Show contents

(က)

ငဆွေနဲ့ ကျွဲကြီးက လသာဆောင်အထိ ပြေးလိုက်သွားတယ်။ ကန်ရေပြင်ကို ငုံ့ကြည့်နေကြတာလည်း အကြာကြီးပဲ။ နောက်ဆုံးတော့ လက်လျှော့ပြီး ဧည့်ခန်းထဲကို ပြန်ရောက်လာတယ်။

“သွားပြီ။ မျှော်လင့်ချက် မရှိတော့ဘူး” ငဆွေက ပြောတယ်။ “ဒီနားမှာကိုပဲ ရေက အတော် နက်ပုံရတယ်။ စိမ်းဖန့်နေတာ အောက်ခြေကြမ်းပြင်ကိုတောင် မမြင်ရဘူး။ ဘိုးတော်ကတော့ လျှောပြီနေမှာ”

ငဆွေရဲ့ စကားဆုံးတော့ ဒေါ်သင်းလှက အသံကုန်ဟစ်ပြီး ငိုကြွေးတော့တယ်။

“အား … ဘယ်လို ဖြစ်ရတာလဲ။ သူ သတ်သေဖို့ မလိုပါဘူး။ နည်းလမ်းတစ်ခုခုတော့ ရှိရဦးမှာပါ”

ကျန်လူတွေအားလုံး နှုတ်ဆိတ်နေကြတယ်။ ဦးဟန်သာကို ထွက်ပေါက်ပိတ်သွားအောင် ဖိအားပေးခဲ့မိလို့ နောင်တရနေကြတာလည်း ဖြစ်ချင် ဖြစ်မှာ။ နန်းမိုရ်ခက မျက်မှောင်ကုပ်ထားပြီး စိတ်ထိခိုက်စွာနဲ့ ခေါင်းကို အောက်စိုက်ထားတယ်။ ကြည့်ရတာ အတော်ကြီးကို စိတ်မကောင်း ဖြစ်နေပုံပဲ။

“ကျွဲကြီး၊ မင်း ဒီမှာ ကြည့်ထားဦး။ ငါ ကိုထိုက်နဲ့ သွားတိုင်ပင်လိုက်ဦးမယ်”

ပြောပြီး ငဆွေက အပေါ်ကို တက်သွားတယ်။ ကိုထိုက်က လွန်းဆက်မောင်ရဲ့ အခန်းထဲမှာ ဝင်နေတာ ထင်တယ်။

အားလုံးက ဗြုန်းစားကြီး ဖြစ်ပျက်သွားခဲ့တာ ဆိုတော့ ယုံကြည်ဖို့တောင် အခက်တွေ့နေကြလို့ အကုန်လုံး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြတယ်။ အသက်ရှူဖို့တောင် ခက်ခဲလွန်းလှတဲ့ မွန်းကျပ်တဲ့ ဆိတ်ငြိမ်မှုထဲမှာ ဒေါ်သင်းလှရဲ့ တရှုပ်ရှုပ် ငိုကြွေးသံကိုပဲ ကြားနေရတယ်။

တစ်ခဏကြာတော့ ငဆွေက အပေါ်ထပ်ကနေ ဆင်းလာတယ်။

“မင်းတို့ကို သတင်းကောင်းတစ်ခု ပြောစရာ ရှိတယ်” ငဆွေက ပြောတယ်။ “ငါတို့ မင်းတို့ကို မသတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ မနက်ဖြန် အရုဏ်မတက်ခင် ငါတို့ ဒီကနေ ထွက်သွားမယ်။ အဲဒီအခါကျရင် မင်းတို့ရဲ့ တောင်းဆိုချက်အတိုင်း ဟိုမိန်းမရဲ့ အလောင်းကို သယ်သွားမယ်။ သူ့ကို ငါတို့ ဓားစာခံအဖြစ်နဲ့ ခေါ်သွားတယ်လို့ ရဲတွေကို ပြောလိုက်။ ဟိုလူကြီးကိုတော့ … ငါတို့လက်ထဲကနေ လွတ်အောင် ထွက်ပြေးချင်တာနဲ့ လသာဆောင်ကနေ ရေထဲကို ခုန်ချသွားတယ်လို့ပဲ ပြောလိုက်ကြတော့”

“တခြားရော ရဲတွေကို ဘာပြောပေးရဦးမှာလဲ” မင်းအာကာက မေးတယ်။

“ငါတို့ရဲ့ အသက်၊ ပုံပန်းသဏ္ဌာန်ကို ဘဏ်ထဲကလူတွေ မြင်ထားကြတယ်။ စကားကို တရားလွန်ကြီး လျှောက်ပြောနေရင် သံသယ ဝင်သွားနိုင်တယ်။ ဒီတော့ ဓားပြတွေက ရှမ်းသံဝဲဝဲနဲ့ စကားပြောကြတယ်လို့ ရဲတွေကို ပြော။ မုံးကိုးဘက် ပြေးဖို့ တိုင်ပင်နေတာ ကြားတယ်လို့လည်း သူတို့ကို ပြောပြ။ ဒီလောက်ဆိုရင် ရဲတွေ တိုင်ပတ်သွားလောက်ပြီ”

“ဟုတ်ပါပြီ။ ငါတို့ အဲဒီအတိုင်း ပြောပေးမယ်”

နှင်းသူကို သတ်တဲ့ လက်သည်က ဦးဟန်သာပါ ဆိုတဲ့ အဖြစ်မှန်ကို ကျန်ရစ်ခဲ့တဲ့ သားအမိက ဖုံးဖိထားချင်ကြမှာ သေချာသလောက်ပဲ။ ဓားပြတွေကလည်း အဲဒီကိစ္စရဲ့ အရေးပါမှုကို ကောင်းကောင်းကြီး သဘောပေါက် နားလည်တယ်။ ဒါကြောင့်လည်း သူတို့ တင်ပြတဲ့ အပေးအယူကို လက်ခံခဲ့ကြတာပေါ့။

“ဒါပေမယ့် မင်းတို့ သားအမိနှစ်ယောက်ကတော့ ဟုတ်ပါပြီ။ လျှောက်မပြောပါဘူးလို့ ကျန်တဲ့လူတွေကိုရော မင်း အာမခံနိုင်ပါ့မလား”

ငဆွေက မင်းအာကာနဲ့ ဒေါ်သင်းလှတို့က လွဲလို့ တခြားလူတွေကို စိုက်ကြည့်နေတယ်။

“စိတ်မပူပါနဲ့။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့ကို ငါ ရအောင် နားချပေးမယ်။ ငါ့ကို ယုံစမ်းပါ”

မင်းအာကာက လွန်းဆက်မောင်တို့ကို ကြည့်ရင်း ကတိပေးတယ်။

မင်းအာကာက အဲဒီလို မပြောရင်တောင်မှ လွန်းဆက်မောင်က ဒီကိစ္စကို ရဲတွေ ပြောပြဖို့ အစီအစဉ် မရှိဘူး။ ယုမေအတွက် လက်စားချေပေးဖို့အရေး ကိုယ့်ကိုယ်ကိုယ် စတေးသွားရှာတဲ့ ဦးဟန်သာကို ပန်းနုဝေကလည်း အင်မတန်မှ ကရုဏာသက်နေပုံ ရတယ်။ စိုးဇေယျကလည်း နှင်းသူရဲ့ ပြစ်မှုကို လူသိရှင်ကြား မဖြစ်စေချင်ဘူး။ ဒီတော့ အဲဒီနှစ်ယောက်က ပြဿနာ မဟုတ်တော့ဘူး။ နောက်ဆုံး ကျန်တဲ့သူကတော့ နန်းမိုရ်ခပဲ။ ဒါပေမယ့် ရဲကို အဖြစ်မှန် ပြောပြလိုက်ရင် သူ့အဖို့ ဘာအကျိုးမြတ်မှ ရှိမလာနိုင်ဘူး။ သူ့သူဌေးက လူသတ်သမားပါ ဆိုတဲ့ ကိစ္စက အခန့်မသင့်ရင် သူ့ရဲ့အနာဂတ်ခရီးလမ်းအတွက် အရိပ်မဲကြီး ထိုးလာနိုင်တယ်။ နောက်ဆုံးတော့ မင်းအာကာက ပါးစပ်အမြှုပ်ထွက်စရာ မလိုဘဲ မပင်မပန်းနဲ့ အားလုံးကို နားချနိုင်လိုက်တယ်။

“ဒါဆို ခရီးစမထွက်ခင်မှာ ငါ တစ်ရေးလောက်တော့ သွားအိပ်လိုက်ဦးမယ်။ ကျွဲကြီး၊ ဒီညတော့ မင်းပဲ​ စောင့်ကြည့်လိုက်တော့”

“ငါက မအိပ်ရတော့ဘူးလား”

ကျွဲကြီးက မကျေမနပ်နဲ့ နှာခေါင်းကို ပွစိပွစိ လုပ်တယ်။

“မနေ့ညက မင်း အိပ်လို့ ဝသွားပြီ မဟုတ်လား။ ငါ ဒီရောက်ကတည်းက လုံးဝနီးပါး မျက်လုံးမမှိတ်ရသေးဘူး”

“အဲဒါ ဆေးခတ်ခံရလို့ အိပ်ပျော်သွားတာလေ”

“ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ကွာ။ မင်း အိပ်ရေးဝဝ အိပ်လိုက်ရတာတော့ ကောင်းတဲ့ကိစ္စပဲ။ ကဲ အိုကေတယ်နော်။ မင်းလက် အပ်ခဲ့ပြီ”

ငဆွေက အနောက်တိုင်း အရက်တစ်ပုလင်းကို မ,ကိုင်ရင်း အပေါ်ထပ်ကို တက်ချသွားတယ်။

“ဒီလောက် လူတွေအများကြီးကို ငါတစ်ယောက်တည်း စောင့်ရမှာလား”

ငဆွေက ခြေလှမ်းတုံ့ရပ်လိုက်တယ်။

“သူတို့အားလုံးကို ကြိုးတုပ်ထားတာပဲကွာ”

“ငါ မကြိုက်ပါဘူး။ သူတို့ကို အိမ်သာတွေ ဘာတွေလည်း လိုက်ပို့ပေးရဦးမယ်။ အဲဒီသောက်ပြဿနာတွေကို ငါ စိတ်ကုန်နေပြီ”

“ငါတို့ရော ဘာထူးလို့လဲ” စိုးဇေယျကလည်း ညည်းတွားတယ်။

“အဲဒီလိုလား …. ဒါဆို ခဏစောင့်ဦး”

ငဆွေက ကိုထိုက်ရှိတဲ့ အခန်းထဲကို ဝင်သွားတယ်။ နှစ်မိနစ်၊ သုံးမိနစ်လောက်ကြာတော့ ပြန်ရောက်လာတယ်။

“အိုကေ၊ ဓားစာခံတွေ အားလုံး ကိုယ့်အခန်းကိုယ် ဝင်ကြ။ ပြီးရင် တံခါးအပြင်ကနေ တံခါးရွက်ကို သံနဲ့ အသေရိုက်ထားမယ်။ လူနှစ်ယောက်ထက် ပိုစုမိရင် ကူလီကူမာ အကြံတွေ ထွက်လာနိုင်တယ်။ ဒါကြောင့် တစ်ယောက်ကို တစ်ခန်းပဲ။ မနက်ဖြန်မနက် ငါတို့ ထွက်သွားတဲ့အခါမှာလည်း သစ်သားပြားတွေကို ဖြုတ်ပေးနေဖို့ မလိုတော့ဘူး။ သူတို့တွေ စိတ်ပြောင်းသွားမယ် ဆိုရင်တောင်မှ ရဲတိုင်မယ့်အချိန်ကို ဆွဲထားနိုင်သေးတယ်”

“အကြံကောင်းပဲ”

ကျွဲကြီးရဲ့ မျက်နှာက ရွှင်မြူးသွားတယ်။

“ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။ လူတစ်ယောက်တော့ ဧည့်ခန်းမှာ ချန်ထားပြီး မင်း စောင့်ကြည့်နေရမယ်။ တစ်ခုခု ဖြစ်လာခဲ့ရင် တိုက်ထဲက လူရင်းမရှိဘဲလည်း အဆင်မပြေဘူး”

“ဒီမိန်းမကို ရွေးရင်ကော”

ကျွဲကြီးက လက်လှမ်းပြီး ပန်းနုဝေကို ဖမ်းဆွဲလိုက်တယ်။ သူက ချက်ချင်းပဲ မျက်မှောင်ကြုတ်ပြီး ခန္ဓာကိုယ်ကို တောင့်ထားလိုက်တယ်။

“အခွင့်အရေးဆိုတာ ရခဲတယ် ဆိုပေမယ့် ကိုထိုက်က ယောကျ်ားလေးကို ဓားစာခံအဖြစ် ရွေးချယ်ဖို့ ပြောနေတယ်။ မိန်းမတွေက အင်မတန်မှ ဇယားရှုပ်တယ်ကွ။ သူတို့ အိမ်သာတက်ချင်ရင် ငါတို့က အထဲထိ လိုက်ကြည့်လို့ ရတာ မဟုတ်ဘူး”

ငဆွေက လှေကားပေါ်ကနေ ပြောတယ်။

ကျွဲကြီးက မကျေနပ်ဘူး။ ဒါပေမယ့် စောစောက ဖမ်းဆုပ်ထားတဲ့ ပန်းနုဝေရဲ့ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်တယ်။

“မင်း ဒီမှာ နေခဲ့” ငဆွေက လွန်းဆက်မောင်ကို ကြည့်ရင်း ပြောတယ်။ “ငါတို့ မင်းရဲ့ အခန်းကို သုံးဖို့ရှိတယ်”

“သဘောပဲ” လွန်းဆက်မောင်က ပြန်ဖြေတယ်။

ငဆွေက အားလုံးရဲ့ လက်ခြေပေါ်က ကြိုးတွေကို ဖြေပေးလိုက်ပြီး တစ်ယောက်ချင်းစီကို အခန်းဆီ ခေါ်သွားပေးတယ်။ ကျွဲကြီးက စတိုးခန်းထဲကနေ သံချောင်းတွေနဲ့ သံတူကို ရှာယူလာတယ်။

“သံက သေချာမြဲအောင် ရိုက်နော်။ တစ်ချက်ဆောင့်ရုံနဲ့ ပွင့်မသွားစေနဲ့ဦး။ နှစ်ရက်၊ သုံးရက်လောက် ပိတ်ထားလည်း လူက လွယ်လွယ်နဲ့ ငတ်မသေနိုင်ပါဘူး။ ဒါ့အပြင် တစ်ရက်၊ နှစ်ရက်လောက် အဆက်အသွယ် မရတာနဲ့ ကုမ္ပဏီကလူတွေ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေက ဒီကို လာရှာကြမှာ သေချာတယ်”

ရှိသမျှလူ အားလုံးကို အခန်းထဲတွေ ပိတ်ထည့်ပြီးတဲ့နောက်မှာ ငဆွေက အောက်ထပ်ကို ဆင်းလာပြီး လွန်းဆက်မောင်ရဲ့ အရှေ့မှာ ငုတ်တုတ်ထိုင်ချလိုက်တယ်။

“စိတ်တော့ မကောင်းဘူး။ မင်းကတော့ ဒီမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် နေလိုက်ဦးပေါ့။ ဒါပေမယ့် မကြာတော့ပါဘူး။ ငါတို့ ထွက်သွားတဲ့အချိန်မှာ မင်းကို အားလုံးလိုပဲ အခန်းထဲကို ဝင်ခွင့်ပေးမှာပါ။ လက်ခြေတွေကိုလည်း ကြိုးဖြေပေးမယ်”

ပြောပြီး သူက လွန်းဆက်မောင်ရဲ့ လက်ခြေတွေကို ပိုပြီး ကျပ်တည်းသွားအောင် တုပ်နှောင်လိုက်တယ်။ ကျပ်တာမှ သွေးကြောတွေတောင် ပြတ်ထွက်သွားမတတ်ပဲ။

“ငါ မေးခွန်းတစ်ခု မေးလို့ ရမလား” လွန်းဆက်မောင်က ပြောတယ်။

“ဘာလဲ”

“မင်းတို့ ဘဏ်ကနေ ပိုက်ဆံ ဘယ်လောက်တောင် ဓားပြတိုက်လာတာလဲ”

ငဆွေက လွန်းဆက်မောင်ရဲ့ မျက်လုံးတွေကို အဝတ်တစ်စနဲ့ ဖုံးအုပ်မယ် အပြုမှာ စကားသံကြောင့် ရပ်တန့်သွားတယ်။

“ဘာဖြစ်လို့ အဲဒီမေးခွန်းကို မေးရတာလဲ”

“သိချင်ရုံသက်သက်ပါပဲ။ ငါ စဉ်းစားကြည့်နေတာ။ အခုလို အရဲကိုးပြီး အန္တရာယ်ကြားက စွန့်စွန့်စားစားနဲ့ ဓားပြတိုက်ချင်လောက်အောင် အကျိုးအမြတ်က ဘယ်လောက်တောင် များနေလို့လဲလို့”

“စီးပွားရေး လုပ်တာမှ မဟုတ်ဘူး။ ဘယ်လောက် အမြတ်ရမှ ဆိုတဲ့ တားဂတ်တော့ ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။ သေချာတာကတော့ များလေကောင်းလေပဲပေါ့။ အင်း … ဒီတစ်ချီတော့ သိန်းသုံးထောင် ရလာခဲ့တယ်”

“သိန်းသုံးထောင် ….”

သူတို့အတွက် သိန်းသုံးထောင်က ဘယ်လောက်တောင် အသုံးခံမလဲ ဆိုတာကိုတော့ လွန်းဆက်မောင် မသိဘူး။ သိန်းသုံးထောင်ကြီးများတောင်လို့ ပြောလို့ ရနိုင်သလိုပဲ၊ သိန်းသုံးထောင်ပဲလို့လည်း ပြောချင် ပြောနိုင်တယ်။

“ဒီတော့ သိန်းသုံးထောင်အတွက်နဲ့ လူသတ်ရရင်လည်း အရေးစိုက်မနေတော့ဘူးပေါ့၊ ဟုတ်လား”

“အင်း၊ ဟုတ်တယ်။ ဒါပေမယ့် ပိုက်ဆံပမာဏကြောင့်တော့ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဘဝနဲ့ လောင်းကြေးထပ်ရတဲ့ အခါမျိုးကတော့ ရှိလာတတ်စမြဲပဲ။ အဲဒီအချိန်မျိုးမှာ လူသတ်ရမယ် ဆိုရင်တောင်မှ လက်နှေးနေမှာ မဟုတ်တော့ဘူး။ မင်းရော အဲဒီလို မထင်ဘူးလား။ မင်းမှာ အဲဒီလို ခံစားမှုမျိုး ရှိခဲ့ဖူးလား”

“အဲဒါလား …..” လွန်းဆက်မောင်က ဘာပြန်ဖြေရမှန်း မသိတော့ဘူး။ ဒါနဲ့ ရေငုံနှုတ်ပိတ် နေလိုက်ရတယ်။

နောက်တော့ သူ စကားပြောချင်လည်း ပြောမရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျက်လုံးတွေကိုတင် အပိတ်ခံလိုက်ရတာ မဟုတ်ဘဲ ပါးစပ်ကိုပါ အဆို့ခံလိုက်ရတယ်။ သူက အဲဒီလိုပုံမျိုးနဲ့ ဧည့်ခန်းထဲမှာ လှဲနေရတယ်။ ပါးပြင်က ကျွန်းပါကေးပြားရဲ့ အအေးဓာတ်ကို ခံစားရင်းနဲ့ပေါ့။

“မင်းကို ပိုးတီတစ်ကောင်လို ကြိုးတုပ်ထားလို့ ငါတို့ကို ကျိန်ဆဲချင်နေမလား မသိဘူး။ မတတ်နိုင်ဘူး။ ငါတို့က လူသတ်ဖို့အထိတောင် ပြင်ဆင်ထားကြပြီးသား။ အဲဒါ မင်းလည်း အသိပဲ။ ဒါပေမယ့် နောက်ဆုံးကျ ဘယ်သူ့ဘယ်သူကိုမှ အနာတရ ဖြစ်အောင် မလုပ်ခဲ့မိတဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့လည်း ကြိတ်ပြီး ဝမ်းသာမိတယ်။ လူနှစ်ယောက် သေသွားခဲ့တယ် ဆိုပေမယ့် အဲဒါက ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး”

ပခုံးကို ဖြန်းကနဲ အပုတ်ခံလိုက်ရပြီးတဲ့နောက်မှာ တဖြည်းဖြည်း ဝေးကွာသွားတဲ့ ငဆွေရဲ့ ခြေသံတွေကို ကြားလိုက်ရတယ်။ မတိုးမကျယ် ညည်းဆိုနေတဲ့ ကျွဲကြီးရဲ့ ‘အမေနဲ့ရွာကိုလွမ်းတယ်’ သီချင်းက အသက်ပါပြီး ကီးကိုက်နေရော။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *