Show contents

(ဂ)

ည ၁၀ နာရီကျော်တော့ ဖုန်းက ထပ်မြည်လာတယ်။ စောစောကလိုပဲ သုံးခါမြည်ပြီး ရပ်တန့်သွားတယ်။ နောက်တော့ ထပ်မြည်တယ်။ ဒီတစ်ခါတော့ ငဆွေက တုံ့ဆိုင်းမနေဘဲ ဖုန်းခွက်ကို ကောက်ကိုင်တယ်။

“မင်း ဘယ်မှာလဲ” ငဆွေက မေးတယ်။ “ဪ …. ဒါဆို အတော်နီးပြီပဲ။ အင်း ….. ရှိသမျှ ဓားစာခံတွေ အားလုံးကို တစ်နေရာမှာ စုထားတယ်။ ….. သူတို့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။ အခုချိန်ထိတော့ ကလန်ကဆန် မလုပ်ကြဘူး”

သူက နောက်လှည့်ပြီး ဓားစာခံတွေကို မျက်မှောင်ကြုတ်ကြည့်တယ်။ “အန် … ဪ၊ အဲဒီလိုလား။ ဟုတ်တာပေါ့။ အင်း … ငါ ကြံကြည့်လိုက်ဦးမယ်”

ဖုန်းချပြီးတာနဲ့ ငဆွေက ကျွဲကြီးကို ပြောတယ်။

“မင်း အပေါ်တက်ပြီး အိပ်ရာခင်း နှစ်ထည်၊ သုံးထည်လောက် ယူချလာခဲ့”

“ဘာလုပ်ဖို့လဲ”

“မေးမနေစမ်းပါနဲ့။ ယူသာ ယူချလာစမ်းပါ”

အပေါ်ထပ်ကို ကျွဲကြီး တက်သွားတော့ ငဆွေက လွန်းဆက်မောင်တို့ လူစုဘက်ကို နောက်တစ်ကြိမ် လှည့်လာပြန်တယ်။

“ငါတို့ရဲ့ဘော်ဒါက မကြာခင် ရောက်လာတော့မယ်။ သူ့ကို ကြိုဆိုဖို့ ပြင်ဆင်ကြတာပေါ့”

“ရှန်ပိန် ဖောက်ကြမလား” မင်းအာကာက ပြောတယ်။

“အဲဒီအကြံမဆိုးဘူး။ ဒါပေမယ့် မဖောက်ခင် လုပ်စရာရှိတာ လုပ်ရဦးမယ်။ ငါတို့ရဲ့ ဘော်ဒါက အင်မတန်မှ ရှက်တတ်တယ်”

ကျွဲကြီးက လုံးထွေးထားတဲ့ အိပ်ရာခင်းတွေကို ပိုက်ရင်း အောက်ထပ် ဆင်းလာတယ်။ ငဆွေက တစ်ထည် လှမ်းယူပြီး သွားနဲ့ ကိုက်ဖြတ်ပြီးနောက်မှာ လက်နဲ့ နှစ်ပိုင်းဖြဲချပစ်တယ်။

“ကဲ ကျွဲကြီး၊ မင်း ဒါနဲ့ ကြိုးကျစ်ပြီးတော့ သူတို့ကို ချည်ထားလိုက်”

“မင်း ငါတို့ကို ချည်ပြီး ဘာလုပ်မလို့လဲ” ဦးဟန်သာက မေးတယ်။

“နဂိုကတည်းက ဓားစာခံဆိုတာ ကြိုးတုပ်ခံထားရတာပဲလေ။ ငါတို့က မင်းတို့ကို တစ်ချိန်လုံး သက်ညှာထားလို့သာပေါ့။ ဒါပေမယ့် စိတ်ချပါ။ မင်းတို့ရဲ့ နားနဲ့ ပါးစပ်ကို စို့ထားမှာ မဟုတ်ပါဘူး”

ကျွဲကြီးက တစ်ယောက်တည်းအားနဲ့ ဓားစာခံတွေအားလုံးရဲ့ ခြေလက်တွေကို ချည်နှောင်လိုက်တယ်။ သူ့အားကြီးနဲ့ အားရပါးရ ဆွဲချည်လေတော့ ဓားစာခံတွေခမျာ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ နောက်ဆုံးမှာ ငဆွေက သေးငယ်တဲ့ အဝတ်ပိုင်းတစ်စစီနဲ့ လူအားလုံးရဲ့ မျက်လုံးတွေကို ပိတ်ချည်လိုက်တယ်။

“အိုကေ၊ ကိစ္စပြီးပြီ”

ငဆွေရဲ့ အားရကျေနပ်တဲ့ အသံက လွန်းဆက်မောင်ရဲ့ နားထဲကို တိုးဝင်လာတယ်။ ဒါပေမယ့် ကျန်လူတွေရဲ့ အခြေအနေကို လွန်းဆက်မောင်က ဘာမှ သိရတာ မဟုတ်ဘူး။ အခုလို အခြေအနေမျိုးမှာ လက်ခြေနှစ်ဖက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရတာထက် အမြင်အာရုံ ကွယ်နေတာက လူကို ပိုပြီး စနိုးစနောင့် ဖြစ်စေတယ်။

“မင်း ငါတို့ကို ဘာလုပ်မလို့လဲ” ဦးဟန်သာက မေးတယ်။

“ဘာမှ မလုပ်ဘူး။ မင်းတို့ အေးအေးဆေးဆေးနေရင် ရပြီ။ ငါတို့က ခဏနေပြီးရင် လစ်မယ်။ ဒါပေမယ့် ဓားစာခံတစ်ယောက်တော့ ခေါ်သွားရလိမ့်မယ်။ ဘယ်သူ့ကို ရွေးရမလဲ ဆိုတာတော့ စဉ်းစားတုန်းပဲ”

“ငါ့ကိုရွေး” ဦးဟန်သာက ပြောတယ်။ “တခြားလူတွေကို ဒုက္ခမပေးပါနဲ့”

“အိမ်ရှင်တစ်ယောက်အနေနဲ့ တာဝန်ရှိတယ် ထင်လို့ ဝတ္တရားအရ အဲဒီလို ပြောတာ မဟုတ်လား။ အပိုတွေ လာပြောမနေနဲ့” ငဆွေက ခနဲ့တယ်။

သူတို့က ဒေါ်သင်းလှကို ရွေးချယ်လိမ့်မယ်လို့ လွန်းဆက်မောင်က ယူဆမိတယ်။ ငယ်ငယ်ရွယ်ရွယ် ကောင်မလေးကို ခေါ်သွားချင်တဲ့ ဆန္ဒရှိပေမယ့်လည်း ဒီလိုအချိန်မျိုးမှာ ထိန်းချုပ်ဖို့ အလွယ်ဆုံးလူကို ရွေးချယ်ဖို့ သင့်တယ် မဟုတ်လား။

“ဟိုမှာ ကားမီးရောင်။ ဒီနဲ့ အတော်ကြီး နီးတယ်”

ကျွဲကြီးရဲ့ အသံထွက်လာတယ်။ သူက ပြတင်းပေါက်နားမှာ ရပ်ပြီး ပြင်ပအခြေအနေကို အကဲခတ်နေတာ ဖြစ်မယ်။ ဒါကြောင့် သူ့အသံက အတော်လေး လှမ်းနေတယ်။ ကားစက်သံကို ကြားလာရတယ်။ ကားက တိုက်ရှေ့အထိ မောင်းလာပြီးတော့ အဲဒီမှာ ရပ်လိုက်သလိုပဲ။

“ကိုထိုက်ရဲ့ကား။ သူ လာတာ စောသားပဲ”

ငဆွေရဲ့ စကားဆုံးတော့ တံခါးမကြီးရဲ့ လူခေါ်ခေါင်းလောင်းသံ မြည်လာတယ်။ ခြေဆောင့်သံပြင်းပြင်းက အဝေးကို ထွက်ခွာသွားတယ်။ ကျွဲကြီး တံခါးသွားဖွင့်တာပဲ ဖြစ်မယ်။

တံခါးဖွင့်သံပိတ်သံတွေ ကြားပြီးတဲ့နောက်မှာ ဧည့်ခန်းထဲကို လျှောက်ဝင်လာတဲ့ ခြေသံတွေကို တိတိပပ ကြားလာရတယ်။

“ကိုထိုက်၊ မင်းကို ဘယ်သူမှ မြင်မသွားဘူးမလား” ငဆွေက မေးတယ်။

ကြည့်ရတာ ကိုထိုက်က ဘာမှ မပြောဘဲ ခေါင်းညိတ်လိုက်ပုံပဲ။

“အေးပါ၊ မင်းက အဲဒီလို လက်လွတ်စပယ် လုပ်မှာ မဟုတ်ဘူးလို့ ငါ တွေးမိပါတယ်”

ခြေသံတစ်သံက လွန်းဆက်မောင်တို့နားကို ချဉ်းကပ်လာတယ်။ သူတို့ရဲ့ အနီးပတ်ဝန်းကျင်မှာ သွားလာနေပြီးတော့ တစ်ခုခုကို စစ်ဆေးနေသလိုပဲ။ ငဆွေ မဟုတ်ဘူး။ ကျွဲကြီးလည်း မဟုတ်ဘူး။ အဲဒါက ကိုထိုက်ပဲ ဖြစ်မယ်လို့ လွန်းဆက်မောင် တွက်ဆလိုက်တယ်။

“အခြေအနေက တော်တော်ကြီးကို ဆိုးရွားသွားတယ်။ နဂိုက ဒီတိုက်ထဲမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူးလို့ တွက်ထားခဲ့တာ။ ဟော ကြည့်စမ်း၊ ထွက်လာတဲ့လူတွေမှ နည်းတာမဟုတ်ဘူး။ အစီအစဉ်က အဲဒီမှာတင် အကုန်လုံး ကပြောင်းကပြန် ဖြစ်ကုန်တော့တာပဲ”

ငဆွေက မကျေမနပ် ပြောကြားပြီးတဲ့နောက်မှာ ချက်ချင်းပဲ ဖြေရှင်းချက်ထုတ်တယ်။

“မဟုတ်ဘူး၊ ငါ မင်းရဲ့ အစီအစဉ်ကို အပြစ်ပြောနေတာ မဟုတ်ဘူး။ ဒီလိုအချိန်မှာ ဒီတိုက်ထဲ ဒီလူတွေ ရှိနေလိမ့်မယ်လို့ မင်းလည်း တွက်ဆမိမှာ မဟုတ်ဘူး။ ငါ မင်းကို ပြောပြချင်တာက ငါနဲ့ ကျွဲကြီးက အဲဒီအချိန်မှာ အတော်လေး ပျာတောက်သွားတယ်လို့ သိစေချင်တာ”

“ပြီးတော့ လူသတ်မှုတောင် ဖြစ်လိုက်သေးတယ်” ကျွဲကြီးရဲ့အသံ ထွက်ပေါ်လာတယ်။

“ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါက ထင်မှတ်မထားဆုံးပဲ။ လူသတ်သမားက ဘယ်လိုများ စဉ်းစားသလဲ မသိဘူး။ ဒီလိုအချိန်မျိုးမှ လူသတ်ရတယ်လို့ကွာ။ ဖုန်းထဲမှာလည်း မင်းကို ပြောခဲ့ပြီးပါပြီ”

ခြေသံတွေ ဖြည်းဖြည်းချင်း ဝေးလွင့်သွားတယ်။ ထမင်းစားခန်းကို သွားကြတာ ဖြစ်မယ်။ အဲဒီနေရာကနေ ထွက်ပေါ်လာတဲ့ စကားသံတွေကို မပီဝိုးတဝါး ကြားနေရတယ်။

“အလောင်းက အိပ်ခန်းထဲမှာ” ငဆွေရဲ့အသံကို ခပ်ဝါးဝါး ကြားလိုက်ရတယ်။ “ဘယ်ကောင့်လက်ချက်လဲ မသိဘူး။ သူတို့အချင်းချင်းလည်း အကြာကြီး ဆွေးနွေးကြပြီးပြီ။ ဒါပေမယ့် ဘာဆိုဘာမှ …. အဲဒီလိုဖြစ်နေတာ”

အခုလို မူမမှန်တဲ့ အခြေအနေမျိုးမှာ ငဆွေ ကိုးစားတဲ့ ဘော်ဒါကလည်း ဘာမှ ဆုံးဖြတ်ပေးနိုင်ပုံ မရဘူး။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ ဆိုတော့ သူတို့အားလုံး အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေကြလို့ပဲ။

သူတို့ရဲ့ ဝူးဝူးဝါးဝါးအသံက နောက်တစ်ကြိမ် ပြန်ရောက်လာတယ်။

“အေး သိပ်ဟုတ်တာပေါ့။ အဲဒါ ငါတို့နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ ငါတို့ အမြန်ဆုံး လစ်ကြရအောင်” ငဆွေက ပြောတယ်။ “အဲဒီလိုဆိုရင်တော့ ဓားစာခံခေါ်သွားမှ ကောင်းမယ် ထင်တယ်။ ဘယ်သူ့ကို ခေါ်သွားမလဲ။ သေချာတာတော့ မိန်းမကို ရွေးသင့်တာပေါ့”

သူတို့ရဲ့ ခြေသံတွေက ပြန်ရောက်လာတယ်။ ကြည့်ရတာ သင့်လျော်မယ့် ဓားစာခံတစ်ယောက်ကို ရွေးနေတာ ဖြစ်မယ်။

“ကိုထိုက်နဲ့ ငါ စကားပြောချင်တယ်” အဲဒါ ဦးဟန်သာရဲ့ အသံ။

လွန်းဆက်မောင်ရဲ့ နံဘေးမှာ လူတစ်ယောက်က ခြေလှမ်းတုံ့ရပ်လိုက်တယ်။

“ဘာကိစ္စလဲ” ဖြေတဲ့သူက ငဆွေ။ “တကယ်လို့ ခင်ဗျားကိုယ်ခင်ဗျား ဓားစာခံအဖြစ် အရွေးခံပါတယ်လို့ ပြောချင်ရင်တော့ ဘာမှ ပြောမနေနဲ့တော့။ အဲဒီကိစ္စအတွက် ငါတို့က အလျှော့ပေးမှာ မဟုတ်ဘူး”

“ငါ အဲဒီလိုစကားမျိုး ထပ်မပြောတော့ပါဘူး။ တကယ်တော့ ငါက မင်းတို့နဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ”

“အပေးအယူ ….”

“စိတ်တော့မရှိနဲ့။ မင်း ဝင်မပြောရင်ကောင်းမယ်။ ငါက ကိုထိုက်နဲ့ စကားပြောချင်တာ။ သူက မင်းတို့ရဲ့ ခေါင်းဆောင်မဟုတ်လား”

“ငါတို့ထဲမှာ ဘယ်သူကမှ ခေါင်းဆောင်မဟုတ်ဘူး” ငဆွေက သူ့ကို နှိမ်ပြောခံလိုက်ရလို့ သိပ်ကြည်ပုံ မရဘူး။ မကျေမချမ်းသံနဲ့ စကားဆိုတယ်။ “ပြီးတော့ ကိုထိုက်ကလည်း နားထောင်နေတယ်။ လျှာရှည်မနေနဲ့။ ပြောစရာရှိတာ မြန်မြန်ပြော”

ဦးဟန်သာက တစ်ခဏလောက် ရပ်နားနေပြီးတော့ စကားဆိုတယ်။

“ဓားစာခံ ရွေးတဲ့အပိုင်းမှာ ငါ မင်းတို့နဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်။ မင်းတို့က ဒီလူတွေထဲက တစ်ယောက်ကို ဓားစာခံအဖြစ် ခေါ်သွားမလို့ စိတ်ကူးထားတာ မဟုတ်လား။ ဒါပေမယ့် အဲဒီလိုလုပ်ရင် မင်းတို့အတွက် မလုံခြုံဘူး။ လူတွေ သတိထားမိသွားနိုင်တယ်။ လှုပ်ရှားရတာလည်း မလွတ်လပ်ဘူး”

“အဲဒါတော့ ငါတို့လည်း ကောင်းကောင်း သိတာပေါ့”

“ဘယ်နေရာမှာ ဓားစာခံကို လွှတ်ပေးရမလဲ ဆိုတာကိုက ပြဿနာကြီးတစ်ခုပဲ။ ဓားစာခံကို မျက်လုံးအုပ်ထားပါတယ် ဆိုတာတောင်မှ သူက တချို့ အကြောင်းအရာတွေကို မှတ်မိချင် မှတ်မိနေမှာ။ နောက်တော့ အဲဒီအချက်တွေနဲ့ ရဲတွေကို လိုက်ရှာခိုင်းရင် ဒုက္ခရောက်သွားနိုင်တယ်”

“အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်ဆိုရင်” ငဆွေက ပြောတယ်။ “ငါတို့မှာ နည်းလမ်းရှိတယ်။ မင်းတို့ ပူနေစရာ မလိုဘူး”

“ဘာလဲ။ လူသတ်ပြီး နှုတ်ပိတ်ပစ်မလို့လား”

“အဲဒါက နောက်ဆုံး မဖြစ်မနေ လုပ်ဖို့ လိုအပ်လာပြီ ဆိုမှ လုပ်မယ့် နည်းလမ်းပဲ”

“အဲဒီလို လုပ်မယ့်အစား ငါ့မှာ ပိုကောင်းတဲ့ နည်းလမ်းရှိတယ်။ ဒါကြောင့် မင်းတို့နဲ့ အပေးအယူ လုပ်ချင်တယ် ပြောတာပေါ့”

“ငါတို့ကို လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးလွတ်မြောက်နိုင်စေမယ့် အပေးအယူလား”

“ဒါပေါ့။ ပထမဆုံးအနေနဲ့ မင်းတို့ ဒီထဲမှာရှိနေတဲ့ လူကို ခေါ်မသွားစေချင်ဘူး”

“ဒါဆို ငါတို့က ဘယ်သူ့ကို ခေါ်သွားရမှာလဲ” ဆောင့်ဝင်လာတာက ငဆွေရဲ့ စိတ်မရှည်တဲ့ လေသံ။

ဦးဟန်သာက အသံကို နှိမ့်ချပြီး ပြောတယ်။ “နှင်းသူ”

“ဗျာ …” မင်းအာကာနဲ့ စိုးဇေယျတို့ဆီကနေ အသံပြိုင်တူ ထွက်ပေါ်လာတယ်။ လွန်းဆက်မောင်လည်း ပါးစပ်ကို အလိုလို ဟမိလျက်သား ဖြစ်သွားတယ်။

“ဟေ့လူ၊ ခင်ဗျား ရူးသွားပြီလား” ငဆွေက ပြောတယ်။ “ငါတို့က လူသေကို ဘယ်နှယ့်ကြောင့် ဓားစာခံလုပ်ရမှာလဲ။ မင်းတို့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိမှတော့ ဘာသွားအသုံးကျမှာလဲ”

“ဒါပေမယ့် မင်းတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ ရဲတိုင်မယ့်အချိန်ကို ဆွဲထားချင်လို့ပဲ မဟုတ်လား။ အဲဒီလိုဆိုရင်တော့ နှင်းသူကို သယ်သွားတာ လုံးဝ အကျိုးရှိတယ်။ ပထမဆုံးအနေနဲ့ ပြောရရင် ဒီလိုလေကွာ။ မင်းတို့ သယ်သွားတာက အလောင်း မဟုတ်ဘူး။ အရှင်လတ်လတ် နှင်းသူကို သယ်သွားတာ။ နောက်တော့ သူက မင်းတို့ရဲ့ လျှို့ဝှက်ချက်ကို သိသွားလို့ မင်းတို့က လမ်းမှာ သူ့ကို သတ်ပစ်လိုက်ကြတယ်။ ပြီးတော့ သူ့အလောင်းကို တစ်နေရာမှာ စွန့်ပစ်လိုက်ကြတယ်”

“ဟေ့ ဟေ့” ငဆွေရဲ့ အသံထဲမှာ ရယ်သံပါနေတယ်။ “ခင်ဗျားအကြံက ပက်စက်လှချည်လား။ ခင်ဗျားဟာက အတ္တကြီးလွန်း မနေဘူးလား။ လူသတ်တဲ့ ပြစ်မှုကိုတောင် ငါတို့ကို လွှဲချချင်နေတာလား”

“ငါ ပြောတာကို ဆုံးအောင် နားထောင်စမ်းပါဦး” ဦးဟန်သာက ပြောတယ်။ “ငါတို့ ဆွေးနွေးခဲ့ကြတဲ့ စကားတွေကို မင်းက အစကနေ အဆုံးထိ နားထောင်ခဲ့ပြီးပြီ။ ဒီတော့ မင်းလည်း သဘောပေါက်မှာပါ။ နှင်းသူကို သတ်တဲ့ တရားခံက ငါတို့ထဲမှာ ရှိနေတယ်ဆိုတဲ့ ဖြစ်နိုင်ခြေက အင်မတန်မှကို များတယ်။ တကယ်လို့ အဲဒီကိစ္စက အပြင်ကို ပေါက်ကြားသွားရင် ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်လာနိုင်တယ်။ ပြီးတော့ ငါတို့ ဆေးကုမ္ပဏီကြီးကိုလည်း အကြီးအကျယ် ရိုက်ခတ်လာမယ်။ ငါတစ်ယောက်တည်းရဲ့ သဘောထားကတော့ နှင်းသူအသတ်ခံရတဲ့ ကိစ္စကို ကြံဖန်ပြီး လျှို့ဝှက်ဖြေရှင်းပစ်ချင်တာပဲ။ ဒါကြောင့် သူက ဓားစာခံအဖြစ်နဲ့ မင်းတို့ ခေါ်သွားတာကို ခံခဲ့ရပြီးတော့ နောက်ဆုံးမှာ ကံမကောင်း အကြောင်းမလှဘဲ ဒုက္ခတွေ့ခဲ့ရတယ်။ အဲဒီလိုဆိုရင် လူတွေကလည်း ဘာမှ သံသယဝင်ကြမှာ မဟုတ်ဘူး။ ရဲတွေကလည်း ယုံကြမှာ သေချာတယ်”

“အဲဒါ မင်းတို့အတွက်ပဲ အကျိုးရှိပြီး ငါတို့အတွက် ဘာအကျိုးမှ ဖြစ်ထွန်းမလာဘူး”

“ဟုတ်လို့လား။ တကယ်လို့ မင်းတို့က ငါ ပြောတဲ့အတိုင်း အလောင်းကို သယ်သွားရင် ငါ မင်းတို့ကို အာမခံတယ်။ မင်းတို့ လုံလုံခြုံခြုံနဲ့ ထွက်ပြေးလွတ်မြောက်သွားပြီးမှ ရဲကို အကြောင်းကြားမယ်။ သဘောပေါက်လား။ အခုလို အခြေအနေမျိုးမှာ မင်းတို့ အဖမ်းခံရရင် ငါတို့လည်း လုပ်ရကိုင်ရတာ အဆင်မပြေဘူး”

အတော်ဉာဏ်ကြီးတာပဲ။ လွန်းဆက်မောင်က ဦးဟန်သာရဲ့ အမြင်ကျယ်မှု၊ အကြံကြီးမှုကို မချီးကျူးဘဲ မနေနိုင်ဘူး။ တကယ်ပါပဲ၊ အဲဒီလိုလုပ်လိုက်ရင် ပထမအနေနဲ့ ဓားစာခံလည်း ထည့်ပေးစရာ မလိုတော့ဘူး။ ပြီးတော့ နှင်းသူ အသတ်ခံရတဲ့ ကိစ္စကိုလည်း ကွယ်ဝှက်ထားနိုင်လိမ့်မယ်။ ဓားပြတွေ ဖမ်းချုပ်တာ ခံနေရတဲ့ ကိစ္စကို ခဏထားဦး။ ဒီလူသတ်မှုကို ဦးဟန်သာက ဘယ်လိုနည်းနဲ့မှ လူသိခံချင်မှာ မဟုတ်ဘူး။

ငဆွေတို့ လူသိုက်က အဲဒီ ထူးထွေဆန်းပြားတဲ့ အကြံပြုချက်အပေါ် တွေဝေမှု အနည်းအကျဉ်း ရှိသွားဟန် တူတယ်။ ဘာစကားမှ ထွက်ကျမလာတော့ဘူး။ အဲဒီအချိန်မှာ တခြားအရပ်မျက်နှာဘက်ကနေ တစ်ဦးတစ်ယောက်ရဲ့ စကားသံ ထွက်ပေါ်လာတယ်။

“ဦး၊ အဲဒီကိစ္စကို ဖုံးဖိထားဖို့ ကျွန်မ သဘောမတူဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အမှုမှန်ပေါ်အောင် လူသတ်တရားခံကို ဖော်ထုတ်မှ ဖြစ်မယ်”

ပန်းနုဝေဆီက။

ဦးဟန်သာက သူ့ကို ပြောတယ်။ “လူသတ်တရားခံကို ရဲက ဖမ်းမိပါမှ အဲဒါကို ဖြေရှင်းနည်းလို့ ခေါ်တာ မဟုတ်ဘူး။ အရင်ဆုံး လူအများမသိအောင် ဖုံးဖိထားပြီးနောက်မှ ငါတို့ရဲ့ အင်အားနဲ့ အမှန်တရားကို ပေါ်အောင် လုပ်ရင်လည်း ရတယ်”

“ဒါပေမယ့် …..”

“မင်းနဲ့ အဲဒီလို ကလေးကလားဆန်တဲ့ ဆွေးနွေးမှုတွေကို ငါ လုပ်မနေချင်ဘူး။ ငါ ကာကွယ်စောင့်ရှောက်ရမယ့် အရာတွေက အင်မတန်မှ များတယ်။ မင်းလည်း နားလည်နိုင်မယ် မထင်ဘူး”

“ခင်ဗျားရဲ့အကြံက မဆိုးဘူး။ ဒါပေမယ့် ငါတို့ စိတ်မချနိုင်သေးဘူး” တစ်အောင့်နေတော့ ကိုထိုက်နဲ့ တိုင်ပင်ပြီးသွားလို့ ထင်တယ်။ ငဆွေက စကားစတယ်။ “ကြားကာလမှာ မင်းတို့ စိတ်မပြောင်းသွားပါဘူးလို့ ဘာနဲ့မှ အာမမခံနိုင်ဘူး။ တကယ်လို့ ငါတို့ ထွက်သွားပြီးနောက်မှ မင်းတို့က ရုတ်တရက် စိတ်ပြောင်းသွားရင်၊ အများသူငါ သိအောင် ကြေညာဖို့ ဆုံးဖြတ်လိုက်ရင် ငါတို့ ဒုက္ခရောက်သွားမှာပေါ့”

“အဲဒီလို မဖြစ်နိုင်ပါဘူး။ ငါ အာမခံတယ်”

“ခင်ဗျားတစ်ယောက် အာမခံရုံနဲ့ သုံးစားလို့ မရဘူး။ ဟိုမိန်းမက ကျေနပ်ပုံ မရဘူး” သူက ပန်းနုဝေကို ပြောနေတာ။ “ကျန်တဲ့လူတွေက ဘာမှ မပြောကြဘူး ဆိုပေမယ့် ခင်ဗျားရဲ့ အကြံကို သဘောမတူနိုင်သူက ရှိချင် ရှိဦးမှာ”

“အားလုံးကို စည်းရုံးသိမ်းသွင်းဖို့ ငါ့ တာဝန်ထား။ မင်းတို့ကို သစ္စာမဖောက်စေရဘူး”

“ခင်ဗျားရဲ့ အဲဒီလို စကားမျိုးကို ငါတို့က ယုံရမှာတဲ့လား”

“တောင်းပန်ပါတယ်။ ယုံလိုက်စမ်းပါ။ ငါ တကယ်ပဲ အဲဒီကိစ္စကို အပြင်လူတွေ မသိစေချင်ဘူး”

“ဆက်ပြောလည်း မောရုံ အဖက်တင်တော့မှာပဲ”

ငဆွေက အဖက်မလုပ်တော့ ဦးဟန်သာကလည်း ဆက်မပြောတော့ဘူး။ သူ လက်လျှော့လိုက်ပြီလို့ လွန်းဆက်မောင်က ယူဆလိုက်တယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပြန်ဘူး။ သူက နောက်ထပ်စကားခေါင်းစဉ်တစ်ခု ဆွဲထုတ်လာပြန်တယ်။

“မင်းတို့က ငါတို့ရဲ့ ပျော့ကွက်ကို အပိုင်ကိုင်ထားနိုင်မှာ ဖြစ်မှာပေါ့” သူက စကားသံကို နှိမ့်ချပြီး ပြောတယ်။

“ဒါကြောင့် ငါတို့ကို ဓားစာခံကို ခေါ်သွားရတာပေါ့။ အဲဒါ မင်းတို့ရဲ့ ပျော့ကွက်ကို အပိုင်ကိုင်ထားတာပဲ”

“ဒါပေမယ့် မင်းတို့က ဓားစာခံကို တစ်သက်လုံး ခေါ်ထားလို့ မဖြစ်ဘူးလေ။ တစ်ချိန်မဟုတ်တစ်ချိန် လွှတ်ပေးရမှာပဲ။ ဓားစာခံရဲ့ အသက်အန္တရာယ်က လုံးဝ ဘေးကင်းသွားပြီ ဆိုတဲ့ အချိန်ကစပြီး မင်းတို့ရဲ့ လက်ခုပ်ထဲမှာ ငါတို့ရဲ့ ပျော့ကွက်က ဘာတစ်ခုမှ မရှိတော့ဘူး”

“အဲဒီတော့ ဘာဖြစ်လဲ” ငဆွေက ရယ်ရင်း မေးတယ်။

“မင်းတို့ရဲ့ အခြေအနေတွေ အားလုံးကို ရဲကို ပြောပြလိုက်တော့မှာပေါ့။ မင်းတို့ရဲ့ အသက်၊ ရုပ်ရည်၊ ပြီးတော့ ငဆွေ၊ ကျွဲကြီး၊ ကိုထိုက်၊ အဲဒီလို နာမည်တွေ ….”

“မင်း ပြောချင်လည်း ပြောပေါ့။ အဲဒီအချက်တွေလောက်နဲ့ ရဲက ဘာတတ်နိုင်မှာလဲ ဆိုတာကို ငါ မြင်ချင်စမ်းပါဘိ”

ဦးဟန်သာက ငဆွေရဲ့ လှောင်ပြောင်သံကို အမှုမထားဘဲ ဆက်ပြောတယ်။ “မင်းတို့ထဲက တစ်ယောက်က ဘဏ်ရဲ့ အတွင်းလူ ဆိုတာကိုလည်း ရဲတွေကို ပြောပြလိုက်မယ်။ အဲဒီလို ပြောလည်း ဘာမှ မဖြစ်ဘူးပေါ့”

ဂလုန်းဆိုတဲ့ အသံတစ်သံ၊ အရာတစ်ခုခုက ကြမ်းပြင်ပေါ် ပြုတ်ကျသွားပုံ ရတယ်။ ထိုင်ခုံဖြစ်မယ် ထင်တယ်။ ကိုထိုက်က ထိတ်ထိတ်ပျာပျာနဲ့ ထိုင်ခုံကနေ ကောက်ထလိုက်တဲ့အခါမှာ ထိုင်ခုံ လဲကျသွားတာ ဖြစ်မယ်လို့ လွန်းဆက်မောင်က တွေးဆကြည့်တယ်။

“မဟုတ်ဘူး၊ ကိုထိုက်၊ ငါ ပြောတာ မဟုတ်ဘူး။ သူတို့အချင်းချင်း ဆွေးနွေးကြရင်းနဲ့ သူတို့ဟာသူတို့ တွေးမိသွားကြတာ”

ကိုထိုက်ရဲ့ တုံ့ပြန်ပုံဟန်ပန်က လွန်းဆက်မောင်ရဲ့ မျက်စိရှေ့မှာ အရှင်လတ်လတ် မြင်နေရတဲ့ အတိုင်းပဲ။ သက်သေကတော့ ငဆွေရဲ့ သိသာထင်ရှား ငြင်းကွယ်လို့မရတဲ့ တုန်လှုပ်ချောက်ချားမှုပဲ။

သူတို့ နောက်တစ်ကြိမ်ထပ်ပြီး တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတယ်။ ဒီတစ်ခေါက် တိုင်ပင်ချိန်က ရှေ့တစ်ခေါက်ကထက် ပိုကြာတယ် ထင်ရတယ်။

“အဖေ၊ တကယ်ပဲ အဲဒီလို လုပ်စေချင်တာလား” လွန်းဆက်မောင်ရဲ့ ဘေးနားမှာ ရှိတဲ့ မင်းအာကာက တိုးတိုးတိတ်တိတ် ပြောတယ်။

“တကယ်ပေါ့။ မင်းလည်း ကူညီပေးရမယ်။ ဒါပေါ့၊ ကျန်တဲ့လူတွေဆီကလည်း လိုအပ်တာပဲ”

“ကျွန်တော့်အထင်တော့ တစ်သက်လုံး ဖုံးဖိသွားနိုင်မယ် မထင်ဘူး။ ဒီက မှုခင်းစုံထောက်တွေကို လူအများစုက အထင်မကြီးကြဘူး ဆိုပေမယ့် သူတို့ထဲမှာ တကယ်တော်၊ တကယ်ထက်တဲ့ စုံထောက်တစ်ယောက်တလေလည်း ရှိနေသေးတာ မဟုတ်လား။ ဒီတော့ ကံစွပ်ပြီး အဲဒီလို စုံထောက်မျိုးနဲ့ တွေ့လို့ သူက နှင်းသူရဲ့အလောင်းကို ကြည့်ပြီး ဘာသဲလွန်စမှ မရဘဲတော့ နေမှာ မဟုတ်ဘူး”

“မပူပါနဲ့။ အဲဒါက ကိုးရေးတစ်ရေး ဆယ်ရေးတစ်ရာပါ။ ရဲအများစုက အဲဒီလိုတောင် တွေးရကောင်းမှန်း သိကြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလို အခြေအနေမျိုးမှာ လူသတ်မှု ဖြစ်ခဲ့ပါတယ်လို့ သူတို့တွေက တွေးမိမတဲ့လား”

“ဟုတ်လည်း ဟုတ်တာပဲ။ ပြောပြရင်တောင် ယုံမယ့်သူ ရှိမှာ မဟုတ်ဘူး”

အတော်လေး ကြာသွားတော့ ခြေသံတွေ အနားရောက်လာတယ်။ ငဆွေတို့ တိုင်ပင်ကြတာ အဖြေရသွားကြပြီ။

“ဘယ်လိုလဲ။ ငါနဲ့ အပေးအယူ လုပ်မလား” အဖြေပေးဖို့ ဦးဟန်သာက ဓားပြတွေကို ဖိတွန်းလိုက်တယ်။

“ဝမ်းနည်းပါတယ်။ ခင်ဗျားနဲ့ အပေးအယူ မလုပ်ဖို့ ငါတို့ ဆုံးဖြတ်လိုက်တယ်” ငဆွေရဲ့ အသံ။ ဒါပေမယ့် အရင်နဲ့မတူဘဲ အသံက အတော်ကြီးကို ခက်ထန်မာကြောနေတယ်။

“ဘာဖြစ်လို့လဲ။ ဒီအပေးအယူကို သဘောတူလိုက်တာက မင်းတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲလို့ ငါ ထင်တယ်”

“အခြေအနေ ပြောင်းသွားပြီ။ အဲဒါထက် ပိုပြီး စိတ်ချရတဲ့ နည်းလမ်းကို သုံးဖို့ ငါတို့ ဆုံးဖြတ်ထားတယ်”

“ပိုပြီး စိတ်ချရတဲ့ နည်းလမ်း ….”

“ဟုတ်တယ်” ငဆွေက ပြောတယ်။ “မင်းတို့အားလုံးကို ရှင်းပစ်လိုက်ဖို့ပဲ”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *