မာတိကာကြည့်ရန်

(ဂ)

မီးဖိုဆောင်ဘက်ကနေ အသံထွက်လာတယ်။ နှင်းသူနဲ့ ပန်းနုဝေက ဟင်းပန်းကန်တွေ တင်ထားတဲ့ လက်တွန်းလှည်းလေးကို တွန်းပြီး ထွက်လာတယ်။ နောက်တော့ ဒေါ်သင်းလှက နန်းမိုရ်ခရဲ့ တွဲခေါ်မှုနဲ့အတူ အနောက်က ကပ်ပါလာတယ်။ ငဆွေကတော့ သေနတ်ကို မြှောက်ကိုင်ထားလျက်နဲ့ သူတို့အားလုံးရဲ့ အနောက်ကနေ လိုက်လာတယ်။

“မေကြီး၊ ဘယ်လိုဖြစ်တာလဲ။ နေမကောင်းဘူးလား” ဦးဟန်သာက မတ်တတ်ထရပ်တယ်။

ကျွဲကြီးက သူ့ကို ရိုင်ဖယ်နဲ့ ကမန်းကတန်း ချိန်ထိုးလိုက်တယ်။ “ပြန်ထိုင်”

“အန်တီ သွေးအားနည်းနေလို့ မိုက်ကနဲ ဖြစ်သွားတာ” နန်းမိုရ်ခက ဒေါ်သင်းလှကို တွဲပြီး ထမင်းစားခန်းထဲက ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တယ်။

“ငါ ဘာမှ မဖြစ်ပါဘူး … နည်းနည်း ပင်ပန်းနေတာလောက်ပဲ။ ခဏနားလိုက်ရင် ကောင်းသွားမှာပါ” ဒေါ်သင်းလှက တံတောင်နှစ်ဖက်ကို စားပွဲပေါ် တင်ပြီး လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ထားတယ်။

“ငါ့မိန်းမကို အနားယူခွင့် ပေးလိုက်ရင် ကောင်းမယ်။ သူက အစကတည်းက ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး။ အိပ်ရေးမဝတဲ့အပြင် စိတ်ကလည်း ပင်ပန်းနေသေးတာ ဆိုတော့ ဘယ်ခံနိုင်တော့မလဲ။ သူ့ကို အိပ်ခန်းထဲမှာ လှဲအနားယူခွင့် ပေးစေချင်တယ်။ နှစ်နာရီလောက်ဆိုလည်း မဆိုးဘူး”

လွန်းဆက်မောင်က ဦးဟန်သာရဲ့ အကြံကို နားလည်လိုက်တယ်။ သူက ဒေါ်သင်းလှနဲ့တူ အခန်းထဲကို လိုက်သွားပြီး အဲဒီမှာ မီးရှို့မယ်ပေါ့။ ဒါမှမဟုတ် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဒေါ်သင်းလှကို ပြောပြလိုက်မယ်ပေါ့။

ခပ်ညှက်ညှက် ငဆွေက သူ့ရဲ့ တောင်းဆိုချက်ကို အရေးမစိုက်ဘူး။ ဟွန့်ကနဲ နှာမှုတ်ပြီး ပြောတယ်။

“ကာယကံရှင်ကိုယ်နှိုက်ကတောင် ခဏနားလိုက်ရင် ကောင်းသွားမှာပါလို့ ပြောနေပြီပဲဥစ္စာ။ ခင်ဗျားက ဝင်ပြီး လျှာရှည်မနေစမ်းပါနဲ့။ နံနက်စာစားလိုက်ရင် အားရှိသွားလိမ့်မယ်။ စားစရာရှိတာ လာစားကြပေတော့”

သူ့ရဲ့ အမိန့်ကြောင့် နှင်းသူနဲ့ ပန်းနုဝေက အားလုံးအတွက် ပန်းကန်ခွက်ယောက်တွေ စပြင်ပေးတယ်။ နံနက်စာက ရှမ်းခေါက်ဆွဲအရည်ဖျော်ရယ်၊ အသားပေါက်စီရယ်၊ ကိတ်လိတ်ရယ်၊ ပြီးတော့ ကော်ဖီတစ်အိုးနဲ့ နွားနို့တစ်အိုးရယ်။

နန်းမိုရ်ခက ငွေလင်ပန်းတစ်ချပ်ကို စစ်တုရင်စားပွဲပေါ် ချပေးလိုက်တယ်။ အထဲမှာက ဝက်နံရိုးကြော်တစ်ပွဲရယ်၊ ဘီယာနှစ်ပုလင်းရယ် ပါတယ်။

“စောစောစီးစီးကိုပဲ အမြည်းက ကောင်းနေပြီ”

ငဆွေက အဲဒီလို ပြောလိုက်တော့ ကျွဲကြီးက ပြုံးဖြဲဖြဲနဲ့ နေရာမှာ ဝင်ထိုင်တယ်။ သူက ဇွန်းတွေဘာတွေ သုံးမနေတော့ဘဲ လက်တစ်ဖက်နဲ့ အသားတုံးကို လှမ်းယူပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။ ကျန်လက်တစ်ဖက်ကတော့ ဘီယာပုလင်းကို ဆုပ်ကိုင်ထားပြီ။

လွန်းဆက်မောင်က စားချင်စိတ် မရှိဘူး။ ဒါပေမယ့် နေရာမှာ ထိုင်ပြီး ရှမ်းခေါက်ဆွဲကို စားနေလိုက်တယ်။ ယောက်ျားတွေက ဧည့်ခန်းထဲမှာပဲ စားသောက်ခွင့် ရတယ်။ မိန်းကလေးတွေကတော့ ထမင်းစားခန်းမှာပေါ့။ ကျန်တဲ့လူတွေကလည်း မျက်နှာအိုပြီး စားစရာ ရှိတာကို မစားချင်စားချင်နဲ့ စားနေကြတယ်။ မင်းအာကာကိုတော့ ကြိုးတုပ်ထားတုန်းပဲ။ ကြည့်ရတာ သူလည်း စားချင်သောက်ချင်စိတ် ရှိဟန် မတူဘူး။

“မင်းတို့က အမျိုးတွေလား”

ထမင်းစားပွဲရဲ့ ဘေးနားမှာ ထိုင်စားနေတဲ့ ငဆွေက ကြွေတူနဲ့ အားလုံးကို ထိုးရင်း မေးတယ်။

“အကုန်လုံးတော့ မဟုတ်ဘူး”

ဘယ်သူမှ အဖြေမပေးတာနဲ့ ထမင်းစားခန်းရဲ့ ဟိုးဘက်တစ်ခြမ်းမှာ ရှိတဲ့ ဧည့်ခန်းထဲကနေ ဦးဟန်သာက ဖြေတယ်။

“ဪ ဪ၊ ဒါပေမယ့် ခင်ဗျားနဲ့ ဒီမိန်းမကြီးက လင်မယား မဟုတ်လား။ ဟိုကြိုးတုပ်ခံရတဲ့ကောင်က ခင်ဗျားရဲ့ သား။ ခင်ဗျားနဲ့ ရုပ်အတော်တူတယ်။ ဒါဆို ကျန်တဲ့လူတွေကရော”

ငဆွေက နှင်းသူ၊ ပန်းနုဝေနဲ့ နန်းမိုရ်ခတို့ကို ဝေ့ကြည့်လိုက်တယ်။

“ဒီသုံးယောက်ထဲမှာ ခင်ဗျားရဲ့ သမီးတော့ ပါမှာပေါ့။ အင်း …. မင်းက သူတို့ရဲ့ သမီးပဲ ဖြစ်မယ်။ ဟုတ်တယ်မလား” သူက နှင်းသူကို မေးတယ်။

“မဟုတ်ဘူး” နှင်းသူက ဖြေတယ်။

“မဟုတ်ဘူလား။ ဒါဆို မင်းလား”

“ငါလည်း မဟုတ်ဘူး” ပန်းနုဝေက အေးစက်စက် ပြန်ဖြေတယ်။

“ဒါဆို …”

သူက နန်းမိုရ်ခက လှမ်းကြည့်တယ်။ ဒါပေမယ့် ဦးဟန်သာက ဦးအောင် အဖြေပေးလိုက်တယ်။

“ငါ့မှာ သမီးမရှိဘူး”

“မရှိဘူး … မဖြစ်နိုင်တာပဲ”

ငဆွေက မျက်မှောင်ကြုတ်ပြီး မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ဒေါ်သင်းလှကို လှမ်းကြည့်တယ်။

“ဒီတိုက်ထဲမှာ ဝင်ပုန်းဖို့ ဆုံးဖြတ်ချက် ချပြီးတဲ့နောက်မှာ ငါတို့က ခင်ဗျားတို့အိမ်ရဲ့ အခြေအနေကို စုံစမ်းထားခဲ့သေးတယ်။ မိသားစုဝင်များရင် နွေစံအိမ်ကို အသုံးပြုနိုင်ခြေက ပိုများလာနိုင်တယ်။ ဒီတော့ ငါတို့အတွက် အဆင်မပြေနိုင်ဘူး။ ဒါပေမယ့် နောက်ဆုံးရလဒ်ကိုပဲ ကြည့်တော့ … အကုန် ဗရုတ်သုတ်ခတွေချည်းပဲ။ ကြိုတင်စုံစမ်းထားတာတွေ အကုန် သောက်ပိုတွေ ဖြစ်ကုန်ပြီ။ … အဲဒါတွေ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ငါတို့ စုံစမ်းထားရသလောက်ဆိုရင် ခင်ဗျားတို့မှာ သမီးတစ်ယောက် ရှိတယ်”

“ဟုတ်တယ်။ ငါတို့မှာ သမီးတစ်ယောက် ရှိတယ်။ ဒါပေမယ့် သေပြီ” ဦးဟန်သာက ပြောတယ်။ “လွန်ခဲ့တဲ့ သုံးလက”

“ဪ … စိတ်မကောင်းစရာပဲ။ ရောဂါကြောင့်လား”

“မဟုတ်ဘူး။ ဒီကနေအပြန် လမ်းမှာ ကားချောက်ထဲကျသွားတယ်”

အဲဒီလို ပြောပြီး ဦးဟန်သာက သူ့လက်ထဲက စားလက်စ ပေါက်စီတစ်ပိုင်းကို ငေးကြည့်နေတယ်။

“ဪ … လက်စသတ်တော့ ကားမှောက်တာကိုး။ ကိုယ့်ဟာကိုယ် ဂရုမစိုက်လို့ မဖြစ်သင့်တာ ဖြစ်ခဲ့ရတော့လဲ ဘာတတ်နိုင်မလဲ။ ဒီခေတ်လူငယ်တွေ အတော်များများက သူတို့ကိုယ်သူတို့ လေယာဉ်မောင်းနေကြတယ်လို့များ ထင်နေကြသလား မသိဘူး။ ဝှီးကနဲ ဝှီးကနဲပဲ။ ကားပေါ်ရောက်တာနဲ့ အောက်ခြေလွတ်ကုန်ကြတယ်”

“ဒါက သွေးရိုးသားရိုး ကားမှောက်တာမျိုး မဟုတ်ဘူး”

ဦးဟန်သာက စိတ်လိုက်မာန်ပါ ပြောချလိုက်တယ်။ တနင့်တပိုး ပြောချလိုက်တဲ့ သူ့ရဲ့ လေသံကြောင့် ကျူးကျော်သူနှစ်ယောက်ခမျာ တဒင်္ဂ နှုတ်ဆိတ်သွားတယ်။

လူသန် ကျွဲကြီးက ပါးစပ်မှာ ဘီယာပုလင်းတေ့ရင်း ဦးဟန်သာကို ငေးကြောင်ကြည့်နေတယ်။

လွန်းဆက်မောင်လည်း အနည်းနဲ့အများ ထိတ်လန့်သွားပြီး ဦးဟန်သာရဲ့ မျက်နှာတစ်စောင်းကို ငေးကြည့်နေမိတယ်။ ဒီ့အရင်တုန်းက ယုမေရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဦးဟန်သာက သူ့ကိုယ်ပိုင်အမြင်ကို ဘယ်တုန်းကမှ ဒီလောက် ပြတ်ပြတ်သားသား မပြောခဲ့ဖူးဘူး။

ကျန်တဲ့လူတွေကလည်း တူညီတဲ့ ခံစားချက်တွေ ရှိကြဟန် တူတယ်။ အခုချိန်မှာ သူတို့က အချုပ်မိနေကြတယ် ဆိုတာကိုတောင် ယာယီ မေ့ပျောက်သွားကြသလိုပဲ။ အားလုံးက ဦးဟန်သာကိုပဲ​ ငေးစိုက်ကြည့်နေကြတယ်။

“မဟုတ်ဘူး … ငါ ပြောချင်တာက … ယုမေက ပေါ့ပေါ့တန်တန် နေတတ် သွားတတ်တဲ့ မိန်းကလေးမျိုး မဟုတ်ဘူး။ သူက ကားကို လက်လွတ်စပယ် မောင်းလို့ အခုလို ဖြစ်သွားခဲ့ရတာ မဟုတ်ဘူးလို့ ငါ ယုံတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေကို သူ မတုံ့ပြန်၊ မတွန်းလှန်နိုင်လို့သာ အဲဒီလို ဖြစ်သွားခဲ့တာ”

ဦးဟန်သာက ဖြေရှင်းချက်ပေးတဲ့ လေသံနဲ့ ပြောပြီးသွားတဲ့နောက်မှာ ပေါက်စီကို တစ်ကိုက်ကိုက်လိုက်တယ်။

“ဒီကိစ္စက စိတ်ဝင်စားစရာပဲ။ ကားမှောက်တာ သွေးရိုးသားရိုး မဟုတ်ဘူး ဆိုတော့ ဒီကိစ္စက အတော်ရှုပ်မယ့်ပုံပဲ။ ပြီးတော့ …” ငဆွေက မလိုတမာ ပြုံးလိုက်တယ်။ “အားလုံးက မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြတယ်”

သူ့စကားကို ကြားတော့ ကျန်လူအားလုံးက ခေါင်းကို ကသုတ်ကရက် ငုံ့ချပစ်လိုက်ကြတယ်။ သူ နောက်တစ်ကြိမ် ပါးစပ်ဟဖို့ ပြင်လိုက်စဉ်မှာပဲ တံခါးမကြီးကနေ လူခေါ်ခေါင်းလောင်းသံ မြည်လာတယ်။

အချိန်က ဗြုန်းစားကြီး ရပ်တန့်သွားသလိုပဲ။ လူတွေအကုန်လုံး အသက်ရှူဖို့ မေ့သွားကြတယ်။ နံရံပေါ်က ပန်းချီကားလို ဘယ်သူမှ မလှုပ်တော့ဘူး။ ပါးစပ်ကြီးဖြဲပြီး ဝက်နံရိုးကို ကိုက်ဖို့ ကြံနေတဲ့ ကျွဲကြီးလည်း ဟလျက်တန်းလန်းနဲ့ ငုတ်တုတ်မေ့နေတယ်။

ငဆွေက အဦးဆုံး လှုပ်ရှားလာတယ်။ အားလုံးကို သေချာကြည့်ထားဖို့ သူက ကျွဲကြီးကို အမိန့်ပေးပြီး သူက အိမ်ရှေ့ပြတင်းပေါက်ဆီကို ပြေးသွားတယ်။ ပြတင်းလိုက်ကာကြားကနေ ပြင်ပအခြေအနေကို အကဲခတ်ကြည့်တယ်။

သိပ်မကြာဘူး၊ သူ ပြန်ရောက်လာတယ်။ မျက်လုံးက နီကျင်ကျင်နဲ့။

“ဒုက္ခပဲ။ ရဲတွေ”

ငဆွေရဲ့ စကားကို ကြားတော့ ကျွဲကြီးက ဒေါသခိုးတွေ လျှံတက်လာပြီး ရိုင်ဖယ်ကို ကောက်ကိုင်လိုက်တယ်။

“ရဲတွေက ဘာကြောင့် ဒီကို ရောက်လာရတာလဲ”

“ငါ ဘယ်သိမလဲ။ ဒါပေမယ့် ငါတို့ကြောင့်လာတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့”

ငဆွေက အသက်ပြင်းပြင်းရှူရင်း ဓားစာခံတွေကို စိုက်ကြည့်နေတယ်။

“ဟုတ်တယ်၊ မင်းသွား” သူက လွန်းဆက်မောင်ကို သေနတ်နဲ့ ချိန်တယ်။ “မင်း အပြင်ထွက်ပြီး သူတို့ကို ပထုတ်လိုက်”

“ဘာဖြစ်လို့ ငါ့ကိုမှ ရွေးရတာလဲ”

“ဦးဟန်သာကိုယ်တိုင် တံခါးသွားဖွင့်ရင် သိပ်သဘာဝ မကျဘူး။ ကျန်တဲ့လူတွေ အားလုံးထဲမှာ မင်းကို ကြည့်ရတာ ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိတယ်”

“အပြင်ပန်းနဲ့ အတွင်းစိတ်က တကယ့်ကို တခြားစီပဲ”

လွန်းဆက်မောင်က မတ်တတ်ရပ်ပြီး ဦးဟန်သာနဲ့ နှင်းသူကို လှမ်းကြည့်တယ်။ အားလုံးက အကြည့်တွေက သူ့ကို စကားပြောနေကြသလိုပဲ။ ကြံစမ်း …. ကြံစမ်း။ အခုဖြစ်နေတဲ့ အခြေအနေကို ရဲတွေသိအောင် ဘယ်လိုနည်းနဲ့ အကြောင်းကြားမလဲလို့ ပြောနေကြတဲ့အတိုင်းပဲ။ လွန်းဆက်မောင်အနေနဲ့ အချိန်တိုအတွင်းမှာ အကြံထုတ်နိုင်မှ ဖြစ်မယ်။

“ကြိုပြောထားမယ်နော်။ အဖမ်းခံရလို့ကတော့ သေမလား ရှင်မလား မသိမယ့်အတူတူ မင်းတို့အားလုံးကိုလည်း ငါတို့က အရှင်မထားဘူး။ ငါတို့နဲ့ သေရွာကို အတူခေါ်သွားမှာ။ ငါတို့က လုပ်ငန်းစကတည်းက စိတ်ပိုင်းဖြတ်ထားပြီးသား။ မင်း ယီးတီးယားတား လုပ်ရဲလုပ်ကြည့်ပေါ့”

ငဆွေက လွန်းဆက်မောင်ရဲ့ စိတ်ကူးကို ထွင်းဖောက်မြင်နေရတဲ့အတိုင်း သူ့ရဲ့ ကျောပြင်ကို သေနတ်နဲ့ ထောက်ထားလိုက်တယ်။

တံခါးမကြီးရဲ့ ဘေးနားမှာ မှန်ပြတင်းတစ်ပေါက် ရှိတယ်။ ငဆွေက အဲဒီပြတင်းပေါက်ရဲ့ အောက်ဘက်နားမှာ လူမမြင်အောင် ငုံ့နေလိုက်တယ်။

“မင်း တံခါးအပြင်ကို မထွက်ရဘူး။ သူတို့ကိုလည်း အထဲ မဝင်စေနဲ့။ သဘောပေါက်တယ်မလား”

လွန်းဆက်မောင်က ခေါင်းညိတ်ပြီး တံခါးမကြီးဆီ လျှောက်သွားတယ်။ ဖိနပ်စီးပြီး လေးလံတဲ့ ကျွန်းတံခါးမကြီးကို ဆွဲဖွင့်လိုက်တယ်။ အိမ်ပြင်မှာ ရပ်နေတဲ့သူက မနေ့က ရောက်လာခဲ့ဖူးတဲ့ ရဲသားကြီးပဲ။ မျက်နှာထားကတော့ မနေ့ကထက် ပိုပြီး တင်းမာနေတယ်။

“စိတ်မရှိပါနဲ့။ မနက်အစောကြီးမှာ အနှောင့်အယှက်ပေးသလို ဖြစ်သွားတယ်။ ခင်ဗျားတို့ အိပ်နေကြတုန်းလား”

ပိန်လှီတဲ့ ရဲသားငယ်က အရှေ့ထွက်လာပြီး ရင်းနှီးဖွယ်အပြုံးနဲ့ နှုတ်ဆက်စကားဆိုတယ်။

“မဟုတ်ဘူး။ ကျွန်တော်တို့ မနက်စာ စားနေကြတာ”

“ဪ … အားလုံး နိုးနေကြပြီလား”

“ဟုတ်တယ်” လွန်းဆက်မောင်က ပြန်ဖြေတယ်။

ရဲသားက အဲဒီအကြောင်းကို တစ်ခုခု ဆက်ပြောဖို့ ကြံပြီးခါမှ စကားကို လမ်းကြောင်းပြောင်းလိုက်တယ်။

“ဒါနဲ့၊ ကျွန်တော် မနေ့တုန်းကလည်း မေးခဲ့ပြီးပါပြီ။ အဲဒီနောက် ဘာများ ထူးခြားတာ တွေ့မိ၊ ကြားမိသေးလဲ။ ဥပမာ မသင်္ကာစရာ ကောင်းတဲ့လူတို့၊ ဒါမှမဟုတ် ညကြီးမင်းကြီး အသံတစ်ခုခု ကြားမိတာမျိုးပေါ့”

မသင်္ကာစရာ ကောင်းတဲ့လူက ကျွန်တော်ရဲ့ အနောက်မှာ။ လွန်းဆက်မောင်က အဲဒီလိုပဲ ပြောပစ်လိုက်ချင်တယ်။

“ဟင့်အင်း၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး”

“အဲဒီလိုလား”

ရဲသားက သိပ်ပြီးတော့လည်း စိတ်ပျက်သွားပုံ မရဘူး။ သူက အိမ်တံခါးတိုင်းကို လိုက်ခေါက်ပြီး မေးခွန်းမေးလိုက်တိုင်း ဒီလိုအဖြေမျိုးချည်းပဲ ရခဲ့လို့ နေမှာပေါ့။

“တစ်ခုလောက် မေးပါရစေ။ ဘာများ ဖြစ်နေလို့လဲ။ ကျွန်တော်တို့ဆီကို ခင်ဗျားတို့ ရောက်ရောက်လာတာ နှစ်ရက်တောင် ရှိသွားပြီ။ တစ်ခုခု ထူးခြားနေသလိုပဲ” လွန်းဆက်မောင်က မေးတယ်။

ရဲသားကြီးက သူ့ကို အပြစ်တင်နေတယ်လို့ ထင်သွားသလားတော့ မပြောတတ်ဘူး။ သွားဖြဲပြပြီး ခေါင်းကုတ်နေတယ်။

“ခင်ဗျားတို့ အနားယူနေတာကို ကျွန်တော်တို့လည်း မနှောင့်ယှက်ချင်ပါဘူးဗျာ။ ဒီလိုဗျ။ မနေ့နေ့လယ်တုန်းက ဘဏ်တစ်ဘဏ် ဝင်စီးခံရတယ်”

“ဓားပြတိုက်ခံရတာလား”

“ဟုတ်တယ်။ လူနှစ်ယောက်။ ပစ္စတိုတစ်လက်၊ ရိုင်ဖယ်တစ်လက်နဲ့ ဘဏ်ထဲကို ဝင်စီးတာ”

လွန်းဆက်မောင်က စိတ်ရှုပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ လက်နက်တွေကတော့ ကွက်တိ တူနေကြပြီ။

“အဲဒီဓားပြတွေက ဒီနားမှာ ရှိနေကြတာလား”

“မနေ့တုန်းကတော့ ဒီနားမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်းကြည့်ရုံလောက်ပဲ။ မျက်မြင်သက်သေတစ်ယောက်ရဲ့ စကားအရ ဓားပြတွေရဲ့ကားက ဒီဘက်ကို မောင်းလာတယ်တဲ့”

“အခုရော အခြေအနေက ပြောင်းလဲသွားပြီလား”

“ဟုတ်တယ်။ ကန်ကြီးပတ်ဝန်းကျင်မှာ အဲဒီဓားပြတွေ ပုန်းခိုနေတယ်ဆိုတဲ့ ဖြစ်နိုင်ခြေက အတော်ကြီး မြင့်မားသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုးအရှေ့က သစ်တောထဲမှာ ဓားပြတွေ စွန့်ပစ်ထားတယ်လို့ ယူဆရတဲ့ ကားတစ်စီးကို ကျွန်တော်တို့ တွေ့ထားပြီ။ သူတို့က ငွေအိတ်သုံးအိတ်ကို ထမ်းသယ်ရမှာဆိုတော့ ခြေထောက်သက်သက်နဲ့ အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူး”

သူ့ရဲ့ သုံးသပ်ချက်က လုံးဝကွက်တိပဲ။ လွန်းဆက်မောင်က စိတ်ထဲကနေ ရေရွတ်နေတယ်။

“သူတို့သာ ဒီနားဝန်းကျင်မှာ ရှိနေရင် အန္တရာယ်အတော်များတာပဲ”

လွန်းဆက်မောင်က လက်ပိုက်ပြီး ပြောတယ်။ လက်တစ်ဖက်က သူ့နောက်ဘက်ကို မသိမသာ ညွှန်ပြရင်း ငဆွေ မရိပ်မိအောင်လည်း ကြိုးစားနေရတယ်။ နောက်တော့ သူက ရဲသားကို မျက်စပစ်ပြတယ်။ သူ့လက်ကို သတိထားကြည့်ပါပေါ့။

ဒါပေမယ့် ရဲသားက ဘာမှကို သတိမထားမိဘူး။

“ပေါ့ပေါ့ဆဆတော့ မနေနဲ့ပေါ့ဗျာ။ ဓားပြတွေမှာ သေနတ်တွေ ပါတယ် ဆိုတော့ လုံခြုံစိတ်ချရအောင် ခင်ဗျားတို့ အပြင်မထွက်တာပဲ ကောင်းလိမ့်မယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ ဒီကနေ စောနိုင်သမျှ စောစော ပြန်သွားကြပေါ့”

“ဟုတ်ပါပြီဗျာ။ အိမ်ရှင်ကို သတိပေးလိုက်ပါမယ်”

လွန်းဆက်မောင်က ရဲသားကို မျက်လုံးတွေ ကျွတ်ထွက်မတတ် မျက်စပစ်ပြနေပေမယ့်လည်း အဲဒီလူက သူ့လက်ကို တစ်ချက်ကလေးမှ ငဲ့ကြည့်မသွားခဲ့ဘူး။ အဲဒီအချိန်မှာ ခပ်ငယ်ငယ် ရဲသားတစ်ယောက်က ကားရပ်နားကွင်းနားကနေ ဒီဘက်ကို လျှောက်လာတယ်။

“အဖြူရောင် စလွန်းကားမောင်းတဲ့သူ ဒီမှာ ရှိလား”

“ဗျာ … ဪ … ရှိတယ်”

အဲဒါက နန်းမိုရ်ခရဲ့ကား။

“ကားရှေ့တံခါးက သေချာပိတ်မထားဘူး။ တံခါးမကျဘူး။ ကားရှင်ကို ပြောလိုက်ပါဦး”

ဟာ … ဘာတုံးဟ။ ဒါအတွက်ပဲလား။ လွန်းဆက်မောင် စိတ်ပျက်သွားတယ်။

“ကျွန်တော်တို့ သွားတော့မယ်”

ရဲသားတွေက နောက်ဆုံး လက်ပြပြီး ထွက်သွားမယ် လုပ်ပြီးမှ တစ်ခုခုကို သတိရသွားဟန်နဲ့ နောက်ပြန် လှည့်လာတယ်။

“ဪ ဒါနဲ့၊ ခင်ဗျားစောစောတုန်းက ပြောခဲ့တယ် မဟုတ်လား။ အားလုံး နိုးနေကြပြီ ဆိုလားလို့”

“ဟုတ်ပါတယ်”

“အဲဒီလိုဆိုမှတော့ …” ရဲသားက ပြောတယ်။ “ပြတင်းလိုက်ကာတွေ အားလုံးကို အပေါ်တင်ထားလိုက်တာ ပိုကောင်းလိမ့်မယ်။ ကျွန်တော်တို့ ဒီနားပတ်ဝန်းကျင်မှာ ကင်းလှည့်နေမယ်။ အပြင်ဘက်ကနေ အိမ်အတွင်းပိုင်းကို လှမ်းမြင်နေရတာက ပိုပြီး လုံခြုံစိတ်ချရတယ်။ ခင်ဗျားတို့လည်း ပိုပြီး စိတ်ချလက်ချ နေနိုင်တာပေါ့”

“ဟုတ်တာပေါ့။ ကျွန်တော် အားလုံးကို ပြောပြလိုက်ပါ့မယ်”

“ဒါဆို ခွင့်ပြုပါဦး”

ရဲသားနှစ်ယောက်က လက်ပြထွက်ခွာသွားတယ်။

လွန်းဆက်မောင်က တံခါးကို ပိတ်လိုက်တယ်။ နောက်ပြန် လှည့်လိုက်တော့ ငဆွေက သူ့မျက်နှာရှေ့မှာ ရပ်နေမှန်း တွေ့မြင်လိုက်ရတယ်။

“အဖြူရောင်စလွန်းက ဘယ်သူ့ကားလဲ”

နန်းမိုရ်ခရဲ့ကားလို့ လွန်းဆက်မောင်က သူ့ကို ပြောပြတယ်။ ငဆွေက အတွင်းဘက်လှည့်ပြီး နန်းမိုရ်ခကို အော်ခေါ်တယ်။ လွန်းဆက်မောင်က သူ့ကို အကျိုးအကြောင်း ရှင်းပြလိုက်တယ်။

“တကယ်ပဲ။ ဒီတစ်ခါလည်း တံခါးကို ကျအောင် မပိတ်မိပြန်ဘူး။ အဲဒီကားက အိုနေပြီ ဆိုတော့ ကားတံခါးကို အားနဲ့ ဆောင့်မပိတ်ရင် မကျချင်တော့ဘူး”

“အခန်းပြန်ပြီး ကားသော့ ယူစရာ လိုသေးလား”

“သော့ပိုတစ်ချောင်း ကားနောက်မှာ ဖွက်ထားတာ ရှိတယ်”

တံခါးဖွင့်ပြီး သူ အပြင်ထွက်မလို့ လုပ်တဲ့အချိန်မှာ ငဆွေက သေနတ်နဲ့ သူ့ကို ဖြတ်တားလိုက်တယ်။

“ရဲတွေက ဒီအနီးဝန်းကျင်မှာ ရှိချင် ရှိနေဦးမှာ။ ကူလီကူမာတော့ လုပ်မယ့် မကြံနဲ့။ ငါ နင့်ကို ဒီကနေ ကြည့်နေမယ်”

နန်းမိုရ်ခက စူးရှတဲ့ မျက်လုံးနဲ့ ခပ်ညှက်ညှက်ယောက်ျားကို စူးစိုက်ကြည့်ပြီး အိမ်အပြင်ကို ထွက်ခွာသွားတယ်။ ငဆွေက တံခါးကို တစ်ဝက်ဖွင့်ပြီး သူ့ရဲ့ ကျောပြင်ကို စိုက်ကြည့်နေတယ်။ ကံကောင်းတာက တံခါးပေါက်ကနေ ကြည့်လိုက်ရင် ကားရပ်နားကွင်းက ဘာမှ မဖုံးမကွယ်ဘဲ ဘွားဘွားကြီး တွေ့မြင်နေရတယ်။ ဒါပေမယ့် အဲဒီကံကောင်းမှုက ငဆွေတစ်ယောက်တည်းအတွက်ပဲ ဖြစ်နေတယ်။

နန်းမိုရ်ခက ကားနားကပ်သွားပြီး အနောက်ဘက်ဘန်ပါထဲကနေ ကားသော့ကို နှိုက်ယူလိုက်တယ်။ ကားရှေ့တံခါးကို ဖွင့်ပြီး အားနဲ့ ဆောင့်ပိတ်ချလိုက်တယ်။ ပြီးတော့ အိမ်ဘက်ကို ပြန်လျှောက်လာတယ်။ သဘာဝမကျတဲ့ အပြုအမူမျိုး ဘာတစ်ခုမှ ရှိမနေဘူး။

“တံခါးမကြီးကို ကျယ်ကျယ်ဖွင့်ပြီး ရဲတွေ ရှိနေသေးသလား ကြည့်ကြည့်စမ်း”

ငဆွေက နောက်တစ်လှမ်း ဆုတ်ပြီး အမိန့်ပေးတယ်။ လွန်းဆက်မောင်က သူ ခိုင်းတဲ့အတိုင်း လုပ်တယ်။ စောစောက ရဲနှစ်ယောက်က ဒီနားဝန်းကျင်မှာ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေကြတုန်းပဲ။

“အဲဒီနှစ်ကောင်က အတော် စိတ်ရှုပ်စရာကောင်းတာပဲ” ငဆွေက ပွစိပွစိနဲ့ ရေရွတ်တယ်။

အဲဒီအချိန်မှာ နန်းမိုရ်ခက မြေကြီးပေါ် ခြေထောက်နဲ့ တစ်ခုခု ရေးနေတာကို လွန်းဆက်မောင် လှမ်းမြင်လိုက်တယ်။ ငဆွေက လွန်းဆက်မောင်ရဲ့ အနောက်မှာ ကွယ်နေတော့ကာ အဲဒါကို မမြင်ရလောက်ဘူး။

အိမ်ထဲ နန်းမိုရ်ခ ပြန်ရောက်တာနဲ့ ငဆွေက ပြောတယ်။

“ရပြီ။ တံခါးပိတ်လိုက်တော့”

တံခါးရွက်ကို လုံးဝ ဆွဲမပိတ်ခင်မှာ လွန်းဆက်မောင်က နန်းမိုရ်ခ ရေးထားခဲ့တဲ့ စာလုံးကို တွေ့မြင်လိုက်ရတယ်။ သန့်စင်ခန်း ပြတင်းပေါက်ရဲ့ အောက်တည့်တည့်မှာ “HELP” ဆိုပြီး အကြီးကြီး ရေးထားတယ်။ သူက နန်းမိုရ်ခကို လှမ်းကြည့်တော့ သူ့ကို နန်းမိုရ်ခက အောက်နှုတ်ခမ်းကို အရှေ့ထွက်အောင် စူပြလိုက်တယ်။

တိုက်ထဲရောက်တော့ ငဆွေက ဧည့်ခန်းထဲမှာ ရှိတဲ့ ဦးဟန်သာတို့ရဲ့ အနားကို လျှောက်သွားတယ်။

“အားလုံး ထမင်းစားစားပွဲမှာ သွားထိုင်ကြ။ ကျွဲကြီး၊ အဲဒီကောင်ကို ကြိုးဖြေပေးလိုက်”

“ဘာဖြစ်လို့လဲ” ကျွဲကြီးက မေးရင်း မင်းအာကာရဲ့ ခြေလက်တွေပေါ်က မျက်နှာသုတ်ပဝါကို ဖြေလျှော့ပေးနေတယ်။

“ရှိသမျှ လိုက်ကာအားလုံးကို တင်ထားလိုက်ရင်လည်း သဘာဝ မကျဘူး”

ငဆွေက ပြတင်းပေါက်နား သွားပြီး လိုက်ကာအကြားကနေ အပြင်ကို ချောင်းကြည့်တယ်။ နောက်တော့ တောက်တစ်ချက် ခေါက်တယ်။

“ဒီငနဲတွေက ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေကြတုန်းပဲ။ ကျွဲကြီး၊ အဆင်သင့်ဖြစ်ပြီလား”

“သူတို့ကို ဒီမှာ ထိုင်ခိုင်းထားပြီးပြီ။ ငါတို့က ဘယ်လိုလုပ်မှာလဲ”

လူသန်ကြီးက ထိုင်ရမလို ထရမလို ရွစိစိ ဖြစ်နေတယ်။ သူ ဖြစ်နေတဲ့ ပုံစံက သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး။

“နံရံနားကပ်ပြီး အောက်မှာ ငုတ်တုတ်ထိုင်နေကွာ။ အပြင်ကလူတွေ ငါတို့ကို မမြင်စေနဲ့”

ငဆွေက ပြတင်းအောက်ဘက်က နံရံနားကပ်ပြီး ငုတ်တုတ် ထိုင်ချလိုက်တယ်။ ပြီးတော့ သေနတ်နဲ့ နှင်းသူကို ချိန်ထားတယ်။

“ကဲ မင်းကလေးက လိုက်ကာကို ဆွဲတင်လိုက်။ မြန်မြန်လုပ်နော်။ မဆိုင်တဲ့ အပြုအမူတွေ ဘာတစ်ခုမှ လုပ်မယ် မကြံနဲ့”

နှင်းသူက မတ်တတ်ထရပ်ပြီး သူ ခိုင်းတဲ့အတိုင်း ပြတင်းလိုက်ကာကို ဆွဲတင်လိုက်တယ်။ လွန်းဆက်မောင်ရဲ့ နေရာကနေ ကြည့်ရင် ခြံအပြင်ဘက်မှာ ရပ်နေကြတဲ့ ရဲသားတွေကို တွေ့မြင်နေရတယ်။ သူတို့တွေက လည်ဆန့်ပြီး ဒီဘက်ကို လှမ်းကြည့်နေတယ်။

ဘယ်သူက မင်းတို့ကို ဒီဘက် ကြည့်ခိုင်းလို့လဲ။ လွန်းဆက်မောင်က ရင်ထဲမှာ ကြိတ်ပြီး အော်နေမိတယ်။ သန့်စင်ခန်းဘက်ကို ကြည့်။ အဲဒီမှာ အကူအညီ တောင်းထားတဲ့ အမှတ်အသား ရှိတယ်။ ဒါပေမယ့် ရဲသားတွေက ဒီနေရာမှာ မူမမှန်တဲ့ အခြေအနေ ဘာတစ်ခုမှ မရှိဘူးလို့ ဆုံးဖြတ်လိုက်ကြဟန် တူတယ်။ သူတို့ လှည့်ပြီး ထွက်ခွာသွားတယ်။ လွန်းဆက်မောင်က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။

“ကြည့်ရတာ ဒီကောင်တွေ သွားပြီ”

ငဆွေက လိုက်ကာနောက်မှာ ပုန်းနေရင်း အပြင်ဘက်ကို ချောင်းကြည့်ပြီး ရေရွတ်တယ်။

“လိုက်ကာ ချလိုက်စမ်းပါကွာ” ကျွဲကြီးက ပြောတယ်။ “ဒီအတိုင်းကြီးက နေရတာ အဆင်မပြေဘူး”

“မဖြစ်ဘူး။ ဟိုကောင်တွေက ပြန်လာချင် လာကြဦးမှာ။ လိုက်ကာကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတာက ပိုပြီးတော့တောင် မသင်္ကာစရာ ကောင်းနေသေးတယ်”

“ဒီလိုကြီး ငုတ်တုတ်ထိုင်နေရတာက မသက်သာလှဘူး။ ငါ မခံနိုင်တော့ဘူး”

“အိုကေ … ငါ အကြံရပြီ”

ငဆွေက အပေါ်ထပ်ကို တက်သွားတယ်။ ဝရန်တာက အတော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိတယ်။ အလယ်မှာ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံတစ်လုံး ချထားတယ်။ သူက ထိုင်ခုံမှာ ထိုင်ရင်း လက်ရန်းတန်းကို ကျော်ပြီး အောက်ဘက်ကို လှမ်းကြည့်တယ်။

“ဒီကနေ လှမ်းကြည့်ရင် ဧည့်ခန်းနဲ့ ထမင်းစားခန်းရဲ့ အနေအထားကို ကောင်းကောင်းကြီး မြင်နေရတယ်။ စောင့်ကြပ်ဖို့ အကောင်းဆုံး နေရာပဲ”

“သူတို့ကရော”

“ငါတို့ စောင့်ကြည့်နိုင်တဲ့ ဧရိယာအတွင်းမှာ သူတို့ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားလည်း ပြဿနာတော့ မရှိနိုင်ပါဘူး။ တိုက်အပြင်က လူတွေ လှမ်းမြင်လည်း သံသယ ဖြစ်ကြမှာ မဟုတ်ဘူး။ ဒါနဲ့ ကျွဲကြီး၊ အပေါ်ထပ်ကို တက်လာရင် မိန်းမတစ်ယောက်ပါ ဆွဲခေါ်လာခဲ့။ ငါတို့နားမှာ ဓားစာခံတစ်ယောက် ထားထားရင် သူတို့ မဟုတ်တရုတ်တွေ လုပ်ရဲမှာ မဟုတ်တော့ဘူး”

ကျွဲကြီးက မျက်လုံးပြူးပြီး မိန်းမလေးယောက်ကို ဝေ့ဝိုက်ကြည့်တယ်။ နောက်ဆုံးတော့ သူက နန်းမိုရ်ခဆီကို လျှောက်သွားတယ်။

“အဲဒီမိန်းမကို မရွေးနဲ့” ငဆွေက အပေါ်ထပ်ကနေ အမိန့်ပေးတယ်။

“သူနဲ့ အတူနေရလည်း ပျင်းစရာကြီးနေမှာ။ ဟိုတစ်ယောက် ခေါ်ခဲ့” သူက နှင်းသူကို ထိုးပြတယ်။

နှင်းသူက အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်။ ဒါပေမယ့် နူးညံ့ပျော့ပျောင်းတဲ့ လက်မောင်းကို ကျွဲကြီးရဲ့ လက်ကြမ်းကြီးက ဖမ်းဆုပ်လိုက်တော့ သူ့ခမျာ ငယ်သံပါအောင် အော်လိုက်မိတယ်။

“ခင်ဗျားတို့ လက်မပါနဲ့”

စိုးဇေယျက မတ်တတ်ထပြီး တောင်းပန်လိုက်ပေမယ့် ကျွဲမျက်စောင်းကို ခံလိုက်ရပြီးတဲ့ နောက်မှာတော့ ချက်ချင်းပဲ ခေါင်းငုံ့ပြီး ထိုင်ချလိုက်တယ်။

ကျွဲကြီးက နှင်းသူရဲ့ လက်မောင်းကို ဆွဲကိုင်ရင်း အပေါ်ထပ်ကို တက်ချသွားတယ်။

“မင်းတို့က ဘာတွေလဲ။ ဘာပြစ်မှု ကျူးလွန်ထားလို့လဲ” ဦးဟန်သာက ခေါင်းထောင်ပြီး သူတို့ကို စိုက်ကြည့်ရင်း မေးတယ်။

ငဆွေက အေးစက်စက် ပြုံးရင်း သေနတ်ပြောင်းနဲ့ လွန်းဆက်မောင်ကို ချိန်ထားလိုက်တယ်။

“သူ့ကို မေး။ သူ ကောင်းကောင်း သိတယ်”

အားလုံးက လွန်းဆက်မောင်ကို လှည့်ကြည့်ကြတယ်။ ဒါနဲ့ သူက ရဲတွေဆီကနေ ကြားခဲ့တဲ့ သတင်းတွေကို အားလုံးကို ပြောပြလိုက်တယ်။ ဘဏ်ဓားပြတိုက်ခံရတယ်လို့ ကြားရတော့ ဘယ်သူကမှ အံ့ဩတုန်လှုပ်ဟန် မပြကြဘူး။ ကြည့်ရတာ သူတို့နှစ်ယောက်ရဲ့ ကိုယ်နှုတ်အမူအရာတွေကြောင့် ဒီလူနှစ်ယောက်က ဒီလောက်တော့ ရမ်းကားကြမှာပဲလို့ ကြိုတင် မှန်းဆထားကြပြီး ဖြစ်ဟန် တူတယ်။

“ဘာဖြစ်လို့ ဒီမှာ လာပုန်းနေကြတာလဲ” ဦးဟန်သာက မေးတယ်။

“ဘာဖြစ်လို့လဲ ဆိုတော့ စီမံကိန်းချကတည်းက ဒီနေရာကို ရွေးထားလို့ပေါ့။ ငါနဲ့ ကျွဲကြီးက ဘဏ်ကို ဝင်စီးကြမယ်။ ပြီးရင် ငွေအိတ်တွေနဲ့အတူ ဒီတိုက်ကြီးထဲမှာ တစ်ရက်နှစ်ရက် ဝင်ပုန်းနေမယ်။ ရဲတွေက လမ်းပိတ်ဖမ်းကြမှာ ဆိုတော့ ချက်ချင်းလက်ငင်း ထွက်ပြေးလို့ မကောင်းသေးဘူးလေ။ ငါတို့ ပေါ့ဆသွားတာ တစ်ချက်ပဲ ရှိတယ်။ ဒီဘက် ပြေးလာတာကို တွေ့တဲ့သူက တွေ့သွားသေးတယ်”

“ပြီးတော့ မင်းတို့က ဘာဆက်လုပ်မှာလဲ။ စောစောက ပြောတော့ တခြားဘော်ဒါတစ်ယောက်ရဲ့ အလာကို စောင့်နေတာဆို”

“သူ လာမှာပါ။ ငါတို့က သူ့ကိုပဲ အားကိုးရတော့မှာ။ သူက ငါတို့ကို ဒီနေရာကနေ ကိုယ်လွတ်ရုန်းနိုင်အောင် လုပ်ပေးလိမ့်မယ်။ သူက ဒီပတ်ဝန်းကျင်ရဲ့ အခြေအနေကို ကောင်းကောင်းကြီး သိထားတယ်။ ပြီးတော့ ရဲတွေကိုလည်း သူက ပိုင်တယ်”

“မင်းတို့ဘော်ဒါရဲ့ နာမည်က …. ကိုထိုက်၊ မဟုတ်လား”

မင်းအာကာက ပြောတယ်။ သူက လက်ကောက်ဝတ်ကို ကျန်လက်တစ်ဖက်နဲ့ ပွတ်သပ်နေတယ်။ ခုန ကြိုးတုပ်ခံထားရတဲ့ နေရာက အခုထိ နာနေတုန်းနေမှာ။

“မှတ်ဉာဏ်ကောင်းသားပဲ။ ဟုတ်တယ်။ ကိုထိုက်”

“သူက ဘာဖြစ်လို့ ချက်ချင်း ရောက်မလာတာလဲ”

“ဒါလား။ အကြောင်းအရင်းတွေက အများကြီးပဲ” ငဆွေက မြုံစိစိ လုပ်နေတယ်။ “ဒီအမှုနဲ့ ပတ်သက်နေတဲ့ ရဲတွေကို ချဉ်းကပ်ရတာကလည်း အချိန်လိုတယ် မဟုတ်လား”

“မင်းတို့ရဲ့ စီမံကိန်းက ဘယ်လောက် ပြောင်မြောက်သလဲ ဆိုတာတော့ မပြောတတ်ဘူး” မင်းအာကာက ဆက်ပြောတယ်။ “ဒါပေမယ့် ပထမပိုင်းမှာကတည်းက အရှုံးပေါ်နေပြီ။ ရဲတွေက အခုလို ကင်းလှည့်နေမှတော့ ဒီတိုက်ကြီးရဲ့ မူမမှန်တာကို အနှေးနဲ့အမြန် ရိပ်မိသွားကြမှာပဲ။ ဒီလူအုပ်က အပန်းလာဖြေတယ်လည်း ဆိုသေးတယ်။ ဘယ်သူမှ တိုက်ပြင်မထွက်ကြဘူး”

“ရဲတွေ ရိပ်မိသွားတဲ့အချိန်မှာ ငါတို့က ဒီမှာ ရှိမှာ မဟုတ်တော့ဘူး။ သူတို့က ဒီတိုက်ထဲမှာ ပါးစပ်ထဲ အဝတ်ဆို့ထားတဲ့၊ ကြိုးတုပ်ခံထားရတဲ့ မင်းတို့ကိုပဲ တွေ့သွားလိမ့်မယ်”

“မင်းတို့က တကယ်ပဲ ငါတို့ကို သတ်ပစ်ဖို့ အစီအစဉ် မရှိဘူးပေါ့”

“ခုချိန်ထိတော့ ဟုတ်တယ်”

“အဲဒါက အသိဉာဏ်ရှိတဲ့ လုပ်နည်းလုပ်ဟန်ပဲ” ဦးဟန်သာက ရင်ကို အနည်းငယ် ကော့လိုက်တယ်။ “တစ်ယောက်ယောက်သာ ထိခိုက်ဒဏ်ရာရရင် ငါ ချက်ချင်း ပြေးထွက်သွားပြီး ရဲတွေကို အကြောင်းကြားမယ်။ နောက်ထပ် ဘယ်သူပဲ ထိခိုက်ထိခိုက်၊​ ငါ ဂရုမစိုက်တော့ဘူး။ အဲဒီလို အခြေအနေမျိုး ရောက်သွားခဲ့ရင် ဓားပြတိုက်တဲ့ အမှုအပြင် မင်းတို့က လူသတ်မှုကိုပါ ရင်ဆိုင်ရတော့မှာ”

“ခင်ဗျား အပြင်ကို ထွက်မသွားနိုင်ခင် ငါက နှုတ်ပိတ်ပစ်လိုက်လို့ ရတယ်”

ငဆွေရဲ့ မျက်လုံးတွေက မီးတောက်နေတယ်။

“အဲဒီအချိန်ရောက်ရင်” နန်းမိုရ်ခက ပြောတယ်။ “ငါလည်း အတင်း ပြေးထွက်ပြီး အော်မှာပဲ”

“ငါရောပဲ” ပန်းနုဝေ ပြောတယ်။

“ငါရောပဲ” လွန်းဆက်မောင်ကလည်း ပြောတယ်။

ငဆွေက တစ်အောင့်လောက် နှုတ်ဆိတ်သွားပြီး နောက်တော့ ခေါင်းကို ခါယမ်းတယ်။

“အတော် စည်းရုံးကြတာကိုး။ အားကျစရာကြီး။ ကဲပါ၊ ငါတို့ တတ်နိုင်သလောက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင် ကြိုးစားကြတာပေါ့”

သူ့ရဲ့ လေသံထဲမှာ တစ်ထစ်လျှော့ပေးတဲ့ အဓိပ္ပာယ်မျိုး ပါဝင်နေတယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *