Show contents

(ဂ)

မွေ့ရာပေါ် တက်လှဲနေပေမယ့် လွန်းဆက်မောင်က ဘယ်လိုမှ အိပ်လို့ မရဘူး။ ဒါက ယုမေနေခဲ့ဖူးတဲ့ အခန်း၊ ဒါက ယုမေ အိပ်ခဲ့ဖူးတဲ့ ခုတင် မဟုတ်လား။ အဲဒီလို သိနေတာကြောင့်လည်း ဖြစ်မယ် ထင်တယ်။ ယုမေအကြောင်း မတွေးတော့ပါဘူးလို့ ယတိပြတ် ဆုံးဖြတ်ထားပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။

ဝိုးတိုးဝါးတားနဲ့ ခက်ခက်ခဲခဲ အိပ်ပျော်မယ် ကြံခါရှိသေး၊ ညကြီးမှောင်မှောင်ထဲမှာ ပြန်နိုးလာခဲ့တယ်။ သူ့စိတ်က တော်တော်နဲ့ကို မငြိမ်ဝပ်နိုင်ခဲ့ဘူး။ တိတ်ဆိတ်နေတာကိုက သူ့အတွက် အပြစ်ပြောစရာတစ်ခု ဖြစ်နေခဲ့တယ်။

လွန်းဆက်မောင်က လက်နှစ်ဖက်ကို နဖူးမှာ တင်ပြီး မှောင်ကြီးမဲမဲထဲမှာ မျက်လုံးကို ဖွင့်ထားလိုက်တယ်။ ဒီည လေက အတော်လေး ပြင်းတယ်။ ပြတင်းအပြင်ဘက်မှာ သစ်ရွက်သစ်ခက်တွေ တဖျောင်းဖျောင်း ရိုက်သံကို သူ ကြားနေရတယ်။

သူက ယုမေရဲ့ သေဆုံးမှု အကြောင်းကို တွေးလိုက်မိတယ်။ ပြီးတော့ ညစာစားပြီးနောက် ပန်းနုဝေ ပြောခဲ့တဲ့ စကားတွေရော။

သူ့ရဲ့ သံသယက ကြောင်းကျိုးညီညွတ်တယ်လို့ လွန်းဆက်မောင်က ယူဆတယ်။ သူ ပြောခဲ့တဲ့အတိုင်းပဲ။ ဦးဆုံးတစ်ခေါက် ပြဿနာဖြစ်ပြီး နောက်မှာ ယုမေ ကားမောင်းတာက အရင်လို လုံးဝ မဟုတ်တော့ဘူး။ အခြားလူတစ်ယောက် ပြောင်းသွားတဲ့အတိုင်းပဲ။ အဲဒီမတိုင်ခင်ကတော့ သူက အခြားကောင်မလေးတွေလိုပဲ ကားရဲ့ စတီယာရင်ကို ကိုင်ခွင့်ရတာနဲ့ တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ လေယာဉ်မှူးတွေများ မှတ်ထင်သွားကြသလား မဆိုနိုင်ဘူး။ ဒါပေမယ့် ဒုက္ခတွေ့ပြီးနောက်တော့ သူက ကားမောင်းရင် အတော်ကြီးကို ဆင်ဆင်ခြင်ခြင် ရှိလာခဲ့တယ်။ ဘယ်တုန်းကမှ ဆယ်ကီလိုထက် ပိုမမောင်းတော့ဘူး။ အဲဒီမောင်းပုံမောင်းနည်းက အဘိုးကြီးတွေမှ မောင်းကြတော့တာ မဟုတ်လား။

ဒုက္ခတွေ့ပြီးတဲ့နောက် ဆိုတာက လွန်ခဲ့တဲ့ နှစ်နှစ်က ယာဉ်တိုက်မှုကို ပြောတာ။ အဲဒီကိစ္စ ဖြစ်ပြီးနောက်မှာ ယုမေရဲ့ ဘဝက ဧရာမ အပြောင်းအလဲကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ လွန်းဆက်မောင်ရဲ့ ဘဝကလည်း အလိုက်သင့် အလျားသင့် ပြောင်းလဲလာခဲ့တာပေါ့။

အဲဒီတုန်းက အခြေအနေကို လွန်းဆက်မောင်က ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။ အဲဒီနေ့က မိုးတွေ အရမ်းရွာထားလို့ လမ်းပေါ်က ချိုင့်ခွက်တွေထဲမှာ ရေတွေ ပြည့်လို့။ သူက ကိတ်လုပ်ငန်းတစ်ခုရဲ့ ကြော်ငြာဆိုင်းဘုတ်အတွက် မနက်အစောကြီးကတည်းက ပန်းချီဆရာဆီ ရောက်နေခဲ့တယ်။ အဲဒီမှာ ပန်းချီဆရာနဲ့ ကြော်ငြာဒီဇိုင်းတွေအကြောင်း ဆွေးနွေးတိုင်ပင်ပြီး နေ့ခင်းပိုင်းရောက်တော့ သူ့ဆီကနေ အပ်ထည်ပန်းချီကားတွေကို ကားနောက်ခန်း တင်ပြီး ကုမ္ပဏီကို ပြန်လာခဲ့တယ်။

ကားပေါ်မှာက လွန်းဆက်မောင် တစ်ယောက်တည်း။ ကားနောက်ခန်းမှာတော့ တိုလီမုတ်စတွေနဲ့ပေါ့။

ကားပေါ်မှာ ပန်းချီပိတ်ကားချပ်တွေ ပါတော့ သူက ကားကို ခါတိုင်းထက်ပိုပြီး သတိထား မောင်းနေရတယ်။ ဒါကြောင့် သူ့ကားက လိပ်လို သွားနေခဲ့မယ် ဆိုတာကို သူ အပိုင်ပြောရဲတယ်။ ပြီးတော့ သူက ဘယ်ကားကိုမှလည်း ကျော်တက်တာမျိုး မရှိခဲ့ဘူး။ တစ်ချိန်လုံး ညာကပ်ပြီးတော့ပဲ မောင်းလာခဲ့တာ။ မိုးရွာပြီးစ ဆိုတော့ လမ်းပေါ်မှာ ယာဉ်တွေလည်း များများစားစား ရှိလှတာ မဟုတ်ဘူး။

မောင်းနေတာ ဘယ်လောက် ကြာသွားမှန်းတောင် မသိတော့ဘူး။ ကားအင်ဂျင်ရဲ့ တဗျူးဗျူး မြည်သံကို ကြားလာရတယ်။ လွန်းဆက်မောင်က နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်တယ်။ နောက်ဘက်မှာ အနီရောင် ပြိုင်ကားတစ်စီးက ဘယ်ဘက်ယာဉ်ကြောကနေ အရှိန်နဲ့ ပန်းတက်လာတာကို တွေ့မြင်လိုက်ရတယ်။

အဲဒီအချိန် လွန်းဆက်မောင်ရဲ့ အရှေ့ဘက် မီတာ ၂၀ လောက်အကွာမှာ ကားတစ်စီးက ဘယ်ဘက်အချက်ပြမီးကို ဖွင့်ပြီး ဘယ်ဘက်ယာဉ်ကြောကို ပြောင်းယူလိုက်တယ်။ ပြီးတော့ အချက်ပြမီးကို ဖွင့်ထားလျက်နဲ့ ကားကို အရှိန်လျှော့ချပစ်တယ်။ ကြည့်ရတာ ဘယ်ကွေ့ဖို့ ကားရှင်းမရှင်း စောင့်ကြည့်တဲ့ သဘောနေမှာ။ အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ကပ်ပါလာတဲ့ အနီရောင်ပြိုင်ကားက ဘယ်ဘက်က ကျော်တက်ဖို့ ကြိုးစားနေရာကနေ ကွေ့မယ့်ကားကြောင့် ကြန့်ကြာသွားမှာ စိုးလို့ ညာဘက်ယာဉ်ကြောကို ပြန်ပြောင်းယူလိုက်တယ်။ လွန်းဆက်မောင်ရဲ့ အနောက်တည့်တည့်ကို ပြန်ရောက်လာတာပေါ့။ ပြီးတော့ အဲဒီကားနီက တခြားကားတွေလိုပဲ ရှေ့ကားကို ဖင်တွန်းချင်တာကြောင့် အရှိန်မြှင့်ပြီး ရှေ့ကားရဲ့ နောက်မြီးနားကို အတင်း တိုးကပ်လာတယ်။

အတော်ဆိုးတဲ့ကားပါလား … လွန်းဆက်မောင်ရဲ့ စိတ်ထဲမှာ အဲဒီလို ရေရွတ်လိုက်မိတယ်။

ဘယ်ဘက်ကွေ့မယ့်ကားကို မီလုမီခင်မှာပဲ အရာဝတ္ထုတစ်ခုက လမ်းမပေါ် လှိမ့်ဝင်လာတယ်။ တကယ်ကတော့ ဘောလုံးလေးတစ်လုံးပါ။ ဒါပေမယ့် ဘာမှန်း မသိသေးခင်မှာပဲ လွန်းဆက်မောင်က ဘရိတ်ကို အသားကုန် နင်းချမိလျက်သား ဖြစ်နေတော့တယ်။ ကားတာယာသံတွေ တကျွိကျွိ ထွက်ပေါ်လာတယ်။ ကားက တုံ့ကနဲ ရပ်မသွားဘဲ ဘေးတစောင်း လျောပါသွားလို့ အနောက်ခန်းမှာ တင်ထားတဲ့ ပန်းချီကားချပ်တွေ အကုန်လုံး ကျွမ်းထိုးမှောက်ခုန် ဖြစ်ကုန်ကြတယ်။

တစ်ဆက်တည်းမှာပဲ ကားရဲ့ အနောက်ဘန်ပါကို ပစ်ဆောင့်ခံလိုက်ရတာကြောင့် ထိုင်ခုံကူရှင်တောင် အရှေ့ကို လန်ကျလာပြီး လွန်းဆက်မောင်ရဲ့ နဖူးက စတီယာရင်ကို ပစ်တိုက်မိသွားတယ်။ သူ ချက်ချင်းပဲ သဘောပေါက်သွားတယ်။ အနောက်မှာ ကပ်ပါလာတဲ့ ကားနီက သူ့ကို ပစ်ကျုံးလိုက်တာပဲ ဖြစ်ရမယ်။

တကယ်တော့ ကားနီက သူ့ကို တည့်တည့်ကြီး ဝင်ဆောင့်တာတော့ မဟုတ်ဘူး။ သူ့ခမျာ ကြိုးစားပမ်းစားနဲ့ တတ်နိုင်သလောက် ရှောင်တိမ်းခဲ့ပုံ ရတယ်။ ဒါပေမယ့် လွန်းဆက်မောင်ကားရဲ့ ညာဘက်အနောက်ခြမ်းကတော့ ထိသွားခဲ့တယ်။ ပြီးတော့ သူ့အရှိန်က ပြင်းလွန်းတာကြောင့် ဝင်ဆောင့်ပြီး ရပ်မသွားသေးဘဲ ညာဘက်ကို ချော်ထွက်သွားပြီးတော့ လမ်းဘေးပလက်ဖောင်းပေါ်က ကွန်ကရစ်ဓာတ်တိုင်ဆီ တည့်တည့် ဝင်တိုးသွားတယ်။

နဖူးနဲ့ ဆောင့်မိတဲ့ အရှိန်ကြောင့် လွန်းဆက်မောင်က မူးနောက်သွားပြီး တစ်အောင့်လောက် ငြိမ်နေလိုက်ရတယ်။ နောက်တော့ ကားတံခါးကို ကြိုးစား ဖွင့်ပြီး အပြင်ကို ဖြည်းဖြည်းချင်း ထွက်လာခဲ့တယ်။

“ငါ့ညီ၊ ဘာဖြစ်သွားသေးလဲ” လမ်းဘေးမှာ ရပ်ထားတဲ့ ကားဆရာက သူ့ကို မေးတယ်။ သူက လက်ကိုပဲ ခပ်လေးလေး ခါယမ်းပြပြီး ဘာမှ မဖြစ်ကြောင်း အသိပေးလိုက်ရတယ်။

ကားနီက ကွန်ကရစ်ဓာတ်တိုင်ကို တိုက်ပြီးတဲ့နောက်မှာ အဲဒီဘေးနားက လူမရှိတဲ့ ကွမ်းယာဆိုင်ကို ဝင်တိုက်ပြီးခါမှ ရပ်တန့်သွားတယ်။ ကွမ်းယာဆိုင်က မြောင်းဘောင်ပေါ် ခွပြီး ဆောက်ထားတာကြောင့် ဆိုင်က ခြေတံရှည်ဆိုင်မျိုး။ ဒါပေမယ့် ကားသမားအတွက် ကံဆိုးတာက ကွမ်းယာဆိုင်ရဲ့ တိုင်ခြေတွေက အတော်ကြီးကိုမာတဲ့ ပျဉ်းကတိုးသားတွေ ဖြစ်နေတယ်။ ဒီတော့ ကားက ကွန်ကရစ်တိုင်နဲ့ တိုက်မိလို့ ကားရှေ့ခြမ်းက လေးပုံတစ်ပုံလောက် ကြေမွသွားတဲ့အပြင် ပျဉ်းကတိုးတိုင်တွေကြောင့် ကားရှေ့ဖုံးနဲ့ ရှေ့လေကာမှန်ကတော့ ရစရာကို မရှိတော့ဘူး။ ပလက်ဖောင်းပေါ်မှာ မှန်ကွဲတွေ ပြန့်ကျဲလို့။

အဲဒီကားက ဘယ်မောင်း၊ ကားပေါ်မှာ ကားမောင်းသူ တစ်ယောက်ပဲ ပါတယ်။ ကားမောင်းသမားရဲ့ လက်အစုံက စတီယာရင်ကို မြဲမြဲ ဆုပ်ကိုင်ထားပြီး သူ့မျက်နှာကို လက်ဖမိုးပေါ်မှာ မှောက်လျက် တွေ့မြင်လိုက်ရတယ်။ ဆံပင်အရှည်က ဘယ်ညာဝဲပြန့်နေတော့ အမျိုးသမီးပဲ ဖြစ်ရပေတော့မယ်။

အဲဒီအမျိုးသမီးကို ကားပေါ်ကနေ စိတ်ရှည်ရှည်နဲ့ ကြိုးစားပမ်းစား ဆွဲထုတ်ယူကြရတယ်။ သူက လုံးဝတော့ သတိလစ်သေးဟန် မတူဘူး။ ဒါပေမယ့် သူ့ကို ထမ်းထုတ်သွားကြတော့ သူ့ကိုယ်လုံးက နည်းနည်းမှ လှုပ်တာ မတွေ့ရဘူး။

လွန်းဆက်မောင်က သူ့ကိုယ်သူ ဘာမှ မဖြစ်ဘူးလို့ ပြောနေပေမယ့်လည်း လူတချို့က သူ့ကို ဝိုင်းပြောနေခဲ့တာကြောင့် သူလည်း ဆေးရုံကို လိုက်သွားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်။ သူက ဖုန်းဆက်သင့်တဲ့ လူတွေကို ဆက်သွယ်နေတုန်းမှာပဲ လင်မယားနှစ်ယောက် ရောက်ချလာတယ်။ ကြည့်ရတာ ကားနီထဲက အမျိုးသမီးရဲ့ မိဘတွေ ဖြစ်မယ် ထင်တယ်။ နောက်မှ ယာဉ်ထိန်းရဲတစ်ယောက်က သူ့ကို ပြောပြတယ်။ အဲဒီအမျိုးသမီးရဲ့ အဖေက ဇီဝက ဆေးကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ဦးဟန်သာတဲ့။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ပုလိပ်တွေက လွန်းဆက်မောင်ကို စစ်မေးကြတယ်။ မျက်မြင်အနေအထားအရ သူက ယာဉ်တိုက်မှုရဲ့ ဓားစာခံတစ်ယောက်သာ ဖြစ်ကြောင်း ပုလိပ်တွေက သဘောပေါက်ထားပြီးသားပါ။ ဦးဟန်သာတို့ဘက်ကလည်း လျော်ကြေးမှန်သမျှကို ဘာမှ အထွန့်မတက်ဘဲ အားလုံးပေးဖို့ ကမ်းလှမ်းလာခဲ့တယ်။ တကယ်တော့လည်း သူ့ဘက်က ဘာမှ ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့တာ မရှိဘူး။ ကားရဲ့ ညာဘက်နောက်မီးခွက်ပဲ ကွဲသွားခဲ့တာ။ ဒါကလည်း ကားစုတ်ဆိုတော့ ဘာဈေးမှ မရှိဘူး။ သူ့အဖို့ ပျက်စီးသွားတာဆိုလို့ နေ့တစ်ဝက်စာ အလုပ်ပျက်သွားတာလောက်ပဲ။

ယာဉ်တိုက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ပြေလည်အောင် ညှိနှိုင်းပြီးသွားတဲ့နောက်မှာ လွန်းဆက်မောင်က ကားနီကောင်မလေးဆီကို လူနာသွားမေးခဲ့တယ်။ ယာဉ်တိုက်မှု ဆိုတာကလည်း ဘယ်သူ့ဘယ်သူကမှ အငြိုးနဲ့ တိုက်ကြတာ မဟုတ်တော့၊ ဘာဖြစ်ပါစေ ညာဖြစ်ပါစေ ဆိုတဲ့ စေတနာနဲ့ တိုက်ကြတာ မဟုတ်တော့ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ရမှာတော့ အခက်သား။ ဒါပေမယ့် ယာဉ်တိုက်မှု ဖြစ်ရင် ထိခိုက်နစ်နာသူက ရှိရစမြဲမို့ ဘယ်သူက တိုက်တယ်၊ ဘယ်သူက ခံရတယ် ဆိုတာထက် ဘယ်သူက ဘယ်လို ထိခိုက်သွားတယ် ဆိုတာကိုပဲ ပိုပြီး အာရုံစိုက်ကြရင် ကမ္ဘာကြီးက မေတ္တာဓာတ်တွေနဲ့ ပိုပြီး နေလို့ ကောင်းသွားလိမ့်မယ် ထင်တယ်။

လူနာက အသက်အန္တရာယ် မရှိတော့တာကြောင့် အထူးကုသဆောင်ကို ပြောင်းရွှေ့ထားကြပြီ။ လွန်းဆက်မောင်က လူနာအခန်းကို တံခါးခေါက်ဖို့ ချီတုံချတုံ စဉ်းစားနေတုန်းမှာ အခန်းထဲကနေ လှုပ်လှုပ်ရှားရှား အသံတစ်ခုကို ကြားလိုက်ရတယ်။ လူနာ နိုးလာပြီလား။ သူက တံခါးခေါက်လိုက်တယ်။ ဒါပေမယ့် ဘာတုံ့ပြန်သံမှ မကြားရဘူး။ သူက တံခါးလက်ကိုင်ဖုကို ခပ်ဖွဖွ ကိုင်ပြီး တံခါးကို တွန်းဖွင့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အနှောင့်အယှက် မပေးမိတာ အကောင်းဆုံးပဲ မဟုတ်လား။ သူက လူနာကို စိတ်ပူနေမိတာတော့ အမှန်ပဲ။ သူ နောက်ဆုံး တွေ့ခဲ့ရတုန်းက လူနာရဲ့ အခြေအနေက အကောင်းမြင်နိုင်စရာ တစ်ကွက်မှ မရှိခဲ့ဘူးလေ။ သူက တံခါးကို ၂၀ မီလီမီတာလောက် ဖွင့်လိုက်တော့ ပြတင်းနား ကပ်ထားတဲ့ လူနာခုတင်ကို တွေ့လိုက်ရတယ်။ ခုတင်ပေါ်မှာ စောင်ခြုံထားတဲ့ လူတစ်ယောက် လဲလို့။ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ခုတင်မွေ့ယာပေါ်မှာ သွေးတွေ ရဲပတောင်းခတ်နေပါရောလား။

သူ အခန်းထဲကို ပြေးဝင်သွားတယ်။ ခုတင်ပေါ်က အမျိုးသမီးရဲ့ မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ သွေးဆုတ်နေပြီ။ လူက ယဲ့ယဲ့ပဲ ကျန်တော့တယ်။ စောင်အပြင်ကို လျောထွက်နေတဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာ ဓားဒဏ်ရာတစ်ချက် ရှိနေတယ်။ သွေးတွေက တတောက်တောက်နဲ့ စီးကျနေတုန်းပဲ။ ခုတင်အောက်မှာက သစ်သီးခွဲတဲ့ ဓားလေးတစ်ချောင်း။ သူက လူနာခန်းထဲကနေ ချက်ချင်း ပြေးထွက်သွားပြီး သူနာပြုတစ်ယောက်ကို အသည်းအသန် ရှာဖွေလိုက်တယ်။

သူ့ရဲ့ အဲဒီလို လုပ်ဆောင်ချက်ကြောင့်ပဲ ယုမေက အသက်ရှင်ခွင့် ရလာခဲ့တယ်။ ဆရာဝန်က ပြောတယ်။ နောက်ထပ် ၁၀ မိနစ်သာ နောက်ကျသွားရင် ယုမေကို အသက်မီလိုက်မှာ မဟုတ်ဘူးတဲ့။

ယုမေက အရေးပေါ်ကုသမှုကို ရရှိပြီးတဲ့နောက်မှာ အိပ်ပျော်သွားတယ်။ လွန်းဆက်မောင်နဲ့ သူ့မိဘတွေက ဆေးရုံအပြင်မှာ တွေ့ဆုံကြတယ်။ ယုမေရဲ့ မိဘတွေက သူတို့သမီးကို အခုလို ကယ်တင်ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိကြောင်း ကျေးဇူးတင်စကား ပြောဆိုပြီးတော့ ယာဉ်တိုက်မှုကြောင့် သူ့ကို ဒုက္ခပေးမိတဲ့အတွက် ဝမ်းနည်းပါကြောင်း တောင်းပန်စကား ဆိုတယ်။ လွန်းဆက်မောင်ကတော့ စိတ်ထဲမထားဖို့ ပြောတာပေါ့။

“ကျွန်တော် စပ်စုသလိုတော့ ဖြစ်နေမလား မသိဘူး။ ဦးတို့သမီးက ဘာကြောင့် သေကြောင်းကြံရတာလဲ” လွန်းဆက်မောင်က မေးတယ်။

ယုမေရဲ့ မိခင် ဒေါ်သင်းလှက မျက်ရည်မကျမိအောင် အံကြိတ်ပြီး မျက်လုံးတွေကို ပုတ်ခတ်နေတယ်။ ဖခင် ဦးဟန်သာက သူ့ရဲ့ မေးခွန်းကို ဖြေကြားပေးတယ်။

ဦးဟန်သာက အခုလို ပြောပြတယ်။ ယုမေက ငယ်ငယ်လေးကတည်းက ပိုက်ကျော်ခြင်းကို အင်မတန်မှ စိတ်ဝင်စားခဲ့တယ်။ သူ ဝါသနာပါလွန်းလို့ မိဘတွေကလည်း သူ့ကို မတားတော့ဘဲ ဆယ်တန်းအောင်ပြီးနောက်မှာ ပိုက်ကျော်ခြင်းကို ကစားခွင့် ပြုခဲ့တယ်။ ဆရာကောင်းနဲ့လည်း အပ်ပေးခဲ့တယ်။ အခုဆို သူက ခြေစွမ်းပြနိုင်လို့ တက္ကသိုလ်လက်ရွေးစင်နဲ့ တိုင်းလက်ရွေးစင်တောင် ဖြစ်နေပြီ။ ဒါပေမယ့် သူက အင်မတန်ကို နိုင်လိုစိတ်အားနဲ့ ရည်မှန်းချက်ကြီးတော့ နိုင်ငံ့လက်ရွေးစင် ဖြစ်ဖို့ အားခဲပြီး ဒီနှစ်ပိုင်းမှာ အသည်းအသန် လေ့ကျင့်နေခဲ့တယ်။ ဒါကြောင့် လာမယ့် အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲအတွက် နိုင်ငံ့ကိုယ်စားပြုအဖြစ် အရွေးခံနိုင်ဖို့ သူတို့တစ်ဖွဲ့လုံး အားကြိုးမာန်တက် ကြိုးစားနေခဲ့ကြတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ယာဉ်တိုက်မှု ဖြစ်လိုက်တော့ သူ့မျှော်လင့်ချက်တွေ အားလုံး ပျောက်ရှကုန်လို့ ထင်ပါရဲ့။ ဒါကြောင့် မနေချင်တော့ဘူး ဆိုပြီး ကြံမိကြံရာ ကြံလိုက်တော့တာပဲ။

“ဒါပေမယ့် ဆေးရုံက ဆင်းရင် ပြန်ကျင့်နိုင်သေးတာပဲ မဟုတ်ဘူးလား”

လွန်းဆက်မောင်ရဲ့ စကားကို ကြားရတော့ ဒေါ်သင်းလှက တရှုပ်ရှုပ်နဲ့ ငိုရှိုက်လေတော့တယ်။ ဦးဟန်သာက စိတ်လက်မအီမသာနဲ့ ခေါင်းကို ခါယမ်းရင်း ပြောတယ်။

“ဘယ်လိုလုပ်ပြီး ပိုက်ကျော်ခြင်း ဆက်ကစားနိုင်တော့မှာလဲကွာ။ ပုံမှန်အတိုင်း လမ်းလျှောက်ဖို့တောင် မဖြစ်နိုင်တော့တာ”

“ဗျာ …”

လွန်းဆက်မောင်က ဦးဟန်သာရဲ့ မျက်နှာကို စိုက်ကြည့်နေမိတယ်။

“သူက ကြေမွသွားတဲ့ ကားထဲမှာ ညပ်နေခဲ့တာလေ။ ဘယ်ဘက်ခြေထောက်က တော်တော်လေး ထိသွားတယ်။ အခု သမီးရဲ့ ဘယ်ဘက်ဒူးအောက်ပိုင်းကို ဖြတ်ပစ်လိုက်ရပြီ။ ခြင်းခတ်ဖို့ မပြောနဲ့၊ သာမန် မိန်းကလေးတစ်ယောက်လို နေထိုင်သွားဖို့တောင် မျှော်လင့်ချက် မရှိတော့ဘူး။ အဲဒါကြောင့်မို့ပဲ ဖြစ်မယ် ထင်ပါတယ်။ သူ စိတ်ဆင်းရဲပြီး လက်ကောက်ဝတ်ကို ဓားနဲ့ လှီးခဲ့တာပေါ့”

ဒေါ်သင်းလှက ငိုနေတုန်းပဲ။ လွန်းဆက်မောင်ကလည်း ဘာဆက်ပြောရမှန်း မသိတော့ဘူး။ သူတို့ကို အနူးအညွတ် တောင်းပန်ရမယ့်သူ ဖြစ်မနေတာကိုပဲ ကံကောင်းလှပြီလို့ သူ့စိတ်ထဲမှာ တွေးနေမိတယ်။

ယုမေ သတိပြန်လည်လာပြီး တစ်ပတ်လောက်နေတော့ လွန်းဆက်မောင်က သူ့ကို နောက်တစ်ကြိမ် ထပ်သွားကြည့်တယ်။ ယုမေ ကြုံတွေ့ခဲ့ရတဲ့ ကြမ္မာဆိုးအကြောင်းကို ကြားသိရပြီးတဲ့နောက်မှာ သူ့ကို ထပ်သွားမတွေ့ရင် မကောင်းဘူးလားလို့ သူ့စိတ်ထဲ တနုံ့နုံ့ ခံစားနေရတယ်။ ပြီးတော့ သူ့အခြေအနေ ဘယ်လို နေသေးသလဲ ဆိုတာကိုလည်း သိချင်နေတယ်။

လွန်းဆက်မောင် ရောက်သွားတဲ့အချိန်မှာ ယုမေရဲ့ မျက်လုံးတွေက ရဲပြီး မို့အစ်နေတယ်။ ကြည့်ရတာ အရိပ်မဲကြီးထဲကနေ လွတ်မြောက်ပုံ မရသေးဘူး။ ဒေါ်သင်းလှက သမီးကို စိတ်ပူလို့ ထင်ပါရဲ့။ နောက်တစ်ကြိမ်ထပ်ပြီး မကြံကောင်း မစည်ရာ ထပ်လုပ်မှာကို စိုးရိမ်လို့ ထင်ပါရဲ့။ အခုဆို သူ့သမီးအနားကနေ တစ်ဖဝါးမှ မခွာတော့ဘူး။

ယုမေရဲ့ အသက်က အခုဆို ၂၁ နှစ် ရှိပြီ။ ဒါပေမယ့် သူ့ပုံက ဆယ်ကျော်သက်မလေး တစ်ယောက်လို့ ထင်ရလောက်အောင် နုဖတ်နေတယ်။ မျက်နှာက ခပ်သေးသေး၊ ပြီးတော့ တစ်ချိန်လုံး လှုပ်လှုပ်ရှားရှားနဲ့ အားကစား လုပ်နေလို့ ထင်တယ်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း အင်မတန်မှ ကျစ်လစ်သွယ်လျနေတယ်။

အကြောင်းမရှိ အကြောင်းရှာပြီးတော့ကာ စကားပြောနေရပေမယ့် ထုံးစံအတိုင်း စကားဝိုင်းက သိပ်ပြီး အသက်ဝင်မနေဘူး။ ကြွရွမနေဘူး။ လွန်းဆက်မောင်က သူ့ရဲ့ အလုပ်အကိုင်အကြောင်းကို ပြောပြတယ်။ ပြီးတော့ အတွေးတွေ ချော်ချက်မသွားရလေအောင် အားကစားတွေ၊ ယာဉ်တိုက်မှု၊ လက်ကျိုးခြေပြတ် စတဲ့ အမင်္ဂလာစကားတွေကို သတိထားပြီး ရှောင်ရှားနေရတယ်။ ယုမေက သိပ်ပြီးတော့ စကားပြောလေ့ မရှိဘူး။ သူက မျက်နှာသေနဲ့ ထိုင်ပြီးပဲ နားထောင်နေတတ်တယ်။ အဲဒီလို ဆိုပေမယ့်လည်း လွန်းဆက်မောင်က သူ့ကို ပျော်စေချင်လို့ တစ်ခါတလေ ရယ်စရာ ပြောလာတဲ့အခါမှာတော့ သူ့ရဲ့ မျက်လုံးစွန်းကနေ ပြုံးရယ်လိုတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာတတ်တယ်။ မဲမှောင်နေတဲ့ တိမ်တောင်တွေအကြားကနေ တစ်ခါတစ်ခါ ကောင်းကင်ပြာလေးက လှစ်ကနဲ ပြူထွက်လာသလိုပေါ့။ သူ့ရဲ့ မျက်လုံးတွေက ကြည်စင်ပြီး ကြောက်စရာ ကောင်းလောက်အောင် နက်ရှိုင်းနေကြတယ်။ လွန်းဆက်မောင်ရဲ့ နှလုံးသားက အဲဒီအထဲကို နစ်ဝင်သွားတော့မလားပဲ။

ဆေးရုံကနေ ပြန်လာပြီးတဲ့နောက်မှာ လွန်းဆက်မောင်အနေနဲ့ သူ့ကို ထပ်ပြီး တွေ့စရာအကြောင်း မရှိတော့ဘူးလို့ ယူဆလိုက်မိတယ်။ လိုလည်း လိုအပ်တော့တာမှ မဟုတ်တာ။ သို့ပေမယ့် နောက်နှစ်ရက်ကြာတော့ ဒေါ်သင်းလှရဲ့ ဖုန်းကောကို သူ လက်ခံရရှိတယ်။ ဆေးရုံကို လာပေးနိုင်မလားပေါ့။ လွန်းဆက်မောင်က ဘာများ အကြောင်းထူးလို့လဲလို့ မေးကြည့်တယ်။ ဒေါ်သင်းလှက တုံ့ဆိုင်းဆိုင်း ပြန်ဖြေတယ်။ “သမီးက မောင်ဆက်မောင်ကို မေးနေလို့။ သူ့ကို လာတွေ့ပေးလို့ ရမလား။ ခဏပဲဖြစ်ဖြစ်ပေါ့”

မေးနေတယ် ဆိုမှတော့ သူ့ကို သတိရနေလို့ပေါ့၊ မဟုတ်ဘူးလား။ လွန်းဆက်မောင်ရင်ထဲ အပျော်လုံးဆို့သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူကိုယ်တိုင်ကလည်း ယုမေကို အင်မတန်မှ ထပ်တွေ့ချင်နေသေးတာကိုး။

လွန်းဆက်မောင်က သစ်သီးခြင်းလေး ဆွဲပြီး လူနာခန်းထဲကို ဝင်သွားတယ်။ သူ့ကို စောင့်ကြိုနေတဲ့ ယုမေက ရှေ့ရက်တွေနဲ့ စာရင် ပိုပြီးတော့ လန်းလန်းဆန်းဆန်း ရှိနေပြီ။ စကားကလည်း ရှေ့ရက်တွေထက် ပိုများလာတယ်။ လွန်းဆက်မောင်က ပြန်ခါနီး “နောက်တစ်ခေါက် ထပ်လာခဲ့ဦးမယ်” လို့ ပြောလိုက်တဲ့အခါမှာ သူက “နောက်တစ်ခေါက် ဆိုတာ ဘယ်တော့လဲ” လို့ မရမက မေးလာတော့တယ်။ လွန်းဆက်မောင်က ပြန်ဖြေလိုက်တယ်။ “နောက်တစ်ခေါက်ဆိုတာ မနက်ဖြန်ပေါ့”

အဲဒီအချိန်ကစပြီး ယုမေ ဆေးရုံဆင်းတဲ့အထိ လွန်းဆက်မောင်က ၂ ရက်၊ ၃ ရက်ခြားတစ်ခါ သူ့ကို သွားတွေ့တတ်တယ်။ တစ်ခါပဲ စိတ်ပျက်ပျက်နဲ့ သူ လှည့်ပြန်ခဲ့ရတယ်။ အဲဒီနေ့မှာ ယုမေရဲ့ ခြေတုအသစ်က ရောက်လာပြီမို့ လိုအပ်တဲ့ အသေးစား ပြင်ဆင်ညှိနှိုင်းမှုလေးတွေ ပြုလုပ်ရမယ်။ ဒေါ်သင်းလှက လူနာခန်းထဲကနေ ထွက်လာပြီး သူ့ကို တောင်းပန်တယ်။ “သမီးက မောင်ဆက်မောင်ကို မမြင်စေချင်ဘူးတဲ့လေ”

ဆေးရုံဆင်းပြီးနောက် မကြာခင်မှာပဲ ယုမေက အတွဲမပါဘဲ ချိုင်းထောက်နဲ့ သူ့ဟာသူ လမ်းလျှောက်နိုင်လာတယ်။ အဲဒီအကျိုးဆက်က အရည်အသွေး ပြည့်မီတဲ့ ခြေတုနဲ့ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကြောင့်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် အရေးအပါဆုံး အချက်ကတော့ အားကစားလုပ်စဉ်တုန်းက သူ့ရဲ့ ခါးနဲ့ ခြေထောက်ကို အားကောင်းအောင် အစွမ်းကုန် ကျင့်ထားခဲ့တဲ့ အကျိုးကျေးဇူးတွေပဲ။

ယုမေက ပြန်လည်သန်စွမ်းရေး လေ့ကျင့်စခန်းကို နေ့တိုင်း သွားရတယ်။ လွန်းဆက်မောင်က စနေ၊ တနင်္ဂနွေရဲ့ တာဝန်ကို လက်လွှဲယူလိုက်တယ်။ သူ ခြေထောက်လေ့ကျင့်ခန်း လုပ်နေတဲ့ အခါမှာ အခုဆို လွန်းဆက်မောင်က သူ့ဘေးနားကနေ အနီးကပ် စောင့်ရှောက်ပေးနေလို့ ရပြီ။ လေ့ကျင့်ခန်း သင်ပေးတဲ့ သူနာပြုဆရာမက “မယုမေက စနေတနင်္ဂနွေဆိုရင် ပိုပြီး စိတ်ပါလက်ပါ လေ့ကျင့်သလိုပဲ” လို့ ပြောလာတဲ့အခါမှာ ယုမေရဲ့ ပါးအို့လေးတွေက ပန်းနုရောင် သမ်းကုန်ကြတယ်။

လွန်းဆက်မောင်ရဲ့ စိတ်အထင်မှာတော့ အသည်းအသန် လေ့ကျင့်နေတဲ့ ယုမေရဲ့ ဟန်ပန်အမူအရာက အလွန်အင်မတန် လှပတင့်တယ်တယ်။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် တခြားလူတစ်ယောက်ယောက်ရဲ့ မျက်နှာပေါ်မှာ အဲဒီလို ဟန်ပန်အမူအရာမျိုးကို သူ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။ လူအားလုံးနီးပါးက ဒုက္ခရဲ့ ရှေ့မှောက်မှာ ဒူးထောက်ပြီး ဝပ်ဆင်းသွားကြတာချည်းပဲ။ အခက်အခဲနဲ့ ရင်ဆိုင်လာရပြီ ဆိုတာနဲ့ ပထမဆုံး တွေးလိုက်မိတာက ပုန်းရှောင်ဖို့ပဲ မဟုတ်လား။ အဲဒီလိုမှ မဟုတ်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ဝေဖန်နေမယ်။ စိတ်ဓာတ်တွေ အကြီးအကျယ် ကျနေမယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးရွားဆုံးသော ဒုက္ခသည်အဖြစ် သတ်မှတ်ထားမယ်။

ငါ သူ့ကို ဖေးမကူညီပေးရမယ် … အံကြိတ်ရင်း အခက်အခဲတွေကို ကြိုးစားကျော်လွှားနေတဲ့ ယုမေကို မြင်ရတဲ့ အခါတိုင်းမှာ လွန်းဆက်မောင်က အဲဒီလိုပဲ အမြဲ တွေးတယ်။

“ကိုဆက်မောင်၊ ရှင်က လူတိုင်းအပေါ် အဲဒီလို ကောင်းတာပဲလား”

လေ့ကျင့်ရေးစင်တာကနေ ပြန်တော့ ကားပေါ်မှာ ယုမေက မေးတယ်။ သူ့ရဲ့ ထစ်အအ စကားသံထဲကနေ နားလည်လိုက်ရတာက သူက အတော်ကို အားယူပြီးမှ မေးလိုက်ရတဲ့ ပုံမျိုး။

“လူတိုင်းအပေါ် ကောင်းနိုင်ဖို့တော့ ကြိုးစားနေတာပါပဲ။ ဒါပေမယ့် ယုအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ သဘောထားက အဲဒီအကြောင်းအရင်းကြောင့်တော့ မဟုတ်ဘူး”

“အဲဒီအကြောင်းအရင်းကြောင့် မဟုတ်ဘူး …”

လွန်းဆက်မောင်က ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်ပြီး မျက်လုံးတွေက အရှေ့တည့်တည့်ကို ကြည့်ရင်း ပြောတယ်။

“ပျော်လို့လေ။ ကိုယ် ယုနဲ့ အမြဲတမ်း အတူတူ ရှိနေချင်တယ်”

ယုမေ အံ့ဩသွားတယ်။ သူ့ရင်ထဲမှာတော့ အဲဒီလို စကားမျိုးကို မျှော်လင့်နေမိမှာပဲ။ ဒါပေမယ့် အမှန်တကယ် ကြားခွင့်ရလာလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ တကယ်တော့ လွန်းဆက်မောင်ရဲ့ ပင်ကိုသဘာဝအရ ဆိုရင် အဲဒီလို စကားမျိုးကို အခုလို လွယ်လွယ်နဲ့ ပြောထွက်မှာ မဟုတ်ဘူး။ သူလည်း အတော်ကို ရဲဆေးတင်ထားရဟန် ရှိတယ်။ အဲဒီရင်တွင်းစကားကို ပြောထွက်ပြီးတာနဲ့ သူ့တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ဖြစ်လို့ သွားတယ်။

“ယုရဲ့ ခြေထောက်က အခုလိုကြီး ဖြစ်နေတာလေ … ရှင့်စိတ်ထဲမှာ ဘယ်လိုမှ မနေဘူးလား” ယုမေက မေးတယ်။

လွန်းဆက်မောင်က သူ့ရဲ့ မျက်နှာလေးကို ငေးစိုက်ကြည့်နေရင်း တစ်ခုခု ပြောဖို့ ဟန်ပြင်ပြီးခါမှ အသံထွက်အောင် ရယ်မိလိုက်တယ်။

“ဘာဖြစ်လို့လဲ” ယုမေက အူကြောင်ကြောင် မျက်နှာနဲ့ မေးတယ်။

“ကိုယ် စောစောက ဘာပြောမလို့လဲ ဆိုတော့ … ကိုယ့်နှာခေါင်းက အခုလိုကြီး ဖြစ်နေတာ ယုစိတ်ထဲမှာရော ဘယ်လိုမှ မနေဘူးလားလို့။ ဒါပေမယ့် မေးမယ် လုပ်ပြီးမှ အရမ်း ရယ်ချင်သွားတာနဲ့ မျက်နှာပိုး မသတ်နိုင်လိုက်ဘူး”

ယုမေရဲ့ မျက်ဝန်းတွေက အစိုဓာတ်ကြောင့် အရောင်တလက်လက် ဖြစ်နေပြီးတော့ မျက်နှာက လွန်းဆက်မောင်ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့ဝင်ရောက်သွားတယ်။

နောက်တော့ သူတို့နှစ်ယောက်က သမီးရည်းစားတွေ ဖြစ်သွားကြပြီး နှစ်ဝက်အကြာမှာ လွန်းဆက်မောင်က ယုမေကို လက်ထပ်ခွင့် တောင်းခံခဲ့တယ်။ ယုမေရဲ့ မိဘတွေကလည်း သဘောတူကြတာပေါ့။ ဦးဟန်သာက သူ့သမက်လောင်းရဲ့ လက်ကို ကိုင်ပြီး “ကျေးဇူးပဲ” လို့တောင် ပြောလိုက်သေးတယ်။

အဖြစ်ဆိုးကြီးထဲကနေ ရုန်းထွက်လာခဲ့ကြတာ တစ်နှစ်တောင် မပြည့်သေးဘူး မဟုတ်လား။ ပြီးတော့ အဲဒီလို ဂြိုဟ်ဆိုးဝင်ခဲ့တဲ့ နှစ်ထဲမှာလည်း မင်္ဂလာပွဲကို မကျင်းပစေချင်တာကြောင့် သူတို့နှစ်ယောက်ကို လက်ထပ်မပေးသေးဘဲ စေ့စပ်ကြောင်းလမ်းတာလောက်ပဲ လုပ်ထားပြီး ယုမေ ၂၂ နှစ်ပြည့်ပြီးမှ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြမယ်လို့ နှစ်ဖက်သော မိဘတွေက သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ ယုမေကတော့ သိပ် သဘောကျပုံ မရဘူး။ ယုမေရဲ့ မိဘတွေက အခုကိစ္စကို လေးလေးနက်နက် စဉ်းစားချင့်ချိန်ပြီးမှ ဆုံးဖြတ်ထားကြောင်းကို လွန်းဆက်မောင်ကတော့ နားလည်ပေးလို့ ရတယ်။

အဲဒီနောက်တော့ နေ့တိုင်းက အင်မတန်မှ ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်တွေချည်းပဲ။ သူတို့က တစ်ပတ်မှာ အနည်းဆုံး နှစ်ခါလောက်တော့ လူချင်းတွေ့ဖြစ်ကြတယ်။ တတွတ်တွတ် ပြောနေတတ်တဲ့ ယုမေရဲ့ အနာဂတ် စီမံကိန်းအကြောင်းကိုလည်း လွန်းဆက်မောင်က မညည်းမညူ နားထောင်ပေးတတ်တယ်။ မနှစ်ဆောင်းတွင်းမှာ ယုမေရဲ့ ၂၂ နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့ကြတယ်။ ဒါနဲ့ သူတို့ရဲ့ ထိမ်းမြားမင်္ဂလာပွဲကိစ္စကို စပြီး တိုင်ပင် ပြင်ဆင်ကြရတော့တယ်။

ယုမေအတွက်တော့ အဲဒါတွေက နှင်းဆီရောင် ပျော်ရွှင်ဖွယ် နေ့ရက်တွေပေါ့။ ကန်နံဘေးမှာ ရှိတဲ့ ချာ့ချ်ကျောင်းမှာ မင်္ဂလာပွဲကို ကျင်းပမယ် ဆိုတဲ့ ငယ်ဘဝ အိပ်မက်ကလည်း မကြာခင်မှာ အကောင်အထည် ပေါ်လာတော့မယ်။

ယာဉ်တိုက်မှုကြောင့် ယုမေအနေနဲ့ ပိုက်ကျော်ခြင်းကို မဖြစ်မနေ စွန့်လွှတ်လိုက်ရပေမယ့် မော်တော်ကားကို အရင်လို မောင်းမြဲ ဆက်မောင်းနေရတာကလည်း အင်မတန်မှ သဘာဝကျတဲ့ ရွေးချယ်ဆုံးဖြတ်မှု တစ်ခုပဲ။ ဘယ်ခြေက အရင်လို မသန်တော့ကာ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ ဆိုရင် မော်တော်ကားကို မဖြစ်မနေ အားကိုးရတော့မယ် မဟုတ်လား။

ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ သူက ကားမောင်းရင် အင်မတန်မှ သတိထားတယ်။ ကားအရှိန်ကို ဘာအကြောင်းနဲ့မှ ထိန်းမလွယ် သိမ်းမလွယ်တဲ့ အဆင့်မျိုးရောက်အောင် မမောင်းတော့ဘူး။ ဘယ်လောက်ပဲ ပျာယာခတ်နေပါစေ၊ စတီယာရင်ကို ဘယ်တော့မှ ဘယ်ညာ မှားလှည့်မှာ မဟုတ်ဘူး။ ပြီးတော့ သူ့ခြေဖဝါးက ဘရိတ်ခုံမှာ ကော်ကပ်ထားသလားလို့တောင် အောက်မေ့ရတယ်။

အိပ်ဆေးကရော … ပန်းနုဝေရဲ့ ထင်မြင်ချက်က အတွေးထဲ တိုးဝင်လာတယ်။ အဲဒီအယူအဆကတော့ အမှန်ပဲ ဖြစ်နိုင်ခြေ ရှိတယ်။

ဒါပေမယ့် ယုမေကို သတ်ချင်တဲ့သူက တကယ် ရှိနိုင်လို့လား။

စောစောတုန်းက နန်းမိုရ်ခ ပြောခဲ့သလိုပဲ။ အားလုံးက ယုမေကို အတော်လေး ချစ်ကြတယ်လေ။

ဘယ်တုန်းကလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ လွန်းဆက်မောင်က ယုမေရဲ့ ဓာတ်ပုံအရှေ့မှာ ရပ်ရင်း မမှိတ်မသုန် ငေးစိုက်ကြည့်နေတုန်းမှာ ဒေါ်သင်းလှက သူ့အနားကို ရောက်လာပြီး သူ့ကို ပြောတယ်။ တကယ်လို့သာ သားတို့ကို ခပ်စောစောကတည်းက အိမ်ထောင်ချပေးလိုက်ရင် အခုကိစ္စမျိုးနဲ့ ကြုံချင်မှ ကြုံရတော့မှာ တဲ့။

လွန်းဆက်မောင်က ဘာမှ မပြောဘဲ ခေါင်းညိတ်နေခဲ့မိတယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *