Show contents

မိတ်ဆက်

ဒီဝတ္ထုကို ရေးတဲ့သူဟာ ဂျပန်နိုင်ငံမှာ အင်မတန် နာမည်ကြီးတဲ့ စုံထောက်ဝတ္ထုရေး ဆရာတွေထဲက ဆရာတစ်ဆူပါပဲ။ သူ့နာမည်က Keigo Higashino (東野圭吾) တဲ့။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော်က ဂျပန်စာ မဖတ်တတ်ပါဘူး။ ဒါကြောင့် ဒီဘာသာပြန် ဝတ္ထုကလည်း ဂျပန်ဘာသာကနေ တိုက်ရိုက် ဘာသာပြန်ထားတာ မဟုတ်ကြောင်း အရင်ဆုံး ဝန်ခံရပါလိမ့်မယ်။ ဒီစာရေးဆရာကို မြန်မာတွေအနေနဲ့သာ စိမ်းနေသေးပေမယ့် သူ့စာအုပ်တွေက ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း စတဲ့ ဘာသာစကားတွေနဲ့ ဘာသာပြန်ထားတဲ့ စာအုပ်ပေါင်း များစွာ ရှိနေပါပြီ။ ပြီးတော့ သူ့ဝတ္ထု အတော်တော်များများကိုလည်း ရုပ်ရှင်ကားအနေနဲ့ ရိုက်ထားတာလည်း ရှိပါတယ်။

ကျွန်တော် ပထမဆုံး ဖတ်ဖြစ်တဲ့ ဘာသာပြန် စာအုပ်ကတော့ တရုတ်ဘာသာနဲ့ ပြန်ဆိုထားတဲ့ တရုတ်မူပဲ ဖြစ်ပါတယ်။ နောက်တော့ အင်တာနက်မှာ ရှာကြည့်တာ အင်္ဂလိပ်မူလည်း တွေ့ပြန်တယ်။ ဒါကြောင့် ကျွန်တော် ဘာသာပြန်တဲ့ အခါမှာတော့ တရုတ်မူနဲ့ အင်္ဂလိပ်မူ နှစ်ခုကို ယှဉ်ပြီး တိုက်ဆိုင်ပြီးမှ ဘာသာပြန်ခဲ့ပါတယ်။ သူတို့ နှစ်အုပ်ကလည်း နေရာတချို့မှာ ဘာသာပြန်ပုံ မတူကြတော့ ခေါင်းစားခဲ့ရသေးတယ်။ ကံကောင်းတာက အမှုနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အကြောင်းအရာတွေမှာ ကွဲလွဲတာ မဟုတ်ဘူး။ အပေါ်ယံ အကြောင်းအရာ လောက်မှာဆိုတော့ တော်သေးတာပေါ့။

ဒီဝတ္ထုကို ဘာသာပြန်ဖို့ ဆုံးဖြတ်ပြီးတဲ့ အခါမှာ ကျွန်တော်အနေနဲ့ ဝတ္ထုကို မြန်မာမှုပြုပြီး ပြန်ရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ သိတဲ့အတိုင်းပဲ ဂျပန်နာမည်တွေက အပြည့်အစုံခေါ်ရရင် စကားလုံး ၇ လုံး ၈ လုံးလောက်ရှိတာ။ သူ့နာမည် မှတ်နေရတာနဲ့တင် စာက ဖတ်လို့ ကောင်းမှာ မဟုတ်တော့ဘူး။ ဒါနဲ့ ဂျပန်နာမည်တွေကို မြန်မာနာမည် ပြောင်းပစ်ပြီး မြန်မာမှု ပြုရရင်ကောင်းမယ်လို့ အတွေးဝင်လာပြန်ရော။ ဆရာကြီး ရွှေဥဒေါင်းကို အားကျတာပေါ့။ ဒါနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးကို မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ ပုံစံပေါက်အောင် မြန်မာမှုပြုပစ်ဖို့ ရည်ရွယ်လိုက်တယ်။

မြန်မာမှုပြုတယ် ဆိုပေမယ့်လည်း တကယ်တမ်း ပြောရရင် ဂျပန်နာမည်တွေကို မြန်မာနာမည် ပြောင်းပစ်လိုက်တာလောက်ပဲ ကြီးကြီးမားမား ပြောင်းလဲမှု ရှိပါလိမ့်မယ်။ ကျန်တာကတော့ အသေးအဖွဲ နည်းနည်းပါးပါးပဲ။ ဥပမာ – ဝတ္ထုထဲမှာ ချယ်ရီပင်အကြောင်းပါတယ်။ အဲဒါကို ကျွန်တော်က ပိတောက်ပင်အဖြစ် ပြောင်းလိုက်တယ်။ ပြီးတော့ ဦးသူရိန်စီးတဲ့ ကားအမျိုးအစားကို မြန်မာတွေနဲ့ ရင်းနှီးတဲ့ ကားအမျိုးအစားနဲ့ အစားထိုးထားတယ်။ နောက်ပြီး ဦးပေါ်လွင်သုံးတဲ့ word processor စက်ကို အများစု ရင်းနှီးတဲ့ လက်နှိပ်စက်အဖြစ် ပြောင်းထားတယ်။ အဲဒီ word processor စက်ကို မြန်မာပြည်က လူတွေ မြင်ဖူးကြမယ် မထင်ဘူး။ သူက လက်နှိပ်စက်နဲ့ ကွန်ပျူတာကြားမှာ ပေါ်ခဲ့တဲ့ စက်တစ်မျိုးပဲ။ ပြောရရင် ကွန်ပျူတာ တစ်မျိုးပါပဲ။ ဒါပေမယ့် သူက စာစီစာရိုက်ပဲ လုပ်လို့ရတယ်။ အဲဒီစက်မျိုးကို မြင်ဖူးတဲ့သူ မရှိတော့ လက်နှိပ်စက်နဲ့ပဲ အစားထိုးလိုက်ပါတယ်။ အဲဒီ word processor စက်ကလည်း အမှုနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိပါဘူး။ အခု ပြောခဲ့တာကလွဲလို့ ကျန်တာ အားလုံး နီးပါးဟာ မူရင်းအာဘော်အတိုင်း ဘာသာပြန်ထားတာပါ။ ဒါကြောင့် မြန်မာနာမည် ပြောင်းတာကလွဲလို့ ဘာမှ ထွေထွေထူးထူး ပြင်မထားဘူးလို့ကို ပြောလို့ရပါတယ်။

ဝတ္ထုဇာတ်လမ်းပိုင်းကို ပြောရရင် ကျွန်တော့်အမြင်အရ ဒီဝတ္ထုမှာ အပိုင်း (၃) ပိုင်း ပါတယ်။ ပထမဆုံးအပိုင်းက လူသတ်မှုရဲ့ တရားခံကို ရှာတာ။ ဒုတိယအပိုင်းက လူသတ်ရတဲ့ အကြောင်းအရင်းကို ရှာတာ။ တတိယအပိုင်းကိုတော့ မပြောတော့ဘူး။ မူရင်း စာရေးဆရာအနေနဲ့လည်း အဲဒီလို အပိုင်း (၃) ပိုင်း ခွဲပြီး စာအုပ်ကို ရေးခဲ့တယ်လို့ ယူဆမိတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောရသလဲဆိုတော့ စာအုပ်ရဲ့ စာမျက်နှာ သုံးပုံတစ်ပုံစီ အတိအကျနီးပါး ပိုင်းထားလို့။ ဥပမာ စာအုပ်ရဲ့ သုံးပုံတစ်ပုံလောက်မှာ ပထမပိုင်းကို အဆုံးသတ်ထားတယ်။

ဒီဝတ္ထုက လူသတ်မှုကို ဖော်တာဆိုပေမယ့် လူတွေရဲ့ စိတ်ဓာတ်နဲ့ စရိုက်သဘာဝကို ဦးစားပေးထားတယ်။ လူတွေရဲ့ စိတ်အခြေအနေနဲ့ ခံစားမှုတွေကို ဦးစားပေးပြီး ရေးထားတယ်။ စာအုပ်ရဲ့ ခပ်စောစောပိုင်းမှာတင် ဘယ်သူ သတ်သလဲဆိုတာ ပေါ်နေပြီ။ ဝတ္ထုရဲ့ ဇာတ်အိမ် ဖွဲ့စည်းပုံအရ ဘယ်သူ သတ်သလဲ ဆိုတာက အရေးမပါဘူး။ ဘာကြောင့် သတ်ရသလဲဆိုတဲ့ စိတ်ခံစားမှုပိုင်းကို ဦးစားပေးပြီး ဖော်ပြထားတာ။ ဘာကြောင့်မှန်း မသိရတဲ့ ဒေါသတွေ လူတော်တော်များများမှာ ရှိတတ်ကြတယ်။ အဲဒါ ဝတ္ထုရဲ့ အနှစ်ချုပ်ပဲ။

ဒီဝတ္ထုထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှု အခြေအနေတွေကို ပီပြင်အောင် မူရင်းစာရေးဆရာကတော့ ပုံဖော်ထားတာပဲ။ အခု ဒီမြန်မာပြန်ကို ဖတ်ရင်း အဲဒီလို ပုံပေါ်မနေဘူးဆိုရင်တော့ အဲဒါ ဘာသာပြန်သူရဲ့ ချွတ်ယွင်းချက်ပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်အနေနဲ့ ရသစာအုပ်မျိုးကို တစ်ခါမှ ဘာသာပြန်မကြည့်ဖူးဘူး။ ဒီတော့ ‘ဖတ်လို့လည်း မကောင်းဘူး’ လို့ ထင်မြင်လာခဲ့ရင် ဘာသာပြန်သူရဲ့ အပြစ်ပဲလို့ သဘောထားပေးပါ။ အားလုံး အဆင်ပြေကြပါစေ။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *