ထို့နောက် မီစာတို၏ လက်ထဲမှ တစ်စုံတစ်ရာသည် လွတ်ကျသွားသည်။ ကြေးပန်းအိုးတစ်လုံး။ ဘန်တန်တိုင် ဆိုင်ဖွင့်ပွဲ ကျင်းပစဉ်က ကြွရောက်လာသော ဧည့်သည်များကို ယိုနာဇာဝါတို့က အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော ပစ္စည်းဖြစ်သည်။
“မီစာတို … သမီး” ယခုမှ ယာစုကိုလည်း အသံထွက်နိုင်တော့သည်။ ယာစုကိုသည် သမီးကို ပြူးကြည့်နေသည်။
မီစာတိုလည်း လုပ်မိလုပ်ရာ လုပ်လိုက်ပြီးမှ သတိမေ့မျောသူ တစ်ယောက်ကဲ့သို့ ကြောင်အအ ဖြစ်နေလေသည်။ ဝိဉာဉ်မဲ့သူ တစ်ယောက်ကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။ ထို့နောက် သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာပြီး ကြောက်ရွံသော အမူအရာဖြင့် ယာစုကို၏ နောက်ကျောဘက်သို့ စိုက်ကြည့်နေလေသည်။
ယာစုကိုက အနောက်လှည့်ကြည့်လိုက်သောအခါ ယိုင်တိယိုင်တိုင်ဖြင့် မတ်တတ်ရပ်နိုင်ရန် ကြိုးစားနေသော တိုဂါရှိကို တွေ့လိုက်ရသည်။ သူသည် မျက်မှောင်ကို အစွမ်းကုန် ကုတ်လျက် နောက်စေ့ကို လက်ဖြင့် ပွတ်နေသည်။
“မင်းတို့ ….” တိုဂါရှိ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။ သူ၏ မျက်လုံးများသည် မီစာတိုကို စူးစူးရဲရဲ စိုက်ကြည့်လျက်။ တစ်ချက်မျှ ဘယ်ညာ ယိုင်သွားပြီး မီစာတို ရှိရာသို့ လှမ်းလျှောက်သွားလေသည်။
ယာစုကိုသည် တိုဂါရှိ၏ အရှေ့မှ ပိတ်ရပ်လိုက်သည်။ “နင် … နင်”
“ဖယ်စမ်း” တိုဂါရှိသည် ယာစုကို၏ လက်မောင်းကို လှမ်းကိုင်ပြီး တစ်ဘက်သို့ တွန်းထုတ်လိုက်သည်။ ယာစုကိုသည် နံရံနှင့် တိုက်မိပြီး ထိုနေရာတွင် ခွေလဲကျသွားလေသည်။
မီစာတိုက ပြေးဖို့ ကြိုးစားသော်လည်း တိုဂါရှိသည် သူမ၏ လည်ကုပ်ကို ဖမ်းမိလျက်သား ဖြစ်နေပြီ။ တိုဂါရှိသည် ခါးကို ညွတ်လိုက်သည်နှင့် သူမလည်း ကြမ်းပြင်ပေါ်သို့ ပုံလျက်သား မှောက်လဲသွားတော့သည်။ တိုဂါရှိသည် မီစာတို၏ ခန္ဓာကိုယ်ကို အပေါ်မှ တက်ဖိထားပြီး လက်တစ်ဘက်ဖြင့် သူမ၏ ဆံပင်ကို ဆွဲကာ ကျန်လက်တစ်ဘက်ဖြင့် သူမ၏ ပါးကို ရိုက်လေတော့သည်။ “စောက်ကောင်မ၊ သေပေတော့” တိုဂါရှိက ကြိမ်းဝါးနေသည်။
မည်သို့ လုပ်ရမည်နည်း။ ယာစုကို၏ ရင်ထဲ အလွန်အကျွံ ထိတ်လန့်လာသည်။ ထိုသို့သာ ပစ်ထားလိုက်လျှင် အမှန်တကယ်ပင် မီစာတို အသက်ထွက်သွားနိုင်သည်။
ယာစုကိုသည် ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။ အပူပေးစားပွဲ၏ ဓာတ်ကြိုးက သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။ သူမသည် ပလပ်ခုံမှ ဓာတ်ကြိုးကို ဆွဲဖြုတ်လိုက်သည်။ ဓာတ်ကြိုး၏ နောက်တစ်ဘက်မှာ စားပွဲနှင့် ဆက်လျက် ရှိသည်။ သူမသည် ဓာတ်ကြိုးကို ကိုင်လျက် တိုဂါရှိအနားသို့ တိုးကပ်သွားသည်။
မီစာတို၏ ခန္ဓာကိုယ်ပေါ်တွင် ဖိလျက် ရိုက်နှက်ကြိမ်းဝါးနေသော တိုဂါရှိ၏ နောက်ကျောနားသို့ ရောက်သောအခါ လက်တွင် ကိုင်ထားသည့် ဓာတ်ကြိုးကို တိုဂါရှိ၏ လည်ပင်းတွင် စွတ်ချပြီး အစွမ်းကုန် ဆောင့်ဆွဲလိုက်တော့သည်။
ဝူးဝူးဝါးဝါး အော်သံနှင့်အတူ တိုဂါရှိသည် နောက်သို့ ပက်လက်လန် လဲကျသွားသည်။ သူ၏ အဖြစ်သနစ်ကို ရိပ်မိသွားသောအခါ တိုဂါရှိသည် သူ့လက်နှစ်ဘက်ဖြင့် ဓာတ်ကြိုးကို ပြန်ဆွဲရန် ကြိုးစားတော့သည်။ ယာစုကိုကလည်း အားကုန်ထုတ်၍ ဆွဲနေသည်။ လက်လွှတ်၍ မဖြစ်တော့။ လက်လွှတ်လိုက်လျှင် အားလုံး သေဖို့သာ ရှိတော့သည်။ သမီးကို ကယ်မှ ဖြစ်မည်။ သူ့ကိုယ်သူလည်း ကယ်မှ ဖြစ်မည်။ ထိုသူ မသေမချင်း သူတို့ သားအမိကို ဘယ်တော့မှ အလွတ်ပေးတော့မည် မဟုတ်။
သို့သော် ခွန်အားဗလအရာတွင် ယာစုကိုသည် တိုဂါရှိနှင့် ယှဉ်နိုင်သူ မဟုတ်ပေ။ ဓာတ်ကြိုးသည် သူမ၏ လက်ထဲမှ တဖြည်းဖြည်း လျှောထွက်လာနေသည်။
ထိုစဉ် မီစာတိုသည် လဲနေရာမှ ထလာပြီး ဓာတ်ကြိုးကိုင်ထားသော တိုဂါရှိ၏ လက်များကို ဖမ်းဆွဲထားသည်။ ထို့နောက် တိုဂါရှိ၏ ကိုယ်ပေါ်တွင် ခွထိုင်လိုက်ပြီး သူ့ကို ရုန်းကန်၍ မရအောင် ဖိထားလိုက်သည်။
“အမေ … အမြန်လုပ်၊ အမြန်” မီစာတိုက အော်ပြောသည်။
တွန့်ဆုတ်နေရန် အချိန်မရှိတော့။ ယာစုကိုသည် မျက်လုံးကို စုံမှိတ်ပြီး တစ်ကိုယ်လုံးမှ အားအင်များကို လက်နှစ်ဘက်တွင် စုစည်းလိုက်သည်။ သူမ၏ ရင်နှစ်စုံမှာလည်း တဒိတ်ဒိတ် ခုန်နေကြသည်။ ခန္ဓာကိုယ်မှ သွေးများ ဆောင့်တွန်းနေသော အသံများကို အာရုံပြုရင်း ဓာတ်ကြိုးကို တင်းသည်ထက် တင်းအောင် ဆွဲထားလေသည်။
မည်မျှ ကြာမြင့်သည်အထိ ထိုသို့ ဆွဲထားမိသည်ကို သူမကိုယ်တိုင်ပင် အမှတ်မထားနိုင်တော့။ “အမေ” ဟု ခေါ်လိုက်သော အသံတိုးတိုးလေးကို ကြားလိုက်ရသောအခါမှ သတိပြန်ဝင်လာတော့သည်။
ယာစုကိုသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ လက်က ဓာတ်ကြိုးကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားဆဲ။
တိုဂါရှိ၏ ခေါင်းက သူမ၏ မျက်စိ ရှေ့တည့်တည့်တွင် ရှိနေသည်။ မျက်လုံးများက ပြူးကျယ်နေသော်လည်း အသက်မဲ့စွာ မျက်နှာကျက်တစ်နေရာသို့သာ ငေးကြည့်နေကြသည်။ မျက်နှာတစ်ပြင်လုံးသည်လည်း သွေးရောင်ကြောင့် ညိုမည်းနေသည်။ ဓာတ်ကြိုးပတ်ထားသော လည်ပင်းတွင်လည်း ကြိုးရာက အထင်းသား ပေါ်လျက်။
တိုဂါရှိသည် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ ပါးစပ်မှ သွားရေများ ယိုစီးကျနေပြီး နှာခေါင်းမှလည်း နှာရည်များ စီးထွက်နေသည်။
“အား” ယာစုကိုသည် အလန့်တကြား ထအော်ပြီး ဓာတ်ကြိုးကို လွှတ်ချလိုက်သည်။ ‘ဒုန်း’ ဟူသော အသံတစ်သံနှင့်အတူ တိုဂါရှိ၏ ဦးခေါင်းသည် ကြမ်းပြင်နှင့် ဆောင့်မိသွားသည်။ ထို့နောက် တုတ်တုတ်မျှ မလှုပ်တော့။
မီစာတိုသည် တုန်တုန်ယင်ယင်ဖြင့် တိုဂါရှိ၏ ကိုယ်ပေါ်မှ ထရပ်လိုက်သည်။ ကျောင်းဝတ်စုံမှာလည်း တွန့်ကြေနေလေပြီ။ သူမသည် ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး နံရံကိုမှီလျက် တိုဂါရှိကို စိုက်ကြည့်နေသည်။
သားအမိနှစ်ယောက်သည် ဘာစကားမျှ မပြောနိုင်ဘဲ အချိန်အတန်ကြာ နှုတ်ဆိတ်လျက် လှုပ်ရှားခြင်း မရှိတော့သည့် ရုပ်ခန္ဓာကို စိုက်ကြည့်နေကြသည်။ မီးဖိုချောင်ထဲတွင် ထွန်းထားသော မီးချောင်းမှ ထွက်ပေါ်နေသည့် ‘တီ’ ဟူသော အသံတစ်ခုတည်းသာ ထိုအခန်းထဲတွင် စိုးမိုးနေလေသည်။
“ဘယ်လိုလုပ်ကြမလဲ” ယာစုကိုက ပြောလိုက်သည်။ သူမ၏ အသံက လေသံမျှသာ။ ဦးနှောက်ထဲတွင်လည်း ဗလာကျင်းလျက်။ “ငါ သူ့ကို သတ်လိုက်မိပြီ”
“မေ …..”
ယာစုကိုသည် သမီးကို လှမ်းကြည့်လိုက်သည်။ မီစာတို၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ မျက်လုံးအစုံမှာ ရဲရဲနီလျက်။ ပါးပြင်ပေါ်တွင်လည်း မျက်ရည်စီးကြောင်းများကို တွေ့ရသည်။ သူမ မည်သည့်အချိန်က ငိုခဲ့သည်ကို ယာစုကို သတိမထားမိလိုက်ပေ။
ယာစုကိုသည် တိုဂါရှိကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်သည်။ သူ့ကို ပြန်ထလာပါစေဟု မျှော်လင့်နေမိသည့် တစ်ချိန်တည်းမှာပင် မြန်မြန်သေပါစေဟုလည်း ဆုတောင်းနေမိပြန်သည်။ ထိုသို့ နှစ်ခွသော အတွေးများဖြင့် သူမရင်ထဲ ရှုပ်ထွေးနေလေသည်။ သို့သော် တိုဂါရှိမှာ ကြမ်းပြင်ပေါ်တွင် စိုးစဉ်းမျှ မလှုပ်တော့ပေ။
“ဒီလူယုတ်မာကြီးက ….. သူ့အပြစ်နဲ့သူ …..” မီစာတိုသည် ခြေထောက်နှစ်ဘက်ကို ကွေးပြီး ဒူးနှစ်လုံးကို လက်ဖြင့် သိုင်းဖက်လိုက်သည်။ ထို့နောက် သူမ၏ ခေါင်းကို ဒူးခေါင်းကြားသို့ လျှိုသွင်းလိုက်ပြီး တအိအိနှင့် ငိုရှိုက်နေတော့သည်။
“ဘယ်လိုလုပ်ကြမလဲ” ယာစုကို နောက်တစ်ကြိမ် ရေရွတ်လိုက်ချိန်တွင် တံခါးခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ မျက်စိမျက်နှာ ပျက်ကာ အထိတ်တလန့်ဖြင့် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။
မီစာတိုလည်း ခေါင်းထောင်လာသည်။ သူမ၏ မျက်နှာပြင်တစ်ခုလုံး မျက်ရည်များနှင့် ရွှဲရွှဲစိုနေသည်။ သားအမိနှစ်ယောက်သည် တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်နေမိကြသည်။ “ဒီအချိန် ဘယ်သူများ လာတာပါလိမ့်” ဟု အပြန်အလှန် မေးနေကြသယောင်။
တံခါးခေါက်သံ ထွက်ပေါ်လာပြန်သည်။ ထို့နောက် မကြာခင် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ “မစ္စ ဟာနာအိုကာ”
သူမ ကြားဖူးသော အသံဖြစ်သည်။ သို့သော် အသံပိုင်ရှင်မှာ မည်သူ ဖြစ်သည်ကို ယာစုကို စဉ်းစား၍ မရ။ သူမသည် ဆေးမိထားသော လူတစ်ယောက်ကဲ့သို့ မလှုပ်မယှက် ထိုင်လျက် သမီးကိုသာ စိုက်ကြည့်နေမိသည်။
တံခါးခေါက်သံ ထပ်မံ ထွက်ပေါ်လာသည်။ “မစ္စ ဟာနာအိုကာ၊ မစ္စ ဟာနာအိုကာ”
အခန်းအပြင်ဘက်မှ လူသည် အိမ်ထဲတွင် ယာစုကိုတို့ ရှိနေသည်ကို သိပုံရသည်။ ထို့ကြောင့် ဘာမျှ ပြန်မထူးဘဲ မသိလိုက် မသိဘာသာ ပစ်ထား၍ မဖြစ်နိုင်။ သို့သော် ယခုလို အနေအထားမျိုးနှင့် တံခါးကို မည်သို့ ဖွင့်ရပါအံ့နည်း။
“သမီး၊ အခန်းထဲဝင်နေ။ တံခါးကို သေချာပိတ်ထား။ လုံးဝ အပြင်ထွက်မလာနဲ့” ယာစုကိုသည် အသံခပ်တိုးတိုးဖြင့် မီစာတိုကို အမိန့်ပေးလိုက်သည်။ သူမ၏ စဉ်းစားသုံးသပ်နိုင်စွမ်းတို့သည်လည်း တဖြည်းဖြည်းနှင့် ပြန်လည်ရောက်ရှိလာသည်။
တံခါးခေါက်သံ ထပ်မြည်လာပြန်သည်။ ယာစုကိုသည် အသက်ကို ဝအောင် ရှူသွင်းလိုက်သည်။
“လာပြီ” သူမသည် တည်ငြိမ်သောအသံ ထွက်လာအောင် တမင် ကြိုးစားပြီး ပြန်ထူးလိုက်သည်။ သူမ၏ သရုပ်ဆောင်နိုင်စွမ်းကလည်း ဤမျှသာ တတ်နိုင်သည်။ “ဘယ်သူလဲ”
“ကျွန်တော် ဘေးအခန်းက အိရှိဂါမိပါ”
ယာစုကို ခေါင်းနပန်း ကြီးသွားသည်။ မကြာသေးခင်က သူတို့၏ အခန်းမှ ထွက်ခဲ့သော အသံဗလံများသည် သာမန်ထက် ပို၍ ကျယ်လောင်ကောင်း ကျယ်လောင်သွားပေလိမ့်မည်။ အိမ်နီးနားချင်းများအနေဖြင့် ၎င်းကို သံသယ မဝင်ဘဲ နေမည် မဟုတ်။ ထို့ကြောင့်လည်း အိရှိဂါမိက လာရောက် မေးမြန်းခြင်း ဖြစ်ရပေမည်။
“လာပြီ။ ခဏလေးနော်” သူမ၏ အသံမှာ မူမှန် ပြန်ဖြစ်သွားပြီဟု ယာစုကိုက သူမကိုယ်သူမ ယူဆနေမိသည်။
မီစာတိုသည် အခန်းထဲသို့ ဝင်သွားပြီး စက္ကူတံခါးကို ပိတ်လိုက်သည်။ ယာစုကိုသည် တိုဂါရှိ၏ အလောင်းကို စိုက်ကြည့်နေသည်။ ထိုအရာကိုလည်း ဖြေရှင်းရပေဦးမည်။
အပူပေးစားပွဲမှာလည်း ရွဲ့စောင်းနေသည်။ စောစောက ဓာတ်ကြိုးကို အတင်းဆွဲလိုက်သောကြောင့် နေရာရွေ့သွားခြင်း ဖြစ်သည်။ သူမသည် အပူပေးစားပွဲကို တစ်ဘက်သို့ ကပ်ပြီး အလောင်းနှင့် တွဲကာ စောင်ဖြင့် အုပ်လိုက်သည်။ အမြင်အရ သဘာဝ မကျလှသော်လည်း တခြား လုပ်နိုင်စရာ နည်းလမ်းလည်း သူမတွင် မရှိချေ။
ယာစုကိုသည် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်ပြီး အရာအားလုံး မူမှန်အနေအထား ရှိနေသည်ကို တွေ့ရသောအခါမှ တံခါးဝသို့ လျှောက်လာခဲ့သည်။ တိုဂါရှိ၏ ညစ်ပတ်ပေရေနေသော ဖိနပ်တစ်ရံသည် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ သူမသည် အဆိုပါ ဖိနပ်များကို ဖိနပ်ဗီဒိုထဲသို့ ထိုးထည့်လိုက်သည်။
သူမက တံခါးသံကြိုးကို တံခါးရွက်တွင် အသံမထွက်အောင် ချိတ်လိုက်သည်။ စောစောက တံခါးကို လော့ချမထားမိပေ။ အိရှိဂါမိသည် တံခါးကို တိုက်ရိုက် တွန်းဖွင့်ပြီး ဝင်မလာခဲ့သည်မှာ ကံကောင်းလှပေစွ။
တံခါးဖွင့်လိုက်သည်နှင့် အိရှိဂါမိ၏ မျက်နှာဝိုင်းဝိုင်းကို တွေ့မြင်ရသည်။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးများက ယာစုကိုကို စိုက်ကြည့်နေသည်။ သူက မျက်နှာသေဖြင့် စိုက်ကြည့်နေသောကြောင့် ကျောထဲ စိမ့်တက်သွားသည်။
“ဘာကိစ္စရှိလို့လဲရှင်” ယာစုကိုသည် ကြိုးစားပြီး သူ့ကို ပြုံးပြလိုက်သည်။ သူမ၏ မျက်နှာမှ ကြွက်သားများ တောင့်တင်းနေကြောင်းကို သူမ သတိထားလိုက်မိသည်။
“ကျွန်တော် အသံအကျယ်ကြီးတစ်ခု ကြားလိုက်လို့ပါ” အိရှိဂါမိ၏ မျက်နှာသည် အကဲခတ်၍ မရနိုင်လောက်အောင် တည်ငြိမ်နေသည်။ “ဘာများ ဖြစ်လို့လဲ”
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး” ယာစုကိုက ခေါင်းကို အားရှိပါးရှိ ခါယမ်းလိုက်သည်။ “ဆောရီးပါပဲရှင်။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”
“ဘာမှ မဖြစ်ရင် ပြီးတာပါပဲ”
အိရှိဂါမိ၏ မျက်လုံးများက အခန်းတွင်းသို့ လှမ်းကြည့်နေသည်ကို ယာစုကို သတိထားလိုက်မိသောအခါ တစ်ကိုယ်လုံး ထူပူသွားသည်။
“ပိုးဟပ် …..” သူမ၏နှုတ်မှ ရုတ်တရက် ထွက်ကျလာသည်။
“ပိုးဟပ်”
“ဟုတ်တယ်။ ပိုးဟပ်ပါ …. ကျွန်မတို့ သားအမိနှစ်ယောက် ပိုးဟပ် ရိုက်နေကြတာ။ …….. ဒါကြောင့် အသံဗလံတွေ ထွက်ကုန်တာ ဖြစ်မယ်”
“သတ်ပစ်လိုက်ပြီလား”
“ရှင်” အိရှိဂါမိ၏ အမေးကြောင့် ယာစုကို၏ မျက်လုံးများ ပြူးကျယ်လာကြသည်။
“ပိုးဟပ်လေ”
“အဲ … အင်း။ အိုကေသွားပါပြီ” ယာစုကိုက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော် ကူညီပေးနိုင်တာ ရှိတယ်ဆိုရင် ပြောသာပြောပါ။ အားမနာပါနဲ့”
“ကျေးဇူးပါရှင်။ ရှင့်ကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားတယ်။ အားနာစရာပဲ” ယာစုကိုသည် ဦးညွတ် အရိုအသေ ပေးပြီး တံခါးကို ပိတ်လိုက်သည်။ အိရှိဂါမိသည် သူ့အခန်းသို့ ပြန်ရောက်သွားပြီး တံခါးပိတ်သံကို ကြားလိုက်ရသော အခါမှ ယာစုကိုသည် ရင်ထဲမှ လေပူများကို အားပါးတရ မှုတ်ထုတ်ပြီး တံခါးဝမှာပင် ငုတ်တုတ် ထိုင်ချပစ်လိုက်သည်။
နောက်ကျောဘက်မှ စက္ကူတံခါး ဆွဲဖွင့်သံ ကြားရပြီး အပြင်သို့ မီစာတို ထွက်လာသည်။
ယာစုကိုသည် မလှုပ်ချင် လှုပ်ချင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး စောင်ဖြင့် ဖုံးအုပ်ထားသော အလောင်းရှိရာ အရပ်သို့ စိုက်ကြည့်နေမိသည်။ စိတ်ပျက်အားငယ်စိတ်များက သူ့ရင်ထဲသို့ နောက်တစ်ကြိမ် ထိုးဖောက် ဝင်ရောက်လာပြန်သည်။
“မတတ်နိုင်တော့ဘူး ….. ဘယ်လိုလုပ်ကြမလဲ” သူမ ရေရွတ်မိသည်။
“ဘယ်လိုလုပ်မလဲဟင်” မီစာတိုက မျက်လုံးကို ပင့်ကာ မိခင်ကို ငေးကြည့်နေသည်။
“ဘာလုပ်နိုင်ဦးမှာလဲ။ ဖုန်းဆက်ပြီး …… ရဲကို အကြောင်းကြားရုံပေါ့”
“အဖမ်းခံမလို့လားဟင်”
“တခြားလမ်းမှ မရှိဘဲ။ လူက သေတောင် သေနေပြီ။ ပြန်ရှင်လာတော့မှာမှ မဟုတ်တာ”
“အဲဒီလို အဖမ်းခံရင် ဘာဖြစ်မှာလဲဟင်”
“မပြောတတ်ဘူးလေ ….” ယာစုကိုသည် သူမဆံပင်ကို လက်ဖြင့် သပ်လိုက်သည်။ ထိုအခါမှ သူမတစ်ခေါင်းလုံးရှိ ဆံပင်များ ရှုပ်ပွနေသည်ကို ရိပ်စားမိတော့သည်။ ဘေးအိမ်မှ သင်္ချာဆရာသည် သူမပုံပန်းကို မြင်၍ အံ့ဩနေပေလိမ့်မည်။ ယခုမှတော့ သူမလည်း ဘာမျှ မတတ်နိုင်တော့ပြီ။
“ထောင်ကျမှာလားဟင်” သမီးက ထပ်မေးသည်။
“အဲဒါ မေးဖို့ လိုလို့လား” ယာစုကိုက မဲ့ပြုံး ပြုံးလိုက်သည်။ “အမေ လူတစ်ယောက်ကို သတ်လိုက်မိပြီပဲ”
မီစာတိုက ခေါင်းကို ခပ်ဆတ်ဆတ် ခါယမ်းနေသည်။ “ဟင့်အင်း၊ အဲဒါ အမေရဲ့ အမှားမှ မဟုတ်ဘဲ။ ဒီလူယုတ်မာကြီးက မဟုတ်တာ။ သူ့ကြောင့်။ သမီးတို့က သူနဲ့ ဘယ်လိုမှမှ မပတ်သက်တော့တာ။ သူက သမီးတို့ကို လိုက်ပြီး နှောင့်ယှက်နေတာလေ …… ဒီလို လူမျိုးတစ်ယောက်အတွက်နဲ့ ဘာဖြစ်လို့ ထောင်ကျခံရမှာလဲ”
“ဒါတွေ ပြောနေလို့ ဘာအသုံးကျဦးမလဲကွယ်။ လူတစ်ယောက်ကို အမှန်တကယ် သတ်ပြီးသွားပြီပဲ ဥစ္စာ”
ထိုသို့ အခြေအတင် ပြောနေကြစဉ်တွင် ယာစုကို၏ စိတ်မှာလည်း တည်ငြိမ်သည်ထက် တည်ငြိမ်လာသည်။ ပြဿနာကို ခေါင်းအေးအေး ထားပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာသည်။ ထိုသို့ တည်ငြိမ်လာလေလေ သူ့တွင် တခြား ရွေးချယ်စရာ နည်းလမ်းမရှိကြောင်း နားလည်သဘောပေါက်လာလေလေ ဖြစ်သည်။ မည်သည့်နည်းဖြင့် မဆို ဤပြစ်မှုမှ ရှောင်လွှဲ၍ မရသည် မှန်သော်လည်း မီစာတိုကိုတော့ လူသတ်သမားတစ်ဦး၏ သမီးအဖြစ် သမုတ်ခံရမည်ကို သူ နည်းနည်းမျှ မလိုလားချေ။
ယာစုကိုသည် အခန်းထောင့်တွင် ချထားသော ကြိုးမဲ့တယ်လီဖုန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိုနေရာသို့ လျှောက်သွားပြီး ၎င်းကို ကောက်ကိုင်လိုက်သည်။
“ဟင့်အင်း၊ အမေ အဲဒီလို မလုပ်ရဘူး” မီစာတိုသည် အခန်းထောင့်သို့ ပြေးလာပြီး ယာစုကို၏ လက်ထဲမှ တယ်လီဖုန်းကို လုယူသည်။
“လက်လွှတ်စမ်း”
“ဟင့်အင်း၊ မဆက်ရဘူး” မီစာတိုက အော်လျက် ယာစုကို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားသည်။ ကျောင်းတွင် နာရီပေါင်းများစွာ ကြက်တောင်ရိုက် လေ့ကျင့်ထားသောကြောင့် ဖြစ်မည်။ မီစာတို၏ လက်မှာ အင်မတန် မြဲမြံလှသည်။
“လွှတ်ပါ သမီးရယ်”
“ဟင့်အင်း၊ အမေ မလုပ်ရဘူး။ သမီး အဖမ်းခံလိုက်မယ်”
“နင် ဘာတွေ လျှောက်ပြောနေတာလဲ”
“သူ့ကို အရင်ဆုံး ရိုက်တဲ့သူက သမီးပါ။ အမေက သမီးကို ကယ်ချင်လို့သာ ဝင်ပါလာရတာလေ။ သမီးလည်း လူသတ်တရားခံပဲ”
မီစာတို၏ စကားကြောင့် ယာစုကို၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူမ၏ ကိုယ်မှာ ပျော့ခွေကျသွားသည်။ ဖုန်းကို ဆုပ်ကိုင်ထားသည့် လက်များ အနည်းငယ် လျော့ရိလျော့ရဲ ဖြစ်သွားသည်ကို သတိထားလိုက်မိသော မီစာတိုသည် သူမလက်ထဲမှ တယ်လီဖုန်းကို ဆွဲလုပြီး သူမနှင့် ဝေးရာ တခြား အခန်းထောင့်သို့ ပြေးသွားသည်။ ထို့နောက် ဖုန်းကို ရင်ခွင်တွင် ပိုက်ထားပြီး ယာစုကိုကို ကျောပေးလျက် ရပ်နေလေသည်။
မှုခင်းရဲများက မည်သို့ ပြုလုပ်ကြမည်နည်း။ ယာစုကို စဉ်းစားဆင်ခြင်ကြည့်သည်။
ရဲများသည် မိမိကို ယုံကြည်ကြပါမည်လော။ မိမိတစ်ဦးတည်းက သတ်ခဲ့ပါသည်ဟု ဖြောင့်ချက်ပေးလျှင် ထိုစကားကို လုံးဝ သံသယ မဝင်ဘဲ အလွယ်တကူ လက်ခံကြပါမည်လော။ သူ့စကားကို အပြည့်အဝ ယုံကြည်ကြပါမည်လော။
ဤအမှုနှင့် ပတ်သက်ပြီး ရေဆုံးမြေဆုံး လိုက်ကြပေလိမ့်မည်။ ယာစုကိုသည် တီဗီဇာတ်လမ်းတွဲ ကြည့်စဉ်က ကြားခဲ့ဖူးသည့် ‘အထောက်အထားရှာဖွေခြင်း’ ဟူသော ဝေါဟာရကို သတိရလာမိသည်။ သူတို့သည် နည်းလမ်းမျိုးစုံ သုံးပြီး သံသယတရားခံ၏ ထွက်ဆိုချက်များကို မည်သည်က မှန်သည်၊ မည်သည်က မှားသည်ဟု စိစစ်ဝေဖန်ကြပေလိမ့်မည်။
ယာစုကို၏ အမြင်အာရုံများ ဝေဝါးလာသည်။ ရဲများက သူမကို မည်သို့ပင် ခြိမ်းခြောက်၍ စစ်ဆေးစေကာမူ မီစာတိုကို ဤအမှုထဲသို့ ဆွဲမထည့်မိစေရန် သူ့ကိုယ်သူ အာမခံနိုင်သည်။ သို့သော် သူတို့သည် သဲလွန်စ တစ်ခုခုကို စုံစမ်းထုတ်ဖော်နိုင်ခဲ့လျှင် မည်သို့ ပြုရပါအံ့နည်း။ ထိုသို့ဆိုလျှင် သူမ မည်မျှပင် ရိုကျိုးတောင်းပန်သည် ဖြစ်စေ၊ သူတို့သည် မီစာတိုကိုလည်း မည်သည့်နည်းနှင့်မျှ အလွတ်ပေးတော့မည် မဟုတ်ပေ။
တစ်ကိုယ်တည်း လူသတ်ခဲ့ပါသည်ဟု ထင်မှတ်ရလေအောင် အကွက်ဆင်လျှင် ရနိုင်ပါမည်လော။ ယာစုကိုသည် ထိုအကြံကို ချက်ချင်း ပယ်ချလိုက်သည်။ သူကဲ့သို့သော လူတစ်ယောက်အနေဖြင့် ထိုသို့ အကြံအဖန် လုပ်ထားလျှင်လည်း ကြာကြာ ဖုံးဖိထားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်။
မည်သို့ဆိုစေ မီစာတိုကိုတော့ ကာကွယ်ပေးရမည်။ ယာစုကိုက ထိုသို့ ဆုံးဖြတ်ထားသည်။ သမီးဖြစ်သူသည် ငယ်စဉ်ကတည်းက တောက်တောက်ပြောင်ပြောင် နေခဲ့ရသည် မဟုတ်။ ဤသနားစရာကောင်းသော သမီးကို မိမိ၏ အသက်နှင့် လဲ၍ ကာကွယ်စောင့်ရှောက်ရမည်။
မည်သို့ ပြုလုပ်ရမည်နည်း။ တခြား ရွေးချယ်စရာ နည်းလမ်းများ မရှိတော့ပြီလော။
ထိုသို့ စဉ်းစားနေစဉ်မှာပင် မီစာတို၏ လက်ထဲရှိ တယ်လီဖုန်းထံမှ အသံမြည်လာသည်။ သူမသည် ဝိုင်းစက်သော မျက်လုံးများဖြင့် ယာစုကိုကို ငေးကြည့်နေသည်။
ယာစုကိုက ရှေ့တစ်လှမ်းတိုးကာ လက်ကို ဆန့်တန်းလိုက်သည်။ မီစာတို၏ မျက်နှာတွင် တွေဝေသော အရိပ်အယောင်များ ထင်ရှားဖြစ်ပေါ်လာပြီး တစ်ချက် တွန့်သွားသည်။ တစ်ခဏကြာမှ ဖုန်းကို လှမ်းပေးလေသည်။
ယာစုကိုသည် အသက်ရှူမှန်အောင် ပြုပြင်ပြီးမှ ဖုန်းလက်ခံခလုတ်ကို နှိပ်လိုက်သည်။
“ဟယ်လို၊ မင်္ဂလာပါ။ ကျွန်မ ဟာနာအိုကာပါ”
“ကျွန်တော် ဘေးအခန်းက အိရှိဂါမိပါ”
ယာစုကိုသည် တယ်လီဖုန်းကို ငေးစိုက်ကြည့်နေမိသည်။ သင်္ချာဆရာပင် ဖြစ်နေပြန်သည်။ ယခုတစ်ကြိမ်လည်း သူ ဘာများ ပြောချင်သေးသနည်း။ “ဟုတ်၊ ဘာကိစ္စ ရှိပါသလဲရှင်”
“ခင်ဗျားတို့ တိုင်ပင်နေကြတာ ဘယ်အခြေအနေ ရောက်ပြီလဲ မသိဘူး”
သူ၏ စကားကို ယာစုကို နားမလည်နိုင်အောင် ဖြစ်နေသည်။ “ဘာကို ဆိုလိုတာလဲ မသိဘူးနော်”
“ကျွန်တော် ပြောချင်တာက ….” အိရှိဂါမိသည် တဒင်္ဂမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်။ “တကယ်လို့ ရဲကို အကြောင်းကြားမယ် ဆိုရင် ကျွန်တော် ဘာမှ မပြောလိုပါဘူး။ အဲဒီလိုမှ စိတ်ကူးမရှိဘူး ဆိုရင်တော့ ကျွန်တော် …. တစ်ခုခုများ ကူညီပေးနိုင်မလားလို့ပါ”
“ရှင်” ယာစုကိုသည် အံ့အားသင့်လျက် ပါးစပ်အဟောင်းသားဖြင့် ရပ်နေမိသည်။ သူ ဘာပြောချင်နေသနည်း။
“အဆင်ပြေမယ်ဆိုရင် …” အိရှိဂါမိသည် လေသံဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ကျွန်တော် အဲဒီကို အခု လာခဲ့လို့ ရမလား”
“ရှင်၊ ဟင့်အင်း …. အဲဒါ …. ဘယ်လိုမှ အဆင်မပြေပါဘူး” ယာစုကို၏ ခြေဖျားလက်ဖျားများ အေးခဲလာသည်။
“မစ္စ ဟာနာအိုကာ” အိရှိဂါမိက အသံကို အနည်းငယ် မြှင့်လိုက်သည်။ “ခင်ဗျားတို့အနေနဲ့ အလောင်းကို ဘယ်လိုမှ ဖြေရှင်းနိုင်လိမ့်မယ် မထင်ဘူး”
ယာစုကို ဆွံ့အသွားသည်။ သူ မည်သို့ သိရှိသွားသနည်း။
သူ ကြားသွားခဲ့တာပဲ ဖြစ်မည်။ မီစာတိုနှင့် အခြေအတင် ပြောခဲ့ကြသော စကားများကို သူ ကြားသိသွားတာပဲ ဖြစ်ရပေမည်။ မဟုတ်သေး။ တိုဂါရှိနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကြကတည်းက သူ အလုံးစုံကို ကြားသိနေတာပဲ ဖြစ်ရမည်။
လမ်းဆုံးသွားပြီ။ သူမသည် ခေါင်းကို ငိုက်စိုက်ချရင်း တွေးနေမိသည်။ သူမတွင် လွတ်မြောက်နိုင်ရန် လမ်းစ မရှိတော့။ ရဲများကို အကြောင်းကြားရန်သာ ကျန်တော့သည်။ သို့သော် မီစာတိုကိုတော့ ဤအရှုပ်ထုပ်ထဲသို့ မည်သည့်နည်းနှင့်မျှ ဆွဲသွင်း၍ မဖြစ်။ အစွမ်းကုန် ဖုံးဖိကာကွယ်ပေးသွားရမည်။
“မစ္စဟာနာအိုကာ၊ ကြားလား မသိဘူး”
“ဟုတ် …. ကြားပါတယ်”
“ကျွန်တော် လာလို့ ရမလား”
“ဒါပေမယ့် ……” ဖုန်းလက်ကိုင်ကို နားတွင် ကပ်ထားလျက် ယာစုကိုသည် သူ့သမီးကို လှမ်းကြည့်လိုက်သည်။ မီစာတိုကလည်း ကြောက်ရွံ့စိတ်၊ အားငယ်စိတ်များဖြင့် သူမကို ပြန်စိုက်ကြည့်နေသည်။ မည်သူနှင့် ဖုန်းပြောနေသည်ကို မသိနိုင်သောကြောင့် သူမ၏ မျက်နှာ အမူအရာမှာ ဇဝေဇဝါ ဖြစ်နေသည်။
အကယ်၍ ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာ အလုံးစုံကို အိရှိဂါမိသည် တစ်ဘက်ခန်းမှ ကြားသိနေခဲ့သည် ဆိုလျှင် ဤလူသတ်မှုတွင် မီစာတိုလည်း ပါဝင်နေသည်ကို သူ သိထားပြီး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူ သိထားသမျှကို ရဲများအား အသိပေးလိုက်မည် ဆိုလျှင် ….
ယာစုကိုက ဆုံးဖြတ်ချက် ချလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်မ ရှင့်ကို အကူအညီ တောင်းစရာ ရှိတာနဲ့ အတော်ပါပဲ။ အခန်းဘက်ကို ခဏ ကြွလာပေးလို့ ရမလား”
“ကောင်းပြီလေ။ ကျွန်တော် အခု လာခဲ့ပါ့မယ်”
ယာစုကို ဖုန်းချလိုက်သည်နှင့် ချက်ချင်းပင် မီစာတို၏ အမေးသံ ထွက်ပေါ်လာသည်။ “ဘယ်သူလဲဟင်”
“ဘေးအိမ်က ဆရာ၊ မစ္စတာ အိရှိဂါမိ”
“သူက ဘယ်လို ……”
“သမီးကို နောက်မှ ရှင်းပြတော့မယ်။ အခု အိပ်ခန်းထဲမှာ သွားနေနေချေ။ တံခါးကို သေချာပိတ်ထား။ မြန်မြန်”
မီစာတိုသည် အူတိအူကြောင် မျက်နှာထားဖြင့် အိပ်ခန်းထဲသို့ ဝင်သွားသည်။ သူမ စက္ကူတံခါးကို ဆွဲပိတ်လိုက်စဉ်မှာပင် တစ်ဘက်အခန်းမှ ထွက်လာသော အိရှိဂါမိ၏ အသံများကို ကြားလာရသည်။
တံခါးခေါင်းလောင်းသံ မြည်လာသည်။ ယာစုကိုသည် တံခါးဆီသို့ လျှောက်သွားပြီး တံခါးသံကြိုးကို ဖြုတ်၍ တံခါးကို ဖွင့်ပေးလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် မတ်မတ်ရပ်နေသော အိရှိဂါမိကို တွေ့ရသည်။ ယခုအခါ သူ၏ ကိုယ်ပေါ်တွင် နက်ပြာရောင် အားကစားဝတ်စုံနှင့် ဖြစ်နေသည်။ စောစောက ဤသို့သော အပြင်အဆင်မျိုး မဟုတ်။
“အထဲကြွပါ”
“ကျေးဇူးပဲ” အိရှိဂါမိသည် တစ်ချက် ဦးညွတ်လိုက်ပြီး အထဲသို့ ဝင်လာသည်။
ယာစုကိုသည် တံခါးကို ပြန်ပိတ်နေစဉ် သူသည် အိမ်ထဲသို့ ဝင်သွားပြီး အပူပေးစားပွဲပေါ်ရှိ စောင်ကို တုံ့ဆိုင်းခြင်း မရှိဘဲ ဆွဲလှန်ပစ်လိုက်သည်။ သူ၏ လှုပ်ရှားပုံကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ပြဿနာရှိနေကြောင်း သူ ကြိုတင် သိထားနှင့် နေသည့်ပုံ။
သူသည် ဒူးတစ်ဘက်ကို ကြမ်းပြင်ပေါ်သို့ ထောက်ကာ မုဆိုးထိုင် ထိုင်လိုက်ပြီး အလောင်းကို စိုက်ကြည့်နေသည်။ တစ်ခုခု ကြံစည် စဉ်းစားနေသယောင်။ ထိုအခါမှ သူ၏ လက်နှစ်ဘက်တွင် အကြမ်းသုံး လက်အိတ်တစ်စုံ ဝတ်ဆင်ထားကြောင်း ယာစုကို သတိထားမိသည်။
ယာစုကိုသည် တုန်တုန်ယင်ယင်ဖြင့် ရုပ်အလောင်းကို လှမ်းကြည့်သည်။ တိုဂါရှိ၏ မျက်နှာပေါ်တွင် ဘာခံစားချက်မျှ မတွေ့ရတော့ပေ။ သူ၏ မေးစေ့ပေါ်တွင် ဘာမှန်း အသေအချာ မသိရသော အရည်တချို့ ခမ်းခြောက်၍ ကပ်နေသည်ကို တွေ့ရသည်။
“ရှင် …. ကြားလိုက်တာလား” ယာစုကိုက မေးကြည့်သည်။
“ဘာကို ကြားတာလဲ”
“ကျွန်မတို့ရဲ့ စကားတွေလေ။ ရှင် ကြားလို့ ကျွန်မတို့ဆီ ဖုန်းဆက်လာတာ မဟုတ်လား”
နားထောင်ပြီးသည်နှင့် အိရှိဂါမိသည် မျက်နှာသေဖြင့် ယာစုကိုဘက်သို့ လှည့်လာသည်။ “ဟင့်အင်း၊ ကျွန်တော် ဘာမှ မကြားရဘူး။ ဒီတိုက်ကြီးရဲ့ အားသာချက်က အသံသိပ်လုံတာပဲ။ ကျွန်တော် အဲဒီအချက်ကို သဘောကျလို့ ဒီနေရာမှာ နေဖြစ်သွားတာ”
“ဒါဆို ရှင်က ဘယ်လိုလုပ် …….”
“ပြဿနာတက်နေတာကို ကျွန်တော် ဘယ်လိုလုပ်ပြီး သိသွားသလဲလို့ ခင်ဗျားက မေးချင်တာလား”
“အင်း” ယာစုကိုက ခေါင်းညိတ်ပြသည်။
အိရှိဂါမိသည် အခန်းထောင့်ကို လက်ညှိုးညွှန်ပြသည်။ ထိုနေရာတွင် ဘူးခွံအလွတ်တစ်လုံး လဲနေသည်။ ဘူးခွံထဲမှ မီးခိုးအငွေ့များ ထွက်လျက် ရှိနေသေးသည်။
“စောစောက ကျွန်တော် ဒီကို လာတုန်းက ခင်ဗျားတို့အခန်းမှာ ဆေးလိပ်ငွေ့အနံ့ ရတယ်။ နဂိုက ဧည့်သည် ရှိနေလိမ့်မယ်လို့ ထင်နေတာ။ ဒါပေမယ့် ဧည့်သည်ရဲ့ ဖိနပ်ကိုလည်း မတွေ့ရဘူး။ အပူပေးစားပွဲရဲ့ အောက်မှာ လူတစ်ယောက် ရှိနေသလိုပဲ။ အပူပေးစားပွဲရဲ့ ဓာတ်ကြိုးကလည်း ကြမ်းပြင်ပေါ်မှာ တန်းလန်းကျနေတယ်။ တကယ်လို့ ပုန်းမယ်ဆိုလည်း အိပ်ခန်းထဲမှာ ပုန်းလို့ ရတာပဲ။ ဒါကြောင့် အပူပေးစားပွဲအောက်မှာ ရှိတဲ့ လူက ပုန်းနေတာ မဖြစ်နိုင်တော့ဘူး။ အဖွက်ခံထားရပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ စောစောက ကြားခဲ့ရတဲ့ အသံဗလံတွေရယ်၊ ခင်ဗျားခေါင်းပေါ်က ဆံပင်တွေဟာ ထူးထူးခြားခြား ရှုပ်ပွနေတာရယ် အားလုံးပေါင်းလိုက်ရင် ခင်ဗျားတို့ဆီမှာ ပြဿနာတစ်ခုခု ဖြစ်နေပြီဆိုတာ တွက်ဆကြည့်လို့ ရနိုင်တာပေါ့။ ဪ … နောက်တစ်ချက် ကျန်သေးတယ်။ ဒီတိုက်ကြီးပေါ်မှာ ပိုးဟပ် မရှိဘူး။ ကျွန်တော် ဒီမှာ နေလာတာ ကြာကြာလှပြီ။ ကျွန်တော် အာမခံနိုင်ပါတယ်”
တိကျပြတ်သားစွာ ပြောနေသော အိရှိဂါမိ၏ နှုတ်ခမ်းအစုံကို ယာစုကိုက ငေးကြည့်နေမိသည်။ သူ၏ အသံမှာ စိတ်လှုပ်ရှားခြင်း ကင်းမဲ့စွာဖြင့် တစ်လုံးချင်း ပီပီသသ ထွက်ပေါ်လာကြသည်။ သူမ၏ ခေါင်းထဲသို့ မဆီမဆိုင် အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။ အိရှိဂါမိသည် ကျောင်းတွင်လည်း သူ့တပည့်များကို ဤသို့သော အေးတိအေးစက် လေသံမျိုးဖြင့် စာသင်ကြားနေခြင်း ဖြစ်ပေလိမ့်မည်။
သူ့ကို စိုက်ကြည့်နေမိကြောင်း သတိထားမိသွားသောအခါ ယာစုကိုသည် ချက်ချင်း မျက်လွှာကို အောက်ချလိုက်သည်။ အိရှိဂါမိကလည်း သူမကို စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။
ကြောက်စရာကောင်းလောက်အောင် သွေးအေးသော ဉာဏ်ကြီးရှင်ပါတကားဟု သူမ တွေးမိသည်။ အခန်းဝမှ နေ၍ တစ်ချက်ကလေး ဝေ့ကြည့်လိုက်ရုံမျှဖြင့် ဤမျှ တိကျသေချာသော ကောက်ချက်တစ်ခုကို သာမန်လူတစ်ယောက်သည် မည်သည့်နည်းနှင့်မျှ ချမှတ်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ယာစုကို၏ စိတ်ထဲ အနည်းငယ် ပေါ့ပါးသွားသည်။ အိရှိဂါမိသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အသေးစိတ်ကို သိရှိမထားပေ။
“ကျွန်မရဲ့ ခင်ပွန်းဟောင်းပါ” သူမက ပြောသည်။ “ကွာရှင်းခဲ့ပြီးတာ ကြာလှပြီ။ ဒါတောင် ကျွန်မကို အခုထိ လိုက်နှောင့်ယှက်နေတုန်းပဲ။ ပိုက်ဆံမပေးရင် မျက်နှာပြောင်တိုက်ပြီး ပေကပ်နေတော့တာ။ …… ဒီနေ့လည်း အဲဒီလိုပဲ။ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ စိတ်ဆိုးဆိုးနဲ့ …….” ဤနေရာသို့ အရောက်တွင် သူမ ဆက်မပြောတော့ဘဲ ခေါင်းငိုက်စိုက် ချနေလိုက်သည်။ တိုဂါရှိအား သတ်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူမ ပြောပြ၍ မဖြစ်။ မီစာတိုကို ဤကိစ္စကြီး တစ်ခုလုံးနှင့် လွတ်လွတ်ကင်းကင်း ရှိနေစေချင်သည်။
“ခင်ဗျား ရဲတိုင်ဖို့ စိတ်ကူးထားတာလား”
“အဲဒီလိုပဲ လုပ်စရာ ရှိတော့တာပေါ့။ ကျွန်မအနေနဲ့ စိတ်မချနိုင်ဆုံးကတော့ မီစာတိုပဲ”
သူမ ထိုသို့ ပြောလိုက်စဉ် ရုတ်တရက် စက္ကူတံခါး ပွင့်လာပြီး မီစာတိုသည် အိပ်ခန်းအပြင်ဘက်သို့ ထွက်လာသည်။
“ဟင့်အင်း၊ မဖြစ်ဘူး။ အဲဒီလို လုံးဝ မလုပ်ရဘူး”
“မီစာတို၊ နင့်ပါးစပ်ပိတ်ထား”
“ဟင့်အင်း၊ မပိတ်နိုင်ဘူး။ ဦးဦး သမီးပြောတာကို နားထောင်ပါ။ အဲဒီ အယုတ်တမာကြီးကို သတ်လိုက်တာက …”
“မီစာတို” ယာစုကိုက စူးစူးရဲရဲ အော်လိုက်သည်။
လန့်ဖျပ်၍ မီစာတို ဆွံ့အသွားသည်။ သူမသည် မိခင်ကို မီးပွင့်လုမတတ် စိုက်ကြည့်နေသည်။ မျက်လုံးအစုံမှာလည်း ရဲရဲ နီလျက်။
“မစ္စဟာနာအိုကာ” အိရှိဂါမိ၏ တည်ငြိမ်အေးစက်သော အသံ ထွက်ပေါ်လာသည်။ “ခင်ဗျား ကျွန်တော့်ကို ဖုံးဖိထားစရာ မလိုပါဘူး”
“ကျွန်မ ဘာကို ဖုံးဖိ ……”
“ဒါ ခင်ဗျားတစ်ယောက်တည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်။ မီစာတိုလည်း ဝင်ပါရမှာပဲ”
ယာစုကိုက အလောတကြီး ခေါင်းခါယမ်းလိုက်သည်။ “ကျွန်မတစ်ယောက်တည်း လုပ်တာပါ။ ကလေးက ပြန်ရောက်တာ မကြာသေးဘူး။ ကျွန်မ …. ကျွန်မ သူ့ကို သတ်ပစ်လိုက်ပြီးမှ သူ ပြန်ရောက်လာတာ။ သူနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး”
အိရှိဂါမိသည် သက်ပြင်းချလိုက်ပြီး မီစာတိုကို လှမ်းကြည့်သည်။ “အဲဒီလို လျှောက်ပြောနေရင် မီစာတိုကို ပိုပြီး ခံစားရအောင် လုပ်လိုက်သလို ဖြစ်နေမှာပေါ့”
“ကျွန်မ ညာမပြောပါဘူး။ ကျွန်မကို ယုံပါရှင်” ယာစုကိုသည် လက်တစ်ဘက်ကို အိရှိဂါမိ၏ ဒူးခေါင်းပေါ်တင်၍ တောင်းပန်နေသည်။
သူသည် ထိုလက်တစ်ဘက်ကို တစ်ခဏမျှ စိုက်ကြည့်ပြီး အလောင်းဘက်သို့ လှည့်ကြည့်ပြန်သည်။ ထို့နောက် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး “အဓိက အရေးကြီးဆုံးက ရဲတွေ ဘယ်လို မြင်မလဲ ဆိုတာပဲ။ ခင်ဗျား အဲဒီလို ညာပြောလို့ အသုံးတည့်နိုင်လိမ့်မယ် မထင်ဘူး”
“ဘာဖြစ်လို့လဲ” ထိုသို့ ပြောပြီးကာမှ ယာစုကို သတိထားမိတော့သည်။ ထိုသို့ မေးလိုက်ခြင်းအားဖြင့် မိမိ ညာပြောခဲ့သည်ကို ဝန်ခံရာ ရောက်သွားပြီ မဟုတ်ပါလား။
အိရှိဂါမိသည် အလောင်း၏ ညာဘက်လက်ကို လက်ညှိုးညွှန်ပြသည်။
“လက်ကောက်ဝတ်မှာရော လက်ဖမိုးမှာပါ သွေးခြေဥနေတဲ့ အရှိုးအရာတွေ ထင်နေတယ်။ တကယ်တမ်း စေ့စေ့စပ်စပ် လေ့လာသုံးသပ်ကြည့်ရင် အဖြေက ရှင်းရှင်းလေးပဲ။ အဲဒါ လက်နဲ့ ဆွဲညှစ်ခံထားရတဲ့ လက်ချောင်းရာတွေ။ ရုန်းကန် လှုပ်ရှားလို့ မရအောင် သူရဲ့ လက်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားရာကနေ ကျန်ခဲ့တဲ့ လက်ရာတွေပဲ။ ကြည့်ရုံနဲ့ သိတယ်”
“အဲဒါ ကျွန်မ လုပ်တာပါ”
“မဖြစ်နိုင်ပါဘူး မစ္စဟာနာအိုကာ”
“ဘာဖြစ်လို့လဲ”
“ခင်ဗျားက သူ့ကို ကြိုးနဲ့ အနောက်ဘက်ကနေ လည်ပင်းညှစ်ထားရတဲ့ ဥစ္စာ။ ဘယ်လိုလုပ်ပြီး သူ့လက်ကို ထပ် ဖမ်းဆုပ်ထားနိုင်ပါဦးမလဲ။ စုစုပေါင်း လက်လေးဘက် လိုတယ်”
အိရှိဂါမိ၏ ရှင်းလင်းချက်ကို ကြားရသောအခါ ယာစုကိုလည်း ဆွံ့အသွားတော့သည်။ ထွက်ပေါက်မရှိသော လှိုဏ်ခေါင်းတစ်ခုအတွင်းသို့ လျှိုဝင်သွားမိသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ခေါင်းငိုက်စိုက်ချလျက် ထိုင်နေသည်။ အကယ်၍ အိရှိဂါမိသည် တစ်ချက် ကြည့်ရုံမျှဖြင့် ထိုအချက်များကို အကျအပေါက်မရှိ တပ်အပ် ပြောနိုင်သည် ဆိုလျှင် မှုခင်းရဲများက ထို့ထက်ပင် ပို၍ တိတိကျကျ မြင်နိုင်ပေဦးမည်။
“မီစာတိုကို ဒီအရှုပ်ထုပ်ထဲ ပါမသွားစေချင်တာ တစ်ခုတည်းပါ။ သမီးကို ကာကွယ် …..”
“သမီးလည်း မေမေ့ကို ထောင်အကျ မခံနိုင်ဘူး” မီစာတိုက ငိုယိုလျက် ဝင်ပြောသည်။
ယာစုကိုသည် လက်နှစ်ဘက်ဖြင့် မျက်နှာကို အုပ်လိုက်သည်။ “ဘယ်လို လုပ်ရပါ့မလဲ …..”
သူမ၏ ပတ်ဝန်းကျင်ရှိ လေထုမှာ သိပ်သည်းလေးလံလာသယောင်။ ထိုင်နေသော သူမကို လေးဘက်လေးတန်မှ ဝိုင်းဝန်း ဖိသိပ်နေကြသည်ဟုပင် ထင်လာမိသည်။
“ဦးဦး” မီစာတိုက ပြောသည်။ “ဦးဦးက မေမေ့ကို အဖမ်းခံဖို့ လာပြောနေတာလားဟင်”
အိရှိဂါမိက တဒင်္ဂမျှ ငြိမ်နေပြီးမှ ပြန်ဖြေလေသည်။ “ဦးက သမီးတို့ကို ကူညီပေးမလို့ လာတာပါ။ အဖမ်းခံမယ် ဆိုလည်း ဦးဘက်က ဘာမှ ပြောစရာ မရှိပါဘူး။ တကယ်လို့သာ တခြားနည်းလမ်းကို ရွေးမယ်ဆိုရင် သမီးတို့ချည်းသက်သက်နဲ့တော့ အလုပ်ဖြစ်နိုင်မယ် မထင်ဘူး”
သူ၏ စကားကို ကြားရသောအခါ ယာစုကိုသည် မျက်နှာတွင် အုပ်ထားသော လက်နှစ်ဘက်ကို ပြန်ချလိုက်သည်။ ဖုန်းဆက်လာစဉ် အခါကလည်း ထိုသူသည် အင်မတန် ထူးဆန်းသော စကားတစ်ခွန်းကို ပြောခဲ့ဖူးကြောင်း သူမ အမှတ်ရလာသည်။ “ခင်ဗျားတို့အနေနဲ့ အလောင်းကို ဘယ်လိုမှ ဖြေရှင်းနိုင်လိမ့်မယ် မထင်ဘူး” ဟူ၍။
“အဖမ်းမခံဘဲလည်း ဖြေရှင်းလို့ ရနိုင်သေးတာလား” မီစာတိုက ထပ်မေးလိုက်သည်။
ယာစုကိုက ခေါင်းထောင်ကြည့်သည်။ အိရှိဂါမိသည် ခေါင်းကို ဖြည်းညင်းစွာ ငဲ့စောင်းလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်တော့ ဘာ ခံစားချက်မျှ မရှိ။
“ဒီ လူသတ်မှုကို လူမသိအောင် ဖုံးဖိထားနိုင်ရင် ထား။ ဒါမှမဟုတ် ဒီရုပ်အလောင်းနဲ့ သမီးတို့ ပတ်သက်ဆက်စပ်မလာအောင် အထောက်အထားတွေကို ဖျောက်ဖျက်ပစ်ဖို့ လုပ်ရမှာပဲ။ ဒီနှစ်မျိုးထဲက တစ်မျိုးကို ရွေးရမှာပေါ့။ ဒါပေမယ့် ဘယ်လမ်းကိုပဲ ရွေးရွေး၊ လောလောဆယ်တော့ ဒီအလောင်းကို အရင် ဖြေရှင်းပစ်ရလိမ့်မယ်”
“ဦးဦးက အဲဒီလို လုပ်လို့ရမယ်လို့ ထင်လား”
“သမီး” ယာစုကိုက ဝင်ဟန့်လိုက်သည်။ “ဘာတွေ လျှောက်မေးနေတာလဲ”
“အမေ အသာနေဦး။ ဦးဦး လုပ်နိုင်ပါ့မလား”
“အတော်လေး ခက်လိမ့်မယ်။ ဒါပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
အိရှိဂါမိ၏ လေသံမှာ စတွေ့စဉ်က ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။ ဤသို့ အရာရာကို ခံစားချက်မဲ့စွာ ဆက်ဆံနိုင်သောကြောင့်သာလျှင် တုန်လှုပ်ခြောက်ခြားနေသော မိမိနှင့် နှိုင်းယှဉ်ပါက များစွာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်နိုင်ခြင်း ဖြစ်ရပေမည်ဟု ယာစုကိုက တွေးမိသည်။
“အမေ” မီစာတိုက ပြောသည်။ “ဒီဦးဦးကို ကူညီခိုင်းလိုက်ပါလား။ သမီးတို့မှာ တခြား ရွေးချယ်စရာမှ မရှိတာဘဲဟာ”
“ဒါပေမယ့် ….” ယာစုကိုက အိရှိဂါမိကို စိုက်ကြည့်နေသည်။
သူ၏ ကျဉ်းမြောင်းသော မျက်လုံးအစုံသည် ကြမ်းပြင်သို့သာ ငုံ့ကြည့်နေသည်။ သားအမိနှစ်ယောက်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့်နှယ်။
ယာစုကိုသည် စာယိုကိုပြောခဲ့သော စကားကို ပြန်အမှတ်ရလာသည်။ “အဲဒီ သင်္ချာဆရာက နင့်ကို ကျိတ်ကြွေနေတာလား မသိဘူး။ အမြဲတမ်း နင် ဆိုင်မှာ ရှိတဲ့နေ့တွေမှ ဟင်းလာဝယ်တယ်”
အကယ်၍ ထိုအကြောင်းကိုသာ ကြားဖူးထားခြင်း မရှိလျှင် အိရှိဂါမိကို ဦးနှောက်မမှန်သူဟု သူမ ယူဆမိပေလိမ့်မည်။ လောကတွင် မည်သူသည် ကိုယ်နှင့် မရင်းနှီးသော အိမ်နီးချင်းတစ်ယောက်ကို ဤမျှအထိ ဒုက္ခခံ၍ ကူညီချင်ပါအံ့နည်း။ ကံမကောင်း အကြောင်းမလှလျှင် ကူညီသူပါ ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလော။
“အလောင်းကို ဖွက်ထားနိုင်တယ် ဆိုရင်တောင်မှ အနှေးနဲ့အမြန်တော့ ရှာတွေ့သွားနိုင်တာပဲ မဟုတ်လား” ယာစုကိုက မေးလိုက်သည်။ ဤမေးခွန်းသည် သူတို့၏ ကံကြမ္မာကို အလှည့်အပြောင်း လုပ်ပေးမည့် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်ဟု သူမ ရိပ်စားမိလိုက်သည်။
“အလောင်းကို ဖွက်ဖို့ မဖွက်ဖို့ ဆိုတာ အခုချိန် ဆုံးဖြတ်လို့ မရသေးဘူး” အိရှိဂါမိက ပြန်ဖြေသည်။ “တစ်ခါတလေမှာ ဖွက်မထားတာကမှ ပိုကောင်းနေတတ်တယ်။ အလောင်းကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သက်ဆိုင်ရာ အချက်အလက်တွေ စုစည်းပြီးမှ ပြောကြတာပေါ့။ လတ်တလောအတွက် အသေချာဆုံး ကိစ္စကတော့ အလောင်းကို ဒီအတိုင်း ထားထားလို့ မဖြစ်ဘူး”
“သက်ဆိုင်ရာ အချက်အလက်ဆိုတာ ဘာကို ပြောတာလဲ”
“ဒီလူနဲ့ သက်ဆိုင်တဲ့ အကြောင်းအချက်တွေပေါ့” အလောင်းကို ငုံ့ကြည့်ရင်း အိရှိဂါမိက ရှင်းပြသည်။ “လိပ်စာ၊ နာမည်၊ အသက်၊ အလုပ်အကိုင်၊ ဒီကို ဘာလာလုပ်တာလဲ၊ ပြီးတော့ ဘယ်ကို ဆက်သွားဖို့ စိတ်ကူးထားသလဲ၊ အိမ်သားတွေ ရှိသလား၊ ခင်ဗျား သိသမျှ ကျွန်တော်ကို အားလုံး ပြောပြပါ”
“သူ …..”
“အလောင်းကို အရင် ရွှေ့ထားလိုက်တာ ကောင်းမယ်။ ဒီအခန်းကို အမြန်ဆုံး သန့်ရှင်းရေး လုပ်လိုက်ပါ။ လူသတ်မှုနဲ့ ဆက်နွှယ်နေမယ့် သက်သေအထောက်အထားတွေ တောင်ပုံရာပုံ ကျန်နေနိုင်တယ်” စကားဆုံးသည်နှင့် အိရှိဂါမိသည် ရုပ်အလောင်း၏ ခန္ဓာကိုယ် အထက်ပိုင်းကို မ,ချီလိုက်သည်။
“ဒါပေမယ့် ….. ဘယ်ကို ရွှေ့ရမှာလဲ”
“ကျွန်တော့်အခန်းကို”
အိရှိဂါမိသည် ဘာမှ မဖြစ်သလို ပြန်ဖြေပြီး အလောင်းကို သူ့ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။ သူ၏ ခွန်အားဗလမှာ ထင်မှတ်မထားလောက်အောင် ကြီးမားလွန်းသည်။ ယာစုကိုသည် နက်ပြာရောင် အားကစားအင်္ကျီ၏ တစ်နေရာတွင် ရှိသော ‘ဂျူဒို’ ဟု ရေးထားသည့် ရင်ဘတ်တံဆိပ်ကို လှမ်းကြည့်မိသည်။
****
အိမ်အပြင်သို့ ထွက်လိုက်သည်နှင့် အိရှိဂါမိသည် သူ့အခန်းရှိရာသို့ လျင်မြန်သောအဟုန်ဖြင့် လျှောက်သွားလေသည်။ ယာစုကိုနှင့် မီစာတိုတို့လည်း အနောက်မှ ယောင်လည်လည်နှင့် လိုက်လာကြသည်။ သူ၏ အခန်းမှာ သင်္ချာစာအုပ်များ၊ ဂျာနယ်များဖြင့် ကြမ်းပြင်တစ်ခုလုံး ပြည့်နှက် ရှုပ်ပွနေသည်။
အိရှိဂါမိသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲလျက်ရှိသော သင်္ချာလေ့ကျင့်ခန်း စာအုပ်များကို ခြေထောက်ဖြင့် တစ်ဘက်သို့ တွန်းကပ်လိုက်သည်။ မြက်ဖျာကြမ်းခင်းကို မြင်ရပြီ ဆိုသောအခါမှ အလောင်းကို ကြမ်းပြင်ပေါ်သို့ ချသည်။ အလောင်း၏ မျက်လုံးနှစ်လုံးမှာ အခန်းတွင်းတစ်နေရာသို့ ပြူးကြောင်ကြောင် ငေးကြည့်နေလေသည်။
သူသည် အပေါက်ဝတွင် အူတိအူကြောင်နှင့် ရပ်နေကြသော သားအမိနှစ်ယောက်ထံသို့ လှည့်လိုက်သည်။
“မီစာတို၊ သမီးက အခုချက်ချင်း အခန်းကိုပြန်ပြီး သန့်ရှင်းရေး သွားလုပ်လိုက်။ ဖုန်စုပ်စက်ကို သုံးပြီး နေရာလွတ် မကျန်ရအောင် အသေအချာ သန့်ရှင်းရေး လုပ်ထား။ မစ္စဟာနာအိုကာကတော့ ဒီမှာ ခဏနေခဲ့ပါဦး”
မီစာတိုသည် သွေးဆုတ်နေသော မျက်နှာဖြင့် ခေါင်းညိတ်ပြပြီး မိခင်ကို တစ်ချက် ဝေ့ကြည့်၍ အခန်းသို့ ပြန်သွားသည်။
“ကျေးဇူးပြုပြီး တံခါးကို ပိတ်ပေးပါဦး” အိရှိဂါမိက ယာစုကိုကို ပြောသည်။
“ရှင် …. ဟုတ်”
ခိုင်းသည့်အတိုင်း လုပ်ပြီးနောက် သူမသည် တံခါးဝရှိ ဖိနပ်စင်နားတွင် ရပ်မြဲ ရပ်နေလေသည်။
“အထဲကို ဝင်ခဲ့ပါလား။ ကျွန်တော့်ဆီမှာတော့ ခင်ဗျားတို့အိမ်လို သပ်သပ်ရပ်ရပ်တော့ မရှိဘူး”
အိရှိဂါမိသည် ထိုင်ခုံပေါ်မှ ကူရှင်ကို လှမ်းယူပြီး အလောင်း၏ ဘေးနားတွင် ချထားလိုက်သည်။ ယာစုကိုသည် အခန်းထဲသို့ ဝင်လာပြီးနောက် ၎င်းကူရှင်ပေါ်တွင် မထိုင်ဘဲ အလောင်းကို ကျောပေးလျက် နံရံဘက်သို့ မျက်နှာပြုကာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ အလောင်းကို ကြောက်ရွံ့နေခြင်း ဖြစ်ကြောင်း တစ်ခဏကြာမှ အိရှိဂါမိ ရိပ်မိသွားသည်။
“အား … ဆောရီးဗျာ” သူသည် ကူရှင်ကို ယူ၍ ယာစုကိုအား လှမ်းပေးသည်။ “ဒီပေါ်မှာ ထိုင်ပါ”
“ရပါတယ်။ ကိစ္စ မရှိဘူး” သူမက ခေါင်းကို ငုံ့လျက် ညင်သာစွာ ခါယမ်းလိုက်သည်။
အိရှိဂါမိသည် ကူရှင်ကို ထိုင်ခုံပေါ်သို့ ပြန်ထားပြီး အလောင်းဘေးတွင် ထိုင်ချလိုက်သည်။
အလောင်း၏ လည်ပင်းပတ်ပတ်လည်တွင် နီညိုရောင် အရှိုးရာတစ်ခု အထင်းသား ပေါ်နေသည်။
“ဓာတ်ကြိုးလား”
“ရှင်”
“လည်ပင်းကို ညှစ်တဲ့ ပစ္စည်းက ဓာတ်ကြိုးလားလို့ မေးတာ”
“ဟုတ်တယ် ….. အပူပေးစားပွဲရဲ့ ဓာတ်ကြိုးပါ”
“အပူပေးစားပွဲ” အိရှိဂါမိသည် အပူပေးစားပွဲ၏ စားပွဲခင်းအဆင်ကို ပြန်မြင်ယောင်ကြည့်နေသည်။ “အဲဒါကိုလည်း အမြန်ဆုံး ရှင်းပစ်မှ ဖြစ်မယ်။ ထားပါတော့လေ။ ကျွန်တော် ခဏနေကျမှ လာလုပ်ပေးမယ်” ထို့နောက် အိရှိဂါမိ၏ အကြည့်တစ်စုံသည် အလောင်းပေါ်သို့ ရောက်သွားပြန်သည်။ “ဒီနေ့ ခင်ဗျားနဲ့ လာတွေ့ဖို့ သူ့ကို ချိန်းထားတာလား”
ယာစုကိုက ခေါင်းကို ခါယမ်းလိုက်သည်။ “ဟင့်အင်း၊ နေ့ခင်းက သူ ကျွန်မအလုပ်လုပ်နေတဲ့ ဆိုင်ကို မထင်မှတ်ဘဲ ရောက်လာခဲ့တာ။ ကျွန်မလည်း မတတ်နိုင်တဲ့အဆုံး ညနေကျရင် အဲဒီအနားက စားသောက်ဆိုင်မှာ တွေ့မယ်လို့ သူ့ကို ချိန်းလိုက်မိတယ်။ နောက်တော့ သူ ကျွန်မအိမ်အထိ နောက်ယောင်ခံပြီး လိုက်လာတော့တာပဲ”
“စားသောက်ဆိုင် …”
ထိုသို့ဆိုလျှင် သူတို့နှစ်ဦး ဆုံတွေ့ခဲ့ကြသည်ကို မြင်တွေ့လိုက်ရသော မျက်မြင်သက်သေ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေမည်သာ။ အိရှိဂါမိက တွေးသည်။ သူသည် အပေါ်ဝတ် ကုတ်အင်္ကျီ၏ အိတ်ကပ်ထဲသို့ လက်နှိုက်ကြည့်လိုက်သည်။ အနည်းငယ် တွန့်ကြေနေသော တစ်သောင်းတန် ငွေစက္ကူနှစ်ရွက် လက်ထဲ၌ ပါလာသည်။
“အဲဒါက ကျွန်မ ….”
“ခင်ဗျား သူ့ကို ပေးထားတာလား”
ခေါင်းညိတ်သည်ကို မြင်လိုက်ရသည်နှင့် အိရှိဂါမိသည် သူမထံသို့ ပိုက်ဆံကို လှမ်းပေးလိုက်သည်။ သို့သော် သူမက လှမ်းမယူပေ။
အိရှိဂါမိသည် မတ်တတ်ရပ်ပြီး နံရံတွင် ချိတ်ဆွဲထားသော သူ၏ ကုတ်အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် တစ်သောင်းတန် ငွေစက္ကူနှစ်ရွက်ကို ဆွဲထုတ်ပြီး တိုဂါရှိ၏ ပိုက်ဆံများကို သူ့ပိုက်ဆံအိတ်ထဲသို့ ထည့်လိုက်သည်။
“ဒါဆို ခင်ဗျားလည်း စိတ်သန့်သန့်ထားပြီး ကိုင်လို့ရတာပေါ့” သူသည် ပိုက်ဆံကို ယာစုကိုထံသို့ လှမ်းပေးလေသည်။
သူမသည် တစ်ခဏမျှ တွန့်ဆုတ်တွေဝေနေပြီးမှ ကျေးဇူးတင်ကြောင်း ပြောကာ ပိုက်ဆံကို လှမ်းယူသည်။
အိရှိဂါမိသည် သေသူ၏ အဝတ်အစားရှိ အိတ်ကပ်များကို နောက်တစ်ကြိမ် လက်နှိုက်၍ ရှာနေပြန်သည်။ ဘောင်းဘီအိတ်ကပ်ထဲမှ တိုဂါရှိ၏ ပိုက်ဆံအိတ် ထွက်လာသည်။ အိတ်ထဲတွင် ပိုက်ဆံအကြွေတချို့၊ ယာဉ်မောင်းလိုင်စင်နှင့် လက်ခံဖြတ်ပိုင်းတချို့ကို တွေ့ရသည်။
“တိုဂါရှိ ရှင်ဂျိ ….. အနောက်ရှင်ဂျုကု၊ ရှင်ဂျုကုရပ်ကွက်။ သူ အဲဒီမှာ နေတုန်းပဲလား” လိုင်စင်ကို ကြည့်ပြီးနောက် ယာစုကိုကို မေးလိုက်သည်။
ယာစုကိုသည် စိတ်ရှုပ်သော မျက်နှာထားဖြင့် ခေါင်းခါပြသည်။
“ကျွန်မ မသိဘူး။ မနေလောက်တော့ဘူး ထင်တယ်။ အရင်တုန်းက သူတစ်ခါ ပြောဖူးတယ်။ အိမ်လခ မပေးနိုင်လို့ အနှင်ချခံရတယ် ဆိုလားပဲ”
“လိုင်စင်ကို မနှစ်က သက်တမ်းတိုးထားတာ။ ဒီအတိုင်းသာဆိုရင် သူက အိမ်ထောင်စုဇယား မပြောင်းဘဲ အိမ်အသစ် ရှာနေခဲ့ပုံပဲ”
“သူက အဲဒီလို ဟိုပြောင်းလိုက် ဒီပြောင်းလိုက်နဲ့။ အလုပ်အကိုင်လည်း မည်မည်ရရ မရှိတော့ အခန်းကောင်းကောင်းလည်း ငှားနိုင်မှာ မဟုတ်ဘူး”
“ဪ” အိရှိဂါမိ၏ အကြည့်သည် လက်ခံဖြတ်ပိုင်းတစ်စောင်၏ အပေါ်၌ ရပ်တန့်နေသည်။
ဖြတ်ပိုင်းပေါ်တွင် ‘အိုဂိယ တည်းခိုခန်း’ ဟု ရိုက်နှိပ်ထားသည်။ ကျသင့်ငွေမှာ နှစ်ညတာအတွက် ယန်း ငါးထောင့်ရှစ်ရာရှစ်ဆယ် ဖြစ်သည်။ အခန်းထဲသို့ ဝင်မနေခင် ငွေအကျေချေရသည့် သဘောဖြစ်မည်။ အိရှိဂါမိက စိတ်တွက်ဖြင့် တွက်ကြည့်သည်။ တစ်ညလျှင် ယန်းနှစ်ထောင့်ရှစ်ရာ ကျသင့်မည်။ သူသည် ဖြတ်ပိုင်းကို ယာစုကိုထံသို့ လှမ်းပေးသည်။
“ကြည့်ရတာ သူ အဲဒီမှာ နေပုံရတယ်။ တကယ်လို့ ရက်စေ့တဲ့အချိန်မှာ သော့ပြန်မအပ်ရင် တည်းခိုခန်း ဝန်ထမ်းတွေက အခန်းထဲ အတင်း ဖွင့်ဝင်ကြမှာပဲ။ ဧည့်သည် ပျောက်နေတာ သတိထားမိသွားရင် သူတို့ ရဲကို အကြောင်းကြားကောင်း ကြားနိုင်တယ်။ ပြဿနာ အရှုပ်မခံချင်လို့ မသိချင်ယောင် ဆောင်ချင်လည်း ဆောင်နေလောက်တယ်။ သူတို့ဆီမှာ အဲဒီလို မကြာခဏ ဖြစ်တတ်တယ် ထင်တယ်။ ဒါကြောင့် တည်းခိုခန်းက ဧည့်သည်ကို ငွေကြိုရှင်းခိုင်းတာ ဖြစ်မယ်။ ဒါပေမယ့် အကောင်းမြင်လွန်းရင်လည်း အန္တရာယ် သိပ်ကြီးတယ်”
အိရှိဂါမိသည် အိတ်ကပ်များထဲသို့ ဆက်ရှာကြည့်သောအခါ အခန်းသော့ ထွက်လာသည်။ ကတ်ပြား အဝိုင်းလေးဖြင့် သော့တွဲပြုလုပ်ထားသည်။ ကတ်ပြားပေါ်တွင် ‘၃၀၅’ ဟူသော ဂဏန်း ရေးထိုးထားသည်။
ယာစုကိုသည် သော့တွဲကို အဓိပ္ပာယ်မရှိ ငေးကြည့်နေသည်။ ရှေ့လျှောက် မည်သို့ စခန်းသွားရမည်ကို သူမ နည်းနည်းကလေးမျှ မစဉ်းစားတတ်အောင် ဖြစ်နေသည့်ဟန်။
ဘေးဘက်အခန်းမှ ဖုန်စုပ်စက်၏ အသံများ ထွက်ပေါ်လာသည်။ မီစာတိုသည် အခန်းကို ကြိုးစားပမ်းစား သန့်ရှင်းရေး လုပ်နေလေပြီ။ သူမသည်လည်း သူမ၏ မှုန်တိမှုန်ဝါး ဖြစ်နေသော အနာဂတ်အတွက် စိတ်ရှုပ်ထွေး နောက်ကျုနေပေလိမ့်မည်။
‘ငါ သူတို့ကို ကာကွယ်ပေးနိုင်ရမယ်’ အိရှိဂါမိသည် ပင့်သက်ကို အားရပါးရ ရှူသွင်းလိုက်သည်။ ‘ငါလိုကောင်မျိုးက နောက်နောင်ဆိုရင် သူတို့အနား ကပ်ဖို့တောင် အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး။ အခုချိန်မှာ ငါရဲ့ ဉာဏ်စွမ်းနဲ့ ခွန်အားကို အပြည့်အဝ အသုံးချပြီး သူတို့အပေါ် ကျရောက်လာမယ့် ကြမ္မာဆိုးကို ဖယ်ရှားကာကွယ် ပေးနိုင်ရမယ်’
အိရှိဂါမိသည် သေသူ အမျိုးသား၏ မျက်နှာကို ကြည့်နေသည်။ ယခုအခါ ထိုသူ၏ မျက်နှာပေါ်တွင် ဘာခံစားချက်ကိုမျှ ခြေရာခံ၍ မရနိုင်တော့ပေ။ ထိုသူသည် လူတစ်ယောက်ထက် ရွှံ့ရုပ်တစ်ရုပ်နှင့်သာ တူနေလေသည်။ သို့သော် ထိုသူ၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် နုနယ်စဉ်အခါက အင်မတန် ရုပ်ဖြောင့်ခဲ့မည် ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ အရွယ်ရလာ၍ အနည်းငယ် ဝဖိုင့်လာသည်ဟု ဆိုရသော်လည်း ထိုသူ၏ မျက်နှာမျိုးမှာ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်မျိုး ဖြစ်ခဲ့ရဖူးပေလိမ့်မည်။
ယာစုကိုသည် ဤမျက်နှာပိုင်ရှင်နှင့် တစ်ချိန်က ချစ်ကျွမ်းဝင်ခဲ့သည်။ ဤအချက်ကို အိရှိဂါမိ တွေးလိုက်မိသောအခါ သူ၏ မနာလိုစိတ်များသည် လေပူဖောင်းများသဖွယ် ပလုံစီ၍ ရင်ညွန့်တစ်လျှောက် လှိုက်၍ လှိုက်၍ တက်လာကြသည်။ သူသည် ခေါင်းကို ခပ်ကြမ်းကြမ်း ခါယမ်းပစ်ပြီး အတွေးများကို ဖယ်ချလိုက်သည်။
“ပုံမှန်ဆက်သွယ်တတ်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ သူ့မှာ ရှိလား” အိရှိဂါမိက နောက်တစ်ကြိမ် မေးခွန်းထုတ်ပြန်သည်။
“ကျွန်မ မသိဘူး။ ကျွန်မတို့ မတွေ့ဖြစ်ကြတာဖြင့် တော်တော် ကြာနေပြီ”
“သူ မနက်ဖြန် ဘာလုပ်မယ် ဆိုတာကိုရော သူ့ဆီက မကြားမိဘူးလား။ ဥပမာ ဘယ်သူဘယ်ဝါနဲ့ တွေ့ဖို့ ချိန်းထားတာမျိုးပေါ့”
“ဟင့်အင်း …. ဆောရီးပါရှင်။ ကျွန်မ ဘာမှ မသိဘူး” ယာစုကိုသည် ခေါင်းငိုက်စိုက် ချထားလျက်က ပြန်ဖြေသည်။
“ကျွန်တော်က မေးရမယ့် တာဝန်ရှိလို့ မေးကြည့်ရုံ သက်သက်ပါ။ ခင်ဗျား မသိဘူး ဆိုတာကလည်း သဘာဝကျတာပါပဲ။ စိတ်ထဲ မထားပါနဲ့”
အိရှိဂါမိသည် လက်အိတ်ဝတ်ထားသော လက်ဖြင့် အလောင်း၏ မျက်နှာကို စမ်းသပ်ကြည့်သည်။ ထို့နောက် ထိုသူ၏ ပါးစပ်ကို ဖြဲ၍ ပါးစပ်အတွင်းသို့ စိုက်ကြည့်သည်။ ရွှေရောင် အံသွားတစ်ချောင်းကို သူ မြင်နေရသည်။ “သူ အံသွားတစ်ချောင်း အတုစိုက်ထားတာပဲ”
“ကျွန်မတို့ အတူနေကြတုန်းက သူ သွားဆရာဝန်နဲ့ ပြခဲ့ဖူးတယ်”
“ဘယ်အချိန်လောက်ကလဲ”
“ကျွန်မတို့ လွန်ခဲ့တဲ့ ငါးနှစ်က ကွာရှင်းခဲ့ကြတာ”
“ငါးနှစ်”
ဘာမျှ သိပ်မကြာသေး။ ထိုသို့ဆိုလျှင် သွားစိုက်မှတ်တမ်းများမှာ ရှိမြဲအတိုင်း ရှိနေနိုင်သေးသည်။ မှတ်တမ်းများကို ရှင်းလင်းပစ်နိုင်သည်ဟု မျှော်လင့်၍ မရကောင်း။
“သူ့မှာ ပြစ်မှုမှတ်တမ်းတွေ ရှိလား”
“မရှိလောက်ဘူး။ ကျွန်မနဲ့ ကွာရှင်းပြီး နောက်ပိုင်းကိုတော့ ကျွန်မလည်း မပြောတတ်ဘူး”
“ဒါဆို ရှိချင် ရှိနိုင်တယ်ပေါ့”
“အဲ ………”
ရာဇဝတ်ပြစ်မှုမှတ်တမ်း မရှိခဲ့ဖူးသည် ဖြစ်စေ၊ အကယ်၍ ယာဉ်စည်းကမ်း ချိုးဖောက်ခဲ့မှုကြောင့် အရေးယူ ခံခဲ့ရဖူးလျှင် လက်ဗွေယူ၍ မှတ်တမ်းတင်ခြင်း ခံခဲ့ရမည်သာ။ မှုခင်းစုံထောက်များသည် အမှုကို စုံစမ်းထောက်လှမ်းကြရာတွင် ယာဉ်စည်းကမ်း ချိုးဖောက်သူများ၏ လက်ဗွေနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှိမရှိ ဆိုသည်ကိုမူ အိရှိဂါမိ ကောင်းစွာ မသိချေ။
အလောင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းသည် ဖြစ်စေ၊ သေသူ၏ နောက်ကြောင်းရာဇဝင်ကို ပြန်လည် ဖော်ထုတ်သွားနိုင်လိမ့်မည် ဟူသော အချက်ကို လုံးဝ ထည့်သွင်းစဉ်းစားရပေမည်။ မည်သို့ပင် ဆိုစေ၊ ထိုသူ၏ နောက်ကြောင်းရာဇဝင်ကို လိုက်နိုင်ဖို့ အချိန်တော့ ပေးရလိမ့်မည်။ လက်ဗွေနှင့် သွားများကို ချန်မထားခြင်းဖြင့် သူတို့၏ အလုပ်ကို ပိုမို ခက်ခဲသွားစေနိုင်သည်။
ယာစုကိုက သက်ပြင်းချလိုက်သည်။ ထိုအသံသည် အိရှိဂါမိ၏ နားထဲသို့ ဝင်ရောက်လာသောအခါ သူ့အတွက် နားဝင်ချိုနေသယောင်။ ရင်ထဲတွင်လည်း နွေးခနဲ ဖြစ်သွားသည်။ နောက်ထပ်တစ်ကြိမ် ဆုံးဖြတ်ချက် ချလိုက်ပြန်သည်။ သူမ၏ အားကိုးရာ ဖြစ်စေရမည်။
သို့သော် လွယ်ကူသည့် ပုစ္ဆာတစ်ပုဒ်တော့ မဟုတ်ပေ။ သေသူ၏ နောက်ကြောင်းကို စုံစမ်းသိရှိသွားသည်နှင့် တစ်ပြိုင်နက် ရဲဌာနသည် ယာစုကိုကို အလွတ်ပေးတော့မည် မဟုတ်။ သူတို့ သားအမိနှစ်ယောက်သည် ရဲဌာန၏ စစ်ကြောမေးမြန်းချက်များကို တောင့်ခံနိုင်ပါမည်လော။ အကယ်၍ ငြင်းကွယ်ရန် အကြောင်းပြချက်တစ်စုံသာ ပြင်ဆင်ထားခဲ့လျှင် ဝိရောဓိဖြစ်သည့် အကြောင်း တစ်ချက်ချက်ကို ရဲဘက်မှ ဆုပ်ကိုင်သွားမိသည်နှင့် ဆင်ထားသောခွင်လည်း အက်ကြောင်းလိုက်လာနိုင်သည်။ သူတို့သားအမိလည်း မည်သို့မျှ ရေရှည် တောင့်ခံနိုင်လိမ့်မည် မဟုတ်။ အားလုံး ဘူးပေါ်သလို ပေါ်သွားပေမည်။
အင်မတိ အင်မတန် ကြောင်းကျိုးခိုင်လုံသော လောဂျစ်ပေါ်တွင် အခြေခံသည့် ပြီးပြည့်စုံသော ခံစစ်တစ်ခုကို သူတို့ သားအမိအတွက် ဖန်တီး တည်ဆောက် ထားပေးရမည်။
‘မလောနဲ့။ မလောနဲ့’ သူ့ကိုယ်သူ သတိပေးလိုက်သည်။ အလျင်စလို ပြုလုပ်ခြင်းသည် မည်သည့် ပြဿနာကိုမျှ ပြေလည်အောင် ဖြေရှင်းပေးနိုင်မည် မဟုတ်။ ယခု ပြဿနာအတွက် တစ်ရာ ရာခိုင်နှုန်း ဓားပြီးတုတ်ပြီးသော အကာအကွယ်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ လိုအပ်သည်။
အိရှိဂါမိသည် မျက်စိကို စုံမှိတ်လိုက်သည်။ ခက်ခဲသော သင်္ချာပုစ္ဆာများနှင့် ကြုံတွေ့လာသော အခါများတွင် သူ ထိုသို့ လုပ်လေ့ရှိသည်။ ပြင်ပ အာရုံများနှင့် အဆက်ဖြတ်လိုက်သည့်အခါတွင် သူ၏ ဦးနှောက်ထဲ၌ သင်္ချာကိန်းဂဏန်းများ အလျှိုလျှို ကခုန် မြူးထူးလာကြသည်။ သို့သော် ယခုအခါတွင်မူ သူ၏ ဦးနှောက်ထဲ၌ ထင်ဟပ်လာသည်များမှာ သင်္ချာကိန်းဂဏန်းများ မဟုတ်ကြတော့။
နောက်ဆုံး သူ မျက်လုံးကို ဖွင့်ပြီး စားပွဲပေါ်မှ နာရီကို လှမ်းကြည့်သည်။ ည ၈ နာရီ ခွဲကျော်လေပြီ။ သူသည် ယာစုကိုကို လှမ်းကြည့်သည်။ သူမခမျာ အသံထွက်အောင်ပင် အသက်ကို ဝဝ ရှူရဲပုံ မရ။ နေရာတွင် ညှိုးငယ်စွာ ကုပ်ကုပ်ကလေး ထိုင်နေရှာသည်။
“ကျွန်တော့်ကို အင်္ကျီ ကူချွတ်ပေးပါလား”
“ရှင် …”
“သူ့အင်္ကျီတွေကို ချွတ်ပေးဖို့ ပြောတာ။ အပေါ်ဝတ် ကုတ်အင်္ကျီတင် မကဘူး။ ဆွယ်တာရော၊ ဘောင်းဘီရှည်ရော အကုန်လုံးကို ချွတ်ရမှာ။ အခုချိန် မြန်မြန် မလုပ်ရင် အလောင်းက တောင့်သွားတော့မှာ” အိရှိဂါမိက ပြောရင်း အပေါ်ဝတ် ကုတ်အင်္ကျီကို ချွတ်နေသည်။
“ဟုတ်”
ယာစုကိုကလည်း လာရောက်ကူညီသည်။ သို့သော် အလောင်းအား ထိတို့ရမည်ကို ဝန်လေးနေသောကြောင့် သူမ၏ လက်ချောင်းများက တဆတ်ဆတ် တုန်နေကြသည်။
“ထားပါတော့။ ဒီမှာ ကျွန်တော်ပဲ ကြည့်လုပ်ထားလိုက်မယ်။ ခင်ဗျား မီစာတိုကို သွားကူလိုက်ပါလား”
“ဆောရီးပါရှင်” ယာစုကိုသည် ခေါင်းကို ငုံ့လျက် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။
“မစ္စဟာနာအိုကာ” အိရှိဂါမိသည် သူမ၏ နောက်ကျောကို ကြည့်လျက် လှမ်းခေါ်လိုက်သည်။ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် နောက်ပြန်လှည့်လာသော ယာစုကိုကို ကြည့်ရင်း ဆက်ပြောသည်။ “ခင်ဗျားတို့ အလီဘိုင်အတွက် အကြောင်းပြဖို့ လိုလိမ့်ဦးမယ်။ အဲဒီအတွက် စဉ်းစားထားပါဦး”
“အလီဘိုင်။ ဒါပေမယ့် …. ကျွန်မတို့မှာ ရှိမှ မရှိဘဲ”
“ဖန်တီးရမယ်လေ” အိရှိဂါမိသည် အလောင်းပေါ်မှ ချွတ်ထားသော အပေါ်ဝတ် ကုတ်အင်္ကျီကို သူ့ပခုံးထက်သို့ ပစ်တင်လိုက်သည်။ “ကျွန်တော့်ကို ယုံပါ။ ကြောင်းကျိုးညီညွတ်အောင် ဆင်ခြင်စဉ်းစားနိုင်ရင် ကျွန်တော်တို့ ဒီတောင်ကနေ အေးအေးဆေးဆေး ကျော်သွားနိုင်ပါတယ်”