ယုမေရဲ့ အကြောင်းကို တွေးရင်းတွေးရင်းနဲ့ လွန်းဆက်မောင်က ပိုလို့တောင် အိပ်ချင်စိတ် မရှိတော့ဘူး။ သူက ခုတင်ပေါ်မှာ ဘယ်ညာလူးလှိမ့်ရင်း ခေါင်းအုံးကိုလည်း အမျိုးမျိုး နေရာချကြည့်တယ်။ ဒါပေမယ့် မထူးပါဘူး၊ အိပ်လို့ မရတာက မရတာပဲ။ နောက်တော့ သူ သယ်ယူလာတဲ့ ဝီစကီတစ်ပြားကို သတိရသွားတယ်။ နည်းနည်း သောက်လိုက်ရင် ကောင်းမလားလို့ တွေးမိပြီး ခုတင်ပေါ်ကနေ ထမယ်လို့ စိတ်ကူးနေတုန်းမှာပဲ တံခါးခေါက်သံကို ကြားလိုက်ရတယ်။
သူက စားပွဲပေါ်မှာ ရှိတဲ့ မီးအိမ်ကို ဖွင့်ပြီး နာရီကို ကြည့်ကြည့်တယ်။ အခုမှ ၄ နာရီ ထိုးပြီးခါစပဲ ရှိသေးတယ်။
သူက တံခါးနားကို သွားပြီး မေးလိုက်တယ်။ “ဘယ်သူလဲ”
“ကျွန်မပါ။ နှင်းသူ” အသံတိုးတိုးလေး ထွက်ပေါ်လာတယ်။
တံခါးဖွင့်လိုက်တော့ ညအိပ်ဝတ်စုံနဲ့ နှင်းသူကို တွေ့ရတယ်။ အပေါ်မှာ သိုးမွေးလက်ရှည်တစ်ထည် ထပ်လို့။ မျက်လုံးပြူးကျယ်ကျယ်နဲ့ အပြင်မှာ တောင့်တောင့်ကြီး ရပ်နေတယ်။ မျက်နှာက ဖြူရော်ရော်။ မီးရောင်ကြောင့်တော့ မဟုတ်ဘူး။
“ဘာဖြစ်လို့လဲ”
“အဲ … နှင်း စောစောက ရေဆာလို့ အိမ်နောက်ဖေး ရေခဲသေတ္တာထဲက တစ်ခုခု ယူသောက်ရင် ကောင်းမလား ဆိုတဲ့ စိတ်ကူးနဲ့ အောက်ထပ်ကို ဆင်းသွားခဲ့တာ။ အဲဒါ …”
ရုတ်တရက် ချမ်းစိမ့်လာတဲ့အလား သူက လက်နှစ်ဖက်ကို ခပ်တင်းတင်း ပိုက်ထားလိုက်တယ်။
“အဲဒါ ဘာဖြစ်လဲ”
“အောက်မှာ လူတစ်ယောက်ယောက် ရှိနေသလိုပဲ” နှင်းသူက အားယူပြီး ပြောတယ်။
သူ့ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေလိမ့်မယ် ဆိုတာကို လွန်းဆက်မောင်က ခံစားလို့ ရနေတယ်။
“ဘယ်သူလဲ”
နှင်းသူက ခေါင်းခါပြီး ပြောတယ်။ “မသိဘူး။ ဒါပေမယ့် စကားပြောသံကို နှင်း ကြားလိုက်တယ်”
လွန်းဆက်မောင်ရဲ့ ကျောထဲ စိမ့်ကနဲ ခံစားလိုက်ရတယ်။ “ဒေါ်ဒေါ်တို့ နေမှာပေါ့”
“မဟုတ်ဘူး။ ယောက်ျားအသံ။ ပြီးတော့ တစ်ခါမှ မကြားဖူးတဲ့ အသံပဲ”
“ယောက်ျား …”
သူခိုးများ ဖြစ်နေမလား။ လွန်းဆက်မောင်က တွေးတယ်။ လူမနေတဲ့ တိုက်ခြံတွေထဲကို ဝင်ခိုးတတ်တဲ့ သူခိုးဂိုဏ်းက သီးသန့်ကို ရှိတာ မဟုတ်လား။
“အင်း၊ ကျွန်တော် ဆင်းကြည့်လိုက်မယ်”
လွန်းဆက်မောင်က အခန်းထဲကနေ ထွက်ပြီး နှင်းသူကို ဖြတ်လို့ လှေကားဆီကို လျှောက်လှမ်းသွားတယ်။ နှင်းသူကလည်း အနောက်ကနေ ကပ်လိုက်လာတယ်။
သူတို့နှစ်ယောက်က ခြေဖွဖွနင်းပြီး အောက်ထပ်ကို ဆင်းချသွားတယ်။ ဒါပေမယ့် ဘာအသံမှတော့ မကြားရဘူး။ မီးဖိုဆောင်နားကို ရောက်လာကြတယ်။ စကားပြောသံကိုလည်း မကြားရဘူး။ လွန်းဆက်မောင်က နှင်းသူကို လှည့်ကြည့်တယ်။ သူက စောင်းငဲ့ပြတယ်။ စောစောကတော့ ကြားနေရတာပဲ ဆိုတဲ့ သဘော။
လွန်းဆက်မောင်က မီးဖိုခန်းတံခါးရွက်ပေါ်ကို နားကပ်ထားကြည့်တယ်။ အတွင်းထဲကနေ အသံတစ်ခုခုများ ကြားရလေမလားပေါ့။ ဘာအသံမှ မကြားရတော့ သူက တံခါးလက်ကိုင်ကို ကိုင်ပြီး အသံမထွက်အောင် ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်တယ်။ မီးဖိုဆောင်ထဲမှာ မီးရောင် ထိန်ထိန်လင်းနေတာကလွဲလို့ ဘာတစ်ကောင်တစ်မြီးမှ ရှိမနေဘူး။
“ဘယ်သူမှ မရှိပါဘူး” လွန်းဆက်မောင်က ပြောတယ်။
“ထူးဆန်းတယ်။ နှင်း စောစောကတော့ …”
မီးဖိုဆောင်ရဲ့ အတွင်းထဲကို ဆက်ဝင်သွားရင် အဆုံးမှာ နောက်ဖေးတံခါးပေါက် ရှိတယ်။ လွန်းဆက်မောင်က အဲဒီတံခါးကို စစ်ဆေးကြည့်တယ်။ သော့ခတ်ထားတာပဲ။
ပြောရရင်တော့ နည်းနည်း ထူးဆန်းနေတယ်။ ဘာဖြစ်လို့ မီးဖိုဆောင်ထဲက မီးချောင်းတစ်ချောင်းတည်းကပဲ လင်းနေရတာလဲ။ ဒီအခန်းထဲကနေ နောက်ဆုံး ထွက်ခဲ့တဲ့သူက ဒေါ်သင်းလှပါ။ သူကပဲ မီးပိတ်ဖို့ မေ့သွားခဲ့တာလား။
“တကယ်ကို လန့်သွားတာပဲ”
နှင်းသူက အရမ်းကို ချမ်းနေတဲ့အလား လက်မောင်းနှစ်ဖက်ကို ပွတ်သပ်နေတယ်။
“သူခိုးဝင်လာတယ် ဆိုရင် ခြေရာလက်ရာတော့ ကျန်ခဲ့မှာပဲ”
လွန်းဆက်မောင်က နှင်းသူရဲ့ လက်ကို လှမ်းကိုင်ပြီး နံရံပေါ်က မီးခလုတ်ကို ပိတ်ချပစ်လိုက်တယ်။ မီးပိတ်သွားတာနဲ့ တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်သွားတယ်။
လျှပ်တပြက်အတွင်းမှာပဲ လူတစ်ယောက်က သူ့ရဲ့ ဘယ်ဘက်ပခုံးကို ဖမ်းကိုင်လိုက်တယ်။
လွန်းဆက်မောင်က လန့်ဖျပ်ပြီး အော်လိုက်မိတော့မလို ဖြစ်သွားတယ်။ ဒါပေမယ့် “အသံမထွက်နဲ့” ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံကြောင့် ပြန်ပြီး မျိုချလိုက်ရတယ်။
နှင်းသူကတော့ ဘရိတ်မအုပ်နိုင်ဘဲ အားကနဲ အော်မိသွားတယ်။
“မအော်နဲ့၊ တိတ်တိတ်နေ” ယောက်ျားကြီးက နောက်တစ်ခါ ထပ်ပြောတယ်။
အဲဒီအခိုက်အတန့်မှာ လွန်းဆက်မောင်ရဲ့ တစ်ကိုယ်လုံးက တောင့်တင်းသွားတယ်။