Show contents

အခန်း (၇)

အိရှိဂါမိ၏ မျက်နှာကို မြင်ရသောအခါတွင် ယာစုကိုသည် သက်မကို ချလိုက်မိသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသည်။ ထိုအခြင်းအရာကို မြင်ရခြင်းအားဖြင့် သူမ၏ စိတ်သည်လည်း အလိုလို တည်ငြိမ်သွားတော့သည်။ ယမန်နေ့ညက ညဉ့်နက်သည်အထိ သူ့အိမ်တွင် ဧည့်သည်ရောက်နေသည်ကို သူမ သတိထားမိသည်။ စကားပြောသံများ ကြားနေခဲ့သည်။ ထိုဧည့်သည်များသည် ရဲအရှာရှိများ ဖြစ်နေမည်လောဟု သူမက ရင်တမမနှင့် ဘုရားတ,နေခဲ့သည်။

“စပယ်ရှယ်ဟင်းလျာ တစ်ပွဲပေးပါ” သူသည် ယခင်က ပုံစံအတိုင်း အသက်မပါသော အသံမျိုးဖြင့် အော်ဒါမှာနေသည်။ ယခင်ကကဲ့သို့ပင် ယာစုကိုကို တစ်ချက်ကလေးမျှပင် မကြည့်။

“ဟုတ်ကဲ့၊ ရှယ်တစ်ပွဲ ပါဆယ်။ ကျေးဇူးတင်ပါတယ်ရှင်” သူက ပြန်လှန်ဖြေကြားပြီးနောက် အသံကို နှိမ့်လိုက်သည်။ “မနေ့ညက ဆရာ့အိမ်မှာ ဧည့်သည် ရောက်နေတာလား”

“အမ် … အင်း ဟုတ်ကဲ့” အိရှိဂါမိက ခေါင်းမော့ကြည့်သည်။ ထူးဆန်းသောအကြည့်ဖြင့် မျက်တောင် တဖျတ်ဖျတ် ခတ်နေသည်။ ဘေးဘီကို အကဲခတ်လိုက်ပြီး အသံကို နှိမ့်လျက် ပြန်ပြောသည်။ “ကျွန်တော်နဲ့ စကားမပြောတာ ကောင်းမယ်။ ရဲတွေက တစ်နေရာရာကနေ ချောင်းကြည့်နေလောက်တယ်”

“ဆောရီး” ယာစုကိုက ပြောပြီး ကောင်တာအနောက်သို့ ကွယ်ဝင်သွားသည်။

ပါဆယ် ရောက်မလာသေးမီ သူတို့နှစ်ဦးလည်း တစ်ဦးကိုတစ်ဦး ဘာမျှ မပြောကြတော့ဘဲ တိတ်ဆိတ်နေကြသည်။ မျက်လုံးချင်းပင် မဆုံမိစေရန် ရှောင်လွှဲနေကြလေသည်။ ယာစုကိုက လမ်းမဘက်သို့ အကဲခတ်ကြည့်နေမိသည်။ မိမိကို ချောင်းကြည့်မိသူ ရှိနေမည်လော။ တစ်ယောက်မျှ မတွေ့။ သို့သော် သူမကို အမှန်တကယ် စောင့်ကြည့်နေသူ ရှိနေပြီ ဆိုလျှင်လည်း လူမြင်ကွင်းထဲတွင် ပေါ်ပေါ်ထင်ထင် ရပ်နေကြမည် မဟုတ်ပေ။

ပါဆယ်ကို အသေအချာ ထုပ်ပိုးပြီးနောက် ယာစုကိုက သူ့ထံသို့ ကမ်းပေးလိုက်သည်။

“ကျောင်းနေဖက် သူငယ်ချင်းပါ” သူက ပိုက်ဆံပေးနေရင်း လှမ်းပြောသည်။

“ဪ”

“တက္ကသိုလ်တုန်းက သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီ လာလည်တာ။ ခင်ဗျားတို့ကို အနှောင့်အယှက် ဖြစ်သွားခဲ့တယ် ထင်တယ်။ တောင်းပန်ပါတယ်” အိရှိဂါမိက တတ်နိုင်သလောက် နှုတ်ခမ်းမလှုပ်ဘဲ စကားပြောသည်။

“ဟင့်အင်း၊ မဖြစ်ပါဘူး” ယာစုကိုက ပြောပြီး ပြုံးလိုက်မိသည်။ သို့သော် သူတစ်ပါး မြင်သွားမည် စိုးသောကြောင့် သူမက ခေါင်းကို ချက်ချင်း ငုံ့ချလိုက်သည်။ “ဆရာ့အိမ်ကို ဧည့်သည်တွေ လာလို့ ကျွန်မက ထူးဆန်းနေတာ”

“ဒါ ပထမဆုံးပဲ။ ကျွန်တော်လည်း ထင်တောင် ထင်မထားဘူး”

“ရှင် အရမ်းပျော်မှာပေါ့”

“ဟုတ်ကဲ့ …..” အိရှိဂါမိသည် ပါဆယ်ထုပ်ကို လှမ်းယူလိုက်သည်။ “ဒါဆို ညမှ တွေ့ကြတာပေါ့”

ညတွင် သူမထံသို့ ဖုန်းဆက်လာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယာစုကိုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

လမ်းမပေါ်သို့ တက်သွားသော အိရှိဂါမိ၏ ကျောပြင်ကို ငေးကြည့်နေရင်း သူမက တွေးနေမိသည်။ လူ့လောကနှင့် အဆက်ဖြတ်ကာ အိမ်တွင်းအောင်းနေသည့် သူကဲ့သို့သော လူတစ်ယောက်တွင် အိမ်လာလည်မည့် သူငယ်ချင်းတစ်ယောက်တော့ ရှိနေသေးသည်။

နံနက်ခင်း လူကျချိန် လွန်သွားသောအခါ ယာစုကိုသည် ယခင်ကကဲ့သို့ အနောက်ဘက် မီးဖိုချောင်ထဲသို့ ဝင်ကာ စာယိုကိုတို့နှင့် စကားသွားပြောနေသည်။ စာယိုကိုသည် မုန့်အချိုများကို နှစ်သက်သူတစ်ယောက် ဖြစ်သည်။ သူမက ယာစုကိုကို ပဲကိတ်တစ်တုံး လှမ်းပေးသည်။ မုန့်အငန်များကိုသာ အာသီသရှိသော ယိုနာဇာဝါသည် ပဲကိတ်ကို အဖက်မလုပ်ဘဲ လက်ဖက်ရည်ကြမ်းကိုသာ သောက်နေလေသည်။ ကာနဲကိုမှာမူ အပြင်ထွက်၍ ကုန်ပို့နေသည်။

“မနေ့က ဟိုကောင်တွေ နင့်ကို လာရှာကြသေးလား” စာယိုကိုက လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ပြီး ယာစုကိုကို မေးလာသည်။

“ဘယ်သူ့ကို ပြောတာလဲ”

“ဟိုကောင်တွေလေဟာ၊ ရဲတွေပေါ့” စာယိုကိုက မျက်မှောင်ကြုတ်လျက်။ “အဲဒီကောင်တွေက နင့်ယောက်ျားအကြောင်းကိုပဲ ငါ့ကို အသည်းအသန် မေးနေတာ။ မနေ့က နင့်ဆီလည်း သွားရှာဦးမှာပဲလို့ ငါတို့က ထင်နေကြတာ။ ဟုတ်တယ်မလား” သူမက သူ့ယောက်ျားဘက်သို့ လှည့်ပြီး ကြည့်လိုက်သည်။ တိတ်ဆိတ်စွာ ထိုင်နေသော ယိုနာဇာဝါက ခေါင်းကို ဆတ်ပြသည်။

“မနေ့ညက ဘာမှ မဖြစ်ပါဘူး”

ကျောင်းမှ ထွက်သည်နှင့် မီစာတိုကို ခေါ်ယူမေးမြန်းခြင်း ခံခဲ့ရသော်လည်း ထိုအကြောင်းကို သူတို့အား မပြောပြရန် ယာစုကိုက ဆုံးဖြတ်လိုက်သည်။

“မလာတာပဲ ကောင်းတယ်။ အဲဒီရဲတွေက ပေကတ်ကတ်နဲ့”

“သူတို့ကလည်း သူတို့အလုပ် သူတို့ လုပ်နေတာပါကွာ။ မေးစရာရှိတာ မေးမှာပေါ့” ယိုနာဇာဝါက ဝင်ပြောသည်။ “ယာစုကိုကို သံသယ ဝင်နေကြတာမှ မဟုတ်ဘဲ။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေကြတာ နေမှာပေါ့”

“ဟုတ်မှာပါ။ သူတို့ကလည်း အစိုးရဝန်ထမ်းတွေပဲကိုး။ တိုဂါရှိ ငါတို့ဆိုင်ကို လာမသွားတာပဲ ခပ်ကောင်းကောင်းရယ်။ တကယ်လို့သာ အသတ်မခံရခင် ဒီကို လာသွားတယ်ဆိုရင် ရဲတွေက ယာစုကိုကို နည်းနည်းမှ အလွတ်ပေးမှာ မဟုတ်တော့ဘူး”

“အလကားနေရင်း သူ့ကို ဖြဲခြောက်မနေစမ်းပါနဲ့ကွာ” ယိုနာဇာဝါက လှောင်ပြုံး ပြုံးနေသည်။

“ပြောလို့ မရဘူးလေ။ ဟိုရဲက ပြောနေသေးတယ် မဟုတ်လား။ တိုဂါရှိက မာရိယန်းကိုသွားပြီး ယာစုကိုအကြောင်း စုံစမ်းခဲ့သေးတာကြောင့် ဒီကို မလာတာ မဖြစ်နိုင်ဘူးတဲ့။ သူက တစ်ခုခုကို သံသယ ဝင်နေသလိုပဲ။ သူ့မျက်နှာမှာ အထင်းသား ပေါ်နေတယ်”

မာရိယန်း ဆိုသည်မှာ ယာစုကိုနှင့် စာယိုကိုတို့ အလုပ်ဝင်ခဲ့ဖူးသော ကင်ရှိချိုရှိ ကလပ်တစ်ခု ဖြစ်သည်။

“ဟုတ်ချင် ဟုတ်မှာပေါ့။ ဒါပေမယ့် တိုဂါရှိက ဒီကို တကယ်လည်း ရောက်မှ ရောက်မလာဘဲ။ ဒီတော့ ငါတို့က ဘာကို စိတ်ပူနေရဦးမှာလဲ။ မဟုတ်ဘူးလား”

“ဒါကြောင့်မို့ ပြောတာပေါ့။ သူ ရောက်မလာတာပဲ ကံကောင်းတယ်။ တကယ်သာ လာသွားလို့ရှိရင် မယုံမရှိနဲ့။ ရဲတွေက ယာစုကိုကို နည်းနည်းလေးမှ ချမ်းသာပေးမှာ မဟုတ်တော့ဘူး”

ယိုနာဇာဝါသည် မျက်နှာကို မဲ့လျက် ခေါင်းခါယမ်းနေသည်။ သို့သော် သူ့မျက်နှာတွင် အနည်းငယ်မျှ စိုးရိမ်ဟန် မပြ။

အကယ်၍သာ ဤဆိုင်သို့ တိုဂါရှိ လာရောက်သွားခဲ့သည့်အကြောင်းကို သူတို့အား ပြောပြလိုက်မည် ဆိုလျှင် သူတို့၏ အမူအရာသည် မည်သို့ ဖြစ်ပျက်ကုန်ကြမည်နည်း။ ထိုအတွေးကြောင့် ယာစုကိုသည် နောက်ကျောမလုံသလို ဖြစ်လာသည်။

“စိတ်ချမ်းသာစရာ နည်းနည်းမှ မကောင်းဘူး ဆိုပေမယ့် မတတ်နိုင်ဘူးလေ။ နင်လည်း တစ်ခဏလောက်တော့ သည်းခံနေရဦးမှာပဲ” စာယိုကိုက ပြောသည်။ “သူက နင့်ယောက်ျား ဖြစ်ခဲ့ဖူးတော့လည်း ဘာတတ်နိုင်ဦးမှာလဲ။ နောက်ဆုံး သူတို့ကိစ္စ သူတို့ လုပ်ပြီးသွားရင်တော့ နင်လည်း လွတ်လပ်သွားမှာပါ”

ယာစုကိုက မပြုံးချင်ပြုံးချင်ဖြင့် ပြုံးပြသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တိုဂါရှိ အသတ်ခံရတာကို ငါတော့ အရမ်း သဘောကျတာပဲ”

“ဟေ့” ယိုနာဇာဝါက စာယိုကိုကို ဟန့်လိုက်သည်။

“စိတ်ထဲက ရှိတဲ့အတိုင်း ပြောတာလေ။ အဲဒီသူတောင်းစားအတွက် ယာစုကို ဘယ်လောက်အထိ သည်းခံခဲ့ရသလဲ ဆိုတာ နင် သိမှ မသိဘဲ”

“မင်းက သိတယ်ပေါ့”

“အနည်းဆုံးတော့ ယာစုကို ပြောပြလို့ ကြားဖူးနေတယ်လေ။ အဲဒီတုန်းက ယာစုကိုက သူ့ကို ပုန်းနေချင်လို့ မာရိယန်းမှာ အလုပ်သွားဝင်နေတာပေါ့။ နောက်ဆုံးတော့လည်း ရှာတွေ့သွားတာပါပဲ။ တွေးကြည့်ရင် ကြက်သီးထချင်စရာ။ ငါကတော့ လူသတ်သမားကိုတောင် ကျေးဇူးတင်စကား သွားပြောလိုက်ချင်သေးတယ်”

ယိုနာဇာဝါက မျက်စောင်းတစ်ချက်ထိုးကာ မတ်တတ်ထရပ်သည်။ စာယိုကိုသည် သူ့ယောက်ျား ထွက်ခွာသွားသည်ကို မကျေမနပ် လှမ်းကြည့်နေပြီး ခဏအကြာတွင် ယာစုကိုဘက်သို့ လှည့်လာသည်။ “တိုဂါရှိက ဘယ်လို ဖြစ်သွားတာလဲ မသိဘူးနော်။ အကြွေးရှင်တွေရဲ့ လက်ချက်များလား မသိဘူး”

“ဘယ်ပြောတတ်မလဲ” ယာစုကိုက ပခုံးတွန့်ပြသည်။

“နင့်ဆီ အမှုပတ်မလာဖို့ပဲ အရေးကြီးတာ။ ငါ အဲဒါကိုပဲ စိတ်ပူတယ်” စာယိုကိုသည် စကားဆုံးသည်နှင့် နောက်ဆုံးလက်ကျန် ပဲကိတ်တစ်တုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဆိုင်ရှေ့ကောင်တာသို့ ယာစုကို ပြန်ရောက်သောအခါ သူမ၏ စိတ်မှာ များစွာ လေးပင်နေသည်။ ယိုနာဇာဝါ လင်မယားသည် သူမကို သံသယ မဝင်သည့်အပြင် သူမထံသို့ အမှုပတ်လာမည်ကိုပင် သူမအစား စိုးရိမ်ပေးနေကြသည်။ ထိုသို့ စိတ်ကောင်းရှိသော လူများကို လိမ်ညာခဲ့မိသောကြောင့် သူမစိတ်ထဲ မလုံမလဲ ဖြစ်နေမိသည်။ အကယ်၍ သူမ အဖမ်းခံခဲ့ရမည် ဆိုလျှင် သူတို့ လင်မယားကိုလည်း တစ်နည်းနည်းဖြင့် ဒုက္ခပေးသလို ဖြစ်ချေတော့မည်။ ဘန်တန်တိုင်၏ စီးပွားရေးကိုလည်း သက်ရောက်မှု ရှိလာနိုင်သည်။ ထိုသို့ စဉ်းစားလိုက်မိသည်နှင့် သူမတွင် တခြား ရွေးချယ်စရာ လမ်းမရှိကြောင်း ရိပ်စားလာမိသည်။ အမှန်တရားကို လုံးဝ အစဖျောက် ဖုံးကွယ်ထားရုံမှတစ်ပါး တခြား မရှိတော့ပြီ။

သူမသည် ထိုသို့ တွေးတောရင်း အလုပ်လုပ်နေပြီး တစ်ခါတစ်ခါ ငိုင်၍ နေမိပြန်သည်။ မကြာခင် ပြန်လည် သတိဝင်လာပြီး ဘာမျှ လျှောက်စဉ်းစားမနေဘဲ အလုပ်ကိုသာ စူးစူးစိုက်စိုက် လုပ်နေသင့်ကြောင်း မိမိကိုယ်မိမိ ဖျောင်းဖျနေရသည်။

ဈေးဝယ်မည့်သူ မရှိ၍ အတန်ကြာမျှ အားလပ်နေပြီး ၆ နာရီ ထိုးခါနီးအချိန်တွင် ဆိုင်တံခါးပွင့်လာသည်။

“မင်္ဂလာပါရှင်” သူမက စက်ရုပ်တစ်ရုပ်ကဲ့သို့ နှုတ်ခွန်းဆက်လိုက်ပြီး ဧည့်သည်ကို မော့ကြည့်လိုက်သည်။ ထိုစဉ် သူမ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ “ရှင် ……”

“မင်္ဂလာပါဗျာ” အမျိုးသားက ပြုံးနေသည်။ မျက်လုံးနှစ်လုံး၏ ထောင့်စွန်းများမှ အရေးအကြောင်းများ အထင်းသား ပေါ်နေသည်။

“မစ္စတာကူဒို” ယာစုကိုသည် ပွင့်ဟနေသော သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။ “ရှင် ဘယ့်နှယ် ဘယ်လို ဒီကို ရောက်လာတာလဲ”

“မေးဖို့ လိုသေးလို့လား။ ဈေးလာ ဝယ်တာပေါ့။ ဟင်းအမျိုးအမည်တွေကလည်း တယ်ပြီး စုံနေတာကိုးဗျ” ကူဒိုသည် ဟင်းမယ် ဓာတ်ပုံများကို စိုက်ကြည့်ရင်း ပြောနေသည်။

“ရှင် မာရိယန်းကနေ သတင်းကြားလာတာလား”

“ဟုတ်တယ်” သူက သွားပေါ်အောင် ပြုံးနေသည်။ “မရောက်ဖြစ်တာ ကြာပြီ။ မနေ့က ရောက်သွားတာပဲ”

ယာစုကိုသည် မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။ “စာယိုကို၊ အပြင်ကို ခဏ လာခဲ့ဦး”

“ဘာဖြစ်လို့လဲ” စာယိုကိုက ပြန်မေးလိုက်သည်။

ယာစုကိုက ပြုံးလျက် ပြောသည်။ “မစ္စတာကူဒိုလေ။ သူရောက်နေတယ်”

“နင်ပြောတဲ့ မစ္စတာကူဒိုဆိုတာက ……” စာယိုကိုသည် ခါးစည်းအဝတ်ကို ချွတ်၍ အပြင်သို့ ခပ်မြန်မြန် ထွက်လာသည်။ ကုတ်အင်္ကျီဝတ်နှင့် ရပ်လျက် ပြုံးနေသော အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသောအခါ သူမပါးစပ်မှာ အဟောင်းသား ဖြစ်သွားလေသည်။ “အား … မစ္စတာကူဒို”

“ခင်ဗျားတို့ နှစ်ယောက်ကို ကြည့်ရတာ အဆင်ပြေနေသလိုပဲ။ ဘယ်လိုလဲ၊ ခင်ဗျားအမျိုးသားနဲ့ အဆင်ပြေပြေ ရှိရဲ့လားဗျ။ ဆိုင်ထဲ ကြည့်ရတာတော့ အတော်လေး အဆင်ပြေနေပုံပါပဲဗျာ”

“အဆင်ပြေပါတယ်ရှင်။ ရှင်ကရော ဘယ်ကနေ မျက်စိလည် လမ်းမှားပြီး ဒီကို ရောက်လာရတာလဲ”

“ဟုတ်တယ်ဗျ။ ခင်ဗျားတို့ကို ရုတ်တရက် သတိရလာတာနဲ့ လာတွေ့တာပဲ” ကူဒိုသည် သူ့နှာခေါင်းကို ကုတ်နေရင်း ယာစုကိုကို စိုက်ကြည့်နေသည်။ ရှက်သောအခါတွင် သူ ပြုလုပ်နေကျ ဖြစ်သော အပြုအမူမှာလည်း ယခင်အတိုင်း အပြောင်းအလဲ မရှိသေး။

အာကာစာကာရှိ ကလပ်တွင် ယာစုကို အလုပ်လုပ်စဉ်က ကူဒိုသည် သူမ၏ ဖောက်သည်တစ်ယောက် ဖြစ်ခဲ့သည်။ ကူဒိုသည် သူမနှင့်သာ အရက်အတူ တွဲသောက်လေ့ ရှိသည်။ တစ်ခါတစ်ရံ အလုပ်ဆင်းချိန် မတိုင်ခင်တွင် သူနှင့် ထမင်းအတူ စားလေ့ရှိပြီး အလုပ်သိမ်းချိန် နောက်ပိုင်းတွင်လည်း သူတို့နှစ်ဦးသည် တခြားတစ်နေရာသို့ သွားကာ အရက်အတူ သောက်လေ့ရှိသည်။ တိုဂါရှိကို ပုန်းရှောင်နိုင်ရန်အတွက် ယာစုကိုသည် ကင်ရှိချိုရှိ မာရိယန်းကလပ်သို့ ပြောင်းရွှေ့ရသောအခါတွင်လည်း ကူဒိုတစ်ယောက်တည်းကိုသာ အသိပေးခဲ့သည်။ မကြာခင် သူသည် မာရိယန်း၏ ဖောက်သည် ဖြစ်လာပြန်သည်။ မာရိယန်းမှ ထွက်ခွာခဲ့စဉ်ကလည်း သူတစ်ဦးတည်းကိုသာ အသိပေးခဲ့သည်။ ထိုစဉ်က သူ၏ ကြေကွဲနေသော မျက်နှာကို ယာစုကို မှတ်မိနေသေးသည်။ “အားတင်းထား၊ ပျော်ပျော်နေ” ဤသို့ သူ ပြောခဲ့သည်။

ထိုနေ့မှစ၍ သူ့ကို မတွေ့ရတော့ချေ။

ယိုနာဇာဝါလည်း ဆိုင်အနောက်ဘက်မှ ထွက်လာသည်။ ထို့နောက် သူတို့သည် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေကြတော့သည်။ သူတို့ နှစ်ဦးစလုံးသည် ယခင်က မာရိယန်းကလပ်၏ ဖောက်သည်များ ဖြစ်ခဲ့ကြသောကြောင့် တစ်ဦးကိုတစ်ဦး သိကျွမ်းနေကြပြီး ဖြစ်သည်။

အတန်ကြာမျှ စကားလက်ဆုံ ကျပြီးနောက် စာယိုကိုက ယာစုကိုအား အလုပ်စောစောဆင်း၍ ကူဒိုနှင့် အေးအေးဆေးဆေး စကားပြောရန် အကြံပြုလေသည်။ ယိုနာဇာဝါကလည်း ခေါင်းတဆတ်ဆတ် ညိတ်လျက် သဘောတူသည်။

ယာစုကိုသည် ခေါင်းကို အထက်သို့ မော့လိုက်သည်နှင့် တစ်ပြိုင်နက် ကူဒိုထံမှ အမေးစကားကို ကြားလာရသည်။ “မင်း အချိန်ရတယ် မဟုတ်လား” သူ မူလကတည်းက ဤသို့ ရည်ရွယ်ခဲ့ပုံ ရသည်။ ထို့ကြောင့်လည်း ဤအချိန်ကို ရွေးပြီး ဆိုင်သို့ ရောက်လာခဲ့ခြင်း ဖြစ်မည်။

“ဒါဆိုလည်း ခဏ သွားထိုင်တာပေါ့” သူမက ပြုံးလျက် ပြန်ဖြေသည်။

သူတို့သည် ဆိုင်ထဲမှ ထွက်ပြီး ရှင်-အိုဟရှိလမ်းဘက်သို့ လျှောက်လာကြသည်။

“တကယ်တော့ မင်းနဲ့ ထမင်းတစ်နပ်လောက် အေးအေးဆေးဆေး စားချင်တာ။ ဒီနေ့ကတော့ ထားပါတော့။ မင့်းသမီးလည်း မင်းကို မျှော်နေရော့မယ်” ကူဒိုက ပြောသည်။ အာကာစာကာတွင် အလုပ်လုပ်စဉ်ကတည်းက သမီးအကြောင်းကို ကူဒိုအား ပြောပြထားခဲ့ဖူးသည်။

“မစ္စတာကူဒို၊ ရှင့်သားရော နေကောင်းရဲ့လား”

“ကောင်းတယ်။ ဒီနှစ် အထက်တန်း တတိယနှစ်လေ။ သူ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေရတော့မယ် ဆိုတာကို စဉ်းစားမိတိုင်း ခေါင်းကိုက်လာတယ်” သူက မျက်နှာကို ရှုံ့မဲ့ကာ ပြောနေသည်။

ကူဒိုသည် အသေးစား ပုံနှိပ်လုပ်ငန်းတစ်ခု ပိုင်ဆိုင်ပြီး သူ၏ ဇနီး၊ သားနှင့်အတူ တိုကျိုတောင်ပိုင်း အိုစာကိတွင် နေထိုင်သည်။

သူတို့သည် ရှင်-အိုဟရှိလမ်းပေါ်ရှိ ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားကြသည်။ လမ်းဆုံတွင် တခြားစားသောက်ဆိုင်များ ရှိသေးသော်လည်း တိုဂါရှိနှင့် အတူထိုင်ခဲ့ဖူးသော စားသောက်ဆိုင်နှင့် အနီးပတ်ဝန်းကျင်ကို တမင် ရှောင်ရှားခဲ့ခြင်း ဖြစ်သည်။

“ကို မာရိယန်းကိုသွားတာ မင်းအကြောင်းကို စုံစမ်းချင်လို့ပဲ။ မင်းက စာယိုကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေမယ်ဆိုတာကို ကို သိထားပေမယ့် အဲဒီတုန်းက ဆိုင်ရဲ့ လိပ်စာကို ကို မမေးလိုက်မိဘူး”

“ရှင်က ကျွန်မကို ရုတ်တရက်ကြီး ဘာဖြစ်လို့ သတိရလာတာလဲ”

“အင်း၊ အမှန်ကတော့ အဲဒီလို မဟုတ်ဘူး” ကူဒိုသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ “ကို လူသတ်မှုသတင်းကို တွေ့လိုက်ရတယ်လေ။ ဒါနဲ့ မင်းကို စိတ်ပူလာတော့တာပဲ။ မင်းရဲ့ ခင်ပွန်းဟောင်းအကြောင်း ကြားရတာ စိတ်မကောင်းပါဘူး”

“ရှင်က သူမှန်း ချက်ချင်း မှတ်မိနေတာ အံ့ဩစရာပဲ”

ကူဒိုသည် ဆေးလိပ်မီးခိုးများကို မှုတ်ထုတ်ပြီး မချိပြုံး ပြုံးနေသည်။ “သူမှန်း တန်းသိတာပေါ့။ ဖန်သားပြင်ပေါ်မှာ ‘တိုဂါရှိ’ ဆိုတဲ့ နာမည်က ပြူးနေတာပဲလေ။ ပြီးတော့ သူ့မျက်နှာကိုလည်း ဒီတစ်သက် မေ့နိုင်မယ် မထင်ဘူး”

“ဆောရီးပါရှင်”

“မင်း တောင်းပန်နေဖို့ မလိုပါဘူး” ကူဒိုက ပြုံးလျက် လက်ခါယမ်းနေသည်။

ကူဒိုသည် သူမကို နှစ်သက်သဘောကျလျက် ရှိကြောင်းကို သူမ သိထားပြီး ဖြစ်သည်။ သူမကိုယ်နှိုက်ကလည်း ထိုသူ့အပေါ်တွင် ယိုင်နေမိသည်။ သို့သော် သူတို့နှစ်ဦး၏ အကြားတွင် မည်သည့်အခါကမျှ သမီးရည်းစားကိစ္စများ ဖြစ်ပွားခဲ့ခြင်း မရှိစဖူး။ ဟိုတယ်သို့သွားရန် ကူဒိုက သူမအား အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ဖူးသော်လည်း သူမက အကြိမ်တိုင်း ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်ချည်း။ မယားရှိသော အိမ်ထောင်သည်တစ်ယောက်နှင့် ဖောက်ပြားဝံ့သော ခွန်အားများ သူမတွင် မရှိခဲ့။ ထို့အပြင် သူမတွင်လည်း လင်ကြီးငုတ်တုတ် ရှိနေသေးသည်။ သို့သော် ထိုအချိန်က ထိုကိစ္စကို သူ့အား အသိမပေးခဲ့ပေ။

ကူဒိုသည် တိုဂါရှိကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းမှာ ယာစုကိုကို အိမ်သို့ လိုက်ပို့ခဲ့စဉ်က ဖြစ်သည်။ သူမသည် အိမ်နှင့် အတော်အတန် ဝေးသော နေရာတစ်ခုတွင် ကားပေါ်မှ ဆင်းလေ့ရှိသည်။ ထိုနေ့ကလည်း ထိုသို့ပင်။ သို့သော် သူမ၏ ဆေးလိပ်ဘူးကို ကားပေါ်တွင် မေ့ကျန်နေခဲ့သည်။ သူသည် သူမကို ဆေးလိပ်ဘူး ပြန်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် သူမနောက်မှ လိုက်သွားစဉ် တိုက်ခန်းတစ်ခန်းထဲသို့ ဝင်သွားသော သူမကို လှမ်းတွေ့လိုက်ရသည်။ သို့ဖြင့် ထိုတိုက်ခန်း၏ တံခါးကို သွားခေါက်လေတော့သည်။ သို့သော် တံခါးလာဖွင့်သူမှာ ယာစုကို မဟုတ်။ သူတစ်ခါမျှ မမြင်ဖူးသော မျက်နှာစိမ်းနှင့် ယောက်ျားတစ်ယောက် ဖြစ်နေသည်။ တိုဂါရှိ ရှင်ဂျိပင်။

ထိုစဉ်က တိုဂါရှိသည် လူမှန်းသူမှန်းမသိအောင် မူးနေသည်။ ကူဒိုကို မြင်လိုက်သည်နှင့် ယာစုကိုကို လိုက်နှောင့်ယှက်နေသော ငနဲတစ်ကောင်ပင် ဖြစ်ရမည်ဟု တစ်ထစ်ချ ယူဆလိုက်သည်။ ကူဒိုက ဘာမျှ ရှင်းမပြနိုင်ခင်မှာပင် ဒေါသတကြီးဖြင့် လက်ပါလာတော့သည်။ ရေချိုးရန် ပြင်ဆင်နေသော သူမကသာ အချိန်မီ မတားဆီးလိုက်နိုင်လျှင် တုတ်တပြက် ဓားတပြက် ဖြစ်သွားနိုင်သည်။

ရက်အနည်းငယ် ကြာသောအခါ ယာစုကိုသည် တိုဂါရှိကို ခေါ်ပြီး ကူဒိုထံသို့ သွားရောက် တောင်းပန်ခဲ့သည်။ ထိုစဉ်က တိုဂါရှိ၏ မျက်နှာတွင် စိုးရိမ်စိတ်များဖြင့် မွှန်ထူနေပြီး မျက်နှာငယ်နှင့် ရိုကျိုးပျပ်ဝပ်နေသည်။ ကူဒိုက အမှုဖွင့်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်ပေမည်။

ကူဒိုကမူ စိတ်ဆိုးခြင်း အလျဉ်းမရှိ။ မိမိ၏ ဇနီးအား ညကလပ်တွင် အလုပ်လုပ်ခိုင်းခြင်းမှာ ခင်ပွန်းတစ်ယောက်အတွက် မသင့်လျော်ကြောင်း တိုဂါရှိကို သတိပေးနေသေးသည်။ တိုဂါရှိက ထိုသို့ အပြောခံရသည်ကို များစွာ ကျေနပ်ဟန် မတူသော်လည်း တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်၍သာ နာခံခဲ့သည်။

ထို့နောက်တွင် ကူဒိုသည် ယခင်ကအတိုင်း ကလပ်သို့ လာမြဲလာပြီး ယာစုကိုအပေါ်တွင်လည်း ခင်မင်မပျက် ရှိနေခဲ့သည်။ သို့သော် နှစ်ကိုယ်တည်း တွေ့ဆုံခြင်းမျိုး မရှိတော့ပေ။

သူစိမ်းတစ်ရံဆံ မရှိသော အခါတွင်မှ ရံဖန်ရံခါ တိုဂါရှိ၏ အကြောင်းကို မေးမြန်းတတ်လေသည်။ တိုဂါရှိတစ်ယောက် အလုပ်ရှာ၍ ရပြီလောဟူသော မေးခွန်းသာ အများဆုံးဖြစ်သည်။ အမြဲတမ်း ခေါင်းခါခဲ့ရသည်သာ။

တိုဂါရှိက ယာစုကိုအပေါ် အကြမ်းပတမ်း ဆက်ဆံလာသည်ကို ပထမဆုံး သတိထားမိသူမှာလည်း ကူဒိုပင် ဖြစ်သည်။ မျက်နှာပေါ်မှ အညိုကွက်များကို မိတ်ကပ်ဖြင့် မွမ်းမံ၍ တခြားသူများကို ဖုံးဖိနိုင်ခဲ့သော်လည်း သူ၏ အကြည့်များကို မလှည့်စားနိုင်ခဲ့ပေ။

“မင်း ရှေ့နေတစ်ယောက်နဲ့ ဆွေးနွေးကြည့်တာ ကောင်းလိမ့်မယ် ထင်တယ်။ ကုန်ကျစရိတ်ကို ကို ထုတ်ပါ့မယ်” ကူဒိုက သူမကို ဤသို့ ပြောခဲ့သည်။

“ဘယ်လိုလဲ။ နေရထိုင်ရတာ အဆင်ပြေတယ် မဟုတ်လား”

“အဆင်ပြေတယ်လို့ပဲ ဆိုပါတော့။ ဒါပေမယ့် အခုတလော ရဲတွေက ကျွန်မဆီ ခဏခဏ လာနေကြတယ်”

“အင်း …. ကို စိတ်ထင့်နေသလိုပါပဲလား” စိတ်မကောင်းသော အမူအရာက ကူဒို၏ မျက်နှာတွင် အထင်းသား ပေါ်နေသည်။

“စိတ်ပူစရာတော့လည်း မဟုတ်ပါဘူးလေ” ယာစုကိုက သူ့ကို ပြုံးပြသည်။

“မင်းကို ပြဿနာ လာရှာနေတဲ့ လူတွေက ရဲတွေပဲလား။ သတင်းထောက်တွေရော ပါသေးလား”

“အဲဒါတော့ မပါပါဘူး”

“တော်သေးတာပေါ့။ မီဒီယာလောကအတွက် ဟိုးလေးတကျော် ဖြစ်လောက်တဲ့ သတင်းမှ မဟုတ်တာပဲ။ တကယ်လို့ ပြဿနာ ကြုံလာရင် ကို မင်းကို ကူညီပေးနိုင်ပါတယ်”

“ကျေးဇူးပါ။ ရှင်က အရင်အတိုင်း သဘောကောင်းတုန်းပဲနော်”

ကူဒိုသည် အနည်းငယ် ရှက်သွားဟန်ဖြင့် ခေါင်းငုံ့သွားပြီး ကော်ဖီခွက်ကို လက်နှစ်ဘက်ဖြင့် လှမ်းကိုင်နေသည်။ “အဲဒီကိစ္စက မင်းနဲ့ ဘယ်လိုမှ မပတ်သက်ဘူးမလား”

“ဟင့်အင်း၊ အလကား ပတ်သက်နေမလား။ ရှင်က ကျွန်မကို …..”

“သတင်းကို မြင်မြင်ချင်း မင်းကို တန်းပြီး သတိရလိုက်တာပဲ။ လူသတ်မှု ဖြစ်သွားတာဆိုတော့ မင်းကို စိတ်ပူသွားတယ်။ သူ ဘာကြောင့် အသတ်ခံရသလဲ ဆိုတာ မသိပေမယ့် အဲဒီကိစ္စအတွက်နဲ့ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို မင်းရော ဒုက္ခပင်လယ်ထဲ ဆွဲချခံရမှာကို စိုးရိမ်မိတယ်”

“စာယိုကိုကလည်း အဲဒီလို စကားမျိုး ကျွန်မကို ပြောခဲ့ဖူးတယ်။ ရှင်တို့ အားလုံးက ကျွန်မအတွက် အရမ်း စိတ်ပူပေးနေကြတာပဲ”

“မင်းကို အခုလို မြင်ရတော့ ကိုလည်း စိတ်ချသွားပါပြီ။ မင်းနဲ့သူက ကွာရှင်းခဲ့ကြတာလည်း နှစ်တွေ အများကြီး ကြာသွားပြီ ဆိုတော့ ပြဿနာက သိပ်ရှုပ်မယ် မထင်ပါဘူး။ အခုတလောရော မင်းတို့ တွေ့ဖြစ်ကြသေးလား”

“သူနဲ့ ပြောတာလား”

“အင်း၊ တိုဂါရှိနဲ့လေ”

“ဟင့်အင်း” ထိုသို့ ဖြေကြားလိုက်စဉ် ယာစုကို၏ မျက်နှာတွင် အနည်းငယ် ပုံပျက်နေမည်လား မပြောနိုင်။

ထို့နောက်တွင် ကူဒိုသည် သူ့အကြောင်းများကို ပြောပြနေလေသည်။ စီးပွားရေးမှာ ကောင်းမွန်လှသည်ဟု မဆိုနိုင်သော်လည်း သူ၏ ကုမ္ပဏီသည် ယနေ့အချိန်ထိ တောင့်ခံနေနိုင်သေးသည်။ သူ၏ မိသားစုနှင့် ပတ်သက်၍မူ သားအကြောင်းမှ လွဲ၍ သူ ဘာမျှ မပြောချေ။ ယခင်က အတိုင်းပင်။ ယာစုကိုသည် သူနှင့် သူ့ဇနီး၏ အိမ်ထောင်ရေး အခြေအနေကို ဘာမျှ သိထားခြင်း မရှိသော်လည်း သူတို့လင်မယားမှာ စုစုစည်းစည်းပင် ရှိနေသေးကြောင်း ယာစုကိုက ရိပ်စားမိသည်။ အပြင်အပတွင် တခြားသူတစ်ဦးဦးအား ဂရုတစိုက် ရှိနေနိုင်သေးသော ယောက်ျားများသည် များသောအားဖြင့် သာယာသော အိမ်ထောင်ရေးများကို ပိုင်ဆိုင်ထားကြသည်။ ၎င်းမှာ ညကလပ်တွင် အလုပ်လုပ်နေစဉ်အတွင်း ယာစုကို လေ့လာသိရှိခဲ့သော အတွေ့အကြုံတစ်ရပ် ဖြစ်သည်။

ကော်ဖီဆိုင်မှ အပြင်သို့ ထွက်လာကြသောအခါ အပြင်ဘက်တွင် မိုးရွာနေလေသည်။

“ကို လုပ်လိုက်တာနဲ့ မင်းတော့ ဒုက္ခရောက်ပြီ။ စောစောကသာ အိမ်ကို တန်းပြန်သွားရင် မိုးမိမှာ မဟုတ်ဘူး” ကူဒိုက ယာစုကိုကို တောင်းပန်နေသည်။

“အဲဒီလို မပြောပါနဲ့ရှင်”

“မင်းအိမ်က အတော် ဝေးလား”

“စက်ဘီးနင်းသွားရင် ဆယ်မိနစ်လောက်ပါပဲ”

“စက်ဘီး …” ကူဒိုသည် နှုတ်ခမ်းကို ကိုက်လျက် မိုးကောင်းကင်ထက်မှ တိမ်စိုင်များကို မော့ကြည့်နေသည်။

“ကိစ္စမရှိပါဘူး။ ကျွန်မမှာ ထီးပါတယ်။ စက်ဘီးက ဆိုင်မှာ ထားခဲ့လို့ ရတယ်လေ။ မနက်ဖြန်မနက်ကျ အိမ်ကနေ စောစော ထွက်ရုံပေါ့”

“ကို မင်းကို လိုက်ပို့ပေးမယ်”

“မလိုပါဘူး”

သို့သော် ကူဒိုသည် လမ်းဘေးသို့ ထွက်သွားပြီး တက္ကစီတစ်စီးကို လက်ပြ၍ တားလိုက်သည်။

“နောက်နေ့ကျမှ ကိုတို့ အေးဆေး ထမင်းစားကြတာပေါ့” တက္ကစီ စတင် ရွေ့လျားသောအခါ ကူဒိုက ပြောလိုက်သည်။ “မင်းရဲ့ သမီးပါ ခေါ်ခဲ့လေ”

“သမီးအတွက် ပူစရာ မလိုပါဘူး။ ရှင်ကရော အဆင်ပြေမှာမို့လား”

“အချိန်မရွေးပါပဲ။ အရင်လို အလုပ်မရှုပ်တော့ဘူး”

“ဪ”

ယာစုကိုက သူ့ဇနီးအကြောင်းကို မေးခြင်း ဖြစ်သည်။ သူမက ဘာမျှ ထပ်မမေးတော့။ သူမ မေးလိုသည့် အကြောင်းအရာကို မသိ၍တော့ မဖြစ်နိုင်။ တမင်သက်သက် လှီးလွှဲဖြေနေခြင်းသာ ဖြစ်မည်။

သူက ယာစုကို၏ လက်ကိုင်ဖုန်းနံပါတ်ကို တောင်းသောအခါ သူမက ပေးလိုက်သည်။ သူမအတွက် ငြင်းပယ်စရာ အကြောင်းမရှိ။

ကူဒိုသည် တက္ကစီကို တိုက်ခန်းအနီးသို့ ရောက်သည်အထိ မောင်းခိုင်းလိုက်သည်။ သူက တိုက်ခန်းရှိရာ လမ်းဘက်ခြမ်းတွင် ထိုင်နေသောကြောင့် ကားပေါ်မှ အလျင် ဆင်းလိုက်သည်။

“မိုးရေတွေ စိုကုန်တော့မှာပဲ။ ရှင် ကားပေါ် အမြန် တက်လိုက်တော့” ကားပေါ်မှ ဆင်းပြီးသည်နှင့် ယာစုကိုက ပြောသည်။

“ဘိုင်”

“ဘိုင်” ယာစုကိုက ညင်ညင်သာသာ ခေါင်းညိတ်ပြသည်။

ကူဒိုသည် ကားထဲသို့ ပြန်ဝင်သွားပြီးနောက် ယာစုကို၏ နောက်ကျောဘက်သို့ စိုက်ကြည့်နေသည်။ ယာစုကိုသည် သူ ကြည့်နေရာ အရပ်သို့ လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက်သည် ထီးကိုင်လျက် လှေကားအဝတွင် ရပ်နေသည်ကို တွေ့ရသည်။ မှောင်ကြီးမဲမဲ ဖြစ်နေသောကြောင့် မျက်နှာသွင်ပြင်ကို ကောင်းစွာ မမြင်ရချေ။ သို့သော် ခန္ဓာကိုယ် အချိုးအစားအရ ခန့်မှန်းကြည့်ရလျှင် အိရှိဂါမိသာ ဖြစ်ရပေမည်။

အိရှိဂါမိသည် လမ်းမပေါ်သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ စောစောပိုင်းက အိရှိဂါမိသည် သူတို့နှစ်ဦးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသောကြောင့်သာ ကူဒိုသည် ထိုသူ့ကို သတိထားမိသွားခြင်း ဖြစ်ရပေမည်ဟု ယာစုကိုက တွေးနေမိသည်။

“ကို နောက်မှ မင်းဆီ ဖုန်းဆက်လိုက်မယ်” ထိုစကားကို ကူဒို ပြောပြီးသည်နှင့် တက္ကစီက မောင်းထွက်သွားသည်။

ယာစုကိုသည် အဝေးသို့ တရွေ့ရွေ့ ထွက်ခွာသွားသော ကားနောက်မီးကို ငေးကြည့်နေရင်း တဆတ်ဆတ် လှုပ်ခါနေသော သူမ၏ ရင်ဘတ်ကို လက်နှင့် ဖိထားမိသည်။ ယောက်ျားတစ်ယောက်အတွက် ဤသို့ ရင်မခုန်ခဲ့သည်မှာ ကြာတောင့်ကြာခဲ ရှိလှချေပြီ။

အခန်းသို့ ပြန်ရောက်သောအခါ မီစာတိုက တီဗီကြည့်နေသည်။

“ဒီနေ့ ဘာထူးသေးလဲ” ယာစုကိုက မေးသည်။

ကျောင်းတက်သည့် ကိစ္စကို မေးခြင်း မဟုတ်ကြောင်း မီစာတိုကလည်း နားလည်ပြီး ဖြစ်သည်။

“ဟင့်အင်း၊ မီကာကလည်း ဘာမှ မပြောဘူး။ ကြည့်ရတာ ရဲတွေက သူ့ဆီ မသွားကြသေးဘူး ထင်တယ်”

“အင်း”

တစ်ခဏအကြာတွင် ယာစုကို၏ လက်ကိုင်ဖုန်းမှ အသံမြည်လာသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် အများသုံး ဖုန်းနံပါတ်တစ်ခု ပေါ်နေသည်။

“ဟယ်လို၊ ကျွန်မပါ”

“ကျွန်တော် အိရှိဂါမိပါ” ရင်းနှီးပြီးသော အသံတိုးတိုးတစ်သံ ထွက်ပေါ်လာသည်။ “ဒီနေ့ ဘာထူးသေးလဲ”

“မထူးဘူး။ မီစာတိုဘက်ကလည်း ဘာမှ မထူးခြားဘူးလို့ ပြောတယ်”

“သိပ်တော့ မပေါ့နဲ့ဦး။ ရဲဘက်က ခင်ဗျားအပေါ် ထားတဲ့ သံသယစိတ်ကို ဖယ်ရှားပစ်ဦးမှာ မဟုတ်သေးဘူး။ ကျွန်တော့်အထင်တော့ သူတို့ အခု အခြေအနေ အသေးစိတ်ကို ပိုက်စိပ်တိုက် လေ့လာနေကြတာ ဖြစ်ရမယ်”

“ကျွန်မ သဘောပေါက်ပါတယ်”

“တခြားရော ထူးခြားတာ ဘာရှိသေးလဲ”

“ရှင် ….” ယာစုကို၏ စိတ်မှာ ရှုပ်ထွေးသွားသည်။ “ဘာမှ မထူးခြားပါဘူး”

“ကောင်း … ကောင်းပါတယ်။ ဆောရီးပဲ။ ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့” အိရှိဂါမိက ဖုန်းကို ချလိုက်သည်။

ယာစုကိုသည် ဖြစ်ပျက်ပြီးသမျှကို ပြန်လည် စဉ်းစားကြည့်နေရင်း ဖုန်းကို အောက်သို့ ချလိုက်သည်။ အနည်းငယ် တုန်ယင်၍ မူမမှန်သော အိရှိဂါမိ၏ ထိုလေသံမျိုးကို သူမ တစ်ခါမျှ မကြားခဲ့စဖူး။ ကူဒိုကို တွေ့သွားသောကြောင့် ဖြစ်ရပေမည်ဟု ယာစုကိုက ယူဆသည်။ သူနှင့် တရင်းတနှီး စကားပြောဆိုနေသော ထိုအမျိုးသားသည် မည်သူ ဖြစ်လိမ့်မည်နည်းဟု အိရှိဂါမိက တွေးဆနေပေလိမ့်မည်။ သူ ဖုန်းထဲတွင် နောက်ဆုံး မေးခဲ့သော ထူးဆန်းသည့် မေးခွန်းမှာ ကူဒို၏ အကြောင်းကို မေးမြန်းလိုသောကြောင့် ဖြစ်ရမည်။

အိရှိဂါမိသည် အဘယ်ကြောင့် သူတို့ သားအမိကို အကူအညီ ပေးနေရသနည်း ဆိုသည့်အချက်ကို ယာစုကို ကောင်းကောင်း သိသည်။ စာယိုကို ပြောသကဲ့သို့ သူမအပေါ် စိတ်ဝင်စားနေသောကြောင့် ဖြစ်သည်။

အကယ်၍ သူမသည် တခြား ယောက်ျားတစ်ယောက်နှင့် ပူးပူးကပ်ကပ် ရှိနေလျှင် မည်သို့ ဖြစ်လာခြိမ့်မည်နည်း။ ယခင်က ပုံစံအတိုင်း သူတို့ကို အားသွန်ခွန်စိုက် ဆက်လက် ကူညီပေးသွားဦးမည်လော။ သူတို့ သားအမိအတွက် ပြဿနာများကို ဆက်လက် ဖြေရှင်းပေးသွားဦးမည်လော။

ကူဒိုနှင့် ချိန်းတွေ့သည့် ကိစ္စကို တတ်နိုင်သမျှ လျှော့ထားခြင်းသာ အကောင်းဆုံး ဖြစ်မည်ဟု ယာစုကို ဆုံးဖြတ်လိုက်သည်။ အယုတ်ဆုံးအားဖြင့် သူနှင့် ချိန်းတွေ့ဖြစ်လျှင်လည်း အိရှိဂါမိ မသိအောင် တတ်နိုင်သမျှ ဖုံးဖိထားရပေမည်။ ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သူမရင်ထဲသို့ အမည်နာမ တပ်ရန် ခဲယဉ်းသော ခံစားမှုတစ်ခုက စိုးမိုး ဝင်ရောက်လာသည်။ မည်မျှကြာကြာ ထိုသို့ နေသွားရမည်နည်း။ အိရှိဂါမိ မသိအောင် မည်မျှကြာကြာ ထိုသို့ ခိုးကြောင်ခိုးဝှက် နေသွားရမည်နည်း။

ဤလူသတ်မှုကို စုံစမ်းစစ်ဆေးသည့် ကာလ မကုန်ဆုံးမချင်း သူမသည် တခြားယောက်ျားတစ်ယောက်နှင့် ချိန်းတွေ့ခွင့် မရှိတော့ပြီလော။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *