အိမ်ပြန်ရောက်ပြီး အလုပ်နည်းနည်း လုပ်ပြီးတာနဲ့ လူခေါ်ခေါင်းလောင်းက အသံမြည်လာတယ်။ ကျွန်တော့်နေအိမ်နဲ့ သူရိန်ရဲ့ နေအိမ်က ဘယ်လိုမှ နှိုင်းယှဉ်လို့ မရအောင် ကွာခြားလွန်းပါတယ်။ ကျွန်တော့်အိမ်က ငါးထပ်တိုက် အဆောက်အအုံကြီးထဲက တိုက်ခန်းသေးသေးလေး တစ်ခန်းမျှသာ။ အိပ်ခန်းကို အလုပ်ခန်းအနေနဲ့ တွဲသုံးပြီး ကျန်တဲ့ နေရာလွတ်ကိုတော့ ဧည့်ခန်းအဖြစ်ရော ထမင်းစားခန်းအဖြစ်နဲ့ပါ သုံးနေရတာ။ ချက်ပြုတ်တာလည်း အဲဒီမှာပဲ။ သန္တာလို အိမ်ထောင်ဖက်မျိုးကလည်း မရှိတော့ ဘဲလ်မြည်ရင် ကိုယ်တိုင်ပဲ တံခါးသွားဖွင့်ရတာပေါ့။
တံခါးချောင်းကြည့်ပေါက်ကနေ ဘယ်သူဘယ်ဝါလဲ ကြည့်ပြီး တံခါးဖွင့်ပေးလိုက်တယ်။ ရင်သွေးစာအုပ်တိုက်က ကိုဦး။
“အရင်အတိုင်းပဲ၊ အချိန်သိပ်တိကျတာပဲ” ကျွန်တော်က ပြောလိုက်တယ်။
“ဒါက ကျွန်တော်ရဲ့ တစ်ခုတည်းသော အားသာချက်လေဗျာ။ ကျွန်တော် ဒါလေးယူလာတယ်”
သူ့လက်ထဲက လေးထောင့်စက္ကူဗူးကို ကျွန်တော်ဘက် ကမ်းပေးတယ်။ ဗူးပေါ်မှာက နာမည်ကြီး စားသောက်ဆိုင်တစ်ခုရဲ့ တံဆိပ်နဲ့။ ကျွန်တော်က အစားကောင်းကောင်း မက်တဲ့သူဆိုတာကို သူ သိနေတယ်လေ။
“အားနာလိုက်တာဗျာ။ တကူးတကကြီး ဝယ်လာရတယ်လို့”
“အဲလိုလည်း မဟုတ်ပါဘူး။ အိမ်အပြန် လမ်းကြုံနေတာကို”
ကျွန်တော်က ကိုဦးကို ဧည့်ခန်း ကျဉ်းကျဉ်းလေးမှာ နေရာချပေးပြီး ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်တယ်။ ပြီးတော့ အလုပ်ခန်းဆီ ဝင်သွားပြီး စာရေးစားပွဲပေါ်က စာမူကို ယူလာလိုက်တယ်။ “ရော့၊ ဒီမှာ။ ရေးတာ ကောင်းမကောင်းတော့ မသိဘူးဗျာ”
“ကျွန်တော် ဖတ်ကြည့်လိုက်မယ်” ရေနွေးကြမ်းခွက်ကို လက်က ချပြီး စာမူကို သူ လှမ်းယူလိုက်တယ်။ သူ ဖတ်နေတုန်း ကျွန်တော်က သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေမိတယ်။ အရင်လိုပဲ ကိုယ့်အရှေ့မှာတင် ကိုယ့်ရဲ့ စာမူကို ဖတ်နေတာ မြင်ရရင် စိတ်ထဲမှာ မတင်မကျနဲ့။
ကိုဦး စာမူကို ဖတ်လို့ တစ်ဝက်လောက် အပြီးမှာပဲ ထမင်းစားပွဲပေါ်က တယ်လီဖုန်းသံ မြည်လာတယ်။ ကျွန်တော်က “ခဏနော်” လို့ပြောပြီး ထသွားလိုက်တယ်။
“ဟယ်လို၊ ကျွန်တော် ပေါ်လွင်ပါ”
“အေး၊ ငါပါ” သူရိန်ရဲ့ အသံ။ အသံက နည်းနည်း လေးနက်နေသလိုပဲ။
“အင်း၊ ဘာဖြစ်လို့လဲ” ကျွန်တော်စိတ်ထဲမှာ အခုထိ မလင်းလင်းမော်ကိစ္စကို သတိရနေတုန်းပဲ။ ဒါပေမယ့် သူရိန်က အမေးကို တိုက်ရိုက်မဖြေဘဲ ခဏငြိမ်သွားပြီးမှ “မင်း အခုအလုပ်ရှုပ်နေလား”
“အလုပ်ရှုပ်တယ်လို့လည်း မဟုတ်ပါဘူးကွာ။ ဧည့်သည်တစ်ယောက် ရောက်နေတာပါ”
“ဪ .. ဘယ်အချိန်လောက် အားမလဲ”
နံရံပေါ်က တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်တယ်။ ၆ နာရီစွန်းစွန်းပဲ ရှိသေးတာ။
“နည်းနည်းတော့ ကြာဦးမယ် ထင်တယ်။ ဘာတွေ ဖြစ်နေတာလဲ”
“အင်း …. ဖုန်းထဲမှာ ပြောလို့တော့ အဆင်မပြေဘူး။ ငါ မင်းကို တိုင်ပင်စရာရှိတယ်။ ငါ့အိမ်ကို ခဏလာပေးလို့ ရမလား”
“ရတယ်လေ” ကိုဦးတစ်ယောက် အိမ်ထဲမှာ ရှိနေတာကို မေ့သွားတော့မလို့။ မလင်းလင်းမော်နဲ့ ပတ်သက်နေတာလားလို့ မေးဖို့ ပါးစပ်ဟလိုက်ပြီးကာမှ သတိဝင်လာတယ်။
“၈ နာရီလောက်ဆို ရမလား” သူက ပြောတယ်။
“ကောင်းပြီလေ”
“ဒါဆို ငါစောင့်နေမယ်” သူ ပြောပြီးပြီးချင်း ဖုန်းချသွားတယ်။
တယ်လီဖုန်းလက်ကိုင်ကို ချလိုက်တော့ ကိုဦးကလည်း ထိုင်ခုံကနေ အပြေးအလွား ထရပ်ပြီး “ခင်ဗျားမှာ အလုပ်ရှိနေတယ် ဆိုရင်လည်း ကျွန်တော် ……”
“ရတယ်၊ ကိစ္စမရှိပါဘူး” သူ့ကို ပြန်ထိုင်ဖို့ လက်နဲ့ အမူအရာပြရင်း “ကျွန်တော် တခြားသူနဲ့ ၈ နာရီ ချိန်းထားတာပါ။ အချိန်ရှိပါသေးတယ်။ အေးအေးဆေးဆေး ဖတ်ပါ”
“ဒီလိုလား” သူက ကျွန်တော့်စာမူကို ကောက်ကိုင်ပြီး ဆက်ဖတ်နေတော့တယ်။ ကျွန်တော်က သတင်းစာကို ပြန်ကောက်ကိုင်ပြီး စိတ်ထဲမှာတော့ သူရိန် ဘာအကြောင်း ပြောမလို့လဲဆိုတာ တွေးနေမိတယ်။ မဟုတ်မှလွဲရော မလင်းလင်းမော် ကိစ္စပဲနေမှာ။ အဲဒါမှမဟုတ်ရင်လည်း တခြားဘာဖြစ်မလဲဆိုတာ မတွေးတတ်တော့ဘူး။
သူရိန်က <ဘေးမဲ့မြေ> ဆိုတဲ့ ဝတ္ထုတစ်အုပ် ရေးခဲ့တယ်။ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်း ရေးထားတာ။ စိတ်ကူးယဉ်ဝတ္ထုလို့ လူသိရှင်ကြား ပြောထားပေမယ့် တကယ်တမ်းကျတော့ အဲဒီစာအုပ်ထဲက အဓိကဇာတ်ကောင်ဟာ အပြင်မှာ တကယ်ရှိခဲ့တယ်။ သူ့နာမည်က ဦးထွန်းမောင် တဲ့။
ထွန်းမောင်နဲ့ကျွန်တော်၊ နောက်ပြီး သူရိန်နဲ့က အလယ်တန်းကျောင်းတစ်ကျောင်းမှာ တစ်ခန်းတည်း အတူတူ ကျောင်းတက်ခဲ့ကြတာလေ။ ဒါကြောင့်မို့ပဲ ထင်ပါရဲ့။ သူရိန်က ထွန်းမောင်အကြောင်း ဝတ္ထုတစ်ပုဒ်ရေးဖို့ အာသီသ ရှိခဲ့ပုံရတယ်။ ခက်တာက ထွန်းမောင် အရင်က လုပ်ခဲ့တဲ့ လူကြားမကောင်း လူမြင်မတော်တဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်း ချရေးထားတာပဲ။ အထူးသဖြင့် ကျောင်းသားဘဝက စုတ်စုတ်ပဲ့ပဲ့ အကျင့်ဆိုးတွေကို ငယ်ကျိုးငယ်နာ ဖော်ထားတာမျိုး။ သူရိန်က လူနာမည်တွေကို လှီးလွှဲပြီး သုံးထားတယ် ဆိုပေမယ့် စာအုပ်ထဲမှာ ရေးထားတဲ့ ပုံစံက စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားတာမျိုးနဲ့ မတူဘူး။ နောက်ဆုံးမှာ ဇာတ်လိုက်ကို မိန်းမပျက်တစ်ယောက်က ဓားနဲ့ထိုးသတ်လို့ သေသွားတယ်ဆိုတာကအစ တကယ့် ဖြစ်ရပ်မှန်အတိုင်း တထေရာတည်းပဲ။
ဒီစာအုပ်က ရောင်းရအကောင်းဆုံး Best Seller စာရင်းဝင်တယ်။ ထွန်းမောင်နဲ့ သိဖူး ခင်ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဒီဝတ္ထုရဲ့ ဇာတ်လိုက်က ဘယ်သူလဲဆိုတာ တွေးကြည့်နေစရာတောင် မလိုဘူး။ နောက်တော့ ထွန်းမောင်ရဲ့ ဆွေမျိုးတွေကပါ ဒီစာအုပ်ကို ဖတ်မိကြတယ်။
ထွန်းမောင်ရဲ့ အဖေက ခပ်စောစောကတည်းက ကွယ်လွန်ခဲ့ပြီဆိုတော့ အခု တရားဝင် ကန့်ကွက်နေကြတာက ထွန်းမောင်ရဲ့ အမေနဲ့ နှမ။ သူတို့ရဲ့ သဘောထားက – ဒီဝတ္ထုရဲ့ ဇာတ်လိုက်ဟာ ထွန်းမောင်ဆိုတာ သိပ်သိသာလွန်းတယ်။ ထွန်းမောင်ရဲ့ အကြောင်းကို ရေးဖို့ လူတစ်ယောက်ယောက်ကို ခွင့်ပြုခဲ့ဖူးတာမျိုး မရှိခဲ့ဘူး။ ပြီးတော့ ဒီစာအုပ်ဟာ ထွန်းမောင်ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးကို နှိုက်နှိုက်ချွတ်ချွတ် ဖော်ပြထားပြီး သူ့ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားရာ ရောက်တယ်။ ဒါကြောင့် သူတို့ တောင်းဆိုတာက ထုတ်ထားသမျှ စာအုပ်အကုန် ပြန်သိမ်းပြီး အစအဆုံး ပြန်ပြင်ရေးပေးဖို့ …….
သူရိန်ကလည်း ပြောဖူးတယ်။ သူတို့ဘက်ကလည်း ငွေရေးကြေးရေးလို နစ်နာကြေး အလျော်တောင်းတာမျိုးလည်း မရှိဘူး။ သူတို့က တကယ်ပဲ ဝတ္ထုကို ပြန်ပြင်ရေးပေးစေချင်ရုံ သက်သက်ပဲလား။ ဒါမှမဟုတ် တခြား ပိုနက်နဲတဲ့ အကြံအစည် ရှိဦးမလားဆိုတာ အခုချိန်ထိ ကောက်ချက်မချနိုင်သေးဘူး။
ဖုန်းထဲက ပြောတဲ့ သူရိန်ရဲ့ အသံအနေအထားကို ခန့်မှန်းရရင်တော့ မလင်းလင်းမော်နဲ့ ညှိနှိုင်းကြတာ အောင်မြင်ပုံမရဘူး။ ဒါပေမယ့် ကျွန်တော့်ကို လှမ်းခေါ်တယ် ဆိုတာကရော ဘာကိစ္စလဲ။ တကယ်လို့ သူတို့ ညှိနှိုင်းတာ မအောင်မြင်ဘူး ဆိုရင်လည်း ကျွန်တော်ကရော ဘာကူညီပေးနိုင်မှာမို့လဲ။
ကျွန်တော် တောင်တွေးမြောက်တွေး တွေးနေတုန်းမှာပဲ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ကိုဦးက စာမူကို ဖတ်လို့ပြီးသွားတယ်။ ကျွန်တော်ရဲ့ အကြည့်ကို သတင်းစာပေါ်ကနေ ခွာလိုက်တယ်။
“ရေးထားတာ မဆိုးဘူးပဲ” ကိုဦးက ပြောတယ်။ “နွေးထွေးမှုအပြည့်နဲ့ အတိတ်ကို လွမ်းဆွတ်သွားစေတဲ့ ခံစားမှုမျိုးရတယ်။ အတော်ကောင်းတယ်လို့ ကျွန်တော်ကတော့ ယူဆတာပဲ”
“ဟုတ်လား။ ခင်ဗျား ဒီလိုပြောတာ ကြားရမှ စိတ်အေးတော့တယ်ဗျာ” ကျွန်တော့်စိတ်ထဲ ပေါ့ပါးသွားပြီး ရေနွေးကြမ်းတစ်ငုံ သောက်လိုက်တယ်။ ကိုဦးဆိုတဲ့ ဒီလူငယ်က အပေါင်းအသင်း ဝင်ဆံ့တဲ့ လူမျိုးဆိုပေမယ့် လူတကာကို လိုက်မြှောက်ပင့် ပြောနေတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။
ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့ နောက်နောင် အစီအစဉ်တွေအတွက် ဆွေးနွေးတိုင်ပင်ကြမှာ ဆိုပေမယ့် အခုဟာက သူရိန်နဲ့ ချိန်းထားတာလည်း ရှိသေးတယ်လေ။ အခုပဲ ၆ နာရီခွဲ ရှိနေပြီ။
“အချိန်ရသေးရဲ့လား” ကိုဦးက အလိုက်တသိ မေးတယ်။
“အင်း ရသေးတယ်။ ဘယ်လိုလဲ။ ဒီနားမှာ ထမင်းဆိုင်တစ်ဆိုင်ရှိတယ်။ ကျွန်တော်တို့ အဲဒီကိုသွားပြီး ညစာစားရင်း ဆွေးနွေးရရင် မကောင်းဘူးလား။ ဒီလိုဆို ကျွန်တော်ကို ကူညီရာလည်း ရောက်တာပေါ့”
“ကောင်းတာပေါ့။ ကျွန်တော်လည်း ညစာ မစားရသေးဘူး” သူက စာမူကို သားရေအိတ်ထဲ ထည့်လိုက်တယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် သူအခု အသက် (၃၀) နားနီးပြီလေ။ အခုထိ တစ်ကိုယ်တည်း လူပျိုကြီးပဲ။
ကျွန်တော့်အိမ်နဲ့ ၂ မိနစ် ၃ မိနစ် အကွာလောက်မှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်။ တစ်ဘက်က ညစာစားရင်း တစ်ဘက်က အလုပ်ကိစ္စ ဆွေးနွေးရင်းပေါ့။ အလုပ်ကိစ္စပြောတာ ဆိုပေမယ့် တကယ်တမ်းကတော့ စကားက ဟိုရောက်ဒီရောက်ပါပဲ။ သူနဲ့ပြောရင်း ခဏနေ သွားတွေ့မယ့်သူက စာရေးဆရာကြီး သူရိန်ဆိုတာ မထင်မှတ်ဘဲ သူ့ကို ပြောလိုက်မိတယ်။ ကိုဦးက ကြားတော့ တအံ့တဩနဲ့။
“ခင်ဗျား အဲဒီဆရာကြီးကို သိတာလား”
“အင်း၊ ငါတို့က မူလတန်း၊ အလယ်တန်း တစ်ကျောင်းတည်းပဲလေ။ နေကြတာလည်း နီးနီးလေးရယ်။ ဒီလမ်းအတိုင်းသွားရင် ရောက်တယ်။ ကျွန်တော်တို့ ငယ်ငယ်က နေခဲ့တဲ့ အိမ်တွေကို ဖျက်ပစ်ကုန်ပြီ။ အခု ကန်ထရိုက်တိုက်တွေ ဆောက်နေလေရဲ့”
“ဒါဆို ခင်ဗျားတို့က ငယ်သူငယ်ချင်းတွေပေါ့”
“အဲဒီလိုပေါ့။ အခုထိလည်း အဆက်အဆံ ရှိကြတုန်းလေ”
“ဪ” ကိုဦးက အားကျနေတဲ့ မျက်လုံးအစုံနဲ့။ “ကျွန်တော် မသိခဲ့ဘူး”
“ကျွန်တော် ခင်ဗျားတို့ စာအုပ်တိုက်အတွက် စာမူရေးပို့ခွင့် ရတာကလည်း သူ့ရဲ့ အဆက်အသွယ်ပဲပေါ့ဗျာ”
“အိုး ဒီလိုလား”
“အစက ခင်ဗျားတို့ စာအုပ်တိုက်ရဲ့ စာတည်းချုပ်က သူရိန်ဆီမှာ စာမူတောင်းတာလေ။ သူက လူငယ်စာပေမျိုး အားမသန်တော့ ငြင်းလိုက်တယ်။ နောက်တော့ ကျွန်တော်ကို ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးတာပဲ။ ပြောရရင် သူက ကျွန်တော့် ကျေးဇူးရှင်ပဲပေါ့ဗျာ” ကြက်ကြော်တုံးတစ်တုံးကို ခက်ရင်းနဲ့ ထိုးပြီး ပါးစပ်ထဲထည့်ရင်း ကျွန်တော်ပြောလိုက်တယ်။
“အိုး ဒီလိုကိစ္စမျိုး ရှိတာလား” ကိုဦးက ဆက်မေးတယ်။ “ဦးပေါ်ကရော လူကြီးတွေအတွက် ရည်ရွယ်တဲ့ ဝတ္ထုမျိုးတွေ မရေးချင်ဘူးလား”
“အရမ်းရေးချင်တာပေါ့။ အခွင့်အရေး ရရင်လေ” ဒါကျွန်တော်ရဲ့ ရင်တွင်းစကားပါ။
၇ နာရီခွဲမှာ ကျွန်တော်တို့ စားသောက်ဆိုင်ထဲကနေ ထွက်လာပြီး ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားကြတယ်။ ကိုဦးစီးရမယ့် ဘတ်စ်ကားပေါ် သူတက်သွားပြီး သိပ်မစောင့်လိုက်ရဘူး။ ကျွန်တော်ရဲ့ ဘတ်စ်ကားလည်း ရောက်လာတယ်။
ကျွန်တော် လူခေါ်ခေါင်းလောင်းကို နှိပ်ပြီး တော်တော်ကြာတဲ့အထိ ဘာသံမှ တုံ့ပြန်သံ မကြားရဘူး။
ကျွန်တော်ပဲ အမှတ်မှားလေသလား။ သူရိန် ဖုန်းထဲမှာ ပြောတဲ့ ၈ နာရီဆိုတာက “သူ့အိမ်” အရောက်လို့ ဆိုလိုတာ မဟုတ်လို့လား။
ကျွန်တော် လာလမ်းအတိုင်း လှည့်ပြန်လာရင်း မနီးမဝေးမှာ ပန်းခြံလေးတစ်ခု ရှိတယ်။ ကျွန်တော် အိတ်ကပ်ထဲက အကြွေစေ့ကို နှိုက်ရင်း ပန်းခြံဘေးက အများပြောဖုန်းရုံထဲ ဝင်လိုက်တယ်။
တော်ဝင်ဟော်တယ်ရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီး ဦးသူရိန်နဲ့ စကားပြောချင်ကြောင်း ပြောလိုက်တော့ ဧည့်ကြိုက ချက်ချင်းပဲ ဖုန်းလွှဲပေးတယ်။
“ဟယ်လို ဟုတ်ကဲ့ ပြောပါရှင်” သန္တာရဲ့အသံ။
“ကျွန်တော် ပေါ်လွင်ပါ။ သူရိန်ရှိလား”
“ဟင့်အင်း၊ သူ ဒီကိုမရောက်သေးဘူး။ အိမ်မှာပဲ ရှိလိမ့်မယ်။ သူ့အလုပ်က မပြတ်သေးဘူး”
“သူ အိမ်မှာ မရှိဘူးထင်တယ် ….” ကျွန်တော် သူ့ကို ပြောပြလိုက်တယ်။ သူ့အိမ်က တစ်အိမ်လုံး မဲမှောင်နေတာပဲ။ အထဲမှာ လူရှိပုံ မရဘူး။
“အထူးဆန်းပဲ” သူက တွေးတွေးဆဆနဲ့ “သူကျွန်မကို ပြောတာက ညဉ့်နက်လောက်မှ ဟော်တယ်ပြန်လာနိုင်မယ်တဲ့လေ”
“ခဏ အပြင်ထွက်သွားတာများလား”
“မဖြစ်နိုင်ဘူးထင်တယ်” သန္တာက စဉ်းစားနေပုံရတယ်။ ခဏငြိမ်သွားပြီး “ဒီလိုလုပ်ပါလား။ ကျွန်မ အဲဒီကို လိုက်သွားလိုက်မယ်။ နောက် မိနစ် (၄၀) လောက်ဆို ရောက်မယ်။ အဲ … ဦးပေါ်က အခု ဘယ်မှာလဲ”
ကျွန်တော် ရောက်နေတဲ့ နေရာကို ပြောပြပြီး အနီးအနားက ကော်ဖီဆိုင်တစ်ဆိုင်မှာ ခဏ အချိန်ဖြုန်းနေလိုက်မယ့်အကြောင်း ပြောပြီးတာနဲ့ ဖုန်းချလိုက်တယ်။
ဖုန်းရုံထဲက ထွက်ပြီး ကော်ဖီဆိုင် မဝင်ခင် သူရိန်ရဲ့အိမ်ဘက် တစ်ခေါက် ပတ်ကြည့်လိုက်သေးတယ်။ စောစောကအတိုင်းပဲ။ မီးတွေအကုန် ပိတ်ထားပြီး ကားပါကင်မှာတော့ သူ့ရဲ့ BMW ကား ရပ်ထားတယ်။ တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးနေမိတယ်။
ဒီကော်ဖီဆိုင်ကို သူရိန်လည်း စိတ်အနားပေးချင်ရင် မကြာမကြာ လာထိုင်တတ်တယ်။ ကျွန်တော်ရောက်ဖူးတာလည်း မရေမတွက်နိုင်အောင်ပဲ။ ဆိုင်ရှင်က ကျွန်တော့်ကို မှတ်မိနေတယ်။ ဒီနေ့ ဘာဖြစ်လို့ သူရိန် မပါတာလဲလို့တောင် မေးနေသေးတယ်။ သူနဲ့ကျွန်တော် ချိန်းထားတာ၊ ဒါပေမယ့် သူအိမ်မှာမရှိဘူး လို့ ကျွန်တော် ပြောပြလိုက်တယ်။
ဆိုင်ရှင်နဲ့ ဘောလုံးပွဲအကြောင်း၊ ဟိုအကြောင်းဒီအကြောင်း ပြောရင်းနဲ့ပဲ မိနစ်သုံးဆယ်လောက် ကုန်သွားတယ်။ ကျွန်တော် ပိုက်ဆံရှင်းလိုက်ပြီး ခပ်သွက်သွက်ကလေး သူရိန့်အိမ်ဘက်ဆီ လမ်းလျှောက်သွားတယ်။
အိမ်ရှေ့ အရောက်မှာပဲ သန္တာလည်း အငှားကားပေါ်က ဆင်းလာတာ မြင်ရတယ်။ ကျွန်တော် လှမ်းနှုတ်ဆက်တော့ သူက အပြုံးမျက်နှာနဲ့ တုံ့ပြန်တယ်။ ဒါပေမယ့် အိမ်ခန်းဘက် လှမ်းအကြည့်မှာတော့ သူ့မျက်နှာက ရုတ်တရက် တည်သွားပြီး စိတ်ပူပန်နေကြောင်း ပေါ်လွင်နေတယ်။
“တကယ့်ကို မှောင်မဲနေတာပဲ” သူက ပြောတယ်။
“ပြန်မလာသေးဘူးထင်တယ်”
“ဒါပေမယ့် သူ အပြင်ထွက်စရာအကြောင်း မရှိဘူးလေ”
သူ လက်ကိုင်သားရေအိတ်ထဲက သော့တွဲကို ဆွဲထုတ်ပြီး ခြံဝင်းတံခါးဆီ လျှောက်သွားတယ်။ ကျွန်တော်လည်း သူ့အနောက်က ကပ်လျက်။
အိမ်တံခါးကလည်း သော့ခတ်ထားတယ်။ သန္တာက တံခါးဖွင့်ပြီး အိမ်ခန်းထဲ ဝင်သွားတယ်။ ပြီးတော့ အိမ်တွင်းက မီးလုံးတွေ တစ်ခုစီတစ်ခုစီကို ဖွင့်လိုက်တယ်။ အိမ်ထဲမှာ လေထုက အေးစက်စက်၊ ဘယ်သူမှ မရှိသလို။
သန္တာက ဧည့်ခန်းကို ဖြတ်ပြီး သူရိန်ရဲ့ အလုပ်ခန်းဆီ လှမ်းသွားပြီး တံခါးသော့ ဘုသီးကို လှည့်ကြည့်တယ်။ ပိတ်လျက်သား။
“သူ အပြင်ထွက်ရင် သော့ခတ်သွားတတ်လား” ကျွန်တော် မေးလိုက်တယ်။
သူ တံခါးသော့ကို ရွေးနေရင်း “အခုတလော သူ တံခါးသော့ ခတ်လေ့မရှိဘူး”
သော့ကို လှည့်ဖွင့်အပြီး တံခါးရွက်ကို တွန်းဖွင့်လိုက်တော့ အလုပ်ခန်းထဲမှာလည်း မီးထွန်းမထားဘူး။ လုံးဝ မှောင်မဲနေတာတော့ မဟုတ်ဘူး။ ကွန်ပျူတာက ပလပ်ထိုးထားတော့ ကွန်ပျူတာစခရင်က လင်းနေတယ်။
သန္တာက နံရံကို လက်နဲ့စမ်းရင်း မီးချောင်းခလုတ်ကို နှိပ်လိုက်တယ်။
အခန်းရဲ့ အလယ်မှာ သူရိန်ရဲ့ ခြေထောက်က ကျွန်တော်တို့ဘက် ဆင်းထားရင်း ကြမ်းပြင်မှာ လဲနေတယ်။
စက္ကန့်အနည်းငယ် ငြိမ်နေပြီး သန္တာက ဘာအသံမှ မထွက်ဘဲ အရှေ့ကို တိုးသွားတယ်။ လမ်းတစ်ဝက်အရောက်မှာ သူ ရုတ်တရက် ရပ်လိုက်တယ်။ လက်နှစ်ဘက်နဲ့ ပါးစပ်ကို ပိတ်လျက် တစ်ကိုယ်လုံး တောင့်တင်းပြီး ဆွံ့အနေခဲ့တယ်။
ကျွန်တော်လည်း အူတိအူကြောင်နဲ့ ရှေ့တိုးသွားတယ်။ သူရိန်က ပက်လက်။ ခေါင်းက တစ်ဘက်ကို လည်နေပြီး ဘယ်ဘက်ပါးပြင်က အထင်းသား။ သူ့မျက်လုံးတွေက တစ်နေရာကို ပြူးကြောင်ကြောင် စိုက်ကြည့်လျက်။
“သူသေနေပြီ” ကျွန်တော် ပြောလိုက်တယ်။
သန္တာ့တစ်ကိုယ်လုံး တဖြည်းဖြည်း ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ် အကျမှာပဲ သူ့ရဲ့ ရင်တွင်း နက်ရှိုင်းတဲ့နေရာက ကြေကွဲဆို့နင့်သံတွေ ထွက်ပေါ်လာတော့တယ်။
****