ထိုနေ့က စာသင်ခန်းတစ်ခန်းလုံး ဟာလာဟင်းလင်း ဖြစ်နေသည်။ အခန်းထဲတွင် ကျောင်းသား တစ်ရာကျော် ထိုင်ရန် ထိုင်ခုံ အလုံအလောက် ရှိနေသော်လည်း ထိုင်ခုံ အလုံး နှစ်ဆယ်လောက်တွင်သာ ထိုင်မည့်သူ ရှိသည်။ ထို့အပြင် အတန်းထဲမှ ကျောင်းသား အားလုံး နီးပါးသည် နောက်ဆုံးတန်းများ၌သာ တိုးဝှေ့ထိုင်နေကြသည်။ ရိုးကော (Roll call) ခေါ်ပြီးသည်နှင့် တစ်ပြိုင်နက် အတန်းထဲမှ လစ်ထွက်သွားရန် ကြံစည်ထားကြပုံ ရသည်။ သို့မဟုတ်ပါက အနောက်ဘက်တွင် မိမိ ကြိုက်နှစ်သက်ရာ အလုပ်တစ်ခုခုကို လုပ်နေနိုင်ရန် ဖြစ်သည်။
ယခုအတန်းချိန်တွင် အသုံးချရူပဗေဒ၏ သမိုင်းကြောင်းကို ရှင်းပြနေသည်။ ကျောင်းသားအားလုံးက ထိုဘာသာရပ်ကို စိတ်မဝင်စားကြ။ အိရှိဂါမိလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် သူသည် ထုံးစံအတိုင်း ပထမဆုံးအတန်း၏ ဘယ်ဘက်အစွန်ဆုံးမှ ဒုတိယမြောက်ခုံတွင် ထိုင်နေခဲ့သည်။ မည်သည့် ဘာသာရပ် ဖြစ်စေ သူ ထိုနေရာတွင်သာ အမြဲ ထိုင်လေ့ရှိသည်။ အလယ်ကျသော ခုံကို သူ မထိုင်ရသည့် အကြောင်းအရင်းမှာ ဆရာများ၏ သင်ကြားမှုကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်လိုသောကြောင့် ဖြစ်သည်။ မည်မျှပင် အရည်အချင်း ရှိသော ပါမောက္ခပင် ဖြစ်ပါစေ၊ မည်သူမျှ အမှားကင်းနိုင်လိမ့်မည် မဟုတ်ဟု သူ နားလည်ထားသည်။
သူသည် အရှေ့ဆုံးတန်းတွင် အမြဲတမ်းလိုလို အထီးကျန်ဆန်စွာ ထိုင်နေခဲ့ရသည်။ သို့သော် ထိုနေ့ကမူ သူထိုင်နေကျ ထိုင်ခုံ၏ အနောက်ဘက် ထိုင်ခုံတွင် ကျောင်းသားတစ်ယောက် လာထိုင်နေသည်။ အိရှိဂါမိသည် ထိုသူ့ကို အာရုံမထားခဲ့။ အတန်းထဲသို့ ဆရာ မဝင်ခင် သူ့တွင် လုပ်စရာအလုပ် ရှိနေသည်။ သူသည် မှတ်စုစာအုပ်ကို ဆွဲထုတ်ပြီး သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်ချက်နေလေသည်။
“ခင်ဗျားကရော အဲဒုရှ် (Erdös) ရဲ့ ဘက်တော်သားပဲလား”
အစပိုင်းတွင် အိရှိဂါမိသည် ၎င်းအသံကို မိမိအား လှမ်းပြောနေသော အသံဖြစ်သည်ဟု မယူဆခဲ့။ တစ်ခဏကြာသော အခါတွင်မှ သူ ခေါင်းထောင်ကြည့်လိုက်မိသည်။ ‘အဲဒုရှ်’ ဟူသော အမည်ကို တစ်ဦးတစ်ယောက်က ပြောလိုက်သောကြောင့် ထူးဆန်း၍ ခေါင်းမော့ကြည့်လိုက်ခြင်း ဖြစ်သည်။ သူက အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လည်ဟိုက်ရှပ်အင်္ကျီ ဝတ်လျက် ကုပ်ပေါ်အထိ ဆံပင်များ ဝဲကျနေသော လူငယ်တစ်ယောက်သည် သူ့မေးစေ့ကို လက်ဖြင့် ပွတ်သပ်နေသည်။ သူ ထိုမျက်နှာကို ယခင်က မကြာခဏ မြင်ခဲ့ဖူးသည်။ သူသည် ရူပဗေဒ ဘာသာရပ်ကို အထူးပြုရန် ရွေးချယ်ထားကြောင်း သိထားပြီး ဖြစ်သည်။
‘စကားသံက သူ့ဆီက လာတာ မဟုတ်လောက်ဘူး’ အိရှိဂါမိက ထိုသို့ တွေးနေမိစဉ် ကိုဆံရှည်သည် မေးစေ့ကို ပွတ်သပ်နေရင်း စကားဆက်လာသည်။ “စာရွက်ပေါ် ဘောပင်နဲ့ ချတွက်နေလို့ကတော့ အများကြီး ခရီးရောက်လိမ့်မယ် မထင်ဘူးဗျ။ ဒါပေမယ့်လည်း ကိုယ်ပိုင်အားထုတ်မှုနဲ့ တွက်ယူရတာကတော့ ပိုပြီး အဓိပ္ပာယ် လေးနက်တာပေါ့လေ”
အစောပိုင်း ကြားခဲ့သော အသံနှင့် တစ်သံတည်း ဖြစ်နေကြောင်း သိလိုက်ရသောအခါ အိရှိဂါမိ အနည်းငယ် အံ့အားသင့်သွားသည်။
“ခင်ဗျားက ကျွန်တော် ဘာလုပ်နေတယ် ဆိုတာကို သိတယ်ပေါ့”
“ဆောရီးဗျာ။ ကျွန်တော် စောနက လှမ်းကြည့်လိုက်မိတယ်။ အဲ … တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး” ကိုဆံရှည်က အိရှိဂါမိ၏ စားပွဲကို လက်ညှိုးထိုးပြသည်။
အိရှိဂါမိ၏ အကြည့်က သူ၏ မှတ်စုစာအုပ်ပေါ်သို့ ရောက်ရှိသွားသည်။ စာအုပ်ပေါ်တွင် ပုံသေနည်းတချို့ကို ရေးခြစ်ထားသည် မှန်သော်လည်း အစအဆုံး ရေး၍ ပြီးဆုံးသေးသည် မဟုတ်။ တစ်ပိုင်းတစ်စသာ ရေးခြစ်ထားသည်။ ၎င်းအပိုင်းအစကို ကြည့်ခြင်းအားဖြင့် မိမိ တွက်ချက်နေသော ပုစ္ဆာကို မည်သည့်ပုစ္ဆာ ဖြစ်ကြောင်း သိရှိနိုင်သည် ဆိုလျှင် ထိုသူသည်လည်း ဤပုစ္ဆာကို ယခင်က တွက်ခဲ့ဖူးပေလိမ့်မည်။
“ခင်ဗျား တွက်ဖူးတာလား” အိရှိဂါမိက မေးသည်။
ကိုဆံရှည်သည် မေးစေ့ပွတ်နေသော လက်ကို အောက်ချလိုက်ပြီး ပြုံးဖြဲဖြဲ လုပ်နေသည်။
“မလိုအပ်ဘူးလို့ ထင်ရတဲ့ အလုပ်တွေကို ကျွန်တော်က ဘယ်တော့မှ ကိုယ့်သဘောနဲ့ကိုယ် လုပ်လေ့မရှိဘူးဗျ။ ပြီးတော့ ကျွန်တော်က ရူပဗေဒ ယူမယ့်သူဆိုတော့ သင်္ချာပညာရှင်တွေ ထုတ်ဖော်ထားတဲ့ သီအိုရီတွေကို ယူသုံးလိုက်ရုံပဲလေ။ သက်သေပြဖို့ ကိစ္စကိုတော့ ခင်ဗျားတို့ပဲ လုပ်ကြပါတော့ဗျာ”
“ဒါပေမယ့် ခင်ဗျား ဒါကို စိတ်ဝင်စားတယ် မဟုတ်လား” အိရှိဂါမိက မှတ်စုစာအုပ်ကို ကောက်ကိုင်လိုက်သည်။
“အင်း၊ သက်သေပြပြီးနေပြီပဲကိုး။ ဘယ်လို သက်သေပြရမလဲ ဆိုတာကို မသိလည်း ကျွန်တော့်အတွက်တော့ ဘာမှ နစ်နာစရာ မရှိတော့ပါဘူး” သူက အိရှိဂါမိ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ဆက်ပြောသည်။ “လေးရောင်ခြယ်ပုစ္ဆာကို သက်သေပြနိုင်ခဲ့ပြီပဲ။ ကြိုက်တဲ့မြေပုံပေါ်မှာ အရောင်လေးရောင် ခြယ်လိုက်လို့ရတယ်လေ”
“မြေပုံတိုင်းမှာတော့ မဟုတ်ဘူး”
“အင်း ဟုတ်တယ်။ ကန့်သတ်ချက်တော့ ရှိတာပေါ့။ အဲဒီမြေပုံဟာ မြေပြင်ညီ ဒါမှမဟုတ် စက်လုံးပေါ်မှာ ရှိမှ ဖြစ်မယ်”
ဤသည်မှာ သင်္ချာလောကတွင် နာမည်ကြီးသော ပုစ္ဆာများထဲမှ တစ်ပုဒ်ဖြစ်သည်။ ၁၈၇၉ ခုနှစ်တွင် ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့ပြီး ထိုမေးခွန်းကို မေးမြန်းခဲ့သူမှာ အာသာ ခေးလေ (Arthur Cayley) ဖြစ်သည်။ ကမ္ဘာ့မြေပုံပေါ်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီကို အရောင်လေးရောင်မှ တစ်ရောင်ရောင်ဖြင့် ဆေးခြယ်၍ နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများကို ဆေးရောင် မထပ်အောင် ခြယ်သနိုင်ပါမည်လော။ (ဥပမာ – မြန်မာနိုင်ငံကို အဝါရောင်ဖြင့် ခြယ်သမည်ဆိုလျှင် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော ထိုင်း၊ လော၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် အဝါရောင်ကို သုံးခွင့် မရှိတော့ဘဲ တခြားသုံးရောင်ထဲမှ တစ်ရောင်ရောင်ဖြင့်သာ ဆေးခြယ်ပေးရမည်။ ဘာသာပြန်သူ)
ထိုသို့ ခြယ်သရန် အရောင်လေးရောင်ဖြင့်ပင် လုံလောက်သည်၊ သို့မဟုတ် တခြား ပြင်ဆင်ချက်များ လိုအပ်သည်ဟူသော အဖြေကို တွက်ထုတ်နိုင်ရန်အတွက် နှစ်ပေါင်း ၁၀၀ နီးပါးမျှ ကြာမြင့်သွားခဲ့သည်။ နောက်ဆုံး သက်သေပြချက်ကို တင်ပြနိုင်ခဲ့သူများမှာ အီလီနွိုက်တက္ကသိုလ်မှ သင်္ချာပညာကျော်များ ဖြစ်ကြသော ကဲန်နက် အက်ပယ်လ် (Kenneth Appel) နှင့် ဝုဖ်ဂန်း ဟာကန် (Wolfgang Haken) တို့ ဖြစ်ကြသည်။ ထိုသူများသည် ကွန်ပျူတာကို အသုံးချပြီး ကမ္ဘာ့မြေပုံကို အကြမ်းအားဖြင့် အခြေခံမြေပုံ မျိုးကွဲပေါင်း ၁၅၀ ပုံ ပိုင်းခြား၍ ၎င်းမြေပုံတိုင်းတွင် အရောင်လေးရောင်ဖြင့် အရောင်မထပ်အောင် ခြယ်သနိုင်ကြောင်း ၁၉၇၆ ခုနှစ်က သက်သေပြခဲ့ကြသည်။
“ကျွန်တော်က အဲဒါကို စင်းလုံးချောတဲ့ သက်သေပြချက်လို့ မယူဆဘူး” အိရှိဂါမိက ပြောသည်။
“ဟုတ်ချင် ဟုတ်မှာပေါ့လေ။ ဒါကြောင့် ခင်ဗျားက ဘောပင်ကိုင်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတာလား”
“တကယ်လို့ လူအားနဲ့သုံးပြီး အဲဒီပုစ္ဆာကို သက်သေပြဖို့ ကြိုးစားမယ်ဆိုရင် အချိန်တွေ အများကြီး လိုအပ်လာမှာ။ ဒါကြောင့်လည်း သူတို့က ကွန်ပျူတာကို ရွေးချယ်ခဲ့တာပေါ့။ သူတို့ အဲဒီလို ကွန်ပျူတာကို အသုံးချခဲ့လို့လည်းပဲ သူတို့ရဲ့ သက်သေပြချက်က မှန်ကန်ပါတယ်လို့ ဆုံးဖြတ်ချက်ချဖို့ ခက်နေပြန်ရော။ တကယ်လို့ အဲဒီ သက်သေပြချက်ကို မှန်မမှန် သိရအောင် ကွန်ပျူတာနဲ့ ထပ်ပြီး စစ်နေရဦးမယ် ဆိုရင်တော့ စစ်မှန်တဲ့ သင်္ချာပညာရပ်လို့ ခေါ်လို့ မရတော့ဘူး”
“ခင်ဗျားက တကယ့်ကို အဲဒုရှ်ရဲ့ ဘက်တော်သားပဲဗျ” ကိုဆံရှည်က ပြုံးနေသည်။
ပေါလ် အဲဒုရှ် (Paul Erdös) သည် ဟန်ဂေရီပြည်ဖွား သင်္ချာပညာရှင်တစ်ယောက် ဖြစ်သည်။ သူသည် ကမ္ဘာအနှံ့ လျှောက်သွားနေရင်း ကမ္ဘာအရပ်ရပ်မှ သင်္ချာပညာရှင်များနှင့် သုတေသနပေါင်း များစွာကို အတူတကွ ပြုလုပ်ခဲ့သည်။ ‘အကောင်းဆုံး သီအိုရမ်တို့တွင် ရိုးစင်းပြီး သဘာဝကျစွာ ဆန်းကြယ်ခမ်းနားသော သက်သေပြချက်များ ရှိနေရမည်’ ဟု သူက ခံယူထားသည်။ လေးရောင်ခြယ်ပုစ္ဆာနှင့် ပတ်သက်၍ အက်ပယ်လ်နှင့် ဟာကန်တို့၏ သက်သေပြချက်ကို မှန်ကောင်း မှန်နိုင်သည်ဟု သူက အသိအမှတ် ပြုခဲ့သော်လည်း ၎င်းကို လှပသေသပ်ခြင်း မရှိဟု ရှုတ်ချခဲ့သည်။
ကိုဆံရှည်သည် သူ၏ အတွင်းစိတ်ကို ထွင်းဖောက် မြင်နေသည်ဟု အိရှိဂါမိ ခံစားလာမိသည်။
“ဟိုတစ်နေ့က ကျွန်တော် ကိန်းဂဏန်းသရုပ်ခွဲခြင်းနဲ့ ပတ်သက်တဲ့ ပုစ္ဆာတစ်ပုဒ် ပါမောက္ခကို သွားပြခဲ့သေးတယ်” ကိုဆံရှည်က ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ “မေးခွန်းကိုယ်နှိုက်က ဘာပြဿနာမှ မရှိပေမယ့် တွက်နည်းမှာကျတော့ ပေါ့ပြက်ပြက် ဖြစ်နေသလားလို့။ ကျွန်တော် သံသယ ရှိနေတဲ့အတိုင်းပါပဲ။ ပုံနှိပ်တုန်းက စာတချို့ မှားနေခဲ့တာကိုးဗျ။ ထူးဆန်းတာက ကျွန်တော့်လိုပဲ အလားတူပုစ္ဆာကို ဆရာ့ဆီ သွားမေးတဲ့ နောက်ထပ်ကျောင်းသားတစ်ယောက် ရှိသေးတယ် ဆိုပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သိပ်ကို စိတ်ဆင်းရဲသွားတယ်။ အဲဒီအမှားကို ကျွန်တော်တစ်ယောက်တည်းကပဲ မြင်နိုင်စွမ်းရှိတာလို့ ကျွန်တော်က စိတ်ကြီးဝင်နေတာဗျ”
“ဪ … အဲဒါလား။ ဘာမှ မဟုတ်ပါဘူးဗျာ …..” အိရှိဂါမိသည် ထိုမျှသာ ပြောပြီး နှုတ်ပိတ်နေလိုက်သည်။
“ဘာဖြစ်လို့ ဘာမှ မဟုတ်ရမှာလဲဗျ။ အိရှိဂါမိရဲ့ အရည်အချင်းအရ ဆိုရင် ဒီလောက်လေးက သူ့အတွက် ဘာမှ ပြောပလောက်တာ မဟုတ်ဘူးတဲ့။ ပါမောက္ခကြီးကတောင် အဲဒီလို ချီးကျူးနေတာ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ အောက်မေ့နေတာဗျာ။ ကိုယ့်ထက် လက်စွမ်းထက်တဲ့သူကို မြင်ရမှ ကိုယ့်ကိုယ်ကိုယ် သင်္ချာသမားတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ကြောင်း သဘောပေါက်သွားတော့တယ်”
“ခင်ဗျား စောစောက ပြောတော့ ရူပဗေဒ ယူမှာဆို”
“ကျွန်တော်နာမည် ယုကာဝါပါ။ တွေ့ရတာ ဝမ်းသာပါတယ်” သူက အိရှိဂါမိထံသို့ လက်ကမ်းပေးလိုက်သည်။
အိရှိဂါမိသည် သူ့လက်ကို ဖမ်းဆုပ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဂေါက်သီးတစ်ယောက်နှင့် မိတ်ဆွေ ဖြစ်ရတော့မည်ကို တွေး၍ အလိုလို ပျော်လာမိသည်။ အဘယ်ကြောင့်ဆိုသော် ဤလောကတွင် သူကဲ့သို့သော ဂေါက်ကြောင်မျိုး တစ်ယောက်တည်းသာ ရှိသည်ဟု သူ ထင်မှတ်ထားခဲ့သောကြောင့်တည်း။
****
ထိုနောက်ပိုင်းတွင် အိရှိဂါမိနှင့် ယုကာဝါတို့သည် သူငယ်ချင်းများအဖြစ် တစ်ပူးတွဲတွဲ ရှိနေကြသည်ဟု မဆိုနိုင်သော်လည်း မျက်နှာချင်းဆိုင် ဆုံမိကြသည့် အချိန်များတွင်မူ အသီးအသီး၌ ပြောစရာများ ပြည့်နှက်နေတတ်ကြသည်။ ယုကာဝါတွင် ဗဟုသုတ စုံလင်လှသည်။ သင်္ချာနှင့် ရူပဗေဒအပြင် အခြားဘာသာရပ်များကိုလည်း အထိုက်အလျောက် တီးမိခေါက်မိသည်။ အိရှိဂါမိကိုယ်တိုင် အားမလို အားမရ ဖြစ်နေသော အနုစာပေနှင့် အနုပညာဘာသာရပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်လှသည်။ အိရှိဂါမိသည် ယုကာဝါကဲ့သို့ ဘက်စုံထောင့်စုံမှ ကျွမ်းကျင်နှံ့စပ်သူ တစ်ယောက် မဟုတ်ရကား သူ၏ ကျွမ်းကျင်မှုနယ်ပယ် မည်မျှ နက်ရှိုင်းကျယ်ဝန်းနိုင်သည်ကို ဆဝါးနိုင်မည် မဟုတ်ပေ။ အိရှိဂါမိအနေဖြင့် သင်္ချာတစ်မျိုးတည်းကိုသာ စိတ်ဝင်စားကြောင်း များမကြာမြင့်မီ ယုကာဝါ နားလည် သဘောပေါက်လာသောကြောင့် နောက်ပိုင်းတွင် တခြားပညာရပ်များသို့ စကားဦးပင် မသန်းတော့ချေ။
မည်သို့ပင်ဆိုစေ၊ တက္ကသိုလ်တက်နေစဉ် ကာလတစ်လျှောက်လုံးတွင် အိရှိဂါမိအနေဖြင့်မူ ယုကာဝါသည် သူ၏ တစ်ဦးတည်းသော စကားပြောဖော် ဖြစ်ခဲ့သည်။ သူ၏ အထင်ကြီးမှုကို ခံယူထိုက်သော တစ်ဦးတည်းသော မိတ်ဆွေသူငယ်ချင်းလည်း ဖြစ်သည်။
နောက်နှစ်များတွင် သူတို့သည် သူတို့စိတ်ဝင်စားရာ သင်္ချာနှင့် ရူပဗေဒ ဘာသာရပ် အသီးသီးကို အထူးပြုဘာသာရပ်အဖြစ် ရွေးချယ်ခဲ့ကြပြီး လူချင်းဆုံနိုင်သည့် အခွင့်အရေးကလည်း နည်းသည်ထက် နည်းလာသည်။ အကယ်၍ ကျောင်းသားတစ်ယောက်၏ အရည်အချင်းသည် သတ်မှတ်ထားသော အဆင့်အတန်းကို ပြည့်မီသည် ဆိုပါက တခြားမေဂျာတစ်ခုသို့ ပြောင်းရွှေ့ပိုင်ခွင့် ရှိသည်။ သို့သော် သူတို့ နှစ်ဦးစလုံးသည် မူလရွေးချယ်ထားသော ဘာသာရပ်များမှ သွေဖည်၍ တခြားသို့ ကူးပြောင်းရန် စိတ်ကူး မရှိကြပေ။ သူတို့၏ ရွေးချယ်မှုသည် သူတို့နှင့် ကိုက်ညီသည်။ ကိုယ်စီ ရွေးချယ်ထားသော လမ်းကြောင်းသည်သာ သူတို့နှင့် အသင့်လျော်ဆုံး ဖြစ်သည်ဟု အိရှိဂါမိက တွေးမိသည်။ သူတို့နှစ်ဦးစလုံးတွင် မိမိ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီးကို အဓိပ္ပာယ် ဖွင့်ဆိုကြည့်ရန် ဟူသော ဘုံဆန္ဒတစ်ခု ရှိနေကြသော်လည်း အကောင်အထည် ဖော်မည့် သူတို့၏ နည်းလမ်းများမှာ ဆန့်ကျင်နေသည်။ အိရှိဂါမိသည် သူ၏ သီအိုရမ်အတွက် ခိုင်မာပြတ်သားသော သင်္ချာပုံသေနည်းများကို အားကိုးအားထား ပြုသွားမည် ဖြစ်ပြီး ယုကာဝါကမူ လက်တွေ့စမ်းသပ်ကာ ကြုံတွေ့လာသည့် ပြဿနာများကို အစထုတ်၍ ဖြေရှင်းသွားမည့် နည်းလမ်းဖြစ်သည်။ အိရှိဂါမိက ပုံဖော်စိတ်ကူးခြင်းကို နှစ်သက်ပြီး ယုကာဝါက လက်တွေ့စမ်းသပ်ခြင်းကို အသားပေးသည်။
သူတို့၏ ဆုံတွေ့ချိန်မှာ နည်းပါးလှသော်လည်း အိရှိဂါမိသည် ယုကာဝါနှင့် ပတ်သက်သော သတင်းကောင်းများကို ကြားနေရဆဲ ဖြစ်သည်။ မဟာတန်း ဒုတိယနှစ်၏ ဆောင်းတွင်းနေ့တစ်နေ့တွင် ယုကာဝါတီထွင်ထားသော ‘သံလိုက်ဂီယာ’ ၏ မူပိုင်ခွင့်ကို အမေရိကန်မှ စက်မှုလုပ်ငန်းကြီးတစ်ခုက ဝယ်ယူသွားခဲ့ကြောင်း သတင်းကြားရသောအခါ အိရှိဂါမိသည် သူ့ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးနေမိသည်။
မဟာဘွဲ့ ယူပြီးနောက်ပိုင်း ယုကာဝါ၏ အခြေအနေများကို အိရှိဂါမိ ဘာမျှ မသိရတော့ပေ။ ထိုအချိန်တွင် သူသည် တက္ကသိုလ်မှ ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ လကို နှစ်စား၍ ဆယ်စုနှစ် နှစ်ခုမက ပွန်းပဲ့တိုက်စားလာခဲ့သည်။
****
“မင်းက အရင်ပုံစံအတိုင်းပဲ” အိမ်ထဲသို့ ဝင်ပြီးသည်နှင့် ယုကာဝါသည် စာအုပ်စင်ကို ကြည့်လျက် ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
“မင်းက အရင်လိုပဲ သင်္ချာကို တန်းတန်းစွဲ ဖြစ်နေတုန်းပဲလေ။ ငါတို့ တက္ကသိုလ်ရဲ့ သင်္ချာဌာနမှာတောင် မင်းလောက် စာအုပ်စာတမ်း စုံလိမ့်မယ် မထင်ဘူး”
အိရှိဂါမိက ဘာမျှ ပြန်မပြော။ စာအုပ်စင်ပေါ်တွင် သင်္ချာဘာသာရပ်ဆိုင်ရာ စာအုပ်များ ရှိနေသည့်အပြင် ကမ္ဘာအရပ်ရပ်ရှိ သုတေသနစင်တာများမှ ထုတ်ဝေသော စာစောင်များနှင့်လည်း ပြည့်နှက်နေသည်။ ၎င်း စာစောင်များ အားလုံးကို အင်တာနက်ပေါ်မှ စုစည်းထားခြင်း ဖြစ်သော်လည်း သူသည် သာမန် မနူးမနပ် သုတေသီတို့ထက် သင်္ချာလောကနှင့် ပိုမို ထိတွေ့မှု ရှိသည်မှာ သေချာလှသည်။
“မင်း ခဏထိုင်ဦး။ ငါ ကော်ဖီသွားဖျော်လိုက်ဦးမယ်”
“ကော်ဖီသောက်ရတာလည်း မဆိုးပါဘူး။ ဒါပေမယ့် ငါ ဒါလေး ပါလာတယ်” ယုကာဝါသည် သူ့လက်ထဲတွင် ဆွဲလာသော စက္ကူအိတ်ထဲမှ ဘူးတစ်ဘူးကို ဆွဲထုတ်လိုက်သည်။ နာမည်ကြီး ဆာကေးတစ်ပုလင်း။
“မင်း အဲဒီလောက် အားနာနေစရာ မလိုပါဘူး”
“မတွေ့ကြရတာ ကြာပြီလေကွာ။ လက်ဗလာနဲ့ လာလို့ ဘယ်ဖြစ်မလဲ”
“ကောင်းပြီလေ။ ငါ ဆူရှီမှာလိုက်မယ်။ မင်း ညစာ မစားရသေးဘူးမလား”
“ဟင့်အင်း၊ မစားရသေးဘူး”
“ငါလည်း မစားရသေးဘူး” အိရှိဂါမိသည် ဖုန်းကို ကောက်ကိုင်ပြီး ဟင်းအမျိုးအမည်များ ပုံနှိပ်ထားသော လက်ကမ်းကြော်ငြာစာစောင်ကို ဖွင့်ကြည့်သည်။ ခဏမျှ ငေးကြည့်နေပြီးနောက် တန်ဖိုးကြီးသော ဆူရှီများနှင့် ဆာရှိမိတို့ကို မှာကြားလိုက်သည်။ သူတစ်ယောက်တည်း ဆိုလျှင် ပေါပေါပဲပဲ ဆူရှီများကိုသာ မှာယူစားသုံးလေ့ရှိသည်။ တစ်ဘက်မှ ဖုန်းလက်ခံသော သူကလည်း သူ၏ အမှာစာများကို မြင်ပြီး တအံ့တဩ ဖြစ်နေသည်။ ဤအခန်းထဲတွင် ဧည့်သည် တစ်ယောက်တလေကို မမြင်တွေ့ခဲ့ရသည်မှာ မည်မျှ ကြာညောင်းခဲ့ပြီနည်း။ အိရှိဂါမိက တွေးနေမိသည်။
“မင်း ရောက်လာလိမ့်မယ်လို့ ငါ နည်းနည်းမှ မျှော်လင့်မထားခဲ့ဘူး” အိရှိဂါမိက ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်နေရင်း ပြောလိုက်သည်။
“ငါ့သူငယ်ချင်းတစ်ယောက်ဆီကနေ မင်းအကြောင်း မတော်တဆ ကြားခဲ့ရတာ”
“သူငယ်ချင်း … ငါ့အကြောင်း သိတဲ့သူ ရှိသေးတာလား”
“တကယ့် တိုက်ဆိုင်မှုပါပဲကွာ” ယုကာဝါက နှာခေါင်းကို ကုတ်နေသည်။ “ရဲဌာနက ရဲတစ်ယောက် မင်းကို လာရှာသေးတယ် မဟုတ်လား။ ကုစာနာဂိ ဆိုတဲ့ လူလေ”
“ရဲ”
အိရှိဂါမိ၏ ရင်ထဲ လှပ်ခနဲ တုန်သွားသည်။ သို့သော် သူက သတိရှိရှိဖြင့် ပိရိစွာ ဖုံးဖိထားနိုင်လိုက်ပြီး သူငယ်ချင်းဟောင်းကို လှမ်းကြည့်သည်။ ယုကာဝါက တစ်ခုခုများ သိနေရော့သလား။
“အဲဒီကောင်က ငါတို့နဲ့ တစ်သုတ်တည်းပဲ”
ယုကာဝါ၏ စကားကြောင့် အိရှိဂါမိ၏ ခေါင်းထဲ သံသယတချို့ ရစ်ဝဲလာသည်။ “တစ်သုတ်တည်း …”
“ငါတို့က ကြက်တောင်ရိုက်အသင်းမှာ အတူတူ ကစားကြတာ။ သူ့ပုံကြည့်ရတာ အမ်ပီရီယယ်ထွက်နဲ့ နည်းနည်းမှ မတူဘူး မဟုတ်လား။ သူက ပထဝီမေဂျာလေ”
အိရှိဂါမိ၏ ရင်ထဲတွင် စိုးမိုးနေသော မအီမသာ ခံစားမှုတို့သည် တစ်ခဏအကြာ၌ ပျောက်ကွယ်သွားကြသည်။ “ဪ ငါ သတိရပြီ။ သူက ငါကိုင်ထားတဲ့ စာအိတ်တွေကို ပြူးတူးပြဲတဲ ကြည့်နေခဲ့တာ။ ဒါကြောင့်မို့ သူက ‘အမ်ပီရီယယ်တက္ကသိုလ်’ ဆိုတဲ့ စကားလုံးတွေကို အထူးတလည် စိတ်ဝင်စားနေခဲ့တာကိုး။ အဲဒီလိုသာဆိုရင် အဲဒီတုန်းကတည်းက သူ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ရင် ပြီးနေတာပဲ ဥစ္စာ”
“အဲဒီအကောင်က ငါတို့ သိပ္ပံဌာနက ကျောင်းသားတွေကို သူနဲ့ ကျောင်းနေဖက်လို့ သဘောထားချင်တဲ့ အကောင်မျိုး မဟုတ်ဘူး။ ငါတို့ကို ဂြိုဟ်သားတွေလို့ မြင်နေတဲ့ အကောင်”
အိရှိဂါမိက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။ မိမိနှင့် တစ်နှစ်တည်း၊ တက္ကသိုလ်တစ်ခုတည်းတွင် အတူ ပညာသင်ကြားခဲ့သော လူတစ်ယောက်သည် ယခုအခါ မှုခင်းရဲတစ်ယောက် ဖြစ်နေသည်ဟု ကြားသိလိုက်ရသည်မှာ အိရှိဂါမိအတွက် အနည်းငယ် ထူးဆန်းနေသည်။
“ကုစာနာဂိပြောလို့ ငါ ကြားတာပဲ။ မင်းအခု အထက်တန်းကျောင်းမှာ သင်္ချာသင်နေတယ်ဆို” ယုကာဝါက အိရှိဂါမိ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြောသည်။
“ဒီအနီးနားက အထက်တန်းကျောင်းမှာ။ မင်းကတော့ တက္ကသိုလ်မှာပဲ မြဲနေတုန်းမလား”
“အင်း။ ငါ အခု ဓာတ်ခွဲတန်း အမှတ် ၁၃ မှာ” ယုကာဝါက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ သူ၏ လက်ရှိအလုပ်အတွက် ဂုဏ်ယူဝင့်ကြွားနေစရာ မလိုဟု ယူဆထားသောကြောင့် ရိုးရိုးသားသား ပြန်ဖြေခြင်းသာ ဖြစ်ရမည်ဟု အိရှိဂါမိက တွေးနေမိသည်။
“ပါမောက္ခ ဖြစ်နေပြီလား”
“ဘယ်ကလာ။ ယောင်လည်ယောင်လည်နဲ့ လက်ထောက်လုပ်နေရတုန်းပဲ။ ဟိုးအထက်က ရာထူးတွေက လူပြည့်နေပြီ” ယုကာဝါက စိတ်လိုလက်ရ ပြောနေသည်။
“ဟုတ်လား။ မင်းမှာ ‘သံလိုက်ဂီယာ’ လို အောင်မြင်မှုတွေ ရှိနေခဲ့တော့ မင်း အခုလောက်ဆိုရင် ပါမောက္ခ ဖြစ်နေလောက်ပြီလို့ ငါက ထင်နေတာ”
အိရှိဂါမိ၏ စကားကြောင့် ယုကာဝါသည် အားရပါးရ ရယ်မောပြီး မျက်နှာကို ပွတ်သပ်နေသည်။
“အဲဒီအကြောင်းကို မှတ်မိတဲ့သူ ဆိုလို့ မင်းတစ်ယောက်ပဲ ရှိတော့တယ် ထင်တာပဲ။ သူတို့တွေက နမူနာပုံစံတောင် မထုတ်နိုင်ခဲ့ဘူးကွ။ အားလုံးက စက္ကူပေါ်မှာတင်ပဲ လမ်းဆုံးသွားတယ်” ပြောလျက် ယုကာဝါသည် သူ သယ်ဆောင်လာသော အရက်ပုလင်းကို အဖုံးဖွင့်လိုက်သည်။
အိရှိဂါမိသည် မတ်တတ်ထရပ်ပြီး ကြောင်အိမ်ထဲမှ ခွက်နှစ်ခွက် သွားယူသည်။
“ငါက မင်းကို တက္ကသိုလ်တစ်ခုမှာ ပါမောက္ခလုပ်နေပြီး ရီးမန် (Riemann) ရဲ့ အဆိုကို စိန်ခေါ်နေပြီလို့ အောက်မေ့နေတာ” ယုကာဝါက ပြောသည်။ “ဘိုးတော် အိရှိဂါမိက ဘယ်လို ဖြစ်သွားရတာလဲ။ ဒါမှမဟုတ် တကယ့်ကိုပဲ အဲဒုရှ်ရဲ့ လမ်းစဉ်အတိုင်း လိုက်ပြီး လေလွင့်သင်္ချာပညာရှင်ကြီး လုပ်တော့မလို့လား”
“မဟုတ်ပါဘူး” အိရှိဂါမိက သက်ပြင်းကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
“လာကွာ။ ဘာပဲဖြစ်ဖြစ် တစ်ခွက်လောက် အရင် ချလိုက်ရအောင်” ယုကာဝါက ဘာမျှ ဆက်မမေးတော့ဘဲ ခွက်ထဲသို့ အရက်များ ငှဲ့ပေးနေလေသည်။
အိရှိဂါမိသည် သင်္ချာသုတေသီ တစ်ယောက်အဖြစ် တစ်သက်လုံး အရိုးထုတ်သွားရန် ယခင်က ရည်ရွယ်ထားခဲ့ဖူးသည်။ မဟာဘွဲ့ ရပြီးသည်နှင့် ယုကာဝါကဲ့သို့ တက္ကသိုလ်တွင် ဆက်နေပြီး ဒေါက်တာဘွဲ့ ရရန် ဆက်လက် သင်ယူသွားမည်ဟု သူ ယခင်က ဆုံးဖြတ်ခဲ့ဖူးသည်။
သူ၏ ဆန္ဒများ အကောင်အထည် ပေါ်မလာခဲ့ခြင်းမှာ သူ့မိဘနှစ်ပါးကို အနီးကပ် စောင့်ရှောက်ရန် အရေးပေါ် လိုအပ်လာခဲ့သောကြောင့် ဖြစ်သည်။ သူ၏ မိဘနှစ်ပါးမှာ အရွယ် အိုမင်းနေသည့်အပြင် ရောဂါဝေဒနာများ ဖိစီးနေကြသည်။ အကယ်၍ အလုပ်လုပ်ရင်း ပညာဆက်သင်နေလျှင် မိဘနှစ်ပါး၏ နေ့စဉ် အသုံးစရိတ်ကို မည်သို့မျှ ကာမိနိုင်မည် မဟုတ်ပေ။
ထိုစဉ် ပါမောက္ခက သူ့အား သတင်းတစ်ခု ပေးလာခဲ့သည်။ အသစ်ဖွင့်လှစ်သော တက္ကသိုလ်တစ်ခုတွင် လက်ထောက်ကထိကနေရာများ လစ်လပ်နေသည်။ ထိုတက္ကသိုလ်သည် သူ့အိမ်နှင့် များစွာ အလှမ်းမကွာလှ။ သင်္ချာကို ဆက်လက်ပြီး သုတေသန လုပ်ခွင့် ရမည်ဆိုလျှင် ရာထူးဌာနန္တရသည် အရေးမကြီးတော့။ သို့ဖြင့် ထိုအလုပ်ကို သူ လက်ခံလိုက်သည်။ ထိုအချိန်မှ စ၍ သူ့ဘဝတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်လာတော့သည်။
သူသည် ထိုတက္ကသိုလ်တွင် မည်သည့် သုတေသနကိုမျှ မလုပ်နိုင်ခဲ့။ ပါမောက္ခများသည် မိမိတို့၏ ရာထူးတည်မြဲရေး၌သာ အာရုံစိုက်နေကြသည်။ လူငယ်လက်သစ်တို့ကို မြေတောင်မြှောက်ပေးဖို့ရန် စိတ်ကူးမရှိကြ။ သူတို့ကိုယ်တိုင်လည်း မည်သည့် သုတေသနကိုမျှ ပြုလုပ်ရန် ဝါသနာ မပါကြချေ။ ပင်ပင်ပန်းပန်း ရေးသားပြုစုထားသော အိရှိဂါမိ၏ သုတေသန စာတမ်းသည်လည်း ပါမောက္ခ၏ အံဆွဲထဲတွင် ဖုန်အလိမ်းလိမ်း တက်နေလေသည်။ ကျောင်းသားများ၏ အရည်အချင်းကလည်း နုံချာလွန်းလှသည်။ အထက်တန်း သင်္ချာအဆင့်ကိုမျှ မမီနိုင်ကြသော ကျောင်းသားများကို အချိန်ပေး သင်ကြားနေရသောကြောင့် သုတေသနလုပ်ရန် ကြံရွယ်ထားသည့် အိရှိဂါမိ၏ အချိန်များကို လေလွင့်သွားစေခဲ့သည်။ အထက်ပါ ကိစ္စရပ်များကို ကြိတ်မှိတ်၍ သည်းညည်းခံနေရသည့်အပြင် ရရှိသော လစာမှာလည်း မဆိုစလောက်သာ။
သူသည် တခြား တက္ကသိုလ်သို့ ပြောင်းရွှေ့ရန် စိတ်ကူးမိသေးသည်။ သို့သော် ထင်သလောက် မလွယ်ကူခဲ့။ သင်္ချာဌာနဟူ၍ သီးသန့်ရှိသော တက္ကသိုလ် အရေအတွက်မှာ နည်းပါးလှသည်။ သင်္ချာဌာန ရှိသော တက္ကသိုလ်များတွင်လည်း ဘဏ္ဍာငွေ နည်းပါးလှသောကြောင့် လက်ထောက်ငှားရန် မတတ်နိုင်ကြပေ။ သင်္ချာပညာရပ်သည် အင်ဂျင်နီယာပညာရပ်များနှင့် မတူ။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် အင်ဂျင်နီယာဆိုင်ရာ သုတေသနလုပ်ငန်းအတွက် ထောက်ပံ့ရန် တန်းစီ စောင့်ဆိုင်းချင် စောင့်ဆိုင်းနေကြမည်။
သို့ဖြင့် အိရှိဂါမိသည် သူ့ဘဝကို အပြောင်းအလဲ ဖြစ်စေမည့် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ဆုံး ချလိုက်ရတော့သည်။ မှန်သည်။ သာမန် ကျောင်းဆရာတစ်ယောက်အဖြစ် အသက်မွေးရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။ ၎င်းမှာ သင်္ချာပညာရှင်အဖြစ် အသက်မွေးမည်ဟူသော သူ၏ အိပ်မက်ကို စွန့်လွှတ်လိုက်ရခြင်းပင် ဖြစ်သည်။
ထိုအကြောင်းကို ယုကာဝါအား ပြောပြနေလျှင်လည်း ဘာမျှ ထူးခြားလိမ့်မည် မဟုတ်ဟု အိရှိဂါမိက ယူဆသည်။ မိမိ၏ သုတေသန လုပ်ငန်းများကို မဖြစ်မနေ စွန့်လွှတ်ခဲ့ရသော လူတိုင်း၌ ထိုနည်းတူစွာသော နောက်ခံ အကြောင်းအရင်းများ ရှိနေကြသည်ချည်းသာ။ မိမိ၏ အဖြစ်သနစ်သည်လည်း များစွာ ထူးခြားလှမည် မဟုတ်ကြောင်း သူ ကောင်းစွာ နားလည်သည်။
ဆူရှီနှင့် ဆာရှိမိတို့ ရောက်လာကြပြီ။ သူတို့သည် တစ်လုတ်စားလိုက် တစ်ခွက်မော့လိုက်ဖြင့် ယုကာဝါယူလာသော ဆာကေးပုလင်းလည်း မကြာခင် ကုန်သွားတော့သည်။ သို့ဖြင့် အိရှိဂါမိက သူ၏ ဝီစကီပုလင်းကို ထုတ်လိုက်သည်။ သူသည် သာမန်အချိန်ဆိုလျှင် များစွာ သောက်လေ့မရှိပေ။ ခက်ခဲသော သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းပြီးသွားသော အချိန်၌သာ ဦးနှောက်ဆေးသည့်အနေဖြင့် အနည်းငယ် သောက်တတ်သည်။
သူတို့ သူငယ်ချင်းနှစ်ဦးသည် ရေပက်မဝင်အောင် တစ်ယောက်ကိုတစ်ယောက် ပြောဆိုနေကြသည်တော့ မဟုတ်။ သို့သော် ကျောင်းတော်ကြီးမှ နေ့ရက်များအကြောင်းကို ပြန်လှန် စားမြုံ့ပြန်ခြင်းနှင့် သင်္ချာအကြောင်း ပြောဆိုနေရသည်ကို သူ များစွာ နှစ်ခြိုက်လှသည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်အတွင်းတွင် မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ထိုသို့ လှိုက်လှိုက်လှဲလှဲ စကားပြောဆိုခြင်း မပြုခဲ့ဘဲ သူ မည်သို့ ဖြတ်သန်းခဲ့ရသနည်း ဆိုသည့်အချက်ကို သူ တွေးကြည့်နေမိသည်။ ကျောင်းတော်ကြီးမှ ထွက်ခွာလာပြီးနောက်တွင် တခြားသူတစ်ဦးနှင့် ဤသို့ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ယုကာဝါမှ လွဲ၍ သူ့ကို မည်သူက နားလည်နိုင်မည်နည်း။ သူ၏ အထင်ကြီးမှုကို ယုကာဝါမှ လွဲ၍ မည်သူ ခံယူထိုက်ပါဦးမည်နည်း။
“အေးဟ၊ အရေးကြီးတဲ့ ကိစ္စကို မေ့တော့မလို့။ တော်သေးတယ်” ယုကာဝါက ရုတ်တရက် ပြောလိုက်ပြီး စက္ကူအိတ်ထဲမှ စာအိတ်ညိုကြီးတစ်လုံးကို ဆွဲထုတ်၍ အိရှိဂါမိ၏ အရှေ့တွင် ချထားလိုက်သည်။
“ဘာကြီးလဲ”
“မင်း ဖွင့်ကြည့်ကြည့်လေ” ယုကာဝါက ပြုံးဖြီးဖြီးနှင့် ပြောသည်။
စာအိတ်ထဲတွင် သင်္ချာပုံသေနည်းများနှင့် ပြည့်နှက်နေသော စာရွက်များ ထည့်ထားသည်။ အိရှိဂါမိသည် အပေါ်ဆုံးမှ တစ်ရွက်ကို ကောက်ယူပြီး ဖတ်ကြည့်လိုက်ရာ ချက်ချင်းဆိုသလို အကြောင်းအရာကို နားလည်သွားသည်။
“ရီးမန်အဆိုကို ချေပထားတဲ့ဟာလား”
“မင်းက တစ်ချက် ကြည့်လိုက်တာနဲ့ တန်းသိတာပဲ”
ရီးမန်အဆိုသည် ခေတ်သစ်သင်္ချာလောကတွင် အရေးအပါဆုံးသော မဖြေရှင်းနိုင်သေးသည့် ပြဿနာများထဲမှ တစ်ခု ဖြစ်သည်။ ဂျာမန် သင်္ချာပညာရှင် ဘန်းဟာ့ဒ် ရီးမန် (Bernhard Riemann) က တင်ပြထားသော အဆိုကို သက်သေပြရန် စိန်ခေါ်ခဲ့သည်။ ယခုအချိန်အထိ မည်သူမျှ သက်သေပြနိုင်ခြင်း မရှိသေးပေ။
ယုကာဝါ ယူလာသော သုတေသနစာတမ်းမှာ ရီးမန်၏ အဆိုကို မှားယွင်းကြောင်း သက်သေပြထားသော စာတမ်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သုတေသီများသည်လည်း ထိုနည်းတူစွာ ကြိုးစားလုံးပန်းနေကြကြောင်း အိရှိဂါမိ သိရှိထားပြီး ဖြစ်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်မှု မရသေးချေ။
“ငါတို့ တက္ကသိုလ်က သင်္ချာပါမောက္ခရဲ့ သဘောတူညီချက်နဲ့ ငါ ဒီဟာကို မိတ္တူဆွဲလာတာ။ ဘယ်စာစောင်မှာမှတော့ ပုံနှိပ်ဖော်ပြထားတာ မရှိသေးဘူး။ ချေပထားတာ အောင်မြင်တယ်လို့ မဆိုနိုင်ပေမယ့် လမ်းကြောင်းမှန်ပေါ်တော့ ရောက်နေပြီလို့ ယူဆရတာပဲ” ယုကာဝါက ပြောသည်။
“ရီးမန်အဆိုကို မှားတယ်လို့ ပြောချင်တာလား”
“လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ပဲ ပြောချင်တာပါ။ တကယ်လို့ ရီးမန်အဆိုက မှန်တယ် ဆိုရင် ဒီစာတမ်းပေါ်က တင်ပြချက်တွေထဲမှာ တစ်နေရာရာက မှားနေလို့ပဲ နေမှာပေါ့”
ယုကာဝါ၏ မျက်လုံးများက ချောက်တွန်းတတ်သော ကလေးတစ်ယောက်၏ မျက်လုံးများနှင့် တူနေသည်။ သူ ဆင်ထားသော ထောင်ချောက်ထဲသို့ တိုးဝင်လာခြင်း ရှိမရှိကို စူးစမ်းနေသည့်နှယ်။ အိရှိဂါမိက သူ၏ အကြံကို ချက်ချင်း ရိပ်မိသွားသည်။ သူ့ကို စိန်ခေါ်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ‘ဘိုးတော် အိရှိဂါမိ’ ၏ စွမ်းရည်များ နိမ့်ပါးယုတ်လျော့သွားခြင်း ရှိမရှိ ဆိုသည်ကို စမ်းသပ်လိုပေလိမ့်မည်။
“ငါ ယူကြည့်လို့ရမလား”
“မင်းအတွက် ယူလာတာပဲ”
အိရှိဂါမိက စာရွက်များကို စတင် ဖတ်ရှုနေတော့သည်။ တစ်ခဏအကြာတွင် သူ၏ စားပွဲခုံ ရှိရာသို့ ထသွားပြီး စက္ကူအလွတ်တစ်ရွက်ကို အရှေ့တွင် ချထား၍ ဘောပင်ကို ကောက်ကိုင်လိုက်လေသည်။
“P = NP ဆိုတဲ့ ပုစ္ဆာကို မင်း သိတယ်မဟုတ်လား” ယုကာဝါသည် သူ၏ နောက်ကျောမှနေ၍ လှမ်းပြောသည်။
အိရှိဂါမိက လှည့်ကြည့်သည်။ “ကိုယ်တိုင်အဖြေရှာတာနဲ့ သူများရှာထားတဲ့အဖြေကို မှန်မမှန် စစ်ဆေးတာ ဘယ်ဟာက ပိုလွယ်သလဲ။ ဒါမှမဟုတ် ဘယ်လောက်အတိုင်းအတာထိ ခက်ခဲသလဲ ဆိုတာကို တွက်ချက်တဲ့ သင်္ချာပုစ္ဆာ မဟုတ်လား။ ဖြေရှင်းနိုင်တဲ့သူကို ဆုချမယ်လို့ ခလေးသင်္ချာသုတေသနအဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ ပုစ္ဆာတွေထဲက တစ်ခုပေါ့”
“မိုက်တယ်ဟေ့” ယုကာဝါက ပြုံးလျက် ဖန်ခွက်ကို ကောက်ကိုင်သည်။
အိရှိဂါမိသည် စားပွဲဘက်သို့ ပြန်လှည့်သွားသည်။ သင်္ချာသည် သိုက်တူးရသည့် အလုပ်နှင့် တူသည်ဟု သူ ထင်သည်။ ပထမဆုံးအနေဖြင့် တူးဖော်ရမည့်နေရာ သို့မဟုတ် စမှတ်ကို ရွေးချယ်ဆုံးဖြတ်ရမည်။ ထို့နောက် ရလဒ် သို့မဟုတ် ပန်းတိုင်ရှိရာသို့ ဦးတည်နိုင်မည့် သင့်တင့်လျော်ကန်သည့် လမ်းအူကြောင်းကို သတ်မှတ် ပြဋ္ဌာန်းရမည်။ ဤသို့သော အစီအစဉ် ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းအစီအစဉ်နှင့် ကိုက်ညီမည့် အယူအဆ သို့မဟုတ် ပုံသေနည်းများ ချမှတ်ကာ ရရှိလာသည့် သဲလွန်စအတိုင်း ရလဒ်ရှိရာသို့ တူးဆွသွားနိုင်သည်။ အကယ်၍ လက်ဗလာနှင့် အချည်းနှီး ဖြစ်ခဲ့လျှင်လည်း အစသို့ ပြန်ဦးလှည့်ကာ နောက်ထပ် လမ်းအူကြောင်းအသစ်ကို ရွေးချယ်ရပြန်သည်။ ထို့သို့ စိတ်လက်ရှည်စွာ အပြန်ပြန် ကျော့ခြင်းအားဖြင့် ယခင်က မည်သူမျှ မတွေ့ရှိဖူးသော ရတနာသိုက် သို့မဟုတ် ရလဒ်တစ်ခုကို ရှာဖွေ တွေ့ရှိလာနိုင်သည်။
သူတစ်ပါး၏ အဖြေကို သက်သေပြရခြင်းမှာ တခြားလူတစ်ယောက် ရွေးချယ်ဖောက်လုပ်ထားသော လမ်းအူကြောင်းကို လိုက်ရသည်နှင့် တူသည်။ အမြင်အားဖြင့် လွယ်ကူသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ထိုမျှ မရိုးရှင်းလှပေ။ အကယ်၍ လမ်းမှားလိုက်မိပြီဆိုလျှင် ရတနာတုနှင့် ကြုံဆုံရတော့သည်။ ၎င်းကို အတုဖြစ်ကြောင်း သက်သေပြရသည်မှာ အဖြေမှန်ကို ရှာသည်ထက်ပင် ပို၍ လက်ဝင်တတ်သည်။ ထို့ကြောင့်လည်း P = NP ကဲ့သို့သော စဉ်းစားရကျပ်သည့် ပုစ္ဆာမျိုးကို လူတချို့က တင်ပြလာခဲ့ကြသည်။
အိရှိဂါမိသည် ပုစ္ဆာထဲတွင် နစ်မြုပ်သွားပြီး အချိန်ကာလကို လုံးဝ မေ့လျော့သွားသည်။ ယှဉ်ပြိုင်လိုစိတ်၊ စူးစမ်းလိုစိတ်နှင့် မာန်မာနတို့က သူ့ကို အားဖြည့်ပေးနေသော လောင်စာများနှယ် သူ၏ ဦးနှောက်ကို မောင်းနှင်နေလေသည်။ သူ၏ မျက်လုံးများသည် သင်္ချာဂဏန်းများမှ တစ်စက္ကန့်မျှ ဖဲခွာသွားသည် မရှိ။ ဈာန်ဝင်စားနေသော ရသေ့ရဟန်းကဲ့သို့ ထိုစာရွက်ပေါ်၌သာ အာရုံကို စူးစိုက်ထားသည်။
****
“အား” အိရှိဂါမိက ရုတ်တရက် ထရပ်လိုက်သည်။ ပုစ္ဆာစာရွက်ကို လက်တွင် ဆုပ်ကိုင်ထားလျက် ဘေးဘက်သို့ လှည့်ကြည့်လေသည်။ ယုကာဝါသည် သူ၏ ကုတ်အင်္ကျီကို ခြုံလျက် ကြမ်းပြင်ပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ကွေးကွေးလေး အိပ်ပျော်နေသည်။ အိရှိဂါမိသည် သူ့အနားသို့ လျှောက်သွားပြီး သူ့ပခုံးကို လှုပ်ယမ်းလိုက်သည်။ “ထ ထ၊ ငါ သဘောပေါက်သွားပြီ”
ယုကာဝါသည် အိပ်မှုန်စုံမွှားနှင့် ထလာပြီး မျက်နှာကို လက်ဖြင့် ပွတ်သပ်နေရင်း အိရှိဂါမိကို ငေးကြည့်နေသည်။ “မင်း ဘာတွေ ပြောနေတာလဲ”
“ငါ ရသွားပြီ။ ဝမ်းနည်းစရာပဲ။ သူ့ချေပချက်က တလွဲကြီး။ သူ့ရဲ့ ချဉ်းကပ်ပုံက စိတ်ဝင်စားစရာ ကောင်းပေမယ့် သုဒ္ဓကိန်းတွေကို ဖြန့်ချတဲ့ နေရာမှာ အခြေခံအမှားတစ်ခု ပါနေတယ်”
“နေပါဦး၊ ခဏနေပါဦး” ယုကာဝါက အိရှိဂါမိ၏ မျက်နှာအရှေ့သို့ လက်တစ်ဘက် ဆန့်တန်းလိုက်သည်။ “ငါ အခုမှ အိပ်ချင်မူးတူးပဲ ရှိသေးတာဆိုတော့ မင်း ဘာပြောပြော နားလည်နိုင်မယ် မထင်ဘူး။ အဲ အိပ်ချင်မူးတူး ဖြစ်နေလို့ရယ်ကြောင့်လည်း မဟုတ်သေးဘူး။ နိုးနိုးကြားကြား ရှိနေတောင် နားမလည်နိုင်လောက်ဘူး။ အမှန်အတိုင်း ဝန်ခံရရင် ရီးမန်အဆိုအကြောင်း ငါ့ကို လာပြောရင် ကျွဲပါးစောင်းတီးသလို ဖြစ်နေမှာပဲ။ မင်း စိတ်ဝင်စားလောက်တယ်လို့ ယူဆလို့ မင်းအတွက် ယူလာပေးတာ”
“ဦးတည်ရာ မှန်တယ်လို့ မင်းပဲ ပြောခဲ့တာလေ”
“အဲဒါလား။ သင်္ချာပါမောက္ခဆီက ကြားခဲ့တာပါကွာ။ သူကလည်း အဲဒီ ချေပချက်ကို မှားမှန်းသိလို့ တရားဝင် မထုတ်ပြန်ခဲ့တာပေါ့”
“ဒါဆို သူ့အမှားကို ငါ ရှာနိုင်တယ် ဆိုတာလည်း ဘာမှ အထူးအဆန်း မဟုတ်တော့ဘူးပေါ့” အိရှိဂါမိက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ဘယ်ဟုတ်မလဲ။ တကယ့်ကို ချီးကျူးစရာပေါ့။ ငါတို့ရဲ့ သင်္ချာပါမောက္ခက ပြောတယ်။ ဘယ်နေရာမှာ လွဲမှားနေသလဲ ဆိုတာကို ထိပ်တန်း သင်္ချာပညာရှင်တွေတောင်မှ တစ်ထိုင်တည်းနဲ့ အဖြေရှာနိုင်မယ် မထင်ဘူးတဲ့” ယုကာဝါက နာရီကို ငုံ့ကြည့်သည်။ “မင်းက ၆ နာရီတည်းနဲ့ အဖြေရှာနိုင်ခဲ့တာလေ။ ဘယ်လောက် မိုက်သလဲ”
“၆ နာရီ” အိရှိဂါမိက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်တွင် ရောင်နီများ ပျို့အန်စ ပြုနေပြီ။ စားပွဲတင်နာရီကို လှမ်းကြည့်လိုက်သောအခါ နံနက် ၅ နာရီပင် ထိုးလုတော့မည်။
“မင်းက တစ်စက်ကလေးမှ ပြောင်းလဲမသွားသေးဘူး။ ဒါဆို ငါ စိတ်ချသွားပြီ” ယုကာဝါက ပြောသည်။ “ဘိုးတော် အိရှိဂါမိဆိုတဲ့ ဂုဏ်ပုဒ်ကို အခုထိ ထိန်းထားနိုင်တုန်းပဲ”
“ဆောရီးပဲ။ မင်း ရှိနေသေးတယ် ဆိုတာကို ငါ လုံးလုံး မေ့သွားတယ်”
“ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်းကတော့ အနားယူဖို့ လိုလိမ့်ဦးမယ် ထင်တယ်။ ဒီနေ့ အတန်း ရှိသေးတယ် မဟုတ်လား”
“အင်း။ ဒါပေမယ့် စိတ်လှုပ်ရှားလွန်းလို့ အိပ်ချင်စိတ်တောင် ပျောက်နေတယ်။ အခုလို တစ်ခုခုအပေါ် အာရုံမစူးစိုက်ဖြစ်တာတောင် အတော် ကြာသွားခဲ့ပြီ။ ကျေးဇူးပဲကွာ” အိရှိဂါမိက လက်တစ်ဘက်ကို ရှေ့သို့ ဆန့်တန်းလိုက်သည်။
“ကြည့်ရတာ ငါလာလိုက်တာ အကျိုးရှိသွားပြီ” ယုကာဝါက အိရှိဂါမိ၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်။
“ငါလည်း မင်းကို တွေ့ရတာ အရမ်း ဝမ်းသာတယ်” အိရှိဂါမိက ခေါင်းညိတ်ပြသည်။ “ကိုယ့်အိမ်လို့ သဘောထားပြီး လွတ်လွတ်လပ်လပ်နေကွာ။ ရထားတွေ ထွက်ဖို့ကလည်း အချိန်နည်းနည်း စောနေသေးတယ်”
****
အိရှိဂါမိသည် နံနက် ၇ နာရီအထိ တစ်မှေးမျှ အိပ်ပျော်သွားသည်။ ပင်ပန်းလွန်းသောကြောင့် သို့မဟုတ် ရင်ထဲ ဝမ်းသာပီတိ ဖြစ်သောကြောင့်လားဟု မဆိုနိုင်။ အိပ်ချိန်မှာ တိုတောင်းလွန်းလှသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး နိုးလာသောအခါတွင်လည်း အိပ်ရေးဝကာ လန်းဆန်းနေလေသည်။
အိရှိဂါမိသည် အလုပ်သို့ သွားရန် ပြင်ဆင်နေစဉ် ယုကာဝါထံမှ စကားသံ ထွက်ပေါ်လာသည်။ “မင်းရဲ့ အိမ်နီးချင်းက ထတာ အတော် စောတာပဲ”
“အိမ်နီးချင်း …”
“စောစောတုန်းက အိမ်တံခါးဖွင့်သံ ကြားလိုက်ရတယ်။ အဲဒီတုန်းက ၆ နာရီခွဲပဲ ရှိသေးတာ”
အိရှိဂါမိက သူ့ကို လှုပ်နှိုးလိုက်ပြီး နောက်ပိုင်းတွင် ယုကာဝါသည် လုံးဝ ပြန်မအိပ်တော့ပေ။
အိရှိဂါမိက မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေစဉ် ယုကာဝါက သူ့စကားကို ဆက်ပြောလေသည်။ “မင်းရဲ့အကြောင်း ငါ့ကို အသိပေးခဲ့တဲ့ ရဲအရာရှိ ကုစာနာဂိ ပြောလို့ သိရတာလေ။ မင်းရဲ့ အိမ်ဘေးမှာ သံသယတရားခံ ရှိတယ်ဆိုလို့ သူက မင်းဆီ ရောက်လာခဲ့တာ မဟုတ်လား”
အိရှိဂါမိက တည်ငြိမ်သည့် ဟန်အမူအရာဖြင့် အပေါ်ဝတ် ကုတ်အင်္ကျီကို ထပ်ဝတ်နေသည်။ “သူက မင်းကို အမှုကိစ္စအကြောင်း ပြောပြတယ်လား”
“တစ်ခါတလေ ငါ့ဆီလာပြီး လေပစ်နေတတ်တယ်။ အဲဒီလိုအချိန်မှာ သူ့အလုပ်အကြောင်း ပွစိပွစိနဲ့ ငြီးငြူနေတတ်တာပဲ”
“ဘာအမှုလဲ။ သူ့နာမည်က …… ကုစာနာဂိ ဟုတ်တယ်မလား။ သူက ငါ့ကိုတော့ အမှုအကြောင်း ဘာမှ ဂဃနဏ ရှင်းပြမသွားဘူး”
“လူတစ်ယောက် အသတ်ခံရတယ် ပြောတာပဲ။ မင်းအိမ်နီးချင်းရဲ့ ခင်ပွန်းဟောင်းတဲ့”
“ဪ” အိရှိဂါမိက မျက်နှာသေဖြင့် ပြန်ဖြေသည်။
“မင်းနဲ့ ဘေးအိမ်ကနဲ့ အဆက်အသွယ် မရှိဘူးလား” ယုကာဝါက မေးသည်။
အိရှိဂါမိ၏ ဦးနှောက်မှာ အတန်ငယ် အလုပ်ရှုပ်သွားသည်။ သူ၏ လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် ယုကာဝါသည် တစ်စုံတစ်ရာကို သံသယ ရှိနေသောကြောင့် မေးမြန်းနေခြင်းမျိုး မဟုတ်။ သူ့အနေဖြင့် အဆင်ပြေသလို ဖြေကြားနိုင်သည်ဟု သူ ယူဆသည်။ သို့သော် ယုကာဝါနှင့် ကုစာနာဂိတို့ ခင်မင်ရင်းနှီးနေကြသည်ကို သူ ထည့်မတွက်၍ မဖြစ်။ ယုကာဝါသည် သူ့အိမ်သို့ အလည်ရောက်ခဲ့သည့်အကြောင်းကို ကုစာနာဂိအား ပြောကောင်း ပြောပြနိုင်သည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားရပါမူ သူ၏အဖြေသည် ပြီးစလွယ် ဖြေ၍ မဖြစ်မှန်း သိသာနေသည်။
“အဆက်အသွယ် မရှိပါဘူး။ ဒါပေမယ့် မစ္စဟာနာအိုကာက ….. အဲ မစ္စဟာနာအိုကာ ဆိုတာ ဘေးအိမ်ကတစ်ယောက်ပေါ့။ သူအလုပ်လုပ်နေတဲ့ ထမင်းဆိုင်ကိုတော့ ငါ အမြဲ ရောက်တတ်တယ်။ အဲဒီအကြောင်း ရဲတွေကို ပြောဖို့ ငါ မေ့သွားတယ်”
“ဪ … ထမင်းဆိုင်မှာ လုပ်တာလား” ယုကာဝါက ခေါင်းညိတ်နေသည်။
“သူ အဲဒီမှာ အလုပ်လုပ်နေလို့ သွားတာမျိုး မဟုတ်ပါဘူးကွာ။ ငါ အမြဲ အားပေးနေကျဆိုင်မှာ သူက အလုပ်လုပ်နေတာကိုး။ အဲဒီဆိုင်က ငါတို့ ကျောင်းနားမှာလေ”
“အင်း။ သူနဲ့က မေးထူးခေါ်ပြောလောက်ပဲ ဆိုပေမယ့် သူ့ကို သံသယတရားခံမှန်း သိလိုက်ရတော့ စိတ်ထဲ တစ်မျိုးကြီး ဖြစ်မသွားဘူးလား”
“မဖြစ်ပါဘူး။ ငါနဲ့ ဘာမှမှ မဆိုင်တာ”
“ဒါလည်း ဟုတ်တာပဲ” ယုကာဝါက ဘာမျှ သံသယ ဖြစ်ပုံမရ။
သူတို့နှစ်ဦးသည် ၇ နာရီခွဲတွင် အိမ်မှ ထွက်လာကြသည်။ ယုကာဝါသည် အနီးဆုံး မှတ်တိုင်ရှိရာသို့ ထွက်ခွာသွားခြင်း မပြုဘဲ အိရှိဂါမိနှင့်အတူ လိုက်လာခဲ့သည်။ သူ၏ ကျောင်းနားမှ ဓာတ်ရထားစီးလျှင် ရထားပြောင်းစီးရသော ဒုက္ခမှ သက်သာသွားနိုင်သည်။
ယုကာဝါသည် အမှုနှင့် ဟာနာအိုကာ ယာစုကိုအကြောင်းတို့ကို လုံးဝ မပြောတော့ပေ။ သူသည် ကုစာနာဂိ၏ အကူအညီ တောင်းခံမှုကြောင့် မိမိထံသို့ လာရောက်၍ စနည်းနာနေခြင်း ဖြစ်မည်လောဟု အိရှိဂါမိက သံသယ ဝင်ခဲ့မိသည်။ အတွေးလွန်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။ ကုစာနာဂိ အနေဖြင့် ထိုသို့သော နည်းလမ်းကို အသုံးပြုု၍ သူ့ထံသို့ ချဉ်းကပ်ရန် ခိုင်လုံသော အကြောင်းပြချက် မရှိချေ။
“ဒီလမ်းက အတော် စိတ်ဝင်စားစရာ ကောင်းတာပဲ” ထိုစကားကို ယုကာဝါ ပြောလိုက်စဉ်တွင် သူတို့သည် ရှင်-အိုဟရှိတံတားအောက်မှ ဖြတ်ပြီး ဖြည်းညင်းစွာ စီးဆင်းနေသော ဆုမိဒမြစ်ဘေးတစ်လျှောက် လမ်းလျှောက်နေကြသည်။ သူတို့၏ မလှမ်းမကမ်းတွင် အိုးမဲ့အိမ်မဲ့တို့၏ တဲစုတ်ကလေးများကို လှမ်းမြင်နေရသည်။
ဆံပင်အဖြူကို နောက်စေ့တွင် ထုံးချည်ထားသော အမျိုးသားက အဝတ်လှန်းနေသည်။ ထိုသူ၏ အနောက်တွင် ‘ကိုဘူးခွံ’ သည် သူ၏ နိစ္စဓူဝ အလုပ်ထဲ၌ နစ်မြုပ်နေသည်။
“ဒီမြင်ကွင်းက ဘယ်တော့မှ ပြောင်းလဲမသွားဘူး” အိရှိဂါမိက ပြောသည်။ “တစ်လလုံးလုံး ဒီပုံစံအတိုင်းပဲ သွားနေကြတာ။ နာရီတစ်လုံးလိုပဲ အမြဲတမ်း အချိန်မှန်မှန် လှုပ်ရှားနေကြတယ်”
“လူတစ်ယောက်ဟာ အချိန်ရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်သွားတာနဲ့ အဲဒီလို ဖြစ်သွားတော့တာပဲ”
“သိပ်ဟုတ်တာပေါ့”
သူတို့သည် ကိယိုစုတံတား မရောက်ခင်တွင် လှေကားပေါ်သို့ တက်လိုက်ကြသည်။ အနီးရှိ ကုမ္ပဏီရုံးခန်းများနှင့် ပြည့်နှက်နေသည့် အဆောက်အအုံကြီးက သူတို့ကို အရိပ်မိုးထားသည်။ အိရှိဂါမိသည် ထိုအဆောက်အအုံကြီး၏ မှန်တံခါးတွင် ထင်ဟပ်နေသော သူတို့၏ ပုံရိပ်များကို ကြည့်လျက် သူ့ခေါင်းကို ခါယမ်းနေမိသည်။
“အခုလို နုပျိုနေအောင် မင်း ဘယ်လိုများ လုပ်ထားတာလဲ။ ကြည့်စမ်းပါဦး၊ မင်းနဲ့ငါက ကွာချင်တိုင်း ကွာနေတော့တာပဲ။ မင်းရဲ့ ခေါင်းပေါ်မှာတော့ ဆံပင်တွေ အပြည့် ရှိနေသေးတယ်”
“ဘယ်ကလာကွာ။ ငါလည်း အိုပြီကွ။ ခေါင်းပေါ်က အဲဒီဆံပင်တွေကို အသာထားဦး။ သူ့အောက်မှာ ရှိတဲ့ ဦးနှောက်ကတော့ တစ်နေ့တခြား ထိုင်းထိုင်းလာသလိုပဲ”
“မင်းက လောဘကြီးတာကိုး”
အိရှိဂါမိ၏ နှုတ်ခမ်းတွင် ပြုံးရောင် သမ်းနေသော်လည်း သူ့စိတ်ထဲ အနည်းငယ် စိုးရိမ်စ ပြုလာသည်။ ဤသို့သာ ဆက်လိုက်လာမည် ဆိုလျှင် ယုကာဝါသည် ဘန်တန်တိုင်အထိပင် လိုက်ပါလာမည့် သဘောရှိနေသည်။ စူးစမ်းမှု အားကောင်းသော ဤဉာဏ်ကြီးရှင်သည် မိမိနှင့် ဟာနာအိုကာ ယာစုကိုတို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ တစ်စုံတစ်ခုကိုများ အကဲခတ် တွေ့ရှိသွားနိုင်မည်လား။ သူ့ရင်ထဲ စိုးရိမ်စိတ်များ လျှံတက်လာသည်။ ထို့အပြင် အိရှိဂါမိနှင့် သူစိမ်းယောက်ျားတစ်ယောက်တို့ ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသော ယာစုကိုသည် မူမှန်အတိုင်း ဣန္ဒြေမပျက်ဘဲ နေနိုင်ပါမည်လော။
ထမင်းဆိုင်၏ ဆိုင်းဘုတ်ကို မြင်ရသောအခါ အိရှိဂါမိက လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ “ဟောဟိုဟာက ငါပြောတဲ့ ထမင်းဆိုင်ပဲ”
“ဘန်တန်တိုင်၊ ဆိုင်နာမည်က ချစ်စရာပဲ”
“ငါ ထမင်းဟင်း သွားဝယ်လိုက်ဦးမယ်”
“ဒါဆို ငါ မင်းနဲ့ ဒီမှာပဲ လမ်းခွဲကြတာပေါ့” ယုကာဝါ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
အိရှိဂါမိက ထိုသို့ မျှော်လင့်မထားခဲ့သော်လည်း ကျိတ်၍ ဝမ်းသာနေမိသည်။
“မင်းကို ကောင်းကောင်း ဧည့်မခံနိုင်ခဲ့တာ စိတ်မကောင်းဘူး။ ဆောရီးပဲ”
“ဟာ … အဲဒါတွေ မလိုအပ်ပါဘူးကွာ” ယုကာဝါက မျက်လုံးများကို မှေးလိုက်သည်။ “မင်းရဲ့ သုတေသန လုပ်ငန်းတွေကို ဆက်လုပ်နိုင်ဖို့ တက္ကသိုလ်ကို တကယ်ပဲ ပြန်မလာချင်တော့ဘူးလား”
အိရှိဂါမိက ခေါင်းခါသည်။ “တက္ကသိုလ်မှာ လုပ်လို့ ရသမျှ အကုန်လုံးကို ငါတစ်ကိုယ်တည်းလည်း လုပ်လို့ ရနေတာပဲ။ ပြီးတော့ အခု ငါ့အသက်အရွယ်ကြီးနဲ့ ဘယ်တက္ကသိုလ်ကမှလည်း ငါ့ကို လက်ခံချင်မှာ မဟုတ်တော့ဘူး”
“အဲဒီလိုတော့ မထင်ဘူး။ ထားပါတော့လေ။ မင်း ရည်မှန်းထားသမျှ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်”
“မင်းလည်း အတူတူပဲပေါ့”
“မင်းနဲ့ တွေ့ရတာ အရမ်း ဝမ်းသာတာပဲ”
နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ထွက်ခွာသွားသော ယုကာဝါ၏ ကျောပြင်ကို အိရှိဂါမိက ငေးကြည့်နေမိသည်။ ထိုသို့ ကြည့်နေခြင်းမှာ လွမ်းတသသ ဖြစ်နေ၍ မဟုတ်။ ဘန်တန်တိုင်ထဲသို့ သူ ဝင်သွားသည်ကို ယုကာဝါအား မမြင်စေချင်သောကြောင့်သာ ဖြစ်သည်။
ယုကာဝါ၏ ပုံရိပ်သည် မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားသောအခါ အိရှိဂါမိသည် တစ်ဘက်သို့ ပြန်လှည့်ပြီး ဆိုင်ဘက်သို့ ခြေလှမ်းသွက်သွက် လှမ်း၍ လျှောက်သွားတော့သည်။