“မင်းရဲ့ ဆင်ခြင်စဉ်းစားနိုင်စွမ်းက ဘယ်လို ဖြစ်ရတာလဲကွာ။ အဲဒီကိစ္စကို ငါ အတော်လေး စိတ်ဝင်စားနေမိတယ်”
ယုကာဝါ မနာဘုသည် စိတ်ပျက်သော ဟန်ပန်ဖြင့် ခပ်ထေ့ထေ့ ပြောဆိုပြီး အသံကျယ်ကျယ် သမ်းဝေပစ်လိုက်သည်။ သေးကွေးသော ရွှေကိုင်းမျက်မှန်ကို ချွတ်၍ အနီးနားတစ်နေရာတွင် ချသည်။ ‘မင်းကို သုံးနေဖို့ မလိုတော့ဘူး’ ဟု ဆိုလိုလိုက်သည့်နှယ်။
တကယ့်လက်တွေ့တွင်လည်း ဤသို့ပင် ဖြစ်နေသည်။ ကုစာနာဂိသည် သူ့မျက်စိရှေ့တွင် ချထားသော စစ်တုရင်ဗန်းကို စိုက်ကြည့်နေသည်မှာ မိနစ်နှစ်ဆယ်ခန့် ရှိနေပြီ။ ရုန်းထွက်ထိုးဖောက်နိုင်မည့် နည်းလမ်းကို ရှာ၍ မတွေ့သေးပေ။ သွားရန် မြေမရှိ။ ချောင်ပိတ်ခံရသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်ဟု ဆိုနိုင်သော်လည်း ခွေးတစ်ကောင်ကဲ့သို့ အနီးရှိ ထင်ရာမြင်ရာကို ရမ်းဆွဲရမ်းကိုက်၍လည်း ဖြစ်နိုင်သည် မဟုတ်။ ဖြစ်နိုင်ခြေရှိသော ရွှေ့ကွက် အမြောက်အမြားကို ဆင်ခြင်သုံးသပ်ကြည့်သော်လည်း အကွက်တိုင်းက သေမင်းခံတွင်းဝသို့သာ လမ်းညွှန်နေကြလေသည်။
“မင်းတို့ စစ်တုရင်က ငါနဲ့ မကိုက်ပါဘူးကွာ” ကုစာနာဂိက ရေရွတ်နေသည်။
“လာပြန်ပြီ”
“ဟုတ်တယ်လေကွာ။ ရန်သူ့ဆီက သိမ်းထားတဲ့ မြင်းကို ဘာလို့ ပြန်သုံးခွင့် မရှိရတာလဲ။ မြင်းက စစ်နိုင်သူရဲ့ ဘဏ္ဍာပစ္စည်း ဖြစ်သွားပြီလေ။ ဘာဖြစ်လို့ ယူသုံးခွင့် မပေးရတာလဲ”
“မင်းက ကစားနည်းဥပဒေသကို ဘာဖြစ်လို့ ပြဿနာ ရှာချင်နေရတာလဲ။ ပြီးတော့ မြင်းက ဘဏ္ဍာပစ္စည်း မဟုတ်ဘူးကွ။ သူလည်း စစ်သည်တော်ပဲ။ တစ်ဘက်လူက စားသွားတယ် ဆိုတာက သူ့ကို သတ်ပစ်လိုက်တာနဲ့ ဘာထူးလဲ။ သေသွားတဲ့ စစ်သည်ကို ဘယ်လိုလုပ်ပြီး ပြန်သုံးလို့ ရနိုင်ပါတော့မလဲ”
“ရှိုဂျီမှာကျတော့ သုံးလို့ရတယ်လေ”
“ရှိုဂျီကစားနည်းကို တီထွင်ခဲ့တဲ့ လူတွေရဲ့ အမြော်အမြင်ကြီးမှုကိုတော့ ငါ လေးစားမိတာ အမှန်ပဲ။ သူတို့ရဲ့ အယူအဆအရ ရှိုဂျီမှာ ပါတဲ့ ရန်သူ့တပ်သားတွေကို စားလိုက်တယ် ဆိုတာက ရန်သူ့တပ်သားကို သတ်ပစ်တာမျိုး မဟုတ်ဘဲ သူတို့ကို ဖမ်းဆီးသိမ်းသွင်းတဲ့သဘော သက်ရောက်နေတယ်။ ဒါကြောင့်လည်း စားထားတဲ့ တပ်သားကို ကိုယ့်ဘက်သားအနေနဲ့ နောက်တစ်ကြိမ် ပြန်အသုံးပြုခွင့် ရတာပေါ့”
“စစ်တုရင်မှာလည်း အဲဒီအတိုင်း လုပ်လိုက်ရင် ပြီးနေတာပဲ ဥစ္စာ”
“ရန်သူ့ဆီမှာ အညံ့ခံတယ်ဆိုတာ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေတယ်။ ဒီမယ် … အဓိပ္ပာယ် မရှိတဲ့ အကြောင်းပြချက်တွေနဲ့ တောင်ပြောမြောက်ပြော လျှောက်ပြောမနေနဲ့။ ကိုယ့်တိုက်ပွဲ အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ မြင်နိုင်အောင် အာရုံစူးစိုက်ထားဦး။ မင်းမှာ ရွှေ့စရာ တစ်ကွက်ပဲ ရှိတယ်။ မင်းဘက်မှာ ရွှေ့လို့ရသေးတဲ့ အကောင်ကလည်း များများစားစား ရှိတာ မဟုတ်ဘူး။ ပြီးတော့ ဘယ်အကောင်ကမှ ငါ့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး။ မင်း ဘာပဲ ရွှေ့ရွှေ့၊ ငါ့အလှည့်ရောက်လို့ တစ်ကွက် ရွှေ့လိုက်တာနဲ့ မင်းတော့ ဂိန်ပြီသာမှတ်”
“တော်ပြီကွာ။ မကစားတော့ဘူး။ စစ်တုရင်က ကစားလို့လည်း မကောင်းဘူး” ကုစာနာဂိသည် သူ့ထိုင်ခုံပေါ်တွင် အသံမြည်အောင် ဆောင့်ထိုင်ချလိုက်သည်။
ယုကာဝါသည် မျက်မှန်ပြန်တပ်ပြီး နံရံပေါ်မှ နာရီကို လှမ်းကြည့်သည်။
“၄၂ မိနစ်တောင် ကြာသွားပြီ။ မင်း စဉ်းစားနေတာနဲ့ပဲ အချိန်တွေ အလကား ကုန်သွားတယ်။ ဒါနဲ့ … မင်း ငါ့ဆီလာပြီး အချိန်ဖြုန်းနေတာကို မင်းရဲ့အထက်က ‘စာအုပ်ကြီး’ သိသွားရင် အကောခံရမှာ မကြောက်ဘူးလား”
“လူသတ်မှုနဲ့ ထွက်ပြေးနေတဲ့ ငနဲကို ဆွဲစေ့ထားနိုင်တာမှ မကြာသေးဘူးကွာ။ ငါ့ကို အပန်းဖြေချိန်လေးလည်း ပေးဦးမှပေါ့” ကုစာနာဂိသည် သူ့အနီးရှိ ညစ်ပတ်ပေရေနေသော ကော်ဖီမတ်ခွက်ကို လှမ်းကိုင်လိုက်သည်။ သူ့အတွက် ယုကာဝါ ဖျော်ပေးထားသော ကော်ဖီမစ်မှာ ယခုအခါ အေးစက်လျက် ရှိနေသည်။
အမ်ပီရီယယ်တက္ကသိုလ်၊ ရူပဗေဒဌာန၏ ဓာတ်ခွဲခန်း အမှတ် ၁၃ တွင် သူတို့ ရောက်နေကြသည်။ ကျောင်းသားများ အားလုံးသည် စာသင်ချိန် ကျရောက်လာသောကြောင့် စာသင်ခန်းအသီးသီးသို့ ရောက်ရှိနေလေသည်။ ထိုအကြောင်းကြောင့်လည်း ကုစာနာဂိသည် ဤအချိန်ကို တကူးတက ရွေးချယ်၍ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကုစာနာဂိ၏ အိတ်ကပ်ထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ ယုကာဝါသည် အဖြူရောင် ကုတ်အင်္ကျီကို ပခုံးပေါ်တင်ရင်း စပ်ဖြဲဖြဲ လုပ်နေသည်။
“တွေ့လား။ မင်းကို ရှာနေပြီ”
ကုစာနာဂိ၏ မျက်နှာမှာ မှုန်ကုပ်လျက် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ ယုကာဝါ၏ စကားက ဒက်ထိ မှန်နေသည်။ ဖုန်းခေါ်လာသူမှာ သူ့ဌာနမှ ညီငယ် ရဲဘော်တစ်ယောက် ဖြစ်သည်။
****
အလောင်းကို တွေ့ရှိရာ နေရာမှာ ကျူး-အီဒိုဂါဝါမြစ်၏ တစ်ဘက်ကမ်း တိုကျိုမြို့ ပိုင်နက်အတွင်းတွင် ဖြစ်သည်။ ရေဆိုးသန့်စင်စက်ရုံနှင့် မဝေးလှတော့ပေ။ မြစ်၏ ဟိုမှာဘက်ကမ်းမှာ ချိဘစီရင်စု ဖြစ်သည်။ အဘယ်ကြောင့် ထိုသူများသည် အလောင်းကို ဟိုဘက်ကမ်းတွင် သွားရောက် မစွန့်ပစ်ကြသနည်း။ ကုစာနာဂိသည် အအေးဒဏ်ကို ကာကွယ်နိုင်ရန် ကုတ်အင်္ကျီကော်လာကို ထောင်ရင်း စဉ်းစားနေမိသည်။
အလောင်းကို မြစ်ကမ်းနဖူးတွင် စွန့်ပစ်ထားခြင်း ဖြစ်သည်။ စက်ရုံများတွင် သုံးလေ့သုံးထ ရှိသည့် မိုးပြာရောင် ပလတ်စတစ် တာလပတ်စဖြင့် အလောင်းကို ထုပ်ပိုးထားသည်။
မြစ်ကမ်းနံဘေးတွင် အညောင်းပြေ လမ်းလျှောက်လေ့ရှိသော အဘိုးအိုတစ်ဦးက ၎င်းကို တွေ့ရှိ၍ ရဲဌာနသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ တာလပတ်စ၏ အစွန်းတစ်နေရာမှ ခြေထောက်နှင့် ဆင်တူသော အရာတစ်ခု ထိုးထွက်နေသည်ကို သတိထားမိလိုက်သောကြောင့် ၎င်းကို အနီးကပ် စူးစမ်းကြည့်ရာမှ လူသေအလောင်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
“အဲဒီ အဘိုးကြီးက ၇၅ နှစ် ရှိပြီလို့ ပြောတယ်။ ဒီလောက် အေးတဲ့ ရာသီဥတုကြီးထဲမှာ သူမို့လို့ လှုပ်နိုင်သေးတယ်။ ဒီအသက်အရွယ်ကြီးရောက်မှ ဒီလို နိမိတ်မရှိ နမာမရှိ အလောင်းကောင်ကြီးကို မြင်လိုက်ရတော့ သူ့ကို သနားတောင် သွားမိသေးတယ်ဗျာ”
အချိန်အနည်းငယ်စော၍ အလျင်ရောက်နှင့်နေသော ညီငယ်ရဲဘော် ကိရှိတာနိက အခြေအနေ အလုံးစုံကို ကုစာနာဂိအား တင်ပြနေသည်။ ကုစာနာဂိကလည်း မျက်မှောင်ကို ကြုတ်လျက် နားထောင်နေမိသည်။ အပေါ်ရုံ အနွေးထည်၏ အင်္ကျီအနားစွန်းမှာ လေထဲတွင် တဖျပ်ဖျပ် မြည်တမ်းလျက် လွင့်ပျံနေသည်။
“ကိရှိတာနိ၊ မင်း အလောင်းကို မြင်လိုက်ရလား”
“ဟုတ်” ကိရှိတာနိသည် နှုတ်ခမ်းကို မဲ့ကာ ပြန်ဖြေသည်။ “တပ်ဖွဲ့မှူးက စေ့စေ့စပ်စပ် ကြည့်ဖို့ ကျွန်တော့်ကို မှာထားတယ်”
“ဘိုးတော်က အမြဲတမ်း အဲဒီလိုချည်းပဲ။ သူကိုယ်တိုင်ကျတော့ ဘယ်တော့မှ လာမကြည့်ဘူး”
“အာစရိရော မကြည့်တော့ဘူးလား”
“တော်ပါကွာ၊ အစားအသောက် ပျက်ပါတယ်”
ကိရှိတာနိ၏ တင်ပြချက်အရ ဆိုလျှင် အလောင်းမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေချေပြီ။ ခန္ဓာကိုယ်ပေါ်တွင် ခြေအိတ်ပင်မကျန်အောင် ဘာအဝတ်အစားမျှ မရှိတော့။ မျက်နှာပြင်မှာလည်း ကားနင်းခံထားရသော ဖရဲသီးတစ်လုံးကဲ့သို့ ကြေမွပျက်စီးနေသည်။ ထိုတစ်ချက်တည်းကို မြင်ရုံမျှဖြင့် ကုစာနာဂိအား အော့အန်သွားစေနိုင်သည်ဟု ညီငယ်ရဲဘော်က ဆိုခဲ့သည်။ လက်ချောင်းများကိုလည်း မီးရှို့ဖျက်ဆီးထားသည်။ ဘာ လက်ဗွေရာမျှ ရနိုင်မည် မဟုတ်တော့။
“အထောက်အထား ရှာဖွေရေးအဖွဲ့က တစ်ခုခုတော့ ရှာတွေ့ကောင်းပါရဲ့” ကုစာနာဂိသည် ပြောရင်း ၎င်းအနီးပတ်ဝန်းကျင်၌ လှည့်ပတ်၍ လမ်းသလားနေသည်။ လာရောက် စပ်စုနေကြသော လူပရိသတ်များ၏ အမြင်တွင် သူသည် လူသတ်တရားခံနှင့် သက်ဆိုင်မည့် အထောက်အထား တစ်ခုခုကို ရှာဖွေစူးစမ်းနေသယောင် သဏ္ဌာန်လုပ် သရုပ်ဆောင် ရပေဦးမည်။ ရင်ထဲတွင် ရှိသည့်အတိုင်း ပြောရမည်ဆိုလျှင် သူသည် ထိုကိစ္စအတွက် အထောက်အထား ရှာဖွေရေးအဖွဲ့ကို အပြီးအပိုင် ပုံအပ်ထားပြီး ဖြစ်သည်။ အရေးပါသော အထောက်အထား တစ်စုံတစ်ရာကို သူကိုယ်တိုင် ရှာတွေ့နိုင်လိမ့်မည်ဟု နည်းနည်းကလေးမျှ မျှော်လင့်မထားပေ။
“ဒီအနီးနားမှာ စက်ဘီးတစ်စီး ပစ်ထားတာ ရှိတယ်။ အီဒိုဂါဝါရဲစခန်းကို သယ်သွားကြပြီ”
“စက်ဘီး … တစ်ယောက်ယောက်က မသုံးချင်တော့လို့ စွန့်ပစ်ထားတာ နေမှာပေါ့”
“အဲဒီစက်ဘီးက လုံးဝ အသစ်စက်စက် နီးပါးပဲ။ ဒါပေမယ့် ရှေ့ဘီးရော နောက်ဘီးရော လေလျှော့ခံထားရတယ်။ အချွန်တစ်ခုခုနဲ့ ထိုးဖောက်ထားတဲ့ပုံပဲ”
“အင် … ဒါဆို အသတ်ခံရတဲ့လူရဲ့ စက်ဘီးလား”
“အခုထိတော့ ဘာမှ မသိရသေးဘူး။ စက်ဘီးပေါ်မှာ မှတ်ပုံတင် နံပါတ်ပါတယ်။ ပိုင်ရှင်ကို စုံစမ်းဖို့ မခက်လောက်ဘူး”
“အသတ်ခံရတဲ့လူရဲ့ စက်ဘီးဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပဲ” ကုစာနာဂိက ပြောသည်။ “အဲဒီလိုမှ မဟုတ်ရင် ပြဿနာက ရှုပ်ကုန်တော့မှာ။ နိဗ္ဗာန်နဲ့ ငရဲလိုပဲ”
“အမ် … ဘာဖြစ်လို့လဲ အာစရိ”
“ကိရှိတာနိ၊ အခုလို ပိုင်ရှင်မဲ့အလောင်းကို စုံစမ်းစစ်ဆေးရတာ မင်းအတွက် ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ် ထင်တယ်”
“ဟုတ်ကဲ့”
“မင်း စဉ်းစားကြည့်ကွာ။ မျက်နှာနဲ့ လက်ဗွေတွေကို ဖျက်ဆီးခံထားရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အသတ်ခံရသူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို တရားခံက ဖုံးကွယ်ထားချင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တစ်ဘက်က လှည့်ပြီး စဉ်းစားကြည့်မယ်ဆိုရင် တကယ်လို့သာ အသတ်ခံရသူရဲ့ နောက်ကြောင်းကို ဖော်ထုတ်နိုင်ပြီ ဆိုတာနဲ့ တရားခံကို ရှာတွေ့ဖို့ မခက်တော့ဘူး။ ဒါကြောင့် သူ့အကြောင်းကို အမြန်ဆုံး ဖော်ထုတ်နိုင်ခြင်း ရှိမရှိဆိုတဲ့ အချက်က ကံကြမ္မာကို ပြဋ္ဌာန်းနေတဲ့ အဓိက သော့ချက်ပဲ။ အဲ … ငါတို့ရဲ့ ကံကြမ္မာကို ပြောတာ”
ထို့နောက် ကိရှိတာနိ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ သူသည် တစ်ဘက်လူနှင့် အတန်ကြာမျှ ဖုန်းပြောဆိုပြီးနောက် ကုစာနာဂိ ရှိရာဘက်သို့ ပြန်လှည့်လာသည်။ “ကျွန်တော်တို့ကို အီဒိုဂါဝါ ရဲစခန်း သွားဖို့ ပြောနေတယ်”
“အမလေး၊ ဘုရားသိကြား မ,လို့။ အခုမှပဲ လွတ်ကျွတ်တော့တယ်” ကုစာနာဂိက ပြောသည်။ သူသည် ခါးကို ဆန့်လိုက်ပြီး သူ၏ နောက်ကျောကို လက်ဖမိုးဖြင့် ထုနေလေသည်။
****
အီဒိုဂါဝါ ရဲစခန်းသို့ သူတို့ ရောက်သွားသောအခါ မာမီယာသည် အပူပေးစက်၏ အရှေ့တွင် ရပ်လျက် သူ၏ လက်များ ကင်နေသည်ကို တွေ့ကြရသည်။ မာမီယာသည် ကုစာနာဂိ၏ တပ်ဖွဲ့မှူး ဖြစ်သည်။ နယ်မြေခံ မှုခင်းရဲများဟု ယူဆရသော လူအများအပြားသည် သူ့ပတ်ဝန်းကျင်တွင် ပြေးလွှားလှုပ်ရှားနေကြသည်။ ဤအမှုအတွက် စုံစမ်းရေးကော်မတီ ဖွဲ့ရန် အလုပ်များနေကြပုံ ရသည်။
“ဒီနေ့ မင်းရဲ့ ကိုယ်ပိုင်ကားကို မောင်းလာတာလား” မာမီယာက ကုစာနာဂိကို မြင်လိုက်သည်နှင့် လှမ်းမေးလေသည်။
“ဟုတ်ကဲ့။ ဒီနားပတ်ဝန်းကျင်က ဓာတ်ရထားစီးလို့ အဆင်မပြေဘူး”
“မင်းက ဒီနယ်တစ်ဝိုက်ကို ကျွမ်းကျင်တာလား”
“ကျွမ်းကျင်တယ်လို့လည်း ခေါ်လို့ မရပါဘူး။ ဒါပေမယ့် တော်တော်တော့ ရင်းနှီးနေပါပြီ”
“ဒါဆို လမ်းပြဖို့ တခြားလူကို ခေါ်နေစရာတောင် မလိုတော့ဘူးပေါ့။ မင်း ကိရှိတာနိကို ခေါ်ပြီး ဒီနေရာ သွားလိုက်စမ်း” ပြောရင်း မာမီယာက စက္ကူဖြတ်ပိုင်းတစ်ရွက် ကမ်းပေးသည်။ စာရွက်ပေါ်တွင် အီဒိုဂါဝါမြို့နယ်၊ ရှိနိုဇာကီရှိ အိမ်လိပ်စာတစ်ခုကို ရေးခြစ်ထားသည်။ လိပ်စာ၏ အောက်တွင် အမျိုးသမီးတစ်ယောက်၏ နာမည်ကို ရေးထားသည်။ ‘ယာမာဘေ ယိုကို’
“သူက ဘယ်သူလဲ ဆရာ” ကုစာနာဂိက မေးသည်။
“မင်း သူ့ကို စက်ဘီးအကြောင်း ပြောပြပြီးပြီမလား” မာမီယာက ကိရှိတာနိကို မေးသည်။
“ဟုတ်ကဲ့ ဆရာ”
“အလောင်းရဲ့ အနားမှာ တွေ့တယ်ဆိုတဲ့ စက်ဘီးကို ပြောတာလား” ကုစာနာဂိက မျက်နှာထား ခပ်တည်တည်နှင့် ရပ်နေသော တပ်ဖွဲ့မှူးကို လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်။ စက်ဘီးရဲ့ မှတ်ပုံတင်နံပါတ်နဲ့ စစ်ဆေးကြည့်လိုက်တော့ အဲဒီစက်ဘီးကို ပစ္စည်းပျောက်အနေနဲ့ အမှုဖွင့်ထားတာ တွေ့ရတယ်။ မှတ်ပုံတင်နံပါတ်က တထေရာတည်းပဲ။ အဲဒီအမျိုးသမီးက စက်ဘီးပိုင်ရှင်ပေါ့။ ငါ သူနဲ့ ဆက်သွယ်ကြည့်ပြီးပြီ။ မင်းတို့ သူ့ဆီ သွားစုံစမ်းကြည့်လိုက်”
“စက်ဘီးပေါ်မှာ လက်ဗွေရာတွေ မတွေ့ရဘူးလား”
“အဲဒီကိစ္စကို မင်းစိတ်ပူနေဖို့ မလိုဘူး။ သွားစရာရှိတာ အမြန်သွား” မာမီယာ၏ ခက်ထန်သော အသံကို ကြားလိုက်ရသည်နှင့် သူတို့နှစ်ယောက်စလုံး တံခါးဝဆီသို့ ပြေးထွက်လာကြတော့သည်။
“တောက် … လက်စသတ်တော့ စက်ဘီးက ခိုးခံထားရတာတဲ့ကွာ။ ဒါပေမယ့် အစောကြီးကတည်းက အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ငါ ထင်တော့ ထင်မိသား” ကုစာနာဂိသည် ကားမောင်းရင်း ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေသည်။ သူ၏ ကားမှာ အနက်ရောင် စကိုင်းလိုင်းအမျိုးအစား ဖြစ်ပြီး သုံးလာခဲ့သည်မှာ ၈ နှစ်မျှ ကြာခဲ့လေပြီ။
“တရားခံက သုံးပြီး ပစ်ထားခဲ့တာလား”
“ဟုတ်မှာပေါ့။ အဲဒီလိုသာဆိုရင် စက်ဘီးပိုင်ရှင်ကို မေးလည်း ဘာထူးဦးမှာလဲ။ သူ့စက်ဘီးကို ဘယ်သူ ခိုးသွားသလဲဆိုတာ သူက သိမှာမှ မဟုတ်ဘဲ။ ဒါပေမယ့် စက်ဘီးကို ဘယ်နေရာမှာ အခိုးခံရတာလဲဆိုတာ မေးနိုင်ရင်တော့ အနည်းဆုံး တရားခံ သွားလာလှုပ်ရှားခဲ့တဲ့ လမ်းကြောင်းကို သတ်မှတ်လို့ ရတာပေါ့”
ကုစာနာဂိသည် စက္ကူဖြတ်ပိုင်းနှင့် မြေပုံကို အားကိုးပြီး ရှီနိုဇာကိ ပတ်ဝန်းကျင်တွင် နှစ်ပတ် သုံးပတ် ပတ်ကာ လိပ်စာကို ရှာခဲ့ရသည်။ နောက်ဆုံးတွင် သူတို့ သွားလိုသော အိမ်ကို တွေ့ရှိသွားသည်။ အဖြူရောင် နံရံများနှင့် ခေတ်မီသော အုတ်တိုက်တစ်လုံး။ တံခါးဝတွင် ‘ယာမာဘေ’ ဟူသော နာမည်ကတ်ပြားကို ချိတ်ဆွဲထားသည်။
ယာမာဘေ ယိုကိုသည် အသက် ၃၅ နှစ်ခန့် အရွယ်ရှိသော အိမ်ရှင်မတစ်ဦး ဖြစ်သည်။ သူ့မျက်နှာမှ မိတ်ကပ်များမှာ လောလောလတ်လတ် လိမ်းကျံထားဟန် တူသည်။ သူမထံသို့ မှုခင်းရဲများ လာရောက်လိမ့်မည်ဟု သတင်းရသည်နှင့် အလှပြင်ပြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရပေမည်။
“သိပ်သေချာတာပေါ့။ အဲဒါ ကျွန်မရဲ့ စက်ဘီးပဲ” အထောက်အထား ရှာဖွေရေးအဖွဲ့ထံမှ ခေတ္တ ငှားယူလာခဲ့သော စက်ဘီးဓာတ်ပုံကို ကုစာနာဂိက ထုတ်ပြလိုက်သောအခါ ယာမာဘေ ယိုကိုသည် ဓာတ်ပုံကို ကြည့်၍ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“တကယ်လို့ ခင်ဗျား ရဲစခန်းကို လိုက်လာပြီး အဲဒီပစ္စည်းကို အတည်ပြုပေးမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ”
“လိုက်ရမှာပေါ့ရှင်။ ရှင်တို့က ကျွန်မစက်ဘီးကို ပြန်ပေးမှာမလား”
“ဒါပေါ့။ ဒါပေမယ့် အဲဒီစက်ဘီးနဲ့ ဆက်စပ်ပြီး စုံစမ်းစရာတချို့တော့ ရှိနေသေးတယ်။ စုံစမ်းမှုတွေ ပြီးစီးသွားမှ ပြန်အပ်နိုင်လိမ့်မယ်”
“စက်ဘီးကို ချက်ချင်း ပြန်ပေးမှ ဖြစ်မှာ။ စက်ဘီးမရှိရင် ကျွန်မ ဈေးဝယ်သွားဖို့ အဆင်မပြေဘူး” သူမက မကျေနပ်သည့် အမူအရာဖြင့် မဲ့ကာရွဲ့ကာ ပြောနေသည်။ သူမ၏ စက်ဘီး ပျောက်ဆုံးရခြင်းသည် ရဲများ၏ တာဝန်မဲ့မှုကြောင့် ဖြစ်သည်ဟု အပြစ်တင်နေသယောင်။ ကြည့်ရသည်မှာ ဤစက်ဘီးနှင့် လူသတ်မှုတို့ ဆက်နွှယ်ပတ်သက်နေသည်ကို သူမ သိပုံ မရသေးပေ။ အကယ်၍ သိရှိသွားပါလျှင် ထိုစက်ဘီးကို သူမ စီးဝံ့ပါဦးမည်လော။ စက်ဘီး၏ ဘီးနှစ်ဘီးလုံး သံချွန်ဖြင့် အဖောက်ခံထားရသည်ကို သိရှိသွားသောအခါတွင် မိမိတို့အား လျော်ကြေး တောင်းနေပါဦးမည်လော။ ကုစာနာဂိက တွေးနေသည်။
ယာမာဘေ ယိုကို၏ ပြောစကားအရဆိုလျှင် စက်ဘီးသည် ယမန်နေ့က အခိုးခံခဲ့ရခြင်း ဖြစ်သည်။ မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ မှ ည ၁၀ နာရီ အတွင်းတွင် ဖြစ်သည်။ ယမန်နေ့က သူနှင့် သူ့သူငယ်ချင်းတို့ ဂင်ဇာတွင် လူချင်း ချိန်းတွေ့ကြပြီး ရှော့ပင်ထွက်၍ ညစာအတူ စားခဲ့ကြသည်။ ထို့နောက် ရှီနိုဇာကိဘူတာရုံသို့ ပြန်ရောက်သောအချိန်တွင် ည ၁၀ နာရီကျော်လေပြီ။ သူမသည် ဘတ်စ်ကားစီး၍ အိမ်ပြန်လာခဲ့ရသည်။
“ခင်ဗျားက စက်ဘီးကို ယာဉ်ရပ်နားကွင်းမှာ ထိုးထားခဲ့တာလား”
“ဟင့်အင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်မှာ”
“သော့မခတ်ထားဘူးလား”
“ခတ်ပါရောရှင်။ ကျွန်မ လမ်းဘေးလက်ရန်းရဲ့ သံတိုင်နဲ့တောင် တွဲချည်ထားသေးတယ်”
အခင်းဖြစ်ပွားရာ နေရာတွင် ကြိုးသော့တစ်ချောင်းကို တွေ့ရှိခဲ့သည်ဟု တစ်ဦးတစ်ယောက်က တင်ပြထားကြောင်း ကုစာနာဂိ မကြားမိသေးပေ။
သူသည် မစ္စစ် ယာမာဘေကို ရှီနိုဇာကိဘူတာသို့ ခေါ်လာခဲ့ပြီး စက်ဘီးပျောက်ခဲ့သည့် နေရာကို လိုက်လံ ပြသစေခဲ့သည်။
“ဒီနား ပတ်ဝန်းကျင်ပဲ” ဘူတာရုံ၏ မျက်နှာချင်းဆိုင်ရှိ စူပါမားကတ်တစ်ခုမှ မီတာ ၂၀ ခန့်အကွာတွင် ရှိသော လမ်းဘေး ပလက်ဖောင်းတစ်နေရာကို သူမက လက်ညှိုးညွှန်ပြသည်။ ထိုနေရာတွင် ယခုတိုင် စက်ဘီးများစွာ စီတန်း၍ ရပ်ထားဆဲ။
ကုစာနာဂိသည် အနီးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည်။ ဤလမ်းကြောပေါ်တွင် ဘဏ်နှင့် စာအုပ်ဆိုင်တို့ ရှိကြသည်။ နေ့နှင့် ညနေခင်းတို့တွင် လမ်းသွားလမ်းလာများ နည်းလိမ့်မည် မဟုတ်။ ကြိုးသော့ကို ချက်ချာဖျတ်လတ်စွာ ဖြတ်ချပြီး စက်ဘီးကို ခပ်တည်တည်နှင့် နင်းထွက်သွားဖို့ ဆိုသည်မှာ များစွာ ခက်ခဲလှသည့် ကိစ္စမဟုတ်ပေ။ သို့သော် တရားခံသည် လူသွားလူလာနည်းသည့် အချိန်တွင်သာ စက်ဘီးကို ခိုးယူခဲ့ခြင်း ဖြစ်ရမည်ဟု သူက ယူဆထားသည်။
ထို့နောက် သူသည် ယာမာဘေ ယိုကိုကို အီဒိုဂါဝါရဲစခန်းသို့ ခေါ်သွားပြီး စက်ဘီးကို ပြ၍ အတည်ပြုစေသည်။
“အတော် ကံဆိုးတာပဲ။ ပြီးခဲ့တဲ့ လကမှ ဝယ်ထားတဲ့ စက်ဘီးကို အခိုးခံရမှန်း သိလိုက်ရတော့ ကျွန်မဖြင့် စိတ်တိုလိုက်တာ အရမ်းပဲ။ အဲဒါနဲ့ အိမ်ပြန်ဖို့ ဘတ်စ်ကား မစီးခင် အနားမှာရှိတဲ့ ရဲစခန်းကို သွားပြီး အမှုဖွင့်ပစ်လိုက်တယ်” သူမက အနောက်ဘက် ထိုင်ခုံတွင် ထိုင်လျက် ပြောနေသည်။
“ခင်ဗျားမို့ မှတ်ပုံတင်နံပါတ် မှတ်မိနေသေးတယ်”
“ဒါပေါ့ရှင်။ ဝယ်ထားတာ ကြာမှ မကြာသေးဘဲဟာ။ အိမ်မှာ ဘောက်ချာဖြတ်ပိုင်းတောင် ရှိနေသေးတယ်။ ကျွန်မ အိမ်ကို ဖုန်းဆက်ပြီး ကျွန်မသမီးကို ကြည့်ခိုင်းရတာပေါ့”
“ဪ”
“အမှုက ဘာအမှုလဲ။ ဖုန်းဆက်လာတဲ့သူကလည်း သေသေချာချာ ပြောမပြချင်ဘူး။ သူလုပ်တာနဲ့ ကျွန်မတောင် ပိုပြီး သိချင်လာတယ်”
“မသေချာသေးဘူး။ ကျွန်တော်တို့လည်း ဂဃနဏ သိရသေးတာ မဟုတ်ဘူးဗျ”
“ရှင်တို့ ရဲတွေက အတော် နှုတ်လုံတာပဲ”
ဘေးခုံတွင် ထိုင်နေသော ကိရှိတာနိသည် မရယ်မိစေရန် သူ့ကိုယ်သူ အတော်လေး ထိန်းချုပ်နေရသည်။ ဤအမျိုးသမီးနှင့် ယနေ့ သွားတွေ့ခွင့် ရသည်ကို ကုစာနာဂိက ကျိတ်ပြီး ဝမ်းသာနေမိသည်။ အကယ်၍ လူသတ်မှုကို တရားဝင် ကြေညာပြီးနောက်မှ သွားတွေ့ရမည် ဆိုလျှင် တစ်ဘက်လူ၏ တန်ပြန်မေးခွန်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရပေတော့မည်။
ယာမာဘေ ယိုကိုသည် အီဒိုဂါဝါရဲစခန်းတွင် စက်ဘီးကို မြင်လိုက်သည်နှင့် သူ့စက်ဘီးဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလေသည်။ ထို့အပြင် စက်ဘီး၏ ဘီးများ ပေါက်နေခြင်း၊ စက်ဘီးပေါ်တွင် အစင်းရာများ ထင်နေခြင်းအတွက် မည်သူ့ထံမှ အလျော်တောင်းရမည်နည်းဟု မေးနေပြန်သည်။
****
အထောက်အထား ရှာဖွေရေးအဖွဲ့သည် စက်ဘီး၏ လက်ကိုင်တန်း၊ ဘောင်နှင့် ထိုင်ခုံတို့မှ လက်ဗွေရာများစွာကို ရရှိခဲ့သည်။ ထို့အပြင် အလောင်းတွေ့ရာ နေရာမှ မီတာ တစ်ရာခန့်အကွာတွင် သေသူ၏ ပစ္စည်းဟု ယူဆရသော အဝတ်အစားများကို ရဲအဖွဲ့မှ တွေ့ရှိခဲ့သည်။ ၎င်းအဝတ်အစားများကို ငါးဂါလံဆီပုံးထဲတွင် ထိုးထည့်ထားပြီး တချို့တစ်ဝက် မီးလောင်ကျွမ်းထားသည်။ အပေါ်ဝတ်အနွေးထည်၊ ဆွယ်တာ၊ ဘောင်းဘီရှည်၊ ခြေအိတ်နှင့် အတွင်းခံတို့ ဖြစ်ကြသည်။ လူသတ်တရားခံသည် အဝတ်အစားများကို မီးတို့ပြီးပြီးချင်း နေရာမှ ထွက်ခွာသွားခဲ့ပုံ ရသည်။ ၎င်းအဝတ်အစားများသည် အလုံးစုံ ပြာကျသွားသည်အထိ လောင်ကျွမ်းသွားခြင်း မရှိဘဲ တစ်ခဏအကြာတွင် မီးသေသွားခဲ့သည်။
အဝတ်အစားများ၏ ပုံစံနှင့် ကုန်အမှတ်တံဆိပ်များသည် ဘာမျှ ထူးခြားလှသည် မရှိ။ တစ်နိုင်ငံလုံးတွင် မြင်တွေ့နေကျ ဖြစ်သော သာမန် အဝတ်အစားမျှသာ ဖြစ်သည်။ ၎င်းအဝတ်အစားများနှင့် သေသူ၏ ခန္ဓာကိုယ် အချိုးအစားကို ကြည့်၍ သေသူ၏ အသွင်အပြင်၊ ပုံပန်းသဏ္ဌာန်ကို ရုပ်လုံးပေါ်အောင် ပုံတူပန်းချီတစ်ကား ခန့်မှန်း ရေးဆွဲကြသည်။ ထို့နောက် ရဲတချို့သည် ရှီနိုဇာကိဘူတာတွင် ယင်းခန့်မှန်းပန်းချီကားကို ကိုင်ဆောင်၍ လမ်းသွားလမ်းလာတို့အား မေးမြန်းကြည့်ကြသည်။ သို့သော် သေသူ၏ မျက်နှာပြင်ကိုလည်း တိတိကျကျ သိရသည် မဟုတ်။ ထို့အပြင် ထိုသူ၏ အဝတ်အစားများကလည်း ဘာမျှ ထူးခြားလှသည် မဟုတ်သောကြောင့် မည်မျှပင် အချိန်ကုန်ခံ၍ မေးမြန်းစေကာမူ အသုံးတည့်သည့် မည်သည့် သတင်းအချက်အလက်ကိုမျှ မရရှိခဲ့ပေ။
ရုပ်သံသတင်းဌာနမှလည်း ၎င်းခန့်မှန်းပန်းချီကားကို ထုတ်ပြန်ခဲ့သည်။ များမကြာခင် အချိန်တွင် လူအမြောက်အမြားထံမှ ပေးပို့သော သဲလွန်စများစွာ ရရှိလာသည်။ သို့သော် အသတ်ခံရသူနှင့် ပတ်သက်ဆက်နွှယ်၍ ရနိုင်သော မည်သည့် အထောက်အထားမျှ မပါရှိချေ။
ထို့အပြင် မှုခင်းတပ်ဖွဲ့သည် လူပျောက်ကြော်ငြာစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးကြည့်ပြန်သည်။ သို့သော် မည်သို့မျှ အကြောင်း မထူး။
ထို့နောက် မှုခင်းတပ်ဖွဲ့သည် အီဒိုဂါဝါမြို့နယ်ကို ဗဟိုချက်မအဖြစ် ထားပြီး ဤနယ်မြေအတွင်း၌ တစ်ကိုယ်တည်း နေထိုင်သော အမျိုးသားများ သို့မဟုတ် တည်းခိုခန်းမှ ဧည့်သည်များ ရုတ်တရက် ပျောက်ဆုံးသွားခြင်း ရှိမရှိကို ထပ်မံ စုံစမ်းကြည့်ပြန်သည်။ သို့ဖြင့် နောက်ဆုံးတွင် သဲလွန်စတစ်ခု ရရှိလာခဲ့လေသည်။
ကာမေဒိုရပ်ကွက်ရှိ အိုဂီယာတည်းခိုခန်းတွင် ငှားရမ်း နေထိုင်ခဲ့သော ဧည့်သည်တစ်ယောက်သည် အလောင်းတွေ့ရှိခဲ့သော မတ်လ ၁၁ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သည်။ အခန်း ပြန်အပ်ရမည့် အချိန်သို့ ရောက်သောအခါတွင် ဧည့်သည်ကို မတွေ့ရသောကြောင့် ဝန်ထမ်းတစ်ယောက်က အခန်းအတွင်းသို့ ဝင်ရောက် စစ်ဆေးကြည့်ရာ ဧည့်သည် ပိုင်ဆိုင်သည့် အနည်းငယ်သော ပစ္စည်းပစ္စယမှအပ ထိုသူ့ကို မတွေ့ခဲ့ရပေ။ ဧည့်သည်ထံမှ ငွေအကျေ ရရှိပြီး ဖြစ်သောကြောင့် တည်းခိုခန်း မန်နေဂျာသည် အလုပ်ရှုပ်ခံ၍ ရဲဌာနသို့ အကြောင်းကြားခြင်း မပြုခဲ့ချေ။
အထောက်အထား ရှာဖွေရေး တပ်ဖွဲ့သည် ထိုနေရာသို့ ချက်ချင်း ရောက်လာပြီး အခန်းတွင်းမှ ရနိုင်သမျှသော လက်ဗွေရာများနှင့် ဆံပင်တို ဆံပင်စများကို ကောက်ယူ သိမ်းဆည်းခဲ့သည်။ သို့ဖြင့် သူတို့ ပွပေါက်တိုးလေသည်။ သိမ်းဆည်းရမိခဲ့သော ဆံပင်များထဲမှ တစ်ချောင်းသည် အလောင်းပေါ်မှ ဆံပင်နှင့် ထပ်တူညီနေသည်။ ထို့အပြင် စက်ဘီးပေါ်မှ ရရှိထားသော လက်ဗွေရာထဲမှ တစ်ခုသည်လည်း အခန်းတွင်းတွင် ကျန်ရစ်ခဲ့သော ခရီးဆောင်အိတ်တစ်လုံးပေါ်မှ ရရှိသည့် လက်ဗွေရာနှင့် တထေရာတည်းပင်။
တည်းခိုခန်းရှိ မှတ်တမ်းအရ ပျောက်ဆုံးဧည့်သည်၏ အမည်မှာ ‘တိုဂါရှိ ရှင်ဂျိ’ ဖြစ်ပြီး သူ၏ နေရပ်လိပ်စာမှာ အနောက် ရှင်ဂျုကု၊ ရှင်ဂျုကုရပ်ကွက် ဖြစ်သည်။