မာတိကာကြည့်ရန်

(က)

မွန်းလွဲ ၁ နာရီ ကျော်ပြီ။

မနေ့ကနဲ့စာရင် ငဆွေက ဓားစာခံတွေကို ပိုပြီး လွတ်လွတ်လပ်လပ် နေခွင့်ပေးထားတယ်။ အဝင်တံခါးမကြီးနားနဲ့ မီးဖိုဆောင်ထဲ သွားတာက လွဲလို့ ကိုယ့်အခန်းကိုယ် ပြန်နားကြရင်လည်း သူက ဘာမှ ပြောမနေတော့ဘူး။ နှင်းသူ အသတ်ခံရလို့ ဓားစာခံတွေက အချင်းချင်း သံသယဝင်ပြီး အရင်လို စည်းစည်းလုံးလုံး မရှိကြတော့လို့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်စရာ မလိုတော့ဘူးလို့ သူ ယူဆသွားတာ ဖြစ်မယ်။ အဲဒါ အမှန်ပဲ။ တိုက်ပိတ်ခံထားရတာထက် စာရင် နှင်းသူကို ဘယ်သူ သတ်ပစ်လိုက်တာလဲ ဆိုတာကို လွန်းဆက်မောင်က ပိုပြီး စိတ်ဝင်စားနေခဲ့တယ်။ ငဆွေနဲ့ ကျွဲကြီးက ဒီနေရာကနေ အနှေးနဲ့အမြန် ထွက်ခွာသွားကြမှာပဲ။ ဒါပေမယ့် တကယ့်တရားခံက ဘယ်သူလဲ ဆိုတာက နောင်အနာဂတ်အထိ ဆက်နွှယ်သွားဦးမှာ။

လွန်းဆက်မောင်က ထမင်းစားခန်းထဲက စားပွဲပေါ်မှာ လက်တစ်ဖက်ထောက်ရင်း အကြည့်က သူ ယူလာခဲ့တဲ့ စာအုပ်ပေါ် ရောက်နေတယ်။ ဒါပေမယ့် စာလုံးတစ်လုံးမှ သူ့ခေါင်းထဲကို ဝင်မသွားဘူး။ ဦးနှောက်ထဲမှာက ဒီနေ့မနက် ပန်းနုဝေပြောခဲ့တဲ့ စကားတွေပဲ ဝေ့ဝဲနေတယ်။

နှင်းသူက လွန်းဆက်မောင်ကို ချစ်မိသွားတယ် … အဲဒီစကားက သူ့ကို အထိတ်တလန့် ဖြစ်စေခဲ့တယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် သူ့အဖို့ ထင်မှတ်မထားတာမျိုးတော့ မဟုတ်ဘူး။ အဲဒီတုန်းက သူ ပြောခဲ့သလိုပဲ။ နှင်းသူရဲ့ စိတ်သဘောထားကို သူက မရိပ်စားမိတာမှ မဟုတ်ဘဲ။

အလုပ်ကိစ္စကြောင့်မို့ လွန်းဆက်မောင်နဲ့ နှင်းသူရဲ့ ဖခင်က မကြာမကြာ တွေ့ဖြစ်ခဲ့ကြတယ်။ တွေ့ဖြစ်ရင်လည်း နှင်းသူက သူ့အဖေအနားမှာ အမြဲတမ်း ကပ်ပါလာတတ်တယ်။ သူ့ရဲ့ အကြည့်တွေထဲမှာ ခံစားချက်တွေ ရောညှပ်ပါနေမှန်း လွန်းဆက်မောင် သတိထားမိတယ်။ လိုရာဆွဲတွေးနေမိတာ မဟုတ်မှန်းလည်း သူ ယုံကြည်ထားတယ်။

ဒီနှစ် ဖေဖော်ရီဝါလ ၁၅ ရက်နေ့၊ ချစ်သူများနေ့လွန်ပြီး နောက်တစ်နေ့မှာ လွန်းဆက်မောင်က သူ့ရဲ့ အလိုလိုသိစိတ်က မမှားဘူး ဆိုတာကို ပိုမိုပြီး ခိုင်မာယုံကြည်သွားခဲ့တယ်။ အလုပ်တွေပြီးလို့ အိမ်ပြန်ဖို့ ပြင်ဆင်နေတုန်းမှာ နှင်းသူက သူ့ရဲ့ ကုမ္ပဏီကို ရောက်ချလာတယ်။ သူ ပြောတာတော့ အဲဒီနားပတ်ဝန်းကျင်ကို ရောက်လို့ လမ်းကြုံဝင်လာတာတဲ့။ လွန်းဆက်မောင်က သူနဲ့အတူ အနီးအနားမှာ ရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကို ထွက်လာခဲ့ကြတယ်။

ဟိုဟိုဒီဒီ စကားပြောပြီးတဲ့ နောက်မှာ နှင်းသူက အသံတိုးတိုးနဲ့ ညည်းသလို ပြောလိုက်တယ်။ “မင်္ဂလာပွဲက နှစ်လတောင် မလိုတော့ဘူးနော်” သူ့အသံက အက်တက်တက်နဲ့။

“ဟုတ်တယ်” လွန်းဆက်မောင်က ဖြေတယ်။

“ယုက အခုတလော အရမ်း ပျော်နေသလိုပဲ။ သူက အမြဲပြောတယ်။ အိပ်မက်မက်နေရသလိုပဲတဲ့”

နှင်းသူက မျက်လွှာချပြီး သူ့လက်တွေကိုပဲ ကြည့်နေတယ်။ သူ့လက်နှစ်ဖက်က ကော်ဖီခွက်ကို ဆုပ်ကိုင်ထားတယ်။ အဖိုးတန်တဲ့ အရာတစ်ခုခုကို ပင့်ကိုင်ထားတဲ့အတိုင်းပဲ။

“အခုလိုအချိန်မျိုးမှာ ဘယ်သူမဆို ပျော်နေကြမှာပါပဲ။ အကြီးကျယ်ဆုံး ပျော်ရွှင်မှုကို ရပြီလို့ ကိုယ့်ကိုယ်ကိုယ် အထင်ရောက်နေကြမှာ။ တကယ်တော့ အဲဒါက အထင်မှား အမြင်မှားလည်း ဖြစ်ချင် ဖြစ်နေမှာလေ။ ညားပြီး ကွဲကြပြဲကြတဲ့ စုံတွဲတွေကလည်း နည်းမှ မနည်းဘဲဥစ္စာ” လွန်းဆက်မောင်က တမင် နောက်ပြီး ရယ်ရယ်မောမော ပြောချလိုက်တယ်။

ဒါပေမယ့် နှင်းသူကတော့ အဟုတ်ကြီး မှတ်နေပုံရတယ်။

“အဲဒီလို မဖြစ်ပါဘူး။ တခြားသူတွေ ဘယ်လိုဖြစ်ဖြစ်၊ ယုနဲ့ ကိုဆက်မောင်တို့ရဲ့ အိမ်ထောင်ရေးက ချမ်းသာသုခနဲ့ ပြည့်စုံမှာပါ။ ကျွန်မ အာမခံတယ်”

သူ့မှာ တွေ့ရခဲတဲ့ ခိုင်မာပြတ်သားတဲ့ စကားသံနဲ့ သူက ပြောတယ်။ လွန်းဆက်မောင်က အနည်းငယ် အံ့ဩသွားတယ်။ သူက ရှက်ရွံ့သွားတဲ့ ဟန်မျိုးနဲ့ ဖြူရော်နေတဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ကမန်းကတန်း အုပ်ထားလိုက်တယ်။

“ဆောရီးပဲ။ အာမခံတယ် ပြောရအောင် နှင်းက ဘာမို့လို့လဲနော်။ … အာမခံပေးစရာ မလိုပါဘူး။ ကိုဆက်မောင်တို့က တကယ့်ကို ချမ်းမြေ့ပျော်ရွှင်ကြမှာပါ”

“အာမခံတာ မခံတာ အပထား၊ အခုလို ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ယုကို ပြောပြလိုက်ပါ့မယ်”

လွန်းဆက်မောင်က ပြုံးပြီး ပြောလိုက်ပေမယ့် နှင်းသူက ထူးခြားစွာနဲ့ တောင်းဆိုလာတယ်။

“သူ့ကို မပြောလိုက်ပါနဲ့နော်”

လွန်းဆက်မောင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ နှင်းသူရဲ့ မျက်နှာက အရင်ထက် ပိုရဲလာတယ်။

“ကျွန်မ အဲဒီလို စကားမျိုး ပြောခဲ့မှန်း ယု သိသွားရင် ရှက်စရာကြီး”

“မဖြစ်ပါဘူး … ဒါပေမယ့် နှင်းက မပြောစေချင်မှတော့ မပြောတော့ပါဘူး”

နှင်းသူက ဇွန်းကို ခွက်ထဲ ထည့်ပြီး ကော်ဖီကို မွှေရင်း ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်လိုက်တယ်။

“ခရစ္စမတ်ညမှာ ကိုဆက်မောင်ကို ပထမဆုံးအကြိမ် မြင်ခဲ့ရကတည်းက စစ်မှန်တဲ့ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ကို ယု တွေ့ကြုံရပြီလို့ ကျွန်မ ခံစားလိုက်ရတယ်။ သူ့ခမျာ ကားအက်ဆီးဒင့်ဖြစ်လို့ ဒုက္ခသုက္ခတွေ ကြုံလိုက်ရပေမယ့် ပျော်ရွှင်မှုကိုလည်း သူ အမိအရ ဖမ်းဆုပ်နိုင်ခဲ့သေးတယ်လေ။ သူက တကယ့်ကို ကံကောင်းတဲ့သူပါလားလို့ ထင်ချင်စရာပဲ”

“နှင်းလည်း ကိုယ် ရသင့်ရထိုက်တဲ့ ပျော်ရွှင်မှုကို ရှာတွေ့မှာပါ” လွန်းဆက်မောင်က ပြောတယ်။

ဒါပေမယ့် နှင်းသူရဲ့ မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

“ကျွန်မလို လူမျိုးက … မဖြစ်ပါဘူးရှင်” သူက ပြောတယ်။ “ကျွန်မက တုံးက တုံးသေး။ ပြီးတော့ ယုလိုလည်း ထက်ထက်မြက်မြက် မရှိဘူး။ ….. ကျွန်မသူ့ကို တကယ် အားကျတယ်”

“သူ့ခမျာလည်း လေးလံတဲ့ ဒုက္ခကြီးတစ်ခုကို ထမ်းပိုးထားရရှာတာ”

“ဟုတ်တယ်။ ကျွန်မ သိပါတယ်။ သူ့ကို အားကျတယ် ဆိုတာက ယုတ္တိမတန်မှန်း ကျွန်မ သိတယ်။ ဒါပေမယ့် …. ဒါပေမယ့် ယုက သိပ်ကို ကံကောင်းတယ်လို့ ကျွန်မရဲ့ စိတ်ရင်းနဲ့ ယူဆနေမိတယ်”

နှင်းသူရဲ့ ဟန်ပန်က အရင်ကနဲ့ သိပ်မတူဘူး။ လွန်းဆက်မောင်က တုံ့ဆိုင်းပြီး နှုတ်ပိတ်နေမိတယ်။ ဆွေးရိပ်သန်းနေတဲ့ သူ့မျက်နှာပေါ်မှာ အထီးကျန်နေတဲ့ အပြုံးတစ်ပွင့် ယှက်သန်းလာတယ်။

“ဆောရီးပဲနော်။ ကိုဆက်မောင်ကို စိတ်ဒုက္ခရောက်အောင် လုပ်မိသွားပြီး ထင်တယ်”

“ဟင့်အင်း၊ ရပါတယ် ….”

စိတ်ပြန်ထိန်းတဲ့အနေနဲ့ သူက နှုတ်ခမ်းသပ်လိုက်ပြီး နောက်တော့ ခေါင်းကို ပြန်ငုံ့ထားရင်း စကားဆက်တယ်။ “ကိုဆက်မောင်တို့နဲ့ ဟိုပွဲဒီပွဲကို လျှောက်သွားကြည့်ခွင့် ရတာ နှင်း တကယ်ပဲ အရမ်းပျော်တယ်”

“နောက်တစ်ခါကျရင်လည်း အတူတူ သွားကြမယ်လေ။ ကျွန်တော် နှင်းကို လှမ်းပြောမယ်”

လွန်းဆက်မောင်က မြူးကြွတဲ့အသံ ဖြစ်အောင် ကြိုးစားပမ်းစား ပြောလိုက်ပေမယ့် နှင်းသူက မျက်လွှာတွေကို အရင်အတိုင်း ချမြဲချထားရင်း ခေါင်းခါပြတယ်။

“ဟင့်အင်း။ မလိုတော့ပါဘူး။ နှင်း ဒီလောက်နဲ့ကို အင်မတန်မှ ကျေနပ်နေပါပြီ။ ပြီးတော့ …”

“ပြီးတော့ ….”

သူက လွန်းဆက်မောင်ရဲ့ မျက်နှာကို စိုက်ကြည့်နေရင်း စက္ကန့်အနည်းငယ်ကြာတော့ ခပ်ယဲ့ယဲ့ ပြုံးလာတယ်။

“နှင်း အဆက်အသွယ် ဖြတ်လိုက်ချင်ပြီ”

“အဆက်အသွယ် ဖြတ်မယ် …”

“ဟုတ်တယ်။ ဒါပေမယ့် ကိုဆက်မောင်နဲ့ မပတ်သက်ပါဘူး”

သူ့ဘေးမှာ ချထားတဲ့ အိတ်ထဲကနေ စက္ကူဘူးလေးတစ်ဘူး ဆွဲထုတ်ပြီး လွန်းဆက်မောင်ရဲ့ အရှေ့မှာ ချထားလိုက်တယ်။

“ဒါလေး … မြည်းစမ်းကြည့်ပါဦး။ နှင်းကိုယ်တိုင် လုပ်ထားတာ”

“ဟင် … ဘာတွေလဲ”

“ဖွင့်ကြည့်ရင် သိရမှာပေါ့”

လွန်းဆက်မောင်က သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ စက္ကူဘူးကို လက်ထဲမှာ ကိုင်ထားတယ်။ ပုံမှန်ဆိုရင် နည်းနည်းလေး စဉ်းစားကြည့်တာနဲ့ အထဲမှာ ဘာပါမလဲ ဆိုတာကို တန်းသိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ သူ စဉ်းစားကြည့်ဖို့တောင် သတိမေ့နေသလားပဲ။

“ကိုဆက်မောင်” နှင်းသူရဲ့ မျက်လုံးတွေထဲမှာ လေးနက်မှုက ပြန်ရောက်လာတယ်။ “ယုကို စိတ်ချမ်းသာအောင် ထားပေးပါနော်”

“အင်း၊ ထားမှာပေါ့”

“တကယ်ပါ။ သူ့ကို စိတ်ဆင်းရဲသွားစေမယ့် ကိစ္စမျိုး ဘယ်တော့မှ မလုပ်လိုက်မိပါစေနဲ့”

“ကျွန်တော် သူ့ကို စိတ်ချမ်းသာအောင် ထားမှာပါ။ သူ့ကို စိတ်ထိခိုက်အောင် မလုပ်ဘူး” လွန်းဆက်မောင်က နှင်းသူရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး ပြောတယ်။

နှင်းသူကလည်း လွန်းဆက်မောင်ကို ပြန်စိုက်ကြည့်တယ်။​

“ကတိနော်”

“ကတိ”

နှင်းသူက ပြောသင့်ပြောထိုက်တဲ့ စကားတွေအားလုံးကို ကုန်စင်အောင် ပြောပြီးသွားပုံပဲ။ နောက်ထပ် လွန်းဆက်မောင်က ဘာတွေပဲ ထပ်ပြောပြော သူက တစ်ချိန်လုံး စိတ်နဲ့လူ မကပ်တဲ့ ရုပ်မျိုး ဖြစ်နေခဲ့တယ်။ လွန်းဆက်မောင်က ကော်ဖီဆိုင်ဝမှာ သူနဲ့ လမ်းခွဲနှုတ်ဆက်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ စက္ကူဘူးကို ဖွင့်ကြည့်လိုက်တာ အထဲမှာ လက်လုပ် ချော့ကလက်တုံးလေးတွေ တွေ့လိုက်ရတယ်။ ပြီးတော့ ကတ်စက္ကူလေးတစ်ရွက် ကပ်လို့ … “ချစ်သူများနေ့ကို မမီလိုက်တော့ဘူး”

လွန်းဆက်မောင်ရဲ့ ဦးနှောက်ထဲမှာ အရာတစ်ခုက ဖျတ်ကနဲ လင်းလက်လာတယ်။ တစ်ချိန်တည်းမှာပဲ အတိတ်ရဲ့ ပုံရိပ်တွေက တဖျပ်ဖျပ်နဲ့ ပေါ်လိုက်ပျောက်လိုက်။ နှင်းသူက သိမ်မွေ့မှုနဲ့ ရှက်ရွံ့မှုကို သူ့အရှေ့မှာ အခွင့်ရတိုင်း ထုတ်ပြမိတတ်တယ်။ အခုလို အနုပညာလက်ရာမြောက်တဲ့ ပစ္စည်းတစ်ခုနဲ့ တွဲဆက်ကြည့်လိုက်တော့ ရုပ်ပုံကားချပ်က လုံးဝကို ပြည့်စုံသွားတယ်။

လွန်းဆက်မောက်က နှင်းသူရဲ့ ခံစားချက်အမှန်ကို နောက်ဆုံးတော့ နားလည်သဘောပေါက်သွားတယ်။ သူ့ခမျာ ကိုယ့်ကို မေတ္တာသက်ဝင် နေပေမယ့်လည်း လက်လွှတ်လိုက်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း သူ သိနေတယ်။ ဒီနေ့ သူ့ကို လာတွေ့ရတဲ့ အကြောင်းအရင်းက အဲဒီခံစားချက်ကို ခုတ်ပိုင်းဖြတ်တောက် ပစ်လိုက်ဖို့ပဲ။

လွန်းဆက်မောင်က ချော့ကလက်ကို တစ်ကိုက်ကိုက်တယ်။ သူက မုန့်ချိုတွေကို သိပ်မကြိုက်လှဘူး ဆိုပေမယ့် ယုမေကိုလည်း ကျွေးလို့ မဖြစ်ပြန်ဘူး။ သူ့ဘာသာပဲ ကုန်အောင် စားပစ်မှ ဖြစ်မယ်။

ချော့ကလက်က တော်တော်လေး ချိုတယ်။ အချိုထဲမှာမှ ခါးသက်သက် အရသာလေး ရောလို့။

အဲဒီနောက်ပိုင်းမှာ သူက နှင်းသူနဲ့ နှစ်ယောက်တည်း မတွေ့ဖြစ်တော့ဘူး။ မဟုတ်သေးဘူး။ နှင်းသူကို လုံးဝနီးပါး မတွေ့ဖြစ်သလောက်ပဲ။ ယုမေက အရင်လို သူ့ကို မကြာမကြာ လှမ်းချိန်းတတ်ပေမယ့် သူက အကြောင်းပြချက် အမျိုးမျိုးပြပြီး ငြင်းဆန်ပစ်ခဲ့တယ်။

နှင်းသူရဲ့ အဲဒီအပြုအမူကို ကြည့်ခြင်းအားဖြင့် ပန်းနုဝေရဲ့ သုံးသပ်ချက်က မှားယွင်းနေတယ်လို့ လွန်းဆက်မောင်က ယူဆမိတယ်။ နှင်းသူက သူ့ကို ချစ်မိခဲ့တာတောင်မှ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ထားပြီးခဲ့တာ သိသာထင်ရှားနေတယ်။ နှင်းသူက သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ယုမေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ် ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ပြီးတော့ ယုမေ ဆုံးသွားပြီးနောက်မှာလည်း သူ့ကို ဆက်ဆံတဲ့ နှင်းသူရဲ့ စိတ်သဘောထားက လုံးဝ ပြောင်းလဲမသွားဘူး။

လွန်းဆက်မောင်က အသည်းအသန် စဉ်းစားနေတုန်းမှာ နန်းမိုရ်ခက အနားရောက်လာပြီး သူ့ဘေးမှာ ထိုင်ချလိုက်တယ်။

“ရှင်က မယုမေရဲ့ အကြောင်းကို စဉ်းစားနေတာလား။ ဒါမှမဟုတ် မနှင်းသူရဲ့ အကြောင်းကို စဉ်းစားတာလား”

အတော် ပါးနပ်တဲ့ မိန်းမပါလား။ လွန်းဆက်မောင်က တွေးတယ်။

“နှစ်ယောက်စလုံးပဲ” လွန်းဆက်မောင်က ဖြေတယ်။ “ဒါကလည်း သဘာဝကျတာပဲလေ။ တခြားလူတွေလည်း သူတို့နှစ်ယောက်စလုံးရဲ့ အကြောင်းကို တွေးနေကြမှာပဲ”

“ဟုတ်မှာပါပဲ။ ဒါပေမယ့် ကျွန်မက သူတို့နှစ်ယောက်နဲ့ မရင်းနှီးဖူးတော့ တခြားကိစ္စတစ်ခုကိုပဲ တွေးနေမိတယ်”

“တခြားကိစ္စ …”

“HELP နဲ့ မီးဖြတ်မယ့် အစီအစဉ်တွေ ပျက်သွားရတဲ့ကိစ္စ” သူက အသံကို နှိမ့်ချပြီး ပြောတယ်။

ချက်ချင်းပဲ လွန်းဆက်မောင်က သဘောပေါက်သွားတယ်။

“ဘယ်သူ လုပ်လဲ မသိဘူး။ ဖြစ်နိုင်တာတော့ နှင်းသူကို သတ်တဲ့ လက်သည်ပဲ ဖြစ်မယ်”

“အဲဒီလို ထင်တာပဲ။ ဒါပေမယ့် တကယ့်တရားခံကို ရှာထုတ်ဖို့က လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကျွန်မ ဟိုဒီလျှောက်တွေးကြည့်နေတာ။ လူတိုင်းက ဖြစ်နိုင်ခြေ ရှိတယ်လို့ ခံစားနေရတယ်”

“ကျွန်တော် သိတာကတော့ ခင်ဗျား မဟုတ်နိုင်ဘူး”

“အခုလို ပြောတဲ့အတွက် ကျေးဇူးပါ။ ဒါပေမယ့် ဘယ်လိုကိစ္စမျိုးမှာပဲ ဖြစ်ဖြစ်၊ ကနဦးထင်မြင်ချက်နဲ့ ဆုံးဖြတ်တာကို ရှောင်ရှားသင့်တယ်”

နန်းမိုရ်ခက တည်တည်ငြိမ်ငြိမ် ပြောတယ်။ တကယ့်ကို လျှော့တွက်လို့ မရတဲ့ မိန်းမပါလား။

“ဒါနဲ့ ကျွန်မ ရှင့်ကို ကိစ္စတစ်ခု မေးကြည့်ချင်လို့”

“ဘာကိစ္စလဲ။ ကျွန်တော် သိတာဆိုရင် ပြောပြပါ့မယ်”

“ရှင် သိမယ်လို့ ထင်ပါတယ်။ ဆေးဘူးကိစ္စပါ”

“ဆေးဘူး …”

လွန်းဆက်မောင်ရဲ့ ကိုယ်က အလိုလို တောင့်တင်းသွားတယ်။ စကားခေါင်းစဉ်က ရုတ်ခြည်း ပြောင်းလဲသွားတော့ သူ့ရဲ့ နှလုံးခုန်နှုန်းက ရက်ရက်စက်စက်ကို မြန်ဆန်လာတယ်။

“အန်တီပြောပြခဲ့တဲ့ စကားအရဆိုရင် မယုမေရဲ့ ကြွင်းကျန်ပစ္စည်းတွေကို သွားသိမ်းတဲ့ အချိန်တုန်းက ဆေးဘူးထဲမှာ အဖြူရောင်ဆေးတောင့်နှစ်တောင့် ရှိနေတယ်။ အဲဒီကိစ္စကို ရှင် သိတယ် မဟုတ်လား”

“အင်း၊ သိတယ်”

လွန်းဆက်မောင်က သူ့ကို ပြောတယ်။ အိမ်ကို ပြန်ကြတဲ့ အပြန်လမ်းပေါ်မှာ ခဏနားကြတုန်း သူ အဲဒီပစ္စည်းတွေကို ဖွင့်ကြည့်ခဲ့သေးတယ်။

“ဆိုတော့ ရှင် ကြည့်တဲ့အချိန်မှာ အချိန်တစ်ခု ခြားသွားခဲ့ပြီပေါ့”

“ဟုတ်တယ်။ အဲဒီလိုပဲ”

“စိတ်မရှိပါနဲ့။ ကြွင်းကျန်ပစ္စည်းတွေ လက်ခံစဉ်အခါတုန်းက အခြေအနေတွေကို ကျွန်မကို တတ်နိုင်သမျှ တိကျပြည့်စုံအောင် ပြောပြပေးနိုင်မလား”

နန်းမိုရ်ခက နှုတ်ခမ်းကို ကွေးညွတ်အောင် ပြုံးထားရင်း လွန်းဆက်မောင်ကို မမှိတ်မသုန် စိုက်ကြည့်နေတယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *