မာတိကာကြည့်ရန်

(ခ)

လွန်းဆက်မောင်က တစ်ယောက်တည်း ဧည့်ခန်းထဲမှာ တစ်စောင်းလှဲနေရတယ်။ လှုပ်လို့ရှားလို့လည်း မရဘူး။ မျက်စိကလည်း ဘာမှ မမြင်ရဘူး။ ခပ်လှမ်းလှမ်းက အင်းဆက်တွေရဲ့ ကျည်ကျည်ကျာကျာ အော်သံတွေကပဲ နားထဲကို ခပ်ညင်းညင်း တိုးဝင်နေတယ်။ ကျွဲကြီးက ဘေးနားတစ်နေရာမှာ သူ့ကို စောင့်ကြည့်နေနိုင်တယ်။ ဒါပေမယ့် ဘာမှ ခံစားလို့ မရဘူး။ တစ်ယောက်တည်း အထီးကျန်နေရတာနဲ့ ဘာမှ မထူးခြားသလိုပဲ။

ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ လွန်းဆက်မောင်က ဒီနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးဆကြည့်တယ်။ ဒီတိုက်ကြီးထဲကို စရောက်ခါစ အချိန်တုန်းက ဒီလို ဗရုတ်သုတ်ခ အဖြစ်မျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ စိတ်ကူးနဲ့တောင် ယဉ်ကြည့်ခဲ့ဖူးတာ မဟုတ်ဘူး။

ဒါပေမယ့် ဓားပြတွေရဲ့ ပိတ်လှောင်ဖမ်းဆီးခြင်းကို ခံရတာထက် နှင်းသူရဲ့ သေဆုံးခြင်းနဲ့ အဲဒီကိစ္စကို ယှက်နွှယ်ထားတဲ့ အဖြစ်မှန်က လွန်းဆက်မောင်ကို ပိုပြီး ထိတ်လန့်အံ့ဩစေတယ်။ နှင်းသူက ယုမေကို သတ်ခဲ့တယ်။ ဦးဟန်သာက လက်စားချေချင်တာနဲ့ နှင်းသူကို သတ်ခဲ့ပြန်တယ်။

လုံးဝကို မယုံနိုင်စရာကြီးပဲ။

နှင်းသူက ဆေးဘူးထဲကနေ ဆေးတွေကို လဲလှယ်ပစ်ခဲ့တယ် ဆိုတာ တကယ်ရော ဖြစ်နိုင်ပါ့မလား။ တကယ်လို့သာ သူက နဂိုရှိနေတဲ့ ဆေးဘူးအလွတ်ထဲကို ဆေးတွေ ဖြည့်ထည့်ခဲ့တာ မှန်ရင်တော့ အဲဒီကိစ္စမှာ အကြောင်းအရင်း တစ်ခုခုတော့ ရှိရမှာ အမှန်ပဲ။ ဒါပေမယ့် ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ နှင်းသူက လူသတ်ရလောက်တဲ့အထိ ကြောက်စရာကောင်းတဲ့ ဒုစရိုက်မျိုးကို လုပ်လိမ့်မယ်လို့ သူ လက်မခံနိုင်သေးဘူး။ နောက်ကွယ်မှာ မသိမမြင်နိုင်တဲ့ အကြောင်းတစ်ခုခုများ ရှိနေရော့သလား။

အဲဒီနေ့က နှင်းသူနဲ့ ယုမေတို့ တွေ့ဆုံဖြစ်ကြတဲ့ ကိစ္စက ဟုတ်နိုင်လောက်တယ်။ ဒါဆို ….

အတွေးတစ်ခုက လွန်းဆက်မောင်ရဲ့ ဦးနှောက်ထဲ တိုးဝင်လာတယ်။ ယုမေ သေဆုံးပြီးနောက်မှာ သူ အစဉ်တစိုက် ယုံကြည်ထားခဲ့တဲ့ ကိစ္စတစ်ခုကို လုံးဝ မှောက်လှန်ချပစ်လိုက်သလိုပဲ။ အခု ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စရဲ့ အနက်အဓိပ္ပာယ်ကလည်း လုံးဝကို ကျွမ်းထိုးမှောက်ခုန် ပြောင်းလဲသွားတယ်။

စိတ်ငြိမ်ငြိမ်ထား။ အားလုံးကို နောက်တစ်ခေါက်ပြန်ပြီး နေရာချကြည့်စမ်း။ လွန်းဆက်မောင်က သူ့ကိုယ်သူ အဲဒီလို ပြောရင်း မှတ်ဉာဏ်အားကိုးနဲ့ အတိတ်ကို ပြန်လည်တူးဆွကြည့်တယ်။ စိတ်ကို ထိခိုက်နာကျင်စေတဲ့ ပုံရိပ်တွေက ပိုပြီးတော့ စစ်မှန်သက်ဝင်လာတယ်။ ပြီးတော့ နှင်းသူက သူ့ကို ချစ်နေတယ် ဆိုတဲ့ အမှန်တရားကလည်း ပိုပြီး လန်းဆန်းတက်ကြွစွာနဲ့ သူ့ရင်ကို လာဆောင့်တယ်။

ကြမ်းပြင်ပေါ်ကို ချွေးတစ်စက်က တောက်ကနဲ ကျသွားတယ်။ ဒီညက လေပြေကလေး သုတ်ဖြူးနေလို့ ချွေးဒီးဒီး ကျရလောက်အောင် ပူလောင်မနေဘူး။

ခြေအစုံ၊ လက်အစုံကို တုပ်ချည်ခံထားရင်းနဲ့ လွန်းဆက်မောင်က ဘယ်ပြန်ညာပြန် အကြိမ်ကြိမ် လူးလှိမ့်နေတယ်။ မင်္ဂလာမရှိတဲ့ အတွေးတစ်ခုက သူ့ခေါင်းထဲမှာ ရစ်ဝဲနေတယ်။ ဘယ်လောက် ခါထုတ်ခါထုတ် လွင့်ထွက်မသွားခဲ့ဘူး။

ငြီးငွေ့ဖွယ်ကောင်းလှတဲ့ ညဉ့်အချိန်ကို လက်မှိုင်ချပြီး အရှုံးပေးလိုက်ဖို့ ဆုံးဖြတ်လိုက်စဉ်မှာပဲ ရုတ်တရက်ဆိုသလို တစ်နေရာရာကနေ တိုးညှင်းတဲ့ ဂလုတ်ဆိုတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။ နောက်တော့ သစ်သားချင်း ထိခတ်သံလို အသံတချို့ ကြားလာရပြန်တယ်။

ဘယ်လိုဖြစ်တာလဲ။ လွန်းဆက်မောင်ကို နားစွင့်ထားတယ်။ ဒီတစ်ခါ မှန်ပြတင်းဖွင့်သံကို ကြားရတယ်။ တစ်ချိန်တည်းမှာပဲ လေတိုးဝင်လာတဲ့ ခံစားမှုကို ခံစားလိုက်ရတယ်။ အရပ်မျက်နှာအရ ခန့်မှန်းကြည့်ရင် လသာဆောင်ဘက်က လာတာပဲ။

ကျွဲကြီးက လသာဆောင်တံခါးကို ဖွင့်လိုက်တာများလား။ ဒါပေမယ့် သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ ချက်ချင်းပဲ သတိထားမိနိုင်တယ်လေ။ ဘာဖြစ်လို့ဆိုတော့ သူ့ရဲ့ခြေသံက တော်တော်လေး ပြင်းတယ်။ လွန်းဆက်မောင်က တွေးဆနေတုန်းမှာပဲ ကျွိ ဆိုတဲ့ မြည်သံတစ်ခုက ကြမ်းပြင်ပေါ်ကနေ ထွက်ပေါ်လာတယ်။

လွန်းဆက်မောင်ရဲ့ကိုယ်က တောင့်တင်းသွားတယ်။ လူရဲ့ အသက်ရှူသံကို သူ ကြားနေရပြီ။ ဘေးနားမှာ လူတစ်ယောက် ရှိနေတယ်။ ကျွဲကြီး မဟုတ်ဘူး။ သူ ဘယ်များ ရောက်နေတာပါလိမ့်။

လူတစ်ယောက် ကြမ်းပြင်ပေါ် လှဲချလိုက်တဲ့အသံက တိုးဝင်လာတယ်။ အဲဒီလူက တွားသွားပြီး အနားကို ချဉ်းကပ်လာနေသလိုပဲ။ ဘယ်သူလဲ။ လွန်းဆက်မောင်က မေးလိုက်ချင်တယ်။ ဒါပေမယ့် ပါးစပ်ထဲ ဆို့ခံထားရတဲ့ အဝတ်စက တင်းကျပ်လွန်းလို့ ဘာစကားသံမှကို ထွက်လို့ မရဘူး။

“ဝူး …. ဝူး …..” လွန်းဆက်မောင်က အသံပြုတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ခြေချင်းဝတ်ကို ဆတ်ကနဲ ဖမ်းဆုပ်ခံလိုက်ရတယ်။ ညည်းညူသံက လည်ချောင်းရဲ့ အတွင်းနက်နက်ထဲမှာ ဟစ်ကြူးသံအဖြစ် ပြောင်းလဲသွားတယ်။ သို့ပေမယ့် အပြင်တော့ ထွက်ကျမလာခဲ့ဘူး။

“အသံမထွက်နဲ့”

နားနားမှာ စကားသံ ထွက်ပေါ်လာတယ်။ အဲဒီအသံကို ကြားရတော့ လွန်းဆက်မောင်က ပိုလို့တောင် သွေးပျက်သွားတယ်။ ဦးဟန်သာရဲ့ အသံ။ သူ အသက်ရှင်နေတုန်းပဲလား။

“မင်းက ဒုက္ခခံနေရတာပဲ။ ခဏ၊ ငါ ကြိုးဖြေပေးမယ်”

မျက်စိဖုံးအဝတ်ကို ဖြေလိုက်တော့ အခန်းတစ်ခန်းလုံး မှောင်မည်းနေကြောင်း လွန်းဆက်မောင် တွေ့ရှိလိုက်ရတယ်။ ဒါပေမယ့် စောစောတုန်းက တစ်ချိန်လုံး မျက်စိမှိတ်ထားတာကြောင့် ဘာတစ်ခုမှ မမြင်ရတာမျိုးတော့ မဟုတ်ဘူး။ အဲဒီလို ဆိုတာတောင်မှ မျက်စိရှေ့မှာ ရှိနေတဲ့ လူက ဦးဟန်သာပါလို့ သူ ချက်ချင်း မဝေခွဲနိုင်ခဲ့ဘူး။ ဦးဟန်သာက ဒဏ်ရာဒဏ်ချက်တွေနဲ့ တစ်ကိုယ်လုံး စိုစိုရွှဲနေတယ်။

“ဦး …. ဘာမှ မဖြစ်ဘူးမလား”

ပါးစပ်ထဲက အဝတ်စကို ဖယ်ထုတ်လိုက်ပြီးတော့ လွန်းဆက်မောင်က အသံနှိမ့်ပြီး မေးတယ်။ သူက ဘေးဘီကို ဝေ့ကြည့်တယ်။ ကျွဲကြီးရဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။

“အသက်တော့ ရှင်နေသေးတာပဲ။ လူကတော့ စုတ်ပြတ်နေတာပဲ ကြည့်တော့။ ဒါပေမယ့် ငါ အရင်က ဒိုင်ဗင်သမားကွ။ ဒီထက်မြင့်တဲ့ နေရာကနေတောင် ငါ ခုန်ချခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ အခုလို ဘီယာဗိုက်နဲ့ မဟုတ်ဘူးပေါ့ကွာ”

ဦးဟန်သာက လွန်းဆက်မောင်ကို ကြိုးဖြေပေးတယ်။

“အစကတော့ သေသွား အေးတာပဲ ဆိုပြီး လုပ်ချပစ်လိုက်တာပဲ။ ရှက်စရာကြီးပါကွာ”

“ဦး ဘာကြောင့် ပြန်လာတာလဲ”

“အစကတော့ ပြန်မလာချင်ဘူး။ ငါ မသေသေးပါလားလို့ သိလိုက်ရတဲ့ အချိန်မှာ တခြားတစ်နေရာရာကို ရှောင်ပြေးသွားတော့မလို့ပဲ။ ဖြစ်ခဲ့သမျှတွေကို မေ့ပစ်ပြီး နယ်စပ်မှာ လူသစ်စိတ်သစ်နဲ့ သွားနေမလားလို့ စိတ်ကူးလိုက်သေးတယ်”

အင်မတန်ကြီးတဲ့ ကုမ္ပဏီကြီးတွေရဲ့ သူဌေးတွေက သူ့ကို ကိုယ်မသိ၊ ကိုယ့်ကို သူမသိတဲ့ နေရာမျိုးတွေမှာ ဇာတ်မြှုပ်ပြီး နေချင်လောက်တယ်လို့ လွန်းဆက်မောင်က တွေးလိုက်မိတယ်။

“ဒါပေမယ့် စိတ်အေးအေးထားပြီး စဉ်းစားဆင်ခြင်ကြည့်တော့ ငါ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိတာ ဖြစ်နိုင်တယ်လို့ သတိထားမိလာတယ်”

“အမှားကြီး … နှင်းသူကို သတ်တဲ့ကိစ္စလား”

“ဟုတ်တယ်။ ဒါပေမယ့် လက်စားချေခဲ့တဲ့အတွက် ငါ နောင်တမရပါဘူး။ ဘယ်လိုပဲပြောပြော၊ အဲဒါ ငါ လုပ်သင့်လုပ်ထိုက်တဲ့ ဖခင်တစ်ယောက်ရဲ့ တာဝန်ပဲ။ ဒါပေမယ့် ငါ စဉ်းစားနေတာက ငါ လက်စားချေရမယ့် ပစ်မှတ်က တကယ်ရော သူ ဟုတ်ရဲ့လား”

“ဦး ဘာကို ဆိုလိုတာလဲ”

“အဲဒီကိစ္စကို အစကနေ ပြန်ပြောမှ ဖြစ်မယ်”

ခန္ဓာကိုယ်က တဆစ်ဆစ် နာကျင်နေတာ ဖြစ်မယ်။ ဦးဟန်သာက မျက်မှောင်ကြုတ်လိုက်ပြီး စကားဆက်တယ်။

“အဖြစ်မှန်က မိုရ်ခ ပြောခဲ့တာတွေနဲ့ တထေရာတည်းပဲ။ အတော်ပဲ အထင်ကြီးစရာ ကောင်းတယ်။ လူတိုင်းက စိတ်ရှုပ်စိတ်လေနေကြတဲ့ အချိန်မှာ သူတစ်ယောက်တည်းကပဲ ခေါင်းအေးအေးထားပြီး ဆင်ခြင်သုံးသပ်နေခဲ့တယ်။ သူ့ကို စကတ္ထရီအဖြစ် ရာထူးတိုးပေးခဲ့တာ ငါ ကိုယ်တိုင်ပါပဲ။ ငါ လူရွေးမမှားခဲ့ဘူးလို့ပဲ ဆိုရတော့မှာပေါ့။ သူက တကယ့်ကို ပါးရည်နပ်ရည်ရှိတဲ့ မိန်းမ။ ပါးရည်နပ်ရည် ရှိတာ နယ်လွန်သွားတယ်လို့တောင် ပြောရတော့မယ် ထင်တယ်”

“သူက ပြောတယ်။ ဦးက လက်စားချေချင်လို့သာ ဒီတစ်ခေါက် အပန်းဖြေခရီးကို အစီအစဉ် ဆွဲခဲ့တာဆို”

