Show contents

အခန်း (၉)

နောက်ဆုံးလက်ကျန် ပုစွန်တစ်ကောင်ကို စားပြီးသောအခါတွင် ဝိုင်ပုလင်းသည်လည်း ဗလာကျင်းနေပြီ။ ယာစုကိုသည် သူ၏ ဖန်ခွက်ထဲမှ စပျစ်ဝိုင်ကို အကုန် မော့ချလိုက်ပြီးနောက် ပင့်သက်ကို ခပ်တိုးတိုးလေး ရှိုက်လိုက်မိသည်။ အီတာလျံဟင်းလျာများကို မစားခဲ့ရသည်မှာ သူမအတွက် ကြာတောင့်ကြာခဲ ရှိလှချေပြီ။

“တစ်ခုခု ထပ်သောက်ပါဦးလား” ကူဒိုက မေးသည်။ သူ၏ မျက်နှာမှာလည်း အနည်းငယ် နီမြန်းနေလေပြီ။

“ဟင့်အင်း၊ မစ္စတာကူဒိုပဲ ထပ်သောက်ချင် သောက်ပါ”

“ကိုလည်း မသောက်တော့ဘူး။ အချိုပွဲပဲ စောင့်စားတာပေါ့” သူသည် ပြုံးလျက် လက်သုတ်ပဝါဖြင့် နှုတ်ခမ်းထောင့်ကို သုတ်နေသည်။

“ရှင် မသောက်နိုင်တော့ဘူးနော်”

ကူဒိုက တစ်ခဏမျှ စဉ်းစားနေပြီး ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ အရင်ကထက် သောက်တာ နည်းသွားပြီ။ အသက်ကြီးလာလို့ ထင်ပါရဲ့”

“ဒါလည်း ကောင်းပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ”

“ကျေးဇူးပဲ” ကူဒိုက ရယ်နေသည်။

ကူဒိုသည် ထိုနေ့ နေ့ခင်းက ယာစုကိုအထံသို့ ဖုန်းဆက်ပြီး သူနှင့် ညစာအတူစားရန် ချိန်းဆိုခဲ့သည်။ သူမက တစ်ခဏမျှ တွေဝေနေခဲ့သော်လည်း နောက်ဆုံး၌ သဘောတူခဲ့သည်။ တွေဝေနေခဲ့ရသည့် အကြောင်းအရင်းမှာ လူသတ်မှုအကြောင်း ခေါင်းထဲသို့ ရောက်လာသောကြောင့် ဖြစ်သည်။ ယခုကဲ့သို့ အရှုပ်အထွေးနှင့် ရင်ဆိုင်နေရသည့် အချိန်မျိုးတွင် တခြား ယောက်ျားတစ်ယောက်နှင့် ညစာထွက်စားရန် အချိန်ကောင်း အခါကောင်း မဟုတ်ပေ။ ရဲဘက်၏ စုံစမ်းထောက်လှမ်းနေမှု အပေါ်တွင် ယာစုကိုထက် မီစာတိုက များစွာ ပို၍ ကြောက်ရွံ့ထိတ်လန့်နေသည်။ သမီးဖြစ်သူ၏ ခံစားချက်ကို သူမ လွန်စွာ စာနာသနားမိသည်။ ထို့အပြင် ရှိသေးသည်မှာ အိရှိဂါမိ၏ အတိုင်းအဆမဲ့ ကူညီရိုင်းပင်းနေမှု။ အမှန်တရားကို ဖုံးဖိနိုင်ရန် အစွမ်းကုန် ကူညီပေးနေသော အိရှိဂါမိ၏ စေတနာကို သူမ မည်သို့ တုံ့ပြန်ရမည်နည်း။

ထို့အပြင် စဉ်းစားစရာ ရှိနေသေးသည်မှာ ယခုကဲ့သို့ အရေးကြီးသော အခါသမယမျိုးတွင် သူမ၏ နေ့စဉ် လှုပ်ရှားသွားလာမှုများသည် တတ်နိုင်သမျှ သဘာဝကျနေသင့်သည်။ အကယ်၍ အပြင်မထွက်ရန် သူမတွင် ထူးခြားသော အကြောင်းပြချက် ရှိမနေခဲ့လျှင် ညစာ အတူစားရန် ဖိတ်ကြားသော မိတ်ဆွေဟောင်းတစ်ယောက်၏ ကမ်းလှမ်းချက်ကို လက်ခံခြင်းမှာ ‘သဘာဝ’ ကျသည်ဟု မဆိုနိုင်ပါလော။ ငြင်းပယ်ခဲ့လျှင် ပို၍ပင် ‘သဘာဝ’ မကျသယောင် ဖြစ်နေတော့မည်။ ထိုအကြောင်းကို စာယိုကိုတို့ ကြားသိသွားပါမူ သူမအား သံသယဝင်လာနိုင်သည်။

ထိုသို့သော အကြောင်းပြချက်မှာ မိမိစိတ်ကြိုက် လိုရာဆွဲ၍ ကြံစည်စဉ်းစားထားသော အကြောင်းပြချက်မျှသာ ဖြစ်ကြောင်း ယာစုကို ကိုယ်နှိုက်ကလည်း နားလည်ထားပြီး ဖြစ်သည်။ ညစာစားပွဲသို့ တက်ရန် သဘောတူလိုက်ရခြင်း၏ အရေးပါသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ကူဒိုကို တွေ့ချင်သောကြောင့်သာ ဖြစ်သည်။ ထိုမျှသာ။

ကူဒိုအပေါ်တွင် သူမ မေတ္တာသက်ဝင်နေပြီလော ဆိုသည့်အချက်ကို သူမကိုယ်တိုင်ပင် ကောင်းစွာ မဆုံးဖြတ်နိုင်သေး။ ထိုသူနှင့် ပြန်လည် မတွေ့ဆုံကြစဉ်က သူ့ကို နည်းနည်းလေးမျှ သတိမရခဲ့ပေ။ သူ့အပေါ် ခံစားချက် ရှိသည်ဟု ဆိုနိုင်သော်လည်း ယခုအချိန်အထိ ထိုမျှလောက်နှင့်ပင် ရပ်တန့်နေသည်။

ချိန်းဆိုမှုကို လက်ခံပြီးနောက်ပိုင်းတွင် သူမရင်မှာ တလှပ်လှပ်နှင့် ခုန်နေတော့သည်။ ဤသည်မှာလည်း အမှန်တရားပင်။ ထိုသို့ ရင်ခုန်နေရသော အရသာသည် ချစ်သူနှစ်ဦး ဆုံတွေ့ကြစဉ် ဖြစ်ပေါ်လေ့ရှိသည့် ရင်ခုန်မှုမျိုးနှင့် အနီးစပ်ဆုံး တူညီနေသည်။ သူမတစ်ကိုယ်လုံးပင် ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေကြောင်း သူမ ခံစားနေရသည်။ ထိုသို့ လှိုက်ဖိုသော ခံစားမှုမျိုးဖြင့် သူမသည် အလုပ်မှ စောဆင်းရန် စာယိုကိုထံတွင် အခွင့်ပန်ခဲ့သည်။

ယာစုကိုအတွက် အမှန်တကယ် အလိုရှိနေသော အရာမှာ ဓမ္မတာအဖြစ်သို့ မသိမသာ ပြောင်းလဲလာနေသော ဘဝ၏ ပူပန်မှုများမှ ရှောင်ထွက်နိုင်ရန် ထွက်ပေါက်တစ်ခုမျှသာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ရသော ခံစားချက်များကို မိန်းမသားတစ်ယောက်အနေဖြင့် နောက်တစ်ကြိမ် ပြန်လည် ခံစားရန် အလိုရှိရုံ သက်သက်မျှသာလည်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေ၊ ယာစုကိုသည် ကူဒို၏ ဖိတ်ကြားမှုကို လက်ခံခဲ့မိသည့်အတွက် စိုးစဉ်းမျှ နောင်တရလိမ့်မည် မဟုတ်။ မိမိကိုယ်မိမိ အပြစ်တင်လိုစိတ်များသည် သူမ၏ ဦးနှောက်ထဲတွင် ရံဖန်ရံခါ ပေါ်လာတတ်သည်မှာ မှန်သော်လည်း ပျော်ရွှင်ချမ်းမြေ့မှုများဖြင့် သူမရင်မှာ လှိုက်ဖိုမြဲ လှိုက်ဖိုနေဆဲ ဖြစ်သည်။

“ဒီည မင်းရဲ့ သမီးက ဘယ်လို ညစာစားမှာလဲ” ကူဒိုက ကော်ဖီခွက်ကို မြှောက်ကိုင်ထားရင်း မေးသည်။

“ကျွန်မ သူ့ကို မှာထားခဲ့တယ်။ သူ့ဘာသာ အပြင်ကနေ ဝယ်စားလိမ့်မယ်။ ပီဇာပဲ မှာစားမှာ နေမှာပေါ့။ အဲဒီကလေးက ပီဇာ သိပ်ကြိုက်တာ”

“ကြားရတာ စိတ်တောင် မကောင်းဘူး။ ကိုတို့က ဒီမှာလာပြီး ခမ်းခမ်းနားနား စားသောက်နေကြတာ”

“သူ့အတွက်ကတော့ ဒီလိုနေရာမှာ လာစားမယ့်အစား တီဗီအရှေ့မှာ ပီဇာထိုင်စားနေရတာကမှ ပိုဇိမ်ကျဦးမယ် ထင်တယ်။ သူက အခုလို ဆိုက်ကြီးဂိုက်ကြီးနဲ့ အစာစားနေရတာမျိုးကို ကြိုက်တာ မဟုတ်ဘူး”

ကူဒိုသည် မျက်မှောင်ကြုတ်ရင်း ခေါင်းညိတ်နေသည်။ ထို့နောက် နှာခေါင်းကို ကုတ်နေပြန်သည်။ “ဟုတ်မှာပေါ့။ ပြီးတော့ ကိုယ်နဲ့ နည်းနည်းမှ မသိတဲ့ ဘိုးတော်ကြီးတစ်ယောက်နဲ့ အတူတူ ထိုင်ပြီး ထမင်းစားရဦးမှာ။ ဒါပေမယ့် နောက်တစ်ခေါက်ကျရင် မင်းတို့ နှစ်ယောက်စလုံးကို ဒီထက် အများကြီး ရိုးရှင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ထမင်းကျွေးချင်သေးတယ်။ ဆူရှီဆိုင်လို ဟာမျိုးပေါ့”

“ကျေးဇူးပါရှင်။ ကျွန်မတို့အတွက် အဲဒီလောက် ဒုက္ခခံနေဖို့ မလိုပါဘူး”

“ဒုက္ခမဖြစ်ပါဘူး။ ကိုလည်း သူ့ကို တွေ့ချင်တယ်လေ။ မင်းရဲ့ သမီးကို တွေ့ချင်တယ်” ကူဒိုသည် ကော်ဖီ သောက်ရင်း မျှော်လင့်ချက် မျက်လုံးများဖြင့် ယာစုကိုကို စိုက်ကြည့်နေသည်။

ညစာ အတူစားရန် သူမကို ဖိတ်ကြားခဲ့စဉ်က မီစာတိုကိုလည်း အတူခေါ်လာရန် ကူဒိုက ပြောနေခဲ့သေးသည်။ ထိုစကားမှာ ဟန်ဆောင်ပန်ဆောင် ပြောနေခြင်း မဟုတ်။ သူ့ရင်ထဲမှ လာသော စကားဖြစ်ကြောင်း ယာစုကိုက ရိပ်စားမိသောကြောင့် သူ၏ စေတနာအတွက် ဝမ်းမြောက်ခဲ့မိသည်။

သို့သော် မီစာတိုကို တစ်ပါတည်း ခေါ်လာရန် မဖြစ်နိုင်ကြောင်း သူမ သိနေသည်။ မီစာတိုသည် ထိုသို့သော ကိန်းကြီးခန်းကြီးနှင့် ဆိုင်မျိုးကို နှစ်သက်သူ မဟုတ်။ ထို့ထက် ပိုအရေးကြီးသည်မှာ မလိုအပ်လျှင် မီစာတိုအား သူစိမ်းတစ်ရံဆံနှင့် တတ်နိုင်သမျှ မထိတွေ့စေချင်။ အကယ်၍ စကားလမ်းကြောင်းသည် လူသတ်မှုနှင့် နှီးနွှယ်ပတ်သက်လာသောအခါတွင် မီစာတိုသည် စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် ထိန်းသိမ်းထားနိုင်ပါမည်လော။ ထို့အပြင် ကူဒို၏ ရှေ့မှောက်၌ မိန်းမသားတစ်ဦး၏ အသွင်အပြင်ဖြင့် ပြန်လည် အသက်ဝင်နေသော သူမ၏ ရုပ်ပုံလွှာကို သမီးအား မမြင်စေချင်။

“မစ္စတာကူဒို၊ ရှင်ကရော? ကိုယ့်အိမ်သားတွေနဲ့ ထမင်းအတူတူ မစားတာ ဘာပြဿနာမှ မရှိဘူးလား”

“ကိုလား” ကူဒိုသည် ကော်ဖီခွက်ကို ပြန်ချပြီး လက်နှစ်ဘက်ကို စားပွဲပေါ်သို့ တင်ထားသည်။ “ကို မင်းနဲ့ အဲဒီကိစ္စ ပြောပြချင်လို့ မင်းကို ထမင်းစားဖို့ ဖိတ်ရတာပဲ”

ယာစုကိုက သူ့စကား၏ ဆိုလိုရင်း အဓိပ္ပာယ်ကို နားမလည်။ ကူဒို၏ မျက်လုံးအစုံကို စိုက်ကြည့်နေမိသည်။

“တကယ်ဆို အခု ကိုက တစ်ကောင်ကြွက် ဖြစ်နေပြီ”

“ရှင်” ယာစုကိုက အံ့ဩ၍ အာမေဍိတ်သံ ပြုလိုက်မိသည်။

“ကို့ဇနီးမှာ ကင်ဆာရောဂါ ရခဲ့တယ်။ ပန်ခရိယကင်ဆာပါ။ ခွဲစိတ်ကုသမှု ခံခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပြီ။ ကင်ဆာဆဲလ်က ပြန့်တာ တအားမြန်တော့ နေ့ချင်းညချင်းပဲ အခြေအနေတွေ ဆိုးရွားသွားခဲ့တယ်။ ပြီးခဲ့တဲ့ နွေရာသီမှာပဲ သူ ဆုံးရှာတယ်”

ကူဒို၏ လေသံမှာ တည်ငြိမ်လွန်းနေသောကြောင့် ယာစုကိုသည် သူမ ကြားခဲ့ရသည့် စကားကိုပင် မယုံနိုင်အောင် ဖြစ်နေမိသည်။ သို့ဖြင့် စက္ကန့်အနည်းငယ်မျှ သူ့ကို ငေးကြောင်၍ ကြည့်နေလေသည်။

“တကယ်ကြီးလား” သတိဝင်လာအခါ အသံတစ်သံသည် သူမ၏ နှုတ်မှ ခဲခဲယဉ်းယဉ်း ထွက်ပေါ်လာသည်။

“ဒါမျိုးက နောက်ပြောင်စရာမှ မဟုတ်ဘဲ” သူက ရယ်နေသည်။

“ကျွန်မ ဘယ်လို ပြောရမလဲ ….” ယာစုကိုသည် ခေါင်းကို ငုံ့ထားမိသည်။ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ခေါင်း ပြန်မော့လာသည်။ “တကယ်ပဲ …. တရားနဲ့ ဖြေပါရှင်။ ရှင် အတော်လေး စိတ်ဆင်းရဲခဲ့မှာပဲ”

“အင်း။ ဒါပေမယ့် ကို စောစောက ပြောခဲ့သလိုပေါ့။ အားလုံးဟာ လျှပ်တပြက်အတွင်းမှာ ဖြစ်ပြီး တစ်ခဏအတွင်းမှာပဲ ပျက်သွားကြတယ်။ ဘာမှ မကြာလိုက်သလိုပဲ။ ကို့ဇနီးက ခါးနာတယ်ဆိုလို့ ဆေးရုံမှာ သွားပြကြည့်တာ။ ဆရာဝန်က ကို့ကို ခေါ်ပြီး သူရဲ့ ရောဂါအခြေအနေကို ပြောပြတယ်။ ဆေးရုံတက်တယ်။ ခွဲစိတ်တယ်။ သူ့ကို ပြုစုရတယ်။ တစ်ခုပြီးတစ်ခုဟာ ဇယ်ဆက်သလို တစ်ဆက်တည်း ဖြစ်လာလိုက်တာ ရွေ့လျားခါးပတ်ပေါ် ရောက်နေတဲ့အတိုင်းပဲ။ အချိန်တွေကလည်း အဲဒီလိုပဲ တတိတိနဲ့ ကုန်သွားလိုက်တာ နောက်ဆုံးတော့ သူ လူ့လောကကို စွန့်ခွာသွားတော့တာပဲ။ သူကိုယ်တိုင်ကတော့ သူ့ရောဂါနာမည်ကိုတောင် သိမသွားရှာခဲ့ဘူးပေါ့” ပြောပြီးနောက် ကူဒိုသည် ရေထည့်ထားသော ဖန်ခွက်ကို ကောက်ယူပြီး သောက်နေလေသည်။

“ဘယ်အချိန်လောက်က ကင်ဆာဖြစ်မှန်း သိခဲ့တာလဲ”

ကူဒိုသည် တဒင်္ဂမျှ စဉ်းစားနေသည်။ “တမြန်မနှစ် နှစ်ကုန်ပိုင်းလောက်ကပေါ့”

“အဲဒီတုန်းက ကျွန်မ မာရိယန်းမှာ ရှိနေတုန်းပဲ။ မစ္စတာကူဒို၊ ရှင် အဲဒီတုန်းက ကျွန်မတို့ဆိုင်ကို အလာ မပြတ်ခဲ့ပါဘူး”

ကူဒိုက သူ့ပခုံးများ လှုပ်ခါသွားအောင် ရယ်မောနေသည်။ “ကိုယ့်မိန်းမက ဆေးရုံမှာ အသည်းအသန် ဖြစ်နေတာကို ယောက်ျားလုပ်တဲ့သူက ကလပ်တက်ပြီး အရက်သောက်နေတယ်။ အတော် ဆိုးတဲ့လူပဲ”

ယာစုကို၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေသည်။ သူမ ဘာစကား ပြောရမည်မှန်း မသိတော့။ သူမ အာရုံထဲတွင် ပေါ်နေသော ပုံရိပ်များမှာ ကလပ်တွင် ပြုံးရယ်နေသော ကူဒို၏ မျက်နှာများသာ။

“ဒါပေမယ့် ကို့ကို ဖြေရှင်းချက် တစ်စုံတစ်ရာ ပေးပါလို့ တောင်းခံလာရင်တော့ ကို သိပ်ပင်ပန်းနေလို့လို့ ပြောရတော့မှာပဲ။ မင်းကို မြင်တွေ့ရမှ ကို့ရဲ့ စိတ်တွေ ပြန်ပြီး လန်းဆန်းလာနိုင်မှာလေ” သူသည် ခေါင်းကုတ်လျက် ရှက်ပြုံး ပြုံးနေလေသည်။

ယာစုကိုက ဆွံ့အနေသည်။ ကလပ်တွင် ရှိနေခဲ့သော နောက်ဆုံးနေ့ရက်ကို သူမ အမှတ်ရမိသည်။ ထိုနေ့က ကူဒိုသည် ပန်းစည်းတစ်စည်းကို ကိုင်လျက် သူမထံသို့ ရောက်လာခဲ့သည်။

“ကြိုးစားထားနော်။ ပျော်ရွှင်တဲ့ ဘဝသစ်ကို ပိုင်ဆိုင်နိုင်ပါစေ”

ထိုစကားများကို သူသည် မည်သို့သော ခံစားချက်မျိုးဖြင့် ပြောထွက်ခဲ့ပါသနည်း။ သူ့ရင်ထဲတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ထားရပါလျက် သူမကို တစ်ခွန်းတလေမျှ ဖွင့်ဟခဲ့ခြင်း မရှိ။ ထို့အပြင် သူမ၏ ဘဝသစ်အတွက် ဆုတောင်းပေးခဲ့သေးသည်။

“စိတ်ရှုပ်စရာတွေကို ပြောမိသလို ဖြစ်သွားပြီ” ကူဒိုသည် စီးကရက်တစ်လိပ်ကို ဆွဲထုတ်လိုက်သည်။ “ကို ပြောချင်တာက ကို့မှာ ပူပင်စရာ မိသားစု မရှိတော့ဘူး ဆိုတာပါပဲ”

“ရှင့်သားကရော။ စာမေးပွဲ ဖြေရတော့မယ်ဆို”

“သားက အခု ကို့မိဘတွေနဲ့ အတူတူ နေနေတယ်။ သူ့ကျောင်းနဲ့ နီးနီးလေးပဲ။ ပြီးတော့ ကိုက သူ့အတွက် ထမင်းတစ်နပ်တောင် ကောင်းကောင်း ချက်ပေးတတ်တာ မဟုတ်ဘူးလေ။ ကို့အမေကပဲ သူ့မြေးကို နေ့တိုင်း စောင့်ရှောက်ပေးနေတာ။ သူလည်း ပျော်နေပုံပါပဲ”

“ဒါဆို ရှင်က အခု တစ်ယောက်တည်း နေနေတာပေါ့”

“နေနေတယ် ဆိုတာထက် ပြန်အိပ်တယ်လို့ သုံးရင် ပိုသဘာဝ ကျမယ် ထင်တယ်”

“ရှေ့တစ်ခေါက် တွေ့တုန်းက ရှင် ကျွန်မကို ဘာဖြစ်လို့ အဲဒီအကြောင်းတွေ မပြောပြခဲ့တာလဲ”

“မလိုအပ်ဘူးလို့ ထင်လို့ပါ။ ကိုက မင်းကို စိတ်ပူလို့ လာတွေ့တာလေ။ ဒီနေ့ မင်းကို ညစာစားဖို့ ခေါ်ထုတ်လာတာ ဆိုတော့ မင်းက ကို့မိသားစုအတွက် စိတ်ပူနေမှာပဲ။ အခုချိန် ပြောပြရတာမှ ပိုပြီး သင့်လျော်တာပေါ့”

“ဪ” ယာစုကိုက မျက်လွှာကို ချလိုက်သည်။ ကူဒို၏ ရည်ရွယ်ချက်ကို သူမ နားလည်နေပြီး ဖြစ်သည်။ သူမကို မကြာခဏ တွေ့မြင်နေလိုကြောင်း သူမအား စကားခေါ်နေခြင်း ဖြစ်သည်။ သူမနှင့် တရားဝင် ပေါင်းသင်းဆက်ဆံလိုသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အကြင်လင်မယားအဖြစ်သို့ ရောက်ရှိသွားနိုင်မည့် ပေါင်းသင်းဆက်ဆံခြင်းမျိုး။ ထို့ကြောင့်လည်း သူသည် မီစာတိုနှင့် တွေ့ဆုံလိုခြင်း ဖြစ်သည်။

စားသောက်ဆိုင်မှ ထွက်လာကြသောအခါ ကူဒိုသည် ရှေ့တစ်ခေါက်ကကဲ့သို့ တက္ကစီဖြင့် သူမကို အိမ်အရောက် လိုက်ပို့ပေးသည်။

“ဒီနေ့အတွက် ကျေးဇူးပါပဲရှင်” ယာစုကိုက ကားပေါ်မှ မဆင်းခင် သူ့ကို စကားဆိုသည်။

“နောက်နေ့မှ ထပ်ပြီး အေးအေးဆေးဆေး တွေ့ကြရအောင်လား”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ယာစုကိုသည် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို ဂွတ်နိုက်။ သမီးကိုလည်း မေးလိုက်တယ်လို့ ပြောပေးပါဦး”

“ဘိုင်” သူ၏ စကားကြောင့် ယာစုကို၏ ရင်ထဲတွင် အလိုလို ဝမ်းနည်းသွားသည်။ သူမသည် စာယိုကိုနှင့် ညစာသွားစားမည် ဖြစ်ကြောင်း သမီးအား လိမ်ပြောထားခဲ့သည် မဟုတ်ပါလော။

တက္ကစီထွက်ခွာသွားသည်ကို စောင့်ကြည့်နေပြီးနောက်မှ သူမသည် အခန်းသို့ ပြန်လာခဲ့သည်။ မီစာတိုသည် အပူပေးစားပွဲအောက်တွင် ခွေဝင်လျက် တီဗီကြည့်နေသည်။ သူမ ထင်ထားသည့်အတိုင်း စားပွဲပေါ်တွင် ပီဇာဘူးခွံ အလွတ်တစ်ဘူး တင်ထားသည်ကို တွေ့ရသည်။

“အမေ ပြန်ရောက်ပြီလား” မီစာတိုက သူ့ကို မော့ကြည့်ရင်း မေးသည်။

“အမေနောက်ကျသွားတယ် သမီးရယ်။ ဆောရီးပဲ”

ယာစုကိုသည် သမီး၏ မျက်လုံးတစ်စုံကိုပင် စေ့စေ့ မကြည့်ဝံအောင် ဖြစ်နေသည်။ ယောက်ျားတစ်ယောက်နှင့် ထမင်းအတူ ထွက်စားသည့် ကိစ္စနှင့် ပတ်သက်ပြီး သူ့ကိုယ်သူ မလုံမလဲ ဖြစ်နေသည်။

“ဖုန်းဆက်လာပြီလား” မီစာတိုက မေးသည်။

“ဖုန်း …”

“ဘေးအိမ်က ဦးဦးလေ” မီစာတို၏ အသံက တိုးညင်းလှသည်။ ညစဉ် ဆက်နေကျ ဖုန်းကောကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။

“အမေ ဖုန်းကို ပိတ်ထားမိတယ်”

“အို ….” မီစာတို၏ အသံမှာ စိတ်မကောင်းသည့် လေသံ။

“ဘာများ ထူးခြားလို့လဲ”

“ဘာမှ မဟုတ်ပါဘူး” မီစာတိုက နံရံပေါ်မှ နာရီကို မျက်စောင်းထိုးကြည့်သည်။ “ဦးဦး ဒီည သူ့အခန်းကနေ ဝင်လိုက်ထွက်လိုက်နဲ့ လုပ်နေတာ ခဏခဏပဲ။ သမီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ လမ်းမဘက် လျှောက်သွားတာ တွေ့တယ်။ မေမေ့ဆီ ဖုန်းဆက်ဖို့ သွားတာပဲ နေမှာ”

“ဪ” ဟုတ်ပေလိမ့်မည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကူဒိုနှင့် ညစာ အတူစားနေစဉ် ကာလတစ်လျှောက်လုံး သူမ အိရှိဂါမိကို သတိရနေသည်။ ဖုန်းခေါ်လာမည်ကို စိုးရိမ်နေခြင်းမှာ အကြောင်းအရင်း တစ်ရပ်ဖြစ်သည်။ သူမ၏ ရင်ထဲတွင် ပို၍ စိတ်ပူနေမိသော အကြောင်းမှာ ဘန်တန်တိုင်တွင် အိရှိဂါမိနှင့် ကူဒိုတို့ ဆုံဆည်းခဲ့ကြခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကူဒိုက အိရှိဂါမိကို မမှတ်မိဘဲ သာမန် ဈေးဝယ်တစ်ဦးအဖြစ်သာ ယူဆနေခဲ့သည်။

အဘယ်ကြောင့် ထိုနေ့ ထိုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေကြရသနည်း။ ထို့အပြင် သူသည် သူငယ်ချင်းတစ်ယောက်နှင့် အတူ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဤသို့သော အခြေအနေမျိုး မည်သည့်အခါကမျှ မကြုံခဲ့စဖူး။

အိရှိဂါမိသည် ကူဒိုကို မှတ်မိပေလိမ့်မည်။ တစ်နေ့က ယာစုကိုအား အိမ်လိုက်ပို့ခဲ့သော ယောက်ျားကို နောက်ထပ်တစ်ကြိမ် ဘန်တန်တိုင်တွင် ထပ်ဆုံမိကြပြန်သည်။ ထိုကိစ္စကို သူသည် ပေါ့ပေါ့တန်တန် တွေးလိမ့်မည် မဟုတ်ပေ။ မည်သို့ပင် တွေးတွေး၊ ထိုအတွေးများကြောင့် သူမသည် သူ့ကို ရင်မဆိုင်ရဲသကဲ့သို့ ဖြစ်နေသည်။

ထိုသို့ စဉ်းစားလျက် အပေါ်ဝတ်အင်္ကျီကို ချိတ်နေစဉ် တံခါးဝမှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယာစုကိုသည် ရုတ်တရက် မြည်လာသော အသံကြောင့် လန့်ဖျပ်သွားပြီး သားအမိနှစ်ယောက် မျက်လုံးချင်း ဆုံမိသွားသည်။ ပထမဆုံး တွေးမိသော အတွေးမှာ အိရှိဂါမိသည် အဘယ်ကြောင့် ရောက်လာရသနည်း ဟူ၍။

“လာပြီ” သူမက တံခါးဝဘက်သို့ လှမ်းအော်လိုက်သည်။

“ဆောရီးဗျာ။ ညကြီးမိုးချုပ်မှ လာအနှောင့်အယှက် ပေးသလို ဖြစ်နေပြီ။ ကျွန်တော် ခင်ဗျားနဲ့ စကားပြောလို့ ရမလား”

အမျိုးသားတစ်ဦး၏ အသံ ဖြစ်သည်။ သူတို့ မကြားဖူးသော သူစိမ်းတစ်ဦး၏ အသံ။

ယာစုကိုသည် တံခါးသံကြိုးကို မဖြုတ်ဘဲ တံခါးကို အနည်းငယ် ဖွင့်ဟလိုက်သည်။ အပြင်ဘက်တွင် အမျိုးသားတစ်ယောက် ရပ်နေသည်။ မြင်ဖူးသယောင်ယောင်။ ထိုသူသည် အင်္ကျီအိတ်ထဲမှ ရဲသက်သေခံ ကတ်ပြားကို ထုတ်လိုက်သည်။

“ကျွန်တော် မှုခင်းဌာနက ကိရှိတာနိပါ။ အရင်က ဒီကို လာဖူးတယ်လေ”

“ဪ …..” ယာစုကို အမှတ်ရသွားသည်။ ကုစာနာဂိ၏ အရိပ်အရောင်ကိုတော့ မတွေ့ရပေ။

ယာစုကိုသည် တံခါးကို ပြန်ပိတ်ပြီး မီစာတိုကို မျက်စပစ်ပြလိုက်သည်။ မီစာတိုသည် ထပြီး အိပ်ခန်းထဲသို့ လျှောက်ဝင်သွားသည်။ စက္ကူတံခါး ပိတ်သွားသည်ကို မြင်မှ ယာစုကိုသည် တံခါးသံကြိုးကို ဖြုတ်ပြီး တံခါးဖွင့်ပေးလိုက်သည်။

“ဘာကိစ္စများ ရှိလဲ မသိဘူး”

ကိရှိတာနိက ဦးညွတ်လိုက်သည်။ “ဆောရီးဗျာ။ ခင်ဗျားတို့ သွားကြည့်တဲ့ ရုပ်ရှင်ကိစ္စပါပဲ”

ယာစုကို၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားသည်။ အိရှိဂါမိသည် သူမအား သတိပေးထားပြီး ဖြစ်သည်။ ရဲများသည် ရုပ်ရှင်ရုံ ကိစ္စကို ပေကပ်၍ ကျားကုတ်ကျားခဲ စစ်ဆေးနေဦးမည်သာ။ သူ၏ ဟောကိန်းမှာ သွေးထွက်အောင် မှန်နေသည်။

“ပြောစရာရှိတဲ့ စကားတွေ အကုန်လုံးကို ကျွန်မ ပြောပြီးနေပြီပဲ”

“ခင်ဗျား ပြောတာ ကျွန်တော် သဘောပေါက်ပါတယ်။ ဒီနေ့ ကျွန်တော် လာရတဲ့ အကြောင်းအရင်းက လက်မှတ်တွေကို ခဏ ယူသွားချင်လို့ပါ”

“လက်မှတ် … ရုပ်ရှင်လက်မှတ်တွေကို ပြောတာလား”

“ဟုတ်ကဲ့။ ကျွန်တော်တို့ ရှေ့တစ်ခေါက် လာတုန်းက အဲဒီလက်မှတ်တွေကို သေသေချာချာ သိမ်းထားပေးဖို့ မှာထားခဲ့သလိုပဲ”

“ခဏလေး စောင့်ပါဦး”

ယာစုကိုသည် ဗီဒိုအံဆွဲကို ဆွဲဖွင့်လိုက်သည်။ ရဲများကို ရှေ့တစ်ခေါက် ယူပြခဲ့စဉ်က လက်မှတ်ကို ရုပ်ရှင်လက်ကမ်းကြော်ငြာထဲတွင် ညှပ်ထားခဲ့သည်။ ထိုနောက်ပိုင်းတွင် သူမသည် လက်မှတ်များကို အံဆွဲထဲသို့ ပြောင်းသိမ်းထားခဲ့သည်။

သူမသည် လက်မှတ်နှစ်စောင်ကို ကိရှိတာနိထံသို့ ကမ်းပေးလိုက်သည်။

“ကျေးဇူးပဲ” ကိရှိတာနိက လက်မှတ်များကို လှမ်းယူသည်။ သူ့လက်ပေါ်တွင် လက်အိတ်များ ဝတ်ထားကြသည်။

“ရှင်တို့က ကျွန်မကို သံသယ ဝင်နေကြတုန်းလား” ယာစုကိုက အားတင်း၍ မေးလိုက်သည်။

“မဟုတ်ပါဘူး” သူက လက်ကို တွင်တွင် ခါယမ်းနေသည်။ “ကျွန်တော်တို့ အခုချိန်ထိ သံသယတရားခံကို မသတ်မှတ်နိုင်သေးပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် သံသယ မဖြစ်ထိုက်တဲ့ လူတွေကို ဖယ်ထုတ်နိုင်ဖို့ ကြိုးစားနေတာပါ။ ခင်ဗျားဆီက လက်မှတ်လာယူရတာကလည်း အဲဒီ ရည်ရွယ်ချက်အတွက်ပါ”

“လက်မှတ်ပေါ်ကနေ ဘာ စစ်နိုင်မှာမို့လဲရှင်”

“ဒါတော့ ကျွန်တော် မပြောပြတတ်ဘူး။ လေ့လာကြည့်ဖို့ သက်သက်လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ခင်ဗျားတို့ ဟိုတစ်နေ့က ရုပ်ရှင်ရုံ သွားခဲ့တယ် ဆိုတာကို ဒါနဲ့ သက်သေတည်နိုင်တာပဲ။ …. ဒါနဲ့ ဘာများ ထပ်ပြီး စဉ်းစားမိတာ ရှိသေးလဲ မသိဘူး”

“မရှိတော့ပါဘူး။ စဉ်းစားလို့ ရသမျှ အကုန်လုံးကို ကျွန်မ ပြောပြီးနေမှပဲ”

“ဟုတ်ကဲ့။ ကျေးဇူးပါ ခင်ဗျ” သူက အခန်းတွင်းသို့ လှမ်းကြည့်နေသည်။ “ရာသီဥတုက အတော်လေး အေးလာပြီနော်။ အိမ်မှာ နှစ်တိုင်း အဲဒီအပူပေးစားပွဲကိုပဲ သုံးတာလား”

“စားပွဲ … ဟုတ်” ယာစုကိုသည် နောက်လှည့်၍ အပူပေးစားပွဲကို ကြည့်လိုက်သည်။ တုန်လှုပ်သွားသော သူမ၏ အမူအရာကို တတ်နိုင်သမျှ ဖုံးဖိရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ အပူပေးစားပွဲကို အကြောင်းမဲ့ မေးမြန်းနေခြင်းတော့ မဟုတ်တန်ရာ။

“ခင်ဗျား အဲဒီအပူပေးစားပွဲကို ဘယ်အချိန်လောက်က စပြီး သုံးခဲ့တာလဲ”

“လေး ငါးနှစ်လောက် ရှိရောပေါ့။ ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူး” ကိရှိတာနိက ခေါင်းခါသည်။ “ဒါနဲ့ ဒီနေ့ အလုပ်ဆင်းတော့ ခင်ဗျား ဘယ်ကို သွားနေတာလဲ။ အိမ်ပြန်ရောက်တာ အတော်လေး နောက်ကျသလိုပဲ”

ယာစုကိုသည် မျက်တောင်များကို တဖျတ်ဖျတ် ခတ်နေမိသည်။ ထိုမေးခွန်းက သူမကို အငိုက်မိသွားစေခဲ့သည်။ ထိုရဲအရာရှိသည် သူမ၏ တိုက်ခန်းနှင့် အနီးဆုံးတစ်နေရာတွင် သူမအား စောင့်ကြည့်နေခဲ့မည်မှာ မုချမလွဲ။ ထိုသို့ဆိုလျှင် သူမ တက္ကစီပေါ်မှ ဆင်းလာခဲ့သည်ကိုလည်း မြင်ခဲ့နိုင်သည်။ လိမ်ညာနေ၍ အကျိုးမရှိတော့ပြီ။

“ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ ထမင်းသွားစားတာပါ”

သူမက စကားကို တိုတိုတုတ်တုတ် ပြော၍ ဖြတ်လိုက်ချင်သည်။ သို့သော် ထိုစကားက ရဲအရာရှိကို စိတ်ပြောင်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

“ခင်ဗျားကို အိမ်လိုက်ပို့တဲ့လူက ဘယ်လို မိတ်ဆွေမျိုးလဲ။ အဆင်ပြေမယ်ဆိုရင် အတိအကျ ပြောပြပေးပါလား” ကိရှိတာနိက အားတောင့်အားနာ ဟန်ဖြင့် မေးသည်။

“အဲဒီလို ကိစ္စမျိုးကအစ အကုန်လုံးကို ပြောပြဖို့ လိုအပ်တာလား”

“အဆင်ပြေမယ် ဆိုရင် ပြောပြစေချင်ပါတယ်။ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာကို စပ်စုချင်တဲ့ သဘောမျိုး မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်က ဘာမှ မမေးဘဲ ပြန်သွားမယ်ဆိုရင် ကျွန်တော့်အထက်လူကြီးရဲ့ အဆဲကို ခံရမှာ သေချာသလောက်ပဲ။ အဲဒီလူကို လုံးဝ အနှောင့်အယှက် မဖြစ်စေရပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ပြောပြပေးပါခင်ဗျာ”

ယာစုကိုက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ “သူ့နာမည်က ကူဒိုတဲ့။ ကျွန်မ အရင်တုန်းက အလုပ်လုပ်ခဲ့တဲ့ ဆိုင်ရဲ့ ဖောက်သည်ပေါ့။ လူသတ်မှု ဖြစ်တယ်ဆိုတဲ့ သတင်းကို ကြားလို့ ကျွန်မဆီကို သာကြောင်းမာကြောင်း လာမေးတာပါ”

“သူက ဘာအလုပ် လုပ်တာလဲ”

“ပုံနှိပ်တိုက် လုပ်ပါတယ်။ အတိအကျတော့ ကျွန်မလည်း မသိဘူး”

“သူ့ကို ဘယ်လို ဆက်သွယ်လို့ ရမလဲ”

ကိရှိတာနိ၏ အမေးကြောင့် ယာစုကို၏ မျက်ခုံးများ ပင့်တက်သွားသည်။

“လုံးဝ မဖြစ်မနေ ဆက်သွယ်ဖို့ လိုအပ်လာတဲ့ အခါမျိုးမှာမှ သူ့ကို ဆက်သွယ်မှာပါ။ ဆက်သွယ်ဖို့ လိုအပ်လာပြီ ဆိုရင်လည်း သူ့ကို စိတ်အနှောင့်အယှက် မဖြစ်အောင် ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ ကျွန်တော် အာမခံပါတယ်”

ယာစုကိုသည် သူမ၏ စိတ်ညစ်ညူးနေမှုကို ဖုံးဖိမနေတော့ဘဲ လက်ကိုင်ဖုန်းကို ဆွဲထုတ်ပြီး ကူဒို၏ ဖုန်းနံပါတ်ကို ရွတ်ပြလိုက်သည်။ ကိရှိတာနိက ထိုနံပါတ်ကို အသည်းအသန် လိုက်မှတ်နေသည်။

ကိရှိတာနိ၏ မျက်နှာတွင် အားနာသော အမူအရာများ ပြမြဲ ပြနေသော်လည်း ကူဒို၏ အကြောင်းများကို စုံနိုင်သမျှ စုံလင်အောင် မေးမြန်းနေခဲ့သည်။ ကူဒို ပထမဆုံးအကြိမ် ဘန်တန်တိုင်သို့ ရောက်ရှိလာခဲ့စဉ်က အကြောင်းအရာများကိုပါ မခြွင်းမချန်တော့ဘဲ ယာစုကိုက လုံးစေ့ပတ်စေ့ ပြောပြလိုက်လေတော့သည်။

ကိရှိတာနိ ပြန်သွားသောအခါ ယာစုကိုသည် တံခါးကို ပိတ်ပြီး ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပစ်ထိုင်ချလိုက်သည်။ ရှိသမျှ ခွန်အားများ အလုံးစုံ ကုန်ခန်းသွားသည့်နှယ် နည်းနည်းမျှ မလှုပ်ရှားချင်တော့။

အိပ်ခန်းတံခါး ပွင့်လာပြီး အခန်းထဲမှ မီစာတို ထွက်လာသည်။

“ရုပ်ရှင်ကြည့်တဲ့ကိစ္စကို သူတို့က အခုထိ သံသယ ရှိနေတုန်းနေမှာ” မီစာတိုက ပြောသည်။ “တကယ့်ကို ဦးဦးပြောတဲ့အတိုင်း ဖြစ်လာတာပဲ။ အရမ်း မိုက်တယ်နော်”

“ဟုတ်ပါ့” ယာစုကိုသည် မတ်တတ်ထရပ်ပြီး ဧည့်ခန်းရှိရာသို့ ပြန်လာသည်။

“မေမေက ဘန်တန်တိုင်က လူတွေနဲ့ ညစာသွားစားတာ မဟုတ်ဘူးလား”

ယာစုကိုသည် ခေါင်းမော့၍ သမီး၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ မီစာတိုက သံသယ မျက်လုံးများဖြင့် သူမကို ပြန်ကြည့်နေသည်။

“သမီး ကြားလိုက်တယ်ပေါ့”

“ကြားတာပေါ့”

“အင်း ….” ယာစုကိုသည် ခေါင်းကို ငိုက်စိုက်ချလျက် ခြေနှစ်ဘက်ကို အပူပေးစားပွဲအောက်ထဲသို့ ထိုးထည့်နေသည်။ စားပွဲကို မြင်သောအခါတွင် စောစောက ရဲအရာရှိ၏ မေးခွန်းကို သတိရသွားပြန်သည်။

“ဒီလောက် ဖြစ်ပျက်နေတာတောင် အမေက ဟိုလူကြီးနဲ့ စုံတွဲခုတ်ပြီး ထမင်းထွက်စားနိုင်သေးတယ်နော်”

“အမေ ငြင်းလို့ မဖြစ်ဘူးလေ။ အရင်တုန်းက အမေ့အပေါ် သူ အရမ်း ကောင်းခဲ့တယ်။ အခုလည်း အမေတို့ကို စိတ်မချလို့ တကူးတက လာတွေ့ရှာတာ။ သမီးကို မညာသင့်ဘူးဆိုတာ အမေ သိပါတယ်”

“သမီးက ဘာအရေးလဲ …..”

ထိုစဉ် တစ်ဘက်ခန်းမှ တံခါးဖွင့်သံ ထွက်ပေါ်လာသည်။ ထို့နောက် လှေခါးရှိရာသို့ လျှောက်လှမ်းသွားသော ခြေသံများ ဆက်ကာဆက်ကာ ထွက်ပေါ်လာကြသည်။ သားအမိနှစ်ယောက်သား တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်သည်။

“အမေ ဖုန်းဖွင့်လိုက်ဦး” မီစာတိုက ပြောသည်။

“ဖွင့်ထားပြီးပြီ”

မိနစ်အနည်းငယ် ကြာသောအခါ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

****

 

အိရှိဂါမိသည် သူ ဆက်နေကျ တယ်လီဖုန်းရုံသို့ သွားပြီး ယနေ့ည၏ တတိယအကြိမ်မြောက် ဖုန်းခေါ်ဆိုခြင်းကို ပြုလုပ်နေသည်။ ရှေ့နှစ်ကြိမ်တွင် ယာစုကို၏ ဖုန်းကို ခေါ်၍ မရခဲ့။ ယခင်နေ့များတွင် ထိုသို့ တစ်ခါမျှ မဖြစ်ခဲ့စဖူး။ သူသည် ယာစုကိုအတွက် စိုးရိမ်သွားခဲ့သည်။ ယခု ယာစုကို၏ အသံကို ကြားရသောအခါမှ သူ စိတ်ချသွားတော့သည်။ သူမ ဘာမျှ ဖြစ်ပုံမရ။

သူ ဖုန်းရုံသို့ ထွက်မလာခင်က ဟာနာအိုကာအိမ်၏ ဘဲလ်သံကို သူ ကြားခဲ့ရသည်။ သူ ထင်ထားသည့်အတိုင်း ရဲဖြစ်နေသည်။ ယာစုကို၏ ပြောစကားအရ ဆိုလျှင် သူတို့ထံမှ ရုပ်ရှင်ရုံလက်မှတ်များ လာယူခြင်း ဖြစ်သည်။ ရဲများ၏ ရည်ရွယ်ရင်းကို အိရှိဂါမိ သဘောပေါက်ထားပြီး ဖြစ်သည်။ ရုပ်ရှင်ရုံမှ လက်ခံဖြတ်ပိုင်းနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပေလိမ့်မည်။ သူတို့ သားအမိ၏ လက်မှတ်ဖြတ်ပိုင်းနှင့် ထပ်တူညီသော လက်ခံဖြတ်ပိုင်းကို ရှာတွေ့ခဲ့ပြီဆိုလျှင် ဖြတ်ပိုင်းပေါ်မှ လက်ဗွေရာကို ထပ်မံ စစ်ဆေးကြမည်။ အကယ်၍ ယာစုကိုတို့ သားအမိ၏ လက်ဗွေရာများ ဖြတ်ပိုင်းပေါ်တွင် ထင်ကျန်နေပြီဆိုလျှင် အနိမ့်ဆုံးအားဖြင့် သူတို့ ရုပ်ရှင်ရုံထဲသို့ ဝင်ခဲ့သည်ဟု အတည်ပြုနိုင်သည်။ အကယ်၍ လက်ဗွေရာများကို မတွေ့ခဲ့ပါမူ သူတို့သားအမိကို ရဲဘက်မှ ပိုမို တင်းကျပ်စွာ စောင့်ကြည့်လာပေတော့မည်။ ရဲအရာရှိသည် အပူပေးစားပွဲနှင့် ပတ်သက်သော အကြောင်းများကိုလည်း လျှောက်မေးခဲ့သေးသည်။ ထိုသို့ ဖြစ်လာနိုင်သည်ဟု အိရှိဂါမိက ကြိုတင် တွက်ဆထားခဲ့ပြီးသား။

“ဒါဆို သူတို့က လက်နက်ကို အတည်ပြုထားနိုင်ပြီလို့ ယူဆရတော့မှာပဲ” အိရှိဂါမိက ဖုန်းတစ်ဘက်ခြမ်းမှ ယာစုကိုကို လှမ်းပြောလိုက်သည်။

“ရှင်ပြောတဲ့ လက်နက် ဆိုတာက …….”

“အပူပေးစားပွဲရဲ့ ဓာတ်ကြိုးလေ။ ခင်ဗျားတို့ အဲဒါကို သုံးခဲ့တာ မဟုတ်လား”

ဖုန်းထဲတွင် တစ်ဘက်မှ ဘာသံမျှ မကြားရတော့။ တိုဂါရှိကို ညှစ်သတ်ခဲ့စဉ်က ပုံရိပ်များသည် ယာစုကို၏ အတွေးအာရုံထဲတွင် ပြန်လည် ထင်ယောင်လာနေပုံ ရသည်။

“ညှစ်သတ်တယ် ဆိုရင် လည်ပင်းမှာ အရှိုးရာ ကျန်နေခဲ့မှာပဲ” အိရှိဂါမိက ဆက်ပြောသည်။ ယခုအခါတွင် စကားကို ကြားကောင်းအောင် ဝေ့လည်ကြောင်ပတ် ပြောနေဖို့ အချိန်မရှိတော့။ “အခု နည်းပညာတွေက တိုးတက်လာနေတော့ ဘာလက်နက်ကို သုံးပြီး သတ်ခဲ့သလဲ ဆိုတာကို ဒဏ်ရာကြည့်ပြီး အလွယ်တကူ ခွဲခြားလို့ ရနေပြီ”

“ဒါကြောင့် အဲဒီရဲက အပူပေးစားပွဲအကြောင်းကို မေးလာတာလား”

“အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ ခင်ဗျား စိတ်မပူပါနဲ့။ ကျွန်တော် အားလုံး ပြင်ဆင်ထားပြီးသားပါ”

ရဲဌာနက လူသတ်လက်နက်ကို ဖော်ထုတ်နိုင်သည်ဟု သူ မဆွကပင် ရိပ်စားမိခဲ့သည်။ ထို့ကြောင့် ဟာနာအိုကာအိမ်မှ အပူပေးစားပွဲနှင့် သူ့အိမ်မှ စားပွဲကို လဲလှယ်ထားခဲ့သည်။ သူတို့ ယခင်အသုံးပြုခဲ့သော အပူပေးစားပွဲမှာ ယခုအခါ သူ၏ စတိုခန်းထဲတွင် ရောက်ရှိနေလေပြီ။ ထို့အပြင် သူ၏ အပူပေးစားပွဲတွင် ပါသော ဓာတ်ကြိုးသည် သူတို့နှင့် အမျိုးအစားချင်း မတူ။ ရဲအရာရှိကလည်း ဓာတ်ကြိုးကို သတိထားမိပေလိမ့်မည်။ အဝေးမှ လှမ်းကြည့်ရုံနှင့် သိသာလှသည်။

“ရဲက တခြားရော ဘာမေးသေးလဲ”

“တခြား …….” ထိုမျှသာ ပြောနိုင်ပြီး သူမ ဆွံ့အသွားသည်။

“ဟယ်လို …. မစ္စဟာနာအိုကာ”

“ဟုတ်”

“ဘာဖြစ်လို့လဲ”

“ဟင့်အင်း။ ဘာမှ မဖြစ်ပါဘူး။ ဘာတွေ မေးခဲ့သေးသလဲလို့ ပြန်စဉ်းစားနေလို့ပါ။ တခြား ဘာမှ ထူးထူးခြားခြား မမေးတော့ဘူး။ သူ ပြောသေးတယ်။ တကယ်လို့ ရုပ်ရှင်ရုံ သွားခဲ့ကြောင်း အတည်ပြုနိုင်ရင် ကျွန်မတို့ကို သံသယ ဝင်နေဖို့ မလိုတော့ဘူးတဲ့”

“ကျွန်တော့်အထင် ပြောရရင် သူတို့ကတော့ ရုပ်ရှင်ကိစ္စကို နည်းနည်းမှ အလျှော့ပေးမှာ မဟုတ်ဘူး။ သူတို့ အဲဒီလို ဖြစ်လာနိုင်တယ်လို့ တွက်ဆထားလို့လည်းပဲ ကျွန်တော် ဒီအကွက်ကို ဆင်ထားခဲ့တာပါ။ ဘာမှ ကြောက်စရာ မလိုဘူး”

“ရှင် အဲဒီလို ပြောတာ ကြားရတော့ ကျွန်မစိတ်ထဲ ပေါ့ပါးသွားပါပြီ”

ယာစုကို၏ စကားသည် သူ၏ ရင်တွင်းမှ အပူမီးကို ငြှိမ်းသတ်ပေးလိုက်သော ရေစင်ကဲ့သို့ ရင်ထဲ အေးမြသွားလေသည်။ တစ်နေကုန်လုံး စိတ်ပူပန်လာခဲ့သမျှ တဖြည်းဖြည်းနှင့် လျော့ပါးလာတော့သည်။

ထိုလူအကြောင်းကို မေးသင့်သည်ဟူသော အတွေးသည် သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ သူနှင့် ယုကာဝါတို့ ဘန်တန်တိုင်တွင် ရှိနေစဉ်က မထင်မှတ်ဘဲ ပေါ်ထွက်လာခဲ့သော ထိုသူစိမ်းသည် မည်သူ ဖြစ်သနည်း။ ယနေ့ညလည်း ထိုသူကပင် ယာစုကိုကို အိမ်အထိ လိုက်ပို့ခဲ့ပြန်သည်။ အိရှိဂါမိသည် သူ့အခန်းပြတင်းပေါက်မှ အားလုံးကို လှမ်းမြင်နေရသည်။

“ကျွန်မအတွက် ပြောစရာကတော့ အဲဒီလောက်ပါပဲ။ ရှင့်ဘက်မှာရော ဘာတွေ ထူးခြားသေးလဲ” ယာစုကိုက ပြန်မေးလိုက်သည်။

“မရှိပါဘူး။ ဘာမှ မထူးခြားဘူး။ ခင်ဗျားအနေနဲ့ ဟိုးအရင်ကလို မူမှန်အတိုင်း နေသွားပေးပါ။ ရဲတွေက ထပ်လာနိုင်သေးတယ်။ အကြောက်မလွန်မိပါစေနဲ့”

“ဟုတ်။ ကျွန်မ သဘောပေါက်ပါတယ်”

“ကောင်းပြီလေ။ မီစာတိုကိုလည်း မေးတယ်လို့ ပြောပေးပါ။ အိပ်မက်လှလှ မက်ပါစေ”

သူသည် ယာစုကို၏ တုံ့ပြန်စကားကို ကြားရသောအခါမှ ဖုန်းကို ချလိုက်သည်။ ဖုန်းကတ်သည် ဖုန်းခွံထဲမှ ခုန်ထွက်လာသည်။

****

 

ကုစာနာဂိ၏ တင်ပြချက်ကို ကြားရသောအခါ မာမီယာ၏ မျက်နှာပေါ်တွင် အလိုမကျမှုများ ဖုံးမနိုင် ဖိမရ ထွက်ပေါ်လာလေသည်။ သူသည် သူ့ပခုံးကို လက်ဖြင့် ဆုပ်ညှစ်နေရင်း ထိုင်ခုံပေါ်တွင် ရှေ့နောက် ယိမ်းထိုးနေသည်။ “ဒီအတိုင်းသာဆိုရင် ဟို ကူဒိုဆိုတဲ့ လူနဲ့ ဟာနာအိုကာ ယာစုကိုတို့က လူသတ်မှု ဖြစ်ပြီးမှ ပြန်ဆုံကြတာပေါ့။ အဲဒါ လုံးဝ သေချာရဲ့လား”

“ဆိုင်ပိုင်ရှင် လင်မယားရဲ့ စကားအရတော့ အဲဒီလို လုံးဝ အသေအချာပဲ။ သူတို့ ညာပြောတာ မဖြစ်နိုင်ဘူး။ ပထမဆုံးအကြိမ် ကူဒို ဆိုင်ကို ရောက်လာတော့ ယာစုကိုရော သူတို့ပါ တအံ့တဩ ဖြစ်ခဲ့ကြတယ်လို့ ပြောတယ်။ သရုပ်ဆောင်နေကြတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”

“သူ အရင်က ဘားမယ်လုပ်ဖူးတာဆိုတော့ သရုပ်ဆောင်တာလည်း ကျွမ်းကျင်လောက်မှာပေါ့” မာမီယာက ကုစာနာဂိကို ကြည့်နေသည်။ “မင်း အဲဒီကူဒိုဆိုတဲ့လူကို သေသေချာချာ ပြန်စုံစမ်းကြည့်ဦး။ သူက လူသတ်မှု ဖြစ်ပြီးပြီးချင်း ရုတ်တရက် ပေါ်လာတာဆိုတော့ တိုက်ဆိုင်လွန်း မနေဘူးလား”

“ဟာနာအိုကာ ယာစုကိုရဲ့ စကားအရဆိုရင် ကူဒိုက လူသတ်မှုသတင်း ကြားလို့ သူ့ကို လာတွေ့တာလို့ ပြောတယ်။ တိုက်ဆိုင်တာတော့ မဟုတ်ဘူး”

“တကယ်လို့သာ သူတို့နှစ်ယောက်က ဒီလူသတ်မှုကို အတူတူ လုပ်ခဲ့တာဆိုရင် အခုလို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် တွေ့ရဲပါ့မလား” ကုစာနာဂိ၏ ဘေးတွင် ရပ်နေသော ကိရှိတာနိက ကြားဝင်၍ ပြောသည်။

“အဲဒီလို ထင်စေချင်လို့ တမင်သက်သက် တွဲပြတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့”

ကုစာနာဂိ၏ ထင်မြင်ချက်ကို ကြားရသောအခါတွင် ကိရှိတာနိသည် မျက်မှောင်ကို ကြုတ်လိုက်သည်။ “ဒါပေမယ့် …..”

“ဆရာက ကာယကံရှင်ကို တိုက်ရိုက် မေးစေချင်တာလား” ကုစာနာဂိက မာမီယာဘက်သို့ လှည့်၍ မေးလိုက်သည်။

“အဲဒီလို လုပ်တာ ပိုကောင်းလိမ့်မယ်။ သူသာ ဒီအမှုနဲ့ ပတ်သက်နေမယ်ဆိုရင် ဘယ်လောက်ပဲ ပိရိပိရိ၊ သူ့ဆီက သဲလွန်စတစ်ခုခုတော့ ရလာနိုင်တယ်။ မင်း သွားစုံစမ်းကြည့်ကွာ” ကုစာနာဂိက ဦးညွတ်ပြီး ကိရှိတာနိနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

“ကိုယ်ရဲ့ အမြင်သက်သက်ကိုပဲ အခြေခံပြီး စကားကို လက်လွတ်စပယ် မပြောသင့်ဘူး” ကုစာနာဂိက ကိရှိတာနိကို သတိပေးစကား ဆိုသည်။ “တရားခံက မင်းရဲ့ အဲဒီအားနည်းချက်ကို အသုံးချသွားလိမ့်မယ်”

“အာစရိက ဘာကို ဆိုလိုတာလဲ”

“မစ္စတာကူဒိုနဲ့ မစ္စဟာနာအိုကာတို့က ဟိုးအရင်ကတည်းက အဆက်အသွယ် မပြတ်ဘဲ ရှိချင် ရှိနေနိုင်တယ်။ အရင်က လူသိရှင်ကြား မတွေ့ဆုံကြတာလည်း ဖြစ်နိုင်တာပဲ။ အခု သူတို့က အဲဒီအချက်ကို အကျိုးရှိရှိ အသုံးချနေတာ မဟုတ်ဘူးလို့ မပြောနိုင်ဘူး။ သူတို့နှစ်ယောက်ရဲ့ အနီးကပ် ဆက်ဆံရေးကို ဘယ်သူကမှ သိမနေဘူး ဆိုရင် အဲဒီလို အခြေအနေမျိုးမှာ အမှုတစ်ခုကို နှစ်ယောက်ပေါင်းပြီး တွဲလုပ်ရတာ အဆင်အပြေဆုံးပဲ”

“အဲဒီလိုသာဆိုရင် သူတို့က သူတို့ရဲ့ ရင်းနှီးမှုကို ဆက်ပြီး ဖုံးကွယ်ထားသင့်တာ မဟုတ်ဘူးလား”

“ငါတော့ အဲဒီလို မထင်ဘူး။ သမီးရည်းစား ဆက်ဆံရေးဆိုတာမျိုးက ကြာကြာ ဖုံးလို့ဖိလို့ ရတာမျိုး မဟုတ်ဘူး။ လက်ရှိ ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းကို အသုံးချပြီး ပြန်လည်ဆုံဆည်းကြတဲ့ ပုံစံမျိုး ဟန်ဆောင်လိုက်တာ ပိုကောင်းမယ်လို့ သူတို့ ယူဆကောင်း ယူဆနိုင်တာပဲ”

ကိရှိတာနိက ခေါင်းညိတ်ပြသည်။ သို့သော် ကုစာနာဂိ၏ အကြောင်းပြချက်ကို လက်မခံနိုင်သေးမှန်း သူ့မျက်နှာမှာ ပေါ်လွင်နေသည်။

အီဒိုဂါဝါရဲစခန်းထဲမှ ထွက်လာကြပြီးနောက် ကုစာနာဂိ၏ ကားပေါ်သို့ သူတို့နှစ်ဦး တက်လိုက်ကြသည်။

“ဓာတ်ခွဲခန်းရဲ့ အလိုအရ လူသတ်လက်နက်ဟာ ဓာတ်ကြိုး ဖြစ်ရမယ်တဲ့။ ကြေးနန်းကြိုးကို အပြင်က ချည်မျှင်နဲ့ မံထားတဲ့ ဓာတ်ကြိုးမျိုးလို့ ပြောတယ်” ကိရှိတာနိသည် ထိုင်ခုံခါးပတ်ကို ပတ်ရင်း ပြောနေသည်။

“ဪ … အပူဓာတ်ပေးရတဲ့ လျှပ်စစ်ပစ္စည်းမျိုးတွေမှာ သုံးတဲ့ ဓာတ်ကြိုးမျိုးပေါ့။ ဥပမာဆိုရင် အပူပေးစားပွဲလိုဟာမျိုး”

“ဓာတ်ကြိုးရဲ့ အပြင်ဘက်ဆုံးအလွှာကို ချည်မျှင်တွေနဲ့ ပတ်ထားတာဆိုတော့ လည်ပင်းမှာ ကျန်ခဲ့တဲ့ အရှိုးရာကလည်း အမြှောင်းထနေတာပေါ့”

“အဲဒီတော့ …..”

“ကျွန်တော် မစ္စဟာနာအိုကာအိမ်က အပူပေးစားပွဲကို ကြည့်ခဲ့တယ်။ သူ့ဟာက ချည်မျှင်အကာပါတဲ့ ဓာတ်ကြိုးမဟုတ်ဘူး။ ရာဘာအခွံနဲ့ ဓာတ်ကြိုးမျိုး။ အမြှောင်းမပါဘူး”

“ဒီတော့ ….”

“ဒါပဲလေ”

“အပူဓာတ်ပေးတဲ့ လျှပ်စစ်ပစ္စည်းက အပူပေးစားပွဲတစ်မျိုးတည်း ရှိတာမှ မဟုတ်တာ။ ပြီးတော့ အဲဒါကို လူသတ်လက်နက်အနေနဲ့ သုံးခဲ့တာ ဆိုတော့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းမျိုးလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ တစ်နေရာရာက ကောက်လာတဲ့ ဓာတ်ကြိုးလည်း ဖြစ်နေနိုင်တာပဲ”

“အင်း ….” ကိရှိတာနိက မဖြေချင့်ဖြေချင် လေသံမျိုးဖြင့် ပြန်ဖြေလိုက်သည်။

ယမန်နေ့က ကုစာနာဂိနှင့် ကိရှိတာနိတို့သည် ဟာနာအိုကာ ယာစုကိုကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြသည်။ သူမ၏ အနီးပတ်ဝန်းကျင်တွင် ကြံရာပါဟု သတ်မှတ်နိုင်မည့် အခြားလူတစ်ဦးဦး ရှိနိုင်သလော ဆိုသည့်အချက်ကို ဖော်ထုတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။

အလုပ်ဆင်းသောအချိန်၌ သူမသည် အမျိုးသားတစ်ယောက်နှင့် အတူ တက္ကစီဖြင့် ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ကုစာနာဂိတို့သည် သူတို့အနောက်မှ မျက်ခြည်မပြတ် လိုက်သွားခဲ့သည်။ မြစ်ကမ်းနံဘေးမှ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားသည့် အခါတွင်လည်း စိတ်ရှည်လက်ရှည်ဖြင့် ထွက်မလာမချင်း အပြင်မှ ထိုင်စောင့်နေခဲ့သည်။

ညစာစားသောက်ပြီးကြသောအခါတွင် ထိုသူနှစ်ဦးသည် တက္ကစီပေါ်သို့ တက်ကာ ယာစုကို၏ တိုက်ခန်းရှိရာသို့ ပြန်လာခဲ့ကြသည်။ အမျိုးသားသည် ကားပေါ်မှ မဆင်းချေ။ ကုစာနာဂိသည် ကိရှိတာနိကို ယာစုကိုအထံသို့ သွားခိုင်းပြီး သူကိုယ်နှိုက်က တက္ကစီအနောက်သို့ လိုက်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုသို့ နောက်ယောင်ခံ လိုက်နေသည်ကို မည်သူမျှ မရိပ်မိကြပေ။

ထိုအမျိုးသားသည် အိုဆာကီရှိ တိုက်ခန်းကျယ်တစ်ခုတွင် နေထိုင်သည်။ သူ့အခန်းတံခါးတွင် ချိတ်ဆွဲထားသော နာမည်ကတ်ပြားပေါ်မှ ထိုသူ၏ နာမည်ကို သိလာခဲ့သည်။ ‘ကူဒို ကုနိအာကိ’

အကယ်၍ ယာစုကိုသည် တိုဂါရှိကို သတ်ဖြတ်ခဲ့သော တရားခံတစ်ယောက် ဖြစ်သည်ဟု ဆိုလျှင် သူမသည် ထိုအမှုကို တစ်ဦးတည်း ဒိုင်ခံ၍ လုပ်နိုင်မည် မဟုတ် ဟူသည့်အချက်ကို ကုစာနာဂိက လက်ခံထားပြီး ဖြစ်သည်။ ယာစုကိုအတွက် ကြံရာပါ အမျိုးသားအဖော် တစ်ယောက်တော့ ရှိကို ရှိရပေမည်။ မည်သူပင် ဖြစ်စေ၊ ထိုအမျိုးသားသည် အဓိက လူသတ်တရားခံပင် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။

ကူဒိုသည် ထိုတရားခံ ဖြစ်နိုင်မည်လော။

ကုစာနာဂိသည် ကိရှိတာနိအား သူ့အယူအဆကို ထုတ်ဖော် ပြောပြခဲ့သော်လည်း ထိုအယူအဆကို သူကိုယ်တိုင်က အပြည့်အဝ ယုံကြည်လှသည်တော့ မဟုတ်။ ယခု သူတို့၏ လုပ်ရပ်သည် ရေလိုက်လွဲနေပြီလောဟု သူ သံသယ ဝင်နေမိသည်။

ကုစာနာဂိ၏ အတွေးအာရုံထဲသို့ ပုံရိပ်တစ်ခု လွှမ်းမိုးလာသည်။ ယမန်နေ့က ဘန်တန်တိုင်ကို စောင့်ကြည့်နေခဲ့စဉ် သူ လုံးဝ မျှော်လင့်မထားခဲ့သော လူတစ်ယောက်ကို ဆိုင်တွင် တွေ့ခဲ့ရသည်။

ယုကာဝါ မနာဘု။ … ဟာနာအိုကာ ယာစုကို၏ အိမ်နီးချင်းဖြစ်သော သင်္ချာဆရာနှင့်အတူ အဘယ်ကြောင့် သူ့ကို ထိုဆိုင်တွင် တွေ့နေရသနည်း။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *