ကျွန်တော်တို့ဟာ ကိုယ့်ကြမ္မာကို ကိုယ်တိုင် စီမံပိုင်ခွင့် ရှိတယ်လို့ ယူဆရတာ သဘောကျကြတယ်။ ကျွန်တော်တို့ရဲ့ အပြုအမူတွေကို တခြားသူ တစ်ဦးတစ်ယောက်က ထိန်းချုပ်နိုင်လောက်တယ် ဆိုတဲ့ အတွေးမျိုးက ကျွန်တော်တို့ကို မသက်မသာ ဖြစ်သွားစေတာ အမှန်ပဲ။ ကျွန်တော်တို့ဟာ သူတစ်ပါးရဲ့ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်ရဲ့ အဖြစ်မျိုးကို အဖြစ်မခံချင်ကြဘူး။ သတင်းမီဒီယာတွေ၊ ကုမ္ပဏီကြီးတွေရဲ့ တစ်ဖက်သတ် ညှို့ငင်သွေးဆောင်မှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြတယ်။ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေရဲ့ ဦးနှောက်ဆေးတာကိုလည်း ကျွန်တော်တို့ စက်ဆုပ်ကြတယ်။ ဒါပေမယ့် စကားလုံးတွေ၊ ရုပ်ပုံတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ အတွေးတွေကို သက်ရောက်မှု ရှိစေတဲ့ တစ်ခုတည်းသော အရာဝတ္ထုတွေတော့ မဟုတ်ကြဘူး။ တခြားသတ္တဝါတွေ … အတိအကျပြောရရင် ကပ်ပါးကောင်တွေ … ဒီထက်ပိုပြီး အတိအကျ ပြောရရင် တောက်ဇိုပလက်စ်မာ ဂွန်ဒီး (Toxoplasma Gondii) ဆိုတဲ့ ဦးနှောက်ကပ်ပါးကောင်တစ်မျိုးက လူရဲ့ တွေးပုံခေါ်ပုံအပြင် အမူအကျင့်ကိုပါ ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်လို့ သုတေသနပညာရှင်တွေ တွေ့ရှိလာခဲ့တယ်။
ကြောက်ရွံ့ခြင်း ကင်းမဲ့တဲ့ ကမ္ဘာကြီးတစ်ခုကို မြင်ယောင်ကြည့်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ သောကတွေ ကင်းဝေးပြီး အားပြည့်မာန်ပြည့်နဲ့ ကျွန်တော်တို့ လှုပ်ရှားသွားလာ နေနိုင်လောက်တယ်။ ကားတွေ ဥဒဟိုသွားလာ စည်ကားနေတဲ့ ကားလမ်းဆုံတွေကို ယုံကြည်ချက်ပြည့်ပြည့်နဲ့ ကျွန်တော်တို့ ဖြတ်ကူးနိုင်လိမ့်မယ်။ မိုက်ရူးရဲဆန်တဲ့ အလုပ်ပေါင်းစုံကိုလည်း လုပ်နေလောက်တယ်။ ပြီးတော့ သရဲကားလို ကြောက်မက်ဖွယ် ရုပ်ရှင်ကားတွေကိုလည်း မျက်နှာတစ်ချက် မပျက်ဘဲ၊ မျက်တောင်တစ်ချက် မခတ်ဘဲ၊ ပခုံးတစ်ချက် မတွန့်ဘဲ ကြည့်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီထက်ပိုပြီး နည်းနည်းလေးများ နက်နက်ရှိုင်းရှိုင်း စဉ်းစားကြည့်လိုက်ရင်တော့ ဖြစ်လာနိုင်ခြေတွေက အကျည်းတန်လာနိုင်တယ်။ သွေးရဲရဲ သံရဲရဲတွေတောင် ဖြစ်လာနိုင်တယ်။ တကယ်တော့ ကြောက်ရွံ့ခြင်းက ကျွန်တော်တို့ကို မဖြစ်တန်တာ မဖြစ်ရအောင် ကာကွယ်ပေးထားခဲ့တာပဲ။
ကြွက်တစ်ကောင်အတွက် အခြေခံကျတဲ့ မလိုလားမှုတစ်ခုကို ပြပါဆိုရင် ဥပမာ ကြောင်တစ်ကောင်ရဲ့ ခံတွင်းထဲကို ရောက်မသွားဖို့ပဲ။ ဒါပေမယ့် ကြွက်တွေအားလုံးအတွက် ကံဆိုးတာက သူတို့မှာ ဒုတိယရန်သူ ရှိနေတယ်။ အဲဒီရန်သူက အဲဒီလို ကြောက်ရွံ့မှုမျိုးကို သူတို့ရဲ့ ဦးစားပေးအဆင့်ထဲ ရောက်မသွားအောင် ဆီးကာထားတယ်။ ဧကကလာပ်စည်း သတ္တဝါ (ပရိုတိုဇိုအမ်) တစ်ကောင်ဖြစ်တဲ့ တောက်ဇိုပလက်စ်မာ ဂွန်ဒီးက ကြွက်တစ်ကောင်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ဆက်လက်ရှင်သန်ရေး ဗီဇစိတ်ကို ပယ်ဖျက်ပစ်နိုင်တယ်။ ရလဒ်အနေနဲ့ ကြွက်တစ်ကောင်ဟာ ကြောင်တစ်ကြောင်ရဲ့ ဝေးရာကို ထွက်မပြေးဘဲ အဲဒီအစား ထူးဆန်းစွာနဲ့ပဲ ကြောင်ရဲ့ ဆွဲဆောင်ခြင်းကို ခံကြရတယ်။
တောက်ဇိုပလက်စ်မာရဲ့ လက်လှမ်းက ကြောင်ကမ္ဘာ၊ ကြွက်ကမ္ဘာထက်ကို အဝေးကြီး အလှမ်းကျယ်လွန်းလှတယ်။ အဲဒီကပ်ပါးကောင်က ကြွက်နဲ့ကြောင် စတဲ့အိမ်ရှင်တွေနဲ့ ထူးခြားတဲ့ ဆက်ဆံရေးမျိုး ရှိတာ မှန်ပေမယ့် သူက ကုဋေကုဋာသော ကုန်းနေ၊ ရေနေနဲ့ မိုးပျံ သတ္တဝါတွေရဲ့ ဦးနှောက်တွေမှာလည်း ကူးစက်နိုင်သေးတယ်။ လူသားတွေကလည်း ခြွင်းချက်တစ်ခု မဟုတ်ဘူး။ သိပ္ပံပညာရှင်တွေ ခန့်မှန်းကြတာက တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် လူသန်းပေါင်း ၃၀၀၀ ကျော်က တောက်ဇိုပလက်စ်မာတွေကို သယ်ဆောင်ထားကြတယ်။ ယူကေမှာက ၇%၊ ယူအက်စ်မှာက ၂၀%၊ ဘရာဇီးမှာက ၆၇% နဲ့ တချို့နိုင်ငံတွေမှာဆိုရင် နိုင်ငံ့လူဦးရေ ၉၅% ရဲ့ ဦးနှောက်နာ့ဗ်ကြော ပတ်လမ်းတွေထဲမှာ တောက်ဇိုပလက်စ်မာ ကပ်ပါးကောင်တွေ အခြေချနေထိုင်နေကြတယ်။
လူအများစုအတွက်ကတော့ အဲဒီကူးစက်မှုက ဘာနိမိတ်လက္ခဏာမှ မပြကြဘူး။ ဒါပေမယ့် နောက်ဆုံးရ သက်သေသာဓကတွေက ဘာကို ဖော်ပြနေကြသလဲဆိုရင် တောက်ဇိုပလက်စ်မာက နို့တိုက်သတ္တဝါရဲ့ ဦးနှောက်ဆဲလ်တွေရဲ့ မော်လီကျူးအခင်းအကျင်းကို တက်တက်ကြွကြွ ပြုပြင်တည်ဆောက်နေကြတယ်။ အခုဆိုရင် တချို့ သုတေသီတွေက အဲဒီသေးနုပ်တဲ့ ဧကကလာပ်စည်းသက်ရှိဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ စရိုက်လက္ခဏာကို သိုသိုသိပ်သိပ် သိမ်သိမ်မွေ့မွေ့နဲ့ ပုံပြောင်းအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုရေးသားလာကြတယ်။
ကြောင်တွေရဲ့ အခန်းကဏ္ဍ
သုတေသီတွေက ၁၉၀၈ ခုမှာ T. gondii ကို ပထမဆုံး တွေ့ရှိလာခဲ့တယ်။ ၂၀ ရာစုရဲ့ အဆုံးကိုရောက်တော့ အဲဒီကပ်ပါးကောင်က လူသားတွေဆီမှာ ဘယ်ပုံဘယ်နည်း ကပ်တွယ်လာခဲ့သလဲ ဆိုတာကို ကောင်းကောင်းကြီး မှန်းဆလာနိုင်ခဲ့ပြီ။ ဒီဇာတ်လမ်းကို ကြောင်တွေနဲ့ စရမှာပဲ။ အကြောင်းအရင်းကိုတော့ သိပ္ပံပညာရှင်တွေ ရှာမတွေ့ကြသေးဘူး။ တောက်ဇိုပလက်စ်မာက ကြောင်မျိုးဝင် တိရစ္ဆာန်တွေရဲ့ အူထဲမှာသာလျှင် လိင်ဆက်ဆံမှုအရ မျိုးပွားနိုင်တယ်။ ကြောင်မျိုးဝင် တိရစ္ဆာန်တွေ ဖြစ်တဲ့ အိမ်ရှင်၊ ကပ်ပါးလက်ခံကောင်တွေရဲ့ အတွင်းမှာ ကပ်ပါးကောင်တွေ သားပေါက်ကြတယ်။ ကြောင်တွေဟာ သူတို့ကိုယ်သူတို့ အသားကုန် သ,နေတတ်တဲ့ တိရစ္ဆာန်မျိုး ဖြစ်တာကြောင့် သူတို့ရဲ့ အမွေးတွေပေါ်မှာ အဲဒီကပ်ပါးကောင်တွေကို ရှာတွေ့နိုင်ဖို့ မလွယ်လှဘူး။ အဲဒီပုံစံအစား လူတွေဟာ ကြောင်တွေရဲ့ အိပ်ကျင်း၊ ဒါမှမဟုတ် အညစ်အကြေးစွန့်ခွက်တွေကနေတစ်ဆင့် ကူးစက်ကြတာပဲ များတယ်။ အဲဒီလိုမှ မဟုတ်ရင် ကပ်ပါးပိုးဝင်နေတဲ့ ရေ သို့မဟုတ် အစာကို သောက်သုံးမိတဲ့ အခါမျိုးမှာပေါ့။
အိမ်ရှင်အသစ်ထဲကို ရောက်သွားတဲ့အခါမှာ ကပ်ပါးကောင်က လိင်ဆက်ဆံမှု မပါဘဲ အကောင်တွေ ထက်ခြမ်းကွဲသွားတယ်။ ပြီးတော့ အိမ်ရှင်ရဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကြရော။ အဲဒီလို ကူးစက်မှုရဲ့ ကနဦးအဆင့်မှာ တောက်ဇိုပလက်စ်မာက ကိုယ်ခံအားချို့ယွင်းတဲ့ ဒါမှမဟုတ် ခံနိုင်ရည်မရှိတဲ့ အိမ်ရှင်ကို တောက်ဇိုပလက်စ်မိုစစ် (Toxoplasmosis) ရောဂါ ဖြစ်စေနိုင်တယ်။ အဲဒီရောဂါကြောင့် အသားတစ်ရှူးတွေ ပြင်းပြင်းထန်ထန် ပျက်ဆီးသွားတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အထူးကို အန္တရာယ်များတာပါပဲ။ တကယ်လို့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ပထမဆုံးအကြိမ်အဖြစ် တောက်ဇိုပလက်စ်မာ ကူးစက်ခံရပြီဆိုရင် ကပ်ပါးကောင်ဟာ ဖွံ့ဖြိုးဆဲ သန္ဓေသားထဲကိုလည်း ကျူးကျော်ဝင်ရောက်သွားနိုင်တယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာသာ ကူးစက်ခံခဲ့ရရင် ကိုယ်ဝန်ပျက်ကျတာ သို့တည်းမဟုတ် ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေး မွေးဖွားလာတာမျိုး ကြုံရတတ်တယ်။
ဒါပေမယ့် ကျန်းမာသန်စွမ်းတဲ့ လူပုဂ္ဂိုလ်တွေမှာကျတော့ အဲဒီကနဦးကာလမှာ ဖြစ်တဲ့ လက္ခဏာတွေက မဆိုးရွားလှဘူး။ ချမ်းပြီးတုန်တာ၊ အဖျားတက်တာ၊ ကိုယ်ခန္ဓာ ကိုက်ခဲနာကျင်တာ စတဲ့ တုပ်ကွေးလို မအီမသာဖြစ်တာမျိုးလောက်ပဲ ကြုံရတတ်တယ်။ ရက်နည်းနည်း ကြာသွားတာနဲ့ ကိုယ်ခံအားစနစ်က ကပ်ပါးကောင်ကို ဖိနှိပ်နိုင်သွားတယ်။ ဒီတော့ တောက်ဇိုပလက်စ်မာက မြုံတဲ့အဆင့်အဖြစ် ငုပ်လျှိုးသွားတယ်။ ကိုယ်ခံအားစနစ်က လုံးဝ ပျောက်ကွယ်သွားအောင်တော့ ရှင်းမပစ်နိုင်ဘူး။ သူက အိမ်ရှင်ရဲ့ ဆဲလ်တွေထဲမှာ အခွံမာတစ်ခုနဲ့ သူ့ကိုယ်သူ ဖုံးကွယ်ထားတယ်။ အဲဒါကို တစ်ရှူးအိတ် (tissue cyst) လို့ ခေါ်တယ်။
ကူးစက်မှုရဲ့ အဲဒီအဆင့်မှာ သိသာထင်ရှားတဲ့ ဘာရောဂါလက္ခဏာမှ ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ခံအားစနစ် ချို့ယွင်းမှု (AIDS၊ ကိုယ်အင်္ဂါအစားထိုး ကုသမှု ခံယူထားခြင်း၊ ဒါမှမဟုတ် ဓာတ်ကင်ထားခြင်းတို့ကြောင့် ဖြစ်တယ်) ရှိတဲ့သူတွေမှာ အမြုံအဆင့် ကူးစက်ခံထားရရင်တော့ ကြီးမားပြင်းထန်တဲ့ ထပ်တိုးရောဂါဝေဒနာတွေကို ခံစားရလာနိုင်တယ်။ ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်က အားနည်းနေလေတော့ကာ တောက်ဇိုပလက်စ်မာက ပြန်လည်အသက်ဝင်လာပြီး အထိန်းအချုပ်မဲ့ ကြီးထွားပျံ့ပွားလာတယ်။
တစ်ခါ ကူးစက်ခံထားရပြီးပြီ ဆိုရင်တော့ အဲဒီလူက အဲဒီကပ်ပါးကောင်ကို တစ်သက်တာပတ်လုံး သယ်ဆောင်သွားပေတော့။ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်က အဲဒီတစ်ရှူးအိတ်တွေကို လုံးဝ အမြစ်ပြတ်သွားအောင် မစွမ်းဆောင်နိုင်ဘူး။ လုပ်ပေးနိုင်တဲ့ ဆေးဝါးလည်း အခုချိန်ထိ မရှိသေးဘူး။ မည်သို့ဆိုစေပေါ့၊ ကူးစက်ခံထားရခြင်း ရှိမရှိကိုတော့ သွေးစစ်ပြီး အဖြေရှာနိုင်တယ်။ ပြီးတော့ အထိုက်အလျောက်လည်း ဆိုးဝါးပြင်းထန်ခြင်း မရှိဘူးရယ်လို့ ရှေးရှေးကတည်းက လက်ခံရှုမြင်ခဲ့ကြတယ်။ တကယ်တမ်းမှာလည်း အဲဒီကပ်ပါးကောင်ကို သယ်ဆောင်ထားတဲ့ လူတွေ အများစုမှာ မြင်သာထင်ရှားတဲ့ မကောင်းတဲ့ သက်ရောက်မှုမျိုး မတွေ့ရဘူး။ ဒါပေမယ့် ယခုနှစ်ပိုင်းမှာတော့ အဲဒီယုံကြည်မှုကို သိပ္ပံပညာရှင်တွေက ပြန်လည်ဆန်းစစ်ဖို့ လုပ်လာကြတယ်။
ငါ့ကို စားလှည့်ပါ၊ ကိုကိုကြောင်
၁၉၈၀ လွန်နှစ်တွေမှာ သုတေသီတွေဟာ တောက်ဇိုပလက်စ်မာ ကူးစက်ခံထားရတဲ့ ကြွက်တွေရဲ့ မူမမှန်တဲ့ အပြုအမူတွေကို သတိထားမိလာခဲ့တယ်။ ကြွက်တွေဟာ လွန်လွန်ကျွံကျွံကို တက်ကြွလာကြတယ်။ အရင်လောက်လည်း ကိုယ့်ကိုယ်ကိုယ် သ,မနေတော့ဘူး။ ၁၉၉၄ ခုမှာ ကူးစက်ရောဂါဗေဒပညာရှင် ဂျုန်းဝက်ဘ်စတာ (အဲဒီအချိန်တုန်းက အောက်စဖို့တက္ကသိုလ်မှာ အမှုထမ်း) ဟာ တစ်ရှူးအိတ်တွေ ခိုအောင်းနေတဲ့ ကြွက်တွေရဲ့ မတူထူးခြားတဲ့ အပြုအမူတွေကို ကူးစက်ခံထားခြင်း မရှိတဲ့ ကြွက်တွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာခဲ့တယ်။ ကူးစက်ခံ ကြွက်တွေဟာ ကြောင်တွေရဲ့ အဝေးကို ထွက်ပြေးရမယ့်အစား သူတို့ရဲ့ အနားကို တိုးသွားကြတယ်။ ဒီတော့ သားကောင်အဖြစ် လွယ်လွယ်နဲ့ ကျရောက်သွားတော့တာပေါ့။
ဝက်ဘ်စတာက အဲဒီ ‘သေလောက်တဲ့ ကြောင်ဆွဲဆောင်မှု’ (သူက အဲဒီလို နာမည်ပေးထားတယ်) ဟာ ကပ်ပါးကောင်ရဲ့ ကလိမ်ဉာဏ် ဆင်မှုတစ်ခုပဲ ဖြစ်ရမယ်လို့ သံသယဝင်ခဲ့တယ်။ သူတို့ရဲ့ ဘဝစက်ဝန်းရဲ့ လိင်ဆက်ဆံမှုအဆင့်ကို ပြီးမြောက်နိုင်ဖို့အတွက် ကြောင်ရဲ့ ဗိုက်ထဲကို ပြန်ဝင်ဖို့ သူတို့ ဉာဏ်ဆင်ကြတာ ဖြစ်မယ်လို့ သံသယရှိခဲ့တယ်။ နောက်နှစ်တွေ အတွင်းမှာ အဲဒီအိုင်ဒီယာက လူပြောသူပြော များလာတယ်။ အခုဆိုရင် အတော် များပြားတဲ့ တွေ့ရှိချက်တွေအရ အဲဒီကပ်ပါးကောင်ဟာ နာ့ဗ်ကြောလုပ်ဆောင်ချက်နဲ့ ဂျင်းန် ဖော်ပြချက် (gene expression) တွေကို ပြုပြင်လိုက်ခြင်းအားဖြင့် ကြွက်တွေရဲ့ အမူအကျင့်ကို အမှန်တကယ် လှည့်စားနိုင်တာကို တွေ့လာခဲ့ကြတယ်။
ကောင်းစွာထိန်းကွပ်ထားတဲ့ လက်တွေ့စမ်းသပ်ချက် အမြောက်အမြားက ဘာကို ဖော်ပြနေကြသလဲ ဆိုရင် ကူးစက်မခံထားရတဲ့ ကြွက်တွေဟာ ကြောင်စော်နံနေတဲ့ နေရာတွေကို ရှောင်လွှဲသွားတတ်ကြပေမယ့် ကူးစက်ခံ ကြွက်တွေအတွက် အဲဒါက ဘာမှ အရေးမပါသလိုမျိုးပဲ။ ပိုပြီး ထူးခြားဆန်းပြားတာက ၂၀၁၁ ခုနှစ်မှာ စတန်းဖို့ တက္ကသိုလ်ရဲ့ ဦးနှောက်အတွင်းထုတ် ဂလင်းပညာရှင် ရောဘတ် ဆာပိုစကီး၊ စင်္ကာပူ NTU ရဲ့ မော်လီကျူးဇီဝဗေဒပညာရှင် အဂျိုင် ဗီယက်စ်နဲ့ သူတို့ရဲ့ အပေါင်းပါတွေက ဘာကို တွေ့ရှိခဲ့ကြသလဲ ဆိုတော့ ကြောင်အနံ့က ကူးစက်ခံကြွက်တွေအတွက် လိင်စိတ်မွှန်တဲ့အထိ ဆွဲဆောင်မှု ရှိနေကြတယ်။
နို့တိုက်သတ္တဝါတွေရဲ့ ဦးနှောက်ထဲမှာ ‘ခုခံကာကွယ်ခြင်း’ နဲ့ ‘မျိုးပွားခြင်း’ ဆိုင်ရာ နာ့ဗ်လမ်းကြောင်းတွေက အပြိုင် အလုပ်လုပ်နေကြတယ်။ အဲဒီလမ်းကြောင်းတွေက အနံ့ခံအင်္ဂါကနေ စတင်ပြီး ကြောက်ရွံ့ခြင်းနဲ့ နိုးကြွခြင်း စတဲ့ အခြေခံ တုံ့ပြန်မှုတွေအတွက် အရေးပါတဲ့ ဦးနှောက်ရဲ့ လင်းဘစ်စနစ် (limbic system) မှာ အဆုံးသတ်တယ်။ သူတို့ရဲ့ နီးကပ်နေမှုကတစ်ဆင့် ကပ်ပါးကောင်တွေဟာ ကြွက်ရဲ့ အမူအကျင့်ကို ဘယ်လို လှည့်ဖြားသလဲ ဆိုတာကို တစ်စိတ်တစ်ဒေသတော့ နားလည်လာနိုင်လိမ့်မယ်။
ကူးစက်ခံ ကြွက်အထီး ၁၈ ကောင်နဲ့ ကူးစက်မခံရသေးတဲ့ ကြွက်အထီး ၁၈ ကောင်ကို အသုံးပြုပြီး ဆာပိုစကီးနဲ့ သူ့အပေါင်းပါတွေဟာ ကြွက်တွေရဲ့ အမူအကျင့်ကို လေ့လာခဲ့ကြတယ်။ ကြွက်မတွေရဲ့ အနံ့ ဒါမှမဟုတ် ကြောင်ရဲ့ သေးနံ့နဲ့ ထိတွေ့လာရတဲ့ အချိန်မှာ သူတို့ ဘယ်လို ပြုမူကြသလဲပေါ့။ နောက်တော့ သူတို့က အဲဒီ သတ္တဝါလေးတွေကို အစတေးခံပြီး သူတို့ရဲ့ ဦးနှောက်တွေကို ဖွင့်ကြည့်ခဲ့တယ်။ တခြား ဦးနှောက်ဧရိယာတွေနဲ့ နှိုင်းစာရင် လင်းဘစ်စနစ်ထဲမှာ ကပ်ပါးအိတ်တွေ အတော်အတန် ပြည့်နှက်နေတာကို သုတေသီတွေ တွေ့ခဲ့ကြရတယ်။
အဲဒီအနံ့တွေနဲ့ ထိတွေ့ရတဲ့ အတောအတွင်းမှာ ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းတွေ အလုပ်လုပ်နေခဲ့ကြသလဲ ဆိုတာကိုလည်း သူတို့ အကဲဖြတ်ခဲ့ကြသေးတယ်။ ကြွက်မတွေနဲ့ ကြောင်တွေရဲ့ အနံ့ကို တုံ့ပြန်တဲ့အနေနဲ့ သူတို့ရဲ့ ဦးနှောက်ထဲက မျိုးပွားလမ်းကြောင်းမှာ မြင့်မားတဲ့ အဆင့်တစ်ခုထိ လှုပ်ရှားလည်ပတ်ခဲ့ကြောင်း စတန်းဖို့သုတေသီတွေ တွေ့ရှိလာခဲ့ကြတယ်။ နောက်ပြီးတော့ ကူးစက်မခံရသေးတဲ့ ကြွက်ထီးတွေဟာ ကြွက်မတွေရဲ့အနံ့ကို ရတဲ့အခါမှာ သူတို့ရဲ့ မျိုးပွားလမ်းကြောင်းပေါ်မှာ သက်ဝင်လှုပ်ရှားမှုတွေ ရှိလာတဲ့နည်းတူ၊ ကူးစက်ခံကြွက်ထီးတွေဟာ ကြောင်သေးနံ့ကို ရတဲ့အခါမှာလည်း အဲဒီအတိုင်း အသက်ဝင်လာတာကို တွေ့ခဲ့ကြရတယ်။ အဲဒီရလဒ်တွေက ဘာကို အဆိုပြုနေသလဲဆိုရင် ကူးစက်ခံကြွက်တွေရဲ့ နာ့ဗ်လုပ်ဆောင်ချက်တွေဟာ ခုခံကာကွယ်ရေးကနေ အနီးနားက မျိုးပွားရေး လမ်းကြောင်းပေါ် ရွေ့ပြောင်းသွားတယ်လို့ ဆိုရမယ်။ အန္တရာယ်နံ့ကို ရရမယ့်အစား ကြွက်တွေဟာ အချစ်နံ့ကို ရနေကြတယ်။
ကပ်ပါးကောင်တွေဟာ ဘယ်ပုံဘယ်နည်းနဲ့ သေစေနိုင်လောက်တဲ့ အဲဒီဆွဲဆောင်မှုကို လှစ်ထုတ်နိုင်ခဲ့သလဲ ဆိုတဲ့ အချက်အလက် အတိအကျကို သိပ္ပံပညာရှင်တွေ မသိကြသေးဘူး။ ဒါပေမယ့် ၂၀၁၄ ခု၊ ဗီယက်စ်ရဲ့ စမ်းသပ်ခန်းမှာ သဲလွန်စတစ်ခု ရရှိလာတယ်။ တောက်ဇိုပလက်စ်မာက သူ့အိမ်ရှင်ရဲ့ လူမှုရေးနဲ့ လိင်မှုရေး ဆိုင်ရာ အမူအကျင့်တွေမှာ ပါဝင်ပတ်သက်နေတဲ့ နာ့ဗ်ဆက်သား (Neurotransmitter) တစ်မျိုးရဲ့ ပမာဏကို မြှင့်တင်ခဲ့ကြောင်း ဗီယက်စ်နဲ့ သူ့အပေါင်းအဖော်တွေ ပြသနိုင်ခဲ့ကြတယ်။ အဲဒီတာဝန်ကို ပြီးမြောက်နိုင်ဖို့အတွက် ကပ်ပါးကောင်ဟာ DNA မီသိုင်းအုပ်စုသွင်းခြင်း (DNA methylation) ကို ပြောင်းလဲပစ်လိုက်တယ်။ မီသိုင်းအသွင်းခံထားရတဲ့ ဂျင်းန်တွေက မော်လီကျူးအစွပ်နဲ့ ဖုံးကာထားခံရတာကြောင့် ငြိမ်သက်သွားတယ်။ တောက်ဇိုပလက်စ်မာက လိင်စိတ်အားပေးတဲ့ နာ့ဗ်ဆက်သားတွေရဲ့ ဖန်တီးမှုကို စေ့ဆော်ပေးတဲ့ ဂျင်းန်အုပ်စုတစ်စုကို အစွပ်ဖယ်ပေးလိုက်တယ်။ ဗီယက်စ်နဲ့ အပေါင်းပါတို့ဟာ လုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ကြည့်ခြင်းအားဖြင့် အဲဒီကစားကွက်ကို တွေ့ရှိလာခဲ့ကြတယ်။ သူတို့ဟာ ဓာတုဓာတ်ပေါင်းတစ်ခုကို ကူးစက်ခံ ကြွက်တွေကို ပေးလိုက်တဲ့အခါမှာ သက်ဆိုင်ရာဂျင်းန်တွေက ငြိမ်သက်သွားပြီး ကြောင်ရဲ့အနံ့ကို တန်းတန်းစွဲနေတဲ့ စွဲလမ်းမှုကလည်း ပျောက်ကွယ်သွားတယ်။
ကြွက်တစ်ကောင်ရဲ့ ကြောင်နံ့ကို တန်းတန်းစွဲနေမှုဟာ ထာဝရ တည်မြဲသွားနိုင်တယ်လို့ ၂၀၁၃ ခုမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဇီဝဗေဒပညာရှင် မိုက်ကယ်အီးဆန်နဲ့ သူ့အပေါင်းပါတို့ တွေ့ရှိခဲ့ကြတယ်။ ကူးစက်ခံထားရတဲ့ ရုပ်လက္ခဏာတွေ ဘာတစ်ခုမှ မတွေ့ရတော့ဘူး ဆိုရင်တောင်မှပေါ့။ လေ့လာချက်တစ်ခုမှာ အီးဆန်ဟာ ဦးနှောက်အိတ်တွေ ဖွဲ့စည်းမလာနိုင်တဲ့ မျိုးပြင် ကပ်ပါးကောင်ကို ကြွက်တွေနဲ့ ထိတွေ့ပေးခဲ့တယ်။ လေးလကြာသွားတဲ့အခါမှာ အဲဒီ ကူးစက်ခံကြွက်တွေရဲ့ ဦးနှောက်ထဲမှာ ကပ်ပါးကောင်တွေ မတွေ့ရတော့ဘူး။ ဒါပေမယ့် သူတို့တွေဟာ ကြောင်နံ့ကို ရှောင်ဖယ်ရမယ့်အစား ဆွဲဆောင်မြဲ ဆွဲဆောင်ခံနေရတုန်းပဲ။ အဲဒီတွေ့ရှိချက်က ဘာကို ဖော်ပြနေသလဲဆိုတော့ ခန္ဓာကိုယ်ထဲကနေ ကပ်ပါးကောင်ကို ဖယ်ရှားနိုင်တယ် ဆိုရင်တောင်မှ ပြောင်းလဲသွားတဲ့ အမူအကျင့်တွေက ဆက်ပြီး တည်တံ့နေဦးမယ်။ ကူးစက်မှုက အမှတ်တစ်ခု ချန်ထားခဲ့တယ်။ ကပ်ပါးကောင်ပေးတဲ့ ရာသက်ပန် တက်တူးလိုပဲ။
သတ္တလောကကို ဘယ်လို ကြီးစိုးနေသလဲ။
တောက်ဇိုပလက်စ်မာက ဒီကမ္ဘာမြေပေါ်မှာ အများဆုံး ပျံ့နှံ့တည်ရှိနေတဲ့ ကပ်ပါးကောင်ဖြစ်တယ်။ တိုက်ကြီးအားလုံးမှာ တွေ့ရသလို သက်ရှိအမျိုးမျိုးမှာလည်း တွေ့ရှိနိုင်တယ်။ မတူကွဲပြားတဲ့ တိရစ္ဆာန်တွေကို ဘယ်လောက်တောင် ကူးစက်နေသလဲဆိုတာကို ကျွန်တော်တို့ သိခဲ့ရတာ သိပ်မကြာသေးဘူး။ လူအများကို အံ့အားသင့်စေခဲ့တဲ့ ဗြိတစ်ရှ်ကိုလံဘီယာတက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ပြောရရင် အာတိတ်သမုဒ္ဒရာထဲမှာ ရှိတဲ့ ဘယ်လူဂါ ဝေလငါးတွေမှာတောင် ၂၀၁၄ ခုနစ်က အဲဒီကပ်ပါးကောင်ကို တွေ့ရှိခဲ့ရတယ်။ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းမှာ ဆိုရင် ပင်လယ်ဖျံတွေရဲ့ သေဆုံးမှုဟာ တောက်ဇိုပလက်စ်မာ ကူးစက်မှုနဲ့ သက်ဆိုင်နေကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်။
တောက်ဇိုပလက်စ်မာ ကူးစက်ခံရခါစ ကြောင်တစ်ကောင်ဟာ တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ ကပ်ပါးကောင်ပါတဲ့ အူးစစ် (Oocyst) လို့ခေါ်တဲ့ အထုပ်ပေါင်း သန်း ၈၀၀ ကို အများဆုံး စွန့်ထုတ်နိုင်တယ်။ စွန့်ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် အူးစစ်တစ်ခုဟာ မြေ သို့မဟုတ် ရေထဲမှာ နှစ်ချီပြီး ရှင်သန်နိုင်တယ်။ အူးစစ်တစ်ခုကို ရှူသွင်းမိရုံနဲ့၊ ဒါမှမဟုတ် စားသုံးမိရုံနဲ့ ကူးစက်မှု စတင်ဖို့ လုံလောက်သွားပြီ။ အိမ်ရှင်အသစ်ရဲ့ ကိုယ်ထဲမှာ ကပ်ပါးကောင်က သူ့နည်းသူ့ဟန်နဲ့ လမ်းကြောင်းရှာသွားနိုင်ကြောင်း အာမခံနိုင်သလောက် နီးပါးရှိတယ်။
ဒါပေမယ့် အိမ်မွေးကြောင်တွေ အနေနဲ့ တောက်ဇိုပလက်စ်မာနဲ့ ဆက်စပ်နေမှုအပိုင်းမှာ မတရား စွပ်စွဲခံနေရသလို ဖြစ်နေတယ်။ ကြောင်ပိုင်ရှင်တွေဟာ အူးစစ်တစ်ခုကို မတော်တဆ သောက်မြိုမိတာမျိုး ဖြစ်နိုင်တာ အမှန်ပါပဲ။ တကယ်လို့ ကြောင်ရဲ့ မစင်ကျင်းတွေနား ကပ်မိပြီး မိမိကိုယ်အင်္ဂါကို သေချာ ဆေးကြောဖို့ လစ်ဟင်းခဲ့တဲ့ အခါမျိုးမှာပေါ့။ ဒါပေမယ့် ကြောင်တစ်ကောင်ဟာ အူးစစ်တွေကို တစ်သက်မှာ တစ်ကြိမ်ပဲ စွန့်ထုတ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြတယ်။
အိမ်မွေးကြောင်တွေနဲ့ နှိုင်းစာရင် တောတွင်းနေနဲ့ တောစိတ်ဝင်နေတဲ့ ကြောင်မျိုးတွေက အူးစစ်တွေကို ဥယျာဉ်တွေ၊ လယ်တောတွေနဲ့ ရေလှောင်တာတမံတွေမှာ ဖြန့်ဝေနိုင်ကြတယ်။ သဘောကတော့ အဲဒီကြောင်ရိုင်းတွေဟာ တောက်ဇိုပလက်စ်မာကို ဖြန့်ဝေတဲ့အပိုင်းမှာ ပိုပြီး ကြီးမားတဲ့ ထည့်ဝင်သူတွေ ဖြစ်ကြတယ်။ အူးစစ်တွေကို ညစ်ပတ်နေတဲ့ ရေတွေ ဒါမှမဟုတ် မဆေးကြောရသေးတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပုံမှန်အားဖြင့် တွေ့ရလေ့ရှိတယ်။ အဲဒီကပ်ပါးကောင်က သစ်ပင်တွေကို မကူးစက်နိုင်ဘူး ဆိုပေမယ့် သူရဲ့ အူးစစ်တွေကတော့ အသေအချာသာ သန့်ရှင်းရေး မလုပ်ရင် သူတို့ရဲ့ မျက်နှာပြင်တွေပေါ်မှာ တင်ကျန်နေကြတယ်။
ပိုဆိုးတာက သတ္တဝါအများအပြား (လူသားတွေ အပါအဝင်) ဟာ အသားစိမ်း သို့တည်းမဟုတ် မကျက်တကျက် အသားတွေကို စားရာကနေ ကူးစက်ခံရတာ များတယ်။ တောက်ဇိုပလက်စ်မာ ကူးစက်ခံရတဲ့ တိရစ္ဆာန်တစ်ကောင်ဟာ သူ့ဘဝတစ်လျှောက်လုံး တစ်ရှူးအိတ်တွေရဲ့ ခိုအောင်းရာ ဖြစ်လာခဲ့ရတယ်။ အဲဒီတစ်ရှူးကို စားသုံးလိုက်မိရင် (ဥပမာ အမဲသားစိမ်း) ကပ်ပါးကောင်ဟာ အိမ်ရှင်အသစ်ဆီကို ပျံ့နှံ့သွားတယ်။ အဲဒီလို အိမ်ရှင်အသစ်ဆီကို ဝင်ရောက်တဲ့ ပညာသားပါတဲ့ နည်းလမ်းတွေကြောင့် တောက်ဇိုပလက်စ်မာဟာ ကမ္ဘာမြေတလွှား ပျံ့နှံ ရောက်ရှိသွားတယ်။
လူသားနဲ့ ဆက်နွှယ်မှု
လူတွေဟာ တိရစ္ဆာန်ရုံထဲက ခြင်္သေ့လှောင်အိမ်ထဲကို သူတို့ဘာသာ ပစ်ဝင်သွားမှာ မဟုတ်ပါဘူး။ အဲဒီအချက်ကြောင့် တောက်ဇိုပလက်စ်မာက ကြွက်တွေကို အသွင်ပြောင်းခဲ့တဲ့ နည်းအတိုင်း လူသားတွေအပေါ်မှာတော့ သက်ရောက်မှု မရှိဘူးလို့ အခိုင်အမာ ပြောဆိုကြတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ဦးနှောက်တွေက တစ်မျိုးနဲ့တစ်မျိုး တူညီတာ မဟုတ်လေတော့ တောက်ဇိုပလက်စ်မာရဲ့ ကစားကွက်က ကြွက်မျိုးစုတွေနဲ့ အထူးသဖြင့် သင့်လျော်ခဲ့ပုံရတယ်။ ဆင့်ကဲပြောင်းလဲမှု သဘောတရားအရ ကြည့်မယ်ဆိုရင်လည်း လူ့ဦးနှောက်ကို ထိန်းချုပ်နိုင်ဖို့ ပြုပြင်ပြောင်းလဲ လာခဲ့ရင်ရော ကပ်ပါးကောင်အတွက် အကျိုးအမြတ် များများစားစား ရစရာ မရှိဘူး။ ကျွန်တော်တို့ လူသားတွေက နောက်ဆုံးမှာတော့ ‘လမ်းဆုံး’ အိမ်ရှင်တွေ ဖြစ်နေကြတယ်။ ကျွန်တော်တို့အထဲမှာ ရှိနေတဲ့ ကပ်ပါးကောင်တွေက မျိုးပွားဖို့အတွက် ကြောင်တွေရဲ့ ဗိုက်ထဲကို ပြန်ရောက်သွားနိုင်စရာအကြောင်း မရှိသလောက်ပဲ။ ဘယ်သို့ဆိုစေပေါ့၊ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေထဲမှာ အငှားနေနေကြတဲ့ အဲဒီတစ်ရှူးအိတ်တွေကတော့ ကျွန်တော်တို့ကို မျှော်လင့်မထားတဲ့ ညင်သာတဲ့ နည်းလမ်းတွေနဲ့ ခြယ်လှယ်နိုင်သေးတယ်။
ဥပမာပြောရရင် အိုင်အိုဝါတက္ကသိုလ်ရဲ့ ကူးစက်ရောဂါဗေဒပညာရှင် အိန်ဂျယ်လီကို မန်ဒီရဲ့ လတ်တလော လေ့လာချက်အရ တောက်ဇိုပလက်စ်မာ ကူးစက်ခံထားရတဲ့ ကလေးတွေနဲ့ သိမှုဆိုင်ရာ စာမေးပွဲတွေရဲ့ စွမ်းဆောင်ရည်ရလဒ်တွေက ဆက်စပ်မှု ရှိနိုင်တဲ့ အလားအလာတစ်ခုကို တွေ့ရှိလာခဲ့တယ်။ များပြားလှတဲ့ သုတေသနတွေ (အများစုကို ပါရာဂွေးနိုင်ငံ၊ ချားလ်စ်တက္ကသိုလ်ရဲ့ ကပ်ပါးကောင်ပညာရှင် ဂျာရိုစလက်ဗ် ဖလက်ဂါက ပြုလုပ်ခဲ့တယ်) က တောက်ဇိုပလက်စ်မာဟာ လူသားတွေရဲ့ အမူအကျင့်ကို ပြောင်းလဲပစ်နိုင်တဲ့ အလားအလာ ရှိတယ်ဆိုတဲ့ အိုင်ဒီယာကို ထောက်ခံနေကြတယ်။ ဆယ်စုနှစ် တစ်ခုကျော်လောက် အတွင်းမှာ လူပေါင်း ၂၅၀၀ လောက် ပါဝင် လုပ်ဆောင်ခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေး အကဲဖြတ်ချက် အပြုံလိုက်ကြီးထဲမှာ ဖလက်ဂါနဲ့ အပေါင်းပါတွေက ဘာကို တွေ့ရှိခဲ့သလဲ ဆိုရင် စရိုက်လက္ခဏတချို့ဟာ တောက်ဇိုပလက်စ်မာ ကူးစက်မှုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ချိတ်ဆက်မှု ရှိနေတယ်။ ဥပမာ ပြောရရင် ကူးစက်ခံအမျိုးသားတွေက အတွင်းစွဲဘာဝ၊ သံသယကြီးခြင်းနဲ့ ပုန်ကန်ထကြွလိုခြင်းတွေဘက်ကို ယိမ်းယိုင်နေတယ်။ သို့ပေမယ့် ကူးစက်ခံအမျိုးသမီးတွေကျတော့ အပြင်စွဲဘာဝ၊ ယုံကြည်လွယ်ခြင်းနဲ့ နာခံတတ်ခြင်းတွေဘက်ကို ယိမ်းယိုင်နေတယ်။
တုံ့ပြန်မှုအချိန်ကာလကို တိုင်းတာတဲ့ ရိုးရိုးစမ်းသပ်မှုတစ်ခုမှာ ကူးစက်ခံလူတွေဟာ ကူးစက်မဲ့လူတွေထက် တုံ့ပြန်တဲ့အပိုင်းမှာ ပိုမိုနှေးကွေးနေတာကို ဖလက်ဂါ တွေ့လာခဲ့တယ်။ အဲဒီတုံ့နှေးမှုက သူ ဖော်ထုတ်ထားတဲ့ တခြားဆက်နွှယ်မှုတစ်ခုနဲ့လည်း ပတ်သက်နေနိုင်တယ်။ ချက်နိုင်ငံက စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေကြတဲ့ စစ်သားပေါင်း ၃၈၉၀ ကို ၂၀၀၉ ခုမှာ စိစစ်လေ့လာမှုတစ်ခု ပြုလုပ်ခဲ့တယ်။ ငုပ်နေတဲ့ တောက်ဇိုပလက်မိုးစစ် ရောဂါ ရှိပြီး အနုတ်လက္ခဏာ သွေးအမျိုးအစား ရှိတဲ့ (ဆိုလိုတာက သူတို့မှာ RhD ပရိုတိန်း မရှိကြဘူး) စစ်သားတွေဟာ တောက်ဇိုပလက်စ်မာ ကင်းတဲ့ ဒါမှမဟုတ် အပေါင်းလက္ခဏာ သွေးအမျိုးအစားရှိတဲ့ စစ်သားတွေထက် ကားမတော်တဆ ဖြစ်မှု ခြောက်ဆ ပိုများနေတယ်။ RhD ရဲ့ အလုပ်လုပ်ပုံကိုတော့ ကျွန်တော်တို့ မသိရသေးဘူး ဆိုပေမယ့် ဖလက်ဂါရဲ့ ရလဒ်က ဘာကို ညွှန်ပြနေသလဲ ဆိုရင် RhD ဟာ တောက်ဇိုပလက်စ်မာရဲ့ သက်ရောက်မှုကနေ လူတွေကို တစ်နည်းတစ်ဖုံ ကာကွယ်ပေးနေတယ်။ ဒါပေမယ့် ဘယ်လို ကာကွယ်ပေးနေသလဲ ဆိုတာကတော့ ပဟေဠိတစ်ခု ဖြစ်နေဆဲပဲ။
နောက်ပိုင်းမှာ ဖလက်ဂါနဲ့ သူ့အပေါင်းပါတွေက ကြွက်တွေမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတချို့ကို လူတွေမှာလည်း တွေ့ရှိရကြောင်း တွေ့မြင်လာခဲ့တယ်။ ၂၀၁၁ ခုမှာ သုတေသီတွေဟာ တောက်ဇိုပလက်စ်မာ ကူးစက်ခံ ကျောင်းသား ၃၄ ယောက်နဲ့ ကူးစက်မဲ့ ကျောင်းသား ၁၃၄ ယောက်ကို တိရစ္ဆာန်အမျိုးမျိုးရဲ့ ဆီးနမူနာတွေအပေါ် ပြင်းအားနဲ့ နှစ်လိုဖွယ်ကောင်းမှုကို အဆင့်သတ်မှတ်ခိုင်းခဲ့တယ်။ ထူးဆန်းတာက ကူးစက်ခံ ယောက်ျားလေးတွေက ကူးစက်မဲ့ ယောက်ျားလေးတွေထက် ကြောင်သေးနံ့ကို ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်လို့ ယူဆကြသတဲ့။ မိန်းကလေးတွေမှာတော့ ရလဒ်က ပြောင်းပြန်ဖြစ်နေတယ်။
ယာဉ်မတော်တဆ ဖြစ်မှုတွေဟာ အကြောက်အရွံ့မဲ့တဲ့ အပြုအမူကြောင့် ဖြစ်တာပါလို့ တရားသေ ပြောလို့မရပေမယ့် လတ်တလော လေ့လာချက်အရ သေဆုံးမှု ၁၀၀ လောက်က တောက်ဇိုပလက်စ်မာ ကူးစက်မှုနဲ့ ချိတ်ဆက်မှု ရှိနေတယ်။ ကြွက်တွေ၊ ဟိုင်ယီးနားတွေ၊ ပင်လယ်ဖျံတွေ မိုက်ရူးရဲ ဆန်ကြသလိုမျိုးပေါ့။ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြတဲ့ လူတွေကို စစ်ဆေးကြည့်တဲ့အခါမှာ တောက်ဇိုပလက်စ်မာအိတ်တွေ ရှိနေတဲ့ လူရဲ့ အချိုးအစားက တစ်ဖက်စောင်းနင်းကို များလွန်းနေတယ်။ ဒီတော့ တစ်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဲဒီလို ယာဉ်မတော်တဆမှု သန်းပေါင်းများစွာဟာ အဲဒီကပ်ပါးကောင်နဲ့ သက်ဆိုင်နေမလားလို့တောင် တွေးစရာ ဖြစ်လာတယ်။ ပြီးတော့ စိတ်ကစဉ့်ကလျား ဖြစ်သူ ၂၀% ရဲ့ ကိုယ်တွင်းမှာလည်း တောက်ဇိုပလက်စ်မာအိတ်တွေ တွေ့နေရတယ်။ အဲဒီလိုပဲ၊ တောက်ဇိုပလက်စ်မာနဲ့ သေကြောင်းကြံစည်မှုကလည်း ကြီးမားတဲ့ ဆက်နွှယ်မှု ရှိနေပြန်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် တစ်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သေကြောင်းကြံစည်မှုပေါင်း တစ်သန်းကျော်ဟာ အဲဒီကပ်ပါးကောင်နဲ့ ဆက်စပ်နိုင်တယ်လို့ ခန့်မှန်းကြတယ်။
မထင်မှတ်ထားတဲ့ စွက်ဖက်နှောင့်ယှက်သူ
ရှေးပဝေသဏီကတည်းက တောက်ဇိုပလက်စ်မာတွေ လျှို့ဝှက်ထားခဲ့တဲ့ အံ့ဩဖွယ် သက်ရောက်မှုတွေကို သုတေသီတွေက မြေလှန်ဖော်ထုတ်ဖို့ ဆက်လက် ကြိုးပမ်းနေကြဆဲပဲ။ ဒါကြောင့် တောက်ဇိုပလက်စ်မာရဲ့ အထင်ကြီးစရာ ကောင်းလောက်တဲ့ ဆဲလ်နဲ့ မော်လီကျူး ကစားကွက်တွေဟာ ကပ်ပါးလက်ခံ လူသားတစ်ယောက်ရဲ့ အတွင်းပိုင်းမှာ အဖျက်အမှောင့်တွေကို ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်တယ်လို့ သိပ္ပံပညာရှင် အတော်များများက စပြီး စဉ်းစားလာကြရပြီ။
တကယ်လို့ စာဖတ်သူအနေနဲ့ မိမိမှာရော အဲဒီကပ်ပါးကောင် ရှိနေနိုင်သလားလို့ စိတ်ဝင်စားနေခဲ့ရင် သွေးစစ်ကြည့်နိုင်ပါတယ်။ လတ်တလောအချိန်မှာတော့ တောက်ဇိုပလက်စ်မာနဲ့ ကင်းကင်းရှင်းရှင်း နေနိုင်ဖို့အတွက် သင်နဲ့ သင့်ရဲ့ ကြောင်မိတ်ဆွေတွေကို တစ်ကိုယ်ရေ သန့်ရှင်းမှုရှိအောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့သာ ကြောင်တွေက သင့်ရဲ့ ဝင်းခြံထဲမှာ လျှောက်ပတ်သွားနေခဲ့မယ်ဆိုရင် CDC ရဲ့ အကြံပြုချက်အရ ခြံကိစ္စ လုပ်ဆောင်နေချိန်မှာ လက်အိတ်နဲ့ နှာခေါင်းဖုံးကို ဝတ်ဆင်ထားပေးပါ။ ပြီးတော့ အသုံးမပြုသေး(တော့)တဲ့ သဲကျင်းတွေကို အဖုံးလုံအောင် ဖုံးထားပေးပါ။ တခြားသော အခြေခံ ကျန်းမာရေး အကြံပြုချက်တွေ ဖြစ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို သန့်ရှင်းအောင် ဆေးကြောဖို့၊ အသားငါးတွေကို ကျက်အောင် ချက်ဖို့နဲ့ လက်ကို ပုံမှန် ဆေးကြောပေးဖို့ စတာတွေကလည်း ကူးစက်မှုကို ရှောင်လွှဲနိုင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။
တောက်ဇိုပလက်စ်မာက ဦးနှောက်နဲ့ အမူအကျင့်တွေကို အခြေခံကျကျ ပုံပြောင်းပစ်နိုင်တယ် ဆိုတဲ့ အယူအဆက အတော်လေးတော့ စိတ်ကသိကအောက် ဖြစ်စရာ ကောင်းတယ်။ ဒါပေမယ့် အဲဒီတွေ့ရှိချက်တွေက ပိုပြီးအခြေခံကျတဲ့ အမှန်တရားအတွက် သတိပေးချက်တစ်ခု ဖြစ်ချင် ဖြစ်နေမှာပါ။ တကယ်ဆိုရင် လူတိုင်းလူတိုင်းမှာ ကြွယ်ဝကုံလုံတဲ့ ဂေဟစနစ်တစ်ခုစီ ရှိနေကြတယ်။ လူသားတိုင်းရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲမှာ ဇီဝကမ္မဗေဒ၊ ဇီဝတွင်းဖြစ်ပျက်မှု (metabolism) နဲ့ ကျန်းမာရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဘတ်တီးရီးယားဆဲလ်ပေါင်း ၁၀ မျိုးထက်မက ရှိနေကြတယ်။ တောက်ဇိုပလက်စ်မာလို့ ခေါ်တဲ့ ပရိုတိုဇိုအမ်က ဒီစနစ်ကြီးထဲမှာ ရှိတဲ့ အခြားသော ခိုးစီးသူတစ်ကောင်မျှသာပါ။ နောက်ထပ် လေ့လာမှုတွေ အများကြီး ထပ်လုပ်ဖို့ ထိုက်တန်တဲ့ ကပ်ပါးကောင်တစ်ကောင်ပေါ့။ တကယ်တမ်းကျတော့ ကျွန်တော်တို့ရဲ့ အပေါင်းအဖော်တွေဖြစ်တဲ့ အဏုဇီဝ ပိုးမွှားလေးတွေ အကြောင်းကို မလေ့လာဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အကြောင်းကိုလည်း ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။
