စည်းထားတဲ့ အဝတ်ကို ဖြေလိုက်တော့ အိမ်ထဲမှာ အလင်းရောင်မှုန်မှုန်ပဲ ရှိနေပေမယ့် မျက်လုံးထဲ စူးကနဲ ခံစားသွားရတယ်။ လွန်းဆက်မောင်က မျက်လုံးကို အကြိမ်ပေါင်းများစွာ ပုတ်ခတ်လိုက်တယ်။ ဘေးနားက လူတွေအားလုံးလည်း အဲဒီအတိုင်းပဲ။
လွန်းဆက်မောင်က ငဆွေကို တွေ့မြင်နေရတယ်။ ဒါပေမယ့် ကိုထိုက်ကိုတော့ လူရိပ်တောင် မမြင်ရဘူး။ မင်းအာကာနဲ့ ကျန်သူတွေကလည်း ဘေးဘီကို ဝေ့ကြည့်နေတယ်။
“ကိုထိုက်က အပေါ်မှာ။ သူ့မျက်နှာကို မင်းတို့ မြင်လို့ မဖြစ်ဘူး”
“မြင်ရလည်း ငါတို့က ရဲကို ပြောမှာ မဟုတ်ပါဘူး” မင်းအာကာက ပြောတယ်။
“မင်းတို့ကို လွယ်လွယ်နဲ့ ယုံလို့ မဖြစ်ဘူး။ ကဲ … အချိန်ဆွဲမနေနဲ့။ စစရာရှိတာ စတော့”
အဲဒီလို ငဆွေပြောလိုက်တာ ကြားတော့ အားလုံးရဲ့ အကြည့်တွေက နန်းမိုရ်ခရဲ့ ကိုယ်ပေါ်ကို စုရောက်သွားတယ်။ သူက ဝင်သက်ကို အားရှိပါးရှိ ရှူသွင်းလိုက်တယ်။
“ကျွန်မက HELP အဖျက်ခံလိုက်ရတဲ့နောက်မှာ လူတစ်ယောက်ကို စပြီး သံသယဝင်လာခဲ့တယ်။ ဦးဆုံးအနေနဲ့ HELP ကို ဘယ်သူ ဖျက်ပစ်တာလဲ။ တကယ်တော့ အိမ်သာပြတင်းပေါက်ကနေ ပိုက်ပျော့ကိုသုံးပြီး လှမ်းပက်လိုက်ရင်ကို ဖြစ်တယ်။ ဒါကြောင့် အကုန်လုံးက ဖြစ်နိုင်ခြေ ရှိတဲ့လူတွေချည်းပဲ။ ဒါပေမယ့် မေးခွန်းတစ်ခု မေးစရာ ရှိလာတယ်။ အဲဒီလူက အိမ်သာပြတင်းပေါက်ရဲ့ အပြင်ဘက်မှာ HELP ရေးထားပါတယ်လို့ ဘယ်လိုလုပ်ပြီး သိနေတာလဲ။ အဲဒီကိစ္စကို သိတဲ့သူက ကျွန်မနဲ့ ကိုလွန်းဆက်မောင်ပဲ ရှိတယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံးကလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး”
“ဒါကြောင့် သူက ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီး အပြင်ကို လှမ်းကြည့်တဲ့အချိန်မှာ သတိထားမိသွားတာပဲ ဖြစ်တော့မှာပေါ့”
ပေရှည်နေတဲ့ နန်းမိုရ်ခရဲ့ စကားပြောဟန်ကို ငဆွေက စိတ်မရှည်နိုင်တော့တာနဲ့ မအောင့်နိုင်တော့ဘဲ မေးခွန်းထုတ်လိုက်တယ်။
“ဟင့်အင်း” နန်းမိုရ်ခက ပြောတယ်။ “မဖြစ်နိုင်ဘူး။ အဲဒီစာလုံးတွေက ပြတင်းပေါက် အောက်တည့်တည့်မှာ ရှိတာ။ အိမ်သာထဲကနေ လှမ်းမမြင်နိုင်ဘူး။ အဲဒီလို လွယ်လွယ် မမြင်နိုင်လို့လဲ ကျွန်မက အဲဒီနေရာကို တမင် ရွေးခဲ့တာ”
အားလုံးက ဝင်သက်ကို ပြိုင်တူနီးပါး ရှူသွင်းလိုက်ကြတယ်။ လွန်းဆက်မောင်ကလည်း အဲဒီအချက်ကို သတိမထားမိလိုက်ဘူး။
“အဲဒီလိုဆိုတော့ ….”
မင်းအာကာရဲ့ စကားကိုတောင် ဆုံးအောင် မစောင့်ကြတော့ဘူး။ အားလုံးရဲ့ အကြည့်က လွန်းဆက်မောင်ဆီကို ပြုံကျလာတယ်။
“မဟုတ်ဘူး။ ကိုလွန်းဆက်မောင် မဟုတ်ဘူး။ HELP ဖျက်ခံလိုက်ရတဲ့ ကိစ္စကို ကိုလွန်းဆက်မောင်က ကျွန်မကို ပြောပြခဲ့တာ။ တကယ်လို့ သူ လုပ်တာဆိုရင် ရေငုံနှုတ်ပိတ်ပြီး နေလို့ ရတာပဲ”
“ဒီလိုဆိုရင် ဘယ်နှယ့်ပြောမလဲ။ ဘယ်သူကမှ HELP ကို မသိကြဘူးလေ”
“ဟုတ်တယ်။ ဒါကြောင့် တစ်ယောက်ယောက်က မတော်တဆ တွေ့သွားတာပဲ ဖြစ်မယ်”
“မင်းပြောတော့ အိမ်သာထဲကနေ ကြည့်ရင် မမြင်ရဘူးဆို။ အဲဒါ ဘယ်လို နားလည်ရမှာလဲ” ငဆွေက ခေါင်းရှုပ်ရှုပ်နဲ့ မေးတယ်။
“ဟုတ်တယ်။ အိမ်သာပြတင်းပေါက်ကနေ ကြည့်ရင် မမြင်ရဘူး။ ဒါပေမယ့် အပေါ်ထပ် ပြတင်းပေါက်ကနေ ကြည့်ရင် မြင်ရနိုင်တယ်”
“အပေါ်ထပ် ….” ငဆွေက မျက်မှောင်ကြုတ်လိုက်တယ်။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်းတို့ စောစောက ပြောခဲ့တဲ့အတိုင်း ဆိုရင် HELP ရေးခြစ်ပြီးတဲ့နောက်မှာ ရှိသမျှလူ အကုန်လုံးက ဒီမှာပဲ ရှိနေကြတာ။ အပေါ်ထပ်မှာ ဘယ်သူမှ ရှိမနေလောက်ဘူး”
“ဟင့်အင်း၊ ရှိတယ်။ တစ်ယောက်ရှိတယ်”
“ဘယ်သူလဲ”
နန်းမိုရ်ခက အကြည့်ရဲ့ ဦးတည်ရာကို ဖြည်းဖြည်းချင်း ရွှေ့ပြီး လူတစ်ဦးထံမှာ ရပ်တန့်လိုက်တယ်။
“ကျွန်မရဲ့အလုပ်ရှင် ဦးဟန်သာပဲ”
“ဒါ …. ဘယ်လို ဖြစ်နိုင်မှာလဲ …..” မင်းအာကာရဲ့ မျက်လုံးအစုံက နီရဲလာတယ်။
ဦးဟန်သာက မျက်နှာတစ်ချက် မပျက်ဘဲ အောက်ဘက်ကို စွေကြည့်နေတယ်။
“ရှင်တို့ မှတ်မိဦးမလား မသိဘူး။ ဆရာက အန်တီအတွက် အခန်းထဲဝင်ပြီး အနွေးထည် ယူပေးမလို့ တောင်းဆိုခဲ့တာလေ။ ကျွန်မအထင် သူ အဲဒီအချိန်တုန်းက အိပ်ခန်းပြတင်းပေါက်ကနေ လှမ်းမြင်လိုက်တာ ဖြစ်ဖို့များတယ်”
“ဟုတ်တာပေါ့၊ သူ တကယ်ပဲ အဲဒီတုန်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသေးတယ်။ လုံးဝ သေချာတယ်”
တစ်ချိန်လုံး နှုတ်ပိတ်နေတဲ့ ကျွဲကြီးက ရုတ်တရက် ဝင်ထောက်ခံတယ်။ အဲဒီတုန်းက ဦးဟန်သာနဲ့အတူ အပေါ်ထပ်ကို သူ လိုက်သွားပေးခဲ့တာ။
ဦးဟန်သာက ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီး လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်၊ သူ့ရဲ့ စကတ္ထရီကို စိုက်ကြည့်တယ်။
“အဲဒီအချက်ကလေးတစ်ချက်တည်းနဲ့ ငါ့ကို လူသတ်တရားခံလို့ သတ်မှတ်လိုက်တော့မလို့လား”
“မဟုတ်ပါဘူး။ အဲဒီအချက်က ကျွန်မ ဆရာ့ကို သံသယဝင်မိခဲ့တဲ့ အလှည့်အပြောင်းတစ်ခုမျှပဲ”
“အတော် စိတ်မကောင်းစရာပဲ။ မင်း သံသယဝင်တာကို ခံရတယ်လို့”
ဦးဟန်သာက စိုးရိမ်ကြောက်ရွံ့စိတ် အလျှင်းမပါတဲ့ အပြုံးနဲ့ ခေါင်းကို အသာအယာ ခါယမ်းလိုက်တယ်။
“ကျွန်မလည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် တိုင်မာ အဖျက်ဆီးခံလိုက်တဲ့ ကိစ္စကို စဉ်းစားကြည့်လိုက်တဲ့အခါမှာ လက်သည်က ဆရာကလွဲလို့ တခြားဘယ်သူမှ မဖြစ်နိုင်တော့ဘူး”
“လင်းစမ်းပါဦး” လွန်းဆက်မောင်က ပြောတယ်။
“စောစောတုန်းက ကျွန်မတို့ အတည်ပြုပြီးခဲ့ကြပြီလေ။ တိုင်မာတပ်ပြီးတဲ့နောက်မှာ လူအတော်များများ အိမ်သာထဲ ဝင်ခဲ့ကြတယ်။ တရားခံက အဲဒီအချိန်မှာ တိုင်မာကို ဖျက်ဆီးပစ်ခဲ့တာလား။ တရားခံရဲ့ စိတ်နေသဘောထားအတိုင်းဆိုရင် အဲဒီလို မဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်တယ်”
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲဆိုတော့ ရှုထောင့်တစ်မျိုးကနေ ကြည့်ရင် အဲဒါ အင်မတန်မှ အန္တရာယ်များတယ်။ တိုင်မာကို ဖျက်ဆီးပစ်ပြီးတဲ့နောက်မှာ ဘယ်သူမှ အိမ်သာထဲ ထပ်ဝင်တော့မှာ မဟုတ်ဘူးလို့ တရားခံက ဘယ်လိုနည်းနဲ့မှ အပိုင်မတွက်နိုင်ဘူး။ သူ့နောက်မှာ ဝင်တဲ့သူက တိုင်မာကို ပုံမှန်အတိုင်း အလုပ်လုပ်နေရဲ့လားလို့ စစ်ကြည့်ကောင်း စစ်ကြည့်နိုင်တယ်။ တကယ်လို့ အဲဒီအချိန်မှာ တိုင်မာ အဖျက်ဆီးခံထားရကြောင်း တွေ့ရှိသွားရင် စောဝင်တဲ့တစ်ယောက်က သံသယဝင်ခံရမှာ သေချာနေတယ်”
“အဲဒီလိုလား”
ငဆွေက ချီးမွမ်းလိုစိတ်နဲ့ ပြောတယ်။ ကျွဲကြီးကလည်း ခေါင်းကို တဆတ်ဆတ် ညိတ်နေတယ်။
“ကျွန်မ တစ်ကြိမ်မက ပြောခဲ့ဖူးပါတယ်။ ကျွန်မ အိမ်သာထဲ ဝင်တဲ့အချိန်မှာ တိုင်မာက ပုံမှန်အတိုင်း အလုပ်လုပ်နေတုန်းပဲ” ပန်းနုဝေက ပြောတယ်။ “ဒါကြောင့် အဲဒီအချိန်ကာလအတွင်းမှာ တရားခံက သံသယဝင်ခံရတာမျိုးကို ရှောင်ရှားနိုင်ဖို့အတွက် တိုင်မာကို ဖျက်ဆီးပစ်လို့ မရဘူး။ ဒါပေမယ့် သူက သတ်မှတ်ထားတဲ့ အချိန်မှာ မီးပျက်သွားတာကိုလည်း မလိုချင်ဘူး။ ဒါနဲ့ တရားခံက အချိန်ကို နည်းနည်းလေး ရွှေ့ပစ်လိုက်တယ်။ ဥပမာ ပြောရရင် မူလက ၇ နာရီတိတိမှာ အလုပ်ထလုပ်မယ့် တိုင်မာကို ၇ နာရီ မိနစ် ၂၀ လောက် ရွှေ့ပစ်လိုက်တယ်။ ဒါကြောင့် မူလသတ်မှတ်ထားတဲ့ အချိန်ရောက်လည်း မီးက ပျက်မသွားဘူး။ မီးမပျက်လို့ အားလုံးက ဟိုဟိုဒီဒီ တွေးလာတဲ့အချိန်မှာ တရားခံက စစ်ဆေးချင်ယောင်ဆောင်ပြီး အိမ်သာထဲကို ထပ်ဝင်သွားတယ်။ အဲဒီအခါမှာမှ တိုင်မာကို ဖျက်ဆီးပစ်လိုက်တယ်။ နောက်တော့ တိုင်မာဖျက်ခံထားရပြီ ဖြစ်ကြောင်း အားလုံးကို ကြေညာလိုက်တယ်”
လွန်းဆက်မောင်က ပါးစပ်အဟောင်းသားနဲ့ ဦးဟန်သာကို ငေးကြည့်နေမိတယ်။ နန်းမိုရ်ခ ပြောခဲ့သလိုပဲ။ မီးဖျက်မယ့်အစီအစဉ် ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သဘောပေါက်သွားတဲ့ အချိန်မှာ အိမ်သာထဲကို ပထမဆုံး ဝင်သွားတဲ့သူက ဦးဟန်သာပဲ။
“ပေါက်ပေါက်ရှာရှာ” ဦးဟန်သာက စိတ်မပါဟန်နဲ့ ပြောတယ်။ “မင်းမှာ ဘာအထောက်အထား ရှိလဲ ….”
“ဆရာ၊ ဆရာက နောက်ထပ် ကြိုတင်ပြင်ဆင်မှုတစ်ခုကိုလည်း လုပ်ခဲ့သေးတယ်။ ဟိုလူထွားကြီးကို အိပ်ဆေးခတ်လိုက်တာလေ”
အား …. တစ်ဖွဲ့လုံးက အာမေဍိတ်သံပြုပြီး ကျွဲကြီးကို လှမ်းကြည့်ကြတယ်။ သိပ်ဟုတ်တာပေါ့။ အဲဒီနေ့ညမှာ အဲဒီလူကြီးက ဝက်တစ်ကောင်လို သိုးနေအောင် အိပ်ပျော်သွားခဲ့တယ်လေ။ ဒါက တိုက်ဆိုင်မှုသက်သက်တော့ မဖြစ်နိုင်ဘူး။
“ကျွန်မအထင် ဆရာက အန်တီအတွက် အနွေးထည် ယူပေးတုန်းမှာ အန်တီအိတ်ထဲကနေ အိပ်ဆေးကို ခိုးယူခဲ့တာ ဖြစ်မယ်။ နောက်တော့ ညစာစားချိန်မှာ အလစ်စောင့်ပြီး ဘီယာပုလင်းထဲကို ဆေးခတ်ခဲ့တယ်။ ဒါနဲ့ လူထွားကြီးလည်း မှောက်ကရော။ အဲဒီနောက်မှာတော့ အကြောင်းပြချက် မျိုးစုံပေးပြီး ငဆွေနဲ့ စေ့စပ်ဆွေးနွေးတော့တယ်။ အားလုံးကို ကိုယ့်အခန်းကိုယ် ပြန်ပြီး အနားယူနိုင်အောင်လို့”
“အင်း … အဲဒီလို တွေးကြည့်လိုက်တော့ ပြဿနာက ရှင်းလင်း လွယ်ကူသွားတယ်” ငဆွေက ပြောတယ်။ “တကယ်လို့သာ အားလုံးကို ကိုယ့်အခန်းကိုယ် ပြန်ခွင့်မပေးဘူး ဆိုရင် အဲဒီလူသတ်မှုကလည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ဘူး။ ဒါကြောင့် အဲဒီတောင်းဆိုချက်ကို အရင်ဆုံး တင်ပြလာတဲ့သူက သံသယအရှိထိုက်ဆုံးလူပဲ”
“ဘာတွေ လျှောက်ပြောနေတာလဲ။ သက်သေက ဘယ်မှာလဲ။ အရင်ဆုံး ငါက ဘာကြောင့်မို့ နှင်းသူကို မရအရ သတ်ချင်နေရတာလဲ”
သက်သေအထောက်အထား မရှိဘူး ဆိုရင်တောင်မှ အခုလို ဣန္ဒြေပျက်ယွင်းနေတဲ့ ဦးဟန်သာရဲ့ ဖြစ်အင်က အရာရာတိုင်းကို အထုပ်ဖြေပြလိုက်သလိုပါပဲ။ လွန်းဆက်မောင်က အဲဒီလို တွေးနေမိတယ်။ ကျန်သူအားလုံးက သူ့လိုပဲ တွေးနေကြမလားတော့ မပြောတတ်ဘူး။ မင်းအာကာနဲ့ ဒေါ်သင်းလှတို့က စိတ်ပျက်လက်ပျက်နဲ့ ဦးဟန်သာကို ငေးကြည့်နေကြတယ်။
“သတ်ရတဲ့အကြောင်းကတော့ မပန်းနု ပြောခဲ့သလိုပါပဲ” နန်းမိုရ်ခက ပြောတယ်။ “မနှင်းသူက မယုမေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဒါကြောင့် ဆရာက သူ့အတွက် လက်စားချေပေးချင်တယ်။ ဆရာက အဲဒီရည်ရွယ်ချက်ကြောင့်ပဲ အားလုံးကို ဒီတိုက်ထဲမှာ စုမိသွားအောင် ဖိတ်ခေါ်ခဲ့တယ်။ တစ်ခုရှိတာက ဓားပြနှစ်ယောက်က မျှော်လင့်မထားဘဲ ထွက်ပေါ်လာတာပဲ။ ဒါနဲ့ သူတို့ကိုပါ အသုံးချဖို့ စိတ်ကူးရသွားတယ်”
“ဗရုတ်သုတ်ခတွေ လျှောက်မပြောစမ်းနဲ့။ ယုမေက မတော်တဆဖြစ်လို့ သေဆုံးခဲ့ရတယ်လို့ပဲ ငါက တစ်လျှောက်လုံး ယုံကြည်ထားခဲ့တာ။ ဘယ်နှယ့်ကြောင့် နှင်းသူကို သံသယဝင်ရမှာလဲ”
“ဟင့်အင်း၊ ဆရာ မသိဘဲ နေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာက မယုမေရဲ့ ကြွင်းကျန်ပစ္စည်းတွေကို ပထမဆုံး လက်ခံယူတဲ့သူပဲ။ အဲဒီအချိန်မှာ ဆေးဘူးက အလွတ်ကြီး မဟုတ်လား”
“အလွတ်ကြီး ….” မင်းအာကာက ဖခင်ရဲ့မျက်နှာကို စိုက်ကြည့်နေတယ်။
ချွေးတစ်စက်က ဦးဟန်သာရဲ့ နားသယ်စပ်ကနေ စီးကျလာတယ်။
“ဘာတွေလဲ။ ငါ ဘာမှ မသိဘူး ….”
“ဆေးဘူးက အလွတ်ကြီးပါ” နန်းမိုရ်ခက ပြောတယ်။ “ဒါပေမယ့် အဲဒီတုန်းက ဆရာ သံသယဝင်သေးပုံ မရဘူး။ ဒါပေမယ့် အန်တီ ဆေးဘူးကို ဖွင့်လိုက်တဲ့အခါ အထဲမှာ ဆေးတွေ ရောက်နေတာကို မြင်လိုက်ရတော့မှ သွေးရိုးသားရိုး မဟုတ်မှန်း ဆရာ သတိထားမိလာတယ်။ ဆရာကြည့်တုန်းက ဘာဆေးမှ မရှိခဲ့ပါဘဲနဲ့ ဘယ်အချိန်မှာ ဆေးတွေက ခြေထောက်ပေါက်ပြီး အထဲကို ရောက်သွားခဲ့တာလဲ။ ဆရာက အန်တီကို ပစ္စည်းတွေ မပြခင်မှာ မနှင်းသူလက်ထဲကို အဲဒါတွေ အပ်ထားခဲ့တယ်။ ဒီတော့ ဆေးဘူးထဲ ဆေးတွေ ထည့်လိုက်တဲ့သူက နှင်းသူကလွဲလို့ ဘယ်သူ ရှိနိုင်ဦးမှာတဲ့လဲ။ ဒါဆို သူကရော ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”
“ယုမေက ဆေးသောက်ခဲ့တယ် ဆိုတဲ့ အဖြစ်မှန်ကို ဖုံးကွယ်ထားချင်လို့ပဲ” ပန်းနုဝေက မျက်လုံးအစုံကို ဝိုင်းစက်နေအောင် ပြူးကျယ်ထားတယ်။ “ယုမေရဲ့ ဆေးဘူးထဲကနေ ဆေးတွေကို နှင်းသူက အိပ်ဆေးနဲ့ လဲထားခဲ့တယ်။ ဒီလိုနဲ့ ယုမေကို အောင်အောင်မြင်မြင် လုပ်ကြံနိုင်ခဲ့ပြီ။ ဒါပေမယ့် သူက စိတ်ပူတယ်။ တကယ်လို့ ရဲတွေက သံသယဝင်လာရင် အလောင်းကို ရင်ခွဲစစ်ဆေးကြလိမ့်မယ်။ ဒီတော့ ယုမေက ဘာဆေးမှ သောက်မထားပါဘူး ဆိုတဲ့ အနေအထားကို ပြောင်းလဲ ဖန်တီးနိုင်ဖို့အတွက် ဆေးဘူးထဲကို ဆေးတွေ ပြန်ထည့်ပေးထားလိုက်တယ်”
“အဲဒီလိုပဲ ဖြစ်ဖို့များပါတယ်။ ဆရာကလည်း အဲဒီအချက်ကို သတိထားမိသွားတာကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နှင်းသူကို လက်စားချေမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်”
“ဗရုတ်သုတ်ခ စကားတွေကို ရပ်တန်းက ရပ်ရင် ကောင်းမယ်”
ဦးဟန်သာက ထစ်ထစ်ငေါ့ငေါ့နဲ့ ဒရောသောပါးပြောပြီး အံကြိတ်ရင်း နန်းမိုရ်ခကို စားမတတ် ဝါးမတတ် စိုက်ကြည့်နေတယ်။ သူ့ရဲ့ ဆောက်တည်ရာ မရမှုက အားလုံးရဲ့ သံသယကို အတည်ပြုလိုက်သလို ဖြစ်နေတယ်။
“ဦး …. ဦးရယ်၊ ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ ….”
စိုးဇေယျက ငြိုးသူရန်ဖက် အကြည့်နဲ့ သူ့ကို ကြည့်နေတယ်။
“ဖေကြီး ….”
“အဖေ၊ ကျွန်တော်တို့ကို အဖြစ်မှန် ပြောပြပါလား”
သားမယားရဲ့ ကြေကွဲဆို့နင့်နေတဲ့ မျက်လုံးအကြည့်တွေအောက်မှာ ဦးဟန်သာလည်း ဘယ်လိုမှ တောင့်ခံနိုင်ပုံ မရတော့ဘူး ထင်တယ်။ ကျောနောက်မှာ လက်နှစ်ဖက် တုပ်ချည်ခံထားရရှာတဲ့ သူက ကြိုးစားပမ်းစားနဲ့ မတ်တတ်ထရပ်ပြီး လသာဆောင်ဘက်ကို လှစ်ကနဲ ပြေးထွက်သွားတယ်။ ခြေထောက်မှာ ချည်ထားတဲ့ ကြိုးကလည်း ဘယ်တုန်းက ပြေသွားတယ် မသိဘူး။
“ဟာ … ဟေ့လူ”
ငဆွေနဲ့ ကျွဲကြီးက အနောက်ကနေ ပြေးလိုက်သွားတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။ သူ့လိုအသက်အရွယ်မျိုးမှာ ဘယ်လိုမှ ထင်မှတ်မထားနိုင်တဲ့ သွက်လက်မှုမျိုးနဲ့ ဦးဟန်သာက လသာဆောင်ရဲ့ လက်ရန်းပေါ်ကနေ လွှားကနဲ အောက်ကို ခုန်ချသွားတယ်။
“အမယ်လေး … ဖေကြီး ….”
ဒေါ်သင်းလှရဲ့ စကားသံက ဆုံးကာရှိသေး၊ ကန်ကြီးထဲကို တစ်စုံတစ်ခု ပြုတ်ကျသွားတဲ့ ဗွမ်းကနဲ အသံက လွင့်ပျံလာတယ်။