“ဟုတ်တယ်” ဦးဟန်သာက လေးနက်စွာ ခေါင်းညိတ်ပြတယ်။ “ငါ နှင်းသူကို စပြီး သင်္ကာမကင်း ဖြစ်လာခဲ့တာက အစောပိုင်း မိုရ်ခ ပြောခဲ့တာနဲ့ တစ်ထပ်တည်းပဲ။ ဒါပေမယ့် ယုမေရဲ့ လျှို့ဝှက်ဒိုင်ယာရီကို ငါ ရှာတွေ့ခဲ့တာကြောင့် နောက်ဆုံးမှာ အဲဒီအချက်ကို လုံးဝဥဿုံ ယုံကြည်စိတ်ချသွားတယ်။ ဒိုင်ယာရီထဲမှာ မင်းအပေါ် ချစ်တဲ့ ချစ်မေတ္တာအကြောင်းကို နေရာတိုင်းမှာ ရေးမှတ်ထားတယ်။ ငါ့လို ဖခင်တစ်ယောက်အနေနဲ့တောင် မနာလို ဖြစ်မိတဲ့အထိပဲ။ ဒါပေမယ့် သူမသေခင် ရှေ့ရက်ပိုင်းတွေက နေ့စဉ်မှတ်တမ်းတွေကို ဖတ်လိုက်ရတော့ မင်းကို နှင်းသူက လုယူသွားမှာ သူ အင်မတန်မှ စိုးရိမ်နေကြောင်း သိပ်ကို ပေါ်လွင်နေတယ်။ ဒါကြောင့် ငါသိလိုက်တယ်။ နှင်းသူမှာ ယုမေကို သေစေလိုတဲ့ အကြောင်းခံရှိတယ်”

“ဒါပေမယ့် ဦးက သူ့ကို ချက်ချင်း လက်တုံ့မပြန်ခဲ့ဘူး”

“ငါက ဒရာမာတွေ ခင်းချင်လွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို သတ်ပစ်ရရုံလောက်နဲ့တော့ ငါ အခဲမကြေနိုင်ဘူး။ သူ့ကို ယုမေ သေခဲ့တဲ့ နေရာမှာ သွားသေသင့်တယ်လို့ ငါ ယူဆတယ်”

“ဒါပေမယ့် ရဲတွေကတော့ အလွတ်ပေးမှာ မဟုတ်ဘူး။ သံသယစက်ကွင်းက အကန့်အသတ် ရှိတော့ အင်မတန်မှ အန္တရာယ်များတယ်လို့ ဦး တွေးမကြည့်ဖူးဘူးလား”

“တွေးကြည့်တာပေါ့။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းကို ငါ ရှာထားပြီးသား။ ငါ စိတ်ကူးထားတဲ့ အစီအစဉ်က ကိုယ့်ကိုယ်ကိုယ် သတ်သေကြောင်း လုပ်ကြံဖန်တီးဖို့ပဲ။ ငါ့ရဲ့ ဇာတ်ညွှန်းက ဒီလို၊ ယုမေကို လုပ်ကြံသတ်ဖြတ်မှုအတွက် နောင်တ အကြီးအကျယ်ရပြီး သည်းမခံနိုင်တော့တဲ့အဆုံးမှာ ကန်ကြီးထဲ ခုန်ချပြီး သေကြောင်းကြံသွားတယ်ပေါ့။ အဲဒီလိုမှ မအောင်မြင်ရင် ဆေးကြောင်နေတဲ့ လူတစ်ယောက်ယောက်ရဲ့ လက်ချက်ကြောင့် သေခဲ့ရတယ်လို့ ပြောဖို့ ကြံထားခဲ့တာ။ ဒီမှာ ရှိတဲ့ လူတွေအားလုံးက နှင်းသူအပေါ် ချစ်ခင်စုံမက်ကြတယ်လို့ ရဲတွေက သိထားရင် တရားခံက ငါတို့ထဲမှာ ရှိနေတယ်လို့ သူတို့က လုံးဝ တွေးဆနိုင်ကြမှာ မဟုတ်ဘူး”

အဲဒီလိုလား။ လွန်းဆက်မောင်က ခေါင်းညိတ်တယ်။ တကယ့် ဦးဟန်သာပေပဲ။ ပင်မအစီအစဉ်အပြင် အရန်အစီအစဉ်ကိုတောင် အသင့်ပြင်ထားသေးတယ်။

“ဒါပေမယ့် လုံးဝ ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့တယ်လေ”

“တကယ့်ကို ထင်မှတ်မထားခဲ့တာပဲ” ဦးဟန်သာက မချိပြုံးပြုံးရင်း ခပ်ညည်းညည်း ပြောတယ်။ “အခုလို ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ ဓားပြတွေက တိုက်ထဲ ခိုးဝင်လာလိမ့်မယ်လို့ ငါ ဘယ်နှယ့်လုပ်ပြီး ကြိုတွက်ဆနိုင်ပါ့မလဲ”

“ဒါပေမယ့် ဦးက လက်စားချေဖို့ အစီအစဉ်ကို မပြင်ခဲ့ဘူး။ မပြင်ခဲ့တဲ့အပြင် ရှုပ်ထွေးပွေလီနေတဲ့ မျက်မြင်အခြေအနေကို ဘယ်လို အသုံးချရမလဲ ဆိုတာကိုပါ ထည့်တွက်ခဲ့သေးတယ်”

“ငါ့အတွေးက ဒီလိုလေကွာ။ အခုလို အခြေအနေမျိုးမှာ လူသတ်ရင် ဓားပြတွေအပေါ် လွှဲချပစ်လိုက်လို့ ရတယ်။ ငါ တကယ်ကို ဂေါက်သွားခဲ့တာပဲ”

ဦးဟန်သာက ညာဘက်နဲ့ ပခုံးကြွက်သားကို နှိပ်ပြီး လည်ကုတ်ကို ဘယ်ပြန်ညာပြန် နှစ်ချက်လောက် စောင်းချိုးလိုက်တယ်။ လည်ပင်ရိုးကနေ တဂျွတ်ဂျွတ် မြည်လို့။

“တကယ်လုပ်ကြည့်လိုက်တော့မှ ဟာကွက်တွေ အများကြီးကို တွေ့လာရတယ်။ အကြီးမားဆုံး အမှားက အပြင်လူတစ်ယောက်အဖို့ ပြစ်မှုကျူးလွန်နိုင်တဲ့ ဖြစ်နိုင်ခြေက လုံးဝ ရှိမနေခြင်းပဲ။ သေသေချာချာ မစဉ်းစား မဆင်ခြင်ခဲ့မိတဲ့ အပြစ်တွေပေါ့။ ဒီလို ထူးခြားဆန်းကြယ်တဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးမှာ သတ်ရမယ့် ပစ်မှတ်ကလည်း ကိုယ့်မျက်ခုံးအောက်မှာတင် ရှိနေခဲ့တော့ ငါ အတော်ကြီးကို စိတ်လောသွားခဲ့တယ်”

“ဒါပေမယ့် ဦး အကြမ်းအားဖြင့်တော့ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်”

“အကြမ်းအားဖြင့် …. သိပ်ဟုတ်တာပေါ့”

ဦးဟန်သာရဲ့ မျက်နှာပေါ်မှာ စိုးရိပ်ပူပန်မှုတွေ ပြည့်လျှမ်းလာတယ်။

“ဘာတွေ ဖြစ်နေလို့လဲ။ ဦး စောစောက ပြောခဲ့တယ်လေ။ လက်စားချေရမယ့် ပစ်မှတ်က တခြားလူ ဖြစ်ချင် ဖြစ်နေမှာ ဆိုတာကရော …”

“ဖြစ်ပုံက ဒီလိုကွာ” ဦးဟန်သာက ပြောတယ်။ “နှင်းသူကို သတ်ခဲ့တုန်းက ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စတွေကို ပြန်ပြောဖို့ လိုလိမ့်မယ်။ တံခါးကို လော့ချမထားနဲ့ ဆိုတဲ့ စာတိုကနေ စပြောရအောင်။ မင်းကို မကွယ်မဝှက်တမ်း ပြောပြရရင် အဲဒီစာတိုပေါ်မှာ လက်မှတ်ထိုးထားတာနဲ့ မင်းရဲ့ နာမည်နဲ့”

“ဗျာ … ကျွန်တော့်နာမည် …”

“ဟုတ်တယ်။ ငါ မှန်းဆကြည့်တယ်။ အဲဒီစာတိုက မင်း ရေးတာပါလို့ သူ သိထားရင် ခိုင်းတဲ့အတိုင်း မဖြစ်မနေ လုပ်ထားမှာ သေချာတယ်။ တကယ်လည်း ငါ တွက်ဆမိတာ လုံးဝ မမှားဘူး။ ငါ တစ်ညလုံး တံခါးအဟကြားကနေ ငဆွေဆိုတဲ့ကောင်ရဲ့ လှုပ်ရှားမှုကို လေ့လာအကဲခတ်နေခဲ့တယ်။ သူ တစ်ချိန်မဟုတ်တစ်ချိန်တော့ အိမ်သာကို သွားကို သွားရမယ်လို့ ငါ တွက်ဆထားတာကိုး။ ငါ မျှော်လင့်ထားတဲ့အတိုင်း သူ ပျောက်သွားတာနဲ့ တစ်ပြိုင်နက် ငါ့အခန်းထဲကနေ ပြေးထွက်ပြီး နှင်းသူရဲ့ အခန်းကို သွားတယ်။ တံခါးက လော့ချမထားဘူး။ လွယ်လွယ်ကူကူပဲ ဝင်သွားလို့ ရတယ်။ နှင်းသူက မအိပ်သေးဘဲ မင်းကို စောင့်နေတယ်။ ငါ ဝင်လာတာကိုလည်း မြင်ရော သူ့မျက်နှာက အံ့ဩထူးဆန်းတာအပြင် မျှော်လင့်ချက်မဲ့သွားတဲ့ ခံစားချက်မျိုးပါ ရောယှက်နေတယ်။ ငါက သူ့ကို မေးလိုက်တယ်။ ယုမေရဲ့ ဆေးဘူးထဲကို ဆေးတွေ ပြန်ထည့်ထားခဲ့တာ နင် မဟုတ်လားပေါ့”

“နောက်တော့ရော”

“သူက ငါ့ပြောချင်တာကို ချက်ချင်း သဘောမပေါက်ဘူး။ ဒါပေမယ့် စက္ကန့်အနည်းငယ်ကြာတော့ သူ လိပ်ပတ်လည်သွားပြီး မျက်လုံးနှစ်လုံးကလည်း ပိုပြီး ပြူးကျယ်လာတယ်။ သူက ဟုတ်တယ်လို့ ဝန်ခံတယ်။ ဒါပေမယ့် အဲဒီလို လုပ်ရတာ အကြောင်းရှိပါတယ်တဲ့။ ငါ သူ့ကို ဘာအကြောင်းလဲလို့ မမေးလိုက်မိဘူး။ သူ့ရဲ့ တုံ့ပြန်ပုံကို မြင်ရရုံနဲ့တင် လုံလောက်သွားပြီ။ သူက ယုမေကို သတ်ခဲ့တာပဲလို့ ငါ ယုံကြည်သွားတယ်။ လုံးဝ သံသယ မရှိတော့ဘူး။ ငါက မျက်နှာချိုသွေးပြီး သူ့အနားကို တိုးကပ်သွားတယ်။ ပြီးတော့ သူ့နောက်ကျောဘက်ကို လှစ်ကနဲ့ ကွေ့ဝင်ပြီး တစ်ချက်ကလေးတောင် တုံ့ဆိုင်းမနေဘဲ ဓားနဲ့ ထိုးချပစ်လိုက်တယ်။ သူက လုံးဝနီးပါး အသံမထွက်ဘူး။ နာကျင်ပြီး ကြေကွဲဝမ်းနည်းနေတဲ့ မျက်နှာနဲ့ ငါ့ကို ကြည့်ရုံပဲ စိုက်ကြည့်နေတယ်”

ဦးဟန်သာက ပြိုတော့မယ့်မိုးလို မျက်နှာနဲ့ စကားဆက်တယ်။

“ဒါပေမယ့် သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြီး စကားတစ်ခွန်းပဲ ပြောသွားခဲ့တယ်။ ‘အဲဒီလို မဟုတ်ဘူး။ ဒါပေမယ့် အပြစ်ရှိတာချင်းတော့ အတူတူပါပဲ’ တဲ့”

“အပြစ်ရှိတာချင်းတော့ အတူတူ …..”

“ဟုတ်တယ်။ သူက အဲဒီလို တကယ် ပြောသွားတယ်။ ဆေးဘူးထဲကို ဆေးတွေ ပြန်ဖြည့်ထားခဲ့တာ သူပါလို့ သူက အမှန်အတိုင်း ဝန်ခံခဲ့ပေမယ့် ယုမေကို သတ်တဲ့သူက သူ မဟုတ်ပါဘူးလို့ ပြောချင်နေသလိုပဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းက နက်နက်နဲနဲ ထိုင်တွေးနေဖို့ ငါ့မှာ အချိန်မရှိဘူး။ လူသတ်ရတဲ့ တုန်လှုပ်ချောက်ချားမှုက ငါ့ဦးနှောက်ကို မဆင်ခြင် မတွေးတောနိုင်အောင် ပိတ်ပင်ထားတယ်။ အဲဒီအချိန်မှာ ငါ စဉ်းစားမိသလောက်က စာတိုကို ဖျက်ဆီးပစ်လိုက်ပြီးတော့ အဲဒီအခန်းထဲကနေ အမြန်ဆုံး ထွက်သွားဖို့ပဲ။ ငါက တံခါးကို နည်းနည်းဟပြီး တံခါးကြားကနေ အပြင်က အခြေအနေကို အကဲခတ်ကြည့်တယ်။ ငဆွေ ပြန်မရောက်သေးကြောင်း သေချာအောင် လေ့လာတယ်။ ငါ အခန်းထဲကနေ ထွက်တော့မယ်လို့ ဟန်ပြင်လိုက်တုန်းမှာပဲ နောက်ကျောဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာတယ်”

ဦးဟန်သာက လွန်းဆက်မောင်ကို မျက်လုံးတွေကို စိုက်ကြည့်နေတယ်။

“နှင်းသူက ဒိုင်ယာရီကို ဆုတ်ဖြဲနေတယ်။ ပြီးတော့ အဲဒီစာရွက်ကို သူ ဘာလုပ်ပစ်တယ်လို့ မင်း ထင်လဲ”

လွန်းဆက်မောင်က ခေါင်းခါတယ်။

ဦးဟန်သာက ပြောတယ်။ “သူက အဲဒီစာရွက်ကို သူ့ပါးစပ်ထဲ ထိုးထည့်နေတယ်”

“ပါးစပ်ထဲ ထိုးထည့်တယ် ….”

“အဲဒီစာရွက်ပေါ်မှာ သူ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖုံးဖိကာကွယ်ရမယ့် အကြောင်းအရာတွေ ရေးထားလို့ နေမှာပေါ့။ ငါ လုယူဖို့ စိတ်ကူးလိုက်ပေမယ့် တိုက်ဆိုင်စွာနဲ့ပဲ အိမ်သာထဲကနေ ငဆွေထွက်လာတဲ့ အသံဗလံတွေကို ကြားလာရတယ်။ အချိန်ဆွဲနေလို့ မရတော့ဘူး။ ငါ့အခန်းကိုပဲ ကသောကမျော ပြန်လာခဲ့ရတယ်။ ငါ တွေးကြည့်တယ်။ အဲဒီစာရွက်ပေါ်မှာ ယုမေ အသတ်ခံရတဲ့ အကြောင်းကိစ္စကို ရေးထားတာကြောင့် သူက လူသိမခံစေချင်တာနဲ့ပဲ အဲဒီလို လုပ်ခဲ့တာများလား”

အဲဒီလိုလား။ သူက ပါးစပ်ထဲ သွတ်ထည့်တာကိုး။ ဒါကြောင့်လည်း ရှာမတွေ့တာပေါ့။ လွန်းဆက်မောင်က တွေးတယ်။

“ဒါပေမယ့် စိတ်အေးအေးထားပြီး စဉ်းစားကြည့်လိုက်တော့ ငါ တစ်မျိုးကြီး ခံစားလာရတယ်။ သူက ကိုယ့်ဟာကိုယ် သေရတော့မယ်လို့ သိနေပြီဟာပဲ။ သူ အဲဒီလို လုပ်နေဖို့ လိုအပ်သေးလို့လား။ ငါ အတော်လေး ခေါင်းရှုပ်သွားတယ်။ လုံးဝ ကွဲပြားခြားနားတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိနေနိုင်သေးတယ် ဆိုတာကို နောက်ကျတော့မှ ငါ ရေးရေးလေး သဘောပေါက်လာတယ်”

နားထင်ကြောတွေ ထောင်ထနေတဲ့ ဦးဟန်သာရဲ့ မျက်နှာကိုကြည့်ရင်း လွန်းဆက်မောင်က တံတွေးကို ဂလုကနဲ မျိုချလိုက်မိတယ်။

“ကွဲပြားခြားနားတဲ့ ဖြေနိုင်ခြေ …. အဲဒါ ဘာကို ဆိုလိုတာလဲ”

“သူ …. နှင်းသူက တစ်ယောက်ယောက်ကို ဖုံးဖိပေးနေတာ ဖြစ်နိုင်တယ်”

“ဗျာ …..”

“အဲဒီလိုတွေးလိုက်တော့ သူ့ရဲ့ ‘အပြစ်ရှိတာချင်းတော့ အတူတူပါပဲ’ ဆိုတဲ့ စကားက နားလည်ရလွယ်သွားတယ်။ ငါက ဒီလို တွေးဆကြည့်တယ်။ နှင်းသူအပြင် ‘မောင်ခ’ ဆိုတဲ့ လူတစ်ယောက် ရှိသေးတယ် ဆိုပါစို့။ မောင်ခက ယုမေရဲ့ အသက်ကို လုပ်ကြံဖို့ စိတ်ကူးရှိတယ်။ အိပ်ဆေးနဲ့ ဆေးလဲယူမယ့် နည်းလမ်းကို သူ ကြံစည်ထားတယ်။ အဲဒီနေ့မှာ ဘာမှ သိမထားတဲ့ ယုမေက သူသောက်နေကျ ဆေးကို ဆေးဘူးထဲ ထည့်ပြီး ချာ့ချ်ကျောင်းကို သွားတယ်။ အပြန်လမ်းမှာ နှင်းသူနဲ့ သူ တွေ့တယ်။ မတော်တဆ ဆုံမိကြတာလား၊ ဒါမှမဟုတ် ကြိုတင်ချိန်းချက်ထားတာလား ဆိုတာတော့ မပြောတတ်ဘူး”

ကြိုပြီး ချိန်းချက်ထားတာပဲ ဖြစ်လိမ့်မယ်။ လွန်းဆက်မောင်က တွေးတယ်။ မတော်တဆ ဆုံမိကြတယ် ဆိုတာမျိုးကတော့ တိုက်ပဲ တိုက်ဆိုင်လွန်းလှချည့်ရဲ့။

“ငါ့အထင် ယုမေက အဲဒီအချိန်မှာပဲ နှင်းသူရဲ့ အရှေ့မှာတင် ဆေးကို သောက်လိုက်တာ ဖြစ်ဖို့များတယ်။ လုံးဝ သေချာတာကတော့ ယုမေ သောက်ချင်ခဲ့တာက အကိုက်အခဲပျောက်ဆေးပဲ။ ဒါပေမယ့် အဲဒါ အိပ်ဆေးဆိုတာကို နှင်းသူက သတိထားမိလိုက်တယ်။ တစ်ယောက်ယောက်က ယုမေကို သတ်ဖို့ ကြံစည်နေကြောင်း သူ ကြိုသိထားတယ်။ ပြီးတော့ အဲဒီလူက ဘယ်သူလဲ ဆိုတာကိုပါ သူ မှန်းဆနိုင်တယ်”

“သူက ဘာဖြစ်လို့ မှန်းဆနိုင်ရတာလဲ”

“ဘယ်လိုလုပ်ပြီး မှန်းဆနိုင်တာလဲ ဆိုတာကိုတော့ အတိအကျ ငါ မပြောတတ်ဘူး။ ဒါပေမယ့် အကြမ်းအားဖြင့်တော့ ဒီလို ဖြစ်နိုင်တယ်”

ဦးဟန်သာက တစ်အောင့်လောက် နားပြီး ခေါင်းဆတ်ပြီးနောက်မှာ ဆက်ပြောတယ်။

“ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလူက နှင်းသူအတွက် အင်မတန်မှ အရေးပါတဲ့လူ ဖြစ်နေလို့ပဲ။ ယုမေ သေဆုံးသွားပြီလို့ သိလိုက်ရတဲ့ အခိုက်မှာ သူ ပထမဦးဆုံး သုံးသပ်ဆင်ခြင်မိတာက ဆေးဘူးထဲက ဆေးတွေ အလဲခံထားရတယ် ဆိုတာကို ဘယ်သူမှ သတိမထားမိစေဖို့ပဲ။ ဒါကြောင့် ကြွင်းကျန်ပစ္စည်းတွေကို မြင်တဲ့အခါမှာ သူက ခိုးကြောင်ခိုးဝှက်နဲ့ ဆေးကို ပြန်ထည့်ထားတယ်။ အဲဒါက သူ သေခါနီးမှာ ‘အပြစ်ရှိတာချင်းတော့ အတူတူပါပဲ’ ဆိုတဲ့ စကားကို ဘာကြောင့် ပြောခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်းပဲ”

လက်စသတ်တော့ ဒီလိုကိုး ….. လွန်းဆက်မောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ သူ့တစ်ကိုယ်လုံးကလည်း တရှိန်းရှိန်း ပူလို့။ သူ့ရဲ့ နဂိုမူလ ထင်မြင်ချက်က လုံးလုံးလျားလျားကို မှားယွင်းနေပါရောလား။

“ဘာပဲဖြစ်ဖြစ်” ဦးဟန်သာက ပြောတယ်။ “ငါက မဟာအမှားကြီးတစ်ခုကို ကျူးလွန်ပြီးသွားပြီ။ လက်လွန်သွားမှတော့ ကိုယ်လုပ်တာ ကိုယ်ခံရဲရမှာပေါ့။ ငါ့ဟာငါ ရဲတွေကို အပြစ်ဝန်ခံဖို့ ဆုံးဖြတ်ထားတယ်။ တစ်ပြစ်ကနေ နှစ်ပြစ်မဖြစ်စေချင်တော့ဘူး”

“ဒါပေမယ့် နှင်းသူရဲ့ ကိစ္စကို ဓားပြတွေဆီ ပုတ်ထုတ်ပစ်လိုက်လို့ ရတယ်လေ။ နောင်တရတာတော့ ရတာပေါ့။ ဒါပေမယ့် ကိုယ့်မိသားစုကို ငဲ့ညှာပြီး အပြစ်ဝန်မခံ …….”

ဦးဟန်သာက ခေါင်းခါတယ်။

“ငါ စိတ်မလုံဘူး။ နှင်းသူက ယုမေကို တကယ်ပဲ သတ်ခဲ့တာ ဆိုရင်တော့ အပြစ်ကို သူတို့ဘက် တွန်းထုတ်ပစ်ဖို့ ငါ နဂိုက စိတ်ကူးထားခဲ့တာပဲ”

“ဒါပေမယ့် အဖြစ်မှန်မှ မသိရသေးတာပဲဥစ္စာ။ နှင်းသူက ယုမေကို သတ်ခဲ့တာလည်း ဖြစ်ချင် ဖြစ်နေမှာ”

“ဟင့်အင်း၊ မဟုတ်ဘူး။ စိတ်ကို အေးအေးထားပြီး အသေအချာ တွေးကြည့်ရင်ကို သိနိုင်ပါတယ်။ သူက အဲဒီလို လုပ်ရက်နိုင်တဲ့ မိန်းမမျိုး မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဟိုဒိုင်ယာရီစာရွက်ကို ဖတ်ကြည့်ရင် သိနိုင်ပြီပဲ။ ငါ ပြန်လာရတဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က အဲဒါပဲ”

ဦးဟန်သာက ကသုတ်ကရက်နဲ့ ခြေလှမ်းကို လှမ်းတယ်။ အပေါ်ထပ်ကို တက်သွားချင်တာ နေမှာ။ လွန်းဆက်မောင်က သူ့လက်ကို ဖမ်းကိုင်လိုက်တယ်။

“ဓားပြတွေ တွေ့သွားလိမ့်ဦးမယ်”

“ကိစ္စမရှိဘူး။ အမှန်အတိုင်း ပြောဖို့ ငါ ဆုံးဖြတ်ထားပြီးပြီ။ မင်းလက်ကို လွှတ်လိုက်”

“ဟင့်အင်း”

လွန်းဆက်မောင်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းတယ်။ မည်းနက်တဲ့ အရာဝတ္ထုတစ်ခုက သူ့ကိုယ်တွင်းမှာ တတိတိနဲ့ ပြန့်ပွားလာနေတယ်လို့ သူ ခံစားနေရတယ်။

“ကျွန်တော် လက်ကို လွှတ်လိုက်လို့ မဖြစ်ဘူး”

“မင်း ဘာပြောတာလဲ”

ဦးဟန်သာက တအံ့တဩနဲ့ အူတိအူကြောင် ဖြစ်နေတုန်းမှာပဲ လွန်းဆက်မောင်က လက်နှစ်ဖက်နဲ့ သူ့ရဲ့လည်ပင်းကို ဖမ်းညှစ်လိုက်တယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *