Show contents

(ခ)

လူကို မွန်းကျပ်ပိတ်လှောင်စေတဲ့ အငွေ့အသက်အောက်မှာ အချိန်က တတိတိနဲ့ ကုန်ဆုံးသွားတယ်။ ဒီနှစ်ရက်၊ သုံးရက်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေကို လွန်းဆက်မောင်က ဆက်စပ်စဉ်းစားကြည့်ဖို့ အခက်ကြုံနေတယ်။ ဖြစ်ပျက်ခဲ့တာတွေကလည်း နည်းတာ မဟုတ်ဘူး။ ပြီးတော့ လေးဘက်လေးတန် ပိတ်လှောင်နေတဲ့ ဒီစံအိမ်ထဲမှာ အကျဉ်းချခံရတာကြောင့် နေ့လားညလားတောင် မသဲကွဲတော့ဘူး။ ဒီနေ့လည်း တစ်မနက်လုံး လတ်လျားလတ်လျား ဖြစ်နေရာကနေ အခုတော့ နေဝင်ဆည်းဆာကို ရောက်လာခဲ့ပြန်ပြီ။

ညနေစောင်းတော့ ငဆွေက အားလုံးရဲ့ အခန်းကို ဝင်စစ်ဆေးမယ်လို့ ကြေညာလိုက်တယ်။ နှင်းသူရဲ့ ဒိုင်ယာရီစာအုပ်ကနေ ဖြဲဆုတ်ခံလိုက်ရတဲ့ စာရွက်ကို သူက ရှာချင်နေတာ။ တကယ်လို့သာ အဲဒီစာရွက်ကို ဘယ်သူ ယူသွားသလဲ၊ ဒါမှမဟုတ် စာရွက်ပေါ်မှာ ဘာရေးထားသလဲလို့ သိရရင် လူသတ်တရားခံက ဘယ်သူလဲ ဆိုတာကို သိနိုင်တယ်လို့ သူက ယူဆထားပုံရတယ်။ အဲဒီကိစ္စက အခုထိ ဘာမှန်းမသိသေးတော့ သူလည်း ကျောချမ်းနေမှာပေါ့လေ။

ဒါပေမယ့် အဲဒီစာရွက်ကို ရှာတွေ့နိုင်ခြေက မရှိသလောက်ပဲလို့ လွန်းဆက်မောင်တို့ လူစုက ယူဆထားကြတယ်။ လူသတ်သမားက အဲဒီဟာကို လွယ်လွယ်ရှာတွေ့နိုင်မယ့် နေရာမှာ ဘယ်ထားပါ့မလဲ။ မဟုတ်မှလွဲရော တစ်စစီ ဆုတ်ဖြဲပြီး အိမ်သာထဲ ရေလောင်းချပစ်လောက်ရောပေါ့။

ထင်ထားတဲ့အတိုင်းပဲ။ တစ်နာရီလောက် ကြာသွားတဲ့အခါမှာ ငဆွေက မျက်နှာရှစ်ခေါက်ချိုးနဲ့ ပြန်ရောက်လာတယ်။

“ကြည့်ရတာ လက်ဗလာ ပြန်ခဲ့ရပုံပဲ” မင်းအာကာက ပြောတယ်။

ငဆွေက ထိုင်ခုံပေါ်မှာ ပစ်ချထိုင်တယ်။

“ကိုယ်ပေါ်မှာ ရှာဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် လူသတ်သမားက အဲဒီစာရွက်ကို ရတနာလို ကိုယ်နဲ့မကွာ သိမ်းမထားလောက်ဘူး”

“အခန်းကို ပြန်လို့ရပြီလား” ဒေါ်သင်းလှက မေးတယ်။

“သဘောပဲ။ အခန်းထဲမှာတော့ နည်းနည်း ရှုပ်ပွနေတယ်”

ဒါပေမယ့် ဘယ်သူမှ မတ်တတ်ထမရပ်ဘူး။ အားလုံးက တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြတယ်။ လူတိုင်းက တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်ကြပေမယ့်လည်း ကိုယ်မရှိတဲ့ အချိန်မှာ ကျန်လူတွေက ကိုယ့်အကြောင်းကို ဘာများ အတင်းပြောနေကြမလဲလို့ စိုးရွံ့နေတာနဲ့ပဲ ထွက်ခွာဖို့ မဝံ့မရဲ ဖြစ်နေကြတယ်။

ငဆွေနဲ့ ကျွဲကြီးက အရင်လိုပဲ လက်ထဲမှာ သေနတ်တွေ ကိုင်ထားကြတယ်။ ခန်းဆီးတွေကလည်း အလင်းမပေါက်နိုင်လောက်အောင် စေ့လို့။ ကြည့်ရတာ ရဲတွေကလည်း ထပ်ပြီး ကင်းလှည့်ကြပုံ မရတော့ဘူး။

လေထုက လေးလံထိုင်းမှိုင်းပြီး မွန်းကျပ်လုနီးနီး ဖြစ်နေစဉ်မှာပဲ တယ်လီဖုန်းသံ အော်မြည်လာတယ်။ လူအားလုံး ထိတ်ကနဲ တွန့်ကုန်ကြတယ်။

ငဆွေက အလျင်အမြန် မတ်တတ်ထရပ်ပြီး သေနတ်နဲ့ ဒေါ်သင်းလှကို ချိန်တယ်။

“ခင်ဗျားသွားကိုင်။ ငါ ထပ်ပြောမယ်။ ကိုးရိုးကားရား လုပ်မယ် မကြံနဲ့”

“အင်းပါ”

ဒေါ်သင်းလှကလည်း အခုလိုအနေအထားနဲ့ နေသားကျသွားဟန် တူတယ်။ အနည်းငယ် စိတ်လှုပ်ရှားနေပေမယ့် မျက်စိမျက်နှာက ပျက်မနေတော့ဘူး။

တယ်လီဖုန်းက မြည်နေတုန်းပဲ။ သူက ဖုန်းခွက်ကို ကိုင်မယ် လုပ်တုန်းမှာပဲ ဖုန်းမြည်သံက ရပ်တန့်သွားတယ်။

“အား” ဒေါ်သင်းလှက အလိုလို အော်လိုက်မိတယ်။ “ဖုန်းမှားတာ ထင်တယ်”

အဲဒီအချိန်မှာပဲ ဖုန်းက နောက်တစ်ခါ ထပ်မြည်လာတယ်။ သူက ဖုန်းကိုင်ဖို့ လက်လှမ်းလိုက်ပေမယ့် ငဆွေက သူ့ကို တားမြစ်လိုက်တယ်။

“ခဏစောင့်ဦး”

ငဆွေက တိုင်ကပ်နာရီကို လှမ်းကြည့်ပြီး ပါးစပ်က “၆ နာရီကျော်ပြီ” လို့ ရေရွတ်လိုက်တယ်။ နောက်တော့ ဒေါ်သင်းလှကို ပြောတယ်။

“ခင်ဗျား ဒီမှာ နေဦး။ ငါ ဖုန်းကိုင်လိုက်မယ်။ အခြေအနေထူးရင် ခင်ဗျားကို ဖုန်းပြန်ပေးမယ်။ အဆင်သင့်ပြင်ထား”

လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ သူက ဖုန်းခွက်ကို လှမ်းကိုင်ပြီး သတိကြီးကြီးနဲ့ နားနားကပ်လိုက်တယ်။ သူ့ ဘာကြောင့် အဲဒီလို လုပ်နေသလဲ ဆိုတာကို ဘယ်သူမှ နားမလည်ကြဘူး။

“ဟယ်လို” ငဆွေက ခပ်တိုးတိုး ပြောတယ်။ စိတ်လှုပ်ရှားစွာနဲ့ တစ်ဖက်လူရဲ့ အသံကို စောင့်ဆိုင်းနေတယ်။ ၂ စက္ကန့်လောက်ကြာတော့ ကြည်ရွှင်မှုက သူ့မျက်နှာပေါ် ပြန်ရောက်လာတယ်။ “ကိုထိုက်၊ ဘယ်လို ဖြစ်ရတာလဲ”

အဲဒီစကားကို ကြားတော့ ကျွဲကြီးရဲ့ အမူအရာကလည်း ပျော့ပျောင်းလာတယ်။ ကြည့်ရတာ သူတို့ရဲ့ဘော်ဒါ ကိုထိုက်ဆက်လာတာ ဖြစ်မယ်။ ဓားစာခံတွေရဲ့ မျက်နှာတွေပေါ်မှာ စိတ်လှုပ်ရှားမှုက ဗြုန်းစား ဖြစ်ပေါ်လာတယ်။

“အေးဟ။ ငါတို့ ဒီဘက်မှာလည်း ပြဿနာတက်နေတယ်။ အတော်ဆိုးတာပဲကွာ”

နဂိုအစီအစဉ်အရ ပုန်းခိုဖို့ သတ်မှတ်ထားတဲ့ တိုက်ကြီးထဲမှာ လူတွေ ရောက်နေရာကနေ စပြီး လူသတ်မှု ဖြစ်တဲ့အထိ အခြေအနေတွေအားလုံးကို ငဆွေက အတိုချုံးပြီး အစအဆုံး ပြောပြနေတယ်။ ငဆွေရဲ့ လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် တစ်ဖက်လူကလည်း အတော်ကြီးကို ထိတ်လန့်သွားပြီးတော့ တွေဝေတုံ့ဆိုင်းသွားဟန် တူတယ်။

“ငါလည်း မတတ်နိုင်ဘူးကွာ။ ရဲတွေက ဘယ်အချိန် ထပ်ရောက်လာဦးမလဲ ဆိုတာကိုလည်း မသိတော့ တိုက်ထဲကနေ အပြင်ကို မထွက်ရဲဘူး။ မင်းမှာ အကြံကောင်းလေးဘာလေး မရှိတော့ဘူးလား”

ငဆွေက ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ ပြောတယ်။ သူ့ရဲ့ လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် သူက ကိုထိုက်လို့ ခေါ်တဲ့ အဲဒီလူကို အတော်လေး ယုံကြည်အားကိုးပုံ ရတယ်။

“အင်း ….. သဘောပေါက်တယ်။ မလုပ်သေးပါဘူး ….. ဟ၊ အဲဒီနည်းလမ်းပဲ ရှိတော့တာလား။ အိုကေ၊ ငါ ပြင်ဆင်ထားလိုက်မယ်”

ငါးမိနစ်နီးပါးလောက် ကြာသွားပြီးနောက်မှာ ငဆွေက ဖုန်းချပြီး လွန်းဆက်မောင်တို့ လူစုရှိရာကို လှည့်လာတယ်။

“မင်းတို့ကို သတင်းကောင်းတစ်ခု ပြောပြမယ်။ ငါတို့ ဒီကနေထွက်ဖို့ အချိန်သတ်မှတ်ပြီးပြီ။ မနက်ဖြန်မိုးမလင်းခင် သွားမယ်”

“မိုးမလင်းခင် ….” ဦးဟန်သာက ထအော်တယ်။ “ဒါဆို နောက်ထပ် ၁၂ နာရီတောင် ကြာဦးမှာပေါ့။ ဒီအတိုင်းကြီး စောင့်နေရမှာလား”

“ငါတို့လည်း မတတ်နိုင်ဘူးလေ။ ဟိုကောင်တွေက မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြတာ”

“ဒါဆိုလည်း မိုးလင်းတဲ့အထိ စောင့်နေဖို့ မလိုပါဘူး။ ညဉ့်နက်တာနဲ့ ထွက်သွားလို့ ရပြီပဲ မဟုတ်လား”

“အကြောင်းရှိလို့ပေါ့ကွာ။ ငါတို့ဘော်ဒါက ဒီညရောက်လာလိမ့်မယ်”

“မင်းတို့ရဲ့ ဘော်ဒါက ကိုထိုက်ဆိုတဲ့လူ မဟုတ်လား” မင်းအာကာက ပြောတယ်။ “ဘာဖြစ်လို့ ညမှောင်မှ လာမှာလဲ။ မင်းတို့က သူ့ကို စောစော လာခိုင်းလိုက်ရင် ပြီးနေတာပဲဥစ္စာ”

“မဖြစ်လို့ပေါ့။ ဒါကြောင့်လည်း ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေရတာ”

“မဖြစ်ဘူး … ဘာဖြစ်လို့လဲ”

မင်းအာကာရဲ့ မေးခွန်းကို ကြားတော့ ငဆွေက ဖြေဖို့ ဟန်ပြင်လိုက်ပေမယ့် ရုတ်တရက် တစ်ခုခုကို သတိရသွားတာနဲ့ ပါးစပ်ကို ပိတ်ပြီး ခေါင်းကို ခါယမ်းတယ်။

“လျှာရှည်လိုက်တာ။ မင်းနဲ့ ဘာဆိုင်လို့လဲ”

“ရှင်တို့က ကိုထိုက်ကို ဘယ်လိုမှ ဆက်သွယ်လို့ မရဘူးလို့ ရှင် ပြောခဲ့ဖူးတယ်” နန်းမိုရ်ခက ပြောတယ်။ “ကိုထိုက်က အင်မတန် ထူးခြားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေနေရတာ ဖြစ်မယ်”

ငဆွေက သူ့ရှေ့ကို တည့်တည့် လျှောက်သွားပြီး သူ့ရဲ့ စင်းဖြောင့်တဲ့ နှာတံရှေ့မှာ သေနတ်ကို လှုပ်ယမ်းရင်း ပြောတယ်။

“မင်းက ဘာပြောချင်တာလဲ”

နန်းမိုရ်ခက ဒီလောက်ကလေးနဲ့ ဖြုံသွားနိုင်တဲ့ မိန်းမစားမျိုး မဟုတ်ဘူး။ သူက အလေးမထားတဲ့ ဟန်ပန်နဲ့ ပြောတယ်။

“ကျွန်မအထင် ပြောရရင် မဟုတ်မှလွဲရော ကိုထိုက်က ရဲတွေရဲ့ လျှို့ဝှက်စောင့်ကြပ်မှုအောက်မှာ ရောက်နေတာ ဖြစ်မယ်။ ဒါကြောင့် ညဉ့်နက်တဲ့အထိ စောင့်ဖို့ လိုအပ်တယ်။ နို့မဟုတ်ရင် သူ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး”

“အဲဒီလိုလား။ သဘောပေါက်ပြီ” မင်းအာကာက ရုတ်တရက် တိုက်ကွက်ဆင်တယ်။ “ကိုထိုက်က ဘဏ်ထဲကလူပဲ ဖြစ်ရမယ်။ သူက မင်းတို့ကို အစီအစဉ် ချပေးခဲ့တာ။ ဒါပေမယ့် ရဲတွေကလည်း ငအတွေ မဟုတ်တော့ အတွင်းအပြင် ပေါင်းကြံတာ ဖြစ်ရမယ်လို့ တွေးဆမိတာကြောင့် ဓားပြမှု ဖြစ်ပြီးတဲ့နောက်မှာ သက်ဆိုင်တဲ့ ဝန်ထမ်းတွေ အားလုံးကို သူတို့က မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်နေကြတယ်။ ဒါကြောင့် သူက လှုပ်ရှားဖို့ ခက်နေတယ်။ ရဲတွေရဲ့ စောင့်ကြပ်မှု လျော့ရဲသွားတဲ့အထိ စောင့်ပြီးမှ လစ်ထွက်ပြီး မင်းတို့ဆီ ရောက်လာနိုင်မှာ”

ကျွဲကြီးက မင်းအာကာရှေ့ ရောက်လာပြီး ရိုင်ဖယ်နဲ့ သူ့ကို ချိန်ထားတယ်။ မျက်နှာက မအီမသာဖြစ်လို့။ မင်းအာကာရဲ့ မှန်းဆချက်က မှန်ကန်နေကြောင်းကို ကျွဲကြီးရဲ့ ဟန်ပန်က သက်သေခံနေတယ်။

“လက်စသတ်တော့ ဒီလိုကိုး” ဦးဟန်သာက သက်ပြင်းချတယ်။ “မင်းတို့က ဘဏ်ထဲမှာ ကိုယ့်လူ ရှိနေတာကိုး”

ငဆွေက ဟွန့်ကနဲ နှာမှုတ်ပြီး ကျွဲကြီးကို စိုက်ကြည့်နေတယ်။ မင်း မျက်နှာမထားတတ်တာနဲ့ အားလုံး သိကုန်ပြီလို့ အပြစ်တင်နေတဲ့ အကြည့်မျိုး။ ငဆွေရဲ့ အမူအရာကို ကျွဲကြီးက ဘယ်လို နားလည်သွားသလဲ မသိဘူး။ သူက ခေါင်းကို အားရပါးရ ညိတ်နေတယ်။

“ထားပါတော့” ငဆွေက ပြောတယ်။ “ဘဏ်နဲ့ ပတ်သက်နေတဲ့ လူတွေက နည်းတာ မဟုတ်ဘူး။ မင်းတို့ သူ့မျက်နှာကို မမြင်ရရင် ပြီးတာပါပဲ”

“ကိုထိုက်ဆိုတာက နာမည်တုလား”

ဦးဟန်သာရဲ့ မေးခွန်းဆုံးတော့ ငဆွေက ကျောကို ကော့ပြီး ပြောတယ်။ “အပိုတွေ မေးနေပြန်ပြီ။ လောကကြီးမှာ ဘယ်ဓားပြက နာမည်အစစ်သုံးမှာတဲ့လဲ”

ငဆွေ၊ ကျွဲကြီးနဲ့ ကိုထိုက်၊ ဒီသုံးယောက်က ဘယ်လို အစုအဖွဲ့မျိုးလဲ။ လွန်းဆက်မောင်က တွေးကြည့်တယ်။ ငဆွေနဲ့ ကျွဲကြီး၊ ဒီနှစ်ယောက်တည်း ကြည့်ရင်ကိုပဲ ပိုက်ဆံချမ်းသာဖို့အတွက် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ မိုက်တိမိုက်ကန်း လူမျိုးတွေနဲ့ နည်းနည်းမှ မတူဘူး။ ဘဏ်ရဲ့ အတွင်းလူဖြစ်တဲ့ ကိုထိုက်ကို ထည့်ပေါင်းလိုက်ဦး။ လွန်းဆက်မောင်က အင်မတန်မှ မေးကြည့်ချင်တယ်။ သူတို့သုံးယောက်က ဘယ်လို အကျိုးအမြတ်အတွက် အတူတကွ ပူးပေါင်းနေကြတာလဲ။ ပြီးတော့ ဘဏ်ကို ဓားပြတိုက်ဖို့အတွက် ဘယ်လိုများ ပူပေါင်းကြံစည်ခဲ့ကြတာလဲ။

“အချုပ်ပြောရရင်တော့ ငါတို့အားလုံး အတူတူ ရှိနေရမယ့်အချိန်က အများကြီး မကျန်တော့ဘူး။ နောက်ဆုံးအချိန်ထိ တတ်နိုင်သလောက် ပေါ့ပေါ့ပါးပါးနဲ့ နေသွားကြရအောင်။ ဟိုဟာမကို ဘယ်သူ သတ်သလဲဆိုတာ ဖော်ထုတ်သွားချင်သေးတယ်။ အဲဒီကိစ္စကို ငါ အတော်ကြီး စိတ်ဝင်စားတယ်” ငဆွေက စပ်ဖြဲဖြဲ ပြောတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *