မြေအောက်ဘူတာရုံမှ ထွက်ပြီး ရှင်-အိုဟရှိတံတား ရှိရာဘက်သို့ လျှောက်၍ မြစ်အနီးသို့ မရောက်ခင် တွေ့ရသည့် လမ်းကျဉ်းကလေးထဲသို့ ချိုးဝင်သွားလျှင် လူနေအိမ်ခြေ အများအပြားကို တွေ့ရှိနိုင်သည်။ လူနေရပ်ကွက်ဟု ဆိုရသော်လည်း ဟိုနားဒီနားတွင် ဆိုင်အသေးစားလေးများ အနည်းအကျဉ်း ရှိနေသည်။ ၎င်းဆိုင်ငယ်များကို မျိုးရိုးစဉ်ဆက် ဆက်ခံလုပ်ကိုင်လာခဲ့ကြပြီး သူ့ဖောက်သည်နှင့်သူ စည်ကားနေသည်။ အကယ်၍ တခြားနေရာမျိုးတွင် ရှိနေကြမည် ဆိုလျှင် ထိုဆိုင်ကလေးများသည် စူပါမားကတ်ကြီးများနှင့် ကုန်ပဒေသာဆိုင်ကြီးများ၏ လွှမ်းမိုးမှုဒဏ်ကို တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဆိုင်ငယ်ကလေးများ ရှင်သန်ခွင့် ရနေခြင်းမှာလည်း ရှိတာမာချိ၏ ထူးခြားသော ဝိသေသ လက္ခဏာပင် ဖြစ်သည်ဟု ကုစာနာဂိက တွေးနေမိသည်။
ည ၈ နာရီကျော် ရှိပြီ။ မည်သည့်နေရာတွင် အများသုံး ရေချိုးကန် ရှိသည် မသိ။ အမျိုးသမီးကြီးတစ်ယောက်သည် ရေဇလုံကြီးတစ်လုံးကို ပိုက်လျက် သူတို့အနားမှ ဖြတ်လျှောက်သွားသည်။
“လမ်းပန်းဆက်သွယ်ရေး ကောင်းတယ်။ ပစ္စည်း ဝယ်ရပြုရလည်း အဆင်ပြေတယ်။ လူနေလို့ အင်မတန် ကောင်းတဲ့ နေရာပဲ” ကိရှိတာနိက မှတ်ချက်ပြုသည်။
“မင်းက ဘာပြောချင်တာလဲ”
“ဘာမှ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးနေရတဲ့ သားအမိနှစ်ယောက်အတွက် ရေခံမြေခံ ကောင်းတဲ့ နေရာတစ်ခုပဲလို့ တွေးလိုက်မိလို့ပါ”
“ဪ” ကုစာနာဂိ သဘောပေါက်သွားသည်။ သူ၏ စကားထဲတွင် အချက်နှစ်ချက် ပါသည်။ (၁) မကြာခင် တွေ့ဆုံကြရတော့မည့် သူများမှာ ကိုယ့်ဝမ်းစာ ကိုယ်ကျောင်းနေကြရသော အမေနှင့် အဖမဲ့သမီးတို့ ဖြစ်သည်။ (၂) ကိရှိတာနိသည်လည်း အဖမဲ့ သားတစ်ယောက် ဖြစ်သည်။
ကုစာနာဂိသည် လက်ထဲရှိ စက္ကူပိုင်းတွင် ရေးထားသော လိပ်စာနှင့် ဓာတ်တိုင်ပေါ်တွင် ချိတ်ဆွဲထားသော လမ်းညွှန်ဆိုင်းဘုတ်များကို တိုက်စစ်ရင်း လျှောက်လာခဲ့သည်။ ဦးတည်ရာသို့ မကြာခင် ရောက်ရှိပေတော့မည်။ စက္ကူပိုင်းပေါ်တွင် ‘ဟာနာအိုကာ ယာစုကို’ ဟူသော အမည်ကိုလည်း ရေးသားထားသည်။
တည်းခိုခန်း၏ မှတ်တမ်းစာအုပ်တွင် မှတ်သားထားသော တိုဂါရှိ ရှင်ဂျိ၏ နေရပ်လိပ်စာမှာ ဖြီးဖြန်း၍ ရေးသားထားသော လိပ်စာ မဟုတ်ပေ။ သူ၏ အိမ်ထောင်စုစာရင်းသည် ၎င်းနေရပ်တွင် ယခုချိန်အထိ တည်ရှိနေဆဲ ဖြစ်သည်။ သို့သော် ထိုအရပ်တွင် သူ နေထိုင်ခြင်း မရှိတော့။
သေဆုံးသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ထုတ်နိုင်သည်နှင့် တစ်ပြိုင်နက် ထိုသတင်းကို ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့သည်။ အကယ်၍ ဤသေဆုံးသူ၏ အကြောင်းတစ်စုံတစ်ရာကို သိရှိထားပါက နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားပေးပါရန်လည်း နှိုးဆော်ထားလေသည်။ သို့သော် ဘာမျှ အကြောင်းထူးမလာခဲ့။
တိုဂါရှိ ငှားရမ်းနေထိုင်ခဲ့သော ရှင်ဂျုကုရှိ တိုက်ခန်းပိုင်ရှင်၏ သတင်းပေးမှုအရ သူ၏ အလုပ်အကိုင်ဟောင်းကို သိရှိလာခဲ့သည်။ တစ်ပတ်ရစ်ကားများကို ရောင်းချပေးသော အရောင်းဌာနတစ်ခု ဖြစ်သည်။ ထိုအလုပ်တွင် ကြာမြင့်စွာ လုပ်ကိုင်ခဲ့ခြင်း မရှိ။ တစ်နှစ်မပြည့်ခင်မှာပင် အလုပ်ထွက်သွားခဲ့သည်။
ထိုသဲလွန်စတစ်စကို အမိအရ ဖမ်းကိုင်ပြီး တိုဂါရှိ၏ နောက်ကြောင်းရာဇဝင်ကို အတော်အတန် စုံစမ်းနိုင်လာခဲ့သည်။ သူသည် ယခင်က နိုင်ငံခြားဖြစ် ဇိမ်ခံကား အကောင်းစားများကို ရောင်းချပေးရသော အရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ပြီး ငွေအလွဲသုံးစား လုပ်မှုကြောင့် အလုပ်ဖြုတ်ခံခဲ့ရသည်။ သို့သော် တရားစွဲဆို ခံရခြင်းမျိုးတော့ မရှိခဲ့။ ၎င်းကားအရောင်းစင်တာသို့ သွားရောက်၍ စုံစမ်းထောက်လှမ်းစဉ်က မထင်မှတ်ဘဲ သိလာခဲ့ရခြင်း ဖြစ်သည်။ ၎င်းကုမ္ပဏီသည် ယခုအချိန်ထိ လုပ်ငန်း လုပ်ကိုင်နေသေးသည်။ သို့သော် တိုဂါရှိ၏ အကြောင်းကို ပြောပြနိုင်မည့် ဝန်ထမ်းများ မရှိတော့ပေ။ အနိမ့်ဆုံးအားဖြင့် တိုဂါရှိ၏ အကြောင်းကို ပြောပြလိုသည့် ဝန်ထမ်း တစ်ဦးတလေမျှ မရှိ။
ထိုကုမ္ပဏီ၌ အလုပ်လုပ်နေစဉ်ကပင် တိုဂါရှိသည် အိမ်ထောင်သည်တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရသည်။ အိမ်ထောင်ပြိုကွဲရသည့် အကြောင်းကို သိရှိနေသော လူတစ်ဦး၏ ပြောပြချက်အရ ဆိုလျှင် တိုဂါရှိသည် သူ့ဇနီးဟောင်းထံသို့ မကြာခဏ သွားပြီး ငွေညှစ်နေတတ်သည်။
သမီးကို လက်ဆွဲ၍ တစ်နေရာမှ တစ်နေရာသို့ ပုန်းရှောင်နေရသော ဇနီးဟောင်းကို ရှာဖွေရန်မှာ ရဲဌာနအတွက် များစွာ ခက်ခဲလှသည် မဟုတ်။ မကြာခင်မှာပင် ဟာနာအိုကာ ယာစုကိုနှင့် မီစာတိုတို့၏ နေရပ်လိပ်စာကို ရရှိလာခဲ့သည်။ ယခု ကုစာနာဂိတို့ ဦးတည်နေသော လိပ်စာပင် ဖြစ်သည်။
“ဒီလိုအမှုမျိုးကို လိုက်ချင်တာ မဟုတ်ဘူး။ တကယ် ကံဆိုးတာပဲ” ကိရှိတာနိက မကျေမနပ် ရေရွတ်နေသည်။
“ဘာတုန်း။ မင်းက ငါနဲ့ လိုက်ရလို့ ကံဆိုးတယ်လို့ ပြောနေတာလား”
“မဟုတ်ပါဘူး အာစရိရာ။ ဟိုသားအမိက သူတို့ဘာသာသူတို့ အေးအေးချမ်းချမ်းနဲ့ နေနေကြတဲ့ဟာကို။ ကျွန်တော် သူတို့ကို သွား မနှောင့်ယှက်ချင်ဘူး”
“အမှုနဲ့သာ နွှယ်မနေဘူး ဆိုရင် သူတို့အတွက် ဘာမှ ထိခိုက်စရာ မရှိပါဘူးကွာ”
“ဘယ်ပြောနိုင်မလဲ။ တိုဂါရှိဆိုတဲ့လူက လင်ဆိုး၊ ဖအေဆိုးလို့ နာမည်ကြီးနေတဲ့ လူပဲဟာ။ သူတို့က အဲဒီဘဲကြီး အကြောင်းကို နည်းနည်းလေးမှ ပြန်တွေးကြည့်ချင်လိမ့်မယ် မထင်ဘူး”
“ဒါဆို သူတို့က ငါတို့ကို ပိုပြီးလို့တောင် ကြိုဆိုရဦးမယ်။ ငါတို့က အဲဒီအယုတ်တမာကောင်ကြီး သေသွားပြီ ဆိုတဲ့ သတင်းကို သူတို့ဆီ ယူလာပေးတဲ့ လူတွေလေ။ မျက်နှာကြီး ပုပ်သိုးမနေစမ်းပါနဲ့ကွာ။ မင်းလုပ်တာနဲ့ ငါ့စိတ်တောင် ညစ်ချင်ချင် ဖြစ်လာပြီ။ ဟော … ရောက်ပြီ။ ဒီနေရာပဲ” ကုစာနာဂိသည် အုတ်တိုက်ဟောင်း တစ်လုံး၏ အရှေ့တွင် ရပ်လိုက်သည်။
အဆောက်အအုံ၏ ဆေးရောင်မှာ ညစ်ထေးကာ မီးခိုးရောင် ပေါက်နေသည်။ နံရံပေါ်တွင်လည်း ဖာထေးထားသော အင်္ဂတေအရာများကို အထင်းသား မြင်နေရသည်။ နှစ်ထပ်တိုက်တစ်လုံး ဖြစ်ပြီး တစ်ထပ်စီတွင် အခန်း လေးခန်းစီ ရှိကြသည်။ တိုက်ပေါ်ရှိ အခန်းတစ်ဝက်မျှ မီးလင်းနေသည်။
“အခန်း ၂၀၄ ဆိုတော့ အပေါ်ထပ်ပေါ့” ကုစာနာဂိသည် ကွန်ကရစ်လှေကား၏ လက်ရန်းကို ကိုင်၍ အပေါ်သို့ လှမ်းတက်လိုက်သည်။ ကိရှိတာနိက အနောက်မှ ကပ်လျက်။
အခန်း ၂၀၄ သည် လှေကားခွင်မှ အဝေးဆုံး နေရာတွင် ရှိသည်။ တံခါး၏ ဘေးတွင် ရှိသော ပြတင်းပေါက်မှ လျှပ်စစ်မီးရောင်ကို မြင်နေရသည်။ ကုစာနာဂိ အသက်ရှူချောင်သွားသည်။ သူတို့က ကြိုတင်ချိန်းချက်လုပ်ထားခြင်း မရှိသောကြောင့် အကယ်၍ အိမ်တွင် မစ္စဟာနာအိုကာ မရှိပါက သူတို့ နောက်တစ်ကြိမ် ထပ်လာရပေဦးတော့မည်။
လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတွင်းမှ ခြေသံများ ထွက်ပေါ်လာသည်။ တံခါးရွက်မှာ အနည်းငယ် ပွင့်လာသည်။ တံခါးသံကြိုးကို တံခါးတွင် ချိတ်ထားဆဲ။ အထူးအဆန်းတော့ မဟုတ်။ မိန်းမသားနှစ်ယောက်တည်း နေထိုင်သော အိမ်တစ်အိမ်အနေဖြင့် ယခုကဲ့သို့ သတိကြီးကြီး ထားတတ်သည်မှာ သဘာဝကျသည်။
ပွင့်ဟနေသော တံခါးရွက်အကြားမှ အမျိုးသမီးတစ်ဦးသည် သူတို့နှစ်ဦးကို ထူးဆန်းအံ့ဩသည့် အမူအရာဖြင့် စိုက်ကြည့်နေသည်။ မျက်နှာပြင် သေးသွယ်၍ မည်းနက်သော မျက်လုံးများက ဆွဲဆောင်မှု ရှိနေကြသည်။ မှေးမှိန်သော မီးရောင်အောက်ရှိ မပီဝိုးတဝါး မြင်ကွင်းများကြောင့် ထိုအမျိုးသမီး၏ အသက်မှာ ၃၀ ပင် ကျော်လိမ့်ဦးမည် မဟုတ်ဟု ထင်မှတ်ရသည်။ သို့သော် တံခါးရွက်တွင် ဆုပ်ကိုင်ထားသည့် လက်မှာ မိန်းမငယ်တစ်ဦး၏ လက်မဟုတ်မှန်း သိသာလှသည်။
“အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်။ ခင်ဗျားက မစ္စ ဟာနာအိုကာ ယာစုကိုလား မသိဘူး” ကုစာနာဂိသည် အသံနှင့် မျက်နှာထားကို တတ်နိုင်သမျှ အနူးညံ့ အသိမ်မွေ့ဆုံး ဖြစ်အောင် ပြုပြင်ထားသည်။
“ဟုတ်ကဲ့” သူမ၏ မျက်နှာတွင် စိုးရိမ်မကင်းသော အရိပ်အရောင်များ ထင်ရှားလာသည်။
“ကျွန်တော်တို့က ရဲဌာနကပါ။ ခင်ဗျားကို သတင်းတစ်ခု ပေးချင်လို့” ကုစာနာဂိက ရဲသက်သေခံ ကတ်ပြားကို ထုတ်၍ သူမအား ပြလိုက်သည်။ အနားရှိ ကိရှိတာနိကလည်း ထိုနည်းလည်းကောင်းပင်။
“ရဲ ……” ယာစုကို၏ မျက်လုံးများ ပြူးကျယ်လာသည်။ မည်းနက်နေသော သူငယ်အိမ်များက ဂနာမငြိမ်ဘဲ ဟိုဟိုဒီဒီ ပြေးလွှားလှုပ်ရှားနေကြသည်။
“အထဲ ဝင်လို့ ရမလား”
“ရှင် … ဟုတ် … ဟုတ်ကဲ့” ယာစုကိုသည် တံခါးကို ပြန်ပိတ်ပြီး တံခါးသံကြိုးကို ဖြုတ်၍ တံခါးကို ခပ်ကျယ်ကျယ် ပြန်ဖွင့်ပေးလိုက်သည်။ “ဘာ အကြောင်းများ ရှိလို့လဲ”
ကုစာနာဂိသည် အခန်းတွင်းသို့ လှမ်းဝင်သွားသည်။ ကိရှိတာနိကလည်း အနောက်မှ ခပ်သုတ်သုတ် လိုက်ပါလာသည်။
“ခင်ဗျား မစ္စတာ တိုဂါရှိ ရှင်ဂျိကို သိတယ် မဟုတ်လား”
အနည်းငယ် တင်းမာသွားသော ယာစုကို၏ မျက်နှာအမူအရာကို ကုစာနာဂိက သတိထားလိုက်မိသည်။ မိမိခင်ပွန်းဟောင်း၏ နာမည်ကို ရဲများ၏ ပါးစပ်ဖျားမှ ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားခြင်း ဖြစ်မည်ဟုလည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။
“ကျွန်မရဲ့ ခင်ပွန်းဟောင်းပါ။ သူ …. သူ ဘာဖြစ်လို့လဲ”
ထိုသူ လုပ်ကြံသတ်ဖြတ် ခံထားရသည်ကို သူမ သိပုံမရ။ ရုပ်မြင်သံကြားနှင့် သတင်းစာ မကြည့်ကြသောကြောင့် ဖြစ်ပေမည်။ သတင်းမီဒီယာများကလည်း ထိုအကြောင်းအရာကို ရေးကြီးခွင်ကျယ် လုပ်၍ အသားပေး ဖော်ပြနေခြင်းမျိုး မရှိသောကြောင့် သူမ သတိမထားမိသည်မှာလည်း အထူးအဆန်း မဟုတ်ပေ။
“အမှန်အတိုင်း ပြောရရင် ….” ကုစာနာဂိက ထိုသို့ စကားစလိုက်စဉ်မှာပင် ယာစုကို၏ အနောက်ဘက်မှ စက္ကူဆွဲတံခါးကို ဆွဲပိတ်လိုက်သည့် အသံ ထွက်ပေါ်လာသည်။
“အထဲမှာ တခြားလူ ရှိသေးတာလား”
“ဟုတ်၊ ကျွန်မ သမီးပါ”
“ဪ” တံခါးဝရှိ ဖိနပ်ချွတ်တွင် အားကစားဖိနပ်တစ်ရံ ချွတ်ထားသည်ကို သတိထားမိခဲ့သည်။ ကုစာနာဂိသည် အသံကို နှိမ့်ကာ ပြောလိုက်သည်။ “မစ္စတာ တိုဂါရှိ ဆုံးရှာပြီ”
ယာစုကို၏ နှုတ်ခမ်းအစုံမှာ ဖွင့်ဟလျက် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ထို့ထက် သူ့မျက်နှာပေါ်တွင် ဘာမျှ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိ။
“ဘယ်လို ဖြစ်တာလဲ …..” သူမက မေးသည်။
“ကျူး-အီဒိုဂါဝါ မြစ်ကမ်းနံဘေးမှာ သူ့အလောင်းကို တွေ့ခဲ့တာပါ။ အခုချိန်ထိတော့ ဘာမှ ရေရေရာရာ မသိရသေးပါဘူး။ အသတ်ခံရတာ ဖြစ်ဖို့များပါတယ်” ကုစာနာဂိက အရှိအတိုင်း ဖွင့်ပြောလိုက်လေသည်။ သို့မှသာ သူ၏ ထောက်လှမ်းမှုများကို ဆက်လက်ပြီး အသေးစိတ် လုပ်ဆောင်နိုင်မည်ဟု သူ ယူဆသည်။
ပထမဆုံးအကြိမ်အဖြစ် ယာစုကို၏ မျက်နှာပေါ်တွင် သောကအရိပ်အငွေ့များ လျှံတက်လာသည်။ သူမ ခေါင်းကို ခါယမ်းနေသည်။ “သူ ….. ဘာဖြစ်လို့ အဲဒီလိုတွေ ဖြစ်သွားရတာလဲ”
“ကျွန်တော်တို့ အခုထိ စုံစမ်းနေကြဆဲပါ။ မစ္စတာ တိုဂါရှိမှာ တခြား မိသားစုဆိုတာလည်း မရှိတော့ သူနဲ့ အိမ်ထောင်ဖက် ဖြစ်ခဲ့ဖူးတဲ့ ခင်ဗျားဆီကိုပဲ လာပြီး သူ့အကြောင်း စုံစမ်းရတာပါ။ ဒီလိုအချိန်ကြီးမှာ အနှောင့်အယှက် လာပေးမိတာ တောင်းပန်ပါတယ်” ကုစာနာဂိက ဦးညွတ်၍ တောင်းပန်လိုက်သည်။
“အဲ …. အင်း” ယာစုကိုသည် ပါးစပ်ကို လက်ဖြင့် အုပ်ထားလျက် မျက်လွှာချထားသည်။
ကုစာနာဂိ၏ အကြည့်သည် အနောက်ဘက်ရှိ စက္ကူတံခါးဆီသို့ ရောက်ရှိသွားသည်။ မစ္စ ဟာနာအိုကာ၏ သမီးသည် အခန်းထဲမှနေ၍ သူတို့၏ ပြောစကားများကို ချောင်းနားထောင်နေမည်လော။ ပထွေးဟောင်း၏ သေဆုံးသွားခြင်းအပေါ် သူမ မည်သို့ သဘောထားမည်နည်း။
“ကျွန်တော်တို့ စုံစမ်းထားရသလောက် ဆိုရင် ခင်ဗျားနဲ့ မစ္စတာ တိုဂါရှိတို့က လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကွာရှင်းခဲ့ကြတယ်။ ဟုတ်တယ်မလား။ နောက်တော့ရော ခင်ဗျားတို့ တွေ့ဖြစ်ကြသေးလား”
ယာစုကိုက ခေါင်းခါသည်။ “ကွာရှင်းပြီးတဲ့နောက်တော့ မတွေ့ဖြစ်ကြသလောက်ပါပဲ”
‘မတွေ့ဖြစ်ကြသလောက်ပါပဲ’ ဟု သူမ ဖြေခဲ့သည်။ ထိုသို့ဆိုလျှင် အနည်းဆုံး တစ်ကြိမ်တော့ ဆုံခဲ့ကြဖူးပေမည်။ သို့ဖြင့် ဘယ်အချိန်က နောက်ဆုံးအကြိမ် ဆုံခဲ့ကြသနည်းဟု ကုစာနာဂိက ထပ်မေးလိုက်သည်။
“နောက်ဆုံးတစ်ကြိမ် သူနဲ့ ဆုံခဲ့ကြတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကပဲ”
“အဲဒီကတည်းက သူနဲ့ အဆက်အသွယ် မရတော့တာလား။ ဖုန်းတို့၊ စာတို့နဲရော မဆက်သွယ်ဘူးလား”
“ဟင့်အင်း” ယာစုကိုက ခေါင်းကို အားရှိပါးရှိ ခါယမ်းပြသည်။
ကုစာနာဂိက ခေါင်းညိတ်ပြရင်း အခန်းတွင်း အခြေအနေများကို အကဲခတ်ကြည့်သည်။ ထာထားမိ မြက်ဖျာကြမ်းခင်းများ ခင်းထားသည့် ဂျပန်ရိုးရာ ပုံစံဖြင့် ရှိနေသော တိုက်ခန်းကျဉ်းကလေး ဖြစ်သည်။ အခန်းမှာ အိုဟောင်းနေပြီ ဖြစ်သော်လည်း အခန်းတွင်းမှာ သန့်ရှင်းသပ်ရပ်၍ မျက်စိပသာဒ ရှိနေသည်။ အပူပေးစားပွဲပေါ်တွင်လည်း လိမ္မော်သီးတစ်ပန်းကန် ချထားသည်။ နံရံတစ်ဘက်တွင် မှီ၍ ထောင်ထားသော ကြက်တောင်ရိုက်ဘက်တံ တစ်ချောင်းကို မြင်တွေ့လိုက်ရသောအခါ ကုစာနာဂိသည် သူ၏ ငယ်ဘဝကို သတိရ အောက်မေ့သွားသည်။ တက္ကသိုလ် ကျောင်းသားဘဝက သူသည်လည်း ကြက်တောင်ရိုက်အသင်းတွင် ပါဝင်ကစားခဲ့ဖူးသည်။
“မစ္စတာတိုဂါရှိ ဆုံးတာ မတ်လ ၁၀ ရက်နေ့ ညကပါ” ကုစာနာဂိက ပြောသည်။ “ဒီရက်စွဲနဲ့ ကျူး-အီဒိုဂါဝါ မြစ်ကမ်းအကြောင်း ကြားရတော့ ခင်ဗျား ဘာများ စဉ်းစားမိတာ ရှိသလဲ။ အသေးအမွှား ကိစ္စပဲ ဖြစ်ပါစေ၊ ကျွန်တော်တို့ရဲ့ ထောက်လှမ်းမှုအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်”
“အဲဒီနေ့က ကျွန်မတို့အတွက် ဘာမှ ထူးခြားတဲ့ နေ့တစ်နေ့တော့ မဟုတ်ဘူး။ ပြီးတော့ သူ အခုတလော ဘယ်လိုနေထိုင်သွားလာနေတယ် ဆိုတာကိုလည်း ကျွန်မ နည်းနည်းမှ မသိဘူး”
ယာစုကို၏ အမူအရာအရ စိတ်ကသိကအောက် ဖြစ်နေကြောင်း သိသာထင်ရှားနေသည်။ မိမိ၏ ခင်ပွန်းဟောင်းအကြောင်းကို စိတ်လိုလက်ရ ပြန်လှန် ဆွေးနွေးလိုသောသူမှာ အင်မတန်မှ ရှားပေလိမ့်မည်။ သို့သော် ယာစုကိုသည် ဤလူသတ်မှုနှင့် ပတ်သက်မှု ရှိမရှိ ဆိုသည့်အချက်ကိုမူ ကုစာနာဂိအနေဖြင့် လတ်တလော ကောက်ချက်ချ၍ မဖြစ်နိုင်သေးပေ။ ယနေ့ ဤမျှဖြင့် လုံလောက်ပြီဟု သူ ယူဆသည်။ အိမ်သို့ ပြန်ရန်သာ ရှိတော့သည်။ သို့သော် အချက်တစ်ချက်ကိုတော့ အတည်ပြုရပေဦးမည်။
“မတ်လ ၁၀ ရက်နေ့က ခင်ဗျား အိမ်မှာ ရှိသလား” ကုစာနာဂိသည် မှတ်စုစာအုပ်ကို အိတ်ကပ်ထဲ ပြန်ထည့်ရင်း မေးလိုက်သည်။ ခရီးသွားဟန်လွဲ မေးလိုက်သည့် သဘောဖြင့် အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထားလိုက်သည်။
သို့သော် သူ၏ ကြိုးပမ်းမှုမှာ အရာမထင်ခဲ့။ ယာစုကို၏ မျက်ခုံးများ ပင့်တက်သွားပြီး မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် ညှိုးရော်လာသည်။
“ကျွန်မ အဲဒီနေ့က ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို မခြွင်းမချန် ပြောပြဖို့ လိုလိမ့်မယ် ထင်တယ်။ ဟုတ်လား”
ကုစာနာဂိက သူမကို ကြည့်ရင်း ပြုံးပြလိုက်သည်။
“အဲဒီလောက်လည်း အတွေး မလွန်ပါနဲ့ဗျာ။ ဒါပေမယ့် ခင်ဗျားဘက်က အတိအကျ ပြောနိုင်လေလေ ကျွန်တော်တို့အတွက် အသုံးဝင်လေလေပါပဲ”
“ဒါဆို ခဏစောင့်ပါဦး”
ယာစုကိုသည် ကုစာနာဂိ၏ နောက်ကျောဘက်တွင် ရှိသော နံရံကို စိုက်ကြည့်နေသည်။ ၎င်းနေရာတွင် ပြက္ခဒိန်တစ်ခု ချိတ်ဆွဲထားပုံ ရသည်ဟု သူ တွေးမိသည်။ ယင်းပြက္ခဒိန်ကို နောက်လှည့်ကြည့်ချင်စိတ် တဖွားဖွား ပေါ်နေသော်လည်း သူ အောင့်အည်းထားလိုက်သည်။
“၁၀ ရက်နေ့ မနက်က ကျွန်မ အလုပ်သွားတယ်။ ညနေ အလုပ်က ပြန်ရောက်တော့ သမီးနဲ့အတူ အပြင် ထွက်လည်ကြတယ်” ယာစုကိုက ပြန်ဖြေသည်။
“ခင်ဗျားတို့ ဘယ်ကို သွားကြတာလဲ”
“ရုပ်ရှင် သွားကြည့်တာပါ။ ကင်ရှိချိုမှာ ရှိတဲ့ ရာကုတန်ချီမှာ ကြည့်တာ”
“ဘယ်အချိန်လောက်မှာ အိမ်ကနေ ထွက်တာလဲ။ အကြမ်းဖျင်း ပြောရင် ရပါပြီ။ ပြီးတော့ ခင်ဗျားတို့ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကားနာမည်ကို ပြောပြနိုင်ရင် ပိုပြီး အဆင်ပြေမယ်”
“ကျွန်မတို့ ၆ နာရီခွဲ ဝန်းကျင်လောက် အိမ်က ထွက်တယ်။ ရုပ်ရှင်ကားနာမည်က —–”
ထိုရုပ်ရှင်ကားကို ကုစာနာဂိလည်း ကြားဖူးသည်။ အမေရိကန် ဟောလိဝုဒ်မှ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ယခုအခါ အပိုင်း ၃ ကို ရုံသွင်းပြသလျက် ရှိသည်။
“ရုပ်ရှင်ပြီးတာနဲ့ အိမ်တန်းပြန်ကြတာလား”
“ကျွန်မတို့ အဲဒီတိုက်ပေါ်မှာ ရှိတဲ့ ခေါက်ဆွဲဆိုင်မှာ ညစာဝင်စားပြီး သီချင်းသွားဆိုကြတယ်”
“သီချင်း … ကာရာအိုကေ သွားဆိုတာလား”
“ဟုတ်တယ်။ သမီးက အတင်း ပူဆာနေတာနဲ့ သွားလိုက်တာ”
“ဪ … ခင်ဗျားတို့ အမြဲတမ်း အဲဒီလိုပဲ အတူ လျှောက်သွားတတ်တာလား”
“နှစ်လကို တစ်ကြိမ်လောက်ပေါ့”
“ဘယ်လောက်ကြာကြာ သီချင်းဆိုခဲ့ကြတာလဲ”
“ပုံမှန်အားဖြင့် တစ်နာရီခွဲလောက်ပါပဲ။ နို့မို့ အိမ်ပြန်တာ အရမ်း နောက်ကျနေတော့မှာ”
“ရုပ်ရှင်ကြည့်တယ် … ညစာစားတယ် … ကာရာအိုကေဆိုတယ် … ခင်ဗျားတို့ အိမ်ပြန်ရောက်တော့ …….”
“၁၁ နာရီ ကျော်လောက်ပြီ။ အတိအကျတော့ ကျွန်မ မမှတ်မိဘူး”
ကုစာနာဂိက ခေါင်းညိတ်နေသည်။ သို့သော် တစ်နေရာရာတွင် လွဲမှားနေသည်ဟု သူ ယူဆမိသည်။ ထိုသို့ ယူဆနေမိသော်လည်း အကြောင်းအရင်းကို သူကိုယ်တိုင်ပင် ရှင်းမပြတတ်ပေ။
ကာရာအိုကေဆိုင်၏ နာမည်ကို မေးမြန်းပြီးနောက် သူတို့ ထိုအိမ်မှ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။
“ကြည့်ရတာ အမှုနဲ့ ဘယ်လိုမှ မပတ်သက်နိုင်ဘူး” အခန်း ၂၀၄ မှ ထွက်လာသည်နှင့် ကိရှိတာနိက တိုးညင်းသော အသံဖြင့် ပြောလေသည်။
“ပြောဖို့ ခက်တယ်”
“သားအမိနှစ်ယောက်က အတူတူ သီချင်းသွားဆိုကြတယ်တဲ့။ မိုက်တယ်။ ဒီခေတ်ကြီးထဲမှာ အဲဒီလို သူငယ်ချင်းပေါင်း ပေါင်းတတ်တဲ့ သားအမိမျိုးက ရှာမှ ရှားသွားပြီ” ကိရှိတာနိ၏ လေသံအရ သူသည် ဟာနာအိုကာ ယာစုကိုကို နည်းနည်းမျှ သံသယရှိပုံ မရကြောင်း ပေါ်လွင်နေသည်။
ထိုစဉ် လူတစ်ယောက်သည် လှေကားမှ အပေါ်သို့ တက်လာနေသည်။ အရိုးအဆစ် ခိုင်မာသော သက်လတ်ပိုင်း ယောက်ျားတစ်ယောက်။ သူတို့သည် ထိုအမျိုးသားကို ဦးစားပေးသည့် အနေဖြင့် လမ်းလျှောက်နေရာမှ ရပ်လိုက်ကြသည်။ ထိုသူသည် အခန်း ၂၀၃ ၏ တံခါးကို ဖွင့်ပြီး အခန်းထဲသို့ ဝင်သွားသည်။
ကုစာနာဂိနှင့် ကိရှိတာနိတို့သည် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ပြန် လှည့်လာကြသည်။
အခန်း ၂၀၃ ၏ တံခါးပေါ်တွင် ‘အိရှိဂါမိ’ ဟူသော နာမည်ကတ်ပြားကို ချိတ်ဆွဲထားသည်။ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်နှင့် စောစောက အမျိုးသားသည် တံခါးကို လာဖွင့်ပေးသည်။ ထိုသူသည် အပေါ်ဝတ် ကုတ်အင်္ကျီကို ချွတ်ထားပြီး ဆွယ်တာနှင့် ဘောင်းဘီရှည်တို့ကိုသာ ဝတ်ဆင်ထားသည်။
သူသည် မျက်နှာသေဖြင့် ကုစာနာဂိနှင့် ကိရှိတာနိတို့ကို တစ်လှည့်စီ ကြည့်နေသည်။ သဘာဝအရ ဆိုလျှင် ယခုလိုအချိန်မျိုး၌ အံ့ဩသော အမူအရာ သို့မဟုတ် သံသယရှိသော အမူအရာ တစ်မျိုးမျိုးကို ပြသနေရမည်။ သို့သော် ထိုသူ၏ မျက်နှာပြင်ပေါ်တွင် မည်သို့သော ခံစားချက်ကိုမျှ ရှာမတွေ့ပေ။
“အခုလို ညကြီးမိုးချုပ်မှာ အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို အကူအညီ ပေးနိုင်မလား မသိဘူး” ကုစာနာဂိသည် ပြုံးလျက် သူ၏ ရဲသက်သေခံကတ်ပြားကို ထုတ်ပြလိုက်သည်။
ယခုအချိန်ထိ ထိုအမျိုးသား၏ မျက်နှာပေါ်မှ ကြွက်သားများသည် စိုးစဉ်းမျှ လှုပ်ရှားသွားခြင်း မရှိသေးချေ။ ကုစာနာဂိက ရှေ့တစ်လှမ်း တိုးလိုက်သည်။ “မကြာစေရပါဘူး။ ကျွန်တော် မေးခွန်းလေး နည်းနည်း မေးချင်လို့ပါ”
ထိုသူက သူ၏ သက်သေခံကတ်ပြားကို မမြင်လိုက်ခြင်းသာ ဖြစ်ရမည်ဟု ထင်မှတ်သောကြောင့် ထိုသူ၏ အရှေ့သို့ သူ၏ သက်သေခံကတ်ပြားကို ထိုးပေးလိုက်ပြန်သည်။
“ဘာကိစ္စလဲ” အမျိုးသားက ကတ်ပြားကို တစ်ချက်ကလေးမျှ မကြည့်ဘဲ မေးခွန်းထုတ်လာသည်။ ကုစာနာဂိတို့ နှစ်ယောက်ကို ရဲများဖြစ်ကြောင်း သူ သိရှိထားပြီးပုံ ရသည်။
ကုစာနာဂိသည် အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံ ဆွဲထုတ်လိုက်သည်။ တစ်ပတ်ရစ်ကား အရောင်းဆိုင်တွင် အလုပ်လုပ်ခဲ့စဉ်က တိုဂါရှိ၏ ဓာတ်ပုံ ဖြစ်သည်။
“ဒီဓာတ်ပုံကတော့ နည်းနည်း ဟောင်းနေပြီ။ ခင်ဗျား ဓာတ်ပုံထဲကလူကို မြင်ဖူးလား မသိဘူး”
ထိုသူသည် ဓာတ်ပုံကို အတန်ငယ် စိုက်ကြည့်နေပြီးနောက် ခေါင်းမော့၍ ကုစာနာဂိကို ကြည့်သည်။
“မသိဘူး”
“ဟုတ်မှာပါပဲ။ ဒါဆို သူနဲ့ ဆင်ဆင်တူတဲ့ လူကိုရော မြင်ဖူးလား မသိဘူး”
“ဘယ်နေရာမှာလဲ”
“ဥပမာ ဒီပတ်ဝန်းကျင်မှာပေါ့”
ထိုသူက ဓာတ်ပုံကို နောက်တစ်ကြိမ် စိုက်ကြည့်နေပြန်သည်။ ကြည့်ရသည်မှာ ဘာမျှ မျှော်လင့်စရာ မရှိ။ ကုစာနာဂိက တွေးနေသည်။
“မသိဘူး” ထိုအမျိုးသားက ပြောသည်။ “တကယ်လို့သာ လမ်းလျှောက်ရင်း ကိုယ့်ဘေးနားက ဖြတ်လျှောက်သွားတာမျိုး ဆိုရင်တော့ ကျွန်တော်က သူများမျက်နှာကို လိုက်မှတ်ထားလေ့ မရှိဘူး”
“ဪ” နောက်ပြန်လှည့်ပြီး ထိုသူအား မေးခွန်းလာမေးမိသည်ကိုပင် နောင်တရလာမိသည်။ “ဒါနဲ့ ခင်ဗျားက အမြဲတမ်း ဒီလိုအချိန်မျိုးမှ အိမ်ပြန်လာတတ်တာလား”
“မဟုတ်ဘူး။ ဘယ်နေ့လဲ ဆိုတာပေါ် မူတည်တာပေါ့။ အသင်း လှုပ်ရှားမှု ရှိတဲ့နေ့ဆိုရင်တော့ နောက်ကျတတ်တယ်”
“အသင်း …”
“ကျွန်တော်က ဂျူဒိုနည်းပြပါ။ သင်တန်းပြီးရင် ခန်းမတံခါးတွေ ပိတ်ရတာကလည်း ကျွန်တော့်အလုပ်ပဲ”
“ဪ … ခင်ဗျားက ကျောင်းဆရာလား”
“ဟုတ်တယ်။ အထက်တန်းကျောင်းဆရာပါ” ထိုသူက သူ၏ ကျောင်းနာမည်ကို ပြောပြသည်။
“တစ်နေကုန်လုံး အလုပ်ပင်ပန်းလာတာကို ကျွန်တော်တို့က အနှောင့်အယှက် ပေးနေမိပြီ။ ဆောရီးပါဗျာ” ကုစာနာဂိက ဦးညွတ်၍ တောင်းပန်လိုက်သည်။
ထိုစဉ် တံခါး ဝင်ပေါက်ဝတွင် အထပ်လိုက် ပုံနေသော သင်္ချာစာအုပ်များကို လှမ်းမြင်လိုက်ရသည်။ သင်္ချာဆရာပင် ဖြစ်ရပေမည်။ ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ ခေါင်းထဲတွင် မူးဝေဝေ ဖြစ်လာသည်။ ကျောင်းသားဘဝက သူ ဒူးတုန်အောင် ကြောက်ခဲ့ရသော ဘာသာရပ်တစ်ခု။
“ဒါနဲ့ ခင်ဗျားက မစ္စတာ အိရှိဂါမိလား။ တံခါးဝမှာ အဲဒီလို တွေ့မိသလားလို့”
“ဟုတ်ပါတယ်။ ကျွန်တော် အိရှိဂါမိပါ”
“မစ္စတာအိရှိဂါမိ၊ မတ်လ ၁၀ ရက်နေ့ ညက ခင်ဗျား ဘယ်အချိန်လောက် အိမ်ပြန်ရောက်တာလဲ”
“မတ်လ ၁၀ ရက်နေ့ … အဲဒီနေ့က ဘာဖြစ်လို့လဲ”
“ခင်ဗျားနဲ့ မပတ်သက်ပါဘူး။ ကျွန်တော်တို့ အဲဒီနေ့နဲ့ ဆိုင်တဲ့ အချက်အလက်တချို့ကို စုံစမ်းနေလို့ပါ”
“မတ်လ ၁၀ ရက်နေ့ ……” အိရှိဂါမိသည် အဝေးသို့ ငေးကြည့်နေပြီးနောက် တစ်ခဏအကြာတွင် သူ၏အကြည့်က ကုစာနာဂိအပေါ် ကျရောက်လာပြန်သည်။ “အဲဒီနေ့က ကျောင်းဆင်းတာနဲ့ ကျွန်တော် အိမ်ကို တန်းပြန်လာတာပဲ။ ၇ နာရီ ပတ်ဝန်းကျင်လောက်ပေါ့”
“အဲဒီအချိန်က ခင်ဗျားအခန်းဘေးမှာ ဘာအသံမှ မကြားရဘူးလား”
“အခန်းဘေး”
“မစ္စဟာနာအိုကာတို့ အခန်းကို ပြောတာပါ” ကုစာနာဂိက အသံကို နှိမ့်၍ ပြောလိုက်သည်။
“မစ္စဟာနာအိုကာက ဘာဖြစ်နေလို့လဲ”
“အဲ … မဟုတ်ပါဘူး။ ကျွန်တော်တို့က အချက်အလက် စုဆောင်းနေတဲ့ သဘောပါ”
သံသယဝင်နေသော အမူအရာများက အိရှိဂါမိ၏ မျက်နှာပေါ်တွင် စတင် ထင်ဟပ်လာသည်။ ဘေးအိမ်မှ သားအမိနှစ်ယောက် အကြောင်းကို တောင်တောင်ဤဤ တွေးတောနေခြင်းလည်း ဖြစ်ကောင်း ဖြစ်ပေမည်။ အခန်းတွင်း အခြေအနေကို ကြည့်ခြင်းအားဖြင့် အိရှိဂါမိသည် လူလွတ်တစ်ယောက် ဖြစ်ကြောင်း တွက်ဆနိုင်သည်။
“ကျွန်တော် မမှတ်မိတော့ဘူး။ ဘာမှ ထူးထူးခြားခြား ဖြစ်ပုံ မရပါဘူး” အိရှိဂါမိက ဖြေသည်။
“ဆူညံသံ တစ်ခုခု ဒါမှမဟုတ် စကားပြောသံ တစ်ခုခု မကြားမိဘူးလား”
“အဲ …” အိရှိဂါမိက ခေါင်းကုတ်နေသည်။ “မမှတ်မိဘူး”
“ခင်ဗျားနဲ့ မစ္စဟာနာအိုကာက အတော်လေး ရင်းနှီးကြလား”
“ကျွန်တော်တို့က အိမ်နီးနားချင်းတွေလေ။ မေးထူးခေါ်ပြောကတော့ ရှိတာပေါ့။ အဲဒီလောက်ပါပဲ”
“ဪ … ဆောရီးဗျာ။ အနားယူချိန်မှာ အနှောင့်အယှက် ပေးမိတာ”
“ရပါတယ်” အိရှိဂါမိက ဦးညွတ်လိုက်သည်။ ထို့နောက် သူသည် တံခါးဝ နံဘေးရှိ စာတိုက်ပုံးထဲမှ စာများကို လှမ်းယူနေသည်။ သူ၏ လက်ထဲတွင် ပါသွားသော စာတစ်စောင်ပေါ်မှ ‘အမ်ပီရီယယ်တက္ကသိုလ်’ ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ ကုစာနာဂိ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါနဲ့ ….” ကုစာနာဂိ၏ အသံက တွန့်ဆုတ်နေသည်။ “ခင်ဗျားက အမ်ပီရီယယ် ထွက်လား”
“ဟုတ်တယ်” အိရှိဂါမိ၏ မျက်လုံးများလည်း အနည်းငယ် ပြူးကျယ်သွားသယောင် ထင်ရသည်။ ထို့နောက် စာအိတ်ပေါ်တွင် ရေးထားသော လိပ်စာကို သတိထားမိသွားသည်။ “ဪ … ခင်ဗျားက ဒါကို ပြောတာထင်တယ်။ ဒါ ကျောင်းသားဟောင်းများအသင်းက ထုတ်တဲ့ စာစောင်ပါ။ ဒါက အမှုနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲဗျ”
“မဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းကလည်း အမ်ပီရီယယ်ဆင်း မို့လို့ပါ”
“ဪ ဒီလိုလား”
“ဆောရီးဗျာ။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး” ကုစာနာဂိက နောက်ထပ်တစ်ကြိမ် ဦးညွတ်၍ အရိုအသေပြုလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
“အာစရိလည်း အမ်ပီရီယယ် ကျောင်းထွက်ပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ တဲ့တိုး မပြောလိုက်ရတာလဲ” တိုက်ခန်းမှ ထွက်လာကြပြီးနောက် ကိရှိတာနိက မေးသည်။
“အဲဒီလူရဲ့ အမူအရာကို ကြည့်ပြီး ပြောချင်စိတ် မရှိတော့လို့ကွာ။ သူက သိပ္ပံသမားပဲ ဖြစ်လိမ့်မယ်”
“အာစရိက သိပ္ပံသမားတွေနဲ့ မတည့်လို့လား” ကိရှိတာနိက စပ်ဖြဲဖြဲလုပ်၍ မေးသည်။
“ငါ့အနားမှာ ဟိုသိပ္ပံသမားတစ်ယောက် ရှိတာနဲ့တင် အတော် လုံလောက်နေပြီ” ကုစာနာဂိသည် ယုကာဝါ မနာဘု၏ မျက်နှာကို မြင်ယောင်လာလေသည်။
****
ရဲအရာရှိများ ထွက်သွားပြီး ၁၀ မိနစ်ခန့်မျှ စောင့်ပြီးနောက် အိရှိဂါမိသည် အိမ်ခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် တစ်ဘက်ခန်းသို့ လှမ်းကြည့်လိုက်သည်။ အခန်း ၂၀၄ တွင် မီးရောင်ကို မြင်ရသောအခါမှ အောက်ထပ်သို့ ဆင်းသွားသည်။
လူသူ အရောက်အပေါက်နည်းပြီး အလွယ်တကူ သတိမထားမိနိုင်သော အများသုံး ဖုန်းရုံသို့ ရောက်ရန် ဆယ်မိနစ်ခန့်မျှ လမ်းလျှောက်လိုက်ရသည်။ သူ့တွင် လက်ကိုင်ဖုန်း ရှိသည်။ အခန်းတွင် ကြိုးဖုန်း ရှိသည်။ သို့သော် ၎င်းတို့ကို အသုံးမပြုခြင်းက အကောင်းဆုံး ဖြစ်မည်ဟု သူ ယူဆသည်။
သူသည် လမ်းလျှောက်ရင်း ရဲနှင့် ပြောဆိုခဲ့သည့် စကားများကို ပြန်လည် ဆင်ခြင်ကြည့်နေမိသည်။ သူသည် ဤအမှုနှင့် တစ်နည်းတစ်ဖုံ ပတ်သက်စပ်ဆိုင်နေပါသည် ဟူသော အထောက်အထားမျိုး ရရှိနိုင်ရန် မည်သည့် သဲလွန်စကိုမျှ မပေးမိကြောင်း သူ ယုံကြည်သည်။ သို့သော် မိုးမပြို၊ ပြိုခဲ့သည် ရှိသော် ဟူသော အတွေးဖြင့် သူ ကြိုတင် ပြင်ဆင်ထားရမည်။ ရုပ်အလောင်းကို သုတ်သင်ရှင်းလင်းရန်အတွက် အမျိုးသားတစ်ဦးဦး၏ အကူအညီကို လိုအပ်မည် ဖြစ်ကြောင်း ရဲဘက်မှ တွေးဆထားပြီး ဖြစ်ပေမည်။ သို့ဆိုလျှင် ဟာနာအိုကာ သားအမိ၏ အနီးအနားရှိ လူများထဲမှ မည်သည့် ယောက်ျားသည် သူတို့အတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆောင်ရွက်ပေးနိုင်ခြေ ရှိသနည်း ဆိုသည်ကို အကဲခတ်ကြပေလိမ့်မည်။ သူကဲ့သို့သော သင်္ချာဆရာသည်လည်း သူတို့၏ အိမ်နီးနားချင်း ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ရဲများ၏ အာရုံစိုက်မှုကို ခံလာရနိုင်သည်။
ယနေ့မှ စ၍ ယာစုကို၏ အိမ်သို့သွားပြီး သူမနှင့် တွေ့ဆုံခြင်းမှာ အန္တရာယ် များလှသည်။ ဖြစ်နိုင်လျှင် အခန်းရှေ့ စင်္ကြံလမ်းတွင် မတော်တဆ ဆုံမိကြခြင်းကိုပင် တတ်နိုင်သမျှ ရှောင်လွှဲနိုင်အောင် ကြိုးစားရမည်။ အိမ်ထဲမှ ကြိုးဖုန်းဖြင့် မဆက်သွယ်ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သည်။ ဟာနာအိုကာ ယာစုကိုထံသို့ ဆက်သွယ်ထားသည်ကို ဖုန်းခေါ်မှတ်တမ်းများအရ ရဲဘက်မှ စုံစမ်းသိရှိသွားနိုင်သည်။
ဘန်တန်တိုင်ကိုရော ….. ။
ထိုကိစ္စနှင့် ပတ်သက်ပြီး သူ ဆုံးဖြတ်ချက် မကျသေးပေ။ ဓမ္မဓိဋ္ဌာန်ကျကျ တွေးကြည့်မည် ဆိုလျှင် လတ်တလော အချိန်တွင် ထိုနေရာသို့ မသွားခြင်းက အကောင်းဆုံး ဖြစ်မည်။ သို့သော် ရဲဘက်ကလည်း ထိုဆိုင်သို့ မကြာခင် သွားရောက် စုံစမ်းကြပေလိမ့်မည်။ ထိုအခါ ဆိုင်ရှိ တခြားလူများထံမှ သူ့အကြောင်း ကြားသိသွားနိုင်သည်။ ဟာနာအိုကာ ယာစုကို၏ အိမ်ဘေးမှ သင်္ချာဆရာသည် သူတို့ဆိုင်တွင် နေ့တိုင်း ထမင်းဟင်း လာဝယ်တတ်ကြောင်း သိရှိသွားမည်။ အကယ်၍ အမှုဖြစ်ပြီးမှ ရုတ်တရက် ပျောက်သွားခဲ့သည် ဆိုလျှင် ပို၍ပင် သံသယဝင်စရာ ဖြစ်မနေဘူးလော။ သံသယ မဝင်ရလေအောင် ယခင်မူလအတိုင်း ဘန်တန်တိုင်သို့ ဟန်မပျက် ဝင်ထွက်နေသည်က ပို၍ သဘာဝကျနိုင်သည် မဟုတ်ပါလော။
ဤမေးခွန်းနှင့် ပတ်သက်၍ ယုတ္တိရှိသော ကျိုးကြောင်းညီညွတ်သော အဖြေတစ်ခု ပေးနိုင်လိမ့်မည်ဟု အိရှိဂါမိက သူ့ကိုယ်သူ ယုံကြည်ရန် ခဲယဉ်းနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အတွင်းစိတ်ထဲတွင် သူသည် ဘန်တန်တိုင်သို့ တစ်ရက်မပြတ် သွားချင်နေသည်။ ဘန်တန်တိုင်သည် သူနှင့် ယာစုကိုတို့၏ ဆုံမှတ်ဖြစ်သည်။ ထိုနေရာသို့ မသွားလျှင် ယာစုကို၏ မျက်နှာတော်ကို ဖူးမျှော်ခွင့် ရတော့မည် မဟုတ်။
အများသုံး ဖုန်းရုံသို့ ရောက်သောအခါ ဖုန်းကတ်ကို ဖုန်းထဲသို့ ထိုးထည့်လိုက်သည်။ ဖုန်းကတ်ပေါ်တွင် လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာတစ်ဦး၏ ကလေးရုပ်ပုံလွှာကို ရိုက်နှိပ်ထားသည်။
သူသည် ယာစုကို၏ လက်ကိုင်ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ အိမ်ရှိ ကြိုးဖုန်းကို ခိုးနားထောင်ရန် ရဲဘက်မှ ပြင်ဆင်ထားပြီးလောက်ပြီ။ အများပြည်သူ၏ ဖုန်းအပြောအဆိုကို ရဲဘက်မှ ခိုးနားထောင်ခြင်း မရှိပါဟု တရားဝင် ထုတ်ပြန်ထားသော်လည်း ထိုစကားကို သူ့အနေဖြင့် အယုံအကြည် မရှိပေ။
“ဟယ်လို” ယာစုကို၏ အသံ ထွက်ပေါ်လာသည်။ သူမထံသို့ ဆက်သွယ်လျှင် အများသုံးဖုန်းဖြင့်သာ ဆက်သွယ်မည်ဟု အိရှိဂါမိက သူမအား ပြောကြားထားပြီး ဖြစ်သည်။
“ကျွန်တော် အိရှိဂါမိပါ”
“ဟုတ်”
“စောစောက ရဲတွေ ကျွန်တော့်ဆီ ရောက်လာသေးတယ်။ ခင်ဗျားဆီလည်း လာသွားမယ် ထင်တယ်”
“ဟုတ်၊ စောစောက ရောက်လာကြတယ်”
“သူတို့ ဘာတွေ မေးသေးလဲ”
အိရှိဂါမိသည် ယာစုကို ပြောသမျှ စကားအခွန်းတိုင်းကို အသေအချာ နားထောင်ပြီး ဦးနှောက်တွင် ခွဲခြမ်းစိတ်ဖြာ၍ မှတ်တန်ရာ မှတ်နေသည်။ လက်ရှိအနေအထားအရ ယာစုကိုကို ရဲဘက်က သံသယ မဝင်သေးကြောင်း ထင်ရှားနေသည်။ သူမ၏ တစ်နေ့တာ သွားလာမှု အချိန်စာရင်းကို မေးမြန်းခြင်းမှာလည်း သူတို့၏ လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်ပေလိမ့်မည်။ အမှုသည်နှင့် ပတ်သက်နေသူ တစ်ဦးအကြောင်းကို သိရှိထားရန် စုံစမ်းထားရုံမျှသာ။ ထို့ထက် ဘာမျှ မပို။
သို့သော် တိုဂါရှိ၏ သွားလာလှုပ်ရှားမှု မှတ်တမ်းကို ဖော်ထုတ်နိုင်ပြီး ယာစုကိုထံသို့ သူ ရောက်လာခဲ့ကြောင်းကို သိရှိသွားခဲ့ပါမူ သူမ နောက်တစ်ကြိမ် ကြုံတွေ့လာရနိုင်သည့် စုံစမ်းစစ်ဆေးမှုသည် ဤမျှ သက်သောင့်သက်သာ ရှိနိုင်တော့မည် မဟုတ်ပေ။ သူမနှင့် တိုဂါရှိတို့ တွေ့ဆုံခဲ့ခြင်း မရှိ ဟူသောအချက်ကို အထောက်အထားနှင့်တကွ အပေါက်အကြား မရှိအောင် တင်ပြနိုင်မှ လွတ်လမ်းမြင်နိုင်ပေမည်။ ကံကောင်းထောက်မစွာဖြင့် ထိုအခြေအနေမျိုးအတွက် သူ အကောင်းဆုံး ပြင်ဆင်ထားခဲ့သည်။ ယာစုကိုကိုလည်း သင်ကြားထားပေးပြီး ဖြစ်သည်။
“သမီးနဲ့ကော ရဲတွေ တွေ့ကြသေးတာလား”
“ဟင့်အင်း၊ မီစာတိုက အိပ်ခန်းထဲမှာ နေနေတာ”
“သူတို့ မကြာခင် သူ့ကိုပါ မေးခွန်းတွေ မေးလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ပြောပြထားပြီးသားနော်”
“ဟုတ်။ ဆရာပြောတာ အင်မတန်မှ ပြည့်စုံပါတယ်။ သူ အဆင်ပြေလိမ့်မယ်လို့ ကျွန်မ ထင်တယ်”
“ကျွန်တော် နောက်တစ်ခေါက် ထပ်ပြောပါရစေ။ နားငြီးတယ်လို့လည်း မအောက်မေ့ပါနဲ့။ ခင်ဗျားတို့ ဘာမှ ဟန်ဆောင်ပန်ဆောင် လုပ်နေစရာ မလိုဘူး။ တစ်ဘက်လူရဲ့ မေးခွန်းကို မေးသမျှ ဖြေပေးလိုက်ရုံပဲ”
“ဟုတ်၊ သမီးကိုလည်း ကျွန်မ ပြောပြထားပါတယ်”
“ပြီးတော့ ခင်ဗျား ရဲတွေကို ရုပ်ရှင်ရုံလက်မှတ်တွေ ပြလိုက်သေးလား”
“ဟင့်အင်း။ ဆရာ မှာထားတဲ့အတိုင်း သူတို့က မတောင်းလို့ မပြလိုက်ဘူး”
“ကောင်းတယ်။ ခင်ဗျား အဲဒီလက်မှတ်တွေကို ဘယ်မှာ ထားထားတာလဲ”
“အံဆွဲထဲမှာ”
“လက်ကမ်းကြော်ငြာ စာရွက်ထဲမှာ ညှပ်ထားပါ။ ဘယ်သူကမှ ကြည့်ပြီးသား ရုပ်ရှင်လက်မှတ်ကို တကူးတက သိမ်းထားမှာ မဟုတ်ဘူး။ အံဆွဲထဲမှာ ဒီအတိုင်း ထားထားရင် သံသယဝင်စရာ ဖြစ်နေလိမ့်မယ်”
“ကျွန်မ သဘောပေါက်ပါပြီ”
“ပြီးတော့” အိရှိဂါမိက တံတွေးကို မျိုချလိုက်သည်။ ဖုန်းလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ “ဘန်တန်တိုင်က လူတွေက ကျွန်တော် ဆိုင်ကို အမြဲ ရောက်နေတာ သိကြလား”
“ရှင်” ထိုအမေးစကားကြောင့် ယာစုကို ကြောင်အမ်းအမ်း ဖြစ်သွားသည်။
“ဒီလိုပါ။ ခင်ဗျားရဲ့ ဘေးအိမ်က ယောက်ျားတစ်ယောက်ဟာ ခင်ဗျားတို့ ဆိုင်မှာ နေ့တိုင်း လာအားပေးနေတယ် ဆိုတဲ့ ကိစ္စအပေါ် သူတို့ ဘယ်လို မြင်ကြသလဲ။ ဒီအချက်က အင်မတန် အရေးကြီးပါတယ်။ ကျွန်တော့်ကို အမှန်အတိုင်း ပြောပြပေးပါ”
“အဲ …. သူဌေးက ပြောတယ်။ ဆရာအခုလို အမြဲ လာအားပေးနေတဲ့အတွက် သူတို့ ဝမ်းသာလို့ မဆုံးပါဘူးတဲ့”
“ကျွန်တော်က ခင်ဗျားနဲ့ အိမ်နီးချင်းဆိုတာကို သူတို့ သိကြတယ်လား”
“ဟုတ် …. ဒါနဲ့ ဒီကိစ္စက ဘာများ ပြဿနာ ရှိလို့လဲ”
“မပူပါနဲ့။ အဲဒီကိစ္စကို ကျွန်တော့်တာဝန် ထားပါ။ ခင်ဗျားသာ ကျွန်တော်တို့ တိုင်ပင်ထားတဲ့အတိုင်း လုပ်ဖို့ မမေ့ပါနဲ့။ သဘောပေါက်တယ်မလား”
“ဟုတ်”
“ဒါဆို ဒါပဲလေ” အိရှိဂါမိသည် ဖုန်းလက်ကိုင်ကို နားမှ ခွာလိုက်သည်။
“အဲ … မစ္စတာ အိရှိဂါမိ၊ ခဏနေပါဦး” ယာစုကိုက လှမ်းခေါ်လိုက်သည်။
“ကိစ္စရှိသေးလို့လား”
“ကျွန်မတို့အတွက် ဒုက္ခခံပြီး အစစအရာရာ စဉ်းစားစီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ဆရာရဲ့ ကျေးဇူးတွေကို ကျွန်မတို့ သားအမိ ဒီတစ်သက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး”
“ရပါတယ်” တစ်ခဏတာ ငြိမ်သက်သွားသည်။ “ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်” အိရှိဂါမိသည် ဖုန်းကို ချလိုက်သည်။
ယာစုကို၏ ကျေးဇူးတင်စကားကို ကြားလိုက်ရသောအခါ သူ့ရင်ထဲ နွေးခနဲ ဖြစ်သွားရသည်။ ယခုအချိန်ထိ သူ့မျက်နှာပေါ်တွင် သွေးရောင်များ လွှမ်းနေပြီး ကိုယ်ခန္ဓာတွင်လည်း ချွေးများပင် စို့ချင်သလိုလို ဖြစ်နေသည်။ ည၏ လေပြည်ညင်းက တစ်ချက် ဝေ့လိုက်သောကြောင့် သူ့ရင်ထဲ သိမ့်ခနဲ ဖြစ်သွားလေသည်။
အိရှိဂါမိသည် ရင်ထဲတွင် ပီတိအလျှံ တရှိန်ရှိန်ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် သူ၏ တွက်ကိန်းထဲတွင် ဘန်တန်တိုင်ကို ထည့်တွက်ရန် မေ့ကျန်သွားခဲ့သည်ကို သတိရသွားသောအခါ ကြည်နူးစိတ်များ လွင့်ပြယ်သွားလေသည်။
ရဲများ၏ အရှေ့တွင် သူ အမှားတစ်ခု ကျူးလွန်မိခဲ့သည်ဟု သူ သတိထားမိလာသည်။ သူနှင့် ဟာနာအိုကာ ယာစုကိုတို့၏ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ရဲများက မေးခွန်းထုတ်ခဲ့သောအချိန်က မေးထူးခေါ်ပြော အဆင့်သာ ရှိသည်ဟု သူ ဖြေကြားခဲ့သည်။ သူမ အလုပ်လုပ်နေသော ဆိုင်သို့ နေ့စဉ် သွားရောက်၍ ဝယ်ယူအားပေးနေကြောင်းကိုပါ ထိုစဉ်က သူ ပြောထားခဲ့သင့်သည်။
****
“မင်းတို့ ဟာနာအိုကာ ယာစုကိုရဲ့ အလီဘိုင်သက်သေကို စစ်ဆေးပြီးကြပြီလား” မာမီယာသည် ကုစာနာဂိနှင့် ကိရှိတာနိတို့ကို သူ့စားပွဲအနီးသို့ ခေါ်ပြီး လက်သည်းညှပ်ရင်း မေးနေသည်။
“ကာရာအိုကေဆိုင်ကိုတော့ စုံစမ်းပြီးသွားပြီဆရာ” ကုစာနာဂိက ဖြေသည်။ “သူတို့က အဲဒီဆိုင်ရဲ့ ဖောက်သည်တွေပဲ။ ဆိုင်ဝန်ထမ်းတွေက သူတို့ကို မှတ်မိနေကြတယ်။ သူတို့မှာ မှတ်တမ်းလည်း ရှိတယ်။ ည ၉ နာရီ မိနစ် ၄၀ ကနေစပြီး တစ်နာရီခွဲလောက် ဆိုသွားကြတယ်”
“အဲဒီ မတိုင်ခင်ရော”
“သားအမိနှစ်ယောက် ရုပ်ရှင် သွားကြည့်ခဲ့ကြတယ်။ အချိန်အရ ခန့်မှန်းကြည့်ရရင်တော့ ည ၇ နာရီပွဲကို ကြည့်တာ ဖြစ်လိမ့်မယ်။ ရုပ်ရှင်က ၉ နာရီ ၁၀ မိနစ်မှာ ပြီးတယ်။ အဲဒီကနေ သူတို့ ခေါက်ဆွဲဆိုင်ကို သွားခဲ့ကြတယ်။ အချိန်တွေ အားလုံးကတော့ အရှေ့အနောက် ကွက်တိပဲ” ကုစာနာဂိက မှတ်စုစာအုပ်ကို ကြည့်ရင်း အစီရင်ခံနေသည်။
“သူတို့ပြောတာ ယုတ္တိရှိလား၊ မရှိဘူးလား ဆိုတာကို ငါ မသိချင်ဘူး။ ငါ သိချင်တာက မင်းတို့ သူတို့ပြောတာတွေကို မှန်မမှန် စစ်ဆေးပြီးပြီလား။ ငါ အဲဒါပဲ သိချင်တယ်”
ကုစာနာဂိသည် မှတ်စုစာအုပ်ကို ပိတ်ပြီး ပခုံးတွန့်လိုက်သည်။ “အကုန် မစစ်ရသေးဘူး ဆရာ”
“မင်းတို့က အလုပ်ကို ဘယ်လို လုပ်နေကြတာလဲ” မာမီယာက သူ့ကို စိုက်ကြည့်နေရင်း ပြောသည်။
“ဆရာလည်း သိနေတာပဲ။ ရုပ်ရှင်ရုံနဲ့ ခေါက်ဆွဲဆိုင်လို နေရာမျိုးတွေက သက်သေအထောက်အထား ယူဖို့ အင်မတန်မှ ခက်တဲ့ နေရာတွေပဲဟာ”
မာမီယာသည် ကုစာနာဂိ၏ ငြီးတွားရေရွတ်နေသော စကားကို နားထောင်နေပြီးနောက် စားပွဲအံဆွဲထဲမှ လိပ်စာကတ်တစ်ကတ်ကို ထုတ်၍ စားပွဲပေါ် ပစ်တင်လိုက်သည်။ ကတ်ပေါ်တွင် ‘မာရိယန်းကလပ်’ ဟု ရိုက်နှိပ်ထားသည်။ တည်နေရာမှာ ကင်ရှိချိုတွင် ဖြစ်သည်။
“အဲဒါက ဘာလဲ ဆရာ”
“ယာစုကို အရင်က အလုပ်လုပ်ခဲ့တဲ့ နေရာ။ မတ်လ ၅ ရက်နေ့က တိုဂါရှိ အဲဒီကို ရောက်ခဲ့သေးတယ်”
“အသတ်မခံရခင် ၅ ရက်အလိုပေါ့”
“သူ အဲဒီမှာ ယာစုကိုအကြောင်းကို စုံစမ်းပြီးမှ အဲဒီကနေ ထွက်သွားတယ်လို့ ပြောတယ်။ ဒီလောက်ပြောရင် ငါ ဘာကို ဆိုလိုချင်တယ်ဆိုတာ မင်း သဘောပေါက်လောက်ရောပေါ့” မာမီယာသည် သူတို့နှစ်ဦး၏ နောက်ကျောဘက်တွင် ရှိသော တံခါးဝသို့ လက်ညှိုးညွှန်ပြနေသည်။ “သူတို့ရဲ့ အလီဘိုင်ကို သေချာသွားစစ်ချေ။ အပြင်မှာ စစ်လို့ မရဘူးဆိုရင် ယာစုကိုဆီ နောက်တစ်ခါ ထပ်သွားကြ။ သွား မြန်မြန်”