ဆရာတင်မောင်မြင့်ရဲ့ ကျိန်စာသင့်အတိတ် ချစ်ဆိပ်ရည်ချို (The Reader) ကို ဖတ်ရင်း အပိုင်း (၂)၊ အခန်း (၁၂) အရောက်မှာ တစ်ခေါက်နဲ့ နားမလည်လို့ သုံး၊ လေးခေါက် ပြန်ဖတ်ခဲ့ရတယ်။ နားမလည်ဘူး ဆိုတာက အဖေနဲ့သားရဲ့ စကားပြောတွေမှာ တစ်ကြောင်းနဲ့တစ်ကြောင်း ဆက်စပ်ရ ခက်တာ၊ ပြီးတော့ နားလည်ရခက်တဲ့ စကားလုံးတွေ ပါလာတာကို ဆိုလိုတာပါ။ အပေါ်ယံလျှပ်ဖတ်သွားရင်တော့ ခြုံငုံပြီး နားလည်နိုင်ပါရဲ့။ ဒါပေမယ့် ဆက်စပ်အဓိပ္ပာယ်ကို ဖော်မရဘူး။
ကံကောင်းတာက အဲဒီ The Reader မှာက သူရိန်ဝင်း ဘာသာပြန်ထားတဲ့ နောက်တစ်မူ ရှိသေးတယ်။ ဒါနဲ့ သူရိန်ဝင်းမူကို ထပ်ဖတ်ကြည့်ရတယ်။ ရမ်နဲ့ မမူးလို့ ဝီစကီရောသလို ဖြစ်သွားသလား မသိဘူး။ သူရိန်ဝင်းမူကလည်း သူ့ဟာချည်းသက်သက်ဆို နားလည်ရခက်နေပြန်ရော။ ဒါနဲ့ တမမမူနဲ့ သရဝမူကို ပြန်တိုက်ဖတ်၊ အဲဒါနဲ့ အားမရလို့ မူရင်း အင်္ဂလိပ်ဘာသာပြန် (တကယ့်မူရင်းက ဂျာမန်ပါ) ကို ရှာပြီး သုံးခု တေ့ကြည့်လိုက်တော့ …. (မီးပွင့်ကုန်ရော 😄😄 စတာပါလေ)
အောက်မှာ ကျနော် အသည်းအသန် ဖတ်ခဲ့တဲ့ တမမ မူ၊ ပြီးတော့ သရဝ မူ။ နောက်ဆုံးမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောက်နုတ်ချက်တချို့ကို အင်္ဂလိပ်မူနဲ့ တစ်ပိုဒ်ချင်း ပြန်တိုက်ပြထားတယ်။ အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ ဆရာတင်မောင်မြင့်ရဲ့ သမ္ဘာပဲ။
ကျနော့်အမြင်အရ၊ ကျနော့်အတွေ့အကြုံအရ အဲဒီအခန်းက စာအုပ်တစ်အုပ်လုံးမှာ ဘာသာပြန်ရ အခက်ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိတယ်။ ဒါကြောင့်လည်း ကျနော် အသေးစိတ် လိုက်ကြည့်မိတာပါ။ ဘာသာပြန် စိတ်ဝင်စားသူတွေအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
>> ဆရာတင်မောင်မြင့်
အဖေက ကျွန်တော်၏ ဘယ်သူ့ပြဿနာရယ်လို့မျှ ခေါင်းစဉ်တပ် မထားသည့် ကိစ္စကို ဆွေးနွေးခွင့် ပြုပါသည်။
“ဆိုပါဦးကွ၊ တရားခွင်နဲ့ ပတ်သက်နေတဲ့ ပြဿနာလား”
အဖေက ခေါင်းယမ်းလိုက်သည်။ “အဖြေ မရှိနိုင်ဘူး” ဟူသည့် အမူအရာ။ ဒါမှမဟုတ် ကျွန်တော့်အနေဖြင့် ပြောဖို့ခက်နေသည့် ကိစ္စကို ပြောလွယ်အောင် ဖွင့်ပေးတာလား မသိ။
ပြီးမှ ဝင်ထိုင်ပြီး ဦးခေါင်းကို တဖက်သို့ ငဲ့ထားသည်။ လက်နှစ်ဖက်က ကုလားထိုင်လက်တန်း နှစ်ခုကို ဆုပ်ထားသည်။ ဤသည်မှာ အဖေ အလေးအနက် တွေးနေပုံ ဖြစ်ပါ၏။ ကျွန်တော့်ကို လုံးဝ မကြည့်။ ကျွန်တော်က သူ့ကို အသေးစိတ် အကဲခတ်နေသည်။ ဆံပင်တွေ ဖြူနေပြီ။ မျက်နှာကို ကျွန်တော် သေသေချာချာ ကြည့်သည်။ မျက်လုံးနှင့် နှာရိုးအကြားမှ ပါးစပ်ထောင့်အထိ အရေးအကြောင်းတွေ ထင်နေပြီ။ မုတ်ဆိတ်ကျင်စွယ်ကို ဖြစ်ကတတ်ဆန်း ရိတ်ထားသည်။
စမည့်စတော့ သူက ကကြီးရေး ကမှ စသည်။ ပုဂ္ဂလိက လွတ်လပ်မှုအကြောင်း၊ လူ့ဂုဏ်သိက္ခာအကြောင်း၊ လူဆိုတာ ဓမ္မဓိဋ္ဌာန်သာ ဖြစ်သင့်ပြီး ပုဂ္ဂလဓိဋ္ဌာန် မဖြစ်စေသင့်ကြောင်း စသည် စသည်။
“မင်း မမှတ်မိဘူးလား၊ မင်း ငယ်ငယ်တုန်းကလေ၊ မေမေက ကောင်းစေချင်လို့ လုပ်ပေးတိုင်း မင်း မကျေနပ်ဘူး။ မေမေက ကောင်း၊ မကောင်း မင်း ထက် ပိုသိတာပေါ့။ ဒါဟာ တကယ့်ပြဿနာပဲ။ ကလေးတွေကို ဘယ်လို သင်ပေးမလဲ။ ဒါဟာ ဒဿနိက ပြဿနာတခုပဲ။ ဒါပေမဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ဒဿနိက ဘယ်လို သွားသုံးမလဲ။ အဲဒီမှာ သင်ကြားရေးပိုင်း ရောက်သွားတာပဲ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ သူတို့ကို စနစ်တကျ ဘယ်လို သင်ကြားမလဲ။ ဒဿနိကက ကလေးတွေအကြောင်း မေ့နေတယ်”
အဖေက ကျွန်တော့်ကို ကြည့်ပြီး ပြုံးသည်။ ပြီးမှ ဆက်ပြောသည်။
“ဟုတ်တယ်၊ ကလေးတွေကိစ္စကို ဒဿနိကက မေ့ထားတာ ကြာပြီ။ တခါတလေ မေ့တာ မဟုတ်ဘူး၊ အမြဲတမ်း မေ့ထားတာ။ မင်းကို ငါ မေ့နေသလိုပေါ့ကွာ”
“ဟုတ်ကဲ့… ဒါပေမဲ့…..”
“ဒါပေမဲ့ လူကြီးတွေနဲ့ ပတ်သက်လို့ ငါ သိပ်မရှင်းဘူး။ သူတို့က သူတို့ကိုယ်ပိုင်အယူအဆထက် အခြားသူတွေရဲ့ အမြင်ကို ရှေ့တန်းတင်တတ်ကြတယ်။ ဒါက သူတို့အတွက် ပိုအကျိုးရှိတာကိုး”
“နောက်ပိုင်းမှာ အဲဒီအတွက် သူတို့ကိုယ်သူတို့ ကျေနပ်နေတယ် ဆိုရင်ကော”
အဖေ ခေါင်းယမ်းသည်။
“တို့က ကျေနပ်မှုအတွက် ပြောနေတာ မဟုတ်ဘူး။ တို့ ဆွေးနွေးနေတာက လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုလေ။ ဒါကို မင်း ငယ်ငယ်ကလေး ကတည်းက သင်ခဲ့တယ်လေ။ အမေ့ဘက်က အမြဲမှန်နေတာကို မင်း မကျေနပ်ခဲ့ဘူး မဟုတ်လား”
ခုတော့ အဲဒီတုန်းက အမေ (အဖေ???) နဲ့ စကားပြောခဲ့တဲ့ အကြောင်းတွေ ကျွန်တော် ပြန်တွေးကြည့်တတ်နေပြီ။ အမေ (အဖေ???) သေပြီးမှ ခုလို တွေးမိခြင်း ဖြစ်ပါသည်။ ကျွန်တော့် မှတ်ဉာဏ်များကို တူးဆွကြည့်တတ်လာပြီ။ အမေ (အဖေ???) နှင့် ပျော်ပျော်ပါးပါး လှုပ်ရှားသွားလာခဲ့သည့် အချိန်များကို ပြန်တွေးသည့်အခါ ကျွန်တော်သည် ပို၍ ပျော်သွားပြီး ပို၍ အံ့ဩရလေသည်။
စင်စစ် ကျွန်တော်သည် အဖေ၏ စိတ္တဇဆန်ခြင်းနှင့် ရောထွေးနေသည့် အယူအဆများကို နားမလည်ခဲ့ခြင်း ဖြစ်ပါသည်။
နောက်ဆုံးတော့ အဖေ့နိမိတ်ပုံများကို ကျွန်တော် ဖတ်နိုင်ပါသည်။ နိဂုံး ဆွဲနိုင်ပါသည်။ တရားသူကြီးကို ကျွန်တော် သွားတွေ့ဖို့မလို။ ကျွန်တော့်တွင် သည်လို လုပ်ဖို့ အခွင့်အရေး မရှိ။ သည်လို ကောက်ချက်ဆွဲလိုက်တော့ ကျွန်တော့် ရင်ထဲ ပေါ့သွားသည်။
ကျွန်တော် သက်ပြင်းချတာကို ကြည့်ပြီး အဖေက မေးသည်။
“မင်းဒဿနကို မင်း သဘောကျသွားတာလား”
“ဟုတ်ကဲ့၊ ကျွန်တော် ဆိုချင်တဲ့ အခြေအနေမျိုးမှာ တစုံတယောက်ဟာ ဘယ်ဟာ လုပ်သင့်တယ်၊ ဘယ်ဟာ မလုပ်သင့်ဘူး ဆိုတာ ကျွန်တော် နားမလည်ဘူး။ လုပ်မှ ဖြစ်မယ်၊ မလုပ်လို့ မဖြစ်ဘူး ဆိုတဲ့ အကျပ်အတည်းမျိုးကို ကျွန်တော် နားမလည်ဘူး။ အမှန်တကယ် လုပ်ဖို့က…”
ကျွန်တော် ဘာဆက်ပြောရမှန်း မသိသဖြင့် ရပ်ထားလိုက်သည်။ စိတ်သက်သာရဖို့လား၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားအောင်လား၊ သည်အတိုင်း ဆိုလျှင် လောကနီတိနဲ့ ညီပါ့မလား၊ တာဝန်ယူမှုပိုင်းက ကြည့်လျှင် တာဝန်ကျေပါ့မလား။
“ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားအောင် မင်း လုပ်ချင်တာလား” လို့ အဖေက ပြောတော့ ကျွန်တော် ခေါင်းညိတ်ပြီး ပခုံးတွန့်ပြလိုက်သည်။
“မဟုတ်သေးဘူး၊ မင်းပြဿနာက ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားအောင် လုပ်လို့ရတဲ့ ပြဿနာမျိုး မဟုတ်ဘူး၊ အဲဒီနည်းနဲ့ ဖြေရှင်းလို့လဲ မရဘူး။ မင်းပြောတဲ့ အတိုင်းဆိုရင် စုဆောင်းထားတဲ့ ခံစားမှုတွေ ခေါင်းပေါ် ရောက်နေတဲ့ တာဝန်တွေအရ လူတယောက်ဟာ လှုပ်ရှားရမယ်ပေါ့ … ဟုတ်စ။ လူတယောက်ဟာ နောက်တယောက်အတွက် အကောင်းဆုံးနည်းကို ရွေးပေးနိုင်ပြီး နောက်တယောက်က အဲဒီနည်းကို မမြင်နိုင်ဘူး ဆိုရင် သူ့ကို မျက်စိဖွင့် ပေးရမယ်။ သူနဲ့ စကားပြောရမယ်။ တိုက်ရိုက်ပြောရမယ်။ သူ့ဘေးနားက လူနဲ့ မဟုတ်ဘူး”
ကျွန်တော် စိတ်ညစ်သွားသည်။
ကျွန်တော် မမဟန်နာနဲ့ စကားပြောရမှာလား။ တွေ့ရင် ကျွန်တော် ဘာတွေ ပြောမလဲ။ သူက တလျှောက်လုံး ဘဝအတုနဲ့ နေလာပြီး အားလုံးကို လိမ်ညာထားခဲ့တာ ကျွန်တော် အသိပဲ။ ဘာမဟုတ်တဲ့ ကိစ္စကလေးကို ဖုံးကွယ်ထားချင်တာနဲ့ ဘဝတခုလုံးကို အပျက်အစီးခံခဲ့တာပဲ။ လဲသင့်တဲ့ ကိစ္စလား။ တန်ဖိုးချင်း တူလို့လား။
ဒီကိစ္စကို လူသိမှာ စိုးတာနဲ့ ထောင်ထဲမှာ တသက်လုံး နေတော့မှာလား။ သူ့မှာ အချိန်ရှိသေးတယ်။ အရွယ် ရှိသေးတယ်။ နောက်ပိုင်းမှာ လုပ်စရာတွေ အပုံအပင် ရှိသေးတယ်။ ဒါပေမဲ့ သူ တသက်လုံး ဖုံးထားတဲ့ ကိစ္စကို ကျွန်တော်က ဖော်ထုတ်ရမှာလား။ ဒီလိုလုပ်လိုက်လျှင် သူ့အနာဂတ် ဘာဖြစ်သွားမလဲ။ ကျွန်တော် သူနှင့် မည်သို့ မျက်နှာချင်းဆိုင်ရမှန်း မသိပါ။
ဘာတွေ ဖြစ်လာမည်ကို ကျွန်တော် မသိပါ။ နှစ်တိုထောင်ဒဏ် ကျခံဖို့ သူရွေးတာ မှန်၊ မမှန်လည်း ကျွန်တော် မသိပါ။ ဘယ်လို မျက်နှာချင်းဆိုင်ပြီး ဘာ တွေ ပြောရမှန်း မသိတော့ပါ။
အဖေ့ကို ကျွန်တော် မေးလိုက်သည်။ “သူ့ကို ကျွန်တော် သွားတွေ့ပြီး စကားမပြောနိုင်ဘူး ဆိုရင်ကော”
အဖေ ကျွန်တော့်ကို သံသယမျက်လုံးများဖြင့် ကြည့်သည်။ ကျွန်တော် ပြောလိုက်သည့် စကား တလွဲချော်ထွက်သွားပြီဟု ကျွန်တော် နားလည်လိုက်သည်။ ဘာမျှ သည်ထက်သည် မပြောတတ်တော့ပါ။ သင့် မသင့်၊ မှန် မမှန် ကျွန်တော် မပြောနိုင်တော့၊ ကျွန်တော် လုပ်စရာက ဆုံးဖြတ်ချက်ချဖို့ပင်။
“မင်းကို အဖေ ဘာမှ မကူညီနိုင်ပါဘူး သားရယ်” အဖေ ထရပ်တော့ ကျွန်တော်ပါ ထလိုက်သည်။ “နေ နေ.. မင်း ဆက်နေပါ။ အဖေ နောက်ကျောတွေ တက်လာလို့ပါကွာ”
အဖေ မတ်မတ် မရပ်နိုင်ပါ။ လက်နှစ်ဖက်ဖြင့် ဆီးစပ်ကို နှိပ်ပြီး ငိုက်ကျ သွားသည်။
“အမှန်ကတော့ မင်းကို ငါ မကူညီနိုင်ဘူးလို့ ငါ မပြောရဘူး၊ ဒဿနိက ဆရာတယောက်အနေနဲ့ ခု မင်း ငါ့ကို ဆွေးနွေးနေသလိုပေါ့ကွာ၊ ပြီးတော့ မင်းရဲ့ အဖေတယောက်အနေနဲ့ သားသမီးတွေကို မကူညီနိုင်တဲ့ ဘဝဟာ တော်တော် ဆိုးတဲ့ အဖြစ်ပဲ၊ အဖေ တော်တော်ခံစားရပါတယ်”
သူ ဘာဆက်ပြောမလဲ ကျွန်တော် ဆက်နားထောင်နေသည်။ ဘာမျှ ဆက်မပြောတော့ပါ။
>> သူရိန်ဝင်း၏ ဘာသာပြန်ချက်
သဘောတရားသက်သက် ပြထားတဲ့ ကျွန်တော့် ပြဿနာနဲ့ ဥပမာတွေကို အဖေက ကျွန်တော့် ပြောခွင့် ပေးတယ်။
“တရားခွင်နဲ့ သက်ဆိုင်တယ်၊ ဟုတ်လား”
ဒါပေမဲ့ အဖြေကို သူ မျှော်လင့်မထားတာ ပြဖို့ သူ ခေါင်းခါတယ်။ ဒါမှမဟုတ် ကျွန်တော့်ဘာသာ စိတ်လို လက်ရ ပြောပြဖို့ အသင့် မဖြစ်သေးတာကို ဖိအားမပေးချင်၊ မကြားချင်ဘူးလို့ ပြတာပဲ။ အဲ့ဒီအချိန်မှာ ခေါင်းကို တစ်ဖက်ငဲ့ ကုလားထိုင် လက်တင်ကို တင်းတင်းဆုပ်ထိုင်ပြီး သူ တွေးတယ်။ ကျွန်တော့်ကို မကြည့်ဘူး။ ကျွန်တော် သူ့ကို လေ့လာကြည့်တယ်၊ သူ့ဆံပင်ဖြူဖြူ၊ သူ့မျက်နှာ၊ ခါတိုင်းလို ဖြစ်ကတတ်ဆန်း ရိတ်ထားတဲ့ သူ့မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး။ မျက်လုံးနှစ်ခုကြားက အရေးအကြောင်း နက်နက်တွေ။ နှာခေါင်းပေါက်ကနေ နှုတ်ခမ်းထောင့်အထိ အရေးအကြောင်း နက်နက်တွေ ကျွန်တော် ကြည့်တယ်။ ကျွန်တော် စောင့်နေတယ်။
သူ ပြန်ဖြေတော့ မူလအစပြုရာ နောက်ခံအကြောင်းတွေဆီ သူ ပြန်သွားတယ်။ တစ်သီးပုဂ္ဂလအကြောင်း၊ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ အကြောင်း၊ ပြုသူကတ္တားအဖြစ် ရှိနေတဲ့ လူသားအကြောင်း၊ တစ်စုံတစ်ယောက်က သူ့ကို ကံပုဒ်အဖြစ် မပြောင်းနိုင်ကြောင်း သူ ကျွန်တော့်ကို သင်ပြတယ်။
“မင်း မမှတ်မိဘူးလား။ မင်း ငယ်ငယ်က မင်းအတွက် ဘာကောင်းတယ်လို့ မေမေက ပိုသိနေတဲ့အခါ မင်း ဒေါသ အရမ်းထွက်တတ်တာလေ။ ကလေးတွေနဲ့ ပတ်သက်လို့ ဒီလိုမျိုး လူကြီးတစ်ယောက်က ဘယ်အထိ လုပ်ပေးနိုင်လဲ ဆိုတာပင်လျှင် တကယ့်ပြဿနာတစ်ခု။ ဒါက ဒဿနိက ပြဿနာ။ ဒါပေမဲ့ ဒဿနိက ကိုယ်တိုင်က ကလေးတွေကို အလေးမထားဘူး။ သင်ကြားလေ့ကျင့်ရေးမှာပဲ ပစ်ထားလိုက်တယ်။ အဲဒီမှာ သူတို့ကို ဂရုတစိုက် မရှိကြဘူး။ ဒဿနိကဟာ ကလေးတွေကို မေ့ထားတယ်”
သူ ကျွန်တော့်ကို ပြုံးပြတယ်။
“သူတို့ကို အမြဲ မေ့ထားတာ။ တစ်ခါတလေ မဟုတ်ဘူး။ မင်းတို့ကို ငါမေ့ထားသလိုမျိုး ပါပဲကွာ”
“ဒါပေမဲ့ …”
“ဒါပေမဲ့ လူကြီးတွေမှာတော့ သူတို့အတွက် ဘာက ကောင်းတယ် ဆိုတဲ့ အခြားလူတွေရဲ့ အမြင်ကို သူတို့ အတွက် ဘာက ကောင်းတယ် ဆိုတဲ့ ကိုယ်ပိုင်အယူအဆထက် ရှေ့တန်းတင်တာတော့ အကျိုးအကြောင်း သင့်မှန်တယ်လို့ ငါ လုံးဝ မမြင်ဘူး”
“အဲဒါနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ သူတို့ကိုယ်တိုင် ကျေနပ်ပျော်ရတယ် ဆိုရင်တောင် မမှန်ဘူးလား”
အဖေက ခေါင်းခါတယ်။
“ငါတို့ ပြောနေတာ ပျော်ရွှင်မှုအကြောင်း မဟုတ်ဘူး။ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုအကြောင်းကို ပြောနေတာ။ ကလေးဘဝမှာတောင် အဲဒီခြားနားမှုကို မင်း သိခဲ့တာပဲ။ မင်းအမေ အမြဲမှန်နေခဲ့တာဟာ မင်းအတွက် ကျေနပ်စရာ မဖြစ်ခဲ့ဘူးလေ”
အဖေနဲ့ အဲ့ဒီစကားတွေ ပြောခဲ့တာကို ပြန်တွေးရတာ ဒီနေ့ ဒီအချိန်မှာ ကျွန်တော် သဘောကျတယ်။ အဖေ ဆုံးသွားတဲ့အထိ ဒါကို ကျွန်တော် မေ့ထားတာ။ အဖေဆုံးပြီးမှပဲ သူနဲ့ အတူရတဲ့ အတွေ့အကြုံတွေ၊ အတူ လှုပ်ရှား သွားလာတာတွေ၊ ပျော်စရာကြုံရတဲ့ အမှတ်ရတာတွေ အသေးစိတ် ပြန်စဉ်းစား ရှာဖွေမိတာ။ ဒါတွေ့ရတော့ ကျွန်တော် အံ့သြဝမ်းသာ နှစ်ခုစလုံး ဖြစ်ရတယ်။ အစမှာ စိတ်ကူး အယူဆသက်သက်နဲ့ တကယ့် လက်ဆုပ် လက်ကိုင်တွေကို အဖေက ရောနှောပြတာကို ကျွန်တော် ရှုပ်သွားတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော် တရားသူကြီးကို မပြောရဘူး၊ တကယ်တော့ တရားသူကြီးကို ကျွန်တော် သွားပြောခွင့်မရှိဘူး ဆိုတဲ့ သဘောကို အဖေပြောလိုက်တာပဲလို့ ကျွန်တော် နားလည်သွားတယ်။ ကျွန်တော် စိတ်သက်သာရာ ရသွားတယ်။
ကျွန်တော် စိတ်သက်သာသွားတာကို အဖေ မြင်တယ်။
“မင်း ဖလော်ဆိုဖီကို ကြိုက်တာ က အဲ့ဒီလိုလား”
“အင်း … ကျွန်တော် ပြောပြတဲ့ အခြေအနေတွေမှာ ဆောင်ရွက်ပေး ရမှာလား ကျွန်တော် မသိခဲ့ဘူး။ လုပ်ရမယ် ဆိုတဲ့ အယူအဆကို ကျွန်တော် တကယ်မကြိုက်ဘူး။ ဘာမှ တကယ်လုပ်ခွင့် ပေးမထားရင်ပေါ့။ ကျွန်တော်က ဒါကို …”
ကျွန်တော် ဘာပြောရမှန်း မသိဘူး။ စိတ်သက်သာရာလား၊ နှစ်သိမ့်စရာ ဖြစ်တာလား၊ နှစ်သက်စရာလား။ လူ့ကျင့်ဝတ်လို၊ တာဝန်သိ သလိုမျိုးလည်း မဟုတ်ဘူး။
“ကောင်းတယ်လို့ ကျွန်တော် ထင်တယ်” ဆိုရင် ကျင့်ဝတ်သိက္ခာ ရှိသလို၊ တာဝန်ယူမှုရှိသလို ဖြစ်မယ်။ ဒါပေမဲ့ ကောင်းတယ် ထင်တယ်လို့လည်း ကျွန်တော် မပြောနိုင်။ စိတ်သက်သာရာရတယ် ဆိုတာထက် ပိုတယ် ထင်တယ်။
“နှစ်သက်စရာလား” အဖေက အကြံပြုတယ်။ ကျွန်တော်က ခေါင်းညိတ် ပခုံးတွန့်တယ်။
“မဟုတ်ဘူး၊ မင်းပြဿနာမှာ နှစ်သက်စရာ အဖြေ မရှိဘူး။ မင်းပြောတဲ့ အခြေအနေဟာ တဖြည်းဖြည်း ယူလာတဲ့၊ လက်ဆင့်ကမ်း ဝတ္တရား တစ်ခုဆိုရင်တော့ ဝင်ဆောင်ရွက်ပေးရမှာပေါ့။ လူတစ်ယောက်က အခြား တစ်ယောက် အတွက် ဘာကောင်းတယ် သိနေပြီး အဲဒီအခြား တစ်ယောက်က သူ့အတွက် ဘာကောင်းတယ် မမြင်ရင်တော့ သူ့မျက်လုံးကို ဖွင့်ပေးရမှာပေါ့။ သူ့ကို ဆုံးဖြတ်ခွင့် ပေးရမယ်။ သူ့ကို စကားပြောရမယ်။ သူ့ပဲ ပြောရမယ်၊ သူ့နောက်က တယောက်ယောက်ကို မပြောရဘူး”
ဟန်နာ့ကို ပြောရမှာလား။ သူ့ကို ကျွန်တော် ဘာပြောရမလဲ။ သူ့တစ်ဘဝလုံးရဲ့ မမှန်ဖုံးကွယ်မှုကို ကျွန်တော် မြင်ပြီလို့ ပြောရမလား။ ဒီအဓိပ္ပာယ်မဲ့ ဖုံးကွယ်မှုအတွက် ဘဝတစ်ခုလုံး စွန့်လွှတ်စတေးရမယ့် လမ်းကြောင်းမှာ ရှိနေတယ် ပြောရမှာလား။ အဲဒီ မမှန်ဖုံးကွယ်မှုဟာ ဒီစွန့်လွှတ်မှုနဲ့ မတန်ဘူးလို့ ပြောရမှာလား။ ဒါကြောင့် ထောင်ကျပြီးတဲ့ နောက်မှာ ဘဝမှာ သူ လုပ်နိုင်သေးတာတွေ အများကြီးရှိလို့ ထောင်ထဲမှာ နေရမယ့် နှစ်ထက် ပိုမနေရအောင် သူ ကြိုးပမ်းသင့်တယ်လို့ ပြောရမှာလား။ သူ့ကို အနာဂတ်အမြင် တစ်ခုခု ဖွင့်ပြမပေး နိုင်ဘဲ သူ့တစ်ဘဝလုံး ဖုံးထားတာကို ကျွန်တော်က ပိတ်ပင် တားဆီးနိုင်သလား။ ဘာဖြစ်သွားနိုင်မလဲ ကျွန်တော် မတွေးတတ်ဘူး။ သူ လုပ်ခဲ့ပြီးတဲ့နောက် မရှည်လျားလှတဲ့ သူ့အနာဂတ်ကာလဟာ ထောင်ထဲမှာ ရှိနေတော့မှာက အမှန်ပဲလို့ သူ့ကို ဘယ်လိုရင်ဆိုင်ပြောရမယ် ကျွန်တော် မသိဘူး။ သူ့ကို ဘယ်လိုရင်ဆိုင်ပြီး ဘာတစ်ခုခု ဘာပြော ရမှန်း ကျွန်တော် မသိဘူး။ သူ့ကို ဘယ်လိုရင်ဆိုင်ရမယ် ကျွန်တော် မသိဘူး။
“သူ့ကို ကိုယ်က သွားမပြောနိုင်ရင် ဘယ်လိုဖြစ်မလဲ”
အဖေ့ကို ကျွန်တော် မေးတယ်။
အဖေက ကျွန်တော့်ကို သံသယနဲ့ ကြည့်တယ်။ မေးခွန်းလွဲနေတာ ကျွန်တော်ကိုယ်တိုင် သိတယ်။ မှန်တယ်၊ မှားတယ် ထပ်ပြောစရာ မရှိတော့ဘူး။ ကျွန်တော် ဆုံးဖြတ်ချက်ချဖို့ပဲ ရှိတော့တာ။
“ငါ မင်းတို့ကို မကူညီနိုင်ဘူးပေါ့ကွာ”
အဖေက မတ်တတ် ထရပ်တယ်။ ကျွန်တော်လည်း ထရပ်တယ်။
“မဟုတ်ဘူး။ မင်း သွားစရာ မလိုပါဘူး။ ငါ့နောက်ကျော ကိုက်ခဲ လာတာပါကွာ”
လက်တွေက ကျောက်ကပ်နေရာ ထောက်လို့ ကိုင်းပြီး သူ ရပ်နေတယ်။
“မကူညီနိုင်လို့ စိတ်မကောင်းဘူးလို့ ငါက မပြောနိုင်ဘူးပေါ့ကွာ။ ဆိုလိုတာက ဒဿနိကသမား အနေနဲ့ ပေါ့၊ မင်းက ငါ့ကို ဒဿနိကသမား အနေနဲ့ ပြောနေတာပဲ။ မင်းတို့ အဖေ အနေနဲ့တော့ ကိုယ့်သားသမီးတွေကို မကူညီနိုင်တာတော့ မခံမရပ်နိုင်အောင်ပဲကွာ”
ကျွန်တော် စောင့်တယ်၊ ဒါပေမဲ့ သူ အခြား ဘာမှ ထပ်မပြောတော့ဘူး။
My father allowed me to present my problem in its abstract form and with my examples.
တင် – အဖေက ကျွန်တော်၏ ဘယ်သူ့ပြဿနာရယ်လို့မျှ ခေါင်းစဉ်တပ် မထားသည့် ကိစ္စကို ဆွေးနွေးခွင့် ပြုပါသည်။
သူ – သဘောတရားသက်သက် ပြထားတဲ့ ကျွန်တော့် ပြဿနာနဲ့ ဥပမာတွေကို အဖေက ကျွန်တော့် ပြောခွင့် ပေးတယ်။
about the human being as subject and the fact that one may not turn him into an object.
တင် – လူဆိုတာ ဓမ္မဓိဋ္ဌာန်သာ ဖြစ်သင့်ပြီး ပုဂ္ဂလဓိဋ္ဌာန် မဖြစ်စေသင့်ကြောင်း
သူ – ပြုသူကတ္တားအဖြစ် ရှိနေတဲ့ လူသားအကြောင်း၊ တစ်စုံတစ်ယောက်က သူ့ကို ကံပုဒ်အဖြစ် မပြောင်းနိုင်ကြောင်း
Even how far one can act like this with children is a real problem. It is a philosophical problem, but philosophy does not concern itself with children. It leaves them to pedagogy, where they’re not in very good hands. Philosophy has forgotten about children.
တင် – မေမေက ကောင်း၊ မကောင်း မင်း ထက် ပိုသိတာပေါ့။ ဒါဟာ တကယ့်ပြဿနာပဲ။ ကလေးတွေကို ဘယ်လို သင်ပေးမလဲ။ ဒါဟာ ဒဿနိက ပြဿနာတခုပဲ။ ဒါပေမဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ဒဿနိက ဘယ်လို သွားသုံးမလဲ။ အဲဒီမှာ သင်ကြားရေးပိုင်း ရောက်သွားတာပဲ။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။ သူတို့ကို စနစ်တကျ ဘယ်လို သင်ကြားမလဲ။ ဒဿနိကက ကလေးတွေအကြောင်း မေ့နေတယ်။
သူ – ကလေးတွေနဲ့ ပတ်သက်လို့ ဒီလိုမျိုး လူကြီးတစ်ယောက်က ဘယ်အထိ လုပ်ပေးနိုင်လဲ ဆိုတာပင်လျှင် တကယ့်ပြဿနာတစ်ခု။ ဒါက ဒဿနိက ပြဿနာ။ ဒါပေမဲ့ ဒဿနိက ကိုယ်တိုင်က ကလေးတွေကို အလေးမထားဘူး။ သင်ကြားလေ့ကျင့်ရေးမှာပဲ ပစ်ထားလိုက်တယ်။ အဲဒီမှာ သူတို့ကို ဂရုတစိုက် မရှိကြဘူး။ ဒဿနိကဟာ ကလေးတွေကို မေ့ထားတယ်။
Originally I was confused by my father’s mixing of abstraction and concreteness. But eventually I sorted out what he had said to mean that I did not have to speak to the judge, that indeed I had no right to speak to him, and was relieved.
တင် – စင်စစ် ကျွန်တော်သည် အဖေ၏ စိတ္တဇဆန်ခြင်းနှင့် ရောထွေးနေသည့် အယူအဆများကို နားမလည်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ဆုံးတော့ အဖေ့နိမိတ်ပုံများကို ကျွန်တော် ဖတ်နိုင်ပါသည်။ နိဂုံး ဆွဲနိုင်ပါသည်။ တရားသူကြီးကို ကျွန်တော် သွားတွေ့ဖို့မလို။ ကျွန်တော့်တွင် သည်လို လုပ်ဖို့ အခွင့်အရေး မရှိ။ သည်လို ကောက်ချက်ဆွဲလိုက်တော့ ကျွန်တော့် ရင်ထဲ ပေါ့သွားသည်။
သူ – အစမှာ စိတ်ကူး အယူဆသက်သက်နဲ့ တကယ့် လက်ဆုပ် လက်ကိုင်တွေကို အဖေက ရောနှောပြတာကို ကျွန်တော် ရှုပ်သွားတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော် တရားသူကြီးကို မပြောရဘူး၊ တကယ်တော့ တရားသူကြီးကို ကျွန်တော် သွားပြောခွင့်မရှိဘူး ဆိုတဲ့ သဘောကို အဖေပြောလိုက်တာပဲလို့ ကျွန်တော် နားလည်သွားတယ်။ ကျွန်တော် စိတ်သက်သာရာ ရသွားတယ်။
That’s how you like your philosophy?
တင် – မင်းဒဿနကို မင်း သဘောကျသွားတာလား။
သူ – မင်း ဖလော်ဆိုဖီကို ကြိုက်တာ က အဲ့ဒီလိုလား။
I didn’t know if one had to act in the circumstances I described, and I wasn’t really happy with the idea that one must, and if one really isn’t allowed to do anything at all, I find that …
တင် – ကျွန်တော် ဆိုချင်တဲ့ အခြေအနေမျိုးမှာ တစုံတယောက်ဟာ ဘယ်ဟာ လုပ်သင့်တယ်၊ ဘယ်ဟာ မလုပ်သင့်ဘူး ဆိုတာ ကျွန်တော် နားမလည်ဘူး။ လုပ်မှ ဖြစ်မယ်၊ မလုပ်လို့ မဖြစ်ဘူး ဆိုတဲ့ အကျပ်အတည်းမျိုးကို ကျွန်တော် နားမလည်ဘူး။ အမှန်တကယ် လုပ်ဖို့က …
သူ – ကျွန်တော် ပြောပြတဲ့ အခြေအနေတွေမှာ ဆောင်ရွက်ပေး ရမှာလား ကျွန်တော် မသိခဲ့ဘူး။ လုပ်ရမယ် ဆိုတဲ့ အယူအဆကို ကျွန်တော် တကယ်မကြိုက်ဘူး။ ဘာမှ တကယ်လုပ်ခွင့် ပေးမထားရင်ပေါ့။ ကျွန်တော်က ဒါကို …
I didn’t know what to say. A relief? A comfort? Appealing? That didn’t sound like morality and responsibility. “I think that’s good” would have sounded moral and responsible, but I couldn’t say I thought it was good, that I thought it was any more than a relief.
တင် – ကျွန်တော် ဘာဆက်ပြောရမှန်း မသိသဖြင့် ရပ်ထားလိုက်သည်။ စိတ်သက်သာရဖို့လား၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားအောင်လား၊ သည်အတိုင်း ဆိုလျှင် လောကနီတိနဲ့ ညီပါ့မလား၊ တာဝန်ယူမှုပိုင်းက ကြည့်လျှင် တာဝန်ကျေပါ့မလား။ (ကျန်သောစာကြောင်းများ ချန်လှပ်ထားသည်)
သူ – ကျွန်တော် ဘာပြောရမှန်း မသိဘူး။ စိတ်သက်သာရာလား၊ နှစ်သိမ့်စရာ ဖြစ်တာလား၊ နှစ်သက်စရာလား။ လူ့ကျင့်ဝတ်လို၊ တာဝန်သိ သလိုမျိုးလည်း မဟုတ်ဘူး။ “ကောင်းတယ်လို့ ကျွန်တော် ထင်တယ်” ဆိုရင် ကျင့်ဝတ်သိက္ခာ ရှိသလို၊ တာဝန်ယူမှုရှိသလို ဖြစ်မယ်။ ဒါပေမဲ့ ကောင်းတယ် ထင်တယ်လို့လည်း ကျွန်တော် မပြောနိုင်။ စိတ်သက်သာရာရတယ် ဆိုတာထက် ပိုတယ် ထင်တယ်။
No, your problem has no appealing solution. Of course one must act if the situation as you describe it is one of accrued or inherited responsibility. If one knows what is good for another person who in turn is blind to it, then one must try to open his eyes. One has to leave him the last word, but one must talk to him, to him and not to someone else behind his back.
တင် – မဟုတ်သေးဘူး၊ မင်းပြဿနာက ကိုယ့်ကိုယ်ကိုယ် ကျေနပ်သွားအောင် လုပ်လို့ရတဲ့ ပြဿနာမျိုး မဟုတ်ဘူး၊ အဲဒီနည်းနဲ့ ဖြေရှင်းလို့လဲ မရဘူး။ မင်းပြောတဲ့ အတိုင်းဆိုရင် စုဆောင်းထားတဲ့ ခံစားမှုတွေ ခေါင်းပေါ် ရောက်နေတဲ့ တာဝန်တွေအရ လူတယောက်ဟာ လှုပ်ရှားရမယ်ပေါ့ … ဟုတ်စ။ လူတယောက်ဟာ နောက်တယောက်အတွက် အကောင်းဆုံးနည်းကို ရွေးပေးနိုင်ပြီး နောက်တယောက်က အဲဒီနည်းကို မမြင်နိုင်ဘူး ဆိုရင် သူ့ကို မျက်စိဖွင့် ပေးရမယ်။ သူနဲ့ စကားပြောရမယ်။ တိုက်ရိုက်ပြောရမယ်။ သူ့ဘေးနားက လူနဲ့ မဟုတ်ဘူး။
သူ – မဟုတ်ဘူး၊ မင်းပြဿနာမှာ နှစ်သက်စရာ အဖြေ မရှိဘူး။ မင်းပြောတဲ့ အခြေအနေဟာ တဖြည်းဖြည်း ယူလာတဲ့၊ လက်ဆင့်ကမ်း ဝတ္တရား တစ်ခုဆိုရင်တော့ ဝင်ဆောင်ရွက်ပေးရမှာပေါ့။ လူတစ်ယောက်က အခြား တစ်ယောက် အတွက် ဘာကောင်းတယ် သိနေပြီး အဲဒီအခြား တစ်ယောက်က သူ့အတွက် ဘာကောင်းတယ် မမြင်ရင်တော့ သူ့မျက်လုံးကို ဖွင့်ပေးရမှာပေါ့။ သူ့ကို ဆုံးဖြတ်ခွင့် ပေးရမယ်။ သူ့ကို စကားပြောရမယ်။ သူ့ပဲ ပြောရမယ်၊ သူ့နောက်က တယောက်ယောက်ကို မပြောရဘူး။
I can’t say that I’m sorry I can’t help you. As a philosopher, I mean, which is how you were addressing me. As your father, I find the experience of not being able to help my children almost unbearable.
တင် – အမှန်ကတော့ မင်းကို ငါ မကူညီနိုင်ဘူးလို့ ငါ မပြောရဘူး၊ ဒဿနိက ဆရာတယောက်အနေနဲ့ ခု မင်း ငါ့ကို ဆွေးနွေးနေသလိုပေါ့ကွာ၊ ပြီးတော့ မင်းရဲ့ အဖေတယောက်အနေနဲ့ သားသမီးတွေကို မကူညီနိုင်တဲ့ ဘဝဟာ တော်တော် ဆိုးတဲ့ အဖြစ်ပဲ၊ အဖေ တော်တော်ခံစားရပါတယ်။
သူ – မကူညီနိုင်လို့ စိတ်မကောင်းဘူးလို့ ငါက မပြောနိုင်ဘူးပေါ့ကွာ။ ဆိုလိုတာက ဒဿနိကသမား အနေနဲ့ ပေါ့၊ မင်းက ငါ့ကို ဒဿနိကသမား အနေနဲ့ ပြောနေတာပဲ။ မင်းတို့ အဖေ အနေနဲ့တော့ ကိုယ့်သားသမီးတွေကို မကူညီနိုင်တာတော့ မခံမရပ်နိုင်အောင်ပဲကွာ။
