ရုတ်တရက် ဝါးလက်ခုပ်သံတွေ ထွက်ပေါ်လာတယ်။ ဘုရားပွဲရာသီကို ရောက်ပြီပဲ။ နဂိုက ဝါးလက်ခုပ်သံလို့ ထင်ထားပေမယ့် တကယ်တမ်းကျတော့ မီးရှူးမီးပန်း လွှတ်တဲ့အသံ ဖြစ်နေတယ်။ ညဉ့်ကောင်းကင်းယံမှာ ဖြူနီပြာဝါ မီးရောင်စုံတွေ အတန်းလိုက် ပြေးလွှားလို့။ လွန်းဆက်မောင်က လူငယ်လေးတစ်ယောက်လို ဟိုဒီပြေးလွှားပြီး ကောင်းကင်ထက်က မီးပန်းတွေကို ကြည့်ရင်း လက်ခုပ်လက်ဝါး တီးနေမိတယ်။
မျက်လုံးအစုံကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ မြင်ကွင်းထဲမှာ မီးခိုးရောင် မျက်နှာကြက်ကို တွေ့မြင်လိုက်ရတယ်။ မျက်မှောက်အခြေအနေကို နားလည်နိုင်ဖို့အတွက် တဒင်္ဂလောက် ကြိုးစားနေရတယ်။ စက္ကန့်အနည်းငယ် ကြာသွားတော့မှ ဦးဟန်သာရဲ့ နွေစံအိမ်မှာ ရောက်ရှိနေမှန်း သူ သတိရသွားတယ်။
အား … ဟုတ်တာပေါ့။ ဓားပြတွေကြောင့် ငါ ဒီမှာ ခြေချုပ်မိနေတာပဲ။ သူ တွေးလိုက်မိတယ်။
သတိပြန်ဝင်လာတော့ တစ်ယောက်ယောက်က တံခါးကို တအုန်းအုန်း ထုနေမှန်း သူ သတိထားမိသွားတယ်။ လက်စသတ်တော့ စောစောက မီးရှူးမီးပန်း လွှတ်တဲ့အသံလို့ ထင်မှတ်မှားနေတဲ့ အသံအစစ်က ဒီအသံကိုး။ သူက ခုတင်ပေါ်ကနေ လူးလဲထပြီး တံခါးသွားဖွင့်တယ်။ မျက်လုံးနှစ်ဖက်လုံး နီရဲနေတဲ့ ငဆွေက တံခါးဝမှာ သူ့ကို ပြူးကြည့်နေတယ်။
“ကုလားသေ ကုလားမော အိပ်နေလိုက်တာ” ငဆွေက ဒေါသူပုန်ထလို့။ “ငါ့မှာဖြင့် တစ်ရေးတောင် မအိပ်ရသေးဘူး”
“ဪ အတော် ပင်ပန်းနေရာပေါ့” လွန်းဆက်မောင်က အိပ်ချင်ပြေသေးပုံ မရဘူး။ သူကလည်း ပြန်ပြီး ဘုတောလိုက်တယ်။ ဟုတ်တယ်လေ။ သူ့ဟာသူ မအိပ်တာ သူနဲ့ ဘာဆိုင်တာလိုက်လို့။
“သွား၊ မျက်နှာသစ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့”
“ဧည့်ခန်းထဲမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေရဦးမှာလား”
“လျှာမရှည်နဲ့” ငဆွေက သေနတ်နဲ့ ချိန်တယ်။ အစောပိုင်း ကာလကနဲ့ နှိုင်းစာရင် သေနတ်ပြောင်းက ခြိမ်းခြောက်နိုင်စွမ်းတွေ ကင်းမဲ့သွားသလိုပဲ။ ဪ … နေသားတကျ ဖြစ်သွားတာများလား။
လွန်းဆက်မောင်က မျက်နှာသစ်ပြီးနောက် အမိန့်အတိုင်း အောက်ထပ်ကို ဆင်းလာတယ်။ ကျန်တဲ့လူတွေလည်း အောက်မှာ ရောက်နေကြပြီကော။ ဒေါ်သင်းလှက ဦးဟန်သာရဲ့ ရင်ခွင်ထဲမှာ မျက်လုံးစုံမှိတ်ပြီး မှီနွဲ့ထားတယ်။ ကြည့်ရတာ သူ့ခမျာ တစ်ယောက်တည်း တစ်ညလုံးလုံး ဓားပြနဲ့ နေနေရတာ အတော်ကြီးကို ပင်ပန်းနေလောက်ရောပေါ့။
လူသန် ကျွဲကြီးလည်း နိုးနေပြီ။ သူကတော့ ညလုံးပေါက်အောင် အဝအပြဲ အိပ်ထားပုံ ရတယ်။ ရိုင်ဖယ်ကိုင်ရင်း သွေးပူလေ့ကျင့်ခန်း လုပ်နေရဲ့။
“တစ်ယောက်လိုသေးတယ်” ငဆွေက လှေကားပေါ်ကနေ ပြောတယ်။
“နှင်းသူ ဆင်းမလာသေးဘူး” ပန်းနုဝေက ပြောတယ်။
“ဟို ခပ်ချောချော ကောင်မလေးလား”
ငဆွေက စင်္ကြံအတိုင်း လျှောက်သွားပြီး နှင်းသူရဲ့ အခန်းတံခါးကို ခေါက်တယ်။
“မင်းလို သူဌေးသမီးတစ်ယောက်အဖို့ နံနက်စောစော အိပ်ရာထရတာ အခက်အခဲ ရှိနိုင်တယ် ဆိုပေမယ့် မြန်မြန်တော့ လုပ်ကွာ။ အောက်မှာ အားလုံး လူစုံနေပြီ”
သူက တံခါးကို ဆက်ခေါက်နေတယ်။ ခဏနေတော့ အောက်ထပ်ကို ဆင်းလာပြန်တယ်။
“ကျွဲကြီး၊ ဒီကို ခဏလာဦး။ အထဲမှာ ဘာသံမှ မကြားဘူး။ အဲ့ကောင်မ ထွက်ပြေးသွားပြီလား မသိဘူး”
“နှင်းသူကို ပြောတာလား” စိုးဇေယျက ကျွဲကြီးရဲ့ အရှေ့မှာ ပိတ်ရပ်လိုက်တယ်။
“မင်းတို့ အောက်မှာ ကောင်းကောင်းနေနေကြ”
ငဆွေက အပေါ်ထပ်ကနေ ပြောတယ်။ ဒါပေမယ့် စိုးဇေယျက ဂရုမစိုက်ဘဲ ကျွဲကြီးနဲ့အတူ အပေါ် တက်လိုက်သွားတယ်။ လွန်းဆက်မောင်နဲ့ မင်းအာကာတို့ကလည်း အနောက်ကနေ လိုက်သွားကြတယ်။
ကျွဲကြီးက တံခါးလက်ကိုင်ကို လှည့်ကြည့်တယ်။ တံခါးက လော့ချထားတယ်။ နည်းနည်းလေးမှ ဆိုင်းငံ့မနေဘဲ သူက တံခါးကို ကိုယ်နဲ့ တိုက်ဖွင့်တယ်။ ဒုတိယအကြိမ်မြောက် တိုက်ပြီးတဲ့အခါမှာတော့ တံခါးက ပွင့်သွားတယ်။
“နှင်းသူ … အား …”
ကျွဲကြီးရဲ့ အနောက်ကနေ ကပ်လိုက်သွားပြီး အခန်းထဲ တိုးဝင်သွားတဲ့ စိုးဇေယျက အထိတ်တလန့် ထအော်လိုက်တယ်။ လွန်းဆက်မောင်လည်း သူ့ရဲ့ အနောက်ကနေ နှင်းသူကို တွေ့မြင်လိုက်ရလို့ ကြက်သေသေသွားတယ်။
နှင်းသူက ခုတင်ပေါ်မှာ ဝမ်းလျားမှောက်လို့။ ကျောမှာက ဓားတစ်ချောင်း။ သွေးတွေ တစိမ့်စိမ့် ယိုစီးနေတယ်။