လွန်းဆက်မောင်က ယုမေကို အမြင်ကပ်လို့တော့ မဟုတ်ဘူး။ သူနဲ့ အိမ်ထောင်တစ်ခု တည်ထောင်ရမှာကို စပြီး တွေဝေလာခဲ့ရုံမျှပဲ။ အကြောင်းအရင်းကတော့ အဲဒီနေ့ … နှင်းသူနဲ့ နှစ်ကိုယ်ကြား တွေ့ဆုံဖြစ်ခဲ့ကြတဲ့ ချစ်သူများနေ့ရဲ့ နောက်တစ်နေ့ကြောင့်ပဲ။ နှင်းသူရဲ့ ရင်ကို ဖွင့်ပြလုနီးနီး ဖြစ်တဲ့ နိမိတ်ပြစကားတွေကို ကြားပြီးတဲ့နောက်မှာ ယုမေအပေါ် ထားရှိတဲ့ သူ့ရဲ့ ချစ်မေတ္တာတွေ၊ ခံစားချက်တွေက တဖြုတ်ဖြုတ်နဲ့ ညှိုးခြောက်ကြွေလွင့်ကုန်တယ်။
ပထမဆုံးအကြိမ် နှင်းသူကို စတွေ့ရကတည်းက သူ့ရဲ့ ညှို့အားပြင်းတဲ့ သံလိုက်ဓာတ်ရဲ့ ဆွဲဆောင်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ သူက ရိုးရှင်းဖြူစင်တယ်၊ ပွင့်လင်းတယ်၊ ချစ်စရာကောင်းတယ်။ တစ်မုဟုတ်အတွင်းမှာပဲ လွန်းဆက်မောင်ရဲ့ နှလုံးသားကို ကိုင်လှုပ်သွားခဲ့တယ်။ ဒါပေမယ့် အဲဒီအချက်ကို သူ သတိမထားခဲ့မိဘူး။ မဟုတ်သေးဘူး။ ပြောသင့်တာက သူက အဲဒီလို တွေးဖို့ သူ့ကိုယ်သူ အသည်းအသန် ခွင့်မပြုခဲ့ဘူး။ နှင်းသူအပေါ် စိတ်ယိုင်နေပြီ ဆိုတာကို သူ့ကိုယ်သူ သတိမထားမိကြောင်း လိမ်ညာဟန်ဆောင်ခဲ့တယ်။ ဒါပေမယ့် ယုမေက အတူလျှောက်လည်ဖို့ သူ့ညီမကိုပါ ဆွဲခေါ်လာတဲ့ အခါမှာတော့ ယုမေနဲ့ နှစ်ယောက်တစ်ကမ္ဘာ ရှိနေစဉ်တုန်းက မခံစားခဲ့ရတဲ့ ကွဲပြားခြားနားတဲ့ ရင်ခုန်မှုတွေကို လွန်းဆက်မောင် ခံစားလာခဲ့ရတယ်။
အဲဒီအချိန်မှာပဲ သူက နှင်းသူရဲ့ စိတ်သဘောထားကို သိရှိခဲ့တယ်။ နှင်းသူက နှုတ်ကနေ ဖွင့်ဟဝန်ခံတာမျိုး မရှိပေမယ့် နှင်းသူက သူ့ကို ချစ်နေတယ်လို့ သူ သတိထားမိခဲ့တယ်။
“ယုကို စိတ်ချမ်းသာအောင် ထားပေးပါနော်။ သူ့ကို ဘယ်တော့မှ သစ္စာမဖောက်မိပါစေနဲ့”
နှင်းသူရဲ့ စကားက လွန်းဆက်မောင်ရဲ့ အချစ်မီးရှူးကို ထွန်းညှိလိုက်သလိုတောင် ဖြစ်သွားခဲ့တယ်။ သူက တွေးတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နှင်းသူနဲ့ပဲ အတူနေမယ်။ ယုမေနဲ့ ပတ်သက်နေမှုကို အဆုံးသတ်ပစ်လိုက်တော့မယ်။
မင်္ဂလာပွဲကို ဖျက်သိမ်းပစ်လို့ မရတာမှ မဟုတ်ဘဲ။ အမုန်းခံနိုင်ဖို့ပဲ လိုတာလေ။ မျက်မုန်းအကျိုးခံပြီး လွန်းဆက်မောင်က ရဲရဲကြီး ဖွင့်ဟတောင်းဆိုလိုက်ရင် ရပြီ။ ဒါပေမယ့် အကြောင်းအရင်းနှစ်ခုက သူ့ကို အဲဒီလို မလုပ်နိုင်အောင် ဟန့်တားနေကြတယ်။ ပထမတစ်ချက်က ယုမေနဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းပစ်နိုင်တယ် ဆိုရင်တောင်မှ နှင်းသူနဲ့ မင်္ဂလာဆောင်နိုင်ဖို့က မျှော်လင့်ချက် မရှိသလောက်ပဲ။ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေက သူ့ကို ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူး။ ပြီးတော့ နှင်းသူရဲ့ စရိုက်သဘာဝအရ သူကလည်း ကိုယ့်ကို လက်ခံမှာ မဟုတ်တော့ဘူး။ အဲဒီအပြင် လွန်းဆက်မောင်ရဲ့ ကြော်ငြာကုမ္ပဏီလေးကလည်း ဦးဟန်သာရဲ့ ပံ့ပိုးမှုတွေကြောင့် ဒီနေ့ဒီအခြေမျိုး ရောက်လာနိုင်ခဲ့တာ မဟုတ်လား။ ဦးဟန်သာရဲ့ ဖေးမမှုသာ ကွယ်ပျောက်သွားခဲ့ရင် ကုမ္ပဏီရဲ့ အနာဂတ်ကလည်း အင်မတန်မှ ကြမ်းတမ်းခက်ထရော်မယ် ဆိုတာ ဗေဒင်မေးစရာတောင် မလိုဘူး။
အဖြေကို နောက်ဆုံးအထိ ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါနဲ့ပဲ မင်္ဂလာရက်က နီးသထက် နီးလာခဲ့ပြီ။ ယုမေက တုံ့ဆိုင်းလေးဖင့်ခြင်း မရှိဘဲ မင်္ဂလာပွဲအတွက် လိုလေးသေးမရှိအောင် စတင် ပြင်ဆင်လာတယ်။ ဒီတော့ ဆုတ်လမ်းက လုံးဝ မမြင်တော့ဘူး။
အဲဒီအချိန်မှာပဲ အလုပ်ကိစ္စနဲ့ ခင်မင်တဲ့ မိတ်ဆွေတစ်ယောက်ဆီကနေ လွန်းဆက်မောင်က ဆေးတစ်မျိုးကို ရရှိခဲ့တယ်။ အိပ်ဆေးပေါ့။ အဖြူရောင်ဆေးတောင့်၊ အာနိသင်က အတော်ကောင်းဆိုပဲ။ အခုတလောမှာ ညည အိပ်ရေးပျက်နေကြောင်း လွန်းဆက်မောင်ဆီက ကြားသိရလို့ ဟိုလူက သူ့ကို ဆေးနှစ်တောင့် ပေးသွားခဲ့တယ်။ ဆေးတောင့်ကို ကြည့်ပြီး လွန်းဆက်မောင်ရဲ့ ဦးနှောက်ထဲမှာ အမင်္ဂလာ အတွေးတစ်ခုက ဖျတ်ကနဲ လင်းလက်သွားတယ်။ အဲဒီဆေးနဲ့ ယုမေ အမြဲသုံးနေကျ အကိုက်အခဲပျောက်ဆေးနဲ့က လုံးဝနီးပါး ဆင်တူနေတယ်။ စေ့စေ့ကြည့်ရင် ကွဲလွဲမှုကို မြင်နိုင်တယ် ဆိုပေမယ့် လေးလေးနက်နက် ဂရုမမူရင် မှားသောက်မိမှာ သေချာသလောက်ပဲလို့ သူက အပြည့်အဝ ယုံကြည်ထားတယ်။
လိုအပ်တာ ရှိမရှိ သိရအောင် ချာ့ချ်ကျောင်းကို နောက်ဆုံးတစ်ခေါက်အနေနဲ့ သွားစစ်ဆေးကြည့်မယ်လို့ ယုမေ ပြောလာခဲ့တဲ့ အဲဒီနေ့ မနက်ခင်းမှာ လွန်းဆက်မောင်က အခွင့်ရှာပြီး အလစ်မှာ ဆေးဘူးထဲက ဆေးနဲ့ လဲထားလိုက်တယ်။ ယုမေရဲ့ ရာသီလာချိန် ဆိုတာကို သူ သိထားတယ်လေ။
လွန်းဆက်မောင်ဆီကနေ ယုမေ ထွက်ခွာသွားတော့ နောင်တရမှုနဲ့ စိတ်ဆင်းရဲမှုရဲ့ ဖိစီးမှုအောက်မှာ သူတစ်ယောက်တည်း အကြီးအကျယ် လူးလိမ့်ခံစားနေရတယ်။ သူ ဆေးကို သောက်ပါ့မလား။ ဆေးသောက်ထားလို့ ကားမောင်းရင်း အိပ်ငိုက်သွားပြီး ကားတိုက်မှု ဖြစ်လာနိုင်လား။ အတော် ကြောက်စရာကောင်းတဲ့ အလုပ်တစ်ခုကို ငါ လုပ်မိပါရောလား။ ဒါပေမယ့် သူ သေချင်မှ သေမှာပါ။ အိပ်ချင်လာလို့ လမ်းဘေးတစ်နေရာမှာ ထိုးရပ်ပြီး တစ်အောင့်တစ်နား အိပ်လိုက်နိုင်တာပဲ။ ကိစ္စ မရှိဘူး။ သူ မသေနိုင်ဘူး။ ဒါပေမယ့် အခြားတစ်ဖက်မှာကလည်း ယာဉ်တိုက်မှုဖြစ်ဖို့ သူက မျှော်လင့်တောင်တနေမိသေးတယ်။
အဲဒီနေ့က တစ်နေကုန်လုံး အဲဒီလိုအတွေးတွေနဲ့ ချာချာလည်နေခဲ့တယ်။ အလုပ်ထဲကို ဘယ်လိုမှ စိတ်မရောက်နိုင်ဘူး။ တကယ်လို့ ဖုန်းလာတာ ဒီထက်ပိုပြီး နောက်ကျသွားရင် သူက ချာ့ချ်ကျောင်းကို ကိုယ်တိုင် ဖုန်းဆက်ကြည့်ဖို့ စိတ်ကူးထားပြီသားပဲ။
ဒါပေမယ့် တယ်လီဖုန်း ဝင်လာတယ်။ အတော်ကြီး ကံမကောင်းဘူးလို့ ပြောရမယ် ထင်တယ်။ ယုမေရဲ့ နာရေးသတင်းကို သူ လက်ခံရလိုက်တယ်။ အဲဒီအခိုက်မှာ သူ့စိတ်ထဲကို ခံစားချက်နှစ်မျိုး တိုးဝင်လာတယ်။ ငါ့လက်တွေ သွေးစွန်းကုန်ပါပကောလား ဆိုတာရယ်၊ နောက်ပြီး တစ်ချိန်တည်းမှာပဲ အရာအားလုံးက ငါ မျှော်မှန်းထားသလို ဖြစ်လာတော့မယ် ဆိုတဲ့ ခံစားချက်။ ဒါပေမယ့် ယုမေရဲ့ အလောင်းကို သွားသယ်ဖို့ ကားမောင်းနေတုန်းမှာ သူနဲ့အတူ ဖြတ်သန်းခဲ့ကြတဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ပြန်ပြီး မြင်ယောင်လာတယ်။ အဲဒီမှတ်ဉာဏ်အပိုင်းအစတွေက သူ့ရဲ့ နှလုံးသားကို အင်ပြည့်အားပြည့်နဲ့ ဖိညှစ်ဆုပ်နယ်နေကြတယ်။ သူ သတိပြန်လည်လာတဲ့ အချိန်မှာတော့ မျက်ရည်တွေက တဖြောဖြော စီးကျလို့။
ငါ ယုမေကို သတ်လိုက်မိပြီ …. နောင်တကုက္ကုစ္စတွေနဲ့ လွန်းဆက်မောင်က ရဲစခန်းကို မောင်းလာခဲ့တယ်။ ကံကောင်းတာက အလောင်းကို သူ မျက်နှာချင်း ဆိုင်စရာ မလိုဘူး။ သူ့ရဲ့ ရုပ်ခန္ဓာက အကောင်းပကတိအတိုင်း ရှိပင် ရှိနေပါစေပေါ့ …… တကယ်လို့သာ အဲဒီလို ရှိနေမယ်ဆိုရင် သူက ပိုလိုတောင် မျက်နှာချင်း မဆိုင်ဝံ့တော့ဘူး။
မြို့ပေါ်ကို ပြန်တဲ့ လမ်းခရီးမှာ လွန်းဆက်မောင်က ယုမေရဲ့ ကြွင်းကျန်ပစ္စည်းတွေကို ကြည့်ဖို့ အခွင့်ရခဲ့တယ်။ သူ ဆေးဘူးကို စစ်ဆေးကြည့်ရတဲ့ အကြောင်းက ယုမေက တကယ်ပဲ အိပ်ဆေးကို သောက်မိလို့ သေခဲ့ရတာ ဟုတ်မဟုတ် သေချာလိုက်ချင်လို့ပဲ။ သို့ပေမယ့် လုံးဝ ထင်မှတ်မထားတဲ့ ရလဒ်ကို ရရှိခဲ့တယ်။ ဆေးဘူးထဲမှာ ဆေးတွေက အရာမယွင်းဘဲ ရှိနေကြတုန်းပဲ။ အဖြူရောင်ဆေးတောင့်နှစ်တောင့်။ ဒါဆို ယုမေက ဆေးမသောက်ခဲ့ဘူးပေါ့။
အဲဒီအခိုက်အတန့်လေးမှာ ဖြစ်ပေါ်လာခဲ့တဲ့ ပျော်ရွှင်မှုကို လွန်းဆက်မောင်က ဘာသာစကားနဲ့ ခိုင်းနှိုင်းဖော်ပြဖို့ မစွမ်းသာခဲ့ဘူး။ ကိုယ့်လက်ချက်ကြောင့် ယုမေ သေခဲ့ရတယ်လို့ အောက်မေ့နေရာကနေ အဖြစ်မှန်က အဲဒီလို မဟုတ်ဘူးလို့ သိလိုက်ရတာကိုး။ ယုမေက အမှန်တကယ်ပဲ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ သူ့ရင်တွင်းမှာ ဆို့ကျပ်နေတဲ့ အပြစ်ဖို့စိတ်က ဖြည်းဖြည်းချင်း လျော့ပါးသွားတယ်။ ဇနီးလောင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံဆောင်ခဲ့တဲ့ လုပ်ရပ်က ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိဘူး ဆိုပေမယ့်လည်း နိဂုံးချုပ်လိုက်တော့ သူ့ရဲ့ သေဆုံးမှုက ကိုယ်နဲ့ ဘယ်လိုမှ ပတ်သက်ဆက်စပ် မနေဘူး။ ရင်ကို ဖိစီးနေခဲ့တဲ့ ကျောက်ခဲတုံးကြီးက ခဏချင်းပဲ မြေပေါ် ပြုတ်ကျသွားတယ်။
ဒါကြောင့် ဒီတိုက်ကြီးထဲကို ရောက်တော့ ပန်းနုဝေတို့ရဲ့ သုံးသပ်ချက်တွေကို နားထောင်ရတဲ့ အခါမှာ လွန်းဆက်မောင်က ဟန်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြုမူတုံ့ပြန်နိုင်ခဲ့တယ်။ သူကိုယ်နှိုက်ကလည်းပဲ ယုမေ သူများလက်ချက်ကြောင့် သေခဲ့ရတယ် ဆိုတဲ့ အဆိုကို စိတ်ဝင်တစား ရှိနေခဲ့တယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ အခိုင်အမာ ယုံကြည်ထားတာကတော့ တရားခံက သူ လုံးဝလုံးဝ မဖြစ်နိုင်ဘူး ဆိုတာပဲ။ ဒါပေမယ့် နန်းမိုရ်ခရဲ့ သီအိုရီကို ကြားလာရတဲ့ အချိန်ကစပြီး သူ နေမထိထိုင်မသာ ဖြစ်လာခဲ့တယ်။ နန်းမိုရ်ခက ပြောတယ်။ နှင်းသူက ဆေးဘူးထဲကို ဆေးတွေ ပြန်ထည့်ထားခဲ့တယ်တဲ့။ ဒီလိုဆိုတော့ ယုမေက ဆေးကို သောက်ခဲ့တယ်ပေါ့။ သူ ဘယ်ဆေးကို သောက်လိုက်တာပါလိမ့်။
ဦးဟန်သာရဲ့ စကားကို ကြားပြီးတဲ့နောက်မှာ အကုန်လုံး နားလည် သဘောပေါက်သွားတယ်။ ချာ့ချ်ကျောင်း အနီးအနားမှာ ယုမေနဲ့ တွေ့ဆုံကြတုန်း ယုမေရဲ့ ဆေးဘူးထဲမှာ အိပ်ဆေးတွေ ထည့်ထားမှန်း နှင်းသူက သိလို့ အဲဒီဆေးတွေကို လဲလှယ်ခဲ့တဲ့သူက လွန်းဆက်မောင်ပဲ ဖြစ်ရမယ် ဆိုတာကိုလည်း သူ ရိပ်စားမိခဲ့တယ်။ ဒါကြောင့် ယုမေရဲ့ ကြွင်းကျန်ပစ္စည်းတွေကို လက်ဝယ် ရလာတဲ့အခါမှာ ဆေးတွေကို မသိမသာ ပြန်ထည့်ထားပေးလိုက်တယ်။ သဘောကတော့ ယုမေကို သတ်တဲ့ လက်သည်တရားခံ လွန်းဆက်မောင်ကို ကွယ်ဝှက်ပေးလိုက်တာပဲ။
နှင်းသူက အဲဒီအကြောင်းကိစ္စတွေကို ဒိုင်ယာရီထဲမှာ ရေးထားပါလိမ့်မယ်။ ဒါကြောင့်လည်း သူက သေခါနီးမှာ အဲဒီစာမျက်နှာကို ဘယ်လိုနည်းနဲ့မဆို ဖွက်ထားဖို့ လုပ်ဆောင်ခဲ့တယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ မျိုချပစ်လိုက်ဖို့ပဲ။ ဦးဟန်သာ သုံးသပ်ထားတာနဲ့ အကြမ်းအားဖြင့်တော့ တထေရာတည်း။
ဦးဟန်သာရဲ့ လည်ပင်းကို ညှစ်ထားတဲ့ လွန်းဆက်မောင်ရဲ့ လက်ချောင်းတွေက ဖိအားကို တိုးမြှင့်လိုက်တယ်။ သူ အဲဒီလို မလုပ်ချင်ပါဘူး။ ဒါပေမယ့် ဦးဟန်သာက ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားပြီးတဲ့နောက်မှာ သူ့ရဲ့ ပြစ်မှုက လယ်ပြင်မှာ ဆင်သွားသလို ဖုံးမနိုင်ဖိမရ ဘွားဘွားကြီး ပေါ်လာတော့မှာ။ ဦးဟန်သာကိုသာ ညှစ်သတ်ပြီး လသာဆောင်ကနေ ရေထဲကို နောက်ထပ်တစ်ကြိမ် ပြန်တွန်းချလိုက်ရင် ဘယ်သူမှ အဖြစ်မှန်ကို သိကြမှာ မဟုတ်တော့ဘူး။
ဦးဟန်သာရဲ့ မျက်လုံးတွေက ကြေကွဲဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတယ်။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ”
လွန်းဆက်မောင်က မျက်နှာကို တစ်ဖက်လွှဲပြီး လက်ရဲ့ ညှစ်အားကို နောက်တစ်ဖန် တိုးမြှင့်လိုက်တယ်။
အဲဒီအချိန်မှာပဲ လေးဘက်လေးတန်ရဲ့ အနေအထားက ဖြုတ်ကနဲ ပြောင်းလဲသွားတယ်။ ဧည့်ခန်းရဲ့ မီးဆိုင်းတွေအားလုံး လင်းထိန်လာတယ်။ လွန်းဆက်မောင်က လက်ကို လွှတ်ပြီး ဘေးဘီကို ဝေ့ကြည့်လိုက်တယ်။ ရှိသမျှ လူတွေအားလုံးက အပေါ်ထပ် ဝရန်တာမှ မတ်တတ်ရပ်လို့။ တုတ်တုတ်မှ မလှုပ်ဘဲ သူ့ကို စိုက်ကြည့်နေကြလေရဲ့။