မာတိကာကြည့်ရန်

(ခ)

ထမင်းဟင်းတွေကို ခေါင်းမဖော်တမ်း စားပြီးတဲ့နောက်မှာ လူငယ်တွေက ဝိုင်ခွက်ကိုယ်စီနဲ့ အချိုပွဲတည်းနေကြတယ်။ ဒေါ်သင်းလှရဲ့ အချက်အပြုတ်လက်ရာက ထိပ်တန်းဆို ထိပ်တန်းထဲကပဲ။ သူတို့မိသားစုက ကျိကျိတက် ချမ်းသာကြတဲ့ မိသားစု ဖြစ်နေပေမယ့် ဒေါ်သင်းလှက ကိုယ်တိုင် ဟင်းချက်ရမှ ကျေနပ်တတ်တဲ့ အိမ်ရှင်မမျိုး။ သမီးဖြစ်သူ ယုမေကိုလည်း မိခင်က ငယ်စဉ်ကတည်းက အလိုမလိုက်၊ ပစ်မထားဘဲ သူနဲ့အတူ ထမင်းဟင်း ချက်စေခဲ့တယ်။ ဒါကြောင့် ယုမေရဲ့ ဟင်းချက်လက်ရာကလည်း အပျံစားထဲကပေါ့။ လွန်းဆက်မောင်က အရင် အကြိမ်ပေါင်းများစွာ စားသုံးခဲ့ဖူးတဲ့ ယုမေရဲ့ ခံတွင်းတွေ့ဖွယ် ဟင်းလျာတွေကို ပြန်လည် သတိမရဘဲ မနေနိုင်အောင် ဖြစ်နေတော့တယ်။ ဒီကနေ့ည သူ စားမျိုခဲ့ရတဲ့ ဟင်းလျာအရသာတွေက ဟိုးအရင်တစ်ချိန် စားသုံးခဲ့ဖူးတဲ့ ဟင်းလျာတွေနဲ့ အရသာချင်း တူမျှနေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေမယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က စတင် ဖြန့်ချိခဲ့တဲ့ ပန်းနုဝေရဲ့ လုံးချင်းဝတ္ထု အကြောင်းက ဒီနေ့ညစကားဝိုင်းရဲ့ ပင်မခေါင်းစဉ် ဖြစ်လာခဲ့တယ်။ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ပန်းနုဝေက ပထမဆုံး လုံးချင်းဝတ္ထုတစ်အုပ်ကို အသက် ၂၀ မပြည့်ခင်ကတည်းက ထုတ်ဝေနိုင်ခဲ့ပြီး စာဖတ်ပရိသတ်ရဲ့ သောင်းသောင်းဖြဖြ အားပေးမှုကို ရရှိသွားခဲ့တယ်။ ဒါကြောင့် သူက မကြာမတင်ကမှ အသစ်ရရှိထားတဲ့ အစိုးရအလုပ်ကို ထွက်ပစ်ပြီး စာပေနဲ့ နီးစပ်တဲ့ အလုပ်သစ်တစ်ခုကို ထပ်မံ ရှာဖွေခဲ့တယ်။

“သမီးရဲ့ စာအုပ်ကို ဖတ်ကြည့်လိုက်တော့ သမီးက အချစ်အကြောင်းကို အတော်ကြီး နှံ့နှံ့စပ်စပ် ရေးနိုင်တာ တွေ့ရတယ်။ ဆိုစမ်းပါဦး။ အဲဒီ ကုန်ကြမ်းတွေကို ဘယ်ကနေ ရထားခဲ့တာလဲ”

ဦးဟန်သာက ရေအတန်ရောထားတဲ့ ဝီစကီခွက်ကို ကိုင်လျက် စူးစမ်းတဲ့ အကြည့်နဲ့ ပန်းနုဝေကို မေးခွန်းထုတ်လိုက်တယ်။

“အဲဒါတွေက အများအားဖြင့်တော့ တွေးယူထားတာတွေချည်းပဲ။ အဲဒီလို ချစ်ကြိုက်ကြရင် ကောင်းမှာပဲလို့ စိတ်ကူးနဲ့ ပုံဖော်ကြည့်ထားတာပေါ့ ဦးရယ်” ပန်းနုဝေက နှိမ့်ချစွာ ပြောတယ်။

“အများအားဖြင့် … ဒါဆို အဲဒီအထဲမှာ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး ထည့်ရေးထားတာလည်း ပါတယ်လို့ ဆိုလိုချင်တာလား”

လွန်းဆက်မောင်က သူ့ကို စနောက်လိုခြင်း အလျင်းမရှိဘဲ​ သဘောရိုးနဲ့ သိချင်နေတဲ့အတိုင်း မေးလိုက်တယ်။

“တစ်သဝေမတိမ်း ကူးထည့်ထားတာမျိုးတော့ မပါပါဘူး။ နည်းနည်း ချဲ့ကားပြီး ရေးထားတာလောက်တော့ ပါတာပေါ့။ ဒါပေမယ့် တကယ့်ကို နည်းနည်းလေးပါပဲ”

“ပန်းနုရဲ့ တကယ့်အချစ်ဇာတ်လမ်းကို ဦးက ဖတ်ချင်နေတာ”

ဦးဟန်သာရဲ့ စကားအဆုံးမှာ အားလုံးက ရယ်မောလိုက်ကြတယ်။

“ပန်းနုက စာရေးဆရာမ ဖြစ်သွားပြီ ဆိုတော့ တကယ့်ကို အထင်ကြီးစရာပဲ။ အရင်က အရူးထပြီး ယုမေနဲ့အတူ ပိုက်ကျော်ခြင်း ခတ်ခဲ့ဖူးသေးတယ်။ နောက်တော့ သူက ဆက်မခတ်တော့ဘဲ ကျောင်းစာကိုပဲ တစိုက်မတ်မတ် လုပ်သွားခဲ့လို့ အတော်ကို အကျိုးရှိသွားတယ်”

“ကျွန်မက အဲဒီလို ကိုယ်ကာယ သုံးပြီး လုပ်ရတဲ့ အလုပ်မျိုးတွေနဲ့ ပတ်သက်လာရင် ပါရမီ မရှိဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် အစောကြီးကတည်းက သတိထားမိနေပြီးသားပါ။ ဒါပေမယ့် ခက်တာက ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းလည်း မသိတော့ကာ သူများယောင်တိုင်း လိုက်ယောင်ရင်း အဲဒီလို အူကြောင်ကြောင်နဲ့ပဲ အချိန်တွေ အများကြီး ကုန်သွားခဲ့တယ်လေ”

ဒေါ်သင်းလှက ရေနွေးပန်းကန်ကို လက်မှ ချပြီး စားပွဲပေါ်က ကြွေပန်းအိုးကို စိုက်ကြည့်နေရင်း ပြောတယ်။

“သမီး ယုမေမှာလည်း အဲဒီလို ပါရမီပါမပါ ဆိုတာကို အမှန်အတိုင်း သိခဲ့ကြတာ မဟုတ်ဘူး။ တကယ်လို့သာ သူလည်း သင်ရင်းတန်းလန်းနဲ့ လက်မြှောက် အရှုံးပေးသွားခဲ့ရင် အခြေအနေတွေ အတော်များများက ပြောင်းလဲသွားခဲ့မှာ …..”

သူ့ရဲ့ စကားကြောင့် လူတွေအားလုံး နှုတ်ဆိတ်ကုန်တယ်။

“ဒီလိုအချိန်မျိုးမှာ ဒါမျိုးတွေ မပြောစမ်းပါနဲ့။ စိတ်မချမ်းသာစရာ အကြောင်းတွေကို မပြောကြကြေးလို့ တိုင်ပင်ထားပြီးသား မဟုတ်လား။ ဆက်မောင်လည်း ဒီမှာ ရှိနေတယ်လေကွာ”

ဦးဟန်သာက ဝင်ဟန့်တယ်။

ဒေါ်သင်းလှက ခေါင်းကို ငိုက်စိုက်ချထားတယ်။ အဲဒီနောက် မချိတင်ကဲ ပြုံးလျက် ခေါင်းပြန် ထောင်လာပြီး လွန်းဆက်မောင်ကို တောင်းပန်လိုက်တယ်။

“ဆောရီးပဲ သားရယ်၊ စိတ်မကောင်းစရာတွေ ပြောမိသွားပြီ”

“ရပါတယ် ဒေါ်ဒေါ်။ ကျွန်တော်လည်း နေတတ်အောင် ကြိုးစားနေပါတယ်” လွန်းဆက်မောင်က ပြန်ဖြေတယ်။

အခန်းတွင်းရဲ့ လေးလံထိုင်းမှိုင်းနေတဲ့ လေထုဖိအားကို ပေါ့ပါးသွားစေဖို့အတွက် ဦးဟန်သာက စကားခေါင်းစဉ်ကို ပြောင်းချလိုက်တယ်။ မနက်ဖြန် ကန်ကြီးထဲ လှေလှော်ကြမှာမို့ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင် စစ်ဆေးကြဖို့ သူက အခြေအနေတွေကို အကြမ်းဖျင်း ရှင်းပြနေတယ်။

“ငါးမျှားလို့ရော ရလား”

နှင်းသူရဲ့ နံဘေးမှာ ထိုင်ပြီး တစ်ချိန်လုံး တေမိလုပ်နေတဲ့ စိုးဇေယျဆီက ပထမဆုံးသော စကားလုံးတွေ ထွက်ကျလာတယ်။

“ကြိုတင်တော့ စီစဉ်ထားတာ မရှိဘူး။ ဒါပေမယ့် မင်းက ငါးမျှားချင်သပ ဆိုရင်တော့ လုပ်ပေးလို့ ရနိုင်ပါတယ်။ မိုရ်ခ၊ ဖြစ်နိုင်တယ် မဟုတ်လား”

“ဖြစ်နိုင်လောက်ပါတယ်၊ ဆရာ” နန်းမိုရ်ခက မဆိုင်းမတွ ဖြေတယ်။

လွန်းဆက်မောင်က မှင်တက်နေမိတယ်။ အခုလို ရုတ်တရက် တောင်းဆိုလာတာမျိုးကို သူသာဆိုရင် ချက်ချင်း ထစီမံနိုင်မှာ မဟုတ်ကြောင်း သူ တွေးနေမိတယ်။ ဒါကြောင့်လည်း ဦးဟန်သာက နန်းမိုရ်ခကို သူ့ရဲ့ စကတ္ထရီအဖြစ် ခန့်အပ်ထားတာပဲ ဖြစ်ရမယ်။

“နှင်းဖေဖေရဲ့ ကျူရှင်မှာ ကူလုပ်ပေးနေရတာ အခု အခြေအနေ ဘယ်လိုနေလဲ။ အရင်ကလို ပင်ပန်းတုန်းပဲလား”

လွန်းဆက်မောင်က စားပွဲစွန်းခြားနေတဲ့ နှင်းသူကို စကားစလိုက်တယ်။ သူ့ရဲ့ တစ်ဖက်မှာ ရှိနေတဲ့ စိုးဇေယျကလည်း သူနဲ့ စကားပြောနိုင်ဖို့ အခွင့်ချောင်းပြီး နှုတ်ခမ်းတပြင်ပြင် ရှိနေခဲ့တယ်။

“အလုပ်က ကျွမ်းကျင်သလောက် ရှိနေပါပြီ။ နှင်းက ငွေရေးကြေးရေးကိစ္စတွေကိုပဲ ကိုင်ပေးရတာ”

နှင်းသူက ကော်ဖီခွက်ကို ကိုင်လျက် အနည်းငယ် ရှက်ရွံ့နေဟန်နဲ့ ပြန်ဖြေတယ်။ သူ သောက်ထားတဲ့ ကဖင်းဓာတ်ကြောင့်လားတော့ မသိဘူး။ သူ့ရဲ့ နှုတ်ခမ်းတွေက ရဲတောက်နေပြီး မျက်လုံးတွေက အရောင်တလဲ့လဲ့ ရှိနေကြတယ်။

“ဒါပေမယ့် လုပ်ငန်းတစ်ခုလုံးအနေနဲ့ ပြောရရင် အတော်တော့ လုံးပန်းနေရတယ်။ အခုတလော အပြိုင်အဆိုင်တွေလည်း များလာပြီကိုး”

“ဟုတ်မှာ။ ကျွန်တော်လည်း သတင်းတွေ ကြားတယ်”

နှင်းသူရဲ့ ဖခင်က တခြား ဆရာ သုံးယောက်နဲ့အတူ ပေါင်းပြီး ဝိုင်းကျူရှင်တစ်ခုကို တည်ထောင်ထားတယ်။ သူ့ရဲ့ ဖခင်က အသင်အပြ ကောင်းတယ်လို့ နာမည်ကြီးတာက တစ်ကြောင်း၊ တခြားဆရာတွေကလည်း လူကြိုက်များတဲ့ ဆရာတွေ ဖြစ်တာက တစ်ကြောင်း၊ နှစ်တိုင်း ဂုဏ်ထူးပါတဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနိုင်ခဲ့တာက တစ်ကြောင်းကြောင့် သူ့ရဲ့ ဝိုင်းကျူရှင်က အထိုက်အလျောက်တော့ နာမည်ရနေတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာ ပုဂ္ဂလိကကျောင်းတွေကို အစိုးရက တရားဝင် ဖွင့်ခွင့် ပြုလာတာကြောင့် ကျောင်းသားမိဘတွေက ဝိုင်းကျူရှင်အစား အဲဒီပုဂ္ဂလိကကျောင်းတွေကို ပိုပြီး​ အာရုံကျလာကြတယ်။

ယောက်ဖဖြစ်သူ ဦးဟန်သာက လိုအပ်တဲ့ ငွေကြေးအကူအညီကို အချိန်မရွေး တောင်းခံနိုင်ကြောင်း ကမ်းလှမ်းထားတယ်လို့ ကြားထားခဲ့ဖူးပေမယ့် နှင်းသူတို့ သားအဖက ခေါင်းမာစွာနဲ့ပဲ သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ဆက်လက် ကြိုးပမ်းနေပြီးတော့ ဦးဟန်သာရဲ့ အကူအညီပေးမှုကို ငြင်းဆန်နေခဲ့ကြတယ်။

နှင်းသူက ဘွဲ့ရပြီးတဲ့နောက်မှာ ပြင်ပ အခြားအလုပ်ကို မရှာတော့ဘဲ သူ့ဖခင်ရဲ့ အလုပ်မှာ ဖိဖိစီးစီး ဝင်ရောက် ကူညီပေးနေခဲ့တယ်။

“ကျောင်းသားတွေ နည်းသထက် နည်းလာလို့ ဖေဖေကတော့ ခေါင်းကိုက်နေတယ်”

“ဟုတ်မှာပေါ့။ ကုန်စုံဆိုင်လေးတွေလည်း ဘာထူးလဲ။ တစ်နေရာတည်းမှာ အကုန် ဝယ်လို့ရတဲ့ ဝမ်းစတော့ ရှော့ပင်းကြောင့် ကုန်စုံဆိုင်လေးတွေ အခက်တွေ့ကြရသလိုပဲ ကျောင်းသားမိဘတွေက ပုဂ္ဂလိကကျောင်းတွေကိုပဲ ပိုပြီး စိတ်ဝင်စားလာကြတယ် ဆိုတဲ့ သတင်းတွေကို ကြားနေရတယ်”

“ဝိုင်းကျူရှင်အကြောင်း ပြောနေကြတာလား”

နဂိုက ဦးဟန်သာနဲ့ ဘောပွဲအကြောင်း ပြောနေတဲ့ စိုးဇေယျက သူ့ခန္ဓာကိုယ်နဲ့ အချိုးမမျှတဲ့ သူ့ရဲ့ မျက်နှာကြီးကို နှင်းသူဘက် ရုတ်ခြည်း ဆွဲလှည့်လိုက်တယ်။

“ဟုတ်တယ်”

နှင်းသူက သူ့ကို မကြည့်ဘဲ ခေါင်းညိတ်ပြတယ်။

“အေးဗျ” စိုးဇေယျက မဆီမဆိုင် မျက်မှောင်ကို အားရပါးရ ကြုတ်ထားတယ်။ “ကိုယ်တို့လုပ်ငန်းနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ဆိုပေမယ့် ကိုယ့်အမြင်ကို ပြောရမယ် ဆိုရင်တော့ ဦးဝေမှိုင်းအနေနဲ့ အဲဒီ ကျူရှင်ဆိုတာကြီးကို ဆက်မလုပ်သင့်တော့ဘူး ထင်တာပဲ။ တကယ်လို့ သင်ကြားရေးကို ဆက်လုပ်ချင်တယ် ဆိုရင်လည်း ဒီခေတ်မှာက အကြီးကြီးကို ကိုင်နိုင်မှ ဖြစ်တော့မှာ။ ချောက်ချီးချောက်ချက်နဲ့ ကျူရှင် ဆက်ပေးနေရင်တော့ ကြာလေ ကျပ်တည်းလေ ဖြစ်လာမှာပဲ”

“ဒါပေမယ့် နှင်းတို့လို ဝိုင်းကျူရှင်လေးတွေက ရှိသင့်ရှိထိုက်လို့ ရှိနေခဲ့တာပဲလေ။ လောကမှာ ငွေကြေး ပြည့်စုံသူချည်း ရှိနေတာ မဟုတ်ဘူး။ ဖေဖေက အဲဒီလိုပဲ ခံယူထားတာ”

နှင်းသူက အခုထိ စိုးဇေယျဘက်ကို လှည့်မကြည့်သေးဘူး။

“ခေတ်ကြီးက ကိုယ်တို့ ငယ်ငယ်ကခေတ်နဲ့ နည်းနည်းမှ တူတော့တာ မဟုတ်ဘူး။ ပုဂ္ဂလိကကျောင်းတွေမှာ မထားနိုင်တဲ့ မိဘတွေ ရှိမှာပါပဲ။ ဒါပေမယ့် ခေတ်စနစ်အရ မိဘတွေက ခြစ်ကုတ်စုပြီး ကိုယ့်သားသမီးကို မပြောင်းမရွှေ့ရဘဲ အရိပ်ထဲမှာ မပင်မပန်း ပညာသင်နိုင်အောင် ပုဂ္ဂလိကကျောင်းတွေမှာ ကြိုးစားထားကြမှာ။ ဒီတော့ ကျူရှင်တွေ၊ ဝိုင်းတွေမှာက ကျောင်းသားတွေ နည်းသထက် နည်းလာမှာပဲ။ ဒီရေစီးကြောင်းကို အန်တုဖို့ မဖြစ်နိုင်ဘူး”

စိုးဇေယျက နှင်းသူအနားကို တိုးကပ်သထက် တိုးကပ်လာတယ်။ သူ့ရဲ့ နှာခေါင်းနဲ့တောင် ထိုးမိနိုင်လောက်တဲ့ အကွာအဝေးမျိုး။ သူက စကားတစ်ခွန်း ပြောဆိုလိုက်ရင် တံတွေးစက်က နှင်းသူရဲ့ ကော်ဖီခွက်ထဲကို တန်းတန်းမတ်မတ် ကျရောက်သွားပေတော့မယ်။ သူ ပြောကြားနေတဲ့ အကြောင်းအရာထက် လွန်းဆက်မောင်က အဲဒီအချက်ကို ပိုပြီး စိတ်ဝင်စားနေမိတယ်။

“ပြီးတော့” စိုးဇေယျက ရေတစ်ငုံ မော့သောက်ပြီး ခါးကို မတ်မတ်ဆန့်လို့ စကားကို ဆက်တယ်။ “နှင်းသူ အဲဒီအလုပ်လုပ်နေတာကို ကိုယ်ကတော့ သဘောမကျဘူး။ အရင်တုန်းကလည်း ကိုယ် ပြောခဲ့ဖူးပါတယ်။ အဲဒီအလုပ်က တက်လမ်း မရှိဘူးလေ။ လုပ်မယ့်လုပ်တော့ တက်လမ်းရှိတဲ့ ကုမ္ပဏီ ခပ်ကြီးကြီးမှာ ဝင်လုပ်သင့်တာပေါ့”

“ကျွန်မက အဲဒီလို တွေးမိပါတယ် ….”

“တွေးသင့်တာပေါ့ဗျာ။ အခုလည်း နောက်မကျသေးပါဘူး။ ဥပမာ ပြောရရင် မင်း ကိုယ်တို့ရဲ့ ဆေးရုံမှာ လာလုပ်နိုင်တာပဲ”

စိုးဇေယျက ပွယောင်းယောင်း နှာခေါင်းကြီးရဲ့ နှာခေါင်းပေါက် တစ်ပေါက်ကို လက်ညှိုးနဲ့ ထိုးဆွနေတယ်။ လွန်းဆက်မောင် သဘောပေါက်သွားခဲ့ပြီ။ ဒီလူက ဒီလောက်တောင် လေကြောရှည်နေတာ လက်စသတ်တော့ ဒီစကားတစ်ခွန်းအတွက် လမ်းကြောင်းနေခဲ့တာကိုး။

“ဒါပေမယ့် နှင်းက ဖေဖေ့ကို ကူလုပ်ပေးချင်သေးတယ်လေ”

နှင်းသူက ပြုံးလျက် ထိုင်ခုံပေါ်ကနေ မတ်တတ်ထရပ်လိုက်တယ်။ ဒေါ်သင်းလှက မီးဖိုဆောင်ထဲမှာ နောက်ထပ်အချိုပွဲတွေ ပြင်ဆင်နေတယ်။ သူက ကူညီလုပ်ဆောင်ပေးဖို့ ထသွားခဲ့တာ ဖြစ်မယ်။ ငါးမျှားကြိုးကို ဒီလောက် အရှည်ကြီး ချထားခဲ့ပြီးမှ ငါးမလေးက အလွယ်တကူပဲ ရှောင်ထွက်သွားခဲ့တာ မဟုတ်လား။ စိုးဇေယျရဲ့ မျက်နှာက အီးမှန်ထားတဲ့အတိုင်းပဲ။

စိုးဇေယျရဲ့ အကြောင်းကို မင်းအာကာ စပြောတုန်းက ဒီနေရာကို လာဖို့ သူ့မှာ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိတယ်လို့ ပြောကြားခဲ့တယ်။ ဒါကို ဆိုလိုတာပဲ ဖြစ်ပေလိမ့်မယ်။ သူ့ရဲ့ စတော်ဘယ်ရီ နှာခေါင်းကို ငေးကြည့်နေရင်း လွန်းဆက်မောင် သဘောပေါက်သွားတယ်။

ဟုတ်ပါတယ်။ လွန်းဆက်မောင် ကိုယ်၌ကလည်း နှင်းသူကို အများနဲ့ မတူတဲ့ ကောင်မလေးတစ်ယောက်လို့ မှတ်ယူထားတယ်။ သူနဲ့ ပထမဆုံးအကြိမ် ဆုံစည်းဖြစ်ခဲ့တာက အရင်နှစ်ရဲ့ ခရစ္စမတ်ည။ နဂိုကတော့ လွန်းဆက်မောင်က ယုမေနဲ့ နှစ်ယောက်တည်း ညစာစားဖို့ စီစဉ်ထားခဲ့တာပဲ။ ဒါပေမယ့် ယုမေက သူ့ရဲ့ ဝမ်းကွဲညီမကို ခေါ်လို့ ရမရ မေးလာခဲ့တယ်။

“သူက ယုအောက် တစ်နှစ်ငယ်တယ်။ ယုတို့က အမြွှာညီအစ်မတွေလို သွားအတူ လာအတူ နေလာခဲ့ကြတာ။ ငယ်ငယ်လေးကတည်းက ကစားရင်လည်း နှစ်ယောက်အတူတူပဲ။ ယုနဲ့ သူနဲ့က အပြန်အလှန် ကတိပြုထားကြတာလေ။ ဘယ်သူပဲ ဖြစ်ဖြစ် ချစ်သူရည်းစားရရင် ခရစ္စမတ်ညမှာ တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပေးရမယ်လို့”

ယုမေရဲ့ မျက်နှာပေါ်မှာ ကလေးဆန်တဲ့ အပြုံးလေးတစ်ခုက တွဲခိုနေတယ်။

“မောင့်ဘက်က ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အခုလို အချိန်ကြီး သူ့ကို လှမ်းခေါ်လို့ ကောင်းပါ့မလား”

“ဘာ မကောင်းစရာ ရှိလဲ။ သူက ဟိုဘက်နားမှာ ယုတို့အခေါ်ကို စောင့်နေတယ်။ သူ့ကို သွားခေါ်လိုက်မယ်နော်”

ယုမေက သူ့ကို ချိုမြစွာ ပြုံးပြပြီးနောက် နေရာမှ ထသွားတယ်။

တစ်အောင့်နေတော့ သူ့ရှေ့မှောက် ရောက်ချလာတဲ့ နှင်းသူက နာမည်နဲ့လိုက်အောင် အသားအရေ ဖြူဥပြီး မျက်နှာက ကြည်စင်နေတယ်။ တစ်ကိုယ်လုံးမှာက အနက်ရောင်ကို ဝမ်းဆက် ဝတ်ဆင်ထားတာကြောင့် အသားအရေက ပိုလို့တောင် တောက်ပနေသယောင် ထင်မှတ်ရတယ်။ သူနဲ့ ယုမေရဲ့ ကိုယ်လုံးကိုယ်ပေါက်က ခွဲမရနိုင်လောက်အောင် နီးနီးစပ်စပ် တူညီနေကြတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းတချို့ပဲ မသိမသာ ကွဲပြားနေတယ်။ သူတို့ မိသားစုကြီးရဲ့ မျိုးရိုးဗီဇကြောင့်ပဲလားတော့ မဆိုနိုင်ဘူး။ သူ့ရဲ့ ကိုယ်ပေါ်မှာက ယုမေမှာလိုပဲ မိန်းမပျိုတစ်ယောက်ရဲ့ ပွင့်လင်းရိုးသားတဲ့၊ အပြစ်ကင်းစင်တဲ့ အငွေ့အသက်ကို တွေ့မြင်ခံစားရတယ်။ သို့ပေမယ့် သူက ယုမေလို သွက်လက်ချက်ချာခြင်း မရှိဘဲ ကိုယ်နှုတ်အမူအရာ တည်ငြိမ်အေးဆေးပြီး စိတ်သဘောထားက နူးညံ့ပျော့ပျောင်းတယ်။

နှင်းသူက ပိုက်ကျော်ခြင်း မပြောနဲ့၊ ဘာအားကစားကိုမှ စိတ်မဝင်စားဘူး။ စောစောက ပြောခဲ့သလိုပေါ့။ သူက နုနုရွရွလေး နေတတ်တဲ့သူ မဟုတ်လား။ အကြမ်းပတမ်းတွေကို ယုမေလို သူက စိတ်ဝင်စားတာ မဟုတ်ဘူး။ ဒါပေမယ့် ပွဲကြည့်ပရိသတ်အနေနဲ့တော့ စိတ်လိုလက်ရနဲ့​ ကြည့်ရှုအားပေး ခံစားတတ်တယ်။ လူတစ်ဖက်သားအပေါ် သည်းခံတတ်တဲ့၊ နားလည်စာနာပေးတဲ့ သူ့ရဲ့ ပင်ကိုစရိုက်ကြောင့်ပဲလားတော့ မဆိုနိုင်ဘူး။ အဲဒီလို အကြောင်းတွေကြောင့်ပဲ လွန်းဆက်မောင်နဲ့ ယုမေတို့က သူတို့နှစ်ဦးရဲ့ ချိန်းတွေ့ရာ နေရာတွေဆီ နှင်းသူကိုလည်း မကြာမကြာ ဖိတ်ခေါ်ဖြစ်ခဲ့တယ်။

“နင်တို့ရဲ့ နှစ်ယောက်ကမ္ဘာလေးကို အနှောင့်အယှက် ပေးသလို ဖြစ်သွားလို့ အားတောင်နာတယ်” နှင်းသူက ပြောတယ်။ ယုမေက ပြန်ဖြေတာက “တစ်ခါတလေလေး နှစ်ယောက်တစ်ကမ္ဘာ မဖြစ်ရတာ ကိစ္စမရှိပါဘူးဟာ” တဲ့။

အဲဒီလိုနဲ့ လွန်းဆက်မောင်က နှင်းသူရဲ့ ဖခင်ကိုလည်း ခင်မင်ရင်းနှီးလာပြီးတော့ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ တိုင်ပင်ဆွေးနွေးတာမျိုးတွေ ရှိလာခဲ့တယ်။

ဒါပေမယ့် စိုးဇေယျ ဆိုတဲ့ လူတစ်ယောက်အကြောင်းကိုတော့ သူတို့သားအဖဆီကနေ သူ တစ်ခါမှ မကြားခဲ့ဖူးဘူး။

လွန်းဆက်မောင်က စိုးဇေယျရဲ့ မျက်နှာတစ်ခြမ်းကို ကြည့်ရင်း အတွေးပွားနေမိတယ်။ သူတို့က သွေးဝေးကြပေမယ့် ဆွေမျိုးသားချင်းတွေ ဖြစ်ကြတာကြောင့် ပုံမှန်အဆက်အသွယ်တော့ ရှိနေကြမှာ သေချာသလောက်ပဲ။ သူတို့နှစ်ဦးရဲ့ ကွာခြားလှတဲ့ အသက်အရွယ်ကို တွေးကြည့်မိတယ်။ စိုးဇေယျက အရွယ်ရောက်ပြီး ဆေးတက္ကသိုလ် တက်နေတုန်းမှာ နှင်းသူက မူလတန်းကျောင်းသူ ဒါမှမဟုတ် အလယ်တန်းကျောင်းသူပဲ ရှိနေဦးမယ်။ အဲဒီကာလအတွင်းမှာ အနှီယောကျ်ားက နှင်းသူတစ်ယောက်တည်းကိုပဲ အမျှော်တော်စိုက်ပြီး ရည်းစားသနံ မထားဘဲ စောင့်နေခဲ့ပါ့မလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပေါ်မှာ ရှင်းပြရခက်တဲ့ တစ်ယူသန် တဇောက်ကန်း စိတ်ဓာတ်မျိုးကို တွေ့မြင်နေရတာကြောင့် အဲဒီလို မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ် မဆိုနိုင်ဘူး။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဆိုတဲ့ အစားထဲကများလား။ အဲဒီအကြောင်းအရာကို တွေးကြည့်ရုံနဲ့တင် လွန်းဆက်မောင်ရဲ့ စိတ်ထဲမှာ မအီမသာ ဖြစ်၍လာတယ်။

ညစာစားပြီးကြတဲ့အခါမှာ ယောက်ျားတွေက ဧည့်ခန်းမှာ ထိုင်ပြီး တောင်တောင်ဤဤ ဆက်ပြောနေကြတယ်။ တစ်ခဏအကြာမှာ ဒေါ်သင်းလှနဲ့ နှင်းသူတို့က သိမ်းဆည်းစရာ ရှိတာတွေကို သိမ်းဆည်းပြီးလို့ စကားဝိုင်းထဲကို ဝင်ရောက်လာတယ်။ အဲဒီနောက် ဦးဟန်သာနဲ့ နန်းမိုရ်ခက စစ်တုရင်ဘန်းပေါ်မှာ အရုပ်များကို အသစ်တဖန် ပြန်စီနေကြတယ်။ မင်းအာကာက လွန်းဆက်မောင်ကို ခေါ်ပြီး နှင်းသူ၊ ပန်းနုဝေတို့နဲ့အတူ ပိုကာဝိုင်းဖို့ ထိုင်လိုက်ကြတယ်။ ဒေါ်သင်းလှက သူတို့အားလုံးဆီကို အချိုရည်တွေ ငှဲ့ထည့်ပေးဖို့ တာဝန်ယူထားတယ်။ စိုးဇေယျက ဘာလုပ်နေပါလိမ့်။ လွန်းဆက်မောင်က မသိမသာ အကဲခတ်ကြည့်တယ်။ ထင်ထားတဲ့ အတိုင်းပဲ၊ သူက ထိုင်ခုံတစ်လုံးကို ဆွဲမ,လို့ နှင်းသူနံဘေးမှာ ထိုင်ရင်း ဖဲချပ်တွေကို လက်ညှိုးထိုးလျက်နဲ့ နှင်းသူကို ဆရာလုပ်နေတယ်။ နှင်းသူရဲ့ ပုံက ကျေနပ်လှတာမျိုး မဟုတ်ပေမယ့် နှုတ်ကနေ ထုတ်ဖော်ပြောကြားတာ မရှိတော့ စိုးဇေယျက ပိုလို့တောင် အတင့်ရဲလာတော့တယ်။

လွန်းဆက်မောင် မှန်းဆထားတဲ့ အတိုင်းပဲ၊ ပန်းနုဝေက ပိုကာတွဲရာမှာ အတော်ကို ဆရာကျတယ်။ ကျွမ်းကျင်လိမ္မာတယ်။ သူက ဖဲကံကောင်းတယ်လို့ မဆိုနိုင်ပေမယ့် ပစ်ဖဲ၊ စားဖဲနှင့် ချူဖဲကို ပညာသားပါပါ အသုံးချ တွဲဆက်နိုင်တာကြောင့် နိုင်ပွဲတွေ ဆက်နေခဲ့တယ်။ များမကြာခင်မှာပဲ သူ့ရဲ့ အရှေ့မှာ အကြွေတွေ ဟည်းထလာတယ်။

“ဝေဖဲ မကောင်းဘူး ဆိုတာတောင်မှ နိုင်ပွဲဆက်အောင် ကစားနိုင်တာ အံ့လောက်ပါတယ်ကွာ။ သတ္တိက ကောင်း၊ လူကလည်း အတော်လေး မှင်သေတော့ တကယ့်ကို ဖဲရာဇာကြီး ကျနေတာပဲ”

အတော်များများ ရှုံးထားပြီး ဖြစ်တဲ့ မင်းအာကာက ချီးကျူးစကား ဆိုတယ်။

“နှင်းကတော့ အချိန်တိုင်းမှာ လက်တွန့်နေတတ်တာလေ ….”

နှင်းသူက ပြောရင်း ဖဲချပ်တွေကို စားပွဲပေါ် မှောက်ချလိုက်တယ်။

“နှင်းသူ၊ ငါ့အမြင်မှာတော့ နင်က တစ်ချက်ကလေးမှ အကြောက်အလန့် မရှိဘူး” ပန်းနုက သူ့ဖဲချပ်တွေကို ရင်ဘတ်မှာ အပ်ထားပြီး ပြောတယ်။ “နင်က အချိန်တန်ရင် ပြတ်ပြတ်သားသား လုပ်တတ်တာချည်းပဲ။ အဲဒါတော့ လုံးဝ သေချာတယ်”

“ဟုတ်ပါဘူး …” နှင်းသူက ရှက်စနိုးတဲ့ ဟန်ပန်နဲ့ လွန်းဆက်မောင်နဲ့ မင်းအာကာကို မော့ကြည့်လိုက်တယ်။

“အဲဒါတော့ ဟုတ်လောက်တယ်” မင်းအာကာက ဝင်ပြောတယ်။ “ယုမေက ဆိုးဆိုးဆတ်ဆတ် ထလုပ်တတ်တဲ့သူမျိုး။ နှင်းသူကို ကြည့်ရတာ အမြင်အရ ပျော့စိစိလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ယုမေက ပိုပြီးတော့တောင် သတ္တိကြောင်တတ်သေးတယ်။ သူက တစ်ချိန်လုံး ခြင်းခတ်ကွင်းထဲမှာပဲ ထရိန်နင် ဆင်းနေရတော့ကာ လောကကြီးအကြောင်းကို သိပ်သိတာ မဟုတ်ဘူး”

“ယုမေ ကြောက်တတ်တာကတော့ လုံးဝ မမှားဘူး”

အချိုရည် လာဖြည့်ပေးနေတဲ့ ဒေါ်သင်းလှက ခုနက ပြောစကားကို ကြားသွားဟန် တူတယ်။ မင်းအာကာရဲ့ စကားကို ဆက်ပြောနေတော့တယ်။

“သူ ငယ်ငယ်တုန်းက မှောင်တဲ့နေရာမှာ ညမအိပ်ရဲဘူး။ အပြင်သွားရင်လည်း ငါ့လက်ကို လုံးဝ မလွတ်တမ်း ဆွဲထားတတ်တယ်”

“ဒါပေမယ့် သူ့ရဲ့ ပင်ကိုစရိုက်က တက်ကြွပြီး ပျော်ပျော်နေတတ်တယ်။ ပြီးတော့ ပြိုင်ချင်ဆိုင်ချင်စိတ်လည်း ကြီးတယ်။ ကစားကွင်းထဲရောက်ရင် သူက တိုက်ကားမောင်းမယ် ဆိုတာချည်းပဲ”

“ဟုတ်တယ်၊ ဟုတ်တယ်” ဒေါ်သင်းလှက မျက်လုံးကို မှေးလျက် ပြောတယ်။ “ဒါကြောင့်လည်း သူ ကားစမောင်းတော့ ငါက သူ့ကို အတော်ကြီး စိတ်ပူခဲ့ရတာပေါ့။ မတန်တဆကြီး မောင်းနေရင် ဘယ့်နှယ့်လုပ်မလဲ။ … နောက်ဆုံးတော့လည်း …”

ကားမှောက်တဲ့ကိစ္စကို တွေးမိသွားတာကြောင့် ဖြစ်မယ် ထင်တယ်။ ဒေါ်သင်းလှက ရုတ်တရက် ငိုင်ကျသွားတယ်။

“ဟေ့”

ဒေါ်သင်းလှက အားလုံးရဲ့ စိတ်ကို လေးလံထိုင်းမှိုင်းသွားအောင် နောက်တစ်ခါ ထပ်ပြီး ပြုလုပ်လာနိုင်တာကြောင့် ဦးဟန်သာက အပြစ်တင်တဲ့ လေသံနဲ့ သူ့မိန်းမကို တစ်ချက် လှမ်းဟန့်လိုက်တယ်။

“အေးပါ၊ အေးပါ။ ငါ သဘောပေါက်ပါတယ်”

ဒေါ်သင်းလှက နာကျင်စွာနဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မီးဖိုဆောင်ထဲကို လှည့်ထွက်သွားဖို့ ဟန်ပြင်လိုက်တယ်။ ဒါပေမယ့် ပန်းနုဝေက သူ့ရဲ့ ခြေလှမ်းတွေကို တုံ့ရပ်သွားစေခဲ့တယ်။

“ကျွန်မအထင်တော့ ယုမေက ကားမောင်းတာ အတော်လေးကို သတိရှိတယ်”

သူ့ရဲ့ လေသံက တိကျပြတ်သားလွန်းနေတာကြောင့် ပတ်ဝန်းကျင်လေထုတောင်မှ အနည်းငယ် မွန်းကျပ်လာသလိုပဲ။ ပိုကာရိုက်နေကြတဲ့ လူတွေ၊ ဒါ့အပြင် ဦးဟန်သာနဲ့ နန်းမိုရ်ခတို့အပါအဝင် အားလုံးရဲ့ လှုပ်ရှားမှုတွေက တန့်ရပ်သွားကြပြီးတော့ သူ့ကို အလိုလို ငေးစိုက်ကြည့်မိလျက်သား ဖြစ်ကုန်ကြတယ်။

တိတ်ဆိတ်မှုထဲမှာ ပန်းနုဝေက စကားဆက်တယ်။

“ကျွန်မအမြင် ပြောရရင် သူက သတ်မှတ်မိုင်နှုန်းထက် ဘယ်တော့မှ ပိုမောင်းမှာ မဟုတ်ဘူး။ အရင်ကလည်း အဲဒီလိုကိစ္စမျိုး တစ်ခါ ကြုံဖူးပြီးပြီ မဟုတ်လား။ အဲဒီလုပ်ရပ်က ဘယ်လောက်တောင် အန္တရာယ်များသလဲ ဆိုတာကို သူက ဘဝနဲ့ရင်းပြီး တခြား ဘယ်သူ့ထက်မဆို ပိုပြီး နားလည်ထားတဲ့သူပါ”

“နားလည်တော့ရော ဘာထူးသွားလို့လဲ”

မင်းအာကာက မျက်လွှာချလျက် စားပွဲပေါ်က ဖဲချပ်တွေကို စိုက်ကြည့်နေတယ်။

“ဘာပဲပြောပြော၊ ယုမေရဲ့ ကားက ချောက်ထဲ​ ထိုးကျသွားတယ် ဆိုတဲ့ အမှန်တရားက ပြောင်းလဲသွားတာမှ မဟုတ်ဘဲ။ ပြီးတော့ …”

သူ တစ်အောင့်မျှ တုံ့ဆိုင်းသွားသည်။

“အဲဒီလို ချောက်ထဲ ထိုးကျသွားလို့ပဲ သူ သေသွားခဲ့တယ် ဆိုတဲ့ အမှန်တရားကလည်း ပြောင်းလဲမသွားဘူး”

“ဒါကြောင့် …” ပန်းနုဝေက နားထောင်နေသူတွေကို ဝေ့ဝိုက်ကြည့်ပြီး လှိုက်တက်နေသော ခံစားချက်ကို ကြိုးစားဖိနှိပ်ရင်း ပြောတယ်။ “ကား ချောက်ထဲ ထိုးကျသွားတဲ့ ကိစ္စမှာ မသင်္ကာစရာတွေ ရှိနေတယ်လို့ ကျွန်မ ယူဆတယ်။ အချက်တော်များများကို ကျွန်မ ဘယ်လိုမှ လက်ခံလို့ မရဘူး”

ဧည့်ခန်းအတွင်းရှိ လူတွေအားလုံးက အသက်ရှူဖို့တောင် မေ့လျော့သွားကြပြီးတော့ တစ်ဦးရဲ့ မျက်နှာအမူအရာကို အခြားတစ်ဦးက အကဲခတ်လို့ ငေးကြည့်နေမိကြတယ်။ လွန်းဆက်မောင်လည်း ထိုနည်းလည်းကောင်းပဲ။ ပန်းနုဝေက စကားကို တောရမ်းပယ်ဖွဲ့ လျှောက်ပြောနေတာလို့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မမှတ်ယူကြောင်း သိသာလှတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီလိုအယူအဆကို တစ်စုံတစ်ယောက်က တင်ပြလာလိမ့်မယ်လို့ အားလုံးက သဘောပေါက်ထားကြပြီးသား။

“ပန်းနုက ဘာကို သံသယ ဖြစ်နေတာလဲ”

လွန်းဆက်မောင်က ကျန်သူအားလုံးကို ကိုယ်စားပြုတဲ့အလား မေးခွန်းထုတ်လိုက်တယ်။ သူကလည်း ယုမေရဲ့ သေဆုံးခြင်းနဲ့ ပတ်သက်ပြီး အနည်းငယ် သံသယဝင်နေခဲ့တယ်။ မတော်တဆ ဖြစ်ရုံသက်သက်လောက် မဟုတ်ဘူးလို့ သူ ခံစားနေရတယ်။

“ယုမေက သူများသတ်လို့ သေရတယ်လို့ ကျွန်မ ထင်တယ်”

ပန်းနုဝေက မျက်နှာကို ခပ်တင်းတင်းထားပြီး တဲ့တိုးပဲ ပြောချလိုက်တယ်။ လူအားလုံးက သူ့ရဲ့ မျက်နှာထားကြောင့် ထိတ်လန့်ကုန်ကြတဲ့အလား နောက်တစ်ကြိမ် ဆွံ့အကုန်ကြပြန်တယ်။

နောက်ဆုံးတော့ ဖွင့်ဟပြောဝံ့သူ ရှိလာခဲ့ပြီကော။ အားလုံးရဲ့ ရင်ထဲမှာ သိုသိပ်ထားရတဲ့၊ ဘယ်သူမှ ထုတ်ဖော်ပြောကြားဖို့ မဝံ့ရဲခဲ့တဲ့ စကားတစ်ခွန်းကို နောက်ဆုံးတော့ အန်ချဝံ့သူ ရှိလာခဲ့ပြီ။

“မင်း ပြောချင်တာက … ယုမေက သူများလက်ချက်ကြောင့် သေခဲ့ရတယ်၊ အဲဒီလိုလား” ပထမဆုံး ပါးစပ်ဟသူက မင်းအာကာပဲ။ “မင်းက အတည်ပေါက်ကြီး ပြောနေတာ ဆိုတော့ ဘာများ သက်သေပြနိုင်လို့လဲ”

“အထောက်အထားတွေ အများကြီး ရှိတယ်” ပန်းနုဝေရဲ့ စကားသံထဲမှာ ယုံကြည်မှုက အပြည့်ရှိနေတယ်။ “ဘာကြောင့်သတ်ခဲ့တာလဲ ဆိုတာကိုတော့ ကျွန်မ နားလည်လို့ မရသေးဘူး။ ဒါပေမယ့် ယုမေက တခြားသူရဲ့ ပယောဂကြောင့် သေသွားခဲ့ရတာတော့ သေချာတယ်”

“ဒါပေမယ့်လေ” လေးလံထိုင်းမှိုင်းနေတဲ့ အခြေအနေကို အနည်းငယ် ပြေလျော့စေလိုတဲ့အလား နှင်းသူက စကားဆိုတယ်။ “အဲဒီအမှုကို ရဲတွေကလည်း အမျိုးမျိုး လေ့လာစုံစမ်းခဲ့သေးတယ် မဟုတ်လား။ နောက်ဆုံးကျတော့ တစ်ခုတည်းသော ဖြစ်နိုင်ခြေက မတော်တဆဖြစ်မှုပဲလို့ သူတို့က ကောက်ချက်ချခဲ့ကြတယ်လေ။ မဟုတ်ဘူးလား”

“ရဲတွေက ဘာတွေကို စုံစမ်းခဲ့တာလဲ။ ဘယ်လောက် အတိုင်းအတာအထိ စုံစမ်းခဲ့တာလဲ။ အဲဒါတွေကလည်း သံသယဖြစ်ချင်စရာတွေပဲ။ သူတို့တွေက ဘယ်လောက်တောင် နမော်နမဲ့ လုပ်တတ်သလဲ ဆိုတာ ပြောပြနေဖို့တောင် လိုမယ် မထင်ဘူး”

“မဟုတ်သေးဘူး။ အဲဒီအချက်ကတော့ သမီး အတွေးလွန်နေတာပဲ ဖြစ်မယ်”

ဒီအကြောင်းအရာကို ပြောဆိုဖို့ အစဉ်အမြဲ တိမ်းရှောင်နေတတ်တဲ့ ဦးဟန်သာက တစ်ဖက်ကို လှည့်လာပြီး ပန်းနုဝေကို ပြောတယ်။ ဘယ်လိုမှ ရှောင်တိမ်းလို့ မရနိုင်တော့လောက်အောင် စကားတွေက လွန်လာခဲ့ပြီ။ ပြောစကားတွေက လေးနက်လာတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပေမယ်။

“အဲဒီကားမှောက်တဲ့ကိစ္စက ဦးတို့အတွက်တော့ အင်မတန်မှ ကြီးကျယ်တဲ့ ကိစ္စရပ်ကြီးတစ်ခုပဲ။ အတော်ကြီးကို ဂယက်ရိုက်ခဲ့တာပေါ့။ သံသယ ရှိသင့်တာတွေ အားလုံးကိုလည်း ဦးတို့က သံသယရှိခဲ့ဖူးတယ်။ ကားကိုယ်နှိုက်က ကြံ့ခိုင်ရေး မကောင်းတာလား။ သူ့ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိလောက်တဲ့ တခြားယာဉ်မောင်းတစ်ယောက်ယောက် ရှိနေခဲ့လို့ပဲ သူက အခုလို မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့ရတာလား။ ဒါပေမယ့် အဲဒီလို ဖြစ်နိုင်ခြေတွေကို ချေဖျက်ပစ်နိုင်ခဲ့တယ်”

ပန်းနုဝေက ဒီလောက်နဲ့တော့ ကျေနပ်သေးပုံ မရဘူး။

“ဦး၊ ကျွန်မပြောနေတာက … ယုမေက သူများသတ်လို့ သေခဲ့ရတာ။ ဒီကိစ္စမှာ ကားကြံ့ခိုင်ရေးနဲ့ ဘာမှ မဆိုင်ဘူးလေ”

“ဦး ပြောတာ နားထောင်ပါဦး”

ဦးဟန်သာက လက်တစ်ဖက် ဆန့်ထုတ်ပြီး စိတ်လှုပ်ရှားနေတဲ့ ပန်းနုဝေရဲ့ ပခုံးကို ဆုပ်ကိုင်လိုက်တယ်။

“ကားမှာ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒီတော့ ဒုက္ခရောက်အောင် ကားကို ဘယ်သူကမှ အကြံအဖန် လုပ်မထားခဲ့ဘူး ဆိုတဲ့ သဘောပေါ့။ ပြီးတော့ မျက်မြင်သက်သေလည်း ရှိနေသေးတာ မဟုတ်လား။ ဒါကြောင့် ယာဉ်မတော်တဆ ဖြစ်တဲ့အချိန် အနားပတ်ဝန်းကျင်မှာ သူ့ကို အနှောင့်အယှက်ပေးနိုင်မယ့် ဘယ်ယာဉ်တစ်စီးမှ ရှိမနေခဲ့ဘူး ဆိုတာကလည်း အသေအချာပဲ။ မျက်မြင်သက်သေရဲ့ စကားအရဆိုရင် ယုမေက အရှိန်ကို လုံးဝ မလျှော့ဘဲ ချောက်ထဲကို တည့်တည့်ကြီး ထိုးဆင်းသွားခဲ့တာလေ။ အခင်းဖြစ်တဲ့နေရာမှာ တာယာပွတ်ဆွဲရာ လုံးဝ ရှိမနေတာက အဲဒီအချက်ကို သက်သေပြနေတာပဲ”

“ပင်ပန်းအားကြီးလို့ ဖြစ်မယ်လို့ ရဲတွေက ပြောတယ် … အဲဒီလိုပဲ ဖြစ်နိုင်တယ်တဲ့လေ” ဒေါ်သင်းလှက ခါးစည်းပဝါရဲ့ အနားနှစ်ဖက်ကို လက်တွေနဲ့ ဆုပ်ချေရင်း ပြောတယ်။

“အဲဒီတုန်းက သူ အတော်ကြီး ပင်ပန်းနေခဲ့တာ” အဲဒီလို ပြောနေတုန်းမှာ ဒါ သူ့ရဲ့ အပြစ်ပဲလို့ လွန်းဆက်မောင်က နောင်တရနေမိတယ်။

“ဒီလောက်တောင် အကွေ့အကောက်များတဲ့ တောင်ဆင်းလမ်းမှာ ကားမောင်းနေရတာလေ။ ပင်ပန်းတယ်ပဲ ထားပါဦး။ မောင်းနေရင်း အိပ်ငိုက်သွားတာမျိုးက ဖြစ်ကို မဖြစ်နိုင်ဘူး” ပန်းနုဝေက ခေါင်းကို ခါယမ်းလျက် ပြောတယ်။ “စိတ်ဇောကြောင့် မျက်လုံးတွေက ပြူးကျယ်နေမှာလေ”

“ဒါတော့ ယတိပြတ် ပြောလို့ မရဘူး” မင်းအာကာက ပြောတယ်။ “တောက်လျှောက်ကြီး စိတ်ကို တင်းထားရရင် စိတ်ပင်ပန်းပြီး မိုက်ကနဲ လစ်ကနဲ ဖြစ်သွားတတ်တယ်။ ငါ တောင်ပေါ် ကားမောင်းတုန်းက တစ်ခါ ဖြစ်ခဲ့ဖူးတယ်”

“ရှေ့တစ်ခေါက် ဟိုကိစ္စဖြစ်ပြီးကတည်းက ယုမေ ကားမောင်းရင် ဘယ်လောက်တောင် သတိထားသလဲ ဆိုတာကို ကိုအာကာ သိရော သိလို့လား”

ပန်းနုဝေက ဒေါသထွက်လာဟန် ရှိတယ်။

“သူက ယာဉ်တိုက်မှုကို မုန်းတယ်တဲ့။ ကားကို ဘယ်တော့မှ မမောင်းတော့ဘူး လို့တောင် ပြောနေခဲ့သေးတာလေ။ တခြားလူသာဆိုရင် ပြီးပြီးရောလောက်ပဲ ဖြစ်ချင် ဖြစ်မှာ။ သူက အဲဒီလို မဟုတ်ဘူး။ ဒါကို အားလုံး အသိဆုံးပဲ မဟုတ်လား”

“ငါ သိတယ်။ ငါ့ထက် ဘယ်သူ ပိုသိနိုင်ဦးမှာလဲ” ဒေါ်သင်းလှက ပြောတယ်။ “အဲဒီလို ပြောနေခဲ့ပေမယ့်လည်း သူက ကားကို ပြန်မောင်းခဲ့တယ်။ မမောင်းလို့မှ မဖြစ်ဘဲဥစ္စာ။ သူက ပြောတယ်။ သူ ကားမမောင်းတော့ဘူး ဆိုရင် ဆက်မောင်ကို ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်တဲ့။ တကယ်တော့ သူက ကားမောင်းရမှာကို ရင်ထဲ အသည်းထဲက ကြောက်နေတုန်းပဲ”

နောက်ပိုင်း စကားလုံးတွေက အားလုံးကို ပြောကြားနေတာ မဟုတ်ဘဲ လွန်းဆက်မောင်ကိုပဲ သီးသန့် ရည်ရွယ်ပြီးပြောသလို ဖြစ်နေတယ်။

“ငါလည်း ရိပ်မိပါတယ်။ ယုမေ ကားမောင်းတာ အရင်လို မဟုတ်ဘူး။ သူ မောင်းတဲ့ကားကို ငါ လိုက်စီးဖူးတာပဲ။ ဒါပေမယ့် သူက ကားမောင်းနေရင်း တကယ်ပဲ အိပ်ပျော်သွားခဲ့တယ်လို့ အချက်အလက် အတော်များများက ညွှန်ပြနေကြတယ်လေ။ အဲဒါကိုရော ဘယ်လို ဖြေရှင်းမလဲ”

ဦးဟန်သာက စိန်ခေါ်တဲ့ မျက်လုံးနဲ့ ပန်းနုဝေကို လှမ်းကြည့်လိုက်တယ်။

ပန်းနုဝေက ဦးဟန်သာကို တည့်တည့် စိုက်ကြည့်ရင်း ပြန်ဖြေတယ်။

“ကျွန်မအထင်တော့ အိပ်ဆေးကြောင့်ပဲ”

“ဘာပြောတယ်”

“အိပ်ဆေး။ တစ်ယောက်ယောက်က ယုမေကို အိပ်ဆေးခတ်ထားတာ ဖြစ်မယ်”

“နေစမ်းပါဦး။ အဲဒီတစ်ယောက်ယောက် ဆိုတဲ့လူက သမီးကို အိပ်ဆေးသောက်မိအောင် ဘယ်လိုများ လုပ်ခဲ့တာလဲ”

ဦးဟန်သာက ပန်းနုဝေရဲ့ တစ်ဆင့်တက်လာတဲ့ အဆိုကို စိတ်မရှည်တဲ့ ဟန်နဲ့ မေးခွန်းထုတ်လိုက်တယ်။

“သူသောက်နေတဲ့ ဆေးထဲ ထည့်ထားလို့ ရတယ်လေ။ ဒါမှမဟုတ် ဆေးချင်း လဲထားမှာပေါ့။ ဘာခက်တာလိုက်လို့”

“သူ သောက်မိအောင် တကယ် လုပ်နိုင်တယ်ပဲ ထားပါဦး။ ဒါပေမယ့် အဲဒီနည်းလမ်းက အရမ်း စိတ်ချရတာတော့ မဟုတ်ဘူး”

ဒီတစ်ကြိမ် စကားပြောလာသူကတော့ တစ်ချိန်လုံး ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ်နေတဲ့ ဒေါက်တာစိုးဇေယျပဲ။

“အိပ်ဆေးတွေရဲ့ အာနိသင်က လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားချက်တွေ ရှိတယ်။ ဘယ်အချိန်မှာ ဆေးရှိန်တက်မယ်လို့ ဘယ်လိုနည်းနဲ့မှ တွက်ဆလို့ မရဘူး။ ပြီးတော့ မယုမေရဲ့ သတိဝီရိယ ရှိပုံမျိုးနဲ့ ဆိုရင် ငိုက်မျဉ်းလာတဲ့အခါမှာ သူက ကားကို လမ်းဘေးထိုးရပ်ပြီး တစ်ခဏလောက် အနားမယူဘဲ နေမှာ မဟုတ်ဘူး။ တကယ်လို့သာ ဆေးရှိန်တက်တာ အရမ်းမြန်တဲ့ အိပ်ဆေးမျိုးကို သုံးမယ်ဆိုရင်လည်း ကားမမောင်းခင်ကတည်းက သူ အိပ်ပျော်သွားလောက်ပြီ”

စိုးဇေယျက နှာခေါင်းကို ပွတ်ရင်း ဆရာကြီး သဘာကြီးစတိုင်နဲ့ မိန့်မိန့်ကြီး ထိုင်နေတယ်။ သူက နှင်းသူကို လှမ်းကြည့်ပြီး နှင်းသူဆီကနေ ထောက်ခံစကား ဒါမှမဟုတ် ချီးကျူးစကား ကြားရလို ကြားရငြား ငံ့လင့်နေဟန် ရှိတယ်။ သို့ပေမယ့် နှင်းသူက ဦးခေါင်းကို စိုက်မြဲ စိုက်ချထားတယ်။

“ကိုစိုးဇေယျ ထောက်ပြတဲ့အချက်ကိုရော ဘယ်လို ဖြေရှင်းပြမလဲ”

လွန်းဆက်မောင်က ပန်းနုဝေကို မေးတယ်။ သို့ပေမယ့် ဒီလို အခက်အခဲလောက်နဲ့တော့ သူ့ကို နှုတ်ပိတ်သွားအောင် လုပ်နိုင်မှာ မဟုတ်ကြောင်း လွန်းဆက်မောင်က စိတ်ထဲကနေ ခံစားသိရှိနေတယ်။

သူ ထင်ထားတဲ့အတိုင်းပဲ ပန်းနုဝေမှာ နဂိုကတည်းက တန်ပြန်အယူအဆတစ်ရပ် ရှိနေခဲ့ပြီးသား။ ပန်းနုဝေက ဝင်သက်ကို ရှိုက်သွင်းလိုက်ပြီး ပြောတယ်။

“သူ့အတွက် အရှုံးရှိတာမှ မဟုတ်ဘဲ”

လွန်းဆက်မောင်က စိတ်ထဲကနေ ကြိတ်ပြီး ခေါင်းညိတ် ထောက်ခံလိုက်မိတယ်။

“ဒီလိုလေ။ လူသတ်သမားအတွက်က ဒီတစ်ခေါက်မှာ မအောင်မြင်လည်း ဘာပြဿနာမှ မရှိဘူး။ ဆေးကို ယုမေက သောက်ချလိုက်ပြီ။ ဒီတော့ ငါ့ရဲ့ ပြစ်မှုအတွက် ဘာသက်သေခံပစ္စည်းမှ မကျန်တော့ဘူး။ အခွင့်သာရင် သာသလို နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားကြည့်လို့ ရနိုင်သေးတယ်။ တကယ်လို့ ငါ့ရဲ့ အလိုဆန္ဒအတိုင်း ယုမေသေသွားခဲ့ရင်တော့ ဒါ အမြတ်ပဲ။ … လူသတ်သမားက အဲဒီလို တွေးခဲ့တာ ဖြစ်လိမ့်မယ်”

“အဲဒီလိုလား။ စာရေးဆရာမလို့ မပြောရဘူး။ တော်တော်ကို နှိုက်နှိုက်ချွတ်ချွတ် မြင်တတ်တာပဲဗျ”

စိုးဇေယျက ယုမေနဲ့ အနေမနီးခဲ့ဖူးတာကြောင့် ဖြစ်မယ် ထင်တယ်။ သူက အခြားသူတွေလို လွန်လွန်ကဲကဲ စိတ်လေးပင်တာမျိုး မရှိဘဲ ချီးကျူးစကား ဆိုနေတော့တယ်။

အခြားသူတွေကတော့ ဆေးခါးကြီး မျိုထားရတဲ့အတိုင်း မျက်နှာတွေက ရှုံ့မဲ့နေကြတယ်။

“အဲဒီလိုအမြင်မျိုးက ဖြစ်နိုင်ခြေ မရှိဘူးလို့တော့ ပြောလို့ မရဘူး” နှင်းသူက အားလုံးရဲ့ မျက်နှာရိပ် မျက်နှာကဲကို စူးစမ်းရင်း ရွံ့တွန့်တွန့် ပြောတယ်။ “ဒါပေမယ့် အဲဒီလောက် လွယ်နိုင်ပါ့မလား။ သူ့ကို အိပ်ဆေးခတ်ဖို့ ကြိုးစားနေတဲ့ လူသတ်သမားရဲ့ အပြုအမူကို ယုက လုံးဝ သတိမထားမိဘဲ နေပါ့မလား”

ပန်းနုဝေက အဲဒီမေးခွန်းအတွက် အဖြေပေးဖို့ ပါးစပ်ဟလိုက်ပြီးခါမှ တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းတွေကို ပြန်စေ့လိုက်တယ်။ လွန်းဆက်မောင်က သူ့ရဲ့ အတွေးအကြံကို သဘောပေါက် နားလည်လိုက်တယ်။ တကယ်လို့သာ ယုမေနဲ့ အင်မတန်မှ ရင်းနှီးခင်မင်နေတဲ့သူ ဖြစ်နေရင် အလွယ်တကူပဲ ကြံဆောင်နိုင်တယ် မဟုတ်ဘူးလားလို့ သူက ပြောချင်ပုံ ရတယ်။ ဒါပေမယ့် ထုတ်မပြောတာပဲ ကောင်းပါတယ်။ အဲဒီပေးထားချက်နဲ့ ကိုက်ညီတဲ့ လူတွေအကုန်လုံးက အခု ဒီဧည့်ခန်းထဲမှာ ရောက်နေကြတယ် မဟုတ်လား။

“ကဲ ကဲ … ဒီလောက်နဲ့ပဲ တော်ကြစို့”

ပန်းနုဝေရဲ့ နှုတ်ဆိတ်နေတဲ့ အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ဦးဟန်သာက ပြောလိုက်တယ်။

“စိတ်ချမ်းသာစရာ ကောင်းတဲ့ အကြောင်းအရာမျိုးမှ မဟုတ်ဘဲ။ ယုမေ ဆုံးသွားပြီ ဆိုတာကို ငါက အခုချိန်ထိ ယုံချင်သေးတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီသမီးလေးကို ဘယ်သူက ဒီလောက်တောင် ရက်ရက်စက်စက် သတ်ချင်နေပါ့မလဲ ဆိုတာကို ပိုလို့တောင် ယုံဖို့ ခက်နေသေးတယ်။ ငါ အဲဒီအကြောင်းကို မတွေးချင်ဘူး”

ပန်းနုဝေက တစ်ခုခု ပြောလိုဟန် ရှိတယ်။ ဒါပေမယ့် ဦးဟန်သာက ဟန့်တားလိုက်တယ်။

“အားလုံးအားလုံး မေ့မနေကြနဲ့ဦး။ ဒီတစ်ခေါက် အားလုံးကို ဖိတ်ခေါ်ထားရတဲ့ အကြောင်းအရင်းက ဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ အနားယူကြစေချင်လို့ပဲ။ ငါ ရေသွားချိုးလိုက်ဦးမယ်။ မင်းတို့ လွတ်လွတ်လပ်လပ် စိတ်ရှိသလိုသာ နေကြပေတော့။ ဒီမှာက မြို့ထဲနဲ့ မတူဘူး။ တစ်အိမ်နဲ့တစ်အိမ်က အဝေးကြီးဆိုတော့ တော်တန်ရုံ အနှောင့်အယှက် မဖြစ်နိုင်ဘူး”

“ရေချိုးဖို့ သွားပြင်ပေးလိုက်ဦးမယ်” ဒေါ်သင်းလှက ဦးဟန်သာနဲ့အတူ ထွက်ခွာသွားတယ်။

ပြောစကားကို အတင်းကာရော ဖြတ်တောက်ခံလိုက်ရတာကြောင့် ပန်းနုဝေရဲ့ မျက်နှာက မှုန်သုန်သုန် ဖြစ်နေတယ်။ လွန်းဆက်မောင်က ကိုယ်ချင်းစာမိတယ်။ သို့ပေမယ့် ဘယ်သူမှ စကားဆက်မယ့်သူ မရှိတော့ဘူး။ မင်းအာကာက မီးဖိုဆောင်ထဲကို ဝင်သွားတယ်။ ဘီယာဘူး သွားယူတာ ဖြစ်မယ်။ စိုးဇေယျက သူ့အခန်းကို တက်သွားတယ်။

တစ်ခဏအကြာမှာ ပန်းနုဝေက ထိုင်ခုံပေါ်ကနေ ဆတ်ခနဲ ထရပ်ပြီး ဒဏ်ရာရထားတဲ့ ခံစားချက်နဲ့ အပေါ်ထပ်ကို တက်ချသွားတယ်။ လွန်းဆက်မောင်ရဲ့ ဦးခေါင်းထက်ကနေ ကျယ်လောင်တဲ့ တံခါးပိတ်သံကို ကြားလိုက်ရတယ်။

လွန်းဆက်မောင်က မတ်တတ်ထပြီး လသာဆောင်ဘက်ကို သွားဖို့ စိတ်ကူးလိုက်တယ်။ စောစောက ဆွေးနွေးချက်တွေကို နားထောင်ရပြီးနောက်မှာ ခေါင်းထဲ ငြီးစီစီ ဖြစ်နေတယ်။ စစ်တုရင်စားပွဲပေါ်မှာ ကုန်းပြီး စာရေးနေတဲ့ နန်းမိုရ်ခကို မြင်ရတဲ့အခါ ခြေလှမ်းတွေကို တုံ့ရပ်လိုက်တယ်။ သူက မှတ်စုစာအုပ်ပေါ်မှာ အလွန်အင်မတန် သေးကွေးတဲ့ လက်ရေးတွေနဲ့ တစ်စုံတစ်ရာကို ရေးချွတ်မှတ်သားနေတယ်။

“ဒီနေရာမျိုးမှာတောင် အလုပ်ကို လုပ်နေရသေးတာလား”

လွန်းဆက်မောင်ရဲ့ အမေးစကားကြောင့် နန်းမိုရ်ခက ခေါင်းထောင်ကြည့်ပြီး မကောင်းကြံနေတာကို လူမိမှန်း သိသွားတဲ့ ကလေးငယ်တစ်ယောက်လို ဟန်မျိုးနဲ့ မှတ်စုစာအုပ်ကို ပိတ်ချလိုက်တယ်။

“အလုပ်ကိစ္စ မဟုတ်ပါဘူး။ သူဌေးက ကျွန်မကို အမြဲ တတွတ်တွတ် ပြောနေခဲ့တာ။ နောက်တော့လည်း မသိလိုက် မသိဘာသာနဲ့ အကျင့်ဖြစ်သွားတာပေါ့”

“အကျင့် …”

“ပြောစကားတွေကို မှတ်တမ်းတင်ဖို့ပါ။ သူဌေးက လူတွေအများကြီးနဲ့ မကြာမကြာ တွေ့ဆုံဖြစ်တယ် မဟုတ်လား။ သူတို့နဲ့ တွေ့ကြဆုံကြတဲ့အခါမှာ ပြောခဲ့သမျှ စကားတွေ အားလုံးကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် မှတ်တမ်းယူထားဖို့ သူက ကျွန်မကို မှာထားတယ်။ အသံဖမ်းစက်နဲ့ ဖမ်းထားပြီး နောက်မှ ပြန်ချရေးရင် အချိန်ပိုကုန်တယ်လေ”

“ဒါကြောင့် စောစောက ပြောစကားတွေ အကုန်လုံးကို ခင်ဗျားက ရေးမှတ်ထားတယ်ပေါ့”

လွန်းဆက်မောင်က အံ့အားသင့်စွာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိတယ်။

“ဒါကြောင့်လည်း အကျင့်ဖြစ်နေပြီလို့ ပြောတာပေါ့ရှင်။ ခိုင်းစရာမလိုဘဲ လက်က အကျင့်ပါပြီး ရေးနေမိတယ်လေ”

နန်းမိုရ်ခက ခပ်ယဲ့ယဲ့ ပြုံးတယ်။

ထိုစဉ် မင်းအာကာက ဘီယာဘူးကို လက်မှာကိုင်ရင်း အနားကို ရောက်လာတယ်။

“တကယ်ကို အကျင့်ကောင်းပဲဗျ။ ဒါပေမယ့် စောစောက စကားတွေကို အခုလို ရေးမှတ်ထားမှန်း သိလိုက်ရတော့ စိတ်ထဲ တစ်မျိုးကြီးပဲ။ ကိုယ်တို့ မိသားစုအတွက် ဂုဏ်ယူစရာ အကြောင်းအချက်တွေမှ မဟုတ်တာ”

“ဒါပေမယ့် အဲဒီစကားဝိုင်းက သူ့အဓိပ္ပာယ်နဲ့ သူတော့ ရှိနေတာပါပဲ။ ဥပမာ ပြောရရင် အဲဒီစကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် အားလုံးက မယုမေကို အင်မတန်မှ ချစ်ခင်ကြတယ် ဆိုတာကို တွေ့မြင်နေရတယ်လေ။ တကယ်လို့ အစ်ကိုကြီးက မကြိုက်ဘူး ဆိုရင်တော့ ကျွန်မ ရှင်းပစ်လိုက်ပါ့မယ်”

နန်းမိုရ်ခက မှတ်စုစာအုပ်ကို ပိုက်ထားတယ်။

“အဲဒီလိုတော့ လုပ်ဖို့ မလိုပါဘူး။ တစ်နေ့နေ့ကျရင်တော့ အမှတ်တရပုံစံမျိုး ဖြစ်သွားနိုင်တာပေါ့။ တစ်ချိန်ကျရင် ကိုယ့်အဖေက မင်းကို အဲဒီတုန်းက ဘာတွေ ပြောခဲ့ကြသလဲလို့ မေးချင် မေးလာနိုင်တယ်။ အဲဒါ ထားလိုက်ပါတော့။ ကိုယ်တို့ စစ်တုရင် ဆက်ထိုးကြမယ်။ စောစောက ကိုယ် မင်းရဲ့ ဘုရင်မကို စားပစ်လိုက်တယ် မဟုတ်လား”

မင်းအာကာက စစ်တုရင်စားပွဲရဲ့ တစ်ဖက်မှာ ဝင်ထိုင်တယ်။

“မဟုတ်ပါဘူး။ ကျွန်မက ရှင့်ရဲ့ မြင်းကို စားလိုက်တာပါ။ ရှင့်ကို ‘ချက်’မလို့ ကြံနေတာ”

နန်းမိုရ်ခက မင်းအာကာရဲ့ ပြက်လုံးကို ခပ်တည်တည်နဲ့ ပြန်လည် ချေပတယ်။

ရုပ်ရည်က လည်ပြန်ကြည့်ရလောက်တဲ့ အစားမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် အင်မတန်မှ ဆွဲဆောင်မှု ရှိတယ်။ … ဒါကတော့ နန်းမိုရ်ခအပေါ် လွန်းဆက်မောင်ရဲ့ အမြင်ပဲ။

လွန်းဆက်မောင်က လသာဆောင်ဘက်ကို လျှောက်သွားတယ်။ တောအုပ်ဘက်က လာတဲ့ ထင်းရှူးရနံ့က နှာခေါင်းထဲကို တိုးဝင်လာတယ်။ ကန်ရေပြင်ထက်ကနေ ဖြတ်တိုက်လာတဲ့ လေပြေကလေးက ပူစပ်ပူလောင် ဖြစ်နေတဲ့ မျက်နှာပေါ်ကို ဝှေ့ယမ်းသွားတယ်။ ရင်ထဲ သိမ့်ကနဲ ငြိမ့်ကနဲ။ ဒီနေ့ညချမ်းရဲ့ ကောင်းကင်ပြင်က တိမ်ကင်းစင်နေတာကြောင့် ပြိုးပြိုးပြက်ပြက် မျက်တောင်ခတ်နေကြတဲ့ ကြယ်တာရာတွေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရတယ်။ မြို့ကြီးပြကြီးအတွင်းမှာ ဒါမျိုး မြင်ကွင်းက မြင်ခဲပါဘိခြင်း။

လွန်းဆက်မောင်ရဲ့ လက်နှစ်ဖက်က လက်ရန်းတန်းကို မြဲမြဲ ဆုပ်ကိုင်ထားရင်း ထက်ကောင်းကင်ကို မော့ကြည့်နေတယ်။ ဆေးလိပ်နှစ်ဖွာလောက် အကြာမှာ ကျောဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာတယ်။

“ကော်ဖီသောက်ဦးမလား”

နောက်လှည့်ကြည့်လိုက်တော့ မက်ခွက်နှစ်ခွက် ထည့်ထားတဲ့ လင်ပန်းတစ်ချပ်ကို ကိုင်ရင်း ပြုံးပြုံးနဲ့ ရပ်နေတဲ့ နှင်းသူကို တွေ့မြင်လိုက်ရတယ်။

“ကျေးဇူးပဲ။ တစ်ခွက် ယူထားလိုက်မယ်”

“နှင်း ဒီမှာ သောက်လို့ ရမလား”

“အင်း … သဘောပဲလေ”

လွန်းဆက်မောင်နဲ့ နှင်းသူက ပခုံးချင်းယှဉ်လျက်နဲ့ ကန်ရေပြင်ကို မျက်နှာဆိုင်ထားကြတယ်။

“တကယ်တော့ ဒီနေရာမှာ ထိုင်နေရမယ့်သူက ယု ဖြစ်သင့်တာ”

နှင်းသူက လွန်းဆက်မောင်ကို မျက်လုံးပင့်ကြည့်တယ်။ ဒါပေမယ့် မျက်စိမျက်နှာ ပျက်သွားတဲ့ လွန်းဆက်မောင်ကို တွေ့မြင်လိုက်ရလို့ ပါးစပ်ကို လက်နဲ့ ပိတ်ကာလိုက်မိပြီး ကမန်းကတန်း တောင်းပန်လိုက်တယ်။

“ဆောရီးပဲနော်။ နှင်း လျှာရှည်မိသွားပြီ”

နှင်းသူရဲ့ အသားအရေတွေက မျက်နှာပြင်ကနေ လည်တိုင်အထိ ဘာမှ အပြစ်ပြောရက်စရာ မရှိအောင် နုဖတ်အိစိုနေတယ်။ ဝိုင်းစက်နေတဲ့ မျက်လုံးရွဲကြီးတွေကလည်း တဖိတ်ဖိတ်တောက်ပြီး ချစ်စရာ ကောင်းလိုက်ပုံက ပြင်သစ်ဘိုမရုပ်နဲ့တောင် တူနေတော့တယ်။

“အဲဒီလောက်ကြီး စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်တော် ကျင့်သားရနေပါပြီ” လွန်းဆက်မောင်က သူ့ကို နှစ်သိမ့်လိုက်တယ်။

“ကိုဆက်မောင်တို့အိမ်က အခု ဘယ်လို ဖြစ်နေပြီလဲ”

“ရှင်းလင်းလို့ ပြီးသွားပါပြီ။ အိမ်ထောင်ပရိဘောဂတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးကို ယုအိမ် ပြန်ပို့ပေးလိုက်ပြီ။ ပြန်မပို့ဘဲ ဆက်သုံးဖို့ သူ့မိဘတွေက ကျွန်တော့်ကို ပြောနေခဲ့တာ။ ဒါပေမယ့် ကျွန်တော်က ဘယ်လို စိတ်မျိုးနဲ့ အဲဒီပစ္စည်းတွေကို ရင်ဆိုင်ရမှာလဲ”

“ဟုတ်တာပဲ”

သူတို့က ယုမေရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေအကြောင်းကို ပြောနေကြတာ။ ယုမေ မကွယ်လွန်ခင် နှစ်ရက်လောက် အလိုကမှ လွန်းဆက်မောင်ရဲ့ အခန်းကို အသစ်ဝယ်ထားတဲ့ အိမ်ထောင်ပရိဘောဂတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ရွှေ့ပြောင်းထားခဲ့ကြတယ်။ အဲဒီအခန်းကလည်း ကြင်စဦး ဇနီးမောင်နှံနှစ်ဦး နေထိုင်ကြဖို့ ငှားရမ်းထားတဲ့ အိမ်သစ်တစ်လုံးပါ။ ယုမေရဲ့ မိဘတွေက ငွေထုတ်ပေးပြီး အိမ်တစ်လုံးဝယ်ဖို့ ဖျောင်းဖျပြောဆိုခဲ့ကြပေမယ့် လွန်းဆက်မောင်က သူ့ရဲ့ ယောက္ခမတွေကို ဒုက္ခမပေးလိုတာကြောင့် ငြင်းဆန်ခဲ့တယ်။

ယုမေရဲ့ အဝတ်အစားအိတ်တွေကို သူ့မိဘအိမ် ပြန်ပို့ထားခဲ့ပြီ။ အခုအခါ အတော်အတန် ကျယ်ပြန့်တဲ့ အဲဒီအိမ်သစ်ကြီးထဲမှာ လွန်းဆက်မောင် တစ်ယောက်တည်း နေထိုင်လျက် ရှိတယ်။

“စောစောက ကိစ္စလေ …” မက်ခွက်ပေါ်က ပုံနှိပ်ရုပ်ပုံကို နှင်းသူက ငေးစိုက်ကြည့်နေရင်း တုံ့ဆိုင်းဆိုင်း ပြောတယ်။ “ပန်းနုက အဲဒီလိုကြီး ပြောချလိုက်တော့ နှင်း လန့်တောင် လန့်သွားတယ်။ နှင်း အဲဒီလိုမျိုး တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး”

“ယုမေက သူများရဲ့ လက်ချက်ကြောင့် သေခဲ့ရတာ ဖြစ်မယ် ဆိုတာကိုလား”

“အင်း”

လွန်းဆက်မောင်က ခေါင်းညိတ်တယ်။ “အဲဒါ သဘာဝကျပါတယ်လေ။ ဘယ်သူကရော အဲဒီလို တွေးကြည့်ချင်မှာတဲ့လဲ”

“ဒါဆို …” နှင်းသူက သူ့စကားလုံးတွေရဲ့ သွယ်ဝိုက် အနက်အဓိပ္ပာယ်ကို သဘောပေါက်သွားတယ်။ “ကိုဆက်မောင်ကရော ပန်းနုလိုပဲ တွေးမိထားတယ်ပေါ့”

“သူ့လောက်တော့ ထောင့်မစေ့ပါဘူး။ အဲဒီလို ခံစားနေရတယ် ဆိုရုံလောက်ပဲ”

လွန်းဆက်မောင်က ပြောပြီး ကော်ဖီတစ်ငုံ မော့သောက်လိုက်တယ်။ လေအေးက ကြက်သီးထလောက်အောင် သူ့ကိုယ်ပေါ် တိုက်ခတ်လာတယ်။ အငွေ့တထောင်းထောင်း ထနေတဲ့ သဘာဝကော်ဖီရဲ့ သင်းရနံ့က ဘေးဘီကို ပိုလို့ ပျံနှံ့သွားတယ်။

“လူတွေက တခြားလူတွေရဲ့ အကြောင်းကိစ္စကို ဆွေးနွေးပြောဆိုနေကြရင် စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထားနိုင်ကြတယ်။ ဒါပေမယ့် ကိုယ်နဲ့ နီးနီးကပ်ကပ် ပတ်သက်ဆက်စပ်နေတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်လာရင်တော့ ခံစားချက်တွေ ရောပြွမ်းလာတယ်။ ပြတ်သားဖို့ ခက်လာကြတယ်။ ယာဉ်တိုက်မှု ဖြစ်လို့ သေဆုံးခဲ့ကြရတဲ့ လူတွေ အများကြီး ရှိတာ မှန်ပေမယ့် ယုက အဲဒီလောက် ရိုးစင်းတဲ့ အကြောင်းအရင်းကြောင့် သေဆုံးသွားခဲ့ရတယ် ဆိုတာကို ကျွန်တော်ရဲ့ စိတ်ထဲမှာ အခုထိ လက်မခံနိုင်သေးဘူး။ ပန်းနုရဲ့ စိတ်သဘောထားကလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ် ထင်တယ်”

လက်ဖဝါးနှစ်ဖက်နဲ့ ပင့်ချီထားတဲ့ မက်ခွက်ကို နှင်းသူက ငေးကြည့်လျက် ပြောတယ်။

“ဒါပေမယ့် … ယုကို သေစေချင်တဲ့သူ ရှိလိမ့်မယ်လို့ နှင်း အခုထိ တွေးကြည့်လို့ မရသေးဘူး။ သေစေလိုတဲ့ စေတနာက ဘာမှန်းတော့ မသိဘူးလို့ ပန်းနုက ပြောခဲ့တယ်။ ရှင်ကရော ဘာလို့ ထင်လဲ။ စဉ်းစားလို့ ရလား”

“ဟင့်အင်း။ ကျွန်တော်လည်း စဉ်းစားလို့ မရဘူး” လွန်းဆက်မောင်က ပြန်ဖြေတယ်။

“တကယ်လို့ … နှင်းက မှန်းကြည့်တာပါ။ တကယ်လို့ အဖြစ်မှန်က ပန်းနုပြောခဲ့သလို တစ်ယောက်ယောက်က ယုကို သေစေချင်ခဲ့လို့ လုပ်ကြံခဲ့တယ် ဆိုရင် အဲဒီလူကို ရှင်က အတော်ကြီး မုန်းတီးနေမှာပဲနော်”

နှင်းသူက ကရုဏာမျက်လုံးတွေနဲ့ လွန်းဆက်မောင်ကို မော့ကြည့်တယ်။

ဘာကြောင့် ဒီလိုမေးခွန်းမျိုးကို နှင်းသူက သူ့ကို မေးနေရတာလဲ။ နှုတ်ဟပြီး မဖြေခင်မှာ လွန်းဆက်မောင်က တွေးကြည့်နေမိတယ်။ သို့ပေမယ့် တိကျတဲ့ အကြောင်းအရင်းကို သူ တွေးဆလို့ မရနိုင်ခဲ့ဘူး။

“ဒါတော့ သေချာတာပေါ့” လွန်းဆက်မောင်က ပြောတယ်။ “တကယ်လို့သာ ယုက လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ် ဆိုရင် … ဒါပေမယ့် အဲဒီလို ကိစ္စမျိုး ရှိမလာနိုင်ဘူးလို့ ထင်တယ်။ ဘယ်သူကမှ သူ့ကို အဲဒီလို လုပ်ချင်မှာ မဟုတ်ဘူးလေ။ ကျွန်တော် အဲဒီလိုပဲ ယုံကြည်ထားတယ်”

“ဟုတ်တယ်။ နှင်းလည်း အဲဒီလိုပဲ ယုံကြည်ထားတယ်”

နှင်းသူက မချိတရိ ပြုံးလိုက်တယ်။ သူ့ရဲ့ မေးခွန်းအတွက် သူ့ဘာသာသူ ပြန်ပြီး အရှက်ရနေတဲ့ ဟန်မျိုး။ သူက ဆက်ပြောတယ်။

“နှင်းမှာ ဒိုင်ယာရီရေးတတ်တဲ့ အကျင့်ရှိတယ်။ ဒိုင်ယာရီစာအုပ်ကိုလည်း ဒီကို ယူလာခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကိစ္စကို ဘယ်ကနေ ဘယ်လို စရေးရမှန်းတောင် မသိတော့ဘူး”

“ပြောခဲ့သမျှကို ပြောခဲ့တဲ့အတိုင်း ရေးမှတ်လိုက်ရင် ပြီးတာပါပဲ” လွန်းဆက်မောင်က ပြောတယ်။

သူက ခေါင်းညိတ်ပြီး ပြောတယ်။ “အင်း၊ အဲဒီလိုပဲ ရေးရတော့မှာပေါ့”

“ယုရဲ့ အကြောင်းကို ဒီလောက်နဲ့ပဲ တော်ကြပါစို့။ နှင်းအကြောင်းကိုလည်း ပြောပြပါဦး။ ရင်ခုန်ရတဲ့သူ တွေ့နေပြီလား”

နှင်းသူက ပြုံး၍သာ နေတယ်။ အခုအပြုံးက စောစောက အပြုံးနဲ့တော့ မတူဘူး။

“နှင်းနဲ့ ဟိုစိုးဇေယျဆိုတဲ့ ဆရာဝန်နဲ့က အတော်ကြီး ရင်းနှီးနေကြသလိုပဲ”

လွန်းဆက်မောင်က သူ့ရင်ထဲမှာ တနုံ့နုံ့ ဖြစ်နေတဲ့ အကြောင်းအရာကို အန်ထုတ်ပစ်လိုက်တယ်။ နှင်းသူရဲ့ မျက်နှာပေါ်မှာ ခိုင်းနှိုင်းရခက်တဲ့ သောကရိပ်တချို့ လွှမ်းမိုးလာတယ်။

“နှင်းတို့ အဖေတွေက အရက်စားပွဲမှာ ထိုင်ရင်း နှင်းကို သူနဲ့ သဘောတူတယ်လို့ ပြောခဲ့ဖူးကြတယ်။ နှင်းဖေဖေကတော့ အဲဒါကို မူးလို့ ပြောမိတာပါတဲ့။ အတည်မယူပါနဲ့ ပြောတာပဲ။ ဒါပေမယ့် ဟိုဘက်လူတွေက အဟုတ်ထင်နေကြတာ။ … အဲဒီနောက်တော့ ကိုစိုးဇေယျက အိမ်ကို အမြဲတမ်း ဝင်ထွက်နေတော့တာပဲ။ နှင်းကိုလည်း အပြင်ထွက်ဖို့၊ ရုပ်ရှင်ကြည့်ဖို့ ချိန်းချိန်းနေတော့တာ။ နှင်းက မအားဘူးဆိုပြီး တငြင်းတည်း ငြင်းနေရတယ်”

“ကျွန်တော်လို ဘေးလူတစ်ယောက်ရဲ့ အမြင်နဲ့ ပြောရရင်တော့ ကိုစိုးဇေယျက နှင်းကို အတော် တန်းတန်းစွဲ ဖြစ်နေတဲ့ပုံပဲ”

“လူက မဆိုးပါဘူး” နှင်းသူက လက်ဖဝါးကို စားပွဲပေါ် ဖြန့်တင်ထားပြီး မျက်နှာကို တစ်ဖက်သို့ အနည်းငယ် လှည့်ထားတယ်။ “ဘယ်လို ပြောရမလဲ။ သူ့ကိုယ်ပေါ်မှာ ရှိတဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းတချို့ကို နှင်း ဘယ်လိုမှ လက်ခံပေးလို့ မရဘူး။ … သူ့ကို ချစ်သူ ဒါမှမဟုတ် ဘဝလက်တွဲဖော်အဖြစ်နဲ့ ဘယ်လိုမှ စိတ်ကူးကြည့်လို့ မရဘူး”

သူ ဆိုလိုချင်တာက စိုးဇေယျလို လူစားမျိုးကို သူ့ရဲ့ ပင်ကိုစိတ်အခံနဲ့ ဘယ်လိုမှ လက်ခံပေးလို့ မရဘူး ဆိုတဲ့သဘော။ တကယ်လို့ အဲဒီလို မထောက်အညှာ ပြောချပစ်လိုက်ရင် လူကြီးမိဘတွေအကြားမှာ မျက်နှာပျက်စရာ ဖြစ်သွားလိမ့်မယ်လို့ ချင့်ချိန်နေရတာကြောင့်ပဲ အလိုက်အထိုက် နေနေရခြင်း ဖြစ်တယ်။

“တကယ်လို့ နှင်းစိတ်က အခိုင်အမာ ဆုံးဖြတ်ထားပြီးရင်တော့ သူ့ကို ပြတ်ပြတ်သားသား ပြောပြလိုက်တာပဲ ပိုကောင်းလိမ့်မယ်။ သူ နှင်းကို ကြည့်နေတဲ့ အကြည့်က သူ့ရဲ့ တစ်ဦးတည်းပိုင် ရတနာတစ်ခုကို ကြည့်နေသလိုမျိုးကြီး”

“နှင်းလည်း အဲဒီလို လုပ်ဖို့ စိတ်ကူးရှိပါတယ်။ ဒါပေမယ့် သူ့က နှင်းအပေါ်မှာ အတော်ကြီးကို ထောက်ထားညှာတာတာ ဆိုတော့ ဖွင့်ပြောရမှာ အခက်တွေ့နေတယ်။ ပြီးတော့ သူက နှင်းကို ပရိုပို့စ်လုပ်တာမျိုး မရှိသေးဘူးလေ”

စိုးဇေယျက သူ့ကိုယ်သူ နှင်းသူရဲ့ ခင်ပွန်းလောင်းအဖြစ်နဲ့ အပိုင် သတ်မှတ်ထားပြီးတာလည်း ဖြစ်ချင် ဖြစ်နေမှာ။ အခွင့်တောင်းဖို့တောင် မလိုအပ်တော့တဲ့ အနေအထားမျိုး။ အဲဒီလို တွေးကြည့်လိုက်တဲ့အခါ လွန်းဆက်မောင်ရဲ့ စိတ်ထဲမှာ အနည်းငယ် ကျွဲမြီးတိုချင်သလို ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဖွင့်ဟလို့တော့ မပြောဖြစ်ခဲ့ဘူး။

လွန်းဆက်မောင်က ကော်ဖီကို ကုန်စင်အောင် မော့သောက်နေတုန်း ကျောဘက်ကနေ မှန်ပြတင်းဖွင့်သံက လွင့်ပျံလာတယ်။ နောက်လှည့်ကြည့်လိုက်တော့ စကားခေါင်းစဉ်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ စိုးဇေယျက အဲဒီနေရာမှာ အံ့ဩတဲ့ မျက်နှာထားနဲ့ ရပ်နေလေရဲ့။ ရေချိုးပြီးခါစကြောင့် ဖြစ်ဟန်တူတယ်။ သူက ညအိပ်ဝတ်စုံကို ဝတ်လျက်နဲ့ ခေါင်းအထက်ကနေ အပူငွေ့တချို့ ပျံတက်နေကြတယ်။ လွန်းဆက်မောင်ရဲ့ မျက်လုံးများထဲမှာတော့ ဦးနှောက်မီးကျွမ်းပြီး မီးခိုးအူနေတဲ့အတိုင်း တွေ့မြင်နေရတယ်။

သူက လွန်းဆက်မောင်ကို ကြည့်ပြီး နှင်းသူကို လှမ်းကြည့်လိုက်ပြန်တယ်။ ဒီ့နောက် ပုလိပ်စစ် စစ်နေတဲ့ လေသံနဲ့ “မင်းတို့ ဘာလုပ်နေကြတာလဲ” လို့ မေးတယ်။

“ယုမေအကြောင်း စားမြုံ့ပြန်နေကြတာပေါ့။ ဟုတ်တယ်မလား”

နှင်းသူရဲ့ စကားဆုံးတော့ လွန်းဆက်မောင်က ခေါင်းညိတ်လိုက်တယ်။ သို့ပေမယ့် စိုးဇေယျက သူ့ကို ကြည့်မနေဘူး။

“ကိုယ် အခန်းကို မပြန်ခင်တုန်းက မင်းကို ပြောခဲ့တယ်လေ။ ခဏနေကျရင် ကိုယ့်အခန်းကို လာခဲ့ပါဦးလို့။ မင်း မကြားလိုက်ဘူးလား။ ကိုယ်က မင်းကို အခန်းထဲမှာ စောင့်နေတာ”

သူက အပေါ်ထပ်ကို လိမ်လိမ်မာမာနဲ့ တက်သွားပါလားလို့ လွန်းဆက်မောင်က အစောပိုင်းတုန်းက ထူးဆန်းနေခဲ့တာ။ လက်စသတ်တော့ အဲဒီလိုကိုး … အခုမှ သဘောပေါက်သွားတယ်။ ဒါကြောင့် သူက နှင်းသူ ရောက်မလာခင် အပြေးအလွှား ရေချိုးထားနှင့်တာကိုး။

“ဆောရီးပဲ။ ကျွန်မ ဒီနေ့ အရမ်း ပင်ပန်းနေပြီ”

စိုးဇေယျက နှုတ်ခမ်းကို တွန့်၊ ခါးကိုထောက်ပြီး အဝေးက ရှုခင်းကို ငေးကြည့်နေသလို ဟန်ဆောင်ရင်း ခနဲ့တဲ့တဲ့ လေသံနဲ့ ပြောတယ်။

“မင်းက ဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တယ် ဆိုပါတော့။ ကောင်းပါလေ့ဗျာ။ ဒီမှာက အေးအေးလူလူလည်း ရှိတယ်။ ရှုခင်းကလည်း သာသာယာယာနဲ့”

“ဒါဆိုလည်း ဒီမှာ ရှင် ထိုင်နေပေတော့။ ကျွန်မ အခန်းကို ပြန်တော့မယ်”

နှင်းသူက မက်ခွက်နှစ်ခွက်ကို လင်ပန်းပေါ် တင်ပြီး ချာကနဲ လှည့်ထွက်သွားတယ်။ ကျန်ခဲ့ကြတဲ့ စိုးဇေယျနဲ့ လွန်းဆက်မောင်က အူကြောင်ကြောင် မျက်နှာချင်းဆိုင်လို့။

“ကဲဗျာ … ကျွန်တော်လည်း ရေချိုးပြီး အိပ်တော့မယ်”

“ခဏနေပါဦး၊ ကိုလွန်းဆက်မောင်”

လွန်းဆက်မောင်ကို စိုးဇေယျက တားထားလိုက်တယ်။ စိုးဇေယျက သူ့အနား ရောက်လာပြီး သူ့ကို ခေါင်းမော့ကြည့်ရင်း ပြောတယ်။

“ခင်ဗျား ကြုံခဲ့ရတဲ့ ဒုက္ခသုက္ခတွေအတွက် ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ခင်ဗျားရဲ့ နာကျင်နေတဲ့ စိတ်ခံစားချက်ကို ကျွန်တော် နားလည်ပေးလို့ ရတယ်။ ဒါပေမယ့် …”

သူက နှာခေါင်းကို ကုတ်ရင်း ဆက်ပြောတယ်။

“ခင်ဗျားက နှင်းသူကို စိတ်ဖြေရာအဖြစ် သဘောထားနေတာကတော့ သိပ်ပြီး သဘာဝမကျလှဘူး”

နှင်းသူက စိုးဇေယျကို ဒီမှာ ပစ်ထားခဲ့တဲ့အတွက် စိတ်မကြည်လို့ လွန်းဆက်မောင်ကို မဲနေဟန် တူတယ်။

“ကျွန်တော် အဲဒီလို သဘောမထားပါဘူး”

“ဟုတ်လား။ ဒါဆိုလည်း ပြီးတာပါပဲ။ ခင်ဗျားအနေနဲ့ မတွေးသင့် မတွေးအပ်တာတွေကို တောင်တောင်ဤဤ လျှောက်မတွေးစေချင်ဘူး။ ခင်ဗျားအတွက် ပြောတာပါဗျာ”

အဲဒီစကားကို ကျုပ်က ပြောရမှာပါဗျာ။ လွန်းဆက်မောင်က အဲဒီလို ပြောလိုက်ချင်ပေမယ့် စကားလုံးတွေကို မျိုချပြီး ထွက်ခွာလာခဲ့လိုက်တယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *