← Back to blog

သေရွာပြန်အတွေ့အကြုံနှင့် အာရုံကြောသိပ္ပံရှုထောင့်

ဘာသာရေးအမြင် သိပ္ပံပညာ အာရုံကြောသိပ္ပံ

ဆရာဦးအေးမောင် ရေးတဲ့ “သေသည်၏ အခြားမဲ့၌” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ သေရွာပြန်တွေရဲ့ အတွေ့အကြုံတွေကို ထည့်ရေးထားတယ်။ သေရွာပြန် ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အများစုကတော့ သိပြီးသား နေမှာပါပဲ။ ဒါပေမယ့် သေချာအောင် ထပ်ပြောပြရရင် သေပြီလို့ ယူဆခံထားတဲ့ လူက သေရာကနေ (မြောနေရာကနေ) ပြန်နိုးလာတယ်။ အဲဒီလူကို သေရွာပြန်လို့ ခေါ်ကြတာပေါ့။ ဒီနေရာမှာ သေပြီလို့ ယူဆရတဲ့ အကြောင်းအရင်းက အဲဒီလူဟာ အသက်မရှူတော့တာလည်း ဖြစ်ရမယ်၊ ဒါမှမဟုတ် နှလုံးမခုန်တော့တာလည်း ဖြစ်ရမယ်။ အဲဒီလို လူကို သေပြီလို့ သတ်မှတ်ကြတာပေါ့။ အခုနောက်ပိုင်း သိပ္ပံပညာတွေ တိုတက်လာတဲ့ အခါမှာ အဲဒီသတ်မှတ်ချက် နှစ်ခုနဲ့တင် မလုံလောက်တော့မှန်း သိလာရတယ်။ သဘောက ယာယီ အသက်မရှူရုံနဲ့ ယာယီ နှလုံးမခုန်ရုံနဲ့ အဲဒီလူကို သေပြီလို့ သတ်မှတ်လို့ မရဘူး။ ဦးနှောက်လှိုင်းတွေ ရပ်တန့်သွားမှသာလျှင် သေပြီလို့ မုချပြောနိုင်မယ်ပေါ့။ ထားတော့။

အဲဒီ သေရွာပြန်တွေက မြောနေရာကနေ ပြန်သတိရလာတဲ့အခါမှာ ရိုးရိုးတန်းတန်း နိုးလာကြတာမျိုး မဟုတ်ဘဲ သူတို့နဲ့အတူ story တွေ ပါလာကြတယ်။ အဲဒါကိုပဲ သေရွာပြန်အတွေ့အကြုံလို့ ခေါ်ရတော့တာပေါ့။ တချို့က သေသွားပြီး (သူတို့ကိုယ်သူတို့လည်း သေသွားပြီလို့ ယူဆကြတယ်) တဲ့နောက်မှာ လိုဏ်ဂူကြီးတစ်ခုထဲ ရောက်သွားတယ်။ တချို့လည်း အလင်းတန်းကြီးတစ်ခု မြင်ရပြီး အဲဒီအလင်းတန်းနောက် လိုက်သွားကြတယ်။ တချို့ကျတော့ ဝတ်ဖြူစင်ကြယ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို မြင်ရတဲ့အပြင် သူနဲ့ စကားတွေ ဘာတွေ ပြောလို့။ တစ်ယောက်နဲ့တစ်ယောက်က အတွေ့အကြုံတွေ မတူကြဘူး။ ပိုပြီး ထူးခြားတာက ကိုးကွယ်တဲ့ ဘာသာတရားနဲ့ နေထိုင်တဲ့ ယဉ်ကျေးမှု မတူရင် အတွေ့အကြုံကလည်း မတူပြန်ဘူး။ ဥပမာ ခရစ်ယာန်တွေက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး ဖြူဖြူကြီးတွေ ဗရပျစ်နဲ့ အဝတ်ဖြူဝတ်ထားတဲ့ လူကို မြင်တယ်။ တချို့ဆိုရင် ယေရှုသခင်နဲ့တောင် တွေ့ကြသတဲ့။ ဗုဒ္ဓဘာသာဝင်တွေကျတော့ ဂျို (ချို) ပါတဲ့ လူလိုလို ဘာလိုလို မဲမဲအကောင်ကြီးကို မြင်တာလည်း ရှိတယ်။ ယမမင်း ဖြစ်ပါလိမ့်မယ်။ အဲဒီလို ဘာသာ၊ ယဉ်ကျေးမှုပေါ် မူတည်ပြီး အမြင်တွေ ကွဲနေတာကတော့ စိတ်ဝင်စားစရာပေါ့။ ဒါကြောင့်လည်း ကျနော် ငယ်ငယ်တုန်းက ဘယ်လိုတွေးဖူးသလဲ ဆိုတော့ ငရဲဆိုတာမျိုးက အကန့်အကန့်နဲ့ နေမှာ။ ဒါက ဗုဒ္ဓဘာသာဝင်ငရဲ၊ ဒါက ဟိန္ဒူငရဲ၊ ဒါက ခရစ်ယာန်ငရဲ၊ ဒါက မွတ်စလင်ငရဲ စသဖြင့် ရှိပုံ ရတယ်ပေါ့။

ထေရဝါဒ ဗုဒ္ဓကျမ်းဂန်တွေကို (လက်လှမ်းမီသလောက်) လေ့လာကြည့်တဲ့ အခါမှာ ရှေးဟောင်းပါဠိတော်တွေထဲမှာ ယမမင်း (ငရဲမင်း) အကြောင်း ရေးထားတာ မတွေ့ရဘူး။ အဲ … နောက်ပိုင်းမှ ထပ်ဖြည့်တယ်လို့ ယူဆရတဲ့ သုတ္တန်တစ်ခုမှာတော့ ယမမင်းအကြောင်း ရေးထားတာ တွေ့ရတယ်။ အဲဒီတစ်ခုက လွဲပြီး ယမမင်းအကြောင်း၊ တမလွန်လောကအကြောင်းနဲ့ သေပြီး စစ်လားဆေးလား လုပ်တဲ့ ဇာတ်လမ်းတွေ အားလုံးလိုလိုက အဋ္ဌကထာဆရာတွေရဲ့ ဉာဏ်ကွန့်မြူးမှု သက်သက်ပဲဆိုတာ တွေ့ရတယ်။ ခေတ်စကားနဲ့ ပြောရရင် တရားတော်တွေက drama ဆန်လာတယ်ပေါ့။ တချို့ဝတ္ထုတွေရဲ့ အာဘော်အရဆိုရင် လူဟာ သေသွားပြီးပြီးချင်းမှာ ယမမင်းရဲ့ အစစ်အမေးကို ခံကြရသတဲ့။ ကောင်းမှု လုပ်ခဲ့သလား။ မကောင်းတာတွေ လုပ်ခဲ့သလား။ ကောင်းတာလုပ်ရင် ဘယ်သွား။ မကောင်းတာ လုပ်ခဲ့ရင် အောက်ကို ဂျောင်းဆိုတာမျိုး ဆုံးဖြတ်ပေးသတဲ့။ အဲဒီထက် ထူးဆန်းတဲ့ အဖြစ်အပျက်က ‘လူမှားခေါ်လာပြီ၊ ပြန်လွှတ်’ ဆိုတာမျိုးပါ ပါလာတယ်။ အဲဒီလို လူမှားခေါ်ပြီး ပြန်လွှတ်ခံရတဲ့ လူမျိုးကိုပဲ သေရွာပြန်လို့ ယူဆချင်တာ ဖြစ်ပါလိမ့်မယ်။

တမလွန် အတွေ့အကြုံ ဆိုတာမျိုးကို ဗုဒ္ဓဘာသာဝင်တို့၊ ဟိန္ဒူဘာသာဝင်တို့ကတင် လက်ခံယုံကြည်တာ မဟုတ်ဘူး။ ခရစ်ယာန်နဲ့ မွတ်စလင်အများစုကလည်း လက်ခံကြသေးတယ်။ ပြောရရင် အဲဒီဘာသာနှစ်ခုကလည်း ဗုဒ္ဓနဲ့ ဟိန္ဒူလို သံသရာကို လက်မခံပေမယ့် တမလွန်ဘဝကို ယုံကြည်ကြတာကိုး။ လူပေါင်း ၂၀၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ၄၂% က သေရွာပြန်အတွေ့အကြုံကို ယုံကြည်ကြပြီး အဲဒါက ကောင်းကင်တမန်တော်နဲ့ အဆက်အသွယ်လုပ်ခြင်းလို့ ယုံကြည်ကြတယ်။

ဆေးရုံပေါ်က လူနာတွေထဲမှာ နှလုံးခုန်ရပ်သွားရာကနေ ပြန်လည် အသက်ရှင်လာကြတဲ့ လူနာတွေရဲ့ ၁၂% မှာ အပေါ်က ပြောခဲ့သလို သေရွာပြန် အတွေ့အကြုံတွေ ခံစားကြရသတဲ့။ ဆေးသိပ္ပံက ပညာရှင်တွေရဲ့ အယူအဆကတော့ သေခါနီးအချိန်မှာ (သေလောက်တဲ့ ဝေဒနာ ခံစားနေရတဲ့ အချိန်မှာ) လူနာရဲ့ ခန္ဓာကိုယ်ကနေ အန်ဒိုဖင်းတွေ ထုတ်ပေးသတဲ့။ အန်ဒိုဖင်းဆိုတာက သဘာဝမူယစ်ဆေးတစ်မျိုးပေါ့။ အန်ဒိုဖင်းဓာတ်ကြောင့် လူနာက စိတ်လှုပ်ရှားမှု ပိုများလာတာမျိုး ဖြစ်နိုင်ပေမယ့် အလင်းတန်းမြင်တာ၊ လိုဏ်ဂူကို မြင်မျိုးကျတော့ အန်ဒိုဖင်းနဲ့ ဆိုင်မယ် မထင်ဘူး။ အာရုံကြောပါရဂူတွေရဲ့ အမြင်ကကျတော့ ဦးနှောက်ထဲ သွေးရောက်တာ နည်းသွားလို့ ဖြစ်မယ်လို့ ယူဆကြတယ်။

ဘာလင်မြို့က အာရုံကြောပါရဂူ Dr Thomas Lempert က ကျန်းမာရေးကောင်းတဲ့ လူ ၄၂ ယောက်နဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တယ်။ စမ်းသပ်ခန်းထဲမှာ အဲဒီလူ ၄၂ ယောက်ကို မြောသွားအောင် လုပ်လိုက်တဲ့ အခါမှာ သူတို့ထဲက ၆၀% က အရောင်‌ပြေး၊ အရောင်တန်းလို အမြင်လှည့်ဖြားမှုမျိုးတွေ မြင်လာရတယ်။ ၄၇% က တခြားကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားကြရတယ်။ ၂၀% ကတော့ တမန်တော်လို ထူးခြားတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ တွေ့ဆုံကြရတယ်။ ၁၇% က အလင်းတန်းကို မြင်ရပြီး ၈% က လိုဏ်ဂူကို မြင်ကြရတယ်။ ဒါကြောင့် သူ့ရဲ့ စမ်းသပ်ချက်က သေရွာပြန်လူတွေရဲ့ အတွေ့အကြုံတွေ အားလုံးလိုလိုကို ဖန်တီးပြနိုင်သလို ဖြစ်နေတယ်။

ဘာဖြစ်လို့ အဲဒီလို အတွေ့အကြုံမျိုး ဖြစ်ပေါ်လာရတာလဲ။ အဲဒါကို ဖြေရှင်းနိုင်ဖို့အတွက် စမ်းသပ်ချက်တစ်ခုကို လေ့လာကြည့်ရအောင်။ အမေရိကန် လေတပ်မတော်က Dr Edward Lambert ကို ပင့်ပြီး သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုကို အဖြေရှာပေးဖို့ တောင်းဆိုခဲ့တယ်။ ဂျက်လေယာဉ် မောင်းနှင်နေရင်းနဲ့ ရုတ်တရက် ချိုးကွေ့ရတဲ့အချိန်မျိုး၊ ဒါမှမဟုတ် လေယာဉ်ကို ဒိုင်ဗင်ထိုးချရာကနေ ပြန်ကော့တက်တဲ့ အခါမျိုးတွေမှာ လေသူရဲတွေဟာ blackout ယာယီ သတိလစ်သွားမျိုး ဖြစ်တတ်တယ်။ အဲဒါ ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတာ သိနိုင်ဖို့အတွက် သုတေသန လုပ်ခိုင်းတာပါပဲ။

သူရဲ့ တွေ့ရှိချက်ကတော့ လေသူရဲရဲ့ မျက်လုံးအိမ်ထဲကို စီးဝင်တဲ့ သွေးက ၅ စက္ကန့် ပြတ်တောက်သွားတာနဲ့ အမြင်တွေ ဝေဝါးသွားတယ်။ မျက်စေ့ရှေ့မှာ ရှိသမျှ အကုန် ပျောက်သွားပြီး လိုဏ်ခေါင်းအရှည်ကြီးပဲ မျက်စိထဲ မြင်နေရတော့တယ်။ သဘောက အမြင်အာရုံကို ဖော်ဆောင်ပေးတဲ့ အစိတ်အပိုင်းတွေ ချို့ယွင်းသွားတာနဲ့ (သွေးမရောက်တော့တာနဲ့) မျက်လုံးမှာ ထင်နေတဲ့ ပုံရိပ်ဟာ လိုဏ်ခေါင်းအရှည်ကြီးပုံမျိုး ဖြစ်သွားတော့တာပဲ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သေခါနီး လူနာတွေ ဘာကြောင့် လိုဏ်ဂူ၊ လိုဏ်ခေါင်းတွေကို မြင်ရသလဲဆိုတာ ဖြေရှင်းပြနိုင်တယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက သေရွာပြန်တွေရဲ့ အတွေ့အကြုံထဲမှာ ဘာပါသလဲဆိုတော့ ဝိညာဉ်က အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရပါတယ် ဆိုတာမျိုး။ သူ့ဘေးမှာ ရှိနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဘာလုပ်နေတယ်၊ ဘာပြောနေတယ် ဆိုတာကို တတိယလူတစ်ယောက်အနေနဲ့ ဘေးက ရပ်ကြည့်နေရသလိုမျိုး ခံစားရတဲ့ အတွေ့အကြုံပဲ။ အင်္ဂလိပ်ကတော့ out-of-body experience လို့ ခေါ်တာပေါ့။ အဲဒီကိစ္စကိုလည်း သိပ္ပံပညာရှင်တွေက အသည်းအသန် လေ့လာခဲ့ကြတယ်။

ကျနော်တို့ရဲ့ ဦးနှောက်ဟာ ကျနော်တို့ရဲ့ တည်ရှိနေမှု ဒါမှမဟုတ် ကျနော်တို့ ရပ်တည်နေတဲ့ ပတ်ဝန်းကျင် ကမ္ဘာလောကကို ပုံဖော်နိုင်ဖို့အတွက် အာရုံတွေရဲ့ အကူအညီတွေကို ယူရတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်ပုံရိပ်နဲ့ ကာယကံရှင်ရဲ့ တည်နေရာကို ရနိုင်ဖို့အတွက် ဦးနှောက်ဟာ မျက်စိနဲ့ နားအတွင်းပိုင်းရဲ့ အကူအညီကို ယူရတယ်။ မျက်စိက လာတဲ့ အမြင်အာရုံနဲ့ တည်နေရာပတ်ဝန်းကျင်ကို တွက်ဆသလိုပဲ နားအတွင်းက ရတဲ့ အချက်အလက်နဲ့လည်း ကိုယ်ရဲ့ တည်ရှိမှုအနေအထားကို ချိန်ညှိယူတယ်။ ဥပမာ ပင်လယ်ထဲ ခရီးသွားလို့ လှိုင်းမူးတယ် ဆိုကြပါစို့။ အဲဒါ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ မျက်စိကပေးတဲ့ data နဲ့ နားအတွင်းပိုင်းကပေးတဲ့ data နှစ်ခု ကိုက်ညီမှု မရှိလို့ ဖြစ်ရတာတဲ့။ ဆိုလိုတာက လှိုင်းပုတ်လို့ လှုပ်ယမ်းနေတာကို နားအတွင်းပိုင်း လှုပ်နေမှန်း သိနေတယ်။ ဒါပေမယ့် မျက်စိက သင်္ဘောအတွင်းပိုင်းမှာ ရှိတဲ့ တည်ငြိမ်တဲ့ အရာဝတ္ထုတစ်ခုကို မြင်နေရတော့ လှုပ်တယ် မယူဆဘူး။ ဒီတော့ မျက်စိက ပေးတဲ့ data က ငြိမ်တဲ့ data ဖြစ်ပြီး နားက ပေးတဲ့ data က လှုပ်တဲ့ data ဖြစ်နေတယ်။ အဲဒီလို ဝိရောဓိဖြစ်နေတဲ့ ဒေတာနှစ်ခုက ဦးနှောက်ကို ရောက်လာတော့ ဦးနှောက်လည်း တိုင်ပတ်ကုန်ရော။ အဲဒီလို မဖြစ်ချင်ရင် သင်္ဘောအပြင်ဘက်မှာ ရှိတဲ့ လှုပ်ယမ်းနေတဲ့ အရာဝတ္ထုတစ်ခုခုကို ကြည့်ပေးလိုက်။ ဒါဆို မျက်စိနဲ့ နားရဲ့ data တွေက ကိုက်ညီမှု ရှိသွားတဲ့အတွက် လှိုင်းမူးတဲ့ ဒဏ်လည်း သက်သာသွားနိုင်တယ်။

အဲဒီလို မျက်စိနဲ့ နားအတွင်းပိုင်းက ပို့လွှတ်လိုက်တဲ့ message တွေကို တစ်နည်းတစ်ဖုံ နှောင့်ယှက်လိုက်တာနဲ့ လူရဲ့ တည်နေရာ (ကိုယ်ရှိနေတဲ့ နေရာ) အချက်အလက်က ပြောင်းလဲသွားတယ်။ ဥပမာ လူက မြေကြီးပေါ်မှာ ရပ်နေပေမယ့် စောစောက ပြောတဲ့ message ကို တစ်မျိုး ပြောင်းလိုက်ရင် ကာယကံရှင်က သူ့ကိုယ်သူ မြေကြီးပေါ် ရပ်နေတယ်လို့ မသိတော့ဘူး။ မယူဆတော့ဘူး။ လေထဲပဲ လွင့်နေသလိုလို ခံစားနေရတယ်။ ဦးနှောက်ရဲ့ temporal lobes နဲ့ parietal lobe ရဲ့ နယ်နိမိတ်မှာ မျက်စိနဲ့ နားအတွင်းပိုင်းရဲ့ မတ်စေ့တွေ လာစုကြတယ်။ အဲဒီ ထိရှလွယ်တဲ့ ဧရိယာကို ကစားလိုက်တာနဲ့ လူက လေထဲမှာပဲ မြှောက်နေသလိုလို ခံစားသွားရရော။ နောက်ထပ် တွေ့ရှိချက်တစ်ခုကတော့ သွေးထဲမှာ အောက်ဆီဂျင်ပမာဏ လျော့နည်းမှု ဒါမှမဟုတ် ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုလျှံနေမှုကြောင့် စောစောက ပြောခဲ့တဲ့ temporoparietal ဒေသရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ပေးနိုင်တယ်။ ဒါကြောင့်လည်း သေလုမျောပါး လူနာတွေမှာ အဲဒီလို ကိုယ်ခန္ဓာကနေ ဝိညာဉ်ထွက်သွားတဲ့ ခံစားမှုမျိုး ရကြတာ ဖြစ်လိမ့်မယ်။

အခု ပြောခဲ့သမျှကို ၁၀၀% မှန်ပါတယ်လို့တော့ အာမခံလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်ထိ စမ်းသပ်ခဲ့သမျှဟာ သေရွာပြန်တွေရဲ့ လက်တွေ့ခံစားနေတဲ့ အတွေ့အကြုံကို လေ့လာခွင့်ရလို့ လေ့လာထားတာမျိုး မဟုတ်လို့ပါပဲ။ ဒါပေမယ့် သေရွာပြန်တွေ ခံစားကြရသလိုမျိုး တထေရာတည်းနီးပါး တူအောင် တခြားနည်းလမ်းတွေနဲ့ လုပ်ပြနိုင်ခဲ့တာဆိုတော့ အထက်ပါ အယူအဆတွေက မှားတယ်လို့လည်း ပြောလို့ မရဘူး။ အချုပ်ပြောရရင်တော့ သေရွာပြန် အတွေ့အကြုံလို၊ ဝိညာဉ်က ခန္ဓာအပြင် ထွက်ကြည့်တယ် ဆိုတာမျိုးလို သညာဝိပ္ပလ္လာသ (အမှတ်သညာ၏ လှည့်စားခံရခြင်း) မျိုးက ဘာကြောင့် ဖြစ်လာရသလဲဆိုတော့ ဦးနှောက်ထဲ သွေးအရောက်နည်းလို့ ဒါမှမဟုတ် အောက်ဆီဂျင် အရောက်နည်းတဲ့အခါမှာ ဖြစ်တတ်ပါတယ်လို့ နိဂုံးချုပ်ပါရစေ။

Leave a comment

Your email address will not be published. Required fields are marked *