မာတိကာကြည့်ရန်

(ခ)

အိမ်သာတက်ချင်တဲ့သူတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ပို့ပြီးတဲ့နောက်မှာ ငဆွေက ကြိုးသွားရှာဦးမယ် ဆိုပြီး နောက်တစ်ကြိမ် ဧည့်ခန်းထဲကနေ ထွက်သွားပြန်တယ်။ သူက ဓားစာခံတွေအားလုံးကို ကြိုးတုပ်ထားမလို့ နေမှာ။ ဒါပေမယ့် သိပ်မကြာပါဘူး။ အလိုမကျတဲ့ မျက်နှာနဲ့ ပြန်ရောက်လာတယ်။

“အဆင်ပြေတဲ့ကြိုး ရှာမတွေ့ဘူး။ နေတော့။ ဒီအတိုင်းပဲ သူတို့ကို စောင့်ကြည့်ကြတာပေါ့”

ငဆွေက သေနတ်နဲ့ လွန်းဆက်မောင်တို့ကို ချိန်ထားပြီး စစ်တုရင်စားပွဲဘေးမှာ ဝင်ထိုင်လိုက်တယ်။ လွန်းဆက်မောင်က စဉ်းစားကြည့်တယ်။ သူသာဆိုရင် အိပ်ရာခင်းတွေကို ကြိုးအဖြစ် သုံးလိုက်မှာပဲ။ သူ ထုတ်မပြောပါဘူး။ သူတို့လည်း အဲဒီလို တွေးမိကောင်း တွေးမိနိုင်တာပါပဲ။ အဲဒီလောက်ကြီး ဇွတ်အတင်း လုပ်ဖို့ မလိုအပ်ဘူးလို့ တွေးထင်ထားလို့လည်း ဖြစ်မှာပေါ့။

“ငဆွေ၊ ဒီအတိုင်းကြီး ဘယ်လောက်ကြာကြာ နေရဦးမှာလဲ”

ရိုင်ဖယ်ကို မြှောက်ထားရင်း တစ်ချိန်လုံး မတ်တတ်ရပ်နေရလို့ ညောင်းသွားပြီ ထင်တယ်။ လူသန် ကျွဲကြီးကလည်း ထိုင်ခုံတစ်လုံးကို ယူထိုင်လိုက်တယ်။ သူ့ရဲ့ ဖင်လုံးက အတော်ကြီးတယ်။ ထမင်းဝိုင်းထဲက ကလေးထိုင်ခုံမှာ ဝင်ထိုင်နေတဲ့အတိုင်းပဲ။

“ဒီအတိုင်းကြီး ဆိုတာ ဘာကို ပြောတာလဲ” ငဆွေက မေးတယ်။

“ကိုထိုက် ရောက်မလာခင်အထိ ဒီအတိုင်း ထိုင်စောင့်နေရမှာလား” လူသန်ကြီးက အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောတယ်။ ကိုထိုက်ဆိုတာ သူတို့ဘော်ဒါရဲ့ နာမည်ပဲ ဖြစ်လိမ့်မယ်။

“အင်း … အဲဒီလိုပေါ့။ မင်း ချက်စ်မထိုးတတ်ဘူး၊ မဟုတ်လား” ငဆွေက စားပွဲအောက်ကို ဟိုဒီလှန်ရှာပြီး ဖဲတစ်ထုပ်ကို ဆွဲထုတ်လိုက်တယ်။ “ဟ … ဖဲထုပ်ရှိတယ်။ အပျင်းဖြေလို့ရပြီ”

“အချိန်က တိုရင်တော့ ဟုတ်တာပေါ့ကွာ။ တစ်ရက်ကျော်တောင် ဒီအတိုင်း နေနေရမယ် ဆိုရင်တော့ ငါ မလုပ်ချင်ဘူး” ကျွဲကြီးက ခပ်တိုးတိုး ပြောတယ်။ “ဒီလူတွေ ဒီမှာ ရှိနေရင် ဧည့်သည်တွေ ဘာတွေ ရောက်လာနိုင်တယ်။ ပြီးတော့ သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေဖို့ ဆိုတာကလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူး”

“သူပြောတာ အမှန်ပဲ” ဦးဟန်သာက ပြောတယ်။ “ဒီပတ်ဝန်းကျင်မှာ ငါနဲ့ သိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက နည်းတာ မဟုတ်ဘူး။ ငါတို့ ဒီမှာ ရောက်နေတယ်လို့ သတင်းကြားရင် သူတို့ ငါ့ဆီ လာလည်ကြမှာပဲ”

ဦးဟန်သာက ဒီလူနှစ်ယောက်ကို အမြန်ဆုံးနည်းနဲ့ ပထုတ်ဖို့ ကြိုးစားနေတာ ဖြစ်မယ်။ ဒါပေမယ့် သူ ပြောတဲ့စကားကို ကြားလိုက်တာနဲ့ လုပ်ဇာတ်ကြီးမှန်း သိသာနေတယ်။

ငဆွေက ခပ်ထေ့ထေ့ ပြုံးပြီး ဖဲချပ်တွေကို ကုလားဖန်ထိုးရင်း စကားဆိုတယ်။ “အဲဒီလို မဟုတ်မဟတ် စကားတွေကို ငါက ယုံနေမယ်လို့ မင်း ထင်နေတာလား။ ငါ အစောကြီးကတည်းက စုံစမ်းထားပြီးသားပါ။ ဒီနားပတ်ဝန်းကျင်မှာ ရှိတဲ့ ခြံတွေ အားလုံးလိုလိုက နိုင်ငံခြားသားပိုင်တဲ့ ခြံတွေချည်းပဲ။ အဲဒီတိုက်တွေမှာ လူနေတယ် ဆိုရင်တောင် အဲဒီလူတွေက ခြံစောင့်တွေချည်းပဲ။ ပြီးတော့ ပန်ချာပီတွေ များတယ်။ မင်းက ဘယ်လောက်တောင် လူချစ်လူခင် များသလဲ ဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် ရှိရှိသမျှ ခြံစောင့်တွေ အားလုံးကိုတော့ မင်း သိနိုင်ပါ့မလား”

ဦးဟန်သာက ဘာမှ စကားမပြန်ဘူး။ ငဆွေက ဟွန့်ကနဲ နှာမှုတ်လိုက်တယ်။

“ငါတို့ ထွက်သွားလို့ မဖြစ်ဘူး။ အစကတည်းက ဒီမှာ ဆုံဖို့ အစီအစဉ် ဆွဲထားခဲ့ကြတာ”

“အစီအစဉ် ဆွဲတုန်းက ဒီမှာ ဘယ်သူမှ မရှိဘူးဆို” ကျွဲကြီးက လေးလေးပင်ပင် ပြောတယ်။ “အခုတော့ ကြည့်စမ်းပါဦး။ တစ်တိုက်လုံး လူတွေမှ ပြည့်လို့။ ဘယ်လို ဖြစ်ရတာတုံး”

“ဒီတိုက်ကို ကိုထိုက် ရွေးထားတာကွ။ ငါ မဟုတ်ဘူး”

ငဆွေက ကျွဲကြီးအတွက်နဲ့ သူ့အတွက် ဖဲဝေလိုက်တယ်။ ဝေထားတဲ့ ဖဲချပ်အရေအတွက်ကို ကြည့်ခြင်းအားဖြင့် သူတို့ ပိုကာဆွဲတော့မယ် ဆိုတာကို လွန်းဆက်မောင်က မှန်းဆမိတယ်။

“ကိုထိုက်ဆီ ဖုန်းဆက်လိုက်ပါလား။ နေရာပြောင်းကြရအောင်။ ဒီနားမှာ တိုက်အလွတ်တွေမှ နည်းတာ မဟုတ်ဘူး”

“သူ့ကို ဘယ်လို ဆက်သွယ်ရမှာလဲ။ အချိန် မမီတော့ဘူး။ ပြီးတော့ ငါတို့ ဒီကနေ ထွက်သွားတာနဲ့ ဒီလူတွေက ချက်ချင်းပဲ ရဲတိုင်ကြလိမ့်မယ်”

“ဟင့်အင်း၊ မတိုင်ပါဘူး။ ငါ အာမခံတယ်” ဒေါ်သင်းလှက တောင်းပန်တယ်။

ငဆွေက သူ့ကို ဂရုမစိုက်ဘူး။ သူ့ဖဲကို ကြည့်ရင်း ပြောတယ်။ “ရှယ်ပဲ၊ ကောင်းလိုက်တဲ့ဖဲ။ ဒီတစ်ပွဲတော့ ငါ နိုင်မှာ သေချာတယ်”

ဖဲချပ်တွေ နေရာပြောင်းစဉ်နေတာကို ကြည့်ရင်း ဦးဟန်သာက သတိရှိရှိ စကားဆိုတယ်။ “ငါတို့ကို မထိခိုက်စေရဘူးလို့ မင်း ခုနက ပြောခဲ့တယ် မဟုတ်လား။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ငါ မင်းကို ယုံလို့ ရမလား”

ငဆွေရဲ့ မျက်လုံးတွေက ဖဲချပ်ရွှေ့နေတဲ့ ကျွဲကြီးကိုပဲ​ စိုက်ကြည့်နေတယ်။ “ဒါပေါ့။ ငါ့ကို ယုံ”

“ဒါဆို မင်းတို့ ထွက်သွားတဲ့အခါမှာလည်း ငါတို့ကို အန္တရာယ် မပေးဘူးပေါ့”

“အင်း”

“ဒါဆို မင်းတို့ ထွက်သွားပြီးခါမှ ငါတို့က ရဲကို အကြောင်းကြားနိုင်တယ်လို့ မင်း မထင်ဘူးလား”

“ခင်ဗျားတို့ အကြောင်းကြားနိုင်တာပေါ့။ ဒါပေမယ့် ငါတို့ အတော်ကြီးကို ခပ်လှမ်းလှမ်း ရောက်သွားမှ ခင်ဗျားတို့ အဲဒီလို လုပ်နိုင်လိမ့်မယ်”

“ဘာဖြစ်လို့လဲ”

“ဘယ်လိုလုပ်မှာလဲ” ကျွဲကြီးကလည်း မေးတယ်။

“ငါတို့က ရှိသမျှ လူအားလုံးရဲ့ လက်တွေ ခြေတွေကို ကြိုးတုပ်ထားပြီး အခန်းထဲမှာ ပိတ်ထားခဲ့မယ်” ငဆွေက ကျွဲကြီးကို အသေးစိတ် ရှင်းပြတယ်။ “ဒါပေမယ့် လူတစ်ယောက်ကိုတော့ ငါတို့နဲ့ ခေါ်သွားမယ်။ ငါတို့အတွက် စိတ်ချရတဲ့ နေရာကို ရောက်ပြီဆိုမှ သူ့ကို လွှတ်ပေးလိုက်မယ်”

သူ့ရဲ့အကြည့်က ဦးဟန်သာရဲ့ ကိုယ်ပေါ်ကို ပြန်ရောက်လာတယ်။ “တကယ်လို့သာ ခင်ဗျားတို့က အဲဒီမတိုင်ခင် ရဲတိုင်လိုက်ရင် ဓားစာခံက အသက်ရှင်မှာ မဟုတ်တော့ဘူး။ ဓားစာခံရဲ့ သေရေးရှင်ရေးကို စိတ်မဝင်စားဘူး ဆိုရင်တော့လည်း ခင်ဗျားတို့ သဘောပဲ။ ရဲတိုင်ချင်သပဆိုလည်း တိုင်ပေါ့။ ဒါပေမယ့် ငါတို့က အဲဒီလူကို အရှင်ထားမှာ မဟုတ်ဘူး။ ခင်ဗျားတို့ကို ကြောက်ရုံ ခြောက်နေတယ် မထင်နဲ့။ တကယ်လုပ်မှာ”

ပြောပြီး ငဆွေက သားကောင်ကို ရှာနေတဲ့အလား အားလုံးကို ခြုံကြည့်လိုက်တယ်။ သင့်လျော်မယ့် ဓားစာခံတစ်ယောက်ကို စိတ်မှန်းနဲ့ ရွေးချယ်ကြည့်နေသလိုပဲ။

ဒီခပ်ညှက်ညှက်လူက စကားပြောတာ နည်းနည်း ရိုင်းတယ် ဆိုပေမယ့် သတ္တိကတော့ အတော်ကောင်းတယ်လို့ လွန်းဆက်မောင်က ယူဆမိတယ်။ စီစဉ်ထားတဲ့အတိုင်း မဟုတ်ဘဲ ကမောက်ကမ ဖြစ်ကုန်တော့ သူတို့စိတ်ထဲမှာလည်း ပျာတောက်နေလောက်တယ်။ လူသန်ကြီးကတော့ တစ်ချိန်လုံး စိတ်ရှုပ်နေတဲ့ ပုံစံမျိုးနဲ့ပဲ။ ဒါပေမယ့် ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး နောက်တစ်ဆင့်အနေနဲ့ ဘာဆက်လုပ်ရမလဲ ဆိုတာကို ငဆွေဆိုတဲ့လူက တွေးကြံနေလောက်ပြီ။ ဓားစာခံတစ်ယောက်ကို အပါခေါ်ပြီး ထွက်ပြေးတယ် ဆိုတာက အန္တရာယ်များတယ် ဆိုပေမယ့် အလုပ်ဖြစ်နိုင်တဲ့ အကြံတစ်ခုပဲ။ တကယ်လို့သာ ကိုယ့်လူတစ်ယောက် ဖမ်းခေါ်ခံထားရရင် အဲဒီလူရဲ့ အသက်အန္တရာယ်ကို စိတ်မချရမချင်း ဘယ်သူမှ ရဲတိုင်မှာ မဟုတ်ဘူး။ ဒါက မူမှန်တဲ့ လူ့စိတ်သဘောထားပဲလေ။ ကြည့်ရတာတော့ ကိုထိုက်ဆိုတဲ့ သူတို့ရဲ့ကြံရာပါ ရောက်မလာမချင်း သူတို့ကို ဒီနေရာကနေ ထွက်သွားဖို့ မမျှော်လင့်နိုင်တော့ဘူး။ လွန်းဆက်မောင်က စိတ်ဒုန်းဒုန်းချလိုက်တယ်။

ငဆွေနဲ့ ကျွဲကြီးက မိုးလင်းသွားတဲ့အထိ တောက်လျှောက် ဖဲရိုက်နေခဲ့ကြတယ်။ ကျွဲကြီးက စကားသိပ်မပြောဘူး။ ကြည့်ရတာ ဦးနှောက်ကလည်း သိပ်ပြေးပုံ မရဘူး။ ဒါပေမယ့် ဖဲရိုက်တဲ့အပိုင်းမှာတော့ အတော်ကို သဘာရှိတဲ့ပုံပဲ။ လောင်းကြေးတွေက သူ့ရှေ့မှာ ပုံအောနေတာပဲ ကြည့်တော့။

“ဒီတစ်ပွဲလည်း မင်းကို မနိုင်ပြန်ဘူး။ လခွီး”

ငဆွေက အိတ်ကပ်ထဲကနေ ငါးရာတန် သုံးလေးရွက်ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ ကျွဲကြီးက ကြမ်းထော်နေတဲ့ လက်ဖဝါးကြီးနဲ့ ဖမ်းဆုပ်ယူပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တယ်။

လွန်းဆက်မောင်တို့ လူတစ်သိုက်ကတော့ သေချင်စော်နံနေကြတာပေါ့။ အိပ်ရေးပျက်ထားရတဲ့အထဲ အခုလို အကျဉ်းအကျပ်ထဲမှာ တစ်ချိန်လုံး နေနေရတော့ အဲဒီလို ဖြစ်နေတာကလည်း သဘာဝကျပါတယ်။ အထူးသဖြင့်တော့ လွန်းဆက်မောင်ပေါ့။ သူ့ခမျာ အခုချိန်ထိ တစ်ရေးမှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ရသေးဘူး။

“ဗိုက်ဆာပြီ”

ငဆွေက ခန်းဆီးလိုက်ကာတွေ အကြားကနေ တိုက်အပြင်ဘက်ကို ချောင်းကြည့်ပြီး ဗိုက်ကို ပွတ်ရင်း ပြောတယ်။ လင်းရောင်ခြည်တန်းတစ်တန်းက အတွင်းထဲကို တိုးဝင်လာတယ်။

“ငါလည်း ဗိုက်ဆာပြီ။ နံနက်စာ စားရအောင်”

ကျွဲကြီးက ရိုင်ဖယ်ကို စားပွဲပေါ် တင်ပြီး ဘယ်က ထွက်လာမှန်းမသိတဲ့ ကျောပိုးအိတ်ထဲကနေ ပေါင်မုန့်ထုပ်လေးထုပ်ကို ဆွဲထုတ်လိုက်တယ်။

လွန်းဆက်မောင်က စားပွဲပေါ်တင်ထားတဲ့ ရိုင်ဖယ်ကို စိုက်ကြည့်နေတယ်။ အဲဒီအခိုက်အတန့်မှာ ကျွဲကြီးရဲ့ အာရုံက ပေါင်မုန့်တွေအပေါ်မှာပဲ အပြည့်အဝ ကျရောက်နေတယ်။ ငဆွေကလည်း သူ့ဘော်ဒါကိုပဲ စိတ်ဝင်စားနေတယ်။ သူတို့အလစ်မှာ ရိုင်ဖယ်ကို လက်ထဲရောက်အောင် လုယူနိုင်ပါ့မလား။

“အဲဒီ အာခြောက်တဲ့ဟာတွေကို မစားနဲ့တော့” ငဆွေက ရှုံ့မဲ့ပြီး ပြောတယ်။ “နဂိုက ဒီမှာ စားစရာမရှိလောက်ဘူး ထင်ထားခဲ့တာ။ အခုတော့ ပေါမှပေါပဲ။ စားဖိုမှူးအပြင် စားပွဲထိုးမလေးတွေတောင် ရှိသေးတယ်”

သူ့စကားဆုံးတော့ ကျွဲကြီးက နှင်းသူတို့လူစုကို လှမ်းကြည့်တယ်။

“သူတို့က စားစရာထဲမှာ တစ်ခုခု ထည့်လိုက်ရင် ဘယ်လို လုပ်မလဲ”

“အဆိပ်လား။ သူတို့က အဲဒီလိုပစ္စည်းမျိုးကို ဘယ်လိုလုပ်ပြီး သယ်လာပါ့မလဲ။ သူတို့ လုပ်နေကိုင်နေတာကို စောင့်ကြည့်နေလိုက်ရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။ အဲဒီလောက်နဲ့မှ စိတ်မချသေးရင်လည်း တစ်ယောက်ယောက်ကို အစမ်းစားခိုင်းလို့ ရတာပဲ။ မနေ့ညက ရေခဲသေတ္တာတွေထဲကို မင်းလည်း ကြည့်ခဲ့သေးတယ် မဟုတ်လား။ ဒီလောက် အစားကောင်း အသောက်ကောင်းတွေ အများကြီး ပြည့်လျှံနေတာကိုကွာ”

“ဟုတ်တယ်နော်”

ကျွဲကြီးက ငဆွေရဲ့ အဆိုပြုချက်ကို လက်ခံလိုက်တယ်။ နှုတ်ခမ်းကို လျှာနဲ့သပ်ရင်း ပေါင်မုန့်ထုပ်တွေကို ကျောပိုးအိတ်ထဲ ပြန်သိမ်းလိုက်တယ်။ လူသန်ကြီးလည်း အခုမှ နည်းနည်း ဂနာငြိမ်သွားသလိုပဲ။

“ကဲ … ဆုံးဖြတ်ချက် ကျပြီဆိုတော့ ငါတို့အတွက် လက်စွမ်းပြပေးပါလား။ စားဖိုမှူးက ဒီအဘွားကြီး ထင်တယ်”

ငဆွေက သေနတ်နဲ့ ဒေါ်သင်းလှကို ချိန်လိုက်တယ်။

ဒေါ်သင်းလှက ဦးဟန်သာရဲ့ လက်မောင်းကို ဖက်ထားရင်း ကိုယ်က တဆတ်ဆတ် တုန်နေတယ်။

“မင်းကို စားမလို့မှ မဟုတ်တာပဲ။ အဲဒီလောက် ကြောက်နေဖို့ မလိုပါဘူး။ တကယ်လို့ အကူလိုတယ် ဆိုရင် ကြိုက်တဲ့လူတစ်ယောက် ရွေးလိုက်”

“ဒေါ်လေး၊ သမီး ကူလုပ်ပေးမယ်” နှင်းသူက ပြောတယ်။ ပန်းနုဝေနဲ့ နန်းမိုရ်ခတို့ကလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ပြောလာကြတယ်။ “ကျွန်မရောပဲ”

“ထ”

ငဆွေက မိန်းမတွေကို အမိန့်ပေးတယ်။ ပန်းနုဝေနဲ့ နန်းမိုရ်ခတို့က နှင်းသူရဲ့ အနောက်ကနေပြီး မီးဖိုဆောင်ထဲကို လှမ်းဝင်သွားတယ်။ နောက်ဆုံးကျမှ ဒေါ်သင်းလှက လေးကန်တဲ့ ခြေလှမ်းတွေနဲ့ မလှမ်းချင့်လှမ်းချင် လျှောက်လှမ်းသွားတယ်။

“အငြိုးနဲ့ ဆားတွေလည်း လှိမ့်ထည့်မနေနဲ့ဦး။ ခပ်ပေါ့ပေါ့လေး ချက်”

ငဆွေရဲ့ ပြက်လုံးကို ကျွဲကြီးတစ်ယောက်တည်းကပဲ ရယ်မောရင်း ကျောပိုးအိတ်လွယ်လို့ စစ်တုရင်စားပွဲကနေ ထွက်ခွာလာတယ်။ ရိုင်ဖယ်က စားပွဲပေါ်မှာ ရှိနေတုန်းပဲ။ ငဆွေက ဒေါ်သင်းလှရဲ့ ကျောပြင်ကို တွန်းပြီး မီးဖိုဆောင်ထဲ ခပ်မြန်မြန် ဝင်ဖို့ လောဆော်လိုက်တယ်။

အခုချိန်က အချိန်ကောင်းပဲ။ လွန်းဆက်မောင်က ထမယ်လို့ ဟန်ပြင်လိုက်စဉ်မှာပဲ ဘေးနားက မင်းအာကာက သူ့ထက် ခြေတစ်လှမ်းသာလို့ စားပွဲဆီကို လှစ်ကနဲ ပြေးသွားပြီး ရိုင်ဖယ်ကို ဖမ်းကိုင်လိုက်တယ်။

“လက်ထဲက သေနတ်ကို ချလိုက်”

မင်းအာကာရဲ့ အသံကို ကြားတော့ ငဆွေက ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာကို နားမလည်နိုင်သေးဘဲ တဒင်္ဂလောက် အူတိအူကြောင် ဖြစ်သွားတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အခြေအနေကို နားလည်သွားတာကြောင့် နှုတ်ခမ်းထောင့်စွန်းက အထက်ကို ကွေးတက်သွားတယ်။

“မင်းက ဘာသဘောလဲ”

“မကြားဘူးလား” မင်းအာကာက ပြောတယ်။ “မင်းကို သေနတ်ချလိုက်လို့ ပြောနေတာ”

ငဆွေက သေနတ်ကို မချဘူး။ ကျွဲကြီးကို ကြည့်ပြီး မေးစေ့ကို အနည်းအကျဉ်း လှုပ်ပြလိုက်တယ်။ ကျွဲကြီးက မင်းအာကာဆီကို ခြေတစ်လှမ်း တိုးကပ်သွားတယ်။

“မလှုပ်နဲ့” မင်းအာကာက ကျွဲကြီးကို သေနတ်နဲ့ အသေအချာ ချိန်ထားတယ်။ “သေနတ်ကို အမြန် လွှတ်ချလိုက်။ မဟုတ်ရင် ဒီကောင်ကို ပစ်ထည့်လိုက်မယ်”

ငဆွေက မခို့တရို့ ပြုံးပြီး ပြောတယ်။ “ပစ်ချင်ရင် ပစ်လိုက်ပေါ့”

“ငဆွေ …” ကျွဲကြီးက လှမ်းအော်တယ်။

“စိတ်မပူပါနဲ့။ ဒီကောင် မပစ်ရဲပါဘူး”

“ငါ တကယ်ပြောနေတာနော်” မင်းအာကာက သည်းသည်းမဲမဲ ချိန်ထားတုန်းပဲ။ “မင်းကိုလည်း တည့်တည့်မှန်အောင် ငါ ပစ်လိုက်လို့ ရတယ်”

ငဆွေက နှစ်ချက်လောက် ချောင်းဟပ်လိုက်တယ်။ “မင်း ရိုင်ဖယ်ကို ပစ်ရော ပစ်ဖူးရဲ့လား”

“မောင်းဖြုတ်လိုက်ရင် ပြီးနေပြီပဲ”

“ငါပြောတာက မင်း ဘယ်သူ့ကို ချိန်ထားတာလဲ။ ဒီလိုနေရာမျိုးမှာ သေနတ်ပစ်မယ် ဆိုရင် ဒီမိန်းမကြီးကိုလည်း မှန်သွားနိုင်တယ်နော်”

သူက ဘေးနားမှာရှိတဲ့ ဒေါ်သင်းလှရဲ့ လက်မောင်းကို ဖမ်းကိုင်ပြီး သူ့နားကို ဆွဲယူလိုက်တယ်။

“ဒီလိုဆိုရင် မင်း ပစ်ရဲသေးလား”

မင်းအာကာရဲ့ မျက်ဝန်းထဲမှာ သံသယရဲ့ အရိပ်အယောင်တွေ ဝေ့ဝဲလာတယ်။ သူ ဘာမှ ပြန်မဖြေဘူး။ ဒီတော့ ငဆွေက ပိုပြီး အတင့်ရဲသွားတော့တာပေါ့။ သူက ဒေါ်သင်းလှရဲ့ လည်မျိုတည့်တည့်ကို သေနတ်နဲ့ ထောက်ထားလိုက်တယ်။

“ရိုင်ဖယ်ကို ကျွဲကြီးကို ပြန်ပေးလိုက်”

မင်းအာကာက နောက်ကို တစ်လှမ်းဆုတ်ပြီး ကျွဲကြီးကို ပြန်ချိန်ထားလိုက်တယ်။

ငဆွေက ခေါင်းကို ခါယမ်းတယ်။

“ငါ ပြောပြီးပါပကော။ မင်း သူ့ကို ပစ်ချင်သပဆိုလည်း ပစ်သာချလိုက်။ ဒါပေမယ့် ဒီမိန်းမကြီးလည်း အသက်ပျောက်ပြီသာမှတ်”

စက္ကန့်အတော်ကြာအထိ မင်းအာကာက တစ်စက်မှ မလှုပ်ဘူး။ ဒါပေမယ့် နောက်ဆုံးတော့ သူ လက်လျှော့ပြီး ရိုင်ဖယ်ကို စားပွဲပေါ် ပြန်တင်ထားလိုက်တယ်။ ကျွဲကြီးက လက်ထဲရောက်အောင် အလျင်အမြန် ပြေးယူပြီး မင်းအာကာရဲ့ ရင်ဝတည့်တည့်ကို ခြေတစ်ဖက် ကန်သွင်းလိုက်တယ်။ မင်းအာကာက နံရံနား ရောက်တဲ့အထိ လွင့်ထွက်သွားတယ်။ စိုးဇေယျက လန့်ပြီး အသံသေးအသံကြောင် ထအော်မိတယ်။

“ရေချိုးခန်းထဲမှာ မျက်နှာသုတ်ပဝါတွေ ရှိတယ်။ အဲဒီမျက်နှာသုတ်ပဝါတွေနဲ့ ဒီကောင်ရဲ့ ခြေလက်တွေကို ချည်ထားလိုက်”

ငဆွေရဲ့ အမိန့်ကြောင့် ကျွဲကြီးက ရေချိုးခန်းထဲကို သွားပြီး ပန်းပွင့်ပဝါနှစ်ထည်ကို ဖြုတ်ယူလာတယ်။ တစ်ထည်နဲ့ မင်းအာကာရဲ့ ခြေထောက်တွေကို တုပ်ချည်ပြီး နောက်တစ်ထည်နဲ့ လက်ပြန်ကြိုးတုပ်တယ်။

ငဆွေက မင်းအာကာရဲ့ နံစောင်းကို သုံးလေးငါးချက်လောက် ဆောင့်ကန်လိုက်သေးတယ်။ ဒီတော့ မင်းအာကာခမျာ တအီအီနဲ့ ညည်းနေရရှာတယ်။

“တကယ်ပဲ” ငဆွေက မင်းအာကာကို စိုက်ကြည့်ပြီး ပြောတယ်။ “မင်းရဲ့ အမှားက သေနတ်နဲ့ ချက်ချင်း ပစ်မချလိုက်တာပဲ။ လက်ထဲကို သေနတ်ရောက်ပြီ ဆိုတာနဲ့ ဘာကိုမှ ဂရုစိုက်မနေတော့ဘဲ ငါ့ကို ပစ်ထည့်လိုက်ရမှာ။ အဲဒီလိုဆိုရင် ကိစ္စအားလုံး ပြီးပြတ်သွားမှာပေါ့”

“မပူနဲ့။ နောက်တစ်ခေါက်ကျရင် အဲဒီလို လုပ်ကိုလုပ်မှာ” မင်းအာကာက ရှုံ့မဲ့နေရင်း ပြောတယ်။

ငဆွေက ခပ်အုပ်အုပ် ရယ်တယ်။

“ကဲ ကဲ၊ ပြဇာတ်က ကလို့ ပြီးသွားပြီ။ ငါတို့ စားဖို့သောက်ဖို့ ပြင်ကြရအောင်။ ကျွဲကြီး၊ မင်း အဲဒီကောင်တွေကို သေချာကြည့်ထား”

ကျွဲကြီးက ဘာမှ ပြန်မဖြေဘဲ သူ့ဘော်ဒါရဲ့ မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေတယ်။

“ဘာဖြစ်ရပြန်တာလဲ” ငဆွေက မေးတယ်။

“မင်း စောစောက ပြောတာ အတည်ပဲလား” ကျွဲကြီးက ပြောတယ်။

“စောစောက …”

“ငါ့ကို ပစ်ချင် ပစ်ချလိုက်လို့ မင်းပြောတာလေ”

“ကျွဲကြီး၊ မင်းကတော့ကွာ” ငဆွေက ဘော်ဒါရဲ့ ပခုံးကို ပုတ်ရင်း ပြုံးဖြဲဖြဲ လုပ်နေတယ်။ “ငါ မင်းကို ပြောတယ် မဟုတ်လား။ သူ မပစ်ရဲပါဘူးလို့။ ငါ အပိုင်သိထားလို့ ပြောတာပေါ့ကွာ။ သေနတ်နဲ့ ချိန်ထားတဲ့သူက အတွေ့အကြုံ ရှိတဲ့သူ ဆိုရင် တခြားနည်းလမ်းကို ပြောင်းပြီး စဉ်းစားရတော့မှာပေါ့”

“တကယ်လား”

“တကယ်ပေါ့ဟ။ ပျော်ပျော် နေစမ်းပါကွာ။ ငါ သူတို့ကို ဟင်းကောင်းကောင်း ချက်ခိုင်းလိုက်မယ်။ မင်း ဘာစားချင်လဲ။ ဝက်စတူး ချက်ခိုင်းလိုက်ရမလား။ ဒါမှမဟုတ် ကြက်ကင်ခိုင်းလိုက်မယ်။ အမြည်းရတာပေါ့။ မင်း ကြိုက်တယ် မဟုတ်လား”

“ဝက်နံရိုးကြော် စားချင်တယ်ကွာ” ကျွဲကြီးက ပြောတယ်။ “ဗိုက်ဆာလို့ သေတော့မယ်”

“အေးပါ၊ အေးပါ။ မင်းက မိုးလင်းတာနဲ့ ပါးစပ်ပြင်နေတဲ့ကောင်ပဲ”

“နံရိုးကို ရွနေအောင် ကြော်ပေးနော်။ ပြီးတော့ ငရုတ်ဆီနဲ့ သေချာလုံးပြီးမှ ကြော်။ မဟုတ်ရင် ငါ မစားဘူး”

“ကဲ … အိမ်ရှင်မတို့၊ ကြားရဲ့မဟုတ်လား” ငဆွေက သေနတ်ကို မြှောက်ကိုင်ပြီး နှင်းသူနဲ့ ဒေါ်သင်းလှတို့ ရှိရာဆီကို ခြေလှမ်းကျဲကြီးနဲ့ လျှောက်လှမ်းသွားတယ်။ “ငါ့ရဲ့ သူငယ်ချင်းကြီးက ဝက်နံရိုးကြော် စားချင်ပါသတဲ့။ အကောင်းဆုံးဖြစ်အောင် လုပ်ပေးလိုက်ကြပါဗျာ”

သူ့ရဲ့ တွန်းထိုးမှုအောက်မှာ အမျိုးသမီးတွေ မီးဖိုဆောင်ထဲကို ဝင်သွားကြတယ်။

ကျွဲကြီးက လည်ကုပ်ကို နှိပ်နယ်ရင်း လူတွေနဲ့ မဝေးလှတဲ့ ကြမ်းပြင်တစ်နေရာမှာ ထိုင်ချလိုက်တယ်။ နောက်တစ်ခါထပ်ပြီး အကျယ်အကျယ် မဖြစ်ရလေအောင် သူက ရိုင်ဖယ်ကို ချိုင်းကြားထဲမှာ အားရပါးရ ညှပ်ထားတယ်။ သူက လွန်းဆက်မောင်တို့ လူစုကို တစ်ခဏလောက် စိုက်ကြည့်နေပြီး ငြီးငွေ့သွားလို့ ထင်တယ်။ တစ်အောင့်နေတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေတော့တယ်။ ဧည့်ခန်းနဲ့ မီးဖိုဆောင်အကြားမှာ စာအုပ်တွေနဲ့ တခြား အလှပြပစ္စည်းတွေ တင်ထားတဲ့ ရှိုးကေ့စ်ဗီရိုကြီးတစ်လုံး ရှိတယ်။ သူက အဲဒီကို လျှောက်သွားပြီး ဟိုကြည့်ဒီကြည့် ကြည့်ပြီး နောက်ဆုံးတော့ သူက အရုပ်တစ်ရုပ်ကို ကောက်ယူကြည့်တယ်။ အဲဒါက တစ်စစီ ဖြုတ်ဆက်လို့ရတဲ့ တစ်ပေလောက်မြင့်တဲ့ စက်ရုပ်ကြီးတစ်ရုပ်။ ဒါပေမယ့် စက်ရုပ်က တစ်ကိုယ်လုံး ရုပ်လုံးပေါ်အောင် မဆက်ရသေးဘူး။ အပေါ် ကိုယ်တစ်ပိုင်းပဲ ဆက်ရသေးတယ်။ အဲဒီကိုယ်တစ်ပိုင်းစက်ရုံရဲ့ နံဘေးက ဂျပ်ဖာထဲမှာတော့ စက်ရုပ်အပိုင်းအစတွေ ရှိတယ်။ သူ အဲဒီ ကိုယ်တစ်ပိုင်းစက်ရုပ်ကို ယူပြီး ဖင်ပြန်ခေါင်းပြန် လျှောက်ကြည့်နေတယ်။

“အဲဒီစက်ရုပ်ကို နိုင်ငံခြားကနေ ဝယ်လာခဲ့တာ” ဦးဟန်သာက ပြောတယ်။ “ဓာတ်ခဲထည့်ပြီး လမ်းလျှောက်ခိုင်းလို့ ရတယ်”

ကျွဲကြီးက ရိုင်ဖယ်ကို ရင်မှာ ပိုက်ထားပြီး စက်ရုပ်ကို နောက်ထပ်တစ်ခါ ဖင်ပြန်ခေါင်းပြန် လျှောက်ကြည့်နေပြန်တယ်။ “ဓာတ်ခဲထည့်စရာ နေရာလည်း မပါဘူး”

“စက်ရုပ်က တစ်ပိုင်းတစပဲ ရှိသေးတာကိုး။ တစ်ကိုယ်လုံး ဆက်ပြီးမှ ရမှာပေါ့။ သူ့ဘေးက ဂျပ်ဖာထဲမှာ ကျန်တဲ့ အပိုင်းအစတွေ ရှိတယ်။ ကျပ်မပြည့်တဲ့ကောင်ကတော့ ဆက်လို့ ရမှာမဟုတ်ဘူး”

ဦးဟန်သာရဲ့ စကားကို ကြားတော့ သူ့ကို စောင်းပြောမှန်း သိတာကြောင့် သူက ဦးဟန်သာကို မျက်စောင်းထိုးကြည့်တယ်။ နောက်တော့ ဂျပ်ဖာကိုပါ ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလို့ ပစ္စည်းအပိုင်းအစတွေနဲ့ တစ်ဂွက်ဂွက် အလုပ်ရှုပ်နေတော့တယ်။ သူ့ရဲ့ လက်စလက်နနဲ့ဆိုရင် စက်ရုပ်တစ်ရုပ်လုံး ပြီးအောင် ဆက်နိုင်ဖို့က နောက်တစ်ပတ်နဲ့တောင် ပြီးနိုင်မှာ မဟုတ်ဘူးလို့ လွန်းဆက်မောင်က တွေးနေမိတယ်။

ဦးဟန်သာက နေရာပြင်ထိုင်ချင်ယောင် ဆောင်ပြီး လွန်းဆက်မောင်ရဲ့ အနားကို ပိုလို့ တိုးကပ်သွားတယ်။ နောက် သူ့ကို တိုးတိုးလေး ကပ်ပြောတယ်။

“အပြင်ကို အကြောင်းကြားနိုင်မယ့် နည်းလမ်း မရှိဘူးလား”

လွန်းဆက်မောင်က လန့်ဖျပ်သွားပြီး ကျွဲကြီးကို အလိုလို လှမ်းကြည့်လိုက်မိတယ်။ ဟိုလူကတော့ အရုပ်အပိုင်းအစတွေ အကြားမှာ ခေါင်းထောင်မလာနိုင်တော့ဘူး။ ဦးဟန်သာရဲ့ ကျော့ကွင်းမှာ ဝပ်ဆင်းသွားရပြီ။

“ဒီပတ်ဝန်းကျင်ကို လာတတ်တဲ့လူ ရှိလား” လွန်းဆက်မောင်က ခေါင်းငုံ့ပြီး ခပ်တိုးတိုး ပြောတယ်။

“ပုံမှန်တော့ မလာတတ်ဘူး။ ဒါပေမယ့် ဖြတ်သွားဖြတ်လာလောက်တော့ ရှိကောင်း ရှိနိုင်တာပေါ့။ မပြောတတ်ဘူး။ ဒီလိုအခြေအနေမျိုး ရောက်နေမှတော့ လောင်းကြည့်ရတော့မှာပဲ”

လွန်းဆက်မောင်က ခေါင်းညိတ်တယ်။ ဒါပေမယ့် ဒီအတွင်းထဲမှာ ဖြစ်ပျက်နေသမျှကို ဘယ်လိုလုပ်ပြီး အပြင်လူသိအောင် လုပ်ရပါ့မလဲ။ သူ စဉ်းစားလို့ မရဘူး။

“တကယ်လို့ ဒီတိုက်ကြီး မီးလောင်ရင် ဘယ်လိုနေမလဲ”

ဦးဟန်သာရဲ့ စကားကြောင့် လွန်းဆက်မောင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။

“ဦးက တမင် မီးရှို့မယ်လို့ ပြောနေတာလား”

“တစ်တိုက်လုံး ပြာကျသွားအောင် မီးရှို့မှာတော့ မဟုတ်ဘူးပေါ့ကွာ။ တကယ်လို့ အိမ်ထဲကနေ မီးခိုးတွေ အူထွက်လာရင် အိမ်ထဲ မီးလောင်နေပြီလို့ လူတွေက ထင်ကြမှာပဲ။ အဲဒီလို လှုပ်လှုပ်ရွရွ ဖြစ်အောင် လုပ်နိုင်ရင် လူတစ်ယောက်မဟုတ် တစ်ယောက်ကတော့ ရောက်ချလာမှာ သေချာတယ်”

“မီးခိုး ….” ဒါ အလုပ်ဖြစ်နိုင်လောက်မယ့် နည်းလမ်းလို့ လွန်းဆက်မောင်ကတော့ ယူဆတယ်။ အိမ်ထဲကနေ မီးခိုးတွေ အူထွက်လာရင် ဟိုးအဝေးကြီးကနေလည်း မြင်နိုင်တယ်။ တကယ်လို့ ရောက်လာတဲ့လူ များရင် ငဆွေတို့နှစ်ယောက်ကလည်း သေနတ်တွေကို လက်လွတ်စပယ် သုံးရဲမှာ မဟုတ်တော့ဘူး။

“ဒါပေမယ့် မီးခိုးအူထွက်အောင် ဘယ်လို လုပ်ရမလဲ” လွန်းဆက်မောင်က မေးတယ်။

ဦးဟန်သာက ခေါင်းကို အနားကပ်လိုက်ပြန်တယ်။

“အပေါ်ထပ်က အခန်းတစ်ခန်းခန်းကို သွားရင် ရပြီ။ အခန်းတိုင်းမှာ စတီးအမှိုက်ပုံး တစ်လုံးစီ ထည့်ထားတယ်။ အဲဒီအမှိုက်ပုံးထဲကို သစ်သားလို မီးစာတွေ ထည့်ပြီး မီးရှို့လိုက်။ ပြီးရင် ပြတင်းပေါက် ဖွင့်ထား …”

ဒီလိုလား။ လွန်းဆက်မောင်က သူ့ရဲ့ အကြံကို နားလည်သွားတယ်။

“ဒါပေမယ့် အခန်းတွင်းကို မီးကူးကုန်လို့ တကယ် မီးထလောင်ရင် ဘယ်လို လုပ်မလဲ”

“ကိစ္စ မရှိပါဘူးကွာ” ဦးဟန်သာက အသံကို ခပ်အုပ်အုပ် ပြောတယ်။ “တကယ် လောင်သွားရင်လည်း ဒီတိုက်ကြီးကို အသစ်ပြန်ဆောက်ရုံ ရှိတော့တာပေါ့။ တကယ် မီးထလောင်ရင် သူတို့လည်း ပျာယာခတ်ကုန်မှာ သေချာတယ်။ အဲဒီအချိန်ကျရင် ငါတို့ ထွက်ပြေးဖို့ အခွင့်အရေး ရနိုင်တာပေါ့။ ပြီးတော့ လူတွေ အများကြီးလည်း စုလာကြမှာ”

“တကယ်လို့ မီးထဲ ပိတ်မိနေရင် …”

“ဒါကြီးက အထပ်မြင့် အဆောက်အအုံမှ မဟုတ်တာပဲကွာ။ ဘယ်နေရာကနေဖြစ်ဖြစ် ဖောက်ထွက်သွားလို့ ရတယ်။ အဲဒါထက်စာရင် ….”

ဦးဟန်သာက ပြောရင်းတန်းလန်းကနေ ပါးစပ် ပိတ်သွားပြီး လွန်းဆက်မောင်ကို မျက်နှာလွှဲထားလိုက်တယ်။ ကျွဲကြီးက အနားကို လျှောက်လာတယ်။

“မင်းတို့ ဘာတွေ ပြောနေကြတာလဲ”

“ဘာ … ဘာမှ မပြောပါဘူး” လွန်းဆက်မောင်က ဘူးခံငြင်းတယ်။

ကျွဲကြီးက သံသယမျက်လုံးတွေနဲ့ လွန်းဆက်မောင်ကို စိုက်ကြည့်နေတယ်။ ဒါပေမယ့် ဘာမှတော့ ထပ်မပြောတော့ဘူး။ နောက်တော့ ဦးဟန်သာဘက်ကို လှည့်ပြီး သူ့ဆက်ထားတဲ့ စက်ရုပ်တစ်ပိုင်းကို ဦးဟန်သာပေါင်ပေါ်ရောက်အောင် ပစ်တင်လိုက်တယ်။

ဦးဟန်သာက သူ့ပေါင်ပေါ် ရောက်လာတဲ့ ပစ္စည်းကို ငုံ့ကြည့်ပြီး လူသန်ကြီးဆီ ခေါင်းကို ပြန်မော့လိုက်တယ်။

“ဘာလဲ”

“ဒီလောက် အစိတ်အပိုင်းတွေ အများကြီး မွစိတက်နေတာ” ကျွဲကြီးက ပြောတယ်။ “ဘယ်နှရာစုလောက် ကြာအောင် ဆက်ရမှာလဲ”

“အဲဒါကြောင့် မင်းကို ခေါင်းသုံးရမယ်လို့ ပြောတာပေါ့” ဦးဟန်သာက စက်ရုပ်ပိုင်းလေးကို ကောက်ကိုင်ပြီး လက်ထဲ ယမ်းပြတယ်။ “မင်း အဲဒီလို ရမ်းဆက်နေမှတော့ ဒီတစ်သက် ပြီးနိုင်စရာ အကြောင်းမမြင်ဘူး။ အဲဒီဂျပ်ဖာထဲမှာ အမြန်ဆက်နည်း ဆိုပြီး စာရွက်တစ်ရွက် ပါတယ်။ အဲဒီစာရွက်ကို ဖတ်ကြည့်ပြီး သူ ပြောထားတဲ့အတိုင်း လုပ်ကြည့်ရင် ပိုမြန်လိမ့်မယ်”

“စောစောက ပြောရောပေါ့” လို့ ပြောပြီး ဂျပ်ဖာဘေး ပြန်ထိုင်ချပြီး ဂျပ်ဖာထဲကို မွှေနှောက်နေတော့တယ်။

ဦးဟန်သာက လွန်းဆက်မောင်နား ပြန်ကပ်သွားတယ်။

“စောစောက ကိစ္စကို ဆက်ပြောမယ်။ သူတို့ရဲ့ ဘော်ဒါ ဒီကို ရောက်လာလို့ ထွက်သွားကြတော့မယ် ဆိုရင် ငါတို့ရဲ့ လူတစ်ယောက်ယောက်ကို သူတို့နဲ့ ပါမသွားအောင် ငါတို့ လုပ်နိုင်မှ ဖြစ်မယ်။ ငါ့အထင် သူတို့က လူကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဓားစာခံရွေးရင် သူတို့က အားအနည်းဆုံးလူကို ရွေးမှာ သေချာတယ်။ သူတို့ ရွေးချယ်တဲ့သူက ယောက်ျားလေးဆိုရင် နည်းနည်း စိတ်ချလို့ ရနိုင်သေးတယ်။ တကယ်လို့ …”

လွန်းဆက်မောင်က ခေါင်းညိတ်တယ်။ သူလည်း တွေးကြည့်ပြီး စိတ်မအေးနိုင်ဘူး။ အဲဒီလိုပဲ ဖြစ်ဖို့များမှာ သေချာတယ်။ အရွေးခံရမယ့် သူက ဒေါ်သင်းလှ မဟုတ်ရင်တော့ နှင်းသူပဲ။ မဟုတ်သေးဘူး။ ဒီကောင်တွေက သူတို့ရဲ့ ရမ္မက်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် နှင်းသူကို ခေါ်ချင် ခေါ်သွားနိုင်တယ်။

“အဲဒီလို ဖြစ်နိုင်ခြေတွေကို တွေးဆမိလို့ နည်းနည်း စွန့်စားရမယ် ဆိုရင်တောင် မျှော်လင့်ချက် ရှိတဲ့ နည်းလမ်းနဲ့ အကူအညီ တောင်းနိုင်ဖို့ ကြိုးစားရလိမ့်မယ်”

“မီးခိုးနဲ့လား”

“မင်းမှာ ပိုကောင်းတဲ့ အကြံရှိလား”

လွန်းဆက်မောင်က ခေါင်းခါတယ်။

“ပြဿနာက ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာပဲ”

လွန်းဆက်မောင်က သူတို့ရဲ့ အစောင့်ကို လှမ်းကြည့်တယ်။ ကျွဲကြီးက မျက်တောင်ခတ်ဖို့တောင် မေ့နေတဲ့ မျက်လုံးတွေနဲ့ စာရွက်ကို ကြည့်လိုက်၊ အပိုင်းအစကို ကောက်ကိုင်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ ခဏနေတော့ အပိုင်းလေးပိုင်းလောက်ကို ဆက်လိုက်ရပြီး ကျေနပ်သွားတဲ့ မျက်နှာနဲ့ ကလေးတစ်ယောက်လို ပြုံးရွှင်နေတယ်။ နောက်တော့ သူ့ဟာသူ မလုံမလဲနဲ့ ခေါင်းမော့ကြည့်ပြီး သူ့ကို ကြည့်နေတဲ့ လွန်းဆက်မောင်ရဲ့ မျက်လုံးတွေနဲ့ ဆုံတဲ့အခါမှာ သူ့မျက်လုံးတွေက ဘီလူးငွေ့တွေ ပြန်လွှမ်းမိုးသွားတယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *