မာတိကာကြည့်ရန်

အခန်း (၈)

ပြောင်လက်နေသော သစ်သားကြမ်းပြင်နှင့် အားကစားဖိနပ်တို့ ပွတ်တိုက်ရာမှ ထွက်ပေါ်လာသည့် အသံများနှင့် ရံဖန်ရံခါ မြည်ဟီးလာသော ‘ဗုန်း’ ဟူသည့် အသံတို့သည် ကုစာနာဂိအတွက် ကျောင်းသားဘဝကို ပြန်လည် လွမ်းဆွတ်စေသည်။

သူသည် အားကစားရုံ အဝင်ဝ၏ အပြင်ဘက်မှနေ၍ အထဲသို့ လှမ်းကြည့်နေသည်။ ယုကာဝါသည် တင်းနစ်ကွင်း၏ အလယ်မျဉ်းအနီးတွင် ဘက်တံကို ကိုင်လျက် ရပ်နေသည်။ တစ်ဘက်လူ၏ စပေးဘောကို လက်ခံရန် အသင့်ပြင်ထားသည်။ သူ၏ ခြေသလုံးကြွက်သားများသည် ကျောင်းသားဘဝကကဲ့သို့ သန်မာထွားကြိုင်းခြင်း မရှိလှသော်လည်း အချိုးအစားမှာ ပျက်ယွင်းခြင်း မရှိသေးပေ။

တစ်ဘက်ပြိုင်ဘက်မှာ ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူ၏ အရည်အချင်းမှာလည်း ခေလှသည် မဟုတ်။ ဝေ့ကာဝိုက်ကာဖြင့် လိမ်ခေါက်၍ ရိုက်တတ်သော ယုကာဝါ၏ ရိုက်ချက်များအကြားတွင် သူက ဣန္ဒြေမပျက်ဘဲ ရိုက်နေနိုင်ခဲ့သည်။

ကျောင်းသား၏ ဆာဗင်က အမှတ်ရသွားသောကြောင့် ပွဲပြီးသွားသည်။ ယုကာဝါသည် ကြမ်းပြင်တွင် ထိုင်လျက် မချိပြုံးပြုံးကာ ကျောင်းသားကို တစ်စုံတစ်ခု လှမ်းပြောနေသည်။

သူသည် နောက်လှည့်ကြည့်၍ ကုစာနာဂိကို မြင်သောအခါ ကျောင်းသားကို နှုတ်ဆက်ပြီး ဘက်တံကို ကိုင်၍ အပြင်သို့ ထွက်လာသည်။ “ဒီနေ့ရော ဘာကိစ္စလဲ”

ကုစာနာဂိက နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ “မင်းမို့လို မေးတတ်ပါလေ့။ မင်းက ငါ့ကို ဖုန်းဆက်ခေါ်ထားတာလေကွာ။ ငါ့ကိုများ ပြောစရာ ရှိလို့လားလို့ မင်းဆီ အမောတကော ပြေးလာခဲ့ရတာ”

“ဪ ထွေထွေထူးထူး မရှိပါဘူး။ ဖုန်းထဲမှာ ဘာမှ မမှာခဲ့ဘူး ဆိုတာကလည်း မင်းကို အနှောင့်အယှက် ဖြစ်နေမှာ စိုးလို့ပါ။ ဖုန်းကိုတောင် ပိတ်ထားတာ ဆိုတော့ အတော် အလုပ်များနေမှာပဲ”

“မင်း ငါ့ဆီ ခေါ်လာတဲ့ အချိန်တုန်းက ရုပ်ရှင်ကြည့်နေတာ”

“ရုပ်ရှင်ကြည့်တယ် … အလုပ်ချိန်ကြီးလေကွာ။ မင်းက အတော် ဇိမ်ကျနေပါလား”

“ဟုတ်မလားကွာ။ အလီဘိုင်သက်သေကို အသေအချာ စစ်ဆေးနိုင်ဖို့အတွက် ဘာရုပ်ရှင်လဲ ဆိုတာ သိထားဖို့ လိုမယ် မဟုတ်လား။ နို့မို့ ဟိုသားအမိပြောတာ မှန်သလား၊ မှားသလား ဘယ်လိုလုပ်ပြီး သိနိုင်တော့မလဲ”

“ဘာပဲဖြစ်ဖြစ် အလုပ်အတွက် ရုပ်ရှင်ကြည့်ရတယ် ဆိုတော့ ဇိမ်ပေါ့ကွာ”

“အလုပ်အတွက် ရုပ်ရှင်ကြည့်ရလို့ပဲ နည်းနည်းမှကို ဖီးမလာဘူး။ ဘာကိစ္စမှ မရှိမှန်း ကြိုသိနေရင် အခုလို တကူးတက ပြေးမလာပါဘူးကွာ။ မင်းတို့ ဓာတ်ခွဲခန်းကို ဖုန်းဆက်လိုက်သေးတယ်။ သူတို့က မင်းကို အားကစားရုံမှာ ရှိနေတယ် ဆိုလို့”

“ရောက်ပြီးမှတော့ကွာ ငါတို့ ထမင်းအတူတူ စားကြရအောင်လား။ တကယ်တော့ မင်းကို ခေါ်တာ အကြောင်းရှိတယ်” ယုကာဝါသည် အားကစားရုံ အပေါက်ဝတွင် အားကစားဖိနပ်ကို ချွတ်၍ ပုံမှန်စီး ဖိနပ်နှင့် လဲလိုက်သည်။

“ဘာကိစ္စလဲ”

“ဟိုကိစ္စလေ” ယုကာဝါက လမ်းလျှောက်ရင်း ပြောသည်။

“ဘယ်က ဟိုကိစ္စလဲ”

ယုကာဝါက ခြေလှမ်းကို တုံ့ရပ်လိုက်ပြီး ဘက်တံဖြင့် ကုစာနာဂိ၏ ကျောကို အသာ ရိုက်လိုက်သည်။ “ရုပ်ရှင်ရုံ ကိစ္စပေါ့”

****

 

သူတို့သည် တက္ကသိုလ်ပရိဝုဏ်အနီးရှိ ဘားဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားသည်။ ကျောင်းတက်စဉ်က ဤဆိုင် မရှိသေးပေ။ သူတို့နှစ်ဦးသည် အတွင်းဘက်အကျဆုံး ထိုင်ခုံကို ရွေး၍ ထိုင်လိုက်ကြသည်။

“ဟိုသားအမိ ရုပ်ရှင်သွားကြည့်ကြတယ် ဆိုတာက အခင်းဖြစ်တဲ့ ၁၀ ရက်နေ့။ သမီးလုပ်သူက ၁၂ ရက်နေ့မှာ အဲဒီအကြောင်းကို သူငယ်ချင်းတစ်ယောက်ဆီ ပြောပြတယ်” ကုစာနာဂိသည် ယုကာဝါကို ဘီယာငှဲ့ပေးရင်း ပြောနေသည်။ “စောစောကပဲ ငါ အဲဒီကိစ္စကို အတည်ပြုကြည့် ပြီးသွားပြီ။ ငါ ရုပ်ရှင်သွားကြည့်တယ် ဆိုတာကလည်း အိမ်စာကြိုလုပ်ထားတဲ့ သဘောပါပဲ”

“သူ့သူငယ်ချင်းဆီက ကြားလာတဲ့အတိုင်းဆိုရင် ဘယ်လို အခြေအနေရှိလဲ”

“ပြောရတော့ ခက်တယ်။ အဲဒီကလေးမရဲ့ စကားတွေအရ သဘာဝ မကျတာ ဘာတစ်ခုမှ မတွေ့ရဘူး”

သူ့သူငယ်ချင်း၏ အမည်မှာ အူအေနို မီကာ ဖြစ်သည်။ မီကာ၏ ပြောစကားအရဆိုလျှင် ဟာနာအိုကာ မီစာတိုသည် မိခင်နှင့်အတူ ရုပ်ရှင် သွားကြည့်ခဲ့ကြောင်း ၁၂ ရက်နေ့က သူမအား ပြောပြခဲ့သည်။ မီကာလည်း ထိုရုပ်ရှင်ကားကို ကြည့်ထားပြီး ဖြစ်သောကြောင့် သူတို့နှစ်ဦးသည် ရုပ်ရှင်နှင့် ပတ်သက်၍ အတော်ကြာအောင် စကားဖောင်ဖွဲ့ခဲ့ကြသည် ဆို၏။

“အခင်းဖြစ်ပြီး နှစ်ရက်နေမှ အဲဒီအကြောင်းကို ပြောတာဆိုတော့ နည်းနည်း သံသယ ဝင်စရာပဲ” ယုကာဝါက ပြောသည်။

“ဟုတ်တယ်။ ရုပ်ရှင်ကြည့်ပြီးလို့ အဲဒီအကြောင်းကို သူငယ်ချင်းနဲ့ အာလူးဖုတ်ချင်တယ် ဆိုရင်လည်း သဘောအရဆိုရင် နောက်တစ်နေ့မှာပဲ ပြောရမှာ မဟုတ်လား။ ဒါကြောင့် ငါရဲ့ အထင်က သူတို့ ၁၁ ရက်နေ့မှာမှ ရုပ်ရှင်ကြည့်ခဲ့ကြတာ ဖြစ်မလားလို့”

“အဲဒီလို ဖြစ်နိုင်လို့လား”

“မဖြစ်နိုင်ဘူးလို့လည်း လုံးဝ ပြောလို့ မရပြန်ဘူး။ အမေက ၆ နာရီအထိ အလုပ်ဆင်းရတယ်။ သမီးက ကြက်တောင်ရိုက် လေ့ကျင့်ပြီးတာနဲ့ အိမ်ကို တန်းပြန်မယ် ဆိုရင် ၇ နာရီပွဲကိုတော့ မီလောက်တယ်။ သူတို့ ၁၀ ရက်နေ့က အဲဒီအစီအစဉ်အတိုင်း ရုပ်ရှင်သွားကြည့်ခဲ့ကြတယ်လို့ ပြောတာပဲ”

“ကြက်တောင် … သူ့သမီးက ကြက်တောင်ရိုက်အသင်း ဝင်ထားတာလား”

“ငါ သူတို့အိမ်ကို ပထမဆုံးအကြိမ် ရောက်တုန်းက အိမ်ခန်းထဲမှာ ဘက်တံတစ်ချောင်း တွေ့ခဲ့တယ်။ အဲဒီကတည်းက ငါ ရိပ်မိတာပဲ။ နောက်ပြီး အဲဒီကြက်တောင်ရိုက်တဲ့ ကိစ္စမှာလည်း သံသယဖြစ်စရာ အချက်တစ်ချက် ရှိတယ်။ မင်းလည်း သိတာပဲ။ အဲဒါက အင်မတန် အားစိုက်ရတဲ့ အားကစားနည်းလေ။ ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေပါစေဦး၊ ကြက်တောင်ရိုက် လေ့ကျင့်ပြီးတာနဲ့ လူက မြော့သွားတာပဲ”

“မင်းလို ကျားကိုးစီး စားမကုန်တဲ့ အားမျိုးရှိရင်တော့ တစ်မျိုးပေါ့ကွာ မဟုတ်ဘူးလား”

“ငါ့စကားကို ဖြတ်မပြောစမ်းပါနဲ့။ အဓိက ငါပြောချင်တာက ….”

“အားကစားလေ့ကျင့်ပြီးလို့ အားအင်ကုန်ခမ်းနေတဲ့ အလယ်တန်း ကျောင်းသူတစ်ယောက်က ရုပ်ရှင်သွားကြည့်ရုံ ဆိုရင် တော်သေးရဲ့။ အခုဟာက ညကြီးသန်းခေါင် ကာရာအိုကေတောင် သွားဆိုလိုက်သေးတာဆိုတော့ အတော်ကို ယုတ္တိမရှိတာပဲ … မင်းပြောချင်တာ အဲဒီလို မဟုတ်လား”

ကုစာနာဂိက ယုကာဝါကို တအံ့တဩ စိုက်ကြည့်နေသည်။ သူ ပြောချင်နေသည်နှင့် ကွက်တိ။

“ဒါပေမယ့် အဲဒီလောက်လေးနဲ့ ယုတ္တိမရှိဘူး၊ သဘာဝ မကျဘူးလို့ သုံးသပ်တာက အတင့်ရဲလွန်း မနေဘူးလား။ တချို့ကလေးတွေက အဲဒီလောက်ကို အားပြည့်အင်ပြည့်နဲ့ အမြဲ ဖျတ်ဖျတ်လတ်လတ် ရှိနေတတ်ကြတယ်”

“သူက ပိန်ပိန်လေးလေကွာ။ ကြည့်ရတာ ပျော့စိစိနဲ့”

“အဲဒီနေ့ရဲ့ ထရိန်နင်ကလည်း ပေါ့ပေါ့ပါးပါးနဲ့ ပြီးသွားလို့ ဖြစ်ချင် ဖြစ်မှာပေါ့။ ပြီးတော့ သူတို့ ၁၀ ရက်နေ့ညက ကာရာအိုကေသွားခဲ့တယ် ဆိုတဲ့ ကိစ္စကို မင်းတို့ အတည်ပြုချက် ယူပြီးသွားပြီပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်”

“သူတို့က ဘယ်အချိန် ဝင်သွားတာတဲ့လဲ”

“၉ နာရီ ၄၀”

“သူ့အမေရဲ့ ထမင်းဆိုင်အလုပ်က ၆ နာရီမှာ ပြီးတယ်။ အခင်းဖြစ်တဲ့ နေရာက ရှီနိုဇာကိမှာ။ အသွားအပြန် ခရီးကို ဖယ်ထုတ်လိုက်ရင် သူတို့မှာ အမှုလုပ်ဖို့ ၂ နာရီ အချိန်ရသေးတယ်။ ပြီးမှ ကာရာအိုကေ သွားမယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ယုကာဝါသည် လက်ထဲမှ တူကို မချသေးဘဲ လက်ပိုက်လျက် ထိုင်နေသည်။

ကုစာနာဂိသည် ယုကာဝါ၏ ထိုင်နေပုံကို ကြည့်ရင်း စဉ်းစားနေမိသည်။ သံသယတရားခံသည် ထမင်းဆိုင်တွင် အလုပ်လုပ်နေကြောင်းကို သူ့အား ပြောပြခဲ့ဖူးသလော။ “မင်းက ဘယ်လို ဖြစ်ပြီး ဒီအမှုကို ရုတ်တရက် စိတ်ဝင်စားလာရတာလဲ။ အမှုရဲ့ တိုးတက်မှု အခြေအနေကို ငါ့ဆီ တကူးတက လာမေးနေတာဆိုတော့ နည်းနည်း ထူးဆန်းနေသလိုပဲ”

“စိတ်ဝင်စားလာတယ် လို့တော့ ပြောလို့ မရပါဘူးကွာ။ ငါ့ခေါင်းထဲ အတွေးဝင်လာလို့ပါ။ ငါက အဲဒီလို တုတ်ပြီးဓားပြီးတဲ့ အလီဘိုင်သက်သေတွေကို အမြင်မကတ်တတ်ပါဘူး”

“တုတ်ပြီးဓားပြီး ဆိုတာထက် ချဉ်းကပ်ဖို့ ခက်တာက အဓိက ပြဿနာ။ အတည်ပြုချက် ယူဖို့မှ မလွယ်ဘဲ။ အဲဒါကြောင့် ဦးနှောက်ခြောက်နေတာ”

“ဒါပေမယ့် မင်းတို့က သူ့ကို သံသယ ဝင်ထိုက်လောက်တဲ့ အထောက်အထားတွေ အခုထိ မတွေ့သေးဘူး မဟုတ်လား”

“ဒါတော့ ဒါပေါ့။ ဒါပေမယ့် ပြဿနာက သံသယဝင်စရာ သူ့အပြင် တခြားလူလည်း ရှိမနေပြန်ဘူး။ ဒီအမှုမှာ သဲလွန်စဆိုတာလည်း ဘာမှ များများစားစား ချန်ထားတာ မရှိဘူး။ တိုဂါရှိမှာ သူငယ်ချင်းလည်း အများကြီး မရှိဘူး။ ပြီးတော့ သူ့ကို အသက်ရန်ရှာနိုင်မယ့် ရန်သူလို့ ခေါ်လို့ရတဲ့ လူလည်း မရှိပြန်ဘူး။ ပိုပြီး ထူးခြားတာက အခင်းဖြစ်တဲ့နေ့ကျမှ သူတို့တွေက ရုပ်ရှင်ရုံတို့ ကာရာအိုကေဆိုင်တို့ သွားနေကြတယ် ဆိုတော့ ဒါက တိုက်ဆိုင်လွန်းမနေဘူးလား”

“မင်း ဘာဆိုလိုချင်တယ် ဆိုတာကို ငါ နားလည်တယ်။ ဒါပေမယ့် ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်သုံးသပ်နိုင်ဖို့တော့ လိုသေးတာပေါ့။ မင်းအနေနဲ့ အလီဘိုင်သက်သေကိုချည်း မဟုတ်ဘဲ တခြားတစ်ခုခုကို အာရုံစိုက်သင့်တယ် ထင်တာပဲ”

“မင်း သင်ပေးနေဖို့ မလိုပါဘူး။ ငါတို့ လုပ်သင့်တဲ့အလုပ်တွေ အားလုံး လုပ်ပြီးသွားပြီ” ကုစာနာဂိသည် ထိုင်ခုံနောက်မှီပေါ်တွင် လွှားတင်ထားသော အပေါ်ဝတ်ကုတ်အင်္ကျီထဲမှ မိတ္တူစာရွက်တစ်ရွက်ကို ထုတ်ပြီး စားပွဲပေါ် ဖြန့်ခင်းလိုက်သည်။ စာရွက်ပေါ်တွင် အမျိုးသားတစ်ဦး၏ ပုံကို ရေးဆွဲထားသည်။

“ဒါက ဘာလဲ”

“အသတ်ခံရသူရဲ့ မသေခင်က ဝတ်စားဆင်ပြင်ပုံကို ခန့်မှန်းပြီး ဆွဲထားတာ။ ငါတို့ ဘော်ဒါတွေ အတော်များများ ဒီပုံကို ကိုင်ပြီး ရှီနိုဇာကိဘူတာ ပတ်ဝန်းကျင်မှာ လိုက်စုံစမ်းနေကြတယ်”

“ငါ သတိရပြီ။ သူ့အင်္ကျီတွေက အကုန်ပြာကျမသွားဘူး။ ဟုတ်တယ်မလား။ နက်ပြာရောင် ဂျက်ကက်၊ မီးခိုးရောင် ဆွယ်တာနဲ့ အနက်ရောင် ဘောင်းဘီ …. လူတကာ ဝတ်နေကျ ပုံစံမျိုးပဲ”

“ဟုတ်တယ်။ သူ့လို ပုံစံမျိုးကို တွေ့လိုက်တယ်လို့ သတင်းပို့လာတဲ့ လူတွေက တောင်လိုပုံလို့။ ဘယ်ကနေ ဘယ်လို စရမှန်းတောင် မသိတော့ဘူး”

“ဒီလိုဆိုရင် အခုချိန်ထိ အသုံးတည့်နိုင်မယ့် ဘာ သဲလွန်စမှ မရသေးဘူး ဆိုပါတော့”

“တစ်ခုတော့ ရှိတယ်” ကုစာနာဂိက လက်ညှိုးတစ်ချောင်း ထောင်ပြသည်။ “ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ယောက်က အဲဒီပုံစံ ဝတ်စားထားတဲ့ သံသယဖြစ်ဖွယ် လူတစ်ယောက်ကို ဘူတာရုံနားမှာ လမ်းသလားနေတာ မြင်ခဲ့ဖူးတယ်တဲ့။ ဘူတာရုံမှာ သူ့ရုပ်ပုံကားကို ကပ်ထားပြီးမှ ငါတို့ဆီ ဆက်သွယ် အကြောင်းကြားလာတာ”

“အဲဒီလို လူမှုရေးစိတ်ဓာတ် ရှိတဲ့သူ ဒီလောကမှာ ရှိသေးတာလား။ ဒါနဲ့ပဲ မင်းတို့က ဘာဖြစ်လို့ သူ့ကို အသေအချာ မေးမကြည့်ကြတာလဲ”

“မင်း အဲဒီလို ပြောမှ ပြောပါ့မလားလို့။ ငါ မေးကြည့်ပြီးသွားပြီ။ ဒါပေမယ့် သူတွေ့ခဲ့တာ အသတ်ခံရတဲ့သူ ဟုတ်ချင်မှ ဟုတ်မှာ”

“ဘာဖြစ်လို့ အဲဒီလို ပြောနိုင်ရတာလဲ”

“သူ ပြောတဲ့ ဘူတာက ရှီနိုဇာကိ မဟုတ်ဘူး။ အရှေ့တစ်ဘူတာ မီဇူအေ။ ပြီးတော့ ဓာတ်ပုံကို ပြကြည့်တဲ့ အခါမှာလည်း သူမြင်တဲ့ လူရဲ့ မျက်နှာက ဒီပုံထက် ပိုပြည့်ပြီး ဝိုင်းသတဲ့”

“ပြည့်တယ် … ဝိုင်းတယ် …”

“ငါတို့ ရဲတွေက မကြာခဏဆိုသလို မရောင်ရာ ဆီလူးတဲ့ အလုပ်တွေကို လုပ်လုပ်နေရတယ်။ သဘောတရား ရေးရာတွေကို ကြီးကြီးကျယ်ကျယ် ပြောနိုင်ရုံနဲ့ ခိုင်မာတဲ့ နေရာတစ်နေရာ ရနေနိုင်တဲ့ မင်းတို့လို ပညာရှင်လောကနဲ့တော့ ကွာချင်တိုင်း ကွာနေတော့တာပဲ” ကုစာနာဂိသည် တူးနေအောင် ကြော်ထားသည့် အာလူးကြော်တစ်ဖက်ကို တူဖြင့် ညှပ်ယူရင်း ပြောနေသည်။ ယုကာဝါက ဘာမျှ တုံ့ပြန်ခြင်း မရှိ။ ကုစာနာဂိက သူ့ကို ခေါင်းမော့ကြည့်လိုက်သောအခါ ယုကာဝါသည် လက်ဖဝါးနှစ်ဘက်ကို ပတ္တာဆက်သကဲ့သို့ တင်းတင်း ဆုပ်ကိုင်ထားပြီး ကောင်းကင်ထက်သို့ ငေးကြည့်နေသည်။

လောကဓာတ်ဆရာကြီး အတွေးနယ်ချဲ့နေပြီ ဖြစ်ကြောင်း ကုစာနာဂိ သဘောပေါက်လိုက်သည်။

“အလောင်းရဲ့ မျက်နှာကို ဖျက်ဆီးခံထားရတာဆို”

“ဟုတ်တယ်။ လက်ဗွေတွေတောင် မချန်ဘူး။ မီးရှို့ပြီး ဖျက်ဆီးထားတယ်။ သူ့ရဲ့ နောက်ကြောင်းကို လိုက်လို့ မရအောင် လုပ်ထားတယ် ဆိုတာ မြင်ရုံနဲ့ သိသာတယ်”

“ဘာလက်နက်ကို သုံးပြီး မျက်နှာကို ဖျက်ဆီးတာလဲ”

ကုစာနာဂိသည် ဘေးဘီတွင် ခိုးနားထောင်နေနိုင်သည့် လူများ ရှိမနေကြောင်း သေချာသွားသည့်အခါမှ ခါးကို အရှေ့သို့ ကိုင်းညွတ်လိုက်သည်။ “အခုထိ အဲဒီလက်နက်ကို ရှာလို့ မတွေ့သေးဘူး။ သံတူလိုဟာမျိုး ဖြစ်မယ်လို့ ယူဆတာပဲ။ မျက်နှာပေါ်က အရိုးတွေကို မကျိုးကျိုးအောင် အကြိမ် အတော်များများ ထုရိုက်ထားတယ်။ သွားနဲ့ မေးရိုးလည်း လုံးဝ ပျက်စီးသွားတယ်။ သွားစိုက်မှတ်တမ်းကနေ ခြေရာခံလို့ မရအောင် အပြတ် လုပ်ထားပုံပဲ”

“သံတူ ……” ယုကာဝါသည် မုန်လာချဉ်ကို တူဖြင့် ညှပ်ရင်း ရေရွတ်နေသည်။

“ဘာများ ထူးခြားလို့လဲ” ကုစာနာဂိက မေးသည်။

ယုကာဝါသည် တူကို ချပြီး တံတောင်နှစ်ဘက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ “တကယ်လို့ ထမင်းဆိုင်က အမျိုးသမီးဟာ လူသတ်တရားခံ ဖြစ်နေမယ် ဆိုရင် ….. အဲဒီနေ့က သူ ဘာတွေလုပ်လိမ့်မယ်လို့ မင်း တွက်ဆထားသလဲ။ ပထမဆုံးအနေနဲ့ သူ ရုပ်ရှင်ရုံ သွားတာမဟုတ်ဘူးလို့ မင်း ယူဆထားတယ် မဟုတ်လား”

“သူ သွားသလား၊ မသွားဘူးလား ဆိုတာကို ငါ ဘာမှ မဆုံးဖြတ်ရသေးဘူး”

“အဲဒါကို ခဏထားလိုက်ပါဦး။ မင်းရဲ့ အယူအဆကို အရင် ပြောပြစမ်းပါ” ယုကာဝါသည် ပြောပြီး ဆိုင်ဝန်ထမ်းတစ်ယောက်ကို လက်ယပ်ခေါ်ကာ ကျန်လက်တစ်ဘက်ဖြင့် ဖန်ခွက်လွတ်ကို မြှောက်ပြလိုက်သည်။

ကုစာနာဂိသည် နှုတ်ခမ်းကို သပ်လိုက်သည်။ “အယူအဆရယ်လို့ ခေါ်လို့ မရပါဘူးကွာ။ ငါက ဒီလို စဉ်းစားမိတယ်။ ထမင်းဆိုင်က ….. အဲ လေကုန်သက်သာအောင်လို့ သူ့ကို A လို့ ခေါ်ကြစို့။ A က အလုပ်ပြီးလို့ ဆိုင်ကနေ ထွက်လာတဲ့အချိန်က ၆ နာရီ ထိုးပြီးနေပြီ။ သူ အဲဒီကနေ ဟာမာမတ်ဆုဘူတာကို သွားရင် ၁၀ မိနစ်ကြာမယ်။ အဲဒီကနေ ရှီနိုဇာကိဘူတာကို မြေအောက်ရထားစီးရင် နောက်ထပ် မိနစ် ၂၀ လောက် အချိန်ပေးရမယ်။ ဘူတာကနေ ဘတ်စ်ကားစီးပြီး ဒါမှမဟုတ် တက္ကစီစီးပြီး အခင်းဖြစ်တဲ့ နေရာကို သွားမယ် ဆိုရင် နောက်အကျဆုံး ၇ နာရီလောက်မှာ ရောက်သွားနိုင်တယ်”

“အဲဒီကြားကာလမှာ အသတ်ခံရသူရဲ့ သွားလာလှုပ်ရှားမှု အခြေအနေကရော”

“အသတ်ခံရသူကို B လို့ ဆိုကြစို့။ B ကလည်း အခင်းဖြစ်တဲ့ နေရာကို သွားနေမှာပဲ။ A နဲ့ အစောကြီးကတည်းက ချိန်းထားတာ ဖြစ်ဖို့ များတယ်။ ဒါပေမယ့် B က ရှီနိုဇာကိဘူတာကနေ စက်ဘီးစီးပြီး သွားတယ်”

“စက်ဘီး …”

“ဟုတ်တယ်။ အလောင်းနားမှာ စက်ဘီးတစ်စီး ပစ်ထားတာ တွေ့ရတယ်။ အဲဒီအပေါ်က လက်ဗွေနဲ့ B ရဲ့ လက်ဗွေက တထေရာတည်းပဲ”

“လက်ဗွေ၊ နေပါဦး … စောနက ပြောတော့ အကုန်လုံး ဖျက်ဆီးခံထားရပြီဆို”

ကုစာနာဂိက ခေါင်းညိတ်ပြသည်။ “B ရဲ့ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်နိုင်ပြီးမှ ငါတို့ အတည်ပြုနိုင်ခဲ့တာ။ ငါ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က B တည်းခဲ့တဲ့ တည်းခိုခန်းအခန်းထဲက ရလာတဲ့ လက်ဗွေနဲ့ တထေရာတည်းလို့ ပြောတာ။ … နေဦး နေဦး။ မင်း ဘာပြောချင်နေသလဲဆိုတာ ငါ သဘောပေါက်ပြီ။ တည်းခိုခန်းမှာ တည်းခဲ့တဲ့ ဧည့်သည်က စက်ဘီးကို သုံးခဲ့တယ် ဆိုရင်တောင်မှ အဲဒါ B ရဲ့ လက်ဗွေပါလို့ ဘယ်လိုလုပ်ပြီး ယတိပြတ် ပြောနိုင်မလဲ။ ဒါမှမဟုတ် တည်းခိုခန်းမှာ တည်းတဲ့ ဧည့်သည်ဟာ လူသတ်တရားခံ ဖြစ်နေပြီး အဲဒီစက်ဘီးက သူစီးခဲ့တဲ့ စက်ဘီး ဖြစ်နေရင်ရော။ မင်း အဲဒီလို မေးချင်တာ မဟုတ်လား။ အဓိကအချက်က ….. ငါတို့ အခန်းထဲမှာ ကျနေတဲ့ ဆံပင်နဲ့ အလောင်းပေါ်က ဆံပင်ကို တိုက်ဆိုင် စစ်ဆေးကြည့်ပြီးပြီ။ လုံးဝ တထေရာတည်းပဲ။ မင်းကို ပြောပြရဦးမယ်။ DNA တောင် စစ်ပြီးသွားပြီ”

ယုကာဝါက ပြုံးနေသည်။ “ဒီလို ခေတ်ကာလမျိုးမှာ ရုပ်အလောင်းကို နောက်ကြောင်းလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲတွေကို မှားနေပါတယ်လို့ ဘယ်သူကမှ စောဒက တက်နေကြတော့မယ် မထင်ဘူး။ ငါ အဓိက စိတ်ဝင်စားနေတဲ့ အချက်က B ဟာ စက်ဘီးကို အသုံးပြုခဲ့တယ် ဆိုတဲ့ အချက်ပဲ။ သူက သူ့စက်ဘီးကို ရှီနိုဇာကိဘူတာမှာ ထားထားတာလား”

“မဟုတ်ဘူး။ ဒီကိစ္စကို ပြောရမယ် ဆိုရင် ….” ကုစာနာဂိသည် စက်ဘီးအပျောက်တိုင်သည့် ကိစ္စမှ စ၍ ယုကာဝါကို အလုံးစုံ ရှင်းပြလိုက်သည်။

ရွှေကိုင်းမျက်မှန် အနောက်မှ ယုကာဝါ၏ မျက်လုံးများ ပြူးကျယ်လာသည်။ “ဒီလိုသာဆိုရင် B က အခင်းဖြစ်တဲ့ နေရာကို သွားဖို့အတွက် ဘတ်စ်ကားမစီး၊ တက္ကစီမစီးဘဲ စက်ဘီးတစ်စီးကို တကူးတက ခိုးပြီး သွားခဲ့တယ် ဆိုပါတော့”

“အဲဒီလိုပဲ ပြောရတော့မှာပေါ့။ B က အလုပ်လက်မဲ့လေ။ ကိုယ်ပေါ်မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ကားခတောင် မပေးနိုင်လောက်အောင် ဖြစ်နေလို့ နေမှာပေါ့”

ယုကာဝါသည် မဖြေရှင်းနိုင်သည့် ပုစ္ဆာတစ်ပုဒ်ကို မြင်တွေ့နေရသည့်နှယ် လက်ကို ခပ်တင်းတင်း ပိုက်ထားပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ထားပါတော့။ လောလောဆယ်တော့ A နဲ့ B က အဲဒီလို ပုံစံမျိုးနဲ့ အခင်းဖြစ်တဲ့နေရာမှာ ဆုံတွေ့ကြပြီပဲ ဆိုပါစို့။ မင်း ဆက်ပြောစမ်းပါဦး”

“အဲဒီနေရာမှာ တွေ့မယ်လို့ ချိန်းထားပေမယ့် A က တစ်နေရာမှာ ပုန်းနေလိမ့်မယ်။ B ရောက်လာတာကို တွေ့ပြီဆိုတဲ့အခါမှ သူ့နောက်ကျောကို တိတ်တဆိတ် ချဉ်းကပ်သွားပြီး ကြိုးတစ်ချောင်းနဲ့ B ရဲ့ လည်ပင်းကို ပတ်ပြီး အသေညှစ်သတ် …..”

“ဟိုး … ဟိုး” ယုကာဝါသည် လက်တစ်ဘက်ကို ဆန့်တန်းလိုက်သည်။ “B ရဲ့ အရပ်က …”

“၁.၇ မီတာ နည်းနည်းစွန်းမယ်” ကုစာနာဂိသည် ရယ်ချင်နေသော စိတ်ကို အနိုင်နိုင် ထိန်းချုပ်ထားပြီး ပြန်ဖြေလိုက်သည်။ ယုကာဝါ ဘာကို ပြောချင်နေကြောင်း သူ သိနေသည်။

“A ကရော”

“၁.၆ မီတာလောက်ပေါ့”

“တစ်ဆယ်စင်တီမီတာတောင် ကွာနေတယ်” ယုကာဝါသည် နှုတ်ခမ်းကို တစ်ချက် ရွဲ့လိုက်ပြီး မေးစေ့ပေါ်တွင် လက်တစ်ဘက်ကို တင်ထားသည်။ “ငါ ဘာပြောချင်တယ်ဆိုတာ မင်း သိမှာပေါ့”

“ကိုယ့်ထက် အရပ်မြင့်တဲ့ လူတစ်ယောက်ကို လည်ပင်းညှစ်ရတာက လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ နောက်ပြီး အလောင်းပေါ်မှာ ထင်ကျန်နေတဲ့ အရှိုးရာအရ ကြည့်မယ် ဆိုရင် B ရဲ့ အထက်ကနေ တစ်ယောက်ယောက်က ဆွဲညှစ်ထားတဲ့ သဘောရှိတယ်။ ဒါပေမယ့် B က ထိုင်နေတာရော မဖြစ်နိုင်ဘူးလား။ အဲဒီအချိန်မှာ သူ စက်ဘီးပေါ် ထိုင်စောင့်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ”

“အဲဒီလို ကိုယ်လိုရာ ဆွဲပြီး ပြောလို့ ရသေးတာပဲလား”

“ဒါ လိုရာ ဆွဲပြောတာ မဟုတ်ဘူး” ကုစာနာဂိ၏ လက်သီးက စားပွဲပေါ်သို့ ကျရောက်သွားသည်။

“နောက်တော့ရော။ အင်္ကျီတွေ ချွတ်မယ်။ သယ်လာတဲ့ သံတူနဲ့ မျက်နှာကို ကြေမွသွားအောင် ထုမယ်။ ပါလာတဲ့ မီးခြစ်နဲ့ လက်ဗွေတွေကို မီးရှို့မယ်။ နောက်မှ အဝတ်အစားတွေကို မီးနဲ့ ရှို့ပစ်မယ်။ နောက်ဆုံး အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားမယ်။ အဲဒီလိုလား”

“A အနေနဲ့ ကင်ရှိချိုကို ၉ နာရီအရောက် ပြန်လာဖို့က ဖြစ်နိုင်ခြေ ရှိတယ်”

“အချိန်အရ တွက်ကြည့်ရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် မင်းရဲ့ အယူအဆက တစ်ဖက်သတ်ကြီး ဆန်မနေလွန်းဘူးလား။ မင်းတို့ ဌာနကြီးတစ်ခုလုံးက မင်းနဲ့ တစ်ပုံစံတည်း တွေးနေတာတော့ မဟုတ်လောက်ပါဘူးနော်”

ကုစာနာဂိက နှုတ်ခမ်းကို မဲ့လိုက်ပြီး ဘီယာခွက်ကို ကောက်မော့နေသည်။ သူသည် ဆိုင်ဝန်ထမ်းကို နောက်ထပ်တစ်ခွက် ထပ်မှာပြီး မျက်နှာကို ယုကာဝါရှိရာဘက်သို့ လှည့်လိုက်သည်။ “မိန်းကလေးတစ်ယောက်အနေနဲ့ အခုလို လုပ်နိုင်လိမ့်မယ်လို့ ငါတို့ ဘော်ဒါအများစုက လက်မခံကြဘူး”

“ဘယ်လိုပဲ အလစ်ချောင်းပြီး တိုက်ခိုက်ပါတယ်ပဲ ပြောပြော၊ တကယ်လို့သာ ယောက်ျားက တန်ပြန်တိုက်ခိုက်လာရင် လည်ပင်းညှစ်နိုင်စရာ အကြောင်းကို မရှိဘူး။ ပြီးတော့ မိန်းကလေးတစ်ယောက်အနေနဲ့ အလောင်းကို ဖြေရှင်းဖို့ကိစ္စက အတော်လေး ခက်ခဲလိမ့်မယ်။ ဝမ်းနည်းပါတယ်။ အင်စပက်တော်ကြီးရဲ့ အယူအဆကို ကျွန်တော်မျိုး လုံးဝ လက်မခံနိုင်ပါဘူးခင်ဗျာ”

“မင်း အဲဒီလို ပြောလာလိမ့်မယ်လို့ ငါ ထင်သားပဲ။ ပြောရရင် ငါကိုယ်တိုင်တောင် အဲဒီအယူအဆကို လက်မခံနိုင်သေးဘူး။ အဲဒါကို ဖြစ်နိုင်ခြေထဲက တစ်ခုလို့ပဲ သတ်မှတ်ထားတာ”

“မင်းရဲ့ စကားကို နားထောင်ရတာ တခြား အယူအဆတွေ ရှိနေသေးသလိုပဲ။ ဒီလောက်တောင် ပြောပြီးမှပဲ။ ကပ်စေးနည်းမနေစမ်းပါနဲ့။ တခြားအယူအဆတွေကိုရော ငါ့ကို ပြောပြစမ်းပါဦးဟ”

“စောစောက ပြောခဲ့တဲ့ အယူအဆက အလောင်းကို တွေ့ခဲ့တဲ့ နေရာဟာ လူသတ်မှု ဖြစ်ခဲ့တဲ့နေရာပဲ ဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီး တွက်ဆထားတာ။ ဒါပေမယ့် တခြားတစ်နေရာမှာ သတ်ပြီးမှ အဲဒီနေရာကို လာစွန့်ပစ်ထားတာလည်း ဖြစ်နိုင်တာပဲ။ A ဟာ လူသတ်တရားခံ ဟုတ်မဟုတ် ဆိုတာကို ခဏ ဘေးဖယ်ထားလိုက်ဦးပေါ့။ မှုခင်းအဖွဲ့မှာပါတဲ့ လူအများစုက အဲဒီအဆိုကို ပိုပြီး သဘောတွေ့ကြတယ်”

“အဲဒါက ပိုပြီး ယုတ္တိရှိတဲ့ ယူဆချက်ပဲလေ။ ဒါပေမယ့် အဲဒီအယူအဆကို မင်းက သိပ်ပြီး သဘောကျပုံ မရဘူး။ ဘာဖြစ်လို့လဲ”

“ရှင်းရှင်းလေးပါ။ တကယ်လို့ A ကသာ တရားခံ ဖြစ်မယ်ဆိုရင် အလောင်းကို အရွှေ့အပြောင်းလုပ်ဖို့ သူ့အနေနဲ့ လုံးဝ မဖြစ်နိုင်ဘူး။ သူ့မှာ ကားမှ မရှိဘဲ။ ပြီးတော့ သူက ကားကို မမောင်းတတ်တာ”

“အင်း၊ အဲဒီအချက်က သိပ်ကို အရေးပါတဲ့ အချက်ပဲ”

“ပြီးတော့ အဲဒီနေရာမှာ ချန်ထားခဲ့တဲ့ စက်ဘီးကလည်း ရှိသေးတယ်။ လူသတ်မှုဟာ မြစ်ကမ်းနံဘေးမှာ ဖြစ်ခဲ့ပါတယ်လို့ အထင်ရောက်သွားအောင် တရားခံက တမင်သက်သက် အကွက်ဆင်ထားတာလို့လည်း တွက်ဆလို့ ရနိုင်တာပေါ့။ ဒါပေမယ့် အဲဒီလိုသာဆိုရင် စက်ဘီးပေါ်မှာ လက်ဗွေရာ ချန်ထားတာက ဘာမှ အဓိပ္ပာယ် မရှိတော့ဘူး။ အလောင်းရဲ့ လက်ဗွေတွေကို အကုန်လုံး ဖျက်ဆီးထားပြီးမှပဲကိုး”

“ဘယ်ဘက်ကပဲ စဉ်းစားစဉ်းစား အဲဒီစက်ဘီးက တကယ့်ကို ပဟေဠိတစ်ခုပဲ” ယုကာဝါသည် လက်ချောင်းကလေး ငါးချောင်းကို စန္ဒရားတီးသကဲ့သို့ ကစားနေရာမှ ရပ်တန့်ပြီး ပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် အမှုလုပ်တဲ့သူက ယောက်ျားဖြစ်မှ ပိုပြီး အဆင်ပြေမယ်”

“မှုခင်းအဖွဲ့ဝင် အများစုကလည်း အဲဒီလိုပဲ ယူဆထားတယ်။ ဒါပေမယ့် အခုလို ပြောလိုက်လို့ A ဟာ အမှုနဲ့ လုံးဝ မပတ်သက်ပါဘူးလို့တော့ ဆိုလိုရာ မရောက်ဘူး”

“မင်းဆိုလိုချင်တဲ့ အဓိပ္ပာယ်က …. A မှာ ကြံရာပါ အမျိုးသားတစ်ယောက် ရှိနေတယ် ဆိုတဲ့သဘောလား”

“လက်ရှိတော့ ငါတို့ သူ့ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို လေ့လာစုံစမ်းနေကြတယ်။ သူ အရင်က ဘားမယ်လုပ်ဖူးတော့ ယောက်ျားတွေနဲ့ ကင်းကင်းရှင်းရှင်း နေနိုင်မယ် မထင်ဘူး”

“မင်းစကားကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဘားမယ်တွေသာ ကြားကုန်ရင် မိုးမီးလောင်သွားတော့မှာပဲ” ယုကာဝါက စပ်ဖြီးဖြီးလုပ်၍ ဘီယာကို မော့သောက်နေသည်။ ထို့နောက် မျက်နှာပိုးသတ်လိုက်ပြီး ပြောသည်။ “စောစောက ပုံကို ကြည့်ကြည့်လို့ ရမလား”

“ဒါကိုပြောတာလား” ကုစာနာဂိက ယုကာဝါထံသို့ ပုံကို လှမ်းပေးသည်။

ယုကာဝါသည် ပုံကို ကြည့်ရင်း ရေရွတ်နေသည်။ “တရားခံက ဘာဖြစ်လို့ အဝတ်အစားတွေကို ချွတ်ပစ်ရတာလဲ”

“အသတ်ခံရသူရဲ့ အကြောင်းကို ဖုံးဖိထားချင်လို့ပေါ့။ မျက်နှာနဲ့ လက်ဗွေတွေကို ဖျက်ဆီးပစ်တာကလည်း အဲဒီသဘောပဲလေ”

“အဲဒီလိုသာဆို သယ်သွားလိုက်ရင် ပြီးနေတာပဲဟာ။ သူ အဲဒီလို အလုပ်မရှိ အလုပ်ရှာပြီး မီးသွားရှို့လို့ နောက်ဆုံးကျတော့ တစ်ဝက်တစ်ပျက်နဲ့ မီးက ငြိမ်းသွားရော။ ဒါနဲ့ပဲ မင်းတို့ ဒီပုံကို ဆွဲဖို့ အခွင့်အရေး ရသွားတာ မဟုတ်လား”

“စိတ်စောလွန်းနေလို့လည်း ဖြစ်မှာပေါ့”

“တကယ်လို့ ပိုက်ဆံအိတ် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်လို ပစ္စည်းမျိုး ဆိုရင်တော့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို အတည်ပြုနိုင်တာပေါ့။ အင်္ကျီနဲ့ ဖိနပ်တွေကနေ အဲဒီလို စစ်ယူဖို့ ဖြစ်နိုင်လို့လား။ အလောင်းရဲ့ အဝတ်အစားတွေကို ချွတ်ယူနေတာ သိပ်ကို အန္တရာယ်ကြီးနိုင်တယ်။ တရားခံရဲ့ နေရာကနေ ကြည့်မယ်ဆိုရင် အမြန်ဆုံး ထွက်ပြေးနိုင်ဖို့က ပိုပြီး အရေးကြီးတယ်လေ”

“မင်း ဘာပြောချင်နေတာလဲ။ အဝတ်အစားတွေ ချွတ်ပစ်တာမှာ တခြား အကြောင်းအရင်း ရှိနေတယ်လို့ ပြောချင်တာလား”

“ငါ ယတိပြတ်တော့ မပြောနိုင်သေးဘူး။ တကယ်လို့သာ တခြား အကြောင်းအရင်း ရှိနေမယ်ဆိုရင် အဲဒီအကြောင်းအရင်းကို မဖော်ထုတ်နိုင်မချင်း မင်းတို့ တရားခံကို ရှာတွေ့နိုင်ဖို့ စိတ်မကူးနဲ့တော့” ယုကာဝါသည် ပြောပြီး ရုပ်ပုံစက္ကူပေါ်တွင် လက်ညှိုးဖြင့် အမေးပြသင်္ကေတ (?) ပုံသဏ္ဌာန် ရေးဆွဲလိုက်သည်။

****

 

ဒုတိယနှစ် စီတန်း၏ နှစ်ကုန်စာမေးပွဲမှ သင်္ချာရမှတ်များမှာ ချာတူးလန်နေသည်။ စီတန်း တစ်တန်းတည်းသာ မကဘဲ ဒုတိယနှစ် ကျောင်းသားများ အားလုံး၏ အဖြေလွှာများသည် စိတ်ပျက်စရာ ကောင်းလောက်အောင် စုတ်ချာနေသည်။ အိရှိဂါမိက တွေးနေမိသည်။ ကျောင်းသားများသည် တစ်နှစ်ထက်တစ်နှစ် ညံ့သည်ထက် ညံ့လာကြသည်။

အဖြေလွှာများကို ပြန်ဝေပေးပြီးနောက်တွင် အိရှိဂါမိသည် ဖြည့်စွက်စာမေးပွဲ ဖြေဆိုရမည့် ရက်စွဲကို ကြေညာလိုက်သည်။ ကျောင်း၏ စည်းကမ်းအရ ဘာသာရပ်တိုင်းအတွက် အနိမ့်ဆုံး ရမှတ်ကို သတ်မှတ်ထားသည်။ ထိုရမှတ်အောက် နိမ့်ကျနေသော ကျောင်းသားများကို အတန်းတင်ပေးခွင့် မရှိ။ သို့သော် စပလီ (ဖြည့်စွက်စာမေးပွဲ) ကို အောင်မှတ်မရမချင်း အကြိမ်ကြိမ် ဖြေဆိုနိုင်သည်။ ထို့ကြောင့်လည်း အတန်းမတက်ရသူဟူ၍ မရှိသလောက် ရှားသည်။

စပလီ ရှိသည်ဟူသော အသံကို ကြားလိုက်ရသည်နှင့် ကျောင်းသားထု၏ အုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာသည်။ အိရှိဂါမိသည် ထိုအသံများကို ကြားနေကျ ဖြစ်သောကြောင့် ထုံးစံအတိုင်း အမှုမထားဘဲ နေနေခဲ့သည်။ သို့သော် အသံတစ်သံက သူ့နားထဲသို့ ရောက်ဖြစ်အောင် ရောက်လာခဲ့သေးသည်။

“ဆရာ၊ တချို့လူတွေ သွားဖြေမယ့် တက္ကသိုလ်ဝင် စာမေးပွဲတွေမှာ သင်္ချာမှ မပါဘဲ။ သူတို့အတွက် သင်္ချာအမှတ်က ဘာမှမှ အရေးမကြီးတာ”

အိရှိဂါမိသည် ထိုကျောင်းသားထံသို့ လှမ်းကြည့်လိုက်သည်။ ‘မိုရီအိုကာ’ အမည်ရှိသော ထိုကျောင်းသားသည် ခေါင်းကုတ်နေရင်း ဘေးဘီမှ သူငယ်ချင်းများကို စစ်ကူတောင်းနေသည်။ “ဟေ့ကောင်တွေ ဟုတ်တယ်မလား” မိုရီအိုကာသည် အရပ်ပင် ပုသော်ငြားလည်း အတန်းထဲတွင် လူမိုက်ခေါင်းဆောင် ဖြစ်ကြောင်းကို အတန်းပိုင်ဆရာ မဟုတ်သော အိရှိဂါမိပင် သိထားပြီး ဖြစ်သည်။ သူသည် ကျောင်းသို့ ဆိုင်ကယ်ကို ခိုးစီးလာတတ်သောကြောင့် ကျောင်းအုပ်ကြီးက သူ့အား အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပြီး ဖြစ်သည်။

“မိုရီအိုကာ၊ မင်းက ဝိဇ္ဇာတက္ကသိုလ်ကို သွားဖို့ စိတ်ကူးထားတာလား” အိရှိဂါမိက မေးသည်။

“တကယ်လို့သာ ဖြေမယ်ဆိုရင် ကျွန်တော်က အဲဒီလို တက္ကသိုလ်မျိုးကို ရွေးမှာပဲ။ ဒါပေမယ့် အခုလောလောဆယ်တော့ တက္ကသိုလ် မတက်ချင်သေးဘူး။ ကျွန်တော် အထက်တန်း တတိယနှစ် ရောက်ရင်လည်း သေတောင် သင်္ချာကို မရွေးဘူး။ ကျွန်တော်ကတော့ သင်္ချာအမှတ်ကို ဂရုစိုက်မနေနိုင်ဘူး။ ဆရာ့အနေနဲ့လည်း ကျွန်တော်တို့လို ငတုံးတွေကို စာသင်ရတာ အတော် ပင်ပန်းမှာပဲ။ ဒီလို လုပ်ရင် မကောင်းဘူးလား ဆရာ။ ဘယ်လို ပြောရမလဲ။ လူကြီးတွေလို နားလည်မှု ယူလိုက်ကြရအောင်လေ”

‘လူကြီးတွေလို’ ဟူသော စကားကြောင့် တစ်တန်းလုံး တဟားဟားနှင့် ပွဲကျသွားသည်။ အိရှိဂါမိလည်း အနည်းငယ် ပြုံးလိုက်မိသည်။

“ငါ့ကို ပင်ပန်းမှာ စိုးရိမ်ရင် ဒီတစ်ခေါက် စပလီမှာ အောင်မှတ်ရအောင် ကြိုးစားကြ။ မေးခွန်းထဲမှာ ကဲကုလက်စ်ပဲ ပါမှာ။ လွယ်လွယ်လေးရယ်”

မိုရီအိုကာသည် သူ၏ ခြေထောက်နှစ်ချောင်းကို ထိုင်ခုံလက်ရန်းပေါ်သို့ လွှဲတင်လိုက်ပြီး ခပ်လှောင်လှောင် အသံဖြင့် အော်ပြောသည်။ “အဲဒီ ကဲကုလက်စ်က ကျွန်တော်တို့အတွက် ဘာအသုံးကျမှာမို့လဲဗျာ။ ဒါ သက်သက် အချိန်ဖြုန်းနေတာပဲ”

အိရှိဂါမိသည် စာမေးပွဲ မေးခွန်းလွှာထဲမှ အနည်းငယ် ခက်ခဲသော ပုစ္ဆာတချို့ကို ရှင်းပြပေးရန်အတွက် ကျောက်သင်ပုန်းကို မျက်နှာပြု၍ ရပ်နေသည်။ သို့သော် မိုရီအိုကာ၏ အသံကို ကြားရသောအခါ ချက်ချင်း အနောက်လှည့်ပြီး အတန်းဘက်သို့ မျက်နှာမူလိုက်သည်။ ထိုမေးခွန်းကို မသိကျိုးကျွန် ပြု၍ မဖြစ်။ “မင်း မော်တော်ဆိုင်ကယ် စီးရတာ သဘောကျတယ်လို့ ကြားဖူးတယ်။ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေကို မင်း ကြည့်ဖူးလား”

ရုတ်တရက် အမေးခံလိုက်ရသော မေးခွန်းကြောင့် မိုရီအိုကာသည် စိုးစဉ်းမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြသည်။

“ဆိုင်ကယ် အမောင်းသမားဟာ ဆိုင်ကယ်ရဲ့ အမြန်နှုန်းကို အမြဲတမ်း ပုံသေထားပြီး မောင်းနေလို့ မဖြစ်ဘူး။ ရေမြေ အနေအထားနဲ့ လေလမ်းကြောင်းတွေကို ထည့်တွက်ရမယ့်အပြင် ကိုယ့်ရဲ့ နည်းဗျူဟာအရ အမြန်နှုန်းကို အတိုးအလျှော့ အမြဲ ကစားပေးနေရတယ်။ ဘယ်နေရာမှာ မိုင်ကုန် တင်မလဲ။ ဘယ်နေရာမှာ အရှိန် လျှော့ရမလဲ။ အနိုင်အရှုံးဟာ အဲဒီလို ဆုံးဖြတ်ချက်ချတဲ့ တဒင်္ဂ အချိန်လေးတွေအပေါ်မှာပဲ အဓိက မူတည်နေတယ်”

“အဲဒါက သင်္ချာနဲ့ ဘာဆိုင်လို့လဲ”

“သတ်မှတ်အချိန်တစ်ခုမှာ ဘယ်လောက်အထိ အရှိန် မြှင့်နိုင်သလဲဆိုတာ အဲဒီချိန်ရဲ့ ဆင့်ပွားအမြန်နှုန်း (derivative of speed) လို့ ခေါ်တယ်။ နောက်ပြီးတော့ သူတို့ ရွေ့လျားသွားတဲ့ အကွာအဝေးဆိုတာ အဲဒီလို အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ အမြန်နှုန်းတွေရဲ့ (integral) သမူဟသဘောပဲ။ ပြိုင်ပွဲတစ်ခုမှာ ဆိုင်ကယ်တိုင်းဟာ အကြမ်းဖျင်းအားဖြင့် တူညီတဲ့ အကွာအဝေးတစ်ခုမှာပဲ ယှဉ်ပြိုင်မောင်းနှင်ကြရတယ်။ ဒါကြောင့် ဘယ်သူ နိုင်မလဲ၊ ဘယ်သူ ရှုံးမလဲဆိုတာကို ပိုင်းဖြတ်နိုင်ဖို့အတွက် အလိုက်ပြောင်းအမြန်နှုန်း (speed differential) ဟာ သိပ်ကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်။ ဟောကြည့် … ကဲကုလက်စ်က ဘယ်လောက် အရေးပါသလဲ ဆိုတာ တွေ့ပြီမဟုတ်လား”

အိရှိဂါမိ၏ ရှင်းလင်းချက်ကို လုံးဝ နားမလည်သောကြောင့်ပေလောဟု မဆိုနိုင်။ မိုရီအိုကာက မှုန်ကုပ်ကုပ်နှင့် ပြန်ကြည့်နေသည်။ “ဘယ်ဆိုင်ကယ်သမားက အဲဒါတွေ စဉ်းစားနေနိုင်မလဲဗျာ။ ကဲကုလက်တွေ မလက်တွေက သူတို့အတွက် ဘာအရေးလဲ။ သူတို့ကတော့ အတွေ့အကြုံနဲ့ ဖြတ်ထိုးဉာဏ်ကို သုံးပြီး အနိုင်ရအောင် မောင်းကြမှာပဲ”

“ဒါပေမယ့် ပြေးလမ်းဘေးကနေ သူတို့ကို ကူညီပေးနေတဲ့ အကြံပေးဆိုတဲ့ လူတွေကတော့ အဲဒီလို ဘယ်ဟုတ်ပါ့မလဲ။ ဘယ်နေရာမှာ အရှိန်မြှင့်ရင် အကျိုးအရှိဆုံး ဖြစ်မလဲ၊ အောင်ပွဲ ဆွတ်ခူးနိုင်မလဲ ဆိုတာကို အသေအချာ တွက်ချက်ထားကြရတာ။ အဲဒါ သူတို့ရဲ့ ပြိုင်ပွဲဗျူဟာပဲ။ အဲဒီလို တွက်ချက်နိုင်ဖို့အတွက် သူတို့ ကဲကုလက်စ်ကို မသုံးမဖြစ် သုံးကို သုံးရမယ်။ သူတို့က အဲဒါကို မသိဘူး ဆိုရင်တောင်မှ သူတို့သုံးတဲ့ ကွန်ပျူတာဆော့ဝဲတွေမှာ မပါလို့ မဖြစ်ဘူး”

“အဲဒါဆိုလည်း အဲဒီလို ဆော့ဝဲတွေ တီထွင်တဲ့သူက သင်္ချာကို နားလည်နေရင် လုံလောက်နေပြီပဲ”

“အဲဒီလို တီထွင်တဲ့သူမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာမို့လဲ”

မိုရီအိုကာသည် သူ့ထိုင်ခုံနောက်မှီကို အားရပါးရ မှီချလိုက်သည်။ “ကျွန်တော်လား အဲဒီလို ဆော့ဝဲရေးတဲ့သူမျိုး ဖြစ်လာနိုင်မှာ”

“မင်း မဟုတ်တောင် ဒီအတန်းထဲက တစ်ယောက်ယောက်ပေါ့။ သင်္ချာဆိုတဲ့ ဘာသာရပ်က အဲဒီလို လူမျိုးတွေအတွက် တည်ရှိနေရတာပဲ။ ဆရာ မင်းတို့ နားလည်အောင် ပြောပြထားရဦးမယ်။ ဆရာ မင်းတို့ကို ဒီမှာ သင်ပေးနေတာဟာ သင်္ချာလောကကြီးထဲကို ဝင်နိုင်ဖို့ ဝင်ပေါက်သေးသေးလေးကို လမ်းပြပေးနိုင်ရုံပဲ ရှိတာ။ တကယ်လို့သာ ဘယ်နားမှာ ဝင်ပေါက်ရှိတယ် ဆိုတာကိုတောင် မသိဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ ဝင်လို့ ရမှာ မဟုတ်တော့ဘူး။ သင်္ချာကို မုန်းတယ် ဆိုတဲ့လူက မဝင်ချင်လည်း မဝင်နဲ့ပေါ့။ ဆရာက မင်းတို့ကို အခုလို စာမေးပွဲ စစ်နေရတာဟာ တခြားကြောင့် မဟုတ်ဘူး။ ဝင်ပေါက် ဘယ်နားမှာ ရှိသလဲ ဆိုတာ မင်းတို့တတွေ သိ၏၊ မသိ၏ ဆရာ့အနေနဲ့ စုံစမ်းကြည့်တဲ့ သဘောပဲ”

အိရှိဂါမိသည် ထိုသို့ ပြောကြားနေစဉ်အတွင်း သူ၏ ကျောင်းသားများကို အကဲခတ်ကြည့်သည်။ အဘယ်ကြောင့် သင်္ချာဘာသာရပ်ကို သင်ယူနေရသနည်း။ နှစ်တိုင်းလိုလိုပင် ကျောင်းသားတစ်ယောက်မဟုတ် တစ်ယောက်က ထိုမေးခွန်းကို မေးတတ်သည်။ ထိုသို့ မေးလာသည့် အခါတိုင်းလည်း သူသည် ဤသို့သော အဖြေမျိုးကိုသာ ဖြေကြားလေ့ရှိသည်။ ယခုနှစ်တွင်မူ ဆိုင်ကယ်မောင်းရသည်ကို နှစ်သက်သော ကျောင်းသားက မေးမြန်းလာသောကြောင့် ဆိုင်ကယ်မောင်းပြိုင်ပွဲကို သာဓကပြု၍ ဖြေကြားခဲ့သည်။ ယမန်နှစ်က ဂီတပညာရှင် ဖြစ်လိုသော ကျောင်းသား၏ အမေးကိုမူ ဂီတဆိုင်ရာ နည်းပညာတွင် အသုံးပြုရသည့် သင်္ချာနှင့်ဆိုင်သည့် ဗဟုသုတများကို ရှင်းပြပေးခဲ့သည်။ ထိုသို့သော ဥပမာ ဥပမေယျများမှာ အိရှိဂါမိ၏ ဦးနှောက်ထဲတွင် သဘာဝအလျောက် စီတန်း၍ ပေါ်လာကြမြဲ ဖြစ်သည်။

အတန်းချိန်ပြီး၍ ရုံးခန်းသို့ ပြန်ရောက်သောအခါ စားပွဲပေါ်တွင် ချထားသော စက္ကူဖြတ်ပိုင်းတစ်ရွက်ကို တွေ့လိုက်ရသည်။ စာရွက်ပေါ်တွင် ဖုန်းနံပါတ်တစ်ခု နှင့်အတူ ‘မစ္စတာယုကာဝါထံမှ ဖုန်းလာသည်’ ဟု ရေးသားထားသည်။ တခြားသော သင်္ချာဆရာတစ်ယောက်၏ လက်ရေး ဖြစ်သည်။

ယုကာဝါသည် အဘယ်ကြောင့် သူ့ထံသို့ ဖုန်းဆက်လာရသနည်း။ အိရှိဂါမိသည် တံတွေးကို မျိုချလိုက်သည်။

လက်ကိုင်ဖုန်းကို ကောက်ကိုင်ပြီး ဝရန်တာသို့ ထွက်လာခဲ့သည်။ စာရွက်ပေါ်တွင် ရေးထားသော နံပါတ်ကို နှိပ်ပြီး ဖုန်းဝင်သံ တစ်ချက် မြည်ပြီးသည်နှင့် တစ်ဘက်မှ ချက်ချင်း ဖုန်းကိုင်လိုက်သည်။

“ဆောရီးပဲကွာ။ မင်း အဲဒီလောက် အလုပ်ရှုပ်နေတာကို အနှောင့်အယှက် ပေးသလို ဖြစ်နေတယ်” ယုကာဝါက ပျာပျာသလဲ ပြောသည်။

“ဘာများ အရေးကြီးလို့လဲ”

“အရေးကြီးသလားဆိုတော့ တအားကြီးလည်း အရေးမကြီးပါဘူး။ ခဏနေ မင်းနဲ့ တွေ့လို့ရမလား”

“ခဏနေ ….. ငါ့မှာ လုပ်စရာ အလုပ်လေးတွေ ရှိနေသေးတယ်။ ၅ နာရီနောက်ပိုင်းလောက်မှ အားမယ်” သူ နောက်ဆုံး ဝင်ခဲ့သောအတန်းမှာ ခြောက်ချိန်မြောက် အတန်းဖြစ်သည်။ ယခုအခါ အတန်းတိုင်းတွင် အတန်းပိုင်အစည်းအဝေး ရှိနေကြသည်။ အိရှိဂါမိသည် အတန်းပိုင်ဆရာ မဟုတ်သောကြောင့် မည်သည့် အတန်းတွင်မျှ ပါဝင်စရာ မလိုပေ။ ဂျူဒိုကွင်း၏ သော့ကိုလည်း တခြားဆရာတစ်ဦးထံတွင် အပ်နှံထားနိုင်သည်။

“ဒါဆို ၅ နာရီကျရင် ကျောင်းပေါက်ဝကနေ စောင့်နေမယ်။ ဖြစ်လား”

“ဖြစ်တယ် …. မင်းက အခု ဘယ်မှာလဲ”

“မင်းတို့ကျောင်းရဲ့ ဘေးမှာ။ ခဏနေမှ တွေ့ကြတာပေါ့”

“အင်း”

ယုကာဝါ ဖုန်းချသွားသောအခါ အိရှိဂါမိသည် ဖုန်းကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ယုကာဝါက သူ့ထံသို့ တကူးတက လာတွေ့ခြင်းမှာ အဘယ်သို့သော အကြောင်းကြောင့် ဖြစ်နိုင်အံ့နည်း။

အိရှိဂါမိသည် အဖြေလွှာများ စစ်ဆေးပြီးနောက် ပစ္စည်းပစ္စယများ သိမ်းဆည်းပြီးသော အချိန်တွင် ၅ နာရီထိုးပြီးလေပြီ။ အိရှိဂါမိသည် ရုံးခန်းမှ ကျောင်းမြက်ခင်းပြင်ကို ကန့်လန့်ဖြတ်ထွက်ပြီး ကျောင်းပေါက်ဝသို့ ဦးတည်လျှောက်လာခဲ့သည်။

ကျောင်းပေါက်ဝရှိ မျဉ်းကျားဘေးတွင် ရပ်နေသော ကုတ်အင်္ကျီအနက်ရောင်နှင့် ယုကာဝါသည် အိရှိဂါမိကို မြင်လိုက်သောအခါ ပြုံးလျက် လက်ကို ဝှေ့ယမ်းပြနေသည်။

“မင်းကို အလောတကော လှမ်းခေါ်သလို ဖြစ်သွားတာ ဆောရီးကွာ” ယုကာဝါက အချိုသာဆုံး ပြုံးရွှင်လျက် သူ့ကို နှုတ်ဆက်လိုက်သည်။

“ဘယ်လိုဖြစ်တာလဲ။ မင်းဟာက ရုတ်တရက်ကြီး”

“လမ်းလျှောက်ရင်း ပြောကြတာပေါ့” ယုကာဝါသည် ကိယိုစုတံတား ရှိရာဘက်သို့ လျှောက်သွားသည်။

“မဟုတ်ဘူး။ ဒီဘက်က ပိုနီးတယ်” အိရှိဂါမိက တစ်ဘက်လမ်းသို့ လက်ညှိုးထိုးပြသည်။ “ဒီလမ်းအတိုင်း သွားရင် ငါ့အခန်းကို တန်းရောက်တယ်”

“အင်း၊ ဒါပေမယ့် ငါ ဟိုထမင်းဆိုင်ကို ခဏ သွားချင်သေးတယ်” ယုကာဝါက ရှင်းပြသည်။

“ထမင်းဆိုင် …. ဘာဖြစ်လို့လဲ” အိရှိဂါမိ၏ နားထင်ကြောများ ထောင်ထသွားသည်ဟု ခံစားလိုက်ရသည်။

“ဟင်းသွားဝယ်မလို့ပေါ့ကွာ။ ပြောစရာ လိုသေးလို့လား။ ခဏနေကျရင် ငါ တခြားတစ်နေရာကို သွားစရာ ရှိသေးလို့ ထမင်းစားဖို့ အချိန် သီးသန့် ပေးနိုင်မယ် မထင်ဘူး။ ဒါကြောင့် ညစာကိစ္စကို တစ်ခါတည်း ရှင်းထားချင်လို့။ အဲဒီဆိုင်ရဲ့ ဟင်းတွေက မဆိုးဘူး မဟုတ်လား။ နို့မဟုတ်ရင် မင်း နေ့တိုင်း ဘယ်ဝယ်စားပါ့မလဲ”

“ဪ …. ဒါဆိုလည်း သွားလေ” အိရှိဂါမိကလည်း ယုကာဝါ၏ အနောက်သို့ လျှောက်လိုက်သွားလေသည်။

သူတို့သည် ကိယိုစုတံတားဆီသို့ ဦးတည်၍ လျှောက်နေကြသည်။ သူတို့နှစ်ဦး ယှဉ်၍ လျှောက်နေကြစဉ် ကုန်တင်ကားကြီးတစ်စီးသည် သူတို့အနားမှ ဖြတ်မောင်းသွားသည်။

“ဟိုရှေ့ရက်တွေက ငါ ကုစာနာဂိနဲ့ တွေ့သေးတယ်။ အဲဒီကောင်ကို မင်း မှတ်မိတယ်မလား။ မင်းဆီ လာတွေ့တဲ့ ရဲလေ”

အိရှိဂါမိ၏ ရင်ထဲ လှပ်ခနဲ ဖြစ်သွားသည်။ စိုးရိမ်စိတ်က တဖြည်းဖြည်းနှင့် အရှိန်မြင့်လာနေသည်။ “သူက ဘာဖြစ်လို့လဲ”

“ဘာရယ် မဟုတ်ပါဘူး။ သူက အလုပ်မှာ အဆင်မပြေတာ တစ်ခုခုနဲ့ ကြုံလာတိုင်း ငါ့ဆီလာပြီး ငြီးတွားနေတတ်တာ။ ပြီးတော့ တစ်ခေါက်ရောက်လာတိုင်း ခေါင်းစားစရာ ပြဿနာတစ်ခုခုတော့ ပါလာတတ်တာပဲ။ တစ်ခါကဆိုရင် ငါ့ကို ဝိဉာဉ်ကိစ္စတွေတောင် လာဖြေရှင်းခိုင်းနေသေးတာ။ တကယ် ဟုတ်တဲ့ကောင်ပဲ”

ယုကာဝါ ပြောနေသော ဝိဉာဉ်ကိစ္စ၊ သရဲပူးသည့်ကိစ္စမှာ အိရှိဂါမိအတွက် စိတ်ဝင်စားဖွယ် ကောင်းပါ၏။ သို့သော် ယုကာဝါသည် ထိုသို့သော တစ္ဆေဇာတ်လမ်းကို ပြောရန် သူ့ထံသို့ ရောက်လာခြင်း မဟုတ်ကြောင်းကိုမူ သူ ကောင်းစွာ သိနေသည်။

သူ့အား လာတွေ့ရသည့် အကြောင်းအရင်းကို မေးမြန်းမည်ဟု အိရှိဂါမိက ဟန်ပြင်၍ ခေါင်းမော့လိုက်သောအခါ လေထဲတွင် တအိအိ လှုပ်ယမ်းနေသော ‘ဘန်တန်တိုင်’ ဆိုင်းဘုတ်ကို တွေ့မြင်လိုက်ရသည်။

စိုးရိမ်စိတ် လှိုင်းလုံးများက တရိပ်ရိပ် တက်လာပြန်သည်။ ယာစုကိုသည် သူတို့နှစ်ယောက်ကို မြင်သွားသောအခါတွင် မည်သို့ ပြုမူတုံ့ပြန်မည်နည်း။ ယခုအချိန်မျိုးတွင် သူသည် ဤဆိုင်သို့ လာလေ့လာထ မရှိသည့်အပြင် ယခုလာပြန်တော့လည်း တစ်ယောက်တည်း မဟုတ်။ ယာစုကိုသည် တောင်တောင်ဤဤ လျှောက်တွေးကာ အတွေးချော်နေမည်လော။ သူမ၏ မျက်နှာပေါ်တွင် သဘာဝမကျသော အမူအရာများ မမြင်ရပါစေနှင့်ဟုသာ အိရှိဂါမိက ဆုတောင်းနေမိသည်။

ယုကာဝါသည် မှန်တံခါးကို တွန်းဖွင့်ပြီး ဆိုင်ထဲသို့ ဝင်သွားသည်။ အိရှိဂါမိလည်း အနောက်မှ ကပ်လိုက်သွားလေသည်။ ထိုစဉ်က ယာစုကိုသည် တခြားဈေးဝယ်တစ်ဦးနှင့် စကားပြောနေသည်။

“မင်္ဂလာပါရှင်” ယာစုကိုသည် ပြုံးချိုသော မျက်နှာဖြင့် ယုကာဝါကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမ၏ အကြည့်က အိရှိဂါမိထံသို့ ရောက်ရှိသွားသည်။ ထိုစဉ် ချက်ချင်းဆိုသကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် အံ့ဩခြင်းနှင့် တွေဝေခြင်းများ အထင်သား ပေါ်လာပြီး သူမ၏ အပြုံးမှာလည်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။

“သူက ဘာဖြစ်နေလို့လဲ” ယုကာဝါသည် ထိုပြောင်းလဲမှုကို သတိထားမိသွားဟန် တူသည်။

“အဲ … ဘာမှ မဖြစ်ပါဘူး” ယာစုကို၏ အပြုံးက အနည်းငယ် ပုံပျက်နေသည်။ ခေါင်းကိုလည်း ခပ်သွက်သွက် ခါယမ်းနေသည်။ “သူက ကျွန်မရဲ့ အိမ်နီးချင်းပါ။ ဆိုင်ရဲ့ ဖောက်သည်ပါပဲ”

“သူက ဒီဆိုင်အကြောင်းကို ပြောပြပြီးကတည်းက ကျွန်တော် ခင်ဗျားတို့ဆိုင်ကို လာပြီး အားပေးချင်နေတာ”

“လာအားပေးတဲ့အတွက် ကျေးဇူးပါရှင်” ယာစုကိုက ခါးကို ညွတ်၍ အရိုအသေ ပြုလိုက်သည်။

“ကျွန်တော်တို့က တက္ကသိုလ် ကျောင်းနေဖက်တွေလေ” ယုကာဝါက အိရှိဂါမိဘက်သို့ လှည့်ကြည့်သည်။ “ဟိုတစ်နေ့ကတောင် သူ့အိမ်သွားပြီး ဒုက္ခပေးခဲ့သေးတယ်”

“ဟုတ်။ ကျွန်မ ကြားမိပါတယ်” ယာစုကိုက ခေါင်းညိတ်ပြသည်။

“သူ ပြောပြတာလား”

“ဟုတ်ကဲ့။ နည်းနည်းပြောဖူးပါတယ်”

“ဪ … ဒါနဲ့ ဘယ်အမျိုးအစားက စားလို့ ကောင်းလဲ။ သူကရော ဘယ်ဟာကို ဝယ်လေ့ရှိလဲ”

“မစ္စတာအိရှိဂါမိက စပယ်ရှယ်ဟင်းကို ဝယ်တတ်တယ်။ ဒါပေမယ့် အခု အဲဒါ ကုန်သွားပြီရှင့်”

“ဝမ်းနည်းစရာပဲ။ ကျွန်တော် ဘာယူရရင် ကောင်းမလဲ။ အမယ်တိုင်းက ကြည့်ရတာ စားကောင်းမယ့် ပုံပဲ”

ဟင်းများကို ယုကာဝါ ရွေးချယ်နေစဉ် အိရှိဂါမိသည် မှန်တံခါးမှတဆင့် ဆိုင်အပြင်သို့ အကဲခတ်နေမိသည်။ ရဲများသည် တစ်နေရာရာမှ ချောင်းကြည့်နေပေလိမ့်မည်။ ဖြစ်နိုင်လျှင် သူနှင့် ယာစုကိုတို့ ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုနေကြသည်ကို ရဲများအား မတွေ့စေလို။

သူ၏ ခေါင်းထဲသို့ နောက်ထပ် အတွေးတစ်မျိုး ဝင်ရောက်လာသည်။ သူသည် ယုကာဝါကို အတန်ကြာ စိုက်ကြည့်နေမိသည်။ ယုကာဝါကို ယုံ၍ ရနိုင်မည်လော။ ဤသူငယ်ချင်းကို သတိထား၍ ဆက်ဆံသင့်ပါ၏လော။ ထိုသူနှင့် ကုစာနာဂိတို့သည် သူငယ်ချင်းများ ဖြစ်နေသောကြောင့် ယခု ပစ္စက္ခ အခြေအနေများကို ထိုရဲအရာရှိအား ပြောပြကောင်း ပြောပြပေလိမ့်မည်။

ယုကာဝါက စိတ်တိုင်းကျ ရွေးချယ်ပြီးသွားပြီ ဖြစ်၍ ယာစုကိုသည် မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားသည်။

ထိုစဉ်မှာပင် မှန်တံခါး ပွင့်လာပြီး အမျိုးသားတစ်ဦး အထဲသို့ ဝင်လာသည်။ အိရှိဂါမိသည် ထိုသူ့ကို အမှတ်တမဲ့ ကြည့်လိုက်မိသောအခါ အလိုလို အံကြိတ်မိလျက်သား ဖြစ်သွားတော့သည်။

အုန်းခွံရောင် ဂျက်ကက်ကို ဝတ်ဆင်ထားသော ထိုအမျိုးသားကို အိရှိဂါမိသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူ၏ တိုက်ခန်းရှေ့တွင် ဆုံတွေ့ခဲ့ဖူးသည်။ ယာစုကိုက ထိုသူနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုနေသည်ကို သူ မြင်ခဲ့ဖူးသည်။ သူတို့နှစ်ဦးသည် မိတ်ဆွေဟောင်းများ ဖြစ်ကြပေလိမ့်မည်။ သို့မဟုတ် ထို့ထက်လည်း ပိုကောင်း ပိုလိမ့်မည်။

ထိုအမျိုးသားက အိရှိဂါမိကို သတိထားမိပုံ မရ။ မီးဖိုချောင်မှ ထွက်လာမည့် ယာစုကိုကိုသာ စောင့်မျှော်နေသည်။

ယာစုကို အနောက်ဘက်မှ ထွက်လာသည်။ အသစ်ရောက်လာသော ဧည့်သည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အရောင်များ ထင်ရှားပေါ်လွင်လာသည်။

ထိုအမျိုးသားက ဘာမျှ မပြောဘဲ ပြုံးလျက် ယာစုကိုကို ခေါင်းဆတ်ပြသည်။ ဈေးဝယ်များ ရှင်းသွားသောအခါမှသာ သူ ပြောချင်သည်တို့ကို ပြောတော့မည်ဟု အသိပေးနေသည့်နှယ်။

ထိုသူသည် မည်သူနည်း။ အိရှိဂါမိက တွေးနေမိသည်။ ထိုသူသည် ဘယ်ချောင်ထဲမှ ထွက်ပေါ်လာသနည်း။ ယာစုကိုနှင့် မည်သည့် အချိန်ကတည်းက ခင်မင်ရင်းနှီးနေကြသနည်း။

တက္ကစီပေါ်မှ ဆင်းလာသော ယာစုကို၏ မျက်နှာအမူအရာကို ယနေ့အချိန်ထိ အိရှိဂါမိ မေ့မရနိုင်သေးပေ။ သူ မည်သည့်အခါကမျှ မမြင်ခဲ့ဖူးသော မျှော်လင့်ချက် ပြည့်လျှမ်းနေသည့် ရုပ်ပုံလွှာ။ မိခင်တစ်ယောက် သို့မဟုတ် အရောင်းဝန်ထမ်းတစ်ဦး၏ မျက်နှာသွင်ပြင်မျိုး မဟုတ်။ ၎င်းသည်သာ သူမ၏ ရုပ်သွင်ပြင်အစစ် ဖြစ်ရမည်။ မိန်းမသားတစ်ယောက်တွင် ရှိသင့် ရှိထိုက်သော မျက်နှာ။ သို့သော် ထိုမျက်နှာသည် အိရှိဂါမိ၏ ရှေ့မှောက်တွင် ဘယ်တုန်း ဘယ်အခါကမျှ ပေါ်ပေါက်လာခဲ့ခြင်း မရှိ။ ထိုလူအတွက်သာ ဖြစ်နေခဲ့သည်။

အိရှိဂါမိသည် ပဟေဠိအမျိုးသားနှင့် ယာစုကိုတို့ကို တစ်လှည့်စီ စိုက်ကြည့်နေမိသည်။ ထိုသူနှစ်ဦး၏ အကြားရှိ လေထုထဲတွင် သံလိုက်ဓာတ်များ သက်ဝင်လှုပ်ရှားနေပေလိမ့်မည်ဟု သူ တွေးလိုက်မိသည်။ ထိုအတွေးက သူ့ရင်ကို ဆူးဖြင့် ထိုးလိုက်သကဲ့သို့ စူးခနဲ အောင့်သွားစေသည်။

ယုကာဝါ မှာထားသော ဟင်းထုပ်ကို ပြင်ဆင်ပြီးလေပြီ။ သူသည် ပါဆယ်ထုပ်ကို လှမ်းယူပြီး ငွေရှင်း၍ အိရှိဂါမိကို လှမ်းပြောလိုက်သည်။ “မင်းကို စောင့်နေခိုင်းရတာ အားနာစရာပဲ။ လစ်ကြစို့”

ဘန်တန်တိုင်၏ အပြင်သို့ ရောက်ကြသောအခါ ကိယိုစုတံတားပေါ်ရှိ လှေကားမှ ဆင်း၍ ဆုမိဒမြစ်ကမ်းတစ်လျှောက် လမ်းလျှောက်သွားကြသည်။

“အဲဒီလူက ဘယ်သူလဲ” ယုကာဝါက မေးသည်။

“အမ်”

“ဆိုင်ထဲကို နောက်မှ ဝင်လာတဲ့တစ်ယောက်လေ။ မင်း သူ့ကို အတော် စိတ်ဝင်စားနေတဲ့ပုံပဲ”

‘အတော် စပ်စုတဲ့ကောင်ပဲ’ ဟု ရင်ထဲမှ ကျိတ်၍ ကျိန်ဆဲနေမိသည်။ “ဟင့်အင်း၊ ငါ သူ့ကို မသိဘူး” အိရှိဂါမိသည် တည်ငြိမ်အောင် ကြိုးစားနေရသည်။

“ဪ” ယုကာဝါ၏ မျက်နှာပေါ်တွင် သံသယ ရှိနေသော အရိပ်အရောင်များကို မတွေ့မြင်ရပေ။

“ဒါနဲ့ အရေးကြီးတဲ့ ကိစ္စရှိတယ် ဆိုတာ ဘာလဲ။ ထမင်းထုပ် ဝယ်ရုံသက်သက်တော့ မဟုတ်လောက်ဘူး ထင်ပါတယ်”

“အား ဟုတ်သား။ အရေးကြီးတဲ့ကိစ္စကို မေ့တော့မလို့” ယုကာဝါက မျက်မှောင်ကို ကုတ်လိုက်သည်။ “စောစောက မင်းကို ပြောခဲ့သလိုပဲကွာ။ ကုစာနာဂိဆိုတဲ့ အကောင်က ထစ်ခနဲဆိုရင် ငါ့ဆီ ရောက်ရောက်လာပြီး သူကြုံနေရတဲ့ ပြဿနာတွေကို လာလာပြီး ပြောပြတတ်တယ်။ ဒီတစ်ခေါက်လည်း အဲဒီအတိုင်းပဲ။ ထမင်းဆိုင်က အမျိုးသမီးရဲ့ အိမ်ဘေးမှာ မင်းနေနေတယ်ဆိုတာကို သိလိုက်ရတာနဲ့ သူ ငါ့ဆီကို ပြေးလာတော့တာပဲ။ ငါ့ကို အကူအညီတစ်ခု လာတောင်းတယ်”

“ဘာလဲ”

“ရဲတွေက သူ့ကို သံသယ ဝင်နေကြတယ်။ ဒါပေမယ့် သက်သေအထောက်အထားကလည်း ရှာလို့ မတွေ့သေးဘူး။ သူတို့က အဲဒီအမျိုးသမီးကို စောင့်ကြည့်ချင်နေကြတယ်။ ဒါပေမယ့် သူတို့ လုပ်နိုင်တဲ့ အတိုင်းအတာကလည်း အကန့်အသတ် ရှိနေတာကြောင့် မင်းကို သတိရလာကြတယ်”

“ငါက သူ့ကို စောင့်ကြည့်ပေးရမယ်ပေါ့။ အဲဒီလိုလား”

“ဟုတ်တယ်” ယုကာဝါက ခေါင်းကုတ်နေသည်။ “၂၄ နာရီလုံးလုံး စောင့်ကြည့်နေဖို့လည်း မဟုတ်ပါဘူးကွာ။ အိမ်ဘေးက အခြေအနေကို အရင်ကထက် ပိုပြီး သတိထားပေးနေရုံ သက်သက်ပါပဲ။ ထူးခြားတာ တစ်ခုခု တွေ့လာရင် သူတို့ဆီ သတင်းပို့ပေးဖို့ပေါ့။ သူကတော့ အဲဒီလို ပြောတာပဲ။ သူ့သဘောကတော့ အဲဒီအမျိုးသမီးကို အာရုံစိုက်ပေးဖို့ပဲ။ အဲဒီအကောင်တွေက မျက်နှာပြောင်တယ်ပဲ ပြောရမလား။ ယဉ်ကျေးမှုကို နားမလည်ဘူးပဲ ဆိုရမလားတောင် မသိတော့ဘူး”

“မင်းက အဲဒီကိစ္စကို လာပြောပြပေးတယ် ဆိုပါတော့”

“ဟုတ်တယ်။ ရဲတွေက မင်းဆီ တရားဝင်လာပြီး အကူအညီ တောင်းခံပါလိမ့်မယ်။ ငါက မင်းရဲ့ ဆန္ဒကို အရင်ဦးဆုံး လာပြီး တီးခေါက်ကြည့်တာ။ မင်းအနေနဲ့ ငြင်းချင်တယ် ဆိုလည်း ကိစ္စ မရှိဘူး။ ငါ့အမြင် ပြောရရင် ငြင်းလိုက်တာက ပိုကောင်းလိမ့်မယ်။ ဒါပေမယ့် လူ့လောကမှာ ကျင်လည်နေကြရတာဆိုတော့ သူ့မျက်နှာ ကိုယ်နာရ၊ ကိုယ်မျက်နှာ သူနာရ ဆိုတဲ့ ကိစ္စမျိုးတွေကလည်း ရှိသေးတာ မဟုတ်လား” ယုကာဝါက အားနာတိုးလျှိုးသော လေသံဖြင့် ပြောနေသည်။

ရဲဌာနသည် သာမန် အရပ်သားတစ်ဦးကို ဤသို့သော ကိစ္စမျိုးတွင် အကူအညီ တောင်းခံနိုင်ပါမည်လော။ အိရှိဂါမိက တွေးနေသည်။

“မင်း ဘန်တန်တိုင်ကို တကူးတက သွားရတာကလည်း ဒီကိစ္စနဲ့ ပတ်သက်နေတာပဲလား”

“အမှန်အတိုင်း ဝန်ခံရရင်တော့ ပတ်သက်တယ် ဆိုပါတော့။ ရဲတွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ သံသယတရားခံ ဆိုတဲ့ အမျိုးသမီးကို ငါကိုယ်တိုင် မြင်ဖူးချင်တယ်လေ။ သူ့ပုံက လူသတ်သမားနဲ့ နည်းနည်းမှ မတူပါဘူးကွာ”

‘ငါလည်း အဲဒီလိုပဲ ထင်တယ်’ အိရှိဂါမိက ထိုသို့ ပြောလိုက်ရန် စိတ်ကူးမိလိုက်သေးသည်။ “ဘယ်ပြောနိုင်မလဲ။ စိန်ကဲကျောက်ကဲထက် လူကဲခတ်ရတာ ပိုခက်တယ်ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ”

“ဒါလည်း ဟုတ်တာပဲ။ ကဲ … မင်း ဘယ်လို သဘောရသလဲ။ ရဲတွေက မင်းကို အကူအညီ လာတောင်းရင် မင်း သဘောတူမှာလား”

အိရှိဂါမိက ခေါင်းခါပြသည်။ “အမှန်အတိုင်း ဝန်ခံရရင်တော့ ငါ မလုပ်ချင်ဘူး။ သူများတွေကို ချောင်းမြောင်း အကဲခတ်နေရတာ ငါ့စရိုက်နဲ့ နည်းနည်းမှ မကိုက်ပါဘူးကွာ။ ပြီးတော့ ငါ့မှာ အချိန်လည်း မရှိဘူး။ ငါ့အလုပ်နဲ့ငါတောင် အားနေတာ မဟုတ်ဘူး”

“ဒါဆို ငါ မင်းကိုယ်စား ငြင်းပေးလိုက်မယ်။ ဒီကိစ္စ ဒီမှာပဲ ထားလိုက်တော့ကွာ။ မင်းကို စိတ်ကသိကအောက် ဖြစ်သွားအောင် လုပ်မိရင် တောင်းပန်ပါတယ်”

“ကိစ္စ မရှိပါဘူး”

ရှင်-အိုဟရှိတံတားအနီးသို့ ရောက်လာကြသည်။ မြစ်ကမ်းနံဘေးရှိ အိုးမဲ့အိမ်မဲ့တို့၏ တဲစုတ်များကို မြင်တွေ့နေရသည်။

“လူသတ်မှုက မတ်လ ၁၀ ရက်နေ့မှာ ဖြစ်တယ်လို့ ကြားတယ်” ယုကာဝါက ပြောသည်။ “အဲဒီနေ့က မင်း အိမ်ကို စောစော ပြန်ရောက်တယ်ဆို”

“တခြား သွားစရာလည်း ငါ့မှာ ရှိမှ မရှိတာ။ ငါ မှတ်မိသလောက်ဆိုရင် ၇ နာရီလောက် အိမ်ပြန်ရောက်တယ်လို့ သူတို့ကို ပြောခဲ့မိသလိုပဲ”

“အိမ်ရောက်ပြီးနောက်တော့ ခါတိုင်းလိုပဲ ထုံးစံအတိုင်း အိမ်ထဲမှာ အောင်းနေပြီး သင်္ချာပုစ္ဆာတွေနဲ့ နပန်းလုံးနေတာပဲလား”

“ဟုတ်တယ်” အိရှိဂါမိက ထိုသို့ အဖြေပေးရင်း စဉ်းစားခန်း ဝင်နေသည်။ ယုကာဝါသည် သူ၏ အလီဘိုင်သက်သေကို စစ်ဆေး အတည်ပြုနေခြင်းပေလော။ ထိုသို့သာ အမှန်ဖြစ်မည်ဆိုလျှင် သူသည် မိမိကို သံသယ ဝင်နေပြီဟု ဆိုရပေတော့မည်။

“ဒါနဲ့ ငါသိသလောက် မင်းမှာ တခြား ဘာမှ ဝါသနာ မပါသလိုပဲနော်။ သင်္ချာကလွဲလို့ တခြား ဝါသနာပါတာ ဘာမှ မရှိတော့ဘူးလား”

အိရှိဂါမိက ပြုံးလိုက်သည်။ “ဝါသနာ … ဘာမှ မရှိသလိုပဲ။ ငါ့အတွက်တော့ သင်္ချာ သရဏံ ဂစ္ဆာမိပဲ”

“စိတ်တွေ ရှုပ်ထွေးနောက်ကျိနေလို့ ရှိရင် စိတ်ပြေလက်ပျောက် တစ်ခုခု လုပ်တာမျိုး မရှိဘူးလား။ ဥပမာ လေညင်းခံဖို့ ကားလျှောက်စီးတာတို့ပေါ့” ယုကာဝါသည် လက်နှစ်ဘက်ကို ကားမောင်းသည့် ပုံသဏ္ဌာန် လုပ်ပြနေသည်။

“ငါ လုပ်ချင်လည်း လုပ်လို့ မရဘူးလေ။ ငါ့မှာ ကားမှ မရှိဘဲ”

“မင်းမှာ လိုင်စင် ရှိတယ် မဟုတ်လား”

“ထူးဆန်းလို့လား”

“အဲဒီလိုတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ ကားမောင်းသင်တန်း တက်ဖို့တော့ အချိန်ပေးနိုင်သေးတာပဲ”

“တက္ကသိုလ်မှာ နေပြီး သုတေသန လုပ်မယ်ဆိုတဲ့ ငါရဲ့ အိပ်မက်တွေကို လွှတ်ချပြီးတဲ့နောက်မှာ ငါ ယာဉ်မောင်းလိုင်စင် ချက်ချင်း သွားဖြေခဲ့တာပဲ။ အလုပ်သစ် ရှာတဲ့နေရာမှာ အကူအညီ ရလိုရငြားပေါ့။ လက်တွေ့တော့ ဘာမှ အသုံးမကျပါဘူးကွာ” ပြောပြီးနောက် အိရှိဂါမိသည် ယုကာဝါ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ “မင်းက ငါ ကားမောင်းတတ် မတတ်ဆိုတာကို သိချင်နေသလိုပဲ”

ယုကာဝါသည် မေးခွန်းကို အံ့အားသင့်နေဟန်ဖြင့် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ “မဟုတ်ရပါဘူးကွာ။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ”

“ငါ အဲဒီလို ခံစားနေရတယ်”

“အဲဒီလို မရည်ရွယ်ပါဘူးကွာ။ မင်း ကားနဲ့ လေညင်းခံ ထွက်တတ်သလားလို့ တွေးနေမိလို့ပါ။ အဲ … အတိအကျ ပြောရရင် သင်္ချာနဲ့ ပတ်သက်တဲ့ အကြောင်းအရာက လွဲလို့ တခြား ဘာများ မင်းနဲ့ ဆွေးနွေးလို့ ရနိုင်မလဲလို့ စဉ်းစားနေတာ”

“သင်္ချာနဲ့ လူသတ်မှု အကြောင်းကလွဲလို့လို့ ပြောရင် ပိုမှန်မယ် ထင်တယ်”

သူက ယုကာဝါကို ခနဲ့လို၍ ပြောလိုက်ခြင်း ဖြစ်သော်လည်း ယုကာဝါ၏ တဟားဟား ရယ်မောသံက မထင်မှတ်ဘဲ ထွက်ပေါ်လာသည်။ “ဟုတ်လိုက်လေကွာ”

ရှင်-အိုဟရှိတံတားအောက်သို့ ရောက်လာကြသည်။ ဆံပင်အဖြူနှင့် အမျိုးသားသည် ဂတ်စ်မီးဖိုပေါ်သို့ ဒယ်အိုးတစ်လုံးကို တင်နေသည်။ သူ၏ ဘေးနားတွင် ဆီပုလင်းတစ်လုံး ထောင်ထားလျက်။ အပြင်ဘက် ဟိုဟိုဒီဒီတွင် တခြားသော အိုးမဲ့အိမ်မဲ့ အနည်းအကျဉ်းကို တွေ့နေရသည်။

“ငါ ဒီမှာပဲ မင်းနဲ့ လမ်းခွဲတော့မယ်။ မင်းကို စနိုးစနောင့်ဖြစ်အောင် ပြောခဲ့တာတွေ ရှိရင် တောင်းပန်ပါတယ်” လှေကားအတိုင်း တက်၍ တံတားပေါ်သို့ ရောက်သောအခါ ယုကာဝါက နှုတ်ဆက်စကား ဆိုသည်။

“မစ္စတာ ကုစာနာဂိကို ငါ့အစား တောင်းပန်ပေးပါဦး။ အကူအညီ မပေးနိုင်တာ ဝမ်းနည်းပါတယ်”

“တောင်းပန်စရာ မလိုပါဘူး။ ငါ မင်းကို လာတွေ့လို့ ရသေးတယ်မလား”

“ရတာပေါ့”

“နောက်နေ့မှ မင်းဆီလာပြီး သောက်ရင်း သင်္ချာပုစ္ဆာတွေ ဆွေးနွေးကြတာပေါ့”

“သင်္ချာနဲ့ လူသတ်မှုအကြောင်း မဟုတ်ဘူးလား”

ယုကာဝါက နှာခေါင်းရှုံ့၍ ပခုံးကို ပင့်လိုက်သည်။

“ဒါနဲ့ … မင်းအတွက် ပုစ္ဆာအသစ်တစ်ပုဒ် စဉ်းစားထားတာ ရှိတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ မင်း အားနေတဲ့အချိန်မှာ စဉ်းစားထားကြည့်ပါလား”

“ဘာပုစ္ဆာလဲ”

“ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတစ်ခုကို ဖန်တီးရတာနဲ့ အဲဒီပြဿနာကို ဖြေရှင်းရတာ၊ ဘယ်ဟာက ပိုခက်မလဲ။ အဖြေကတော့ ရှိကို ရှိမှာပဲ။ ဘယ်လိုလဲ။ စိတ်ဝင်စားစရာ ကောင်းတယ်လို့ မင်း မထင်ဘူးလား”

“အတော် စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာပဲ” အိရှိဂါမိက ယုကာဝါ၏ မျက်နှာရိပ် မျက်နှာထားကို အကဲခတ်ကြည့်နေမိသည်။ “ငါ သေသေချာချာ စဉ်းစားကြည့်ကြည့်မယ်”

ယုကာဝါသည် ခေါင်းညိတ်ပြပြီး နောက်ပြန်လှည့်ကာ လမ်းမကြီးဆီသို့ ထွက်ခွာသွားလေသည်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *