မာတိကာကြည့်ရန်

(ဃ)

ပန်းနုဝေရဲ့ စကားကို နားထောင်လိုက်ရတော့ အကုန်လုံးရဲ့ ဦးနှောက်တွေက ယာယီအားဖြင့် ဗလာဟင်းလင်း ဖြစ်ကုန်ကြတယ်။ ပါးစပ်အဟောင်းသားနဲ့ မလှုပ်မယှက် ကြက်သေသေလို့။

“နင် ဘာပြောလိုက်တယ် … ”

ပထမဆုံး အသံထွက်လာသူက လွန်းဆက်မောင်။ နောက်တော့ ဦးဟန်သာနဲ့ ဒေါ်သင်းလှ။

“ပေါက်ပေါက်ရှာရှာ။ သူက အဲဒီလို လုပ်ပါ့မလား”

“ဟုတ်တယ်။ သူက အဲဒီလောက်တောင် စိတ်ဓာတ် နူးညံ့ပျော့ပျောင်းတဲ့ ကလေး ….”

“မင်းက ဘာကြောင့် အဲဒီလို ပြောနိုင်ရတာလဲ။ ရမ်းသမ်းပြောတာတော့ မဟုတ်ဘူးမလား” မင်းအာကာက ပြောတယ်။

ပန်းနုဝေက နာနာကျင်ကျင်နဲ့ သူတို့သုံးဦးကို ငေးကြည့်နေတယ်။ “ကျွန်မ ရမ်းပြောနေတာ မဟုတ်ဘူး။ အကြောင်းခံတွေ ရှိလို့ ပြောနေတာ”

“ဒါဆို ကျွန်တော်တို့ကို ပြောပြစမ်းပါဦး။ ခင်ဗျားရဲ့ အကြောင်းခံတွေကို နားထောင်ကြည့်တာပေါ့။ တကယ်လို့သာ ခင်ဗျားက ကိုယ့်ရဲ့ သံသယကို ဖယ်ရှားပစ်ချင်တာနဲ့ မဟုတ်တမ်းတရား လျှောက်ပြောနေတာ ဆိုရင်တော့ ခင်ဗျားထက် အရှက်မရှိတဲ့သူ ဒီကမ္ဘာမှာ မရှိနိုင်တော့ဘူး”

စိုးဇေယျက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောတယ်။ ကြည့်ရတာ သူ့ရဲ့ ဒေါသအဟုန်ကို အခုထိ အရှိန်သတ်နိုင်သေးပုံ မရသေးဘူး။ ဒါပေမယ့် ပန်းနုဝေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီ။

“ကျွန်မ နှင်းသူကို သံသယဝင်မိတဲ့ အကြောင်းက ယုမေ မဆုံးခင် အချိန်လေးမှာ သူတို့နှစ်ယောက် တွေ့ဆုံဖြစ်လိမ့်မယ်လို့ ကျွန်မ တွေ့ရှိထားလို့ပဲ”

“သူတို့ တွေ့ဆုံကြတယ် ….” လွန်းဆက်မောင်က မအောင့်နိုင်ဘဲ မေးချလိုက်တယ်။ “ဘယ်မှာလဲ”

“ဟိုချာ့ချ်ကျောင်း ပတ်ဝန်းကျင်မှာပေါ့။ ယုမေနဲ့ နင်တို့ မင်္ဂလာပွဲ ကျင်းပမယ့် ချာ့ချ်ကျောင်းလေးရဲ့ အနီးနားမှာ။ အားတော့နာပါတယ်။ ရှင်တို့အားလုံးရဲ့ အဲဒီနေ့ရဲ့ လှုပ်ရှားသွားလာမှုတွေကို ကျွန်မ စုံစမ်းထောက်လှမ်းထားခဲ့တယ်။ ဒီတော့ ကျွန်မ သိလာရတာက … နှင်းသူက အလုပ်ကိစ္စကြောင့် သူ့အဖေနဲ့အတူ အဲဒီနားပတ်ဝန်းကျင်ကို ရောက်သွားခဲ့တယ်”

“ဟင့်အင်း၊ နီးနီးလေးမှ မဟုတ်ဘဲ” ဒေါ်သင်းလှက ပြောတယ်။ “ကီလိုမီတာ ၂၀ လောက်တော့ လှမ်းလိမ့်မယ်။ ဝေမှိုင်း … နှင်းသူရဲ့အဖေက အဲဒီမှာရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းကို အလုပ်ကိစ္စနဲ့ သွားတယ်။ ယုမေ ကားမှောက်မှန်း သိရတော့ ငါက အဲဒီကျောင်းကို ဖုန်းဆက်ပြီး သူ့ကို ဆက်သွယ်ရတယ်။ ဒါကြောင့်လည်း သူတို့က ငါတို့ထက် စောပြီး ရဲစခန်းကို ကြိုရောက်သွားနှင့်တာပေါ့”

ဒီကိစ္စကို လွန်းဆက်မောင်က အခုမှ ကြားသိရတယ်။ အဲဒီနေ့က သူ ရဲစခန်းကို ရောက်သွားတော့ နှင်းသူတို့ သားအဖက အဲဒီမှာ ရောက်နှင့်နေကြပြီ။

“ဒေါ်လေး၊ ကီလိုမီတာ ၂၀ လောက်က ကားမောင်းသွားရင် နာရီဝက်တောင် မမောင်းရဘူး” ပန်းနုဝေက ပြောတယ်။ “ပြီးတော့ ကျွန်မ စုံစမ်းထားရသလောက် ဆိုရင် ဦးဝေမှိုင်းနဲ့ အဲဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးနဲ့ စကားပြောနေကြတုန်းမှာ နှင်းသူက ဟိုနားဒီနား လျှောက်ကြည့်ဦးမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂ နာရီလောက် ကျောင်းကနေ ထွက်သွားခဲ့တယ်။ ဒါကြောင့် ယုမေနဲ့ နှင်းသူတို့ အဆက်အသွယ်ရပြီး ချာ့ချ်ကျောင်းနားမှာ တွေ့ဆုံဖြစ်တယ် ဆိုရင်လည်း အံ့ဩစရာ ဘာမှ မရှိဘူး။ ဒီတိုက်ထဲမှာ တွေ့ကြတာ ဖြစ်ချင် ဖြစ်မှာ”

အဲဒီနေ့က ဒီနားပတ်ဝန်းကျင်ကို နှင်းသူ ရောက်လာသတဲ့လား။ အဲဒီကိစ္စက တကယ်ပဲ လွန်းဆက်မောင်ရဲ့ မှန်းဆမှု အတိုင်းအတာကို ကျော်လွန်နေတယ်။ ပန်းနုဝေက ဒီလောက် တိတိကျကျ သိအောင် ဘယ်လိုများ စုံစမ်းထားတာပါလိမ့်။

“သူ …. ယုမေက နှင်းသူနဲ့ တွေ့မယ့်အကြောင်းကို တစ်ခွန်းမှ မဟခဲ့ဘူး”

“ယုမေ ကားပေါ် ရောက်နေမယ့် အချိန်ကို မှန်းပြီး နှင်းသူက ဖုန်းဆက်ချိန်းတာလည်း ဖြစ်နိုင်တာပဲ။ ယုမေရဲ့ ကားပေါ်မှာ ခြင်းဖုန်းပါတယ်”

“အာပလာတွေ” စိုးဇေယျက ပန်းနုဝေရဲ့ စကားကို အသံဗြဲကြီးနဲ့ ဝင်ဖြတ်တယ်။ “အဲဒါနဲ့ပဲ … အဲဒီအချက်လောက်နဲ့ပဲ နှင်းသူကို သံသယဝင်တယ်တဲ့လား။ ဒါဆို ခင်ဗျား … ခင်ဗျား ပြောစမ်းပါဦး။ ခင်ဗျားရော အဲဒီနေ့က ဘာလုပ်နေလဲ။ ကျွန်တော်က အကြောင်းပြချက်တစ်ခုခု မရရအောင် ရှာထုတ်ပြမယ်။ ခင်ဗျားက အင်မတန်မှ မသင်္ကာစရာ ကောင်းတဲ့အကြောင်း ကျွန်တော် ဇာတ်လမ်းဆင်ပြမယ်။ ပြောလေ … ဘာလို့ ပါးစပ်ပိတ်နေတာလဲ”

“စိတ်အေးအေးထားပါ၊ ဒေါက်တာ။ မပန်းနုက ပြောလို့မှ မပြီးသေးဘဲဥစ္စာ”

နှစ်သိမ့်စကား ပြောလာသူကတော့ နန်းမိုရ်ခ။ ငဆွေနဲ့ ကျွဲကြီးကလွဲရင် သူက တစ်ဦးတည်းသော အပြင်လူလို့ ပြောလို့ရတယ်။ ဒါကြောင့် သူက ဘာတစ်ခွန်းမှ ဝင်မပါဘဲ ဖြစ်ပျက်နေသမျှကို တည်ငြိမ်အေးဆေးစွာ စောင့်ကြည့်နားထောင်နေခဲ့တယ်။

“နန်းမိုရ်ခ ပြောသလိုပါပဲ။ ကျွန်မရဲ့ စကားက ပြောလို့ မဆုံးသေးဘူး။ အခု ဆက်ပြောမယ့် စကားက အခရာကျတာ”

ပန်းနုဝေက အားလုံးကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်တယ်။

“အရင်အခေါက်တွေတုန်းက ဒီကိစ္စကို ဆွေးနွေးကြတော့ ယုမေရဲ့ ဆေးအကြောင်းကို အမြဲ ပြောဖြစ်ခဲ့ကြတယ်။ သူ့ကို အိပ်ဆေးခတ်ခဲ့တယ် ဆိုတဲ့ ကောက်ချက်ကို ကျွန်မ မစွန့်လွှတ်သေးဘူး။ သံသယ အရှိထိုက်ဆုံးသူက နှင်းသူပဲ။ ဒါပေမယ့် အဲဒါကို သက်သေပြဖို့ ကျွန်မမှာ နည်းလမ်းမရှိဘူး။ ဒါကြောင့် ကျွန်မ ထိန်းထိန်းသိမ်းသိမ်း ပြောနေခဲ့ရတယ်။ သူ့ကို တဲ့တိုး အပြစ်မတင်ရဲဘူး”

သူ ဘာကြောင့် အဲဒီပြဿနာကို မလွှတ်တမ်း လိပ်ခဲတည်းလည်း ဖြစ်နေရတာလဲ ဆိုတာကို လွန်းဆက်မောင် သဘောပေါက်သွားတယ်။

“စိတ်မရှိနဲ့ကွာ။ မင်းမှာ အတိတ်မေ့ရောဂါ ရှိလား”

လက်ရှိအနေအထားကြောင့် လူတွေရဲ့ စိတ်အာရုံတွေက မူမမှန်တော့တာမျိုး ဖြစ်ကုန်တယ် ထင်တယ်။ စကားပြောရင် ဘယ်တုန်းကမှ အခုလို လက်လွတ်စပယ် မပြောတတ်တဲ့ ဦးဟန်သာက ပန်းနုဝေကို မထောက်မညှာ ပြောချလိုက်တယ်။

“ဒီကိစ္စကို ခဏခဏ ဆွေးနွေးခဲ့ကြပြီးပြီ မဟုတ်လား။ ယုမေရဲ့ ဆေးဘူးထဲမှာ ဆေးတွေ ရှိနေသေးတယ်။ ဒါကြောင့် သူ ဘာဆေးမှ မသောက်ခဲ့ဘူး”

“ကျွန်မ မမေ့ပါဘူး။ ဦး အဲဒီလို ပြောလိုက်ကတည်းက ကျွန်မ ရှင်းပြခဲ့သင့်တာ။ အဲဒီအချက်ကို ကျွန်မ ဖြေရှင်းပြနိုင်ပါတယ်” ပန်းနုဝေက ခေါင်းမာစွာ ပြောတယ်။ ပြီးတော့ ပေါ့ပါးတဲ့ဟန်ပန်နဲ့ ဒေါ်သင်းလှကို မေးတယ်။ “ဒေါ်လေး၊ ကျွန်မ သိထားသလောက်တော့ ယုမေရဲ့ ဓမ္မတာကိုက်ခဲတဲ့ ဝေဒနာက အတော်ကြီး ဆိုးတယ်။ ကားမမှောက်ခင်တုန်းက သူ ဘယ်လိုနေလဲ”

“အရင်အတိုင်းပါပဲ။ နှစ်ရက်၊ သုံးရက်လောက်တော့ ဆက်တိုက် ဆေးသောက်ရတယ်။ ငါက သူ ဆေးသောက်တာ လက်လွန်နေမလားတောင် စိုးရိမ်မိသေးတယ်”

လွန်းဆက်မောင်က စိတ်ထဲကကြိတ်ပြီး ခေါင်းညိတ်နေမိတယ်။ ယုမေခမျာ ရာသီလာချိန်ရောက်လို့ ဗိုက်နာလာပြီဆိုရင် ချွေးဒီးဒီးကျပြီး လှုပ်တောင် မလှုပ်နိုင်ရှာတော့ဘူး။

ပန်းနုဝေက ဒေါ်သင်းလှရဲ့ အဖြေကို အတော်လေး ကျေနပ်သွားပုံ ရတယ်။ သူက မေးစေ့ကို အနည်းငယ် ပင့်တင်ပြီး ဦးဟန်သာကို ကြည့်တယ်။

“အဲဒီနေ့က သူ့ရဲ့ ရာသီလာချိန်ထဲမှာ ရှိနေတုန်းပဲ။ သက်သေကတော့ သူ အကိုက်အခဲ ပျောက်ဆေးကို ဆောင်ထားတယ်။ ဒါပေမယ့် ကားမှောက်ပြီးနောက်မှာ ဆေးဘူးထဲ ဆေးတွေ ရှိနေတုန်းဆိုတော့ ဒါ စဉ်းစားစရာ ဖြစ်သွားပြီ။ သူ ဘာကြောင့် ဆေးမသောက်တာလဲ”

အား … တစ်ဦးတစ်ယောက်ဆီက အာမေဍိတ်သံကို လွန်းဆက်မောင် ကြားလိုက်ရတယ်။ သူကိုယ်တိုင် အော်လိုက်မိတာလည်း ဖြစ်ချင် ဖြစ်နေမှာ။

“သဘောပေါက်ပြီလား။ ဆေးဘူးက ပြောင်တလင်းခါနေမှ သဘာဝ ကျမှာလေ။ အခု ဆေးတွေက ရှိနေသေးတယ် ဆိုတော့ အဲဒါကမှ ထူးဆန်းနေတာ”

“ထူးဆန်းတာ မှန်ပေမယ့် ဆေးတွေက တကယ်လည်း ရှိနေတာဆိုတော့ ဘာတတ်နိုင်ဦးမှာလဲ။ ငါကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ” ဦးဟန်သာက သူ့မျက်လုံးကို လက်ညှိုးထိုးပြရင်း ပြောတယ်။

“ကျွန်မ ဆိုလိုတာက … ယုမေက အဲဒီနေ့တစ်နေ့ပဲ ဆေးမသောက်ခဲ့ဘူး။ အဲဒါက သဘာဝ မကျဘူး။ ကျွန်မအထင်တော့ သူက တခြားသူပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သောက်လိုက်လို့ သူဆောင်ထားတဲ့ ဆေးကို သောက်စရာ မလိုတော့တာ ဖြစ်မယ်”

“မင်း ပြောချင်တာက အဲဒီလူက နှင်းသူပဲ ဆိုပါတော့” မင်းအာကာက ပြောတယ်။ “ကိုယ့်ဆီမှာ သောက်ဆေး ရှိနေပါလျက်နဲ့ တခြားသူ ပေးတဲ့ ဘာမှန်းမသိတဲ့ ဆေးကို တကူးတက သွားသောက်ပါ့မလား”

မင်းအာကာရဲ့ အယူအဆက အင်မတန်မှ အဓိပ္ပာယ်ရှိတယ်။ ပန်းနုဝေက လွဲလို့ ကျန်သူအားလုံး ခေါင်းညိတ်လိုက်ကြတယ်။ ဒါပေမယ့် သူကတော့ နည်းနည်းလေးမှ တွန့်ဆုတ်မသွားဘဲ မေးခွန်းပြန်ထုတ်လာတယ်။

“ဘာမှန်းမသိတဲ့ ဆေးမဟုတ်ရင်ရော ဘယ်လိုဖြစ်မလဲ။ ယုမေရဲ့ ဆေးကို ဒေါက်တာစိုးဇေယျရဲ့ ဆေးရုံကနေ ရလာခဲ့တာ။ ဒီတော့ ဒေါက်တာစိုးဇေယျနဲ့ ရင်းနှီးတဲ့ နှင်းသူအတွက် အဲဒီဆေးကို ရအောင်လုပ်ဖို့ ဘာများ ခက်ခဲနေဦးမှာလဲ။ ဟင့်အင်း၊ နှင်းသူကိုယ်တိုင်လည်း အဲဒီလိုဆေးမျိုးကို သောက်နေတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့သာ လုံးဝ ထပ်တူညီနေရင် ယုမေ ယူသောက်ခဲ့တဲ့အပေါ် ဘာမှ အံ့ဩနေစရာ မလိုတော့ဘူး။ ဆေးဘူးထဲက ဆေးကို နောက်တစ်ခါ သောက်ဖို့ သိမ်းထားလိုက်ရုံပဲ”

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို ပြောမလဲ” မင်းအာကာက မေးတယ်။

စိုးဇေယျက နာကျင်စွာနဲ့ ခေါင်းကို ငုံ့ထားတယ်။ “ကျွန်တော် တကယ်ပဲ နှင်းသူကို ထပ်တူညီတဲ့ဆေးမျိုး ပေးခဲ့ဖူးတယ်”

မျှော်လင့်ချက် မဲ့နေတဲ့ လေသံနဲ့ သူ ပြောလို့ ပြီးသွားတဲ့အခါမှာ လူတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။

“မဟုတ်သေးဘူး။ ဒါပေမယ့် ….” လွန်းဆက်မောင်က ပန်းနုဝေကို မော့ကြည့်ရင်း ပြောတယ်။ “နှင်းသူဆီမှာ ထပ်တူညီတဲ့ဆေး ရှိနေတယ် ဆိုရင်တောင်မှ ဘာကို သက်သေပြနိုင်မှာမို့လို့လဲ။ သူက ယုမေကို ဆေးပေးသောက်တယ်ပဲ ထားပါဦး။ ဘာများ ထူးခြားသွားမှာမို့လဲ”

“ဟုတ်တယ်။ အဲဒါအမှန်ပဲ။ ယုမေက သူ့ဆေးသူ သောက်လိုက်တာနဲ့ ဘာကွာသွားလို့လဲ” ဒေါ်သင်းလှက ပြောတယ်။

“တကယ်လို့ သူက ထပ်တူညီတဲ့ဆေးကို ယုမေကို ပေးခဲ့ရင်တော့ ဘာပြဿနာမှ ရှိမလာနိုင်တာ အမှန်ပဲ” ပန်းနုဝေက အေးအေးဆေးဆေး ပြောတယ်။ “ဒါပေမယ့် အဲဒီဆေးလုံးရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အင်မတန်မှ ဆင်ဆင်တူနေတဲ့ အိပ်ဆေး ဖြစ်နေခဲ့ရင်ရော။ နှင်းသူက သူ့လိုပဲ အဲဒီအကိုက်အခဲပျောက်ဆေးကို သောက်နေရတယ်လို့ ယုမေက သိနေတယ်ဆိုရင် ဘာမှ သံသယရှိမနေဘဲ အဲဒီဆေးလုံးကို သောက်ချပစ်လိုက်မှာပဲ မဟုတ်လား”

အဲဒီလိုသာဆိုရင်တော့ တကယ်လည်း ဖြစ်နိုင်ခြေရှိတယ်။ တုံ့ပြန်ချေပဖို့ အကြောင်းပြချက် ရှာမရလို့ ဖြစ်မယ် ထင်တယ်။ မင်းအာကာနဲ့ ဦးဟန်သာတို့ နှစ်ယောက်စလုံး ဘာတစ်ခွန်းမှ ထပ်မပြောကြတော့ဘူး။

“အင်မတန်မှ ဆင်ဆင်တူနေတဲ့ အိပ်ဆေး … တကယ်ရော ရှိနိုင်လို့လား” ယုတ္တိရှိပေမယ့် ဒေါ်သင်းလှကတော့ လက်ခံနိုင်သေးပုံ မရဘူး။ စိုးဇေယျကို လှမ်းမေးနေတယ်။

“လုံးဝ ကွက်တိတူတာမျိုး မရှိတောင်မှ အပြင်ပန်း တူတာမျိုးတော့ ရှိနိုင်တယ်” စိုးဇေယျက ရှုံ့မဲ့ရင်း ပြောတယ်။

ဒါပေမယ့် ဒေါ်သင်းလှက အရင်အတိုင်း သဘောတူဖို့ အခက်တွေ့နေဆဲပဲ။

“ဘယ်လောက် တူပါတယ် ဆိုတဲ့ ဆေးပဲဆိုဆို၊ နှင်းသူက ယုမေကို ယူပေးရင် ယုမေက ဘာမှကို သတိမမူဘဲ လုပ်မတဲ့လား။ တခြားလူတစ်ယောက် ပေးတဲ့ ဆေးကို မဆင်မခြင်နဲ့ သောက်ပစ်လိမ့်မယ်လို့ ငါကတော့ မယုံဘူး။ အဲဒီဆေးလုံးက သူ သောက်နေကျ ဆေးလုံး ဟုတ်မဟုတ် အသေအချာ စစ်ဆေးပြီးမှ သူ့ပါးစပ်ထဲကို ပစ်ထည့်မှာပဲ”

“နှင်းသူက ဒီလောက် ကြောက်စရာကောင်းတဲ့ အလုပ်မျိုးကို လုပ်လာလိမ့်မယ်လို့ ယုမေက အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ်သောက်နေတဲ့ ဆေးက ဘယ်လို ပုံသဏ္ဌာန်လဲ ဆိုတာကို အတိအကျ မှတ်မိနေတဲ့လူက အင်မတန်မှကို နည်းတယ်။ တကယ်လို့ နှင်းသူက သူ့ကို ဒါ သူသောက်နေတဲ့ ဆေးပါလို့ ပြောလိုက်ရင် သူက ယုံလိုက်မိမှာပဲ”

ဒေါ်သင်းလှတောင် ပန်းနုဝေရဲ့ စကားကို ဘယ်လိုမှ မချေပနိုင်တော့ဘူး။ ပန်းနုဝေရဲ့ အယူအဆကို လက်ခံလိုက်ကြတဲ့အလား အကုန်လုံး တုဏှိဘာဝေ ဖြစ်ကုန်ကြတယ်။

“အတင်းကာရော ချိတ်ဆက်ယူထားသလို ဖြစ်နေပေမယ့်လည်း ထားလိုက်ပါတော့လေ။ ငါ မင်းကို မေးချင်တာ ရှိသေးတယ်” မင်းအာကာက မေးခွန်းဆက်ထုတ်လာတယ်။ “တကယ်လို့ နှင်းသူက ယုမေကို သတ်ခဲ့တာဆိုရင် ဘာကြောင့်လဲ။ ရည်ရွယ်ချက်က ဘာလဲ။ မင်းက အဲဒီအချက်နဲ့ ပတ်သက်ပြီး သဲလွန်စ မရှိဘူးလို့ တစ်ချိန်လုံး ပြောနေခဲ့ပေမယ့် ဒီလောက်တောင် အခိုင်အမာ ပြောနေမှတော့ ဘာအထောက်အထားမှ မရှိတာမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး”

“ဘာကြောင့်လဲ … ဟုတ်လား” ပန်းနုဝေရဲ့ နီညိုရောင် သူငယ်အိမ်က မိုးပေါ်ကို ဝေ့ကြည့်လိုက်တယ်။ နောက်တော့ မင်းအာကာကို ကြည့်ရင်း ခေါင်းဆတ်ပြတယ်။ “ဟုတ်တယ်။ ကျွန်မမှာ မှန်းဆချက်တစ်ခု ရှိတယ်”

“ပြောကြည့်စမ်းပါဦး”

“ဘာကြောင့် သတ်တာလဲ ဆိုတော့ ….” ပန်းနုဝေက အသက်ကို တစ်ဝကြီး ရှူသွင်းပြီး ကိုယ့်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်လို့ လွန်းဆက်မောင်က ခံစားလိုက်ရတယ်။ “ကျွန်မအထင်တော့ … နှင်းသူက ယုမေရဲ့ လက်ထဲကနေ လွန်းဆက်မောင်ကို လုယူချင်လို့ပဲ”

လူတွေအားလုံးက အသိစိတ်တွေ ပျောက်ကုန်ကြတဲ့အလား ထူးဆန်းတဲ့ ဟာလာဟင်းလင်း ဖြစ်မှုကြီးက တဒင်္ဂလောက် အုပ်စိုးသွားတယ်။ လွန်းဆက်မောင်က ဘာပြောရမှန်း မသိအောင် ပါးစပ်အဟောင်းသား ဖြစ်နေတယ်။ တခြားလူတွေလည်း ထူးမခြားနားပဲ။ ဒါပေမယ့် သူတို့က ကာယကံရှင် မဟုတ်လေတော့ အလျင်အမြန်ပဲ​ သတိပြန်လည်လာကြတယ်။

“မင်း ဘာပြောတယ်။ ငါ နားမလည်လိုက်ဘူး” မင်းအာကာက စိတ်ဆိုးခြင်းတစ်ဝက် နောက်ပြောင်ခြင်းတစ်ဝက်နဲ့ စကားဆိုတယ်။

“နှင်းသူက လွန်းဆက်မောင်ကို ချစ်မိသွားတယ်” ပန်းနုဝေက စိတ်ချယုံကြည်တဲ့ မျက်နှာထားနဲ့ လွန်းဆက်မောင်ကို စိုက်ကြည့်နေတယ်။ “သူက အဲဒီချစ်စိတ်ကို ဘယ်လိုမှ ချွန်းအုပ်ထားလို့ မရနိုင်တော့လို့ ယုမေကို သတ်ပစ်ခဲ့တာပဲ ဖြစ်မယ်။ အဲဒီဖြစ်နိုင်ခြေပဲ ရှိတော့တယ်”

“အဓိပ္ပာယ်မရှိတာ။ မင်းက ဘာအထောက်အထား ရှိလို့ အဲဒီလို ပြောနိုင်ရတာလဲ။ နှင်းသူက သူ့ဝမ်းကွဲအစ်မရဲ့ ခင်ပွန်းလောင်းကို လုယူရလောက်အောင် အောက်တန်းကျတဲ့ မိန်းမမဟုတ်ဘူး”

“မဟုတ်ဘူး၊​ ဦး။ ဒါက အောက်တန်းကျခြင်း မကျခြင်းနဲ့ မဆိုင်ဘူး။ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ရနိုင်ဖို့အတွက် လူတွေက တစ်ခါတလေမှာ မူမမှန်တဲ့ လုပ်ရပ်တွေကို လုပ်တတ်ကြတယ်။ ပြီးတော့ နှင်းသူရဲ့ စိတ်သဘောထားနဲ့ ပတ်သက်ပြီး ကျွန်မမှာ ဘာအထောက်အထားမှ မရှိတာတော့ မဟုတ်ဘူး။ အဲဒီအချက်ကို ယုမေဆီက ကျွန်မနားနဲ့ဆတ်ဆတ် ကြားခဲ့ရတာ”

“ဘာ … ယုမေက ပြောတယ် …”

“ဟုတ်တယ်၊ ဒေါ်လေး။ ယုမေက ကျွန်မကို ပြောပြတာ။ သူက နှင်းသူကို အင်မတန်မှ စိုးရိမ်နေတယ်။ မဟုတ်ဘူး၊ ကြောက်နေတယ်လို့ ပြောမှ ပိုမှန်လိမ့်မယ်။ လွန်းဆက်မောင်ကို နှင်းသူ ကြည့်နေတဲ့ အကြည့်တွေက ပုံစံပြောင်းလာတယ် ဆိုတာကို သူက ရိပ်စားမိတယ်။ ဒါကြောင့် တစ်ချိန်လုံး ရင်တမမ ဖြစ်နေခဲ့တာ။ နှင်းသူဘက်က တစ်ခုခု လှုပ်ရှားလာမှာကို သူ ကြောက်နေခဲ့တာ”

“မယုံနိုင်စရာပဲ။ ယုမေက ငါ့ကို တစ်ခွန်းမှ မဟဖူးဘူး …” ဒေါ်သင်းလှက နာကျင်ခံခက်စွာနဲ့ ကိုယ်ကို တစ်ဖက်လှည့်သွားတယ်။

“အဲဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဖို့ ယုမေက ကျွန်မကို ကတိတောင်းခဲ့တယ်။ ပြီးတော့ သူ့ညီမအပေါ် အဲဒီလို အမြင်စောင်းနေမိတဲ့အတွက်လည်း သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားနေရသလိုပဲ”

ယုမေသာဆိုရင် တကယ်ပဲ အဲဒီလို တွေးနေမှာ သေချာတယ်လို့ လွန်းဆက်မောင်က ယူဆမိတယ်။

ပန်းနုဝေက စကားဆက်တယ်။ “တကယ်လို့ နှင်းသူသာ စိတ်ပါလက်ပါနဲ့ လှုပ်ရှားဆောင်ရွက်ရင် လွန်းဆက်မောင်ရဲ့ စိတ်က သူ့ဘက် ယိုင်နဲ့သွားနိုင်တယ်လို့ ယုမေက ကြောက်ရွံ့နေတယ်။ နှင်းသူက ဆွဲဆောင်မှု အပြည့်ရှိတဲ့ မိန်းမချောတစ်ယောက် မဟုတ်လား။ ဘယ်ယောက်ျားကမှ ကျောက်ရုပ်လို မတုန်မလှုပ်ဘဲ နေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် သူက …..”

“ခြေတစ်ဖက်ပဲ ရှိတဲ့ မိန်းမ ဖြစ်နေတယ်။ အဲဒီလို မဟုတ်လား”

ပန်းနုဝေက စကားဆက်ဖို့ တွန့်ဆုတ်နေတုန်းမှာ မင်းအာကာက သူ့စကားကို ဝင်ဖြည့်ပေးလိုက်တယ်။ စကားဆက်က ကွက်တိ ဖြစ်သွားပုံပဲ။ ပန်းနုဝေက နှုတ်ဆိတ်နေတယ်။ တခြားလူတွေလည်း စကားဟဖို့ အကျပ်ရိုက်နေကြတယ်။

“ဟင့်အင်း၊ ခင်ဗျား ညာပြောနေတာ။ အဲဒါ လုံးဝ မဖြစ်နိုင်ဘူး” စိုးဇေယျက လွန်းဆက်မောင်ကို လက်ညှိုးထိုးရင်း ပွစိပွစိနဲ့ စကားဆိုတယ်။ “သူ …. နှင်းသူက ဘယ်လိုလုပ်ပြီး …. ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို ကြိုက်မှာတဲ့လဲ။ သူ ကျွန်တော်ကို ပြောခဲ့ဖူးတယ်။ ယောက်ျားတစ်ယောက်ရဲ့ ရုပ်ရည်ကို သူ ဂရုမစိုက်ဘူး။ စာနာသနားတတ်တဲ့၊ နူးညံ့ပြီး ရိုးသားတဲ့လူကို သဘောကျတယ်တဲ့။ သူက ဘယ်မှာလာပြီး အဲဒီလိုလူမျိုး ဖြစ်နိုင်ပါ့မလဲ”

ဘေးက ထိုင်နားထောင်နေတဲ့ ငဆွေက တခွိခွိနဲ့ ထရယ်တယ်။ တခြားလူတွေက မရယ်ကြပေမယ့် စိတ်ထဲမှာတော့ ကလိကလိ ဖြစ်နေမှာ သေချာတယ်။ အားလုံးက အေးစက်စက် မျက်လုံးတွေနဲ့ သူ့ကို တုံ့ပြန်ချေပဖို့ ဘယ်သူမှ စိတ်မပါကြဘူး။ လွန်းဆက်မောင်ကတော့ သူ့ကို အနည်းအကျဉ်းတော့ သနားနေမိတယ်။ သူက နှင်းသူကို တကယ် ချစ်နေပုံပါပဲ။ ပြီးတော့ နှင်းသူက ဒီကမ္ဘာလောကမှာ မရှိတော့ဘူး ဆိုတာတောင်မှ သူ့ကို နှင်းသူကလည်း အကောင်းမြင်နေလိမ့်မယ်လို့ သူက အခိုင်အမာကြီးကို ယုံကြည်ထားတာ။

“ဆက်မောင်၊ မင်းကရော။ နှင်းသူရဲ့ စိတ်သဘောထားကို မင်းက နည်းနည်းမှ မရိပ်မိဘူးလား” မင်းအာကာက မေးတယ်။

လွန်းဆက်မောင်က အဲဒီမေးခွန်းကို မစိုးရွံ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ရှောင်ပုန်းချင်တာတောင်မှ ရှောင်ပုန်းလို့ မရဘူး ဆိုတာကို သူ သဘောပေါက်နေတယ်။

“အဲ … အဲဒါတော့ ကျွန်တော် မသိဘူး” သူက ခေါင်းခါယမ်းတယ်။

“အခုလို ကိစ္စမျိုးက ပါးစပ်ဟရတာ အင်မတန်မှ ခက်တယ်မလား” ဘေးနားမှာ ရှိတဲ့ ငဆွေက ခပ်ထေ့ထေ့ ဝင်ပြောတော့ လွန်းဆက်မောင်က သူ့ကို မျက်စောင်းတစ်ချက် ထိုးပြီး ချက်ချင်းပဲ ခေါင်းကို ငုံ့ထားလိုက်တယ်။

“မင်း ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်မလား။ အခုက ရှက်နေရမယ့် အချိန်မဟုတ်ဘူး” မင်းအာကာက အတင်းမေးတယ်။ အားလုံးက အသက်အောင့်ပြီး လွန်းဆက်မောင်ကို ငေးကြည့်နေကြတယ်။ အခုလို အနေအထားမျိုးမှာ စကားရော ဖောရောနဲ့ ပြီးပြီးရော ပြောပစ်လိုက်လို့မှ မဖြစ်တာ။

“သူ ကျွန်တော်အပေါ် အကောင်းမြင်စိတ် ရှိတယ် ဆိုတာကိုတော့ နှစ်ကြိမ်၊ သုံးကြိမ်လောက် သတိထားမိတယ်”

လွန်းဆက်မောင်က ပညာသားပါပါ ပြောလိုက်တာ ဆိုပေမယ့် ပန်းနုဝေရဲ့ အဆိုကို ထောက်ခံလိုက်သလို ဖြစ်သွားခဲ့တာတော့ အမှန်ပဲ။ ဒီလောက်ဆိုရင် လုံလောက်သွားပြီ။ မင်းအာကာတို့ လူစုက ခေါင်းညိတ်လိုက်ကြတယ်။ စိုးဇေယျကတော့ နှုတ်ခမ်းကို ဖိကိုက်ထားတယ်။

“အဲဒါ မှန်တယ်ပဲ ထားပါဦးတော့။ နှင်းသူက ယုမေကို သတ်ပစ်ဖို့ လိုအပ်တာမှ မဟုတ်ဘဲ” ဦးဟန်သာခမျာ အတော်လေး စိတ်ထိခိုက်နေပုံ ရတယ်။ ခေါင်းငိုက်စိုက် ချရင်း လက်နှစ်ဖက်နဲ့ ခေါင်းကို ထိထားပြီးတော့ ပြောတယ်။ “သူသာ ဆက်မောင်ကို လုယူချင်ရင် သူ လှုပ်ရှားလိုက်ရင် ရနေပြီပဲ။ ပြိုင်ဖက်က ကိုယ်အင်္ဂါချို့တဲ့နေတဲ့ မိန်းကလေးတစ်ယောက်ပဲ ဥစ္စာ။ နှင်းသူကသာ အဲဒီစိတ်သဘောထားမျိုး ရှိရင် ယုမေက သူ့ကို ဘယ်လိုလုပ်ပြီး နိုင်နိုင်ပါ့မလဲ”

“ဖေကြီးက အဲဒီလိုပြောလိုက်တော့ ယုမေက အတော်ကို သနားစရာကောင်းသွားပြီ”

“မတတ်နိုင်ဘူးကွာ။ ငါက အမှန်တရားကို ပြောပြတာလေ။ ငါလည်း အဲဒီလို စကားမျိုး မပြောချင်ပါဘူး”

“ဟင့်အင်း၊ အဲဒါ အမှန်တရား မဟုတ်ဘူး” လွန်းဆက်မောင်က ပြောတယ်။ ဒီအချိန်မှာ သူ ဘယ်လိုမှ ရေငုံနှုတ်ပိတ် နေလို့ မရတော့ဘူး။ “နှင်းသူက ဘယ်လိုပဲ စိတ်ကူးနေပါစေဗျာ။ ကျွန်တော်နဲ့ ယုမေအကြားမှာ ဘာမှ အပြောင်းအလဲ ဖြစ်သွားမှာ မဟုတ်ဘူး”

အဲဒီစကားကြောင့် ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုက လွန်းဆက်မောင် မှန်းဆထားတာထက် ပိုလွန်သွားတယ်။ လူအားလုံးရဲ့ မျက်နှာအမူအရာနဲ့ လှုပ်ရှားမှုအားလုံးက ပေါ့စ် (pause) ခလုတ် နှိပ်ခံလိုက်ရတဲ့အတိုင်း တဒင်္ဂ တန့်ရပ်သွားပြီး အချိန်က တစ်အောင့်လောက် ဆိုင်းငံ့သွားတယ်။ ဦးဟန်သာတို့ လင်မယားက ကြေကွဲဝမ်းနည်းတဲ့ အကြည့်တွေနဲ့ သမီးရဲ့ ခင်ပွန်းလောင်းကို စိုက်ကြည့်နေကြတယ်။

“ဟုတ်တယ်။ အဲဒီလိုပဲ။ အဲဒီလိုပဲ ဖြစ်ရမယ်” ဒေါ်သင်းလှက လက်ညှိုးထိပ်နဲ့ မျက်ထောင့်ကို ဖိတို့လိုက်တယ်။ “ဆက်မောင်က အဲဒီလိုပဲ နေမှာ။ ဒါကြောင့် နှင်းသူက ဘယ်လိုပဲ တွေးတွေး၊ ယုမေက ပူပန်နေစရာ မလိုဘူး”

“ကျွန်မအထင်တော့ နှင်းသူကလည်း အဲဒီလို တွေးမိမှာပါပဲ” ပန်းနုဝေက ပြောတယ်။ “နှင်းသူက ဦး ပြောခဲ့သလို အဲဒီလောက်ကြီး သူ့ကိုယ်သူ ယုံကြည်မှု ရှိမနေဘူး။ တကယ်လို့သာ ယုမေက ဒီကမ္ဘာလောကထဲကနေ ပျောက်ကွယ်မသွားရင် လွန်းဆက်မောင်ရဲ့ နှလုံးသားက ယုမေနားကနေ တစ်ဝဲလည်လည်နဲ့ တစ်ဖဝါးမှ ခွာမှာ မဟုတ်ဘူးလို့ သူက ယူဆထားလောက်တယ်”

“နှင်းသူက အဲဒီလောက် ကြောက်စရာကောင်းတဲ့ အတွေးမျိုး ရှိနိုင်ပါ့မလား” ဒေါ်သင်းလှက မျက်လုံးကို တဖျပ်ဖျပ် ခတ်နေတယ်။

“အချစ်က လူကို ကန်းစေတယ်တဲ့” ငဆွေက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။

“ငါ မင်းဆိုလိုချင်တဲ့ သဘောကို နားလည်တယ်။ ဒါပေမယ့် အခု နားထောင်လာခဲ့ပြီးသမျှ အထိတော့ မင်း စစချင်း ပြောခဲ့သလိုပဲ ဘာအထောက်အထားမှ ရှိမနေဘူး။ ပြောရရင်တော့ မင်းဟာက ယုတ္တိရှိတဲ့ ယူဆချက်တစ်ခုမျှပဲ” မင်းအာကာက လေးနက်တည်ကြည်တဲ့ လေသံနဲ့ ပန်းနုဝေကို ပြောတယ်။

“ကျွန်မ ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းက အထောက်အထားကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ရှာဖို့ပဲ”

“ဒါကြောင့် ယုမေက သူများသတ်လို့ သေရပါတယ်လို့ လူသိရှင်ကြား ကြေညာလိုက်တာပေါ့၊ ဟုတ်လား”

“အဲဒီလို လုပ်လိုက်မှ မသိရသေးတဲ့ အမှန်တရားတွေက အားလုံးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာနိုင်မှာပေါ့။ ပြီးတော့ အဲဒီအချိန်မှာ နှင်းသူရဲ့ တုံ့ပြန်ပုံကိုလည်း ကျွန်မ အကဲခတ်ကြည့်ချင်သေးတယ်”

“သူက ဘယ်လို တုံ့ပြန်လဲ။ မင်း လေ့လာစုံစမ်းထားပြီးသလောက် ဆိုရင် သူက တကယ်ပဲ ယုမေကို သတ်တဲ့ တရားခံ ဖြစ်နိုင်လား”

“မပြောတတ်ဘူး။ မပြောတတ်ဘူး ဆိုပေမယ့် အခု နှင်းသူ အသတ်ခံလိုက်ရတဲ့ ကိစ္စကြောင့် ပိုပြီးတော့တောင် ယုံကြည်မှု ခိုင်မာသွားတယ်။ ကျွန်မရဲ့ ကောက်ချက်က လွဲစရာ မရှိတော့ဘူး။ ပြီးတော့ …” ပန်းနုဝေက အကြည့်ကို မင်းအာကာကနေ လွန်းဆက်မောင်ဆီကို ရွှေ့လိုက်တယ်။ “သူ့ရဲ့ အပြုအမူတွေကို ကြည့်ခြင်းအားဖြင့် သူက လွန်းဆက်မောင်ကို ချစ်နေပြီလို့ ကျွန်မ အတပ် ပြောရဲတယ်”

လွန်းဆက်မောင်က ဘာဝင်ပြောရမှန်း မသိဘူး ဖြစ်နေတယ်။ ဒီမှာ နေနေရတာက သူ့အတွက် မဟာဒုက္ခကြီးပဲ။ ခက်တာက ထွက်သွားလို့လဲ မရပြန်ဘူး။

“ကောင်းပြီ။ မင်းရဲ့ ကောက်ချက်က မှန်တယ်ပဲ ထားပါတော့။ နှင်းသူက ယုမေကို သတ်ပစ်လိုက်တယ်။ ကဲ … ဒါဆို နှင်းသူကရော ဘာဖြစ်လို့ အသတ်ခံရတာလဲ။ အဲဒါကိုလည်း ထပ်ပြီး ရှင်းပြစမ်းပါဦး။ ဒါပေမယ့် မင်းကို မမေးတောင်မှ မင်းရဲ့ အဖြေကို ခန့်မှန်းလို့ ရနိုင်တယ်”

“ကိုအာကာ မှန်းတာ မမှားလောက်ပါဘူး” ပန်းနုဝေက မျက်မှောင်ကို ကျုံ့ထားတယ်။ အဲဒီစကားကို ကိုယ်ပိုင်ဆန္ဒမပါဘဲ ပြောလိုက်ရတဲ့အတိုင်းပဲ။ “လက်စားချေတာ။ လူသတ်တရားခံက ယုမေအတွက် လက်စားချေပေးချင်လို့ နှင်းသူကို သတ်ပစ်လိုက်တာ”

ဦးဟန်သာတို့ လင်မယားက ထွက်သက်ရှည်ကို မှုတ်ထုတ်လိုက်ကြတယ်။ ဒါပေမယ့် မင်းအာကာကတော့ ကြိုတင်မှန်းဆထားပြီးလို့ ဖြစ်မယ်။ မျက်နှာပျက်ပျက်နဲ့ ခေါင်းညိတ်လိုက်ပြီး ပြောတယ်။ “အဲဒီလို ထင်မြင်ချက်မျိုး ရှိနေတာလည်း သဘာဝ ကျပါတယ်”

လွန်းဆက်မောင်ကလည်း ပန်းနုဝေရဲ့ အဖြေအပေါ် အံ့ဩထိတ်လန့်မှု မဖြစ်ဘူး။

“ဒီလိုဆိုတော့ ကျွန်မက လွဲလို့ ယုမေ သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို သတိထားမိတဲ့သူ ဘယ်သူမှ မရှိဘူးပေါ့”

ပန်းနုဝေ ပြောပြီးပြီးချင်းမှာပဲ စိုးဇေယျက သူ့ရဲ့စကားကို အညှာကိုင်ပြီး ပြန်ပက်လိုက်တယ်။ “အေး၊ ဟုတ်တယ်။ ခင်ဗျားက လွဲလို့ပဲ။ ဒါက သံသယစာရင်းထဲကနေ ကိုယ့်ကိုယ်ကိုယ် ဖယ်ထုတ်လိုက်တာ မဟုတ်လား”

ပန်းနုဝေက စိတ်မရှည်စွာနဲ့ သက်ပြင်းချတယ်။ “ယုမေကို ချစ်ခင်ကြတဲ့ လူတွေအားလုံးက သံသယရှိထိုက်တဲ့ လူတွေချည်းပဲ။ ဒါပေါ့၊ ကျွန်မကိုပါ ထည့်တွက်ချင်ရင်လည်း တွက်နိုင်ပါတယ်”

“ဒီလိုဆိုရင်တော့ စောစောတုန်းကနဲ့ လုံးဝပြောင်းပြန် ဖြစ်သွားပြီ။ ယုမေနဲ့ သွေးရင်းသားရင်းဖြစ်တဲ့ ကျွန်တော်တို့က မသင်္ကာစရာ ပိုကောင်းသွားတော့တာပေါ့”

မင်းအာကာရဲ့ စကားကို ကြားတော့ ပန်းနုဝေက အားတောင့်အားနာနဲ့ လွန်းဆက်မောင်ကို လှမ်းကြည့်တယ်။ သူ ဘာပြောချင်နေသလဲ ဆိုတာကို လွန်းဆက်မောင်က နားလည်လိုက်တယ်။

“ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော်ကလည်း သံသယရှိထိုက်သူ တစ်ယောက်ပဲ။ တကယ်လို့သာ ယုမေအတွက် လက်စားချေတာ ဆိုရင် ကျွန်တော်က သံသယ အရှိထိုက်ဆုံးလူတောင် ဖြစ်ချင် ဖြစ်နေမှာ”

“စိတ်မကောင်းပါဘူး။ ဒါပေမယ့် ရှင် ပြောတာ အမှန်ပဲ” ပန်းနုဝေက တောင်းပန်တဲ့အနေနဲ့ ဦးခေါင်းကို မသိမသာ ဆတ်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့ အကြည့်တွေထဲမှာတော့ တောင်းပန်တဲ့ အရိပ်အယောင်က တစ်စက်ကလေးမှ ပါမနေဘူး။ သူက တကယ်ပဲ ကိုယ့်ကို သံသယ ဝင်နေတာပါလားလို့ လွန်းဆက်မောင်က ခံစားလိုက်ရတယ်။

“အဲဒီလို အဓိပ္ပာယ် မရှိတဲ့ စကားမျိုးကို ကျွန်တော်ကတော့ မယုံဘူး။ နှင်းသူကိုများ လူသတ်သမားတဲ့။ ဦးနှောက်မှန်တဲ့လူက ဘယ်တော့မှ အဲဒီလို တွေးမှာ မဟုတ်ဘူး” စိုးဇေယျက နာနာကျည်းကျည်း ပြောတယ်။“ခင်ဗျားရဲ့ စိတ်ကူးယဉ်ဝတ္ထုရှည်ကြီးကို ဒီလောက်အကြာကြီး ပြောလာခဲ့တာ လုံးဝ ဖြစ်နိုင်ခြေ မရှိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခိုင်မာတဲ့ သက်သေသက္ကာယလည်း ဘာမှ ရှိမနေဘူး။ အကုန်လုံးက ခင်ဗျားရဲ့ ထင်ကြေးတွေချည်းပဲ။ ကျွန်တော် စစချင်းတုန်းက ပြောခဲ့တဲ့ မိန်းမနှစ်ယောက်စလုံးရဲ့ လူသတ်တရားခံက တစ်ယောက်တည်းပဲ ဖြစ်ရမယ် ဆိုတဲ့ ယူဆချက်နဲ့ ဘာများ ကွာခြားနေသေးလို့လဲ။ အဲ … မဟုတ်ဘူး။ ကျွန်တော့်အမြင် ပြောရရင် လက်စားချေတယ် ဆိုတဲ့ ယူဆချက်ထက် ကျွန်တော်ရဲ့ ထင်မြင်ချက်က ပိုပြီး ခိုင်လုံမှု ရှိသေးတယ်။ ပထမဦးဆုံးအနေနဲ့ …”

သူက ပန်းနုဝေကို စိုက်ကြည့်ရင်း ဆက်ပြောတယ်။ “ယုမေကို သေစေလိုတဲ့ စေတနာ ခင်ဗျားမှာ ရှိနေတယ် ဆိုတဲ့ ပုစ္ဆာကို ခင်ဗျား ဖြေရှင်းမပေးသေးဘူး။ ခင်ဗျားက လက်စားချေချင်လို့ပါ ဆိုတဲ့ အဆိုနဲ့ အားလုံးကို လမ်းလွဲသွားအောင် လုပ်နေတယ်လို့ ကျွန်တော် ထင်တာပဲ”

“ဟင့်အင်း။ အထောက်အထား မရှိဘူး ဆိုပေမယ့် ပန်းနုရဲ့ သုံးသပ်ချက်က တော်တော်လေးကို ခိုင်လုံတယ် ပြောရမယ်။ လောလောလတ်လတ် ဖန်တီးယူထားတာမျိုး မဖြစ်နိုင်ဘူး” လွန်းဆက်မောင်က ပြောတယ်။ မျက်မှောက်အနေအထားအရ သူက စိုးဇေယျကို အလိုလို ချဉ်နေမိတယ်။ “ပြီးတော့ ပန်းနုကို မသင်္ကာဘူး ဆိုတဲ့ ခင်ဗျားရဲ့ ထင်မြင်ချက်ကလည်း အထောက်အထား မရှိဘူးပဲ မဟုတ်လား”

စိုးဇေယျက ပြူးကြောင်ကြောင် ငေးကြည့်နေတယ်။ တစ်ခုခု ပြောချလိုက်ချင်ပေမယ့် ပြန်လှန်ချေပဖို့ စကားလုံး ရှာမတွေ့တဲ့ ပုံမျိုး။ နောက်ဆုံးတော့ လက်နှစ်ဖက်ပိုက်ပြီး တစ်ဘက်ကို မျက်နှာလွှဲသွားတယ်။

ဒီလောက်အထိ ဆွေးနွေးပြီးသွားတဲ့နောက်မှာတော့ အချက်တစ်ချက်က ဘူးပေါ်သလို ရှင်းလင်းပြတ်သားလာတယ်။ ဘာလဲဆိုတော့ နှင်းသူရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒီမှာ ရှိနေကြတဲ့ လူတွေအားလုံးကို သံသယရှိထိုက်တယ် ဆိုတာပဲ။ ဒါပေမယ့် ပန်းနုဝေက နောက်တစ်ဆင့်တက်ပြီး ဘာဆက်လုပ်ရမလဲ ဆိုတာကို ပိုင်ပိုင်နိုင်နိုင် အကွက်ချထားနိုင်သေးပုံ မရဘူး။ သူ့လက်ထဲမှာ ရှိတဲ့ ဖဲတွေအကုန်လုံးကို သူ ချသုံးပစ်လိုက်ပြီ နေမှာ။

“ဘာတုံးဟ။ ဘာဖြစ်လို့ စကားမပြောကြတော့တာလဲ။ ဒါနဲ့ပဲ ပြီးသွားပြီလား” ငဆွေက ပြက်လုံးထုတ်နေတဲ့အလား ပြောတယ်။

မင်းအာကာက အတက်အကျ မရှိတဲ့ အသံနဲ့ ပြောတယ် “မပြီးသေးဘူး။ အခုမှ စမလို့ပဲ ရှိသေးတယ်”

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *