Show contents

(က)

စူးရှတဲ့ အလင်းတန်းတစ်ခုက မျက်နှာပေါ် ကျရောက်လာတယ်။ အလင်းရောင်က စူးလွန်းအားကြီးတော့ လွန်းဆက်မောင်က မျက်နှာကို အလိုလို ရှုံ့လိုက်မိတယ်။ သူက မျက်လုံးကို မှေးပြီး အရှေ့တည့်တည့်ကို အားစိုက်ကြည့်လိုက်တော့ ပိန်ညောင်ညောင် ယောက်ျားတစ်ယောက်နဲ့ မျက်လုံးချင်း ဆုံသွားတယ်။ အဲဒီလူက ကြည့်ရတာ ဗမာစစ်စစ် ဟုတ်ဟန် မတူဘူး။ မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံပေါ်ပေါ် ဆိုတော့ ကုလားသွေး ရောဟန်ရှိတယ်။ သူ့ရဲ့ လက်တစ်ဖက်က လက်နှိပ်ဓာတ်မီးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သေနတ်ကို ကိုင်ထားတယ်။

“ခင်ဗျားက ဘယ်သူလဲ။ ဒီမှာ ဘာလာလုပ်တာလဲ” လွန်းဆက်မောင်က မေးတယ်။

အဲဒီလူက ဘာမှ ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်တယ်။ “ဒီတိုက်ထဲမှာ လူဘယ်နှယောက်ရှိလဲ”

လွန်းဆက်မောင်က ဘာမှ ပြန်မပြောဘူး။ သို့ပေမယ့် ဘေးနားမှာ ရှိတဲ့ နှင်းသူက ကြောက်အားလန့်အားနဲ့ ထအော်လိုက်တယ်။ လက်စသတ်တော့ တခြား ယောက်ျားတစ်ယောက်က သူ့ရဲ့ လက်မောင်းကို ဖမ်းဆွဲလိုက်တာကိုး။ ဒီတစ်ယောက်ကတော့ ကျားကိုးစီး စားမကုန်တဲ့ ဗလကြီးနဲ့။

“ခင်ဗျားတို့ လက်မပါနဲ့” လွန်းဆက်မောင်က ပြောတယ်။ “ကျုပ်တို့နှစ်ယောက်ပါ ထည့်တွက်ရင် စုစုပေါင်း ၈ ယောက် ရှိတယ်”

“ယောက်ျားလေး ဘယ်နှယောက်ရှိလဲ”

“လေးယောက်”

ခပ်ညှက်ညှက် လူက တစ်ခဏ စဉ်းစားပြီး ရေရွတ်လိုက်တယ်။ “ဂွတ်တယ်”

“ရှေ့ကသွား”

ယောက်ျားနှစ်ယောက်ရဲ့ အမိန့်အောက်မှာ လွန်းဆက်မောင်နဲ့ နှင်းသူက ဧည့်ခန်းထဲကို ရောက်လာကြပြီး ဆိုဖာခုံပေါ်မှာ ဘေးချင်းယှဉ်လျက် ထိုင်လိုက်ကြတယ်။ ခပ်ညှက်ညှက် ယောက်ျားက ဧည့်ခန်းမီးကို ဖွင့်ပြီး လူသန်ကြီးနဲ့အတူ သူတို့အရှေ့မှာ လာရပ်နေကြတယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ လက်တွေထဲမှာ သေနတ်ကိုယ်စီနဲ့။ လူသန်ကြီး ကိုင်ထားတာက ရိုင်ဖယ်ဖြစ်မယ် ထင်တယ်။ လွန်းဆက်မောင်က သေနတ်အကြောင်း ကောင်းကောင်း မသိတော့ အမဲလိုက်သေနတ်လား၊ ဘာလား ခွဲတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် အတု မဟုတ်တာတော့ သေချာတယ်။

“ကျွဲကြီး၊ ဒီမိန်းမကို ကြည့်ထား” ခပ်ညှက်ညှက် ယောက်ျားက လူသန်ကြီးကို အမိန့်ပေးလိုက်တယ်။ ပြီးတော့ လက်ညှိုးကို လှုပ်ပြတယ်။ လွန်းဆက်မောင်ကို မတ်တတ်ထခိုင်းတာ။

လွန်းဆက်မောင်ရဲ့ နောက်ကျောကို ခပ်ညှက်ညှက်လူက သေနတ်နဲ့ထောက်ရင်း လှေကားပေါ် တက်သွားကြတယ်။ ဘယ်အခန်းကနေမှ အသံဗလံတွေ ထွက်နေတာမျိုး မရှိဘူး။ ဒီည တိုက်ကြီးထဲမှာ အားလုံးက နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေကြတာပါလား။ လွန်းဆက်မောင်က တွေးနေမိတယ်။

“ဘယ်အခန်းတွေထဲမှာ လူရှိလဲ” ယောက်ျားကြီးက မေးတယ်။

“အခန်းအကုန်လုံးပဲ”

“ဒါဆို အကုန်လုံးကို အပြင် ထွက်လာခိုင်းလိုက်။ ညာဘက်ဆုံးအခန်းကနေ စမယ်”

“ညာဘက်ဆုံးက သူ့ရဲ့ အခန်း”

လွန်းဆက်မောင်က အောက်ထပ်မှာ ရှိနေတဲ့ နှင်းသူကို လက်ညှိုးထိုးပြတယ်။

“ဒါဆိုလည်း ဒုတိယမြောက်အခန်းကနေ စပေါ့” ခပ်ညှက်ညှက် လူက ပြောတယ်။

ညာဘက်ကနေ ရေရင် ဒုတိယမြောက်အခန်းက ပန်းနုဝေရဲ့ အခန်း။ သုံးကြိမ် တံခါးခေါက်ပြီးနောက်မှာ ထူးသံ ကြားလာရတယ်။

“ဘယ်သူလဲ”

“ကျွန်တော် လွန်းဆက်မောင်ပါ။ ခင်ဗျားကို ပြောစရာ ရှိလို့”

အခန်းတွင်းကနေ သော့ဖွင့်တဲ့အသံ ထွက်ပေါ်လာတယ်။ ပန်းနုဝေက တံခါးကြားကနေ ခေါင်းပြူကြည့်တယ်။ သူစိမ်းယောက်ျားကို တွေ့တဲ့အခါမှာတော့ သူ တဒင်္ဂလောက် ကြက်သေသေသွားတယ်။ နောက်တော့ မျက်လုံးတွေ ပြူးကျယ်လာတယ်။ သေနတ်ကို မြင်သွားလို့ ဖြစ်မယ်။

“ထွက်ခဲ့” ယောက်ျားကြီးက ပြောတယ်။

ပန်းနုဝေက လွန်းဆက်မောင်ကို လှမ်းကြည့်တယ်။ ဘာဖြစ်တာလဲလို့ မေးနေသလိုပဲ။ လွန်းဆက်မောင်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါယမ်းတယ်။

“အမြန်ထွက်ခဲ့။ စကားနားထောင်ရင် ခင်ဗျားကို လက်ဖျားနဲ့တောင် မထိဘူး”

“ကျွန်မ အဝတ်အစား လဲလိုက်ချင်တယ်” ပန်းနုဝေက ပြောတယ်။ သူက အားကစားဘောင်းဘီနဲ့ ချွေးခံအင်္ကျီပဲ ဝတ်ထားတယ်။

“ဒီလောက်ဆို တော်ပြီပေါ့။ အလှပြင်နေစရာ မလိုပါဘူး”

ယောက်ျားကြီးက သေနတ်ပြောင်းဝကို သူ့ဆီတည့်တည့် ချိန်ထားလိုက်တယ်။ ဒီတော့ အတွန့်မတက်တော့ဘဲ အခန်းပြင် ထွက်လာခဲ့တယ်။

ယောက်ျားကြီးက အဲဒီလိုနည်းလမ်းနဲ့ပဲ နန်းမိုရ်ခကို ပုတ်နှိုးလိုက်တယ်။ နန်းမိုရ်ခက အခြေအနေကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး လွန်းဆက်မောင်ကို လှမ်းမေးလိုက်တယ်။

“အနာတရ ဖြစ်တဲ့သူ ရှိလား”

လွန်းဆက်မောင်က မရှိဘူးလို့ ပြန်ဖြေလိုက်တယ်။

ယောက်ျားကြီးက ပန်းနုဝေနဲ့ နန်းမိုရ်ခကို အောက်ထပ်ကို ဆင်းခိုင်းတယ်။ ကျွဲကြီး ဆိုတဲ့ လူက ရိုင်ဖယ်ကို မြှောက်ကိုင်ထားရင်း သူတို့ ဆင်းအလာကို ရပ်ကြည့်နေတယ်။ နောက်တော့ သူတို့ကို နှင်းသူရဲ့ ဘေးမှာ ထိုင်ဖို့ အမိန့်ပေးတယ်။

နောက်တံခါးတစ်ချပ်ထဲကနေ ခေါင်းပြူလာတဲ့သူကတော့ ဒေါ်သင်းလှပဲ။ ခပ်ညှက်ညှက်လူကို တွေ့သွားတာနဲ့ သူက အသံစူးစူးနဲ့ ထအော်လိုက်တယ်။

“မင်းက ဘယ်သူလဲ။ ဘာလုပ်ချင်လို့လဲ”

“မအော်နဲ့။ တိုးတိုးတိတ်တိတ် နေရင် ကောင်းမယ်”

“မင်းက ဓားပြလား။ ပိုက်ဆံလိုချင်ရင် ငါ မင်းကို ပေးမယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးနဲ့”

“ပါးစပ်ပိတ်ထားစမ်း”

ယောက်ျားကြီးက သေနတ်နဲ့ သူ့နှာခေါင်းကို ချိန်ထားလိုက်တယ်။

“ဆူဆူညံညံ မလုပ်ရင် ဘာမှ မဖြစ်စေရဘူး။ ငါတို့ကလည်း သွေးထွက်သံယို ဖြစ်တာမျိုး မြင်ချင်တာ မဟုတ်ဘူး။ ဒီတော့ အခန်းထဲကနေ အေးအေးဆေးဆေး ထွက်လာခဲ့ရင် ကောင်းမယ်”

ခလုတ်ပိတ်ခံလိုက်ရသလို ဒေါ်သင်းလှရဲ့ ပါးစပ်က စေ့ပိတ်သွားတယ်။ ဒါပေမယ့် တံခါးကြားမှာ ညပ်နေတဲ့လူလို အပြင်ကို ထွက်လာဖို့တော့ စိတ်ကူးရှိပုံ မရဘူး။ သူ့ရဲ့ အပြုအမူကို ကြည့်ပြီး လွန်းဆက်မောင်က နားမလည်နိုင်အောင် ဖြစ်သွားရတယ်။ ယောက်ျားကြီးကလည်း ရုတ်တရက်တော့ အူကြောင်ကြောင် ဖြစ်သွားတယ်။ နောက်တော့ မျက်နှာထား ပြောင်းသွားပြီး ခြေတစ်ဖက်နဲ့ တံခါးကို ဆောင့်ကန်ပစ်လိုက်တယ်။

အခန်းထဲမှာ ဦးဟန်သာက ဖုန်းခွက်ကို ကိုင်ထားပြီး လက်ညှိုးက နံပါတ်တွေကို နှိပ်တော့မလို့ ချိန်ရွယ်ထားတယ်။ ယောက်ျားကြီးက အခန်းထဲကို ပြေးဝင်သွားပြီး တယ်လီဖုန်းတင်ထားတဲ့ စားပွဲနားကို ပြေးကပ်လိုက်တယ်။

“ဖုန်းခွက်ကို ချထားလိုက်ပါ” ယောက်ျားကြီးက ပြောတယ်။ “ဒီအခန်းထဲမှာ လူနှစ်ယောက် ရှိနေမှန်း မသိလိုက်ဘူး။ ဟူး … တော်သေးတယ်”

ဦးဟန်သာက ယောက်ျားကြီးကို စိုက်ကြည့်ရင်း ဖုန်းခွက်ကို အသာအယာ ချထားလိုက်တယ်။ “မင်းက ဘယ်သူလဲ”

“ငါက ဘယ်သူဖြစ်ဖြစ်ပေါ့။ အပြင်ထွက်ခဲ့”

တုန်ယင်နေတဲ့ ဒေါ်သင်းလှရဲ့ ပခုံးကို ဖက်ထားရင်း ဦးဟန်သာက အခန်းပြင်ကို ထွက်လာခဲ့တယ်။ သူတို့ လှေကားဆီကို လျှောက်သွားတဲ့အချိန်မှာ ယောက်ျားကြီးက စကားဆိုလာတယ်။

“ခဏနေဦး။ လူလဲမယ်။ အဘွားကြီးနေခဲ့” သူက လွန်းဆက်မောင်ရဲ့ နောက်ကျောကို တွန်းထည့်လိုက်ပြီး ပြောတယ်။ “မင်းတို့ အောက်ကို ဆင်းတော့”

ဒေါ်သင်းလှက ကြောက်ဒူးတုန်ရင်း ဦးဟန်သာရဲ့ ညဝတ်အင်္ကျီကို ဆွဲထားတယ်။ ယောက်ျားကြီးက စိတ်မရှည်နိုင်တော့ဘဲ ထအော်တယ်။ “မြန်မြန်လုပ်”

ဒေါ်သင်းလှက လှုပ်လီလှုပ်လဲ့နဲ့ ယောက်ျားကြီးအနားကို ရောက်လာတယ်။ ယောက်ျားကြီးက သူ့ရဲ့လက်ဖျံကို ဆတ်ခနဲ ဖမ်းကိုင်လိုက်တော့ သူ့ခမျာ ထိတ်ကနဲ ထအော်မိရှာတယ်။

လွန်းဆက်မောင်နဲ့ ဦးဟန်သာက အောက်ထပ်ကို အတူတူ ဆင်းသွားကြတယ်။ ဦးဟန်သာက စိတ်မချနိုင်လို့ သူ့မိန်းမကို လှည့်ကြည့်နေသေးတယ်။ လူသန်ကြီးက ဧည့်ခန်းထဲမှာ လွန်းဆက်မောင်တို့ကို စောင့်ရင်း ကျန်တဲ့လူတွေကို ရိုင်ဖယ်နဲ့ ချိန်ထားတယ်။

“အဲဒီနားမှာ ကပ်ထိုင်” လူသန်ကြီးက အော်ပြောတယ်။ ကျားကြီးတစ်ကောင် ဟိန်းဟောက်လိုက်တဲ့အတိုင်းပဲ။

ဆိုဖာခုံပေါ် ထိုင်နေတဲ့ လူသုံးယောက်နားကို လွန်းဆက်မောင်နဲ့ ဦးဟန်သာတို့က ကပ်သွားကြပြီး အဲဒီမှာပဲ ထိုင်လိုက်ကြတယ်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

ဦးဟန်သာက လွန်းဆက်မောင်ရဲ့ နားနားကို ကပ်ပြီး လေသံနဲ့ မေးတယ်။ နှင်းသူက သူ့ကို လာခေါ်ရာကနေ စပြီး ဖြစ်ကြောင်းကုန်စင်ကို လွန်းဆက်မောင်က အတိုချုံးပြီး ပြောပြလိုက်တယ်။

သိပ်မကြာဘူး။ မင်းအာကာနဲ့ စိုးဇေယျတို့က ခပ်ညှက်ညှက်လူရဲ့ ခြိမ်းခြောက်မှုအောက်မှာ နှုတ်ဆိတ်လျက် အောက်ထပ်ကို ဆင်းလာကြတယ်။ မင်းအာကာက ဘာတွေ ဖြစ်နေမှန်း နားလည်သေးပုံ မရဘူး။ ဒါပေမယ့် စိုးဇေယျကတော့ ကြောက်နေတာမှ သေးထွက်လုမတတ်ပဲ။ သူတို့နှစ်ယောက်စလုံးကို လွန်းဆက်မောင်တို့ရဲ့ နံဘေးမှာ ထိုင်ဖို့ အမိန့်ပေးတယ်။ နောက်ဆုံးကျမှ ဒေါ်သင်းလှက ခပ်ညှက်ညှက်လူရဲ့ လက်ထဲကနေ လွတ်မြောက်လာပြီးတော့ ဦးဟန်သာရဲ့ နံဘေးကို ပြေးဝင်လာတယ်။

“မင်းတို့က ဘယ်သူတွေလဲ” ဦးဟန်သာက နောက်တစ်ကြိမ် ထပ်မေးတယ်။ “ဘာဖြစ်လို့ အခုလို လုပ်နေကြရတာလဲ။ ငါတို့နဲ့ ရန်ငြိုးရှိနေလို့လား”

ခပ်ညှက်ညှက်လူက ဦးဟန်သာရဲ့ မေးခွန်းကို မကြားချင်ဟန်ဆောင်ပြီး အခန်းထဲမှာ ဟိုဒီလျှောက်သွားရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်နေတယ်။

“ခန်းဆီးလိုက်ကာတွေ အကုန်လုံး ချထားတယ်။ အေးလေ … ညကြီးမိုးချုပ်ဆိုတော့ အဲဒီလိုပဲ ရှိနေရတော့မှာပေါ့။ ဒီတိုက်က လမ်းကလေးရဲ့ အဆုံးမှာ ရှိနေတာဆိုတော့ တော်တန်ရုံနဲ့ လူတွေ သတိထားမိကြမှာ မဟုတ်ဘူး”

သူက လေးဘက်လေးတန်ကို လျှောက်ကြည့်ပြီးတဲ့နောက်မှာ ပြန်ရောက်လာပြီး ဦးဟန်သာရဲ့ ခေါင်းကို သေနတ်နဲ့ ချိန်ရင်း ပြောတယ်။

“ခင်ဗျားက ဒီတိုက်ရဲ့ ပိုင်ရှင်မဟုတ်လား။ နာမည်က ဦးဟန်သာ။ ဇီဝက ဆေးကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌ”

“တကယ်လို့ မင်းတို့က ငါနဲ့ ရန်ငြိုးရှိတာ ဆိုရင်တော့ မဆိုင်တဲ့လူတွေကို ဆွဲမထည့်ပါနဲ့”

ဦးဟန်သာက ကုမ္ပဏီကြီးတစ်ခုရဲ့ အကြီးအကဲလို့ မပြောရဘူး။ အခုလို ကျဉ်းထဲကျပ်ထဲမှာတောင် မျက်နှာက တစ်ချက်ကလေး ပျက်မသွားဘူး။ လေသံထဲမှာလည်း ထိတ်လန့်နေတာမျိုး၊ စိုးရိမ်နေတာမျိုး တစ်စက်ကလေးမှ မတွေ့ရဘူး။ ရာထူးဂုဏ်ရှိန် မြင့်မားလာတဲ့ လူတစ်ယောက်အဖို့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခုလို အကျပ်ကိုင်ခံရတာမျိုး၊ တစ်ယောက်ယောက်က မုန်းတီးရန်ရှာလာတာမျိုး ကြုံရနိုင်တယ်လို့ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တာပဲ။

ဒါပေမယ့် ခပ်ညှက်ညှက်လူက ခပ်ထေ့ထေ့ ပြုံးရင်း ပြောတယ်။

“ငါက မင်းတို့နဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး။ ငါတို့ လိုချင်နေတာက ဒီတိုက်ကြီးပဲ။ လွန်ခဲ့တဲ့ နှစ်ပတ်က ငါတို့ ဒီကို လာမယ်လို့ ဆုံးဖြတ်ထားခဲ့ကြတယ်။ ဒီတော့ ဒီတိုက်ရဲ့ ပိုင်ရှင်ကိုလည်း စုံစမ်းထားရတာပေါ့။ ငါတို့က မူလအစီအစဉ်အတိုင်း ရောက်ချလာတာပဲ ရှိတယ်။ အဲ … ကံမကောင်းချင်တော့ မင်းတို့နဲ့ ဆုံရတော့တာပဲ။ မင်းတို့ပဲ ကံဆိုးတာလား။ ငါတို့ပဲ ကံဆိုးတာလား ဆိုတာတော့ ဘုရားပဲ သိမယ်”

“မင်းတို့က ဘာဖြစ်လို့ ဒီတိုက်ကို လိုချင်နေရတာလဲ”

“ပုန်းရှောင်ဖို့ အဆင်ပြေလို့ပေါ့”

“မင်းတို့က ဘာလုပ်ထားလို့လဲ” လွန်းဆက်မောင်ရဲ့ ဘေးနားမှာ ထိုင်နေတဲ့ မင်းအာကာက မေးတယ်။ “မင်းတို့က မဟုတ်တာတစ်ခုခု လုပ်ထားလို့ပဲ ဖြစ်မှာပေါ့။ ဒါကြောင့် ဒီမှာ လာပုန်းနေတာ”

“ဒါတော့ မင်းတို့ကို ပြောပြဖို့ မလိုအပ်ပါဘူး”

“မင်းတို့က ရှောင်ပုန်းနေချင်တာ ဆိုရင်တော့ ဒီနေရာက လုံခြုံတဲ့နေရာတော့ မဟုတ်ဘူး။ နေ့ခင်းတုန်းကပဲ ရဲတွေ လာသွားသေးတယ်။ မသင်္ကာစရာ လူတွေကို တွေ့သေးလားလို့ ငါတို့ကို မေးသွားသေးတယ်။ အဲဒါ မင်းတို့ကို ဆိုလိုတာများလား”

ခပ်ညှက်ညှက်လူရဲ့ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားတယ်။ “ရဲတွေ လာသွားတယ်၊ ဟုတ်လား”

လွန်းဆက်မောင်က ခေါင်းညိတ်ပြတယ်။ အဲဒီတုန်းက ရဲတွေဆီကနေ အသေးစိတ် မေးမကြည့်ခဲ့မိတဲ့အတွက် သူ နောင်တရနေမိတယ်။ သေနတ်ကိုင်ထားတဲ့ ဓားပြတွေက ဒီနားတစ်ဝိုက်မှာ ထွက်ပြေးပုန်းရှောင်နေတာမှန်း ကြိုသိထားရင် ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ အခုထက်ပိုပြီး သတိဝီရိယနဲ့ နေခဲ့မိမှာ အမှန်ပဲ။ အနည်းဆုံးတော့ ရှိရှိသမျှ ပြတင်းတံခါးတွေ အကုန်လုံးကို အသေအချာ သော့ပိတ်ထားခဲ့မှာပေါ့။

“ငဆွေ …” လူသန်ကြီးက စိုးရိမ်တဲ့ အကြည့်နဲ့ သူ့ဘော်ဒါကို လှမ်းကြည့်တယ်။

“ကြောက်စရာမလိုပါဘူးကွာ။ ရဲတွေက တစ်ခေါက်လာထားပြီးပြီ ဆိုတော့ ဒုတိယတစ်ခေါက် ထပ်ပြီး မလာလောက်တော့ဘူး။ ပိုလို့တောင် လုံခြုံသွားသေးတယ်”

ငဆွေလို့ ခေါ်တဲ့ ယောက်ျားကြီးရဲ့ ရှင်းလင်းချက်ကို နားထောင်ပြီးတဲ့နောက်မှာ လူသန်ကြီးရဲ့ ရှုံ့တွနေတဲ့ မျက်နှာက ပြေလျော့သွားတယ်။

“မင်းတို့ ဒီကို ရောက်လာတယ် ဆိုတာကို ငါတို့ ဘယ်သူ့ကိုမှ မပြောပြဘူး။ အဲဒီလိုဆိုရင် မင်းတို့ ဒီကနေ ထွက်သွားပေးနိုင်မလား။ ငါ့မိန်းမ စောစောက ပြောခဲ့သလိုပဲ။ မင်းတို့ ပိုက်ဆံလိုချင်ရင် ငါတို့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်” ဦးဟန်သာက အေးအေးဆေးဆေး ပြောတယ်။

ဒါပေမယ့် ခပ်ညှက်ညှက်လူက ထေ့တေ့တေ့ ပြုံးတယ်။ “ခင်ဗျားရဲ့ အရူးစကားကို ငါက ယုံလိမ့်မယ်လို့ ထင်နေတာလား။ ငါတို့က ငွေမလိုချင်ဘူး။ ငါတို့ရဲ့ အစီအစဉ်က ဒီတိုက်ထဲမှာ နေနေဖို့ပဲ။ ငါတို့ရဲ့ ဘော်ဒါတစ်ယောက် ရောက်လာတဲ့အထိပေါ့”

“မင်းတို့က လူစောင့်နေတာလား” လွန်းဆက်မောင်က မေးတယ်။

“ဒီမှာ ဆုံမယ်လို့ ချိန်းထားကြတာ။ အဲဒါက ဟိုးအစောကြီးကတည်းက လုပ်ထားတဲ့ အချိန်းအချက်ပဲ။ လွန်ခဲ့တဲ့နှစ်ပတ်က ငါတို့ ဒီခြံထဲကို လာပြီး အခြေအနေကို အကဲခတ်ကြည့်ကြတယ်။ ဒီနေရာကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ငါတို့က အိမ်နောက်ဖေးတံခါးရဲ့ သော့တံကို သော့တူ ပွားထားခဲ့တယ်”

ယောက်ျားကြီးက အိတ်ကပ်ထဲကနေ သော့တစ်ချောင်း ဆွဲထုတ်ပြီး နားနားမှာ လှုပ်ယမ်းပြတယ်။

လက်စသတ်တော့ အဲဒီလိုကိုး။ လွန်းဆက်မောင် သဘောပေါက်သွားတယ်။ ဘယ်လောက်ပဲ ဂရုစိုက်ပြီး ပြတင်းတံခါးတွေကို အသေအချာ ပိတ်ထားပါတယ်ပဲ ပြောပြော သော့တူရှိနေမှတော့ ဘာတတ်နိုင်ဦးမှာတဲ့လဲ။

“မင်းတို့ရဲ့ ဘော်ဒါက ဘယ်အချိန် ရောက်မှာလဲ” ဦးဟန်သာက မေးတယ်။

“မြန်ရင်တော့ မနက်ဖြန်ညပေါ့”

ငဆွေရဲ့ စကားကို ကြားတော့ မိန်းမတွေက သက်ပြင်းတွေ ကိုယ်စီ ချလိုက်ကြတယ်။ အခုလို အနေအထားအတိုင်း အနည်းဆုံးတော့ မနက်ဖြန်ညအထိ နေသွားရဦးမှာ မဟုတ်လား။ သူတို့ရဲ့ ဖြစ်ထွေကို ကြည့်ပြီး ငဆွေက မလိုတမာ ပြုံးရယ်လိုက်တယ်။

“ဒီမယ်၊ မျက်နှာတွေ ရှစ်ခေါက်ချိုးမနေစမ်းပါနဲ့။ ဒါက ရေစက်ရှိလို့ ဆုံကြရတာပဲ မဟုတ်လား”

အဲဒီလို ပြောပြီး ငဆွေက မိန်းမတွေကို ဝေ့ဝိုက်ကြည့်လိုက်တယ်။ နောက်တော့ သေနတ်ကို နန်းမိုရ်ခရဲ့ မျက်နှာရှေ့မှာ လှုပ်ယမ်းပြတယ်။ နန်းမိုရ်ခက ခပ်တည်တည်နဲ့ သူ့ကို မျက်စောင်းထိုးလိုက်တယ်။ ဒီတစ်ခါ စိတ်ရှုပ်သွားတဲ့သူက ငဆွေဖြစ်သွားတယ်။ “ကျွဲကြီး၊ မင်း သူတို့ကို ကြည့်ထားလိုက်” လို့ ပြောပြီး သူ ထွက်ခွာသွားတယ်။

လူသန်ကြီးက ကမန်းကတန်း မေးခွန်းထုတ်လိုက်တယ်။

“မင်း ဘယ်သွားမလို့လဲ”

“အိမ်သာ”

ငဆွေက စင်္ကြံလမ်းဆီကို လျှောက်သွားတယ်။

အဲဒီအချိန်မှာ ဒေါ်သင်းလှက တောင်းပန်တဲ့ လေသံနဲ့ စကားဆိုတယ်။

“ငါလည်း သွားချင်တယ်”

ငဆွေတစ်ယောက် အကျပ်ရိုက်သွားတယ်။

စိုးဇေယျဆီကနေ တုန်ယင်တဲ့အသံ ထွက်ပေါ်လာတယ်။

“ငါလည်း အောင့်ထားရတာ ကြာပြီ”

သူ စောစောက ထုတ်ပြောဖို့ သတ္တိမရှိလို့ ထင်ပါရဲ့။

“နေဦး။ ငါ အရင် သွားမယ်” ငဆွေက ပြောပြီး လစ်ထွက်သွားတယ်။ “အခုချိန်မှာ ကျုပ်တို့ကမှ ဒီနေရာရဲ့ အရှင်သခင်တွေ”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *