ဘာတွေ ဖြစ်ကုန်တာလဲ။ လွန်းဆက်မောင်က နဝေတိမ်တောင် ဖြစ်လို့နေတယ်။ ဒေါ်သင်းလှ၊ မင်းအာကာ၊ ပြီးတော့ ပန်းနုဝေ၊ သူတို့အားလုံးက အေးစက်စက် မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေကြတယ်။ လည်ပင်းကို အညှစ်ခံထားခဲ့ရတာကြောင့် ဦးဟန်သာက သူ့ခြေရင်းမှာ လဲပြီး တဟွတ်ဟွတ်နဲ့ အသည်းအသန် ချောင်းဆိုးနေတယ်။
“ဖေကြီး၊ အဆင်ပြေရဲ့လား”
ဒေါ်သင်းလှက လှေကားကနေ ဆင်းလာပြီး ဦးဟန်သာနားကို လေရဲ့အဟုန်နဲ့ ရောက်ရှိသွားတယ်။
“အင်း၊ အဆင်ပြေပါတယ်။ လူက ဒီလောက်လွယ်လွယ်နဲ့ မသေနိုင်ပါဘူး”
ဦးဟန်သာရဲ့ ရင်အုံက ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဝင်သက်ထွက်သက်ကို ပြင်းပြင်းထန်ထန် ရှိုက်ရှူနေတယ်။ နောက်တော့ လွန်းဆက်မောင်ကို ခေါင်းမော့ကြည့်တယ်။
“တကယ်ပဲ မင်း ယုမေကို သတ်လိုက်တာကိုး”
“ဗျာ ….. မဟုတ်ဘူး”
လွန်းဆက်မောင်က အလိုအလျောက်ပဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိတယ်။ ရပ်နေကြတဲ့ လူတွေအားလုံးကို တစ်ယောက်ချင်းစီ ငေးကြည့်နေတယ်။ သူ့ခေါင်းထဲမှာ ရှုပ်ရှက်ခတ်လို့။ သူ မြင်နေတဲ့ မြင်ကွင်းကို ဘယ်လိုမှ နားမလည်နိုင်ဘူး ဖြစ်နေတယ်။
“ရှင် အမှန်အတိုင်း ဝန်ခံလိုက်စမ်းပါ။ အကိုက်အခဲပျောက်ဆေးကို အိပ်ဆေးနဲ့ တစ်ပတ်ရိုက်လိုက်တာ ရှင် မဟုတ်လား။ ဒါကြောင့် ယုမေက …..”
ပန်းနုဝေက ပြောရင်းတန်းလန်းမှာပဲ အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်တယ်။
“ဟင့်အင်း၊ မဟုတ်ဘူး”
“ဘာမဟုတ်ဘူးလဲ” မင်းအာကာက ပြောတယ်။ “မင်းက ငါ့အဖေကိုပါ သတ်ချင်နေတာပဲ”
“ဟိုဟာလေ … အကြောင်းက … အဲဒါ ….. ဟားဟားဟား၊ အဲဒီလို မဟုတ်ပါဘူး”
လွန်းဆက်မောင်က ထိန်းမနိုင် သိမ်းမရ ထရယ်နေတယ်။ တကယ်တော့ ဘာမှ ရယ်စရာ ရှိတာမဟုတ်ဘူး။ ကြည့်ရတာ ဂေါက်ချင်ချင် ဖြစ်သွားပြီ ထင်တယ်။
“ဟား ဟား ဟား၊ မဟုတ်ဘူး။ မထင်မှတ်တာလေး ဖြစ်သွားလို့။ အင်း၊ ဟိုဟာ …. အငြင်းအခုန်လေးတစ်ခု ဖြစ်သွားလို့ပါ …. ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး”
“မင်း ညာနေလည်း အပိုပါပဲ။ ကဲ … ရှင်းပြစမ်းပါဦး။ မင်းက ဘာဖြစ်လို့ ငါ့အဖေကို သတ်ချင်ရတာလဲ”
“အဲဒါက ဟိုဟာ …..”
လွန်းဆက်မောင်ရဲ့ မျက်နှာကြွက်သားတွေ အကုန်လုံး တောင့်တင်းကုန်တယ်။ သူက ခေါင်းမော့ပြီး သူတို့ကို လှမ်းကြည့်တယ်။ အေးစက်စက် အကြည့်တွေက အဆိပ်လူးမြားတွေလို တစ်စင်းပြီးတစ်စင်း သူ့ပေါ်ကို ဖြာကျနေတယ်။ နောက်ဆုံးတော့ သူ သဘောပေါက်သွားတယ်။ အခြေအနေက တော်တော်ကြီးကို သဘာဝမကျတာပဲကိုး။
“ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ” လွန်းဆက်မောင်က မေးတယ်။ “ခင်ဗျားတို့က ကျွန်တော်နဲ့ ဦးဟန်သာရဲ့ စကားတွေကို ကြားကြတယ်ပေါ့။ ပြီးတော့ ….”
သူက ငဆွေနဲ့ ကျွဲကြီးကို ကြည့်တယ်။
“မင်းတို့ရောလား”
ငဆွေက နှုတ်ခမ်းကို စူလိုက်ပြီး ပြောတယ်။
“မင်း အမှန်အတိုင်း ဝန်ခံလိုက်စမ်းပါ။ မင်း ဆေးကို လဲထားလိုက်တာ မဟုတ်လား။ မင်းက ယုမေကို သတ်ပြီး နောက်တော့ နှင်းသူနဲ့ မင်္ဂလာဆောင်မယ် မဟုတ်လား”
သူ့ရဲ့ လေသံက စောစောကနဲ့ နည်းနည်းလေးမှ မတူတော့ဘူး။
လွန်းဆက်မောင်က ပါးစပ်ဟောင်းလောင်းပွင့်လျက်နဲ့ “မင်းတို့ ….. မင်းတို့က ဘယ်သူတွေလဲ”
“ငါတို့က မင်းကို မေးနေတာလေကွာ” မင်းအာကာက ပြောတယ်။ “အမြန်ဖြေစမ်းပါ။ ယုမေရဲ့ ဆေးဘူးထဲမှာ ပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အိပ်ဆေးတွေနဲ့ လဲထားလိုက်တာ မင်း မဟုတ်လား”
“မသိဘူး။ ကျွန်တော် မသိဘူး။ ခင်ဗျား ဘာပြောနေတယ်ဆိုတာ လုံးဝ နားမလည်ဘူး ….”
“ဒီလောက် ခေါင်းမာနေလိမ့်မယ်လို့ ထင်မထားမိဘူး။ မတတ်နိုင်ဘူး။ ကိုထွန်းမောင်၊ တစ်ဆိတ်လောက်”
မင်းအာကာပြောတဲ့ ကိုထွန်းမောင် ဆိုတာ လူသန်ကျွဲကြီးကို ပြောတာ။ လူသန်ကြီးက ခေါင်းကို ဆတ်ပြတယ်။ နောက်တော့ နှင်းသူရဲ့ အခန်းတံခါးကို ဆွဲဖွင့်ပြီး အတွင်းကို လှမ်းအော်လိုက်တယ်။
“ထွက်ခဲ့လို့ ရပြီ”
အခန်းထဲကနေ လေးတိလေးကန်နဲ့ ထွက်လာတဲ့ သူကို မြင်လိုက်ရတော့ လွန်းဆက်မောင်က အံ့အားသင့်လွန်းလို့ စကားတောင် ပြောမထွက်တော့ဘဲ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတယ်။ အဲဒီမှာ ရပ်နေတဲ့သူက အစောကြီးကတည်းက အသတ်ခံထားရပြီ ဖြစ်တဲ့ နှင်းသူပဲ။ သူက ကြေကွဲဆို့နင့်တဲ့ မျက်ဝန်းတွေနဲ့ လွန်းဆက်မောင်ကို စိုက်ကြည့်နေတယ်။
“ကျွန်မ တောင်းပန်ပါတယ်။ အမှန်အတိုင်း ပြောပြပေးပါလား”
နှင်းသူက ရှိုက်သံသဲ့သဲ့နဲ့ ပြောတယ်။
လွန်းဆက်မောင်က ဖြုတ်ဆို သဘောပေါက်သွားတယ်။ ဦးဟန်သာကို လှမ်းကြည့်လိုက်တယ်။
“မင်း သဘောပေါက်လောက်ရောပေါ့” ဦးဟန်သာက ပြောတယ်။ “ဒီတိုက်ကြီးထဲမှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးက အင်တွေချည်းပဲ။ သရုပ်ဆောင်နေကြတာ။ ဓားပြဝင်တာရော၊ လူသတ်တာရော၊ အားလုံးက အင်တွေချည်းပဲ”
“ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”
“ဘာဖြစ်လို့ … ဟုတ်လား။ အခုပဲ ရှင်းနေပြီ မဟုတ်လား။ မင်းရဲ့ သတ်လိုစိတ်ကို သက်သေပြချင်လို့ပေါ့”
“သတ်လိုစိတ် ….”
“သိပ်ဟုတ်တာပေါ့။ အဲဒါကြောင့်ပဲ ငါတို့က ဒီဇာတ်ထုပ်ကို စီစဉ်ထားခဲ့တာ”
အပေါ်ထပ်ကလူတွေ အောက်ထပ်ကို ဆင်းလာပြီး လွန်းဆက်မောင်နဲ့ ဦးဟန်သာကို ဝိုင်းလို့ ထိုင်လိုက်ကြတယ်။ ငဆွေရဲ့ လက်ထဲမှာ သေနတ် ရှိမနေတော့ဘူး။ နန်းမိုရ်ခက ကျွဲကြီးရဲ့ ပခုံးပေါ်မှာ လက်တစ်ဖက် တင်ထားတယ်။
“စစဖြစ်ချင်းကတည်းက မိဘဖြစ်တဲ့ ငါတို့တွေက ယုမေရဲ့ မတော်တဆ သေဆုံးမှုကို ဘယ်လိုမှ လက်ခံယုံကြည်လို့ မရခဲ့ဘူး။ ဒါကြောင့် ငါတို့က နည်းလမ်းပေါင်းစုံကို သုံးပြီး စုံစမ်းထောက်လှမ်းခဲ့တယ်။ ဒီတော့ ရလဒ်အနေနဲ့ အင်မတန်မှ အရေးပါတဲ့ သဲလွန်စတစ်ခုကို ငါတို့ ရလာခဲ့တယ်။ မျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောစကားအရ ယုမေရဲ့ကားဟာ ချောက်ထဲကို ထိုးကျမသွားခင်မှာ အခင်းဖြစ်တဲ့ နေရာဝန်းကျင်နားမှာ တစ်ခဏလောက် ရပ်နားထားခဲ့သေးတယ်တဲ့။ ယုမေက ကားကို တစ်ခဏလောက် ရပ်တန့်ထားပြီးမှ ချောက်ထဲကို တည့်တည့်ကြီး ထိုးဆင်းသွားခဲ့တာ။ အဲဒီလုပ်ရပ်က အိပ်ငိုက်တဲ့သူ ကားမောင်းတာမျိုးနဲ့ နည်းနည်းမှ မတူဘူး။ ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့တာပဲ”
“ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ် ….”
“ဟုတ်တယ်။ ဒါပေမယ့် သူ ဘာကြောင့် သတ်သေချင်ခဲ့ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို ငါ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူး။ အဲဒီအချိန်မှာပဲ ငါ အချက်တစ်ချက် သိလာခဲ့တယ်။ အဲဒီနေ့က ယုမေနဲ့ နှင်းသူတို့ တွေ့ဆုံဖြစ်ကြတယ် ဆိုတဲ့ကိစ္စ။ ငါ နှင်းသူကို သွားမေးကြည့်တယ်။ ယုမေမှာ ထူးခြားတဲ့ အပြုအမူ ဘာတွေ ရှိခဲ့သလဲပေါ့။ အစပိုင်းမှာတော့ နှင်းသူက ဘာမှ မသိဘူးလို့ ပြောနေခဲ့သေးတယ်။ ဒါပေမယ့် ငါက သူ့ကို ခဏခဏ ဇွတ်မေးတော့မှ သူက ဆေးဘူးရဲ့အကြောင်းကို ငါ့ကို ပြောပြတယ်”
လွန်းဆက်မောင်က နှင်းသူကို လှမ်းကြည့်တယ်။ သူက ခေါင်းငိုက်စိုက်ချလို့။
