စတီယာရင်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတုန်း လက်ဖဝါးပြင်မှာက ချွေးစေးတွေနဲ့ စေးထန့်ထန့် ဖြစ်နေတယ်။ ကားရဲ့အရှိန်ကို လျှော့ချလိုက်ပြီးတဲ့နောက် စိတ်ချရတဲ့ အမြန်နှုန်းကို ရောက်သွားတဲ့ အခါမှာမှ လမ်းချိုးကို ဘေးကင်းလုံခြုံစွာ ကွေ့လိုက်နိုင်တော့တယ်။
လွန်းဆက်မောင်က သက်ပြင်းရှည်ကို အလိုလို မှုတ်ထုတ်မိလျက်သား ဖြစ်သွားတယ်။
ခုန ဖြတ်ခဲ့တဲ့ လမ်းကွေ့က ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ နေရာပဲ။ ဂငယ်ကွေ့က ကျဉ်းကျပ်လွန်းလှတာမျိုး မဟုတ်ပေမယ့် သူ ဒုက္ခရောက်ခဲ့တဲ့ နေရာ မဟုတ်လား။ ဒါကြောင့် စိတ်ထဲမှာ အလိုလို တင်းကျပ်နေပြီးတော့ သတိကို မြဲနိုင်သမျှ မြဲအောင် ချွန်းအုပ်နေခဲ့ရတယ်။
ယုမေ ကွယ်လွန်ခဲ့တာ ၃ လတောင် ပြည့်သွားခဲ့ပြီ။ နွေရက်တွေရဲ့ အပူဆုံး အပြင်းဆုံး အချိန်ကာလကို ကျော်လွန်လာခဲ့ပြီ ဆိုပေမယ့် နေမင်းကြီးက ဦးခေါင်းအထက်မှာ အငြိုးကြီးစွာနဲ့ ရောင်ခြည်တွေကို သွန်ချနေတုန်းပဲ။
ပြီးခဲ့တဲ့အပတ်က ယုမေရဲ့ဖခင် ဦးဟန်သာက လွန်းဆက်မောင်ကို သူတို့နဲ့အတူ တောင်ပေါ်စံအိမ်ကို အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဦးဟန်သာရဲ့ မိသားစုဝင်တွေက အပူအိုက်ဆုံး နွေနေ့တွေမျိုးမှာ တောင်ပေါ်စံအိမ်မှာ နေပြီး တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် အပူရှောင်နေတတ်ကြတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အပူဆုံးဖြစ်တဲ့ မေလထဲမှာ မလာဖြစ်ဘဲ အခုလို နွေကုန်ခါနီးမှ တောင်ပေါ်စံအိမ်ကို သွားဖို့ စီစဉ်ခဲ့ကြတယ်။ မူလအစီအစဉ်အတိုင်း ဆိုရင်တော့ ဒီနှစ်မှာ လွန်းဆက်မောင်က ယုမေရဲ့ ခင်ပွန်းသည်အဖြစ်နဲ့ အတူလိုက်ပါရမှာပေါ့လေ။
“အစကတော့ ဒီနှစ်အစီအစဉ်ကို ဖျက်ပစ်လိုက်မယ်လို့ စိတ်ကူးထားခဲ့တာ။ ဒါပေမယ့် သမီးလေးက ငါတို့ကို အဲဒီမှာ စောင့်နေတယ်လို့ ခံစားနေရသလိုပဲ။ အခုလို ပြောလို့ မင်းကတော့ ဦးကို အူကြောင်ကြောင်နိုင်တယ်လို့ ထင်ချင် ထင်နေလောက်တယ်”
ယုမေတို့အိမ်ရဲ့ ဧည့်ခန်းမှာ စကားပြောကြတုန်း ဦးဟန်သာက အဲဒီလို ပြောတယ်။ ဦးဟန်သာရဲ့ မျက်နှာမှာ ညှိုးငယ်တဲ့၊ ဒါပေမယ့် အားယူပြီး ကြိုးစားပြုံးနေရတဲ့ အပြုံးကို တွေ့မြင်နေရတယ်။
“ကျွန်တော်ကို လိုက်ပါခွင့်ပေးတဲ့အတွက် ကျွန်တော် အတိုင်းမသိ ဝမ်းသာပါတယ်” လွန်းဆက်မောင်က ပြန်ဖြေတယ်။
ယုမေက လူ့လောကမှာ မရှိတော့ပေမယ့် လွန်းဆက်မောင်က သူ့ရဲ့ အိမ်သူအိမ်သားတွေနဲ့ လုံးဝ အဆက်အသွယ် မပြတ်သေးဘူး။ ဦးဟန်သာတို့က လွန်းဆက်မောင်ကို အိမ်မှာ ညစာလာစားဖို့ မကြာခဏ ဖိတ်ကြားလေ့ရှိတယ်။ သူကလည်း အရင်ကလို ပုံမှန်ပဲ ဝင်ထွက်သွားလာနေခဲ့တယ်။ အထူးသဖြင့်တော့ ဒေါ်သင်းလှက သူ့ကို သားမက်အဖြစ် အခုချိန်ထိ မှတ်ယူထားတုန်းပဲ ရှိသေးတယ်။
လွန်းဆက်မောင်အနေနဲ့လည်း သူတို့နဲ့ ဆက်လက်ပြီး သွားလာဝင်ထွက်နေတဲ့ ကိစ္စအပေါ် ဘယ်လိုမှ စိတ်အနှောင့်အယှက် ဖြစ်မနေခဲ့ဘူး။ သူ့ရဲ့ အလုပ်အကိုင်အတွက် အကျိုးရှိတယ်လို့တောင် ဆိုနိုင်သေးတယ်။ ဦးဟန်သာက နာမည်ကျော် လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ပါ။ သူက အင်မတန်မှ ကြွယ်ဝချမ်းသာတဲ့ မြို့မျက်နှာဖုံးတစ်ယောက် ဖြစ်တဲ့အပြင် စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ အနုပညာနယ်ပယ်နဲ့ နောက်ဆုံး နိုင်ငံရေးနယ်ပယ်မှာလည်း လူချစ်လူခင် ပေါများတာကြောင့် မိတ်စုံတယ်၊ အတော်ပဲ လက်တံရှည်တယ်လို့ ဆိုရလိမ့်မယ်။ လွန်းဆက်မောင်ရဲ့ ကုမ္ပဏီက ဒီနှစ်ပိုင်းမှာ လုပ်ငန်းကိုင်ငန်းအသစ်တွေ မပြတ်မလပ် တိုးပွားလာခဲ့တယ် ဆိုတာကလည်း နောက်ကွယ်က ဦးဟန်သာရဲ့ ဖေးမကူညီမှုကြောင့်ပေါ့။
ဒါကြောင့်လည်း ယုမေသာ အဲဒီလို ကြမ္မာဆိုးနဲ့ မကြုံတွေ့ခဲ့ရဘဲ နှစ်ဦးသား အောင်အောင်မြင်မြင် ပေါင်းဖက်သွားနိုင်ခဲ့မယ် ဆိုရင် လွန်းဆက်မောင်ရဲ့ အနာဂတ်က ပိုလို့တောင် ဝင်းလက်တောက်ပပြီး ပိုလို့တောင် အာမခံချက် ပြည့်ဝသွားနိုင်တယ်။
မဟုတ်သေးပါဘူး … လေတဟူးဟူး တိုက်နေတဲ့ ကားရှေ့မှန်ကို ကြည့်ရင်း လွန်းဆက်မောင်က ခေါင်းကို စိတ်ရှိလက်ရှိ ခါယမ်းပစ်လိုက်တယ်။ ဒီအကြောင်းကို ဘယ်တော့မှ မစဉ်းစားတော့ဘူးလို့ သူ့ကိုယ်သူ ကတိပေးထားခဲ့တာကို သူ သတိရသွားတယ်။
မြို့ပတ်လမ်းအတိုင်း မောင်းလာပြီးတဲ့နောက် အနောက်ဘက် ချိုးကွေ့သွားတဲ့ ကတ္တရာလမ်းအတိုင်း လိုက်သွားတဲ့အခါမှာ မကြာခင် ကန်ရေပြင်ကြီးကို တွေ့မြင်လာရတယ်။ လွန်းဆက်မောင်က စတီယာရင်ကို ဘယ်ဘက်လှည့်ပြီး ကန်ရေပြင်နဲ့အပြိုင် ရှိနေတဲ့ လမ်းအတိုင်း မောင်းလာခဲ့တယ်။ ဒီနေရာမှာ မင်္ဂလာပွဲကို ကျင်းပမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သူ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးတယ်။ ယုမေက ဘေးခုံမှာ ထိုင်ရင်း ဘဝသစ်နဲ့ သက်ဆိုင်တဲ့ စိတ်ကူးစိတ်သန်းတွေကို မမောနိုင် မပန်းနိုင် ပြောနေတတ်တယ်။ သို့ပေမယ့် ဒီနေ့အဖို့ ကားထဲမှာ သူတစ်ယောက်တည်းပဲ။
ဒီနားတစ်ဝိုက်မှာ လူခြေတိတ်ဆိတ်ပြီး ခြံဝင်းလေးတွေသာ အရှိများတယ်။ တချို့ခြံတွေမှာက ခြံစောင့်လို့ ယူဆရတဲ့ မိသားစုတစ်စုပဲ နေထိုင်ပြီး အဲဒီခြံစောင့်တွေက ပျိုးဥယျာဉ်စိုက်ပျိုးလို့ ပျိုးပင်တွေကို ရောင်းချတတ်ကြတယ်။
လုံးချင်းအိမ်ကလေးတွေ ကျိုးတိုးကျဲတဲ ရှိနေကြတဲ့ အဲဒီခြံဝင်းတွေကို ဖြတ်ကျော်လာပြီး နောက်မှာ ကန်ရေပြင်နဲ့ ပိုမို နီးကပ်လာတာနဲ့အမျှ ခြံတွေကလည်း ပိုမို ကျယ်ဝန်းလာပြီး အဲဒီခြံဝင်းအတွင်းက တိုက်တာတွေကလည်း ပိုမို ခမ်းနားထည်ဝါလာကြတယ်။ ဒီနေရာမျိုးမှာလည်း လူတန်းစားကွာဟမှုက ရှိနေသေးတာပဲလေ။ လမ်းကြားရဲ့ အဆုံးကို ရောက်တဲ့အခါမှာ အင်မတန်မှ ခန့်ထည်လှပတဲ့ အနောက်တိုင်းပုံစံ တိုက်ကြီးတစ်လုံးက မြင်ကွင်းထဲကို ဝင်ရောက်လာတယ်။
ရင်ညွန့်လောက် ရှိတဲ့ ခရိုးတန်းကို ဖြတ်ကျော်လာပြီးတဲ့နောက်မှာ ကားနှစ်စီးကို တလင်းပြင်မှာ ရပ်ထားတာ သူ တွေ့လိုက်ရတယ်။
“ဗျို့” ကားထဲကနေ အဝတ်အိတ်ကို ဆွဲထုတ်နေတုန်း ခပ်လှမ်းလှမ်းက အသံတစ်သံ ထွက်ပေါ်လာတယ်။ ခေါင်းမော့ကြည့်လိုက်တဲ့အခါမှာ ပြတင်းအပြင်ဘက်ကို ကိုယ်တစ်ပိုင်း ထုတ်ထားတဲ့ မင်းအာကာကို တွေ့မြင်လိုက်ရတယ်။ မင်းအာကာက ယုမေရဲ့ အစ်ကို။ မတော်လိုက်ရတဲ့ ယောက်ဖပေါ့။
“ကိုအာကာ၊ တခြားလူတွေရော”
“အဖေတို့က လမ်းလျှောက်ထွက်သွားကြတယ်။ တခြားလူတွေက မရောက်ကြသေးဘူး”
“ဒါပေမယ့် ဒီမှာ ကားနှစ်စီးတောင် ရောက်နေကြပြီရော”
ဦးဟန်သာနဲ့ ဒေါ်သင်းလှတို့ လင်မယားက ကားမောင်းတတ်သူတွေ မဟုတ်ဘူး။ ဒီလိုဆိုရင် ကားဆရာကိုပါ ခေါ်လာခဲ့တာများလား။
“အဲဒါက မိုရ်ခရဲ့ ကား”
မင်းအာကာက ပိုသေးတဲ့ ကားတစ်စီးကို လက်ညှိုးထိုးပြတယ်။
“မိုရ်ခ …”
“မင်း မသိသေးဘူးလား။ စကတ္ထရီအသစ်လေ။ အတူ လမ်းလျှောက်ထွက်သွားကြတယ်”
“ဪ …”
စကတ္ထရီအသစ် ခန့်ထားကြောင်းကို လွန်းဆက်မောင်က အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာ။
“နာမည်က အဆန်းပဲနော်”
“နာမည်အပြည့်အစုံက နန်းမိုရ်ခတဲ့။ နာမည်တင် ဆန်းတာ မဟုတ်ဘူး။ လူကလည်း အလန်းပဲကွ။ ကဲ … အဲဒီမှာ ရပ်မနေနဲ့လေကွာ။ အိမ်ထဲ အမြန်ဝင်ခဲ့။ ဒီမှာ ပုလင်းဖော် မရှိလို့ ပျင်းနေတာ”
မင်းအာကာရဲ့ လောဆော်မှုကြောင့် လွန်းဆက်မောင်က အဝတ်အိတ်ကို ပိုက်ပြီး တိုက်ဘက်ကို လှမ်းလျှောက်လာခဲ့တယ်။ တိုက်အဝင်တံခါးမကြီးက ၁၀ ပေလောက် မြင့်တဲ့ ဧရာမကျွန်းတံခါးကြီး။ သူက တံခါးရွက်ကို ခေါင်းမော့ကြည့်လိုက်တော့ ရင်ထဲ ထိတ်ကနဲ ခံစားသွားရတယ်။ သူ့ရဲ့ ခေါင်းအထက် ကျွန်းတံခါးရွက်ပေါ်မှာ သစ်သားမျက်နှာဖုံးတစ်ခုကို ချိတ်ဆွဲထားတယ်။ သစ်သားမျက်နှာဖုံးက လက်ရာကြမ်းပြီး အရောင်ခြယ်မထားဘူး။ ဒါမှမဟုတ် အရောင်လွင့်နေတာလည်း ဖြစ်ချင် ဖြစ်မယ်။ သို့ပေမယ့် ပြူးကျယ်နေတဲ့ မျက်လုံးပေါက်တစ်စုံနဲ့ ဖြဲဟထားတဲ့ ပါးစပ်က လူကို စားမတတ် ဝါးမတတ် ခြိမ်းခြောက်နေတဲ့ပုံ ပေါက်နေတယ်။ နိုင်ငံခြားကနေ ဝယ်လာခဲ့ပြီး မကောင်းဆိုးဝါးနှင်ဖို့ ချိတ်ဆွဲထားတာပဲ ဖြစ်ရမယ်။ အရင်က ယုမေ ပြောပြခဲ့ဖူးတယ်။ သူ့အဖေက အဲဒီလို အထူးအဆန်း ပစ္စည်းတွေကို မကြာမကြာ ဝယ်ယူလာတတ်တယ်။
မျက်နှာဖုံးရဲ့ အကြည့်တစ်စုံအောက်မှာ လွန်းဆက်မောင်က တံခါးမကြီးကို ဆွဲဖွင့်လိုက်တယ်။ အဲဒီတစ်ခဏမှာ သူ့စိတ်ထဲကို ထူးဆန်းတဲ့ ခံစားချက်တချို့ ဝင်ရောက်လာတယ်။ စိုးထိတ်ခြင်းလား။ ကြမ္မာဆိုးရဲ့ အချက်ပြခြင်းလား။ သေချာပါတယ်။ ဒီခံစားချက်အတွက် ယုတ္တိတန်တဲ့ အကြောင်းပြချက်ကို ရှာထုတ်ပြနိုင်မှာတော့ မဟုတ်ဘူး။
ဖိနပ်ချွတ်ပြီးတာနဲ့ မှန်တံခါးကြီးတစ်ချပ်ကို တွေ့ရပြန်တယ်။ အဝင်တံခါးကို နှစ်ထပ် ခံထားတဲ့ အကြောင်းက ဆောင်းဥတုရဲ့ အအေးဒဏ်ကို ခံနိုင်အောင် ကြံဆောင်ထားတာပဲ ဖြစ်ရမယ်။
တိုက်ထဲကို ဝင်ပြီး ညာဘက် ချိုးလိုက်ရင် ဧည့်ခန်းကို ရောက်တယ်။ ဧည့်ခန်းရဲ့ မျက်နှာကြက်မှာ အလှမီးဆိုင်းတွေ အသစ်ဆင်ထားတယ်။ ဧည့်ခန်းကနေ ရှေ့ကို ဆက်သွားရင် ကန်ရေပြင်ကို ကြည့်ရှုခံစားနိုင်တဲ့ လသာဆောင်ကို ရောက်မယ်။ လသာဆောင်မှာ ရပ်လိုက်မိရင်ကိုပဲ ဒီတိုက်ကြီးက ကန်ဘောင်ပေါ်မှာ တည်ဆောက်ထားပြီးတော့ လသာဆောင်က ရေကန်ထဲ မေးထုတ်ထားကြောင်း သိရှိနိုင်ပေလိမ့်မယ်။ စောစောက ကန်ပတ်လမ်းအတိုင်း မောင်းလာခဲ့တုန်းက အမြင်အရ တိုက်ကြီးက ကန်ကြီးနဲ့ အတန်ငယ် ကွာလှမ်းတယ်လို့ လွဲမှားစွာ မှတ်ထင်ခဲ့မိတယ်။
မင်းအာကာက မျက်နှာချင်းဆိုင် လှေကားပေါ်ကနေ ဆင်းလာတယ်။ သူက ပိုလိုရှပ်အင်္ကျီကို ကွာတားဘောင်းဘီနဲ့ တွဲဝတ်ထားတယ်။
“လာလေ၊ တစ်ခွက်လောက် မော့ရအောင်။ တစ်လမ်းလုံး တစ်ယောက်တည်း ကားမောင်းလာရတာ ပင်ပန်းနေရောပေါ့”
မင်းအာကာက ထမင်းစားခန်းဆီကို လျှောက်သွားပြီး ဘီယာဘူးနှစ်ဘူးကို လက်တစ်ဖက်နဲ့ ညှပ်ယူလိုက်တယ်။ အဲဒီနောက် ကန်ရေပြင်ကို လှမ်းမြင်ရတဲ့ လသာဆောင်ကို လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ အဲဒီနေရာမှာ စကျင်ကျောက်စားပွဲနဲ့ ထိုင်ခုံတွေ ချထားတယ်။ လွန်းဆက်မောင်က သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
မင်းအာကာက သူ့ဖခင် ဦးဟန်သာရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်နေတယ်။ သဘောသဘာဝအရ သူက ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အနာဂတ်ဥက္ကဋ္ဌလောင်းပေါ့။ သူ့အသက်က အခုမှ သုံးဆယ်စွန်းစွန်းပဲ ရှိသေးပေမယ့် ကုမ္ပဏီကြီးရဲ့ ဌာနမှူးတစ်ယောက် ဖြစ်နေခဲ့ပြီ။
“ဒီတစ်ခေါက်မှာ အစ်ကိုတို့အိမ်က မိသားစုဝင်တွေက လွဲလို့ တခြားလူတွေကိုရော ဖိတ်ထားသေးတာလား” လွန်းဆက်မောင်က တီးခေါက်ကြည့်တယ်။
မင်းအာကာက ဘီယာကို တဂွတ်ဂွတ် မော့သောက်ချပြီး ပြန်ဖြေတယ်။
“ဦးဝေမှိုင်းတို့ သားအဖလည်း လာကြမယ်။ မင်း သူတို့ကို သိတယ် မဟုတ်လား”
“သိတယ်။ ယုမေက ကျွန်တော်ကို မိတ်ဆက်ပေးဖူးတယ်။ နောက်ပိုင်းလည်း တစ်ခါ၊ နှစ်ခါလောက် ဆုံဖြစ်ကြသေးတယ်။ ဦးဝေမှိုင်းက ယုမေရဲ့ လေးလေး မဟုတ်လား”
“ဟုတ်တယ်။ ငါ့အမေရဲ့ မောင်ပေါ့။ မင်းလည်း သောက်လေကွာ”
“ဟုတ်” လွန်းဆက်မောင်က ဘီယာဘူးဆီကို လက်လှမ်းလိုက်တယ်။ ဘီယာက အေးလွန်းနေတာကြောင့် လက်ဖဝါးတောင် ကျင်ခဲသွားတယ်။ “ဆရာကတော်နဲ့ ဆရာ့သမီးက တကယ့် အချောအလှတွေပဲ”
“ဟုတ်ပါ့။ ဒါပေမယ့် ဒေါ်ဒေါ်ကတော့ လိုက်မလာနိုင်ဘူး။ အိမ်မှာ အလုပ်ရှိသေးလို့ ဆိုလားပဲ”
“ဪ … ဒါဆို မတွေ့ရတော့ဘူးပေါ့”
လွန်းဆက်မောင်ရဲ့ ပြောစကားကို ကြားရတဲ့အခါမှာ မင်းအာကာက ဘီယာဘူးကို ချပြီး နှုတ်ခမ်းကို ကွေးညွတ်သွားအောင် ပြုံးလိုက်လေတော့တယ်။
“အချောအလှကို ကြည့်ချင်သပ ဆိုရင်တော့ သမီးတစ်ယောက် ရှိရုံနဲ့ လုံလောက်ပါပြီကွာ။ နှင်းသူက တစ်နေ့တခြား ပိုပိုလှလာတယ်”
“ဟုတ်တယ်။ အတော်ကို ကျက်သရေရှိတဲ့ အမျိုးသမီးပဲ”
လွန်းဆက်မောင်က နှင်းသူရဲ့ ရုပ်ရည်ရူပကာကို ပြန်လည် မြင်ယောင်မိပြီး သူ့ရဲ့ ရင်တွင်းခံစားချက်ကို မကွယ်မဝှက်ဘဲ ဖွင့်ဟဝန်ခံလိုက်မိတယ်။
“ဒေါ်ဒေါ်ကို ကိုယ်စားပြုတာ မဟုတ်ပေမယ့် ကိုစိုးဇေယျ ဆိုတဲ့ လူတစ်ယောက်လည်း လေးလေးတို့ သားအဖနဲ့အတူ လိုက်လာလိမ့်ဦးမယ်။ သူက လေးလေးရဲ့ မိသားစုဆရာဝန်ပေါ့။ ငါ့အဖေကလည်း အကြောင်းရှိရင် သူ့ကိုပဲ ပင့်တတ်တယ်”
“မိသားစုဆရာဝန် …”
“လေးလေးက နှလုံးမကောင်းဘူး။ ဒါပေမယ့် ဒေါက်တာကို အဲဒီအတွက်ကြောင့် ခေါ်ထားတာတော့ မဟုတ်ပါဘူး။ ဒေါက်တာရဲ့အဖေက ငါ့အမေနဲ့ လေးလေးရဲ့ ဝမ်းကွဲအစ်ကို တော်တယ်။ ဒီတော့ ငါနဲ့ဆိုရင် နှစ်ဝမ်းကွဲ တော်တယ်လို့ ပြောရမယ် ထင်တယ်”
“အဲဒီလိုလား။ ဒါဆို အမျိုးတွေချည်းပေါ့”
လွန်းဆက်မောင်ရဲ့ စကားအဆုံးမှာ မင်းအာကာက နောက်တစ်ကြိမ် ပြုံးလိုက်ပြန်တယ်။
“အဲဒီ ကိုစိုးဇေယျကလည်း ဒီကိုလိုက်လာတာ သူ့အကြောင်းနဲ့ သူပါပဲ”
“ဘာအကြောင်းလဲ”
လွန်းဆက်မောင်က သောက်လက်စ ဘီယာဘူးကို အောက်ချလိုက်တယ်။
“အချိန်တန်ရင် မင်း တွေ့ပါလိမ့်မယ်”
မင်းအာကာက ဘီယာကို ကုန်အောင် မော့ချပြီး ဘူးခွံကို ပြားသွားအောင် ညှစ်ချေပစ်လိုက်တယ်။ ဒီ့နောက် ဘူးသစ်တစ်ဘူးကို ဖောက်လိုက်ပြန်တယ်။
“ယုမေရဲ့ ငယ်သူငယ်ချင်း ပန်းနုဝေလည်း လာဦးမယ်။ မင်း သူ့ကို သိတယ် မဟုတ်လား”
လွန်းဆက်မောင်က ခေါင်းညိတ်ပြတယ်။ ယုမေက သူ့ရဲ့ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးခဲ့ဖူးတယ်။ ပန်းနုဝေနဲ့ သူက အလယ်တန်းကျောင်းသူ ဘဝကတည်းက ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေတဲ့။ အဲဒီအမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်ရုံနဲ့ ထက်မြက်ပါးနပ်သူ ဖြစ်ကြောင်း တန်းသိနိုင်တယ်။
“ငါတို့နှစ်ယောက်ပါ ထည့်ပေါင်းလိုက်ရင် ဒီကို ရောက်လာကြတာ စုစုပေါင်း ၉ ယောက်ပေါ့” မင်းအာကာက ပြောတယ်။
တစ်ခဏအကြာမှာ တံခါးမကြီးကနေ လှုပ်ရှားသံ ထွက်ပေါ်လာတယ်။ မှန်တံခါးကြီး ပွင့်လာပြီးတဲ့နောက်မှာ ဦးဟန်သာတို့ ဇနီးမောင်နှံနှစ်ဦးက အထဲကို ဝင်ရောက်လာတယ်။ လွန်းဆက်မောင်ကို မြင်လိုက်ရတဲ့အခါမှာ နဂိုကတည်းက ကြင်နာတတ်တဲ့ ဒေါ်သင်းလှရဲ့ မျက်နှာက ပိုလို့တောင် ပြုံးချို နူးညံ့လာတယ်။ အနားကို လျှောက်လာပြီး အခုလို ပြောတယ်။
“အေးဟယ်၊ ရောက်တာနဲ့ တန်းပြီး အာကာရဲ့ ဆိုးမျိုးကို ခံနေရတယ်။ သနားစရာပါလား”
“အဲဒီလိုလည်း မဟုတ်ပါဘူး ဒေါ်ဒေါ်။ ဒီကို တောက်လျှောက်ကြီး ကားမောင်းလာရတော့ ရေငတ်နေတာနဲ့ အတော်ပဲ ဖြစ်သွားတာပါ”
“အမေကလည်း ကျွန်တော်က အဲဒါကို ရိပ်မိလို့ သူ့ကို အတူသောက်ဖို့ ခေါ်ထားတာပေါ့။ ပြီးတော့ ဒီနေ့ ဘယ်သူတွေ၊ ဘယ်သူတွေ လာမယ် ဆိုတာကိုလည်း သူ့ကို ကြိုပြီး မိတ်ဆက်ပေးထားရဦးမယ် မဟုတ်လား”
“မင်း မိတ်ဆက်ပေးစရာ မလိုပါဘူးကွာ။ အကုန်လုံးက ဆက်မောင် သိတဲ့လူတွေချည်းပဲ” ဦးဟန်သာကလည်း အနားကို ရောက်ချလာတယ်။
သူ့ရဲ့ အနောက်မှာ ဒေါင်ကောင်းတဲ့ အမျိုးသမီးတစ်ယောက် ကပ်ပါလာတယ်။ ယောက်ျားတစ်ယောက်လို ဆံပင်ကို ခပ်တိုတို ညှပ်ထားတယ်။ ဟောင်ကောင်ဂျက်မကားထဲက ကေမျိုး။ လွန်းဆက်မောင်က အမှတ်တမဲ့ ငေးစိုက်ကြည့်နေမိတယ်။
“မင်း သူ့ကို အခုမှ မြင်ဖူးတာ ထင်တယ်” လွန်းဆက်မောင်ရဲ့ မျက်နှာအမူအရာကို သတိထားမိတဲ့ ဦးဟန်သာက မေးမြန်းလိုက်တယ်။ “သူက နန်းမိုရ်ခတဲ့။ ဦးရဲ့ စကတ္ထရီပေါ့”
“တွေ့ရတာ ဝမ်းသာပါတယ်ရှင်” နန်းမိုရ်ခက ခေါင်းဆတ်ကာ ပြုံးလျက် ရှမ်းသံဝဲဝဲနဲ့ နှုတ်ဆက်တယ်။ လွန်းဆက်မောင်ကလည်း အလျင်အမြန် ခေါင်းညိတ်ပြီး ပြန်ပြုံးပြလိုက်ရတယ်။
“ဆက်မောင်၊ သားက အရှေ့ဘက်ဆုံး အခန်းမှာ နေနော်”
ဒေါ်သင်းလှက အပေါ်ထပ်ကို လက်ညှိုးထိုးပြတယ်။
ကျယ်လွင့်တဲ့ ဝရန်တာအတိုင်း အထဲကို လျှောက်ဝင်သွားရင် စတီးသံပန်းနဲ့ အလှဆင်ပုံဖော်ထားတဲ့ ရင်တားတစ်ခုကို တွေ့ရလိမ့်မယ်။ အဲဒီရင်တားရဲ့ အလွန်မှာ အခန်းတံခါးတွေ အတန်းလိုက် တည်ရှိနေကြတယ်။
“အဲဒါ အရင်က သမီးရဲ့ အခန်းပဲ” ဒေါ်သင်းလှက အတန်ငယ် တိုးလျတဲ့ အသံနဲ့ ဆက်ပြောတယ်။
လွန်းဆက်မောင်က နှုတ်ဆိတ်လျက် ခေါင်းညိတ်ပြလိုက်တယ်။
“ဝေမှိုင်းတို့က အတော် နောက်ကျတာပဲ။ မွန်းတည့်ချိန်လောက် ရောက်မယ်လို့ ပြောထားပြီးတော့”
အခန်းတွင်း အခြေအနေက အနည်းငယ် အုံ့မှိုင်းနေကြောင်း သတိထားမိတာကြောင့် ဖြစ်ကောင်း ဖြစ်ပေလိမ့်မယ်။ ဦးဟန်သာက ဧည့်ခန်းနံရံပေါ်က နာရီကို ကြည့်ပြီး ပြောလိုက်တယ်။ နာရီရဲ့ လက်တံတိုက အခုဆို ၃ အက္ခရာကို အနည်းငယ် ကျော်လွန်နေပြီ။
“ကြည့်ရတာ အပြင် ရောက်တုန်းရောက်ခိုက် ဆိုပြီး လေညင်းခံရင်း ဖြည်းဖြည်းလေး မောင်းလာကြတာ နေမှာပေါ့။ ငါလည်း ညစာအတွက် စပြီး ပြင်ဆင်ရတော့မယ်”
“ကျွန်မ ကူလုပ်ပေးမယ်”
မီးဖိုဆောင်ဘက်ကို လျှောက်လှမ်းသွားတဲ့ ဒေါ်သင်းလှရဲ့ အနောက်ကို နန်းမိုရ်ခလည်း ကပ်လျက် လိုက်ပါသွားတယ်။
“ငါတို့ တစ်ပွဲလောက် ထိုးလိုက်ကြရအောင်”
ဦးဟန်သာက ဧည့်ခန်းအလယ်မှာ ချထားတဲ့ စားပွဲလေးရဲ့ နံဘေးမှာ ထိုင်ချလိုက်တယ်။ စားပွဲရဲ့ မျက်နှာပြင်မှာ စစ်တုရင်ကျားကွက်တွေ ရေးဆွဲထားတယ်။ အံဆွဲထဲမှာက စစ်တုရင်ရုပ်တွေ။
“ဆောရီးပဲ ဦး၊ ကျွန်တော် အဝတ်အစားလေး လဲလိုက်ချင်သေးတယ်”
လွန်းဆက်မောင်က ပညာသားပါပါ ငြင်းဆန်လိုက်တယ်။ သူက စစ်တုရင်ကို မကစားတတ်လို့တော့ မဟုတ်ဘူး။ ပြိုင်ဖက်က ဦးဟန်သာ ဖြစ်နေတာကြောင့်ပါ။ မတော်လိုက်ရတဲ့ ယောက္ခမကြီးကို သူက အခုချိန်ထိ ရှိန်နေတုန်းပဲ ရှိနေသေးတယ်။
“ဒါဆို ကျွန်တော်နဲ့ ထိုးကြတာပေါ့၊ အဖေ” မင်းအာကာက ဘီယာဘူးကို ကိုင်လျက် မတ်တတ်ထရပ်လိုက်တယ်။
“ဟဲ့ကောင်၊ ကူလီကူမာတော့ လုပ်မယ် မကြံနဲ့နော်”
“အိုဗျာ၊ အဖေ့လို ပြိုင်ဖက်မျိုးကတော့ လိုကို မလိုတာ”
“ဒီလိုဆိုတော့ တခြားလူနဲ့ဆိုရင် မင်းက ညစ်ချင် ညစ်မယ် ဆိုတဲ့ သဘောလား”
“အဖေကလည်းဗျာ။ ကျွန်တော်ညစ်တာ မြင်ဖူးလို့လား”
အဲဒီလို သားအဖနှစ်ယောက် သူတစ်ခွန်း ငါတစ်ခွန်း ပြောနေကြတုန်း လွန်းဆက်မောင်က အဝတ်အိတ်ကို ပိုက်ပြီး အပေါ်ထပ်ကို တက်လှမ်းသွားတယ်။ သူက ဝရန်တာပေါ်ကနေ ဧည့်ခန်းဆီကို ငုံ့ကြည့်နေလျက်နဲ့ပဲ စင်္ကြံလမ်းအတိုင်း လျှောက်သွားတော့တယ်။ စင်္ကြံရဲ့အဆုံးမှာက သူ့အတွက် လျာပေးထားတဲ့ အိပ်ခန်း။
အခန်းထဲမှာ ယုမေကို သတိရ လွမ်းဆွတ်စေမယ့် ပစ္စည်းပစ္စယတွေနဲ့ ပြည့်နှက်နေမှာပဲလို့ ယူဆထားခဲ့ပေမယ့် ထင်မှတ်ထားသလို မဟုတ်ဘဲ အခန်းက ပြောင်တလင်းခါအောင် သန့်ရှင်းသပ်ရပ်နေတယ်။ အခန်းထဲ ဝင်ဝင်ချင်း ဘယ်ဘက်အခြမ်းမှာ သန့်စင်ခန်း ရှိတယ်။ အိပ်ခန်းရဲ့ အတွင်းဘက်အကျဆုံး ပြတင်းပေါက်ရဲ့ နံဘေးမှာ ခုတင်တစ်လုံးနဲ့ စာရေးစားပွဲတစ်လုံးကို ချထားတယ်။ လွန်းဆက်မောင်ရဲ့ ရင်ထဲမှာ ဟာတာတာ ဖြစ်သွားတဲ့နည်းတူ တစ်ချိန်တည်းမှာပဲ စိတ်သက်သာရာလည်း ရသွားခဲ့တယ်။ တကယ်လို့သာ ယုမေရဲ့ အမှတ်တရတွေ၊ အငွေ့အသက်တွေအကြား ချောင်ပိတ်မိနေမယ်ဆိုရင် ကောင်းကောင်း အိပ်စက်နိုင်တော့မှာ မဟုတ်ဘူး။
ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရင် စောစောက ကားမောင်းလာခဲ့တဲ့ မြေနီလမ်းကို လှမ်းမြင်နိုင်တယ်။ လမ်းကလေးက ကွေ့ကောက်လိမ်တွန့်နေတာကြောင့် သစ်တောထဲက မြွေကြီးတစ်ကောင်နဲ့တောင် တူနေတော့တယ်။
အဲဒီလမ်းပေါ်မှာ ဖုန်တလုံးလုံးနဲ့ အဖြူရောင်ကားတစ်စီးက တရိပ်ရိပ် ရွေ့လျားနေတယ်။ လွန်းဆက်မောင်က အဲဒီကားကို မြင်ဖူးနေသလိုပဲ။
လွန်းဆက်မောင်က ဂျင်းပန်နဲ့ တီရှပ်ကို အလျင်အမြန် လဲလှယ်လိုက်ပြီး သန့်စင်ခန်းမှာ မျက်နှာကို သစ်လို့ အခန်းပြင်ကို ထွက်လာခဲ့တယ်။ သူ့ရဲ့ အဆီပြန်နေတဲ့ မျက်နှာကို အစောကြီးကတည်းက ဆေးကြောချင်နေခဲ့တာ။
သူက ဝရန်တာလက်ရန်းအတိုင်း လျှောက်လာခဲ့တယ်။ မင်းအာကာနဲ့ ဒေါ်သင်းလှတို့နဲ့ စကားပြောဆိုနေတဲ့ နှင်းသူကို တွေ့မြင်လိုက်ရတယ်။ ပခုံးအထိ ဝဲကျနေသော ပိတုန်းရောင် ဆံကေသာနဲ့ အဖြူရောင် ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ထားတဲ့ မြန်မာဆန်ဆန် လှပကြော့ရှင်းနေတဲ့ နှင်းသူ။
လွန်းဆက်မောင်က အောက်ထပ်ကို ဆင်းလာတယ်။ ခြေသံကြားမိတာကြောင့် နှင်းသူက တစ်ဖက်ကို လှည့်ကြည့်လိုက်တယ်။ နှုတ်ခမ်းတစ်စုံက အနည်းငယ် ပွင့်ဟသွားပြီး “အလို” လို့ ရေရွတ်လိုက်တဲ့အလား။
“ရောက်ပြီလား” လွန်းဆက်မောင်က နှုတ်ဆက်လိုက်တယ်။
“ဟုတ်။ ကိုဆက်မောင် ဘယ်အချိန်က ရောက်လဲ”
“နှင်းတို့ထက် နည်းနည်းပဲ စောပါတယ်။ အခုလေးတင်မှ အဝတ်အစား လဲပြီးတာ” လွန်းဆက်မောင်က ဘေးဘီကို ဝေ့ကြည့်ပြီး ဆက်ပြောတယ်။ “နှင်းအဖေရော ပါလာတယ်ဆို။ အခန်းထဲ ရောက်သွားပြီလား”
“မဟုတ်ဘူး” ခါးစည်းပဝါ ဝတ်ထားတဲ့ ဒေါ်သင်းလှက မျက်နှာညှိုးငယ်စွာ ပြောတယ်။ “သူက ရုတ်တရက် အလုပ်ပေါ်လာလို့တဲ့လေ။ လိုက်မလာဘူး။ ဘာများ အရေးတကြီး ဖြစ်လဲ မသိဘူး။ အခုလို အချိန်မျိုးမှာ သူ့ကိုယ်စား လုပ်ပေးနိုင်မယ့်သူ ရှိရင်လည်း အကောင်းသား”
“ကိုယ်စား မလုပ်နိုင်လို့ပဲ အရေးပေါ်ကိစ္စလို့ ခေါ်တာပေါ့ကွာ။ အလုပ်ပြီးပြီးချင်း ဒီကို လိုက်လာခဲ့မယ်လို့ သူ ပြောထားတာပဲဥစ္စာ။ မင်းက အလကားနေရင်း စိတ်မကောင်းဖြစ်နေသေးတယ်” ဦးဟန်သာက သူ့ဇနီးသည်ကို ပြောတယ်။
“ဒါဆို နှင်းက တစ်ယောက်တည်း မောင်းလာရတာပေါ့” လွန်းဆက်မောင်က နှင်းသူကို မေးတယ်။
နှင်းသူက ခေါင်းကို ညင်ညင်သာသာ ခါယမ်းလိုက်တယ်။ “မဟုတ်ဘူး။ ကိုစိုးဇေယျက ကျွန်မကို လိုက်ပို့တာ”
နှင်းသူက အဲဒီလို ပြောနေတုန်းမှာပဲ လွန်းဆက်မောင်ရဲ့ ကျောဘက်ကနေ မှန်တံခါးတွန်းဖွင့်သံကို ကြားလိုက်ရတယ်။ ခေါင်းလှည့်ကြည့်လိုက်တော့ ယောက်ျားကြီးတစ်ယောက်က အဲဒီနေရာမှာ မတ်တတ်ရပ်နေတယ်။ အပြင်မှာ နေက ကျဲကျဲတောက် ပူနေတယ် ဆိုပေမယ့်လည်း အဲဒီလူက အင်္ကျီလက်ရှည်ကို ဝတ်ပြီး ကြယ်သီးတွေကို တစ်လုံးမကျန် အပြည့်အစုံ တပ်ထားတယ်။ အရပ်အမောင်းက မမြင့်လွန်း၊ မနိမ့်လွန်း၊ အနည်းငယ် ညိုမောင်းတဲ့ အသားအရေ၊ မျက်ပေါက်ကျဉ်းကျဉ်း၊ ပါးစပ်ကျဉ်းကျဉ်း၊ မျက်နှာပြင် ဝိုင်းစက်ကျယ်ပြန့်ပြီး အလယ်ကောင်မှာ ခပ်ပွပွ နှာခေါင်းကို ထည့်ပေါင်းလိုက်တဲ့အခါ ဇာတ်ပွဲထဲက ဘီလူးရုပ်ကို အရှင်လတ်လတ် တွေ့မြင်လိုက်ရသလိုပဲ။ လူပုံကို ကြည့်ရတာ ၃၀ ကိုလွန်ပြီး ၄၀ ပြည့်ဖို့ လမ်းတစ်ဝက် ရောက်နေတဲ့ ရုပ်မျိုး။
ရောက်ခါစမှာ မင်းအာကာက စိုးဇေယျအကြောင်းကို ပြောပြပြီး ဖြစ်ပေမယ့်လို့ သူက အခု လွန်းဆက်မောင်နဲ့ နောက်တစ်ကြိမ် ပြန်ပြီး မိတ်ဆက်ပေးပြန်တယ်။ စိုးဇေယျရဲ့ ဖခင်က ပုဂ္ဂလိကဆေးရုံတစ်ရုံ ဖွင့်ထားတယ်ဆိုပဲ။
“ယုမေရဲ့ နာရေးမှာတုန်းက ကျွန်တော် ခင်ဗျားကို မြင်လိုက်တယ်။ အဲဒီတုန်းက ခင်ဗျားကို လာပြီး နှုတ်ဆက်မလို့ပါပဲ။ ဒါပေမယ့် ခင်ဗျားက အလုပ်ရှုပ်နေတာမို့ ကျွန်တော် မနှုတ်ဆက်ဖြစ်လိုက်ဘူး”
ဒေါက်တာစိုးဇေယျက နှုတ်ထွက်စကားကို အချိုသာဆုံး ဖြစ်အောင် ပြောဆိုနေပေမယ့် သူ့ရဲ့ မျက်လုံးတွေက လွန်းဆက်မောင်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တစ်ခုခုကို ရှာဖွေအကဲခတ်နေဟန် တူတယ်။ အဲဒီအချက်ကို လွန်းဆက်မောင်ကလည်း မြင်ဖြစ်အောင် မြင်မိလိုက်တယ်။
“နှင်းသူရေ၊ သမီးရဲ့အခန်းက လှေကားက တက်သွားရင် ညာဘက်ဆုံးက အခန်းပဲ။ သိတယ် မဟုတ်လား”
ဒေါ်သင်းလှရဲ့ စကားဆုံးတော့ နှင်းသူက ခေါင်းညိတ်ပြတယ်။ သူက အဝတ်အိတ်ကို ဆွဲမ,မယ်အပြု စိုးဇေယျက အလျင်အမြန် လက်ဆန့်ထုတ်ပြီး ပြောတယ်။
“ကျွန်တော် သယ်ပေးပါ့မယ်”
“ကိစ္စမရှိပါဘူး။ ပေါ့ပေါ့လေးရယ်”
နှင်းသူက ငြင်းဆန်ပြီး ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ အပေါ်ထပ်ကို တက်သွားတယ်။
“စိုးဇေယျ၊ သားက ညာဘက် တတိယမြောက်အခန်းမှာ နေ”
ဘယ်လို ဆက်လုပ်ရမယ်မှန်း မသိလို့ ငေါင်တောင်တောင် ဖြစ်နေတဲ့ စိုးဇေယျကို ကယ်တင်ပေးလိုက်တဲ့အလား ဒေါ်သင်းလှက စကားဆိုတယ်။
“ဪ … ဟုတ်”
စိုးဇေယျက ပြန်လည် ဖြေကြားပြီး အထုပ်ကို လှမ်းယူလိုက်တယ်။
မြင်ကွင်းထဲကနေ နှင်းသူရဲ့ ကျောပြင်လေး ပျောက်ကွယ်သွားတဲ့အခါ ဒေါ်သင်းလှက မီးဖိုဆောင်ထဲကို ပြန်ဝင်သွားတယ်။ ဦးဟန်သာနဲ့ မင်းအာကာတို့လည်း စစ်တုရင်ဘန်းဆီကို ပြန်လည် ရောက်ရှိသွားကြတယ်။ လွန်းဆက်မောင်က ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး သူတို့အနားမှာ သွားထိုင်နေလိုက်တယ်။
“အခုဆို ပန်းနုတစ်ယောက်ပဲ ကျန်တော့တယ်”
ဦးဟန်သာက စစ်တုရင်ဘန်းကို ကြည့်ရင်း ပြောတယ်။
“သူက ဒီကို ဘယ်လိုလာမလဲ မသိဘူး။ လာခေါ်ပေးရမလား မေးတော့လည်း မလိုဘူးတဲ့။ အားနာစရာ မရှိဘဲ ကြံဖန် အားနာနေတာလား မသိပါဘူး”
မင်းအာကာက အဲဒီလို ပြောနေတုန်းမှာပဲ အရေးပေါ် အချက်ပေးသံလို ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာတယ်။ ဘာများ ဖြစ်တာပါလိမ့်။ အဲဒီလို အတွေးနဲ့ လွန်းဆက်မောင်က ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်တယ်။
“အဲဒါ အိမ်ရှေ့က ဘဲလ်သံ” ဦးဟန်သာက ပြောတယ်။ “အခုပဲ ပန်းနုအကြောင်း ပြောကာ ရှိသေး။ ဒီကောင်မလေး အသက်ရှည်ဦးမယ်”
“ကျွန်တော် သွားဖွင့်လိုက်မယ်” လွန်းဆက်မောင်က မတ်တတ်ထရပ်လိုက်တယ်။
မှန်တံခါးကို ဖွင့်ပြီး ကျွန်းတံခါးကြီးကို ထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် အပြင်ဘက်မှာ ရပ်နေသူက ပန်းနုဝေ မဟုတ်ဘူး။ ရဲဝတ်စုံကို ကျကျနန ဝတ်ဆင်ထားတဲ့ ရဲသားကြီးနှစ်ယောက်။ သူတို့က သံသယရှိတဲ့ မျက်လုံးတွေနဲ့ တိုက်ကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေကြတယ်။
“ဘာကိစ္စရှိလို့လဲ” လွန်းဆက်မောင်က အဲဒီလို အသံပြုလိုက်မှ သူတို့က သူ့ကို သတိထားမိသွားကြတယ်။
“ဒါက ခင်ဗျားရဲ့တိုက်လား” အနည်းငယ် အသက်ပိုကြီးတဲ့ ရဲသားကြီးက သူ့ကို စိုက်ကြည့်နေတယ်။
“ကျွန်တော်က အိမ်ရှင် မဟုတ်ပါဘူး။ ဒီမှာ ခဏလာတည်းတဲ့ ဧည့်သည်ပါ”
“ဪ … အဲဒီလိုလား” ရဲသားကြီးက ခေါင်းဆတ်ပြတယ်။ “လာရင်းကိစ္စကတော့ ခင်ဗျားဆီကနေ အချက်အလက်တချို့ မေးကြည့်ချင်လို့ပါ”
“ဘာများ ကူညီပေးရမလဲ”
“ဒီနားပတ်ဝန်းကျင်မှာ မသင်္ကာစရာ လူလေးဘာလေးများ မတွေ့မိဘူးလား”
“မသင်္ကာစရာလူ … ယောက်ျားလား”
“ဟုတ်တယ်။ ယောက်ျား” ငယ်ရွယ်တဲ့ ရဲသားက ပြန်ဖြေတယ်။
“မပြောတတ်ဘူး” လွန်းဆက်မောင်က ရဲသားနှစ်ယောက်ကို ဘယ်ပြန်ညာပြန် ကြည့်လိုက်ပြီးနောက် စဉ်းစားနေတဲ့ ဟန်မျိုးနဲ့ ခေါင်းကို ငဲ့စောင်းထားတယ်။ “ကျွန်တော်လည်း ခုနကမှ ရောက်တာ။ ဘာမှတော့ ထူးထူးခြားခြား မမြင်မိသလိုပဲ”
“ဒီတိုက်ထဲမှာ တခြားလူတွေရော ရှိသေးတာလား”
“အခု ကျွန်တော့်အပြင် နောက်ထပ် လူ ၆ ယောက် ရှိသေးတယ်”
“တခြားလူတွေကရော ဒီနေ့မှ ရောက်ကြတာပဲလား”
“ဟုတ်တယ်”
လွန်းဆက်မောင်ရဲ့ အဖြေစကားကို ကြားရပြီးတဲ့နောက် ရဲသားကြီးက နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မေးစေ့ကို လက်နဲ့ ပွတ်နေလေတယ်။
“အားတော့ နာပါတယ်။ သူတို့ကိုရော မေးကြည့်လို့ ရမလား”
“ရတော့ ရပါတယ်။ ဒါ …”
သို့ပေမယ့် ဆက်ပြောနေစရာ မလိုတော့ဘူး။ သူတို့ရဲ့ ပြောစကားတွေကို ကြားသွားတာကြောင့် ဖြစ်မယ်။ လွန်းဆက်မောင် သတိထားလိုက်မိတဲ့ အချိန်မှာ ဦးဟန်သာနဲ့ မင်းအာကာတို့က သူ့ဘေးနားကိုတောင် ရောက်နေကြပြီ။
“ဘာဖြစ်လို့လဲ” ဦးဟန်သာက မေးတယ်။
“ဟုတ်ကဲ့။ ဘာမှ အရေးတကြီးတော့ မဟုတ်ပါဘူး ခင်ဗျ။ မေးခွန်းတစ်ခုလောက် မေးချင်လို့ပါ။ ဒီပတ်ဝန်းကျင်မှာ မသင်္ကာစရာ ကောင်းတဲ့ ယောက်ျားတစ်ယောက်ယောက်ကိုများ ဦး တွေ့မိသလားလို့”
လူလတ်ပိုင်း ရဲသားကြီးက သူ့ရဲ့ မေးခွန်းကို နောက်တစ်ကြိမ် ပြန်ကြော့လိုက်တယ်။
“မသင်္ကာစရာ ကောင်းတဲ့ ယောက်ျား … ဦးနဲ့ ဦးမိန်းမက စောစောက လမ်းထွက်လျှောက်နေကြတာ။ သတိမထားမိဘူး”
“ကျန်တဲ့လူတွေ အားလုံးက အခုလေးတင်မှ ဒီကို ရောက်ကြတာ။ ဘယ်သူမှ တိုက်အပြင်ဘက်ကို ခြေတစ်လှမ်း မလှမ်းကြရသေးဘူး”
မင်းအာကာက ဖြည့်စွက်လိုက်တယ်။
ရဲသားကြီးရဲ့ မျက်နှာက စိတ်ပျက်သွားဟန် ရှိတယ်။
“တကယ်လို့ မသင်္ကာစရာလူကို တွေ့လာခဲ့ရင် ကျွန်တော်တို့ကို အကြောင်းကြားပေးပါ။ ဒီလမ်းအတိုင်း ပြန်ထွက်သွားရင် လမ်းညာဘက်အခြမ်းမှာ ရဲစခန်းလေးတစ်ခုကို တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီမှာ ရှိတယ်”
“ရပါတယ်။ အကြောင်းကြားပေးပါ့မယ်”
ဦးဟန်သာရဲ့ စကားဆုံးတော့ ရဲသားနှစ်ယောက်က ခြံထဲကနေ ထွက်ခွာသွားကြတယ်။
ဧည့်ခန်းကို ပြန်ရောက်တဲ့အခါမှာ နှင်းသူက အောက်ထပ်ကို ပြန်ရောက်နေပြီ။ သူက အကျိုးအကြောင်းကို မေးမြန်းလာတော့ လွန်းဆက်မောင်က အားလုံးကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
“ဘာတွေ ထူးခြားနေလို့လဲ” နှင်းသူရဲ့ မျက်နှာက အစိုးရိမ်ကြီးနေတဲ့ဟန်။
“ဆေးသမားတွေကို လာချောင်းတာ နေမှာပေါ့”
မင်းအာကာက အဲဒီလို ခပ်ပေါ့ပေါ့ ပြောပြီး စစ်တုရင်ဘန်းရှေ့မှာ ပြန်ထိုင်လိုက်တယ်။
“ဘာပဲဖြစ်ဖြစ် သတိဝီရိယနဲ့ နေမှ ကောင်းမယ်။ ညဘက် တံခါးတွေ သေချာပိတ်အိပ်မှ”
ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘူး။ အဝတ်အစား လဲထားပြီးတဲ့ စိုးဇေယျက ပြောရင်း နှင်းသူရဲ့ ဘေးတစောင်းမျက်နှာကို ငေးစိုက်ကြည့်နေတယ်။
“ဒီနေရာတစ်ဝိုက်က လူနေသန့်တော့ အရင်က ဒီမှာ ဘာပြဿနာမှ ရှိခဲ့ဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် သိတယ်မဟုတ်လား။ ခေတ်ကြီးက မကောင်းတော့ ဟိုးနားဖောက် ဒီနားလုနဲ့ ကြားကြားနေရတယ်”
ဦးဟန်သာက သက်ပြင်းချလျက်နဲ့ မြင်းရုပ်ကို ရှေ့တစ်ကွက် ခုန်ရွှေ့လိုက်တယ်။
“အဲဒီလို ကောင်မျိုးတွေသာ ဒီနား ကျက်စားနေတာ မှန်ရင်တော့ ပန်းနုကိုတောင် စိတ်ပူသွားမိတယ်။ ဒီကလေးမကလည်း တကယ်ပဲ၊ နည်းနည်းလေးတောင် ကြိုမဆက်သွယ်ဘူး”
“ဘာမှ စိတ်မပူပါနဲ့။ သူက ဂျင်ပါ အဖေရာ”
မင်းအာကာက တစ်စက်ကလေးမှ စိတ်ပူဟန် မရှိဘူး။
မင်းအာကာ ပြောသလိုပဲ နောက်နာရီဝက်အကြာမှာ ပန်းနုဝေ ရောက်ရှိလာတယ်။
“ကျွန်မ နောက်ကျသွားတယ်”
ပန်းနုဝေက ရောက်ရောက်ချင်း တောင်းပန်လိုက်တယ်။ သူ့ရဲ့ အဝတ်အစားတွေက ဖိုသီဖတ်သီနဲ့။ ဂျင်းဘောင်းဘီကို ပါးလျတဲ့ ယောက်ျားဝတ် ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားတယ်။ မျက်နှာမှာလည်း မိတ်ကပ်မဆိုထားနဲ့၊ သနပ်ခါးရေကျဲတောင် လိမ်းထားဟန် မရှိဘူး။ အဲဒီလို အကြောင်းကြောင့်ပဲ ပုံမှန်အချိန်မှာ အေးတိအေးစက် ရှိနေတတ်တဲ့ မျက်နှာပေးက အခုအခါမှာ ပိုပြီး နူးညံ့သိမ်မွေ့သွားသလားပဲ။ အရင်က လွန်းဆက်မောင် မြင်ဖူးခဲ့တဲ့ ပန်းနုဝေထက် အခု ပန်းနုဝေက ပိုပြီး မိန်းမဆန်နေသလိုမျိုး။
“သမီးကို စောင့်နေကြတာ။ ဟေ့ … ပန်းနု ရောက်လာပြီ”
ဦးဟန်သာက အတွင်းဘက်ကို လှမ်းအော်လိုက်တယ်။ ဒေါ်သင်းလှက မီးဖိုဆောင်ကနေ ထွက်ချလာတယ်။ နှင်းသူလည်း မီးဖိုဆောင်ထဲမှာ ဟင်းချက် ကူနေသလား မသိဘူး။
“သမီးလည်း ပန်းနေရောပေါ့” ဒေါ်သင်းလှက ပြုံးလျက် ပြောတယ်။
“မပန်းပါဘူး။ အားလုံးကို ကြည့်ရတာ လန်းဆန်းနေသလိုပဲ”
ပန်းနုဝေက ဘေးဘီဝဲယာကို အကဲခတ်ကြည့်ရင်း နှင်းသူရဲ့ ကိုယ်ပေါ်မှာ အကြည့်ရပ်သွားတယ်။
“နှင်းသူ၊ နင် ဒီနေ့ ပိုလှနေတယ်နော်”
“အယ် …”
ချီးကျူးစကားကို ရုတ်တရက် ကြားလိုက်ရတာကြောင့် ဖြစ်မယ်။ နှင်းသူရဲ့ မျက်နှာမှာ ရဲကနဲ နီစွေးသွားပြီး ခေါင်းကို ငုံ့ချပစ်လိုက်တယ်။
ပန်းနုဝေက သူ့ကို တဒင်္ဂလောက် စိုက်ကြည့်နေပြီးမှ ဒေါ်သင်းလှကို စကားဆိုတယ်။
“အန်တီက ဟင်းချက်နေတာလား။ ပန်းနု ကူလုပ်ပေးမယ်လေ”
“ရပါတယ်အေ။ သမီး အနားယူလိုက်ပါဦး” ဒေါ်သင်းလှက တားရှာတယ်။
“ဘယ်ကလာ။ ပန်းနုလည်း ဝိုင်းကူမှာပေါ့” သူက အတည်ပေါက် ပြောတယ်။ “အရင်ကဆို ယုမေက အန်တီကို လက်တိုလက်တောင်း ကူလုပ်ပေးခဲ့တာလေ။ ဒီနေ့ သမီးက သူ့ကိုယ်စား အန်တီကို ကူညီပေးရမှာပေါ့”
“ပန်းနု …”
“ကောင်းသားပဲ။ သူ့ကို ကူလုပ်ခိုင်းလိုက်ပါကွာ” ဦးဟန်သာက ဝင်ပြောတယ်။ “ပန်းနုကို ငါတို့ ယောက်ျားကြီးတွေနား ထားထားရင်လည်း သူ့ခမျာ ပျင်းနေရှာမှာပေါ့”
“ဒါလည်း ဟုတ်တာပဲ …. ကဲ ကဲ လာ၊ မီးဖိုဆောင်ထဲ သွားရအောင်။ သမီးအတွက် ခါးစည်းပဝါတစ်ထည် ပေးမယ်”
“မလိုဘူး အန်တီ။ သမီးမှာ ပါတယ်” ပန်းနုက သူ့အိတ်ထဲကနေ ပွင့်ရိုက် ခါးစည်းပဝါကို ဆွဲထုတ်ယူလိုက်တယ်။
မီးဖိုဆောင်ထဲကို မိန်းမတွေ ဝင်သွားကြတဲ့အခါမှာ ယောက်ျားတွေက စစ်တုရင်ဘန်းဆီကို ပြန်ရောက်လာကြတယ်။
“ကဲ … အခုတော့ အားလုံး လူစုံသွားပြီ”
ဦးဟန်သာက သူ့ပေါင်ကို အားရပါးရ ပုတ်ချလိုက်တယ်။