အခင်းဖြစ်ပြီး နှစ်ရက်ကြာတော့ သူရိန်ရဲ့ နာရေးအခမ်းအနားကို ဆေးရုံကြီးထဲက ဓမ္မာရုံမှာ ကျင်းပကြတယ်။ ဓမ္မာရုံက ကြီးလို့ တော်ပါသေးတယ်။ လာလိုက်ကြတဲ့ အသုဘရှု ပရိသတ်က နည်းနည်းနောနော မဟုတ်ဘူး။ စာအုပ်တိုက်တွေက လူတွေရော၊ တခြားတခြားသော ဧည့်ပရိသတ်တွေရော ပြည့်ကျပ်ညပ်နေတယ်။ အဲဒီအထဲမှာ ရုပ်သံလွှင့်ဌာနက လူတွေရောပါတာပေါ့။ သတင်းထောက်တွေ၊ ကင်မရာမင်းတွေကအစ ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာပေးတွေနဲ့။ သူတို့ရဲ့ မျက်လုံးတွေက သားကောင်ချောင်းနေတဲ့ ကျားရဲမျက်လုံးတွေလို ဧည့်သည်တစ်ယောက်ယောက်ကများ မျက်ရည်ကျလိုက်မိရင် ကင်မရာကို ထမ်းပြီး သူ့ဆီ အပြေးအလွှား သွားကြတော့တာပဲ။
ကျွန်တော်လည်း ရုပ်အလောင်းကို အနီးကပ် အသုဘရှုပြီး အသက်ရှူချောင်မယ့် တစ်နေရာကနေ လာသမျှ ဧည့်ပရိသတ်ကို အကဲခတ်နေမိတယ်။ သရုပ်ဆောင်လောကက မင်းသားမင်းသမီးတချို့ကို မြင်ရမှ သူရိန်ရဲ့ ဝတ္ထုတချို့ ရုပ်ရှင်ဖလင်ကားအဖြစ် အသွင်ပြောင်းခဲ့ဖူးကြောင်း သတိရတော့တယ်။
ဘုန်းကြီးတွေ သရဏဂုံတင်၊ ရေစက်ချအပြီးမှာ အနက်ရောင်ဝမ်းဆက်နဲ့ သန္တာက အသုဘရှုလာကြတဲ့ ပရိသတ်ကို တစ်ဖွဲ့ချင်းစီ ကျေးဇူးတင်စကား လိုက်ပြောနေတယ်။ မပြုံးမရယ်ဘဲ တည်တည်ငြိမ်ငြိမ် ဧည့်ခံစကား ဆိုနေတဲ့ သန္တာကို မြင်ရသူတိုင်းက တည်ငြိမ်မှုရဲ့ နောက်ကွယ်မှာ ဖုံးအုပ်နေတဲ့ ဝမ်းနည်းပူဆွေးမှုကို မခံစားရဘဲ နေကြမှာ မဟုတ်ဘူး။
အခေါင်းကို စပြီး သယ်ကြလို့ ဧည့်သည်တွေ ဓမ္မာရုံထဲက ရုတ်ရုတ်သဲသဲ ထွက်လာပြီဆိုမှ လူအုပ်ကြားထဲမှာ လုံးဝထင်မှတ်မထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူက ဓမ္မာရုံ လှေကားရင်း ရောက်နေပြီ။ ကျွန်တော် သူ့ကို လှမ်းခေါ်လိုက်တယ်။ “မလင်းလင်းမော်”
မလင်းလင်းမော်က တစ်ချက်တုံ့သွားပြီး နောက်လှည့်ကြည့်တယ်။ “ရှင်က ….”
“ဟိုးရှေ့တစ်ရက်က ကျွန်တော်တို့ သူရိန်အိမ်မှာ ဆုံဖူးကြတယ်လေ”
“ဪ … ကျွန်မ မှတ်မိပြီ”
“ကျွန်တော်က သူရိန်ရဲ့ သူငယ်ချင်းပါ။ ကျွန်တော်နာမည် ပေါ်လွင်ပါ။ နောက်ပြီး ကျွန်တော်နဲ့ မလင်းလင်းမော်ရဲ့ အစ်ကိုနဲ့ကလည်း ကျောင်းနေဖက်တွေလေ”
“အဲဒီနေ့က ဦးသူရိန်ပြောနေတာ ကြားပါတယ်”
“ကျွန်တော် ပြောစရာလေး နည်းနည်းရှိလို့။ အချိန်ရမလား မသိဘူးဗျ”
သူက နာရီကို တစ်ချက်ကြည့်ပြီး ခပ်လှမ်းလှမ်းကိုလည်း ဝေ့ဝိုက်ကြည့်လိုက်တယ်။
“တစ်ယောက်ယောက် စောင့်နေလို့လား”
သူကြည့်နေတဲ့ဘက်ကို လှမ်းကြည့်လိုက်တော့ စိမ်းပြာရောင် ကားလေးတစ်စီး လမ်းဘေးမှာ ရပ်ထားတာ တွေ့လိုက်တယ်။ ကားပေါ်မှာ အမျိုးသားတစ်ယောက်က ကျွန်တော်တို့ဘက် လှမ်းကြည့်လို့။
“ခင်ဗျား အမျိုးသားလား”
“မ …. မဟုတ်ပါဘူး”
သမီးရည်းစားတွေပဲ ဖြစ်ရမယ်လို့ စိတ်ထဲက ကောက်ချက်ဆွဲလိုက်တယ်။
“ဒီမှာ ပြောလည်း ရပါတယ်။ ကျွန်တော် မေးချင်တာလေး ရှိလို့ပါ”
“ဘာများပါလိမ့်”
အဲဒီနေ့က ခင်ဗျားနဲ့ သူရိန်၊ ဘာတွေ ပြောခဲ့ကြတာလဲ”
“ဘာပြောသလဲ … ကိစ္စဟောင်းပဲပေါ့ရှင်။ စာအုပ်တွေ အမြန်ပြန်သိမ်းပြီး တရားဝင် တောင်းပန်စာ ရေးပေးဖို့ပေါ့။ ကျွန်မအစ်ကိုနဲ့ သက်ဆိုင်တဲ့ မသတီစရာ အပိုင်းတွေကို ပြန်ပြင်ရေးပေးဖို့ပါ။ သူ ကနေဒါကို ပြောင်းသွားတော့မယ်လို့ ကြားရတယ်လေ။ ဒီတော့ ဒီပြဿနာကို ဘယ်ပုံဘယ်နည်း ဖြေရှင်းပေးမလဲဆိုတဲ့ ကတိစကားတစ်ခု သူ့ဆီက ခိုင်ခိုင်မာမာ ရဖို့ ကြိုးစားရတာပေါ့”
“သူရိန်က ဘယ်လို ပြောသလဲ”
“ဒီပြဿနာကို ပြေလည်စေချင်တဲ့ ဆန္ဒ သူ့မှာ ရှိပါတယ်တဲ့။ ဒါပေမယ့် သူထပ်ပြောတာက ဖြစ်ပျက်ခဲ့ပြီးသား အရှိတရားကို သစ္စာမဖောက်ချင်ဘူးတဲ့လေ”
“ခင်ဗျားရဲ့ တောင်းဆိုမှုကို သဘောမတူနိုင်ဘူးလို့ ဆိုလိုတာပေါ့”
“လူတစ်ယောက်ကို သရော်စော်ကားချင်လို့ မဟုတ်ဘဲ စာပေအနုပညာ ရသမြောက်ဖို့အတွက် ဆိုရင် သူ့ရဲ့ အတွင်းရေးတွေ ဖော်ကျူးတာကို ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိဘူးလို့ ယုံကြည်တယ်တဲ့”
“ခင်ဗျားကတော့ ဘယ်သဘောတူနိုင်ပါ့မလဲ”
“ဒါပေါ့” သူ ပါးစပ်ကို တင်းတင်းစေ့ထားတယ်။
“ဒီတော့ ညှိလို့ အဆင်မပြေခဲ့ဘူး ဆိုပါတော့”
“သူက ကနေဒါမှာ အခြေတကျ ဖြစ်တာနဲ့ ကျွန်မဆီ ဆက်သွယ်လိုက်မယ် ပြောတယ်။ အဲဒီအခါကျမှ ဆက်ပြီး ဆွေးနွေးကြဖို့ သူက ကတိပေးတယ်။ သူ ပြောင်းရရွှေ့ရနဲ့ တကယ်ပဲ အလုပ်ရှုပ်နေမှန်း သိတာကြောင့် ဆက်ပြီး ဖိအားပေးနေလည်း အပိုပဲလို့ ယူဆတာနဲ့ သူ့ဆန္ဒအတိုင်း သဘောတူပြီး ကျွန်မ ပြန်လာခဲ့တယ်”
သူရိန်အနေနဲ့ တခြားဘာပြောလို့ ရမလဲဆိုတာ ကျွန်တော်လည်း စဉ်းစားလို့ မရဘူး။
“ဒါနဲ့ အိမ်တန်းပြန်တယ်ပေါ့”
“ကျွန်မလား … ဟုတ်ကဲ့”
“တခြားနေရာ ပတ်ဝင်တာမျိုး မရှိတော့ဘူးလား”
“ဟင့်အင်း” သူ ခေါင်းခါပြတယ်။ မလင်းလင်းမော်က မျက်လုံးနည်းနည်း ပြူးကျယ်လာပြီး ကျွန်တော်ကို ခပ်စူးစူးကြည့်လိုက်တယ်။ “ရှင် ကျွန်မကို တရားခံစစ် စစ်နေတာလား”
“မဟုတ်ပါဘူးဗျာ” ကျွန်တော် ခေါင်းငုံ့လိုက်ပြီး နှာခေါင်းကို ပွတ်နေမိတယ်။ စစ်လားဆေးလား လုပ်နေတာ မဟုတ်ဘူးဆိုရင်ကော ဘာဖြစ်နိုင်ဦးမှာလဲ။ ကိုယ့်ဘာသာကိုယ်တောင် အူကြောင်ကြောင်နဲ့။
သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး “မနေ့က ကျွန်မ မှုခင်းရဲတွေနဲ့ တွေ့ပြီးပြီ။ ဒီလို မေးခွန်းမျိုးတွေပဲ အမေးခံခဲ့ရတယ်။ ဒါပေမယ့် သူတို့မေးတာကတော့ ပိုပြီး စုံတာပေါ့။ ဦးသူရိန်ကို မုန်းသလား ဆိုတာမျိုးကအစ ပါတယ်”
“အမ် ….” ကျွန်တော် သူ့မျက်နှာကို စိုက်ကြည့်ပြီး “အဲ့တော့ ဘယ်လိုဖြေလိုက်လဲ”
“ကျွန်မ သူ့ကို မမုန်းပါဘူး။ ဒါပေမယ့် သေဆုံးပြီးသူတစ်ယောက်ရဲ့ သိက္ခာကိုတော့ လေးစားစေချင်တယ်လို့ ပြောလိုက်တယ်”
“<ဘေးမဲ့မြေ> ဆိုတဲ့ စာအုပ်ကို” ကျွန်တော် ပြောလိုက်တယ်။ “ဒီလောက် ဂရုစိုက်စရာ လိုလို့လား။ ခင်ဗျား အစ်ကိုကို ထိခိုက်နိုင်ပါ့မလား”
“ဘယ်သူမဆို လျှို့ဝှက်ချက် ရှိကြတာပဲရှင်။ ပြီးတော့ ဖုံးကွယ်ထားပိုင်ခွင့်လည်း ရှိတယ်လေ။ ကွယ်လွန်သူ တစ်ယောက်အတွက်လည်း ဒီအတိုင်းပါပဲ”
“တကယ်လို့ အဲဒီ လျှို့ဝှက်ချက်က သိပ်စိတ်ဝင်စားစရာ ကောင်းပြီး လူအများ စိတ်ဝင်စားရအောင် ဖြန့်ဝေမယ်ဆိုရင်ရော အပြစ်လို့ ဆိုနိုင်ပါ့မလား”
“စိတ်ဝင်စားစရာ …” သူက တအံ့တဩ ကြည့်ရင်း “အလယ်တန်းကျောင်းသားတစ်ယောက်က မိန်းမငယ်လေးတစ်ဦးကို ဗလက္ကာရ ပြုတာ စိတ်ဝင်စားစရာလား”
“ပညာပေးနိုင်ဖို့အတွက် ဒါမျိုး အကြောင်းအရာတွေကို အသေးစိတ် ထည့်ရေးဖို့ တစ်ခါတလေမှာ လိုအပ်နေတတ်တယ်”
သူက သဘောမကျတဲ့ ဟန်ပန်နဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး “ဒီမယ် ဦးပေါ်လွင်၊ ရှင်ကလည်း စာရေးဆရာပဲထင်တယ်”
“ဟုတ်ပါတယ်။ ကျွန်တော်က လူငယ်စာပေတွေ ရေးပါတယ်”
“ရှင် ဦးသူရိန်ဘက်ကနေ ဒီလောက် ရှေ့နေလိုက်ပေးနေတာ ရှင်ကိုယ်တိုင်က စာရေးဆရာတစ်ယောက် ဖြစ်လို့ ထင်ပါရဲ့”
ကျွန်တော် တစ်ချက်တွေးလိုက်ပြီး “ဟုတ်မလား မသိဘူးဗျ”
“အတော် အမြင်ကပ်စရာ ကောင်းတာပဲ” သူ နာရီကို ငုံ့ကြည့်ပြီး “ဆောရီးပဲ၊ ကျွန်မကို သွားခွင့်ပြုပါဦး” သူ့ကို စောင့်နေတဲ့ ကားငယ်ဆီ တန်းတန်းမတ်မတ် လျှောက်သွားတော့တယ်။
****