘူး။ အတိအကျ ပြောရရင် ဦးသူရိန်ရဲ့ ဝတ္ထုနဲ့ ဆင်ဆင်တူတဲ့ စာမူတွေ။ မသိရင် အဲဒီ ဝတ္ထုတွေရဲ့ မူကြမ်းတွေလို့ ထင်ချင်စရာပဲ”
သူက အသံထွက်အောင် ရယ်လိုက်ပြီး “ဒီတော့ ငါက သူရိန်ကို နောက်ကွယ်ကနေ စာရေးပေးနေတယ်ပေါ့။ သောက်ရူးပဲ။ မင်းတို့ အတွေးတွေ ချော်နေပြီ”
“အဲဒီလို ယူဆရတာကလည်း အဓိပ္ပာယ် မရှိတာမှ မဟုတ်ဘဲ”
“ပိုပြီး ယုတ္တိရှိတဲ့ အဖြေတစ်ခု ငါ ပေးမယ်။ အဲဒါ သင်ယူမှုတစ်မျိုးပဲ။ စာရေးဆရာ ဖြစ်ချင်တဲ့ လူတစ်ယောက်အနေနဲ့ သူတို့မှာ မတူညီတဲ့ သင်ယူမှု ပုံစံတွေ အသီးသီး ရှိကြတယ်။ ဥပမာ ငါဆိုရင် သူရိန်ရဲ့ ဝတ္ထုတွေကို ပြန်ကူးယူရင်း သူ့ရဲ့ ရေးဟန်ကို သင်ယူတယ်။ ဒါက သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူးကွာ။ အတွေ့အကြုံ မရှိသေးတဲ့ စာရေးဆရာတွေ အတော်များများ ဒီလိုပဲ လုပ်ကြတာပဲ”
သူ့ရဲ့ ဖြေရှင်းချက်ကို ကြားရတော့ ကျွန်တော် မအံ့ဩမိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးသူရိန်ရဲ့ ဝတ္ထုတွေကို တာဝန်ခံ တည်းဖြတ်ရတဲ့ အယ်ဒီတာချုပ်ကလည်း အဲဒီ ဖြစ်နိုင်ခြေကို တင်ပြခဲ့ဖူးတယ်။ အဲဒီ အကြောင်းကြောင့် ဆိုရင်တောင်မှ အချက် ၃ ချက်ကို ဖြည့်စွက်စဉ်းစားဖို့ လိုအပ်လိမ့်မယ်လို့ စာတည်းမှူးက ရှင်းပြခဲ့တယ်။ ပထမဆုံး အချက်က – ‘ကျွန်တော်တို့ တွေ့ရှိထားတဲ့ စာမူတွေက ပုံနှိပ်စာမူတွေနဲ့ ဘာကြောင့် ကွာဟမှု အနည်းအကျဉ်း ရှိနေရတာလဲ။’ ဒုတိယအချက်က – ‘တစ်ဦးတစ်ယောက်က တခြား စာရေးဆရာတစ်ယောက်ရဲ့ စာအုပ်တစ်အုပ်လုံးကို ကူးယူထားတာ လက်ခံလို့ မရနိုင်တာမျိုး မဟုတ်ပေမယ့် အဲဒီစာရေးဆရာရဲ့ ဝတ္ထုပေါင်းများစွာကို ကူးယူထားတယ် ဆိုတာကတော့ တော်တော်ကြီးကို သဘာဝမကျတာပဲ။’ တတိယအချက်က – ‘ဦးသူရိန်ရဲ့ ဝတ္ထုတွေဟာ ရောင်းရအကောင်းဆုံး စာရင်းဝင်စာအုပ်တွေ ဖြစ်ပေမယ့် သူ့ရဲ့ အရေးအသားက လူငယ်လက်သစ်တွေ စံထားရလောက်တဲ့ အရေးအသားမျိုး မဟုတ်ဘူး။’
အထက်ပါ အချက်သုံးချက်နဲ့ ပတ်သက်ပြီး ဦးပေါ်လွင်အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာ သိရအောင် သူ့ကို မေးလိုက်တယ်။ သူက မျက်တောင်တစ်ချက် မခတ်ဘဲ ချက်ချင်း ပြန်ဖြေခဲ့တယ်။ “မင်း သိချင်တာတွေကို ယုတ္တိရှိရှိ ငါ ဖြေပြမယ်။ စစချင်းတုန်းကတော့ ငါက သူ့စာတွေကို ကူးရေးရုံသက်သက်ပဲ။ တဖြည်းဖြည်း ကြာလာတော့ ဒီလို လုံးစေ့ပါဌ်စေ့ ကူးရေးနေရုံနဲ့ မလုံလောက်ဘူးလို့ ခံစားလာရတယ်။ ရေးနေရင်းနဲ့ ‘ငါသာဆိုရင် ဘယ်လို ရေးလိုက်မှာ’၊ ‘ငါသာဆို ဘယ်လို ဖွဲ့နွဲ့မှာ’ စတဲ့ အတွေးတွေ ဝင်လာတာပဲ။ ဒီတော့ အဲဒီလိုနေရာတွေကို ကိုယ့်အမြင်နဲ့ ပြောင်းရေးကြည့်လိုက်တာပေါ့။ မင်း သဘောပေါက်တယ် မလား။ တစ်ဘက်က သူရိန်ရဲ့ စာမူကို နမူနာယူပြီး နောက်တစ်ဘက်က သူ့ထက် ပိုကောင်းမယ့် လက်ရာတွေ ထွက်လာမလားဆိုပြီး စမ်းသပ်ကြည့်တာပေါ့။ အဲဒါမှ ငါလေ့ကျင့်ရတဲ့ အဓိက ရည်ရွယ်ချက်လေ။ ကူးယူထားတာ တရားလွန် များတယ်ဆိုတာကလည်း ငါ အများကြီး လေ့ကျင့်ခဲ့တယ်ဆိုတဲ့ သက်သေပဲ မဟုတ်လား။ ငါက လူပျိုလူလွတ်လေကွာ။ အိမ်ပြန်ရောက်တော့လည်း ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီတော့ အားအားရှိတိုင်း ငါက စာရေး လေ့ကျင့်နေရုံပဲပေါ့။ နောက်ပြီးတော့ သူရိန်ရဲ့ ဝတ္ထု ကောင်းမကောင်းဆိုတာကလည်း ဘယ်ရှုထောင့်ကနေ ကြည့်မလဲဆိုတာပေါ် မူတည်လိမ့်မယ်။ ငါကတော့ သူ့အရေးအသားကို သိပ်ပြီး အားကျတယ်။ ရှင်းလင်းပြတ်သားပြီး နားလည်လွယ်တယ်။ သူ့မှာ စာဖတ်ပရိသတ် အများကြီး ရှိနေတာပဲ ကြည့်ပါလား။ အဲဒါ အကောင်းဆုံး သက်သေပဲပေါ့”
ဦးပေါ်လွင်ရဲ့ ရှင်းလင်းချက်က လက်ခံနိုင်စရာပါပဲ။ ဒါပေမယ့် အခုပြောခဲ့သမျှ အကုန် အမှန်ချည်းသာဆိုရင် ဘာဖြစ်လို့ စောစောကတည်းက ဖွင့်မပြောရတာလဲ။ ဆေးရုံပေါ် မရောက်ခင် အချိန်အထိ အဲဒီစာမူတွေအကြောင်း သူ့ကို ဘာမေးမေး ဘူးခံနေခဲ့တာ။ အခု ဆေးရုံပေါ် ရောက်ပြီးခါမှ ယုတ္တိရှိမယ့် ရှင်းလင်းချက်မျိုးကို စဉ်းစားဖို့ အချိန်ရသွားခဲ့တာလား။ သူပြောတဲ့ အချက်တွေက မှန်ပါတယ်ဆိုရင်တော့ သက်သေပြဖို့ တော်တော်ကြီး ခက်လိမ့်မယ်။
ကျွန်တော် နည်းဗျူဟာပြောင်းတဲ့အနေနဲ့ တခြားသက်သေပစ္စည်းတစ်ခုကို ထုတ်ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ဦးပေါ်လွင်ရဲ့ အလုပ်စားပွဲ အံဆွဲထဲက ရှာတွေ့ခဲ့တဲ့ မှတ်စုအပိုင်းအစတွေ။ အဲဒီ စက္ကူဖြတ်ပိုင်းလေးတွေမှာ တို့မှတ်ထားတဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်နာမည်တွေကို ကြည့်ခြင်းအားဖြင့် <ရေခဲမုခ်ဦး> နဲ့ သက်ဆိုင်တဲ့ မှတ်စုမှတ်ရာတွေပဲလို့ တန်းသိနိုင်တယ်။ ထူးခြားတာက ပုံနှိပ်ပြီး အခန်းတွေရဲ့ ဇာတ်လမ်းကောက်ကြောင်းတွေ မဟုတ်ဘဲ လုံးဝ မရေးရသေးတဲ့ ဇာတ်သိမ်းခန်းအတွက် မှတ်စုမှတ်ရာတွေ ဖြစ်နေတယ်။ သူ့ရဲ့ ဖြေရှင်းချက်က – “ဒါကလည်း လေ့ကျင့်ခန်းတစ်မျိုးပဲလေ။ စာဖတ်သူတွေတောင် ဝတ္ထုဖတ်ရင်း ဘယ်လို အဆုံးသတ်ပါ့မလဲလို့ ခန့်မှန်းတတ်ကြတာပဲ မဟုတ်လား။ ငါ့အနေနဲ့က သူတို့ထက် ပိုပြီး စေ့စေ့စပ်စပ်နဲ့ စနစ်တကျ ပုံစံချကြည့်တာပဲ ရှိတာလေ”
“ဆရာ့အနေနဲ့ အခုဆိုရင် ကျောင်းကနေ အလုပ်ထွက်ပြီး အချိန်ပြည့် စာရေးဆရာတစ်ယောက်အနေနဲ့ ရပ်တည်နေပြီပဲ မဟုတ်လား။ ဘာကြောင့် သူများရဲ့ စာတွေကို ပြန်ကူးပြီး အချိန်ဖြုန်းနေရတာလဲ။ ကိုယ်ပိုင် ဝတ္ထုဇာတ်လမ်းတွေ အသစ်ဖန်တီးပါတော့လား”
“မနောက်ပါနဲ့ကွာ။ ငါ အခုချိန်ထိ အများက အသိအမှတ်ပြုတဲ့ စာရေးဆရာတစ်ယောက် မဟုတ်သေးပါဘူး။ ငါ့မှာ သင်စရာတွေ အများကြီး ကျန်သေးတယ်။ ပြီးတော့ ငါ့မှာလည်း အလုပ်ထွေထွေထူးထူး မရှိတော့ သင်ယူဖို့ အချိန်တွေ အများကြီး ရှိနေတာပေါ့”
သူ့ရဲ့ စကားကို ကျွန်တော် လက်ခံလို့ မရဘူး။ အဲဒီ သဘောထားက ကျွန်တော့်မျက်နှာမှာ ပေါ်လွင်နေလို့ ထင်တယ်။ သူ ကျွန်တော့်ကို ကြည့်ပြီး ဆက်ပြောတယ်။ “မင်းဟာက ငါ့ကို သူရိန်ရဲ့ ရှဲဒိုးစာရေးဆရာ ဖြစ်အောင် အတင်း ယူဆချင်ပုံရတယ်။ မင်းက ငါ့ကို အရမ်း အထင်ကြီးနေတာပဲကွ။ ငါ့မှာ အဲဒီလို အရည်အချင်း မရှိပါဘူး။ မင်းက အဲဒီလို ပြောတော့ ငါ ကျိတ်ပြီး စဉ်းစားမိတယ်။ အဲဒီလို တကယ် ဖြစ်ရင် သိပ်ကောင်းမှာပဲလို့။ မင်း ယူဆသလိုသာ တကယ် အမှန်ဖြစ်ခဲ့ရင် ငါက တစ်လောကလုံးကြားအောင် အော်ပြောလိုက်မှာ။ ‘အဲဒီ ဝတ္ထုတွေ အကုန်လုံး ငါရေးတာဟေ့။ စာရေးဆရာ အစစ်က ပေါ်လွင်ကွ’ လို့။ ဝမ်းနည်းစရာ ကောင်းတာက အဲဒီလို မဟုတ်ခဲ့ဘူး။ ငါရေးတဲ့ စာသာဆိုရင် ငါ့ကလောင်နာမည်ပဲ သုံးမှာပေါ့။ သူရိန်ရဲ့ နာမည်ကို အငှားသုံးနေစရာ ဘာအကြောင်းရှိလို့လဲ။ မဟုတ်ဘူးလား”
“ကျွန်တော်လည်း အဲဒီလို တွေးမိလို့ နားလည်ရ ခက်နေတာပဲ”
“ဘာများ နားလည်ရ ခက်လို့လဲကွာ။ ယူဆချက် လွဲမှားလို့သာ ထူးဆန်းတဲ့ ကောက်ချက်တွေ ထွက်လာရတာလေ။ အတွေးမခေါင်စမ်းပါနဲ့”
“ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး”
“အဲဒီလိုပဲ ထင်လိုက်ပါကွာ။ ငါ တကယ်ကိုပဲ အဲဒီအကြောင်း ထပ်မပြောချင်တော့ဘူး။ တရားဆွဲဆိုဖို့ ကိစ္စ မြန်မြန် စီစဉ်ကြရင် မကောင်းဘူးလား။ ဘာရည်ရွယ်ချက်ပဲ ဖြစ်ဖြစ်ပေါ့။ အစီရင်ခံစာထဲမှာ မင်းတို့ ရေးချင်သလိုသာ ထည့်ရေးလိုက်ကွာ”
သူကတော့ လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့။
****