Show contents

(ဂ)

“ဟိုဒိုင်ယာရီစာရွက်ကို ရှာမတွေ့ဘူးလား” မင်းအာကာက ငဆွေကို နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

“မတွေ့ဘူး။ အဲဒီစာရွက်ကို ရှာဖို့အတွက် အလောင်းကိုတောင် နေရာရွှေ့လိုက်သေးတယ်။ ခုတင်ပေါ်ကိုလည်း ရှာကြည့်ပြီးသွားပြီ”

‘အလောင်း’ ဆိုတဲ့ စကားလုံးက လွန်းဆက်မောင်ရဲ့ နားထင်ကို အုန်းကနဲ နောက်တစ်ကြိမ် ဝင်ဆောင့်ပြန်တယ်။ ဒီလောက် လှပကြော့ရှင်းတဲ့ မိန်းမပျိုတစ်ယောက်က အခုတော့ အလောင်းတစ်လောင်း ဖြစ်သွားပြီတဲ့လား။

“အဲဒီလိုဆိုရင်တော့ အဲဒီစာရွက်ကို လူသတ်သမား ယူသွားတာပဲ ဖြစ်နိုင်တော့မှာပေါ့” မင်းအာကာက ပန်းနုဝေကို တစ်ချက် စွေကြည့်ရင်း ပြောတယ်။

စောစောတုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့နှစ်ယောက် ငြင်းခုံထားခဲ့လို့ ဖြစ်မယ် ထင်တယ်။ ပန်းနုဝေက သိပ်ကြည်သေးပုံ မရဘူး။

မင်းအာကာက စကားဆက်တယ်။

“ရက်စွဲအရ ကြည့်မယ်ဆိုရင် ဖြဲခံလိုက်ရတဲ့ အဲဒီစာရွက်ပေါ်မှာ ယုမေသေတဲ့နေ့က ကိစ္စတွေကို ရေးထားတာ ဖြစ်မယ်။ အကြောင်းအရာက လူသတ်သမားကို ကောင်းကျိုးမပေးနိုင်တာ သေချာသလောက်ပဲ။ ဒါပေမယ့် သူ့ကို ဘယ်လို ကောင်းကျိုးမပေးနိုင်တာမျိုး ဖြစ်မလဲ”

ဘယ်သူမှ မဖြေကြဘူး။ ဒါပေမယ့် အားလုံးရဲ့ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ သုံးသပ်ချက်ကို ဘယ်သူကမှ ကန့်ကွက်လိုဟန် မရှိဘူး။

“ဒါပေမယ့် ယုမေ သေတဲ့ ကိစ္စမှာ ဘာလျှို့ဝှက်ချက်မှ ရှိမနေဘူးလို့ ငါကတော့ ယူဆတာပဲ”

ဦးဟန်သာက သက်ပြင်းချပြီး ပြောတယ်။ ဘေးနားမှာ ရှိတဲ့ ဒေါ်သင်းလှက ညင်ညင်သာသာ ခေါင်းညိတ်လိုက်တယ်။ တကယ်တော့ ယုမေ သေတဲ့ ကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတယ်လို့ သူတို့က လက်ခံဖို့ ငြင်းဆန်နေကြတာပါ။

“ဒီနေ့ဒီအခြေအနေ ရောက်နေမှတော့ အဲဒီလိုစကားမျိုး ပြောမနေပါနဲ့တော့။ ရင်ထဲမှာ ရှိနေတဲ့ စိတ်ရင်းအမှန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့ လိုလာပြီ။ အဖေ၊ အရင်ကလည်း ယုမေ သေတာနဲ့ ပတ်သက်ပြီး သံသယ ဝင်ခဲ့ဖူးတယ် မဟုတ်လား။ အထူးသဖြင့် ဒီနေ့လို ဒိုင်ယာရီစာရွက်ကို အဖြဲခံလိုက်ရတဲ့ …”

မင်းအာကာက စိတ်လှုပ်ရှားစွာ ပြောနေတုန်းမှာပဲ ငဆွေက လက်ဆန့်တန်းပြီး ဝင်ဖျက်လိုက်တယ်။ “နေကြပါဦး။ ငါက အပြင်လူဆိုပေမယ့် ငါ့ကိုလည်း တစ်ခွန်းလောက် လျှာရှည်ခွင့် ပြုဦး”

“ပြောပါဦး” မင်းအာကာက စိတ်မရှည်တဲ့ အမူအရာနဲ့ ပြောတယ်။

“မင်း ဘာပြောချင်တယ် ဆိုတာကို ငါ နားလည်တယ်။ ဒါပေမယ့် ငါ ထောက်ပြချင်တာက တခြားဖြစ်နိုင်ခြေကိုလည်း မျက်စိလျှမ်းမသွားနဲ့ဦး”

“ဘာကိုဆိုလိုတာလဲ”

“တကယ်တော့ လူသတ်သမားက ဟိုသူဌေးသမီးရဲ့ သေဆုံးမှုနဲ့ ဘယ်လိုမှ မပတ်သက်တဲ့လူလည်း ဖြစ်နိုင်သေးတာပဲ။ …. ငါ ပြောတာ ဆုံးအောင် နားထောင်ဦး။ မင်းတို့ရဲ့ စိတ်တွေက အဲဒီကားမှောက်တဲ့ကိစ္စကို အခုချိန်ထိ လွှတ်မချနိုင်ကြသေးဘူး။ ဒါကြောင့် လူသတ်သမားက အဲဒီအချက်ကို အသုံးချသွားတာလည်း ဖြစ်နိုင်တယ်။ တစ်နည်းပြောရရင် အဲဒါ ထောင်ချောက်တစ်ခုပဲ။ အခုလူသတ်မှုနဲ့ ဟိုသူဌေးသမီးရဲ့ သေဆုံးမှုက ဆက်စပ်နေပါတယ်လို့ မင်းတို့အားလုံးကို မှတ်ယူစေချင်လို့ လူသတ်သမားက အဲဒီဒိုင်ယာရီစာရွက်ကို တမင် ဖြဲယူသွားတယ်။ တကယ်တမ်းကျတော့ အဲဒီစာရွက်ပေါ်မှာ ဘာမှ ထူးထူးခြားခြား ရေးထားတာ မရှိဘူး”

“ဒါတော့ မဖြစ်နိုင်ဘူး” ပန်းနုဝေက သူ့ရဲ့ ထင်မြင်ချက်ကို ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်။ “အဲဒီစာရွက်ပေါ်မှာ ဘာမှ ရေးမထားတာမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ယုမေသေဆုံးမှုရဲ့ လျှို့ဝှက်ချက်ကို ရေးထားမှာ သေချာတယ်”

သူ့ရဲ့လေသံက အလွန်အကျွံကြီးကို ပိုင်နိုင်လွန်းနေတော့ကာ လွန်းဆက်မောင် အပါအဝင် ကျန်သူအားလုံးက မှင်တက်သွားကြတယ်။ သူ့ရဲ့ စကားထဲမှာ သဘာဝ မကျတာတွေ ပါသွားတယ်လို့ သူကိုယ်တိုင် သတိထားမိသွားလို့ ထင်တယ်။ နောက်တစ်ခွန်းကို အလျင်အမြန် ဖြည့်ပြောလိုက်တယ်။ “ကျွန်မတော့ အဲဒီလို ယူဆတာပဲ”

“စိတ်ခံစားချက်ကို ဖယ်ထုတ်ပြီး ပြောမယ်ဆိုရင် ငါနဲ့ မင်းရဲ့ အမြင်က တစ်ထပ်တည်းပဲ” ဦးဟန်သာက ငဆွေကို ကြည့်ရင်း ပြောတယ်။ “ယုမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အားလုံးက အတွေးလွန်နေကြတယ်။ ဒါကြောင့် လူသတ်သမားက အဲဒီအချက်ကို အသုံးချဖို့ အကွက်တွေ့သွားခဲ့တာ”

သူ့ရဲ့ ထင်မြင်ချက်ကို ထောက်ခံသူ ရှိမှန်း သိလာတော့ ငဆွေက သိသိသာသာကြီး ဝမ်းသာနေတယ်။ “အဲဒီလိုသာ အမှန်ဆိုရင်တော့ လူသတ်သမားရဲ့ အကွက်ချပုံက အတော်လေး ပညာသားပါတယ်။ ငါတို့ကို လုံးဝအဓိပ္ပာယ်မရှိတဲ့ ဆွေးနွေးမှုတွေထဲမှာ မရောင်ရာ ဆီလူးခိုင်းထားပြီး လူသတ်သမားနဲ့လည်း တစ်စက်ကလေးမှ နီးစပ်သွားနိုင်စရာ အကြောင်းမရှိဘူး”

“အဲဒီလို ဖြစ်နိုင်ခြေမျိုးလည်း တကယ် ရှိနိုင်တာပဲ။ ဒါပေမယ့် သူက ဘယ်လို အကြောင်းကြောင့် လူသတ်ရတာလဲ” လွန်းဆက်မောင်က ငဆွေကို မကြည့်ဘဲ ဦးဟန်သာကို မေးခွန်းထုတ်လိုက်တယ်။

“ဒါတော့ လူသတ်သမားကို မေးမှ သိနိုင်တော့မှာပဲ” ဦးဟန်သာက ဖြေတယ်။ “ဒါပေမယ့် ကြိုတင်ကြံစည်ပြီး သတ်ဖြတ်တယ်လို့ ပြောလို့ ရနိုင်တဲ့ သက်သေအထောက်အထားက လုံးဝ မရှိတော့ ပြဿနာ သေးသေးလေးတစ်ခုကြောင့် စိတ်လိုက်မာန်ပါ လူသတ်မိတာလည်း ဖြစ်နိုင်သေးတာပဲ”

“စိတ်လိုက်မာန်ပါ … ဘာကို ဆိုလိုတာလဲ” လွန်းဆက်မောင်က မေးတယ်။ “ကြိုတင်ကြံစည်ထားလို့သာပဲ လူသတ်သမားက နှင်းသူကို စာတိုပေးခဲ့တာ မဟုတ်ဘူးလား”

“မဟုတ်ဘူး။ အဲဒီစာတိုရဲ့ ရည်ရွယ်ချက်က လူသတ်ဖို့ ဟုတ်ချင်မှ ဟုတ်မှာ” ဒီလို ဆွေးနွေမှုမျိုးမှာ ဝင်ပါရတာကို သဘောကျလို့လားတော့ မသိဘူး။ ငဆွေက ဦးဟန်သာကိုယ်စား အဖြေပေးတယ်။ “ဟိုမိန်းမကို စာတိုပေးလိုက်တဲ့ အချိန်တုန်းက လူသတ်သမားရဲ့ ရည်ရွယ်ချက်က သူ့အခန်းထဲ ဝင်ချင်တာလောက်ပဲ ဖြစ်ချင် ဖြစ်မှာ။ အဲ ညကြီးသန်းခေါင်မှာ မိန်းမတစ်ယောက်ရဲ့ အခန်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်သွားရတဲ့ အကြောင်းအရင်းက … သေချာတာတော့ တစ်ခုပဲ ရှိတယ်”

“ဟ … ဒါဆို မင်းကလွဲလို့ ဘယ်သူ ရှိဦးမှာလဲ” မင်းအာကာက လက်ပိုက်ထားရင်း အထင်သေးမှုထဲမှာ ဒေါသရောစွက်နေတဲ့ အကြည့်နဲ့ ငဆွေကို စိုက်ကြည့်နေတယ်။

“ငါ့ကို ဆွဲထည့်ပြန်ပြီ။ မင်းတို့ထဲမှာလည်း အဲဒီမိန်းမကို ဆင်ကြံကြံနေတဲ့သူ ရှိတယ် မဟုတ်လား။ သူက ဒီလောက်တောင် လှတာ၊ ယောက်ျားတွေက သူ့အပေါ် မရိုးမရွ ဖြစ်တာတော့ အင်မတန်မှ သဘာဝကျပါတယ်”

ငဆွေရဲ့ စကားကို ကြားတော့ အားလုံးရဲ့ အကြည့်က စိုးဇေယျအပေါ် ကျရောက်သွားတယ်။

စိုးဇေယျက ပါးစပ်ကို ဖြဲဟလိုက်တယ်။ “ဘာ … ဘာတွေ လာပြောနေတာလဲ။ ငါက နှင်းသူကို မုဒိန်းကျင့်မယ်၊ ဟုတ်လား။ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဒါပေမယ့် မင်းက သူ့ကို အရူးအမူး ဖြစ်နေတာ မဟုတ်လား” မင်းအာကာက အေးစက်စက် ပြောတယ်။ “တစ်ဖက်လူရဲ့ စိတ်ဆန္ဒက ဘယ်လို ရှိသလဲ ဆိုတာကို ဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် သူ့ရဲ့ မယူရသေး လင်ယောက်ျားအဖြစ် သတ်မှတ်ထားတာလေ”

“အင်း၊ ဟုတ်ပါတယ်။ ကျွန်တော် …. ဝန်ခံပါတယ်။ ကျွန်တော် သူ့ကို သဘောကျတယ်” သံသယမျက်လုံးတွေက သူ့အပေါ် ကျရောက်လာလို့ စိုးရိမ်စိတ်တွေ မြင့်တက်လာတာကြောင့်လည်း ဖြစ်ချင် ဖြစ်မယ်။ စိုးဇေယျက စကားတွေ ထစ်အကုန်တယ်။ “ဒါပေမယ့် ဘယ်လောက်ပဲ သဘောကျတယ် ပြောပြော၊ အခုလို အချိန်မှာ အဲဒီလို ကိစ္စမျိုး … နှင်းသူကို အဝှာ …. လုပ်ဖို့ တွေးမိမှာတောင် မဟုတ်ဘူး”

“အခုလိုအချိန်မျိုးမို့လို့ပဲ အခွင့်အရေးကို အပိုင်ကိုင်ပြီး အခန်းထဲ ခိုးဝင်ဖို့ စိတ်ကူးတာပေါ့” ငဆွေက သွေးအေးတဲ့အပြုံးနဲ့ သူ့ကို စိုက်ကြည့်နေတယ်။

“ဟေ့ကောင် … မင်း … မင်း လျှောက်မပြောနဲ့။ ဟာ … အားလုံး စိတ်ကော မှန်ကြသေးရဲ့လား။ ဘာဖြစ်လို့ ဒီလူရဲ့ စကားကို ယုံနေကြတာလဲ။ အကုန်လုံး ဂေါက်ကုန်ကြပြီ ထင်တယ်။ အသိစိတ်လေး ဝင်ကြပါဦး”

မင်းအာကာက ဆိုဖာပေါ်ကနေ ထရပ်ပြီး စိုးဇေယျနား တိုးကပ်သွားတယ်။ “စိတ်ဖိစီးမှုအပြည့်နဲ့ အချိန်တွေ အကြာကြီး နေနေကြရတော့ နှင်းသူလည်း အားကိုးရနိုင်မယ့် လူကို ရှာချင်မှာ သေချာတယ်။ ဒါနဲ့ မင်းက သူ့အခန်းထဲကို ခိုးဝင်သွားပြီး သူ့ကို နှစ်သိမ့်သလိုလိုနဲ့၊ သူ့ကို အားပေးသလိုလိုနဲ့ မင်းရဲ့အလိုကို လက်ခံလာအောင် စည်းရုံးဖြားယောင်းမယ်။ ဒါပေမယ့် အရေးပါတဲ့ အချိန်ရောက်တော့ ခုခံတွန်းလှန်တာနဲ့ ကြုံလိုက်ရလို့ ထစ်ကနဲ စိတ်တိုသွားပြီး သူ့ကို သတ်ပစ်လိုက်မိတယ်။ အဲဒီလိုလည်း ဖြစ်နိုင်တာပဲ”

စိုးဇေယျက ခေါင်းကို ကပျာကယာ ခါယမ်းလိုက်တယ်။ “ခင်ဗျား အဲဒီလို မပြောနဲ့။ ကျွန်တော် အဲဒီလို အလုပ်မျိုး လုပ်မှာ မဟုတ်ဘူး။ ခင်ဗျားမှာ အထောက်အထား ရှိလား”

“အထောက်အထား …” မင်းအာကာက ခြေကို တုံ့ရပ်ပြီး ငဆွေကို နောက်ပြန်လှည့်ကြည့်တယ်။ “ရှိလား”

“ရှိတာတော့ မရှိဘူး” ငဆွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။ “အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်လို့ ငါ ပြောတာလေ။ အထောက်အထား မရှိပေမယ့် ပလပ်ထားလို့တော့ မရဘူး”

“အဓိပ္ပာယ် မရှိတာ” စိုးဇေယျက ရွံ့တွန့်တွန့် အမူအရာနဲ့ ငဆွေကို မျက်စောင်းထိုးလိုက်ပြီး မင်းအာကာကို စကားဆိုတယ်။ “ယထာဘူတကျကျ စဉ်းစားကြည့်စမ်းပါဦးဗျာ။ အခုလို အနေအထားမျိုးမှာ အဲဒီလို ရာဂစိတ်တွေ ဝင်နိုင်ပါ့မလား”

“ဖွားဖက်တော်က အခြေအနေတွေ၊ ဘာတွေကို ကြည့်နေတတ်တာ မဟုတ်ဘူး။ ဒါကြောင့် ယောက်ျားတွေအားလုံး ဒုက္ခပင်လယ် ဝေနေတာပေါ့” ငဆွေက သရော်တဲ့ လေသံနဲ့ မင်းအာကာထက် ဦးအောင် ဝင်ပြောလိုက်တယ်။

စိုးဇေယျက သူ့ကို မျက်စောင်းထိုးလိုက်ပြန်တယ်။ ဒီတစ်ခါ အကြည့်ထဲမှာတော့ အမုန်းမီးတွေ တဟုန်းဟုန်း တောက်လောင်နေမှန်း သိသာနေတယ်။ ဒါပေမယ့် သူက အံကြိတ်ထားလိုက်ပြီးတော့ တံတွေးကို ဂလုဂလု မျိုချပြီး စကားဆိုတယ်။ “ကျွန်တော် အထင်ပြောရရင် ကိုမင်းအာကာ ပြောခဲ့သလိုပဲ။ မယုမေရဲ့ သေဆုံးမှုအကြောင်းကို ရေဆုံးမြေဆုံးလိုက်ပြီး ဆွေးနွေးကြတာကမှ ပိုပြီး ယုတ္တိရှိလိမ့်မယ်”

“မင်းက ဘယ်လို အကြံကောင်း ရှိနေလို့လဲ” မင်းအာကာက မေးတယ်။

“အကြံကောင်းလို့တော့ မဆိုနိုင်ပါဘူး။ တကယ်လို့ တစ်ဆင့်တက်ပြီး ဆွေးနွေးရမယ်ရင် ယုမေကို သတ်ခဲ့တဲ့ လူသတ်တရားခံက နှင်းသူကို သတ်တဲ့ လူသတ်တရားခံနဲ့ တစ်ယောက်တည်း ဖြစ်နေနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ ယုမေ သေဆုံးရခြင်းရဲ့ အကြောင်းမှန်ကို နှင်းသူက သိထားလို့ သူက ဒိုင်ယာရီထဲမှာ ထည့်ရေးထားတယ်။ လူသတ်သမားက အဲဒီအချက်ကို သိသွားပြီးတဲ့နောက်မှာ သူ့ကို သတ်ပစ်လိုက်တယ်။ ပြီးတော့ စာရွက်ကို ဖြဲစုတ်ပစ်ပြီး အဲဒီစာရွက်ကို ဖျောက်ဖျက်ပစ်လိုက်တယ် … ဘယ်လိုလဲ။ အဲဒီလိုဆို ကွင်းဆက်မိသွားပြီ မဟုတ်လား”

လွန်းဆက်မောင်က အလိုအလျောက် ခေါင်းညိတ်လိုက်မိတယ်။ စိုးဇေယျရဲ့ မှန်းဆချက်က စိတ်လောနေတဲ့ အခြေအနေကြားမှာ ပြောတာ ဆိုပေမယ့် ယုတ္တိယုတ္တာတော့ ရှိတယ် ပြောရမယ်။

“ဟုတ်တယ်။ အဲဒီလို ဖြစ်နိုင်ခြေ ရှိတာတော့ အမှန်ပဲ”

မင်းအာကာက သဘောတူကြောင်းကို လူသိရှင်ကြား ဝန်ခံလိုက်တော့ စိုးဇေယျက နောက်ဆုံးတော့ စိတ်ပေါ့သွားတယ်။

“ဒါပေမယ့် မင်းရဲ့ မှန်းဆချက်ကို အတည်ယူရမယ် ဆိုရင်” မင်းအာကာက ပြောတယ်။ “အနည်းဆုံးတော့ ငါတို့ သားအမိ၊ သားအဖ သုံးယောက်ကို သံသယစာရင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်လို့ ရတယ်။ ငါတို့က ယုမေရဲ့ သွေးရင်းသားရင်းတွေလေ”

“သားဆက်မောင်ရောပဲ” ဒေါ်သင်းလှက တွေးဆမနေဘဲ ပြောချလိုက်တယ်။ “ဆက်မောင်က ငါတို့နဲ့ မိသားစုလို နေနေကြတာ”

“အင်း၊ အဲဒီလိုသာဆိုရင် သံသယရှိထိုက်တဲ့သူက သုံးယောက်ပဲ ကျန်တော့တာပေါ့။ မင်း၊ မင်း၊ ပြီးတော့ မင်း” ငဆွေက ပန်းနုဝေ၊ နန်းမိုရ်ခနဲ့ စိုးဇေယျကို သေနတ်နဲ့ တစ်ယောက်ချင်းစီ ချိန်သွားတယ်။

“မဟုတ်ဘူး။ ငါ့ကိုပါ ထည့်ရေမှ ဖြစ်မှာ” လွန်းဆက်မောင်က လက်မနဲ့ သူ့ရင်ဝကို ထိုးရင်း ပြောတယ်။ “ငါတို့က မိသားစုဝင်တွေလို ရင်းနှီးကြတယ် ဆိုပေမယ့် သွေးသားတော်စပ်မှုမှ မရှိဘဲ”

“အိုကေ၊ ဒါဆို သံသယရှိထိုက်သူက လေးယောက်” ဘာကြောင့် ပျော်နေမှန်းတော့ မသိဘူး။ ငဆွေရဲ့ လေသံက မြူးကြွနေတယ်။

“ခဏနေပါဦး။ ယုမေနဲ့ ဘယ်လိုမှ အဆက်အဆံ မရှိတဲ့ လူကိုလည်း ဖယ်ထုတ်သင့်တာပဲ မဟုတ်လား။ ဥပမာ ပြောရရင် နန်းမိုရ်ခနဲ့ ကျွန်တော်။ ဟုတ်တယ်မလား”

စိုးဇေယျက နန်းမိုရ်ခရဲ့ သဘောတူညီမှုကို တောင်းခံဖို့ ကြိုးစားနေသလိုပဲ။

ဒါပေမယ့် နန်းမိုရ်ခက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောတယ်။

“အပေါ်ယံပဲကြည့်ပြီး အရမ်းကာရော လျှောက်ဖယ်ထုတ်နေလို့ ဘယ်ဖြစ်မလဲ။ အပြင်ပန်းကြည့်ရင် အဆက်အဆံ မရှိဘူးလို့ ထင်ရပေမယ့် လူသိမခံဘဲ ဆက်သွယ်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ”

နန်းမိုရ်ခရဲ့ ရှင်းလင်းပြတ်သားတဲ့ တုံ့ပြန်မှုကို ခံလိုက်ရတော့ စိုးဇေယျက နည်းနည်း တင်းသွားတယ်။

“မယုမေကို သေစေလိုတဲ့ စေတနာမျိုး ကျွန်တော်မှာ မရှိဘူး”

“ဘယ်သူကရော ကိုယ့်မှာ ရှိနေပါတယ်လို့ ပြောကြမှာမို့လဲ” ငဆွေက သရော်တော်တော် ပြောတယ်။

စိုးဇေယျက ဘာမှ ထပ်မပြောတော့ဘူး။

“ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ငါ တကယ်ပဲ စဉ်းစားလို့ကို မရဘူး” ဦးဟန်သာက ခေါင်းခါယမ်းတယ်။ “ယုမေ … ယုမေရဲ့ သေဆုံးမှုမှာ မသင်္ကာစရာတွေ ရှိနေတာတောင်မှ ဒီမှာရှိနေကြတဲ့ ဘယ်သူတစ်ဦးတစ်ယောက်က ယုမေကို သေစေလိုတဲ့ စေတနာမျိုး ရှိနိုင်ပါ့မလဲလို့ ငါ စဉ်းစားလို့ မရဘူး”

သူ တင်ပြလိုက်တဲ့ သံသယမေးခွန်းက အင်မတန်မှကို အဓိပ္ပာယ် ရှိတယ်။ စကားသံတွေအားလုံး တဒင်္ဂလောက် ရပ်တန့်သွားတယ်။

“ဒီလိုအချိန်မှာ ကျွန်တော် ဘွင်းဘွင်းပဲ ပြောလို့ ရမလား” စိုးဇေယျက ပြောတယ်။

“ဒီအခြေအနေမျိုး ရောက်နေမှတော့ မင်းပြောချင်တာရှိရင် ပြောသာချလိုက်” မင်းအာကာက ပြောတယ်။

“အင်း၊ ဒါဆို ကျွန်တော် ဘယ်သူ့ကိုမှ အားနာမနေတော့ဘူး”

စိုးဇေယျက ခက်ထန်မာကြောတဲ့ အကြည့်နဲ့ ပန်းနုဝေကို စိုက်ကြည့်တယ်။

“မကွယ်မထောက်ဘဲ ပြောကြစတမ်း ဆိုရင် ဒီမှာ ရှိနေတဲ့ လူတွေထဲမှာ ယုမေကို သတ်ဖြတ်ဖို့ ဆန္ဒရှိနိုင်တဲ့ တစ်ဦးတည်းသောသူက ခင်ဗျားပဲ”

“ရှင် …” ပန်းနုဝေရဲ့ မျက်လုံးတစ်စုံက ပြူးကျယ်သွားပြီး မျက်ခုံးတွေ တွန့်တက်ကုန်ကြတယ်။

“ဘယ်လို ဖြစ်နိုင်မှာလဲ” လွန်းဆက်မောင်က ပြောတယ်။ “ယုမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး မသင်္ကာဘူးလို့ ပထမဆုံး မေးခွန်းထုတ်ခဲ့တဲ့သူက သူလေ။ တကယ်လို့ သူသာ လူသတ်တရားခံဆိုရင် အဲဒီလို လုပ်မှာ မဟုတ်ဘူး”

“စိတ်တော့ မရှိပါနဲ့၊ ကိုဆက်မောင်။ ခင်ဗျားက သိပ်ရိုးတာကိုး။ သူက အားလုံးရဲ့ အတွင်းစိတ်ကို ရိပ်မိနေလို့ ဦးအောင် ချပြလိုက်တာလည်း ဖြစ်နိုင်တာပဲ”

“အဲဒီလို ဆိုပေမယ့် …”

“ကိစ္စမရှိဘူး၊ ကိုဆက်မောင်”

ပန်းနုဝေက သူ့ရဲ့စကားကို ဖြတ်ပြောလိုက်တယ်။ ရင်ကို မသိမသာ ကော့ပြီး စိုးဇေယျကို စိုက်ကြည့်လိုက်တယ်။

“ဒါဆိုလည်း ရှင့်ရဲ့ အမြင်ကို နားထောင်ကြည့်ရတာပေါ့”

စိုးဇေယျက ခံတွင်းရှင်းပြီး စကားကို ဆက်ပြောတယ်။

“နှင်းသူက ကျွန်တော့်ကို ပြောပြဖူးတယ်။ ခင်ဗျားက ယုမေရဲ့ အကြောင်းကို ဝတ္ထုတစ်ပုဒ် ရေးထားတယ်တဲ့။ ပုံနှိပ်ထုတ်ဝေတဲ့ အဆင့်ကို မရောက်သေးပေမယ့် အယ်ဒီတာအဖွဲ့က အတော်လေး ချီးကျူးကြတယ် ဆိုပဲ။ ဟုတ်တယ်မလား”

ပြတ်သားတည်ကြည်တဲ့ ပန်းနုဝေရဲ့ မျက်နှာက ဖြုတ်ကနဲ ပြောင်းလဲသွားတယ်။ ချက်ကောင်းထိသွားပြီ ဆိုတာ ပြောဖို့တောင် မလိုတော့ဘူး။

လွန်းဆက်မောင်လည်း အလွန် အံ့အားသင့်သွားခဲ့တယ်။ အဲဒီကိစ္စကို သူ တစ်ခါမှ မကြားဖူးဘူး။ “တကယ်လား” လွန်းဆက်မောင်က မေးတယ်။

ပန်းနုဝေက နှုတ်ဆိတ်လျက် ခေါင်းညိတ်ပြတယ်။

“ခင်ဗျား အရမ်း ပျော်နေတယ် မဟုတ်လား” စိုးဇေယျက ပြောတယ်။ “စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပြီ ဆိုပေမယ့် ဒီနှစ်ပိုင်းအတွင်းမှာ အများလက်ခံနိုင်လောက်မယ့် ဝတ္ထုမျိုး မရေးနိုင်လို့ ခင်ဗျား စိတ်ညစ်နေတယ်လို့ ကြားမိတယ်။ တကယ်လို့သာ အခုချိန်မှာ ရောင်းအားကောင်းမယ့် ဝတ္ထုတစ်အုပ်ကို ရေးထုတ်နိုင်ခဲ့ရင် မှေးမှိန်စပြုနေတဲ့ ခင်ဗျားရဲ့ နာမည်က ပြန်ပြီး အသက်ဝင်လာလိမ့်မယ်”

“အဲတော့ ဘာဖြစ်လဲ” ဦးဟန်သာက မစောင့်နိုင်တော့ဘဲ ဝင်မေးလိုက်တယ်။

“ဒါပေမယ့် သူ ထင်မှတ်မထားတာ ဖြစ်လာခဲ့တယ်။ ယုမေက အဲဒီဝတ္ထုကို လောလောဆယ် မထုတ်သေးဘဲ အချိန်ဆိုင်းထားဖို့ တောင်းဆိုလာတယ်”

“အချိန်ဆိုင်းထားမယ် … ဘာဖြစ်လို့လဲ”

“သူ့ရဲ့ အတိတ်အကြောင်းကို အပြင်လူတွေ မသိစေချင်လို့ နေမှာပေါ့။ ပြီးတော့ သူက မကြာခင် သတို့သမီး လုပ်ရတော့မှာ မဟုတ်လား။ ဒီတော့ နားလည်ပေးလို့ ရပါတယ်။ လူတွေက ဟိုဒီလျှောက်ပြောပြီး တစ်စိတ်ကို တစ်အိတ်လုပ်တာမျိုးတွေ မကြားချင်၊ မမြင်ချင်လို့ နေမှာ။ ဒါပေမယ့် မပန်းနုဝေကတော့ အတော်ကြီးကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ကလောင်နာမည်ကို ပြန်အသက်သွင်းပေးနိုင်မယ့် ဝတ္ထုစာအုပ်က ပုံနှိပ်လို့ မရတော့ဘူးကိုး။ အခုဟာက အသက်ရှင်ဆဲ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိလို စာအုပ်မျိုး ဖြစ်နေတော့ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်လိုမှ ပုံနှိပ်ထုတ်ဝေလို့ မရဘူး။ ဒါနဲ့ သူက ဟိုကြံဒီကြံ …”

“အဓိပ္ပာယ်မရှိတာ”

စိုးဇေယျရဲ့ စကားကို ဆုံးအောင်တောင် မစောင့်တော့ဘဲ ဒေါ်သင်းလှက ကြားဖြတ်ပြောတယ်။

“ငယ်ငယ်လေးကတည်းက ခင်လာခဲ့တဲ့ ယုမေကို ပန်းနုက ဒီကိစ္စလောက်လေးနဲ့ သတ်မတဲ့လား။ သူတို့နှစ်ယောက်က ဘယ်လောက်တောင် ခင်မင်ခဲ့ကြသလဲ ဆိုတာကို မင်းက မသိလို့ အခုလို ပေါက်တတ်ကရ စကားမျိုး ပြောထွက်တာပဲ”

“လျှာရှည်တယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်တော်တို့ ခံစားချက်တွေကို ဘေးချိတ်ပြီး ဆွေးနွေးကြမယ်လို့ စောစောက သဘောတူထားကြတယ် မဟုတ်လား”

“ခံစားချက်တွေကို တတ်နိုင်သလောက် ဘေးချိတ်ထားရမှာတော့ အမှန်ပဲ” ပန်းနုဝေက စူးရှတဲ့အသံနဲ့ ပြောတယ်။ “ဒါပေမယ့် ကျွန်မက အဲဒီဝတ္ထုကို မထုတ်တော့ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ တကယ်လို့ ကျွန်မက လူသတ်တရားခံဆိုရင် ဘာကိုမှ အမှုမထားဘဲ စာအုပ်ကို မြန်မြန်ထွက်နိုင်ဖို့ လုပ်နေသင့်တာ မဟုတ်လား”

“ဒါတော့ မသိဘူးလေ။ ခင်ဗျားက ထုတ်ဝေနိုင်မယ့် အခွင့်အရေးကို စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တာပဲ”

စိုးဇေယျရဲ့ စကားကို ကြားတော့ ပန်းနုဝေက စိတ်မဆိုးဘူး။ စိတ်မဆိုးတဲ့အပြင် သူ့ကို သနားတဲ့ အကြည့်နဲ့ ငေးကြည့်ရင်း ခေါင်းကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ခါယမ်းပြီး အထင်သေးစွာ ပြောတယ်။ “ရှင်က တကယ့်ကို ငတုံးပဲ။ ဘာမှကို မသိဘူး။ တကယ့် အရေးပါတဲ့ ကိစ္စဆို ဘာတစ်ခုမှ မမြင်တဲ့ ငတုံး”

စိုးဇေယျရဲ့ မျက်နှာတစ်ခုလုံး နီရဲသွားတယ်။ “ပြောပြစမ်းပါဦး။ ကျွန်တော် ဘာတွေများ မမြင်ခဲ့တာလဲ”

“ရှင် မကြားဘူးလား။ ဘာတစ်ခုမှ မမြင်ပါဘူးဆို။ ရှင်က နှင်းသူကို တောက်တဲ့တစ်ကောင်သလို တွယ်ကပ်နေတာတောင်မှ နှင်းသူရဲ့ ….” စကားက အဲဒီနေရာကို ရောက်တော့ သူက တစ်ခုခုကို သတိရသွားဟန်နဲ့ ပါးစပ်ကို ပိတ်ချပစ်လိုက်တယ်။

“ဘာလဲ” မင်းအာကာက မေးတယ်။ “နှင်းသူက ဘာဖြစ်လို့လဲ”

“ဘာ … ဘာမှ မဟုတ်ဘူး”

“နင့်ပုံက ဘာမှ မဟုတ်တာနဲ့ မတူဘူး။ ငါ အစောကြီးကတည်းက သတိထားမိတယ်။ နင် ငါတို့ကို တစ်ခုခု လျှိုထားသလိုပဲ။ ဒီသောင်ဒီကမ်း ရောက်နေမှတော့ ဘာကိုမှ ကွယ်ဝှက်မထားသင့်တော့ဘူး”

မင်းအာကာတင် မကဘူး။ လူအားလုံးက ပန်းနုဝေကို စိုက်ကြည့်နေကြတယ်။ သူက ခေါင်းငုံ့ပြီး တစ်ခဏလောက် တုံ့ဆိုင်းတွေဝေနေတယ်။ နောက်တော့ ဆုံးဖြတ်ချက် ချလိုက်ပြီး ခေါင်းထောင်လာတယ်။

“ကောင်းပြီလေ။ ကျွန်မ ပြောပြမယ်”

သူ့ရင်က နှစ်ကြိမ်၊ သုံးကြိမ်လောက် ပင့်ချီသွားတယ်။ အသက်ပြင်းပြင်း ရှူလိုက်လို့ ဖြစ်မယ်။

“တကယ်တော့ ဒီတစ်ခေါက် ဦးတို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး ဒီကို ရောက်လာခဲ့တာ ကျွန်မမှာ ရည်ရွယ်ချက်ရှိတယ်။ ယုမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယတွေကို ရှင်းလင်းပစ်ဖို့ပဲ။ သူက သူများသတ်လို့ သေခဲ့ရတာလို့ ကျွန်မ အခိုင်အမာ ယုံကြည်ထားတယ်။ ပြီးတော့ လူသတ်တရားခံက ဘယ်သူလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မမှာ ထင်မြင်ချက်တစ်ခု ရှိတယ်”

“လူသတ်တရားခံက ဘယ်သူလဲ ဆိုတာကို နင် သိတယ်ပေါ့” လွန်းဆက်မောင်က မေးတယ်။

သူက အားရှိပါးရှိ ခေါင်းညိတ်လိုက်တယ်။

“ကျွန်မရဲ့ ကောက်ချက်က မှန်ကန်တယ်လို့ ကျွန်မ ယုံတယ်။ အထောက်အထား မရှိတာ တစ်ခုပဲ”

“ဘယ်သူလဲ”

“ဘယ်သူလဲ”

အကုန်လုံးရဲ့ ပါးစပ်က မေးခွန်းတစ်ခု သံပြိုင်ထွက်ပေါ်တယ်။

ပန်းနုဝေက ဖြည်းဖြည်းချင်း နှုတ်ခမ်းဟလိုက်တယ်။

“ယုမေကို သတ်တဲ့သူက …. နှင်းသူပဲ”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *