ကင်ရှိချိုဘူတာမှ ထွက်လာပြီး ၅ မိနစ်ခန့် လမ်းလျှောက်လိုက်လျှင် မာရိယန်းကလပ်သို့ ရောက်သည်။ မာရိယန်းသည် အရက်ဘားများစွာ စုပြုံဖွင့်လှစ်ထားသော အဆောက်အအုံကြီး၏ ငါးလွှာတွင် တည်ရှိသည်။ အဆောက်အအုံမှာ အိုဟောင်းနေပြီး ဓာတ်လှေကားမှာလည်း ခေတ်ဟောင်းပုံစံ ဖြစ်သည်။
ကုစာနာဂိက နာရီကို ကြည့်လိုက်သည်။ ည ၇ နာရီ ထိုးခါစ ရှိသေးသည်။ မေးရမြန်းရ အဆင်ပြေစေရန်အတွက် ဧည့်နည်းသောအချိန်ကို တမင် ရွေးချယ်၍ လာရောက်ခဲ့ကြသည်။ သို့သော် ဤမျှ စုတ်ပြတ်နုံချာသော နေရာမျိုးတွင် ဧည့်သည်များများစားစား ရှိနိုင်ပါမည်လောဟု ကုစာနာဂိက သံချေးတက်နေသော ဓာတ်လှေကားနံရံများကို ကြည့်ရင်း သံသယ ဝင်နေမိသည်။
မာရိယန်းကလပ်ထဲသို့ ဝင်ရောက်သွားသည့် အခါတွင်မူ သူ အံ့အားသင့်သွားလေသည်။ ဆိုင်အတွင်းရှိ စားပွဲခုံ အလုံး ၂၀ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံမှာ ဧည့်သည်များနှင့် ပြည့်လျှံနေသည်။ အများစုမှာ လခစား ဝန်ထမ်းများဖြစ်ပြီး မည်သည့်အလုပ်လုပ်မှန်း ဝေခွဲရခက်သော ဧည့်သည်တချို့ကိုလည်း တွေ့ရသည်။
“ဂင်ဇာမှာ ရှိတဲ့ ကလပ်တစ်ခုကို အမှုကိစ္စတစ်ခုနဲ့ ရောက်တုန်းက” ကိရှိတာနိက သူ့နားကပ်ပြီး ခပ်တိုးတိုး ပြောသည်။ “အဲဒီက အပျိုခေါင်းက ပြောနေတာ။ စီးပွားရေးပူဖောင်းကာလမှာတုန်းက ညတိုင်း သူ့ဆိုင်ကို ရောက်လာခဲ့ကြတဲ့ လူတွေဟာ အခု ဘယ်နားသွားပြီး သောက်နေကြသလဲ မသိဘူးတဲ့။ လက်စသတ်တော့ အဲဒီလူတွေ အကုန်လုံး ဒီဘဝ ရောက်နေကြတာကိုးဗျ”
“အဲဒီလိုတော့ မဖြစ်နိုင်လောက်ဘူး” ကုစာနာဂိက ပြောသည်။ “လူတစ်ယောက်က စည်းစိမ် ခံစားမိသွားပြီဆိုရင် အောက်တစ်ထစ် ပြန်ဆင်းဖို့ အတော်လေး ခက်သွားတယ်။ ဒီမှာ အရက်သောက်နေကြတဲ့ လူတွေက ဂင်ဇာကအုပ်စုနဲ့ တစ်ဖွဲ့တည်း မဖြစ်နိုင်ဘူး”
ကုစာနာဂိသည် စားပွဲထိုးကို ခေါ်၍ မန်နေဂျာနှင့် စကားပြောလိုကြောင်း ပြောလိုက်သည်။ ငယ်ရွယ်သော စားပွဲထိုး၏ မျက်နှာပေါ်မှ အပြုံးတို့သည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားပြီး ဆိုင်အနောက်ဘက်ထဲသို့ တိုးလျှိုးပျောက်ကွယ်သွားသည်။
တစ်ခဏအကြာတွင် နောက်ထပ် စားပွဲထိုးတစ်ယောက် ရောက်လာပြီး ကုစာနာဂိတို့ နှစ်ယောက်ကို ဘားကောင်တာတွင် နေရာချပေးသည်။
“တစ်ခုခု သောက်ကြဦးမလား” စားပွဲထိုးက မေးသည်။
“ဘီယာပဲပေးပါ” ကုစာနာဂိက ဖြေသည်။
“အဲဒီလိုလည်း ရတယ်လား” စားပွဲထိုးထွက်သွားပြီးနောက် ကိရှိတာနိက မေးသည်။ “ကျွန်တော်တို့က တာဝန်နဲ့ ရောက်လာတာလေ”
“ငါတို့က ဘာမှ မသောက်ဘဲ ဒီအတိုင်း ထိုင်နေရင် တခြားဧည့်သည်တွေက ယုန်ထင်ကြောင်ထင် ထင်နေမှာပေါ့”
“ဒါဆို ရေနွေးကြမ်းပဲ သောက်ရင် တော်ရောပေါ့”
“ယောက်ျားကြီးနှစ်ယောက်က ဒီလိုနေရာ ရောက်လာပြီး ရေနွေးကြမ်း သောက်စရာလားကွာ”
ထိုသို့ အပြန်အလှန် ငြင်းခုန်နေကြစဉ် ငွေမင်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အသက် ၄၀ ခန့် အရွယ်ရှိ အမျိုးသမီးတစ်ဦး အနားသို့ ရောက်ရှိလာသည်။ သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်များ မှုန်နေအောင် လိမ်းခြယ်ထားပြီး ဆံပင်ကိုလည်း ဂျယ်ဖြင့် အမောက်ထောင်ထားသည်။ သွယ်လျသော်လည်း အမို့အမောက် အကွေ့အကောက်များနှင့် ကြည့်ကောင်းသော မိန်းမလှတစ်ဦးဟု ဆိုရပေမည်။
“မင်္ဂလာပါရှင်” သူမက နှုတ်ခမ်းကို ကွေးညွတ်သွားအောင် ပြုံးလိုက်သည်။ “ကျွန်မနဲ့ တွေ့ချင်တယ် ဆိုလို့”
“ကျွန်တော်တို့ မှုခင်းရဲတပ်ဖွဲ့ကပါ” ကုစာနာဂိက အသံကို နှိမ့်ချ၍ ပြန်ဖြေသည်။
အနားတွင် ထိုင်နေသော ကိရှိတာနိ၏ လက်တစ်ဘက်သည် အိတ်ကပ်ထဲသို့ လှမ်းနှိုက်နေသည်။ ကုစာနာဂိက သူ့ကို လှမ်းတားလိုက်ပြီး အမျိုးသမီးကို စိုက်ကြည့်သည်။ “သက်သေခံကတ်ပြား ပြဖို့ မလိုတော့ဘူး မဟုတ်လား”
“မလိုပါဘူးရှင်” သူမက ကုစာနာဂိ၏ ဘေးတွင် ဝင်ထိုင်ပြီး သူမ၏ လိပ်စာကတ်ကို အနားတွင် ချလိုက်သည်။ ကတ်ပေါ်တွင် ‘ဆုဂိမူရာ ဆိုနိုကို’ ဟု ရိုက်နှိပ်ထားသည်။
“ခင်ဗျားက ဒီဆိုင်ရဲ့ မန်နေဂျာလား”
“ကျွန်မကို အဲဒီလို ခေါ်လို့ ရနိုင်ပါတယ်” ဆုဂိမူရာက အပြုံးနှင့် ပြန်ဖြေသည်။
“ခင်ဗျားတို့ စီးပွားရေးက မဆိုးဘူးပဲ” ကုစာနာဂိက ဆိုင်အတွင်းသို့ အကဲခတ်ရင်း ပြောသည်။
“အဲဒါက အပြင်ပန်းပါ။ ဒီဆိုင်ရဲ့ သူဌေးက အခွန်ခံစားခွင့် ရဖို့အတွက် ဒီဆိုင်ကို ဖွင့်ထားတာ။ အခု မြင်နေရတဲ့ ဧည့်သည်အများစုကလည်း သူ့ရဲ့ ဘော်ဒါတွေချည်းပဲ”
“ဪ”
“ဒီလိုဆိုင်မျိုးက မနက်ဖြန်မှာ ဘာဖြစ်သွားနိုင်မလဲ ဆိုတာတောင် ခန့်မှန်းကြည့်ဖို့ ခက်တယ်။ စာယိုကိုလို အလုပ်ကထွက်ပြီး ထမင်းဆိုင်ဖွင့်ထားတာကမှ မျှော်လင့်ချက် ရှိဦးမယ်”
စကားကို တိုးတိုးနှင့်မှန်မှန် ပြောသွားခဲ့ခြင်း ဖြစ်သော်လည်း အလျင်တာဝန်ခံ ဖြစ်သော စာယိုကို၏ နာမည်ကို ခပ်ပေါ့ပေါ့ ပြောသွားသော သူမ၏ လေသံထဲတွင် မာန၏ အရိပ်အငွေ့များကို တွေ့မြင်နေရသည်။
“ဒီ့မတိုင်ခင်လည်း ကျွန်တော်တို့ရဲ့ ဘော်ဒါတွေက ဒီကို အခေါက်ခေါက် ရောက်လာခဲ့ကြပြီးပြီ”
သူမက ခေါင်းညိတ်လိုက်သည်။ “တိုဂါရှိရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လာမေးကြတာ အကြိမ်ရေ မနည်းတော့ဘူး။ အခုလည်း အဲဒီအတွက်ပဲ လာတာ ထင်တယ်”
“ခဏခဏ လာနှောင့်ယှက်သလို ဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်”
“အရင်က လာခဲ့တဲ့ ရဲအရာရှိတွေကိုလည်း ကျွန်မ ပြောခဲ့ပြီးပါပြီ။ တကယ်လို့ ရှင်တို့က ယာစုကိုကို သံသယ ရှိနေမယ်ဆိုရင် ရှင်တို့ မှားနေကြပြီ။ သူ့မှာ လူသတ်ရလောက်တဲ့ အကြောင်းအရင်း ဘာမှ ရှိမနေဘူး”
“မဟုတ်ပါဘူး။ သံသယ ရှိနေတယ်လို့လည်း ခေါ်လို့ မရပါဘူး” ကုစာနာဂိက ပြုံးလျက် လက်ခါပြသည်။ “ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုက ဘယ်ကိုမှ ခရီးမရောက်ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့က ပုံစံတစ်မျိုးပြောင်းပြီး စလုံးရေးစနဲ့ ပြန်စဖို့ စိတ်ကူးထားတာကြောင့် ခင်ဗျားနဲ့ လာတွေ့တာပါ”
“ပြန်စမယ် …” ဆုဂိမူရာက သက်ပြင်းချလိုက်သည်။
“တိုဂါရှိ ရှင်ဂျိက မတ်လ ၅ ရက်နေ့မှာ ဒီကို လာခဲ့သေးတယ်လို့ ကြားတယ်”
“ဟုတ်ပါတယ်။ အချိန်တွေ ဒီလောက်ကြာမှ သူ့ကို ပြန်တွေ့ရတော့ ကျွန်မလည်း အံ့ဩသွားခဲ့တယ်”
“အရင်ကတည်းက သူ့ကို တွေ့ဖူးနေခဲ့တာလား”
“နှစ်ခါ တွေ့ဖူးတယ်။ ကျွန်မ အရင်က အာကာစာကာမှာ လုပ်ဖူးတယ်။ ယာစုကိုနဲ့ တစ်ဆိုင်တည်းပဲ။ အဲဒီတုန်းက သူ့ကို တွေ့ခဲ့ဖူးတာ။ အဲဒီတုန်းကတော့ သူက ငွေအတော်လေး ရွှင်တယ်။ ဝတ်စားဆင်ပြင်ပုံကလည်း အပျံစားပဲ”
သူမ၏ လေသံအရ မတ်လတွင် ပြန်တွေ့ရသော တိုဂါရှိနှင့် ကွာချင်တိုင်း ကွာနေကြောင်း သိသာနေသည်။
“တိုဂါရှိ ရှင်ဂျိက မစ္စဟာနာအိုကာကို အဲဒီတုန်းက ရှာနေခဲ့တယ်ဆို။ ဟုတ်တယ်မလား”
“သူက ပြန်ပေါင်းထုပ်ချင်လို့ နေမှာ။ ဒါပေမယ့် ကျွန်မ သူ့ကို ပြောမပြခဲ့ဘူး။ သူ ယာစုကိုကို ဘယ်လောက် နှိပ်စက်ခဲ့သလဲဆိုတာ ကျွန်မ အသိဆုံးပဲ။ ဒါပေမယ့် သူက ဆိုင်ထဲမှာရှိတဲ့ တခြားကောင်မလေးတွေကို သွားမေးတယ်။ ယာစုကိုကို သိတဲ့သူ မရှိနိုင်တော့ဘူးလို့ ကျွန်မက ထင်နေတာ။ ခက်တာက စာယိုကိုရဲ့ ဆိုင်ကို ရောက်ဖူးတဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ်။ အဲဒီကောင်မလေးကပဲ ယာစုကို အလုပ်လုပ်နေတဲ့ ဆိုင်အကြောင်း တိုဂါရှိကို ပြောပြလိုက်တယ်”
“ဒီလိုလား” ကုစာနာဂိက ခေါင်းညိတ်နေသည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံနေရသော ယခုလို အလုပ်မျိုးကို လုပ်ကိုင်ခဲ့ဖူးသူ တစ်ယောက်အနေဖြင့် တစ်နေရာရာတွင် လူမသိသူမသိ ပုန်းအောင်းနေ၍ ရနိုင်မည် မဟုတ်ပေ။
“ကူဒို ကုနိအာကိဆိုတဲ့ လူကရော ဒီကို မကြာခဏ လာတတ်သလား” ကုစာနာဂိက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“မစ္စတာကူဒို … ပုံနှိပ်လုပ်ငန်း လုပ်တဲ့ တစ်ယောက်လား”
“ဟုတ်တယ်”
“သူ အမြဲလာတတ်တယ်။ ဒါပေမယ့် အခုတလော သိပ်မလာတော့ဘူး” ဆုဂိမူရာက ခေါင်းကို စောင်းငဲ့လိုက်သည်။ “မစ္စတာကူဒိုက ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး။ အရင် ဟာနာအိုကာ ယာစုကို ဒီမှာရှိတုန်းက မစ္စတာကူဒိုက သူနဲ့ပဲ အမြဲ ထိုင်လေ့ရှိတယ်လို့ ကြားဖူးထားတာကြောင့် မေးကြည့်တာပါ”
ဆုဂိမူရာ၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး ခေါင်းညိတ်နေသည်။ “ဟုတ်တယ်။ မစ္စတာကူဒိုက သူ့ကို အတော်လေး စောင့်ရှောက်ပါတယ်”
“သူတို့နှစ်ယောက်က တွဲခဲ့ကြဖူးလား”
ဆုဂိမူရာသည် ခေါင်းကို ငဲ့စောင်း၍ အတန်ကြာမျှ စဉ်းစားနေသည်။
“အဲဒီလို ထင်ကြေးပေးတဲ့ လူတချို့တော့ ရှိတယ်။ ဒါပေမယ့် ကျွန်မကတော့ မထင်ဘူး”
“ဘာဖြစ်လို့လဲ”
“အာကာစာကာမှာ အလုပ်ဝင်တုန်းက ယာစုကိုနဲ့သူက အတော်လေး ရင်းနှီးကြတယ်။ အဲဒီအချိန်တုန်းက ယာစုကိုဟာ တိုဂါရှိကြောင့် တော်တော်ကို စိတ်ညစ်နေခဲ့တာ။ အဲဒါကို မစ္စတာကူဒိုက ဘယ်လိုလုပ်ပြီး သိသွားသလဲ မပြောတတ်ဘူး။ အဲဒီနောက်တော့ သူက ယာစုကိုကို တွေ့တိုင်း အကြံဉာဏ်တွေ ပေးနေတတ်တာပဲ။ သူတို့နှစ်ယောက်က သမီးရည်းစား အဆင့်အထိတော့ ရောက်မသွားခဲ့ကြဘူး”
“ဒါပေမယ့် နောက်ပိုင်းမှာ မစ္စဟာနာအိုကာက ကွာရှင်းပြီးပြီ ဆိုတော့ တရားဝင် တွဲလို့ ရပြီပေါ့”
ဆုဂိမူရာက ခေါင်းခါပြသည်။ “မစ္စတာကူဒိုက အဲဒီလို လူစားမျိုး မဟုတ်ဘူး။ ယာစုကိုကို သူ့ယောက်ျားနဲ့ ကွာရှင်းနိုင်ဖို့ မစ္စတာကူဒိုက အကြံပေးခဲ့တာကိုး။ ကွာရှင်းပြီးလို့ လူလွတ် ဖြစ်သွားမှ သူနဲ့ တွဲနိုင်ဖို့ ကြိုးစားနေမယ် ဆိုရင် ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်လို့ အပြောခံရတော့မှာပေါ့။ ဒါကြောင့် ကွာရှင်းပြီး နောက်ပိုင်းလည်း သူတို့က မိတ်ဆွေတွေ အဖြစ်နဲ့ပဲ ဆက်ပြီး နေသွားကြတယ်။ နောက်ပြီးတော့ မစ္စတာကူဒိုမှာကလည်း မယား ရှိနေသေးတယ်”
ကူဒို ကုနိအာကိ၏ ဇနီးသည်သည် ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ဆုဂိမူရာက သိသေးပုံ မရ။ ကုစာနာဂိ အနေဖြင့် ထိုအကြောင်းကို သူမအား ပြောပြနေဖို့ မလိုဟု ယူဆသောကြောင့် ထိုအတိုင်း နှုတ်ဆိတ်နေလိုက်သည်။
ယာစုကိုနှင့် ကူဒိုတို့၏ ရင်းနှီးမှု အတိုင်းအတာကို ဆုဂိမူရာသည် အနီးစပ်ဆုံး ခန့်မှန်းနိုင်သည်ဟု ကုစာနာဂိက တွေးနေမိသည်။ သမီးရည်းစား ကိစ္စနှင့် ပတ်သက်လာလျှင် အရက်ဘားမှ အမျိုးသမီးများ၏ ဗီဇသိသည် မှုခင်းစုံထောက်များထက် များစွာ ထက်မြက်စူးရှလှပေသည်။
ဆုဂိမူရာ၏ ထင်မြင်ယူဆချက်သည် ကုစာနာဂိ၏ ယုံကြည်ချက်ကို ထပ်ဆင့် ထောက်ခံလိုက်သကဲ့သို့ ဖြစ်နေသည်။ ကူဒိုကို အပြစ်ကင်းသူတစ်ယောက်ဟု သူ ယုံကြည်ထားသည်။ သို့ဖြစ်လျှင် သူ၏ စကားလမ်းကြောင်းကို နောက်ထပ် ခေါင်းစဉ်တစ်ခုဆီသို့ ပြောင်းရွှေ့ရန် အချိန်တန်ပြီ။ သူသည် အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်ပြီး သူမကို ပြလိုက်သည်။ “ခင်ဗျား သူ့ကို မြင်ဖူးလား”
အိရှိဂါမိ တေကျုယာ၏ ဓာတ်ပုံ ဖြစ်သည်။ ကျောင်းထဲမှ ထွက်လာသော သူ့ကို ကိရှိတာနိက ဓာတ်ပုံ ခိုးရိုက်ထားခဲ့သည်။ အဝေးတစ်နေရာမှ တစောင်းရိုက်ယူထားခြင်း ဖြစ်သောကြောင့် အိရှိဂါမိ၏ မျက်လုံးများသည် တခြားတစ်နေရာသို့ ငေးကြည့်နေကြသည်။
ဆုဂိမူရာ၏ အမူအရာက ဇဝေဇဝါ ဖြစ်နေသည်။ “သူက ဘယ်သူလဲ”
“ခင်ဗျား မသိဘူးလား”
“ဟင့်အင်း၊ ကျွန်မတို့ ဆိုင်က ဧည့်သည်တော့ မဖြစ်နိုင်ဘူး”
“သူ့နာမည်က အိရှိဂါမိတဲ့”
“အိရှိဂါမိ …”
“မစ္စဟာနာအိုကာဆီက မကြားဖူးဘူးလား”
“ဟင့်အင်း၊ ကျွန်မ မှတ်ဉာဏ်ထဲမှာ မရှိဘူး”
“အဲဒီလူက အထက်တန်းကျောင်းဆရာပါ။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး မစ္စဟာနာအိုကာက ဘာမှ မပြောပြဖူးဘူးလား”
“ဟင့်အင်း” ဆုဂိမူရာက ခေါင်းကို စောင်းငဲ့ထားသည်။ “အခုချိန်အထိ ကျွန်မနဲ့သူက ဖုန်းအဆက်အသွယ် ရှိနေကြသေးတယ်။ ဒါပေမယ့် အဲဒီအကြောင်း ပြောတာ တစ်ခါမှ မကြားဖူးဘူး”
“မစ္စဟာနာအိုကာက သူနဲ့ လက်ရှိ ထိတွေ့ဆက်ဆံနေတဲ့ အမျိုးသားမိတ်ဆွေတွေ အကြောင်းကို ပြောပြဖူးတာ ရှိလား။ သူ့ရဲ့ လတ်တလော အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ခင်ဗျားကို တိုင်ပင်တာ ဒါမှမဟုတ် ပြောပြတာမျိုး မရှိဘူးလား”
ဆုဂိမူရာထံမှ မချိတရိ ပြုံးသော အပြုံးတစ်စ ထွက်ပေါ်လာသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်လာခဲ့ဖူးတဲ့ ရဲအရာရှိတွေကိုလည်း ကျွန်မ ပြောခဲ့ဖူးပြီးသားပါ။ ယာစုကိုက ကျွန်မကို အဲဒီအကြောင်း တစ်ခါမှ မပြောခဲ့ဖူးဘူး။ တွဲနေတဲ့ ယောက်ျားတစ်ယောက်ယောက် သူ့မှာ ရှိချင် ရှိမှာပေါ့။ ကျွန်မကို ပြောမပြတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲဒါက ဖြစ်နိုင်ခြေ မရှိသလောက်ပဲ။ ယာစုကိုခမျာ မီစာတိုကို စောင့်ရှောက်နေရတာနဲ့တင် လိပ်ပတ်မလည်နိုင်ဘူး။ ဘယ်မှာလာပြီး စိတ်ကူးယဉ်နေဖို့ အချိန်ရှိနေဦးမလဲရှင်။ ရှေ့တစ်ခေါက် စာယိုကိုနဲ့ တွေ့တုန်းက သူလည်း အဲဒီလိုပဲ ပြောခဲ့ဖူးသေးတယ်”
ကုစာနာဂိက ဘာမျှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။ အိရှိဂါမိနှင့် ယာစုကိုတို့၏ ဆက်နွှယ်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ဤကလပ်တွင် စုံစမ်းသိရှိနိုင်လိမ့်မည် မဟုတ်ဟု နဂိုမူလကတည်းက သူ ယူဆထားပြီး ဖြစ်သောကြောင့် များစွာ မျှော်လင့်ထားခြင်း မရှိချေ။ ထို့ကြောင့် များစွာ စိတ်ပျက်အားလျော့မှုလည်း မဖြစ်။ သို့သော် ယာစုကို၏ နေ့စဉ်ဘဝတွင် မည်သည့် ယောက်ျားနှင့်မျှ အရောတဝင် ပတ်သက်ဆက်စပ်နေခြင်း မရှိ ဆိုသည့်အချက်ကို ဆုဂိမူရာက အခိုင်အမာ ပြောဆိုနေခဲ့သည်။ ထိုစကားကို ကြားရသောအခါတွင် အိရှိဂါမိအား ယာစုကို၏ ကြံရာပါအဖြစ် ယူဆထားသော ကုစာနာဂိ၏ စိတ်ထဲ၌ အနည်းနှင့်အများ ဆိုသကဲ့သို့ မိမိကိုယ်ကိုယ် ယုံကြည်စိတ်များ ယုတ်လျော့လာကြသည်။
ဧည့်သည်အသစ်များ ဝင်ရောက်လာကြပြန်သည်။ ဆုဂိမူရာသည် အဝေးတစ်နေရာမှ အခြေအနေများကို လှမ်း၍ အကဲခတ်နေသည်။
“ခင်ဗျားနဲ့ မစ္စဟာနာအိုကာတို့ နောက်ဆုံး ဖုန်းပြောဖြစ်ကြတာ ဘယ်နေ့တုန်းကလဲ”
“တိုဂါရှိအကြောင်း တီဗီသတင်းထဲ ပါလာတဲ့ နေ့က။ သတင်းကြားကြားချင်း ကျွန်မလည်း လန့်ဖျပ်ပြီး သူ့ဆီ ဖုန်းလှမ်းဆက်လိုက်တာပဲ။ အဲဒီအကြောင်းကိုလည်း အရင်လာဖူးတဲ့ ရဲအရာရှိကို ပြောပြီးပါပြီ”
“မစ္စဟာနာအိုကာက ဘယ်လို တုံ့ပြန်သလဲ”
“ဘာမှတော့ ထွေထွေထူးထူး မရှိပါဘူး။ ရဲတွေက သူ့ဆီကိုလည်း ရောက်လာခဲ့ပြီးပြီလို့ ပြောတယ်” ယာစုကိုကို သွားတွေ့သူများမှာ သူတို့ပင် ဖြစ်ကြောင်း ကုစာနာဂိက သူမကို ပြောပြမနေချင်တော့။
“မစ္စတာတိုဂါရှိက ခင်ဗျားတို့ဆီလာပြီး မစ္စဟာနာအိုကာအကြောင်းကို စုံစမ်းခဲ့တယ် ဆိုတာ ခင်ဗျား သူ့ကို ပြောမပြလိုက်ဘူးလား”
“မပြောဖြစ်ဘူး။ ပြောမထွက်ဘူးလေ။ သူ့ကို ဒီထက်ပိုပြီး စိတ်မပင်ပန်းစေချင်တော့ဘူး”
သို့ဆိုလျှင် တိုဂါရှိက ဟာနာအိုကာ ယာစုကိုအား ရှာဖွေနေကြောင်းကို သူမသည် ကြိုတင် သိရှိထားခြင်း မရှိ။ တစ်နည်းဆိုရသော် တိုဂါရှိက သူမကို လာတွေ့မည် ဖြစ်ကြောင်း သိရှိထားခြင်း မရှိသောကြောင့် သူ့ကို လုပ်ကြံရန် ကြိုတင်အကွက်ချ ပြင်ဆင်ထားနိုင်တော့မည် မဟုတ်ပေ။
“အစကတော့ ကျွန်မလည်း သူ့ကို ပြောပြမလို့ပဲ။ ဒါပေမယ့် အဲဒီတုန်းက သူက အူမြူးပြီး ဟိုဟိုဒီဒီ လျှောက်ပြောနေတော့ ကျွန်မလည်း သူ့ကို ပြောပြချင်စိတ် မရှိတော့ဘူး”
“အဲဒီတုန်းက …” ဆုဂိမူရာ၏ စကားကြောင့် ကုစာနာဂိ၏ ဦးနှောက်မှာ အနည်းငယ် အလုပ်ရှုပ်သွားသည်။ “ခင်ဗျားပြောတဲ့ အဲဒီတုန်းက ဆိုတာ ဘယ်အချိန်ကို ပြောတာလဲ။ နောက်ဆုံးအကြိမ် ဖုန်းပြောခဲ့ကြတုန်းက မဟုတ်ဘူးလား”
“အဲဒီထက် စောတယ်။ တိုဂါရှိ ကျွန်မဆိုင်ကို ရောက်လာပြီး သုံး၊ လေးရက်လောက်နေတော့။ သူက ကျွန်မဆီ စာတို ပို့ထားလို့ ကျွန်မက သူ့ဆီ ဖုန်းပြန်ခေါ်လိုက်တာ”
“အဲဒါ ဘယ်နေ့ကလဲ”
“ခဏ” ဆုဂိမူရာသည် အိတ်ကပ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ သူမသည် ဖုန်းလက်ခံ သို့မဟုတ် ဖုန်းခေါ် မှတ်တမ်းကို စစ်ဆေးကြည့်လိမ့်မည်ဟု ကုစာနာဂိက ယူဆထားသည်။ သို့သော် သူမက ပြက္ခဒိန်ကို ဖွင့်ကြည့်ပြီး ခေါင်းမော့လာသည်။ “မတ်လ ၁၀ ရက်နေ့”
“၁၀ ရက်” ကုစာနာဂိ၏ အသံက အတန်ငယ် ကျယ်လောင်သွားသည်။ သူနှင့် ကိရှိတာနိတို့ မျက်လုံးချင်း ဆုံမိကြသည်။ “သေချာရဲ့လားဗျ”
“သေချာပါတယ်။ အဲဒီနေ့ပဲ”
၁၀ ရက်နေ့သည် တိုဂါရှိ ရှင်ဂျိ အသတ်ခံရသည့် နေ့ဖြစ်သည်။
“ဘယ်အချိန်လောက်လဲ”
“အဲဒါလား … ကျွန်မက အိမ်ပြန်ရောက်မှ သူ့ဆီ ဖုန်းပြန်ခေါ်တာဆိုတော့ ည ၁ နာရီ ပတ်ဝန်းကျင်လောက် ဖြစ်မယ်။ သူက ကျွန်မဆီ ၁၂ နာရီ မတိုင်ခင်လောက်က ဖုန်းခေါ်လာတာ။ အဲဒီအချိန်က ဆိုင်မသိမ်းသေးတော့ ကျွန်မ ဖုန်းမကိုင်လိုက်ဘူး”
“ခင်ဗျားတို့ ဘယ်လောက်ကြာကြာ ဖုန်းပြောလိုက်တာလဲ”
“နာရီဝက်လောက် ရှိမှာပေါ့။ ကျွန်မတို့က စကားပြောရင် အဲဒီလောက်တော့ ကြာတတ်တယ်”
“ခင်ဗျားက သူ့ဟန်းဖုန်းကို ခေါ်လိုက်တာလား”
“ဟင့်အင်း၊ ဟန်းဖုန်း မဟုတ်ဘူး။ သူ့အိမ်ဖုန်းကို ခေါ်တာ”
“ကျွန်တော် စကားကို ကတ်သီးကတ်ဖဲ့ လုပ်ချင်လို့ မဟုတ်ဘူးနော်။ အဲဒါ ၁၀ ရက်နေ့ မဟုတ်ဘူးဗျ။ ၁၁ ရက်နေ့ နံနက် ၁ နာရီ”
“အဲ … ဟုတ်တယ်။ အတိအကျ ပြောရင်တော့ အဲဒီလိုပေါ့”
“မစ္စဟာနာအိုကာက ခင်ဗျားဆီ စာတိုပို့ထားတာ ဆိုတော့ အဲဒီအထဲမှာ ဘာရေးထားတာလဲ”
“ပြောစရာရှိလို့ အလုပ်ပြီးရင် ဖုန်းပြန်ခေါ်ပါ။ ဒါမျိုးပဲပေါ့”
“သူက ဘာပြောစရာ ရှိတာတဲ့လဲ”
“ကြီးကြီးကျယ်ကျယ် ကိစ္စလည်း မဟုတ်ပါဘူး။ ကျွန်မ ဟိုးအရင် ခါးနာတုန်းက ကုခဲ့ဖူးတဲ့ အနှိပ်ဆရာအကြောင်း မေးတာ။ အဲဒီအနှိပ်ခန်းရဲ့ လိပ်စာကို သိချင်လို့တဲ့”
“အနှိပ်ခန်း … ဟိုးအရင်တုန်းကရော အခုလို အသေးအဖွဲ ကိစ္စလေးအတွက် ခင်ဗျားဆီ တကူးတက ဖုန်းခေါ်လာတာမျိုး ရှိလား”
“တကယ်တော့ ကျွန်မတို့ ဖုန်းပြောခဲ့သမျှ ဘာမှ မည်မည်ရရ ကိစ္စရှိလို့ မဟုတ်ပါဘူး။ သူပဲဖြစ်ဖြစ်၊ ကျွန်မပဲဖြစ်ဖြစ်၊ အာလူးဖုတ်ချင်လို့ ဖုန်းခေါ်လိုက်ကြတာချည်းပဲ”
“အမြဲတမ်း အဲဒီလိုပဲလား။ ညသန်းခေါင်ကြီး ဖုန်းဆက်တယ်ပေါ့”
“ဒါလည်း အထူးအဆန်း မဟုတ်ပါဘူးရှင်။ ကျွန်မတို့ အလုပ်က ညသန်းခေါင်ရောက်မှ အလုပ်နားရတာကိုးရှင့်။ ဒါပေမယ့် ကျွန်မကတော့ တတ်နိုင်သလောက် ခွင့်ရက်တွေကျမှပဲ သူနဲ့ ဖုန်းပြောဖြစ်တယ်။ အဲဒီတစ်ခေါက်ကတော့ သူ အရင်ဆက်လာလို့ ကျွန်မက ပြန်ခေါ်လိုက်တာ”
ကုစာနာဂိက ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့ရင်ထဲတွင် အကျိတ်အခဲအဖြစ် တည်ရှိနေကြသော သံသယစိတ်တို့ကို ခွဲချေဖျောက်ဖျက်နိုင်စွမ်း မရှိကြသေး။
ကလပ်မှ ထွက်လာသောအခါ ကုစာနာဂိသည် ကင်ရှိချိုဘူတာသို့ ဦးတည်၍ လျှောက်လာရင်း အတွေးနယ်ချဲ့နေမိသည်။ နောက်ဆုံးပြောခဲ့သော ဆုဂိမူရာ၏ စကားများက သူ့ရင်ကို လေးပင်နေစေသည်။ မတ် ၁၀ ရက်နေ့ည သန်းခေါင်အချိန်တွင် ဟာနာအိုကာ ယာစုကိုသည် ဆုဂိမူရာနှင့် ဖုန်းပြောခဲ့သည်။ ထို့အပြင် အိမ်ဖုန်းဖြင့် ပြောဆိုခဲ့ခြင်း။ သို့ဆိုလျှင် ထိုအချိန်၌ ယာစုကိုသည် သူမအိမ်၌ ရှိနေရပေမည်။
လူသတ်မှုသည် မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့မည်ဟု မှုခင်းစုံထောက်အဖွဲ့အတွင်းရှိ ရဲတချို့က ယူဆကြသည်။ ဟာနာအိုကာ ယာစုကိုကို လူသတ်တရားခံအဖြစ် သတ်မှတ်၍ ထိုထင်မြင်ချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ကာရာအိုကေဆိုင်သို့ သီချင်းသွားဆိုခဲ့ခြင်းမှာ အမှန်ပင် ဖြစ်လင့်ကစား သီချင်းသွားဆိုပြီး နောက်ပိုင်းတွင်မှ လူမသတ်နိုင်ပေဘူးလော။
သို့သော် ထိုထင်မြင်ချက်ကို ထောက်ခံသူမှာ များများစားစား မရှိ။ ကာရာအိုကေဆိုင်မှ ထွက်ထွက်ချင်း အခင်းဖြစ်ရာ နေရာသို့ ချက်ချင်း အရောက်သွားခဲ့လျှင် ထိုနေရာသို့ ည ၁၂ နာရီ ထိုးခါနီးလောက်မှ ရောက်သွားနိုင်သည်။ ထို့နောက် အမှုအခင်း ပြုလုပ်ပြီး အိမ်ပြန်တော့မည့် အချိန်တွင် စီးစရာ မည်သည့်ယာဉ်မျှ ရှိတော့မည် မဟုတ်ပေ။ သာမန်အားဖြင့် လူသတ်သမားများသည် သဲလွန်စကျန်နေနိုင်သည့် တက္ကစီများကို စီးနင်းလေ့ မရှိကြ။ ထို့အပြင် အခင်းဖြစ်ရာဒေသသည် တက္ကစီ အသွားအလာ ကျဲပါးသော ဒေသဖြစ်နေသည်။
စက်ဘီးပျောက်ဆုံးခဲ့သော အချိန်ကိုလည်း ထည့်သွင်း စဉ်းစားရဦးမည်။ စက်ဘီးသည် ည ၁၀ နာရီမတိုင်ခင်က ပျောက်ဆုံးခဲ့သည်။ အကယ်၍ စက်ဘီးဖြင့် အကွက်ဆင်ထားသည်ဟု ယူဆမည်ဆိုလျှင် ယာစုကိုသည် ရှီနိုဇာကိဘူတာသို့ အလျင် သွားရပေဦးမည်။ အကွက်ဆင်ထားခြင်း မဟုတ်ဘဲ တိုဂါရှိကိုယ်တိုင်က ထိုစက်ဘီးကို ခိုးယူခဲ့သည်ဟု ယူဆလျှင် မေးစရာ မေးခွန်းများ ထွက်ပေါ်လာပြန်သည်။ စက်ဘီးကို ခိုးပြီးနောက် ည ၁၀ နာရီမှ ယာစုကိုနှင့် ချိန်းထားသည့် ည ၁၂ နာရီ မတိုင်ခင် ကြားကာလတွင် သူ ဘယ်နေရာသို့ သွားနေခဲ့သနည်း။ ဘာတွေ လုပ်နေခဲ့သနည်း။
အထက်ပါအတိုင်း ဖင်ပြန်ခေါင်းပြန် စဉ်းစားသုံးသပ်လိုက်သောအခါ ကာရာအိုကေဆိုင်မှ ပြန်လာပြီး နောက်ပိုင်း အခြေအနေများကို ယာစုကိုထံမှ စုံစမ်းမေးမြန်းနေစရာ မလိုအပ်တော့ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ အကယ်၍ စုံစမ်းရန် လိုအပ်လာလျှင်လည်း သူမတွင် သက်သေပြစရာ ရှိနေသည်။ ထိုညက သူမအိမ်တွင် ဆုဂိမူရာ ဆိုနိုကိုနှင့် ဖုန်းပြောနေခဲ့သည် မဟုတ်ပါလော။
၎င်းမှာ သူ မကျေမလည် ဖြစ်နေသော အချက်ပင်တည်း။
“ငါတို့ ပထမဆုံးအကြိမ် ဟာနာအိုကာ ယာစုကိုကို သွားတွေ့ခဲ့ကြတာ မင်း မှတ်မိသေးတယ်မလား” ကုစာနာဂိက လမ်းလျှောက်နေရင်း ကိရှိတာနိကို လှမ်းမေးလိုက်သည်။
“မှတ်မိတယ်။ ဘာဖြစ်လို့လဲ”
“အဲဒီတုန်းက အလီဘိုင်နဲ့ ပတ်သက်ပြီး ငါ သူ့ကို ဘယ်လို မေးလိုက်တာလဲ။ မတ်လ ၁၀ ရက်နေ့က ဘယ်မှာ ရှိနေခဲ့သလဲလို့ မေးလိုက်တာလား”
“ကျွန်တော် အတိအကျတော့ မမှတ်မိတော့ဘူး။ အဲဒီလိုပဲ ဖြစ်မှာပါပဲ”
“သူက ဒီလို ပြန်ဖြေတယ်။ မနက်ခင်းမှာ အလုပ်သွားတယ်။ ညနေရောက်တော့ သမီးနဲ့ အပြင်ထွက်ပြီး ရုပ်ရှင်သွားကြည့်တယ်။ ပြီးတော့ ခေါက်ဆွဲသွားစားပြီး ကာရာအိုကေ ဆိုတယ်။ အိမ်ပြန်ရောက်တော့ ည ၁၁ နာရီ ကျော်နေပြီ။ သူ အဲဒီလို ပြောတာ မဟုတ်လား”
“ဟုတ်တယ်”
“စောစောက အမျိုးသမီးရဲ့ စကားအရဆိုရင် ယာစုကိုဟာ အိမ်ပြန်ရောက်တာနဲ့ အဲဒီအမျိုးသမီးဆီကို ဖုန်းခေါ်လိုက်တာပဲ။ ဘာမှ အရေးတကြီးကိစ္စ ရှိတာလည်း မဟုတ်ဘဲနဲ့ သူ့ဆီ ဖုန်းပြန်ခေါ်ဖို့ မှာထားလိုက်သေးတယ်။ ဆုဂိမူရာ ဖုန်းပြန်ခေါ်တဲ့ အချိန်က ည ၁ နာရီကျော်။ နှစ်ယောက်သား မိနစ် ၃၀ လောက် ဖုန်းပြောကြတယ်”
“ဘာမှားနေလို့လဲ အာစရိ”
“ငါ ယာစုကိုကို ဘာတွေ လုပ်ခဲ့သလဲလို့ မေးတုန်းက သူ ဘာဖြစ်လို့ အဲဒါတွေကို ထည့်မပြောခဲ့ရတာလဲ”
“ဘာဖြစ်လို့ …၊ မလိုအပ်ဘူးလို့ ထင်လို့ နေမှာပေါ့”
“ဖြစ်နိုင်ပါ့မလား” ကုစာနာဂိက တုံ့ရပ်ပြီး သူ့ရဲဘော်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ကိုယ့်အိမ်က တယ်လီဖုန်းနဲ့ တခြားလူတစ်ယောက်ဆီကို ဖုန်းခေါ်တာဟာ အိမ်မှာ သူ ရှိနေကြောင်း ပြတဲ့ သက်သေပဲလေ”
ကိရှိတာနိ၏ ခြေလှမ်းများလည်း ရပ်တန့်သွားသည်။ ထို့နောက် နှုတ်ခမ်းကို စူလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမယ့် ဟာနာအိုကာ ယာစုကို အနေနဲ့ ကြည့်မယ်ဆိုရင် အပြင်ထွက်တဲ့ အကြောင်းကိုပဲ ပြောပြလိုက်ရင် လုံလောက်ပြီလို့ ယူဆထားတာ နေမှာပေါ့။ တကယ်လို့ ကျွန်တော်တို့က တစ်ဆင့်တက်ပြီး အိမ်ထဲမှာ ဘာလုပ်နေခဲ့သလဲလို့ မေးလိုက်ရင်တော့ သူက တယ်လီဖုန်းဆက်တဲ့ကိစ္စကို ပြောပြလာမှာပဲ”
“အဲဒီလောက်ပဲလို့ မင်းက ထင်တာလား”
“တခြား ဘာအကြောင်းအရင်းရော ရှိသေးလို့လဲ။ အလီဘိုင် မရှိတာကို လူမသိအောင် ဖုံးဖိဖို့ ကြိုးစားနေတယ် ဆိုရင်တော့ သံသယ ဖြစ်စရာပေါ့။ အခုဟာက သူ့မှာလည်း အလီဘိုင် ရှိနေတယ်လေ။ ကျွန်တော်တို့ကို မပြောတာပဲ ရှိတာ။ အဲဒါကို မပြောပြရကောင်းလားလို့ ရမယ်ရှာနေရင်တော့ နည်းနည်း ထူးဆန်းမနေဘူးလား”
ကုစာနာဂိသည် အလိုမကျ ဖြစ်နေသော ကိရှိတာနိထံမှ သူ၏ အကြည့်ကို ဖဲခွာလိုက်ပြီး ဆက်လက် ထွက်ခွာသွားသည်။ သူ၏ ရဲဘော်သည် ဟာနာအိုကာအိမ်၏ တံခါးကို မခေါက်စဉ်ကတည်းက ထိုသားအမိ၏ ဘက်တော်သား ဖြစ်နေခဲ့သည်။ သူ့ထံမှ ဓမ္မဓိဋ္ဌာန်ကျသော အမြင်မျိုး တောင်းခံနေမိခြင်းမှာ မဟာအမှားပင် ဖြစ်နေတော့သည်။
နေ့ခင်းပိုင်းက ယုကာဝါနှင့် ပြောခဲ့သော စကားများသည် ကုစာနာဂိ၏ အတွေးအာရုံထဲသို့ ပြန်လည် တိုးဝင်လာသည်။ အကယ်၍ ထိုလူသတ်မှုထဲတွင် အိရှိဂါမိ ပါဝင်ပတ်သက်နေသည်ဟု ဆိုလျှင် ၎င်းမှာ ကြိုတင်ကြံစည်မှု လုံးဝ မဖြစ်နိုင်ကြောင်း လောကဓာတ်ဆရာကြီးက အခိုင်အမာ ပြောဆိုခဲ့သည်။
“တကယ်လို့သာ ဒီအစီအစဉ်တွေကို သူ ရေးဆွဲခဲ့တာဆိုရင် သူက ရုပ်ရှင်ရုံကို အလီဘိုင်သက်သေအဖြစ်နဲ့ အသုံးချမှာ မဟုတ်ဘူး” ယုကာဝါက မှတ်ချက်ချသည်။ “မင်းတို့ သံသယ ရှိနေကြသလိုပဲ ရုပ်ရှင်သွားကြည့်တယ်ဆိုတဲ့ ထွက်ဆိုချက်က အတော်ကို ဝိုးတိုးဝါးတား နိုင်လွန်း အားကြီးတယ်။ အိရှိဂါမိက ဒီအချက်ကို မစဉ်းစားမိဘဲ နေမှာ မဟုတ်ဘူး။ အဲဒါအပြင် အဲဒီထက်ပိုပြီး အရေးကြီးတဲ့ မေးခွန်းတစ်ခုကိုလည်း မေးစရာ ရှိနေသေးတယ်။ အိရှိဂါမိဟာ ဟာနာအိုကာ ယာစုကိုကို ကူပြီး တိုဂါရှိကို သတ်ဖြတ်ပေးဖို့ ဘာအကြောင်းအရင်း ရှိလို့လဲ။ တိုဂါရှိက သူ့ဇနီးဟောင်းကို အမျိုးမျိုး ဒုက္ခလိုက်ပေးနေတယ်ပဲ ထားဦး။ အိရှိဂါမိရဲ့ စရိုက်အရဆိုရင် သူ့မှာ ဖြေရှင်းစရာ နည်းလမ်းတွေ အပုံကြီး ရှိနေနိုင်တယ်။ လူသတ်ပြီး ဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကို ရွေးချယ်စရာအကြောင်း မရှိဘူး”
“မင်း ဆိုလိုချင်တဲ့ အဓိပ္ပာယ်က အိရှိဂါမိဟာ အဲဒီလို ရက်စက်တတ်တဲ့လူ မဟုတ်ဘူးလို့ ပြောချင်တာလား” ကုစာနာဂိက မေးခဲ့သည်။
ထိုစဉ်က ယုကာဝါသည် တည်ငြိမ်အေးစက်စွာ ကြည့်ရင်း ခေါင်းခါပြခဲ့သည်။ “ဒီကိစ္စက ခံစားချက်နဲ့ မဆိုင်ဘူး။ ဒုက္ခကို ကျော်လွှားနိုင်ဖို့အတွက် လူသတ်ပြီး ဖြေရှင်းတယ်ဆိုတာ ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်း မဟုတ်ဘူး။ လူသတ်ပြီးတဲ့ နောက်မှာ နောက်ထပ် ဒုက္ခအသစ်တွေ ထပ်ပေါ်လာဦးမှာပဲ။ အိရှိဂါမိက အဲဒီလို ရူးမိုက်တဲ့ အလုပ်မျိုးကို လုပ်မှာ မဟုတ်ဘူး။ အဲဒါကို ပြောင်းပြန် ပြန်တွေးကြည့်လိုက်။ တကယ်လို့သာ ကျိုးကြောင်းဆီလျော်မယ် ဆိုရင် ဘယ်လောက် ရက်စက်တဲ့ ကိစ္စမျိုးပဲ ဖြစ်ဖြစ်၊ သူက လက်ရွံ့နေမှာ မဟုတ်ဘူး”
“ဒါဆို အိရှိဂါမိက ဘယ်လိုပုံစံမျိုးနဲ့ ဒီအမှုထဲမှာ ပါဝင်နေမယ်လို့ မင်း ယူဆသလဲ”
“တကယ်လို့သာ ဒီအမှုမှာ သူ ပါဝင်ပတ်သက်နေမယ်ဆိုရင် အမှန်တကယ် လူသတ်တဲ့ကဏ္ဍမှာ သူ့ရဲ့ လုံ့လဥဿာဟ နည်းနည်းမှ ပါခဲ့မယ် မထင်ဘူး။ တစ်နည်းပြောရရင် အခြေအနေ အရပ်ရပ်ကို သူ သိရှိသွားတဲ့အချိန်မှာ တိုဂါရှိက သေနေပြီ။ အဲဒီလိုအချိန်မှာ သူ ဘာဆက်လုပ်မလဲ။ ဖုံးဖိထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ ဖုံးဖိထားဖို့ မဖြစ်နိုင်ဘူးဆိုရင် နောက်နောင် ကြုံတွေ့လာနိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကျော်လွှားနိုင်ဖို့ နည်းဗျူဟာတွေ ချမှတ်တော့မှာပဲ။ ပြီးတော့ ဟာနာအိုကာ ယာစုကိုတို့ သားအမိကိုလည်း လမ်းညွှန်ပေးလိမ့်မယ်။ ရဲတွေရဲ့ မေးခွန်းတွေကို ဘယ်လို ဖြေရမယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုအထောက်အထားမျိုးကို ချပြသင့်တယ်။ စတာတွေကို သင်ပေးထားဦးမှာပဲ”
ထိုသို့ဆိုလျှင် ယခုအချိန်ထိ ဟာနာအိုကာသားအမိတို့၏ ထွက်ဆိုချက် မှန်သမျှသည် သူတို့၏ ကိုယ်ပိုင် သဘောထားများ မဟုတ်ကြဟု ယုကာဝါ၏ သီအိုရီအရ ယူဆရပေတော့မည်။ ဤကာလတစ်လျှောက်လုံး သူတို့သားအမိကို အိရှိဂါမိက နောက်ကွယ်မှ ကြိုးကိုင်ကစားနေသည်ဟု ဆိုရပေမည်။
“တကယ်တော့ …” လောကဓာတ်ဆရာကြီးက အေးစက်သော လေသံဖြင့် ဆက်ပြောသည်။ “အဲဒါတွေ အားလုံးက ငါရဲ့ ထင်မြင်ယူဆချက် သက်သက်ပါပဲ။ အိရှိဂါမိသာ ပါဝင်ပတ်သက်ခဲ့ရင် ဆိုတဲ့ ပေးထားချက်အပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ သီအိုရီပေါ့။ ဒီပေးထားချက် ကိုယ်နှိုက်ကလည်း မှားချင် မှားနေနိုင်တာပဲ။ အတိအကျ ပြောရရင်တော့ ငါ့အနေနဲ့ အဲဒီပေးထားချက်ကို မှားနေစေချင်တယ်။ ငါ အတွေးချော်နေတာ ဖြစ်ပါစေလို့ ငါ့ရင်ထဲကနေ ကျိတ်ပြီး ဆုတောင်းနေမိတယ်” ထိုစကားကို ပြောဆိုနေစဉ်အတွင်း ယုကာဝါ၏ အမူအရာမှာ လွန်စွာ နာကျင်ခံခက် ဖြစ်နေသော ဝေဒနာတစ်ခုကို ခံစားနေရသကဲ့သို့ ဖြစ်နေသည်။ မိတ်ဆွေဟောင်းနှင့် မတော်တဆ ပြန်လည်ဆုံစည်းခွင့် ရပြီးနောက် များမကြာမီ ပြန်လည် ဆုံးရှုံးရပေတော့မည်။ အဖြစ်မှန်သည် သူ တွေးဆထားသကဲ့သို့ ဖြစ်နေမည်ကို သူ စိုးရိမ်နေပုံရသည်။
ယုကာဝါသည် အဘယ်ကြောင့် အိရှိဂါမိကို သံသယ ဝင်ခဲ့ရသနည်း။ ထိုအချက်ကို သူက ကုစာနာဂိအား ပြောမပြခဲ့ပေ။ အိရှိဂါမိက ယာစုကိုအား မေတ္တာရှိနေသည်ကို သူ ရိပ်မိသွားပုံ ရသည်။ သူ မည်သို့ ရိပ်စားမိသွားခဲ့သနည်း ဆိုသည်ကိုမူ ကုစာနာဂိအနေဖြင့် လုံးဝ မသိခဲ့။
ကုစာနာဂိသည် ယုကာဝါ၏ ထိုးဖောက်မြင်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်သည်။ ယုကာဝါကိုယ်နှိုက်က သူ၏ ကိုယ်ပိုင်ယူဆချက်ကို လက်ခံထားပြီ ဆိုလျှင် မှားနိုင်စရာ အကြောင်းမရှိတော့ပေ။ ထိုသို့ဆိုလျှင် မာရိယန်းတွင် သူ ကြားခဲ့ရသော သတင်းများသည် ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာတော့သည်။
ယာစုကိုသည် မတ်လ ၁၀ ရက်နေ့ညတွင် တခြားသူတစ်ဦးနှင့် ဖုန်းပြောခဲ့သည့် ကိစ္စကို အဘယ်ကြောင့် ကုစာနာဂိတို့အား မပြောပြခဲ့သနည်း။ အကယ်၍ သူမသည် လူသတ်မှုကျူးလွန်ခဲ့ပြီး အလီဘိုင်သက်သေများကို ကြိုတင် ပြင်ဆင်ထားခဲ့သည် မှန်လျှင် ယေဘုယျအားဖြင့် သူမသည် ထိုအထောက်အထားများကို ရဲအရာရှိများအား အမြန်ဆုံး ပြောပြခဲ့မည်သာ။ သူမ ထိုသို့ မပြုလုပ်ခဲ့ခြင်းမှာ အိရှိဂါမိ၏ ညွှန်ကြားချက်ကြောင့်သာ ဖြစ်ရပေမည်။ အိရှိဂါမိ၏ ညွှန်ကြားချက်ကို အတိုချုပ် ဖော်ပြရလျှင် ‘သတ်မှတ်သည့်အချိန်တွင် လိုအပ်သည်ထက် ပိုမပြောမိစေရန်’ ဖြစ်သည်။
ယုကာဝါသည် ဤအမှုကို များစွာ စိတ်ဝင်စားခြင်း မရှိခဲ့စဉ်က ကုစာနာဂိကို စကားတစ်ခွန်း ပြောခဲ့ဖူးသည်။ ထိုစဉ်က သူတို့ ဆွေးနွေးပြောဆိုနေကြသော အကြောင်းအရာမှာ ရုပ်ရှင်လက်မှတ်ဟောင်းကို ဟာနာအိုကာ ယာစုကိုက ကြော်ငြာစာရွက်ထဲမှ ထုတ်ပြခဲ့ခြင်းအကြောင်း ဖြစ်သည်။ ထိုအကြောင်းကို ကြားပြီးနောက် ယုကာဝါက ဤသို့ ပြောကြားခဲ့သည်။
“သာမန်လူတစ်ယောက် ဆိုရင် အလီဘိုင်သက်သေအဖြစ် သုံးနိုင်မှန်း သိတဲ့ ရုပ်ရှင်လက်မှတ်ကိုတောင် ဒီလောက် အလေးထားပြီး သိမ်းနေမှာ မဟုတ်ဘူး။ ရဲတွေ လာမေးနိုင်တယ်လို့ အပိုင်တွက်ထားပြီး ရုပ်ရှင်လက်မှတ်ကို ကြော်ငြာစာရွက်ကြားမှာ တကူးတက ညှပ်ထားတာပါ ဆိုရင်တော့ အဲဒီလူက ပေါ့သေးသေး လူတစ်ယောက် မဖြစ်နိုင်ဘူး”
****
၆ နာရီ ထိုးခဲ့ပြီ။ ယာစုကိုသည် ခါးစည်းအဝတ်ကို ချွတ်လိုက်တော့မည်ဟု စိတ်ကူးနေစဉ်မှာပင် ဧည့်သည်တစ်ယောက် ဆိုင်ထဲသို့ ဝင်လာသည်။
“မင်္ဂလာပါရှင်” အပြုံးဖြင့် နှုတ်ခွန်းဆက်ပြီး ဧည့်သည်ကို မော့ကြည့်လိုက်သောအခါ သူမ၏ နှုတ်ခမ်းများ တောင့်တင်းသွားကြသည်။ ထိုသူကို မြင်ဖူးနေသည်။ သို့သော် မရင်းနှီးလှ။ အိရှိဂါမိ၏ သူငယ်ချင်းအဖြစ်သာ သူမ သိထားသည်။
“ကျွန်တော့်ကို မှတ်မိသေးတယ်မလား” ဧည့်သည်က မေးသည်။ “အရင်က အိရှိဂါမိနဲ့အတူ လာခဲ့ဖူးတယ်လေ”
“ဟုတ်၊ မှတ်မိပါတယ်” ယာစုကိုက ပြုံးပြနိုင်ရန် ပြန်လည် ကြိုးစားနေရသည်။
“ကျွန်တော် ဒီနား လမ်းကြုံလို့ ခင်ဗျားတို့ ဆိုင်ကို သတိရတာနဲ့ ဝင်လာတာ။ ပြီးခဲ့တဲ့အခေါက်က ဝယ်ခဲ့တဲ့ ဟင်းတွေက အရမ်း စားလို့ကောင်းတာပဲ”
“ကျေးဇူးပါပဲရှင်”
“ဒီနေ့တော့ … ဘာယူရင် ကောင်းမလဲ။ စပယ်ရှယ်ဟင်းပဲ ပေးဗျာ။ အိရှိဂါမိက အမြဲတမ်း အဲဒါပဲ ဝယ်တာဆို။ ပြီးခဲ့တဲ့အခေါက်ကတော့ မရလိုက်ဘူးဗျာ။ ဒီနေ့တော့ ကျန်သေးတယ် မဟုတ်လား”
“ဟုတ်ကဲ့ရှင့်” ယာစုကိုသည် စားဖိုချောင်ဘက်သို့ ဟင်းမှာလိုက်ပြီးနောက် ခါးစည်းအဝတ်ကို ချွတ်နေလေသည်။
“ဪ … အလုပ်သိမ်းတော့မှာလား”
“ဟုတ်၊ ကျွန်မက ၆ နာရီအထိ အလုပ်ဆင်းပါတယ်”
“ဪ ဒါဆို အခု အိမ်ပြန်တော့မှာပေါ့”
“ဟုတ်ကဲ့”
“ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်လို့ ရမလား။ ခင်ဗျားကို စကားနည်းနည်း ပြောစရာ ရှိလို့”
“ကျွန်မကို …”
“အဲ … တိုင်ပင်စရာ ရှိလို့လို့ ပြောရင် ပိုမှန်မယ်။ အိရှိဂါမိရဲ့ ကိစ္စပါ” ထိုအမျိုးသားက ပြုံးနေသည်။
ယာစုကို၏ စိတ်ထဲ မအီမသာ ဖြစ်လာသည်။ “ဒါပေမယ့် ကျွန်မက မစ္စတာအိရှိဂါမိအကြောင်း ဘာမှမှ မသိတာပဲဟာ”
“မကြာစေရပါဘူး။ ကျွန်တော်တို့ လမ်းလျှောက်ရင်း ပြောကြတာပေါ့” သူ၏ လေသံမှာ ပျော့ပျောင်းနေသော်လည်း တစ်ဘက်လူကို ငြင်း၍ မရအောင် ပိုင်စိုးပိုင်နင်း ပြောနေသည်။
“ခဏဆိုရင်တော့ ဖြစ်ပါတယ်” သူမအနေဖြင့် ငြင်းရန် မဖြစ်နိုင်ကြောင်း နားလည်လိုက်သည်။
ပါဆယ်ပြင်ပြီးသောအခါ သူတို့ ဆိုင်မှ ထွက်ခွာခဲ့ကြသည်။
ထိုအမျိုးသားက သူ့ကိုယ်သူ ယုကာဝါဖြစ်ကြောင်း မိတ်ဆက်စကား ဆိုသည်။ အိရှိဂါမိ တက်ခဲ့သော တက္ကသိုလ်တွင် လက်ထောက်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေသည်။
ယာစုကိုသည် ခါတိုင်းကဲ့သို့ပင် အလုပ်သို့ စက်ဘီးစီး၍ လာခဲ့ခြင်း ဖြစ်သည်။ သူမသည် စက်ဘီးကို တွန်း၍ လမ်းလျှောက်မည် ပြုစဉ် ယုကာဝါထံမှ စကားသံ ထွက်ပေါ်လာသည်။ “ကျွန်တော် တွန်းလိုက်ပါမယ်” သို့ဖြင့် စက်ဘီးသည် သူ့လက်ထဲသို့ ရောက်ရှိသွားသည်။
“ခင်ဗျား အိရှိဂါမိနဲ့ စကား ကောင်းကောင်း မပြောဖူးဘူးလား” ယုကာဝါက မေးသည်။
“ဟုတ်၊ သူ ဆိုင်ကိုလာတုန်း နှုတ်ဆက်ကြတာလောက်ပဲ”
“ဪ” သူ့ထံမှ ဘာအသံမျှ ထွက်မလာတော့ပေ။
“ဒါနဲ့ … ကျွန်မကို ပြောစရာ ရှိလို့ဆို” သူမက မအောင့်အည်းနိုင်တော့ဘဲ မေးချလိုက်သည်။
သို့သော် ယုကာဝါက ဘာမျှ မပြောဘဲ ငြိမ်သက်နေသည်။ ယာစုကို၏ ကသိကအောက် ဖြစ်နေသော သောကစိတ်အစဉ်များက ရုပ်ဝေဒနာအဖြစ်သို့ အသွင်ပြောင်းလာပြီး ခေါင်းခဲစ ပြုလာသောအချိန်တွင် သူ့ထံမှ အသံထွက်ပေါ်လာသည်။ “သူက အင်မတန် ရိုးစင်းတဲ့ လူတစ်ယောက်ပါ”
“ရှင်”
“အိရှိဂါမိလေ။ သူက လူရိုးတစ်ယောက်။ ရိုးအ,တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူက ရိုးစင်းတယ်။ သူဟာ အမြဲတမ်း အရိုးရှင်းဆုံး အဖြေကိုပဲ ရှာဖွေနေတတ်တယ်။ သူက တစ်ခုဆို တစ်ခုပဲ အာရုံစိုက်တတ်ပြီး ဟိုလိုလို ဒီလိုလို ဗျာများနေတတ်တဲ့ လူမျိုး မဟုတ်ဘူး။ ပြီးတော့ သူတောင်းဆိုတာကို ရနိုင်ဖို့ ကြိုးပမ်းတဲ့ နည်းလမ်းကလည်း အင်မတန်မှ ရိုးရှင်းတယ်။ သူက ဘယ်တော့မှ မတွေဝေတတ်သလို အသေးအမွှား ကိစ္စလေးကြောင့်လည်း ဘယ်တော့မှ ယိမ်းယိုင် မသွားတတ်ဘူး။ သူ့အတွက်ကတော့ ဘာလုပ်လုပ် အကုန်လုံးရရင် ရ၊ မရရင် အကုန်လုံး အဆုံးခံမယ့် လူစားမျိုး။ ဒါကိုကြည့်ခြင်းအားဖြင့် သူဟာ ဒီလူ့ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျ ဖြစ်မနေဘူးလို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ဘဝ တစ်လျှောက်လုံးမှာ သူ လုပ်ခဲ့သမျှ အရာမထင်ခဲ့တာပဲ များတာပေါ့”
“မစ္စတာယုကာဝါ …”
“ဆောရီးဗျာ။ ကျွန်တော် ဘာပြောချင်နေသလဲ ဆိုတာကို ခင်ဗျား နားလည်ပုံ မရဘူး” ယုကာဝါက မချိပြုံး ပြုံးနေသည်။ “ခင်ဗျား အိရှိဂါမိကို ပထမဆုံး မြင်တွေ့ဖူးတာ အဲဒီတိုက်ခန်းကို ပြောင်းလာပြီးမှ မဟုတ်လား”
“ဟုတ်၊ ကျွန်မ သူ့အခန်းကို သွားပြီး မိတ်ဆက်စကား ပြောခဲ့တာပါ”
“ခင်ဗျား ဘန်တန်တိုင်မှာ အလုပ်လုပ်နေတဲ့အကြောင်း သူ့ကို အဲဒီအချိန်က ပြောပြလိုက်တယ် မဟုတ်လား”
“ဟုတ်ကဲ့”
“သူ ဘန်တန်တိုင်ကို စပြီး ဝင်ထွက်နေတာကလည်း အဲဒီအချိန်လောက်က စမယ် ထင်တယ်”
“ဟုတ်လောက်မယ်”
“ခင်ဗျား သူနဲ့ စကားတွေ အများကြီး မပြောခဲ့ဖူးဘူး ဆိုတာ ကျွန်တော် ယုံပါတယ်။ သူ ပြောခဲ့ဖူးသမျှ စကားတွေထဲမှာ ခင်ဗျားအနေနဲ့ အခုချိန်ထိ စွဲစွဲမြဲမြဲ ဖြစ်နေပြီး မေ့လို့ မရနိုင်သေးတဲ့စကား တစ်ခွန်းတလေများ မရှိဘူးလား။ အသေးအမွှားဆိုလည်း ကိစ္စမရှိပါဘူး”
ယာစုကို၏ စိတ်ထဲ ရှုပ်ထွေးလာသည်။ ဘယ်တုန်းကမျှ ထိုသို့သော မေးခွန်းမျိုးကို သူမ မစဉ်းစားခဲ့ဖူးချေ။ “ရှင် ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”
“အင်း …” ယုကာဝါသည် လမ်းလျှောက်ရင်း သူမကို အကြာကြီး စိုက်ကြည့်နေသည်။ “ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်သူငယ်ချင်း ဖြစ်နေလို့ပဲ။ အင်မတန်မှ အရေးပါတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို ကျွန်တော် သိချင်နေတယ်”
“သူနဲ့ ကျွန်မရဲ့ ဆက်ဆံရေးက ဘာမှ မပြောပလောက်ပါဘူး”
“သူ့အတွက်တော့ သိပ်ကို အရေးပါလွန်းနေတယ်” ယုကာဝါက ပြောသည်။ “အရမ်း အရမ်းကို အရေးပါလွန်းတယ်။ ဒီအချက်ကို ခင်ဗျား နားလည်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
ယုကာဝါ၏ မျက်လုံးထဲမှ လေးနက်သောအကြည့်များကို မြင်ရသည့်အခါ ယာစုကို၏ တစ်ကိုယ်လုံးတွင် ကြက်သီးများ တဖြန်းဖြန်း ထလာတော့သည်။ ယခုမှ သူမ နားလည်လာသည်။ အိရှိဂါမိသည် သူမအပေါ်တွင် မေတ္တာသက်ဝင်နေကြောင်းကို ထိုသူက သိရှိထားသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်လာခဲ့ရသည်ကို သူက နားလည်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ယာစုကိုသည် ထိုမေးခွန်းကို မည်သည့်အခါကမှ စဉ်းစားခဲ့ဖူးခြင်း မရှိပေ။ ထိုအချက်ကိုလည်း သူမ ယခုမှ သတိထားလိုက်မိသည်။ သူမသည် မြင်မြင်ချင်း ချစ်မိသွားလောက်အောင် ဆွဲဆောင်နိုင်သော အလှဧကရီတစ်ပါး မဟုတ်ကြောင်း သူမကိုယ်သူမ အသိဆုံး ဖြစ်သည်။
သူမက ခေါင်းခါလိုက်သည်။ “ကျွန်မ ဘာမှ စဉ်းစားလို့ မရဘူး။ သူနဲ့ကျွန်မက စကားတွေလည်း များများစားစား ပြောဖူးတာ မဟုတ်ဘူး”
“ဪ … တကယ်လည်း အဲဒီလို ဖြစ်ချင် ဖြစ်မှာပါ” ယုကာဝါ၏ လေသံက နူးညံ့သိမ်မွေ့လာသည်။ “ခင်ဗျား သူ့ကို ဘယ်လို သဘောရလဲ”
“ရှင်”
“ခင်ဗျားအပေါ်ထားတဲ့ သူ့ရဲ့ စေတနာကို ခင်ဗျား နည်းနည်းမှ မရိပ်မိတာတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို သဘောထားသလဲ”
တဲ့တိုးမေးလာသော မေးခွန်းကြောင့် ယာစုကို အနည်းငယ် တွန့်သွားသည်။ သူမက ရှက်ရှက်နှင့် ရယ်ချပစ်လိုက်ချင်သည်။ သို့သော် လက်ရှိအနေအထားက သူမကို ရှက်ပြုံးပြုံးရန်ပင် အခြေအနေ မပေးချေ။
“ကျွန်မအနေနဲ့ သူ့အပေါ် ဘာမှ ထူးထူးခြားခြား ခံစားရတာ မရှိပါဘူး။ သူဟာ လူကောင်းတစ်ယောက်လို့ပဲ ကျွန်မ ယူဆမိတယ်။ ပြီးတော့ အင်မတန်မှ ဉာဏ်ကောင်းတယ်”
“သူဟာ အင်မတန်မှ ဉာဏ်ထက်မြက်တဲ့ လူတစ်ယောက်ဆိုတာကို ခင်ဗျား သိထားတယ် ဆိုပါတော့”
“သိတယ် ဆိုတာထက် ကျွန်မ စိတ်ထဲက အဲဒီလို ဖြစ်လိမ့်မယ်လို့ ခံစားနေမိရုံ သက်သက်ပါ”
“ကျွန်တော် သဘောပေါက်ပါပြီ။ ခင်ဗျားကို အနှောင့်အယှက် ပေးမိရင် တောင်းပန်ပါတယ်” ယုကာဝါက စက်ဘီးလက်ကိုင်ကို ယာစုကိုလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ “အိရှိဂါမိကို ကျွန်တော် နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါဦး”
“ဒါပေမယ့် ကျွန်မ သူနဲ့ ဆုံချင်မှ ဆုံမှာလေ”
သို့သော် ယုကာဝါသည် ခပ်ပြုံးပြုံး မျက်နှာထားဖြင့် ခေါင်းညိတ်ပြကာ အနားမှ လှည့်ထွက်သွားသည်။ ယာစုကိုသည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ငေးကြည့်နေရင်း ထိုသူကို စိတ်ထဲမှ ကြောက်ရွံ့လာမိလေသည်။