ဦးဟန်သာက သူ့ကို လှမ်းပြောတယ်။
“အဲဒီကိစ္စကို ဒီမှာ နောက်တစ်ခေါက် ထပ်ပြောပြပေးလို့ ရမလား”
နှင်းသူက တအံ့တဩနဲ့ ခေါင်းမော့ကြည့်တယ်။ နောက်တော့ ခေါင်းကို ညင်ညင်သာသာ ညိတ်တယ်။ အကြည့်ကို လွန်းဆက်မောင်ရဲ့ ကိုယ်ပေါ်ကနေ ဖယ်ခွာပြီး နှုတ်ခမ်းကို ဖွင့်ဟလိုက်တယ်။
“အဲဒီနေ့က ကျွန်မနဲ့ ယုက ချာ့ချ်ကျောင်းနားမှာ ရှိတဲ့ အသုပ်ဆိုင်လေးတစ်ဆိုင်မှာ တွေ့ဖြစ်ကြတယ်။ ကျွန်မကို ပြောစရာ ရှိတယ်ဆိုပြီး သူ ချိန်းလိုက်တာပါ။ ဘာဖြစ်လို့ အဲဒီနားမှာ ချိန်းရသလဲ ဆိုတာတော့ ကျွန်မလည်း မသိဘူး။ ကျွန်မတို့ တွေ့ဆုံကြတော့ သူက တခြားအကြောင်းတွေကို လျှောက်ပြောပြီး ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တယ်။ အတော်လေး ကြာသွားတော့မှ သူက ဆေးဘူးထဲကနေ ဆေးကို ထုတ်ယူပြီး ဆေးသောက်ဖို့ အချိန်ရောက်ပြီလို့ ပြောတယ်။ ကျွန်မက ဘာရယ်မဟုတ်ဘဲ ဆေးကို လှမ်းကြည့်လိုက်မိပြီးတော့ အတော်ကြီးကို အံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေက အကိုက်အခဲပျောက်ဆေးတွေ မဟုတ်ကြလို့ပဲ။ အတော်ကြီးကို ဆင်တူတယ် ဆိုပေမယ့် သောက်နေကျ လူတစ်ယောက်အတွက်တော့ မဟုတ်မှန်း တန်းသိနိုင်တယ်။ ကျွန်မ ယုကို ပြောပြလိုက်တော့ သူ တော်တော်လေး တုန်လှုပ်ချောက်ချားသွားတယ်။ နောက်တော့ အားယူပြုံးရင်း ပြောတယ်။ ‘အား … ဟုတ်တယ်နော်။ ဘယ်လိုလုပ်ပြီး မှားယူလာမိလဲ မသိဘူး’ တဲ့။ နောက်ဆုံးတော့ သူက အဲဒီဆေးနှစ်တောင့်ကို မသောက်ဘူး။ သူ သောက်နေကျဆေးနဲ့ တထေရာတူတဲ့ ဆေးက ကျွန်မနဲ့အတူ ကိုယ်နဲ့မကွာ ပါလာတာဆိုတော့ သူ့ကို ဆေးနှစ်တောင့် ထုတ်ပေးလိုက်တယ်။ အဲဒီနောက်တော့ ယုက တစ်လျှောက်လုံး စိတ်နဲ့လူ မကပ်တော့ဘူး။ မျက်စိမျက်နှာလည်း ပျက်နေတယ်။ ကျွန်မတို့ လမ်းခွဲနှုတ်ဆက်ကြတော့ ကျွန်မကို ဘာပြောချင်လို့ လှမ်းခေါ်ရတာလဲလို့ ကျွန်မ သူ့ကို မေးကြည့်တယ်။ သူက ပြန်ဖြေတယ်။ ‘ဟင့်အင်း၊ ဘာမှ မဟုတ်တော့ဘူး’ တဲ့”
မသောက်ခဲ့ဘူးလား။ ယုမေက အိပ်ဆေးကို မသောက်ခဲ့ဘူးတဲ့လား။
“အဲဒီစကားကို ကြားတော့ ငါ ချက်ချင်း သဘောပေါက်သွားတယ်” ဒေါ်သင်းလှက ပြောတယ်။ “ယုမေက သူ့ရဲ့ဆေးတွေကို တစ်ပတ်ရိုက်ခံထားရပြီမှန်း သိလိုက်ပြီ။ ပြီးတော့ ဘယ်သူ့လက်ချက်လဲ ဆိုတာကိုလည်း သူ သိနေတယ်။ ဆက်မောင်၊ အဲဒါ မင်း လက်ချက်မဟုတ်လား”
လွန်းဆက်မောင်က ဘာမှ ပြန်မဖြေဘူး။ ငြင်းဆန်နေတော့ရော ဘာထူးဦးမို့လဲ။
“အဲဒီကလေးက အတော်ကို သနားစရာကောင်းတယ်။ သူ့အတွက် ဒီကမ္ဘာပေါ်မှာ အရေးအကြီးဆုံးလူက သူ့ကို သတ်ချင်နေတယ်။ အဲဒီအချက်ကို သိပြီးတဲ့နောက်မှာ သူ့ခမျာ ဘယ်လောက်တောင် အံ့ဩထိတ်လန့်သွားမလဲ။ ဘယ်လောက်တောင် တုန်လှုပ်ချောက်ချားသွားမလဲ။ ဆက်မောင်၊ မင်း သိလား။ သူ့မှာ ဆက်လက်ရှင်သန်လိုတဲ့ ဆန္ဒတွေ ပျောက်ဆုံးသွားတယ်။ ဒါကြောင့်လည်း ကိုယ့်ဟာကိုယ် သတ်သေသွားခဲ့တာပေါ့”
အဲဒီလို ဖြစ်ခဲ့တာလား။ လွန်းဆက်မောင်က တွေးတယ်။ ဒီတစ်ခါတော့ အားလုံးကို သဘောပေါက်သွားခဲ့ပြီ။ ဆေးဘူးထဲမှာ ဆေးတွေ ရှိနေတယ် ဆိုတာက ဘူးထဲကို တစ်ယောက်ယောက်က ပြန်ထည့်ထားခဲ့လို့ မဟုတ်ဘူး။ နဂိုကတည်းက သူ သောက်ကို မသောက်ခဲ့တာ။
“ကြုံတုန်း မင်းကို ပြောရဦးမယ်။ အဲဒီလို တွေးမိတော့ ငါတို့ရဲ့ ရင်ထဲမှာ ဘယ်လောက်တောင် ရိုက်ခတ်သွားသလဲ၊ ဘယ်လောက်တောင် နာကျည်းသွားသလဲ ဆိုတာ မင်း နားလည်နိုင်မှာ မဟုတ်ဘူး။ ဆက်မောင်၊ ငါတို့ မင်းကို ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မင်းကို ငါတို့ လက်တုံ့ပြန်မှာပဲ။ ဒါပေမယ့် အမှန်တရားကို ဘယ်လိုနည်းနဲ့ သက်သေထူရပါ့မလဲ။ ငါတို့မှာ ဘာသက်သေ အထောက်အထားမှ မရှိကြဘူး။ မျက်မြင်သက်သေ ဆိုတာတော့ ဝေးရော။ ပိုပြီး အရေးပါတဲ့အချက်က ယုမေက ကိုယ့်ဟာကိုယ် သတ်သေသွားခဲ့တာ။ မင်းသတ်လို့ သေသွားခဲ့ရတာ မဟုတ်ဘူး။ ဒါပေမယ့် မင်းကိုယ်တိုင် သတ်ပစ်လိုက်တာနဲ့တော့ ဘာမှ ထူးမသွားဘူး”
“ဒါကြောင့်ပဲ ဒီဇာတ်ထုပ်ကို ခင်း …..”
“မင်းမှာ သေစေလိုတဲ့ စေတနာ ရှိမရှိ ငါတို့ သိချင်ခဲ့တယ်။ အဲဒီအချက်ကို သက်သေပြနိုင်ဖို့အတွက် ဆိုရင် ယုမေ သေဆုံးရခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်ဖို့အတွက် နောက်တစ်ကြိမ် ထပ်ပြီး လူသတ်လိုတဲ့ ဆန္ဒမျိုး ဖြစ်ပေါ်လာမလားလို့ ငါတို့ စောင့်ကြည့်ရုံပဲ ရှိတော့တယ်။ အဲဒီလို အကျပ်အတည်းမျိုးထဲ မင်း ကျွံဝင်သွားအောင် ငါတို့မှာ အတော်ကြီးကို ကြိုးစားလိုက်ရတယ်။ ငါ့မိန်းမက နည်းနည်းပါးပါး သရုပ်ဆောင်တတ်တယ် ဆိုပေမယ့် ငါနဲ့ ငါ့သားကတော့ အဲဒီအပိုင်းမှာ ချာလတူးပဲ”
“ဟင့်အင်း။ မဟုတ်တာပဲ။ ဦးရဲ့ အိုက်တင်က အကယ်ဒမီရှော့ပါ”
အဲဒါ ဘယ်သူ့အသံပါလိမ့်လို့ လွန်းဆက်မောင်က တွေးဆကြည့်နေတုန်းမှာပဲ ကျွဲကြီးရဲ့ မျက်နှာပေါ်က အပြုံးကို တွေ့မြင်လိုက်ရတယ်။
“မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ ရှယ်ယာထည့်ထားတဲ့ ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုရဲ့ ရိုက်ကွင်းမန်နေဂျာ ကိုထွန်းမောင်တဲ့။ နောက်တစ်ယောက်ကတော့ ကိုဆွေငြိမ်း”
ကျွဲကြီးနဲ့ ငဆွေက မသိမသာ ခေါင်းဆတ်ပြတယ်။
“ပြီးတော့ မိုရ်ခနဲ့ စိုးဇေယျ၊ သရုပ်မဆောင်တတ်တဲ့ အပြင်လူတွေနဲ့ချည်းဆို ငါက စိတ်မချဘူး။ ဒါကြောင့် အရေးကြီးတဲ့ ဇာတ်ကောင်နေရာတွေကို ရုပ်ရှင်လောကထဲက လူတွေ ခေါ်ထည့်ထားရတယ်”
“ပြီးတော့ နှစ်ယောက်ကျန်သေးတယ်” ကိုထွန်းမောင်က ပြောတယ်။ “ရဲသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ နှစ်ယောက်”
“ဟုတ်ပါ့။ သူတို့ကမှ တကယ့်ကို ဇာတ်ထုပ်တစ်ထုပ်လုံးရဲ့ ဇာတ်စင်နောက်က လူစွမ်းကောင်းတွေ။ ကိုထိုက်အဖြစ်နဲ့လည်း သရုပ်ဆောင်ရသေးတယ်။ ဖုန်းဆက်ဖို့လည်း တာဝန်ယူရတယ်။ ပြီးတော့ လသာဆောင်ကနေ ခုန်ချတဲ့ ငါ့ကိုလည်း ကယ်ဆယ်ဖို့ စီစဉ်ရသေးတယ်”
“ကိစ္စတွေအားလုံး အခုလို ရှောရှောရှူရှူ ဖြစ်သွားခဲ့တာ မပန်းနုဝေရဲ့ ဇာတ်ညွှန်းကြောင့်လို့ ပြောရင်တော့ လုံးဝ မှားနိုင်စရာ မရှိဘူး။ တကယ့်ကို ရှယ်ပဲ”
ကိုဆွေငြိမ်းရဲ့ စကားဆုံးတော့ ပန်းနုဝေက ခပ်ဖွဖွ ပြုံးတယ်။
သူတစ်ခွန်း ကိုယ်တစ်ခွန်းနဲ့ စကားကောင်းနေကြတဲ့ သူတို့ကို လွန်းဆက်မောင်က ငေးတိငေးကြောင် ကြည့်နေမိတယ်။ ဖြစ်ဖြစ်သမျှ ကိစ္စတွေ အားလုံးက သိသိသာသာကြီးကို အတုအယောင် ဆန်လွန်းနေတယ်။ မဟုတ်ဘူး၊ တကယ်တော့ အားလုံးအားလုံးက လုပ်ဇာတ်ခင်းထားတာချည်းပဲ။ အခုချိန်မှာ ရှိသမျှ အရာအားလုံးကို သူ ဆုံးရှုံးသွားပြီ ဆိုတာကမှ တကယ့် အမှန်တရားတစ်ခု။
“ငါ စောစောတုန်းက ပြောခဲ့ပြီးပြီ။ ငါတို့မှာ ဘာအထောက်အထားမှ မရှိဘူး”
ဦးဟန်သာက ခေါင်းကို ငုံ့ထားရင်း လွန်းဆက်မောင်ကို ကြည့်တယ်။
“ဒါပေမယ့် မင်းမှာ သံသယတချို့တော့ ရှိကောင်း ရှိနေမှာပဲ။ တကယ်လို့ ယုမေက ဆေးမသောက်ခဲ့ဘူး ဆိုရင် မင်း ထည့်လိုက်တဲ့ အိပ်ဆေးတွေက ဆေးဘူးထဲမှာ အရာမယွင်းဘဲ ရှိမြဲ ရှိနေဦးမှာပဲ။ အဲဒါတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ အထောက်အထားတွေ မဟုတ်ပေမယ့် ပစ္စည်းသက်သေလို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် ငါတို့က အဲဒါတွေကို ဘာဖြစ်လို့ ရဲလက်ထဲ မအပ်ခဲ့တာလဲ”
အဲဒီလို ပြောလိုက်တော့လည်း ဟုတ်နေတာပဲ။ အဲဒီဆေးနှစ်တောင့်က ဘယ်ရောက်သွားပြီလဲ။ လွန်းဆက်မောင်က ခေါင်းထောင်လိုက်တယ်။
“ဘာဖြစ်လို့လဲဆိုတော့ ဖြစ်စဉ်က အဲဒီလို မဟုတ်ဘူး” ဦးဟန်သာက ပြောတယ်။ “ဆေးဘူးထဲမှာ ရှိနေတာက အိပ်ဆေးတွေ မဟုတ်ဘူး။ တကယ့်ကို အကိုက်အခဲပျောက်ဆေးတွေ”
“ဗျာ ….”
“ဆိုလိုတာက” ဦးဟန်သာက နှုတ်ခမ်းကို လျှာနဲ့ သပ်ပြီး စကားကို ဆက်တယ်။ “ယုမေက နှင်းသူပေးတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ဆေးဘူးထဲ ထည့်ပြီး အိပ်ဆေးတွေကို လွှင့်ပစ်လိုက်တယ်။ သူက အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ။ သမီးက ဘာဖြစ်လို့ အဲဒီလို လုပ်ခဲ့တာလဲ မင်းသိလား”
လွန်းဆက်မောင်က ခေါင်းခါတယ်။ ဦးခေါင်းခွံတစ်ခုလုံးက ဘာမှ မရှိတော့သလို လစ်ဟာနေတယ်။ စဉ်းစားဆင်ခြင်ဖို့လည်း ဘာခွန်အားမှ ရှိမနေတော့ဘူး။
“မင်း သဘောမပေါက်ဘူးလား။ ယုမေက မင်းကို အမှုမပတ်စေချင်လို့၊ လူသတ်သမားအဖြစ် သံသယ အဝင်မခံစေချင်လို့ပဲ။ သူ့ခမျာ အဲဒီလို ဆက်ဆံခံခဲ့ရတာတောင်မှ သူက မင်းကို ချစ်နေတုန်းပဲ။ မင်းကို ကာကွယ်ပေးချင်နေတုန်းပဲ။ မင်း သတ်ချင်နေတဲ့ ယုမေဆိုတာ အဲဒီလို မိန်းကလေးတစ်ယောက်ပါကွာ”
လွန်းဆက်မောင်ရဲ့ ဗိုက်ထဲမှာ ရှိတဲ့ ကလီစာတွေအားလုံးက ဖောင်းကားပြီး တွန်းကန်လာကြသလိုပဲ။ နှလုံးကလည်း ပွင့်ထွက်လုမတတ် ကြောက်စရာကောင်းလောက်အောင်ကို တုန်ခါနေတယ်။ နားတွေထဲမှာတော့ ငရဲသားတွေ ညည်းညူနေကြတဲ့အလား အူအူသဲသဲ ဆူညံနေတယ်။ သူ့မှာတော့ တံကျင်လျှိုခံထားရတဲ့အတိုင်း အသက်ရှူဖို့တောင် ခက်ခဲနာကျင်နေတယ်။
“ကဲ … မင်းရဲ့ သတ်ချင်စိတ်ကို သက်သေပြတာ ဒီမှာတင်ပဲ ရပ်နားကြစို့။ ငါတို့ရဲ့ လက်တုံ့ပြန်မှုကလည်း အဆုံးသတ်သွားပြီ”
ဦးဟန်သာက ပြောပြီး ကျန်လူအားလုံးဆီကို လှည့်လိုက်တယ်။
“ငါတို့ သွားအနားယူကြရအောင်။ အားလုံးလည်း ပင်ပန်းနေကြရောပေါ့”
“တကယ့်ကို ပွဲကြီးပွဲကောင်းပဲ” ငဆွေဆိုတဲ့ ယောက်ျားက ပြောတယ်။
“မပန်းနုဝေ၊ ဒီအကြောင်းတွေကို စာအုပ်တစ်အုပ် ရေးမယ်ဆိုတဲ့ ကတိကို မမေ့လိုက်နဲ့ဦးနော်”
“ဟုတ်၊ မမေ့ပါဘူး။ ဒါပေမယ့် အခုတော့ အတော် ပြိုင်းနေပြီ”
လူတွေအားလုံး အပေါ်ထပ်ကို တက်သွားကြတယ်။ လွန်းဆက်မောင် တစ်ယောက်တည်းပဲ ဧည့်ခန်းရဲ့ အလယ်တည့်တည့်မှာ ငုတ်တုတ်ထိုင်လို့။
“ဝမ်းနည်းပါတယ်။ မင်းအတွက် အခန်းမရှိဘူး” ဦးဟန်သာက လှေကားထစ်ပေါ်ကနေ ပြောတယ်။ “မင်းရဲ့ပစ္စည်းပစ္စယတွေကို သိမ်းဆည်းပြီး တံခါးမကြီးနားမှာ ထားပေးထားတယ်။ မင်း အဲဒီမှာပဲ ခဏလောက် အနားယူချင်လည်း ကိစ္စတော့ မရှိပါဘူး။ ဒါပေမယ့် မနက်မိုးလင်းတာနဲ့ ဒီနေရာကနေ ထွက်သွားပေးပါ။ နောက်ပြီး နောက်နောင်မှာလည်း ဘယ်တော့ ဘယ်တော့မှ ပြန်မမြင်ပါရစေနဲ့တော့။ နားလည်တယ်နော်”
ခြေသံတွေက အပေါ်ထပ်မှာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။ နောက်ဆုံးမှ တံခါးပိတ်သံ လွင့်ပျံလာတယ်။ ဘေးနားမှာ လူတစ်ယောက်ယောက် ရှိနေတယ်လို့ လွန်းဆက်မောင် ခံစားလိုက်ရတယ်။ ဒါနဲ့ ခေါင်းမော့ကြည့်တော့ နေရာမှာ ရပ်နေတဲ့ နှင်းသူကို တွေ့လိုက်ရတယ်။
“ဘာဖြစ်လို့လဲ” သူ့မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ပြည့်လျှံလို့။ “ကျွန်မ ရှင့်ကို အတန်တန် တောင်းပန်ခဲ့ဖူးတယ်လေ။ ယုကို ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့လို့”
လွန်းဆက်မောင်က မတ်တတ်ထရပ်တယ်။
“ပြည်ဖုံးကား ချသွားပြီ”
ပြောပြီး သူ အရှေ့ကို လျှောက်သွားတယ်။
တိုက်ကြီးထဲကနေ လျှောက်ထွက်လာတော့ တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေတယ်လို့ သူ ခံစားလိုက်ရတယ်။ ဒါပေမယ့် နောက်ပြန် လှည့်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေဘူး။ ဒီနေရာကို ရောက်လာစဉ်အခါတုန်းက တံခါးဝမှာ သေသေချာချာ ချိတ်ဆွဲထားခဲ့တဲ့ မျက်နှာဖုံးက အခုတော့ အဲဒီမှာ ရှိမနေတော့ဘူး။
အသွားအပြန်ရှိသော မေတ္တာများနှင့် ဆုံဆည်းနိုင်ကြပါစေ။
ဖြိုးကျော်
၂၀ ရက်၊ ဇူလိုင်လ၊ ၂၀၂၅ ခု။ တနင်္ဂနွေနေ့။
နေ့ ၂ နာရီ ၂၄ မိနစ်။