Show contents

(က)

နောက်ထပ် နာရီအနည်းငယ် ကုန်လွန်သွားပြန်တယ်။

အခြေအနေကတော့ တစ်စက်ကလေးမှ အပြောင်းအလဲ မရှိသေးဘူး။ ဓားပြနှစ်ယောက်က အပေါ်ထပ် ဝရန်တာမှာ ကျောက်ချပြီး ဓားစာခံတွေကို စောင့်ကြည့်နေတယ်။ ခပ်ညှက်ညှက် ငဆွေက ဖဲချပ်တွေနဲ့ ဖဲစီတန်း ကစားနေတယ်။ လူသန် ကျွဲကြီးကတော့ ဧည့်ခန်းကနေ ယူချသွားတဲ့ စက်ရုပ်အပိုင်းအစတွေနဲ့ အလုပ်ရှုပ်နေတယ်။ သူက ခြေတစ်ချောင်းရအောင် ဆက်လိုက်နိုင်ပြီ ဆိုတော့ သူ့ဟာသူတစ်ယောက်တည်း သဘောခွေ့နေတယ်။

သူတို့နှစ်ယောက်က ဧည့်ခန်းဗီရိုထဲကနေ ဘရန်ဒီအကောင်းစား တစ်ပုလင်းကို ရှာတွေ့သွားတယ်။ ဒီတော့ ရေအစား အရက်ကို တစ်ဂွတ်ဂွတ်နဲ့ မော့သောက်နေတော့တယ်။ သူတို့ မူးပြီး မှောက်သွားပါစေလို့ လွန်းဆက်မောင်က မျှော်လင့်တောင့်တနေမိတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ သောက်အားက အံ့ဩစရာ ကောင်းလောက်အောင် ကောင်းလွန်းနေတယ်။ အခုထိ အမူအရာက တစ်ချက်မှ မပျက်သေးဘူး။

အောက်ထပ်ကနေ နှင်းသူကို ဘယ်လိုမှ မမြင်ရဘူး။ သူက ဟိုနှစ်ယောက်နဲ့ အတော် ခပ်လှမ်းလှမ်းမှာ ထိုင်နေပုံ ရတယ်။ ငဆွေက နှုတ်ခမ်းကို ရွဲ့စောင်းပြီး နှင်းသူကို စကားလှမ်းပြောနေမှန်း လွန်းဆက်မောင် သတိထားမိတယ်။

အောက်ထပ်မှာ ရှိတဲ့ ဓားစာခံတွေက ဧည့်ခန်းနဲ့ ထမင်းစားခန်းထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေကြတယ်။ သူတို့ကို အဲဒီနှစ်နေရာကလွဲလို့ ဘယ်ကိုမှ သွားခွင့် ပေးမထားဘူး။ မီးဖိုဆောင်နဲ့ သန့်စင်ခန်းထဲ ဝင်ချင်ရင် ကျွဲကြီး ဒါမှမဟုတ် ငဆွေ (များသောအားဖြင့်တော့ ကျွဲကြီး) က အဖော်လိုက်ပေးရတယ်။ သူတို့ အလစ်မှာ ထွက်မပြေးအောင်လို့ ကျန်ရှိသမျှ တံခါးပြတင်းတွေ အားလုံးကို လော့ချ၊ သော့ခတ်ထားတယ်။ ပြီးတော့ သံနန်းကြိုးနဲ့လည်း ပတ်ထားသေးတယ်။

လွန်းဆက်မောင်က လသာဆောင်နားမှာ ထိုင်ချလိုက်တယ်။ ကန်ရေပြင်ကို ငေးကြည့်လိုက်၊ အားလုံးကို လှမ်းကြည့်လိုက်နဲ့ပေါ့။ မင်းအာကာနဲ့ နန်းမိုရ်ခက စစ်တုရင်ထိုးနေကြတယ်။ စိုးဇေယျကတော့ သူတို့ကို ငေးကြောင်ကြောင်နဲ့ ကြည့်လို့။ ပန်းနုဝေက ထမင်းစားခန်းထဲမှာ ထိုင်ပြီး သူယူလာတဲ့ ဝတ္ထုကို ဖတ်နေတယ်။ ဒေါ်သင်းလှက ဆိုဖာခုံပေါ်မှာ လှဲနေတယ်။ ဦးဟန်သာက သူ့ဘေးနားမှာ ထိုင်ရင်း သူ့ကို နှစ်သိမ့်လို့။

ကြည့်လိုက်ရင် ဒီမြင်ကွင်းက ဘာနဲ့ တူသလဲဆိုတော့ နွေစံအိမ်ထဲမှာ ကိုယ်စီကိုယ်စီ အပန်းဖြေနေကြသလိုပဲ။ အနည်းဆုံးတော့ အကြောင်းမသိတဲ့သူက တိုက်အပြင်ဘက်ကနေ ကြည့်ရင် ဘာသံသယမှ ဝင်မိမှာ မဟုတ်ဘူး။

ရှိသမျှ လူတွေအားလုံးက အခုလို မူမမှန်တဲ့ အခြေအနေနဲ့ တဖြည်းဖြည်း အသားကျလာနေပြီလို့ လွန်းဆက်မောင်က ယူဆနေမိတယ်။ စိတ်ပူပန်မှုတွေ၊ စိတ်ကျဉ်းကျပ်မှုတွေနဲ့ နာရီပေါင်းများစွာ နေလာခဲ့ရတာဆိုတော့ လူတွေလည်း အနည်းနဲ့အများ ထုံထိုင်းကုန်ကြပြီ နေမှာ။ မင်းအာကာက စစ်တုရင် ထိုးရင်းနဲ့ ရယ်တောင် ရယ်နေလိုက်သေးတယ်။

လွန်းဆက်မောင်က ဦးဟန်သာကို လှမ်းကြည့်တယ်။ သူက သူ့ဇနီးရဲ့ လက်ကို ကိုင်ထားပြီး တုတ်တုတ်မှ မလှုပ်ဘူး။ မျက်စိစုံမှိတ်လို့ နှုတ်ခမ်းကို တင်းတင်း စေ့ထားတယ်။ သူက ဒီတိုက်ကို မီးလောင်အောင်လုပ်ပြီး မီးခိုးနဲ့ အကူအညီတောင်းခံဖို့ လျှို့ဝှက်အကြံအစည်ကို ကြံဆနေတုန်းပဲလား။ ဒါမှမဟုတ် ဓားပြတွေ ပြောတဲ့ အတိုက်အခံ မလုပ်ရင် ဘယ်သူ့ကိုမှ မထိခိုက်စေရဘူး ဆိုတဲ့ စကားကို ယုံပြီး စိတ်ပြောင်းသွားလို့ သူတို့ ထွက်ခွာသွားမယ့် အချိန်ကို စောင့်ဆိုင်းနေတာများလား။

“ကျွဲကြီး၊ မင်း တစ်ယောက်တည်း ဖြစ်တယ် မဟုတ်လား”

အပေါ်ထပ်ကနေ ငဆွေရဲ့အသံ ထွက်ပေါ်လာတယ်။

“ဘာဖြစ်လို့လဲ။ အိမ်သာသွားမလို့လား”

“နီးစပ်ပါတယ်။ ဒါပေမယ့် ဒါက ပိုမိုက်တယ်”

လွန်းဆက်မောင်က ထိတ်ထိတ်ပျာပျာနဲ့ အပေါ်ကို ခေါင်းမော့ကြည့်တော့ မတ်တတ်ထရပ်တဲ့ ငဆွေကို မြင်လိုက်ရတယ်။

“ဟင့်အင်း၊ ငါ့ကို လွှတ်” နှင်းသူက ငယ်သံပါအောင် ထအော်တယ်။

လွန်းဆက်မောင်က ချက်ချင်း ထရပ်လိုက်တယ်။

“မဆူနဲ့။ မင်းကို သတ်မလို့ မဟုတ်ပါဘူး။ ဒီမှာ တစ်ချိန်လုံး ထိုင်နေရတာ အတော်လေး ပျင်းလာပြီ။ မင်းလည်း အကြိုက်တွေ့မှာပါကွာ”

ငဆွေက နှင်းသူရဲ့ လက်ကို ဆွဲပြီး အနားက အခန်းထဲကို ခေါ်သွားဖို့ လုပ်နေတယ်။

“အဲဒီလို မလုပ်ပါနဲ့”

စိုးဇေယျက ငိုချလိုက်တော့မယ့် အသံနဲ့ အော်ပြောတယ်။

“ဟေ့လူ” လွန်းဆက်မောင်က စကားဟတယ်။ “ပြောတော့ ငါတို့ကို မထိခိုက်စေရပါဘူးဆို”

“ထိခိုက်တယ် …” ငဆွေက တအံ့တဩ ဖြစ်သွားတဲ့ မျက်နှာပေးမျိုး တမင် လုပ်ယူပြီး ပြောတယ်။ “ဒါကို ထိခိုက်တယ် ခေါ်တာလား။ လူနှစ်ယောက်က သဘာဝကျတဲ့ အလုပ်တစ်ခု လုပ်ကြတာပဲ။ မိန်းကလေးဘက်က သဘောမကျသလို ဟန်ဆောင်နေတတ်ပေမယ့် အဲဒါကလည်း အစပိုင်းလောက်မှာပါပဲ”

“သူ့ကို လွှတ်လိုက်”

နှင်းသူကို စော်ကားတဲ့ စကားကို ကြားရတော့ ဒေါသက ငယ်ထိပ်ကို ဆောင့်တက်လာပြီး လွန်းဆက်မောင်တစ်ယောက် တဆတ်ဆတ် တုန်ရင်း ပြောတယ်။

“စောစောတုန်းကလည်း ပြောခဲ့ပြီးပြီ။ တကယ်လို့ မင်းတို့တွေ ဘယ်သူ့ကိုပဲ ထိခိုက်နစ်နာအောင် လုပ်လုပ်၊ ငါတို့ ချက်ချင်းပဲ ပြတင်းမှန်တွေကို ခွဲထွက်ပြီး အပြင်ကို ထွက်ပြေးကြမယ်။ အဲဒါကို မင်းက မမှုဘူးပေါ့”

ငဆွေရဲ့ မျက်လုံးတွေကို ကြည့်ခြင်းအားဖြင့် လွန်းဆက်မောင်ရဲ့ ဒေါမာန်ကြောင့် သူ နည်းနည်းတော့ ဖြုံသွားပုံ ရတယ်။

“ထားလိုက်ပါကွာ” ကျွဲကြီးကလည်း သူ့ကို ချော့တယ်။ “မင်းနဲ့ အဲဒီမိန်းမနဲ့ နှစ်ပါးသွားနေတဲ့အချိန် သူတို့က ထွက်ပြေးဖို့ ကြိုးစားရင် ငါတစ်ယောက်တည်းနဲ့ ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး။ မင်းကိစ္စက နောက်မှ လုပ်လည်း ဖြစ်ပါတယ်ကွာ”

အားလုံးက ဝိုင်းကန့်ကွက်နေကြတော့ကာ ငဆွေလည်း စိတ်မပါနိုင်တော့ဘူး။ မချိတရိ ပြုံးရင်း နှင်းသူကို လွှတ်ပေးပြီး နေရာမှာ ပြန်ထိုင်လိုက်တယ်။

“နှမြောစရာကြီးကွာ။ ဒီလောက်လှတဲ့ မိန်းမ။ ထားပါတော့၊ အချိန်ရှိသေးတာပဲဥစ္စာ”

ငဆွေရဲ့ စကားကြောင့် လွန်းဆက်မောင်က သူ့ကို စိုက်ကြည့်မြဲ စိုက်ကြည့်နေတယ်။

“ငါ တစ်ခုလောက် တောင်းဆိုချင်တယ်”

အဲဒီအချိန်မှာ ဦးဟန်သာက ခေါင်းမော့ပြီး ဓားပြနှစ်ယောက်ကို ပြောတယ်။

“ငါ့ကို အခန်းထဲ ခဏလောက် ဝင်ခွင့်ပေးနိုင်မလား။ ငါ့မိန်းမက ချမ်းနေတယ်။ ငါ အပေါ်ထပ်တက်ပြီး သူ့အတွက် အနွေးထည်တစ်ထည် ယူပေးချင်တယ်။ ငါ့ကို ခွင့်မပြုနိုင်ဘူး ဆိုရင်လည်း မင်းတို့ သွားယူပေးပါ”

သူ့ရဲ့ တောင်းဆိုချက်ကြောင့် ဓားပြနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ပြီး တစ်ခဏလောက် တုံ့ဆိုင်းသွားတယ်။

“ကောင်းပြီ” ငဆွေက ပြောတယ်။ “ကျွဲကြီး၊ မင်း သူ့ကို သေချာကြည့်ထား”

ဦးဟန်သာက အပေါ်ထပ်ကို တက်ပြီး ကျွဲကြီးနဲ့အတူ သူ့အခန်းထဲကို လျှောက်ဝင်သွားတယ်။

တစ်ယောက်တည်း ကျန်ရစ်တဲ့ ငဆွေက မျက်လုံးကို အစွမ်းကုန်ဖွင့်ရင်း သေနတ်နဲ့ နှင်းသူကို ထိုးပြီး လွန်းဆက်မောင်ကို မေးတယ်။

“မင်းက ဒီဟာမရဲ့ ဘဲလား။ ဒါမှမဟုတ် ဘာလဲ”

“သူက ငါ့ဇနီးလောင်းရဲ့ ဝမ်းကွဲညီမ။ သူ့ကို စောင့်ရှောက်ဖို့ ငါ့မှာ တာဝန်ရှိတယ်”

“အတော် ချီးကျူးဖို့ ကောင်းတာပဲ။ ဒါနဲ့ မင်းရဲ့ ဇနီးလောင်းက ဘယ်သူလဲ”

သူက ပန်းနုဝေနဲ့ နန်းမိုရ်ခကို အပြန်ပြန်အလှန်လှန် စိုက်ကြည့်နေတယ်။

လွန်းဆက်မောင်က ခေါင်းခါတယ်။

“သူတို့ မဟုတ်ဘူး”

“သူ့ရဲ့ ဇနီးလောင်းက ငါ့ရဲ့ သေသွားတဲ့ညီမ ယုမေ” ဘေးကနေ မင်းအာကာက ပြောတယ်။

“ဪ ဒီလိုလား”

ငဆွေက အံ့ဩထူးဆန်းမှု အပြည့်နဲ့ လွန်းဆက်အောင်ကို စိုက်ကြည့်နေတယ်။

ခဏနေတော့ ဦးဟန်သာနဲ့ ကျွဲကြီးက အခန်းထဲကနေ ထွက်လာတယ်။ ဦးဟန်သာက အောက်ထပ်ကို ဆင်းမယ် လုပ်တော့ ငဆွေက ဖြတ်တားထားလိုက်တယ်။

“ခဏနေပါဦး။ ခင်ဗျား ပြောခဲ့တဲ့ စောစောက ကိစ္စကို ဆက်ပြောစမ်းပါဦး။ ခင်ဗျားစကားက တိုးလို့တန်းလန်းကြီးနဲ့”

“စောစောကကိစ္စ ….”

“ကားမှောက်တဲ့ကိစ္စကို ပြောတာ” ငဆွေက ပြောတယ်။ “ခင်ဗျားရဲ့သမီး သေသွားတဲ့ ကိစ္စလေ။ ခင်ဗျား ပြောတယ် မဟုတ်လား။ သွေးရိုးသားရိုး မဟုတ်ဘူးတဲ့။ နောက်တော့ရော”

“ဘာနောက်တော့မှ မရှိဘူး”

ဦးဟန်သာရဲ့ လေသံထဲမှာ မကျေနပ်မှုတွေ ပြည့်နှက်နေတယ်။ အောက်ထပ် ဒေါ်သင်းလှအနားကို လာပြီး အပြာရောင် ဂွမ်းစောင်ပါးပါးလေးတစ်ထည်ကို သူ့ပေါ် ခြုံပေးလိုက်တယ်။

“မဖြစ်နိုင်တာပဲ။ ခင်ဗျားနဲ့ အရင်က မသိခဲ့ဘူးဆိုပေမယ့် စောစောက ခင်ဗျားရဲ့မျက်နှာက အတော်ကြီးကို ပုံပျက်နေမှန်း ဘယ်သူမဆို ရိပ်မိနိုင်ပါတယ်”

“မင်းတို့လို မကောင်းဆိုးဝါးနဲ့ မထင်မှတ်ဘဲ ရုတ်တရက်ကြီး တွေ့လိုက်ရလို့ ငါ့စိတ်တွေ ယောက်ယက်ခတ်သွားခဲ့တာပဲ ရှိတာ။ ပြီးတော့ မင်းတို့က ငါ့သမီးအကြောင်းကို ပြောနေကြသေးတာ ဆိုတော့ သတိလက်လွတ်ပြီး ရှူးရှူးဒိုင်းဒိုင်း ဖြစ်သွားခဲ့မိတာပေါ့”

“ငါတို့ ဓားပြနှစ်ယောက်က ခင်ဗျားရဲ့ ချစ်သမီးကို ဟိုဟိုဒီဒီ လျှောက်ပြောတာ သည်းမခံနိုင်ဘူး ဆိုတဲ့ သဘောလား။ ဒါပေမယ့် ခင်ဗျားရဲ့ စကားတွေက အင်မတန်မှ ထူးဆန်းနေတယ် ဆိုတာကိုတော့ ဖုံးကွယ်ထားလို့ မရဘူး။ သမီးက ကားမောင်းရင်း ချောက်ထဲ ထိုးကျသွားတယ်။ ဒါပေမယ့် အဲဒါက ယာဉ်မတော်တဆ ဖြစ်တာမဟုတ်ဘူး။ ယာဉ်မတော်တဆ မဟုတ်ဘူး ဆိုမှတော့ အဲဒါက ဘာလဲ”

“ငါ ပြောပြီးပြီလေ။ စောစောက ငါ သတိလက်လွတ် ဖြစ်သွားတယ်လို့။ သူ မထင်မှတ်ဘဲ သေဆုံးသွားတယ်။ အဲဒီလောက်ဆို ပြီးနေတာပဲဥစ္စာ။ မင်းက ဘာကြောင့် အဲဒီကိစ္စကို ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ”

“ပြောရမယ်ဆိုရင်တော့ စပ်စုချင်လို့ပဲ ဆိုပါတော့။ မဟုတ်လည်း အားနေကြတာပဲဟာ”

ငဆွေက အဲဒီလို ပြောနေတုန်းမှာ တစ်လျှောက်လုံး ပါးစပ်ပိတ်ပြီး မင်းအာကာနဲ့ စစ်တုရင်ကစားနေတဲ့ နန်းမိုရ်ခက မတ်တတ်ထရပ်ပြီး ဦးဟန်သာဘေးကို လျှောက်သွားတယ်။ ပြီးတော့ ဦးဟန်သာက တိုးတိုးတိုးတိုးနဲ့ တစ်ခုခု ပြောနေတယ်။

“မင်းတို့ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေကြတာလဲ” ငဆွေက ငေါက်တယ်။

“အင်း” ဦးဟန်သာက ခေါင်းညိတ်တယ်။ “မင်းတို့က ငါတို့ မိသားစုရဲ့ အတွင်းရေးကို စုံစမ်းချင်နေတာ ဖြစ်မယ်လို့ သူက ယူဆတယ်တဲ့။ တကယ်လို့ ငါတို့ကို အညှာကိုင်နိုင်ရင် မင်းတို့ ထွက်ပြေးမယ့် ကိစ္စအတွက် အထောက်အကူ ဖြစ်လာနိုင်တယ်တဲ့။ သေသေသပ်သပ် အကွက်ချထားနိုင်ရင် နောက်ကျ ငါတို့ကို အကျပ်ကိုင်နိုင်လိမ့်မယ်တဲ့”

ပြောတာ မှန်သွားလို့လားတော့ မသိဘူး။ ငဆွေက မလုံမလဲနဲ့ ပါးစပ်ပိတ်သွားတယ်။ ဒါပေမယ့် သိပ်မကြာဘူး။ ဘာကိုမှ ကြောက်ရလန့်ရကောင်းမှန်း မသိတဲ့ မျက်နှာပေးက ပြန်နေရာယူလာပြီး ပြုံးစိစိ လုပ်နေတယ်။ သေနတ်ပြောင်းထိပ်နဲ့ ပါးပြင်ကို အယားဖျောက်ရင်း ပြောတယ်။

“ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်ပါလေ။ သူတို့ရဲ့ မျက်နှာအမူအရာကို ကြည့်လိုက်ရင် သိနေပြီပဲ။ သူတို့တွေကလည်း ခင်ဗျားရဲ့သမီး သေသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ သံသယတွေ ရှိနေကြတယ်။ သက်ဆိုင်တဲ့လူတွေ အားလုံးက ဒီမှာ ရောက်နေကြတာ မဟုတ်လား။ ခင်ဗျားက ရှိသမျှ လူအားလုံးကို ဒီမှာ စုထားပြီး အဲဒီကိစ္စကို အဖြေထွက်အောင် လုပ်မလို့ပဲ မဟုတ်ဘူးလား”

ဦးဟန်သာက ခေါင်းခါရင်း သူ့မိန်းမရဲ့ မျက်နှာကို စိုက်ကြည့်နေတယ်။ ဒေါ်သင်းလှရဲ့ လက်ကို ဆုပ်ကိုင်ထားတာ အင်မတန်မှ အားပါမှန်း လွန်းဆက်မောင် သတိထားမိတယ်။

“ဟေ့လူ၊ စကားပြောဦးလေ” ငဆွေက အပေါ်ထပ်ကနေ လှမ်းအော်တယ်။

ဒါပေမယ့် ဦးဟန်သာက အဖက်လုပ်ဖို့ စိတ်ကူးမရှိဘူး။ ကျန်သူအားလုံးက ဦးဟန်သာကို ကြည့်နေကြတယ်။ ဘာတုံ့ပြန်စကားမှ ထွက်မလာတော့မှ နဂိုအနေအထားအတိုင်း ပြန်ဖြစ်ကုန်တယ်။

“အတော် ပျင်းစရာကောင်းတဲ့လူပဲ” ငဆွေက နှုတ်ခမ်းကို မဲ့လိုက်တယ်။

လက်ရှိ အနေအထားက ဟိုအစောပိုင်းက အနေအထားထက် ပိုလို့တောင် လေးလံထိုင်းမှိုင်းလာတယ်လို့ လွန်းဆက်မောင်က ခံစားသိရှိနေတယ်။ လက်ရှိအနေအထားအရ ဘယ်သူမဆို ပိုပြီးတော့တောင် ဆင်ဆင်ခြင်ခြင်နဲ့ ပြောဆိုပြုမူဖို့ လိုအပ်နေတယ်။

ဒါပေမယ့် ဆိတ်ငြိမ်မှုကို ဖြိုခွဲဖို့ လူတစ်ယောက် ထွက်ပေါ်လာတယ်။

“ဦး၊ လက်စသတ်တော့ ဦးလည်း ကျွန်မလို တွေးထင်နေခဲ့တာပဲ”

စကားဟလာသူက ပန်းနုဝေ။ သူ့ရဲ့အသံက အင်မတန် တည်ငြိမ်တယ်။ စိတ်ဆိုးနေတာမျိုး လုံးဝ မဟုတ်ဘူး။

“မနေ့ည ကျွန်မ ပြောလိုက်တုန်းက ဦးက ငြင်းပယ်ခဲ့တယ် ဆိုပေမယ့် တကယ်တမ်းကျတော့ ဦးလည်း ကျွန်မလို သံသယဝင်နေခဲ့တာပဲ”

“ပန်းနု၊ အဲဒီလို မဟုတ်ဘူး” ဦးဟန်သာက ငြင်းတယ်။

“ဟင့်အင်း” သူက ယုံကြည်မှုအပြည့်နဲ့ ခေါင်းခါတယ်။ “အဲဒီလိုပဲ”

“ဘာပဲဖြစ်ဖြစ် အခုချိန်မှာ အဲဒီကိစ္စကို မပြောပါနဲ့လား” ဦးဟန်သာက အပေါ်ထပ်ကို မျက်စပစ်ပြတယ်။ “ငါ အခု မပြောချင်ဘူး”

ငဆွေက တစ်ခုခု ပြောမလို့ လုပ်တုန်း ပန်းနုဝေက ဦးအောင် ဝင်ပြောလိုက်တယ်။

“အခုချိန်မို့လို့ပဲ ဒီကိစ္စကို ဆွေးနွေးနိုင်တာပေါ့။ တကယ်လို့ ကျွန်မတို့ ဒီနေရာကနေ အန္တရာယ်ကင်းကင်းနဲ့ ထွက်ခွာသွားနိုင်ခဲ့ရင် ဆွေးနွေးဖို့ အခွင့်အရေး ရှိနိုင်တော့မှာ မဟုတ်ဘူး။ တည်ငြိမ်အေးချမ်းတဲ့ ဘဝရဲ့ ချမ်းသာသုခ အကြားကို ပြန်ရောက်သွားတဲ့အခါမှာ ဘဝအတွက် အရိပ်ထိုးစေမယ့် စကားတွေကို မပြောဘဲ ရှောင်ရှားနေကြတော့မှာ”

“ရှောင်ရှားပြီး မဆွေးနွေးဖြစ်တော့ မကောင်းဘူးလား။ စိတ်ချမ်းသာစရာ ကောင်းတဲ့ အကြောင်းအရာမှ မဟုတ်ဘဲ”

“ဦး၊ အဲဒီလို နေလိုက်လို့ ဦး စိတ်ကျေနပ်နိုင်ပါ့မလား။ ယုမေကို လုပ်ကြံခဲ့တဲ့ တရားခံက တစ်နေရာရာမှာ ဟန်မပျက် ရှိနေသေးတာတောင်မှလေ”

“ပန်းနု …” သူ့ကို ဆက်မပြောတော့အောင် ဦးဟန်သာက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။ “စကားဆိုတာ လျှာအရိုးမပါတိုင်း လျှောက်ပြောနေဖို့ မကောင်းဘူး”

“အေး၊ ငါကြားလိုက်တယ်နော်” ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ငဆွေက ဘယ်အလွတ်ခံပါ့မလဲ။ “သူက ‘လုပ်ကြံ’ လို့ ပြောလိုက်တယ်။ ဆိုတော့ ခင်ဗျားကြီးရဲ့သမီးကို တစ်ယောက်ယောက်က သတ်ပစ်လိုက်တယ် ဆိုတဲ့သဘော။ ကျွဲကြီး၊ မင်းလည်း ကြားလိုက်တယ် မဟုတ်လား။ အတော် စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာမှာ ငါတို့ ပုန်းမိလျက်သား ဖြစ်သွားပြီ”

“မင်း အထင်မလွဲနဲ့။ အဲဒါ သူ့ရဲ့ တစ်ဖက်သတ်စကားပဲ။ သူက စာရေးဆရာဆိုတော့ သံသယလွန်ကဲတဲ့ရောဂါမျိုး ရနေတာ ဖြစ်မယ်။ ငါ့သမီးက ယာဉ်မတော်တဆဖြစ်လို့ သေသွားခဲ့တာ။ ပထမဆုံးအနေနဲ့ ပြောရရင် ငါ့သမီးကို သတ်လို့ ဘယ်သူမှ အကျိုးရှိမသွားဘူး”

ဦးဟန်သာက အကြောင်းပြချက် ပေးတဲ့ လေသံမျိုးနဲ့ ရှင်းပြတယ်။ နောက်တော့ ပန်းနုဝေကို အေးစက်စက် စိုက်ကြည့်နေတယ်။ နင် လျှာရှည်လို့ ဓားပြတွေ ဝင်ပါလို့ ရတာလို့ အပြစ်တင်နေတဲ့အတိုင်းပဲ။

“ကျွန်မ သံသယလွန်ကဲနေတာ မဟုတ်ဘူး။ ကားမောင်းတဲ့ ကိစ္စမှာ ယုမေက တူညီတဲ့ အမှားမျိုးကို နောက်တစ်ကြိမ်ထပ်ပြီး ကျူးလွန်လိမ့်မယ်လို့ ဦးလည်း မယုံကြည်ဘူး မဟုတ်လား။ ပြီးတော့ သေကြောင်းကြံ ရည်ရွယ်ချက်က အကျိုးရှိခြင်း မရှိခြင်း တစ်ခုတည်းကို ကြည့်လို့ မရဘူး။ ရန်ငြိုး၊ လက်စားချေတာမျိုးက လူသတ်လိုတဲ့ တွန်းအားကို ပိုပြီး အားကောင်းစေနိုင်တယ်” ပန်းနုဝေက အလေးအနက် တုံ့ပြန်ချေပတယ်။

“အဓိပ္ပာယ် မရှိတာပဲ။ ဘယ်သူက ယုမေကို ရန်ငြိုးထားမှာလဲ။ လက်စားချေချင်မှာလဲ။ ဒီလိုစကားမျိုးကို ဒီမှာ ရပ်တန်းက ရပ်ရင်ကောင်းမယ်”

ဦးဟန်သာက ယောက်ယက်ခတ်စွာနဲ့ လက်နှစ်ဖက်ကို ရှေ့မှာ ဝှေ့ယမ်းနေတယ်။

ငဆွေက သူ့ကို ပြက်ရယ်ပြုတယ်။ “ခင်ဗျားကြီးက ဒီလောက်တောင် ဣန္ဒြေမဆယ်နိုင်အောင် ပျာယာခတ်နေတာ။ တစ်ခုခုကို အသည်းအသန် ဖုံးကွယ်ဖို့ ကြိုးစားနေတာနဲ့တောင် ပိုတူနေတယ်”

“ဘာကိစ္စကိုမှ ငါ ဖုံးကွယ်မထားဘူး”

“ဒါဆိုလည်း အခုကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ‘ဇီဝက’ ဆေးကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌရဲ့ သမီးက ကားမှောက်ပြီး သေဆုံးသွားခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူများသတ်လို့ သေရတာ ဖြစ်ဖို့များတယ်တဲ့။ … တကယ်လို့သာ ငါတို့က အဲဒီလို သံသယကြီးနဲ့ ဒီနေရာကနေ ထွက်ခွာသွားရရင် ခင်ဗျားကြီးရဲ့ ရင်ထဲမှာလည်း အောင့်သက်သက်ကြီး ဖြစ်နေတော့မှာပေါ့”

“ငါ မမှုပါဘူး။ ငါ့သမီးက မတော်တဆ ဖြစ်လို့ သေခဲ့ရတယ်လို့ ရဲတွေက ကောက်ချက်ချပြီးသွားပြီ။ အဲဒီအချက်ကို တစ်စက်ကလေးမှ သံသယ မရှိဘူး။ အဲဒီကောက်ချက်ကို ငြင်းဆိုနိုင်တဲ့ ဘာအထောက်အထားမှလည်း မရှိဘူး။ အဲဒီဖြစ်ရပ်က မတော်တဆကြောင့် မဟုတ်ပါဘူးလို့ ဘယ်လို အကြောင်းလက္ခဏာကမှလည်း ညွှန်ပြမနေကြဘူး”

ဦးဟန်သာရဲ့ ပါးစပ်ကနေ အဲဒီလို စကားမျိုးတွေ ပြောနေပေမယ့် မျက်နှာမှာက စနိုးစနောင့် ဖြစ်နေတဲ့ အရိပ်အငွေ့တွေ သိသိသာသာကြီး ထင်ဟပ်နေတယ်။ ဒီဓားပြနှစ်ယောက်က အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားလိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ တကယ်လို့သာ သူတို့ အဖမ်းခံလိုက်ရရင် ဒီမှာ ဖြစ်ခဲ့သမျှ ကိစ္စအားလုံးကို သူတို့က မဖွင့်ချဘဲ နေမှာ မဟုတ်ဘူး။

“ကျွန်မ ရဲတွေကို ဗျူးကြည့်ဖူးတယ်” ပန်းနုဝေက ဘယ်သူ့ကိုမှ ဂရုစိုက်မနေဘဲ ပြောတယ်။ “တကယ်လို့သာ ကာယကံရှင်က သူ့ဟာသူ သတိလက်လွတ် ဖြစ်လို့ ယာဉ်တိုက်မှုဖြစ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရရင်၊ ပြီးတော့ တစ်ပါးသူရဲ့ ပယောဂကြောင့် ဖြစ်ခဲ့ရတာပါလို့ သက်သေမပြနိုင်ရင် ရုပ်အလောင်းကို သူတို့က ရင်ခွဲစစ်ဆေးတာမျိုး မလုပ်တော့ဘူး။ ဒါကြောင့် ယုမေက အိပ်ဆေးသောက်ထားခဲ့တယ် ဆိုရင်တောင်မှ ဘယ်လိုမှ သက်သေပြလို့ မရတော့ဘူး”

“ဟုတ်လား” ငဆွေက ရုတ်တရက် ထအော်တယ်။ “သူ့ကို တစ်ယောက်ယောက်က အိပ်ဆေးတိုက်ထားတာလား။ စိတ်ဝင်စားစရာပဲ။ အဲဒီလိုဆိုရင်တော့ ယာဉ်တိုက်မှုဖြစ်ဖို့ သေချာသလောက် ဖြစ်သွားပြီ”

ဦးဟန်သာက နှုတ်မစောင့်စည်းတဲ့ ပန်းနုဝေကို ရန်သူတစ်ယောက်အလား မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်တယ်။ ဒါပေမယ့် အခုလို အခြေအနေမျိုး ရောက်နေတာတောင်မှ အမှန်တရားကို မဖြစ်မနေ ဖော်ထုတ်ချင်နေတဲ့ ပန်းနုဝေရဲ့ စိတ်ပိုင်းဖြတ်မှုက သူ့မျက်နှာ၊ သူ့ခန္ဓာကိုယ်ပေါ်မှာ တိတိပပ တွေ့မြင်နေရတယ်။ လွန်းဆက်မောင်က သူ့ရဲ့ လေးနက်တဲ့ ဟိတ်ဟန်ကြောင့် အနည်းငယ် ကျောချမ်းသွားတယ်။

“မင်း မနေ့ညကလည်း အခုလို ပြောခဲ့တာပဲ”

အစောကြီးကတည်းက စစ်တုရင်အပေါ် စိတ်မဝင်စားတော့တဲ့ မင်းအာကာက ထိုင်ခုံကို နေရာရွှေ့ပြီး ပန်းနုဝေဘက် လှည့်တယ်။

“ကဲ ပြောပြစမ်းပါဦး။ မင်းရဲ့ အဲဒီလို ယုံကြည်ချက်တွေက ဘယ်ကနေ အရင်းခံခဲ့တာလဲ”

ပန်းနုဝေက ပင့်သက်ကို အားပါးတရ ရှူသွင်းပြီး ပြန်ဖြေတယ်။ “ဆေးဘူး”

“ဆေးဘူး …”

“ဟုတ်တယ်။ သူ့မှာ ဆွဲသီးပုံ ဆေးဘူးတစ်ဘူး ရှိတယ်။ ကျွန်မကို ပြဖူးတယ်။ အထဲမှာ အဖြူရောင် ဆေးလုံးနှစ်လုံး ထည့်ထားတယ်။ ကျွန်မ သူ့ကို အဲဒါ ဘာဆေးတွေလဲလို့ မေးကြည့်တယ်။ အကိုက်အခဲ ပျောက်ဆေးတဲ့။ သူ့ရဲ့ ဓမ္မတာကိုက်ခဲတဲ့ ဝေဒနာက အတော်ကြီးတယ်။ ဒါကြောင့် ဆရာဝန်က သူ့အတွက် ထူးခြားတဲ့ ဆေးတစ်မျိုး ပေးထားတယ်”

“အဲဒီဆေးကို ကျွန်တော် မှတ်မိတယ်။ သူ ကျွန်တော့်ဆီလာပြီး အကြံဉာဏ်တောင်းဖူးတယ်” စိုးဇေယျရဲ့ အသံထဲမှာ အနည်းငယ် တုန်ယင်နေတယ်။ “သူ့အတွက် အချိန်အပိုင်းအခြားနဲ့ သောက်ဖို့ ကျွန်တော် ဆေးစာရေးပေးရတယ်”

“အဲဒီဆေးကို ငါလည်း သိတယ်” ဒေါ်သင်းလှက ဆိုဖာပေါ်မှာ လှဲနေတုန်းပဲ။ သူက နွမ်းနယ်စွာ ပြောတယ်။

“မင်းရော” မင်းအာကာက လွန်းဆက်မောင်ကို မေးတယ်။

“ကျွန်တော် သိတယ်” လွန်းဆက်မောင်က ဖြေတယ်။ အဲဒါက နိုင်ငံခြားကနေ တကူးတက သယ်ယူလာတဲ့ ငွေဆေးဘူးကလေး။ ဆေးချင်း လဲခံထားရတာ ဖြစ်နိုင်တယ်လို့ မနေ့ညတုန်းက ပန်းနုဝေ ပြောတော့ သူက အဲဒီဆေးဘူးအကြောင်းကို အနှေးနဲ့အမြန် တင်ပြလာလိမ့်မယ်လို့ လွန်းဆက်မောင်က ကြိုတွေးမိခဲ့တယ်။

“သက်သေတွေက တစ်ခုပြီးတစ်ခု ထွက်လာပါလား” မင်းအာကာက ပြောတယ်။ “ဒါပေမယ့် အဲဒီလောက်နဲ့တော့ ဘာမှ လုပ်လို့မရဘူး”

“ဒါကြောင့် …” ပန်းနုဝေက နှုတ်ခမ်းကို လျှာနဲ့ သပ်တယ်။ “တကယ်လို့သာ အဲဒီအကိုက်အခဲ ပျောက်ဆေးနဲ့ အပြင်ပန်းအားဖြင့် တထေရာတည်း တူတဲ့ အိပ်ဆေးတစ်မျိုး ရှိနေခဲ့မယ် ဆိုရင် အဲဒီဆွဲသီးကို ယုမေ ချွတ်ထားတဲ့ အချိန်မှာ လူသတ်သမားက အထဲမှာပါတဲ့ ဆေးကို လဲယူထားလို့ ရတယ်။ ပြီးရင် ယုမေ ယာဉ်တိုက်မှု ဖြစ်မှာကို တစ်နေရာရာကနေ ထိုင်စောင့်နေရုံပဲ။ …… အဲဒီလို မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး”

“အင်း၊ မင်းပြောချင်တာ အဲဒါလား။ ဒါပေမယ့် အဲဒီလို လဲယူထားတာမျိုးက အကျိုးရှိနိုင်ပါ့မလား။ ငါက ဆေးအကြောင်း သိပ်ပြီး နားမလည်ဘူး ဆိုပေမယ့် အကိုက်အခဲပျောက်ဆေးတွေကလည်း အိပ်ဆေးလို အာနိသင်မျိုး ရှိတယ် မဟုတ်ဘူးလား”

မင်းအာကာက စိုးဇေယျကို မေးတယ်။

“အကိုက်အခဲပျောက်ဆေး အများစုမှာက အိပ်ချင်မူးတူး ဖြစ်စေတဲ့ အာနိသင်မျိုး ရှိတယ်။ ဒါပေမယ့် မယုမေက ကားမမောင်းရရင် အဆင်မပြေဘူးလို့ တောင်းဆိုလာတာနဲ့ သူ့အတွက် ကျွန်တော် ပေးထားတဲ့ ဆေးထဲမှာ အိပ်ဆေးအာနိသင်က အတော်လေး နည်းတယ်။ လူကို လွယ်လွယ်နဲ့ နောက်ကျိကျိ မဖြစ်စေဘူး”

“ဒါပေမယ့် အဲဒီနေ့က ယုမေ ဆေးမသောက်ဘူး” ဒေါ်သင်းလှက ထထိုင်ရင်း ပြောတယ်။ “တကယ်တော့ သမီးရဲ့ ပစ္စည်းတွေကို ရဲစခန်းမှာ သွားသိမ်းတုန်းက ငါ ဆွဲသီးကို ဖွင့်ကြည့်ခဲ့သေးတယ်။ ဒေါက်တာစိုးဇေယျ ပြောတာကို ကြားသိထားပေမယ့် အဲဒီဆေးကြောင့်များ သမီးယုမေက ကားမောင်းရင်း အိပ်ချင်သွားခဲ့တာလားလို့ ငါ သံသယရှိနေခဲ့သေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်က သူ့ရဲ့ ရာသီချိန်ဖြစ်နေလို့ပဲ”

အကုန်လုံး အသက်ရှူဖို့ မေ့နေကြတယ်။

“ဒါပေမယ့် တကယ်တမ်းကျတော့ ငါ အတွေးလွန်သွားခဲ့တာ။ ဆေးဘူးထဲမှာ ဆေးနှစ်လုံးက အရာမယွင်းဘဲ ရှိနေသေးတယ်။ ဒါကြောင့် သူ ဆေးသောက်မထားတာ သေချာတယ်”

“သူက ဆေးလုံးတစ်လုံး ပိုဆောင်ထားတာမျိုးရော မဖြစ်နိုင်ဘူးလား။ ဘူးထဲက ဆေးကို သောက်ပြီး နှစ်လုံးပြည့်သွားအောင် ပြန်ဖြည့်ထားရင်ရော”

ပန်းနုဝေ ပြောပြီးတဲ့နောက်မှာ ဒေါ်သင်းလှက ဆေးဆိုးထားတဲ့ ရွှေအိုရောင်ဆံပင်တွေကို လှုပ်ယမ်းသွားအောင် ခေါင်းခါပြတယ်။

“မဖြစ်နိုင်ဘူး။ တစ်နေ့ကို အလွန်ဆုံး နှစ်လုံးပဲ သောက်ရမယ်လို့ ဆရာဝန်က သူ့ကို ကန့်သတ်ပေးထားတယ်။ ဒါကြောင့် သူ အပိုဆောင်ထားမှာ မဟုတ်ဘူး။ အဲဒီအကြောင်းကြောင့်လည်း အဲဒီဆေးဘူးကို သူ ဝယ်လာခဲ့တာပေါ့”

ဒေါ်သင်းလှရဲ့ ယုံကြည်မှုပြည့်ဝတဲ့ စကားက စောဒက မတက်နိုင်လောက်အောင် အင်မတန်မှ ခိုင်မာနေတယ်။

“မင်းအဒေါ်ရဲ့ စကားကို ကြားပြီးတော့ လက်မခံနိုင်လောက်တဲ့ အကြောင်းပြချက်မျိုး မင်းမှာ မရှိတော့ဘူး မဟုတ်လား” ဦးဟန်သာက ပန်းနုဝေကို ကြည့်ပြီး ပြောတယ်။ “အဲဒီနေ့က ယုမေ ဆေးမသောက်ဘူး။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးကို လဲလှယ်ထားတယ် ဆိုတဲ့ အဆိုက … အဲ့ထက် ပိုပြီး အစွန်းရောက်တဲ့ အမြင်နဲ့ ပြောမယ်။ အဆိပ်နဲ့ လဲထားတယ် ဆိုရင်တောင်မှ အဲဒါက ယုမေ သေတာနဲ့ ဘယ်လိုမှ မပတ်သက်နိုင်ဘူး”

ဒါပေမယ့် ပန်းနုဝေမှာ တန်ပြန်ချေပဖို့ အကြောင်းပြချက်တွေ ရှိသေးဟန် တူတယ်။

“ဆေးဘူးထဲမှာ ဆေးလုံးတွေ ရှိနေသေးတယ် ဆိုရင်တောင်မှ ကျွန်မရဲ့ အဆိုက အသက်ဝင်နေသေးတယ်”

“ဘယ်လို၊ ဘယ်လို … လင်းစမ်းပါဦး” မင်းအာကာက ပြောတယ်။

“အတိအကျ ပြောရမယ် ဆိုရင် စောစောက ဒေါ်လေးပြောလိုက်တဲ့ စကားက ဒီလို အဓိပ္ပာယ်ရောက်တယ်။ ဒါတွေက ယုမေရဲ့ ကြွင်းကျန်ပစ္စည်းတွေပါလို့ တစ်ယောက်ယောက်က သူ့ကို ပြောလာတယ်။ သူက အဲဒီပစ္စည်းတွေကို သိမ်းယူချိန်မှာ အထဲမှာ ဆေးလုံးနှစ်လုံး ရှိသေးတယ် ဆိုတာကို တွေ့မြင်လိုက်ရတယ်။ ဆိုလိုတာက …”

“တော်တော့။ ကတ်သီးကတ်ဖဲ့ တွေးတတ်တဲ့ မင်းရဲ့ အရည်အချင်းကို ငါ လက်ဖျားခါသွားပြီ” ဦးဟန်သာက လက်မြှောက်ပြီး ပန်းနုဝေကို တားဆီးလိုက်တယ်။ “လုပ်ကြံဖန်တီးတယ် ဆိုတာက မင်းအတွက်တော့ ထမင်းစားရေသောက်ပဲ နေမှာလို့ ငါ ယုံကြည်လိုက်ပြီ။ မင်းက ကြမ်းပိုးကိုတောင် လိပ်ဖြစ်အောင် ပြောနိုင်လောက်တယ်။ ဒါပေမယ့် တခြားနေရာမှာပဲ မင်းရဲ့ အဲဒီအရည်အချင်းကို အသုံးချစေချင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီလိုအချိန်မျိုးမှာ ယုမေ သေဆုံးတဲ့အကြောင်းကို ငါ လုံးဝ မဆွေးနွေးချင်ဘူး”

ဦးဟန်သာရဲ့ လေသံက ဘယ်တုန်းကမှ ဒီလောက် မမာထန်ဖူးဘူး။ အရင်က အမြဲတစေ တည်ငြိမ်အေးဆေးခဲ့တဲ့ ဦးဟန်သာက အခု ထူးထူးခြားခြား နှလုံးအပူ ဟပ်နေပြီ နေမှာ။ ဒေါသတွေ ငယ်ထိပ်ရောက်နေတဲ့ သူ့ကို မြင်လိုက်ရတော့ ပန်းနုဝေလည်း နောက်ဆုံးမှာ ဘာစကားမှ မဟတော့ဘူး။

“တကယ်လို့ သူက အကြောင်းပြချက်တစ်ခုခုကို အမှန်တကယ် ရှာထုတ်ပြနိုင်မယ် ဆိုရင် ကျွန်တော်တော့ နားထောင်ကြည့်ချင်တယ်” မင်းအာကာက ပြောတယ်။

ဦးဟန်သာက သူ့နားဖြတ်လာတဲ့ ရွံစရာပစ္စည်းတစ်ခုခုကို မောင်းထုတ်နေတဲ့အလား လက်ကို ခါယမ်းပစ်လိုက်တယ်။

“မင်း နားထောင်ချင်သပ ဆိုရင် နောက်မှ မင်းဟာမင်းတစ်ယောက်တည်း သွားနားထောင်တော့။ ငါတော့ မကြားချင်ဘူး”

“ဘယ်လိုကြီးလဲ။ ဒီမှာပဲ အဆုံးသတ်တော့မလို့လား” အားလုံးရဲ့ ခေါင်းပေါ်ကနေ ငဆွေရဲ့ မကျေနပ်သံ ထွက်ပေါ်လာတယ်။ “အခုမှ ကောင်းခန်းရောက်မယ် ရှိသေး။ ဒီလိုကြီး အဆုံးသတ်ပစ်တာမျိုးကို ငါ လက်မခံနိုင်ဘူး။ မင်းတို့ဟာက မဟုတ်သေးပါဘူး”

“မင်းဟာမင်း ထင်ချင်သလို ထင်လိုက်ပေတော့” ဦးဟန်သာက အောင့်သက်သက်နဲ့ ပြောချလိုက်တယ်။

လွန်းဆက်မောင်ရဲ့ စိတ်ထဲမှာ ရုတ်တရက် ဆိုသလိုပဲ ထူးဆန်းအံ့ဩတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။ စောစောက အပြန်အလှန် ဆွေးနွေးနေကြတဲ့အချိန်မှာ လူအားလုံးက သူတို့ကိုယ်သူတို့ ဓားစာခံ ဖြစ်နေသေးတယ် ဆိုတာကို မေ့နေကြပုံရတယ်။ အဲဒါ ဘာကို ဆိုလိုသလဲ ဆိုတော့ အကုန်လုံးက ယုမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ဝင်စားနေကြတယ် ဆိုတာပဲ။

စိတ်မသက်မသာ ဖြစ်စေတဲ့ ဆိတ်ငြိမ်မှုကြီးက အားလုံးရဲ့အထက်မှာ အုပ်မိုးထားပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ နားရွက်တောင် မခတ်ဝံ့ကြဘူး။ လွန်းဆက်မောင်က ယုမေရဲ့ ဆေးဘူးဆီကို အလိုလို စိတ်ရောက်သွားတယ်။

ကားမှောက်ကြောင်း သတင်းရပြီးတဲ့နောက်မှာ လွန်းဆက်မောင်က သက်ဆိုင်ရာ ရဲစခန်းကို ရောက်သွားခဲ့တယ်။ ယုမေရဲ့ အလောင်းကို အလူမီနီယံအခေါင်းထဲ ထည့်ပြီး နာရေးကားပေါ်မှာ တင်ထားကြပြီ။ ရဲဌာနက ခွင့်ပြုတာနဲ့ ဆေးရုံရေခဲတိုက်ကို သယ်သွားကြတော့မှာ။ သူက ယုမေရဲ့ မိဘတွေ၊ မင်းအာကာ၊ ပြီးတော့ နှင်းသူတို့ သားအဖတို့ကို တွေ့မြင်ရတယ်။ သူတို့က သူ့ထက် စောရောက်နှင့်နေကြတယ်။ ဒေါ်သင်းလှက တရှုပ်ရှုပ် ငိုလို့။ လွန်းဆက်မောင်ကို မြင်တော့ နောက်တစ်ကြိမ် အော်ကြီးဟစ်ကျယ်နဲ့ ငိုယိုနေပြန်တော့တယ်။

ဒီအမှုကို တာဝန်ယူ ကိုင်တွယ်ရတဲ့ ရဲအရာရှိက ပြောတယ်။ “ဒါတွေက သေဆုံးသူရဲ့ ကြွင်းကျန်ပစ္စည်းတွေပဲ။ သေချာစစ်ဆေးပြီး လက်ခံရရှိကြောင်း ဒီမှာ လက်မှတ်ထိုးပေးပါ”

ပြောပြီး ပစ္စည်းတွေကို စားပွဲပေါ်မှာ ချပုံပေးတယ်။ မိတ်ကပ်ဘူးရယ်၊ ပိုက်ဆံအိတ်ရယ်၊ လက်ဆွဲအိတ်အသေးရယ်၊ စတဲ့ ပစ္စည်းတွေ။ အဲဒီပစ္စည်းတွေထဲမှာ စောစောကပြောတဲ့ ဆွဲသီးပုံ ဆေးဘူးလည်း ပါတယ်။ ဦးဟန်သာက လက်မှတ်ထိုးပေးပြီး ပစ္စည်းတွေကို အိတ်တစ်လုံးထဲ စုထည့်လိုက်တယ်။

နာရေးကားက အခေါင်းကိုတင်ပြီး ထွက်ခွာသွားတော့ လွန်းဆက်မောင်တို့ လူစုကလည်း ကားကိုယ်စီနဲ့ အနောက်ကနေ ကပ်လိုက်သွားကြတယ်။ ဦးဟန်သာက လွန်းဆက်မောင်ရဲ့ နံဘေး၊ ရှေ့ခုံမှာ လာထိုင်တယ်။ ဒေါ်သင်းလှက နောက်ခုံမှာ ထိုင်တယ်။ သူ့ခမျာ တစ်လမ်းလုံး ငိုရှိုက်နေတယ်။

လမ်းတစ်နေရာမှာ အပေါ့အပါးသွားဖို့ သူတို့ ခဏနားကြတော့ လွန်းဆက်မောင်က ယုမေရဲ့ ပစ္စည်းတွေကို စစ်ဆေးကြည့်တယ်။ ဆေးဘူးလည်း အပါအဝင်ပေါ့။ ဆေးဘူးထဲမှာ ရင်းနှီးထားပြီးသား ဆေးလုံးနှစ်လုံးက အရာမယွင်းဘဲ တည်ရှိနေတယ်။

အဲဒီနေ့က ယုမေ ဘာဆေးမှ မသောက်ခဲ့ဘူး။ အဲဒီအချက်က လုံးဝကို သံသယ ရှိစရာ မလိုဘူး။ မြေကြီးကို လက်နဲ့ခတ်ရင် လွဲချင် လွဲသွားဦးမယ်။

သေချာပါတယ်။ လုံးဝ အမြင်မှား၊ အမှတ်မှားစရာ အကြောင်းမရှိဘူး။ လွန်းဆက်မောင်က ညင်ညင်သာသာ ခေါင်းညိတ်လိုက်မိတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *