မာတိကာကြည့်ရန်

(ဂ)

မိန်းကလေးတွေက ငဆွေရဲ့ ဖိအားပေး အကျပ်ကိုင်မှု အောက်မှာ မီးဖိုဆောင်ထဲကို ဝင်ပြီး ညစာအတွက် ပြင်ဆင်နေကြပြီ။ ကျွဲကြီးကတော့ ထုံးစံအတိုင်း ယောက်ျားလေးယောက်ကို စောင့်ကြပ်နေရတယ်။

လွန်းဆက်မောင်တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထင်မှတ်မထားတဲ့ ကိစ္စက ဖြစ်လာခဲ့တာကိုး။

ဘယ်သူမှ တိုက်အပြင်ဘက်ကို ထွက်ခွင့် မရကြဘူး။ သဘောအရတော့ ဘယ်သူကမှ မြေကြီးပေါ်က စာတွေကို ဖျက်ပစ်နိုင်မှာ မဟုတ်ဘူး။ စောစောက အချိန်ထိ သူ အဲဒီလိုပဲ ယူဆထားခဲ့တယ်။ ဒါပေမယ့် သန့်စင်ခန်းထဲကို ဝင်သွားပြီးတော့မှ ဖြစ်နိုင်ခြေ မရှိတာ မဟုတ်ဘူးလို့ သူ သဘောပေါက်လာတယ်။

သန့်စင်ခန်းထဲက လက်ဆေးကန်ဘေးမှာ ပိုက်ပျော့တစ်ခွေ ချထားတာ ရှိတယ်။ သေချာ စစ်ကြည့်လိုက်တော့ အဲဒီပိုက်ပျော့က ရေစိုနေတယ်။ လွန်းဆက်မောင် သဘောပေါက်သွားတယ်။ အဲဒီပိုက်ပျော့ကို သုံးပြီး ပြတင်းပေါက် အပြင်ဘက်ကို ရေနဲ့ လှမ်းပက်ရင် ပြတင်းအောက်ခြေမှာ ရှိတဲ့ စာလုံးတွေကို ဆေးပစ်လိုက်လို့ရတယ်။

မေးသင့်တာက … ဘယ်သူလုပ်တာလဲ။ ငဆွေ ဒါမှမဟုတ် ကျွဲကြီးပဲ ဖြစ်မလား။ တကယ်လို့ သူတို့သာဆိုရင် ရေငုံနှုတ်ပိတ် နေကြမှာ မဟုတ်ဘူး။

ဒါဆို ဓားစာခံတွေထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေပြီလား။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ လွန်းဆက်မောင်က ခေါင်းခါယမ်းလိုက်တယ်။ ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ။

သူက အဲဒီကိစ္စကို အသည်းအသန် စဉ်းစားနေတုန်း မင်းအာကာက သူ့နားနားကို တိုးကပ်လာပြီး တိုးတိုးလေး ပြောတယ်။

“ကံစမ်းပြီး တစ်ပွဲလောက် လောင်းကြည့်ကြမလား”

လွန်းဆက်မောင်က သူ့မျက်နှာကို ကြည့်ပြီး မေးတယ်။

“ဘာလောင်းမှာလဲ”

မင်းအာကာက အပေါ်ကို မျက်လုံးလှန်ပြတယ်။ မျက်နှာကြက်ကို ကြည့်ခိုင်းတဲ့ သဘော။

“အပြင်မှာ မှောင်သထက် မှောင်လာနေပြီ။ တကယ်လို့ မီးပျက်သွားရင် ထွက်ပြေးဖို့ အခွင့်အရေး ရနိုင်တယ် မဟုတ်လား”

“မီးပျက်ရင် …”

ဒီလိုလည်း လုပ်လို့ ရသေးတာပဲလို့ လွန်းဆက်မောင် တွေးလိုက်တယ်။

“ဘယ်လိုလုပ်မလဲ”

“ဒီဧည့်ခန်းနဲ့ ထမင်းစားခန်းရဲ့ မီးလိုင်းတွေ အားလုံးကို ဖျူးတစ်ခုတည်းကပဲ ထိန်းထားတာ။ တကယ်လို့ ပလတ်ခုံတစ်ခုခုမှာ ရှော့ဖြစ်သွားလို့ ဖျူးပျက်သွားရင် ရပြီ။ ဒါပေမယ့် ဖျူးပျက်မှန်း သူတို့နှစ်ယောက် သိသွားရင်တော့ သွားပြီ။ သန့်စင်ခန်းထဲမှာ ရှိတဲ့ လက်ဆေးကန်ရှေ့က ပလတ်ပေါက်က ဒီဖျူးတစ်ခုတည်းပဲ ထင်တယ်။ အဲဒီပလတ်ပေါက်ကို ရှော့တိုက်လို့ ရတယ်”

“ဒါပေမယ့် …”

လွန်းဆက်မောင်က အစောင့် သတိမထားမိအောင် ဂရုစိုက်နေရင်း ပြောတယ်။

စက်ရုပ်ဆက်ရတာကို စိတ်မရှည်နိုင်တော့လို့ ဒါမှမဟုတ် ပျင်းသွားလို့ ထင်တယ်။ ကျွဲကြီးက စင်ပေါ်က ပစ္စည်းတွေကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေတယ်။ စင်ပေါ်မှာက ငှက်တွေနဲ့ ဆေးပင်ဝါးပင်တွေအကြောင်း ရေးထားတဲ့ စာအုပ်တွေ ရှိတယ်။ ဒါပေမယ့် သူက စာလုံးတွေကို နည်းနည်းမှ စိတ်ဝင်စားပုံ မရဘူး။

“ရုတ်တရက် အမှောင်ကျသွားရင် အားလုံးက ထိတ်လန့်တကြား ဖြစ်ပြီး ပိုလို့တောင် အန္တရာယ် ရှိသွားနိုင်တယ်”

“ငါ သိတယ်။ ဒါကြောင့် မီးဖျက်မယ့် အချိန်ကို ကြိုသတ်မှတ်ထားရမယ်”

“ဘယ်လို သတ်မှတ်မလဲ”

“တိုင်မာကို သုံးမယ်” မင်းအာကာက ပြောတယ်။ “ငါ့အခန်းထဲမှာ တိုင်မာတစ်လုံး ရှိတယ်။ ဆောင်းရာသီရောက်ရင် အပူပေးစက်မှာ တပ်ပြီး သုံးတာ။ တိုင်မာကို အချိန်သတ်မှတ်ပေးထားရင် အချိန်ကျတာနဲ့ သူက လျှပ်စစ်လွှတ်ပေးတယ်”

အဲဒီနည်းလမ်းက တကယ်အလုပ်ဖြစ်နိုင်တယ်။

“ဒါပေမယ့် တိုင်မာကို လက်ထဲရောက်အောင် ဘယ်လို လုပ်မလဲ”

“အဲဒါတော့ ငါ့တာဝန်ထား”

မင်းအာကာက လွန်းဆက်မောင်ကို ယုံကြည်ချက်အပြည့်နဲ့ မျက်စိမှိတ်ပြတယ်။ နောက်တော့ သူက ကျွဲကြီးကို ပြောတယ်။

“မင်းက ဉာဏ်သုံးရတဲ့ ကစားနည်းကို အင်မတန် သဘောကျပုံပဲ”

ကျွဲကြီးက သတိကြီးကြီး ထားတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေတယ်။

မင်းအာကာက ဆက်ပြောတယ်။ “တကယ်တော့ ငါ့မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဉာဏ်စမ်းကစားနည်းတစ်မျိုး ရှိတယ်”

“ဘယ်လို ကစားနည်းမျိုးလဲ” ကျွဲကြီးက မေးတယ်။

“ပြောရတာတော့ ခက်တယ်။ သစ်သားမီးခြစ်ဘူးတွေကို သုံးရမှာ”

“မီးခြစ်ဘူး …” ကျွဲကြီးရဲ့ မျက်နှာမှာ စိတ်ပျက်သွားတဲ့ အရိပ်အယောင်တွေ ထင်ဟပ်သွားတယ်။ “မီးခြစ်ဆန်နဲ့ ကစားတဲ့နည်းက ရိုးနေပြီ”

“မီးခြစ်ဆန်နဲ့ မဟုတ်ဘူး။ ဘူးခွံနဲ့။ အတွင်းအံနဲ့ အပြင်ခွံတွေကို ပေါင်းစပ်ပြီး လုပ်ရတာ”

“ဘူးခွံ …” ကျွဲကြီးက ဘောင်းဘီအိတ်ထောင်ထဲကနေ မီးခြစ်ဘူးတစ်ဘူး နှိုက်ထုတ်ပြီး မင်းအာကာအရှေ့ကို ပစ်ပေးလိုက်တယ်။ “ငါ့ကို လုပ်ပြစမ်းပါဦး”

မင်းအာကာက ခေါင်းခါတယ်။ “ဒီလောက်ပါးတဲ့ ဘူးနဲ့ လုပ်လို့ မရဘူး။ မီးဖိုဆောင်ထဲမှာ ပိုပြီး ထူတဲ့ မီးခြစ်ဘူးခွံတွေ ရှိတယ်။ ဘူးငါးဘူးရှိရင် လုပ်လို့ ရပြီ”

“ငါးဘူးတောင်လား။ ဘာဖြစ်လို့ အဲဒီလောက် အများကြီး လိုတာလဲ”

“အဲဒါ စည်းကမ်းပဲလေ။ ငါးဘူးရှိမှ ရမှာ”

ကျွဲကြီးရဲ့ သိချင်စိတ်က မျက်နှာမှာ အတိုင်းသား ပေါ်နေတယ်။ ဖုံးဖိလို့ မရနိုင်အောင်ပဲ။ သူက မင်းအာကာကို အမိန့်ပေးတယ်။ “အဲဒါဆို မင်း သွားယူလိုက်”

မင်းအာကာက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး လွန်းဆက်မောင်ကို မသိမသာ မျက်စိမှေးပြတယ်။

မီးဖိုဆောင်ထဲကို ဝင်သွားတော့ ငဆွေရဲ့အသံကို ကြားလိုက်ရတယ်။ “မင်း ဘာလာလုပ်တာလဲ”

နောက်တော့ သူတို့နှစ်ယောက်ရဲ့ စကားပြောသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ မင်းအာကာက မီးခြစ်ဘူးငါးဘူး ယူပြီး ပြန်ရောက်လာတယ်။

“လိုချင်တာ ရှိလို့ တော်သေးတယ်”

“မြန်မြန်လုပ်” ကျွဲကြီးက လောဆော်တယ်။

“ဒီလောက်နဲ့ မရသေးဘူး။ ကော်ရှိဖို့ လိုသေးတယ်”

မင်းအာကာရဲ့ စကားကြောင့် ကျွဲကြီးက သိသိသာသာကြီးကို စိတ်မရှည်နိုင် ဖြစ်သွားတယ်။ “ဘာဖြစ်လို့ ကော်က လိုရသေးတာလဲ”

“ကော်နဲ့ မီးခြစ်ဘူးငါးဘူးကို ကပ်ရမယ်။ ငါ့အခန်းထဲမှာ ကော်ရှိတယ်။ ငါ သွားယူလို့ ရမလား”

လက်စသတ်တော့ ဒီလိုကိုး။ ပိုင်ပါပေတယ်လို့ လွန်းဆက်မောင်က တွေးနေမိတယ်။

ကျွဲကြီးက တုံ့ဆိုင်းဆိုင်း ဖြစ်နေတာ သိသာတယ်။ မင်းအာကာကို တစ်ယောက်တည်း သွားခိုင်းလို့ မဖြစ်ဘူး။ ဒါပေမယ့် ကျန်တဲ့ယောက်ျားတွေကိုလည်း သူက စောင့်မကြည့်လို့ မဖြစ်ပြန်ဘူး။ မင်းအာကာက သူ့ရဲ့ အတွေးကို ထွင်းဖောက်မြင်နေရတဲ့အလား ပြောတယ်။

“မင်းက ရှိသမျှလူ အကုန်လုံးကို အတူ ခေါ်သွားရင် ပြီးနေတာပဲဥစ္စာ”

“အကုန်လုံး …”

“ဟုတ်တယ်လေ။ အဲဒီလိုမှ မင်း စိတ်ချနိုင်မှာပေါ့။ တစ်ယောက်ယောက် ထွက်ပြေးမှာ မပူရတော့ဘူး”

ကျွဲကြီးက အဲဒီအကြံကို လက်ခံလိုက်ရတယ်။ မင်းအာကာက အရှေ့ဆုံးကနေ သွားတယ်။ လွန်းဆက်မောင်၊ စိုးဇေယျနဲ့ ဦးဟန်သာတို့က သူ့ အနောက်မှာ။ ကျွဲကြီးက ရိုင်ဖယ်ကိုင်ထားရင်း နောက်ဆုံးကနေ လိုက်တယ်။

လှေကားထိပ်ကို ရောက်တော့ မင်းအာကာက လွန်းဆက်မောင်ရဲ့ နားထဲကို တိုးတိုးလေး ကပ်ပြောတယ်။

“ငါက ကော်ဘူး တွေ့ပြီလို့ ပြောလိုက်တာနဲ့ မင်းက သူ့ရဲ့ အာရုံကို တခြားနေရာ ရောက်သွားအောင် လုပ်လိုက်။ ၁၀ စက္ကန့်လောက်ဆိုရင်ကို လုံလောက်တယ်”

“အိုကေ” လွန်းဆက်မောင်က ဖြေတယ်။

ကျွဲကြီးက လေးယောက်စလုံးကို အခန်းထဲ ဝင်ဖို့ အမိန့်ပေးတယ်။ သူကတော့ တံခါးဝမှာ ရပ်လို့။ “ခပ်သွက်သွက်လုပ်”

“အေးပါ။ ဒီစာအုပ်စင်ပေါ်မှာပဲ ရှိရမှာ” မင်းအာကာက နံရံဘေးက စာအုပ်စင်နားကို လျှောက်သွားတယ်။ အံဆွဲကို ဆွဲဖွင့်ပြီး ရှာတယ်။ သိပ်မကြာဘူး။ သူက အော်ပြောတယ်။ “အား၊ တွေ့ပြီ။ တွေ့ပြီ။ ဒီမှာ ရှိနေမယ်လို့ ငါ ထင်ထားတဲ့အတိုင်းပဲ” ပြောပြီး သူက စက္ကူဘူးထဲကနေ ကော်ဘူးလေးတစ်ဘူးကို ဆွဲထုတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ လွန်းဆက်မောင်ကို မျက်စိတစ်ဖက် မှိတ်ပြတယ်။

အချက်ပြချက် ရတာနဲ့တစ်ပြိုင်နက် လွန်းဆက်မောင်က “အား ကျွတ် ကျွတ် ကျွတ်” လို့ အော်ပြီး ဗိုက်ကိုနှိပ်ရင်း ငုတ်တုတ် ထိုင်ချလိုက်တယ်။

အနားမှာ ရှိတဲ့ စိုးဇေယျက ပျာပျာသလဲ မေးတယ်။ “ဗိုက်နာလို့လား”

“ဘယ်လို ဖြစ်တာလဲ၊ ဆက်မောင်” ဦးဟန်သာကလည်း အနားတိုးကပ်လာတယ်။

“မင်း ဘာလုပ်နေတာလဲ” လွန်းဆက်မောင်က ကျွဲကြီးရဲ့ စိတ်အာရုံကို အောင်အောင်မြင်မြင် ဖမ်းစားနိုင်လိုက်ပြီ။

“ရုတ်တရက် ဗိုက်နာလာလို့ …. ဘယ်လို ဖြစ်တာလဲ မသိဘူး …”

လွန်းဆက်မောင်က သဏ္ဌာန်လုပ် သရုပ်တူအောင် တွန့်လိမ်နေရင်း မင်းအာကာကို တစ်ချက် စွေကြည့်လိုက်တယ်။ အံဆွဲထဲကနေ အနီရောင်ဘူးလေးတစ်ဘူး ဆွဲယူပြီး အင်္ကျီအိတ်ကပ်ထဲ အလျင်အမြန် ထိုးထည့်လိုက်တာကို သူ တွေ့မြင်လိုက်တယ်။

“ဘယ်လို ဖြစ်တာလဲ။ မင်းမှာ အစာအိမ်ရောဂါ ရှိတယ်လို့လည်း မကြားဖူးပါဘူး။ လေထိုးတာ ဖြစ်လိမ့်မယ် ထင်တယ်” မင်းအာကာက ပြောရင်း သူ့အနားကို ရောက်လာတယ်။ သွားလို့ရပြီ ဆိုတဲ့ သဘောပေါ့။

လွန်းဆက်မောင်က မျက်မှောင်ကြုတ်ထားရင်း မတ်တတ်ထရပ်တယ်။ “ဗိုက်က ရုတ်တရက် ထိုးအောင့်လာတာပါ။ သိပ်တော့ ဆိုးဆိုးဝါးဝါးကြီး ဖြစ်ဟန်မတူဘူး။ အခုတော့ နည်းနည်း သက်သာသွားပြီ”

“ဒါဆိုလည်း အောက်ရောက်မှ ငြိမ်ငြိမ်လေး အနားယူလိုက်ကွာ” မင်းအာကာ ပြောတယ်။

“အင်း၊ အောက်ဆင်းကြတာပေါ့”

ကျွဲကြီးရဲ့ မျက်စိရှေ့မှာပဲ အားလုံး အခန်းပြင် ထွက်လာကြတယ်။

ဧည့်ခန်းကို ပြန်ရောက်တော့ မင်းအာကာက ပထမဦးဆုံးအနေနဲ့ မီးခြစ်ဘူးဉာဏ်စမ်းကစားနည်းကို လုပ်ပြတယ်။ သူက မီးခြစ်ဘူးငါးဘူးရဲ့ အတွင်းအံတွေ အားလုံးကို ဆွဲထုတ်ပြီး အပြင်ခွံနဲ့ ကော်ကပ်ထားလိုက်တယ်။ ကော်ကပ်တဲ့ နေရာက အဓိက အရေးပါတယ်။ ဒီလိုဆိုတော့ အပြင်ခွံနဲ့ အတွင်းအံ ကပ်နေတဲ့ ဘူးငါးဘူးကို ရပြီ။ ဒီတော့ အဲဒီဘူးတွေကို ပညာသားပါပါ တွဲဆက်ပြီး အတွင်းအံတွေ အားလုံးကို အပြင်ခွံတွေထဲ ပြန်ထည့်နိုင်ရင် အောင်ပြီလို့ ဆိုရမယ်။ မင်းအာကာက ရှင်းပြတယ်။ အဲဒါကို အော်စကာဘူးလို့ ခေါ်သတဲ့။

ကျွဲကြီးက ကစားနည်းထဲမှာ နစ်မျောသွားမှန်း သေချာပြီ ဆိုတော့မှ မင်းအာကာက ဖွက်ထားတဲ့ တိုင်မာစက်ကို ထုတ်ယူလိုက်တယ်။ လွန်းဆက်မောင်ရဲ့ အကာအကွယ်အောက်မှာ သူက နန်းကြိုးတိုတစ်ချောင်းနဲ့ တိုင်မာစက်ရဲ့ မီးကြိုးတစ်ကြိုးကို ဆက်လိုက်တယ်။ ပြီးတော့ အချိန်သတ်မှတ်လိုက်တယ်။

“ရပြီ။ ဒီနန်းကြိုးနှစ်ကြိုးကို ပလတ်ခုံထဲ ထိုးထည့်ထားလိုက်ရင် ရပြီ” မင်းအာကာက ခေါင်းညိတ်လိုက်တယ်။ နောက်တော့ ကစားနည်းထဲမှာ အပြည့်အဝ ပျော်ဝင်နေတဲ့ ကျွဲကြီးကို လှမ်းပြောတယ်။ “ငါ အိမ်သာသွားလို့ ရမလား”

ကျွဲကြီးက မျက်နှာကို ရှုံ့လိုက်တယ်။ “စောင့်ကြည့်မယ့်သူ မရှိဘူး။ ခဏအောင့်ထားဦး”

မင်းအာကာက ပြောတယ်။ “အဲဒီလို အကျင့်မယုတ်စမ်းပါနဲ့။ စောစောကလိုပဲ အားလုံး အတူတူသွားရင် ဖြစ်နေတာပဲဥစ္စာ”

ကျွဲကြီးက စိတ်ပျက်နေတဲ့ မျက်နှာနဲ့။ ဒါပေမယ့် လက်တစ်ဖက်က ရိုင်ဖယ်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်က မီးခြစ်ဘူးကို ကိုင်ရင်း မတ်တတ်ထရပ်လိုက်တယ်။ မင်းအာကာက သူ့ကို ကစားစရာတစ်ခု ပေးထားလို့ ဖြစ်မယ် ထင်တယ်။ သူက မင်းအာကာရဲ့ အကြံပြုချက်အတိုင်း လိုက်လုပ်ပေးတယ်။

သန့်စင်ခန်းက စောင့်ကြပ်မှု ကင်းလွတ်တဲ့ တစ်ခုတည်းသော နေရာပဲ။ ကျွဲကြီးက အထဲကို လိုက်မဝင်ဘူး။ အပေါက်ဝမှာပဲ ရပ်ပြီး လွန်းဆက်မောင်တို့ သုံးယောက်ကို စောင့်ကြပ်ရင်း မင်းအာကာကို စောင့်နေတယ်။

မင်းအာကာ ထွက်လာတော့ လွန်းဆက်မောင်က အထဲကို ဝင်တယ်။ လက်ဆေးကန်ဘက်ကို ကြည့်လိုက်တော့ ဆံပင်မှုတ်စက်ကို မီးကျွေးတဲ့ ပလတ်ပေါက်ထဲမှာ တိုင်မာကို နန်းကြိုးနဲ့ ချိပ်ဆက်ထားမှန်း တွေ့လိုက်ရတယ်။ လွယ်လွယ်နဲ့ သတိမထားမိနိုင်အောင်လို့ တိုင်မာကို ဗီရိုထဲ ဖွက်ထားတယ်။

သန့်စင်ခန်းထဲကနေ ထွက်လာတော့ ကျွဲကြီးက မီးခြစ်ဘူးကို ကိုင်ထားရင်း ပွစိပွစိ ပြောတယ်။ “မင်းက တော်တော် နှေးတာပဲ”

ဧည့်ခန်းထဲ ပြန်ရောက်တော့ မင်းအာကာက တိုးတိုးတိတ်တိတ် ပြောတယ်။

“၇ နာရီတိတိ”

လွန်းဆက်မောင်က တိုင်ကပ်နာရီကို လှမ်းကြည့်တယ်။ အခုမှ ၆ နာရီ ထိုးပြီးခါစ။ နောက်တစ်နာရီလောက်နေရင် မီးပျက်မယ်။ လက်ဖဝါးထဲမှာ ချွေးစေးတွေ ပြန်လာတယ်။

သိပ်မကြာခင်မှာပဲ ငဆွေနဲ့ မိန်းမတွေက မီးဖိုဆောင်ထဲကနေ ထွက်လာကြတယ်။

“အဲဒါဘာလဲ။ ဘာကစားနည်းလဲ”

မီးခြစ်ဘူးတွေနဲ့ ခေါင်းမဖော်တမ်း ကစားနေတဲ့ အကစားမက်တဲ့ ဘော်ဒါကို ကြည့်ရင်း ငဆွေက မေးတယ်။ ကျွဲကြီးရဲ့ ရှင်းလင်းချက်ကို နားထောင်ပြီးတဲ့နောက်မှာ သူက ချက်ချင်းပဲ မျက်နှာထားကြီးနဲ့ ဆူတယ်။

“အေးပါ … မင်းကို မဆော့နဲ့ မပြောဘူး။ ဒါပေမယ့် အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအပေါ်မှာ အလွန်အကျွံ စိတ်နှစ်မထားဖို့ပဲ လိုတာ။ မင်းက သူတို့အလိုကျ လုပ်ပေးမိလျက်သား ဖြစ်သွားနိုင်တယ်။ ထားပါ။ အရင်ဆုံး ဗိုက်ဖြည့်ပြီးမှ ဆက်ပြောကြတာပေါ့။ မင်းက ဒီထက်ပိုပြီး ခံတွင်းမြိန်မြိန်လေး စားရဖို့ မျှော်လင့်နေနိုင်တယ်။ ဒါပေမယ့် အခြေအနေ ပေးသလောက်ပဲ လုပ်ကြရတာ”

ငဆွေရဲ့ တွန်းထိုးမှုကြောင့် ယောက်ျားတွေအားလုံး ထမင်းစားခန်းထဲကို ဝင်လာကြတယ်။ စားပွဲပေါ်မှာက စူကာရွက်ကြော်ရယ်၊ ငါးခေါင်းဟင်းရည်တစ်ခွက်ရယ်၊ အသားဟင်းတစ်ခွက်ရယ်ပဲ ရှိတယ်။ သီးခြားလင်ပန်းနှစ်ချပ်က စစ်တုရင်စားပွဲပေါ် သွားချပေးရတယ်။ ကျွဲကြီးနဲ့ ငဆွေအတွက်။ လွန်းဆက်မောင်က စားပွဲဘေး ဝင်ထိုင်တော့ နန်းမိုရ်ခက သူ့ဘေးမှာ လာထိုင်တယ်။ သူက ‘HELP’ စာလုံးတွေ ပျက်သွားတဲ့အကြောင်းကို နန်းမိုရ်ခကို ပြောပြလိုက်တယ်။ တစ်ချိန်လုံး ဣန္ဒြေရနေတဲ့ နန်းမိုရ်ခက မျက်စိမျက်နှာပျက်လို့။

“ပျက်ကုန်တယ် … ဘယ်သူလုပ်တာလဲ”

“မသိဘူး။ ဒါပေမယ့် ဟိုနှစ်ကောင်တော့ မဟုတ်နိုင်လောက်ဘူး”

ဟင်းမကောင်းလို့ ပွစိပွစိ လုပ်နေတဲ့ ငဆွေနဲ့ ကျွဲကြီးကို လွန်းဆက်မောင်က လှမ်းကြည့်တယ်။

“သူတို့ မဟုတ်ဘူး ဆိုရင် ဘယ်သူက အဲဒီလို လုပ်ဖို့ လိုအပ်မှာလဲ”

“မသိဘူး။ အဲဒါ ခဏထားလိုက်ဦး။ ကျွန်တော်တို့ နောက်ထပ် ခွင်အသစ် ဆင်ထားတာ ရှိတယ်”

တိုင်မာနဲ့ ၇ နာရီတိတိမှာ မီးပျက်သွားအောင် လုပ်ထားကြောင်း လွန်းဆက်မောင်က နန်းမိုရ်ခကို ပြောပြလိုက်တယ်။ သူက မျက်နှာထားတည်တည်နဲ့ ခေါင်းညိတ်ပြီး ပြန်ဖြေတယ်။

“အိုကေ၊ သဘောပေါက်ပြီ”

စိုးဇေယျနဲ့ မင်းအာကာတို့ကလည်း အဲဒီအကြံအစည်ကို တခြားမိန်းမတွေဆီ ရောက်အောင် လက်ဆင့်ကမ်းလိုက်ကြတယ်။ ထမင်းစားဝိုင်းရဲ့ ဝန်းကျင်လေထုက လေးလံထိုင်းမှိုင်းပြီး လူတွေကို နှလုံးခုန် မြန်စေတာ အမှန်ပဲ။

အကုန်လုံးက အသံမထွက်ဘဲ စားစရာ ရှိတာကိုပဲ ငုံ့စားနေကြတယ်။ ဓားပြနှစ်ယောက်က လွဲလို့ ကျန်သူတွေအားလုံးက ပါးစပ်ထဲ ဝင်သွားတဲ့ အစားအစာတွေကို ဘာအရသာ ရှိမှန်းတောင် သတိထားမိကြမယ် မထင်ဘူး။ စားသောက်တာတွေကလည်း ပိုပြီး နည်းကုန်တယ်။ ပြီးတော့ မသိလိုက် မသိဘာသာနဲ့ နာရီကို မော့မော့ပြီး ကြည့်နေမိကြပြန်ရော။ စိတ်လှုပ်ရှားနေကြလို့လားတော့ မပြောဘူး။ အတော်များများ အိမ်သာ သွားတက်ကြတယ်။ သွားတက်တိုင်းလည်း ကျွဲကြီးက စိတ်မရှည်စွာနဲ့ အဖော်လိုက်သွားရတယ်။

၇ နာရီ ထိုးခါနီးပြီ။

လွန်းဆက်မောင်က စိတ်ကူးထဲကနေ တိုက်ပွဲအစီအစဉ်ကို ပုံဖော်ကြည့်တယ်။ ပြတင်းပေါက်နဲ့ ဝင်ထွက်ပေါက်တွေ အားလုံးလိုလိုက သံနန်းကြိုးနဲ့ အတုပ်ခံထားရလို့ ပြေးထွက်ဖို့ ဘယ်လိုမှ မလွယ်ကူတော့ဘူး။ မှန်ပြတင်းကို ခွဲထွက်လို့ ရတယ် ဆိုပေမယ့် အန္တရာယ်များတယ်။ မီးဖိုဆောင်ထဲ ပြေးဝင်ပြီး အခန်းတွင်းကနေ သော့ခတ်ထားရင် ကောင်းမလား။ ဒါမှမဟုတ် ဟိုနှစ်ကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရင် ကောင်းမလား။ ဒါပေမယ့် ရန်သူ့မှာက သေနတ်တွေ ရှိတယ်။ တကယ်လို့ သူတို့က ဒေါသထွက်လာလို့ သေနတ်နဲ့ ပစ်လားခတ်လား လုပ်လာခဲ့ရင် ပြဿနာက ပိုရှုပ်ကုန်မယ်။ အင်း … အားလုံးကို မီးဖိုဆောင်ထဲ ခေါ်သွားလိုက်တာက အကောင်းဆုံးပဲ။ လွန်းဆက်မောင်က အဲဒီလို ဆုံးဖြတ်လိုက်တယ်။

သတိပြန်ဝင်လာတော့ အကုန်လုံးက ဇွန်းခရင်းတွေကို ချထားကြပြီ။ အဆင်သင့်လှုပ်ရှားဖို့ ရယ်ဒီဖြစ်နေကြတဲ့ ပုံမျိုး။ ကြည့်ရတာ အောင်အောင်မြင်မြင်နဲ့ ထွက်ပြေးလွတ်မြောက်နိုင်မယ့် ပုံပဲ။

သို့ပေမယ့် ၇ နာရီထိုးသွားတာတောင်မှ မီးက ပျက်မသွားဘူး။ တိုင်မာက ဒစ်ဂျစ်တယ် မဟုတ်လို့ အချိန်မတိကျတာပဲ နေမှာလို့ နဂိုက ထင်ထားခဲ့သေးတာ။ ဒါပေမယ့် ၁၀ မိနစ်၊ ၁၅ မိနစ် လွန်သွားတာတောင်မှ ဘာဆို ဘာမှ ဖြစ်မလာခဲ့ဘူး။

ဦးဟန်သာက မတ်တတ်ထရပ်ပြီး အိမ်သာဘက်ကို ထထွက်သွားတယ်။

“ဟေ့လူ၊ တစ်ယောက်တည်း လျှောက်မသွားနဲ့”

ငဆွေက ထူးထူးခြားခြား မတ်တတ်ထရပ်ပြီး အနောက်က လိုက်သွားတယ်။

မိနစ်အနည်းငယ်ကြာတော့ ဦးဟန်သာ ပြန်ရောက်လာတယ်။ မျက်နှာက တင်းမာလို့။ တစ်ခဏ ငြိမ်ဆိတ်နေပြီးမှ နောက်ဆုံးတော့ မင်းအာကာရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောတယ်။ အဲဒီစကားက ပန်းနုဝေကနေတစ်ဆင့် လွန်းဆက်မောင်ရဲ့ နားထဲကို ရောက်လာတယ်။

ဦးဟန်သာ ပြောတဲ့ စကားက … တစ်ယောက်ယောက် လုပ်ထားလို့ တိုင်မာ ပျက်နေတယ် တဲ့။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *