“မလှုပ်နဲ့။ တစ်ယောက်မှ မလှုပ်နဲ့။ ဘယ်သူမှ ယီးတီးယားတား လုပ်မယ်တော့ မကြံနဲ့။ နားလည်လား”
ငဆွေက သေနတ်ကို ဝှေ့ယမ်းရင်း အသံသေးအသံကြောင်နဲ့ အော်ပြီး အိပ်ခန်းထဲ ဝင်သွားတယ်။ တကယ်တော့ “မလှုပ်နဲ့” လို့တောင် အော်နေစရာ မလိုပါဘူး။ လူတိုင်းက မလှုပ်မယှက်နဲ့ ကြက်သေသေနေကြတယ်။ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို နားလည်နိုင်ဖို့အတွက် လွန်းဆက်မောင်ခမျာ အတော်လေး အချိန်ပေးလိုက်ရတယ်။ နှင်းသူရဲ့ ကျောမှာ ထိုးစိုက်ထားတဲ့ ဓားကိုပဲ ပြူးကြောင်ကြောင်နဲ့ ငေးကြည့်နေမိတဲ့အဖြစ်။
“နှင်းသူ … အား … နှင်းသူ … ဘာတွေ ဖြစ်ကုန်တာလဲ … အား …”
စိုးဇေယျက ခုတင်ရှေ့မှာ ဒူးထောက်လျက်သား ပုံကျသွားတယ်။ ဆံပင်တွေက ခေါင်းပေါ်မှာ ပွစာကြဲလို့။
ငဆွေက သူ့ခါးကို ဆောင့်ကန်လိုက်တယ်။
“နားငြီးလိုက်တာ။ တိုးတိုးတိတ်တိတ် နေစမ်း”
စိုးဇေယျခမျာ အုကနဲ လဲကျသွားတယ်။
ငဆွေက ရှူးရှူးရှားရှားနဲ့ ဓားစာခံတွေကို သေနတ်နဲ့ ချိန်ထားရင်း သတိထားပြီး ခုတင်နားကို ချဉ်းကပ်သွားတယ်။ လူသန် ကျွဲကြီးက မျက်လုံးနှစ်လုံး ပြူးရင်း နံရံမှာ မှီကပ်နေတယ်။
နှင်းသူက ခုတင်ပေါ်မှာ မှောက်လျက်နဲ့ မျက်နှာတစ်ခြမ်းက ခေါင်းအုံးထဲ နစ်မြုပ်နေတယ်။ ပေါ်နေတဲ့ မျက်နှာကလည်း တစ်ဘက်ကို လှည့်ထားတော့ လွန်းဆက်မောင်တို့ လူစုက သူ့မျက်နှာကို မတွေ့မမြင်ရဘူး။ ငဆွေရဲ့ မျက်နှာက အနည်းငယ် ရှုံ့မဲ့နေပြီးတော့ နှင်းသူရဲ့ မျက်နှာကို မြင်ရဖို့အတွက် ခေါင်းကို အရှေ့ဘက် ဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့ လည်စေ့က တစ်ချက် လှုပ်ရှားသွားတယ်။ တံတွေးမျိုချလိုက်လို့ ဖြစ်မယ်။
“ဟေ့လူ” ငဆွေက အက်ကွဲကွဲအသံနဲ့ စိုးဇေယျကို လှမ်းခေါ်တယ်။ “မင်းက ဆရာဝန် မဟုတ်လား”
စိုးဇေယျက ငိုက်စိုက်ကျနေတဲ့ ခေါင်းကို ထောင်မတ်လိုက်တယ်။
“ဒီနားလာစမ်းပါဦး။ သူ့ကို ကြည့်ကြည့်စမ်းပါ။ အသက်ကယ်လို့ ရနိုင်သေးလားလို့”
ငဆွေရဲ့ အမိန့်ကြောင့် စိုးဇေယျက ယိုင်တိယိုင်ထိုးနဲ့ မတ်တတ်ထရပ်ပြီး ခုတင်နား ကပ်သွားတယ်။ နှင်းသူရဲ့ လက်ကို လှမ်းကိုင်ပြီး သွေးခုန်နှုန်းတောင် မစမ်းရသေးဘူး။ အော်ကြီးဟစ်ကျယ် ထငိုပါလေရော။
“အား … နှင်းသူ … မင်းကျမှ ဘာလို့ ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာလဲ”
“ယောက်ျားကြီးတန်မဲ့ ငိုမနေစမ်းနဲ့။ နည်းလမ်းလေး ဘာလေး ရှာစမ်းပါဦး။ မင်းက ဆရာဝန် မဟုတ်ဘူးလား။ အလောင်းကောင်တွေကို မြင်ရတာ ရိုးနေရောပေါ့”
အဆူအဆဲ ခံလိုက်ရတော့ စိုးဇေယျက တရှုပ်ရှုပ် ငိုရင်း နှင်းသူနဲ့ လက်ကောက်ဝတ်ကို သွေးစမ်းကြည့်တယ်။ ပြီးတော့ ဘေးနားမှာ ရှိတဲ့ မီးအိမ်နဲ့ သူ့ရဲ့ သူငယ်အိမ်ကို မီးထိုးကြည့်တယ်။
“ဘယ်လိုလဲ။ ကယ်လို့ ရနိုင်သေးလား” ငဆွေက မေးတယ်။
စိုးဇေယျက စိတ်နဲ့လူမကပ်ဘဲ မတ်တတ်ရပ်ရင်း နှင်းသူကို စိုက်ကြည့်နေတယ်။
“ဟေ့လူ” ငဆွေက နောက်တစ်ခါထပ်ပြီး အော်ခေါ်လိုက်တယ်။ အဲဒီအချိန်မှာပဲ စိုးဇေယျက သားရဲတစ်ကောင်အလား မာန်ဖီရင်း ငဆွေဆီကို ပြေးဝင်သွားတယ်။
“ဟေ့ကောင်၊ မင်း ဘာလုပ်မလို့လဲ”
ဘီလူးသရဲ ဝင်စီးခံရသလို စိုးဇေယျက အတင်းဝင်လုံးတော့ ငဆွေက ထအော်လိုက်တယ်။ ကျွဲကြီးက စိုးဇေယျရဲ့ လည်ပင်းကို တံတောင်ကွေးနဲ့ ညှစ်ထားရင်း အားနဲ့ ဆောင့်ဆွဲပြီး သူ့ကို နံရံနဲ့ ပစ်ရိုက်လိုက်တယ်။ စိုးဇေယျရဲ့ ခေါင်းက နံရံနဲ့ တိုက်မိပြီး ကြမ်းပြင်ပေါ် ပုံကျသွားတယ်။ နောက်တော့ ငဆွေကို လှည့်ကြည့်ပြီး အော်ပြောတယ်။
“မင်းပဲ။ မင်း နှင်းသူကို သတ်လိုက်တာ မဟုတ်လား”
“ဘာ … ဘာတွေ လျှောက်ပြောနေတာလဲ”
ငဆွေက စိုးဇေယျကို ခြေထောက်နဲ့ နှစ်ချက်၊ သုံးချက်လောက် ကစ်လိုက်တော့မှ သူ ငြိမ်ကျသွားတယ်။ ဒါပေမယ့် တရှုပ်ရှုပ် ငိုနေတုန်းပဲ။
စိုးဇေယျရဲ့ အပြုအမူကြောင့် လွန်းဆက်မောင်က အခုမှ အိပ်မက်ကနေ လန့်နိုးလာတယ်။ ဒါ တကယ်ကြီးပဲ။ နှင်းသူ အသတ်ခံလိုက်ရပြီ။ ဘယ်တော့မှ နိုးလာမှာ မဟုတ်တော့ဘူး။
“ဒါ ဘယ်သူ့လက်ချက်လဲ”
ငဆွေက လွန်းဆက်မောင်တို့ လူစုကို သေနတ်နဲ့ ချိန်ထားတယ်။
“ဘယ်သူ ဒီမိန်းမကို သတ်လိုက်တာလဲ။ အမှန်အတိုင်း ဝန်ခံရင် ကောင်းမယ်”
ဓားစာခံတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ငေးကြည့်နေကြတယ်။ လူသတ်သမားက ဒီအုပ်စုထဲမှာ ရှိနေတယ်လို့ သူတို့အားလုံးက သဘောတူ လက်ခံလိုက်တဲ့ သဘော။ တကယ်ပဲ၊ လက်ရှိအနေအထားအရ ကြည့်မယ်ဆိုရင် သူစိမ်းတစ်ရံဆံက တိုက်ထဲခိုးဝင်ပြီး ပြစ်မှုကို ကျူးလွန်နိုင်စရာ အကြောင်းမရှိဘူး။
“နှင်းသူက တကယ် …. တကယ်ပဲ သေသွားပြီလား” ပထမဆုံး စကားဟတဲ့သူက ဦးဟန်သာ။
စိုးဇေယျက ကြိုးပြတ်နေတဲ့ ရုပ်သေးရုပ်အလား ခေါင်းညိတ်ပြတယ်။
“ဟင် … ဘာတွေ ဖြစ်ကုန်တာလဲ” ဒေါ်သင်းလှက သူ့ယောက်ျားရဲ့ ရင်ခွင်ထဲကို လဲကျသွားတယ်။ “တကယ်လို့ နှင်းသူကို ဒီလာဖို့ မဖိတ်ခဲ့မိရင် ဒီလိုဒုက္ခမျိုး ကြုံရမှာ မဟုတ်ဘူး … ငါ ဝေမှိုင်းတို့လင်မယားကို … ဘယ်လို မျက်နှာပြရပါ့မလဲ … ”
“နားငြီးလိုက်တာ။ ဒီမှာ ခေါင်းရှုပ်နေတဲ့အထဲ၊ ငိုလားယိုလား မလုပ်ကြစမ်းပါနဲ့။ အခုဟာက ငိုရမယ့် အချိန်မဟုတ်ဘူး”
ငဆွေရဲ့ စကားဆုံးတော့ လွန်းဆက်မောင်က အရှေ့ကို တစ်လှမ်း တိုးသွားတယ်။ အဲဒီ ခပ်ညှက်ညှက် လူကို စိုက်ကြည့်ပြီး မေးခွန်းထုတ်လိုက်တယ်။
“မင်း လုပ်တာ မဟုတ်လား”
ငဆွေရဲ့ မျက်နှာပေါ်မှာ စိုးရွံ့မှုက လျှပ်တပြက် ဖြတ်ပြေးသွားတယ်။
“ငါ မဟုတ်ဘူး”
“မင်းကလွဲလို့ ဘယ်သူ ရှိဦးမှာလဲ။ မင်း သူ့အိပ်ခန်းထဲကို ညကြီးအချိန်မတော် ခိုးဝင်သွားပြီး သူ့ကို မတော်တရော် လုပ်ဖို့ ကြံစည်ခဲ့တာ မဟုတ်လား”
“ငါက အဲဒီလို လုပ်မယ့်ကောင် မဟုတ်ဘူး”
“ညာမနေနဲ့”
လွန်းဆက်မောင်က ရှေ့ကို တိုးသွားပြီး ဂျပုကောင်ကို ထိုးလိုက်ချင်ပေမယ့် အနောက်မှာရှိတဲ့ လူက သူ့ကို ဦးအောင် ဖမ်းကိုင်ထားလိုက်တယ်။ မင်းအာကာပါ။
“ဇွတ်မလုပ်နဲ့။ သူ့လက်ထဲမှာ သေနတ် ရှိနေတာကို မမေ့နဲ့ဦး”
“ကျွန်တော့်ကို လွှတ်”
“စိတ်ငြိမ်ငြိမ်ထား။ အဲဒီကောင် လုပ်တာ ဟုတ်မဟုတ် စစ်ကြည့်လိုက်ရင် သိနိုင်တာပဲ”
“ဒါပေမယ့် ….”
လွန်းဆက်မောင်က ရုန်းထွက်နိုင်ဖို့ တစ်ချက်နှစ်ချက်လောက် ကြိုးစားကြည့်သေးတယ်။ သို့ပေမယ့် မင်းအာကာရဲ့ ခွန်အားဗလက အံ့ဩစရာ ကောင်းလောက်အောင် သန်မာနေတယ်။ ပြီးတော့ သူပြောတာကလည်း အဓိပ္ပာယ် မရှိတာမှ မဟုတ်ဘဲ။ သေချာစစ်ဆေးကြည့်ပြီးမှ အဲဒီငနဲကို ဗျင်းရရင်လည်း အချိန်မနှောင်းသေးပါဘူး။
“ကောင်းပြီလေ။ ဒါဆို သူ့ရဲ့ အယုတ်တမာ လုပ်ရပ်ကို သက်သေပြကြတာပေါ့” လွန်းဆက်မောင်က ပြောတယ်။
အသိစိတ် ပြန်ဝင်သွားပြီ ဆိုတာကို လွန်းဆက်မောင်ရဲ့ စကားသံထဲကနေ သတိထားမိသွားလို့ ဖြစ်မယ်။ မင်းအာကာက သူ့ကို လွှတ်ပေးလိုက်တယ်။ လွန်းဆက်မောင်က အံကိုကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ လက်သည်းတွေက လက်ဖဝါးထဲကို ဖောက်ဝင်လုမတတ်ပဲ။
“မင်း ရူးများ သွားပြီလား”
ငဆွေက နာကျည်းတဲ့ မျက်လုံးတွေနဲ့ လွန်းဆက်မောင်ကို ကြည့်တယ်။
“ငါက သူနဲ့ အိပ်ချင်တယ်ပဲ ထားဦး၊ သူ့ကို ဘာဖြစ်လို့ သတ်ပစ်ရမှာလဲ။ သူ ခုခံနေလို့လား။ ခုခံနေရင်လည်း သူ့ကို ဘယ်ပြန်ညာပြန် နှစ်ချက်လောက် တီးလိုက်ရင် ပြီးပြီ။ သူက အော်ကြီးဟစ်ကျယ် လုပ်နေလို့လား။ လုပ်တော့ရော ငါက ကြောက်နေမယ် ထင်လား။ မင်းတို့ ကြားသွားတော့ရော ဘာအရေးလဲ။ ငါက သောက်ဂရုမစိုက်ဘူး”
“ငါတို့ ကြားသွားမှာကို မင်း ဂရုမစိုက်ပေမယ့် အသံက တိုက်အပြင်ထိ ရောက်သွားခဲ့ရင် မင်းတို့အတွက် အခြေအနေ မကောင်းဘူး။ ရဲတွေက အပြင်မှာ ကင်းလှည့်ချင် လှည့်နေကြမှာ။ မင်းက အစပိုင်းတော့ သူ့ကို ပါးစပ်ပိတ်သွားအောင် ခြောက်လှန့်ချင်ရုံ သက်သက်ပဲ။ ဒါပေမယ့် လက်လွန်ပြီး သတ်မိသွားတယ်။ အဲဒီလိုလည်း ဖြစ်နိုင်တာပဲ”
ဦးဟန်သာက ပြောတယ်။ သူ့အသံကို နားထောင်ခြင်းအားဖြင့် အတွင်းစိတ်ထဲမှာ ဒေါသအဟုန်ကို မနည်းကြီး ထိန်းချုပ်ထားရမှန်း သိသာနေတယ်။
“ဟာ … ခင်ဗျားကြီးက မကြီးမငယ်နဲ့ လာနောက်နေတာလား”
“အတည်ပြောနေတာ။ လက်ရှိအနေအထားအရ မင်းတို့နှစ်ယောက်ကလွဲရင် အပြစ်မရှိတဲ့ နှင်းသူကို ဘယ်သူက သေစေချင်မှာတဲ့လဲ”
“မင်းတို့နှစ်ယောက်” ဆိုတဲ့ စကားကို မကျေနပ်လို့ ဖြစ်မယ် ထင်တယ်။ ကျွဲကြီးက ပြတ်သားတဲ့အသံနဲ့ ပြောတယ်။
“ငါ ဘာမှ မလုပ်ဘူးနော်”
“ငါလည်း ဘာမှ မလုပ်ဘူး။ လက်သည်က မင်းတို့အုပ်စုထဲမှာ”
“ငါတို့အုပ်စုထဲမှာ လူသတ်တဲ့ ဒုစရိုက်အလုပ်မျိုး ဘယ်သူမှ မလုပ်ဘူး”
“ခင်ဗျားကြီးက အဲဒီလို ပြောနေပေမယ့် တကယ့်လက်တွေ့မှာတော့ လူတစ်ယောက် အသတ်ခံလိုက်ရပြီ။ ဘုရားစူးရစေရဲ့။ ငါ လုပ်တာ လုံးဝမဟုတ်ဘူး”
“မဖြစ်နိုင်တာ”
“မယုံလည်း မတတ်နိုင်ဘူး။ ဒါပေမယ့် ဒီမှာ ငြင်းနေလို့လည်း အပိုပဲ။ အကုန်လုံး အပြင်ထွက်ကြ … ဟေ့၊ မင်း ဘာလုပ်နေတာလဲ”
ပန်းနုဝေက ခါးကိုင်းပြီး ခုတင်အောက်ထဲ ကုန်းကြည့်နေတာကို တွေ့လိုက်ရတော့ ငဆွေက လှမ်းအော်တယ်။
“အောက်မှာ ပစ္စည်းတစ်ခု ကျနေတယ်” ပန်းနုဝေက ပြောတယ်။
ငဆွေက ခုတင်တစ်ဖက်ကို ဝိုက်သွားပြီး ပစ္စည်းတစ်ခုကို ကောက်ယူလိုက်တယ်။ အဖြူရောင် အဖုံးနဲ့ စာအုပ်တစ်အုပ် ဖြစ်ဟန်တူတယ်။
“ဒိုင်ယာရီစာအုပ်” သူက ပြောတယ်။ “ကြည့်ရတာ ဒိုင်ယာရီရေးနေတုန်း အသတ်ခံရတာ ထင်တယ်”
“အသေအချာ စစ်ဆေးကြည့်ရင် ကောင်းမယ်။ ဒိုင်ယာရီထဲမှာ လူသတ်သမားရဲ့ နာမည်ကို ရေးထားချင် ရေးထားမှာ”
ပန်းနုဝေက သူ့ရဲ့ အတွေးကို ပြောချလိုက်တယ်။ တွေးတတ်လိုက်တာ စာရေးဆရာလို့ မပြောရဘူး။
“မင်း ပြောစရာ မလိုပါဘူး။ ငါလည်း ဖတ်ကြည့်မလို့ပါပဲ။ ကဲ ကဲ၊ အကုန်လုံး ထွက်ကြတော့”
ငဆွေရဲ့ လောဆော်မှုကြောင့် အားလုံး အခန်းပြင် ထွက်လိုက်ကြတယ်။ တစ်ချိန်လုံး ကြမ်းပြင်မှာ ငုတ်တုတ်ထိုင်နေတဲ့ စိုးဇေယျလည်း နောက်ဆုံးတော့ မတ်တတ်ထရပ်လိုက်ပြီ။ သူ့ရဲ့ ဖြစ်အင်ကို ကြည့်ခြင်းအားဖြင့် သူက နှင်းသူကို အမှန်တကယ် ချစ်မြတ်နိုးကြောင်း လွန်းဆက်မောင် ကောက်ချက်ချနိုင်တယ်။
အကုန်လုံး အပြင်ကို ရောက်တော့ ကျွဲကြီးက အခန်းတံခါးကို ပိတ်ချပစ်တယ်။ တံခါးလက်ကိုင်က လှည့်လို့ရတဲ့ ဖုသီးသော့အမျိုးအစား။ အတွင်းဘက်ကနေပြီး ဖုသီးပေါ်က ခလုတ်ကို ဖိနှိပ်ထားလိုက်ရင် တံခါးက လော့ချပြီးသား ဖြစ်သွားလိမ့်မယ်။ အခုတော့ ကိုယ်လုံးနဲ့ တိုက်ဖွင့်ထားခံရတာကြောင့် သော့က လော့ချလို့ မရတော့ဘူး။
ဓားစာခံ ၇ ယောက်နဲ့ ဓားပြ ၂ ယောက်က ဧည့်ခန်းထဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။ လွန်းဆက်မောင်တို့ လူစုက လသာဆောင်ကို ကျောပေးပြီး ဆိုဖာခုံပေါ်မှာ ထိုင်နေကြတယ်။ ငဆွေနဲ့ ကျွဲကြီးက စစ်တုရင်စားပွဲဘေးမှာ ထိုင်နေကြတယ်။
“တောင်းပန်ပါတယ်ဗျာ။ အမှန်အတိုင်း ဝန်ခံလိုက်စမ်းပါ” ငဆွေက အားလုံးရဲ့ မျက်နှာတွေကို အကဲခတ်ရင်း ပြောတယ်။ “ဘယ်သူ လုပ်တာလဲ။ သေချာတာကတော့ လူသတ်သမားက မင်းတို့အုပ်စုထဲမှာပဲ။ ငါ့ကို တစ်ပတ်ရိုက်ဖို့တော့ မကြံနဲ့”
“မင်းက အတော် မျက်နှာပြောင်တာပဲ” စိုးဇေယျက မျက်နှာကို လက်မောင်းနှစ်လုံးကြား ဝှက်ထားရင်း ပြောတယ်။ “အဲဒါ မင်းတို့ လက်ချက်”
“ငါနဲ့ ဘာမှ မဆိုင်ဘူး”
ကျွဲကြီးက သူ့ကိုလည်း သံသယတရားခံအဖြစ် ဆွဲထည့်ထားတာကို မကျေမချမ်း ဖြစ်နေပုံ ရတယ်။ သူက ပက်ကနဲ ပြောချလိုက်တယ်။
“ငါက တစ်ညလုံး အိပ်နေတာ၊ တစ်ရေးတောင် မနိုးဘူး”
“အေး အေး၊ သိပ် ဟုတ်တာပေါ့” ငဆွေက ကျွဲကြီးကို ပြောတယ်။ “မင်းက အိပ်နေတာ။ ဒီလို အရေးရယ် အကြောင်းရယ် အချိန်မျိုးမှာ မင်းက အိပ်နေတာမှ ဝက်တစ်ကောင်လို သိုးနေတာပဲ။ ငါက တစ်ညလုံး တစ်ရေးမအိပ်ရဘဲ စောင့်ကြည့်နေရတယ်။ မင်းကတော့ တခူးခူး ဟောက်လို့။ မင်းရဲ့ ကျေးဇူးကြောင့် အခြေအနေက ဒီထက် ဆိုးဖို့လည်း မရှိတော့ဘူး”
“ငါနဲ့ မဆိုင်ဘူး” ကျွဲကြီးက အငြင်းသန်တဲ့ ကလေးတစ်ယောက်လို ထပ်ငြင်းတယ်။ “ငါက အိပ်နေတာ”
ငဆွေက ဆက်ပြီး မငြင်းချင်တော့လို့ နေမယ်။ ဘာမှ ထပ်မပြောဘဲ ခေါင်းပဲ တွင်တွင် ကုတ်နေတယ်။
“မေကြီး၊ မင်း တစ်ညလုံး မအိပ်ရဘူးလား” ဦးဟန်သာက သူ့ဇနီးကို မေးတယ်။
ဒေါ်သင်းလှက ခေါင်းညိတ်ပြတယ်။ “တစ်ရေးလောက် ဝဝလင်လင် အိပ်လိုက်ရတယ်လို့ကို မထင်မိဘူး။ တစ်ချိန်လုံး တဆတ်ဆတ် အိပ်ငိုက်နေတာပဲ မှတ်မိတယ်”
“ဒါဆို အမေ အိပ်ပျော်သွားတာပဲ နေမှာ” မင်းအာကာက ပြောတယ်။ “ဒါကြောင့်လည်း အမေ အိပ်ပျော်နေတုန်းမှာ တဏှာရူးတစ်ကောင်က မနက်ကတည်းက သူ မျက်စိကျနေတဲ့ မိန်းကလေးရဲ့ အခန်းထဲကို လူမသိ သူမသိ ခိုးဝင်သွားနိုင်တာပေါ့”
“ဟေ့ကောင်၊ မင်း စကားပြောတာ ကြည့်ပြော” ငဆွေက မီးတောက်နေတဲ့ မျက်လုံးတွေနဲ့ မင်းအာကာနားကို တိုးကပ်သွားတယ်။ “ငါတို့ကလည်း ဒီအလုပ်ကို အသက်နဲ့ ရင်းပြီး လုပ်နေကြရတာ။ ဒီလိုအချိန်မျိုးမှာ မိန်းမတစ်ယောက် လိုချင်တယ် ဆိုရင်တောင်မှ အောင့်အီးထားနိုင်တယ်”
“အဲဒီလို စကားမျိုးကို ငါတို့က ယုံမှာတဲ့လား” စိုးဇေယျက နှာရည်စိုရွှဲနေတဲ့ မျက်နှာကို မော့လိုက်တယ်။ “မင်း မနေ့က နှင်းသူကို အခန်းထဲ ခေါ်သွားဖို့ လုပ်နေသေးတယ် မဟုတ်လား။ အဲဒီတုန်းက ကိုယ်ရှိန်သတ်သွားခဲ့တယ် ဆိုပေမယ့် နောက်တော့ အခွင့်အရေး ရှိပါသေးတယ်လို့ မင်း ပြောသေးတယ်လေ။ မေ့သွားပြီလို့တော့ ဗြောင်လိမ်ဖို့ မစဉ်းစားနဲ့”
“မမေ့ပါဘူး။ ဒါပေမယ့် အခြေအနေက မတူဘူးလေ။ မင်းတို့ သဘောပေါက်ထားဖို့က မနေ့ညက ငါတစ်ယောက်တည်း စောင့်ကြပ်နေရတယ်။ တကယ်လို့ ငါ့ကိစ္စငါ အလုပ်ရှုပ်နေတဲ့ အချိန်အတွင်းမှာ လူတစ်ယောက်ယောက်က အဲဒါကို သတိထားမိသွားပြီး ရဲဆီ ဖုန်းဆက်လိုက်ရင် ငါ သေပြီပေါ့။ ငါက အဲဒီလို ရှေ့မကြည့် နောက်မကြည့်နဲ့ ရူးရူးမိုက်မိုက် အလုပ်မျိုး လုပ်မယ်လို့ မင်းတို့ ထင်နေကြတာလား”
“မင်းလို ကောင်မျိုးရဲ့စကားကို ငါတို့က ယုံနေဦးမယ်” စိုးဇေယျက ခေါင်းကို ငိုက်စိုက်ပြန်ချလိုက်တယ်။
ငဆွေက မလိုအပ်ဘဲ အားရပါးရ သက်ပြင်းချလိုက်တယ်။
“ဒီမယ်၊ မင်းတို့ အရေးပါတဲ့ အချက်တစ်ချက်ကို မေ့နေကြတယ်။ မင်းတို့တွေက အဲဒီမိန်းမလိုပဲ အခန်းထဲ ရောက်တာနဲ့ တံခါးကို လော့ချထားကြမှာပဲ။ ဒီတော့ ငါက အထဲကို ဘယ်လိုလုပ်ပြီး ဝင်လို့ ရပါ့မလဲ”
“မင်းက သူ့ကို ခြိမ်းခြောက်လို့ နေမှာပေါ့”
“ဘယ်လို ခြိမ်းခြောက်မှာလဲ။ မင်း တံခါးမဖွင့်ရင် ငါ မင်းကို သတ်ပစ်မယ်။ အဲဒီလိုလား။ အဲဒီလို သွားပြောရင် အဲဒီမိန်းမက ပိုကြောက်ပြီး ပိုလို့တောင် တံခါးဖွင့်ရဲမှာ မဟုတ်တော့ဘူး။ ပြီးတော့ ဝူးဝူးဝါးဝါး လျှောက်အော်နေရင် နောက်ဆုံး မင်းတို့ကိုပါ အော်နှိုးလိုက်သလို ဖြစ်သွားတော့မှာပေါ့”
“ဒါပေမယ့် …”
စိုးဇေယျက ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ဟုတ်တော့လည်း ဟုတ်တယ်။ သူ့စကားက ကြောင်းကျိုးညီညွတ်နေတာကြောင့် လက်မခံချင်လို့လည်း မရဘူး။ လွန်းဆက်မောင်က အတွေးနယ်ထဲ နစ်ဝင်သွားပြန်တယ်။ နှင်းသူက တံခါးလော့မချဘဲ နေမှာ မဟုတ်ဘူး။ ဒါဆို လူသတ်သမားက အဲဒီအခန်းထဲကို ဘယ်လိုလုပ်ပြီး ဝင်သွားခဲ့တာလဲ။
“ဒါကြောင့် ငါ့သဘောပြောရရင်တော့ သူ့အခန်းထဲကို ဝင်သွားတဲ့သူက သူနဲ့ ရင်းနှီးထားတဲ့သူပဲ ဖြစ်နိုင်တယ်။ ရင်းနှီးပြီးသားလူက သူ့ကို တံခါးဖွင့်ခိုင်းမှသာ သူက ယုံယုံကြည်ကြည်နဲ့ တံခါးဖွင့်ပေးမှာ။ တစ်နည်းပြောရရင်တော့ သံသယရှိထိုက်တဲ့သူက မင်းတို့တွေပဲ”
“မင်း စကားကို လက်လွတ်စပယ် မပြောနဲ့” ဦးဟန်သာက လေသံမာမာနဲ့ ပြောတယ်။
“လက်လွတ်စပယ် … ငါတော့ အဲဒီလို မထင်ဘူး။ ခင်ဗျားကြီး စိတ်အေးအေးထားပြီး စဉ်းစားကြည့်စမ်းပါ” ငဆွေက နားထင်ကို လက်ညှိုးနဲ့ ထောက်လိုက်တယ်။ “မဟုတ်သေးဘူး။ တကယ်တော့ မင်းတို့ရဲ့ အတွင်းစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းကြီး နားလည်ထားပြီးသား နေမှာ။ အခုလို အခြေအနေမျိုးမှာ ငါက သူ့အခန်းထဲကို ဘယ်လိုနည်းနဲ့မှ ခိုးဝင်သွားလို့ မဖြစ်နိုင်ဘူး။ ဒီအဘွားကြီးက တစ်ချိန်လုံး အိပ်ငိုက်နေတယ် ဆိုပေမယ့် လုံးဝ သတိကင်းလွတ်နေတာမျိုးမှ မဟုတ်ဘဲ။ တကယ်လို့ ငါက လူသတ်သမား ဆိုရင် ဖြေရှင်းဖို့ ခက်တဲ့ ဝိရောဓိတွေ အများကြီး ရှိနေသေးတယ်။ မင်းတို့တတွေက သိလျက်သားနဲ့ အမှန်တရားကို ရဲရဲ ရင်မဆိုင်ဘဲ ရှောင်ပုန်းဖို့ နည်းလမ်းရှာပြီး ငါတို့ကို ဟန်ဆောင်ပန်ဆောင်နဲ့ လက်ညှိုးထိုးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ကို လက်ညှိုးထိုးခြင်းအားဖြင့် မင်းတို့အကြားမှာ ရှိတဲ့ ဆက်ဆံရေးကို ပုံပန်းမပျက် ဆက်ထိန်းထားလို့ ရတယ်။ ဒါပေမယ့် ရူးချင်ယောင် ဆောင်တာမျိုးက အကန့်အသတ်တော့ ရှိရမှာပေါ့”
သူက တစ်ခဏ တုံ့ရပ်လိုက်ပြီးမှ ဆက်ပြောတယ်။ “ကြည့်ရတာ မင်းတို့က ရင်ထဲမှာ ရှိနေတဲ့ စကားလုံးတွေကို ထုတ်ပြောရမှာ အတော်ကြီး ကြောက်နေပုံရတယ်။ ဒါဆိုလည်း ငါကပဲ မင်းတို့ကိုယ်စား ပြောပြရတော့မှာပေါ့။ မင်းတို့ တစ်ယောက်စီ တစ်ယောက်စီတိုင်းက လူကောင်းသူကောင်းလို မျက်နှာမျိုး ရှိနေပေမယ့် မင်းတို့ထဲမှာရှိတဲ့ လူတစ်ယောက်ကတော့ မျက်နှာဖုံး စွပ်ထားတယ်။ ဟိုမိန်းမကို သတ်ခဲ့တဲ့ လူသတ်သမားက မင်းတို့ထဲမှာပဲ”
ငဆွေက လက်ညှိုးနဲ့ တစ်ယောက်ချင်းစီကို တန်းစီ ထိုးသွားတယ်။ သူ့ရဲ့ စကားလုံးတွေကြောင့်ပဲ အာစေးမိကုန်ကြသလားတော့ မဆိုနိုင်ဘူး။ ဓားစာခံတွေခမျာ တော်တော်ကြာတဲ့အထိ ဘာစကားမှ မပြောနိုင်ကြတော့ဘူး။
ဝမ်းနည်းစရာ ကောင်းတဲ့အချက်က သူပြောတဲ့ စကားလုံးတွေထဲမှာ အမှားတစ်ခုမှ ပါမနေခြင်းပဲ။ လွန်းဆက်မောင်က တွေးတယ်။ ဘယ်လို ပြဿနာမျိုးပဲ ဖြစ်လာဖြစ်လာ၊ လူတွေက ကိုယ့်လူကို ဘယ်တော့မှ သံသယမဖြစ်ချင်ကြဘူး။ ဒါကြောင့် ယုတ္တိမရှိဘူး၊ လောဂျစ်နဲ့ မကိုက်ညီဘူး ဆိုတာတောင်မှ ငဆွေတို့နှစ်ယောက်ကို တိုက်ခိုက်ဖို့ ကြိုးစားနေကြသေးတယ်။ ငဆွေ ပြောခဲ့သလိုပါပဲ။ စိတ်အေးအေးထားပြီး စဉ်းစားကြည့်ရင် လူသတ်သမားက ဓားပြနှစ်ယောက် မဟုတ်ဘူး ဆိုတာကို နားလည်သဘောပေါက်နိုင်တယ်။
“ဒီနေရာကနေ ကြည့်ရင်း အခန်းအားလုံးကို မြင်နိုင်တယ်”
လေးလံထိုင်းမှိုင်းနေတဲ့ အငွေ့အသက်အောက်မှာ နန်းမိုရ်ခက ထိန်းချုပ်ထားတဲ့ လေသံနဲ့ ပြောတယ်။ သူက အပေါ်ထပ် ဝရန်တာကို မော့ကြည့်နေတယ်။ ကျန်သူအားလုံးကလည်း အလိုအလျောက်ပဲ သူ့လို မော့ကြည့်လိုက်ကြတယ်။
“အစွန်ဆုံး ရောက်နေတဲ့ နှင်းသူရဲ့အခန်းကိုပဲ မမြင်ရတာ”
ဧည့်ခန်းရဲ့ မျက်နှာကြက်က တော်တော်လေးကို မြင့်တယ်။ ထမင်းစားခန်းနဲ့ မီးဖိုဆောင်ရဲ့ အပေါ်တည့်တည့်မှာက ပင်ပေါင်ခုံနဲ့ ဘိလိယက်ခုံတွေ ထားတဲ့ အားကစားခန်း ရှိနေတယ်။ အဲဒီအခန်းက ကွယ်နေလို့လည်းပဲ နှင်းသူရဲ့ အခန်းကို လုံးဝ မမြင်ရဘူး။
“တကယ်လို့ တစ်ယောက်ယောက်က သူ့အခန်းထဲကနေ ထွက်ပြီး နှင်းသူရဲ့ အခန်းထဲကို ဝင်သွားချင်ရင် စင်္ကြံလမ်းကို ဖြတ်လျှောက်နေတုန်း ဒီမှာ ရှိနေတဲ့သူက အဲဒီလူကို လှမ်းမြင်နေရမှာပဲ”
သူ ပြောတဲ့ “တစ်ယောက်ယောက်” ဆိုတာက ဓားစာခံတွေထဲက တစ်ယောက်ကို ပြောတာ။ နန်းမိုရ်ခက ငဆွေရဲ့ အယူအဆပေါ် မူတည်ပြီး ကိုယ်လူတွေထဲမှာ လူသတ်သမား ရှိနေတယ် ဆိုတဲ့ ဖြစ်နိုင်ခြေကို စပြီး သုံးသပ်ဆွေးနွေးနေတယ်။ ဒါပေမယ့် ဘယ်သူကမှ ကန့်ကွက်တာမျိုး မလုပ်ကြဘူး။
“ဟုတ်တယ်။ ဒါပေမယ့် မင်း ဘယ်သူ့ကိုမှ မတွေ့လိုက်ဘူး မဟုတ်လား” ဦးဟန်သာက နန်းမိုရ်ခ ချပြတဲ့ ပုစ္ဆာကို ခြေရာခံပြီး ဒေါ်သင်းလှကို မေးခွန်းမေးတယ်။
“ဟင့်အင်း။ ဒါပေမယ့် …” သူ့မျက်နှာမှာက အပိုင်မပြောနိုင်တဲ့ ရုပ်မျိုး ပေါက်နေတယ်။ “ငါ စောစောတုန်းကလည်း ပြောခဲ့ပြီးပြီပဲ။ ငါ ခဏခဏ အိပ်ပျော်သလိုလို ဖြစ်သွားခဲ့တယ်လေ။ အဲဒီလိုအချိန်မျိုး ဆိုရင်တော့ ငါ ဘယ်လိုလုပ် သတိထားမိနိုင်မလဲ”
“မင်းရော” မင်းအာကာက ငဆွေကို မေးတယ်။
“တစ်ယောက်ယောက် အခန်းပြင် ထွက်လာတာ မြင်ရင် ငါက ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေမယ်လို့ ထင်လား” ငဆွေရဲ့ မျက်နှာအမူအရာက “သိသိကြီးနဲ့ လာမေးမနေနဲ့” လို့ ပြောနေသလိုပဲ။ ဒါပေမယ့် ဖျတ်ခနဲဆို သူ တစ်ခုခုကို သတိရသွားဟန် တူတယ်။ “ဒါပေမယ့် ငါ အိမ်သာဝင်တဲ့အချိန်မှာတော့ အခွင့်ရနိုင်တာပေါ့”
“မင်းက အိမ်သာ ဝင်သေးတာလား”
“ဘယ်လိုမှ အောင့်မထားနိုင်တော့လို့ပေါ့။ ကိုယ့်လက်ထဲမှာ ဓားစာခံတစ်ယောက် ရှိနေမှတော့ ဒီလောက် အချိန်တိုလေးအတွင်းမှာ မင်းတို့ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူးလို့ တွက်ဆလိုက်တယ်။ စိတ်ပူတာက အလစ်မှာ ရဲဆီ ဖုန်းခိုးဆက်မှာကိုပဲ။ ဒါကြောင့် ငါက ဖုန်းကို ဖြုတ်ပြီး အိမ်သာထဲတောင် ယူသွားလိုက်သေးတယ်။ တကယ့် မလွယ်ကြောပဲ”
လွန်းဆက်မောင်က နှမြောတသ ဖြစ်နေမိတယ်။ တကယ်လို့သာ အဲဒီလို အခွင့်အရေးမျိုး ရှိလာနိုင်တယ်လို့ ကြိုသိထားရင် တစ်ညလုံးပဲ ထိုင်စောင့်ရ စောင့်ရ၊ သူ စောင့်နေခဲ့မှာ။
“မင်း အိမ်သာသွားတက်တော့ ငါ့မိန်းမကရော” ဦးဟန်သာက မေးတယ်။
“မတတ်နိုင်ဘူးလေ။ တစ်ပါတည်း ခေါ်သွားရတာပေါ့။ ခင်ဗျားတို့အိမ်သာက ကျယ်ကျယ်လွင့်လွင့် ရှိလို့ တော်ပါသေးရဲ့။ ခင်ဗျားရဲ့ မိန်းမက ရှူရှူးပေါက်သံကို ကြားနေရလောက်တယ်”
ငဆွေက မြွေတစ်ကောင်လို လျှာကို တစ်လစ်တစ်လစ် လုပ်ပြီး အော်ရယ်နေတယ်။ ဒေါ်သင်းလှကတော့ ခေါင်းငိုက်စိုက်ချထားတယ်။ ဦးဟန်သာက ဒေါသတွေကို မျိုချနေရတဲ့ ပုံနဲ့ မျက်နှာကို တစ်ဖက်လှည့်ထားလိုက်တယ်။
“မင်းက ဘယ်အချိန်မှာ အိမ်သာတက်တာလဲ” လွန်းဆက်မောင်က မေးတယ်။
“အင်း … ၅ နာရီလောက်။ မိုးလင်းခါနီးပြီ နေမှာ” ငဆွေက ဒေါ်သင်းလှရဲ့ ထင်မြင်ချက်ကို တောင်းခံလိုက်တယ်။
ဒေါ်သင်းလှကလည်း ပြန်ဖြေတယ်။ “ဟုတ်တယ်။ အဲဒီအချိန်လောက်ပဲ”
“အဲဒါအပြင် တခြားနေရာ ထသွားတာမျိုး ရှိသေးလား”
“မရှိဘူး။ ဒီအဘွားကြီးက တစ်ညလုံးလုံး အိမ်သာသွားချင်တယ်လို့ တစ်ခါမှ တောင်းဆိုမလာဘူး။ ဣန္ဒြေရတဲ့ လူတွေများ ခါးအောက်ပိုင်းကိုလည်း လိုသလို ထိန်းချုပ်ထားနိုင်ကြတယ်”
လွန်းဆက်မောင်က ငဆွေရဲ့ ညစ်ပတ်တဲ့ ပြက်လုံးကို မသိကျိုးကျွံ ပြုထားလိုက်တယ်။
“တကယ်လို့ တစ်ယောက်ယောက်က သူ့အခန်းကနေ ထွက်ပြီး နှင်းသူကို သွားသတ်မယ် ဆိုရင် အဲဒီအချိန်မှာ လှုပ်ရှားရတော့မှာပဲ။ ဒါပေမယ့် …”
နန်းမိုရ်ခရဲ့ ကောက်ချက်အပေါ် လွန်းဆက်မောင်အဖို့ ဘာမှ ကန့်ကွက်စရာ အကြောင်းမရှိဘူး။ လူသတ်သမားက တံခါးနားမှာ တစ်ချိန်လုံး အလစ်ချောင်းနေလောက်တယ်။ ဓားပြငဆွေရဲ့ စောင့်ကြပ်မှု စက်ကွင်းကနေ လွတ်သွားမယ့် အချိန်ကို စောင့်နေလောက်တယ်။
“မဖြစ်နိုင်ဘူး။ ဘယ်သူက နှင်းသူကို သတ်ချင်မှာတဲ့လဲ” ဦးဟန်သာက သောကပွားနေတဲ့ မျက်နှာနဲ့ ပြောတယ်။ “အထူးသဖြင့် အခုလို အချိန်မျိုးမှာပေါ့”
“အဲဒီစကားကို ငါက ပြောချင်နေတာ” ငဆွေက ကြမ်းပြင်ကို ဒေါမာန်အပြည့်နဲ့ ခြေဆောင့်ချလိုက်တယ်။ “ဘာဖြစ်လို့ အခုလိုအချိန်မျိုးမှာမှ လူသတ်ချင်ရတာလဲ။ မင်းတို့အကြားမှာ ဘယ်လို ရန်ငြိုးရန်စတွေ ရှိနေသလဲ ဆိုတာကို ငါ မသိဘူး။ ဒါပေမယ့် တောင်းပန်ပါတယ်။ ငါတို့ မရှိတော့မှ လုပ်စရာရှိတာ လုပ်ကြပါလား”
“မောင်စိုးဇေယျ၊ နှင်းသူက ကိုယ့်ဟာကိုယ် သတ်သေတာရော မဖြစ်နိုင်ဘူးလား” အခုလို ဒေါ်သင်းလှ မေးရတဲ့ အကြောင်းအရင်းက ဆရာဝန်ဖြစ်တဲ့ စိုးဇေယျဆီမှာ မတူညီတဲ့ အမြင်မျိုး ရှိနေနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဖြစ်မယ် ထင်တယ်။ ဒါပေမယ့် အဲဒါ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု မဟုတ်ဘူး ဆိုတာကို တကယ်တော့ ဒေါ်သင်းလှက ကောင်းကောင်း သိနေလိမ့်မယ်လို့ လွန်းဆက်မောင်က ယုံကြည်ထားတယ်။
“နှင်းသူက ကျောဘက်မှာ ဓားထိုးခံထားရတာ။ သူ့ဟာသူဆို အဲဒီနေရာကို ဓားနဲ့ ထိုးနိုင်လိမ့်မယ် မထင်ဘူး”
စိုးဇေယျရဲ့ အဖြေနဲ့ လွန်းဆက်မောင်ရဲ့ တွေးဆချက်က တစ်ထပ်တည်း ကျတယ်။ ဒေါ်သင်းလှက သိသိသာသာကြီး မျှော်လင့်ချက် ကုန်ခမ်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ ဖြစ်နိုင်ခြေမျိုး အနည်းအကျဉ်းလောက်ဖြစ်ဖြစ် ရှိနေတယ် ဆိုရင် ယာယီအားဖြင့်တော့ တခြားသူကို မသင်္ကာမဖြစ်ဘဲ နေနေလို့ ရတယ် မဟုတ်လား။
“အဲဒါ ဒီအိမ်က ဓားလား” လွန်းဆက်မောင်က ဒေါ်သင်းလှကို မေးတယ်။
“အရင်က မမြင်ဖူးဘူး” သူက ဖြေတယ်။ “သစ်သီးခွဲတဲ့ ဓားမျိုးနဲ့ တူတယ်။ နှင်းသူ ယူလာတာလား မသိဘူး”
“အဲဒီလိုတော့ မဖြစ်နိုင်ဘူး ထင်တယ်။ လူသတ်သမား ဆောင်ထားတာ ဖြစ်မယ်လို့ ပြောတာကမှ ပိုပြီး ယုတ္တိရှိနိုင်တယ်။ လူသတ်ဖို့ သွားပါတယ် ဆိုမှ လက်နက်မပါဘဲ ဘယ်နေပါ့မလဲ”
ပန်းနုဝေရဲ့ အကြည့်က လေထဲ ဝဲပျံနေတယ်။ သူ့ရဲ့ ဦးနှောက်ထဲမှာ လူသတ်သမားရဲ့ လှုပ်ရှားပုံ အဆင့်ဆင့်ကို ပုံဖော်ကြည့်နေတာ ဖြစ်မယ် ထင်တယ်။
“အခုလိုအချိန်မျိုးမှာ ရင်ခွဲစစ်ဆေးကြည့်ရင် သဲလွန်စတစ်ခုတလေလောက် ရှာတွေ့နိုင်မယ် ထင်လား” ဦးဟန်သာက စိုးဇေယျကို မေးတယ်။
စိုးဇေယျက ခေါင်းညိတ်တယ်။ “သေဆုံးချိန်နဲ့ သေရတဲ့ အကြောင်းအရင်းကို သိနိုင်တယ်။ ဒါကြောင့် တတ်နိုင်သလောက် မြန်မြန် စစ်ဆေးကြည့်နိုင်ရင် အကောင်းဆုံးပဲ”
“ဟုတ်တယ် ….”
“မဟုတ်လည်း ငါတို့ ထွက်သွားတာနဲ့ မင်းတို့က ရဲကို အကြောင်းကြားကြမှာပဲ မဟုတ်လား” ငဆွေက ပြောတယ်။ “အဲဒီငနဲတွေက အလောင်းကို သယ်သွားပြီး ရင်ခွဲစစ်ဆေးကြလိမ့်မယ်။ ပြီးတော့ မှုခင်းရဲတွေ လွှတ်ပြီးတော့လည်း လက်ဗွေတွေ ဘာတွေ လာယူချင် ယူနေဦးမှာ။ အဲဒီလို ဆိုရင်တော့ အဖြစ်မှန်ကို အမြန်ဆုံး သိလာရမှာပဲ။ ဖြစ်ပြီးသားကိစ္စကတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ဒါပေမယ့် ငါတို့ မထွက်ခွာခင်မှာ ကျေးဇူးပြုပြီး ဘာပြဿနာမှ ထပ်မရှာပါနဲ့တော့”
ငဆွေက အခုကိစ္စနဲ့ ပတ်သက်ပြီး အတော်ကို ဦးနှောက်ခြောက်နေမှန်း “ကျေးဇူးပြုပြီး” ဆိုတဲ့ စကားလုံးက လှစ်ဟပြနေတယ်။
“ငါ နောက်တစ်ခါ ထပ်မေးဦးမယ်” မင်းအာကာက ငဆွေနဲ့ ကျွဲကြီးကို ပြောတယ်။ “တကယ်ပဲ မင်းတို့လုပ်တာ မဟုတ်ဘူးပေါ့”
“မဟုတ်ဘူး” ငဆွေက ဖြေတယ်။ “ငါတို့ လုပ်တာ လုံးဝ မဟုတ်ဘူး။ အဲဒီမိန်းမကို သတ်တဲ့ တရားခံက မင်းတို့လူစုထဲမှာပဲ။ တကယ်လို့ ငါတို့ လုပ်တာဆိုရင် မင်းတို့ကို ဘာမှ ဝန်မခံရဲစရာ အကြောင်းမရှိဘူး။ လုပ် လုပ်တယ်ပေါ့။ ဖုံးလားဖိလား လုပ်နေဖို့ မလိုပါဘူး”
ဓားစာခံတွေအားလုံး နှုတ်ဆိတ်ကုန်တယ်။ ငဆွေရဲ့ စကားက မုသားမပါဘူး ဆိုတာကို အကုန်လုံးက တစ်ထပ်တည်း သဘောတူ လက်ခံလိုက်ကြသလိုပဲ။ ဒါဆို ဆက်လုပ်ရမှာက စိုက်လိုက်မတ်တတ် ယုံကြည်စိတ်ချရပါတယ် ဆိုတဲ့ ကိုယ့်လူကိုယ်ပဲ ယုံမှားသင်္ကာ ဖြစ်ရတော့မှာပေါ့။
လေးလံထိုင်းမှိုင်းတဲ့ အငွေ့အသက်က အခန်းကို အုပ်မိုးထားတယ်။ လူတိုင်းက ခေါင်းတွေ ငိုက်စိုက်ကျလို့။
“ငါ ဗိုက်ဆာပြီ” ကျွဲကြီးက ပြောတယ်။
ငဆွေက နှုတ်ခမ်းသပ်တယ်။ “မင်းက တကယ့်ကောင်ပဲ။ ဒီလိုအချိန်မျိုးမှာလည်း ဗိုက်က ဆာနိုင်သေးတယ်”
“မနေ့ညကတည်းက အခုချိန်ထိ ဘာမှ စားရသေးတာ မဟုတ်ဘူး။ ဆာတာပေါ့ကွ”
ငဆွေက လက်မြှောက်အရှုံးပေးတဲ့ အမူအရာနဲ့ ဒေါ်သင်းလှရဲ့ အရှေ့မှာ သွားရပ်တယ်။
“ကဲ ကြားတယ် မဟုတ်လား။ စားစရာတစ်ခုခု လုပ်ပေးပါဦး။ လွယ်လွယ် လုပ်လို့ရတာပဲ လုပ်ပါ။ ဗိုက်ဝရင် ပြီးရော”
ဒေါ်သင်းလှက ဘာမှ ပြောမနေတော့ဘဲ တုန်တုန်ချိချိနဲ့ မတ်တတ်ထရပ်တယ်။ ပန်းနုဝေနဲ့ နန်းမိုရ်ခတို့လည်း ထရပ်လိုက်ကြတယ်။
“ငါ့အတွက် မလုပ်နဲ့တော့။ စားချင်စိတ် မရှိဘူး” ဦးဟန်သာက ပြောတယ်။
“ကျွန်တော့်အတွက်လည်း မလုပ်နဲ့တော့။ အခုလိုအချိန်မှာ ဘယ်နှယ့်လုပ်ပြီး စားဝင်ပါ့မလဲ” စိုးဇေယျက ပြောတယ်။
“ကျွန်တော်လည်း စားချင်စိတ် မရှိဘူး။ ဒါပေမယ့် ဘာမှ မစားရင်လည်း လူက ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ပေါင်မုန့်ထောပတ်သုတ်လောက်ပဲ လုပ်ပေးပါလား”
မင်းအာကာရဲ့ တောင်းဆိုချက်ကို ကြားတော့ ဒေါ်သင်းလှက ခေါင်းညိတ်ပြတယ်။
ငဆွေက သူ့ထုံးစံအတိုင်း မိန်းမတွေနဲ့ မီးဖိုဆောင်ထဲကို လိုက်ဝင်သွားတယ်။ အိပ်ရေးဝသွားလို့ ထင်တယ်။ ကျွဲကြီးက မျက်လုံးကြီး ပြူးပြီး ယောက်ျားလေးတွေကို မမှိတ်မသုန် စောင့်ကြည့်နေတယ်။ အဲဒီလိုဆိုရင်တော့ အရင်ကလို တိုးတိုးတိတ်တိတ် စကားပြောလို့ မရနိုင်တော့ဘူး။ ပြီးတော့ စကားပြောချင်စိတ်လည်း ရှိမနေကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးအားလုံးက အခြားလူတွေကို သံသယမျက်လုံးတွေနဲ့ အကဲခတ်နေကြလို့ပဲ။
အဆီပြန်နေတဲ့ ကျွဲကြီးရဲ့ မျက်နှာကို ငေးကြည့်ရင်း မနေ့ညတုန်းက သူ ရုတ်ခြည်း အိပ်ပျော်သွားခဲ့တဲ့ အဖြစ်အပျက်ကို လွန်းဆက်မောင်က ပြန်လှန်တွေးကြည့်နေမိတယ်။ ငဆွေ ပြောခဲ့သလိုပဲ။ အဲဒီလို ကုလားသေ ကုလားမော အိပ်ပျော်နေတဲ့ ပုံပန်းသဏ္ဌာန်က အိပ်ဆေးခတ်ခံထားရလို့က လွဲပြီး တခြား ဘာကြောင့်မှ မဖြစ်နိုင်ဘူး။
လွန်းဆက်မောင်က တွေးဆကြည့်တယ်။ နှင်းသူကို သတ်ဖြတ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လူသတ်သမားက ကျွဲကြီးကို ဆေးခတ်ခဲ့တာများလား။ တကယ်လို့ ငဆွေက တစ်ယောက်တည်း ကျန်ရစ်ခဲ့ရင် လူအကုန်လုံးကို စောင့်ကြည့်ဖို့ရာ အတော်ကြီး ခက်ခဲသွားမယ်။ ဒါဆို လုပ်ကြံဖို့ အခွင့်အရေးလည်း အလိုအလျောက် ရလာနိုင်တယ်ပေါ့။
ပြီးတော့ စောစောပိုင်းတုန်းက သစ္စာဖောက်ခံရတဲ့ ဖြစ်ရပ်တွေကိုလည်း ကြုံထားခဲ့ပြီးပြီ။
ရှေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နှစ်ခုပေါ် မူတည်ပြီး ဓားစာခံတွေထဲမှာ သစ္စာဖောက် ရှိနေတယ်လို့ လွန်းဆက်မောင်က သတိထားမိပြီးသား။ တစ်ကြိမ်က ‘HELP’ စကားလုံးကို အဖျက်ခံလိုက်ရတာ။ နောက်တစ်ကြိမ်က မီးဖြတ်ဖို့ အစီအစဉ်ကို ဖျက်ဆီးခံလိုက်ရတာ။
လွန်းဆက်မောင်က တွေးတယ်။ အဲဒီသစ္စာဖောက်က နှင်းသူကို သတ်ခဲ့တဲ့ တရားခံပဲ ဖြစ်ဖို့များတယ်။ နှစ်ကြိမ်နှစ်ခါတောင် နှောင့်ယှက်ဖျက်ဆီးတယ် ဆိုတာကလည်း နှင်းသူကို သတ်နိုင်ဖို့အတွက် ပေးထားချက် ခိုင်လုံအောင် လုပ်သွားတဲ့ သဘောမျိုးပဲ။
ငဆွေနဲ့ ကျွဲကြီးသာ ဒီတိုက်ထဲမှာ ရှိနေခဲ့ရင် လူသတ်မှု ဖြစ်လာရင်တောင်မှ ရဲကို အချိန်မီ အကြောင်းကြားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူသတ်တရားခံကို ဖမ်းဖို့ သဲလွန်စတွေက အချိန်ကုန်လွန်သွားတာနဲ့အမျှ လျော့သထက် လျော့သွားလိမ့်မယ်။ ဓားပြနှစ်ယောက် ထွက်ပြေးသွားတဲ့ အခါမှာ အဲဒီလူသတ်မှုကို သူ့တို့နှစ်ယောက်အပေါ် ပုံချလိုက်ရင် ပြီးသွားပြီပဲ။
တရားခံက ဒီစီမံကိန်းကို ဘယ်တုန်း ဘယ်အချိန်ကတည်းက ချမှတ်ခဲ့သလဲ ဆိုတာကို မသိရပေမယ့် ဓားပြနှစ်ယောက် တိုက်ထဲဖောက်ဝင်လာပြီးမှ မျက်မြင်အနေအထားကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့ စဉ်းစားမိသွားတာ ဖြစ်မယ်။
လူသတ်တရားခံက ငဆွေနဲ့ ကျွဲကြီး မဟုတ်ဘူး ဆိုတာကို လွန်းဆက်မောင်က ရာနှုန်းပြည့် ယုံတယ်။ ဦးဟန်သာတို့ လင်မယား၊ မင်းအာကာ၊ ပန်းနုဝေ၊ နန်းမိုရ်ခ၊ စိုးဇေယျ … လူသတ်တရားခံက ဒီခြောက်ယောက်ထဲက တစ်ယောက်ယောက်ပဲ။
အခုလို အနေအထားမျိုးမှာ ဘယ်သူကမှ လွယ်လွယ်နဲ့ စကားမဟချင်ကြဘူး။ အဲဒီအချိန်မှာပဲ စိုးဇေယျက ငိုသံကြီးနဲ့ ခပ်အုပ်အုပ် ပြောတယ်။
“အား … ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။ ဘာဖြစ်လို့ သူ့ကိုမှ သတ်ချင်ရတာလဲ။ အစောကြီးကတည်းက ကြိုသိခဲ့ရင် ဒီကို မလာပါဘူး။ ငါတို့ဟာငါတို့ တခြားနေရာ သွားတာကမှ အန္တရာယ်ကင်းသေးတယ်”
အဲဒီစကားက ဒီစံအိမ်မှာ လာပြီး အပန်းဖြေဖို့ ဖိတ်ကြားခဲ့တဲ့ ဦးဟန်သာတို့ လင်မယားကို အပြစ်တင်နေသလိုပဲ။ အဲဒါကြောင့်မို့လားတော့ မပြောတတ်ဘူး။ ဦးဟန်သာက မျက်စိကို စုံမှိတ်ပြီး တုတ်တုတ်မှ မလှုပ်တော့ဘူး။
မင်းအာကာက ဦးဟန်သာကိုယ်စား စကားဆိုတယ်။ “သူက ဒီကို နှစ်တိုင်းရောက်တယ်။ ဒီနှစ်ကျမှ ခင်ဗျားက သူနဲ့ ကပ်ပါလာတာ”
“အဲဒီကြောင့်မို့ ကျွန်တော်က ပိုပြီး နောင်တရနေတာပေါ့။ ကျွန်တော် လိုက်လာတဲ့ အခေါက်ကျမှ အဲဒီလို ဖြစ်ရတယ်လို့။ သူ့မိဘတွေကို ကျွန်တော် ဘယ်လို မျက်နှာပြရပါ့မလဲ”
“အဲဒါတော့ ပူမနေပါနဲ့။ မင်းက နှင်းသူရဲ့ အုပ်ထိန်းသူမှ မဟုတ်ဘဲ။ မင်းက မင်းကိုယ်မင်း သူ့ရဲ့ ခင်ပွန်းလောင်းလို့ အထင်ရောက်နေတာ။ သူကတော့ အဲဒီလောက် တစ်ခါမှတောင် တွေးဖူးပုံ မရဘူး”
မင်းအာကာက စိုးဇေယျကို တမင် ဖဲ့နေသလိုပဲ။ စိတ်တွေ ရှုပ်ထွေးနေတော့ကာ လူတွေအားလုံးလည်း ဘာကိုမှ မစောင့်စည်းနိုင်ကြတော့ဘူး နေမှာ။
“အိမ်ကနေ ထွက်လာကြတုန်းက သူ့မိဘတွေက သူတို့သမီးကို စောင့်ရှောက်ပေးဖို့ ကျွန်တော့်ကို အပ်ထားခဲ့တာ။ သူတို့က ကျွန်တော်ကို ဒီလောက် ယုံကြည်ပြီး …. အား … တကယ်ပဲဗျာ။ တကယ်လို့ သူ့ကို ဘယ်သူ သတ်သလဲဆိုတာ သိရရင် အဲဒီလူက ဘယ်သူပဲ ဖြစ်နေဖြစ်နေ၊ ငါ သူ့ကို တစ်သက်လုံး ခွင့်လွှတ်မှာ မဟုတ်ဘူး”
စိုးဇေယျက ခေါင်းကို ပိုက်ထားတယ်။
လွန်းဆက်မောင်က သူ့ကို အေးတိအေးစက် ငေးကြည့်နေတယ်။ မင်းအာကာနဲ့ ဦးဟန်သာကလည်း ကြည့်ရတာ ဘာဆက်ပြောရမှန်း သိပုံ မရဘူး။
“ငါ မေးပါရစေဦး”
စိုးဇေယျနဲ့ စကားနာထိုးနေရတာကို အဓိပ္ပာယ် မရှိဘူးလို့ ယူဆသွားလို့ ထင်ပါရဲ့။ မင်းအာကာက ကျွဲကြီးဆီ ဦးလှည့်သွားတယ်။
“မင်းတို့ရဲ့ ဘော်ဒါက ဘယ်အချိန် ရောက်မှာလဲ။ ဟို ကိုထိုက်ဆိုတဲ့ လူလေ”
“ကိုထိုက်က ဒီနေ့ရောက်မှာ” ကျွဲကြီးက ဖြေတယ်။
“ဘယ်နှနာရီလောက်လဲ။ မင်းတို့ အစကတော့ မနေ့ညသန်းခေါင်လောက် ရောက်လာမှာဆို”
“သူ ဒီနေ့လာမှာ။ လာကိုလာမှာ”
“အဲဒါဆိုလည်း ပြီးရော။ လာမယ်ဆိုလည်း စောစောလာစေချင်တာပဲ။ အခုလိုကြီး ဖြစ်ထားတော့ ငါတို့လည်း စောနိုင်သမျှ စောစော ရဲတိုင်ချင်တယ်”
“အင်း၊ သဘောပေါက်တယ်” ကျွဲကြီးရဲ့ ဖြေပုံက ထူးထူးခြားခြားကို ရို့ကျိုးနေတယ်။